Friday 13 June 2014

အရပ်ဘက်-စစ်ဘက် ဥပဒေသ ရှစ်ချက်


          ပရော်ဖက်ရှင်နယ် တပ်မတော်များကို ဒီမိုကရက်တစ်အရပ်ဘက် အစိုးရက ပြေပြေလည်လည် ချောချောမွေ့မွေ့ ထိန်းသိမ်းကိုင်တွယ်နိုင်ဖို့အတွက် သေချာစေမယ့် ဥပဒေသ ရှစ်ချက်ကို တင်ပြလိုပါတယ်။ တင်ပြပါ ဥပဒေသများဟာ စစ်ဘက် ဒါမှမဟုတ် ဒီမိုကရက်တစ် အရပ်ဘက် စသည်ဖြင့် ဘက်တစ်ဘက်တည်းက လိုက်နာ ကျင့်သုံးလို့ မရဘဲ တစ်ချို့ကို စစ်ဘက်က လိုက်နာ ကျင့်သုံးရမှာ ဖြစ်ပြီး တစ်ချို့ကို အရပ်ဘက်က လိုက်နာကျင့်သုံးရမှာ ဖြစ်ကာ တစ်ချို့ကိုတော့ အတူတကွ ပူးပေါင်း ကျင့်သုံးရမှာ ဖြစ်ကြောင်း တွေ့ရှိနိုင်ပါတယ်။ ဒြါေါကာင့် ပရော်ဖက်ရှင်နယ် တပ်မတော်တွေကို အရပ်ဘက် ဒီမိုကရက်တစ် အစိုးရတွေက ထိန်းသိမ်းကိုင်တွယ်မယ်ဆိုရင် နှစ်ဘက်လုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲနဲ့ မဖြစ်နိုင်သလို အရပ်ဘက် ဒီမိုကရက်တစ်များရဲ့ အရည်အချင်းကလည်း အင်မတန် အရေးကြီးကြောင်း တွေ့ရပါတယ်။
  
    ဥပဒေသ အမှတ်တစ်။ အရပ်ဘက်ခေါင်းဆောင်များက နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာများကို ချမှတ်ပေးရမှာ ဖြစ်ပါတယ်။ စစ်ဘက်က လိုက်နာ ဆောင်ရွက်ရမယ့် ရည်မှန်းချက်တွေ မဟာဗျူဟာတွေကို အရပ်ဘက်က ဆုံးဖြတ်ပေးတာ၊ စစ်ရေးအသုံးစရိတ်ကို အရပ်ဘက်က တွက်ချက် ပြဌာန်းပေးတာ စသည်ဖြင့် ပရော်ဖက်ရှင်နယ် တပ်မတော်ကို တိုင်းပြည်အတွက် အလွန် အဖိုးတန် အသုံးဝင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် အသိအမှတ်လည်းပြု အသုံးဝင်အောင်လည်း ပုံသွင်းပေးတဲ့သဘောတရား ဖြစ်ပါတယ်။ ဒီလို စစ်ဘက်က လုပ်ဆောင်ရမယ့် ရည်မှန်းချက်တွေ မဟာဗျူဟာတွေ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒတွေ (ဥပမာ နယ်ခြားဆိုင်ရာ မူဝါဒတွေ) ကို အရပ်ဘက် ခေါင်းဆောင်တွေက သတ်မှတ်ပြဌာန်းပေးဖို့ဆိုတာ အရပ်ဘက် ခေါင်းဆောင်တွေမှာ တော်ရုံတန်ရုံ အရည်အချင်း ရှိရုံနဲ့ မရဘူးဆိုတာ အထွေအထူး ပြောနေဖို့တောင် မလိုတော့ပါဘူး။ အခြေခံဥပဒေထဲမှာ ထည့်သွင်း ပြဌာန်းထားသည်ဖြစ်စေ မထားသည်ဖြစ်စေ အရပ်ဘက်ခေါင်းဆောင်တွေမှာ စစ်ရေးအမြင်ရှိဖို့ လိုအပ်တယ်ဆိုတာ ပြောစရာမလိုအောင် ထင်ရှားလှပါတယ်။ အထက်အောက် အမိန့်ပေးစနစ်နဲ့ အသားတကျဖြစ်နေတဲ့ တပ်မတော်လို အဖွဲ့အစည်းမျိုးဟာ သတ်မှတ်ပြဌာန်းပေးတာကို နာခံလုပ်ဆောင်မှာ ဖြစ်တဲ့အတွက် အမိန့်ပေး သူအတွက်လည်း တာဝန်ကြီးလေးမှာကတော့ အမှန်ပါပဲ။ နိုင်ငံလုံးဆိုင်ရာ ကာကွယ်ရေး မဟာဗျူဟာတွေကို ချမှတ်ပေးရမယ့် သမ္မတအပါအ၀င် အရပ်ဘက်နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အရည်အချင်း ပြည့်ဝတာနဲ့အမျှ နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်က အဖြေထုတ်ပေးမှာ ဖြစ်ပြီး အဲသည် ပြဌာန်းပေးချက်တွေကိုလည်း တပ်မတော်က လိုက်နာဖို့ မလွဲမသွေ လိုအပ်ပါတယ်။ လက်ရှိမှာ တပ်မတော်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို တပ်မတော်သားအချို့ပါဝင်တဲ့ လွှတ်တော်က သတ်မှတ်ပြဌာန်းပေးတာ တွေ့ရပြီး ကာကွယ်ရေး အသုံးစရိတ်နဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ ကြီးကြီးကျယ်ကျယ် အငြင်းပွားကြတာမျိုး မတွေ့ပါဘူး။ နိုင်ငံတော် ကာကွယ်ရေး မဟာဗျူဟာတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိ အစိုးရက သတ်သတ်မှတ်မှတ် ပြဌာန်းပေးတာ၊ ပြန်လည် သုံးသပ်ပြင်ဆင်တာမျိုး မတွေ့ရဘဲ ယခင်ကတည်းက ကျင့်သုံးခဲ့တဲ့ ပြည်သူ့စစ် မဟာဗျူဟာကိုပဲ ဆက်လက် ကျင့်သုံးနေတာ တွေ့ရမှာ ဖြစ်ပါတယ်။

    ဥပဒေသ အမှတ်နှစ်။    တပ်မတော်ရဲ့ လွတ်လပ်စွာ စီမံခန့်ခွဲ ဆောင်ရွက်ပိုင်ခွင့်ကို အရပ်ဘက်ခေါင်းဆောင်တွေက အသိအမှတ်ပြု လေးစားပေးရမယ်ဆိုတာက ဥပဒေသ အမှတ် နှစ် ဖြစ်ပါတယ်။ မူရင်းစာသားကတော့ "autonomous military professionalism" လို့ ရေးထားတာပါ။ ဆိုလိုတာကတော့ တပ်မတော်ရဲ့ ကိစ္စအ၀၀ကို စီမံခန့်ခွဲ ဆောင်ရွက်တဲ့ နေရာမှာ တပ်မတော်ကိုယ်တိုင် လွတ်လွတ်လပ်လပ် ကိုယ့်မူကို ချမှတ်လုပ်ဆောင်နေတာကို အသိအမှတ်ပြု လေးစားရမယ် လို့ ဆိုလိုတာပါ။ ဒီလိုပြောလိုက်ရင် ဥပဒေသ အမှတ်တစ်နဲ့က တစ်မျိုးပြောပြီး ဥပဒေသ အမှတ်နှစ်က တစ်မျိုးပြောပြန်တယ်လို့ သာမန်အားဖြင့် ထင်စရာရှိပါတယ်။ တပ်မတော်တစ်ရပ်လုံးအနေနဲ့ လိုက်နာဆောင်ရွက်ရမယ့် မူဝါဒနဲ့ လျှောက်ရမယ့် လမ်းကြောင်းကို အရပ်ဘက်က သတ်မှတ်ပြဌာန်းပေးရမယ်လို့ ဥပဒေသ အမှတ်တစ်က ဆိုထားတာ ဖြစ်ပြီး အဲသည်လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေတဲ့ တပ်မတော်ရဲ့ ကိစ္စအ၀၀ကို တပ်မတော်ဘာသာ လွတ်လွတ်လပ်လပ် စီမံခန့်ခွဲခွင့် ပေးရမယ်လို့ ဥပဒေသ အမှတ်နှစ် က ဆိုထားတာဖြစ်ပါတယ်။ ဥပမာ ပြောရရင် တပ်တွေကို ဖွဲ့စည်းတာ အဆင့်တွေ သတ်မှတ်တာ တပ်မတော်ဆိုင်ရာ သဘောတရားတွေ ပြဌာန်းတာ တပ်မတော်သားများဆိုင်ရာ အရည်အချင်းတွေ သတ်မှတ်တာ ရာထူးအဆင့် ခန့်အပ်ရေး တိုးမြှင့်ရေး ကိစ္စရပ်တွေမှာ တပ်မတော်ကို လွတ်လွတ်လပ်လပ် စီမံခန့်ခွဲခွင့် များများကြီး ပေးထားရမယ်လို့ ဆိုပါတယ်။ အရပ်ဘက်က လုံးဝ ၀င်မစွက်ဖက်ရဘူးလို့ မဆိုလိုပါဘူး။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ အခြား တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေကို ခန့်အပ်တာမျိုးကို အရပ်ဘက်က မူဝါဒ သတ်မှတ်ပြဌာန်းပေးလို့ ရပါတယ်။ လုံးဝ ၀င်မစွက်ရဘူးလို့ ပြောတာမဟုတ်ဘဲ စီမံဆောင်ရွက်ခွင့် များများကြီး ပေးရမယ်ဆိုတာ သတိပြုစေချင်တာပါ။ တပ်မတော်တွေရဲ့ ရဲဘော်ရဲဘက်စိတ် ကျောရိုးဖြစ်တဲ့ ဖခင်သဖွယ်စိတ်ထား (Fatherly Spirit) တပ်မှူးသဖွယ်စိတ်ထား (Commanderly Spirit) ညီရင်းအစ်ကိုသဖွယ်စိတ်ထား (Brotherly Spirit) စတဲ့ သံယောဇဉ်တွေ အမိန့်နာခံမှုတွေ အသက်ပေးချစ်ခင်မှုတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် အဆင့်တိုင်းကို အသေးစိတ် အရပ်ဘက်က လိုက်ပြီး စီမံခန့်ခွဲပေးနေမယ်ဆိုရင် တပ်မတော်ရဲ့ မူလတန်ဖိုးတွေ ယုတ်လျော့ပျက်စီးနိုင်တဲ့အတွက် အခုလို လွတ်လပ်စွာ စီမံခွင့်တွေ များများကြီး ပေးထားဖို့ လိုတာ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်နဲ့ ပတ်သက်ပြီး အခြေခံဥပဒေ ပုဒ်မ ၂၀(ခ) မှာ "တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ ဆောင်ရွက်ပိုင်ခွင့်ရှိသည်။" လို့ ပြဌာန်းထားပြီး လက်တွေ့မှာလည်း အရပ်ဘက်က တပ်မတော်ရဲ့ လွတ်လပ်စွာ စီမံခန့်ခွဲ ဆောင်ရွက်မှုကို ၀င်ရောက်စွက်ဖက်တာမျိုး မတွေ့ရပါဘူး။

    ဥပဒေသ အမှတ်သုံး။    အရပ်ဘက် ကျွမ်းကျင်ပညာရှင်များရဲ့ အရည်အချင်းကို မြှင့်တင်ရမယ်ဆိုတာက ဥပဒေသ အမှတ်သုံး ဖြစ်ပါတယ်။ တပ်မတော်ကို ဒီမိုကရေစီနည်းလမ်းတကျ တန်ဖိုးရှိရှိ အသုံးဝင်စေချင်တယ်ဆိုရင် တပ်မတော်က လိုက်နာကျင့်သုံးရမယ့် မဟာဗျူဟာကို အရပ်ဘက် နိုင်ငံရေး ခေါင်းဆောင်တွေက ချမှတ်ပေးရမယ်ဆိုတာ ဥပဒေသ အမှတ်တစ်မှာ ပြောထားပြီးဖြစ်ပါတယ်။ အဲသည်လို တပ်မတော်လျှောက်ရမယ့်လမ်းကို သတ်မှတ်ပြဌာန်းပေးမယ့် အရပ်ဘက်ခေါင်းဆောင်တွေက မိမိကိုယ်တိုင်လည်း အရည်အချင်းပြည့်ဝနေဖို့လိုအပ်ပြီး အနည်းဆုံးတော့ တပ်မတော်အကြောင်း အူမချေးခါးမကျန် သိနားလည်တဲ့ ပညာရှင်တွေရဲ့ ကျွမ်းကျင်မှု အကူအညီကိုလည်း မလွဲမသွေ ယူရမှာ ဖြစ်ပါတယ်။ အဲသည် ကျွမ်းကျင်ပညာရှင်ဆိုသူတွေကလည်း သာမန်ကာရှန်ကာ အပေါ်ယံသဘောလောက် သိထားရုံနဲ့ မလုံလောက်ဘဲ မိမိတပ်မတော်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေ တပ်မတော်သားတွေရဲ့ ရာထူးအဆင့်နေရာ သတ်မှတ်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ တပ်မတော်သားတွေရဲ့ အရည်အချင်း အရည်အသွေး သဘောတရားနဲ့ ခံယူချက်တွေ စာရွက်ပေါ်ကစွမ်းဆောင်ရည်တင်မဟုတ်ဘဲ မြေပြင် အမှန်တကယ် စွမ်းဆောင်နိုင်မှုတွေ အားသာချက် အားနည်းချက်တွေ ရင်ဆိုင်နေရတတ်တဲ့ အခက်အခဲနဲ့ လုပ်ငန်းတာဝန်အပေါ် ထားရှိတဲ့ အမြင်တွေ သာမကပဲ နေ့စဉ်စားသုံးတဲ့ ရိက္ခာတွေက အမှန်တကယ် သင့်လျော်လောက်ငမှု ရှိမရှိ စစ်ဝတ်တန်ဆာနဲ့ လက်နက်ခဲယမ်းတွေနဲ့ ပတ်သက်ပြီး အဆင်ပြေချောမွေ့မှုရှိမရှိ စတာတွေအထိ အသေးစိတ် သိရှိနေအောင် လေ့လာထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကြက်ချည်ကြိုးနဲ့ ဆင်ကို ချည်လို့မရသလို ဆင်ချည်ကြိုးနဲ့လည်း  ကြက်ကို ချည်လို့ မရဘူးဆိုတဲ့ စကားလိုပဲ အရပ်ဘက် နိုင်ငံရေးခေါင်းဆောင် ဆိုသူတွေ ချမှတ်ပေးတဲ့ လမ်းစဉ်ဟာ တပ်မတော်ရဲ့ လက်ရှိအခြေအနေ သဘောသဘာဝတွေနဲ့ ကိုက်ညီဖို့ လိုသလို၊ မဖြစ်မနေ ကျင့်သုံးလိုက်နာရမယ့် မူဝါဒတွေ ချမှတ်မယ်ဆိုရင်လည်း အဲသည်မူဝါဒတွေနဲ့ ကိုက်ညီအောင် တပ်မတော်ကို ပုံသွင်းပေးဖို့ လိုအပ်မှာ ဖြစ်တဲ့အတွက် တပ်မတော်ကို ထိန်းသိမ်းကိုင်တွယ်မယ့် အရပ်ဘက် နိုင်ငံရေး ခေါင်းဆောင်တွေကို ၀န်းရံထားတဲ့ ကျွမ်းကျင်ပညာရှင်များရဲ့ အရည်အချင်းကိုလည်း  ထက်ထက်မြက်မြက်ဖြစ်အောင် မြှင့်တင်ထားဖို့ လိုအပ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တပ်မတော်ဆိုင်ရာ ပညာရှင်အဆင့် ကျွမ်းကျင်သူတွေ ဘယ်လောက်ရှိသလဲ ဆိုတာရယ် သူတို့ရဲ့ ကျွမ်းကျင်မှုအဆင့် ဘယ်လောက်အတိုင်းအတာထိ ရှိသလဲ ဆိုတာရယ်ကတော့ စာရေးသူကိုယ်တိုင်လည်း အဖြေသိချင်နေတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ တကယ်လို့ မေးခွန်းရဲ့ အဖြေက ဟင့်အင်းဆိုရင်တော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီကို ရှင်သန်ကြီးထွားအောင် ရေလောင်းပေါင်းသင် မြေတောင်မြှောက်ကြမယ့် ယနေ့နိုင်ငံ့ခေါင်းဆောင်များ သို့မဟုတ် နိုင်ငံရေးခေါင်းဆောင်များနဲ့ အဖွဲ့အစည်းများက အဲသည်တာဝန်ကို မမေ့မလျော့ ထမ်းဆောင်ပေးကြပါလို့ ပန်ကြားလိုပါတယ်။

    ဥပဒေသ အမှတ်လေး။ ပြည်တွင်း လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲရာမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို သတ်သတ်မှတ်မှတ် ပိုင်းခြားထားပါဆိုတာကတော့ ဥပဒေသ အမှတ် လေး ဖြစ်ပါတယ်။ နိုင်ငံတကာ တပ်မတော်တွေရဲ့ မူလတာဝန်ဟာ တိုင်းပြည်ကို ပြည်ပရန်က ကာကွယ်ပေးဖို့ အဓိက ဖြစ်ပြီး ပြည်တွင်းလုံခြုံရေးတာဝန်နဲ့ ပတ်သက်ပြီး တပ်မတော်ကို တာဝန်ပေးထမ်းဆောင်စေလေ့ မရှိပါဘူး။ အမိန့်နာခံပြီး အားကောင်းမောင်းသန် ယောက်ျားဘသားများသာ အလျင်အမြန် ၀င်ရောက်ကူညီပေးမှ အဆင်ပြေမယ့် ရေကြီးတာ ငလျင်လှုပ်တာလို သဘာဝဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေကလွဲပြီး တပ်မတော်ကို ပြည်တွင်းလုံခြုံရေးတာဝန်ပေးအပ်မယ်ဆိုရင် သက်ဆိုင်ရာ အရပ်ဘက် အာဏာပိုင်ရဲ့ ကွပ်ကဲမှုအောက်မှာသာ တရားရုံးအမိန့်နဲ့ လုပ်ဆောင်ရတဲ့ အရပ်ဘက်လုံခြုံရေးအကူအညီပေးခြင်း (aid to civil power) ဆိုတာမျိုးကိုတောင် သေချာလေ့ကျင့်ပြီးမှ အရပ်ဘက်အာဏာပိုင်ရဲ့ ညွှန်ကြားချက်အတိုင်း အတိအကျ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒီလိုအကူအညီမျိုးဆိုတာကလည်း မလွှဲမရှောင်သာမှသာ ယူသင့်တဲ့အရာဖြစ်ပြီး ပြည်တွင်း လုံခြုံရေးကိစ္စရပ်တွေမှာ တပ်မတော်ရဲ့အားကို အလွယ်တကူ ယူသုံးနေမယ်ဆိုရင် တပ်မတော်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ထိပါးစေနိုင်တာမို့လို့ အခုလို ကန့်သတ်ထားရခြင်း ဖြစ်ပါတယ်။ အစိုးရသစ်တက်လာပြီး နောက်ပိုင်းဖြစ်ပွားတဲ့ ရုန်းရင်းဆန်ခတ်အချို့မှာ တပ်မတော်ရဲ့ အကူအညီကို အကန့်အသတ်နဲ့ သာ အသုံးချခဲ့တာကို တွေ့ရပါတယ်။

    ဥပဒေသ အမှတ်ငါး။ တပ်မတော်ဆိုတာ ဒီမိုကရေစီကိုပဲ ၀န်းရံရမယ်ဆိုတာက ဥပဒေသ အမှတ်ငါးဖြစ်ပါတယ်။ ဆိုလိုတာက ပုဂ္ဂိုလ်အဖွဲ့အစည်း တစ်ဦးတစ်ဖွဲ့ကို သစ္စာခံတာမျိုး မဟုတ်ဘဲ ဒီမိုကရေစီအရ တက်လာတဲ့ အစိုးရရဲ့ အာဘော်အတိုင်း အလုပ်လုပ်တာကို ဆိုလိုပါတယ်။ နိုင်ငံရေးမှာလည်း တပ်မတော်ဟာ ပါတီစွဲမထားဘဲ ဘယ်နိုင်ငံရေးပါတီ ဘယ်နိုင်ငံရေးခေါင်းဆောင်ကိုမှ သြဇာခံတာမျိုး ဘက်လိုက်တာမျိုး မဟုတ်ဘဲ နိုင်ငံရေးနဲ့ ပတ်သက်ရင် တပ်မတော်က ကိုယ့်လမ်းကြောင်းကိုယ်လျှောက်ပြီး ဒီမိုကရေစီကို ကူညီပံ့ပိုးတာကို ပြောလိုခြင်း ဖြစ်ပါတယ်။ ဒီလိုမှလည်း တပ်မတော်ဟာ ခိုင်မာတဲ့ သမာသမတ် အဖွဲ့အစည်းတစ်ခုအဖြစ် နိုင်ငံရေး အရောင်အသွေးကင်းကင်း ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

    ဥပဒေသ အမှတ်ခြောက်။    ဥပဒေသ အမှတ်ငါးမှာ ပါတဲ့အတိုင်း တက်လာတဲ့ အစိုးရရဲ့ အာဘော်အတိုင်း အလုပ်လုပ်တယ် ဆိုပေမယ့် ဥပဒေပြုမဏ္ဍိုင်ကလည်း အနီးကပ် လေ့လာစောင့်ကြည့်နေရမယ် လို့ ဆိုလိုပါတယ်။ တပ်မတော်ဟာ အုပ်ချုပ်ရေးအစိုးရရဲ့ အာဘော်အတိုင်း အလုပ်လုပ်ပြီး အုပ်ချုပ်ရေးမဏ္ဍိုင် တစ်ခုတည်းကို တာဝန်ခံနေရုံနဲ့ မပြီးဘဲ လွှတ်တော်ကလည်း တပ်မတော်ရဲ့ တာဝန်ထမ်းဆောင်မှုတွေနဲ့ ပတ်သက်ပြီး စောင့်ကြပ်ကြည့်ရှု လေ့လာနေရမှာ ဖြစ်ပါတယ်။ လွှတ်တော်တွေမှာ ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာ အမြဲတမ်းကော်မတီတွေ ဖွဲ့စည်းထားလေ့ရှိပြီး တပ်မတော်ရဲ့ လုပ်ဆောင်မှုတွေကို ထိန်းမတ်ပေးဖို့အတွက် သာမက တပ်မတော်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် ပါ အမြဲတမ်းလေ့လာစောင့်ကြည့်နေပြီး လိုအပ်ရင် တပ်မတော်ခေါင်းဆောင်များကို ခေါ်ယူကြားနာတာမျိုးတွေလုပ်ပြီး ထိန်းကျောင်းပေးတာတွေ လုပ်လေ့ရှိပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၁၁၅(ခ) နဲ့ ၁၄၇(ခ) တို့မှာ " ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများကိုလည်းကောင်း တပ်မတော်ဆိုင်ရာ ကိစ္စများကိုလည်းကောင်း လေ့လာတင်ပြစေရန် အကြောင်းပေါ်ပေါက်ပါက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ဟာ ကာကွယ်ရေးနှင့် လုံခြုံရေး ကော်မတီကို တပ်မတော်သား ကိုယ်စားလှယ်များဖြင့် ကာလသတ်မှတ်၍ ဖွဲ့စည်းရမည်။ တပ်မတော်သား မဟုတ်သော ကိုယ်စားလှယ်များကိုလည်း လိုအပ်ပါက ထည့်သွင်း ဖွဲ့စည်းနိုင်သည် " လို့ ပြဌာန်းထားတာ တွေ့ရပါတယ်။

    ဥပဒေသ အမှတ်ခုနစ်။    တပ်မတော်ကလည်း အမိန့်နာခံဖို့ အသင့်ရှိနေရမှာ ဖြစ်ပြီး အမိန့်မနာခံသူကိုလည်း အစိုးရက အရေးယူဖို့လိုတယ်လို့ ဥပဒေသ အမှတ်ခုနစ်က ဆိုပါတယ်။ တပ်မတော်သားနဲ့ နိုင်ငံရေးသမားဆိုတာ နဂိုကတည်းက မတူညီတဲ့ သဘောသဘာဝ ရှိတဲ့အတွက် အယူအဆတွေလည်း ကွဲလွဲတတ်ပါတယ်။ ထင်ရှားတဲ့ ဥပမာ ပြရရင် ကိုရီးယားကျွန်းဆွယ် စစ်ပွဲကာလအတွင်းက စစ်ရေးအောင်မြင်မှုတွေ အများကြီးရနေတဲ့ ဗိုလ်ချုပ်ကြီး မက်အာသာ နဲ့ အမေရိကန်သမ္မတ ထရူးမင်းတို့ဟာ တရုတ်ပြည်ဘက်ထိ ဗုံးကြဲမလား မကြဲဘူးလား ဆိုတာနဲ့ ပတ်သက်ပြီး လူသိရှင်ကြား သဘောထား ကွဲလွဲခဲ့ကြပါတယ်။ ဗိုလ်ချုပ်ကြီး မက်အာသာက လုပ်ချင်တာကို သမ္မတက သဘောမတူပါဘူး။ နောက်ဆုံး ၁၉၅၁ ဧပြီလမှာ ဗိုလ်ချုပ်ကြီး မက်အာသာကို သမ္မတက ရာထူးကနေအနားပေးခဲ့ပါတယ်။ အမေရိကန်လို ဒီမိုကရေစီ နိုင်ငံကြီးမှာတောင် စစ်ဆင်ရေး သဘောတရားနဲ့ ပတ်သက်ပြီး သမ္မတနဲ့ ဗိုလ်ချုပ်ကြီးတို့ သဘောထားကွဲလွဲတာရှိပြီး အမိန့်မနာခံလို့ အရေးယူဆောင်ရွက်ခဲ့ရတာ ရှိပါတယ်။  မြန်မာနိုင်ငံမှာတော့ လက်ရှိ အစိုးရနဲ့ တပ်မတော်တို့ဟာ သဘောအယူအဆ ထပ်တူထပ်မျှ ရှိနေတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦး မကြာသေးမီက ပြောကြားခဲ့တာ တွေ့ရပါတယ်။

    ဥပဒေသ အမှတ်ရှစ်။    တပ်မတော်ဆိုင်ရာ သင့်လျော်တဲ့အကြံဥာဏ်များကို တပ်မတော်က အရပ်ဘက် ခေါင်းဆောင်များကို ပေးရမယ်ဆိုတာက ဥပဒေသ အမှတ်ရှစ် ဖြစ်ပါတယ်။ တပ်မတော်နဲ့ ပတ်သက်ပြီး ပရော်ဖက်ရှင်နယ်ဖြစ်တဲ့ တပ်မတော်ခေါင်းဆောင်တွေဟာ လိုအပ်တဲ့ ဥပမာ စစ်ရေးဆိုင်ရာ အကြံဥာဏ်နဲ့ မူဝါဒရေးရာ ထောက်ခံအကြံပြုချက်မျိုးတွေ တပ်မတော်ကို ဖြည့်ဆည်းပေးသင့်တဲ့ လိုအပ်ချက် စတဲ့ အကြံပြုချက်တွေကို အရပ်ဘက်နိုင်ငံရေးခေါင်းဆောင်တွေကို ပေးရမယ်လို့ ဆိုလိုပါတယ်။ ဒါပေမယ့်လည်း အစိုးရကို ဟိုဟာလုပ်သင့်တယ် ဒီဟာလုပ်သင့်တယ် စတဲ့ ဝေဖန်အကြံပေးမှုမျိုးကို လူသိရှင်ကြား မလုပ်မိဖို့တော့ တပ်မတော်အနေနဲ့ သတိပြု ရှောင်ကျဉ်ရမယ်လို့ ဆိုပါတယ်။

    အခုတင်ပြခဲ့တာတွေကတော့ ဒီမိုကရေစီ အကူးအပြောင်းကို ညင်ညင်သာသာ ချောချောမွေ့မွေ့ ကူးပြောင်းတဲ့နေရာမှာ အရေးကြီးတဲ့ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးဆိုင်ရာ ဥပဒေသ ရှစ်ချက်ဖြစ်ပါတယ်။ ဒီသင်ခန်းစာကို ပို့ချခဲ့တဲ့ Proffessor Nigel Gould-Davies ဟာ အောက်စ်ဖို့တက္ကသိုလ်မှာ ကထိက၊ ဂျွန်ဟော့ကင်း တက္ကသိုလ်မှာ ပါမောက္ခနဲ့ အခြားတာဝန်များ ထမ်းဆောင်ခဲ့တဲ့ အင်္ဂလန်နိုင်ငံက အဆင့်မြင့်သံတမန်တစ်ဦး ဖြစ်ပါတယ်။ International Center of Excellence at Yangon University မှာ ၂၀၁၄ မေလ ၅ ရက်ကနေ ဇွန်လ ၁၁ ရက်အထိ Comparative Transitions to Democracy ဘာသာရပ်ကို ဆွေးနွေးပို့ချခဲ့ပါတယ်။

( The Voice Daily သတင်းစာတွင် ၂၀၁၄ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖော်ပြခဲ့သည်)
http://www.thevoicemyanmar.com/index.php/perspective/item/3754-ayb

No comments:

Post a Comment