Saturday 30 November 2019

ချောနကျယ် ဖြစ်ချင်တယ်

ကိုယ်သာ ကိုယ်မဟုတ်ဘူးဆို
ချောနကျယ် ဖြစ်ချင်တယ်

စောက်သဲကွဲတဲ့အကြောင်းတွေကို
ဟာသလုပ်ပြီးရေးတော့
ဖတ်ရတဲ့သူမှာ
ရယ်နေရင်းပဲငိုရလား
ငိုနေရင်းပဲရယ်ရလား
ဘာမှန်းကိုမသိအောင်
ဖမ်းစားတတ်တဲ့စာတွေ
ရေးတတ်ချင်လို့

ဟုတ်တယ်လေ
အသဲကွဲလို့ဆိုပြီး
တစ်ယောက်တည်း
တိတ်တိတ်လေးကြိတ်
ငိုနေရမယ့်အစား
ရင်ဘတ်တူတဲ့သူတွေနဲ့ပေါင်းပြီး
ဟီလာတိုက်နေတော့မပေါ့

ရင်ထဲမှာဘာတွေရှိရှိ
အပြင်မှာဟီနေနိုင်ဖို့အတွက်
ကိုယ်သာ ကိုယ်မဟုတ်ဘူးဆို
ချောနကျယ်ဖြစ်ချင်တယ်


Wednesday 27 November 2019

မေးချင်ပေမယ့်

ကိုယ်ချစ်နေတဲ့သူကို
ကိုယ့်ကိုချစ်လားလို့
မျက်နာလေးကြည့်ပြီး
မေးချင်ပေမယ့်


Tuesday 19 November 2019

မချစ်တတ် မမုန်းတတ်တဲ့သူ

ဆရာတော် အရှင်ဆန္ဒာဓိကရဲ့
မချစ်တတ်မမုန်းတတ်တဲ့သူ ဆိုတဲ့စာအုပ်ကို ဖတ်ရတုန်းက ကိုယ့်အသက်က နှစ်ဆယ်ကျော်အစိတ်ပိုင်း အရွယ်တော် တစ်စိတ်ဟိုင်းနေပေမယ့် ကိုယ့်မှာ လူပျိုပေါက်လေးလို အသည်းတွေ ကွဲလို့ကောင်းနေတုန်း၊ ရန်ကုန်တက္ကသိုလ်ကနေ ကျောင်းပြီးခါစ တောထဲမှာ တာဝန်ကျတော့ အထွေအထူးလည်း လုပ်စရာမရှိချိန်မို့ စာအုပ်တွေမှာဖတ်ပြီး တစိမ့်စိမ့်စဉ်းစားသုံးသပ်ချိန် ရတဲ့အခိုက်အတန့်ပဲ
.
.. . ဆရာတော်ရဲ့ စာတွေဖတ်ပြီး သံယောဇဉ်တွေ အနှောင်အဖွဲ့တွေရဲ့ ပူလောင်မှုနဲ့ မေတ္တာရဲ့ ငြိမ်းအေးမှုကို ခွဲခွဲခြားခြား ခံစားနားလည်တတ်လာခဲ့တာမို့ ဆရာတော်ဘုရားရဲ့ ကျေးဇူးကြီးမားပါတယ်
.
.. . ကိုယ့်စိတ်ရဲ့အခြေအနေကို စောင့်ကြည့်တဲ့အလေ့အကျင့်လည်း ချမ်းမြေ့ရိပ်သာမှာ ရလာခဲ့ပြီမို့ ကိုယ်ချစ်တဲ့သူတွေအပေါ် ကိုယ့်ရဲ့ ယိုင်ညွတ်မှုအခြေအနေကို အေးအေးချမ်းချမ်း စဉ်းစားသုံးသပ်ဖြစ်ခဲ့တယ်
.
.. . ပုထုဇဉ်ပီပီ သံယောဇဉ်အနှောင်အဖွဲ့နဲ့ တွယ်တာစွဲလန်းမှုတွေကို မပယ်သတ်နိုင်တာပေမယ့် ရှင်းရှင်းလင်းလင်းတော့ မြင်အောင်ကြည့်တတ်ပြီမို့ ဘယ်လောက်ပဲချစ်ချစ် ဘဝဆက်တိုင်းတို့ဘာတို့ဆိုတာမျိုး မတောင်းအပ်တဲ့ဆုကို ဘယ်တော့မှ မတောင်းဖြစ်ခဲ့တော့ဘူး၊ တစ်ဘဝစာရဲ့ နှစ်အပိုင်းအခြားလောက်လေး ချစ်ရတာတောင်မှ ဘယ့်ကလောက်ပူလောင်ပင်ပန်းရသလဲဆိုတာ သံယောဇဉ်ဝဋ်ကြွေးကြီးပုံရတဲ့ ကိုယ်တွေလိုလူမျိုးတွေသာ အပ်ချမတ်ချသိန်ုင်တာမျိုးမို့
.
.. . ကိုယ်ချစ်ခင်မြတ်နိုးစွဲလန်းမိသူတွေ ကိုယ့်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်ကြစေဖို့ ၊ ကိုယ့်ကိုအကြောင်းပြုပြီး ကုသိုလ်တရားသာ ပွားများနိုင်စေဖို့၊ ကိုယ့်ကိုချစ်ကြသူတွေအပေါ် တုန့်လှယ်မေတ္တာ များများကြီးထားနိုင်ဖို့ နဲ့ ကိုယ်ကချစ်ပါလျက် ကိုယ့်ကိုစိမ်းကားသူတွေအပေါ် လျစ်လျူရှုခြင်းဖြင့် ကိုယ့်ရဲ့ချမ်းသာကိုမွေးမြူဖို့ ကြိုးစားလေ့ကျင့်ဖြစ်ခဲ့တယ်
.
.. . နောက်ဆုံးတစ်ခုကလွဲရင် ကျန်တာတွေတော့ တော်တော်အလုပ်ဖြစ်နေတုန်း ထင်ပါရဲ့

Friday 15 November 2019

ဖြတ်လျှောက်


လုပ်နေလက်စ ပညာရေးကိစ္စလေးတွေ ပြီးသွားပြီးရင်တော့ စာလေးဘာလေး ရေးအုံးမှလို့ စိတ်ကူးမိတယ်၊ အရင်တုန်းက ရေးခဲ့တဲ့ ဆောင်းပါးမျိုးတွေဘာတွေထက် ရသစာတွေ ပိုပြီး ရေးနိုင်ချင်တယ်၊ ဝတ္ထုတွေလည်း ရေးချင်တယ်၊ ကိုယ့်ဘဝအတွက် မှတ်မှတ်ရရဖြစ်လောက်မယ့် ဝတ္ထုရှည်တစ်ပုဒ်လောက်လည်း မသေခင် ‌ရေးခဲ့နိုင်ချင်တယ်၊ ကိုယ်ရေးတဲ့ ဝတ္တုတွေထဲမှာ အလျဉ်းသင့်ရင်သင့်သလို မထင်မရှားဇာတ်ကောင်လေးတစ်ခုအဖြစ် ဝင်ဝင်ပြီးလည်း အသုံးတော်ခံချင်တယ်၊ ဥပမာ ဇာတ်လိုက် ဒါမှမဟုတ် ဇာတ်လိုက်တွေရဲ့ သိပ်ပြီး နေရာမယူတဲ့ ခပ်မှိန်မှိန် သူငယ်ချင်း‌လေးတစ်ယောက်နေရာက ဖြစ်ရင်ဖြစ်မယ်၊ သူတို့တွေ ခရီးသွားဟန်လွှဲ ခဏတဖြုတ်ကြုံခဲ့ရတဲ့ လူတစ်ယောက်အနေနဲ့ ဖြစ်ရင်ဖြစ်မယ်၊ တက္ကသိုလ်ကျောင်းပတ်ဝန်းကျင်အခြေခံ ဝတ္ထုမျိုးဆိုရင် သူတို့နဲ့ တစ်ခန်းတည်းက အတန်းဖော်တစ်ယောက်အနေနဲ့ဖြစ်ရင်ဖြစ်မယ်၊ ဒါမှမဟုတ် သူတို့ထိုင်တဲ့ဆိုင်က စားပွဲထိုးကောင်လေးဖြစ်ဖြစ်၊ ကျောင်းက လုံခြုံရေးဝန်ထမ်းဖြစ်ဖြစ်၊ သူတို့ခရီးထွက်တုန်း ကားမောင်းပေးတဲ့ ကားသမားကြီးဖြစ်ဖြစ်၊ ဒီလိုမဟုတ်ရင်လည်း သူတို့နဲ့ရန်ဖြစ်လို့ ရဲစခန်းရောက်ရတဲ့ လူပေလူတေလေးဖြစ်ဖြစ်ပေါ့
.
. . . အပြင်လောကမှာ ကိုယ်ကိုယ်တိုင် ဇာတ်လိုက်နေရာမှာ နေနေကြရတဲ့ လောကနိယာမကြီးကို မေ့ထားပြီး ကိုယ်ရေးတဲ့ ဝတ္ထုတွေထဲမှာတော့ မထင်မရှား မပေါ်မလွင် ခပ်မှိန်မှိန် အဖြည့်ဇာတ်ကောင်လေးအဖြစ် သရုပ်ဆောင်ကြည့်ချင်တယ်
.
မောင်လွမ်းဝေ
၁၉ ႏိုဝင္ဘာ ၂၀၁၉

Tuesday 5 November 2019

2019 version of gerrymandering?

. . . တပ်မ‌တော်သားနဲ့ မှီခိုသူမိသားစုဝင်တွေ မဲ‌ပေးတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အာဏာရပါတီ ထောက်ခံမဲမရခဲ့တာတွေ သိသိသာသာ ဖြစ်လာတာကစလို့ ဒီချုပ်ပါတီ တာဝန်ရှိသူတွေဟာ တပ်မဲရုံတွေနဲ့ ပတ်သက်ပြီး မယုံမကြည်ဖြစ်တဲ့အကြောင်းတွေ တရားဝင်ထုတ်ပြောလာခဲ့ကြပါတယ်၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း ဒီဥပဒေလုပ်ထုံးလုပ်နည်းတွေအောက်မှာပဲ တပ်ရင်းတပ်ဖွဲ့မဲဆန္ဒနယ်တွေမှာပါ ဒီချုပ်ပါတီအနိုင်ရခဲ့ပေမယ့် နောက်ပိုင်းလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေ ရှုံးနိမ့််ရတဲ့အပေါ် မိမိတို့ပါတီရဲ့ တပ်မတော်နဲ့တပ်မတော်သားတွေအပေါ်ထားတဲ့ သဘောထားတွေ ဆက်ဆံရေးတွေ အပြောအဆိုတွေကို ပြန်လည်သုံးသပ် ပြင်ဆင်ရမယ့်အစား တပ်ထဲမှာ မဲရုံတွေထားလို့ ဒီချုပ်ရှုံးနိမ့်ရတာမို့ တပ်မတော်သားနဲ့ မှီခိုသူမိသားစုဝင်တွေကို တပ်အပြင်ဘက်ထွက် မဲပေးခိုင်းလိုက်ရင် အာဏာရပါတီအတွက် အသာစီးရမယ်လို့ ယူဆနေကြပုံပေါ်ပါတယ်
.
. . . ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃ ရက်‌ နေ့စွဲနဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ ပ ဉ္စမအကြိမ်ပြင်ဆင်ချက် အမိန့်ကြော်ငြာစာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်၊ ထုတ်ပြန်တဲ့ ရက်စွဲရဲ့နောက် တစ်လအကြာမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လူမှုကွန်ယက်မှာ တင်ထားတာတွေ့လို့ လေ့လာကြည့်မိပါတယ်
.
. . . စာမျက်နာ ဆယ်မျက်နာပါတဲ့ အဲသည်ထုတ်ပြန်ချက်မှာ တပ်မတော်သားနဲ့ မှီခိုသူမိသားစုဝင်တွေ မဲပေးရေးနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ ပြောင်းလဲချက်နှစ်ချက်ကို သတိပြုမိပါတယ်။ ပထမတစ်ချက်ကတော့ တပ်ရင်းတပ်ဖွဲ့ပုရဝုဏ်အတွင်း ဖွင့်လှစ်ပေးခဲ့တဲ့ မဲရုံတွေကို တပ်ရင်းတပ်ဖွဲ့အပြင်ဘက်ကို ထုတ်ဖို့၊ ဒုတိယအချက်က တပ်မတော်သားနဲ့ မိသားစုဝင်တွေ ကြိုတင်ဆန္ဒမဲပေးခြင်းကို ကော်မရှင်က သတ်မှတ်သော နေ့ရက်နဲ့အချိန်အတွင်းလုပ်ဆောင်ဖို့ စတဲ့နှစ်ချက်ဖြစ်ပါတယ် (နည်းဥပဒေများ ပုဒ်မ ၃၉ ၊ ၆၀ )
.
. . . ပထမတစ်ချက်ဖြစ်တဲ့ မဲရုံတွေ တပ်အပြင်ထုတ်ဖို့ဆိုရင် ဥပဒေအရမဲပေးပိုင်ခွင့်ရှိသူအင်အား ထောင်ချီရှိတဲ့အပြင် အကျယ်အဝန်းအားဖြင့်လည်း သာမန်ရပ်ကွက်ကြီး တစ်ခုစာမက သီးခြားမြို့ငယ်လေးတွေလို ဖြစ်နေတဲ့ စစ်ဘက်ဆိုင်ရာတက္ကသိုလ်ကြီးတွေ တပ်မြို့စည်ပင်သာယာရေးနယ်နမိတ်သတ်မှတ်ပေးထားတဲ့ ဌာနချုပ်ကြီးတွေမှာ ဒီနည်းဥပဒေအရ မဲဆန္ဒရှင်တွေ အဆင်ပြေပြေ မဲပေးဖို့ကို အဟန့်အတားများ ဖြစ်လေမလားလို့ တွေးမိပါတယ်၊ ဒုတိယအချက်ကလည်း ထိုနည်းလည်း‌ကောင်းပါပဲ၊ မဲပေးတဲ့ရက်မှာ နောက်တန်းဌာနချုပ်မှာ ရှိမနေနိုင်တဲ့ စစ်ဆင်ရေးနဲ့ စစ်ရေးတာဝန်ထမ်းဆောင်နေရတဲ့ တပ်မတော်သားတွေက ကော်မရှင်က သတ်မှတ်တဲ့ရက်နဲ့ အချိန်မှာ မဲပေးဖို့ဆိုတာ အဆင်ပြေပါ့မလား၊ မဲပေးနိုင်တဲ့အခွင့်အရေးဆုံးရှုံးနိုင်မယ့် သတ်မှတ်ချက်တွေများ ဖြစ်နေမလား တွေးမိပါတယ်
.
. . . အထက်ပါနည်းဥဒေများ ပြင်ဆင်ချက်မှာပါတဲ့အချက်တွေကို သဘောမတူလို့ ပြင်ဆင်ချင်တယ်ဆိုရင် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများ ပုဒ်မ ၂၀၂ နဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေများ ပုဒ်မ ၂၀၅ တို့အရ အရ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်က ပြင်ဆင်ချက်အဆိုကို နည်းဥပဒေထုတ်ပြန်ပြီး ရက်ပေါင်း ကိုးဆယ်အတွင်း လွှတ်တော်ကို တင်သွင်းဆွေးနွေးပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပြင်ဆင်လို့ရနိုင်ပါတယ်
.
. . . ဒီနည်းဥပဒေပြင်ဆင်ချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ဒီအတိုင်းပဲ လက်ခံလိုက်မလား၊ ပြင်ဆင်ချက်အဆို တင်သွင်းပြီး ပြင်ဆင်ဖို့ ကြိုးစားအုံးမလားဆိုတာ ဥပဒေကပေးထားတဲ့ ရက်ကိုးဆယ်အတွင်းစောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်၊ အာဏာရပါတီရဲ့ သဘောထားကို အာဏာရပါတီက ဖွဲ့စည်းပေးထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ နည်းဥပဒေတွေနဲ့ပတ်သက်ပြီး တပ်မတော်က ပြင်ဆင်ချက်အဆိုတင်သွင်းခဲ့ရင်လည်း အာဏာရပါတီကြီးစိုးတဲ့ လွှတ်တော်ထဲ အောင်မြင်နိုင်ဖို့ အလားအလာနည်းပေမယ့် တပ်မတော်သားနဲ့ မှီခိုသူမိသားစုဝင် မဲဆန္ဒရှင်တွေရဲ့ အခြေခံဥပဒေက‌ပေးထားတဲ့ လွတ်လပ်စွာရွေးကောက်နိုင်ခွင့် အခွင့်အရေးကို ကာကွယ်ဖို့ ကြိုးပမ်းသင့်တယ်လို့ ထင်မြင်ယူဆပါကြောင်း
.
ဗိုလ်ကောင်း
၅ နိုဝင်ဘာ ၂၀၁၉

********