Sunday 31 December 2017

တိမ်တွေနောက်မှာပုန်းတဲ့လ


.
. . . ပြာသိုလဆန်း ဆယ့်လေးရက် . . ထိန်ထိန်သာနေမည့် လရောင်အောက်မှာ တောက်ပစွာစီးဆင်းနေသည့် ဧရာဝတီမြစ်ပြင်ကမ်းနံဘေး အေးအေးလူလူလမ်းလျှောက်ရင်း ကြယ်တွေကိုငေးကာ တွေးချင်ရာတွေးနေဖြစ်မည်ဟု စိတ်ကူးယဉ်ခဲ့သော်လည်း တကယ်တမ်းကျတော့ လက မသာ။ ဘယ်ကဘယ်လိုရောက်လာမှန်းမသိသည့် အခါမဲ့မိုးသားတိမ်ရိပ်များကြောင့် မိုးလေးတွေတောင် ဖြိုးတိုးဖျောက်တောက်ကျလို့။ မြေငွေ့အပူဟပ်ရုံရွာသည့် မိုးကြောင့် မြေထဲတွင်းထဲ မနေနိုင်ဘဲ ထွက်လာကြမည့် အကောင်ရှည်ရန်ကိုကြောက်သဖြင့် လက်ကိုင်ဖုန်းမီးရောင်လေးအားကိုးဖြင့် ရိပ်သာရှေ့ အပင်တန်းမှာ စုန်ကာဆန်ကာလျှောက်ရင်း ရောက်ဖြစ်ခဲလှသော မြန်မာပြည်အထက်အညာရဲ့ ညဦးပိုင်းအသံကို နားဆင်ကြည့်နေမိသည်။ ဟိုမှသည်မှ စည်းချက်ညီညီသံစုံမြည်နေသော ပုရစ်သံ ပိုးသံ ပုစဉ်းရင်ကွဲသံ၊ တစ်ချက်တစ်ချက် ပေါ်ထွက်လာတတ်သည့် အိပ်တန်းတက်ငှက်တစ်ကောင်တစ်လေ၏ အိပ်မက်ယောင် ကယောင်ကတမ်းအော်မြည်သံ၊ ထိုထိုသော သာယာနာပျော်ဖွယ် သဘာဝညအသံလေးတွေကြား မြစ်ထဲက စက်တပ်လှေသံ တဒုတ်ဒုတ်ကလည်း ညဥ့်ဂီတကို စည်းချက်လိုက်ပေးနေသလိုလို . . .
.
နှစ်သစ်ကူးည
.
. . . ဒီလိုအခါမျိုးရောက်တိုင်းမှာ အမြဲတမ်းလိုလို သတိရမိသည်က သူ့ဘ၀မှာ ပထမဆုံး လက်ခံရရှိခဲ့ဖူးသည့် နှစ်သစ်ကူးနုတ်ခွန်းဆက် ကတ်ကလေး။ ရေခြားမြေခြား မိုင်ပေါင်းထောင်ချီ အရပ်ကနေ လေယာဉ်တစ်တန် ကားတစ်တန် လူတစ်တန်ဖြင့် မိမိလက်ဝယ် ဒုတ်ဒုတ်ထိ ရောက်လာခဲ့သော ကတ်ပြာပြာကလေး။ သူတစ်ခါမှ မသင်ယူခဲ့ဖူးသည့် ဘာသာစကားအက္ခရာများဖြင့် ရေးသားထားသောကြောင့် ကတ်ပြားပေါ်က ပုံနှိပ်စာလုံး ဆယ့်လေးငါးလုံးကို မဖတ်တတ်သော်ငြား ကတ်အပြင်အဆင်ရုပ်ပုံလေးများကို ကြည့်ခြင်းအားဖြင့် နှစ်သစ်ကူးနုတ်ခွန်းဆက်လွှာဟု အလွယ်တကူ သိနိုင်လောက်သော ငွေမှင်မှုန်လေးများ ထည့်သွင်းအလှဆင်ထားသည့် ကတ်ပြာပြာကလေး။ စာရေးကောင်း အတွေးလှသလို လက်ရေးလေးတွေကလည်း သူငယ်ငယ်က အားကျခဲ့ဖူးသည့် အင်းသာမြောက်ကျောင်းက ကိုရင်ကြီးများရေးသလို ၀ိုင်းဝိုင်းကြီးကြီး လက်ရေးထင်းထင်းကြီးဖြင့် ရေးထားသည့် သူ့သူငယ်ချင်း၏ နုတ်ခွန်းဆက်စကား။ စာလေးနှစ်ကြောင်းလောက်နဲ့ တစ်မျက်နှာလုံးပြည့်အောင် လှလှပပ နေရာချရေးသော ထိုနုတ်ခွန်းဆက်လွှာတွင် ပေးပို့သူလက်မှတ်ကလည်း တကယ့်ကို တခမ်းတနား။ ဒီလောက်ဝေးလံလှသည့် ရေမြေခြားအရပ်ကနေ ဘယ်နေ့ပို့လို့ ဘယ်နေ့ရောက်မယ်မှန်း ဘယ်တော့မှ မသေချာသည့် မြန်မာပြည်ဆက်သွယ်ရေးစာတိုက်ကတစ်ဆင့် သူ့ထံသို့ နှစ်သစ်ကူးနေ့မနက်မှာ အတိအကျ ရောက်လာသည့် စာကိုကြည့်ပြီး အံ့သြရသလို ကိုယ့်ကို အလေးဂရုပြုနိုင်အားသည့် သူငယ်ချင်းတစ်ယောက်ရှိနေခြင်းအတွက်လည်း နွေးထွေးသောမေတ္တာကို ဘယ်အခါပြန်တွေးတွေ ဖော်ကျူးနေသေးသည့် ဒီစာလေးကို သူ တန်ဖိုးတထား သိမ်းထားခဲ့သည့်မှာ ဆယ့်လေးနှစ်ပင် တိုင်ခဲ့ပါပကော . . .
.
. . . ဆယ်တန်းအောင်ပြီး အထက်တန်းကျောင်းသားဘ၀ကို စွန့်လွှတ်ပြီးသည့်နောက် ငယ်ပေါင်းများနှင့် ခွဲခွာခဲ့ရပြီးကတည်းက သူငယ်ချင်းဆိုတာ နောက်ထပ် ရှိနိုင်လိမ့်မည်မဟုတ်တော့ဟု မှတ်ထင်ထားရာက ပုံစံခွက်တစ်ခုအတွင်း သုံးနှစ်တာ ကျင်လည်ရင်း အရင်းနှီးဆုံးဖြစ်လာခဲ့ရသည့် သူငယ်ချင်းများစွာထဲက တစ်ယောက်။ သဘာဝအလှအပတွေကို ခံစားတတ်တာချင်းလည်းတူ၊ စာတွေကဗျာတွေကို ချစ်တတ်တာချင်းလည်းတူ၊ ဗဟုသုတလေ့လာလိုက်စားရာမှာလည်းအတူတူ နောက်ပြီး ဂဂျီဂဂျောင်ကျ ဂျစ်တစ်တစ်လုပ်တတ်တာချင်းလည်း အတူတူဆိုတော့ တော်ရုံတန်ရုံလူဆိုလျှင် ဝေးဝေးက ရှောင်သွားခံရသည့် သူတို့နှစ်ယောက်က ရွာပြင်ထွက်ပြီး လေပေးဖြောင့်နေခဲ့ကြသလိုလို။ လေပေးဖြောင့်သည်ဆိုသော်လည်း ကုန်ခဲ့သည့် ဆယ့်လေးနှစ်အတွင်း သူတို့နှစ်ယောက်က ရန်ဖြစ်လိုက် ပြန်ချစ်လိုက်၊ တစ်ခါတစ်ခါ ဘာကြောင့် ရန်ဖြစ်တယ်ဆိုတာကိုမေ့သွားပြီး ဟေးလေးဟားလား ပြန်ဖြစ်သွားကြသလို တစ်ခါတစ်ခါကျပြန်တော့လည်း ပြန်ခေါ်ဖို့မေ့တာရယ် တစ်ယောက်ပြန်အခေါ် တစ်ယောက်က စောင့်နေတာရယ်နဲ့ နှစ်နဲ့ချီပြီး ဆက်ဆံရေးပြတ်တောက်သွားခဲ့ရသည်လည်း ရှိသည်။ ဒါပေမယ့် ခုနောက်ဆုံးအခေါက်မှာတော့ . . .
.
. . . ခုနှစ်သက္ကရာဇ်များကို သေသေချာချာ မှတ်သားလေ့မရှိခဲ့သော်လည်း နောက်ဆုံးအခေါက် သူတို့ ပြန်စကားပြောဖြစ်ကြသည့်အချိန်ကမူ သူ့အတွက် အမှတ်ထင်ထင် ဖြစ်စရာ။ ဖေ့ဘုတ်လူမှုကွန်ယက်မှာ သူ့ကို ကြည့်ခွင့်မြင်ခွင့်မရအောင် လုပ်ထားသူတစ်ယောက်က သူငယ်ချင်းအဖြစ်အသိအမှတ်ပြုပေးရန် တောင်းဆိုချက်သင်္ကေတ ပို့လာတာမြင်ရတော့ သူ့မှာ ယုံရခက် မယုံရခက်။ တောင်းဆိုချက်ကို လက်ခံလိုက်ပြီးနောက် ကိုယ့်ရဲ့ နုတ်ခွန်းဆက်စကားတွေ ရေးပြီး သူ့ထံက ပြန်ကြားချက်ကို မမျှော်ဝံ့ဝံ့ မျှော်ဝံ့ဝံ့ စောင့်စားရင်း တစ်ရက်မပြည့်မီမှာပင် သူ့သူငယ်ချင်းဆိုတာ သေချာသွားသည့် ပြန်ကြားချက်ကိုရတော့ သူ့မှာ ပျော်လို့ မဆုံးခဲ့။ သူဘယ်တော့မှ မစွန့်လွှတ်ချင်သည့် သူငယ်ချင်းတစ်ယောက် ပြန်ရလိုက်တာကိုလည်း ကျေနပ်ဝမ်းသာလို့မဆုံးခဲ့။ သို့သော် . . .
.
. . . တဖျောက်ဖျောက်ကျလာသောမိုးက သူ့အတွေးများကို ရပ်တန့်ပစ်လိုက်သလိုလို။ ခေါင်းမိုးစိုလျှင် နှာစေးခေါင်းကိုက်တတ်သော သူ ရိပ်သာထဲအမြန်ပြန်ပြေးဝင်လာခဲ့ရသည်။ ဆင်ဝင်အောက်ရောက်တော့ ခုနလျှောက်နေတွေးနေခဲ့သည်တို့ကို သံယောဇဉ်မဖြတ်နိုင်သည့်အလား မိုးသားတိမ်ရိပ်တွေပြည့်နေသည့် ကောင်းကင်ကြီးကို သမင်လည်ပြန်ကြည့်နေမိပြန်သည်။ ဒီတိမ်တွေမရှိရင်ကောင်းမှာဘဲဟုလည်း တောင့်တလိုက်မိပြန်သည်။ လက်ရှိအခြေအနေမှာတော့ သူ့ဆန္ဒတို့ တကယ်ဖြစ်လာစရာအကြောင်းမမြင် . . .
.
. . . နှစ်သစ်ကူးညရဲ့ ပြည့်လုဆဲ လမင်းကြီးကတော့ တိမ်တွေနောက်မှာ ပုန်းခိုနေဆဲ . . .
.
မောင်လွမ်းဝေ
၃၁ ဒီဇင်ဘာ ၂၀၁၇

Thursday 7 December 2017

သူစိမ်းတို့ရဲ့အလယ်မှာ

.
. . . သူ ဆယ်တန်းအောင်ပြီး ရန်ကုန်ရောက်သည့် နှစ်မှာပင် ဒီသစ်ပုတ်ပင်ကြီးကို စတင်သိကျွမ်းခဲ့ရသည်။ မဟုတ်သေးပါဘူး။ အပြင်မှာ တကယ်မြင်ဖူးခဲ့ရသည်ဆိုမှ မှန်တော့မပေါ့။ သူဖတ်ဖူးတဲ့ ၀တ္ထုတွေထဲ ဒီသစ်ပုတ်ပင်ကြီးကို ရင်းနှီးခဲ့ရတာ ကြာခဲ့ပြီလေ။ အဲသည်နေ့က သစ်ပုတ်ပင်ကြီးကို မြင်ဖူးခဲ့ရသည် ဆိုသော်လည်း သူ့ကိစ္စနဲ့ ရောက်နေတာတော့ မဟုတ်။ သူနေသည့်အိမ်က မမငယ် မဟာဘွဲ့ယူ အစမ်းလေ့ကျင့်သည့်နေ့မှာ သူက ပါလာရင်း ဒီသစ်ပုတ်ပင်ကြီးကို မြင်ဖူးခဲ့ရတာကလား။ အခုနေ မမငယ်တို့ ဘွဲ့ယူတုန်းက ပုံတွေ ပြန်ကြည့်လျှင် မည်းမည်းပိန်ပိန် ကောင်လေးတစ်ယောက် သစ်ပုတ်ပင်ရှေ့က အဖွဲ့လိုက်ပုံတွေထဲ ပါနေနိုင်သေးသည်လေ။ ဘာပဲပြောပြော ဘွဲ့ယူမိသားစုတစ်ဦးအနေနှင့် ရန်ကုန်တက္ကသိုလ်ထဲ ရောက်ခဲ့သည့် အဲသည်နေ့ကို ပထမအကြိမ်ဟု မှတ်ထားလိုက်သည်။ ဆယ်တန်းအောင်စာရင်း ထွက်ပြီးခါစ ပူပူနွေးနွေး ဆယ်တန်းအောင် ကျောင်းသားလေးတစ်ယောက် ဂုဏ်ရှိန်ထည်ဝါလှသည့် တက္ကသိုလ်ကြီးထဲသို့ ပထမဆုံးအကြိမ် ရောက်ဖြစ်ခဲ့သည့် အမှတ်တရနေ့။ သည်လောက် ကြီးကျယ်ခမ်းနားသည့် တက္ကသိုလ်ကြီးမှာ ကျောင်းတော်သားကြီးလုပ်ဖို့တော့ စိတ်ကူးတောင် မယဉ်ဝံ့ခဲ့ရသည့် အခြေအနေ။ သမိုင်းအနေနှင့် မှတ်တမ်းတင်မည်ဆိုလျှင် ထိုနှစ်သည် တစ်ထောင့်ကိုးရာကိုးဆယ့်ခြောက် မြန်မာ့ခရီးသွားနှစ် . . .
.
. . . ဒုတိယအကြိမ်ကတော့ တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးသည့် ရန်ကုန်တက္ကသိုလ် ကျောင်းတော်သားကြီးအဖြစ် သုံးနှစ်သုံးမိုး ပညာဆည်းပူးဖို့ဆိုပြီး ရောက်လာသည့် အခါတွင်ဖြစ်သည်။ ကြိုတင်သတိပေးခြင်း ဆန္ဒရှိမရှိ မေးမြန်းခြင်း တစ်စုံတစ်ရာ မရှိဘဲ ကျောင်းဖွင့်ရန် လ၀က်ခန့်အလိုမှာ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာမဟာဘွဲ့လွန်သင်တန်း တက်ရောက်ရန် ဘယ်နေ့ထက် နောက်မကျဘဲ သွားရောက်သတင်းပို့ရမည်ဆိုသော အမိန့်စာကြေးနန်းလေးတစ်ခုကို အကိုးအကားပြုပြီး ရန်ကုန်တက္ကသိုလ်ထဲ ရောက်လာခဲ့ရသည့်အဖြစ်။ စိတ်ကူးထဲတောင် အိပ်မက် ထည့်မမက်ဖြစ်ဖူးသည့် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀ဆိုတာကြီးကို ယောင်ချာချာ အူလည်လည် ဘ၀ဖြင့် စတင်ခဲ့ရသည်။ ကိုယ်မျှော်လင့်ရင်ခုန်ခဲ့ရသည့် ဘ၀မျိုး မဟုတ်ပင်မဟုတ်ငြားသော်လည်း တကယ်ကြီး တက္ကသိုလ်ကျောင်းသားဖြစ်ပြီဆိုတော့ ပျော်စရာကြည်နူးစရာ စိတ်ညစ်စရာ စိတ်ပင်ပန်းစရာ ရင်ခုန်စရာ စိတ်ချမ်းမြေ့စရာ စသည့် ရသစုံဖြင့် တက္ကသိုလ်ကျောင်းသားဘ၀ကို အပြည့်အ၀ဖြတ်သန်းခွင့်ရခဲ့သည် . . .
.
. . . ၂၀၀၄-၂၀၀၅ ပညာသင်နှစ်မှာ တက်စရာအတန်းတွေလည်းကုန် စာမေးပွဲတွေလည်း ပြီးသောအခါ တက္ကသိုလ်ကြီးကို တကယ်ခွဲခွာရတော့မည်ဆိုသည့်အသိနှင့် ၀မ်းနည်းပက်လက် ဖြစ်ခဲ့ရသည့် အချိန်လေးတွေကို သူတကယ် မမေ့နိုင်သေး။ ရှုပ်ထွေးလှသည့် ရန်ကုန်မြို့ထဲက အိုအေစစ်လေးပမာ စိမ်းမြအုံ့ဆိုင်းသော မြကျွန်းညို၊ စစ်သားတွေဆိုတာ ကြမ်းကြမ်းတမ်းတမ်း ယဉ်ကျေးမှုနိမ့်ပါးသူများပေလားလို့ ထင်ယောင်မှားခဲ့ကြကြောင်း ရယ်ပွဲဖွဲ့ပြောပြခဲ့သော သူတို့ဘ၀ကို စာနာနားလည် သံယောဇဉ်တွယ်ခဲ့ကြသည့် အတန်းဖော် သူငယ်ချင်းများ၊ စည်းကမ်းကြီးသော်လည်း သားများကို အမေအုပ်ထိန်းသလို စောင့်ရှောက်ခဲ့သော အင်္ဂလိပ်စာဌာနက ဆရာမကြီးများ၊ စစ်သားများ၏ဘ၀ကို နားလည်မှုရှိစွာဖြင့် မေတ္တာပေးလိုက်လျော ပညာသင်ကြားပေးခဲ့ကြသော ဆရာဆရာမများ၊ ကွန်ပြူတာပညာကို အခြေခံမှသည့် အဆင့်မြင့်ပရိုဂရမ်များအထိ သင်ကြားပေးခဲ့သော သင်္ချာဌာန၊ လူပြည့်လို့ လက်မခံနိုင်တော့ပါဘူးဆိုတာတောင် တက်ခွင့်မရရင် မပြန်တော့ပါဘူးရယ်လို့ ဇွတ်အတင်း ကျားပိန်တွယ်တဲ့ သူတို့ဇွဲကို အသိအမှတ်ပြုပြီး ပထမဆုံးဖွင့်သည့် အပတ်စဉ်မှာ ဒီပလိုမာတန်း တက်ခွင့်ပေးခဲ့တဲ့ အိုင်အာဌာန၊ နေ့တိုင်းကျောင်းအကြိုအပို့လုပ်ပေးတဲ့ ဖယ်ရီကြီးနဲ့ ဆရာကား၊ လူတိုင်းစေ့ထီးမပါလို့ အဓိပတိလမ်းမကြီးထဲ မိုးထဲရေထဲ အတူလျှောက်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေ၊ သူတို့မစားချင်တော့လောက်အောင် ရိုးအီနေတဲ့ ရိပ်သာချက်ဟင်းတွေကို အားပေးဖော်ရတဲ့ နေ့လည်စာထမင်းဝိုင်းက အပေါင်းအသင်းမမများ၊ နွေဦးမှာ ကြားရတဲ့ ဥသြငှက်သံချိုချိုလေးတွေ၊ အတန်းအားတိုင်း သွားသွားထိုင်ပြီး ဖြစ်သွားဖြတ်လာ ကောင်မလေးတွေကို ငေးဖြစ်ခဲ့တဲ့ အဓိပတိလမ်းဘေးက ရေတမာပင်ခုံဝိုင်းလေးတွေ၊ မပေးဖြစ်ခဲ့တဲ့ စာတွေနဲ့ မပြောဖြစ်ခဲ့တဲ့ စကားတွေ၊ ပေးမယ်လို့ ရည်စူးပြီးခါမှ စာအုပ်ကြားမှာပဲ ပန်းခြောက်လေးတွေအဖြစ် အရိုးထုတ်သွားခဲ့ရတဲ့ ကံ့ကော်ပန်းလေးတွေ၊ ခိုးခိုးကြည့်ခဲ့ရတဲ့ တစ်ယောက်သောသူရဲ့ အပြုံးချိုချိုလေးတွေ၊ ဒါတွေနဲ့ဝေးပြီး သွားရတော့မယ်ဆိုတော့ ဘယ်သူကများ ၀မ်းနည်းပက်လက် မဖြစ်ဘဲ နေစိမ့်နိုင်မှာပါလိမ့် . . .
.
. . . တတိယအကြိမ် ရန်ကုန်တက္ကသိုလ်ကိုရောက်တော့ တက္ကသိုလ်ကြီးက တော်တော်ကို ပြောင်းလဲသွားပြီ။ အရင်တုန်းက မဟာတန်းတွေနဲ့ မှိုင်းညို့အုံ့ဆိုင်းခဲ့သော တက္ကသိုလ်ကြီးဟာ ၂၀၁၃ ခုနှစ်မှာ တစ်နှစ်တာပြည်လည်ခြေချချိန်မှာတော့ ဘွဲ့ကြိုတန်းက မောင်မယ်သစ်လွင်လေးများနဲ့ နုနယ်ပျိုမြစ်နေပေပြီ။ ဟိုးတစ်ခါတုန်းက ကျောင်းသားတွေနေခွင့်မပေးခဲ့တဲ့ ပင်းယ အင်းဝ စစ်ကိုင်း ဒဂုံ မာလာ သီရိ စတဲ့ တက္ကသိုလ်ပရ၀ုဏ်ထဲက ကျောင်းသားကျောင်းသူဆောင်တွေမှာ ဖြူစင်တက်ကြွတဲ့ လူ့လောကထဲ တိုးဝင်ခါစ လူငယ်လေးများရဲ့ ရယ်သံလွင်လွင်လေးတွေနဲ့ စည်ကားနေခဲ့ပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက် သူတက္ကသိုလ်ကျောင်းသားဘ၀တုန်းက ညနေကျောင်းဆင်းချိန်ပြီးတာနဲ့ တိတ်ဆိတ်မှောင်မည်းသွားတဲ့ တက္ကသိုလ်ကြီးဟာ ညရောက်တာတောင် မီးရောင်တွေ တထိန်ထိန်နဲ့ လူငယ်လူရွယ်လေးတွေနဲ့ စည်းကားနေခဲ့ပြီ။ သူ ငယ်ငယ်က ၀တ္ထုတွေထဲမှာ ဖတ်ဖူးခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကို အပြင်မှာ တကယ်မြင်နေရသလို ဖြစ်တာမို့ ငယ်ရွယ်စဉ်တုန်းကတောင် မတောင့်တခဲ့ဖူးတဲ့ တက္ကသိုလ်အဆောင်နေ ကျောင်းသားဘ၀ကို အိုကြီးအိုမကျခါမှ သူ တောင့်တတတ်လာခဲ့ပြီ . . .
.
. . . နောက်လေးနှစ်လောက်အကြာမှာ ကံ့ကော်မြေကို တစ်ခါ ခြေချမိပြန်တော့ ရွှင်လန်းကြည်နူးစရာကောင်းတဲ့ အပြောင်းအလဲတွေကို ပိုလို့မြင်တွေ့လာခဲ့ရသည်။ ပြောင်းရင်းပြောင်းရင်း အပြောင်းလဲကြီး ပြောင်းလဲနေတာတွေကို မြင်ခဲ့ရသလို ပြောင်းရင်းပြောင်းရင်း သမိုင်းတစ်ပတ်ပြန်လည်သွားတဲ့ အပြင်အဆင်တွေကိုလည်း မြင်ရပြန်သည်။ ဥပမာအနေနဲ့ဆို ကျောင်းသားရေးရာဌာနပေါ့။ သူတို့ နေခဲ့စဉ်က သစ်ပုတ်ပင်ကြီးရှေ့က သိပ္ပံဆောင်ဆင်ဝင်အောက်မှာ ကျောင်းသားရေးရာဌာနရှိခဲ့သလို အခုလည်း အဲသည်နေရာမှာပဲ ကျောင်းသားရေးရာဌာန ပြန်ရောက်လာတာတွေ့ရသည်။ တက္ကသိုလ်ကိုရောက်ဖူးခဲ့သမျှ တစ်ခါမှ မမြင်ဖူးခဲ့သော အရာတစ်ခုကိုလည်း တွေ့ရပြန်သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တဲ့။ နိုင်ငံရပ်ခြားက တက္ကသိုလ်တွေမှာ ကျောင်းသားတွေကိုယ်တိုင် ကျောင်းသားပွဲတွေ လှုပ်ရှားမှုတွေ လုပ်နေသော အတွေ့အကြုံတွေကို မြင်ခဲ့ကြုံခဲ့ရသူတစ်ယောက်အနေနှင့် ကျောင်းသားသမဂ္ဂ ရှိလာတာကို ကြိုဆိုရပါသည်။ ကျောင်းတော်သူကျောင်းတော်သားတို့ ဗလငါးတန် ဖွံ့ဖြိုးရေး ကျောင်းသားသမဂ္ဂများက ဦးစီးပေးနိုင်ပါစေကြောင်း ဆန္ဒပြုမိခဲ့သည် . . .
.
. . . တောင်ငူဆောင်ညာဘက်ထောင့်က ဦးချစ်ဆိုင်အပါအ၀င် ဆိုင်တန်းတွေ တစ်ခုမှ မရှိတော့။ နှစ်ထပ်စားသောက်ဆိုင်ဆောက်ဖို့ အားလုံးကို ဖျက်လိုက်သည်ဆိုလား။ ဒါနဲ့ ရာမညဆောင်ဘယ်ဘက်ထောင့်မှာ အသစ်ဖွင့်ထားတဲ့ ဆိုင်တန်းတွေထဲ ခဏ၀င်ထိုင်ရင် ဦးချစ်ဆိုင်အကြောင်းမေးကြည့်တော့ လေလံမအောင်လို့ ဦးချစ်ဆိုင် မရှိတော့သည့်သဘော ပြောကြသည်။ အော် . ဈေးကွက်စီးပွားရေးခေတ်ကြီးမှာ ရန်ကုန်တက္ကသိုလ်ရဲ့ ဂန္တ၀င်ဦးချစ်တစ်ယောက် ပျောက်ကွယ်ရလေပြီလား . . .
.
. . . အာစီလို့ခေါ်တဲ့ အပန်းဖြေရိပ်သာထဲက ဈေးဆိုင်ခန်းတွေ မရှိတော့၊ သူတို့တက္ကသိုလ်ကျောင်းသားတုန်းက ဆိုင်းဘုတ်သာသာရှိခဲ့သော အနုပညာအသင်း ပန်းချီအသင်း စတာတွေကို အားကောင်းမောင်းသန် ပြန်လည်ရှင်သန်ထမြောက်လာစေချင်လှသည်။ ကြည့်ရတာတော့ သူမြင်ချင်တာတွေ မကြာခင် ဖြစ်လာတော့မည့် အားယူနေသည့်ဟန်ရှိသည်။ သူတို့ကျောင်းသားဘ၀က လွတ်လွတ်လပ်လပ် ရှင်သန်ကြီးပြင်းနေခဲ့သော နာမည်ကျော် သစ်ပုတ်ပင်ကြီးကတော့ ခြံစည်းရိုးအ၀ိုင်းကြီးတစ်ခုထဲရောက်လို့။ သစ်ပုတ်ပင်ကြီး အခေါင်းထဲ ကျောင်းသားကျောင်းသူတွေ ၀င်ဝင်ပြီး ဓာတ်ပုံရိုက်၊ သစ်ပုတ်ပင်ကြီးကို ဟိုဟာတွေရေးခြစ် ဒီဟာတွေရေးထွင်း လုပ်ကြလွန်းလို့ ခြံခတ်လိုက်ရတာဆိုလား။ ဂန္တ၀င်သစ်ပုတ်ပင်ကြီး ဆက်လက်ရှင်သန်နိုင်ရေးအတွက် အကျဉ်းချခံလိုက်ရတာများလား၊ သူ့ကို အကျဉ်းချလိုက်မှ သူ့ရဲ့လုံခြုံရေး စိတ်အေးရမှာလား၊ အကျဉ်းမချဘဲ တစ်ခြားနည်းနဲ့ရော ဆက်လက်ထိန်းသိမ်းထားဖို့ မဖြစ်တော့ဘူးလားဆိုတာတော့ ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့က ပိုသိမယ်ဆိုတာ သေချာရဲ့လား၊ အငြင်းအခုံတွေ အားပေးတာစားလှတဲ့ ဒီမိုကရေစီဆိုတဲ့ ခေတ်ကြီးမှာ ဒီသစ်ပုတ်ပင်ကြီးကို အကြောင်းပြုပြီး အတွေးအခေါ်အသစ်တွေ ပေါ်ထွက်လာနိုင်မလား၊ ဒါမှမဟုတ် သဘောထားကွဲလွဲတာတွေနဲ့ အချိန်ကုန်ပြီး အလုပ်တွေ နှေးဖင့်ကုန်မလားဆိုတာကတော့ ဘုရားသာ သိနိုင်လိမ့်မည်ထင်ပါသည် . . .
.
. . . ဘွဲ့နှင်းသဘင်ခန်းမကြီးနားရောက်တော့ သူတို့ တက်ခွင့်မကြုံလိုက်သည့် ဘွဲ့နှင်းသဘင် အခမ်းအနားကို မြင်ယောင်ကြည့်မိသည်။ တက္ကသိုလ်ကျောင်းကြီးကို စွန့်ခွာသွားကတည်းက တာဝန်တွေကိုယ်စီကြားမှာ သူတို့တွေ တစ်ယောက်မှ ဘွဲ့နှင်းသဘင်တက်ဖို့ ကျောင်းဘက်ကို ခြေဦးမလှည့်နိုင်ခဲ့ကြ။ သူတို့သူငယ်ချင်းတွေ ဘွဲ့ယူကြတော့ အခမ်းအနားသို့ ရောက်မလာနိုင်သည့် သားတွေကို အမေဆရာမတွေက မျှော်ခဲ့ကြသတဲ့။ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ကိုယ်တိုင်နာမည်ထုတ်ဖော်ခေါ်ယူချီးမြှင့်နိုင်ခြင်းမရှိသည့် သားတွေအတွက် အမေလို ပါမောက္ခဆရာမကြီးက စိတ်စက်မကောင်းဖြစ်မိခဲ့သတဲ့ဆိုတာ သူ့သူငယ်ချင်းတွေပြောပြလို့ သိခဲ့ရသည်။ သူတို့ကတော့ စစ်သားတွေပီပီ ဘွဲ့တက်မယူနိုင်တာလောက်ကို စိတ်ထဲထည့်ပြီး ခံစားမနေခဲ့သော်လည်း အဲသည်လိုကြားရပြန်တော့လည်း ဘွဲ့သွားယူနိုင်ခဲ့ရင်အကောင်းသားလို့ တွေးခဲ့မိကြပြန်သည် . . .
.
. . . ဂျပ်ဆင်ဘုရားရှိခိုးကျောင်းဆင်ဝင်အောက်က ဖြတ်မိတော့ ဂျပ်ဆင်မှာ ပွဲရှိတိုင်း ဖိတ်လေ့ရှိတဲ့ တီချယ်ဝင်းကို လွမ်းမိသည်။ ဒီဘုရားရှိခိုးကျောင်းထဲမှာ သူတို့တွေ ပွဲတစ်ချို့ တက်ဖူးခဲ့ကြသည်။ အလှူငွေစ နည်းနည်းမျှ လှူဒါန်းဖူးခဲ့ကြသည်။ သူတို့နားနှင့် စိမ်းသော်လည်း နားဝင်ပီယံကျက်သရေရှိလှသည့် ဓမ္မတေးများကြားမှာ ကြည်နူးဝမ်းသာ ဖြစ်ခဲ့ကြဖူးသည်။ ခရစ္စမတ်ကန်တာတာ ပွဲတွေမှာ တက်ဆက်မှုများကို သောတဆင်ရင်း တက်ဆက်သူမောင်မယ်များကို အားကျခဲ့ဖူးသည်။ ဘုရားကျောင်းရှေ့က မြက်ခင်းပြင်ကတော့ အရင်ကလို စိမ်းစိုမြဲ။ သူအရင်က ဖြစ်စေချင်ခဲ့ဖူးသော သန့်ရှင်းသပ်ရပ် ခမ်းနားသည့် ဘုရားကျောင်းမျက်နာစာကို အခုတစ်ခေါက်မှာလည်း မမြင်မတွေ့ခဲ့ရ။ ဂုဏ်ရှိန်ကြီးမားလှသည့် ရန်ကုန်တက္ကသိုလ် ယုဒသန်ဘုရားကျောင်းဥပစာကို ဒီထက်ပိုပြီး သန့်ရှင်းသပ်ယပ် လှပထည်ဝါစေချင်မိသည် . . .
.
. . . ကျောင်းတက်စဉ်တုန်းက ဒီကျောင်းသားတွေ တက္ကသိုလ်စာကြည့်တိုက်ကြီးကို လိုအပ်ခဲ့သလား မလိုအပ်ခဲ့သလား မသေချာသော်လည်း ဘွဲ့ယူတဲ့နေ့နဲ့ အစမ်းလေ့ကျင့်တဲ့နေ့မှာတော့ ရန်ကုန်တက္ကသိုလ်ထဲက စာကြည့်တိုက်ကြီးနှစ်ခုက ဘွဲ့ရမောင်မယ်များအတွက် မရှိမဖြစ် လိုအပ်ချက်ရှိသွားခဲ့တာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုခွဲတုန်းကနဲ့ အခုနဲ့ အတူတူပါပဲလားလို့သူ တွေးမိသည်။ စာကြည့်တိုက်ကြီးတွေရှေ့မှာ တောက်တောက်ပပ အ၀တ်အစားတွေဝတ်ပြီး ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ကြတဲ့ ဘွဲ့ယူမောင်မယ်တွေကိုမြင်တိုင်း သူတွေးနေကျအတွေး . . .
.
. . . သိပ္ပံဆောင်ဘယ်ဘက်တောင်ပံမှာရှိသည့် ရူပဗေဒဌာကတော့ သူတို့ခေတ်နှင့် လုံးလုံးခြားနားခဲ့သလိုလို။ သူတို့ခေတ်တုန်းက ဆရာကြီး ဒေါက်တာစိန်ထွန်းဆိုတာ ကျောင်းသားတွေ ဖိန့်ဖိန့်တုန်။ ဌာနအ၀င်ဝမှာ ကျောက်သင်ပုန်းအမည်းကြီးပေါ် မြေဖြူစာလုံးကြီးတွေနှင့် အသေအချာ ရေးထားသည့် ကျောင်းသားများ လိုက်နာရန် စည်းကမ်းများဆိုသည့် အမှတ်သညာကို အစွဲပြုပြီး ပညတ်တော်ဆယ်ပါးဌာနလို့ သူတို့ အမည်ပြောင်ပေးခဲ့ကြတဲ့ ဌာနက အခုတော့လည်း သူလိုငါလို တစ်ခြားဌာနတွေလိုဖြစ်သွားပါပြီကော . . .
.
. . . သိပ္ပံဆောင်ကော်ရစ်ဒါကနေ ဓာတ်ခွဲခန်းတွေဘက်ကိုအသွား စင်္ကြန်အထွက်မှာ တစ်ဦးတည်းသော ဗန်းသည်အစ်မကြီးဆီက ဒိန်ချဉ်တစ်ခွက်သုံးရာအားပေးရင်း စကားစမြည်ပြောကြတော့ တက္ကသိုလ်ထဲ ဒီလိုဗန်းသည်တွေ ဈေးရောင်းခွင့်မပေးတော့တဲ့။ အာစီထဲက မိတ္တူဆိုင်တွေလည်း အရင်တုန်းက ကံ့ကော်ရွာ ကင်တန်းခေါ်တဲ့ ကင်တန်း နှစ်ထပ်အပေါ်ထပ်ကို ရောက်နေကြပြီတဲ့။ တစ်ခြားနေရာတွေမှာ ဈေးသည်မရှိတော့ သိပ္ပံကင်တန်းလည်း စည်ကားလို့ . . .
.
. . . ကျောင်းသားရေးရာဌာနရှေ့ စူးစမ်းကြည့်မိတော့ ဖွင့်တော့မည့် ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူတွေ ကျောင်းအပ်ကြ ပိုက်ဆံသွင်းကြနှင့် စည်ကားသိုက်မြိုက်နေတာကို တွေ့သည်။ အင်တာနက်တွေ ဘဏ်စနစ်တွေ ဒီလောက် အပြိုင်အဆိုင်ဝန်ဆောင်မှုပေးနေကြတဲ့ ခေတ်ကြီးထဲ မြန်မာနိုင်ငံက သက်တမ်းအကြီးဆုံး တက္ကသိုလ်ကြီးတစ်ခုမှာ ကျောင်းသားတွေ ပိုက်ဆံတွေကိုင်ပြီး သွင်းနေကြတာတွေ့တော့ နည်းနည်းတော့ မျက်မှောင်ကျုံ့မိသည်။ ဘဏ်တွေက ၀န်ဆောင်မှုပေးဖို့ မကမ်းလှမ်းကြဘူးလား၊ တက္ကသိုလ် အာဏာပိုင်တွေကရော ကျောင်းသားတွေကို ဘဏ်အကောင့်ဖွင့်ပေး ဘဏ်အကောင့်နဲ့လက်ခံ၊ တက္ကသိုလ်ကျောင်းသားဘ၀ကတည်းက အွန်လိုင်းဘဏ်စနစ်နှင့် ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပေးဖို့အတွက် ဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ စိတ်မကူးမိကြတော့ဘူးလား။ ကျောင်းဝင်ကြေး အဆောင်ကြေးတွေရေးထားတာကိုကြည့်ရင်း ကျောင်းသားကျောင်းသူစာရင်းကိုကြည့်ရင်း တစ်နှစ်တစ်နှစ် ကျောင်းက ကိုင်တွယ်ဆောင်ရွက်ရမည့် ငွေသားပမာဏကို စိတ်တွက်တွက်ကြည့်နေမိသည်။ ဒီတက္ကသိုလ်တစ်ခုလောက်က ပိုက်ဆံငွေသားမကိုင်ဘဲ အွန်လိုင်းဘဏ်စနစ်လုပ်ရင်တောင် ဗဟိုဘဏ်က ငွေသားတွေ ရိုက်နှိပ်ရတာ တော်တော် သက်သာမယ်လို့ တွေးမိသည်။ ဒါရော သူနဲ့ ဆိုင်လို့လား။ ဆိုင်လားမဆိုင်လား သူလည်း သေချာ မသိ၊ တွေးမိနေတာတော့ သေချာသည်လေ။ ဟိုဟိုသည်သည်ကြည့်ရင်း တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းအတွက် စာမူဖိတ်ခေါ်သော လက်ရေးကြော်ငြာလေးကိုတွေ့တော့ အနုလုံပဋိလုံ အစုန်စုန် အဆန်ဆန် ဖတ်ရင်းကြည့်ရင်းက ကိုယ့်ဘာသာ မေးခွန်းတွေ ထုတ်နေမိပြန်သည်။ စာမူလက်ခံရက်က မနှစ်က မတ်လနောက်ဆုံးဆိုတော့ အတော်ကြီးကို ကျော်ခဲ့ပြီ။ သို့သော် သူစိတ်ဝင်စားတာက အဲဒါမဟုတ်။ စာမူကို ဘယ်လို ပို့ပေးရမယ်ဆိုသော နည်းလမ်းဖြစ်သည်။ တောင်ငူဆောင်၊ ၀ိဇ္ဇာခန်းမ၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်၊ အပန်းဖြေရိပ်သာ၊ ကျောင်းသားရေးရာဌာန၊ ဘွဲ့နှင်းသဘင်ရှိ စာမူပုံးများသို့ ပေးပို့ရမည်တဲ့။ လူတိုင်းရဲ့ လက်ဝါးပြင်ပေါ်မှာ အင်တာနက်တွေ ဒီလောက်ဖောဖောသီသီ ရနေနိုင်သော ခေတ်ကြီးမှာ အွန်လိုင်းက ပို့ပေးစရာ အီးမေးလိပ်စာလေးတစ်ခုသော်မှ ဖော်ပြထားခြင်းမရှိတဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်ရှိန်ကြီးများလှတဲ့ တက္ကသိုလ်ကြီးတစ်ခုရဲ့ နှစ်ပတ်လည် မဂ္ဂဇင်း စာမူဖိတ်ခေါ်ခြင်း လက်ရေးကြော်ငြာလေးကို သူ အတော်ကြာကြာ ငေးစိုက်ကြည့်နေဖြစ်ခဲ့သည် . . .
.
. . . ကိုအောင်ဆန်းသာ အခုနေ အိုးဝေမဂ္ဂဇင်း အယ်ဒီတာဆိုရင် စာမူခေါ်တဲ့ ကြော်ငြာမှာ အီးမေးလိပ်စာလေးတစ်ခုလောက် ရေးပေးဖြစ်မလား စသည်ဖြင့် မဆီမဆိုင် မရှိတော့တဲ့သူကို တ မိရင်းက ရန်ကုန်တက္ကသိုလ်ဥပဒေပြဌာန်းခဲ့သည့် လွန်ခဲ့တဲ့ ၉၇ နှစ်ဆီကို အတွေးရောက်သွားပြန်သည်။ ကျွန်ပညာရေးတဲ့၊ ရေပေါ်ဆီလူ့မလှိုင်တွေ မွေးထုတ်ပေးတဲ့ ပညာရေးတဲ့။ ကိုယ်က သမိုင်းဆရာမဟုတ်တော့ အဲသည်တုန်းက ပညာရေးဥပဒေ သပိတ်မှောက်တုန်းက ကိစ္စကို ကျယ်ကျယ်ပျံ့ပျံ့ကြီး နားမလည်သော်လည်း ရေပေါ်ဆီပညာတတ်လူတန်းစားတစ်ရပ် ခိုင်ခိုင်မာမာမွေးထုတ်ပေးမည့် မူဝါဒကိုတော့ ကိုယ်သာဆိုရင် ထောက်ခံမိမည်ထင်သည်။ အခုနေ သူသာ တန်ခိုးရှိလို့ကတော့ ရန်ကုန်တက္ကသိုလ်ကြီးကို ကမ္ဘာ့အဆင့်မီ အကုန်အကျကျောင်းဝင်ကြေးမြင့်သော ကမ္ဘာ့အဆင့်မီ ကျောင်းဝင်ခွင့်အရည်အချင်းမြင့်သော ကမ္ဘာ့အဆင့်မီ ဆရာဆရာမများသာ ခန့်ထားသော ကမ္ဘာ့အဆင့်မီ ပညာတတ်များ မွေးထုတ်ပေးမည့် ကျောင်းကြီးအဖြစ် အုံဖွဆိုပြီး ဖန်ဆန်းပစ်လိုက်မည်ဟု တွေးနေမိသည်။ မြန်မာနိုင်ငံမှာ ကမ္ဘာ့အဆင့်မီ ပညာတတ်တွေ ထွက်တဲ့ ရန်ကုန်တက္ကသိုလ်ဆိုတာကြီး ရှိတယ်ကွဟု ငါးပိသံမပျောက်သော အင်္ဂလိပ်စကားဖြင့် ကမ္ဘာပတ် ကြွားပစ်လိုက်ချင်သည်။ အခုနေများတော့ မင်းတို့နိုင်ငံက ပညာရပ်တွေထိပ်တန်းရှိတဲ့က နေရာက ဘယ်နေရာလဲဟု တစ်ယောက်ယောက်က မေးလာလျှင် သူ့မှာ ဘာကိုပြောရမှန်းမသိ . . .
.
. . . စတင်ဖွင့်လှစ်သည်မှာ လပိုင်းမျှသာရှိသေးသော အင်္ဂလိပ်စာဌာန အခြေစိုက်သည့် ပင်လုံဆောင်ကြီးကတော့ ရန်ကုန်တက္ကသိုလ်ပရ၀ုဏ်ထဲက အသစ်လွင်ဆုံး ကျောင်းဆောင်ကြီးဖြစ်လိမ့်မည်ထင်သည်။ ပင်လုံဆောင်ထဲကိုအ၀င်မှာ အရင့်အရင်တုန်းက ဆရာကြီးဒေါက်တာမျိုးမြင့်ရဲ့ အမွေများဖြစ်ဟန်တူသော ပန်းအိုးများနှင့် ရှေးအိုးကြီးများ နံရံတွေအနားမှာ စီကာစဉ်ကာချထား အလှဆင်တာကို မြင်ရတော့ ဆရာမျိုးကို အလွမ်းမိသား။ သားက အရင်ကလိုပဲ ဘာမှမပြောင်းလဲဘူးလို့ပြောပြီး နုတ်ဆက်သော မြင်မြင်ချင်း ချက်ချင်းမှတ်မိသည့် တီချယ်ဂျူးလည်း သူ့မျက်စိထဲ လွန်ခဲ့တဲ့ ဆယ့်ငါးခြောက်နှစ်တုန်းကလိုပင် သစ်လွင်လန်းဆန်းနေတုန်း၊ ပင်စင်ယူဖို့အချိန်ကျော်ခဲ့ပြီဖြစ်သော်လည်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေဆဲ ဆရာမကြီးကိုမြင်တော့ ဟိုအရင်က တောင်ငူဆောင်အောက်ဆုံးထပ် အခန်းထဲ စာသင်ပေးနေခဲ့သည့် တီချယ်ဂျူးကို ပြန်လည် မြင်ယောင်ကြားယောင်မိသည်။ မပြောင်းပါဘူး။ တီချယ်ဂျူးက အရင်ကလည်း ဒီပုံ အခုလည်းဒီပုံပါပဲ။ တီချယ်ဂျူး သူ့ကိုကြည့်သော မျက်လုံးတွေက ဟိုးအရင်ကလည်း နွေးထွေးဆဲ လှိုက်လှဲဆဲ။ ဂျပ်ဆင်ရှေ့မှာ တွေ့ခဲ့တဲ့ တီချယ်ဝေလည်း လုပ်သက်ပြည့်လို့ အငြိမ်းစားယူသွားတယ်သာပြောတာ။ သူ့အမြင်မှာတော့ ဘာမှ ပြောင်းလဲသွားတာမတွေ့။ ပါမောက္ခဌာနမှူး တီချယ်ပိုးက ပွဲဈေးခင်းထဲက ဆိုင်မှာများ ရောက်နေမလား မသိဘူး ဆိုသောကြောင့် ပွဲဈေးခင်းထဲ ဆင်းလာခဲ့မိသည် . . .
.
. . . ဈေးရောင်းပွဲတော်ကျင်းပနေသည့် ၀ိဇ္ဇာခန်းမရှေ့ မြက်ခင်းပြင်ကတော့ သူတို့တုန်းကထက် ပိုပြီး စည်ကားနေသလို။ အင်္ဂလိပ်စာဌာနစာတန်းထိုးထားသော ဆိုင်ခန်းရှေ့ မယောင်မလည်ရပ်ရင်း ကိုယ်သိသူတစ်ယောက်ယောက်များ တွေ့လိမ့်နိုး ရှာကြည့်မိသည်။ တစ်ချိန်တုန်းက ကိုယ်တိုင် လက်မှတ်လုပ် ကိုယ်တိုင်လက်မှတ်ရောင်း ကိုယ်တိုင် ကြာဇံချက်သွားမှာ ကိုယ်တိုင်ဈေးရောင်းရင်း ရံပုံငွေရှာခဲ့သော သူတို့တွေသူငယ်ချင်းတွေကို များများကြီး လွမ်းလိုက်မိသည်။ အရင်တုန်းက သူတို့တွေ တရုန်းရုန်းရှိခဲ့သောနေရာ။ အခုတော့ သူ့မှာ တစ်ယောက်တည်း ယောင်ချာချာ . . .
.
မောင်လွမ်းဝေ
၇ ဒီဇင်ဘာ ၂၀၁၇

Friday 1 December 2017

232 (k)


. . . The Union Minister for Foreign Affairs who has also assumed a post called “the State Counsellor” which creation was highly controversial for its unconstitutionality pays an official visit to China to attend the “CPC in Dialogue with World Political Parties” High-Level Meeting. This event indicates two major factors in Myanmar polity.
.
. . . The first one is that she does not respect to one slogan of her own electoral campaign “rule of law” since a union minister is not allowed to take part in the party activities, and attending such a meeting as a party leader is unconstitutional.
.
. . . The second factor this event indicates is that the NLD seems to have no reliable leadership to send to this meeting as the representative of the party.
.
Ref: Section 232 (k) of the Constitution of the Republic of the Union of Myanmar (2008) page. 87

Monday 27 November 2017

ခူးချင်ပါနဲ့ကွယ်


.
. . . ဒီအချိန်မှာ ဒီပန်းမပွင့်ဘူးဆိုတာ သိပေမယ့် အရွက်စိမ်းစိမ်းအုပ်အုပ်တွေကြားမှာ အနီရောင်ပန်းဆွဲလေးတွေ တွဲရရွဲကျနေတတ်တဲ့ သော်ကကြီးပန်းလေးတွေကို မြင်ရနိုးနဲ့ အပင်အောက်ကို ရောက်လာခဲ့တယ်။ ဒီနေရာရောက်တိုင်း ပန်းခူးပေးဖို့ ပူဆာတတ်တဲ့ ကလေးမလေး မိခိုင်ရေ . . . အခုလောက်ဆိုရင် မင်းလည်း ဦးလူကြီးကို မေ့လောက်ရောပေါ့ . . . မိခိုင်လေး ပူဆာတဲ့ ပန်းကို ဘယ်တုန်းကမှ မခူးပေးခဲ့ဖူးတဲ့ ဦးလူကြီးတစ်ယောက် အခု သော်ကပင်ကြီးအောက် ရောက်လာရပြန်ပြီလေ . . .
.
. . . မခူးချင်စမ်းပါနဲ့ ကလေးရယ် ပန်းဆိုတာ အပင်ပေါ်မှာ လှနေတာ အကောင်းဆုံးပါ . . . ကလေးလိုချင်လို့ ကိုယ်ခူးပေးတယ်ပဲ ထားပါတော့ ဒီပန်းက ကလေးလက်ထဲမှာ ဘယ့်ကလောက်ကြာအောင် လှနိုင်မှာလဲ. . . လာလာ ကလေးကြည့်ချင်တယ်ဆိုရင် ကိုယ်နဲ့အတူ နေ့တိုင်းလာကြည့်ကြတာပေါ့ . . . မခူးခိုင်းနဲ့နော် . . .
.
. . . အဓိပတိလမ်းထိပ် ဘွဲ့နှင်းခန်းမကြီး ဘေးတစ်ဘက်တစ်ချက်က သော်ကကြီးပင်တွေအောက်ရောက်တိုင်း ခိုင် ဆိုတဲ့ ကောင်မလေးကို ပြောရ ချော့ရတဲ့ စကား၊ ဒီအပင်ကြီးအောက်ရောက်တိုင်း ဒီပန်းတွေကို မော့ကြည့်ကြတိုင်း ပန်းခူးပေးဖို့ သူကလည်း အပ်ကြောင်းထပ်အောင် ပူဆာသလို ကိုယ်ကလည်း ဒီစကားနဲ့ပဲ မရိုးနိုင်အောင် ချော့နေကြ။ တောင်ငူဆောင်မှာတက်တဲ့ ပုံမှန်အတန်းတွေ ပြီးတဲ့အခါ ညနေပိုင်း ကွန်ပြူတာသင်တန်းတက်ဖို့ သင်္ချာဌာနဘက်ကို အသွား အာစီထဲက ကုက္ကိုပင်ကိုင်းကိုင်းကြီးတွေအောက်က အုတ်ခုံမှာ ထိုင်ထိုင်စောင့်နေတတ်တဲ့ခိုင့်ကိုခေါ်ပြီး ဘွဲ့နှင်းခန်းမဘေးက သော်ကကြီးပန်းတွေကို မပျက်မကွက် လိုက်ပြရတယ်။ အရွက်စိမ်းစိမ်းတွေကြားမှာ အခိုင်လိုက် အခိုင်လိုက် တွဲရရွဲကျနေတတ်တဲ့ အနီရောင်ပန်းဆွဲလေးတွေကို မြင်တိုင်း သူကလည်း ခူးပေးဖို့ ပူဆာတတ်သလို ကိုယ်ကလည်း အမြဲငြင်းနေကျ . . .
.
. . . ဒီနေ့လည်း ခါတိုင်းလိုပဲ သော်ကကြီးပင်အောက်ရောက်တော့ သူက ခူးပေးဖို့ မပူဆာခင် ကိုယ်က တစ်ခုကို သတိရပြီး ပြုံးလိုက်မိတယ်။ ကွန်ပြူတာပရိုဂရမ်ဘာသာရပ်မှာ သင်ရတဲ့ Looping ပတ်တယ်ဆိုတဲ့အကြောင်း၊ ပရိုဂရမ်တစ်ခုကို လိုအပ်တဲ့အခါ ထပ်ခါထပ်ခါ အလုပ်လုပ်နေအောင် စီစဉ်ရေးသားရတဲ့ သဘောတရားတစ်ခု။ အခုလည်း သော်ကကြီးပန်းနဲ့ သူပူဆာတာနဲ့ ကိုယ်ငြင်းတာနဲ့က အမြဲ လူပင်ပတ်နေကြောင်း သူ့ကို ရှင်းပြတော့ သူကလည်း သဘောကျပြီး ရယ်တယ်။ အဲသည် လူပင်ပတ်တာကို ရပ်သွားအောင် ဘယ်လိုလုပ်ကြမလဲဟင် ဆိုတော့ ကျောင်းပြီးရင်တော့ လူပင်ပတ်တာ ရပ်သွားမှာပါလို့ ရင်ထဲမှာပဲ တိုးတိုးလေး ပြန်ဖြေလိုက်တယ်. . . ဘာလိုလိုနဲ့ ကျောင်းတောင် ပြီးတော့မှာပါလား ဆိုတဲ့ အတွေးက လူကို မွန်းကျပ်သွားစေပြန်တယ် . . .
.
သွားခါနီး မောင်ကြီးရယ်တဲ့ မှာခဲ့မယ်
သစ်ပင်ကို လူမဆွတ်စေနဲ့ ကိုင်းညွှတ်တတ်တယ်
တောမြိုင်လယ် သားရေကွယ့်နွယ်ရှာတုန်း
မောင်ကြီး တစ္ဆေကိုက်လိမ့်မယ်
မင်းလိုက်ခဲ့အုံး . . . ဆိုတဲ့ ကိုယ်ကြားဖူးတဲ့ ကဗျာအပိုင်းအစတစ်ခုကို စာရွက်ပေါ် ချရေးပြတော့ ကလေးမက မျက်စောင်းထိုး နုတ်ခမ်းစူတယ် . . . ဟွင်း ဦးလူကြီးက အကြာကြီး သွားစရာရှိလို့ သူများကို နုတ်ဆက်ကဗျာလေး ရေးပေးမယ်ဆိုလို့ စိတ်ကူးတွေယဉ်လိုက်ရတာ . . . ရေးမယ့်ရေးတော့လည်း တောကဗျာကြီး လို့ ဆိုလာတဲ့ ခိုင်ဆိုတဲ့ ကောင်မလေးရဲ့ မချင့်မရဲလေသံကြားမှာ ကိုယ့်ရင်ထဲက တကယ်ရှိနေတာကို ထုတ်မပြောရက်တဲ့အကြောင်း အသံမထွက်ပဲ ဖြေရှင်းချက်ပေးနေမိတယ် . . . ကလေးလေးရယ် . ဘာလို့များ ကိုယ်လိုလူကို သံယောဇဉ် လာတွယ်နေရတာလဲကွယ် . . . ငယ်ရွယ်နုနယ်လွန်းတဲ့ ကလေးလေး ခိုင့်ကို စိတ်ဒဏ်ရာတွေ မပေးခဲ့ချင်ပါဘူး။ ခိုင်တို့အရွယ်က ဘယ်လိုပဲ စိတ်ကစားတယ်ဆိုပေတဲ့ ကိုယ့်မှာတော့ စည်းစောင့်ရမယ် မဟုတ်လား။ ညနေကျောင်းဆင်းတယ် ကွန်ပြူတာသင်တန်းတက်တယ် ခိုင်က လာကြိုတယ် . ပြီးတာနဲ့ ခိုင်တို့အိမ်ကို လိုက်သွားမယ် . ခိုင့်ကို တစ်နာရီခွဲလောက် အင်္ဂလိပ်စာသင်မယ် . ပြီးရင်ပြန်မယ် . ဒီအတောအတွင်း ဖြူစင်ရှင်းသန့်နေသေးတဲ့ ခိုင်ဆိုတဲ့ ကလေးလေး စိတ်ကစားပြီး စိတ်ကူးယဉ်နေတာတွေကို ကိုယ်က အခွင့်ကောင်းမယူပါရစေပါနဲ့ မိခိုင်လေး . . .
.
. . . "ဦးလူကြီး . . . ခိုင်မေးနေတယ်လေ ခိုင့်ကို လွမ်းနေမှာလားလို့. . ."
တကယ့်တကယ်ကျတော့ ကိုယ်က ကျောင်းပြီးရင် ကိုယ်တာဝန်ကျတဲ့ နေရာကိုပြန်. . . ခိုင်ဆိုတဲ့ ကလေးမလေးက ရန်ကုန်မှာ ကျန်ခဲ့တော့မှာပဲလို့ တွေးထားခဲ့ပေမယ့် တကယ်ကျန်ခဲ့တဲ့သူက ကိုယ်ပဲဖြစ်နေပါလားဆိုတာ ကျောင်းမပြီးခင် နောက်ဆုံးအတန်းမှာ သိလိုက်ရတယ်။ ဒီအသက်ဒီအရွယ်နဲ့မို့ တွေ့ရကြုံရတာတွေ သံယောဇဉ်တွယ်ခဲ့ရတာတွေ ခွဲခွာခဲ့ရတာတွေ အထိုက်အလျောက် ရှိခဲ့ဖူးတယ်ဆိုပေမယ့် ကိုယ်က ထားချန်ရစ်ခံရတော့မယ်ဆိုတော့လည်း လွယ်လွယ်ဖြတ်လို့မရတဲ့ သံယောဇဉ်ဆိုတာကြီးကို မုန်းမိပြန်တယ် . . .
.
. . . " . . . ဘယ့်နှယ်လုပ် လွမ်းနိုင်အားပါ့မလဲ ကလေးရာ ဦးလူကြီးက မကြာခင် စာမေးပွဲတွေ ဖြေရတော့မယ်၊ ဟော စာမေးပွဲတွေ ပြီးပြီဆိုတာနဲ့ တပ်ကိုပြန်ပြီး ခေါင်းမဖော်နိုင်အောင် လုံးချာလည်လိုက် အလုပ်များတော့မှာ ၊ ကလေးကို သတိရဖို့ နေနေသာသာ ကိုယ့်ဘာသာ ယားရင်တောင် မကုတ်အားလို့ ထုံးတို့မှတ်ထားရမယ့် အခြေအနေကိုများ . . . " ရင်ထဲက လာတဲ့ စကား မဟုတ်ပေမယ့် ခါတိုင်းလိုပဲ ဟီးဟီးဟားဟားလုပ်ပြီး စကားကို သော့ပစ်လိုက်ရတယ်။ ကိုယ့်အဖြေကို မကျေနပ်မှန်း သိပေမယ့် ကလေးကျေနပ်မယ့် အဖြေမျိုးတော့ မပေးပါရစေပါနဲ့တော့၊ ကလေး သွားစရာရှိတာ စိတ်လွတ်လွတ်လပ်လပ်နဲ့ သွားပါစေတော့ . . .
.
. . . မိခိုင်ဆိုတဲ့ ကလေးမလေး ဟောသည် မြန်မာပြည်မှာ မရှိတော့ဘူးဆိုကတည်းက ကိုယ်လည်း သော်ကပင်ကြီးဘက်ကို ခြေဦးမလှည့်ဖြစ်တော့တာ . . . အခု နှစ်ပေါင်းတွေအများကြီးကြာတော့မှ တက္ကသိုလ်ထဲတစ်ခေါက်ပြန်ရောက်လို့ အဓိပတိလမ်းဆုံးအောင် လျှောက်လာရင်း ဒီအပင်ခြေရင်းကို အမှတ်မထင်ရောက်လာဖြစ်တာ . . . ဒီအပင်နားရောက်တော့လည်း ခိုင်ဆိုတဲ့ ကလေးမလေးကို လွမ်းဖြစ်အောင် လွမ်းမိလိုက်သေးတယ် . . . အခုနေများ ဒီကလေးမလေးနဲ့ ဒီအပင်ကြီးအောက် မတော်တဆဖြစ်ဖြစ် ပြန်ဆုံကြတယ်ထားပါတော့ . သူကများ ပန်းခူးပေးဖို့ပူဆာမယ်ဆိုရင် ဟိုးလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်အချိန်တုန်းကလို မခူးချင်စမ်းပါနဲ့ကလေးရယ်ဆိုပြီး ပန်းတရားဟော ဖြေသိမ့်ဖြစ်မလား . . . ဒါမှမဟုတ် မိခိုင်မလေးအလိုကိုလိုက်ပြီး ပန်းတွေခူးပေးဖြစ်လိမ့်မလားဆိုတာတော့ . . .
.
မောင်လွမ်းဝေ
၂၇ နိုဝင်ဘာ ၂၀၁၇

Thursday 9 November 2017

စိမ်းသခင်


.
. . . ကိုယ့်နာရီလေး စက်ရပ်သွားပြန်ပြီ . . .
ကုန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်တုန်းက တစ်ခါ စက်ရပ်သွားလို့ မြန်မာပြည်ပြန်ရောက်တာနဲ့ကြုံလို့ ဓာတ်ခဲလဲပြီးသုံးနေရင်း အခု ဒုတိယမ္ပိ စက်ရပ်သွားတာ၊ ဒီတစ်ခါတော့ ဓာတ်ခဲလဲပြီး မသုံးချင်တော့ဘူး အသစ်ပဲ လိုချင်တော့တယ် . . .
.
. . . ကိုယ့်တစ်ယောက်တည်းပတ်ဖို့ရှိနေတဲ့ နာရီလေးမို့ ကိုယ့်နာရီလေးလို့ ဆိုရပေမင့် တကယ်တမ်းကျတော့ နာရီလက်ထဲရောက်ပြီးကတည်းက အခု ဒုတိယအကြိမ် စက်ရပ်သွားတဲ့အထိ ပတ်ခဲ့တာ ဘယ်နှစ်ကြိမ်လဲဆိုတာတောင် ရေလို့ရလောက်တယ်။ ကိုယ်က နာရီတွေ လက်စွပ်တွေ ၀တ်လေ့ဝတ်ထ မရှိသလို လက်မှာ အဲဒါတွေ ရှိနေရင်လည်း လက်မှာ မလွတ်လပ်သလို ခံစားရလို့ မဖြစ်မနေ နာရီလေးပတ်မှ တော်ပါမယ်လေဆိုတဲ့ အခြေအနေမျိုးမှ မဟုတ်ရင် ဘယ်တော့မှ နာရီပတ်လေ့မရှိတာ။ လက်စွပ်လည်း ထိုနည်းလည်းကောင်းပဲ။ မင်္ဂလာဆောင်တုန်းက ယောက္ခမအမေက လက်ဖွဲ့ထားတဲ့ စိန်လက်စွပ်လေးလည်း ဟိုနားချွတ် ဒီနားချွတ်နဲ့ ပျောက်ခဲ့တာပဲ။ လက်စွပ်မရှိတော့လို့ လက်စွပ်ဝတ်ရတဲ့ဒုက္ခ လက်စွပ်ဘယ်နားထားမိလဲ ရှာရတဲ့ဒုက္ခ လျော့သွားတယ်ဆိုပေမင့် ကိုယ့်ကို သားတစ်ယောက်လို ချစ်တဲ့ ယောက္ခမ အမေက အမြတ်တနိုးဆင်ပေးထားတဲ့ လက်စွပ်မို့ ကိုယ်က ကောင်းကောင်း မထိန်းသိမ်းမိတာကို အင်မတန် အားနာမိတယ်။
.
. . . နာရီဆိုရင်လည်း အဲလိုပဲ၊ မြန်မာပြည်မှာနေတုန်းက အလုပ်သွား ရုံးသွား နာရီပတ်သွားတဲ့အခါ ရုံးရောက်ရင် နာရီကို ချွတ်ပြီး စားပွဲပေါ်တင်ထား၊ တကယ်တမ်း ကြည့်ဖြစ်လားဆိုတော့လည်း မဟုတ်ဘူး။ အိမ်ပြန်တော့မယ်ဆို ပြန်ပတ်၊ အိမ်ရောက်တော့ပြန်ချွတ်၊ လက်ပတ်နာရီဆိုပေမယ့် လက်မှာနေရတာထက် စားပွဲပေါ် ဗီရိုပေါ် မှန်တင်ခုံပေါ် နေရတဲ့အချိန်က ပိုများတယ်။ ကျောင်းတက်ရင်လည်း စာသင်ခန်းထဲက စားပွဲပေါ်တင်ရင်တင်ထား ဒါမှမဟုတ် အိတ်ထဲဖြစ်ဖြစ် ကောက်ထည့်ထားလိုက်တာပဲ။ တော်တော်စိမ်းကားတဲ့ သခင်ပါလားလို့ နာရီလေးက ထင်ရှာပေလိမ့်မယ် . . .
.
. . . အခု ဒီကျောင်းကိုရောက်ကတည်းက နာရီကို ပတ်ကို မပတ်ဖြစ်တော့သလောက်ပဲ။ ကိုယ့်အခန်းမှာ တိုင်ကပ်နာရီကြီးကြီးတပ်ထားပြီး လုပ်စရာရှိတာတွေကို အိုင်ဖုန်းထဲမှာ အချိန်ဇယားဆွဲထည့်ထားတော့ ဖုန်းက သတိပေးတဲ့အချိန် ရေထချိုး၊ စာသင်ခန်းသွား၊ အိပ်ယာထ စသည်ဖြင့်ဆိုတော့ လက်မှာရှုပ်နေတယ်လို့ထင်တဲ့ နာရီကို ပတ်ထားရတဲ့ ဒုက္ခက ဝေးဝေးနေလို့ရတဲ့သဘောပဲ။ တစ်ခါတစ်ခါ စမတ်ကျကျ ၀တ်ဖို့စားဖို့ လိုအပ်တဲ့အခါ၊ ဧည့်သည်စောင်သည် တွေ့ဖို့ရှိတဲ့အခါ၊ မြို့ကြီးပြကြီး သွားတဲ့အခါ နာရီပတ်မလို့ စိတ်ကူးရင် သင်းကလေးက ပျောက်ရင်ပျောက်နေပြန်ရော။ သူ့အပေါ်စိမ်းတဲ့သခင်မို့ သူကလည်း မခင်တွယ်ဖူးထင်ပါရဲ့ . . .
.
. . . ယောက်ျားလေးဆိုတာ နာရီကောင်းကောင်းပတ်ရတယ်လို့ သြ၀ါဒပေးတာ ကြားဖူးနားဝမို့ နာရီကောင်းကောင်းလေး လိုချင်သော်ငြား ဒီနာရီလေး ၀ယ်ပြီးရင်လည်း စားပွဲပေါ် ဗီရိုပေါ် တစ်ခါတစ်ခါ အံဆွဲထဲဖြစ်ဖြစ် ရက်ရှည်လများ ပုန်းနေပြီး တစ်ခါတစ်ခါ အခွင့်သင့်မှ ပတ်ဖြစ်မယ်မို့ ကိုယ်တကယ်သဘောကျတဲ့ နာရီလေးတွေ တွေ့တဲ့အခါ ပိုက်ဆံတွေအများကြီးပေးပြီး ၀ယ်လိုက်ရမှာလည်း နှမြောမိပြန်တယ်၊ အထူးသဖြင့် ဂျပန်လုပ်နာရီထဲက ORIENT တံဆိပ်နာရီလေးတွေဆို သိပ်သဘောကျတာကလား။ နာရီဒီဇိုင်းလေးတွေ လိုက်ကြည့်လိုက်ရင်လည်း ကိုယ်အကြိုက်ဆုံး ဒီဇိုင်းတွေက လက်မှာပတ်ထားမှ နာရီစက်က ပုံမှန်လည်ပတ်နေမယ့် အော်တိုမစ်တစ်စနစ်နဲ့ နာရီတွေဆိုတော့ ကိုယ်နဲ့ မကိုက်လှပြန်ဘူး။ တစ်ခါထုတ်ပတ်ခါနီးတိုင်း တစ်ခါ နာရီတိုက်ရမှာလည်း မဟန်လှဘူး ထင်တာပဲ၊ ကိုယ်မကြိုက်သော်လည်း ကိုယ်နဲ့ကိုက်တဲ့ ဓာတ်ခဲအားနဲ့သွားတဲ့ နာရီဆိုပြန်တော့လည်း အော်တိုမစ်တစ်နာရီလောက် အထင်က မကြီးပြန်ဘူး . . .
.
. . . ပေါ့ပေါ့ပါးပါးနဲ့ အလုပ်မျိုးစုံလည်း လုပ်ပေးနိုင်တဲ့ ပန်းသီးတစ်ခြမ်းကိုက် နောက်ဆုံးပေါ် မျိုးဆက်အမှတ်သုံး နာရီလေးဝယ်ရင်ကောင်းမလား ဆိုပြီးတော့လည်း တစ်ခါရူးသွပ်ဖူးတယ်။ ဘ၀မှာ လိုလိုချင်ချင် ရှိမိတဲ့ တစ်မျိုးတည်းသောနာရီပဲ။ ဒါပေမယ့် ကျိုးကြောင်းကျကျ စဉ်းစားလိုက်ရင် ကိုယ်လို နာရီပတ်ပျင်းပုံမျိုးနဲ့တော့ နာရီကို ၀ယ်ထားလည်း နာရီရှိနေတယ် ဆိုတာကလွဲရင် သူလုပ်ပေးနိုင်တဲ့အလုပ်တွေ ကိုယ်ရမှာ မဟုတ်ဘူး။ ပြီးတော့ ဓာတ်ခဲနာရီလိုမျိုး အားလည်း သွင်းသွင်းနေရအုံးမှာဆိုတော့ ကိုယ့်အတွက် အလုပ်လုပ်ပေးဖို့ အသုံးမချနိုင်တဲ့ပြင် ကိုယ်ကပါ သူ့ကို ၀န်ဆောင်မှု ပြန်ပေးနေရအုံးမလို ဖြစ်တော့မှာမို့ မ၀ယ်တော့ပါဘူးလို့ စိတ်ကူးလိုက်တယ်၊ ပြောသာပြောတာ၊ အဲသည်နာရီလေး ၀ယ်မိရင်လည်း တစ်ခြားနာရီတွေလို မဟုတ်တော့ ပတ်ဖြစ်ချင် ပတ်ဖြစ်နေမှာပါ . . .
.
. . . နာရီအကြောင်းပြောရင် အခုချိန်ထိ နှမြောတသနဲ့ လွမ်းနေမိတာတစ်ခုကတော့ စစ်တက္ကသိုလ် နောက်ဆုံးနှစ်တုန်းက ပတ်ခဲ့တဲ့ နာရီလေးပဲ။ အဲသည်နာရီလေးက ဘ၀မှာ ပထမဆုံး ပတ်ခဲ့တဲ့ နာရီလေးလို့ ဆိုရင်တောင်ရတယ်။ အိမ်က မမကြီး ၀ယ်ပေးခဲ့တာ။ ကျွန်တော်တို့ စစ်တက္ကသိုလ်မှာ စစ်ရေးပြလေ့ကျင့်တဲ့အခါ နာရီတို့ လက်စွပ်တို့ မ၀တ်ရဘူးဆိုတဲ့ စည်းကမ်းရှိတယ်။ ကျောင်းဆင်းပွဲ စစ်ရေးပြကြီး ၀တ်စုံပြည့်လေ့ကျင့်တဲ့ နောက်ဆုံးနေ့မှာ စစ်ရေးပြဌာနမှူး ဗိုလ်မှူးကြည်လင်းက ရှောင်တခင် စစ်ဆေးတာမှာ မိသွားတာ။ ကိုယ်က နာရီပတ်လေ့ပတ်ထ မရှိပေမယ့် အဲသည်နေ့က ကံဆိုးစွာနဲ့ နာရီပတ်လာမိတယ်။ နောက်ပြီးတော့ တစ်ချို့တွေ အကြံပေးသလို နာရီကို ညာလက်မှာ မပတ်ဘဲ သမားရိုးကျအတိုင်း ဘယ်လက်မှာ ပတ်လာမိတယ်။ အကျီင်္လက်ရှည်နဲ့ လက်အိတ်နဲ့မို့ နာရီပတ်ထားတာကို မမြင်ရဘူးဆိုပေတဲ့ ဆရာသမားက ဘယ်လက်တွေကို လိုက်စမ်းတာလေ။ စစ်ရေးပြ စစ်ကြောင်းကြီးအကုန်လုံးကို တန်းစီကွင်းထဲက မချီတက်ခင် စနစ်တကျ တန်းစီပြီးတဲ့အချိန်မှာ လိုက်စစ်တာ၊ စစ်ကြောင်းတွေရှေ့က ဓားကိုင်ထားတဲ့ဗိုလ်လောင်းတွေကိုချည်း ရွေးစစ်တာ၊ ကိုယ့်အလှည့်မရောက်ခင် သူများတွေ စစ်နေကတည်းက ကိုယ်က မြင်နေသိနေပေမင့် အောင်စစ်သည်အလံတော်ရှေ့က ကိုယ့်တပ်ခွဲ ညီငယ်တွေရှေ့မှာ လှုပ်လှုပ်ရွရွလုပ်ပြီး ခိုးကြောင်ခိုးဝှက်နဲ့ နာရီကို ချွတ်ပြီး ဖွက်လိုက်ဖို့ မသင့်ပါဘူးလေဆိုတဲ့ စိတ်နဲ့ ကိုယ့်အလှည့်ကို စောင့်လိုက်ရတာ။ ထင်ထားတဲ့အတိုင်းပဲ ဓားထမ်းပြီးသက်သာခွဲထားတဲ့ အနေအထားမှာ ဘယ်ဘက်လက်ကောက်ဝတ်ကို လာစမ်းပြီး နာရီကို ချွတ်ယူသွားတာ။ စစ်ရေးပြတန်းဖြုတ်ရင် လာရွေးပါတဲ့ . . . ကျောင်းဆင်းဖို့ ရက်ပိုင်းလောက်ပဲလိုတော့တဲ့ ဗိုလ်လောင်းတစ်ယောက်ကို နစ်နစ်နာနာတော့ အရေးမယူလောက်ပါဘူးလေလို့ ကိုယ့်ကိုယ်ကိုဖြေသိမ့်ပြီး တန်းဖြုတ်တဲ့အချိန် နာရီသွားရွေးတော့ ကိုယ့်နာရီလေးကို မှတ်တောင် မမှတ်မိချင်ဘူး။ နာရီဒိုင်ခွက်ကို ဖနောင့်နဲ့ပဲ ပေါက်ထားသလား တစ်ခုခုနဲ့ပဲ ထုထားသလားမဆိုနိုင်ဘူး၊ မှန်လေးတွေ ကွဲကျေလို့ အထဲက လက်တံလေးတွေ ကွေးကောက်လို့ . . . ကိုယ်စည်းကမ်းဖောက်လို့ ရခဲ့တဲ့ ပြစ်ဒဏ်တစ်ခုအဖြစ် ကိုယ့်ကိုယ်ကို အမြဲသတိပေးနိုင်အောင် အဲသည်နာရီလေးကို သိမ်းထားခဲ့တာ တော်တော်ကြာကြာပါပဲ၊ နှစ်တွေ အများကြီးကြာတော့မှ မေ့မေ့ပျောက်ပျောက်နဲ့ အခုတော့ အဲသည်နာရီလေး ဘယ်ကိုတောင် ရောက်နေပါလိမ့် . . .
.
နာရီဒေသနာ ဤတွင်တစ်ခန်းရပ်၊ နာရီပတ်ပျင်းတယ်ဆိုပေမယ့် နာရီတစ်လုံးတော့ မဖြစ်မနေ ၀ယ်ရအုံးမှာပ
.
ဗိုလ်ကောင်း
၉ နိုဝင်ဘာ ၂၀၁၇

Monday 6 November 2017

စာတတ်အောင်လုပ်လေ


.
. . . ပထမဆုံး စာပေဟောပြောပွဲ နားထောင်ဖြစ်တဲ့အချိန်တုန်းက အလယ်တန်းကျောင်းသားလောက်ပဲ ရှိအုံးမယ်ထင်တယ်။ သာဝတ္ထိလမ်းဆုံ အုပ်ချုပ်ရေးမှူးရုံးရှေ့က ကြက်လျှာစွန်း မြေကွက်လပ်မှာ ထရန်စဖော်မာကြီး နောက်ကျောပေးပြီးဇာတ်စင်ဆောက် လုပ်တဲ့ စာပေဟောပြောပွဲ။ ဆရာကြီး ဦးအောင်သင်းရယ်၊ စာရေးဆရာဖေမြင့်ရယ်၊ နောက်တစ်ယောက်က ဘယ်သူပါလိမ့် မေ့နေပြီ . . . ထားပါတော့ . . .
.
. . . အဲသည်ပွဲမှာ ဆရာကြီး ဦးအောင်သင်း ပြောခဲ့တဲ့ စကားလေးဟာ ခုထိကို နားထဲက မထွက်ဘူး။ မထွက်ဆို နောက်ပိုင်း ဆရာကြီးရေးတဲ့ စာအုပ်တွေမှာသာမက ခုနောက်ပိုင်း အင်တာနက်တွေ ခေတ်စားလာလို့ နားထောင်ရ ကြည့်ရတဲ့ ဆရာကြီးရဲ့ ဟောပြောပွဲတွေမှာပါ အဲသည်အကြောင်း ခဏခဏ ထည့်ပြောတာကိုး . . .
.
. . . စစ်သူကြီး မဟာဗန္ဓုလလောက် သတ္တိရှိတဲ့သူ ရှိအုံးမလားတဲ့ . . . ဒါပေတဲ့ တိုက်ပွဲဖြစ်တော့ ဟို အင်္ဂလိပ်ကောင်က ထုန်းဆို အမြောက်နဲ့ ထုလိုက်ရော၊ ဟော စစ်သူကြီး မဟာဗန္ဓုလ သေရော တဲ့။ သူထုန်းသလို ကိုယ်ကမှ ပြန်မထုန်းနိုင်တာတဲ့ . . . မြန်မာတွေ ဘယ်လောက် သတ္တိရှိရှိ ဘယ်လောက် မျိုးချစ်စိတ်ရှိရှိ ပညာမရှိတော့ သူ့ကျွန်ဖြစ်တာပဲ တဲ့ . . . ဆရာကြီးပြောတဲ့ စကားအတိအကျမဟုတ်ပေမယ့် အဲသည်သဘော ဆရာကြီးက ပြောတဲ့အခါ အလယ်တန်းကျောင်းသားပေါက်စလေး ကိုယ့်မှာ ကြက်သီးတွေဘာတွေတောင် ထသွားခဲ့ဖူးတယ် . . .
.
. . . အခုလည်း တစ်ချိန်က စစ်တပ်က အုပ်ချုပ်တာကို မကြိုက်လို့ တော်လှန်တဲ့သူတွေ ဒီမိုကလေဆီဆိုသူတွေက သူတို့ကိုယ်သူတို့ အင်မတန်မှကို တရားမျှတတာ မြတ်နိုးလှချည်ရဲ့၊ လူ့အခွင့်အရေးကို လေးစားလှချည်ရဲ့၊ အနစ်နာခံ စွန်လွှတ်နိုင်လှချည်ရဲ့ စသည်ဖြင့် လက်သီးလက်မောင်းတန်း ကြွေးကြော်ရင်း နိုင်ငံကို စီမံခန့်ခွဲသူနေရာရောက်လာတဲ့အခါ အရင်တုန်းက သူတို့ အဆင့်မမီဘူးပြောပြောနေတဲ့၊ သာမန်ဥာဏ်ရည်ရှိတဲ့ ဘယ်သူမဆို လက်လှမ်းတမီယူနိုင်လောက်တဲ့ အတန်းကျောင်းပြီးမြောက်မှု အဆင့်လောက်တောင် ကိုယ့်ကိုယ်ကို မဖြည့်ဆည်းခဲ့ဘဲနဲ့၊ အရင့်အရင်က စစ်တပ်ကို တော်လှန်လို့ ထောင်ကျတဲ့ကာလ အတိုအရှည်နဲ့ ကိုယ့်ကိုယ်ကို သိဒ္ဓိတင်ရင်း ပညာသင်ယူဖို့ လစ်ဟင်းခဲ့တဲ့အခါ ခုနေအခါ ဘယ်လိုတွေ ပရမ်းပတာ ပြောဆိုပြုမူနေကြသလဲဆိုတာ အထွေအထူး ပြောစရာတောင် မလို . . .
.
. . . ဒီမိုခလေဇီတွေ လူ့ခွင့်ရေးတွေ လက်သီးလက်မောင်းတန်းရင်း ထောင်ထဲမှာတင် အချိန်ကုန်နေကြတဲ့အခါမှာ သူတို့တော်လှန်နေပါတယ်ဆိုတဲ့ စစ်တပ်ကြီးက သူ့ကိုသူ စနစ်တကျနဲ့ ပြုစုပျိုးထောင်လို့၊ ပညာရှင်တွေ မွေးမြူလို့၊ အနာဂတ်ခေါင်းဆောင်လောင်းလျာတွေ တန်းစီလို့ ဖြစ်နေတာကို မြင်ရခါမှ ကိုယ့်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ စိတ်ကူးမရဘဲ ပုတ်ခတ်ဆဲရေးဖို့လောက်သာ အတွေးဝင်နေမယ်ဆို နောင်လည်း ဒီလိုပဲ သူများလုပ်တိုင်း ခံနေရအုံးမှာပဲ . . .
.
. . . ပြောလိုက်ရင် အရပ်ဘက်အုပ်စိုးမှု၊ စစ်ဘက်ကို အရပ်ဘက်ထိန်းချုပ်မှုအောက်ထားရှိရေး။ တကယ်လုပ်နေတာက ကိုယ့်အရည်အချင်းကို မြှင့်တင်ဖို့ မကြိုးစားဘဲ၊ အရည်အချင်းရှိသူကို တာဝန်ပေးဖို့ မြေတောင်မြှောက်ဖို့ ခေါင်းဆောင်မှု လက်ဆင့်ကမ်းဖို့ မစဉ်းစားဘဲ ကိုယ့်စကားနားထောင်မယ် ကိုယ်ပြောသမျှ ဗောင်းတော်ညိတ် စိတ်တော်သိ ခပ်ဒူဒူ ခပ်ထုံထုံတွေကိုပဲ ၀န်းရံခစားစေမယ်ဆိုရင်တော့ဖြင့် အနှီပုဂ္ဂိုလ်တို့ရဲ့ လက်သီးလက်မောင်းတန်း မစားရ၀ခမန်း ကြွေးကြော်သံတွေက ကြွေးကြော်သံအဆင့်ထက် ထပ်တက်လာဖို့ မမြင် . . .
.
. . . စစ်ဘက်ကို ထိန်းချုပ်ချင်ရင် စစ်ဘက်ထက် သာအောင်ကြိုးစားကြပါ၊ သစ်ပင်တစ်ပင်ကို စိုက်ပျိုးဖို့ အကောင်းဆုံးအချိန်က လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဖြစ်ပါတယ်။ အကောင်းဆုံးအချိန်တုန်းက မစိုက်ဖြစ်ခဲ့မိလို့ သူများတွေ သစ်ပင်တွေ စိမ်းလန်းဝေစည်နေတာမြင်ရင်လည်း အဲသည်အပင်တွေကို ခုတ်ထွင်ဖယ်ရှားဖို့လောက်ပဲ စိတ်ကူးမနေပါနဲ့။ ဒုတိယအကောင်းဆုံးအချိန်ဖြစ်တဲ့ ဒီနေ့ဒီအခါမှာ သစ်ပင်စိုက်ဖို့ စိတ်ကူးပါ စီမံကိန်းချပါ လက်တွေ့အကောင်အထည်ဖော်ပါ။ ကိုယ့်ထက်သာသူတွေကို ပုတ်ခတ်နေရုံနဲ့တော့ ကိုယ်ရဲ့ ငတုံးဘ၀က ကျွတ်သွားမှာမဟုတ် . . .
.
. . . ဆရာကြီးဦးအောင်သင်းရဲ့ စကားနဲ့ပဲ ပြောရရင် စစ်တပ်ကို တော်လှန်နေတယ်လို့ ကိုယ့်ကိုယ်ကို ခံယူထားသူများ စစ်တပ်က တစ်ချက်ထုန်းရင် ကိုယ်က ဆယ်ချက်လောက် ပြန်ထုန်းနိုင်အောင် စာသင်ကြ . . .
.
ဗိုလ်ကောင်း
၆ နိုဝင်ဘာ ၂၀၁၇

Saturday 4 November 2017

အချစ်စစ်သည်တော်


.
. . . ဂျပန်ကောင်မလေးတစ်ယောက်ယောက်နဲ့ တိုကျိုသွားတဲ့ လော်ကယ်ရထားပေါ်မှာဖြစ်ဖြစ် ကျောင်းပြင်ပကိစ္စတစ်ခုခုမှာ ကြုံကြိုက်လို့ဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ဖြစ်ကြတဲ့အခါ ကောင်မလေးလှလှလေးမို့ ကိုယ်က စကားများများပြောချင်ရင် ကိုယ်နေနေတဲ့မြို့လေးအကြောင်း တစ်ခမ်းတစ်နားပြောပြလေ့ရှိတယ်။ တစ်ထိုင်တည်းနဲ့ စကားတွေအများကြီး ပြောဖြစ်ဖို့ဆိုတာ သူစိတ်ဝင်စားတဲ့အကြောင်းလည်း ဖြစ်အုံးမှကိုး။ ကိုယ်က နာမည်ပြောမိတ်ဆက်ပြီးတာနဲ့ သူ့ကို ဘယ်မှာနေလဲ မေးလိုက်တယ်။ သူကလည်း ပြန်မေးတယ်လေ၊ ကိုယ့်ကိုဘယ်မှာနေလဲလို့ အမေးခံရပြီဆိုတာနဲ့ အဲဒါ ကိုယ့်အကွက်ထဲ ရောက်လာတာပဲ။ တစ်ခါတည်း ကောင်မလေးမျက်လုံးကို တည့်တည့်ကြည့် မျက်နှာကို အပြုံးရွှင်ဆုံးထားပြီး
. . . အချစ်စစ်သည်တော်ကြီးရဲ့ အချစ်မြို့လေးမှာ နေပါတယ်လို့ . . . ဖြေလိုက်တာပဲ . . .
.
. . . အဲသည်လို ဖြေလိုက်လို့ ကောင်မလေးမျက်လုံးလေးတွေ အရောင်တွေတောက်လာပြီး စိတ်ဝင်စားတဲ့ပုံပြပြီဆိုလို့ကတော့ ကိုယ့်ရဲ့ အချစ်မြို့လေးအကြောင်း စီကာပတ်ကုံး ပြောပြတော့တာပေါ့. . .
.
. . . ချစ်ခြင်းမေတ္တာကို ဂျပန်လို ခန်းကြီးနဲ့ဆိုရင် 愛 လို့ရေးတယ်။ အိုင်းယ် ဆိုတဲ့အသံထွက်မျိုးပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးရာကျော်လောက်တုန်းက အခု မီနာမီအွန်နူမာလို့ခေါ်တဲ့ ဒီဒေသမှာ ဆာမူရိုင်းစစ်သည်တော်ကြီးတစ်ဦးရှိခဲ့တယ်။ အဲသည်ခေတ် အဲသည်အခါက လူတွေဟာ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား လုပ်ဖို့လောက်ပဲ စိတ်ဝင်စားကြလို့ လူ့အဖွဲ့အစည်းမှာလည်း အချင်းချင်း ယုံကြည်မှုတွေ ပျက်ယွင်းနေကြတဲ့ အချိန်အခါပေါ့။ နာအိုအဲကန့်တက်စုဂု (直江兼続) လို့အမည်တွင်တဲ့ အဲသည် ဆာမူရိုင်းကြီးဟာ လူအချင်းချင်း ချစ်ခြင်းတရားနဲ့ မျှတညီညွတ်မှုကိုလိုလားကြောင်း ဖော်ကျူးတဲ့အနေနဲ့ သူ့ရဲ့ ဆာမူရိုင်းစစ်ဥသျှောင်မှာ ချစ်ခြင်းမေတ္တာလို့ အဓိပ္ပာယ်ရတဲ့ 愛 ခန်းကြီးစာလုံးကို ၀တ်ဆင်ပြခဲ့ပါသတဲ့။ ဒါကြောင့် ဒီဆာမူရိုင်းကြီးကို အချစ်စစ်သည်တော်ကြီးအဖြစ် မော်ကွန်းတင်ကြပြီး အဲသည်ဆာမူရိုင်းကြီး နေသွားတဲ့ ကျွန်တော်တို့နေတဲ့ မြို့လေးမှာလည်း အချစ်စစ်သည်တော် ဆာမူရိုင်းကြီး သင်္ကေတကို အခုအချိန်ထိ အမြတ်တနိုး ဂုဏ်ယူစွာ ၀ိသေသပြုထားတာဖြစ်ပါတယ် . . .
.
. . . ကျွန်တော်တို့ကျောင်းမှာ အရင်တုန်းက ချစ်ချစ်ခင်ခင် ဆိုတဲ့ အဓိပ္ပာယ်မျိုးရှိတဲ့ ဒိုင်စုကီ ( 大好き ) ဆိုတဲ့ အားကစားအသင်းတစ်ခု ရှိခဲ့တယ်။ အလွယ်ခေါ်ရင်တော့ ချစ်တတ်သူများအသင်းပေါ့လေ။ အိုင်ယူဂျေ အိုလံပစ်ပွဲကျရင် စိတ်တူကိုယ်တူ လူတွေစုပြီး ဖွဲ့ကြတဲ့ အသင်းတွေက ချစ်စရာကောင်းတဲ့ နာမည်လေးတွေ ပေးကြတယ်။ သက်တန့်အသင်း (Rainbow) ရှိတယ်။ သိမ်းငှက် (Falcon) အသင်းရှိတယ်။ ၀ါဆာဘီ (山葵) လို့ခေါ်တဲ့ ဂျပန်ရိုးရာ ငါးစိမ်းအသားစိမ်းတွေစားရာမှာ တို့စားရတဲ့ စားစရာတစ်မျိုးနာမည်ပေးထားတဲ့ အသင်းလည်းရှိတယ်။ ကိုယ်အကြိုက်ဆုံး အသင်းကတော့ IDC လို့နာမည်ပေးထားတဲ့ အပြည်ပြည်ဆိုင်ရာအရက်သမားများအသိုက်အ၀န်းဆိုတဲ့ အသင်းပဲ။ ယင်းဂလိပ်လိုဆိုရင်တော့ International Drinkers' Community လို့ခေါ်မယ်ထင်ပါရဲ့။ [သူတို့က တစ်ခါအသင်းဝင်ရင် ရာသက်ပန် အသင်းသားဖြစ်သတဲ့။ အရက်သမားအသင်းသားတို့ရေ နာမည်အရှည်ကောက်ရေးတာ မှားနေရင် ပြောကြအုံး]။ ဒါပေမယ့် ဒါတွေက သမိုင်းထဲမှာ ကျန်ခဲ့ရပါပြီ။ ပြီးခဲ့တဲ့နှစ် အိုလံပစ်ပွဲအထိ အဲသည် အသင်းတွေရှိခဲ့ပေမယ့် အခုကျောင်းမှာ ကျန်စစ်သားအသင်းတို့ အောင်ဇေယျအသင်းတို့ ဖွဲ့သလို ကျောင်းကိုတည်ထောင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေနာမည်နဲ့ အသင်းတွေဖွဲ့လိုက်တော့ အဲသည်အသင်းလိုက်ပဲ လုပ်ရတော့မယ့်သဘောပဲ။ အတိတ်မှာပဲ နေရစ်ခဲ့တော့ ဒိုင်စုကီရေလို့ ပြောရတော့မယ် . . .
.
. . . ဒီတစ်ခေါက် မြန်မာပြည်ကိုပြန်ရင် ပန်းပွင့်လေးမေမေအတွက် အချစ်စစ်သည်တော်ကိုယ်စားပြု ဆာမူရိုင်းစစ်ဥသျှောင်လေးတစ်ခု လက်ဆောင်ပေးမယ်လို့ စိတ်ကူးထားတယ်။ မပြန်ခင်တော့ အဲဒါလေး တွေ့အောင်ရှာရအုံးမှာပ . . .
.
ဗိုလ်ကောင်း
၎ နိုဝင်ဘာ ၂၀၁၇

Monday 30 October 2017

နှင်းလှောင်ဆန်


.
. . . ကျွန်တော်တို့နေတဲ့ အွန်နူမာမြစ်ဝှမ်းက ထွက်တဲ့ ကိုရှီဟီကာရီဆန်က ဂျပန်မှာ အကောင်းဆုံးဆန်တစ်မျိုးဖြစ်ကြောင်း ပြောပြဖူးပါတယ်။ နေ့ညအပူချိန်ကွာခြားမှု၊ နှင်းအောက်မှာ လေးလလောက်မြုပ်နေတဲ့ လယ်မြေတွေရဲ့ လိုအပ်တဲ့ အချဉ်ဓာတ်ပြည့်ဝမှု၊ နှင်းတောင်ကြီးတွေပေါ်ကနေ နွေရာသီမှာ အရည်ပျော်စီးဆင်းလာတဲ့ နှင်းပျော်ရည်တွေရဲ့ သတ္ထုဓာတ်ကြွယ်ဝမှု နဲ့ သန့်စင်ကြည်လင်မှုတွေအပြင် တောင်ပတ်လည်ဝန်းရံထားတဲ့ ယာအီရိုလွင်ပြင်က ဖြတ်သန်းတိုက်ခတ်လာတဲ့ လတ်ဆတ်သန့်ရှင်းတဲ့ လေပြေလေညင်း စတာတွေက ဒီဒေသထွက်စပါးကို အကောင်းဆုံးအရည်အသွေးဖြစ်စေတဲ့ အကြောင်းတွေလို့ဆိုပါတယ်။ အခုတစ်ခါမှာတော့ အွန်နူမာမြစ်ဝှမ်းလို နှင်းပွင့်တိုင်းပြည်တွေမှာပဲ ရနိုင်တဲ့ ဆန်တစ်မျိုးအကြောင်း ပြောချင်ပါတယ် . . .
.
. . . ကျွန်တော်တို့ မြန်မာပြည်မှာ ငယ်ငယ်က အမေထမင်းချက်ကျွေးတဲ့အခါ ဆန်အသစ် ဆန်အဟောင်း ဆိုတဲ့စကားကို ကြားရလေ့ရှိပါတယ်။ အထူးသဖြင့် စပါးပေါ်ပြီးချိန်တွေမှာ အဲသည်စကားကို မကြာမကြာ ကြားရတတ်ပါတယ်။ ဆန်အသစ်ဆိုရင် ဆန်က စိမ်းဆတ်ဆတ်ဖြစ်ပြီး ဆန်ဟောင်းကတော့ စားရတာ ပိုအဆင်ပြေလေ့ရှိတယ်လို့ ခံစားရမိပါတယ်။ အိမ်ရှင်မတွေကတော့ ဆန်သစ်ထက် ဆန်ဟောင်းကို ပိုကြိုက်ပါတယ်။ အိုးတက်လို့တဲ့။ အိုးတက်တယ်ဆိုတာ များများပွားတာပေါ့ . . .
.
. . . ကျွန်တော်တို့နေတဲ့ နှင်းပွင့်တိုင်းပြည်မှာလည်း နာမည်ကျော်တဲ့ ဆန်ဟောင်းတစ်မျိုးရှိပါတယ်။ နာမည်ကျော်တဲ့ ဆန်မွှေး ကိုရှီဟီကာရီ ကိုပဲ နှင်းအအေးဓာတ်နဲ့ နှစ်ပေါက်အောင် လှောင်ထားတဲ့ ဆန်ကို ယူကီမူရိုမာအိ လို့ခေါ်ပါတယ်။ ဆောင်းတွင်းမှာကျတဲ့ နှင်းကို ဂိုဒေါင်ကြီးတွေနဲ့ သေချာလှောင်ထားပြီး အဲသည်နှင်းအအေးဓာတ်ကို သဘာဝအအေးစွမ်းအင်အဖြစ် အသုံးပြုပြီး စပါးကျီထဲမှာ လိုအပ်တဲ့အပူချိန်ပေးပြီး လှောင်ထားတဲ့ စပါးကထွက်တဲ့ဆန် ဖြစ်ပါတယ်။ သဘာဝနှင်းအအေးဓာတ်ကို အသုံးပြုထားတဲ့ စပါးကျီကြီးတွေကို 雪を使った冷蔵庫 လို့ခေါ်ပါသတဲ့။ အဲဒီနှင်းစပါးကျီကြီးတွေထဲ လှောင်ထားတဲ့ ဆန်စပါးကိုတော့ ゆきむろまい ခေါ်တာပါ . . .
.
. . . အဲသလို နှင်းစပါးကျီကြီးတွေထဲ လှောင်တယ်ဆိုတာ တစ်ရာသီစာသာ မကပါဘူးတဲ့။ တစ်ချို့ဆို သက်တမ်း ဆယ့်နှစ်နှစ်လောက်ရှိတဲ့ ဆန်တောင်ရှိပါသတဲ့။ အပူချိန် ငါးဒီဂရီစင်တီဂရိတ်နဲ့ ရေငွေ့စိုထိုင်းဆ ၇၅ ရာခိုင်နှုန်းမှာ ထိန်းသိမ်းထားလို့ ဆန်ရဲ့ သဘာဝ အနံ့အရသာက မဆိုသလောက်သာ လျော့သွားပေမယ့် စပါးခြောက်သွားလို့ဖြစ်တဲ့ အဆီဓာတ်တိုးလာမှုကိုတော့ တားဆီးပေးပါသတဲ့။ အဲသည်ဆန် တစ်ခါမှတော့ မစားဖူးသေးဘူးထင်တာပဲ၊ ကြုံရင် စမ်းစားကြည့်အုံးမှ . . .
.
ဗိုလ်ကောင်း
၃၀ အောက်တိုဘာ ၂၀၁၇

ပူဆာ


.
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နာမည်နဲ့ ဖေ့ဘုတ် စာမျက်နှာ https://www.facebook.com/seniorgeneralminaunghlaing/ ကိုယ်က တော်တော် သဘောကျတယ်။ ကိုယ့်မြန်မာ့တပ်မတော်က ခေါင်းဆောင်တစ်ယောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အချိန်နဲ့တစ်ပြေးညီနီးပါး သိခွင့်ရတဲ့အပြင် ပြည်တွင်းပြည်ပ လေ့လာသူတွေကိုလည်း မှန်ကန်တဲ့ သတင်းအချက်အလက်တွေ အချိန်မဆိုင်း ပေးနိုင်နေတော့ ဂုဏ်သတင်းပုံရိပ်တစ်ခုကိုလည်း ထိထိရောက်ရောက် တည်ဆောက်နေရာကျတယ်။
.
. . . သာမန် ဖေ့ဘုတ်သုံးသူတစ်ယောက်အနေနဲ့ အဲသည်စာမျက်နှာကို ဒီလိုလေးသာဆို ပိုကောင်းမှာပဲလို့ မြင်မိတာလေးတွေရှိတယ်။ ဆိုကြပါစို့ . . . အဲသည်စာမျက်နှာကို တာဝန်ယူပြင်ဆင်တင်ပြပေးရတဲ့ အက်ဒမင်က ကိုယ်ဆိုးလို့နွဲ့လို့ရတဲ့ ကိုယ့်အစ်ကိုကြီးတစ်ယောက် ဆိုပါစို့ . . . ဒီလိုလေးတော့ လုပ်ပေးပါ အစ်ကိုကြီးရယ်ဆိုပြီး ပူဆာမိမှာပဲ။
.
၁။ #အကြောင်းအရာတစ်ခုကိုတစ်ခါပဲတင်ပေးပါ။ အခုလောလောဆယ် တွေ့မိသလောက်ဆိုရင် အကြောင်းအရာ သတင်းတစ်ပုဒ်ကို ကနဦးသတင်းနဲ့ သတင်းရှည်သဘောမျိုး နှစ်ခါခွဲတင်တာ တွေ့နေရတယ်။ ကိုယ်သာဆိုရင် အချိန်နဲ့ တစ်ပြေးညီ တင်ပြချင်တဲ့ ကနဦးသတင်းကို အရင်တင်လိုက်မယ်။ သတင်းအပြည့်အစုံ တင်ပြမယ့်အချိန်ကျရင် မူလတင်ထားတဲ့ ကနဦးသတင်းကိုပဲ #edit လုပ်ပြီး သတင်းအပြည့်အစုံ ပြန်တင်လိုက်မယ်။ အဲလိုသာဆိုရင် အကြောင်းအရာခေါင်းစဉ်တစ်ခုတည်းက ကနဦးသတင်းတိုနဲ့ သတင်းအပြည့်အစုံ ဆိုတဲ့ Post နှစ်ခု မဖြစ်တော့ဘူး။ ၀င်ကြည့်တဲ့သူ မျက်စိမလည်တော့ဘူးပေါ့။ ဖုန်းဘေ အကုန်သက်သာတာပေါ့။
.
၂။ #အင်္ဂလိပ်နဲ့မြန်မာစာမျက်နှာနှစ်ခုခွဲပေးပါ။ အခုက သတင်းတစ်ပုဒ်တည်းကိုပဲ အင်္ဂလိပ်လိုရေးလိုက် မြန်မာလိုရေးလိုက်ဆိုတော့ ဖတ်ရတာ နည်းနည်း မျက်စိလည်တယ်။ သေချာတာကတော့ ပြည်တွင်းပရိသတ်က အင်္ဂလိပ်လို မဖတ်လောက်ဘူး။ အဲလိုပဲ ပြည်ပက လေ့လာသူတွေကလည်း မြန်မာလို မဖတ်တတ်လောက်ဘူး။ အင်္ဂလိပ်ပေ့ခ်ျ နဲ့ မြန်မာပေ့ခ်ျ ခွဲလိုက်တော့ ပိုပြီး ရှင်းသွားတာပေါ့။ ပိုပြီးလည်း ထိရောက်သွားတာပေါ့။
.
၃။ #သတင်းစီးရီးတွေဆိုအယ်လ်ဘမ်ဖွင့်ပေးပါ။ ဥပမာ ပြည်ပခရီးစဉ်တစ်ခု သတင်းဆိုပါစို့။ မြန်မာပြည်က စထွက်ကတည်းက ပြည်ပတိုင်းပြည်မှာ လှုပ်ရှားသွားလာ ဆောင်ရွက်တာတွေက ရက်ကြာရင်ကြာသလို အစီအစဉ်များရင် များသလို သတင်းပုဒ်တွေ များမှာပဲ။ ဒီကြားထဲ အဲသည်သတင်းကိုပဲ သတင်းတိုတင်လိုက် သတင်းရှည်တင်လိုက် မြန်မာလိုတင်လိုက် အင်္ဂလိပ်လိုတင်လိုက်နဲ့ဆိုတော့ စိတ်ဝင်စားလို့ ၀င်ကြည့်တဲ့သူအနေနဲ့ တိုင်းလိုင်းမှာ တော်တော်ကို ကျော်ရခွရ ဒီကြားထဲ အင်တာနက်က ဒုက္ခပေးရင် အောက်ကိုဆက်ဆင်းလို့မရ တော်တော်ဂွကျတယ်။ ဒါကြောင့် ကိုယ်သာ အဲသည်လိုသတင်းမျိုးကို တင်မယ်ဆိုရင် အယ်လ်ဘမ်တစ်ခု ဖွင့်လိုက်မယ်။ အဲသည်အယ်လ်ဘမ်ထဲမှာပဲ ခရီးစဉ်အစကနေ အဆုံးအထိ တန်းစီပြီး ထည့်ထည့်သွားမယ်။ ကြည့်ရတဲ့သူ မျက်စိမလည်တော့ဘူး။
.
၎။ #Noteတွေကိုထိထိရောက်ရောက်သုံးပေးပါ။ တစ်ချို့မိန့်ခွန်းတွေ အင်တာဗျူးတွေကို Note အနေနဲ့ တင်ပေးထားတာ တော်တော်လေး ကောင်းတယ်။ ဒါပေမယ့် အက်ဒမင် စိတ်ကူးပေါက်မှ တင်ပေးသလို ဖြစ်နေတယ်။ တကယ်သာဆို ပြောခဲ့တဲ့ မိန့်ခွန်းတွေ၊ ဖြေခဲ့တဲ့ အင်တာဗျူးတွေ နည်းတာမှ မဟုတ်ဘဲ၊ အဲဒါတွေ အကုန်လုံးသာ Note အဖြစ်တင်ပေးထားမယ်ဆို ပိုကောင်းမလားပေါ့။
.
၅။ #ပိုစ့်တစ်ခုအတွက်ဓာတ်ပုံတစ်ပုံပဲသုံးပါဗျာ။ ဒါကတော့ ကိုယ့်အကြိုက်သက်သက်ပဲ ထင်ပါရဲ့။ ကိုယ်ကတော့ ပိုစ့်တစ်ခုတိုင်းမှာ အထိရောက်ဆုံးလို့ ထင်တဲ့ ပုံတစ်ပုံကိုပဲ တင်လေ့ရှိတဲ့သူ၊ တစ်ပုံထက်ပိုတင်ရင်တောင် ပုံများများ တင်လေ့မရှိတဲ့သူဆိုတော့ ပုံများများ တင်တာထက်စာရင် ပုံနည်းနည်းတင်တာကို ပိုသဘောကျတယ်။
.
. . . Senior General Min Aung Hlaing Page နဲ့ပတ်သက်တဲ့ တင်ဆက်ပုံတင်ဆက်နည်းအကြောင်း ကိုယ်လိုချင်တာလေးတွေ ပူဆာတာဖြစ်ပေမယ့် စပ်မိလို့ ပြောလိုက်ချင်တာက #မြ၀တီတီဗီချယ်နယ် အကြောင်းပါ။ ဟိုး အရင့်အရင်တုန်းကဆို တပ်မတော်ဇာတ်ကားကောင်းကောင်းတွေ လွှင့်တော့မယ်တဲ့ ဆိုလိုက်ရင် http://www.myanmartvchannel.com/mwd.html ချယ်နယ်ကနေ အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်တယ်။ သဘောလည်း ကျတယ်။ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွေ ဘာတွေဆိုလည်း ဒီလိုင်းကပဲ စောင့်ကြည့်ပြီး အလွမ်းဖြေရတာ။ ဒါပေမယ့် ဘာလို့ရယ်မသိဘူး။ ပြီးခဲ့တဲ့ ပြည်ထောင်စုသစ္စာ ဇာတ်လမ်းလွှင့်တုန်းက ကိုယ်တွေမှာ ကြည့်ချင်တာ တစ်ပိုင်းကိုသေလို့ ၊ အခုနပြောတဲ့ လိုင်းကလည်း ဘယ်လိုမှ ဖမ်းမရ။ နောက်ဆုံး အွန်လိုင်းပေါ်က စေတနာ့ဝန်ထမ်း မိတ်ဆွေတစ်ချို့ကောင်းမှုနဲ့ မြန်မာပြည်က တီဗီကလာနေတာကို ရိုက်ပြီး တစ်ဆင့်ခံ ပြန်လွှင့်ပေးလို့သာ ကိုယ်တွေမှာ ကြည့်ခွင့်ရခဲ့လေတယ်။ ကောင်းလွန်းလို့ သုံးလေးခါပြန်မက ပြန်ပြန်ကြည့်ရတဲ့ အဲလိုဇာတ်ကားမျိုး တိုက်ရိုက်ကြည့်ရတာ မဟုတ်ဘဲ တီဗီကို ရိုက်ပြထားတာကြီးကို ကြည့်ရတဲ့သူအဖို့ ဘယ်လောက်တောင် မချင့်မရဲ ဖြစ်ခဲ့လိမ့်မလဲ စဉ်းစားသာကြည့်ပါရော့။ အခုရော မြ၀တီလိုင်းကို အင်တာနက်က ကြည့်လို့ ပြန်ရနေပြီလားတော့ မသိဘူး။ ရရင်သိပ်ကောင်းမှာပဲ။ ရအောင်လုပ်ပေးပါ အစ်ကိုကြီးရယ် . . .
.
ဗိုလ်ကောင်း
၃၀ အောက်တိုဘာ ၂၀၁၇

Saturday 28 October 2017

အခုနေသာ မြန်မာပြည်ပြန်လာခွင့်ရခဲ့ရင်


ငါးနုပ်ဟင်း ငါးရုတ်သီးစိမ်း အိုးကပ်ကို ပင်စိမ်းရွက်လေးအုပ်ထားတာ စားချင်တယ်
ရေကျိုငါးပိကို မြေအိုးနဲ့ကြိုပြီး ငါးတံစို့ထိုးကင် ကြက်သွန်နီမီးကင်ကို ဆုံမှာထောင်းထားတဲ့အထဲ လောင်းထည့်ပြီး ငရုတ်သီးလှော်မွှေးမွှေးလေး နဲ့ ဖျော်ထားတဲ့ ငါးပိရည် ပျစ်ပျစ်ကို ပဲဇောင်းလျားသီး သင်္ဘောရွက်၊ ကြောင်လျှာသီးမီးဖုတ်၊ ခရမ်းကစော့သီး၊ သရက်သီးကင်း တွေနဲ့ နယ်ဖတ်တို့မြှပ်ပြီး စားချင်တယ်
ဖရုံသီးနုနုကို ပင်စိမ်းရွက်နဲ့ ခရမ်းကစော့သီးနဲ့ စပ်နေအောင်ချက်ထားတဲ့ အမေရင်ငယ်ငယ်တုန်းက ချက်ကျွေးတာမျိုးလေး စားချင်တယ်
ပုစွန်ခြောက်တွေ ကြက်သွန်နီတွေ အများကြီးမပါဘဲ စိမ်းစားငါးပိနဲ့ သုပ်ထားတဲ့ လျှောက်သီးသုပ်စပ်စပ်လေး စားချင်တယ်
အမေ့ခြံထဲက ထွက်တဲ့ အသီးအရွက်အစုံနဲ့ ချက်ထားတဲ့ အချဉ်ဟင်းကို ငါးခြောက်ကြော်စပ်စပ်လေးနဲ့ စားချင်တယ်
ရခိုင်ငှက်ပျောသီးမှည့်နဲ့ ကောက်ညှင်းဆန်နဲ့ ရောနယ်ပြီး ငှက်ပျောဖက်နဲ့ထုပ်ပြီးပြုတ်တဲ့ ငှက်ပျောသီးမုန့် အမေကိုယ်တိုင် လုပ်ကျွေးတာလေး စားချင်တယ်
ဆောင်းတွင်း မနက်စောစော ချမ်းချမ်းစီးစီးမှာ မိုးမလင်းခင် အိပ်ယာထ အိမ်အပြင်မှာ မီးဖိုပြီး မီးဖိုဘေးမှာ ဂုံနီအိတ်လေးတွေခင်းပြီး ၀ိုင်းထိုင်၊ မီးလှုံရင်း ပဲမြစ်တို့ ထန်းမြစ်တို့ ကြက်သွန်ဖြူတို့ မြေပဲဆံအစိုတို့ကို မီးဖုတ်ပြီး ငယ်ငယ်တုန်းကလို စားချင်တယ်
မမအေးခိုင် ငယ်ငယ်တုန်းက သုပ်သုပ်ကျွေးတဲ့ လက်ဖက်သုပ် ကြက်ခြေနီသုပ် ချဉ်ငန်စပ်ကို ရွာက မောင်နှမတစ်တွေ တစ်ယောက်တစ်ဇွန်း ၀ိုင်းနှိုက်စားရင်း ငရုတ်သီးစပ်တဲ့အခါ ရေနွေးကြမ်းပူပူလေး သောက်ရတာမျိုး ၀ိုင်းဖွဲ့ချင်တယ်
လေးလေး ဒေါ်ခင်သိန်းမုန့်လက်ဆောင်းကို အုန်းသီးဆန်တွေ အများကြီးထည့်ပြီး နှစ်ခွက်ဆင့် သောက်လိုက်ချင်တယ်
ဒညင်းစီး စီးစီး အုန်းနို့ချက် အ၀စားချင်တယ်
အဖေတို့ ကြို့ပင်ဆိပ်ရွာ အနောက်ဘက် သောင်ပြင်ထဲမှာ စိုက်တဲ့ ဗူးသီးလတ်လတ်ဆတ်ဆတ်ကို မုန့်နှစ်နဲ့ကြော်ထားပြီး အိမ်မှာ ကိုယ်တိုင်လုပ်တဲ့ မကျီးသီးအချဉ်ရည်နဲ့ တို့စားချင်တယ်
ကမ္မဌာန်းကျောင်းမှာ ဆွမ်းကပ်ရင် အမြဲချက်တဲ့ ပဲကြီးသဗွမ်းချက်က ချိုးလေးတွေ စားချင်တယ်။
နတ်ပြည်မွှေးပြောင်းဖူးအစိမ်းကို ဓားနဲ့ဖျင်ပြီး မွှေကြော်ကြော်ထားတဲ့ ပြောင်းဖူးကြော်ကို ထမင်းလွတ်စားချင်တယ်
အန်တီဝင်းတို့အိမ်ကချက်တဲ့ စိုးတိုးစပ်တပ် ဟင်းလေးတွေလည်း စားချင်တယ်
မကြွက်မဆိုင်က အမဲသားလုံးကြော်လည်း လတ်လတ်ဆတ်ဆတ်ဆို စားချင်တယ်
အာလူးပြုတ်တွေ ပဲပုပ်ပြားမီးဖုတ်ပြီးထောင်းထားတဲ့ ပဲပုပ်မှုန့်တွေနဲ့ အိမ်မှာကိုယ်တိုင်သုပ်တဲ့ သင်္ဘောသီးသုပ်စပ်စပ်လေးလည်း စားချင်တယ်
ခရမ်းချဉ်သီးမီးဖုတ်ပဲပုပ်ထောင်းကို ငါးခြောက်ကင်ဆီဆမ်းလေးနဲ့ မနက်ခင်းစောစောစီးစီး မီးလှုံရင်း စားချင်တယ်
မိဖုရားကုန်းဘုရားကြီး ထုံးသင်္ကန်းကပ်တဲ့အခါ အလှူကျွေးတဲ့ ကောက်ညှင်းပေါင်းနဲ့ ဘူးသီးကြော်လည်း စားချင်တယ်
တော်ပါပြီ အဲလောက်ဆို

Friday 27 October 2017

တတိယတစ်ယောက်


.
. . . ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက် အပါအ၀င် ကိုယ်သံယောဇဉ်အရှိဆုံး ထိုင်းလူမျိုး သုံးယောက်ရှိတယ်။ ထိုင်းလူမျိုးတွေက မြန်မာတွေနဲ့ ရုပ်ရည်သွင်ပြင် တူတာရယ်၊ ထေရ၀ါဒ ဗုဒ္ဓဘာသာချင်း တူတာရယ်ကြောင့် ထိုင်းဆိုလိုက်ရင် ကိုယ့်သွေးသားရင်းချာလို့ပဲ အောက်မေ့မိတယ်။ နိုင်ငံရေး စစ်ရေးအရ သူတို့ညစ်လို့ ကိုယ့်မြန်မာတွေ ခံခဲ့ရတာတွေလည်း အရှိသားပေါ့။ အကြောင်းအပေါင်း မသင့်တဲ့အခါ သူတို့မကြိုက်တဲ့ ယိုးဒယားဆိုတဲ့ နာမည်ကို ခေါ်လေ့ရှိပေမယ့် ထိုင်းဘုရင်မင်းမြတ်ကိုတော့ ကိုယ်က ချစ်တယ်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဘုရင်လည်းဖြစ် ထိုင်းပြည်သူတွေရဲ့ အသည်းကျော်လည်းဖြစ်တဲ့ ဘုရင်ဘူမိဘောကတော့ မနှစ်က အောက်တိုဘာလမှာ နတ်ရွာစံလို့ တစ်နှစ်ကြာတဲ့ ဒီကနေ့မှာ မသာတော်အခမ်းအနားကျင်းပလေတယ်။ မီးသဂြိုလ်တာဆိုတော့ အန္တိမအဂ္ဂိလို့ခေါ်သလား သေချာတော့ နားမလည်ဘူး။ ထိုင်းဘုရင်အကြောင်းကို ငယ်ငယ်ကတည်းက ကြားဖူးနားဝရှိခဲ့တယ်။ ကိုယ်သိသလောက်တော့ ကိုယ်တို့ငယ်ငယ်က ကြီးပြင်းခဲ့တဲ့ ကျေးလက်မှာတောင် ထိုင်းဘုရင်ကို သိတယ်ဆိုရင် အကောင်းနဲ့ သိတာများတယ်။ လေးစားစရာကောင်းတဲ့ ဘုရင်တစ်ပါးအဖြစ် သိကြတာများတယ်။ ထိုင်းဘုရင့်သမီးတော် သီရိဒုံမင်းသမီး မြန်မာပြည် လာလာလည်တာလည်း ထိုင်း တော်ဝင်မိသားစုနဲ့ ပတ်သက်ပြီး မြန်မာတွေ အသိများတဲ့ အချက်တစ်ခုပဲလို့ ထင်တယ်။ ပြီးတော့ ထိုင်းဘုရင်မင်းမြတ်က မြန်မာပြည်မှာလည်း သာသနာရေးဆိုင်ရာ အလှူအတန်းတွေ လုပ်လေ့ရှိတာကိုး . . .
.
. . . ထိုင်းဘုရင်မင်းမြတ်အကြောင်း နည်းနည်း ပိုသိခွင့်ကြုံလာခဲ့တာက ထိုင်းရေးရာ ကျွမ်းကျင်သူ သြစတေးလျ အမျိုးသားတက္ကသိုလ်က ပါမောက္ခ ကီဗင်ဟီဝစ်ဆင်ရဲ့ အတန်း တက်တဲ့အခါမှာပဲ။ ဆရာဟီဝစ်ဆင်က ထိုင်းသူလေးကို ယူထားပေမယ့် ထိုင်းနိုင်ငံထဲ ၀င်ခွင့်မရတဲ့သူ၊ ထိုင်းတော်ဝင်မိသားစုနဲ့ ပတ်သက်ပြီး သူက သူသိတာတွေလျှောက်ရေး၊ ထိုင်းတော်ဝင်မိသားစုနဲ့ ပတ်သက်ပြီး နာမည်ပျက်အောင် ပြောရင်ရေးရင် ရာဇ၀တ်မှုအဖြစ် အရေးယူလို့ရတဲ့ lese majeste ဥပဒေဆိုတာ ရှိတော့ ဆရာက အဲသည်ဥပဒေနဲ့ ငြိစွန်းတာလား၊ ထိုင်းနိုင်ငံက သူ့ကို နာမည်ပျက်စာရင်းသွင်းထားလို့ဆိုလား ထိုင်းရေးရာကျွမ်းကျင်သူ ဆရာဟီဝစ်ဆင်က ထိုင်းနိုင်ငံထဲ သွားလို့မရရှာဘူးတဲ့။ ဒီခေတ်ဒီအခါကြီးမှာ အဲလို ဥပဒေမျိုးရှိနေတာကို သဘောမကျပါဘူး။ စိတ်ထားမြင့်မြတ်တဲ့ ဘုရင်မင်းမြတ်၊ ပြည်သူတွေ ဆင်းရဲတွင်းကလွတ်အောင် ကိုယ်တိုင် စိုက်ပျိုးရေး သုတေသနတွေလုပ် ကိုယ်တိုင်ပြည်သူတွေနဲ့အတူ အလုပ်လုပ် အားပေး၊ ကိုယ့်ပိုက်ဆံနဲ့ကို အဖွဲ့အစည်းတွေ ထူထောင်ပြီးတော့ ပြည်သူ့ရှေ့ဆောင်လုပ်နေတဲ့ ဘုရင်ကြီးက အဲသည်ဥပဒေကို လက်ခံရသလားပေါ့လေ၊ ကိုယ်လည်း သဘောမကျခဲ့ဘူး . . .
.
. . . ဆရာဟီဝစ်ဆင်နဲ့ ထိုင်းအကြောင်း သင်နေတုန်းက ၂၀၁၄ စစ်တပ်အာဏာမသိမ်းခင် ရှပ်နီတွေ ရှပ်ဝါတွေ ဘန်ကောက်လမ်းမတွေပေါ် ရုတ်ရုတ် ရုတ်ရုတ် လုပ်နေတုန်းအချိန်ပေါ့။ (ဒီနေ့ ဘုရင့်ဈာပန ကြည့်ရင်း ဘုရင့်ကို ၀ပ်တွားခယ နောက်ဆုံးအကြိမ်အဖြစ် ကန်တော့နေကြတဲ့ ထိုင်းပြည်သူတွေကို ၀တ်စုံနက်တွေကိုယ်စီနဲ့ မြင်လိုက်တော့ ရှပ်နီရှပ်ဝါပြဿနာကို သွားသတိရလိုက်သေးတယ်၊ အရင်တုန်းက ၀ရုန်းသုန်းကား ဘန်ကောက်လမ်းမကြီးတွေက အခုကျတော့လည်း ၀ပ်တွားခယလို့)၊ ကိုယ်ကတော့ စစ်သားမို့လို့လား မသိဘူး၊ အဲသည်တုန်းက ထိုင်းနိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုပဲ စဉ်းစားမိတယ်။ သက်ဆင်ကလည်း ကျေးလက်က ဆင်းရဲသားပြည်သူတွေကို ကူညီထောက်ပံ့ပြီး ကျေးလက်အများစုမဲနဲ့ တက်လာတဲ့ ၀န်ကြီးချုပ်၊ ဒီမိုကရေစီမဲနဲ့ဆိုလို့ကတော့ သက်ဆင်ပဲ နိုင်မှာ၊ အဲဒါကို သိတဲ့ ပြိုင်ဘက်အုပ်စုက သက်ဆင်ကို ဘုရင်နဲ့ လှည့်တိုက်ပါလေရောလား၊ သက်ဆင်က ဘုရင့်အာဏာကို စင်ပြိုင်ထောင်တဲ့သူပေါ့၊ အဲသည်အချိန်မှာ ဘုရင်မင်းမြတ်က ကျန်းမာရေး မကောင်းဖြစ်နေပြီဆိုတော့ နိုင်ငံရေးထဲလည်း ၀င်ထိန်းနိုင်တဲ့အခြေအနေ မရှိတော့ဘူး။ ဒီမိုကရေစီလည်း လက်မခံ၊ ဘုရင်မင်းမြတ်လည်း ၀င်မပါနိုင်တော့တဲ့ အခြေအနေ ထိုင်းနိုင်ငံရေးမှာ ၀င်ထိန်းပေးနိုင်မယ့်သူက ရှည်ရှည်ဝေးဝေး လိုက်ရှာနေစရာ မလိုတော့ဘူး။ အားကိုးစရာ စစ်တပ်ပဲ ရှိတော့တယ်။ သူတို့ စစ်တပ်က အာဏာသိမ်းလည်း ကျွမ်းတယ်။ ကျွမ်းဆို ခဏခဏ သိမ်းနေတာကိုး။ ထိုင်းရဲ့ လက်ရှိအကျပ်အတည်းအကြောင်းကို ဆွေးနွေးတိုင်း ကိုယ်ကတော့ အထက်ကပြောခဲ့တဲ့ အချက်တွေကို မူတည်ပြီး ထိုင်းစစ်တပ်က အာဏာသိမ်းမှသာ အခု အကျပ်အတည်းက ပြေလည်စရာရှိတယ်။ အခုတစ်ခေါက် စစ်တပ်က အာဏာသိမ်းရင်လည်း အရင်လို ရွေးကောက်ပွဲတွေ မကြာခင်လုပ်ပြီး အာဏာပြန်လွှဲပေးနိုင်ခြေ နည်းတယ်။ ဘာလို့လည်း ဆိုတော့ နိုင်ငံရေးကို ဘက်ညှိပေးနိုင်မယ့် ဘုရင်မင်းမြတ်က သက်တော်လည်း ကြီးလှပြီ၊ ဒီတောင်က ကျော်ဖို့ အလားအလာလည်း မရှိနိုင်တော့ဘူး၊ အဲသလို ကျွန်တော်က သုံးသပ်တဲ့အခါ အခန်းထဲက ဒီမိုခလေဇီ ကိုကိုမမများက သဘောကျဟန် မတူဘူး။ ကိုယ်ကပဲ လူမိုက်အားပေးလုပ်သလိုလို။ မကြာပါဘူး စစ်တပ်က အာဏာ ကောက်သိမ်းလိုက်ရော၊ ထိုင်းလည်း ပြဿနာတွေ တစ်ခန်းရပ်သွားတာပဲ၊ ၂၀၁၄ မေလက အာဏာသိမ်းတာဆိုတော့ ထိုင်းမှာ စစ်တပ်က အုပ်ချုပ်နေတာ သုံးနှစ်တောင် ကျော်သွားပေါ့။ အခြေခံဥပဒေ အသစ်လည်း ရေးပြီးပြီ ပြောတာပဲ၊ ဘုရင်မင်းမြတ်ဈာပန ပြီးရင်တော့ ရွေးကောက်ပွဲတွေဘာတွေ လာလောက်တယ် . . .
.
. . . ဘုရင့်အကြောင်းပြောရင်း လေနည်းနည်း ရှည်သွားလို့။ အဲသည် အထက်မှာ ပြောခဲ့တဲ့ ကိုယ်မကြိုက်တဲ့ ဥပဒေဆိုတာကို ဘုရင်မင်းမြတ်ကလည်း မကြိုက်ဘူး ဆိုတဲ့အကြောင်း နောက်ပိုင်းသိလာရတယ်။ ထိုင်းစစ်တပ်ရဲ့ နိုင်ငံရေးမှာပါပုံတွေကို လေ့လာတဲ့စာတမ်းကို ကိုယ်ကရေးရင်း သိလာရတာလေ။ ပြည်သူတွေဟာ ဘယ်သူ့ကိုမဆို သူတို့ စိတ်ထဲရှိသလို ဝေဖန်ပိုင်ခွင့် ရှိသင့်တယ်ဆိုတဲ့ သဘောမျိုး ဘုရင်က အင်တာဗျူးတစ်ခုမှာ ပြောဖူးသတဲ့။ နောက်ပြီး အဲသည် ဥပဒေကလည်း တော်ဝင်မိသားစုက သုံးတာကနည်းနည်း၊ ကိုယ်ကြည့်မရတဲ့သူကို အဲသည်ဥပဒေနဲ့ လျှောက်စွဲနေတာက များများဆိုတော့ ဘုရင်ကလည်း အဲသည်ဥပဒေကို မရှိစေချင်တော့ဘူးဆိုပဲ။ ဒါပေမယ့် ဘာလို့လဲ မသိဘူး၊ အဲသည်ဥပဒေက ခုထိ ရှိနေသေးတယ်။ ထိုင်းဘုရင်ကို ချစ်တယ်ဆိုတဲ့အထဲမှာ ဘုရင်မင်းမြတ်ရဲ့ ပြည်သူတွေအပေါ် စိတ်ဝင်တစား ကူညီပံ့ပိုးတာတွေ လုပ်နေတာရယ်၊ ကိုယ်ငယ်ငယ်က သဘောကျခဲ့တဲ့ ဓာတ်ပုံသမားဖြစ်တယ်ဆိုတာရယ်အပြင် နောက်တစ်ချက်က ကိုယ့်ရဲ့ အချစ်ဆုံး အစ်ကိုတစ်ယောက်နဲ့ ရုပ်ချင်းဆင်တာ (လို့ကိုယ်ထင်တာ) လည်းပါတယ်။ အစ်ကိုရင်းလည်းမရှိ၊ အမေ့ဘက် အမျိုးထဲမှာလည်း အစ်ကိုလို သူငယ်ချင်းလို ပေါင်းစရာ မရှိတဲ့ ကိုယ့်အတွက် ကိုယ်နဲ့ အတန်းလည်းတူ အသက်ချင်းလည်း မတိမ်းမယိမ်းဖြစ်တဲ့ အဖေ့ဘက်က အစ်ကို တစ်ဝမ်းကွဲ ကိုကိုဇော်ကို အချစ်ဆုံးပဲ။ အတန်းတူတယ်ဆိုပေမယ့် ကိုယ့်ထက် အသက်နည်းနည်းကြီးတာမို့ မောင်နှမတွေထဲက အငယ်တွေခေါ်သလို ကိုယ်ကလည်း ကိုကိုဇော်လို့ပဲခေါ်တယ်။ အဲသည် ကိုကိုဇော်က ထိုင်းဘုရင်ငယ်ငယ်တုန်းကလို ရုပ်မျိုး ခပ်ချောချောဗျ . . .
.
. . . ဒုတိယ သံယောဇဉ်အရှိဆုံး ထိုင်းလူမျိုးကတော့ ဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဌ ဖရမ် တင်ဆူလန်နိုဒါ ဆိုတဲ့ အဖိုးကြီးပဲ၊ ထိုင်းဘုရင်ထက် ရှစ်နှစ်တောင်ကြီးတဲ့ ဘကြီးဖရမ် အကြောင်းကတော့ ထိုင်းစစ်တပ်အကြောင်း လေ့လာရင်းနဲ့ သိခဲ့ရတာ။ ၀န်ကြီးချုပ်လည်း လုပ်ဖူးတယ်၊ စစ်ဦးစီးချုပ်လည်း လုပ်ဖူးတယ်၊ ဘုရင့်အတိုင်ပင်ခံကောင်စီမှာလည်း ဥက္ကအဖြစ် နှစ်ပေါင်းများစွာ လုပ်လာခဲ့တဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး ဘကြီးဖရမ်က မြန်မာ့တပ်မတော်နဲ့လည်း အတော်နီးနီးစပ်စပ် ဆက်ဆံရေးရှိတဲ့လူပဲ။ ဘူမိဘောဘုရင်မင်းမြတ် နတ်ရွာစံပြီး လက်ရှိဘုရင်သစ် ၀ဇီရာလောင်ကွန်း နန်းမတက်ခင် ကြားကာလမှာ နန်းတော်ထိန်းတာဝန်ယူခဲ့တဲ့ ဘကြီးဖရမ် ဟာ ဘုရင်သစ်လက်ထက်မှာလည်း အတိုင်ပင်ခံကောင်စီဥက္ကအဖြစ် ဆက်လက်ခန့်အပ်ခံထားရဆဲ ဖြစ်ပါတယ်။ နှစ်သစ်ကူးနဲ့ မွေးနေ့ အခါသမယတွေမှာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးစီးပွားရေး အသိုင်းအ၀ိုင်းက တလေးတစား လာကန်တော့ခံနေရတဲ့ ဘကြီးဖရမ်ကို မြန်မာ့တပ်မတော် တပ်ချုပ်ကြီးကလည်း ထိုင်းသွားတိုင်း သွားတွေ့ ဂါရ၀ပြုလေ့ရှိသတဲ့။ တပ်ချုပ်ကြီးကို သားအဖြစ် မွေးစားထားတယ်လို့ စာနယ်ဇင်းတွေက ရေးကြတဲ့ ဗိုလ်ချုပ်ကြီးဖရမ်ဟာ အိမ်ထောင်မရှိတဲ့ လူပျိုကြီးပါတဲ့၊ ဘာလို့ လူပျိကြီးဖြစ်နေတာလဲလို့ မေးရင် သူက လူပျိကြီးမဟုတ်ပါဘူး စစ်တပ်နဲ့ အိမ်ထောင်ပြုထားတာပါလို့ ဖြေလေ့ရှိသတဲ့၊ တကယ့်ကို စစ်သားရင့်မာကြီးပေါ့။ အခု အသက် ၉၇ နှစ်ရှိပြီဖြစ်တဲ့ ဘကြီးဖရမ် အသက်ရာကျော်ရှည်ပါစေ၊ ဘုရင်သစ်လေးကို မြန်မာအပေါ် သဘောထားပျော့ပျောပျောင်းပျောင်း ထားနိုင်ဖို့ သွန်သင်ပေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ ဘကြီးဖရမ်ကို အပြင်မှာ တစ်ခါလောက်ဖြစ်ဖြစ် တွေ့ဆုံဂါရ၀ပြုခွင့် ရချင်ပါသေးတယ် . . .
.
. . . ကိုယ်သံယောဇဉ်အရှိဆုံး ထိုင်းလူမျိုး သုံးယောက်ထဲက တတိယ တစ်ယောက်ကတော့ . . .
.
ဗိုလ်ကောင်း
၂၆ အောက်တိုဘာ ၂၀၁၇

ဖရမ် သို့မဟုတ် ထိုင်းတပ်မတော်၏ ခေါင်းကိုင်ဖခင်


. . . မြန်မာ့နိုင်ငံရဲ့ စစ်သေနာပတိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မွေးစားထားတယ်လို့ သတင်းကြီးနေတဲ့ ထိုင်းနိုင်ငံ ဘုရင့်အကြံပေးကောင်စီ ဥက္ကဌ အငြိမ်းစားဗိုလ်ချုပ်ကြီး ဖရမ် တင်ဆူလန်နိုဒါ နဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူများ အတွက် ဒီစာကို ရေးလိုက်ပါတယ်။
.
. . . ဗိုလ်ချုပ်ကြီး ဖရမ် (ရန်ကုန်တက္ကသိုလ် အက်ဥပေဒ စတင်ထုတ်ပြန်ခဲ့တဲ့) ၁၉၂၀ ပြည့်နှစ်မှာ မွေးဖွားခဲ့တာမို့ ဗိုလ်ချုပ်ကြီးရဲ့ အသက်က မြန်မာနိုင်ငံရဲ့ အမျိုးသားနေ့ သက်တမ်းနဲ့ အတူတူလို့ ဆိုရပါမယ်။ ဘူမိဗလ အတုလတြာ (မဟာပထ၀ီမြေအထုကဲ့သို့ အတုမရှိ ဘုန်းတန်းခိုးကြီးမြတ်တော်မူလှသော) ဘုရင်မင်းမြတ်က ၁၉၂၇ ခုနှစ်မှာ မွေးတာဆိုတော့ ဘုရင်ထက် အသက် ခုနစ်နှစ်လောက် ကြီးပါတယ်။ ထိုင်းနိုင်ငံတောင်ဘက် အစွန်ကျကျ မလေးရှားနယ်စပ်က ဆွန်ခလ ပြည်နယ်ဇာတိပါ။ အသက် ၂၁ နှစ်အရွယ်မှာ ထိုင်းတော်ဝင်စစ်တက္ကသိုလ်ကို တက်ရောက်ခဲ့ပြီး အသက် ၃၉ နှစ်အရွယ်မှာ စစ်မှုထမ်းဆောင်လျက်ကပဲ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီမှာ ခန့်အပ်ခံရချိန်ကစလို့ နိုင်ငံရေးလောကထဲ ၀င်ရောက်လာခဲ့ပါတယ်။ စစ်ဘက်မှာ ထူးချွန်တဲ့ အရာရှိတစ်ယောက် ဖြစ်သလို နိုင်ငံရေးဘက်မှာ ဆိုရင်လည်း လွှတ်တော်အမတ်၊ ၀န်ကြီးချုပ်အကြံပေးအဖွဲ့ဝင်၊ ဒုဝန်ကြီး၊ ၀န်ကြီးတာဝန်များကို သာမက ၀န်ကြီးချုပ်အဖြစ်ပါ သက်တမ်းနှစ်ခုတိုင်တိုင် အောင်အောင်မြင်မြင် ၁၉၈၀ မှ ၁၉၈၈ ထိ ထမ်းဆောင်သွားခဲ့သူ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် ဒုတိယသက်တမ်း ပြီးဆုံးချိန်မှာ တတိယသက်တမ်းအတွက် ဆက်လက် ထမ်းဆောင်ဖို့ ကမ်းလှမ်းတာကို ငြင်းပယ်ခဲ့ပြီးနောက် ဘုရင့်အကြံပေးကောင်စီမှာ ဥက္ကဌအဖြစ် ခန့်အပ်ခံခဲ့ရပြီး အခုအချိန်ထိ အဲသည်တာဝန်ကို ထမ်းဆောင်နေသူပါ။
.
. . . နိုင်ငံရေးမှာ ဒီလောက်အောင်မြင်လှပေမယ့် သူကတော့ သူ့ကိုယ်သူ တကယ့်စစ်သားရင့်မာကြီးတစ်ယောက်အဖြစ်ပဲ ဆက်လက် ခံယူထားတာပါ။ မိန်းမ မယူဘဲ ဘာလို့ လူပျိုသိုးကြီး လုပ်နေတာလဲလို့ မေးရင် သူက စစ်တပ်ကို လက်ထပ်ထားတာလေ လို့ ပြန်ပြောပါလိမ့်မယ်။ ဒီလောက်အထိ စစ်သားစိတ်ရှိတဲ့ လူကြီး ဖြစ်ပါတယ်။
.
. . . လူပျိုကြီး ဖရမ် ဟာ စစ်တပ်ကို သံယောဇဉ်ကြီးလှရုံမက ဘုရင့်အပေါ်မှာလည်း အလွန်ကို အနွံတာခံ သစ္စာရှိလှသူတစ်ဦး ဖြစ်ပါတယ်။ ဘုရင့်ထက် အသက်ခုနစ်နှစ်လောက်ကြီးတဲ့ သူ့ကိုယ်သူ ဘုရင်ကို စောင့်ရှောက်ရမယ့် အစ်ကိုကြီးတစ်ယောက်လို ခံယူထားသလားတော့ မသိပါဘူး။ ၀န်ကြီးချုပ်တာဝန်က အနားယူပြီး ဘုရင့်အကြံပေးကောင်စီမှာ ဥက္ကဌတာဝန် ထမ်းဆောင်ခဲ့ချိန်က စလို့ ဖရမ်ဟာ ဘုရင်မင်းမြတ်ရဲ့ တိုင်းပြည်သာယာဝပြောရေး စီမံကိန်းတွေ အောင်မြင်အောင်၊ ဘုရင်မင်းမြတ်တန်ခိုးအာဏာတည်အောင် အကောင်အထည် ဖော်ပေးတဲ့ ဘုရင့်အပါးတော်မြဲ သစ္စာရှိ ကျွန်ယုံတော်ကြီးအဖြစ် အမှုတော်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နေခဲ့ ထမ်းဆောင်နေဆဲသူ ဖြစ်ပါတယ်။
.
. . . ၀န်ကြီးချုပ်တာဝန်ကိုလည်း နှစ်ရှည်လများ ထမ်းဆောင်ခဲ့၊ စစ်တပ်ထဲမှာလည်း ဗိုလ်ချုပ်ကြီးအဆင့်ထိ ဦးစီးချုပ်ရာထူးတာဝန်ကို ထမ်းဆောင်ခဲ့ရုံသာမက ဘုရင်မင်းမြတ်ရဲ့ အကြံပေးကောင်စီမှာလည်း နှစ်ပေါင်းများစွာ တာဝန်ထမ်းရွက်နေရသူမို့ သူ့ရဲ့ အရှိန်သြဇာကလည်း ထိန်းနိုင်ငံရေးနယ်ပယ်၊ စစ်ဘက်နယ်ဘက် စီးပွားရေးစတဲ့ ဘက်ပေါင်းစုံမှာ ဖြန့်ကျက်လွှမ်းမိုးထားနိုင်သူတစ်ဦး ဖြစ်ပါတယ်။ နှစ်သစ်ကူးနဲ့ သူ့ရဲ့ မွေးနေ့လို အခါသမယ မျိုးတွေမှာ ထိုင်းနိုင်ငံရဲ့ စစ်ဘက်နယ်ဘက်ခေါင်းဆောင်တွေ စီးပွားရေးသမားတွေဟာ သူ့အိမ်ကို လာရောက် ကန်တော့ကြပါသတဲ့။ ဘာလို့လဲဆိုတော့ စစ်ဘက်မှာဆိုရင် လက်ရှိခေါင်းဆောင်တွေဟာ တစ်ချိန်တုန်းက သူ့လက်အောက်ငယ်သား ဖြစ်ရင်ဖြစ် ဒါမှမဟုတ် သူ့ငယ်သားရဲ့ နောက်တစ်မျိုးဆက် ငယ်သားတွေ ဖြစ်နေတာမက နယ်ဘက်ဗျူရိုကရက် ယန္တယားထဲမှာလည်း သူ့လက်အောက်မှာ တစ်နေရာမဟုတ် တစ်နေရာမှာ အလုပ်လုပ်ခဲ့ကြဖူးသူတွေ အများသားမို့ပါတဲ့။ ဒါ့အပြင် ဖရမ်ဖောင်ဒေးရှင်းကို ထူထောင်ထားပြီး အများအကျိုးဆောင် လုပ်ငန်းတွေကိုလည်း ကုသိုလ်ဖြစ် လုပ်နေပါတယ်။ ချင်းမိုင်ဘက်မှာ ဖရမ်တင်ဆူလန်နိုဒါ နိုင်ငံတကာကျောင်းတစ်ခု တည်ထောင်ထားတာလည်း ရှိပါတယ်။
.
. . . အခုနှစ်မှာ နန်းစံသက် နှစ်ပေါင်း ခုနစ်ဆယ်ပြည့်ပြီဖြစ်တဲ့ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး ဘုရင်မင်းမြတ်ရဲ့ သြဇာအရှိန်အ၀ါကို ခြေရာချင်းတိုင်းချင်တဲ့ သန်းကြွယ်သဌေးကြီး သက်ဆင်ကို စစ်တပ်က အာဏာသိမ်းပြီး မဖြုတ်ချခင် သူက ဗီရိုထဲ ခေါက်ထားတဲ့ စစ်ဝတ်စုံကို ကော့နေအောင် ထုတ်ဝတ်ပြီး စစ်တပ်အခြေစိုက် ဌာနချုပ်တွေမှာ အခုလို မိန့်ခွန်းသွားပေးပါသတဲ့။ " အမောင်စစ်သည်တို့ ငါတို့ရဲ့ ဘုရင့် တပ်မတော်ကြီးရဲ့ အရှင်သခင် အစစ်အမှန်ဟာ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရမဟုတ် ဘုရင်မင်းမြတ်သာလျှင် ငါတို့ရဲ့ အရှင်သခင် အစစ်ဖြစ်တယ်။ ဒါကြောင့် ဘုရင်မင်းမြတ်ကိုသာ သစ္စာစောင့်သိရမယ်" လို့ လှည့်လည် သြ၀ါဒပေးပြီး မကြာပါဘူး။ သက်ဆင် နိုင်ငံခြားထွက်နေတုန်း စစ်တပ်က အာဏာသိမ်းပါလေရောလား။ ဒီမတိုင်ခင်ကလည်း ဖရမ်ရဲ့ စံအိမ်ရှေ့မှာ ဗုံးပေါက်ကွဲမှု အသေးစားလေး ဖြစ်ခဲ့သေးတော့ အဲဒါ သူ့လက်ချက်မဟုတ်ရပါဘူးဆိုပြီး ၀န်ကြီးချုပ် သက်ဆင်က ရှင်းခဲ့ရပါသေးတယ်။
.
. . . အခုတော့ ဘုရင်မင်းမြတ်လည်း မမာတာကြာပြီ အချိန်တော်တော်များများ ဆေးရုံတက်နေရတာက များတော့ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က အာဏာသိမ်း စစ်အစိုးရနဲ့ အခုလက်ရှိ အာဏာသိမ်း စစ်အစိုးရတို့ကို တိုင်းပြည်စီမံခန့်ခွဲဖို့ တာဝန်ပေးအပ်တဲ့ အသိအမှတ်ပြု အခမ်းအနားကိုတောင် ကိုယ်တိုင်ကိုယ်ကျ မတက်ရောက်နိုင်လို့ အာဏာသိမ်းဗိုလ်ချုပ်ကြီးတွေ ဦးစီးတဲ့ အစိုးရအဖွဲ့ဟာ ဘုရင်မင်းမြတ် ဓာတ်ပုံကြီးတွေရှေ့မှာပဲ ဘုရင်ကို ကန်တော့ပြီး အသိအမှတ်ပြု ခံခဲ့ကြရတာ။ အဲဒီလို အခြေအနေမျိုးမှာ ဘုရင့်ထက် အသက်ကြီးတဲ့ ဗိုလ်ချုပ်ကြီး ဖရမ်တို့ကတော့ ပန်းပန်လျက်ပါဆိုသလို ဘုရင့်အကြံပေးကောင်စီ ဥက္ကဌအဖြစ် ထိုင်းတပ်မတော်နဲ့ ထိုင်းနိုင်ငံရေးအပေါ် သြဇာလွှမ်းနေနိုင်ဆဲဖြစ်ကြောင်း ဆိုတာ . . .
.
ဗိုလ်ကောင်း
၂၆ မေ ၂၀၁၆
.
နောက်ဆက်တွဲ
.
. . . ၂၀၁၆ အောက်တိုဘာ ၁၃ မှာ ဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက် နတ်ရွာစံတော့ မင်းသားဝဇီရာလောင်ကွန်း နန်းမတက်ခင်မှာ ဗိုလ်ချုပ်ကြီးဖရန်က နန်းတော်ထိန်းအဖြစ် တာဝန်ယူရပါတယ်။ အခုထိ ရာဇဘိသေသ မခံယူရသေးတဲ့ ဘုရင်သစ်က ဒီဇင်ဘာလမှာ ထီးနန်းဆက်ခံတော့လည်း ဘုရင့်အတိုင်ပင်ခံဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဖရန် ဆက်လက်ခန့်အပ်ခံရပါတယ်။ အဲသည်ရာထူးမှာ အခုချိန်ထိ တာဝန်ထမ်းဆောင်ဆဲပါ။ နတ်ရွာစံဘုရင်ကြီး အန္တိမဈာပနပြီးလို့ ဘုရင်သစ်ရာဇဘိသေသ သဘင်ကျင်းပပြီးချိန်၊ ထိုင်းစစ်တပ်ကလည်း သူတို့ကိုယ်တိုင်ရေးထားတဲ့ အခြေခံဥပဒေသစ်အတိုင်း ရွေးကောက်ပွဲတွေဘာတွေ ကျင်းပပြီး အရပ်သားအစိုးရသစ် တက်လာခဲ့ပြီးရင်တော့ ဘကြီးဖရမ် အနားယူတော့မယ် ထင်ပါတယ်။ အသက်ကလည်း အခုဆို ၉၇ နှစ်တောင် ရှိနေပြီကိုး . . .
.
၂၆ အောက်တိုဘာ ၂၀၁၇

Wednesday 25 October 2017

Policy Dilemma

If the aggressive stance of the established power in Western Hemisphere on the Rakhine crisis leads to impose economic and other sanctions on the fragile democratic nation, then it definitely would push Myanmar away from the ambiguity of choosing strategic partners to bangwagoning the emerging power which has heavily invested in it for the energy security. Amidst a potentiality of becoming a thucydides battlefield between the established and the emerging powers, choosing either democratic norms or long term national interests would be a policy dilemma for the infant government of Myanmar.

Friday 6 October 2017

မနက်ဖြန်ရဲ့သမိုင်းအကျဉ်း


.
. . . လူသားတို့ အချင်းချင်း ဆက်သွယ်ပြောဆိုရာ ဘာသာစကားပေါ်ပေါက်ခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်း ခုနစ်သောင်းမှ စတင်ကာ လူမှုဆက်သွယ်ဆက်ဆံရေးတို့ စတင်ဖွံ့ဖြိုးလာပြီး နယ်နိမိတ်၊ နိုင်ငံ၊ ဘာသာတရား စသည်တို့ တဖြည်းဖြည်း ဖြစ်ထွန်းလာခဲ့ကြသည်ဟု ဆိုပါသည်။ ရှေးကနဦးက လူသားတို့သည် မိမိတို့ သိလိုရာများကို ဘုရားသခင်ထံ သို့မဟုတ် ဘုရားသခင်နှင့် ဆက်သွယ်နိုင်စွမ်းရှိသည်ဆိုသူများထံ မေးမြန်းခဲ့ကြသည်။ နေ့စဉ်ပြဿနာများအတွက် ဖြေရှင်းနည်းများကို သမ္မာကျမ်းစာများတွင် ရှာဖွေခဲ့ကြသည်။ ဘုရားသခင်၏ ကိုယ်စားလှယ်တော်များထံ ချဉ်းကပ်ပြီး မိမိတို့ ပြဿနာများကို မေးမြန်းခဲ့ကြသည်။ လမ်းညွှန်ချက်များကို လိုက်နာခဲ့ကြသည်။ နယ်နိမိတ်များ ပိုင်းခြားသတ်မှတ်ပြီး နိုင်ငံများ တည်ထောင်ကြသောအခါ ဘုရားသခင်က အခွင့်အာဏာချီးမြှင့် ခန့်အပ်သည်ဆိုသော ဘုရင်များက တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့ကြသည်။ လူသားများကို ဖန်ဆင်းသော ဘုရားသခင်အလိုတော်အရ တိုင်းသူပြည်သားများကို အုပ်ချုပ်သော ဘုရင်က သက်ဦးဆံပိုင် အခွင့်အာဏာရရှိခဲ့သည်။
.
. . . ထိုမှ တစ်ဆင့်တက်လာသောအခါ ဘုရင်မင်းမြတ်တို့သည် မွေးရာပါအခွင့်အရေးအရ သားစဉ်မြေးဆက် တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေခြင်းကို အုပ်ချုပ်ခံသူတို့က တဖြည်းဖြည်း ဆန့်ကျင် တော်လှန်လာကြသည်။ လူသားအားလုံးကို ဘုရားသခင်က အတူတူ ဖန်ဆင်းထားသည် ဖြစ်သောကြောင့် ဘုရင့်မျိုးဆက်ဖြစ်သည်ဆိုရုံမျှနှင့် ဘုရင်မဖြစ်ထိုက်၊ တိုင်းသူပြည်သားများကိုယ်တိုင် ရွေးချယ်ခန့်အပ်သောသူကသာ တိုင်းရေးပြည်ရာကို စီမံခန့်ခွဲပိုင်ခွင့်ရှိရမည် ဟူသော အယူအဆ ထွန်းကားလာပြီးနောက် သက်ဦးဆံပိုင် ဘုရင်စနစ်များ တဖြည်းဖြည်း ပျက်သုဉ်းကာ ပြည်သူများက ရွေးချယ်တင်မြှောက်သူများသာ တိုင်းပြည်ကို စီမံခန့်ခွဲသည့် လစ်ဘရယ်ဒီမိုကရေစီစနစ် ပေါ်လောက်ထွန်းကားလာပြန်သည်။ ဘုရားသခင်ထံတော်ပါးထံမှ အခွင့်အာဏာများကို လူသားတို့သိမ်းပိုက်လိုက်ကြသည်။ လူတစ်ဦးချင်းစီသည် မိမိကိုယ်ပိုင် လွတ်လပ်သော သဘောဆန္ဒရှိပိုင်ကြသည်ဖြစ်၍ ထိုလွတ်လပ်သော သဘောဆန္ဒများအပေါ် တည်မီဖွဲ့စည်းထားသော လစ်ဘရယ်ဒီမိုကရေစီစနစ်သည်သာလျင် ကမ္ဘာကြီး၏ နောက်ဆုံးသော နိုင်ငံရေးစနစ်ဖြစ်သောကြောင့် ထို့ထက်ပို၍ နောက်တစ်ဆင့်တက်မည့် နိုင်ငံရေးစနစ်မျိုးမရှိတော့ပြီ၊ သမိုင်းနိဂုံးချုပ်ခဲ့လေပြီဟု တွေးခေါ်ကြ ရေးသားကြ ယုံကြည်ကြပြန်သည်။
.
. . . ကမ္ဘာ့နိုင်ငံရေးပညာရှင်များကို အုတ်အော်သောင်းတင်း ဖြစ်စေခဲ့သော လွန်ခဲ့သော နှစ်ပေါင်းအစိတ်၊ တစ်နည်းအားဖြင့် ရာစုနှစ် လေးပုံတစ်ပုံက ရေးသားထုတ်ဝေခဲ့သည့် ဖရန်စစ်ဖူကူယားမား ၏ အဆိုအတိုင်း သမိုင်းနိဂုံးတကယ်ချုပ်မချုပ် ဆက်လက် မဆွေးနွေးမီ ကမ္ဘာ့နောက်ဆုံးနိုင်ငံရေးစနစ်ဟုဆိုသော လစ်ဘရယ်ဒီမိုကရေစီအကြောင်း နည်းနည်းလောက် ပြောကြည့်ချင်ပါသည်။
.
. . . လူတစ်ချင်းစီကို အင်္ဂလိပ်လို Individual ဟုခေါ်သည်။ In နှင့် dividual ပေါင်းထားခြင်းဖြစ်သည်။ ထပ်မံခွဲခြားစိတ်ဖြာ၍ မရတော့သော ခန္ဓာ ဟု အဓိပ္ပာယ်ဖွင့်ရမည်ထင်သည်။ လူသားတစ်ဦးချင်းစီတွင် Soul ဟုခေါ်သော ၀ိဥာည် ရှိသည်။ ထိုဝိဥာည်သည် လူသားခန္ဓာထဲတွင် ရှိနေသည်။ ထိုဝိဥာဏ်က လူသားသေသွားသော်လည်း မသေ၊ ဘုရားသခင်နှင့် တွေ့ပြီး ကောင်းကင်ဘုံ သို့မဟုတ် ငရဲသို့ ကျခံစေရန် စီရင်ချက်ချမှတ်သည့်အချိန်အထိ ထိုဝိဥာည် ရှိနေမည်။ စီရင်ချက်ချမှတ်ပြီးသည့်နောက်ပိုင်းမှာပင် ငရဲတွင် အမြဲတမ်းခံနေရတော့မည့် ၀ိဥာည်၊ ကောင်းကင်ဘုံတွင် အမြဲစံနေရတော့မည့် ၀ိဥာည် စသည်ဖြင့် ရှိနေတော့မည်။ ထို့ကြောင့် လူသားတွင် ရှိနေသော လူသား၏ ကံကိုပိုင်စိုးသော ထိုဝိဥာည်သည် ခွဲခြမ်းစိတ်ဖြာ၍ မရသော တရားကိုယ်ဖြစ်သည်။ ထို့ကြောင့် ထိုတရားကိုယ်ရှိနေသော လူသားသည် ခွဲခြမ်းစိတ်ဖြာ၍ မရတော့သော ခန္ဓာဖြစ်သည်။ ထိုလူသားသည် မိမိ စိတ်ဆန္ဒအတိုင်း လွတ်လပ်စွာ ရွေးချယ်ပြီး လွတ်လပ်စွာ ဆုံးဖြတ်သည်။ ထိုလူသား၏ လွတ်လပ်မှုကို မည်သည့်အရာကမျှ တားဆီးပိတ်ပင်ခြင်းငှာ မထိုက်တန်၊ ထိုလူသားကို လွတ်လပ်စွာ ရှင်သန်ရပ်တည် ဆုံးဖြတ်ခွင့်ပေးရမည်။ ဘုရားသခင်က ဖန်ဆင်းထားသော ထိုလူသားတွင် ဘုရားသခင်က ပေးအပ်ထားသော ၀ိဥာည်၏ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို လေးစားရမည်။ ထို့ကြောင့် မိမိကို အုပ်ချုပ်မည့်သူကို မိမိဘာသာ ရွေးချယ်မည်။ နိုင်ငံရေး စီးပွားရေး မူဝါဒများကို မိမိပါဝင်ဆုံးဖြတ်မည်။ ဤသည်ကပင်လျင် သမိုင်းနိဂုံးဟုခေါ်နေကြသည့် လစ်ဘရယ်ဒီမိုကရေစီ၏ အခြေခံသဘောတရားဖြစ်သည်ဟု ဆိုနိုင်သည်။
.
. . . နိုင်ငံရေးသဘောတရားများ တစ်ခန်းခဏရပ်ပြီး သိပ္ပံဆိုင်ရာ လေ့လာတွေ့ရှိချက်များဘက် တစ်ချက်လှည့်ကြည့်ကြပါစို့။ ကုန်ခဲ့သည့် ၂၀၁၆ ခုနှစ်အထိ လူသားတို့ ရှာဖွေလေ့လာတွေ့ရှိသမျှထဲတွင် လူသားခန္ဓာထဲတွင် ရှိသည်ဆိုသော ၀ိဥာည်ဆိုသည့်အရာ မပါဝင်။ လူသားကို ခွဲခြမ်းစိတ်ဖြာလိုက်သောအခါ ထိုအများ ယုံကြည်နေကြသည့် ၀ိဥာည်ဆိုသောအရာကို မတွေ့ရပါဟု ခေတ်သိပ္ပံတွေ့ရှိချက်များက ဆိုပါသည်။ လူသားတွင် အမြဲတမ်း မဖောက်မပြန် ရပ်တည်ခိုင်မြဲနေသော ၀ိဥာည်ဆိုသည့်အရာ ဘယ်မှာမှ မရှိဟု ဆိုခြင်းဖြစ်သည်။
.
. . . ၀ိဥာည်ကို ရှာမတွေ့သည့်နောက် လူသားတို့၏ လွတ်လပ်သော ရွေးချယ်ဆုံးဖြတ်မှုဆိုသည့်ကိစ္စကို ဆက်ကြည့်ကြပါစို့။ ခေတ်သစ် ဓာတ်ခွဲခန်း လေ့လာစမ်းသပ် တွေ့ရှိချက်များအရ လူသားတို့တွင် လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်မှုဟူသည်မှာလည်း မရှိပါဟု ဆိုပြန်သည်။ လူသားတို့ ရွေးချယ်ဆုံးဖြတ်လုပ်ကိုင်နေသည်ဆိုသော အရာမှန်သမျှသည် မိမိတို့၏ လွတ်လပ်သော စိတ်ဆန္ဒရွေးချယ်ဆုံးဖြတ်ချက်အရ ဖြစ်လာကြသည်မဟုတ်ဘဲ ခန္ဓာကိုယ်ထဲတွင် ဖြစ်ပေါ်နေသော ဇီဝဓာတုစည်းမျဉ်းဖြစ်စဉ်များ Biochemical Algorithm အရ အလျဉ်းသင့်သလို ဖြစ်နေကြခြင်းဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဆိုပါသည်။ သင်သည် ဦးထုပ်အ၀ါဆောင်းမလား အဖြူဆောင်းမလား သင်ကိုယ်တိုင်ဆုံးဖြတ်သည်ဟု ထင်မြင်မိသောအချိန်တွင် သင့်ဦးနှောက်က ဆုံးဖြတ်ပြီးဖြစ်နေပါပြီဟု ဆိုသည်။ သင့်ဆုံးဖြတ်ချက်ကို သင်ကိုယ်တိုင် သိသောအချိန်မတိုင်မီ မီလီစက္ကန့်အချိန်ပိုင်းအတွင်း သင့်ဦးနှောက်က ဆုံးဖြတ်ပြီးဖြစ်နေပြီဟု ဆိုပါသည်။ ဆိုရလျှင် သင့်တွင် အမြဲတမ်းတည်မြဲနေသော ၀ိဥာည်လည်းမရှိ၊ သင်ကိုယ်တိုင် ဆုံးဖြတ်သော လွတ်လပ်မှုလည်းမရှိ၊ သင့်ခန္ဓာကိုယ် ဇီဝဓာတုစည်းမျဉ်းများသာရှိသည်ဟု ပြောရပေတော့မည်။
.
. . . ခြုံငုံသုံးသပ်ပြီး ကောက်ချက်ချရသော် ယနေ့ကမ္ဘာတွင် အလွန်ခေတ်စားနေသော လူသားတစ်ဦးချင်းစီ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်အပေါ်တွင် အခြေပြုထားသည့် လစ်ဘရယ်ဒီမိုကရေစီကို ယခုဆိုခဲ့ပါ လေ့လာတွေ့ရှိချက်များက အမြစ်ကလှန် ဖြိုလှဲနေကြောင်း ဆိုရပါမည်။
.
. . . အထက်ဆိုခဲ့ပါ အကြောင်းအရာများကို ရေးသားခဲ့သူက အစ္စရေးနိုင်ငံ ဂျေရုဆလမ်မြို့ ဟီဘရူးတက္ကသိုလ်က သမိုင်းပါမောက္ခ ယူဘယ်နိုအာ ဟာရာရီ ဖြစ်ပါသည်။ လတ်တလောတွင် ပါမောက္ခ ဟာရာရီရေးခဲ့သော စာအုပ်နှစ်အုပ်ရှိရာ ပထမတစ်အုပ်မှာ လူသားတို့၏ သမိုင်းအကျဉ်း (Sapien: A Brief History of Humankind) ဖြစ်ပြီး ယင်းစာအုပ်ကို ၂၀၁၁ ခုနှစ်တွင် ဟီဘရူးဘာသာဖြင့် ရေးသားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ ၂၀၁၇ ဇွန်လတွင် ဘာသာပေါင်း ၄၅ ဘာသာသို့ပြန်ဆို ထုတ်ဝေခဲ့ပြီးဖြစ်သည်ဟု ဆိုပါသည်။ မြန်မာလို ဘာသာပြန်ဆို ထုတ်ဝေသည်တော့ မကြားမိသေး။ ထိုစာအုပ်ဖြင့် ကမ္ဘာကျော်သွားသော ပါမောက္ခ ဟာရာရီသည် ဒုတိယစာအုပ်ဖြစ်သော မနက်ဖြန်၏ သမိုင်းအကျဉ်း (Homo Deus: A Brief History of Tomorow) ကို ၂၀၁၄ ခုနှစ်တွင် ဟီဘရူးဘာသာဖြင့် ဆက်လက်ရေးသားခဲ့သည်။ ယင်းဒုတိယစာအုပ်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် အင်္ဂလိပ်ဘာသာဖြင့် အင်္ဂလန်က စတင်ပြန်ဆို ထုတ်ဝေခဲ့ပြီး၊ ၂၀၁၇ ဖေဖေါ်ဝါရီတွင် အမေရိကန်က ဆက်လက်ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဘာသာပေါင်း ဆယ်ဘာသာဖြင့် ဆက်လက်ပုံနှိပ်ထုတ်ဝေသည်ဟု သိရပါသည်။ မြန်မာလိုတော့ မတွေ့မိသေး။ စာရေးသူတက်သော အတန်းတစ်ခုတွင် ဖတ်ရှုဆွေးနွေးရမည့် စာအုပ်စာရင်းတွင် ပါဝင်သဖြင့် ဤစာအုပ်ကို ဖတ်ဖြစ်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်မျှဝေလိုသဖြင့် ဤစာကို ရေးဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ စာအုပ်အကြောင်း ဆက်ကြအုံးစို့ရဲ့
.
. . . ၀ိဥာည်မရှိသော ကိုယ်ခန္ဓာ၏ ဇီဝဓာတုစည်းမျဉ်းဖြစ်စဉ်များ Biochemical Algorithm ကိုသာ မှတ်ဥာဏ်တု (Artificial Intelligence) က လိုက်လုပ်နိုင်ခဲ့လျှင် လူသားအတု ထုတ်လုပ်နိုင်မည်လား ဆိုသော မေးခွန်း ပေါ်လာပါသည်။ လူသားအတုဆိုသည်မှာ လူနှင့်တူအောင် လုပ်ထားသော စက်ရုပ်ထက် အများကြီး ပိုသည့် လူတစ်ယောက်၏ ဥာဏ်ရည်နှင့် အလုပ်လုပ်နိုင်သော ကွန်ပြူတာလူသားကို ဆိုလိုပါသည်။ မေးခွန်းကို ဖြေရလျှင် ရနေပြီဟု ဆိုပါသည်။ အဆိုပါ မှတ်ဥာဏ်တု နည်းပညာကို အချက်အလက်သိုမှီးစနစ်နှင့် ပေါင်းလိုက်သောအခါ လူသားများထက် များစွာသာလွန်သည့် စွမ်းဆောင်ရည်ရှိသော လူသားတုကို မွေးထုတ်နိုင်သည့် အဓိပ္ပာယ် ဖြစ်ပါသည်။
.
. . . ခေတ်သစ်သိပ္ပံဆိုင်ရာ တိုးတက်မှုများတွင် လူသားနေရာဝင် အလုပ်လုပ်နိုင်သော စက်ရုပ်များကို တီထွင် အသုံးပြုနိုင်ခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့ပါ။ သို့သော် ယခု လက်ရှိ အသုံးပြုနေသော စက်ရုပ်များသည် လူသားများ လုပ်ဆောင်သည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ကိစ္စများကိုသာ အစားထိုး လုပ်ဆောင်နိုင်ပါသေးသည်။ ကားစက်ရုံတွင် စက်ပစ္စည်းအစိတ်အပိုင်းများ တပ်ဆင်ပေးသော စက်ရုပ်၊ အိမ်တွင် သန့်ရှင်းရေးလုပ်ပေးသော စက်ရုပ်၊ အလေးအပင် ချီပိုးပေးသော စက်ရုပ် စသည်ဖြင့် လူသားတို့ ကြွက်သားအားဖြင့် အလုပ်လုပ်သည့် ကိစ္စရပ်များကို လူသားကိုယ်စား လုပ်ဆောင်ပေးနိုင်သည့် စက်ရုပ်များ တွင်ကျယ်နေသည်မှာ ကြာခဲ့ပြီဖြစ်ပါသည်။ သို့ဆိုလျှင် ယခု ဆက်လက်ပြောပြမည့် ကွန်ပြူတာလူသားနှင့် စက်ရုပ် ဘာများ ကွာခြားပါသနည်း။ မြင်သာအောင် ပြောရလျှင် ယခု တွင်ကျယ်နေသော စက်ရုပ်များမှာ ကော်လာပြာ လုပ်သားများကိုသာ အစားထိုးနိုင်ပြီး အနာဂတ်တွင် တွင်ကျယ်လာမည့် စက်ရုပ်များမှာ ကော်လာဖြူ လုပ်သားများကို အစားထိုးလာနိုင်တော့မည်ဟု ဆိုရမည် ဖြစ်ပါသည်။
.
. . . ဆက်လက်ရှင်းပြရန်အတွက် ဝေါဟာရ အသစ်တစ်လုံးကို မိတ်ဆက်ပေးပါမည်။ အင်္ဂလိပ်လို Dataism မြန်မာလိုတော့ အချက်အလက်ဝါဒလို့ ခေါ်ရမည်လား၊ ဒီမိုကရေစီတို့ ကွန်မြူနစ်ဇင်တို့လို ဒေတာအစ်ဇင်လို့ပဲ ခေါ်ရမည်လား မဝေခွဲတတ်ပါ။ မူရင်းစာရေးသူကတော့ Data Relegion ဘာသာတရားတစ်ခုအနေနှင့်ပင် တင်စားထားပါသည်။ ထိုသို့ ဘာသာတရားအနေနှင့် တင်စားရလောက်အောင် အချက်အလက်များသည် ကျွန်တော်တို့၏ နေ့စဉ်ဘ၀များအတွက် ဘယ်လောက်တောင် အရေးပါ အရာရောက်နေပါပြီလဲ။
.
. . . ယခု ဤစာကို ဖတ်နေသူသည် ဖေ့ဘုတ်သုံးသူတစ်ယောက် ဖြစ်ရန် ရာခိုင်နှုန်းအတော်များပါသည်။ ဖေ့ဘုတ်မသုံးလျှင်ပင် အင်တာနက်လူမှုကွန်ယက်တစ်ခုခုကိုတော့ သုံးသူဖြစ်နိုင်ပါသည်။ သင် ဖေ့ဘုတ်သုံးနေသောအခါ သင်အင်တာနက်တွင် စိတ်ဝင်စားမိ၍ဖြစ်စေ အမှတ်တမဲ့ပင်ဖြစ်စေ ရှာဖွေစူးစမ်းမိသော ကိစ္စရပ်များနှင့် ပတ်သက်ဆက်စပ်နေသည့် ကုန်ပစ္စည်းကြော်ငြာများ သင့်ဖေ့ဘုတ်စာမျက်နှာတွင် ပေါ်နေသည်ကို သတိထားမိမည် ထင်ပါသည်။ ဂူဂဲတွင် သင်အမှတ်မထင် ရှာဖွေစူးစမ်းမိသော ကိစ္စရပ်များကို သင်က မေ့မေ့ပျောက်ပျောက်ဖြစ်သွားကောင်း ဖြစ်သွားနိုင်သော်လည်း ဂူဂဲက မမေ့ပါ။ သင့်ဖေ့ဘုတ်အကောင့် ဖွင့်ချိန်တွင် သင်၏အီးမေးတစ်ခု ပေးခဲ့ရသည်ကို သင်သတိရအုံးမည် ထင်ပါသည်။ သင့်အီးမေးအကောင့်နှင့် ဖေ့ဘုတ်အကောင့် အဆက်အစပ်ကိုတော့ သင့်အနေနှင့် အမှတ်တမဲ့ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သင်စိတ်ဝင်စားတတ်သော ကုန်ပစ္စည်းကြော်ငြာများ သင့်ဖေ့ဘုတ်စာမျက်နှာတွင် ပေါ်ပေါ်လာခြင်းက တိုက်ဆိုင်မှုတစ်ခု မဟုတ်ပါ။ သင့်အကြိုက်ကို ဖေ့ဘုတ်က သိရှိမှတ်သားထားပြီး သင့်အကြိုက်များကို ရွေးချယ်ကြော်ငြာနေခြင်း ဖြစ်ပါသည်။
.
. . . ကိုယ်ကြိုက်တတ်တာလေးတွေကို ဖေ့ဘုတ်က ဘယ်လိုများ သိပါလိမ့် သင်စဉ်းစားမိနိုင်သည်။ သင်ဝင်ကြည့်သော အကောင့်များ၊ သင်လိုက်နှိပ်လိုက်သော ပိုစ့်များ၊ သင်အဖွဲ့ဝင်ဖြစ်နေသော ဖေ့ဘုတ်ဂရုများ၊ သင်မိတ်ဆွေအဖြစ် လက်ခံထားသူများ၊ သင်ဖော်လိုလုပ်ထားသော အကောင့်များ ပေ့ခ်ျများ၊ သင်ရေးလိုက်သော ကွန်းမင့်များ၊ သင်ပို့သော မက်ဆေ့များကို သင်က မေ့သွားမည်ဖြစ်သော်လည်း ဖေ့ဘုတ်က မမေ့ပါ။ မမေ့သည့်အပြင် သေသေချာချာ မှတ်တမ်းတင်ပြီး သင်ဘယ်လိုလူစားမျိုး ဖြစ်သည်ဆိုသည်ကို တွက်ချက်ပုံဖော်နေပါသည်။ သင်ဖေ့ဘုတ် များများသုံးလေ သင့်အကြောင်း ဖေ့ဘုတ်က များများသိလေဟု မှတ်ပါ။ ဖေ့ဘုတ်သာမက Google Yahoo စသည့် အင်တာနက်ရှာဖွေရေးစာမျက်နှာများကလည်း သင့်ကို သေသေချာချာ မှတ်တမ်းတင်နေပါသည်။ ကျွန်တော်တို့ နိုင်ငံတွင် အမေဇုံကဲ့သို့ အွန်လိုင်း ဈေးရောင်း ၀န်ဆောင်မှု မတွင်ကျယ်သဖြင့် အမေဇုံဥပမာကို မပေးလိုသော်လည်း နည်းနည်းတော့ ပြောပြချင်ပါသည်။ အမေဇုံသည် သင်ဝင်ကြည့်သမျှ ကုန်ပစ္စည်းများ ၀ယ်ခဲ့သမျှ ကုန်ပစ္စည်းများ၊ မ၀ယ်သော်လည်း ရွေးချယ်ထားခဲ့သမျှ ကုန်ပစ္စည်းများကို အကုန်မှတ်မိနေပြီး သင့်ထံကို ပစ္စည်းဝယ်ရန် အကြံပြုချက်များ အဆက်မပြတ် ပို့နေပါသည်။ သင်က အမေဇုံကို သုံးလေလေ အမေဇုံပေးပို့နေသော အကြံပြုချက်များက သင်နှင့် ကိုက်ညီလေလေ ဖြစ်ပါသည်။ ယခု တင်ပြနေသော ဖေ့ဘုတ် ဂူဂဲ အမေဇုံတို့မှာ အထက်တွင်ပြောခဲ့သည့် Dataism နှင့် ပတ်သက်သော သိသာထင်ရှားသည့် ဥပမာများ ဖြစ်ပါသည်။ ဒီလောက်များဖြင့်တော့ အချက်အလက်တွေ မှတ်တမ်းတင်တာလောက်ကို Data Relegion လို့ မခေါ်နိုင်ပေါင်လို့ သင်ထင်ကောင်း ထင်ပေလိမ့်မည်။ အချက်အလက်များ၏ အရေးပါ အသုံးဝင်မှုက သင့်ကို ကြော်ငြာတွေ ပို့ရုံလောက်တင် ရပ်မသွားပါ။
.
. . . ကော်လာပြာ လုပ်သားများ သာမက ကော်လာဖြူ လုပ်သားများကိုပါ ကွန်ပြူတာလူသားများက အစားထိုးမည်ဟု အထက်တွင် ပြောခဲ့သည်။ လူသားကျောင်းဆရာနေရာတွင် စက်ရုပ်ကျောင်းဆရာတစ်ယောက် အစားထိုးကြည့်ကြပါစို့။ စက်ရုပ်ကျောင်းဆရာ၏ ရုပ်ရည်ရူပကာသွင်ပြင်နှင့် ပတ်သက်ပြီး အထွေအထူး ပြောစရာမလိုဟု ထင်ပါသည်။ နည်းပညာသည် လူနှင့်တူသည့် စက်ရုပ်ကို ထုတ်လုပ်ဖို့လောက်တော့ဖြင့် ပျင်းတောင်ပျင်းသေးတယ်အဆင့် ရှိနေပြီဖြစ်ကြောင်း သင်သိပြီးဖြစ်ပါလိမ့်မည်။ စက်ရုပ်ကျောင်းဆရာသည် လူသားကျောင်းဆရာထက် ဘာတွေများ သာနေပါသနည်း။ စက်ရုပ်ကျောင်းဆရာသည် လူသားကျောင်းဆရာတစ်ယောက်လို ကျောင်းသားစိတ်နေသဘောထားနှင့် ပတ်သက်သော အပြုအမူအပြောအဆိုများဖြင့် ကျောင်းသားနားဝင်အောင် သင်တတ်ပါမည်လား။ ဒါ့ထက်တောင်ပိုသေးလို့ ပြောရမည် ထင်ပါသည်။ စက်ရုပ်ကျောင်းဆရာသည် ကျောင်းသားကို စာသင်နေစဉ်အတွင်း ကျောင်းသား၏ တုန့်ပြန်မှုများကို အသေးစိတ် မှတ်တမ်းတင်နေပါလိမ့်မည်။ မည်သို့သောအခြေအနေတွင် ကျောင်းသားသည် စိတ်ဝင်စားမှု နည်းသွားပါသနည်း။ ဆရာ့မေးခွန်းများကို ကျောင်းသားက မည်သို့ တုန့်ပြန်ပါသနည်း။ မည်သို့သောမေးခွန်းမျိုးကို အလျင်အမြန်တုန့်ပြန်တတ်ပြီး မည်သို့သောမေးခွန်းမျိုးကို တုန့်ပြန်မှု နှေးပါသနည်း။ မေးခွန်းတစ်ခုကို တုန့်ပြန်ရန် အချိန်မည်မျှ ကြာပါသနည်း။ မည်သို့သော အကြောင်းအရာမျိုးကို ကြားရသည့်အခါ ကျောင်းသားမျက်လုံးများ အရောင်တောက်သွားပါသနည်း၊ ကျောင်းသားက မည်သို့သော မေးခွန်းမျိုးများကို မေးတတ်ပါသနည်း။ ထိုထိုသော အချက်အလက်များကို စုဆောင်းထားပြီး သကာလ ကျောင်းသားနှင့် အသင့်တော်ဆုံးသော သင်ကြားနည်းဖြင့် သင်ကြားပါလိမ့်မည်။
.
. . . ထို့အတူ ဆရာဝန်များ ရှေ့နေများသည်လည်း စက်ရုပ်ဆရာဝန် စက်ရုပ်ရှေ့နေများဖြင့် အလုပ်ဖြစ်လာတော့မည်ဖြစ်ပါသည်။ ကောင်းပါပြီ။ လူသား ကျောင်းဆရာနှင့် စက်ရုပ်ကျောင်းဆရာ၊ လူသားဆရာဝန်နှင့် စက်ရုပ်ဆရာဝန် အဓိက ကွာခြားချက်က ဘာများဖြစ်မည်နည်း။ လူသားကျောင်းဆရာတစ်ယောက် ဆရာဝန်တစ်ယောက် ဖြစ်ဖို့အတွက် နှစ်ပေါင်းများစွာ ပညာသင်ကြားရသည်။ အတွေ့အကြုံပေါင်းများစွာ ထိတွေ့လေ့ကျင့်ပေးရသည်။ ထိုဆရာဝန် အသက်ကြီးလာသည်နှင့်အမျှ အတွေ့အကြုံ ရင့်ကျက်လာသည်၊ နောက် ထိုဆရာဝန် အချိန်တန်လို့ သေသွားသောအခါ သူ့အတွေ့အကြုံ သူ့ပညာများ ပါသွားတော့သည်။ နောက်ထပ်ဆရာဝန်တစ်ယောက်ကို အစက ပြန်လေ့ကျင့် မွေးထုတ်ပေးရပြန်သည်။ ဒါ့အပြင် ဆရာဝန်တစ်ယောက်တတ်သော ပညာသည် ထို ဆရာဝန်တစ်ယောက်မှာသာရှိသည်၊ တစ်ခြားဆရာဝန်တစ်ယောက်ထံ သီချင်းကူးသလို ကူးပေးလို့မရ။ ဒီနေရာမှာ စက်ရုပ်များက သာသည်။ စက်ရုပ်ဆရာဝန်တစ်ယောက် အတွေ့အကြုံများကို Data base တွင် သိုမှီးထားခြင်းဖြင့် တစ်ခြား စက်ရုပ်ဆရာဝန်များထံ ထို အချက်အလက်များ အချိန်နှင့် တစ်ပြေးညီ ပို့ပေးနေလို့ရသည်။ ထိုစက်ရုပ်ဆရာဝန်သည် သေလည်းမသေ။ နောက်ဆုံးတစ်နေ့ စက်ရုပ်ဟောင်းသွားလို့ပဲဖြစ်ဖြစ် စက်ရုပ်အသစ်လဲရတယ်ဆိုရင်တောင် Database ထဲ သိမ်းထားသော အချက်အလက်များကို နောက်စက်ရုပ်က အသာလေး ယူသုံးရုံသာ။ ထိုသို့သော စက်ရုပ်တွေ အများကြီး ကွန်ယက်ဖွဲ့ထားသည့် စက်ရုပ်ဆရာဝန်များ၊ မောပန်းခြင်း စိတ်တိုခြင်း ထမင်းဆာခြင်း ရေငတ်ခြင်း စသည့် ဘေးပန်းပယောဂ အနှောင့်အယှက်များ မရှိသော စက်ရုပ်ဆရာဝန်များကို ဘေးပန်းအနှောင့်အယှက်များစွာရှိသော အသွေးအသားဖြင့် တည်ဆောက်ထားသည့် ဆရာဝန်များက မည်သို့မည်ပုံ ယှဉ်နိုင်ပါမည်နည်း။ ယခု တင်ပြနေသော ဆရာဝန်ဥပမာသည် စိတ်ကူးယဉ်သက်သက်မဟုတ်၊ အမှန်တကယ်ပင် လက်တွေ့ကျင့်သုံး အောင်မြင်နေသော ခေတ်သိပ္ပံစွမ်းဆောင်ချက် သက်သေတစ်ခုဖြစ်ပါသည်ဆိုလျှင် သင်အံ့သြကောင်း အံ့သြမည်ဖြစ်သော်လည်း နည်းနည်းလောက် ဆက်တွေးကြည့်လိုက်လျှင် ကြောက်စရာကောင်းလောက်အောင် အနာဂတ်မဲ့နေသော လူသားများ အခြေအနေကို သင်တွေ့ရမည်ဖြစ်သည်။
.
. . . ယခုပင်လျှင် မောင်းသူမဲ့တက္ကစီများ စမ်းသပ်အောင်မြင်နေပြီး လမ်းမများပေါ် ပြေးလွှားနေကြပြီ။ မကြာတော့သော အနာဂတ်တွင် တက္ကစီယာဉ်မောင်းများ အလုပ်ရှိကြတော့မည်မဟုတ်။ ထိုသို့သော အလုပ်မျိုးများသာမက အထက်တွင် ဆိုခဲ့သည့် ဆရာဝန် ရှေ့နေ ကျောင်းဆရာစသော အလုပ်များကိုလည်း ပိုမိုစွမ်းဆောင်ရည်ပြည့်ဝသည့် စက်ရုပ်များက နေရာဝင်ယူကြတော့မည်။ ဒါဆိုရင် စာရေးဆရာအလုပ်၊ ဂီတပညာရှင်အလုပ်တို့ကို ပြောင်းလုပ်မည်ဟု စိတ်ကူးနေပါသလား။ ဒါတွေကိုတော့ စက်ရုပ်တွေ မလုပ်နိုင်လောက်ဘူးဟု သင်တွေးမိနေပါသလား။
.
. . . ကျွန်တော်တို့ အထက်တန်းကျောင်းသားဘ၀ ၁၉၉၆- ၉၇ လောက်က Deep Blue ဟု အမည်ပေးထားသော စစ်တုရင်ကစားသည့် စူပါကွန်ပြူတာက ထိုစဉ်က စစ်တုရင်ချန်ပီယံ ဂယ်ရီကက်စပါရော့ကို အနိုင်ကစားလိုက်ကြောင်း သတင်းတွေ ကြားရတော့ တော်တော်လေး အံ့သြမိခဲ့ကြသည်။ ဘယ်လိုတောင်လားပေါ့။ ဒါပေမယ့် ထိုသို့အနိုင်ကစားခဲ့မှုသည် လွန်ခဲ့သောဆယ်စုနှစ် နှစ်ခုကဖြစ်သည်။ ယခုကွန်ပြူတာ ဥာဏ်ရည်တုနည်းပညာတွေက ထိုထက် အဆပေါင်းများစွာ တိုးတက်နေပေပြီ။ တေးဂီတသီကုံးနိုင်သော ဥာဏ်ရည်တုပင်ရှိနေပြီဖြစ်ရာ လူသားတေးဂီတနှင့် စက်ရုပ်တေးဂီတ အတူတူ တီးမှုတ်စေပြီးနောက် လူလား စက်ရုပ်လား ခွဲခြားစမ်းသပ်ရာမှာ လူသားဖန်တီးထားသော ဂီတနှင့် မခွဲနိုင်လောက်အောင် ပြောင်မြောက်လှသော တေးဂီတကို ယခုခေတ် ဥာဏ်ရည်တုက ဖန်ဆင်းနေနိုင်ပြီ ဖြစ်ပါသည်။ နောင်ဆိုလျှင် E-book များ ဖတ်ရှုသည့် Kindle တက်ဘလက်များတွင် ကင်မရာများ ပါလာတော့မည်။ သင်က စာကိုဖတ်နေစဉ် Kindle က သင့်ကို ဖတ်နေလိမ့်မည်။ သင် ၀တ္ထုတစ်အုပ် ဖတ်သည်ဆိုပါစို့။ မည်သည့်နေရာတွင် သင်စိတ်အ၀င်စားဆုံးဖြစ်သည်၊ မည်သည့်နေရာတွင် ဖတ်နေရင်း သင်ပျင်းလာသည်။ မည်သည့်နေရာကို နှစ်ခါပြန်ဖတ်သည်။ မည်သည့်နေရာတွင် စာအုပ်ကို ပစ်ချပြီး ထွက်သွားသည် စသည်ဖြင့် သင်စာဖတ်နေစဉ် စာအုပ်က သင့်ကို ဖတ်ပြီး မှတ်တမ်းတင်နေလိမ့်မည်။ ၀တ္ထုတစ်အုပ် သင် ဖတ်ပြီးသွားသောအခါ သင်သည် ဘယ်လိုလူမျိုးဖြစ်ကြောင်း၊ ဘာကိုကြိုက်တတ်ပြီး ဘာကို မကြိုက်တတ်ကြောင်း Kindle Database က မှတ်တမ်းတင်ပြီးသားဖြစ်သွားမည်။ နောက်တစ်ခါ သင်စာအုပ်ဖတ်ဖို့ ရွေးသောအခါ သင့်အကြိုက်စာအုပ်များကို Kindle က အကြံပေးလိမ့်မည်။ သင့်အကြောင်းကို သင့်ထက်ပင်ပိုသိသော သင့်အကြိုက်ကို သင့်ထက်ပင် ပိုရွေးပေးတတ်သော Data Religion ဘာသာတရားကို သင်ကိုးကွယ်ရတော့မည်ဖြစ်သည်။
.
. . . ထို့ကြောင့် အခွင့်အာဏာနှင့် ကံကြမ္မာစီရင်ပိုင်ခွင့်များသည် မူလက ဘုရားသခင်ထံ ရှိနေရာမှ လူသားများထံရောက်လာသည်။ ဆက်လက်ပြီး လူသားတို့ကို စီရင်ဖန်တီးနိုင်ခွင့်ကို စီလီကွန်တောင်ကြားနှင့် ဂူဂဲ အမေဇုံတို့က သိမ်းပိုက်ကြတော့မည်။ သိမ်းလည်း သိမ်းပိုက်နေပြီဖြစ်သည်။ ကမ္ဘာပေါ်ရှိ အင်တာနက် အသုံးပြုသူ သန်းပေါင်းများစွာသော လူသားများထံမှ အချက်အလက်များကို နေ့စဉ်နှင့်အမျှ စုဆောင်းနေပြီး လူသားတို့ကလည်း မိမိတို့ အချက်အလက်များကို ရက်ရက်ရောရော ပေးနေကြသည်။ သို့မဟုတ် ဈေးပေါပေါ ရောင်းချနေကြသည်။ ဘာနှင့်တူသနည်းဆိုသော် မိမိတို့ တိုင်းပြည်နယ်နိမိတ်များကို စာချုပ်စာတမ်း ခိုင်ခိုင်မာမာဖြင့် သိမ်းပိုက်ယူငင်ရန် လုပ်ဆောင်နေသည့် ကိုလိုနီနယ်ချဲ့များအား တန်ဖိုးမရှိလှသည့် ရောင်စုံပုတီးလက်ဆောင်ကိုမက်ပြီး ဘုမသိဘမသိ သဘောတူလက်မှတ်ရေးထိုးပေးမိနေသော မူရင်းနေတိုင်းရင်းသား လူမျိုးစုအကြီးအကဲများလိုဖြစ်နေကြသည်။ အင်တာနက်တွင် မိမိသွားသမျှ နေရာတွေကို လိုလိုလားလား မှတ်တမ်းတင်ပေးသည်။ မိမိခံစားချက်များကို ပွင့်ပွင့်လင်းလင်း ပြောပြသည်။ မိမိအသက် ဇာတိ ၀ါသနာ ပညာအရည်အချင်း ဆွေမျိုးသားချင်း ချစ်သူအိမ်ထောင်ဘက် စသည်တို့သာမက မိမိ ကိုယ်အလေးချိန် အရပ်အမောင်း သွေးခုန်နှုန်း စသည့် သတင်းအချက်အလက်များကိုပါ ရက်ရက်ရောရော ပေးနေကြသည်။ ဤသို့ဖြင့် ယနေ့ခေတ် ကမ္ဘာ့လူသား သန်းပေါင်းများစွာတို့သည် Data Religion ဘာသာတရားအတွင်း တစ်နေ့တစ်ခြား သက်ဆင်းမိနေကြလေပြီ။
.
. . . ပါမောက္ခဟာရာရီ၏ အဆိုအရ လူသားသန်းပေါင်းများစွာထံမှ စုဆောင်းထားသော အချက်အလက်များနှင့် ဥာဏ်ရည်တုနည်းပညာ၊ အင်တာနက်ကွန်ယက် စသည်တို့ ပေါင်းစည်းစွမ်းအားဖြင့် လူသားတို့ လုပ်ဆောင်နိုင်သမျှ အလုပ်တိုင်းကို ကွန်ပြူတာလူသား စက်ရုပ်များက လုပ်ဆောင်လာနိုင်တော့မည်ဟု ဆိုသည်။ ယင်းအချိန်သည် ကျွန်တော်တို့ သက်တမ်းအတွင်းမှာပင် ဖြစ်နိုင်နေသည့်သဘောဖြစ်သည်။ ဆေးကုသည့် ဆရာဝန်၊ နှစ်သိမ့်ဆွေးနွေးသည့် ဆရာဝန်၊ အလိုအလျောက်ဖြေကြားပေးမည့် ၀န်ဆောင်မှု၊ ကျောင်းဆရာ၊ တေးဂီတပညာရှင် နှင့် ယုတ်စွအဆုံး ၀တ္ထုကဗျာ ရေးသားသည့် စာရေးဆရာ အလုပ်များကိုပင် ခေတ်သစ် ဥာဏ်ရည်တုနည်းပညာက လုပ်ဆောင်နိုင်ကြတော့မည်။ ပထမဆုံးအနေနှင့် ကမ္ဘာပေါ်တွင် ပထမဆုံး အလုပ်လက်မဲ့ ဖြစ်ကြမည်မှာ တက္ကစီယာဉ်မောင်းများဖြစ်သည်ဟုဆိုသည်။ နောက်ပိုင်း တဖြည်းဖြည်းချင်း အခြားအလုပ်များကိုလည်း စက်ရုပ်များက ၀င်လုပ်ကြတော့မည်ဖြစ်ရာ မိမိနောက် မျိုးဆက်များကို မည်သည့်အသက်မွေးဝမ်းကျောင်းမှုပညာ သင်ကြားပေးရမည်နည်းဆိုသည်ကိုပင် စဉ်းစားမရတော့ဟု ဆိုပါသည်။
.
. . . ဤစာအုပ်ကို ဖတ်နေစဉ် စာရေးသူကို ပြန်မေးချင်သော မေးခွန်းတွေ ရှိခဲ့သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနှင့် လောကနှင့် လူသားတို့ကို ဖန်ဆင်းသော ဘုရားသခင်ဆိုတာ မရှိကြောင်း၊ လူမှာအမြဲတည်တံ့နေသော ၀ိဥာည်ဆိုတာ မရှိကြောင်းများကို မူလကပင် လက်ခံယုံကြည်ပြီး ဖြစ်သော်လည်း မိမိလုပ်ဆောင်သမျှတိုင်းသည် မိမိ၏ ကိုယ်ပိုင်ရွေးချယ်ဆုံးဖြတ်ချက်များမဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းက ဇီဝဓာတု စည်းမျဉ်းများ Biochemical Algorithm များ၏ ကျပန်းသဘော ဖြစ်ပျက်ပြောင်းလဲမှုများအတိုင်း လိုက်ပါနေခြင်းဖြစ်သည်ဆိုသည့်အချက်ကိုမူ ဘ၀င်မကျလှပါ။ မိမိ ယုံကြည်ထားသော ကံ ကံ၏ အကျိုးကို မျက်ကွယ်ပြုထားသလို ဖြစ်နေသော အဆိုပါ သဘောတရားကို ကိုယ်တွေးနိုင်စွမ်းရှိသလောက် ဆင်ခြင်သုံးသပ်ကြည့်မိပါသည်။ ထိုကျပန်းသဘော ဆိုသည်များမှာ ဗုဒ္ဓအဘိဓမ္မာတွင် ထင်ထင်ရှားရှား ပိုင်းခြားပြထားသည့် စိတ်စေတသိက် ဇော စသည့် သဘောတရားများအတိုင်း ဖြစ်လေမလားဟု တွေးကြည့်မိပါသည်။ အကယ်၍သာ ပါမောက္ခ ဟာရာရီသည် ဗုဒ္ဓအဘိဓမ္မာကို သေသေချာချာ လေ့လာထားခဲ့လျှင် လူသားတို့ ရွေးချယ်ဆုံးဖြတ်ချက်များဆိုင်ရာ Biochemical Algorithm သဘောတရားများကို ပိုပြီး ပြည့်ပြည့်စုံစုံ ရှင်းပြနိုင်လေမလား စောကြောမိပါသည်။
.
. . . ယခု ဤစာကို ဖတ်နေသည့် စာရှုသူများအနေနှင့် ကျွန်တော်ပြန်လည်ဖောက်သည်ချသည်များကို သဘောတူသည်လည်းရှိမည်၊ သဘောမတူသည်လည်းရှိမည်၊ အပိုတွေဟု ထင်ကောင်းလည်းထင်မည်။ ကျွန်တော်ကလည်း ပါမောက္ခဟာရာရီ ရေးထားသမျှ အမှန်တွေပါဟု မျက်စိမှိတ်ယုံကြည်ဖို့ မတိုက်တွန်းလိုပါ။ ၁၉၉၂ ခုနှစ်က ရေးသားထုတ်ဝေခဲ့သည့် ဖူကူယားမား၏ သမိုင်းနိဂုံးစာအုပ်နောက်ပိုင်း လစ်ဘရယ်ဒီမိုကရေစီစနစ်ကို အထိရောက်ဆုံး ကိုင်လှုပ်ထားသည့် စာအုပ်တစ်အုပ်ကို သတိပြုမိစေလိုသောသဘော၊ လောလောဆယ်တွင် အုတ်အော်သောင်းတင်းဖြစ်နေသည့် သမိုင်းပညာရှင်တစ်ဦး၏ အမြင်များကို သိစေလိုသော သဘောဖြင့်သာ ဤစာကို ရေးသားပါသည်။ ယုံတာမယုံတာ အပထားပြီး ဖတ်ကိုဖတ်သင့်သည့် စာအုပ်တစ်အုပ်ကို မိမိ နားလည်သမျှ ညွှန်းပြခြင်းသာဖြစ်ပါသည်။ ဖြစ်နိုင်လျှင် စာအုပ်နှစ်အုပ်လုံးကို မြန်မာဘာသာပြန်ဆိုမျှဝေပေးချင်မိပါသည်။
.
ဗိုလ်ကောင်း
၆ အောက်တိုဘာ ၂၀၁၇
.
the East
Ideas for the People
Vol. (1), No. (1),
January, 2018

Friday 29 September 2017

1950s 60s Fashion ?

One of the favorite snapshots ever taken. The photo was retouched and modified as an antique one in which the characters dressed up as the university students of the old days.

Tuesday 5 September 2017

နတ်နေကိုင်း


. . . ငယ်ငယ်တုန်းက အိမ်နီးဝန်းကျင် သစ်ပင်ကြီးများ ချိုင်တဲ့အခါ အပင်ကတုံး တုံးဖြစ်ရင်တောင် ကိုင်းလေးတစ်ကိုင်းကိုတော့ ချန်ထားခဲ့ရတယ်။ တစ်ပင်လုံးတောင် ခုတ်ပစ်မင့်ဟာ ဒီတစ်ကိုင်းကျမှ ဘာလို့ချန်ထားရတာလဲ ဆိုတော့ အဲဒါ နတ်နေကိုင်းလို့ခေါ်တယ်သားရဲ့။ တစ်တောရှင်း တစ်ပင်ချန် တစ်ပင်ခုတ် တစ်ငုတ်ချန်ရတယ် အဲဒါမှ အပင်စောင့်တဲ့ နတ်တွေ နေစရာရမှာပေါ့။ နို့မဟုတ်ရင် သူတို့တွေ နေစရာဘုံပျောက်သွားမှာပေါ့၊ ဒါကြောင့် နတ်နေကိုင်းဆိုတာ ချန်ရတယ်လို့ အမေက ပြောပြဖူးပါတယ် . . .
.
. . . လူ့အသိုင်းအ၀ိုင်းမှာလည်း နတ်နေကိုင်းတွေဆိုတာ ရှိရဲ့။ ဥပမာ အမေပေါ့၊ အမေသည် သားသမီးများအပေါ်မှာ နစ်နာစေလိုတဲ့ စေတနာနဲ့ ပြုတဲ့ကံ မရှိဘူးဆိုတဲ့ ယုံကြည်ချက်အပေါ် အခြေခံပြီး ကိုယ့်စိတ်နဲ့ မတွေ့လို့ အမေမှားတယ်လို့ ခံစားမိခဲ့ရင်တောင် အမေသည် ဘယ်တော့မှ မမှား၊ အမေသည် အမှားကို ပြုသူမဟုတ်၊ အမေ့စေတနာက ကိုယ့်လိုလားချက်နဲ့ မကိုက်လို့သာရယ်လို့ ဖြေသိမ့်ပြီး အမေ့အပေါ် အပြစ်မမြင်မိအောင် ကိုယ့်စိတ်ကို ဆုံးမရတယ်။ အမေက မိသားစုရဲ့ နတ်နေကိုင်းကိုး၊ တစ်ပင်လုံး ခုတ်မယ်ဆိုရင်တောင် တစ်ငုတ်အဖြစ်နဲ့ ချန်ကိုချန်ထားရမယ့် နတ်နေကိုင်းပေမို့. . .
.
. . . ရောက်ရာအရပ် နေရာဌာနတွေမှာလည်း အမေလို နတ်နေကိုင်းတွေရှိတယ်၊ ကိုယ့်ရဲ့ အမိလို အဖလို ဆွေမျိုးသားချင်းလို ဦးကြီးဒေါ်ကြီးအရင်းအချာလို ကိုယ့်အကျိုးကို လိုလားပြီး ကိုယ့်ကောင်းရာကောင်းကျိုးကို ပြုပြီး စောင့်ရှောက်နေသူဟာ ကိုယ့်အတွက် နတ်နေကိုင်းပဲ။ အဲသည် နတ်နေကိုင်းကြောင့် ကိုယ့်မှာ အမိအဖ ဝေးနေသော်လည်း ကိုယ့်ရေကိုယ့်မြေ ဝေးနေသော်လည်း ကိုယ့်ဆွေကိုယ့်မျိုး ဝေးနေသော်လည်း ကိုယ့်စိတ်မှာ လုံခြုံတဲ့ နွေးထွေးမှုကို ရတယ်။ ကိုယ့်အပေါ် ပြုဖူးတဲ့ ကျေးဇူးကို ပြန်သာအောက်မေ့ဆင်ခြင်ကြည့်လိုက်လို့ကတော့ စိတ်နဲ့ ပြစ်မှားမိမယ်ကြံရင်တောင် ကိုယ့်စိတ်ကိုယ် ချက်ချင်း ဆုံးမသွန်သင်ထိုက်လောက်အောင် အလေးအမြတ် ပြုအပ်သူတွေ၊ အဲသည်လို နတ်နေကိုင်းတွေဆိုတာ ကိုယ့်ဘာသာ ခုတ်ပစ်ဖို့ နေနေသာသာ ခုတ်မယ်ကြံတဲ့သူ တွေ့ရရင်တောင် နည်းမျိုးစုံသုံးပြီး တားဆီးထိန်းသိမ်းအပ်တာမျိုး မဟုတ်လား . . .
.
. . . တစ်ယောက်နဲ့တစ်ယောက် ကိုယ်ကျင့်သီလ သိက္ခာသမာဓိနဲ့ တည်ကြည်လေးနက်မှုတွေ ထားရှိအပ်တဲ့ တန်ဖိုးတွေ စံနှုန်းတွေပေါ် မူတည်ပြီး ဘယ်အရာကို နတ်နေကိုင်း သိမှတ်မလဲ ဆိုတာတော့ တူကောင်းမှ တူကြမယ်လေ။ တစ်ခါတစ်ရံမှာလည်း ကိုယ့်တန်ဖိုး စံနှုန်းတွေနဲ့ အံမ၀င်သော်လည်း အခြေအနေ အကြောင်းကြောင်းကြောင့် သိမှတ်လိုက်ရတဲ့ နတ်နေကိုင်းတွေ ဆိုတာ တစ်ချို့သူတွေအတွက် ရှိကောင်းရှိကြမှာပဲ . . .
.
. . . ကိုယ့်အတွက်ကတော့ ကိုယ့်ရင်ထဲက တကယ်တန်ဖိုးထားတဲ့ အလေးအမြတ် ပြုအပ်သူတွေကိုသာ နတ်နေကိုင်း သိမှတ်ခွင့် ပိုင်ပိုင်နိုင်နိုင်ရှိတဲ့ ကိုယ့်ရဲ့ လွတ်လပ်မှုကို ကျေနပ်ဂုဏ်ယူလို့မဆုံး . . .
.
ဗိုလ်ကောင်း
၅ စက်တင်ဘာ ၂၀၁၇

Wednesday 30 August 2017

တာဝန်မကျေ


. . . တို့နိုင်ငံတော်ကြီး လုံခြုံရေးစည်းကို ထိပါးခံနေရချိန်မှာ အဲသည်အခြေအနေ စိတ်ဝင်စားမှုများနေတာကို အခွင့်ကောင်းယူပြီး မိတ်ဆွေများကို သိစေချင်တဲ့ အကြောင်းအရာလေးတွေ ရေးတင်ရင်း ကိုယ့်နိုင်ငံသားတွေ (အနည်းဆုံးတော့ ဖွဘုတ်မိတ်ဆွေတွေ) အတွက် လုံခြုံရေးအသိအမြင်ကို တစ်ဘက်တစ်လမ်းက ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားခြင်းဟာ နိုင်ငံတော်ကို ကာကွယ်နေခြင်းတစ်မျိုးဖြစ်တယ်လို့ ခံယူထားပေမယ့် လတ်တလောမှာ မဖြစ်မနေ အာရုံစိုက်လုပ်နေရတာတစ်ခု ရှိနေတော့ လုပ်သင့်တဲ့ ဦးစားပေး နောက်ကိုရွှေ့ထားလိုက်ရတယ်။ လုပ်သင့်တဲ့အချိန်မှာ လုပ်ဖို့အခွင့်မသာတဲ့ အခြေအနေကြောင့် တာဝန်မကျေသလို ခံစားရမိတယ် . . .
.
၃၀ သြဂုတ် ၂၀၁၇

ဖီးလင်း နော့တီး


မက်ဆေ့ဘောက်ကနေ စကားပြောနေရင်း ရုတ်တရက် မက်ဆေ့ဘောက်ပိတ်ခံလိုက်ရတဲ့ ညီလေးရေ
.
မင်းကို မက်ဆေ့ဘောက်ကနေ ဘလော့ထားတယ် ညီလေး။ ဘာလို့ ဘလော့လဲ သိလား။ ငါစိတ်လိုက်မာန်ပါ ပြောတဲ့ စကားကို မင်းက လက်ခံမှာမဟုတ်ဘူး။ ပြီးရင် ငါပြောတာ မှားတယ်ဆိုတဲ့အကြောင်း မင်းက ငါ့ကို အကိုးအကားအမျိုးမျိုးနဲ့ ရှင်းပြဖို့ ကြိုးစားလိမ့်မယ်။ နဂိုကတည်းက စိတ်လိုက်မာန်ပါ လေသံနဲ့ ပြောထားတဲ့အတွက် ငါကလည်း အလျော့ပေးမှာ မဟုတ်ဘူး။ မင်းကလည်း စိတ်လိုက်မာန်ပါ ဖြစ်နေတဲ့သူတစ်ယောက်ကို အသာလေး လွှတ်ထားပေးပြီး စိတ်အေးလက်အေးရှိမှ သူဘာကြောင့် ဒီလိုပြောတာလဲဆိုပြီး ကိုယ့်သဘောတရား သူလက်ခံလာအောင် ပြောနိုင်လောက်တဲ့ သံခင်းတမန်ခင်း မရှိဘူး။ ပြောရရင် မပါးဘူးပေါ့ကွာ။

ပေါင်းသင်းဆက်ဆံရေးမှာ မင်း အဲသည်လို ထူတာတွေကြောင့် အရင်လည်း ခဏခဏ ဖေ့ဘုတ်ကနေ ငါဘလော့တာ ခံရပြီးပြီ ။ အခုလည်း ဘလော့ရတော့မယ့် အခြေအနေ ဆက်မဖြစ်အောင်လို့ မက်ဆေ့ဘောက်ကိုပဲ ဘလော့လိုက်တယ် သိလား ညီလေး

အခု အဲသည်အကြောင်း ခေါင်းထဲ မထည့်နိုင်သေးဘူးကွာ

ဆောရီးပါ ညေးရာ

ငါက မင်းဖြစ်စေချင်သလို စိတ်သဘောထား မပြည့်ဝဘူးကွ ခ်ခ် 

Tuesday 29 August 2017

ဝက်ပေါက်လေး မီးပန်းလွှတ်


ဟျောင့် သားရီး . . .
နောက်တစ်ခါ မီးပန်းဖောက်မယ်ဆို မနက်အစောကြီး အိပ်ကောင်းတုန်းကြီးတော့ မလုပ်နဲ့လေကွာ . လခွမ်းတဲ့မှဘဲ အိပ်ရေးပျက်တယ်ဟ
.
. . . မနက်အိပ်ကောင်းတုန်းရှိသေး တယ်လီဖုန်းက အန္တရာယ်သတိပေးတဲ့အသံနဲ့ ထမြည်လို့ အိပ်ချင်မူးတူးနဲ့ မျက်လုံးမဖွင့်ဘဲ ဖုန်းကို လက်နဲ့လိုက်စမ်းပြီး ပိတ်ပစ်လိုက်တယ်။ ကိုရွှေနိပွန်းတွေ ဘယ်တော့မဆို လုပ်လိုက်မှဖြင့် အလန့်ထညက်၊ မိုးများလို့ မြေပြိုမှာစိုးလို့ သတိပေးရတာနဲ့၊ ငလျင်လှုပ်လို့ သတိပေးရတာနဲ့၊ သူတို့က သတိတွေ ပေးနေဖန်များတော့ ကိုယ်လည်း သိပ်ဂရုမစိုက်မိတော့ဘူး။ ဖြစ်ချင်ရာဖြစ်ကွာ သေနေ့စေ့လို့ကတော့ ထွက်ပြေးလည်း သေမှာပဲ၊ ဒီမှာနေလည်း သေမှာပဲ၊ သေရမယ့်အတူတူ အပင်ပန်းတော့ မခံနိုင်ဘူး ကိုယ့်အိပ်ယာလေးထဲမှာပဲ ဇိမ်ကျကျ သေမယ်ဆိုပြီး ဖုန်းပိတ် ဆက်အိပ်နေလိုက်တယ် . . .
.
. . . နိုးလာတော့မှ သတင်းတွေတက်နေလိုက်တာ နည်းပါရိုးလား၊ ဟိုဝက်ပေါက်လေးက မီးပန်းစမ်းလိုက်တာ ဂျပန်ပင်လယ်ထဲကနေ ဟော့ကိုင်းဒိုးကိုဖြတ်ပြီး ရေထဲကျသွားတယ်ဆိုပဲ။ အဲ မကြောက်ဘူးဆိုပေတဲ့ နည်းနည်းတော့ ဟိုဒင်းပြုတယ်။ ဟော့ကိုင်းဒိုးဆိုတာ ဂျပန်မြောက်ဘက်အစွန်ဆုံးက ကျွန်းမကြီး၊ တိုကျိုနဲ့ နည်းနည်းလှမ်းပေမယ့် ကိုယ်တွေကနဲ့က ပိုနီးတယ်လေ။ ကိုယ့်အရပ်ကို တည့်တည့်ချိန်ပစ်လို့ မသကာ သေရတယ်ဆို သေပျော်သေး။ မတော်တဆများ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ၊ သူတို့ ပရိုဂရမ်မှားလို့ပဲဖြစ်ဖြစ်၊ ယမ်းအချိန်အဆလွဲလို့ပဲဖြစ်ဖြစ်၊ လေသင့်ပြီးတော့ပဲဖြစ်ဖြစ် လမ်းကြောင်းချော်ချက်ပြီး ကိုယ်တွေပေါ်များတည့်တည့်လာကျလို့ကတော့ . . .
.
၂၉ သြဂုတ် ၂၀၁၇

Monday 28 August 2017

မူလန်


. . . ရာသီဥတုသာယာပြီး တိမ်ကင်းစင်တာမို့ လဆန်းခုနစ်ရက်လက အေးအေးမြမြသာနေတယ်၊ ကြယ်တွေကလည်း စုံလိုက်တာ၊ ဒီလိုကြယ်တွေ စုံစုံညီညီနဲ့ မမြင်ရတာ ကြာပါပကော၊ ကြယ်တွေစုံတဲ့ အခုလို ညမျိုးမှာ ပန်းပွင့်လေးကို လွမ်းနေမိတယ်။ ပန်းပွင့်လေးသာ အနားမှာရှိရင် ဖတ်စရာစာတွေ ခဏပစ်ထားပြီး မြက်ခင်းစိမ်းစိမ်းပေါ်မှာ ဖျာလေးတစ်ချပ်ခင်းလို့ ကောင်းကင်ကြီးကို မျက်နာချင်းဆိုင်ရင်း ကြယ်လေးတွေ တူတူ ကြည့်ချင်တယ်။ လွတ်လပ်အေးချမ်းတဲ့ အရသာကို ပန်းပွင့်လေးလည်း သဘောကျမှာပဲ။ တလက်လက်တောက်ပနေတဲ့ ကြယ်တွေကိုကြည့်ရင်း ပန်းပွင့်လေးကို ပုံပြောပြမယ်။ ပန်းပွင့်လေး သိပ်ကြိုက်လွန်းလို့ ခဏခဏပြောပြရတဲ့ တရုတ်လူစွမ်းကောင်းမယ်လေး မူလန်အကြောင်း၊ နယ်စွန်နယ်ဖျားမှာ ချဉ်းနင်းဝင်ရောက်လာတဲ့ တိုင်းတစ်ပါး ကျူးကျော်သူတွေကို သွားရောက်နှိမ်နင်းဖို့ နေပြည်တော်ကနေ ဘုရင့်အမိန့်နဲ့ တစ်အိမ်တစ်ယောက် စစ်သားဆင့်တော့ အိုမင်းမစွမ်းတဲ့ ဖခင်ကြီးကိုယ်စား ယောက်ျားလေးအယောင်ဆောင်ပြီး စစ်ထဲလိုက်ခဲ့တဲ့ မူလန်၊ စစ်သင်တန်းရဲ့ ပင်ပန်းဆင်းရဲမှုတွေကို ကြံ့ကြံ့ခံ ကျော်လွှားခဲ့တဲ့ မူလန်၊ ယောက်ျားတွေနဲ့ ပခုံးချင်းယှဉ်ပြီး ကျူးကျော်သူတွေကို တွန်းလှန်ချေမှုန်းခဲ့တဲ့ သူရဲကောင်းမယ်လေး မူလန်၊ ပန်းပွင့်လေးရဲ့ နှလုံးသားထဲက ဇာတ်လိုက်ကျော် မူလန်အကြောင်း ကြယ်လေးတွေကြည့်ပြီး ပြောပြချင်တယ် . . .
.
၂၈ သြဂုတ် ၂၀၁၇

Monday 21 August 2017

၁၅၀၀ တန်


. . . ကိုယ်တွေတုန်းကတော့ ကျောင်းစာလုပ်ရင်း အင်တာနက်ကို စာရှာတဲ့နေရာတစ်ခုအဖြစ် စရင်းနှီးခဲ့ပြီး လူမှုကွန်ယက်ဆိုတာ ကျွဲကူးရေပါ ကြုံရတဲ့ ကိစ္စ။ ကိုယ်သိဖို့လိုတဲ့ ဗဟုသုတအတွက် အင်တာနက်ကို ဘယ်လိုသုံးရမလဲ ဆိုတာရယ်၊ ဘယ်လောက်အတိုင်းအတာအထိ အားကိုးအားထားဖြစ်သလဲ ဆိုတာရယ် သုံးနေရင်းနဲ့ သိလာရတဲ့ အသိ။ လခလေး တစ်လ တစ်သောင်းလောက်ရတဲ့ ခေတ်မှာ တစ်နာရီငါးရာတစ်ထောင်ပေးရတဲ့ အင်တာနက်ကို တစ်ပတ်မှာမှ တစ်နာရီပဲ သုံးနိုင်လို့ အကျိုးရှိအောင် ကြံဖန်သုံးခဲ့ရတာ၊ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်က အဲသလို . . .
.
. . . အခု ဆင်းကတ် တစ်ထောင့်ငါးရာတန်မျိုးဆက်ကတော့ ဖေ့ဘုတ်ကို အင်တာနက် ထင်နေကြပုံပဲ။ ဘယ်လိုအရင်းအမြစ်မျိုးကတော့ ဘယ်လောက်အတိုင်းအတာအထိ အားကိုးအားထားပြုနိုင်သလဲဆိုတာ ဝေဖန်ပိုင်းခြားနိုင်ဖို့ အသာထားလို့ ကိုယ့်အတွက် လိုအပ်တဲ့ ဗဟုသုတတွေကို အင်တာနက်မှာ ရှာလို့ရနိုင်တယ်ဆိုတာတောင် မသိကြတာလား အရေးမလုပ်ကြတာလား ကိုယ်လည်းသေချာတော့မသိ။ သေချာတာကတော့ သူတို့က အင်တာနက်ကို အကျိုးရှိရှိ မသုံးကြရုံတင်မက ကိုယ့်အတွက်လိုအပ်တဲ့ သတင်းအချက်အလက်ကိုတောင် အင်တာနက်ကနေ ဘယ်လို ရှာရမလဲဆိုတာ လျစ်လျူရှုထားကြတယ်။ ကလေးတွေမဟုတ်တော့တဲ့ ခေတ်ပညာတတ် ဘွဲ့ရလူငယ်တွေကိုယ်တိုင်ကို ဒီလိုဖြစ်နေတာ . . .
.
. . . နောက်တစ်ခုက စာဖတ်ဖို့ကိစ္စ။ ကမ္ဘာပေါ်က ရှိသမျှ စာတွေ အကုန်လျှောက်ဖတ်နေရမယ်တော့ မဟုတ်ဘူးပေါ့လေ။ ကိုယ့်အတွက် လိုအပ်တဲ့စာလေးတော့ ဖတ်ကြပေါ့။ ကိုယ်ကိုယ်တိုင်ပါဝင်ဆင်နွှဲနေတဲ့ ပွဲတစ်ခုအကြောင်း ရေးစရာရှိတယ်ဆိုရင်တောင် ကိုယ်တွေ့တစ်ခုတည်းနဲ့ ပြည့်မှ မပြည့်စုံပဲကို။ ပွဲအကြောင်းရေးထားတဲ့ အားကိုးအားထားပြုလောက်တဲ့ စာမျိုးရှာဖတ်ပြီး ကိုယ်တိုင်တွေ့ကြုံနေရတာနဲ့ ပေါင်းစပ်ပြီး ရေးမှ ပိုပြီး သမာသမတ်ကျတဲ့ စာကောင်းစာသန့်တစ်ပုဒ် ဖြစ်တော့မပေါ့။ စာတွေချည်းမပြည့်စုံပေမယ့် စာမဖတ်ဘဲနဲ့လည်း ပြည့်စုံမှာမှ မဟုတ်ဘဲ . . .
.
. . . စာဖတ်ကြကွာ၊ နေရာတကာ လာလာမမေးကြနဲ့၊ မင်းတို့လက်ထဲက စမတ်ဖုန်းက ဖေ့ဘုတ်သုံးဖို့သက်သက် တီထွင်ထားတာ မဟုတ်ဘူး၊ တစ်ထောင့်ငါးရာတန်ဆင်းကတ်ကို တစ်ထောင့်ငါးရာဖိုးလောက်ပဲ သုံးတတ်ရင်ရင် မင်းတို့လည်း တစ်ထောင့်ငါးရာတန် လူသားပဲ ဖြစ်လိမ့်မယ် — feeling စာဖတ်ကြကွာ အသေးစိတ်တွေ လာလာမမေးကြနဲ့