Friday 27 October 2017

ဖရမ် သို့မဟုတ် ထိုင်းတပ်မတော်၏ ခေါင်းကိုင်ဖခင်


. . . မြန်မာ့နိုင်ငံရဲ့ စစ်သေနာပတိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မွေးစားထားတယ်လို့ သတင်းကြီးနေတဲ့ ထိုင်းနိုင်ငံ ဘုရင့်အကြံပေးကောင်စီ ဥက္ကဌ အငြိမ်းစားဗိုလ်ချုပ်ကြီး ဖရမ် တင်ဆူလန်နိုဒါ နဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူများ အတွက် ဒီစာကို ရေးလိုက်ပါတယ်။
.
. . . ဗိုလ်ချုပ်ကြီး ဖရမ် (ရန်ကုန်တက္ကသိုလ် အက်ဥပေဒ စတင်ထုတ်ပြန်ခဲ့တဲ့) ၁၉၂၀ ပြည့်နှစ်မှာ မွေးဖွားခဲ့တာမို့ ဗိုလ်ချုပ်ကြီးရဲ့ အသက်က မြန်မာနိုင်ငံရဲ့ အမျိုးသားနေ့ သက်တမ်းနဲ့ အတူတူလို့ ဆိုရပါမယ်။ ဘူမိဗလ အတုလတြာ (မဟာပထ၀ီမြေအထုကဲ့သို့ အတုမရှိ ဘုန်းတန်းခိုးကြီးမြတ်တော်မူလှသော) ဘုရင်မင်းမြတ်က ၁၉၂၇ ခုနှစ်မှာ မွေးတာဆိုတော့ ဘုရင်ထက် အသက် ခုနစ်နှစ်လောက် ကြီးပါတယ်။ ထိုင်းနိုင်ငံတောင်ဘက် အစွန်ကျကျ မလေးရှားနယ်စပ်က ဆွန်ခလ ပြည်နယ်ဇာတိပါ။ အသက် ၂၁ နှစ်အရွယ်မှာ ထိုင်းတော်ဝင်စစ်တက္ကသိုလ်ကို တက်ရောက်ခဲ့ပြီး အသက် ၃၉ နှစ်အရွယ်မှာ စစ်မှုထမ်းဆောင်လျက်ကပဲ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီမှာ ခန့်အပ်ခံရချိန်ကစလို့ နိုင်ငံရေးလောကထဲ ၀င်ရောက်လာခဲ့ပါတယ်။ စစ်ဘက်မှာ ထူးချွန်တဲ့ အရာရှိတစ်ယောက် ဖြစ်သလို နိုင်ငံရေးဘက်မှာ ဆိုရင်လည်း လွှတ်တော်အမတ်၊ ၀န်ကြီးချုပ်အကြံပေးအဖွဲ့ဝင်၊ ဒုဝန်ကြီး၊ ၀န်ကြီးတာဝန်များကို သာမက ၀န်ကြီးချုပ်အဖြစ်ပါ သက်တမ်းနှစ်ခုတိုင်တိုင် အောင်အောင်မြင်မြင် ၁၉၈၀ မှ ၁၉၈၈ ထိ ထမ်းဆောင်သွားခဲ့သူ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် ဒုတိယသက်တမ်း ပြီးဆုံးချိန်မှာ တတိယသက်တမ်းအတွက် ဆက်လက် ထမ်းဆောင်ဖို့ ကမ်းလှမ်းတာကို ငြင်းပယ်ခဲ့ပြီးနောက် ဘုရင့်အကြံပေးကောင်စီမှာ ဥက္ကဌအဖြစ် ခန့်အပ်ခံခဲ့ရပြီး အခုအချိန်ထိ အဲသည်တာဝန်ကို ထမ်းဆောင်နေသူပါ။
.
. . . နိုင်ငံရေးမှာ ဒီလောက်အောင်မြင်လှပေမယ့် သူကတော့ သူ့ကိုယ်သူ တကယ့်စစ်သားရင့်မာကြီးတစ်ယောက်အဖြစ်ပဲ ဆက်လက် ခံယူထားတာပါ။ မိန်းမ မယူဘဲ ဘာလို့ လူပျိုသိုးကြီး လုပ်နေတာလဲလို့ မေးရင် သူက စစ်တပ်ကို လက်ထပ်ထားတာလေ လို့ ပြန်ပြောပါလိမ့်မယ်။ ဒီလောက်အထိ စစ်သားစိတ်ရှိတဲ့ လူကြီး ဖြစ်ပါတယ်။
.
. . . လူပျိုကြီး ဖရမ် ဟာ စစ်တပ်ကို သံယောဇဉ်ကြီးလှရုံမက ဘုရင့်အပေါ်မှာလည်း အလွန်ကို အနွံတာခံ သစ္စာရှိလှသူတစ်ဦး ဖြစ်ပါတယ်။ ဘုရင့်ထက် အသက်ခုနစ်နှစ်လောက်ကြီးတဲ့ သူ့ကိုယ်သူ ဘုရင်ကို စောင့်ရှောက်ရမယ့် အစ်ကိုကြီးတစ်ယောက်လို ခံယူထားသလားတော့ မသိပါဘူး။ ၀န်ကြီးချုပ်တာဝန်က အနားယူပြီး ဘုရင့်အကြံပေးကောင်စီမှာ ဥက္ကဌတာဝန် ထမ်းဆောင်ခဲ့ချိန်က စလို့ ဖရမ်ဟာ ဘုရင်မင်းမြတ်ရဲ့ တိုင်းပြည်သာယာဝပြောရေး စီမံကိန်းတွေ အောင်မြင်အောင်၊ ဘုရင်မင်းမြတ်တန်ခိုးအာဏာတည်အောင် အကောင်အထည် ဖော်ပေးတဲ့ ဘုရင့်အပါးတော်မြဲ သစ္စာရှိ ကျွန်ယုံတော်ကြီးအဖြစ် အမှုတော်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နေခဲ့ ထမ်းဆောင်နေဆဲသူ ဖြစ်ပါတယ်။
.
. . . ၀န်ကြီးချုပ်တာဝန်ကိုလည်း နှစ်ရှည်လများ ထမ်းဆောင်ခဲ့၊ စစ်တပ်ထဲမှာလည်း ဗိုလ်ချုပ်ကြီးအဆင့်ထိ ဦးစီးချုပ်ရာထူးတာဝန်ကို ထမ်းဆောင်ခဲ့ရုံသာမက ဘုရင်မင်းမြတ်ရဲ့ အကြံပေးကောင်စီမှာလည်း နှစ်ပေါင်းများစွာ တာဝန်ထမ်းရွက်နေရသူမို့ သူ့ရဲ့ အရှိန်သြဇာကလည်း ထိန်းနိုင်ငံရေးနယ်ပယ်၊ စစ်ဘက်နယ်ဘက် စီးပွားရေးစတဲ့ ဘက်ပေါင်းစုံမှာ ဖြန့်ကျက်လွှမ်းမိုးထားနိုင်သူတစ်ဦး ဖြစ်ပါတယ်။ နှစ်သစ်ကူးနဲ့ သူ့ရဲ့ မွေးနေ့လို အခါသမယ မျိုးတွေမှာ ထိုင်းနိုင်ငံရဲ့ စစ်ဘက်နယ်ဘက်ခေါင်းဆောင်တွေ စီးပွားရေးသမားတွေဟာ သူ့အိမ်ကို လာရောက် ကန်တော့ကြပါသတဲ့။ ဘာလို့လဲဆိုတော့ စစ်ဘက်မှာဆိုရင် လက်ရှိခေါင်းဆောင်တွေဟာ တစ်ချိန်တုန်းက သူ့လက်အောက်ငယ်သား ဖြစ်ရင်ဖြစ် ဒါမှမဟုတ် သူ့ငယ်သားရဲ့ နောက်တစ်မျိုးဆက် ငယ်သားတွေ ဖြစ်နေတာမက နယ်ဘက်ဗျူရိုကရက် ယန္တယားထဲမှာလည်း သူ့လက်အောက်မှာ တစ်နေရာမဟုတ် တစ်နေရာမှာ အလုပ်လုပ်ခဲ့ကြဖူးသူတွေ အများသားမို့ပါတဲ့။ ဒါ့အပြင် ဖရမ်ဖောင်ဒေးရှင်းကို ထူထောင်ထားပြီး အများအကျိုးဆောင် လုပ်ငန်းတွေကိုလည်း ကုသိုလ်ဖြစ် လုပ်နေပါတယ်။ ချင်းမိုင်ဘက်မှာ ဖရမ်တင်ဆူလန်နိုဒါ နိုင်ငံတကာကျောင်းတစ်ခု တည်ထောင်ထားတာလည်း ရှိပါတယ်။
.
. . . အခုနှစ်မှာ နန်းစံသက် နှစ်ပေါင်း ခုနစ်ဆယ်ပြည့်ပြီဖြစ်တဲ့ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး ဘုရင်မင်းမြတ်ရဲ့ သြဇာအရှိန်အ၀ါကို ခြေရာချင်းတိုင်းချင်တဲ့ သန်းကြွယ်သဌေးကြီး သက်ဆင်ကို စစ်တပ်က အာဏာသိမ်းပြီး မဖြုတ်ချခင် သူက ဗီရိုထဲ ခေါက်ထားတဲ့ စစ်ဝတ်စုံကို ကော့နေအောင် ထုတ်ဝတ်ပြီး စစ်တပ်အခြေစိုက် ဌာနချုပ်တွေမှာ အခုလို မိန့်ခွန်းသွားပေးပါသတဲ့။ " အမောင်စစ်သည်တို့ ငါတို့ရဲ့ ဘုရင့် တပ်မတော်ကြီးရဲ့ အရှင်သခင် အစစ်အမှန်ဟာ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရမဟုတ် ဘုရင်မင်းမြတ်သာလျှင် ငါတို့ရဲ့ အရှင်သခင် အစစ်ဖြစ်တယ်။ ဒါကြောင့် ဘုရင်မင်းမြတ်ကိုသာ သစ္စာစောင့်သိရမယ်" လို့ လှည့်လည် သြ၀ါဒပေးပြီး မကြာပါဘူး။ သက်ဆင် နိုင်ငံခြားထွက်နေတုန်း စစ်တပ်က အာဏာသိမ်းပါလေရောလား။ ဒီမတိုင်ခင်ကလည်း ဖရမ်ရဲ့ စံအိမ်ရှေ့မှာ ဗုံးပေါက်ကွဲမှု အသေးစားလေး ဖြစ်ခဲ့သေးတော့ အဲဒါ သူ့လက်ချက်မဟုတ်ရပါဘူးဆိုပြီး ၀န်ကြီးချုပ် သက်ဆင်က ရှင်းခဲ့ရပါသေးတယ်။
.
. . . အခုတော့ ဘုရင်မင်းမြတ်လည်း မမာတာကြာပြီ အချိန်တော်တော်များများ ဆေးရုံတက်နေရတာက များတော့ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က အာဏာသိမ်း စစ်အစိုးရနဲ့ အခုလက်ရှိ အာဏာသိမ်း စစ်အစိုးရတို့ကို တိုင်းပြည်စီမံခန့်ခွဲဖို့ တာဝန်ပေးအပ်တဲ့ အသိအမှတ်ပြု အခမ်းအနားကိုတောင် ကိုယ်တိုင်ကိုယ်ကျ မတက်ရောက်နိုင်လို့ အာဏာသိမ်းဗိုလ်ချုပ်ကြီးတွေ ဦးစီးတဲ့ အစိုးရအဖွဲ့ဟာ ဘုရင်မင်းမြတ် ဓာတ်ပုံကြီးတွေရှေ့မှာပဲ ဘုရင်ကို ကန်တော့ပြီး အသိအမှတ်ပြု ခံခဲ့ကြရတာ။ အဲဒီလို အခြေအနေမျိုးမှာ ဘုရင့်ထက် အသက်ကြီးတဲ့ ဗိုလ်ချုပ်ကြီး ဖရမ်တို့ကတော့ ပန်းပန်လျက်ပါဆိုသလို ဘုရင့်အကြံပေးကောင်စီ ဥက္ကဌအဖြစ် ထိုင်းတပ်မတော်နဲ့ ထိုင်းနိုင်ငံရေးအပေါ် သြဇာလွှမ်းနေနိုင်ဆဲဖြစ်ကြောင်း ဆိုတာ . . .
.
ဗိုလ်ကောင်း
၂၆ မေ ၂၀၁၆
.
နောက်ဆက်တွဲ
.
. . . ၂၀၁၆ အောက်တိုဘာ ၁၃ မှာ ဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက် နတ်ရွာစံတော့ မင်းသားဝဇီရာလောင်ကွန်း နန်းမတက်ခင်မှာ ဗိုလ်ချုပ်ကြီးဖရန်က နန်းတော်ထိန်းအဖြစ် တာဝန်ယူရပါတယ်။ အခုထိ ရာဇဘိသေသ မခံယူရသေးတဲ့ ဘုရင်သစ်က ဒီဇင်ဘာလမှာ ထီးနန်းဆက်ခံတော့လည်း ဘုရင့်အတိုင်ပင်ခံဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဖရန် ဆက်လက်ခန့်အပ်ခံရပါတယ်။ အဲသည်ရာထူးမှာ အခုချိန်ထိ တာဝန်ထမ်းဆောင်ဆဲပါ။ နတ်ရွာစံဘုရင်ကြီး အန္တိမဈာပနပြီးလို့ ဘုရင်သစ်ရာဇဘိသေသ သဘင်ကျင်းပပြီးချိန်၊ ထိုင်းစစ်တပ်ကလည်း သူတို့ကိုယ်တိုင်ရေးထားတဲ့ အခြေခံဥပဒေသစ်အတိုင်း ရွေးကောက်ပွဲတွေဘာတွေ ကျင်းပပြီး အရပ်သားအစိုးရသစ် တက်လာခဲ့ပြီးရင်တော့ ဘကြီးဖရမ် အနားယူတော့မယ် ထင်ပါတယ်။ အသက်ကလည်း အခုဆို ၉၇ နှစ်တောင် ရှိနေပြီကိုး . . .
.
၂၆ အောက်တိုဘာ ၂၀၁၇

No comments:

Post a Comment