Friday 6 October 2017

မနက်ဖြန်ရဲ့သမိုင်းအကျဉ်း


.
. . . လူသားတို့ အချင်းချင်း ဆက်သွယ်ပြောဆိုရာ ဘာသာစကားပေါ်ပေါက်ခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်း ခုနစ်သောင်းမှ စတင်ကာ လူမှုဆက်သွယ်ဆက်ဆံရေးတို့ စတင်ဖွံ့ဖြိုးလာပြီး နယ်နိမိတ်၊ နိုင်ငံ၊ ဘာသာတရား စသည်တို့ တဖြည်းဖြည်း ဖြစ်ထွန်းလာခဲ့ကြသည်ဟု ဆိုပါသည်။ ရှေးကနဦးက လူသားတို့သည် မိမိတို့ သိလိုရာများကို ဘုရားသခင်ထံ သို့မဟုတ် ဘုရားသခင်နှင့် ဆက်သွယ်နိုင်စွမ်းရှိသည်ဆိုသူများထံ မေးမြန်းခဲ့ကြသည်။ နေ့စဉ်ပြဿနာများအတွက် ဖြေရှင်းနည်းများကို သမ္မာကျမ်းစာများတွင် ရှာဖွေခဲ့ကြသည်။ ဘုရားသခင်၏ ကိုယ်စားလှယ်တော်များထံ ချဉ်းကပ်ပြီး မိမိတို့ ပြဿနာများကို မေးမြန်းခဲ့ကြသည်။ လမ်းညွှန်ချက်များကို လိုက်နာခဲ့ကြသည်။ နယ်နိမိတ်များ ပိုင်းခြားသတ်မှတ်ပြီး နိုင်ငံများ တည်ထောင်ကြသောအခါ ဘုရားသခင်က အခွင့်အာဏာချီးမြှင့် ခန့်အပ်သည်ဆိုသော ဘုရင်များက တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့ကြသည်။ လူသားများကို ဖန်ဆင်းသော ဘုရားသခင်အလိုတော်အရ တိုင်းသူပြည်သားများကို အုပ်ချုပ်သော ဘုရင်က သက်ဦးဆံပိုင် အခွင့်အာဏာရရှိခဲ့သည်။
.
. . . ထိုမှ တစ်ဆင့်တက်လာသောအခါ ဘုရင်မင်းမြတ်တို့သည် မွေးရာပါအခွင့်အရေးအရ သားစဉ်မြေးဆက် တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေခြင်းကို အုပ်ချုပ်ခံသူတို့က တဖြည်းဖြည်း ဆန့်ကျင် တော်လှန်လာကြသည်။ လူသားအားလုံးကို ဘုရားသခင်က အတူတူ ဖန်ဆင်းထားသည် ဖြစ်သောကြောင့် ဘုရင့်မျိုးဆက်ဖြစ်သည်ဆိုရုံမျှနှင့် ဘုရင်မဖြစ်ထိုက်၊ တိုင်းသူပြည်သားများကိုယ်တိုင် ရွေးချယ်ခန့်အပ်သောသူကသာ တိုင်းရေးပြည်ရာကို စီမံခန့်ခွဲပိုင်ခွင့်ရှိရမည် ဟူသော အယူအဆ ထွန်းကားလာပြီးနောက် သက်ဦးဆံပိုင် ဘုရင်စနစ်များ တဖြည်းဖြည်း ပျက်သုဉ်းကာ ပြည်သူများက ရွေးချယ်တင်မြှောက်သူများသာ တိုင်းပြည်ကို စီမံခန့်ခွဲသည့် လစ်ဘရယ်ဒီမိုကရေစီစနစ် ပေါ်လောက်ထွန်းကားလာပြန်သည်။ ဘုရားသခင်ထံတော်ပါးထံမှ အခွင့်အာဏာများကို လူသားတို့သိမ်းပိုက်လိုက်ကြသည်။ လူတစ်ဦးချင်းစီသည် မိမိကိုယ်ပိုင် လွတ်လပ်သော သဘောဆန္ဒရှိပိုင်ကြသည်ဖြစ်၍ ထိုလွတ်လပ်သော သဘောဆန္ဒများအပေါ် တည်မီဖွဲ့စည်းထားသော လစ်ဘရယ်ဒီမိုကရေစီစနစ်သည်သာလျင် ကမ္ဘာကြီး၏ နောက်ဆုံးသော နိုင်ငံရေးစနစ်ဖြစ်သောကြောင့် ထို့ထက်ပို၍ နောက်တစ်ဆင့်တက်မည့် နိုင်ငံရေးစနစ်မျိုးမရှိတော့ပြီ၊ သမိုင်းနိဂုံးချုပ်ခဲ့လေပြီဟု တွေးခေါ်ကြ ရေးသားကြ ယုံကြည်ကြပြန်သည်။
.
. . . ကမ္ဘာ့နိုင်ငံရေးပညာရှင်များကို အုတ်အော်သောင်းတင်း ဖြစ်စေခဲ့သော လွန်ခဲ့သော နှစ်ပေါင်းအစိတ်၊ တစ်နည်းအားဖြင့် ရာစုနှစ် လေးပုံတစ်ပုံက ရေးသားထုတ်ဝေခဲ့သည့် ဖရန်စစ်ဖူကူယားမား ၏ အဆိုအတိုင်း သမိုင်းနိဂုံးတကယ်ချုပ်မချုပ် ဆက်လက် မဆွေးနွေးမီ ကမ္ဘာ့နောက်ဆုံးနိုင်ငံရေးစနစ်ဟုဆိုသော လစ်ဘရယ်ဒီမိုကရေစီအကြောင်း နည်းနည်းလောက် ပြောကြည့်ချင်ပါသည်။
.
. . . လူတစ်ချင်းစီကို အင်္ဂလိပ်လို Individual ဟုခေါ်သည်။ In နှင့် dividual ပေါင်းထားခြင်းဖြစ်သည်။ ထပ်မံခွဲခြားစိတ်ဖြာ၍ မရတော့သော ခန္ဓာ ဟု အဓိပ္ပာယ်ဖွင့်ရမည်ထင်သည်။ လူသားတစ်ဦးချင်းစီတွင် Soul ဟုခေါ်သော ၀ိဥာည် ရှိသည်။ ထိုဝိဥာည်သည် လူသားခန္ဓာထဲတွင် ရှိနေသည်။ ထိုဝိဥာဏ်က လူသားသေသွားသော်လည်း မသေ၊ ဘုရားသခင်နှင့် တွေ့ပြီး ကောင်းကင်ဘုံ သို့မဟုတ် ငရဲသို့ ကျခံစေရန် စီရင်ချက်ချမှတ်သည့်အချိန်အထိ ထိုဝိဥာည် ရှိနေမည်။ စီရင်ချက်ချမှတ်ပြီးသည့်နောက်ပိုင်းမှာပင် ငရဲတွင် အမြဲတမ်းခံနေရတော့မည့် ၀ိဥာည်၊ ကောင်းကင်ဘုံတွင် အမြဲစံနေရတော့မည့် ၀ိဥာည် စသည်ဖြင့် ရှိနေတော့မည်။ ထို့ကြောင့် လူသားတွင် ရှိနေသော လူသား၏ ကံကိုပိုင်စိုးသော ထိုဝိဥာည်သည် ခွဲခြမ်းစိတ်ဖြာ၍ မရသော တရားကိုယ်ဖြစ်သည်။ ထို့ကြောင့် ထိုတရားကိုယ်ရှိနေသော လူသားသည် ခွဲခြမ်းစိတ်ဖြာ၍ မရတော့သော ခန္ဓာဖြစ်သည်။ ထိုလူသားသည် မိမိ စိတ်ဆန္ဒအတိုင်း လွတ်လပ်စွာ ရွေးချယ်ပြီး လွတ်လပ်စွာ ဆုံးဖြတ်သည်။ ထိုလူသား၏ လွတ်လပ်မှုကို မည်သည့်အရာကမျှ တားဆီးပိတ်ပင်ခြင်းငှာ မထိုက်တန်၊ ထိုလူသားကို လွတ်လပ်စွာ ရှင်သန်ရပ်တည် ဆုံးဖြတ်ခွင့်ပေးရမည်။ ဘုရားသခင်က ဖန်ဆင်းထားသော ထိုလူသားတွင် ဘုရားသခင်က ပေးအပ်ထားသော ၀ိဥာည်၏ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို လေးစားရမည်။ ထို့ကြောင့် မိမိကို အုပ်ချုပ်မည့်သူကို မိမိဘာသာ ရွေးချယ်မည်။ နိုင်ငံရေး စီးပွားရေး မူဝါဒများကို မိမိပါဝင်ဆုံးဖြတ်မည်။ ဤသည်ကပင်လျင် သမိုင်းနိဂုံးဟုခေါ်နေကြသည့် လစ်ဘရယ်ဒီမိုကရေစီ၏ အခြေခံသဘောတရားဖြစ်သည်ဟု ဆိုနိုင်သည်။
.
. . . နိုင်ငံရေးသဘောတရားများ တစ်ခန်းခဏရပ်ပြီး သိပ္ပံဆိုင်ရာ လေ့လာတွေ့ရှိချက်များဘက် တစ်ချက်လှည့်ကြည့်ကြပါစို့။ ကုန်ခဲ့သည့် ၂၀၁၆ ခုနှစ်အထိ လူသားတို့ ရှာဖွေလေ့လာတွေ့ရှိသမျှထဲတွင် လူသားခန္ဓာထဲတွင် ရှိသည်ဆိုသော ၀ိဥာည်ဆိုသည့်အရာ မပါဝင်။ လူသားကို ခွဲခြမ်းစိတ်ဖြာလိုက်သောအခါ ထိုအများ ယုံကြည်နေကြသည့် ၀ိဥာည်ဆိုသောအရာကို မတွေ့ရပါဟု ခေတ်သိပ္ပံတွေ့ရှိချက်များက ဆိုပါသည်။ လူသားတွင် အမြဲတမ်း မဖောက်မပြန် ရပ်တည်ခိုင်မြဲနေသော ၀ိဥာည်ဆိုသည့်အရာ ဘယ်မှာမှ မရှိဟု ဆိုခြင်းဖြစ်သည်။
.
. . . ၀ိဥာည်ကို ရှာမတွေ့သည့်နောက် လူသားတို့၏ လွတ်လပ်သော ရွေးချယ်ဆုံးဖြတ်မှုဆိုသည့်ကိစ္စကို ဆက်ကြည့်ကြပါစို့။ ခေတ်သစ် ဓာတ်ခွဲခန်း လေ့လာစမ်းသပ် တွေ့ရှိချက်များအရ လူသားတို့တွင် လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်မှုဟူသည်မှာလည်း မရှိပါဟု ဆိုပြန်သည်။ လူသားတို့ ရွေးချယ်ဆုံးဖြတ်လုပ်ကိုင်နေသည်ဆိုသော အရာမှန်သမျှသည် မိမိတို့၏ လွတ်လပ်သော စိတ်ဆန္ဒရွေးချယ်ဆုံးဖြတ်ချက်အရ ဖြစ်လာကြသည်မဟုတ်ဘဲ ခန္ဓာကိုယ်ထဲတွင် ဖြစ်ပေါ်နေသော ဇီဝဓာတုစည်းမျဉ်းဖြစ်စဉ်များ Biochemical Algorithm အရ အလျဉ်းသင့်သလို ဖြစ်နေကြခြင်းဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဆိုပါသည်။ သင်သည် ဦးထုပ်အ၀ါဆောင်းမလား အဖြူဆောင်းမလား သင်ကိုယ်တိုင်ဆုံးဖြတ်သည်ဟု ထင်မြင်မိသောအချိန်တွင် သင့်ဦးနှောက်က ဆုံးဖြတ်ပြီးဖြစ်နေပါပြီဟု ဆိုသည်။ သင့်ဆုံးဖြတ်ချက်ကို သင်ကိုယ်တိုင် သိသောအချိန်မတိုင်မီ မီလီစက္ကန့်အချိန်ပိုင်းအတွင်း သင့်ဦးနှောက်က ဆုံးဖြတ်ပြီးဖြစ်နေပြီဟု ဆိုပါသည်။ ဆိုရလျှင် သင့်တွင် အမြဲတမ်းတည်မြဲနေသော ၀ိဥာည်လည်းမရှိ၊ သင်ကိုယ်တိုင် ဆုံးဖြတ်သော လွတ်လပ်မှုလည်းမရှိ၊ သင့်ခန္ဓာကိုယ် ဇီဝဓာတုစည်းမျဉ်းများသာရှိသည်ဟု ပြောရပေတော့မည်။
.
. . . ခြုံငုံသုံးသပ်ပြီး ကောက်ချက်ချရသော် ယနေ့ကမ္ဘာတွင် အလွန်ခေတ်စားနေသော လူသားတစ်ဦးချင်းစီ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်အပေါ်တွင် အခြေပြုထားသည့် လစ်ဘရယ်ဒီမိုကရေစီကို ယခုဆိုခဲ့ပါ လေ့လာတွေ့ရှိချက်များက အမြစ်ကလှန် ဖြိုလှဲနေကြောင်း ဆိုရပါမည်။
.
. . . အထက်ဆိုခဲ့ပါ အကြောင်းအရာများကို ရေးသားခဲ့သူက အစ္စရေးနိုင်ငံ ဂျေရုဆလမ်မြို့ ဟီဘရူးတက္ကသိုလ်က သမိုင်းပါမောက္ခ ယူဘယ်နိုအာ ဟာရာရီ ဖြစ်ပါသည်။ လတ်တလောတွင် ပါမောက္ခ ဟာရာရီရေးခဲ့သော စာအုပ်နှစ်အုပ်ရှိရာ ပထမတစ်အုပ်မှာ လူသားတို့၏ သမိုင်းအကျဉ်း (Sapien: A Brief History of Humankind) ဖြစ်ပြီး ယင်းစာအုပ်ကို ၂၀၁၁ ခုနှစ်တွင် ဟီဘရူးဘာသာဖြင့် ရေးသားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ ၂၀၁၇ ဇွန်လတွင် ဘာသာပေါင်း ၄၅ ဘာသာသို့ပြန်ဆို ထုတ်ဝေခဲ့ပြီးဖြစ်သည်ဟု ဆိုပါသည်။ မြန်မာလို ဘာသာပြန်ဆို ထုတ်ဝေသည်တော့ မကြားမိသေး။ ထိုစာအုပ်ဖြင့် ကမ္ဘာကျော်သွားသော ပါမောက္ခ ဟာရာရီသည် ဒုတိယစာအုပ်ဖြစ်သော မနက်ဖြန်၏ သမိုင်းအကျဉ်း (Homo Deus: A Brief History of Tomorow) ကို ၂၀၁၄ ခုနှစ်တွင် ဟီဘရူးဘာသာဖြင့် ဆက်လက်ရေးသားခဲ့သည်။ ယင်းဒုတိယစာအုပ်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် အင်္ဂလိပ်ဘာသာဖြင့် အင်္ဂလန်က စတင်ပြန်ဆို ထုတ်ဝေခဲ့ပြီး၊ ၂၀၁၇ ဖေဖေါ်ဝါရီတွင် အမေရိကန်က ဆက်လက်ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဘာသာပေါင်း ဆယ်ဘာသာဖြင့် ဆက်လက်ပုံနှိပ်ထုတ်ဝေသည်ဟု သိရပါသည်။ မြန်မာလိုတော့ မတွေ့မိသေး။ စာရေးသူတက်သော အတန်းတစ်ခုတွင် ဖတ်ရှုဆွေးနွေးရမည့် စာအုပ်စာရင်းတွင် ပါဝင်သဖြင့် ဤစာအုပ်ကို ဖတ်ဖြစ်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်မျှဝေလိုသဖြင့် ဤစာကို ရေးဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ စာအုပ်အကြောင်း ဆက်ကြအုံးစို့ရဲ့
.
. . . ၀ိဥာည်မရှိသော ကိုယ်ခန္ဓာ၏ ဇီဝဓာတုစည်းမျဉ်းဖြစ်စဉ်များ Biochemical Algorithm ကိုသာ မှတ်ဥာဏ်တု (Artificial Intelligence) က လိုက်လုပ်နိုင်ခဲ့လျှင် လူသားအတု ထုတ်လုပ်နိုင်မည်လား ဆိုသော မေးခွန်း ပေါ်လာပါသည်။ လူသားအတုဆိုသည်မှာ လူနှင့်တူအောင် လုပ်ထားသော စက်ရုပ်ထက် အများကြီး ပိုသည့် လူတစ်ယောက်၏ ဥာဏ်ရည်နှင့် အလုပ်လုပ်နိုင်သော ကွန်ပြူတာလူသားကို ဆိုလိုပါသည်။ မေးခွန်းကို ဖြေရလျှင် ရနေပြီဟု ဆိုပါသည်။ အဆိုပါ မှတ်ဥာဏ်တု နည်းပညာကို အချက်အလက်သိုမှီးစနစ်နှင့် ပေါင်းလိုက်သောအခါ လူသားများထက် များစွာသာလွန်သည့် စွမ်းဆောင်ရည်ရှိသော လူသားတုကို မွေးထုတ်နိုင်သည့် အဓိပ္ပာယ် ဖြစ်ပါသည်။
.
. . . ခေတ်သစ်သိပ္ပံဆိုင်ရာ တိုးတက်မှုများတွင် လူသားနေရာဝင် အလုပ်လုပ်နိုင်သော စက်ရုပ်များကို တီထွင် အသုံးပြုနိုင်ခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့ပါ။ သို့သော် ယခု လက်ရှိ အသုံးပြုနေသော စက်ရုပ်များသည် လူသားများ လုပ်ဆောင်သည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ကိစ္စများကိုသာ အစားထိုး လုပ်ဆောင်နိုင်ပါသေးသည်။ ကားစက်ရုံတွင် စက်ပစ္စည်းအစိတ်အပိုင်းများ တပ်ဆင်ပေးသော စက်ရုပ်၊ အိမ်တွင် သန့်ရှင်းရေးလုပ်ပေးသော စက်ရုပ်၊ အလေးအပင် ချီပိုးပေးသော စက်ရုပ် စသည်ဖြင့် လူသားတို့ ကြွက်သားအားဖြင့် အလုပ်လုပ်သည့် ကိစ္စရပ်များကို လူသားကိုယ်စား လုပ်ဆောင်ပေးနိုင်သည့် စက်ရုပ်များ တွင်ကျယ်နေသည်မှာ ကြာခဲ့ပြီဖြစ်ပါသည်။ သို့ဆိုလျှင် ယခု ဆက်လက်ပြောပြမည့် ကွန်ပြူတာလူသားနှင့် စက်ရုပ် ဘာများ ကွာခြားပါသနည်း။ မြင်သာအောင် ပြောရလျှင် ယခု တွင်ကျယ်နေသော စက်ရုပ်များမှာ ကော်လာပြာ လုပ်သားများကိုသာ အစားထိုးနိုင်ပြီး အနာဂတ်တွင် တွင်ကျယ်လာမည့် စက်ရုပ်များမှာ ကော်လာဖြူ လုပ်သားများကို အစားထိုးလာနိုင်တော့မည်ဟု ဆိုရမည် ဖြစ်ပါသည်။
.
. . . ဆက်လက်ရှင်းပြရန်အတွက် ဝေါဟာရ အသစ်တစ်လုံးကို မိတ်ဆက်ပေးပါမည်။ အင်္ဂလိပ်လို Dataism မြန်မာလိုတော့ အချက်အလက်ဝါဒလို့ ခေါ်ရမည်လား၊ ဒီမိုကရေစီတို့ ကွန်မြူနစ်ဇင်တို့လို ဒေတာအစ်ဇင်လို့ပဲ ခေါ်ရမည်လား မဝေခွဲတတ်ပါ။ မူရင်းစာရေးသူကတော့ Data Relegion ဘာသာတရားတစ်ခုအနေနှင့်ပင် တင်စားထားပါသည်။ ထိုသို့ ဘာသာတရားအနေနှင့် တင်စားရလောက်အောင် အချက်အလက်များသည် ကျွန်တော်တို့၏ နေ့စဉ်ဘ၀များအတွက် ဘယ်လောက်တောင် အရေးပါ အရာရောက်နေပါပြီလဲ။
.
. . . ယခု ဤစာကို ဖတ်နေသူသည် ဖေ့ဘုတ်သုံးသူတစ်ယောက် ဖြစ်ရန် ရာခိုင်နှုန်းအတော်များပါသည်။ ဖေ့ဘုတ်မသုံးလျှင်ပင် အင်တာနက်လူမှုကွန်ယက်တစ်ခုခုကိုတော့ သုံးသူဖြစ်နိုင်ပါသည်။ သင် ဖေ့ဘုတ်သုံးနေသောအခါ သင်အင်တာနက်တွင် စိတ်ဝင်စားမိ၍ဖြစ်စေ အမှတ်တမဲ့ပင်ဖြစ်စေ ရှာဖွေစူးစမ်းမိသော ကိစ္စရပ်များနှင့် ပတ်သက်ဆက်စပ်နေသည့် ကုန်ပစ္စည်းကြော်ငြာများ သင့်ဖေ့ဘုတ်စာမျက်နှာတွင် ပေါ်နေသည်ကို သတိထားမိမည် ထင်ပါသည်။ ဂူဂဲတွင် သင်အမှတ်မထင် ရှာဖွေစူးစမ်းမိသော ကိစ္စရပ်များကို သင်က မေ့မေ့ပျောက်ပျောက်ဖြစ်သွားကောင်း ဖြစ်သွားနိုင်သော်လည်း ဂူဂဲက မမေ့ပါ။ သင့်ဖေ့ဘုတ်အကောင့် ဖွင့်ချိန်တွင် သင်၏အီးမေးတစ်ခု ပေးခဲ့ရသည်ကို သင်သတိရအုံးမည် ထင်ပါသည်။ သင့်အီးမေးအကောင့်နှင့် ဖေ့ဘုတ်အကောင့် အဆက်အစပ်ကိုတော့ သင့်အနေနှင့် အမှတ်တမဲ့ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သင်စိတ်ဝင်စားတတ်သော ကုန်ပစ္စည်းကြော်ငြာများ သင့်ဖေ့ဘုတ်စာမျက်နှာတွင် ပေါ်ပေါ်လာခြင်းက တိုက်ဆိုင်မှုတစ်ခု မဟုတ်ပါ။ သင့်အကြိုက်ကို ဖေ့ဘုတ်က သိရှိမှတ်သားထားပြီး သင့်အကြိုက်များကို ရွေးချယ်ကြော်ငြာနေခြင်း ဖြစ်ပါသည်။
.
. . . ကိုယ်ကြိုက်တတ်တာလေးတွေကို ဖေ့ဘုတ်က ဘယ်လိုများ သိပါလိမ့် သင်စဉ်းစားမိနိုင်သည်။ သင်ဝင်ကြည့်သော အကောင့်များ၊ သင်လိုက်နှိပ်လိုက်သော ပိုစ့်များ၊ သင်အဖွဲ့ဝင်ဖြစ်နေသော ဖေ့ဘုတ်ဂရုများ၊ သင်မိတ်ဆွေအဖြစ် လက်ခံထားသူများ၊ သင်ဖော်လိုလုပ်ထားသော အကောင့်များ ပေ့ခ်ျများ၊ သင်ရေးလိုက်သော ကွန်းမင့်များ၊ သင်ပို့သော မက်ဆေ့များကို သင်က မေ့သွားမည်ဖြစ်သော်လည်း ဖေ့ဘုတ်က မမေ့ပါ။ မမေ့သည့်အပြင် သေသေချာချာ မှတ်တမ်းတင်ပြီး သင်ဘယ်လိုလူစားမျိုး ဖြစ်သည်ဆိုသည်ကို တွက်ချက်ပုံဖော်နေပါသည်။ သင်ဖေ့ဘုတ် များများသုံးလေ သင့်အကြောင်း ဖေ့ဘုတ်က များများသိလေဟု မှတ်ပါ။ ဖေ့ဘုတ်သာမက Google Yahoo စသည့် အင်တာနက်ရှာဖွေရေးစာမျက်နှာများကလည်း သင့်ကို သေသေချာချာ မှတ်တမ်းတင်နေပါသည်။ ကျွန်တော်တို့ နိုင်ငံတွင် အမေဇုံကဲ့သို့ အွန်လိုင်း ဈေးရောင်း ၀န်ဆောင်မှု မတွင်ကျယ်သဖြင့် အမေဇုံဥပမာကို မပေးလိုသော်လည်း နည်းနည်းတော့ ပြောပြချင်ပါသည်။ အမေဇုံသည် သင်ဝင်ကြည့်သမျှ ကုန်ပစ္စည်းများ ၀ယ်ခဲ့သမျှ ကုန်ပစ္စည်းများ၊ မ၀ယ်သော်လည်း ရွေးချယ်ထားခဲ့သမျှ ကုန်ပစ္စည်းများကို အကုန်မှတ်မိနေပြီး သင့်ထံကို ပစ္စည်းဝယ်ရန် အကြံပြုချက်များ အဆက်မပြတ် ပို့နေပါသည်။ သင်က အမေဇုံကို သုံးလေလေ အမေဇုံပေးပို့နေသော အကြံပြုချက်များက သင်နှင့် ကိုက်ညီလေလေ ဖြစ်ပါသည်။ ယခု တင်ပြနေသော ဖေ့ဘုတ် ဂူဂဲ အမေဇုံတို့မှာ အထက်တွင်ပြောခဲ့သည့် Dataism နှင့် ပတ်သက်သော သိသာထင်ရှားသည့် ဥပမာများ ဖြစ်ပါသည်။ ဒီလောက်များဖြင့်တော့ အချက်အလက်တွေ မှတ်တမ်းတင်တာလောက်ကို Data Relegion လို့ မခေါ်နိုင်ပေါင်လို့ သင်ထင်ကောင်း ထင်ပေလိမ့်မည်။ အချက်အလက်များ၏ အရေးပါ အသုံးဝင်မှုက သင့်ကို ကြော်ငြာတွေ ပို့ရုံလောက်တင် ရပ်မသွားပါ။
.
. . . ကော်လာပြာ လုပ်သားများ သာမက ကော်လာဖြူ လုပ်သားများကိုပါ ကွန်ပြူတာလူသားများက အစားထိုးမည်ဟု အထက်တွင် ပြောခဲ့သည်။ လူသားကျောင်းဆရာနေရာတွင် စက်ရုပ်ကျောင်းဆရာတစ်ယောက် အစားထိုးကြည့်ကြပါစို့။ စက်ရုပ်ကျောင်းဆရာ၏ ရုပ်ရည်ရူပကာသွင်ပြင်နှင့် ပတ်သက်ပြီး အထွေအထူး ပြောစရာမလိုဟု ထင်ပါသည်။ နည်းပညာသည် လူနှင့်တူသည့် စက်ရုပ်ကို ထုတ်လုပ်ဖို့လောက်တော့ဖြင့် ပျင်းတောင်ပျင်းသေးတယ်အဆင့် ရှိနေပြီဖြစ်ကြောင်း သင်သိပြီးဖြစ်ပါလိမ့်မည်။ စက်ရုပ်ကျောင်းဆရာသည် လူသားကျောင်းဆရာထက် ဘာတွေများ သာနေပါသနည်း။ စက်ရုပ်ကျောင်းဆရာသည် လူသားကျောင်းဆရာတစ်ယောက်လို ကျောင်းသားစိတ်နေသဘောထားနှင့် ပတ်သက်သော အပြုအမူအပြောအဆိုများဖြင့် ကျောင်းသားနားဝင်အောင် သင်တတ်ပါမည်လား။ ဒါ့ထက်တောင်ပိုသေးလို့ ပြောရမည် ထင်ပါသည်။ စက်ရုပ်ကျောင်းဆရာသည် ကျောင်းသားကို စာသင်နေစဉ်အတွင်း ကျောင်းသား၏ တုန့်ပြန်မှုများကို အသေးစိတ် မှတ်တမ်းတင်နေပါလိမ့်မည်။ မည်သို့သောအခြေအနေတွင် ကျောင်းသားသည် စိတ်ဝင်စားမှု နည်းသွားပါသနည်း။ ဆရာ့မေးခွန်းများကို ကျောင်းသားက မည်သို့ တုန့်ပြန်ပါသနည်း။ မည်သို့သောမေးခွန်းမျိုးကို အလျင်အမြန်တုန့်ပြန်တတ်ပြီး မည်သို့သောမေးခွန်းမျိုးကို တုန့်ပြန်မှု နှေးပါသနည်း။ မေးခွန်းတစ်ခုကို တုန့်ပြန်ရန် အချိန်မည်မျှ ကြာပါသနည်း။ မည်သို့သော အကြောင်းအရာမျိုးကို ကြားရသည့်အခါ ကျောင်းသားမျက်လုံးများ အရောင်တောက်သွားပါသနည်း၊ ကျောင်းသားက မည်သို့သော မေးခွန်းမျိုးများကို မေးတတ်ပါသနည်း။ ထိုထိုသော အချက်အလက်များကို စုဆောင်းထားပြီး သကာလ ကျောင်းသားနှင့် အသင့်တော်ဆုံးသော သင်ကြားနည်းဖြင့် သင်ကြားပါလိမ့်မည်။
.
. . . ထို့အတူ ဆရာဝန်များ ရှေ့နေများသည်လည်း စက်ရုပ်ဆရာဝန် စက်ရုပ်ရှေ့နေများဖြင့် အလုပ်ဖြစ်လာတော့မည်ဖြစ်ပါသည်။ ကောင်းပါပြီ။ လူသား ကျောင်းဆရာနှင့် စက်ရုပ်ကျောင်းဆရာ၊ လူသားဆရာဝန်နှင့် စက်ရုပ်ဆရာဝန် အဓိက ကွာခြားချက်က ဘာများဖြစ်မည်နည်း။ လူသားကျောင်းဆရာတစ်ယောက် ဆရာဝန်တစ်ယောက် ဖြစ်ဖို့အတွက် နှစ်ပေါင်းများစွာ ပညာသင်ကြားရသည်။ အတွေ့အကြုံပေါင်းများစွာ ထိတွေ့လေ့ကျင့်ပေးရသည်။ ထိုဆရာဝန် အသက်ကြီးလာသည်နှင့်အမျှ အတွေ့အကြုံ ရင့်ကျက်လာသည်၊ နောက် ထိုဆရာဝန် အချိန်တန်လို့ သေသွားသောအခါ သူ့အတွေ့အကြုံ သူ့ပညာများ ပါသွားတော့သည်။ နောက်ထပ်ဆရာဝန်တစ်ယောက်ကို အစက ပြန်လေ့ကျင့် မွေးထုတ်ပေးရပြန်သည်။ ဒါ့အပြင် ဆရာဝန်တစ်ယောက်တတ်သော ပညာသည် ထို ဆရာဝန်တစ်ယောက်မှာသာရှိသည်၊ တစ်ခြားဆရာဝန်တစ်ယောက်ထံ သီချင်းကူးသလို ကူးပေးလို့မရ။ ဒီနေရာမှာ စက်ရုပ်များက သာသည်။ စက်ရုပ်ဆရာဝန်တစ်ယောက် အတွေ့အကြုံများကို Data base တွင် သိုမှီးထားခြင်းဖြင့် တစ်ခြား စက်ရုပ်ဆရာဝန်များထံ ထို အချက်အလက်များ အချိန်နှင့် တစ်ပြေးညီ ပို့ပေးနေလို့ရသည်။ ထိုစက်ရုပ်ဆရာဝန်သည် သေလည်းမသေ။ နောက်ဆုံးတစ်နေ့ စက်ရုပ်ဟောင်းသွားလို့ပဲဖြစ်ဖြစ် စက်ရုပ်အသစ်လဲရတယ်ဆိုရင်တောင် Database ထဲ သိမ်းထားသော အချက်အလက်များကို နောက်စက်ရုပ်က အသာလေး ယူသုံးရုံသာ။ ထိုသို့သော စက်ရုပ်တွေ အများကြီး ကွန်ယက်ဖွဲ့ထားသည့် စက်ရုပ်ဆရာဝန်များ၊ မောပန်းခြင်း စိတ်တိုခြင်း ထမင်းဆာခြင်း ရေငတ်ခြင်း စသည့် ဘေးပန်းပယောဂ အနှောင့်အယှက်များ မရှိသော စက်ရုပ်ဆရာဝန်များကို ဘေးပန်းအနှောင့်အယှက်များစွာရှိသော အသွေးအသားဖြင့် တည်ဆောက်ထားသည့် ဆရာဝန်များက မည်သို့မည်ပုံ ယှဉ်နိုင်ပါမည်နည်း။ ယခု တင်ပြနေသော ဆရာဝန်ဥပမာသည် စိတ်ကူးယဉ်သက်သက်မဟုတ်၊ အမှန်တကယ်ပင် လက်တွေ့ကျင့်သုံး အောင်မြင်နေသော ခေတ်သိပ္ပံစွမ်းဆောင်ချက် သက်သေတစ်ခုဖြစ်ပါသည်ဆိုလျှင် သင်အံ့သြကောင်း အံ့သြမည်ဖြစ်သော်လည်း နည်းနည်းလောက် ဆက်တွေးကြည့်လိုက်လျှင် ကြောက်စရာကောင်းလောက်အောင် အနာဂတ်မဲ့နေသော လူသားများ အခြေအနေကို သင်တွေ့ရမည်ဖြစ်သည်။
.
. . . ယခုပင်လျှင် မောင်းသူမဲ့တက္ကစီများ စမ်းသပ်အောင်မြင်နေပြီး လမ်းမများပေါ် ပြေးလွှားနေကြပြီ။ မကြာတော့သော အနာဂတ်တွင် တက္ကစီယာဉ်မောင်းများ အလုပ်ရှိကြတော့မည်မဟုတ်။ ထိုသို့သော အလုပ်မျိုးများသာမက အထက်တွင် ဆိုခဲ့သည့် ဆရာဝန် ရှေ့နေ ကျောင်းဆရာစသော အလုပ်များကိုလည်း ပိုမိုစွမ်းဆောင်ရည်ပြည့်ဝသည့် စက်ရုပ်များက နေရာဝင်ယူကြတော့မည်။ ဒါဆိုရင် စာရေးဆရာအလုပ်၊ ဂီတပညာရှင်အလုပ်တို့ကို ပြောင်းလုပ်မည်ဟု စိတ်ကူးနေပါသလား။ ဒါတွေကိုတော့ စက်ရုပ်တွေ မလုပ်နိုင်လောက်ဘူးဟု သင်တွေးမိနေပါသလား။
.
. . . ကျွန်တော်တို့ အထက်တန်းကျောင်းသားဘ၀ ၁၉၉၆- ၉၇ လောက်က Deep Blue ဟု အမည်ပေးထားသော စစ်တုရင်ကစားသည့် စူပါကွန်ပြူတာက ထိုစဉ်က စစ်တုရင်ချန်ပီယံ ဂယ်ရီကက်စပါရော့ကို အနိုင်ကစားလိုက်ကြောင်း သတင်းတွေ ကြားရတော့ တော်တော်လေး အံ့သြမိခဲ့ကြသည်။ ဘယ်လိုတောင်လားပေါ့။ ဒါပေမယ့် ထိုသို့အနိုင်ကစားခဲ့မှုသည် လွန်ခဲ့သောဆယ်စုနှစ် နှစ်ခုကဖြစ်သည်။ ယခုကွန်ပြူတာ ဥာဏ်ရည်တုနည်းပညာတွေက ထိုထက် အဆပေါင်းများစွာ တိုးတက်နေပေပြီ။ တေးဂီတသီကုံးနိုင်သော ဥာဏ်ရည်တုပင်ရှိနေပြီဖြစ်ရာ လူသားတေးဂီတနှင့် စက်ရုပ်တေးဂီတ အတူတူ တီးမှုတ်စေပြီးနောက် လူလား စက်ရုပ်လား ခွဲခြားစမ်းသပ်ရာမှာ လူသားဖန်တီးထားသော ဂီတနှင့် မခွဲနိုင်လောက်အောင် ပြောင်မြောက်လှသော တေးဂီတကို ယခုခေတ် ဥာဏ်ရည်တုက ဖန်ဆင်းနေနိုင်ပြီ ဖြစ်ပါသည်။ နောင်ဆိုလျှင် E-book များ ဖတ်ရှုသည့် Kindle တက်ဘလက်များတွင် ကင်မရာများ ပါလာတော့မည်။ သင်က စာကိုဖတ်နေစဉ် Kindle က သင့်ကို ဖတ်နေလိမ့်မည်။ သင် ၀တ္ထုတစ်အုပ် ဖတ်သည်ဆိုပါစို့။ မည်သည့်နေရာတွင် သင်စိတ်အ၀င်စားဆုံးဖြစ်သည်၊ မည်သည့်နေရာတွင် ဖတ်နေရင်း သင်ပျင်းလာသည်။ မည်သည့်နေရာကို နှစ်ခါပြန်ဖတ်သည်။ မည်သည့်နေရာတွင် စာအုပ်ကို ပစ်ချပြီး ထွက်သွားသည် စသည်ဖြင့် သင်စာဖတ်နေစဉ် စာအုပ်က သင့်ကို ဖတ်ပြီး မှတ်တမ်းတင်နေလိမ့်မည်။ ၀တ္ထုတစ်အုပ် သင် ဖတ်ပြီးသွားသောအခါ သင်သည် ဘယ်လိုလူမျိုးဖြစ်ကြောင်း၊ ဘာကိုကြိုက်တတ်ပြီး ဘာကို မကြိုက်တတ်ကြောင်း Kindle Database က မှတ်တမ်းတင်ပြီးသားဖြစ်သွားမည်။ နောက်တစ်ခါ သင်စာအုပ်ဖတ်ဖို့ ရွေးသောအခါ သင့်အကြိုက်စာအုပ်များကို Kindle က အကြံပေးလိမ့်မည်။ သင့်အကြောင်းကို သင့်ထက်ပင်ပိုသိသော သင့်အကြိုက်ကို သင့်ထက်ပင် ပိုရွေးပေးတတ်သော Data Religion ဘာသာတရားကို သင်ကိုးကွယ်ရတော့မည်ဖြစ်သည်။
.
. . . ထို့ကြောင့် အခွင့်အာဏာနှင့် ကံကြမ္မာစီရင်ပိုင်ခွင့်များသည် မူလက ဘုရားသခင်ထံ ရှိနေရာမှ လူသားများထံရောက်လာသည်။ ဆက်လက်ပြီး လူသားတို့ကို စီရင်ဖန်တီးနိုင်ခွင့်ကို စီလီကွန်တောင်ကြားနှင့် ဂူဂဲ အမေဇုံတို့က သိမ်းပိုက်ကြတော့မည်။ သိမ်းလည်း သိမ်းပိုက်နေပြီဖြစ်သည်။ ကမ္ဘာပေါ်ရှိ အင်တာနက် အသုံးပြုသူ သန်းပေါင်းများစွာသော လူသားများထံမှ အချက်အလက်များကို နေ့စဉ်နှင့်အမျှ စုဆောင်းနေပြီး လူသားတို့ကလည်း မိမိတို့ အချက်အလက်များကို ရက်ရက်ရောရော ပေးနေကြသည်။ သို့မဟုတ် ဈေးပေါပေါ ရောင်းချနေကြသည်။ ဘာနှင့်တူသနည်းဆိုသော် မိမိတို့ တိုင်းပြည်နယ်နိမိတ်များကို စာချုပ်စာတမ်း ခိုင်ခိုင်မာမာဖြင့် သိမ်းပိုက်ယူငင်ရန် လုပ်ဆောင်နေသည့် ကိုလိုနီနယ်ချဲ့များအား တန်ဖိုးမရှိလှသည့် ရောင်စုံပုတီးလက်ဆောင်ကိုမက်ပြီး ဘုမသိဘမသိ သဘောတူလက်မှတ်ရေးထိုးပေးမိနေသော မူရင်းနေတိုင်းရင်းသား လူမျိုးစုအကြီးအကဲများလိုဖြစ်နေကြသည်။ အင်တာနက်တွင် မိမိသွားသမျှ နေရာတွေကို လိုလိုလားလား မှတ်တမ်းတင်ပေးသည်။ မိမိခံစားချက်များကို ပွင့်ပွင့်လင်းလင်း ပြောပြသည်။ မိမိအသက် ဇာတိ ၀ါသနာ ပညာအရည်အချင်း ဆွေမျိုးသားချင်း ချစ်သူအိမ်ထောင်ဘက် စသည်တို့သာမက မိမိ ကိုယ်အလေးချိန် အရပ်အမောင်း သွေးခုန်နှုန်း စသည့် သတင်းအချက်အလက်များကိုပါ ရက်ရက်ရောရော ပေးနေကြသည်။ ဤသို့ဖြင့် ယနေ့ခေတ် ကမ္ဘာ့လူသား သန်းပေါင်းများစွာတို့သည် Data Religion ဘာသာတရားအတွင်း တစ်နေ့တစ်ခြား သက်ဆင်းမိနေကြလေပြီ။
.
. . . ပါမောက္ခဟာရာရီ၏ အဆိုအရ လူသားသန်းပေါင်းများစွာထံမှ စုဆောင်းထားသော အချက်အလက်များနှင့် ဥာဏ်ရည်တုနည်းပညာ၊ အင်တာနက်ကွန်ယက် စသည်တို့ ပေါင်းစည်းစွမ်းအားဖြင့် လူသားတို့ လုပ်ဆောင်နိုင်သမျှ အလုပ်တိုင်းကို ကွန်ပြူတာလူသား စက်ရုပ်များက လုပ်ဆောင်လာနိုင်တော့မည်ဟု ဆိုသည်။ ယင်းအချိန်သည် ကျွန်တော်တို့ သက်တမ်းအတွင်းမှာပင် ဖြစ်နိုင်နေသည့်သဘောဖြစ်သည်။ ဆေးကုသည့် ဆရာဝန်၊ နှစ်သိမ့်ဆွေးနွေးသည့် ဆရာဝန်၊ အလိုအလျောက်ဖြေကြားပေးမည့် ၀န်ဆောင်မှု၊ ကျောင်းဆရာ၊ တေးဂီတပညာရှင် နှင့် ယုတ်စွအဆုံး ၀တ္ထုကဗျာ ရေးသားသည့် စာရေးဆရာ အလုပ်များကိုပင် ခေတ်သစ် ဥာဏ်ရည်တုနည်းပညာက လုပ်ဆောင်နိုင်ကြတော့မည်။ ပထမဆုံးအနေနှင့် ကမ္ဘာပေါ်တွင် ပထမဆုံး အလုပ်လက်မဲ့ ဖြစ်ကြမည်မှာ တက္ကစီယာဉ်မောင်းများဖြစ်သည်ဟုဆိုသည်။ နောက်ပိုင်း တဖြည်းဖြည်းချင်း အခြားအလုပ်များကိုလည်း စက်ရုပ်များက ၀င်လုပ်ကြတော့မည်ဖြစ်ရာ မိမိနောက် မျိုးဆက်များကို မည်သည့်အသက်မွေးဝမ်းကျောင်းမှုပညာ သင်ကြားပေးရမည်နည်းဆိုသည်ကိုပင် စဉ်းစားမရတော့ဟု ဆိုပါသည်။
.
. . . ဤစာအုပ်ကို ဖတ်နေစဉ် စာရေးသူကို ပြန်မေးချင်သော မေးခွန်းတွေ ရှိခဲ့သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနှင့် လောကနှင့် လူသားတို့ကို ဖန်ဆင်းသော ဘုရားသခင်ဆိုတာ မရှိကြောင်း၊ လူမှာအမြဲတည်တံ့နေသော ၀ိဥာည်ဆိုတာ မရှိကြောင်းများကို မူလကပင် လက်ခံယုံကြည်ပြီး ဖြစ်သော်လည်း မိမိလုပ်ဆောင်သမျှတိုင်းသည် မိမိ၏ ကိုယ်ပိုင်ရွေးချယ်ဆုံးဖြတ်ချက်များမဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းက ဇီဝဓာတု စည်းမျဉ်းများ Biochemical Algorithm များ၏ ကျပန်းသဘော ဖြစ်ပျက်ပြောင်းလဲမှုများအတိုင်း လိုက်ပါနေခြင်းဖြစ်သည်ဆိုသည့်အချက်ကိုမူ ဘ၀င်မကျလှပါ။ မိမိ ယုံကြည်ထားသော ကံ ကံ၏ အကျိုးကို မျက်ကွယ်ပြုထားသလို ဖြစ်နေသော အဆိုပါ သဘောတရားကို ကိုယ်တွေးနိုင်စွမ်းရှိသလောက် ဆင်ခြင်သုံးသပ်ကြည့်မိပါသည်။ ထိုကျပန်းသဘော ဆိုသည်များမှာ ဗုဒ္ဓအဘိဓမ္မာတွင် ထင်ထင်ရှားရှား ပိုင်းခြားပြထားသည့် စိတ်စေတသိက် ဇော စသည့် သဘောတရားများအတိုင်း ဖြစ်လေမလားဟု တွေးကြည့်မိပါသည်။ အကယ်၍သာ ပါမောက္ခ ဟာရာရီသည် ဗုဒ္ဓအဘိဓမ္မာကို သေသေချာချာ လေ့လာထားခဲ့လျှင် လူသားတို့ ရွေးချယ်ဆုံးဖြတ်ချက်များဆိုင်ရာ Biochemical Algorithm သဘောတရားများကို ပိုပြီး ပြည့်ပြည့်စုံစုံ ရှင်းပြနိုင်လေမလား စောကြောမိပါသည်။
.
. . . ယခု ဤစာကို ဖတ်နေသည့် စာရှုသူများအနေနှင့် ကျွန်တော်ပြန်လည်ဖောက်သည်ချသည်များကို သဘောတူသည်လည်းရှိမည်၊ သဘောမတူသည်လည်းရှိမည်၊ အပိုတွေဟု ထင်ကောင်းလည်းထင်မည်။ ကျွန်တော်ကလည်း ပါမောက္ခဟာရာရီ ရေးထားသမျှ အမှန်တွေပါဟု မျက်စိမှိတ်ယုံကြည်ဖို့ မတိုက်တွန်းလိုပါ။ ၁၉၉၂ ခုနှစ်က ရေးသားထုတ်ဝေခဲ့သည့် ဖူကူယားမား၏ သမိုင်းနိဂုံးစာအုပ်နောက်ပိုင်း လစ်ဘရယ်ဒီမိုကရေစီစနစ်ကို အထိရောက်ဆုံး ကိုင်လှုပ်ထားသည့် စာအုပ်တစ်အုပ်ကို သတိပြုမိစေလိုသောသဘော၊ လောလောဆယ်တွင် အုတ်အော်သောင်းတင်းဖြစ်နေသည့် သမိုင်းပညာရှင်တစ်ဦး၏ အမြင်များကို သိစေလိုသော သဘောဖြင့်သာ ဤစာကို ရေးသားပါသည်။ ယုံတာမယုံတာ အပထားပြီး ဖတ်ကိုဖတ်သင့်သည့် စာအုပ်တစ်အုပ်ကို မိမိ နားလည်သမျှ ညွှန်းပြခြင်းသာဖြစ်ပါသည်။ ဖြစ်နိုင်လျှင် စာအုပ်နှစ်အုပ်လုံးကို မြန်မာဘာသာပြန်ဆိုမျှဝေပေးချင်မိပါသည်။
.
ဗိုလ်ကောင်း
၆ အောက်တိုဘာ ၂၀၁၇
.
the East
Ideas for the People
Vol. (1), No. (1),
January, 2018

No comments:

Post a Comment