. . . အောင်ကောင်းထက်စာကြည့်တိုက်ကို အခုလက်ရှိ စာအုပ်စာကြည့်တိုက်အဖြစ်သာမကဘဲ အရင်တုန်းက e-library လို့ခေါ်တဲ့ ဒီဂျစ်တယ်စာကြည့်တိုက်အဖြစ်ပါ အဆင့်တိုးမြှင့်သွားဖို့လိုအပ်မှာဖြစ်ပါတယ်၊ သမားရိုးကျ စာအုပ်စာကြည့်တိုက်တစ်ခုမှာတော့ စာအုပ်စာတမ်း မှတ်တမ်းတွေ ပစ္စည်းတွေကို မူရင်းအတိုင်းထားရှိပြီး ဒီဂျစ်တယ်စာကြည့်တိုက်မှာတော့ အဲဒါတွေကို ဒီဂျစ်တယ်ပုံစံ အရုပ်အသံ အွန်လိုင်း စနစ်တွေနဲ့ သိမ်းဆည်းတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားတာက လုံးဝဒီဂျစ်တယ်စာကြည့်တိုက်ကို ပြောင်းလဲပစ်မှာမျိုး မဟုတ်ဘဲ သမားရိုးကျ စာကြည့်တိုက်ထဲမှာမှ ဒီဂျစ်တယ်စနစ်နဲ့ပါ လေ့လာလို့ရအောင် လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။
.
. . . စာကြည့်တိုက်ကို ဒီဂျစ်တယ် စာကြည့်တိုက်အဖြစ် ဖြည့်ဆည်းရာမှာ အင်းသာအထက်အတန်းကျောင်းအနေနဲ့ စိန်ခေါ်မှုတစ်ချို့ကို ကြုံရနိုင်ပါတယ်။ ပထမဆုံးကတော့ လိုအပ်တဲ့ ပစ္စည်းများ စုဆောင်းခြင်းဖြစ်ပါတယ်။ အများမြင်သာတဲ့ ကွန်ပြူတာ လက်တော့ တက်ဘလက် စတာတွေအပြင် အချက်အလက်များ သိုမှီးထားနိုင်တဲ့ ဆာဗာစနစ်လည်း လိုအပ်မှာဖြစ်ပါတယ်။ ရုပ်ဝတ္ထုပစ္စည်းလိုအပ်ချက်က ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုလို့တော့ မယူဆပါဘူး၊ အလှူရှင်တစ်ဦး သို့မဟုတ် စုပေါင်းလှူဒါန်းကြရင် ရုပ်ဝတ္ထုပစ္စည်းတွေက ချက်ချင်း ပြည့်စုံနိုင်ပါတယ်။
.
. . . ဒုတိယ စိန်ခေါ်မှုကတော့ ပစ္စည်းများ ထိန်းသိမ်းတဲ့စနစ်ဖြစ်ပါတယ်။ ထိန်းသိမ်းတယ်ဆိုရာမှာ ပထမဆုံးအနေနဲ့ စာကြည့်တိုက်ထဲက ကွန်ပြူတာတွေ လက်တော့တွေ တက်ဘလက်တွေ မပျောက်မရှအောင် မသမာသူက ဖောက်ထွင်းခိုးယူလို့မရအောင် ထိန်းသိမ်းနိုင်တဲ့ စနစ်တစ်ခုကို ဖော်ဆောင်ရမှာပါ၊ အများသိကြတဲ့အတိုင်း စာသင်ကျောင်း စာကြည့်တိုက်ဆိုတာ နေအိမ်လို လူတွေ နှစ်ဆယ့်လေးနာရီ ရှိနေတဲ့ နေရာမျိုး မဟုတ်ပါဘူး၊ သတ်မှတ်ချိန်တန်ရင် တံခါးပိတ်ပြီး ထားခဲ့ရတဲ့ နေရာမျိုးပါ။ ဒါကြောင့်မို့ စာကြည့်တိုက်ကို လုံခြုံအောင်ဘယ်လိုလုပ်မလဲဆိုတာကို သေချာစီစဉ်ရမှာဖြစ်ပါတယ်။
.
. . . တတိယ စိန်ခေါ်မှုကတော့ စနစ်ပိုင်းဆိုင်ရာ ထိန်းသိမ်းမှုစနစ်ဖြစ်ပါတယ်။ ဒီဂျစ်တယ်စာကြည့်တိုက်တစ်ခုမှာ သိုမှီးထားတဲ့ အချက်အလက်တွေကို ထိန်းသိမ်းရတာက သာမန် စာစီစာရိုက် နဲ့ တစ်ကိုယ်ရေသုံး ကွန်ပြူတာတွေကို ထိန်းသိမ်းမှုနဲ့ မတူပါဘူး၊ လူအများ ကိုင်တွယ်အသုံးပြုမယ့် ကွန်ပြူတာတွေကို စနစ်တကျနဲ့ ရေရှည်မှာ ကောင်းကောင်းမွန်မွန် လည်ပတ်အသုံးပြုလို့ရအောင် စည်းကမ်းတွေ နည်းလမ်းတွေနဲ့ ချမှတ်ထိန်းသိမ်းလိုက်နာကြဖို့ လိုသလို စနစ်ပိုင်းဆိုင်ရာမှာလည်း ဗိုင်းရပ်စ်ကာကွယ်ရေး ဆာဗာစနစ်လည်ပတ်ရေး အင်တာနက်မှာ ကလေးသူငယ်များ မမြင်သင့်မမြင်ထိုက်တာတွေကို ကာကွယ်ရေး လိုအပ်ရင်လိုအပ်သလို အဆင့်မြှင့်တင်ရေး စတာတွေကို ပုံမှန်လုပ်ဆောင်နေရမှာဖြစ်လို့ ထိန်းသိမ်းကိုင်တွယ်နိုင်မယ့် သူ အမာခံတစ်ဦးကို တိတိကျကျ တာဝန်ပေးလုပ်ဆောင်စေဖို့ လိုအပ်မှာဖြစ်ပါတယ်။
.
. . . စတုတ္ထစိန်ခေါ်မှုကတော့ စာကြည့်တိုက် ဆာဗာမှာ အချက်အလက်များ အမြဲမပြတ် ဖြည့်ဆည်းဆောင်ရွက်နေရေး ဖြစ်ပါတယ်။ အချိန်နဲ့အမျှ ပြောင်းလဲတိုးတက်နေတဲ့ ကမ္ဘာကြီးမှာ အချက်အလက်တွေကို တစ်ခါထည့်ထားရုံနဲ့ မပြီးဘဲ အမြဲတမ်း အဆင့်မြင့်တင်ဖြည့်ဆည်းနေရမှာဖြစ်ပါတယ်။ ဘာတွေ ဖြည့်ဆည်းသင့်တယ်ဆိုတာကို နောက်စာတစ်ပုဒ်မှာ ဆက်လက်ရေးသားတင်ပြသွားပါမယ်
.
. . . ပ ဉ္စမစိန်ခေါ်မှုကတော့ တည်ဆောက်ထားတဲ့ ဒီဂျစ်တယ် စာကြည့်တိုက်စနစ်ကို ဆရာဆရာမများနဲ့ ကျောင်းသာကျောင်းသူများ စနစ်တကျ အသုံးပြုနိုင်အောင် လေ့ကျင့်သင်ကြားပေးရေးနဲ့ အမြဲမပြတ် သုံးစွဲနေရေးဖြစ်ပါတယ်။ ကျွန်တော်တက်နေတဲ့ တက္ကသိုလ်မှာတောင် ဒီဂျစ်တယ်စာကြည့်တိုက်က ဆာဗာတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ သင်တန်းတွေကို အမြဲမပြတ်ပေးနေရပါတယ်။ ကွန်ပြူတာတွေ လက်တော့တွေ တက်ဘလက်တွေကို ငွေကုန်ကြေးကျခံ ဝယ်ယူဖြည့်ဆည်းထားပြီး အသုံးမဝင်ဘူး မသုံးတတ်ဘူးဆိုရင်လည်း အဟောသိကံဖြစ်တတ်ပါတယ်
.
. . . ဆဌမမြောက် စဉ်းစားသင့်တဲ့ အချက်ကတော့ အင်တာနက်တပ်ထားတဲ့အခါမှာ ကျောင်းသားကျောင်းသူများကို တက်ဘလက်လို တယ်လီဖုန်းလို အင်တာနက်သုံးလို့ရနိုင်တဲ့ ပစ္စည်းများ ခွင့်ပြုပေးသင့်မပေးသင့် ကိစ္စပဲဖြစ်ပါတယ်၊ ကိုယ့်သဘောအရဆိုရင်တော့ ကလေးသူငယ်များကို သက်ဆိုင်ရာ ကြီးကြပ်သူမပါဘဲ ကြီးကြပ်မှုမရှိဘဲ တက်ဘလက်တွေ တယ်လီဖုန်းတွေ သုံးစွဲခွင့်ပေးတာမျိုး လုပ်သင့်တယ်လို့ မထင်ပါဘူး။ တစ်ချို့နိုင်ငံတွေမှာ ကလေးငယ်တွေကို ကွန်ပြူတာတွေ တက်ဘလက်တွေ အိုင်ပက်တွေနဲ့ သင်ကြားရေးလုပ်ဆောင်ကြတယ် ဆိုရာမှာလည်း အတန်းထဲမှာဖြစ်ဖြစ် အတန်းပြင်ပမှာဖြစ်ဖြစ် သတ်မှတ်ပြင်ဆင်ထားတဲ့ သင်ခန်းစာများကိုသာ လုပ်ဆောင်စေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဂျစ်တယ်စာကြည့်တိုက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အင်တာနက်ဝိုင်ဖိုင်လိုမျိုး တပ်ဆင်ပေးမယ်ဆိုရင်တောင် ဆရာဆရာများအတွက်သာ ခွင့်ပြုသင့်ပြီး ကျောင်းသားကျောင်းသူများ ကို ခွင့်ပြုသင့်မသင့် သေချာဝေဖန်သုံးသပ်ဖို့ လိုအပ်မယ်လို့ ယူဆပါတယ်
.
. . . အထက်ပါ တင်ပြခဲ့တဲ့ အချက်တွေကတော့ အင်းသာအထက်တန်းကျောင်းက အောင်ကောင်းထက် စာကြည့်တိုက်ကို ဒီဂျစ်တယ်စာကြည့်တိုက်တစ်ခုအဖြစ် အဆင့်မြှင့်တင်ရာမှာ မလွဲမသွေ ကြုံရမယ့် စိန်ခေါ်ချက်တွေဖြစ်တာမို့ ကြိုတင်စဉ်းစားပြင်ဆင်သင့်ပါကြောင်း စဉ်းစားမိသမျှ တင်ပြလိုက်ရပါတယ်၊ စာကြည့်တိုက်ကို စာအုပ်စာတမ်းနဲ့ ဗဟုသုတ သိုမှီးရာနေရာတစ်ခုအဖြစ်သာမကဘဲ အင်းသာရွာ သာဝတ္ထိတိုက်နယ် လယ်ဝေးမြို့နယ်ရဲ့ အချက်အလက်များ သိုမှီးရာ သုတဘဏ်တစ်ခုအဖြစ်လည်း တည်ဆောက်ဖို့ လိုအပ်တဲ့အကြောင်းကို နောက်စာတွေမှာ ဆက်လက်တင်ပြပေးသွားပါမယ်
ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျ
.
ဗိုလ်ကောင်း
၈ အောက်တိုဘာ ၂၀၁၉
Showing posts with label ဇာတိအကြောင်း. Show all posts
Showing posts with label ဇာတိအကြောင်း. Show all posts
Tuesday, 8 October 2019
စာကြမ်းပိုး ၅
Tuesday, 1 October 2019
စာကြမ်းပိုး (၄)
. . . ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးက စာကြည့်တိုက်ပေါင်း ဘယ်နခုဖွင့်ပြီးပါပြီဆိုပြီး ဂုဏ်လုပ်ကြေညာနေခဲ့တာ တကယ့်မြေပြင်မှာတော့ စာကြည့်တိုက်ဖွင့်ပွဲက စာကြည့်တိုက်ပိတ်ပွဲဖြစ်ဖြစ်သွားတယ်ဆိုတဲ့အသံကို စိတ်မချမ်းသာစရာ ကြားသိနေရပေမယ့် ကိုယ်လေ့လာမိသလောက်ဆိုရင် အဲလိုအခြေအနေက ကတယ်ကိုဖြစ်နေခဲ့တာ၊ အစိုးရက ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် စာကြည့်တိုက်တွေဖွင့်ဖို့ အရေအတွက်တိုးဖို့ ဘယ်လိုလုပ်နေနေ အစိုးရထောက်ပံ့ပေးနိုင်တဲ့ ငွေကြေးအင်အား လူအရင်းအမြစ်အင်အားနဲ့ပဲဆိုရင် ဘယ်လောက်ပဲကောင်းအောင်လုပ်ပေးထားထား သက်ဆိုင်ရာ ရပ်ကွက်မြို့ရွာအသိုင်းအဝိုင်းက စိတ်ဝင်တစားနဲ့ မလုပ်ဘူးဆိုရင် စာကြည့်တိုက်ဖွင့်ပွဲလုပ်တဲ့အချိန်အထိပဲ သိုင်းကြဝိုင်းကြ အားတက်သရောလုပ်ကြပြီး ဖွင့်ပွဲလည်းပြီးသွားရော စာကြည့်တိုက်က တစ်ခါတည်းပိတ်သွားရောဆိုတာတွေက တကယ်ကိုဖြစ်နေခဲ့တာပါ
.
. . . ကိုယ်တို့တစ်အိမ်လုံးက စာဖတ်ဝါသနာပါကြတဲ့သူတွေမို့ သာဝတ္ထိဘောလုံးကွင်းကြီးဘေးက နှင်းမိုးဖြူစာပေ၊ သာဝတ္ထိလမ်းဆုံက အခုမီးလောင်သွားတဲ့ ရပ်ကျေးသမရုံးကြီးအောက်ထပ်မှာ ဖွင့်ခဲ့တဲ့ စာအုပ်အငှားဆိုင်၊ အင်းသာက စံပယ်ဦး ဦးချစ်လှိုင်အိမ်မှာဖွင့်ခဲ့တဲ့ စာအုပ်အငှားဆိုင်၊ အဲသည်ဆိုင်တွေအားကိုးနဲ့ စာအုပ်တွေ ဖတ်ခွင့်ရခဲ့တဲ့သူအနေနဲ့ အင်းသာစာသင်ကျောင်း သာဝတ္ထိကျောင်းကြီးတို့မှာ ကျောင်းစာကြည့်တိုက်ကောင်းကောင်းရှိရင်ကောင်းမှာပဲလို့ တောင့်တမိခဲ့တာက စာကြည့်တိုက်ဆိုတဲ့ ဝေါဟာရကို စကြားဖူး၊ ရွှေသွေး တေဇ မင်္ဂလာမောင်မယ် မိုးသောက်ပန်းစာစောင်တွေကို စပြီးခုံခုံမင်မင်ဖတ်ဖူးတဲ့ မူလတန်းကျောင်းသားအရွယ်ကတည်းကပါ။ ဆရာလေးဦးဝင်းကြိုင် ဆရာမဒေါ်ခင်ထားရည် ဆရာမဒေါ်စိန်တင့် ဆရာမဒေါ်သိန်းသိန်းဦးတို့က ကိုယ့်ရဲ့ စာဖတ်ဝါသနာကို အသိအမှတ်လည်းပြု အားလည်းအားပေးတာကြောင့် ကျောင်းရုံးခန်းထဲက စာအုပ်တွေကို စိတ်တိုင်းကျ မွှေနှောက်ဖတ်ခွင့်ရတာ တကယ်ကိုကျေးဇူးတင်ပါတယ်၊ ကိုယ်လိုချင်တဲ့ ကျောင်းစာကြည့်တိုက်မျိုး ကိုယ့်လက်ထက်မှာ မရခဲ့ဘူးဆိုရင်တောင် နောင်လာနောက်သားတွေအတွက် တည်ထောင်ပေးမယ်ဆိုတဲ့ စိတ်ကူးကိုလည်း ဆယ်တန်းအောင်ပြီးကတည်းက ရင်ထဲမှာ ပျိုးထားမိခဲ့တာပါ
.
. . . စစ်တက္ကသိုလ်က ကျောင်းဆင်းပြီး တာဝန်ကျတဲ့နေရာတိုင်းမှာ ကိုယ်စိတ်ဝင်တစား လေ့လာဖြစ်တာက မြို့နယ်ပြန်ဆက်စာကြည့်တိုက်တွေရယ် အခြားရပ်ရွာကတည်ထောင်ထားတဲ့ စာကြည့်တိုက်တွေရယ်၊ များသောအားဖြင့် ရပ်ရွာက ကိုယ်တိုင်တည်ထောင်ထားတဲ့ စာကြည့်တိုက်တွေက ပိုအသက်ဝင်ပိုအလုပ်ဖြစ်တာကို တွေ့ခဲ့ရပြီးနောက် စာကြည့်တိုက်ထောင်ရင် အစိုးရကို အားကိုးနေတာထက် ရပ်ရွာကိုပဲ အားကိုးရမယ်ဆိုတာ သဘောပေါက်လာခဲ့တယ်၊
.
. . . အင်းသာကျောင်းမှာ စာကြည့်တိုက်ထောင်ဖို့ ပထမဆုံးကြိုးစားမှုကို ၂၀၀၃-၂၀၀၄ ကိုယ်ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝက တစ်ခါလုပ်ခဲ့တယ်၊ တစ်ခြားလိုအပ်ချက်တွေ မဖြည့်ဆည်းနိုင်ရင်တောင် စာအုပ်တွေအလှူခံပြီး ကျောင်းကိုပို့ပေးမယ် ကလေးတွေ စာအုပ်တွေနဲ့ ထိတွေ့ရင်းနှီးခွင့်ရလည်း မနည်းဘူးဆိုတဲ့ စိတ်ကူးနဲ့ ရန်ကုန်တက္ကသိုလ်က နီးစပ်ရာ ဆရာဆရာမ ကျောင်းသားကျောင်းသူ သူငယ်ချင်းတွေဆီက လက်လှမ်းမီသရွေ့ စာအုပ်တွေ အလှူခံပြီး ရွာကိုပို့၊ ကျောင်းရုံးခန်းထဲမှာ စာအုပ်တွေထားဖို့ အိမ်က ဗီရိုတစ်လုံးကိုပါပို့ထားပြီး စာကြည့်တိုက်သန္ဓေလေးများ ပျိုးလာလေမလား ကြိုးစားကြည့်ခဲ့ဖူးပေမယ့် ကိုယ့်ရပ်ရွာက အခြားသူတွေကို ဆွဲဆောင်စည်းရုံးမလုပ်နိုင်ခဲ့လို့ ကိုယ့်ကြိုးစားမှုက မျှော်မှန်းထားသလောက် အရာမထင်ခဲ့ဘူး
.
. . . ဒါပေမယ့် စာကြည့်တိုက်ထောင်ဖို့စိတ်ကူးကို မစွန့်လွှတ်ဘဲ ရောက်သမျှနေရာတိုင်းမှာ တည်ထောင်ထားတဲ့ ရပ်ရွာစာကြည့်တိုက်တွေရဲ့ အားသာချက်အားနည်းချက်တွေကို အမြဲလေ့လာသင်ယူနေတာကို မရပ်တန့်ခဲ့ပါဘူး၊ အခု ဂျပန်နိုင်ငံကိုရောက်နေခဲ့တဲ့ ငါးနှစ်အတွင်းမှာ မြန်မာပြည်က ရပ်ရွာစာကြည့်တိုက်တွေ ထွန်းကားလာတာကို အားတက်စရာကောင်းလောက်အောင် တွေ့လာရကြောင့် စာကြည့်တိုက်တည်ထောင်ဖို့ စိတ်ကူးက ပိုပိုပြီး ထက်သန်ထွန်းပလာခဲ့ပါတယ်၊ အခု နှစ်နှစ် သုံးနှစ်အတွင်းကိုလတ်နဲ့ စကားပြောဖြစ်တိုင်း ရွာမှာစာကြည့်တိုက်တစ်ခု တည်ထောင်ဖို့ ဖြစ်နိုင်ခြေ နည်းလမ်းတွေ လုပ်ရမယ့်အလုပ်တွေကို အမြဲတိုင်ပင်ဆွေးနွေးဖြစ်နေခဲ့တယ်၊ ကိုလတ်လို ငွေအားစိတ်အား ထက်ထက်သန်သန်နဲ့ ပံ့ပိုးပေးနိုင်တာမျိုးနဲ့ဆို ကိုယ်တိုင်သာလုပ်နိုင်ခဲ့ရင် ရှင်သန်သက်ဝင်နေတဲ့ စာကြည့်တိုက်တစ်ခုကို တည်ထောင်ထိန်းသိမ်းထားနိုင်မှာပဲလို့ ယုံကြည်တဲ့အလျောက် ကိုယ်မြန်မာပြည်ပြန်လာတာနဲ့ စပြီးလုပ်ကြဖို့ ကိုလတ်ကလည်း လိုအပ်တာတွေ ပံ့ပိုးပေးမယ့်အကြောင်း အားပေးထားလို့ ပြန်လာရင်စာကြည့်တိုက်ထောင်မယ်ဆိုပြီး အားခဲထားရာကနေ အခုလို အချိန်စောစောလုပ်ဖြစ်သွားတော့ ပိုပြီးဝမ်းသာနေရတာပါ
.
. . . မနက်ဖြန် အောက်တိုဘာလ ၂ ရက်နေ့မှာဖွင့်ပွဲလုပ်မယ့် စာကြည့်တိုက်အတွက် ဒီနေ့အချောသပ်ပြင်ဆင်နေကြပြီ ဆိုပေမယ့် မနက်ဖြန်မှာမြင်တွေ့ရမယ့် စာကြည့်တိုက်က ကိုယ်တွေ တကယ်မျှော်မှန်းထားတဲ့ စာကြည့်တိုက်အဆင့်မဟုတ်သေးပါဘူး။ ကိုယ်တွေမျှော်မှန်းထားတဲ့ စာကြည့်တိုက်အဆင့်ကို တက်လှမ်းဖို့အတွက် ပထမဆုံးခြေလှမ်းကိုသာ နက်ဖြန်ဖွင့်ပွဲမှာ မြင်ရအုံးမှာဖြစ်ပြီး နောက်ပိုင်းမှာဆက်လက်ပြင်ဆင်ဖြည့်စွက် မွမ်းမံရအုံးမယ့် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ စနစ်ပိုင်းဆိုင်ရာ တည်ဆောက်မှုတွေ ရပ်ရွာအကျိုးအတွက် စာကြည့်တိုက်ဘက်က ကျေပွန်ရအုံးမယ့်တာဝန်ဝတ္တရားတွေအတွက် ခရီးရှည်ကြီးကို ဆက်လျှောက်ရအုံးမှာမို့ အဲသည်ခရီးရှည်ကြီးကို ဆက်လျှောက်နိုင်ဖို့အတွက် ကျောင်းကသက်ဆိုင်ရာ ဆရာဆရာမတွေရဲ့ စိတ်ဝင်စားမှု ကျောင်းအကျိုးတော်ဆောင်ရပ်မိရပ်ဖများရဲ့ ပူးပေါင်းဆောင်ရွက်မှု ရပ်ထဲရွာထဲက ငွေအားလူအားစိတ်အားထက်သန်သူများရဲ့ ထောက်ပံ့ကူညီမှု ကျောင်းသားကျောင်းသူများရဲ့ စာကြည့်တိုက်အပေါ်အားကိုးနှစ်လိုမှုတွေကို မူရင်းအလှူရှင်မိသားစုရဲ့ ရေရှည်စောင့်ရှောက်မှုနဲ့ပေါင်းစပ်လျှောက်လှမ်းကြရမှာဖြစ်ပါတယ်
.
. . . နောက်တစ်ပုဒ်မှာ ကိုယ်တွေမျှော်မှန်းထားတဲ့ ကျောင်းစာကြည့်တိုက်ရဲ့ အနာဂတ်ရည်မှန်းချက်တွေကို တင်ပြသွားပါမယ်
.
ဗိုလ်ကောင်း
၁ ေအာက္တိုဘာ ၂၀၁၉

စာကြမ်းပိုး(၃)
.
. . . ငယ်ငယ်ကတည်းက စာတော်ပြီး ဆယ်တန်းကိုလည်း ထူးထူးချွန်ချွန်အောင်ခဲ့တဲ့အပြင် ဂျပန်တက္ကသိုလ်ကြီးတစ်ခုကပေးတဲ့ ပညာသင်ဆုကိုလည်းရထားတဲ့ သားတော်မောင်ကို ဂုဏ်ပြုပြီး စာကြည့်တိုက်ကို အောင်ကောင်းထက်စာကြည့်တိုက်လို့ နာမည်ပေးရမယ်လို့ ကိုယ်က အဆိုပြုတော့ အဖေရောသားရော နှစ်ယောက်လုံးက သိပ်ပြီး ဟက်ဟက်ပက်ပက် လက်ခံချင်ပုံမရဘူး၊ သူတို့ကလည်း သူတို့အကြောင်းနဲ့သူတို့။ အဖေလုပ်သူ ကိုလတ်ရဲ့သဘောက ဒီစာသင်ကျောင်းရဲ့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှာလည်း ဥက္ကဌလိုတာဝန်မျိုး ယူထားရတဲ့သူ၊ စာကြည့်တိုက်ကို ငွေအားလူအားအကုန်စိုက်ထုတ်ပြီးဆောက်တယ်ဆိုပေမယ့် ကိုယ့်သားနာမည်ပေးတယ်ဆိုတာ လူကဲ့ရဲ့စရာများ ဖြစ်လေမလားပေါ့ သူများမျက်စိစူးစရာများ ဖြစ်လေမလားပေါ့ ကိုလတ်အတွေးက၊ သားတော်မောင်ကျပြန်တော့လည်း စာကြည့်တိုက်ကို သူ့နာမည်ကြီးပေးတယ်ဆိုတော့ ဘယ်လိုကြီးလဲပေါ့ အာ့လိုထင်ထင်ပေါ်ပေါ်ကြီးဖြစ်မှာကို ရှက်စနိုးတယ်ထင်ပါရဲ့၊ ဒီလိုကြောင့် စာကြည့်တိုက်ကို သားတော်မောင်နာမည်နဲ့ပေးဖို့ကိစ္စကို ဖအေရောသားရောကို နားချရတယ်
.
. . . ဒီမှာသူငယ်ချင်းရဲ့ ဒီမှာညီလေးရဲ့ (အဖေကို သူငယ်ချင်းခေါ်ပြီးသားကိုညီလေးခေါ်ရတာနော်

.
. . . စာကြည့်တိုက် အပြင်အဆင်အနေနဲ့ ဆေးကိုဘာရောင်သုတ်ရင်ကောင်းမလဲဘာညာ တိုင်ပင်ကြတယ်ဆိုပေမယ့် တကယ်စာကြည့်တိုက်ပုံလေးပေါ်လာတဲ့အခါကျတော့ ကိုယ်ထင်ထားတာထက်တောင် အများကြီးသပ်သပ်ရပ်ရပ် လှလှပပနဲ့မို့ သေချာဆောက်ပေးတဲ့ သူငယ်ချင်းကျော်မိုးခိုင်ကို ကျေးဇူးတင်ရပါသေးတယ်။ အထဲမှာထည့်မယ့် စာအုပ်စင်တွေကိုလည်း ကိုလတ်ကိုတိုင် သေသေချာချာ ကျွန်းသားတွေဘာတွေနဲ့ လုပ်နေ ကိုယ့်ကိုပုံတွေပြတော့ ဟိုလိုလုပ်ပါလားသည်လိုလုပ်ပါလား ဘာညာပြောဖြစ်တာလေးတွေရှိတာပေါ့၊ စာကြည့်တိုက်အဝင်ဝမှာ သဲထဲဖုန်ထဲဆော့ရင်း တက်လာကြမယ့်ကလေးတွေ အဆင်ပြေအောင် ခြေသုတ်ခုံကြီးကြီးကောင်းကောင်းနဲ့ ဖိနပ်တင်စင်လေးထားပေးဖို့၊ အခင်းကို သန့်ရှင်းရေးလုပ်ရလွယ်တဲ့ ဖယောင်းပုဆိုးအထူသားလေး ခင်းပေးဖို့၊ နေရောင်တိုက်ရိုက်ဝင်မယ့် အရှေ့ဘက်ပြတင်းနှစ်ပေါက်ကို လိပ်တင်လို့ရတဲ့ ခန်းဆီးမျိုးလေးကာပေးဖို့ စတဲ့ အသေးအဖွဲလောက်ပဲ ကိုယ်က အကြံပေးခဲ့ရတာရှိပါတယ်၊ အသေးစိတ်ကိစ္စတွေအားလုံးက ကိုလတ်စေ့စေ့စပ်စပ်စိတ်ကူး စီမံထားတာ ကိုယ်တွေးတာထက်တောင် ပိုပြည့်စုံနေပါသေးတယ်
.
. . . စာအုပ်တွေဖြည့်ဖို့ကိစ္စမှာတော့ သားတော်မောင်က ရန်ကုန်မှာ ရှာဖွေဝယ်ထားတာလေးတွေက တော်တော်ကို ကောင်းကောင်းလေးတွေပါ၊ ကိုယ်ငယ်ငယ်ကလည်း သိပ်ကြိုက်ခဲ့လို့ အခုလည်း အစုံလိုက်ဝယ်လှူမယ်လို့ စိတ်ကူးထားတဲ့ ကလေးသူငယ်များအတွက် သုတရတနာသိုက် ဆယ်အုပ်တွဲကိုတောင် ဝယ်ပြီးစာရင်းထဲ ပါနေလို့ နောက်ထပ်စာကြည့်တိုက်ထဲမှာထားမယ့် အဘိဓာန်တို့ စာလုံးပေါင်းသတ်ပုံကျမ်းတို့လောက်ပဲ ထပ်ပြောဖြစ်ပါတယ်။ လောလောဆယ်မှာ ကိုလတ်အဖေ ဆရာဦးမောင်မောင်ကြီး ပင်စင်လစာထဲကလှူတဲ့ တစ်သိန်းခွဲ၊ ဦးဇော်ဇော်က လှူတဲ့ တစ်သိန်း၊ Grand Royal Company ကလှူတဲ့ နှစ်သိန်းကို မတည်ပြီး သားတော်မောင်ကိုယ်တိုင် စာအုပ်တွေဝယ်နေတယ်၊ မန္တလေးက အင်းသာကျောင်းနေဘက်သူငယ်ချင်း သန်းထိုက်ကလည်း စာကြည့်တိုက်အတွက် စာအုပ်နှစ်သိန်းကျော်ဖိုးဝယ်ပို့လိုက်တာလည်း ရောက်နေပါပြီ၊ ကိုယ်ကတော့ စစ်သားပီပီ ကိုယ်သိပ်ကြိုက်တဲ့ မြဝတီတိုက်ထုတ်တွေထဲက ကျောင်းစာကြည့်တိုက်နဲ့ သင့်လျော်မယ့်စာအုပ်အကုန်ဝယ်ပါမယ် ကူညီပေးပါဆိုပြီး စာတည်းမှူးညီလေးတစ်ယောက်ကို အကူအညီတောင်းထားတာ သေချာထုပ်ပိုးပို့ပေးပါမယ်ဆိုလို့ စောင့်နေပါတယ်
.
. . . ဆေးတက္ကသိုလ်ရဲ့ ပထမနှစ်နောက်ဆုံးစာမေးပွဲတွေကလည်း စက်တင်ဘာနောက်ဆုံးပတ်ထဲလောက်မှ ပြီးတာမို့ သားတော်မောင်လည်း ရွာကိုပြန်လာပြီး အောက်တိုဘာလ ၂ ရက်မှာလုပ်မယ့် စာကြည့်တိုက်ဖွင့်ပွဲအတွက် အသင့်ဖြစ်နေပါပြီ၊ ကိုလတ်နဲ့ တိုးတိုးတို့လည်း စာကြည့်တိုက်ဖွင့်ပွဲအတွက် အခုရက်ပိုင်း အလုပ်များနေကြမှာပဲလေ၊ ဖွင့်ပွဲကို မြို့နယ်ကလူကြီးတွေ လွှတ်တော်အမတ်တွေ ဆရာဆရာမအသိုင်းအဝိုင်း ရပ်မိရပ်ဖရပ်ရွာလူကြီးပိုင်းတွေ နဲ့ အခြားနီးစပ်ရာတွေပါဖိတ်ပြီး အခမ်းအနားအစီအစဉ်တွေ အကျွေးအမွေးတွေနဲ့ဆိုတော့ စီရစဉ်ရတာတွေရှိနေတာပေါ့
.
နောက်ဆုံး စာတစ်ပုဒ်ကျရင် စာကြည့်တိုက်နဲ့ပတ်သက်ပြီး ဆက်လုပ်သွားမယ့် ကိုယ်တို့လောလောဆယ် စိတ်ကူးတိုင်ပင်ထားကြတာလေးတွေကို ရေးပြမယ်စိတ်ကူးတယ်၊ စိတ်ဝင်စားတဲ့သူတွေရှိရင်လည်း အကြံဉာဏ်လေးဘာလေး ပေးလို့ရတာပေါ့
.
ဗိုလ်ကောင်း
၁ ေအာက္တိုဘာ ၂၀၁၉
Sunday, 29 September 2019
စာကြမ်းပိုး ၁
. . . တိုကျိုမြို့လည်က မြန်မာသံရုံးရှိတဲ့ ရပ်ကွက်က ရှင်နာဂါဝါပရင့်စ် ဟိုတယ် အောက်ဆုံးထပ် ဧည့်ခန်းဆောင်ထဲကို ဝင်လာကြတဲ့ တူညီဝတ်စုံဝတ်ထားကြတဲ့ မြန်မာကလေးတွေကြားမှာ သူ့ကို အလွယ်တကူပဲ ရှာတွေ့ခဲ့တယ်၊ ကိုယ့်ဘဝမှာ ရင်းရင်းနှီးနှီးရှိနေတဲ့ လူနှစ်ယောက်ကို ပေါင်းစပ်ထားတဲ့ မျက်နာလေး၊ ကိုယ်ကလေးဘဝတုန်းက နီးနီးကပ်ကပ်ခင်ခဲ့ရတဲ့ လူနှစ်ယောက်ကို တစ်ပြိုင်တည်းတွေ့လိုက်ရသလိုမျိုး
.
. . . အင်းသာရွာမှာ အရင်တုန်းကတော့ ကိုယ်တွေနေတဲ့ခြံကျယ်ကြီးနေရာက ရွာမြေတောင်မပေါက်သေးတဲ့ ရွာအစွန်ပိုင်းက ခြံကြီးပေါ့၊ ကိုယ်တွေ ကလေးဘဝ မူလတန်းကျောင်းသားအရွယ်အထိကို ကိုယ့်အိမ်မြောက်ဘက် လေးခြံကျော်မှာ သုဿန်ရှိပြီး အဲ့သည်မြောက်ဘက်မှာ အိမ်ခြေက နည်းနည်းပဲရှိတော့တယ်၊ ကားလမ်းအရှေ့ဘက်ခြမ်းမှာဆို မိဖုရားကုန်းဘုရားကြီးမြောက်ဘက်မှာ အစိုးရစပါးဒိုင် မြောက်ဘက်အစွန်ဆုံးဖြစ်ပြီး စပါးဒိုင်နဲ့မျက်နာချင်းဆိုင် စခန်းထောက်ကျောင်းက ကားလမ်းအနောက်ဘက်ခြမ်းမှာဆို ရွာမြောက်ဘက်အစွန်ဆုံးလို့ ပြောလို့ရတယ်
.
. . . လေးတန်းရောက်မှ အင်းသာကျောင်းကိုပြောင်းလာတဲ့ သရက်ကုန်းသား ကိုလတ်နဲ့ အင်းသာသားကိုကိုမောင်တို့က ဘယ်လိုကဘယ်လို ပေါင်းမိသွားတယ်မသိပေမယ့် ခုနစ်တန်းနှစ်ကစပြီး စာအတူကျက်ဖော်တွေဖြစ်ခဲ့တာ၊ ရွာသိင်္ချိုင်းရဲ့တောင်ဘက် လေးခြံကျော်မှာနေတဲ့ ကိုကိုမောင်က သင်္ချိုင်းရဲ့မြောက်ဘက် သုံးခြံကျော်လောက်မှာနေတဲ့ ကိုလတ်တို့အိမ်ကို စာအတူကျက်ဖို့ ညညသွားရတဲ့ဒုက္ခကလည်း မသေးလှဘူး၊ အဲ သွားရတဲ့ ဒုက္ခမဟုတ်ဘူး ပြန်ရတဲ့ ဒုက္ခပေါ့လေ၊ ည ကိုးနာရီဆယ်နာရီ စာကျက်ပြီးအိမ်ပြန်ရင် တစ်ယောက်တည်း မပြန်ရဲလို့ ကိုလတ်က စက်ဘီးနဲ့လိုက်လိုက်ပို့ရတယ်၊ ကိုလတ်ကတော့ သိင်္ချိုင်းရှေ့က ညကြီးကိုးနာရီဆယ်နာရီဖြတ်ရတာကို ကြောက်ပုံမရဘူး
.
. . . ကိုလတ်တို့အိမ်က အရှေ့ဘက်မှာပျဉ်ထောင်အိမ်ကြီးနဲ့ ကပ်လျက်မှာ ရင်စို့လောက်မြင့်တဲ့ အိမ်သေးသေးလေးထဲ စာကျက်ကြတာဆိုတော့ တစ်ခါတစ်လေ အိမ်ပေါ်က ရုပ်မြင်သံကြားဇတ်လမ်းကောင်းလို့ဖြစ်ဖြစ် ကြည့်ချင်တဲ့အခါ ပျဉ်ထောင်အိမ်ကြီး လှေခါးပေါ်ကနေ လူကြီးတွေ မသိအောင် သွားသွားချောင်းကြည့်ကြတယ်၊ ကြည့်လို့ကောင်းနေတုန်း ဦးဦးဖြစ်ဖြစ် အန်တီဝင်းဖြစ်ဖြစ် တွေ့သွားတဲ့အခါ သားတို့ ကြည့်ချင်ရင် ခဏတဖြုတ်လာကြည့်ကြဆိုတော့လည်း မကြည့်တော့ပါဘူးဆိုပြီး ခပ်တည်တည်နဲ့ စာကြည့်စားပွဲ ပြန်လိုက်ကြတာပဲ
.
. . . အင်းသာမူလတန်းကျောင်းက ဆရာမဒေါ်စိန်တင့်တို့ ဆရာလေးဦးဝင်းကြိုင်တို့ အားထားရတဲ့ တပည့်တွေထဲ မမျိုး၊ သိန်းသိန်းဦး၊ အေးမာ၊ ဆာကေး၊ တိုးတိုး၊ ကိုကိုမောင်တို့က ထိပ်ဆုံးကပေါ့၊ ဒါပေမယ့် ဖြစ်လေ့ရှိတဲ့အတိုင်း ယောက်ျားလေးတွေထက် မိန်းကလေးတွေက စာကျက်နိုင်ကြတော့ မိန်းကလေးတွေပဲ အဆင့်ကောင်းကောင်းရကြတာ များပါတယ်၊ အမြဲတမ်းလိုလို ပထမရရနေတာကတော့ တိုးတိုးအေးပေါ့၊ ရှစ်ဆယ့်ရှစ်အရေးအခင်းကြောင့် လေးတန်းကို နှစ်ခါပြန်တက်ပြီးတဲ့အခါ ဒုတိယမြောက်နှစ်မှာ သုံးတန်းက စာတော်တဲ့ သူတွေကိုပါ လေးတန်းကိုပေးတက်ပြီး တန်းလုံးကျွတ်အောင်တော့ ပျော်ကြရတာ မှတ်မိသေးတယ်၊ အင်းသာကျောင်းမှာ အတန်းကုန်လို့ သာဝတ္ထိအထက်တန်းကျောင်းကြီးကိုရောက်တော့ သူတို့ဆီမှာ အစဉ်အလာစာတော်ခဲ့တဲ့ နေလင်းဦးနဲ့ တိုးတိုးတို့အဖွဲ့တွေက စာပြိုင်ဘက်တွေ ထပ်ဖြစ်ကြပေါ့ . . .
.
. . . ကိုကိုမောင်လည်း ဆယ်တန်းအောင်ပြီး စစ်ထဲလိုက်သွားတော့ ရွာနဲ့အဆက်အစပ်တော်တော်နည်းသွားတယ်၊ ကိုလတ်နဲ့ တိုးတိုးနဲ့ ရသွားပြီကြားတော့ နည်းနည်းအံ့သားသင့်မိခဲ့သေးတာ၊ ကိုယ်ရွာမှာရှိနေခဲ့တဲ့ နောက်ဆုံးအချိန်အထိ သူတို့နှစ်ယောက် အဆက်အစပ်ရှိတယ်လို့ သိမှ မသိထားတာကိုး၊ နောက်ပိုင်းနှစ်တွေအကြာကြီးအထိ ရွာနဲ့ အဆက်အစပ်က ဝေးနေခဲ့တော့ သူတို့နှစ်ယောက် သားလေးတစ်ယောက်မွေးထားတဲ့အကြောင်း သိသလိုလိုရှိပေမယ့် အမှုမဲ့ အမှတ်မဲ့ပါပဲ၊ ရွာကိုရောက်တဲ့အခါတွေမှာ ကိုလတ်နဲ့ တွေ့ဖြစ်ကြပေမယ့် သူ့သားအကြောင်းကို တစ်ခါမှကို စကားမစပ်မိခဲ့ကြပုံပါပဲ
.
. . . ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကမှ ကိုလတ်နဲ့ အွန်လိုင်းမှာ ဖရန့်ပြန်ဖြစ်ကြတော့ တစ်ခါတစ်လေ စကားတွေဘာတွေ ပြောဖြစ်ကြတယ်၊ အင်းသာရွာစာသင်ကျောင်းမှာ လေးတန်းတစ်နှစ်ပဲနေဖူးပေမယ့် ရွာမှာမွေးပြီးရွာမှာကြီးတဲ့ တကယ့်ငယ်မွေးခြံပေါက် ရွာကြီးသားတစ်ယောက်လို ရွာကျောင်းကို ငွေကြေးအရ လူအရ အဓိကစောင့်ရှောက်နေတဲ့သူဖြစ်တာကြောင့် ရွာက စာသင်ကျောင်းအကြောင်းတွေ သိချင်တဲ့အခါ သူ့ကိုမေးရတယ်၊ စကားတွေစပ်မိတဲ့အခါ သူ့သားအကြောင်း သေချာမေးကြည့်တော့ သားတော်မောင်က ဆယ်တန်းတောင်ရောက်နေပြီဆိုတော့မှ အံ့ကြီးကိုဩရပါလေရော၊ ငါတို့အသက်တွေ အာ့လောက်တောင်ကြီးနေပြီလားဆိုပြီး သံဝေဂလိုလိုဘာလိုလိုတောင် ဖြစ်လိုက်မိသေး
.
. . . ကိုလတ်က သူ့သားအကြောင်းပြောရင် တော်တော်ကို တက်တက်ကြွကြွ၊ သူ့သား စာဘယ်လိုတော်ကြောင်း စာတွေဘယ်လိုဖတ်ကြောင်း တစ်ခါတစ်လေ သူ့ကိုပါ စာဖတ်ဖို့ အိမ်စာပေးကြောင်း သူ့သားနေတဲ့ ကျောင်းကနေ ခွင့်ရလို့ သွားတွေ့ခါနီး သားတော်မောင်ပေးထားတဲ့ အိမ်စာတွေ မလုပ်ရသေးတဲ့အခါ စာမေးရင်ဖြေနိုင်အောင် အပြေးအလွှားဖတ်ပြီးမှ သွားတွေ့ရကြောင်းဘာညာပေါ့၊ နောက်ပြီးတော့ ပြောသေးတယ်၊ သူ့သား စာတွေဘာတွေဖတ်တာ စိတ်ဝင်စားတာကိုတွေ့တော့မှ ကိုကိုမောင်ငယ်ငယ်က စာတွေကြိုက်တတ်တာကို နားလည်လာကြောင်းဘာညာပေါ့၊ ဖြစ်ချင်တော့ သူ့သားကလည်း ကိုယ့်နာမည်နဲ့ ခပ်ဆင်ဆင်မို့ မင်းသားကို ဘာလို့ ငါနဲ့ နာမည်ဆင်အောင်ပေးထားရတာလဲ ငါနဲ့ ဘာမှ မဆိုင်ဘူးနော်ဆိုပြီး ခပ်တည်တည်နဲ့ ပြန်နောက်ရသေးတယ်
.
. . . ကလေးက ဆယ်တန်းကို ဘာသာစုံဂုဏ်ထူးနဲ့အောင်ပြီး မြန်မာ-ဂျပန်အသင်းက စီစဉ်ပေးတဲ့ ဂျပန်ပြည်လေ့လာရေးခရီးစဉ်ကျမှဘဲ တွေ့ဖို့အကြောင်းဖန်လာတော့တယ်၊ သူ့ရဲ့လေ့လာရေးခရီးစဉ်အချိန်ဇယားတွေကြား ရတဲ့အချိန်လေးကို အပြေးအလွှားသွားတွေ့ပြီး အဖွဲ့ကိုခေါင်းဆောင်လာတဲ့ ဂျပန်သံအမတ်ကြီးဟောင်း ဦးစောလှမင်းဆိုတာကလည်း ကိုယ်တွေကျောင်းဆင်းစက တပ်မမှူးဆိုတော့ သူ့ကိုခွင့်တောင်းပြီး ကလေးကို အပြင်ခေါ်လာပြီး အေးအေးဆေးဆေး စကားပြောဖြစ်ကြတယ် (ကလေးနဲ့ဆွေးနွေးဖြစ်ခဲ့တဲ့ သူဆက်လျှောက်မယ့် ပညာရေးလမ်းကြောင်းကိစ္စက အင်မတန် စိတ်ဝင်စားဖို့ကောင်းပေမယ့် အခုရေးပြလို့ မဖြစ်သေးလို့ နောက်ဆယ်နှစ်လောက်နေလို့ ကိုယ်မသေသေးရင် ရေးပြပါ့မယ်)
.
. . . ကလေးက ရန်ကုန်ဆေးတက္ကသိုလ်ဝင်ခွင့်ရပြီး တက်နေတုန်းမှာ ဂျပန်နိုင်ငံ International University of Health and Wealthfare, Narita Campus က ချီးမြှင့်တဲ့ ပညာသင်ဆုရတော့ မြန်မာပြည်က ဆေးတက္ကသိုလ်ကို မထမနှစ်ပြီးအောင်တက်ပြီး အခုစက်တင်ဘာလကုန် အောက်တိုဘာလဆန်းမှာ ဂျပန်ကိုလာတော့မယ် ပြင်ဆင်နေပြီပေါ့လေ
.
. . . ကိုလတ်နဲ့ ကိုကိုမောင်နဲ့ အရင်ကတည်းက တိုင်ပင်ထားကြတဲ့ အလုပ်တစ်ခုရှိတယ်၊ အစကတော့ အေးအေးဆေးဆေး အချိန်ယူလုပ်ကြဖို့ပေမယ့် အခု သားတော်မောင်က ဂျပန်ပြည်ကို ပညာတော်သင်သွားတော့မှာမို့ အပူတပြင်းနဲ့ လုပ်ကြဖို့ ပြင်နေတာတစ်ခုအကြောင်းကို နောက်စာတစ်ပုဒ်ရေးပြီး ပြောပြပါ့မယ်၊ အခုစာတောင် တော်တော်ရှည်ပြီး တိုင်ပတ်နေတာ သိပေမယ့် သည်းခံပြီးအဆုံးထိ ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်
.
ဗိုလ်ကောင်း
၂၉ စက္တင္ဘာ ၂၀၁၉

Monday, 5 August 2019
စာကြမ်းပိုး (၂)
. . . အငြိမ်းစားကျောင်းဆရာကြီး ဦးမောင်မောင်ကြီးနဲ့ ဒေါ်ဝင်းကြည်က သားသုံးယောက်နဲ့ သမီးထွေးလေးတစ်ယောက်ရှိပြီး မောင်နှမလေးယောက်လုံးကို အဖေနာမည်ရော အမေနာမည်ပါထည့်ပြီး ကဗျာဆန်ဆန်လေးတွေ နာမည်ပေးထားတာ၊ ကိုလတ်က ကိုကိုမောင်နဲ့အတန်းတူ၊ ညီအငယ်ဆုံးက ကိုကိုမောင့်အောက်က ညီညီနဲ့ အတန်းတူ။ ညီညီရော ဇာနည်မောင်ရော နှစ်ယောက်လုံးက စာတော်ကြတယ် အတန်းတွေမှာ ပထမဒုတိယ အလှည့်ကျယူကြတာပေါ့။ ကိုလတ်တို့ ညီမအငယ်ဆုံးလေးက သူတို့အိမ်မှာ စာအတော်ဆုံးနဲ့ အချောဆုံးလို့ဆိုတယ်၊ ကိုယ်ရွာမှာရှိတုန်းက ညီမအငယ်ဆုံးကစ်ကစ်က ကလေးပဲရှိသေးတော့ ကြီးမှလှလာတာကို ပုံထဲမှာပဲမြင်ဖူးသေးတာ၊ တွေ့မှ သေချာကြည့်ရအုံးမယ်
.
. . . ကိုလတ်နဲ့ ကိုကိုမောင်က စာအတူကျက်ကြတယ်ဆိုပေမယ့် ကိုလတ်က အပေါင်းအသင်းဝင်ဆန့်တဲ့သူမို့ ကျောင်းမှာအပေါင်းအသင်းနည်းတဲ့ ကိုမောင်နဲ့ သိပ်တွဲဖြစ်ကြတယ် မရှိပါဘူး၊ ကိုလတ်အိမ်မှာစာကျက်တဲ့အခါပဲ အပေါင်းအသင်းဖြစ်တာပါ။ ကိုလတ်အဖေ ဆရာဦးမောင်မောင်ကြီးကလည်း ကျောင်းဆရာပီပီ ပညာရေးကို အားပေးတဲ့သူဆိုတော့ ကိုလတ်တို့အိမ်မှာ စာလုပ်ရတာ ကိုယ့်မိဘအိမ်မှာလိုပါပဲ၊ လူကြီးတွေရဲ့ ဂရုစိုက်မှုကြောင့် သိပ်ပြီး ဂလေရိုက်လို့မရဘူးရယ်၊ စာမလုပ်ဘဲ နည်းနည်းလောက်လေဖောမိရင် ဦးဦးကဖြစ်ဖြစ် အန်တီကဖြစ်ဖြစ် သားတို့ရေဆိုတဲ့အသံကြားရင် ချက်ချင်း စာအော်ကျက်ရတယ်၊ ဒီလိုနဲ့ပဲ ကိုယ်လည်း ဆယ်တန်းတွေဘာတွေအောင်ပြီး စစ်တပ်ထဲ ရောက်သွားတယ်ဆိုပါတော့
.
. . . ကိုယ်တွေနေခဲ့တုန်းက မူလတန်းပဲရှိသေးတဲ့ စာသင်ကျောင်းကလည်း တွဲဘက်အထက်တန်းတွေဘာတွေဖြစ်နေပြီး ကိုလတ်ကလည်း အနီးကပ်လိုတာပံ့ပိုးပေးနေတဲ့သူဆိုတော့ ကျောင်းနဲ့ပတ်သက်ရင် ကိုလတ်ကိုပဲ သိချင်တာတွေလှမ်းလှမ်းမေးရတယ်၊ စာဖတ်ဝါသနာပါတဲ့ ကိုလတ်သားရယ်၊ ကိုယ်ကလည်း ကျောင်းမှာ စာကြည့်တိုက်တစ်ခုတည်ထောင်ဖို့ နဂိုကတည်းက စိတ်အားထက်သန်နေတာရယ်၊ သူ့သားလုပ်ချင်တာကို ဖြည့်ဆည်းပေးဖို့ အမြဲအသင့်ရှိနေတဲ့ ကိုလတ်ရယ် သုံးယောက်အကြောင်းတိုက်ဆိုင်ပြီး အင်းသာစာသင်ကျောင်းမှာ စာကြည့်တိုက်တစ်ခုတည်ထောင်ဖို့ ဖြစ်လာခဲ့တယ်
.
. . . ကိုလတ်တို့သားအဖကလည်း တစ်ယောက်နဲ့တစ်ယောက် သားအဖဆိုတာထက် သူငယ်ချင်းတွေလို ရင်းရင်းနှီးနှီးနေကြတော့ ကိုယ်နဲ့ ကလေးနဲ့ကလည်း သူငယ်ချင်းတွေလိုပေါ့၊ ဂျပန်ကိုလေ့လာရေးခရီးလာတုန်းက သူနဲ့ပြောဖြစ်တဲ့အထဲမှာ စာကြည့်တိုက်ထောင်ဖို့ကိစ္စပါ ပါတယ်၊ ပထမဆုံး စဉ်းစားရတာက စာကြည့်တိုက်ကို အပြင်မှာထောင်မလား ကျောင်းထဲမှာထောင်မလားပေါ့၊ အပြင်မှာထက် ကျောင်းထဲမှာပဲထောင်ဖို့ အတည်ပြုလိုက်ကြပြီး လက်ရှိအဆောင်တွေထဲနေရာယူပြီးလုပ်မလား သီးသန့်သပ်သပ်ဆောက်မလား စဉ်းစားတဲ့အခါ ကိုလတ်က သပ်သပ်ဆောက်ပေးမယ်လို့ပြောတယ်၊ အစကတော့ ကိုကိုမောင် မြန်မာပြည်ပြန်လာမှ မင်းစိတ်ကြိုက်လုပ် ငါလိုတာလုပ်ပေးမယ်လို့ ကိုလတ်က ပြောထားပေမယ့် ချက်ချင်းထလုပ်ဖို့အကြောင်းက ဖန်လာခဲ့တယ်
.
. . . နိုင်ငံရပ်ခြားကပေးတဲ့ ပညာသင်ဆုတွေနဲ့ပတ်သက်ပြီး သူကြိုးစားနေတာတွေရှိတယ်လို့ ကလေးက ပြောထားတာရှိပေမယ့် ဒီလောက်အဆင်ပြေပြေနဲ့ မြန်မြန်ကြီးရလိမ့်မယ်လို့တော့ မမြော်လင့်ထားခဲ့ဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးပတ်လောက်မှာ ကိုလတ်က ဖုန်းခေါ်ပြီး ကလေးက ပညာသင်ဆုတစ်ခုရလို့ အာ့တာနဲ့ပတ်သက်ပြီး သူ့သားက တိုင်ပင်ချင်လို့ဖုန်းပြောပေးပါအုံးဆိုပြီး ပြောလာတဲ့အထိ အာ့လောက်ကောင်းတဲ့ ပညာသင်ဆုမှန်း မသိခဲ့ဘူး၊ ကလေးနဲ့ စကားပြောတော့မှသာ ကိုယ်လည်း သေချာလေ့လာကြည့်ပြီး တော်တော်ကောင်းတဲ့ ပညာသင်ဆုဆိုတာ သိခဲ့ရတာ၊
.
. . . အခုလက်ရှိတက်နေတဲ့တက္ကသိုလ်ကလည်း ပထမနှစ်ပြီးအောင်တက်သွား ကျန်တဲ့နှစ်တွေ ဆက်တက်ဖို့ကို ဘယ်အချိန်ဖြစ်ဖြစ်လက်ခံမယ်ဆိုတဲ့အခြေအနေ၊ ပညာသင်ဆုပေးတဲ့ တက္ကသိုလ်ကလည်း ဆေးပညာဘွဲ့ရတဲ့အထိ ဆရာဝန်ဖြစ်တဲ့အထိ ပညာသင်စရိတ် ကျောင်းလခ နေစရိတ်စားစရိတ်အပြည့်ပေးမယ်၊ မြန်မာပြည်က ကျန်းမာရေးဝန်ကြီးဌာနကလည်း ဂျပန်နိုင်ငံကပေးတဲ့ဘွဲ့ကို အသိအမှတ်ပြုပြီး ပြန်လာရင် ဆေးကုသခွင့်လက်မှတ်ထုတ်ပေးမယ်ဆိုတဲ့ အစီအစဉ်နဲ့ ရတဲ့ ပညာသင်ဆုဆိုတော့ ဆေးကျောင်းတက်နေတဲ့ သူတစ်ယောက်အတွက် ဒီထက်ကောင်းတဲ့ ပညာသင်ဆုမျိုး ဘယ်မှာမှတောင်ရှာလို့ရမှာ မဟုတ်ဘူးလို့ ဆိုနိုင်လောက်တယ်။ ပညာသင်ဆုပေးတဲ့တက္ကသိုလ်ကလည်း ဂျပန်နိုင်ငံ တိုကျိုမြို့နားက နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးရှိတဲ့ Narita Campus မှာဖွင့်ထားတဲ့ International University of Health and Welfare သူကလည်း နိုင်ငံတကာက ကျောင်းသားတွေကို လက်ခံသင်ပေးနေတဲ့ ဆေးဘက်ဆိုင်ရာတက္ကသိုလ်ကြီးဆိုတော့ ဂျပန်ပြည်ကိုသွားတက်တယ်ဆိုပေမယ့် ဂျပန်လူမျိုးတွေတင်မက နိုင်ငံတကာက တော်ပေ့ဆိုတဲ့ ကျောင်းသားတွေနဲ့ပါ အတူတက်ခွင့်ရအုံးမှာဆိုတော့ နည်းတဲ့အခွင့်အလမ်းမဟုတ်ဘူးလို့ ပြောရမယ့်အခြေအနေမျိုး၊ ဒါပေမယ့် (ဒါပေမယ့် ပြီးတော့ ဘာဆက်ရေးမလဲဆိုတော့ အခုမရေးသေးဘူး နောက်ဆယ်နှစ်လောက်နေလို့ မသေသေးရင် ရေးမယ်) ဒီလိုနဲ့ ကိုယ့်ကိုတိုင်ပင်တော့ အထက်မှာပြောခဲ့တဲ့ အချက်တွေအရ ပညာသင်ဆုကို လက်ခံသင့်တဲ့အကြောင်း ထောက်ခံတာပေါ့၊ ဒီလိုနဲ့ ကလေးက ပညာသင်ဆုကို လက်ခံပြီး ကျောင်းသွားတက်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ စ လုပ်ရတော့တာပေါ့
.
. . . ကလေး ဂျပန်ပြည်ကို ထွက်မသွားခင်မှာ အရင်တုန်းက အေးအေးဆေးဆေး အချိန်ယူလုပ်မယ်ဆိုတဲ့ စာကြည့်တိုက်ကိုလည်း သူဒီမှာရှိနေတုန်း ဖွင့်သွားနိုင်အောင်ပြင်ဆင်မယ်ဆိုပြီး ကိုလတ်က စာကြည့်တိုက်ကို စ ဆောက်တယ်၊ ကျောင်းက တာဝန်ရှိသူတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီး နေရာရွေးတာ၊ ပုံဆွဲတာတွေလုပ်၊ ကလေးကိုယ်တိုင် ရန်ကုန်ကပြန်လာပြီး စာကြည့်တိုက်ပန္နက်ရိုက်တာတွေဘာတွေလုပ်ပြီး ကိုယ်တွေသူငယ်ချင်းလည်းဖြစ် အင်းသာကျောင်းနေဘက်သူငယ်ချင်းလည်းဖြစ်တဲ့ စည်ပင်သာရွာသား ကျော်မိုးခိုင်က ဦးစီးပြီးစာကြည့်တိုက်လေးကို ဆောက်ပေးတယ်၊ ဆောက်နေတဲ့ စာကြည့်တိုက်လေး ပြီးလုလုမှာ
(နောက်နေ့ ဆက်ရေးပါမည်)
.
ဗိုလ်ကောင်း
၃၀ စက္တင္ဘာ ၂၀၁၉
.
ဓာတ်ပုံ ၅ ဩဂုတ် ၂၀၁၉ စာကြည့်တိုက်ဆောင်ပန္နက်ရိုက်
Wednesday, 10 July 2019
စန်းကလျာ

. . . ဒီစာဖတ်မိတဲ့သူတွေထဲ စန်းကလျာကို မှတ်မိသေးတဲ့သူ ဘယ်နယောက်လောက်ရှိပါလိမ့် ၊ အငြိမ့်မင်းသမီး စန်းကလျာကို သိလိုက်တာ ကိုယ်တွေက နောင်ဆုံးမျိုးဆက်တော့ မဟုတ်လောက်ဘူး။ မှတ်မှတ်ရရ ကိုယ်ဆယ်တန်းအောင်တဲ့နှစ်တုန်းက စန်းကလျာရဲ့ အငြိမ့်ကြော်ငြာဆိုင်းဘုတ်ကို ပျဉ်းမနားဟောင်းလို့ ခေါ်ကြတဲ့ လမ်းပျဉ်းမနားမှာ တွေ့လိုက်သေးလို့ပဲ။
.
. . . စန်းကလျာဆိုတာ ကိုယ်တွေငယ်ငယ်က သိပ်ကိုရင်းနှီးနေတဲ့ အငြိမ့်သမ။ ရင်းနှီးတယ်ဆိုတာ လူချင်း သိတာကို ပြောတာတော့ မဟုတ်ပါဘူး။ သူက ကိုယ့်ရွာမှာလာကတဲ့ အငြိမ့်မင်းသမီး၊ ကိုယ်က အငြိမ့်မင်းသမီး လှလှလေးကိုတောင် မငမ်းတတ်သေးတဲ့ ချာတိတ်ပေါက်စ။ အင်းသာရွာမှာ အလှူအတန်းလေးများရှိလို့ အငြိမ့်ထည့်ပြီဆို စန်းကလျာက မပါမဖြစ်လို့ ပြောရမယ်ထင်တယ်။
.
. . . အငြိမ့်မင်းသမီးကို ကာလသားလို မငမ်းတတ်သေးဘူးဆိုပေမယ့် စန်းကလျာ လှတာကိုတော့ ကိုယ်တွေ ခံစားတတ်တယ်။ သူ့ကိုယ်လုံးကိုယ်ပေါက်ဘာညာသာရကာ အလှကိုတော့ မမှတ်မိဘူးပေါ့လေ၊ ကြည့်လည်း မကြည့်တတ်သေးဘူးကိုး၊ မျက်နာလေး လှတာကိုတော့ ကောင်းကောင်းမှတ်မိနေတယ်။ စံပယ်တင်မဲ့လေးနဲ့ အသားဖွေးဥဥလေးနဲ့ စန်းကလျာက တော်တော်ချစ်ဖို့ကောင်းတဲ့ ပုံစံလေး၊ မှတ်မိတယ်ဆိုပေမယ့် စန်းကလျာ အစစ်ကို မှတ်မိတာတော့ မဟုတ်ပါဘူး။ မီးရောင်အောက်ကိုဝင် လူပြက်တွေနဲ့တွဲပြီး မိတ်ကပ်အဖွေးသားနဲ့ ခါးမှာယပ်တောင်လို ခါးထောင်ထိုင်မသိမ်းအင်္ကျီနဲ့ ဘော်ကြယ်ပြောင်ပြောင်လက်လက်တွေ ထိုးထားတဲ့ ရေသီအနားရှည် ဗလာထမီနဲ့ ဆံထုံးကြီးနဲ့ သီချင်းတွေဆိုလိုက် လူပြက်တွေ သားပြောမယားပြော ပြောတာခံလိုက် ဆိုင်းဆရာကို စိန်ခေါ်လိုက် ကလိုက် အလုပ်လုပ်နေတဲ့ အငြိမ့်ခွင်က အငြိမ့်သမ စန်းကလျာကိုပဲ မှတ်မိတာပါ။ တစ်ခါတစ်လေတော့လည်း စပ်စပ်စုစုနဲ့ စန်းကလျာ မိတ်ကပ်ပြင်တဲ့အိမ်မှာ အငြိမ့်ခွင်မစခင် မင်းသမီး အလှပြင်တာကို တစ်ခြားချာတိတ်ပေါက်စတွေနဲ့အတူ လိုက်ကြည့်ဖူးပေမယ့် သူ့မူရင်းရုပ်ကို မမှတ်မိပါဘူး။ ကိုယ့်ဦးလေးက ဓာတ်ပုံဆရာဆိုတော့ သူ့မှာ ရွာနဲ့ပတ်သက်တဲ့ ပုံတွေ တော်တော်များများရှိတယ်။ လက်တည့်စမ်းရိုက်ထားတာလား လာမရွေးကြတာလားမသိ။ အငယ်တုန်းက စန်းကလျာ ဓာတ်ပုံတစ်ပုံ အိမ်မှာရှိတယ်၊ အခုရော ရှာရင်တွေ့ပါအုံးမလား မပြောတတ်ဘူး။ ပြန်ရောက်မှ ရှာကြည့်ရအုံးမယ်
.
. . . ကိုယ်တွေရွာမှာ ကထိန်တွေဘာတွေဆို စတိတ်ရှိုးတစ်ည အငြိမ့်တစ်ည ထည့်တတ်တော့ အငြိမ့်ကတိုင်း စန်းကလျာက မပါမဖြစ်ပဲလားလို့တောင် ထင်မိတယ်။ အင်းသာမြောက်ကျောင်း နှစ်ဆောင်ပြိုင်ကျောင်းကြီးမျက်နာစာက သဲတွေဖွေးနေတဲ့ မန်ကျည်းတန်းကြီးရှေ့ မြေကွက်လပ်ကျယ်ကြီးမှာ သိမ်ကိုကျောပေးပြီးထိုးထားတဲ့ ဇာတ်စင်ပေါ် စန်းကလျာ ကခဲ့ဖူးမှာပဲ။ နွေရာသီမှာ လုပ်လေ့ရှိတဲ့ အလှူပွဲတွေဘာတွေဆိုရင်လည်း အလှူ့ရှင်အိမ်က မဏ္ဍာပ်ကြီးထဲ ခုတင်ကြမ်းလေးခုလောက်ဆက်လိုက်ထားတဲ့ အငြိမ့်စင်မှာလည်း စန်းကလျာ ကခဲ့ဖူးမှာပဲ။ အသေးစိတ်တော့ ကိုယ်လည်း မမှတ်မိတော့ဘူး။ သေချာတာကတော့ အငြိမ့်မင်းသမီးက အနည်းဆုံး နှစ်ခါတော့ ကရတယ်။ ပထမ အ၀င်နေ့ညမှာ ဇာတ်စင်ပေါ်တစ်ခါက၊ နောက်နေ့ ပွဲကြီးနေ့ ရှင်လောင်းလှည့်ရင် နွားလှည်းပေါ်မှာ တစ်ခါက
.
. . . စန်းကလျာတစ်ယောက် ဘ၀ဇာတ်ဆရာ ဆိုသမျှ အလိုကျ ငိုခဲ့ရ ကျွန်မဘ၀ပါရှင် ဆိုတဲ့ သီချင်းလေးကို ငိုသံပါလေးနဲ့ရှိုက်ငင်ရှိုက်ငင်ဆို၊ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်နေတာကို တကယ်ကြီးသနားမိပြီး၊ အငြိမ့်သမကို ဆူပူဟိန်းဟောက်နေတဲ့ ဇာတ်ဆရာလူပြက်ကိုလည်း စိတ်ဆိုးခဲ့ဖူးတယ်။ အငြိမ့်သမတို့ ထုံးစံအတိုင်း အငြိမ့်စင်ပေါ်ကနေ အကိုကာလသားတွေကို စောင်းချိတ်ပြောတာလေးတွေ ၊ ဟိုးစင်ထောင့်က အစ်ကိုကာလသားက သူ့ကို ဘယ်လိုပိုးတယ်ဆိုတာတွေပြောတဲ့အခါ ကိုယ်တွေက တကယ်တွေ အဟုတ်ကြီးမှတ်နေတာကိုလည်း သတိရမိတယ်။ အငြိမ့်မင်းသမီးက အာ့လိုလေး တစ်ခါလောက်ပြောလိုက်ရင် အငြိမ့်စင်ဘေးမှာ စုပြုံတိုးကြည့်နေကြတဲ့ ရွာက အကိုရွယ်ကာလသားတစ်သိုက်က ဟေးကနဲ ၀ါးကနဲ ညာသံပေးကြတာကိုလည်း အဲသည်တုန်းက အိနြေ္ဒမဲ့လိုက်တဲ့သူတွေဆိုပြီိး စိတ်ထဲက ကဲ့ရဲ့ဖူးတယ်။ ဟုတ်တယ်လေ ကိုယ်တွေက ဇတ်စင်ရှေ့မှာ ဖျာတွေဘာတွေခင်းပြီး အမေတွေ အစ်မတွေ အဒေါ်တွေနဲ့ အိနြေ္ဒရရ ပွဲကြည့်တဲ့သူဆိုတော့ သူတို့ကို ကဲ့ရဲ့မိတာပေါ့။ ဒါပေမယ့် အခုမှ ပြန်စဉ်းစားမိတာက အခုနေ ငါသာဆိုလည်း သူတို့လိုပဲ မင်းသမီးကို အနီိးကပ်မြင်ရမယ့် အငြိမ့်စင်ဘေးသွားပြီိး ဘော်ဒါတွေနဲ့အတူ ဟေးလေးဝါးလေးလုပ် ကြည့်ဖြစ်မှာပဲလို့ တွေးမိတယ်။
.
. . . တွေးမိတယ်ဆိုပေမယ့် တကယ်နောက်ဆုံးကြည့်ခဲ့ရတုန်းက အာ့လို မကြည့်ခဲ့ရပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်လောက် မြန်မာပြည်ကို နောက်ဆုံးရောက်ခဲ့တဲ့အခေါက်က အမေ့အိမ်ပြန်တာမှာ ဘုန်းကြီးကျောင်းထဲ အငြိမ့်ပွဲနဲ့တိုးလို့ အမေတို့ မမတို့ အဒေါ်တို့နဲ့အတူ ပွဲခင်းထဲ ထိုင်ကြည့်ခဲ့ရပါရောလား။ ဘာရယ်တော့ မဟုတ်ဘူး အငြိမ့်မင်းသမီးကို ဆုလေးဘာလေးချပြီး သီချင်းတောင်းလို့ရတယ်ဆိုလို့ ပိုက်ဆံနည်းနည်းဆုချပြီး သီချင်းတောင်းဖို့ အစ်ကိုတစ်ယောက်ကို တိုးတိုးတိတ်တိတ် လွှတ်လိုက်ပါတယ်။ ဟိုအစ်ကိုလုပ်သူက ကိုယ့်နာမည်ပါသွားပြောလို့ လူပြက်က စင်ပေါ်ကနေ မိုက်ကြီးနဲ့ ကိုယ့်နာမည်ထုတ်အော်တာ အရှက်တွေ ဗြန်းဗြန်းကွဲခဲ့ပါရောလား၊ ရှက်လည်းရှက်ပါရဲ့ ရှက်လည်းမရှက်နိုင်ပေါင်၊ နောက်တစ်ခါဆိုရင်တော့ ဟိုအစ်ကိုကို သေချာမှာလွှတ်ရမယ် . . .
.
ကိုကိုမောင်
၁၀ ဇူလိုင် ၂၀၁၉
.
(စကားချပ်။ နှစ်တွေကလည်း ကြာပြီဆိုတော့ ကိုယ့်မှတ်ဥာဏ်ကလည်း ဝေေ၀၀ါးဝါးရယ်၊ ရေးထားတဲ့အထဲ အမှားတွေပါရင်လည်း သိတဲ့သူ ပြင်ပေးခဲ့ကြ)
ပုံက ပန်းချီဆရာ အောင်မင်းမင်းရဲ့ Blue Dance ပန်းချီကား
https://fineartamerica.com/fea…/blue-dance-aung-min-min.html
.
အငြိမ့်သမ၀တ်စုံက အခေါ်အဝေါ်လေးတွေ ရှင်းပြပေးတဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက KoTin Latt Yu ကိုကျေးဇူးတင်ပါတယ်
Subscribe to:
Posts (Atom)