. . . တိုကျိုမြို့လည်က မြန်မာသံရုံးရှိတဲ့ ရပ်ကွက်က ရှင်နာဂါဝါပရင့်စ် ဟိုတယ် အောက်ဆုံးထပ် ဧည့်ခန်းဆောင်ထဲကို ဝင်လာကြတဲ့ တူညီဝတ်စုံဝတ်ထားကြတဲ့ မြန်မာကလေးတွေကြားမှာ သူ့ကို အလွယ်တကူပဲ ရှာတွေ့ခဲ့တယ်၊ ကိုယ့်ဘဝမှာ ရင်းရင်းနှီးနှီးရှိနေတဲ့ လူနှစ်ယောက်ကို ပေါင်းစပ်ထားတဲ့ မျက်နာလေး၊ ကိုယ်ကလေးဘဝတုန်းက နီးနီးကပ်ကပ်ခင်ခဲ့ရတဲ့ လူနှစ်ယောက်ကို တစ်ပြိုင်တည်းတွေ့လိုက်ရသလိုမျိုး
.
. . . အင်းသာရွာမှာ အရင်တုန်းကတော့ ကိုယ်တွေနေတဲ့ခြံကျယ်ကြီးနေရာက ရွာမြေတောင်မပေါက်သေးတဲ့ ရွာအစွန်ပိုင်းက ခြံကြီးပေါ့၊ ကိုယ်တွေ ကလေးဘဝ မူလတန်းကျောင်းသားအရွယ်အထိကို ကိုယ့်အိမ်မြောက်ဘက် လေးခြံကျော်မှာ သုဿန်ရှိပြီး အဲ့သည်မြောက်ဘက်မှာ အိမ်ခြေက နည်းနည်းပဲရှိတော့တယ်၊ ကားလမ်းအရှေ့ဘက်ခြမ်းမှာဆို မိဖုရားကုန်းဘုရားကြီးမြောက်ဘက်မှာ အစိုးရစပါးဒိုင် မြောက်ဘက်အစွန်ဆုံးဖြစ်ပြီး စပါးဒိုင်နဲ့မျက်နာချင်းဆိုင် စခန်းထောက်ကျောင်းက ကားလမ်းအနောက်ဘက်ခြမ်းမှာဆို ရွာမြောက်ဘက်အစွန်ဆုံးလို့ ပြောလို့ရတယ်
.
. . . လေးတန်းရောက်မှ အင်းသာကျောင်းကိုပြောင်းလာတဲ့ သရက်ကုန်းသား ကိုလတ်နဲ့ အင်းသာသားကိုကိုမောင်တို့က ဘယ်လိုကဘယ်လို ပေါင်းမိသွားတယ်မသိပေမယ့် ခုနစ်တန်းနှစ်ကစပြီး စာအတူကျက်ဖော်တွေဖြစ်ခဲ့တာ၊ ရွာသိင်္ချိုင်းရဲ့တောင်ဘက် လေးခြံကျော်မှာနေတဲ့ ကိုကိုမောင်က သင်္ချိုင်းရဲ့မြောက်ဘက် သုံးခြံကျော်လောက်မှာနေတဲ့ ကိုလတ်တို့အိမ်ကို စာအတူကျက်ဖို့ ညညသွားရတဲ့ဒုက္ခကလည်း မသေးလှဘူး၊ အဲ သွားရတဲ့ ဒုက္ခမဟုတ်ဘူး ပြန်ရတဲ့ ဒုက္ခပေါ့လေ၊ ည ကိုးနာရီဆယ်နာရီ စာကျက်ပြီးအိမ်ပြန်ရင် တစ်ယောက်တည်း မပြန်ရဲလို့ ကိုလတ်က စက်ဘီးနဲ့လိုက်လိုက်ပို့ရတယ်၊ ကိုလတ်ကတော့ သိင်္ချိုင်းရှေ့က ညကြီးကိုးနာရီဆယ်နာရီဖြတ်ရတာကို ကြောက်ပုံမရဘူး
.
. . . ကိုလတ်တို့အိမ်က အရှေ့ဘက်မှာပျဉ်ထောင်အိမ်ကြီးနဲ့ ကပ်လျက်မှာ ရင်စို့လောက်မြင့်တဲ့ အိမ်သေးသေးလေးထဲ စာကျက်ကြတာဆိုတော့ တစ်ခါတစ်လေ အိမ်ပေါ်က ရုပ်မြင်သံကြားဇတ်လမ်းကောင်းလို့ဖြစ်ဖြစ် ကြည့်ချင်တဲ့အခါ ပျဉ်ထောင်အိမ်ကြီး လှေခါးပေါ်ကနေ လူကြီးတွေ မသိအောင် သွားသွားချောင်းကြည့်ကြတယ်၊ ကြည့်လို့ကောင်းနေတုန်း ဦးဦးဖြစ်ဖြစ် အန်တီဝင်းဖြစ်ဖြစ် တွေ့သွားတဲ့အခါ သားတို့ ကြည့်ချင်ရင် ခဏတဖြုတ်လာကြည့်ကြဆိုတော့လည်း မကြည့်တော့ပါဘူးဆိုပြီး ခပ်တည်တည်နဲ့ စာကြည့်စားပွဲ ပြန်လိုက်ကြတာပဲ
.
. . . အင်းသာမူလတန်းကျောင်းက ဆရာမဒေါ်စိန်တင့်တို့ ဆရာလေးဦးဝင်းကြိုင်တို့ အားထားရတဲ့ တပည့်တွေထဲ မမျိုး၊ သိန်းသိန်းဦး၊ အေးမာ၊ ဆာကေး၊ တိုးတိုး၊ ကိုကိုမောင်တို့က ထိပ်ဆုံးကပေါ့၊ ဒါပေမယ့် ဖြစ်လေ့ရှိတဲ့အတိုင်း ယောက်ျားလေးတွေထက် မိန်းကလေးတွေက စာကျက်နိုင်ကြတော့ မိန်းကလေးတွေပဲ အဆင့်ကောင်းကောင်းရကြတာ များပါတယ်၊ အမြဲတမ်းလိုလို ပထမရရနေတာကတော့ တိုးတိုးအေးပေါ့၊ ရှစ်ဆယ့်ရှစ်အရေးအခင်းကြောင့် လေးတန်းကို နှစ်ခါပြန်တက်ပြီးတဲ့အခါ ဒုတိယမြောက်နှစ်မှာ သုံးတန်းက စာတော်တဲ့ သူတွေကိုပါ လေးတန်းကိုပေးတက်ပြီး တန်းလုံးကျွတ်အောင်တော့ ပျော်ကြရတာ မှတ်မိသေးတယ်၊ အင်းသာကျောင်းမှာ အတန်းကုန်လို့ သာဝတ္ထိအထက်တန်းကျောင်းကြီးကိုရောက်တော့ သူတို့ဆီမှာ အစဉ်အလာစာတော်ခဲ့တဲ့ နေလင်းဦးနဲ့ တိုးတိုးတို့အဖွဲ့တွေက စာပြိုင်ဘက်တွေ ထပ်ဖြစ်ကြပေါ့ . . .
.
. . . ကိုကိုမောင်လည်း ဆယ်တန်းအောင်ပြီး စစ်ထဲလိုက်သွားတော့ ရွာနဲ့အဆက်အစပ်တော်တော်နည်းသွားတယ်၊ ကိုလတ်နဲ့ တိုးတိုးနဲ့ ရသွားပြီကြားတော့ နည်းနည်းအံ့သားသင့်မိခဲ့သေးတာ၊ ကိုယ်ရွာမှာရှိနေခဲ့တဲ့ နောက်ဆုံးအချိန်အထိ သူတို့နှစ်ယောက် အဆက်အစပ်ရှိတယ်လို့ သိမှ မသိထားတာကိုး၊ နောက်ပိုင်းနှစ်တွေအကြာကြီးအထိ ရွာနဲ့ အဆက်အစပ်က ဝေးနေခဲ့တော့ သူတို့နှစ်ယောက် သားလေးတစ်ယောက်မွေးထားတဲ့အကြောင်း သိသလိုလိုရှိပေမယ့် အမှုမဲ့ အမှတ်မဲ့ပါပဲ၊ ရွာကိုရောက်တဲ့အခါတွေမှာ ကိုလတ်နဲ့ တွေ့ဖြစ်ကြပေမယ့် သူ့သားအကြောင်းကို တစ်ခါမှကို စကားမစပ်မိခဲ့ကြပုံပါပဲ
.
. . . ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကမှ ကိုလတ်နဲ့ အွန်လိုင်းမှာ ဖရန့်ပြန်ဖြစ်ကြတော့ တစ်ခါတစ်လေ စကားတွေဘာတွေ ပြောဖြစ်ကြတယ်၊ အင်းသာရွာစာသင်ကျောင်းမှာ လေးတန်းတစ်နှစ်ပဲနေဖူးပေမယ့် ရွာမှာမွေးပြီးရွာမှာကြီးတဲ့ တကယ့်ငယ်မွေးခြံပေါက် ရွာကြီးသားတစ်ယောက်လို ရွာကျောင်းကို ငွေကြေးအရ လူအရ အဓိကစောင့်ရှောက်နေတဲ့သူဖြစ်တာကြောင့် ရွာက စာသင်ကျောင်းအကြောင်းတွေ သိချင်တဲ့အခါ သူ့ကိုမေးရတယ်၊ စကားတွေစပ်မိတဲ့အခါ သူ့သားအကြောင်း သေချာမေးကြည့်တော့ သားတော်မောင်က ဆယ်တန်းတောင်ရောက်နေပြီဆိုတော့မှ အံ့ကြီးကိုဩရပါလေရော၊ ငါတို့အသက်တွေ အာ့လောက်တောင်ကြီးနေပြီလားဆိုပြီး သံဝေဂလိုလိုဘာလိုလိုတောင် ဖြစ်လိုက်မိသေး
.
. . . ကိုလတ်က သူ့သားအကြောင်းပြောရင် တော်တော်ကို တက်တက်ကြွကြွ၊ သူ့သား စာဘယ်လိုတော်ကြောင်း စာတွေဘယ်လိုဖတ်ကြောင်း တစ်ခါတစ်လေ သူ့ကိုပါ စာဖတ်ဖို့ အိမ်စာပေးကြောင်း သူ့သားနေတဲ့ ကျောင်းကနေ ခွင့်ရလို့ သွားတွေ့ခါနီး သားတော်မောင်ပေးထားတဲ့ အိမ်စာတွေ မလုပ်ရသေးတဲ့အခါ စာမေးရင်ဖြေနိုင်အောင် အပြေးအလွှားဖတ်ပြီးမှ သွားတွေ့ရကြောင်းဘာညာပေါ့၊ နောက်ပြီးတော့ ပြောသေးတယ်၊ သူ့သား စာတွေဘာတွေဖတ်တာ စိတ်ဝင်စားတာကိုတွေ့တော့မှ ကိုကိုမောင်ငယ်ငယ်က စာတွေကြိုက်တတ်တာကို နားလည်လာကြောင်းဘာညာပေါ့၊ ဖြစ်ချင်တော့ သူ့သားကလည်း ကိုယ့်နာမည်နဲ့ ခပ်ဆင်ဆင်မို့ မင်းသားကို ဘာလို့ ငါနဲ့ နာမည်ဆင်အောင်ပေးထားရတာလဲ ငါနဲ့ ဘာမှ မဆိုင်ဘူးနော်ဆိုပြီး ခပ်တည်တည်နဲ့ ပြန်နောက်ရသေးတယ်
.
. . . ကလေးက ဆယ်တန်းကို ဘာသာစုံဂုဏ်ထူးနဲ့အောင်ပြီး မြန်မာ-ဂျပန်အသင်းက စီစဉ်ပေးတဲ့ ဂျပန်ပြည်လေ့လာရေးခရီးစဉ်ကျမှဘဲ တွေ့ဖို့အကြောင်းဖန်လာတော့တယ်၊ သူ့ရဲ့လေ့လာရေးခရီးစဉ်အချိန်ဇယားတွေကြား ရတဲ့အချိန်လေးကို အပြေးအလွှားသွားတွေ့ပြီး အဖွဲ့ကိုခေါင်းဆောင်လာတဲ့ ဂျပန်သံအမတ်ကြီးဟောင်း ဦးစောလှမင်းဆိုတာကလည်း ကိုယ်တွေကျောင်းဆင်းစက တပ်မမှူးဆိုတော့ သူ့ကိုခွင့်တောင်းပြီး ကလေးကို အပြင်ခေါ်လာပြီး အေးအေးဆေးဆေး စကားပြောဖြစ်ကြတယ် (ကလေးနဲ့ဆွေးနွေးဖြစ်ခဲ့တဲ့ သူဆက်လျှောက်မယ့် ပညာရေးလမ်းကြောင်းကိစ္စက အင်မတန် စိတ်ဝင်စားဖို့ကောင်းပေမယ့် အခုရေးပြလို့ မဖြစ်သေးလို့ နောက်ဆယ်နှစ်လောက်နေလို့ ကိုယ်မသေသေးရင် ရေးပြပါ့မယ်)
.
. . . ကလေးက ရန်ကုန်ဆေးတက္ကသိုလ်ဝင်ခွင့်ရပြီး တက်နေတုန်းမှာ ဂျပန်နိုင်ငံ International University of Health and Wealthfare, Narita Campus က ချီးမြှင့်တဲ့ ပညာသင်ဆုရတော့ မြန်မာပြည်က ဆေးတက္ကသိုလ်ကို မထမနှစ်ပြီးအောင်တက်ပြီး အခုစက်တင်ဘာလကုန် အောက်တိုဘာလဆန်းမှာ ဂျပန်ကိုလာတော့မယ် ပြင်ဆင်နေပြီပေါ့လေ
.
. . . ကိုလတ်နဲ့ ကိုကိုမောင်နဲ့ အရင်ကတည်းက တိုင်ပင်ထားကြတဲ့ အလုပ်တစ်ခုရှိတယ်၊ အစကတော့ အေးအေးဆေးဆေး အချိန်ယူလုပ်ကြဖို့ပေမယ့် အခု သားတော်မောင်က ဂျပန်ပြည်ကို ပညာတော်သင်သွားတော့မှာမို့ အပူတပြင်းနဲ့ လုပ်ကြဖို့ ပြင်နေတာတစ်ခုအကြောင်းကို နောက်စာတစ်ပုဒ်ရေးပြီး ပြောပြပါ့မယ်၊ အခုစာတောင် တော်တော်ရှည်ပြီး တိုင်ပတ်နေတာ သိပေမယ့် သည်းခံပြီးအဆုံးထိ ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်
.
ဗိုလ်ကောင်း
၂၉ စက္တင္ဘာ ၂၀၁၉
No comments:
Post a Comment