Tuesday 1 October 2019

စာကြမ်းပိုး(၃)


. . . စက်တင်ဘာလကုန်ပိုင်းလောက်မှာ စာကြည့်တိုက်ကလည်း ဆောက်လို့ပြီးခါနီးမှာ စာကြည့်တိုက်အပြင်အဆင်နဲ့ ပတ်သက်ပြီးဘာတွေလုပ်ရင်ကောင်းမလဲ သူငယ်ချင်းနှစ်ယောက်တိုင်ပင်ကြတာ တစ်ခါတစ်လေ စကားပြောရင်း မိုးလင်းသွားတဲ့နေ့တွေတောင်ရှိတယ်။ ကိုယ်က စာကြည့်တိုက်ကို အဝေးကနေ စိတ်ကူးနဲ့ပုံဖော်နေတဲ့သူမို့ စိတ်ကူးတည့်တာလေးတွေ လျှောက်ပြောမိနေပေမယ့် တကယ်တမ်းကျတော့ ကိုယ်စိတ်ကူးမိတာတွေက ကိုလတ်လုပ်ဖို့ စီစဉ်ပြီးတဲ့ကိစ္စတွေ များပါတယ်။ တစ်ခါတစ်ခါကျတော့လည်း ကိုယ်က ပိုကောင်းစေချင်တဲ့ စေတနာနဲ့ ဇောကပ်ပြီးပြောမိတယ်ဆိုတာ ကိုယ့်ဘာသာနားလည်ပေမယ့် တကယ်တမ်းလူရောစိတ်ရောငွေကြေးရော စီမံခန့်ခွဲမှုရော လက်တွေ့ကျကျ တကယ်လုပ်နေတဲ့သူကို ပြောရတာ တော်တော်ကို အားနာမိတယ်၊ ကိုလတ်လို အကြောင်းသိဓာတ်သိ သူငယ်ချင်းမို့လို့သာပေါ့ တစ်ခြားသူများသာဆို ဒီကောင်ကိုယ်တိုင်မလုပ်ရတိုင်း လေနဲ့လျှောက်ပြောနေတယ်လို့ အထင်ခံရမယ့်ကိန်း
.
. . . ငယ်ငယ်ကတည်းက စာတော်ပြီး ဆယ်တန်းကိုလည်း ထူးထူးချွန်ချွန်အောင်ခဲ့တဲ့အပြင် ဂျပန်တက္ကသိုလ်ကြီးတစ်ခုကပေးတဲ့ ပညာသင်ဆုကိုလည်းရထားတဲ့ သားတော်မောင်ကို ဂုဏ်ပြုပြီး စာကြည့်တိုက်ကို အောင်ကောင်းထက်စာကြည့်တိုက်လို့ နာမည်ပေးရမယ်လို့ ကိုယ်က အဆိုပြုတော့ အဖေရောသားရော နှစ်ယောက်လုံးက သိပ်ပြီး ဟက်ဟက်ပက်ပက် လက်ခံချင်ပုံမရဘူး၊ သူတို့ကလည်း သူတို့အကြောင်းနဲ့သူတို့။ အဖေလုပ်သူ ကိုလတ်ရဲ့သဘောက ဒီစာသင်ကျောင်းရဲ့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှာလည်း ဥက္ကဌလိုတာဝန်မျိုး ယူထားရတဲ့သူ၊ စာကြည့်တိုက်ကို ငွေအားလူအားအကုန်စိုက်ထုတ်ပြီးဆောက်တယ်ဆိုပေမယ့် ကိုယ့်သားနာမည်ပေးတယ်ဆိုတာ လူကဲ့ရဲ့စရာများ ဖြစ်လေမလားပေါ့ သူများမျက်စိစူးစရာများ ဖြစ်လေမလားပေါ့ ကိုလတ်အတွေးက၊ သားတော်မောင်ကျပြန်တော့လည်း စာကြည့်တိုက်ကို သူ့နာမည်ကြီးပေးတယ်ဆိုတော့ ဘယ်လိုကြီးလဲပေါ့ အာ့လိုထင်ထင်ပေါ်ပေါ်ကြီးဖြစ်မှာကို ရှက်စနိုးတယ်ထင်ပါရဲ့၊ ဒီလိုကြောင့် စာကြည့်တိုက်ကို သားတော်မောင်နာမည်နဲ့ပေးဖို့ကိစ္စကို ဖအေရောသားရောကို နားချရတယ်
.
. . . ဒီမှာသူငယ်ချင်းရဲ့ ဒီမှာညီလေးရဲ့ (အဖေကို သူငယ်ချင်းခေါ်ပြီးသားကိုညီလေးခေါ်ရတာနော် :P ) စာကြည့်တိုက်ကို ဒီနာမည်ပေးတယ်ဆိုတာ မိသားစုအကျိုးစီးပွားလည်း မဟုတ်ဘူး ညီလေးရဲ့ အကျိုးစီးပွားလည်း မဟုတ်ဘူး၊ ဒီစာကြည့်တိုက် ဒီမှာရှိနေသရွေ့ မြင်နေတွေ့နေရမယ့် အင်းသာကျောင်းမှာ ကျောင်းတက်နေကြတဲ့ ကျောင်းတက်ကြမယ့် ကလေးတွေရဲ့ အကျိုးစီးပွားပဲ၊ အနည်းဆုံးတော့ တို့နောက်ကလေးတွေမှာ ထူးထူးချွန်ချွန်နောင်တော်ကျောင်းသားတစ်ယောက်ကို အမှတ်ထင်ထင်ရှိသွားပြီ၊ ဆရာဆရာမတွေအနေနဲ့ သားရဲ့နာမည်ကိုပြောပြီး ကလေးတွေကို နမူနာပြစရာတစ်ခု ရသွားပြီ။ အခု ဆောက်ထားတဲ့ စာကြည့်တိုက်ဟာ စာကြည့်တိုက်လုပ်ငန်းတစ်ခုတည်းကိုသာမက နောင်လာနောက်သားတွေအတွက် ခွန်အားပေးမယ့် စံပြနမူနာတစ်ခုအဖြစ်ပါ တာဝန်ထမ်းဆောင်နေတော့မယ်၊ စာကြည့်တိုက်ကို ဒီနာမည်ပေးလိုက်ခြင်းဖြင့်လည်း မိသားစုအနေနဲ့ စာကြည့်တိုက်မှာ အစဉ်အမြဲကုသိုလ်ဆက်နေဖို့ အောက်မေ့စရာတစ်ခုပိုဖြစ်ပြီးတော့ သားတော်မောင်အတွက်လည်း ကိုယ့်နာမည်တစ်လုံးကို ဆက်လက်ထိန်းသိမ်းစရာ၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပညာရေးခရီးမှာဘဲဖြစ်ဖြစ်လျှောက်လှမ်းရင်း အခက်အခဲတွေ စိန်ခေါ်မှုတွေ ရင်ဆိုင်ရလို့ စိတ်ပျက်စရာတွေ ကြုံရတဲ့အခါ ငါတစ်ချိန်တုန်းက လုပ်နိုင်ခဲ့ပါလား ငါ့ကိုစံနမူနာယူနေကြမယ့်သူတွေ ရှိနေပါလား ငါလက်လျှော့လိုက်လို့မဖြစ်ဘူးဆိုတဲ့ တွန်းအားတစ်ခုအနေနဲ့ တစ်သက်လုံး ရှိသွားမှာဖြစ်တဲ့အပြင် တို့ရပ်တို့ရွာမှာ ဘုရားကျောင်းကန်တွေမှာ လှူဒါန်းကြသလိုမျိုး ပညာရေးပါရမီကိုလည်း ဒီလိုလှူဒါန်းဖြည့်ဆည်းရကောင်းပါလားဆိုတဲ့ ရှေ့ဆောင်လမ်းပြအလှူတစ်ခုအဖြစ်လည်း ပိုပြီး ပေါ်လွင်ထင်ရှားစေချင်လို့ စာကြည့်တိုက်ကို ဒီနာမည်ပေးဖို့ကိစ္စကို လက်ခံထိုက်တဲ့အကြောင်း တရားချမှ သားအဖနှစ်ယောက် ကိုယ်ပြောတာ နားညည်းသက်သာအောင်လားမသိဘူး လက်ခံလိုက်ကြတယ်
.
. . . စာကြည့်တိုက် အပြင်အဆင်အနေနဲ့ ဆေးကိုဘာရောင်သုတ်ရင်ကောင်းမလဲဘာညာ တိုင်ပင်ကြတယ်ဆိုပေမယ့် တကယ်စာကြည့်တိုက်ပုံလေးပေါ်လာတဲ့အခါကျတော့ ကိုယ်ထင်ထားတာထက်တောင် အများကြီးသပ်သပ်ရပ်ရပ် လှလှပပနဲ့မို့ သေချာဆောက်ပေးတဲ့ သူငယ်ချင်းကျော်မိုးခိုင်ကို ကျေးဇူးတင်ရပါသေးတယ်။ အထဲမှာထည့်မယ့် စာအုပ်စင်တွေကိုလည်း ကိုလတ်ကိုတိုင် သေသေချာချာ ကျွန်းသားတွေဘာတွေနဲ့ လုပ်နေ ကိုယ့်ကိုပုံတွေပြတော့ ဟိုလိုလုပ်ပါလားသည်လိုလုပ်ပါလား ဘာညာပြောဖြစ်တာလေးတွေရှိတာပေါ့၊ စာကြည့်တိုက်အဝင်ဝမှာ သဲထဲဖုန်ထဲဆော့ရင်း တက်လာကြမယ့်ကလေးတွေ အဆင်ပြေအောင် ခြေသုတ်ခုံကြီးကြီးကောင်းကောင်းနဲ့ ဖိနပ်တင်စင်လေးထားပေးဖို့၊ အခင်းကို သန့်ရှင်းရေးလုပ်ရလွယ်တဲ့ ဖယောင်းပုဆိုးအထူသားလေး ခင်းပေးဖို့၊ နေရောင်တိုက်ရိုက်ဝင်မယ့် အရှေ့ဘက်ပြတင်းနှစ်ပေါက်ကို လိပ်တင်လို့ရတဲ့ ခန်းဆီးမျိုးလေးကာပေးဖို့ စတဲ့ အသေးအဖွဲလောက်ပဲ ကိုယ်က အကြံပေးခဲ့ရတာရှိပါတယ်၊ အသေးစိတ်ကိစ္စတွေအားလုံးက ကိုလတ်စေ့စေ့စပ်စပ်စိတ်ကူး စီမံထားတာ ကိုယ်တွေးတာထက်တောင် ပိုပြည့်စုံနေပါသေးတယ်
.
. . . စာအုပ်တွေဖြည့်ဖို့ကိစ္စမှာတော့ သားတော်မောင်က ရန်ကုန်မှာ ရှာဖွေဝယ်ထားတာလေးတွေက တော်တော်ကို ကောင်းကောင်းလေးတွေပါ၊ ကိုယ်ငယ်ငယ်ကလည်း သိပ်ကြိုက်ခဲ့လို့ အခုလည်း အစုံလိုက်ဝယ်လှူမယ်လို့ စိတ်ကူးထားတဲ့ ကလေးသူငယ်များအတွက် သုတရတနာသိုက် ဆယ်အုပ်တွဲကိုတောင် ဝယ်ပြီးစာရင်းထဲ ပါနေလို့ နောက်ထပ်စာကြည့်တိုက်ထဲမှာထားမယ့် အဘိဓာန်တို့ စာလုံးပေါင်းသတ်ပုံကျမ်းတို့လောက်ပဲ ထပ်ပြောဖြစ်ပါတယ်။ လောလောဆယ်မှာ ကိုလတ်အဖေ ဆရာဦးမောင်မောင်ကြီး ပင်စင်လစာထဲကလှူတဲ့ တစ်သိန်းခွဲ၊ ဦးဇော်ဇော်က လှူတဲ့ တစ်သိန်း၊ Grand Royal Company ကလှူတဲ့ နှစ်သိန်းကို မတည်ပြီး သားတော်မောင်ကိုယ်တိုင် စာအုပ်တွေဝယ်နေတယ်၊ မန္တလေးက အင်းသာကျောင်းနေဘက်သူငယ်ချင်း သန်းထိုက်ကလည်း စာကြည့်တိုက်အတွက် စာအုပ်နှစ်သိန်းကျော်ဖိုးဝယ်ပို့လိုက်တာလည်း ရောက်နေပါပြီ၊ ကိုယ်ကတော့ စစ်သားပီပီ ကိုယ်သိပ်ကြိုက်တဲ့ မြဝတီတိုက်ထုတ်တွေထဲက ကျောင်းစာကြည့်တိုက်နဲ့ သင့်လျော်မယ့်စာအုပ်အကုန်ဝယ်ပါမယ် ကူညီပေးပါဆိုပြီး စာတည်းမှူးညီလေးတစ်ယောက်ကို အကူအညီတောင်းထားတာ သေချာထုပ်ပိုးပို့ပေးပါမယ်ဆိုလို့ စောင့်နေပါတယ်
.
. . . ဆေးတက္ကသိုလ်ရဲ့ ပထမနှစ်နောက်ဆုံးစာမေးပွဲတွေကလည်း စက်တင်ဘာနောက်ဆုံးပတ်ထဲလောက်မှ ပြီးတာမို့ သားတော်မောင်လည်း ရွာကိုပြန်လာပြီး အောက်တိုဘာလ ၂ ရက်မှာလုပ်မယ့် စာကြည့်တိုက်ဖွင့်ပွဲအတွက် အသင့်ဖြစ်နေပါပြီ၊ ကိုလတ်နဲ့ တိုးတိုးတို့လည်း စာကြည့်တိုက်ဖွင့်ပွဲအတွက် အခုရက်ပိုင်း အလုပ်များနေကြမှာပဲလေ၊ ဖွင့်ပွဲကို မြို့နယ်ကလူကြီးတွေ လွှတ်တော်အမတ်တွေ ဆရာဆရာမအသိုင်းအဝိုင်း ရပ်မိရပ်ဖရပ်ရွာလူကြီးပိုင်းတွေ နဲ့ အခြားနီးစပ်ရာတွေပါဖိတ်ပြီး အခမ်းအနားအစီအစဉ်တွေ အကျွေးအမွေးတွေနဲ့ဆိုတော့ စီရစဉ်ရတာတွေရှိနေတာပေါ့
.
နောက်ဆုံး စာတစ်ပုဒ်ကျရင် စာကြည့်တိုက်နဲ့ပတ်သက်ပြီး ဆက်လုပ်သွားမယ့် ကိုယ်တို့လောလောဆယ် စိတ်ကူးတိုင်ပင်ထားကြတာလေးတွေကို ရေးပြမယ်စိတ်ကူးတယ်၊ စိတ်ဝင်စားတဲ့သူတွေရှိရင်လည်း အကြံဉာဏ်လေးဘာလေး ပေးလို့ရတာပေါ့
.
ဗိုလ်ကောင်း
၁ ေအာက္တိုဘာ ၂၀၁၉

No comments:

Post a Comment