Tuesday 15 October 2019

အင်္ဂလန်မှာအချေနိုင်ဆုံးပုဂ္ဂိုလ်


. . . အင်္ဂလန်နိုင်ငံရေးအသိုင်းအဝိုင်းမှာ ကိုယ်သဘောအကျဆုံးသူကိုပြပါဆိုရင် ကွန်ဆာဗေးတစ်ပါတီက အောက်လွှတ်တော်ဥက္ကဌ ဂျွန်ဘားကိုးကို ပြရမယ်ထင်တယ်၊ ၂၀၀၉ ခုနှစ်ကတည်းက အောက်လွှတ်တော်မှာ ဥက္ကဌလုပ်လာခဲ့တဲ့ သူ့ရဲ့ လွှတ်တော်ကို ထိန်းကျောင်းတဲ့ စတိုင်ကို သဘောကျတာအဓိကပေါ့
.
. . . ဘုရင်စနစ်ရှိတဲ့ နိုင်ငံတွေကနေ စတဲ့ လွှတ်တော်ထုံးစံတစ်ခုမှာ အမတ်တွေထဲက တစ်ယောက်ယောက်ကို လွှတ်တော်ဥက္ကဌအဖြစ် တင်မြှောက်လိုက်ရင် ဥက္ကဌ မလုပ်ချင်ကြလို့ အမတ်တွေက အတင်းဆွဲခေါ်ပြီး ဥက္ကဌထိုင်ခုံကို လိုက်ပို့ရသတဲ့၊ ဘုရင်တွေ အာဏာရှိတဲ့ခေတ်က လွှတ်တော်က တစ်ခုခု ဘုရင်မကြိုက်တာလုပ်မိရင် လွှတ်တော်အကြီးအကဲကို ဘုရင်က ခေါင်းဖြတ်သတ်တာမို့ အဲသည်ရာထူးကို မယူချင်ကြဘူးဆိုတဲ့ ဓလေ့က အခုထက်တိုင် ဟာသသဘောပဲဖြစ်ဖြစ် နိုင်ငံတစ်ချို့က လွှတ်တော်တွေမှာ ကျင့်သုံးနေကြတုန်းပါပဲ
.
. . . ရွေးကောက်ပွဲပြီးလို့ လွှတ်တော်သက်တမ်းတစ်ခု စတော့မယ်ဆိုရင် အစဉ်အလာအရ ဘုရင်မကြီးက အထက်လွှတ်တော်ကို မိန့်ခွန်းလာပြောရတယ်၊ မင်းမျိုးမင်းနွယ်တွေက ရှေးရုပ်ရှင်တွေထဲက နန်းဝတ်နန်းစားဝတ်ရုံကြီးတွေနဲ့ ထိုင်စောင့်နေကြတဲ့ အထက်လွှတ်တော်ထဲ ဘုရင်မကြီးက မင်းခမ်းမင်းနားနဲ့လာတာ၊ ဘက်ကင်ဟမ်နန်းတော်ကနေ ပါလီမန်အထိ မြင်းဖြူခြောက်ကောင်ကတဲ့ ရထားလုံးကိုစီး၊ မြင်းစီးစစ်သည်တော်တွေ တော်ဝင်မိသားစုဝင်တွေ ခြံရံပြီး အထက်လွှတ်တော်ခန်းမထဲ ဘုရင်မကြီးက အကျအန နေရာယူပြီးချိန်အထိ အောက်လွှတ်တော်ဥက္ကဌနဲ့အဖွဲ့က သူ့လွှတ်တော်ခန်းမထဲမှာပဲ အမြိုင့်သားထိုင်စောင့်နေကြတာ၊ အထက်လွှတ်တော်ထဲ ဘုရင်မကြီးနဲ့ကြင်ယာတော်ရော တော်ဝင်မိသားစုတွေရော အစုံအညီနေရာယူပြီးပြီဆိုမှ ဆက်သားလွှတ်ပြီး အောက်လွှတ်တော်ဥက္ကဌကို ဘုရင်မကြီးက အခေါ်တော်ရှိကြောင်းခေါ်မှ ဟိုကအောက်လွှတ်တော်ဥက္ကဌနဲ့ အစိုးရတစ်ဖွဲ့လုံး ထလိုက်လာတာ၊ အစဉ်အလာအရ ဘုရင်မကြီးကလွှတ်လိုက်တဲ့ ဆက်သားက အောက်လွှတ်တော် တံခါးမကြီးကို လက်နဲ့ခေါက်ရသတဲ့၊ အင်္ဂလန်လွှတ်တော်သက်တမ်းတစ်လျှောက် အာ့လိုခေါက်လာတာဆိုတော့ တံခါးမှာတောင် အရာကြီးထင်နေတယ်ဆိုပဲ
.
. . . အဲသလို ဘုရင်မကြီးခေါ်တယ်ဆိုတော့မှ အောက်လွှတ်တော်ဥက္ကဌနဲ့ အစိုးရတစ်ဖွဲ့လုံးရော လွှတ်တော်အမတ်တွေရော စကားတပြောပြောနဲ့ အထက်လွှတ်တော်ဘက်ကို ချီတက်ပြီး ဘုရင်မကြီးပြောတဲ့မိန့်ခွန်းကို နားထောင်ရတာကိုး၊ အထက်လွှတ်တော်မှာက သူတို့အတွက် ထိုင်ခုံနေရာမရှိတော့ လွှတ်တော်ဥက္ကဌရော ဝန်ကြီးချုပ်ရော ကျန်တဲ့သူတွေအကုန်လုံး မတ်တပ်နားထောင်ကြရတယ်
.
. . . အင်္ဂလန်မှာ ဘုရင်မကြီးလာမှန်းသိတာတောင် ကြိုစောင့်မနေဘဲ ခေါ်မှလာမယ်ဆိုပြီး ခပ်ချေချေနေလို့ရတဲ့ အောက်လွှတ်တော်ဥက္ကဌကို သဘောကျလို့ မနေ့ကလုပ်တဲ့ လွှတ်တော်အသစ်ဖွင့်ပွဲသတင်းကြည့်ရင်း ရေးလိုက်တာ
.
ဗိုလ်ကောင်း
၁၅ ေအာက္တိုဘာ ၂၀၁၉

No comments:

Post a Comment