Friday 18 October 2019

တရားသူကြီးချုပ်နဲ့ ရှေ့နေချုပ်

. . . တရားသူကြီးချုပ်နဲ့ ရှေ့နေချုပ်ဆိုတာ လုပ်ငန်းသဘောသဘာဝအရ တရားရုံးတွေနဲ့ နီးစပ်တာမို့ တရားစီရင်ရေးမဏ္ဋိုင် ထဲကသူတွေလို့ သာမန်အားဖြင့် ထင်စရာရှိပါတယ်၊ ဒါပေမယ့် နိုင်ငံရေးနဲ့ ပတ်သက်ပြီး တီးမိခေါက်မိရှိတယ်ဆိုရင်တော့ ဒီနှစ်ယောက်ရဲ့ ထမ်းဆောင်ရတဲ့တာဝန်နဲ့ နိုင်ငံရေးအရ အရေးပါမှုက တော်တော်ကို ကွဲပြားတယ်ဆိုတာ သိကြမှာပါ
.
. . . နိုင်ငံ‌တော်မှာ အချုပ်အခြာအာဏာ ဒေါက်တိုင်ကြီး သုံးခုရှိတဲ့အနက် တရားသူကြီးချုပ်ဆိုတာ တရားစီရင်ရေးမဏ္ဋိုင်ရဲ့ အထွတ်အထိပ်ပုဂ္ဂိုလ်ဖြစ်ပြီး ရှေ့နေချုပ်ဆိုတာက‌တော့ နိုင်ငံတော်သမ္မတရဲ့ ဥပဒေဆိုင်ရာ အကြံပေးရာထူးမျှသာဖြစ်ပါတယ်
.
. . . တရားသူကြီးချုပ်ရော ရှေ့နေချုပ်ရော နှစ်‌ယောက်လုံးကို နိုင်ငံတော်သမ္မတက နာမည်စာရင်းတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ခန့််ရတာချင်း တူပေမယ့် တရားသူကြီးချုပ်က အသက်ခုနစ်ဆယ်ပြည့်တဲ့အထိ တာဝန်ထမ်းဆောင်နိုင်ပြီး ရှေ့နေချုပ်ကတော့ သမ္မတသက်တမ်းအတိုင်းပဲမို့ သမ္မတပြုတ်ရင် သူလည်းပြုတ်မှပါပဲ၊ နောက်တစ်ချက်က တရားသူကြီးချုပ်ကို သမ္မတက ခန့်ခွင့်သာရှိပြီး ပြန်ဖြုတ်ခွင့် မရှိပါဘူး၊ ဒါ့အပြင် ရှေ့က သမ္မတတစ်ယောက်ခန့်သွားတဲ့ တရားသူကြီးချုပ်က အသက်မပြည့်သေးလို့ ဆက်ပြီး တာဝန်ထမ်းဆောင်နေသေးတယ်ဆိုရင်လည်း တရားသူကြီးချုပ် နောက်တစ်ယောက် ထပ်ခန့်လို့ မရပါဘူး။ တရားစီရင်ရေးမဏ္ဋိုင်ရဲ့ လွတ်လပ်မှုကို ဒီနည်းနဲ့ ထိန်းထားတာပါ၊ ရှေ့နေချုပ်ကတော့ သမ္မတက မလိုချင်တဲ့အချိန် ဖြုတ်ပြီး အသစ်ခန့်လို့ရပါတယ်။
.
. . . လက်ရှိအခြေအနေနဲ့ ပြောရမယ်ဆိုရင် လက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားသူကြီးချုပ် ဦးထွန်းထွန်းဦးကို နိုင်ငံတော်သမ္မတဦးသိန်းစိန် အမည်စာရင်း တင်သွင်းခန့််အပ်ခဲ့တာဖြစ်ပြီး အသက်က အခု ၆၃ နှစ်မို့ နောက်ထပ် ခုနစ်နှစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့် ရှိနေပါတယ်။ သူနဲ့နာမည်တူ ရှေ့နေချုပ်ဦးထွန်းထွန်းဦးကိုတော့ သမ္မတဦးထင်ကျော်ခန့်အပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ရာထူးသက်တမ်းက အခုလက်ရှိအစိုးရအဖွဲ့ရာထူးသက်တမ်းနဲ့အတူ ကုန်ဆုံးမှာဖြစ်ပါတယ်။ နောက်ကြောင်းနည်းနည်းထပ်ပြောရရင် လက်ရှိတရားသူကြီးချုပ်က ၁၉၉၀ - ၁၉၉၄ တပ်မတော်ရဲ့ စစ်ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နယကအစိုးရရဲ့ ဒုတိယတရားသူကြီးချုပ်အဖြစ် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ထိ တာဝန်ထမ်းဆောင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ လက်ရှိ ရှေ့နေချုပ် ဦးထွန်းထွန်းဦးကလည်း နယကအစိုးရလက်ထက် ၂၀၀၆ ခုနှစ်ကနေ ဒုတိယရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်လာရာကနေ သမ္မတဦးသိန်းစိန်လက်ထက်မှာလည်း ဒုတိယရှေ့နေချုပ်အဖြစ် တာဝန်ပေးခံရပြီး သမ္မတဦးထင်ကျော်က ရှေ့နေချုပ်အဖြစ် ခန့်အပ်ခဲ့သူဖြစ်ပါတယ်။
.
ဗိုလ်ကောင်း
၁၈ အောက်တိုဘာ ၂၀၁၉

No comments:

Post a Comment