Wednesday 21 March 2018

အနန္တရ ပစ္စယ

 

. . . ကျန်းမာရေးအားနည်းနေတဲ့ နိုင်ငံတော် သမ္မတကြီး အနားယူသွားတာဟာ နိုင်ငံ့အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ အားနည်းချက်တစ်ရပ်အဖြစ် မြင်ချင်မြင်လို့ရပေမယ့် အားသာချက်အဖြစ် ယူမယ်ဆိုရင်လည်း ယူစရာတွေ အများကြီးရှိပါတယ်။
.
. . . အုပ်ချုပ်ရေးမဏ္ဍိုင်ကို အမှန်တကယ် စီမံခန့်ခွဲနိုင်ခွင့်ရှိတဲ့ အကြီးအကဲတစ်ယောက်ကို ခန့်အပ်ဖို့ အခွင့်အခါပေါ်လာတာကတော့ တကယ်ကို ကြီးမားတဲ့ အခွင့်အရေးဖြစ်ပါတယ်။ လက်ရှိ နိုင်ငံ့အုပ်ချုပ်ရေးကို လက်တွေ့ကျကျ စီမံခန့်ခွဲနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ သြစတေးလျ ခရီးစဉ်မှာ နေမကောင်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အစီအစဉ်တစ်ခုကို ပယ်ဖျက်ခဲ့ဖူးတာကိုကြည့်ရင် နိုင်ငံ့အုပ်ချုပ်ရေးယန္တယားအတွက် လက်ရှိအာဏာရပါတီ ခေါင်းဆောင်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ခံတဲ့သူတစ်ယောက် လူသိရှင်ကြား အဆင်သင့်ရှိနေဖို့လိုနေကြောင်း အချက်ပေးခေါင်းလောင်းသံအဖြစ် မှတ်ယူလို့ ရမှာပါ။ ဖြေရှင်းစရာ ပြသနာတွေများစွာနဲ့ နိုင်ငံတစ်ခုအတွက် အသက်အရွယ် ခုနစ်ဆယ်တန်းရောက်နေတဲ့ လက်ရှိခေါင်းဆောင်နေရာမှာ ကျန်းမာကြံ့ခိုင်ပြီး အများရဲ့ ယုံကြည်ကိုးစားလောက်တဲ့သူတစ်ယောက် အရေးတကြီးလိုအပ်နေတာပါ။ အခု သမ္မတကြီး ဦးထင်ကျော် အနားယူလိုက်ခြင်းက အဲသည်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အခွင့်အခါကောင်းဖြစ်ပါတယ်။
.
. . . ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အရှိတရားတွေကို လက်ခံပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ အချိန်အခါကောင်းလည်း ဖြစ်ပါတယ်။ အကြီးမားဆုံး ပြုပြင်ပြောင်းလဲရေးအနေနဲ့ အသစ်တင်မြှောက်တဲ့ နိုင်ငံတော်သမ္မတကို သမ္မတတာဝန် ပီပီပြင်ပြင် ထမ်းဆောင်နိုင်အောင် ကူညီပေးရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငါမရှိတော့ရင် ဒါမှမဟုတ် ဒီသက်တမ်းအတွင်း ငါအခုအလုပ်တွေကို အခုလောက် ဆက်မလုပ်နိုင်တော့ရင်ဆိုတဲ့ ဖြစ်နိုင်ခြေကို မူတည်ပြီး အဲသည်အခြေအနေအတွက် အဆင်သင့်ဖြစ်မယ့် အနေအထားတစ်ခုကို တည်ဆောက်ဖို့ အချိန်အခါသင့်ပြီဖြစ်ပါတယ်။
.
. . . ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကို လစ်လပ်နေတဲ့ သမ္မတရာထူးနေရာအတွက် အမည်စာရင်းတင်သွင်းမယ်ဆိုရင် ထင်မြင်ချက်ပေးစရာ နှစ်ခုရှိပါတယ်။ တကယ်လို့ အသစ်တင်မြှောက်လိုက်တဲ့သမ္မတဟာ အရင်သမ္မတကြီးလို အဆောင်အယောင်သက်သက် သမ္မတကြီးအဖြစ်သာ နေရာပေးမယ်ဆိုရင်တော့ ဦးဝင်းမြင့်ရဲ့ ပထမအကြိမ်လွှတ်တော်အတွေ့အကြုံ၊ ဒုတိယအကြိမ်လွှတ်တော် ဥက္ကဌအတွေ့အကြုံနဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိစွာ လွှတ်တော်အတွင်း ထိန်းကျောင်းပဲ့ပြင် မောင်းနှင်နေတဲ့ အရည်အသွေးတွေကို နှမြောစရာကောင်းမှာပါ။ ဒီလိုမှ မဟုတ်ဘဲ အထက်မှာ တင်ပြခဲ့သလို တကယ့်သမ္မတတာဝန်ကို ပီပီပြင်ပြင်ထမ်းဆောင်စေဖို့ ရည်ရွယ်ပြီး ဦးဝင်းမြင့်ကို ရွေးချယ်ခဲ့တာဆိုရင်တော့ အင်မတန် သင့်တော်ကောင်းမွန်တဲ့ ရွေးချယ်မှုအဖြစ် ချီးကျူးကြိုဆိုအပ်ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း ဥပဒေပြုရေးမဏ္ဍိုင်ထဲမှာ အတွေ့အကြုံ ရှိတန်သရွေ့ ရှိထားတဲ့အပြင် အခုလက်ရှိသက်တမ်း လွှတ်တော်ဥက္ကဌအဖြစ် မိမိကိုယ်ကို ယုံကြည်မှုရှိရှိ လွှတ်တော်ကို ထိန်းကျောင်းမောင်းနှင်နေတဲ့ ဦးဝင်းမြင့်အနေနဲ့ အများသူငါရဲ့ ယုံကြည်မှုကိုလည်း ရတန်သရွေ့ရထားပြီးဖြစ်တယ်လို့ ယူဆပါတယ်။ ဒီလိုလူမျိုးတစ်ယောက်ကို သမ္မတတာဝန် ပီပီပြင်ပြင်ထမ်းဆောင်နိုင်အောင် အခွင့်အရေးပေးမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နောက်ပိုင်း လက်ရှိသမ္မတသက်တမ်းအတွက်ရော ၊ အာဏာရပါတီ ဒီချုပ်ရဲ့ အနာဂတ်အတွက်ပါ ကောင်းတဲ့အလားအလာတစ်ရပ်အဖြစ် ရှုမြင်နိုင်မှာ ဖြစ်ပါတယ်။
.
. . . သမ္မတကြီး ဦးထင်ကျော်အနားယူသွားရာကနေ ရလာတဲ့ မြန်မာနိုင်ငံတော်ရဲ့ ရှေ့လျှောက်ရမယ့်ခရီးအတွက် အခွင့်အလမ်းကောင်းတွေကို မလွတ်တမ်း ရယူအသုံးချဖြစ်ပါစေလို့ ဆန္ဒပြုရင်း . . .
.
ဗိုလ်ကောင်း
၂၁ မတ် ၂၀၁၈
.
(ခက်ဆစ်။ အနန္တရ ပစ္စယော=အခြားမဲ့ဖြစ်၍ကျေးဇူးပြုတတ်သောတရား။ (သားတော်ကြီးထီးနန်းဆက်ခံရန်အတွက် စကြ၀တေးမင်းနတ်ရွာစံခြင်းဖြင့် ကျေးဇူးပြုတတ်သောသဘောတရား)

Monday 19 March 2018

English Fairy Tales


. . . မနေ့က ရေးထားတဲ့ စာအောက်မှာ သူငယ်ချင်းတစ်ယောက် ၀င်ရေးတဲ့အထဲက ယူကျုလင့်လေးတစ်ခုရလို့ ၀င်ကြည့်ဖြစ်ပါတယ်။ ပုံပြင်လေးတွေကို ဘာသာစကားပေါင်းစုံနဲ့ ပြောပြီး တင်ထားတာပါ။ ပုံပြင်စုစုပေါင်းက ငါးဆယ်လောက်ရှိပါတယ်။ ကလေးပုံပြင်လေးတွေ။ အဲသည် ပုံပြင်တွေကို မြန်မာစကား အပါအ၀င် ဘာသာစကားပေါင်းစုံနဲ့ တင်ထားတာပါ။ အခု ပြောပြချင်တာက အင်္ဂလိပ်ဘာသာစကားနဲ့ တင်ထားတဲ့ ပုံပြင်လေးတွေအကြောင်း ဖြစ်ပါတယ်။
.
. . . ပုံပြင်လေးတွေက ကမ္ဘာပေါ်မှာ အထူးသဖြင့် အင်္ဂလိပ်စကားပြောနိုင်ငံတွေမှာ ထင်ရှားလူကြိုက်များတဲ့ ပုံပြင်လေးတွေပါ။ မြန်မာလူမျိုးတွေအတွက်လည်း သိပ်မစိမ်းတဲ့ ပုံပြင်လေးတွေ များပါတယ်။ အခုပြောချင်တာက အဲသည်ပုံပြင်လေးတွေကို အင်္ဂလိပ်စာသင်ခန်းစာအနေနဲ့ ယူလို့ရတဲ့အကြောင်းဖြစ်ပါတယ်။
.
. . . ယူကျုမှာ တင်ထားတဲ့ အရည်အသွေးက တော်တော်ကို ကောင်းပါတယ်။ ပုံပြင်တွေကို ကိုယ့်ကွန်ပြူတာထဲဖြစ်ဖြစ် ကူးယူမယ်ဆိုရင် 4K အရည်အသွေးအထိ ကောင်းအောင် ကူးယူလို့ရပါတယ်။ ပုံပြင်ကို ဇာတ်လမ်းပြောပြတာက အင်မတန် ရိုးရှင်းလွယ်ကူတဲ့ အင်္ဂလိပ်စကားနဲ့ ပြောပြတာပါ။ အသံထွက်ရော သဒ္ဒါရောက တော်ရုံတန်ရုံ အခြေခံလောက်ပဲ ရှိတဲ့သူတောင် နားလည်နိုင်လောက်အောင် ရိုးစင်းလွယ်ကူပါတယ်။ ပိုပြီးကောင်းတာက နောက်ခံပြောနေတဲ့ စကားကို စာတန်းပါ ထိုးပေးထားတာပါပဲ။
.
. . . ကျွန်တော့်မိတ်ဆွေသူငယ်ချင်းများ သားသမီးငယ်ငယ်ရွယ်ရွယ် ကလေးတွေရှိတယ်ဆိုရင် အခုလို နွေကျောင်းပိတ်ရက်မှာ အဲသည်ပုံပြင်လေးတွေကို ကလေးတွေ အင်္ဂလိပ်စာလေ့လာဖို့ရည်ရွယ်ချက်နဲ့ အသုံးချချင်တယ်ဆိုရင် အင်မတန် သင့်တော်ကြောင်း အကြံပေးချင်ပါတယ်။ ဒီနေရာမှာ ပုံပြင်လေးတွေကို သွားကြည့်လို့ ရပါတယ်ခင်ဗျ . . .
https://www.youtube.com/channel/UC8mWYDxedkJmUReAiA3ze9w/videos
.
ဗိုလ်ကောင်း
၁၉ မတ် ၂၀၁၈
.
လမ်းညွှန်ပေးခဲ့တဲ့ သူငယ်ချင်း ကိုနိုင်းခိုင်ကို ကျေးဇူးတင်ပါတယ်။

Sunday 18 March 2018

ပေါကားဂယက်


ပေါလေမပေါလေတော့ မသိဘူး။ ကိုယ်တွေက မြန်မာဇာတ်ကားလည်း သိပ်မှ ကြည့်ဖြစ်တာ မဟုတ်ဘူးကိုး။ မြန်မာကားမကြည့်ဘူးဆိုတော့ တစ်ခြားကားလည်း စိတ်ကူးပေါက်မှသာ ကြည့်ဖြစ်တာရယ်ပါ။ ဒါပေမယ့် အိမ်မှာတော့ မြန်မာကားကို မဖွင့်ရဲဘူး
.
. . . တီဗီက လာတဲ့ မြန်မာဇာတ်ကား အများစုက အရာရာကို သင်ယူနေတဲ့အရွယ် စူးစမ်းနေတဲ့အရွယ် ကိုယ့်ရဲ့ ပန်းပွင့်လေးအတွက် အတုယူမှားစရာ အယုတ္တ အနတ္တတွေ တော်တော်များတယ်လို့ ခံစားရတယ်။ စကားပြောရင် အော်ကြီးဟစ်ကျယ်နဲ့၊ ဘာတွေမှန်းကိုမသိတဲ့ဟာတွေ။ အချစ်ကားဆိုလည်း သမီးမိန်းကလေး နားနဲ့မဆန့်တဲ့ စကားတွေနဲ့၊ မမြင်သင့်မမြင်အပ်ရာတွေနဲ့မို့ အိမ်မှာဆို မြန်မာကားဆို ဖွင့်ကို မဖွင့်ရဲလောက်အောင်ပဲ။
.
. . . မြန်မာကား မဖွင့်ဘူးဆိုတော့ ကိုရီးယားကားဆိုရင်ရောတဲ့။ အွန်စောဂျွန်စောတို့နဲ့ လူလားမြောက်ခဲ့ရတဲ့ကိုယ့်အတွက်တော့ ကိုရီးကားကို ကြိုက်တန်သရွေ့ကြိုက်ပါတယ်။ ကြိုက်တယ်ပြောတာနော် ကြည့်တော့မကြည့်ဖြစ်ဘူး။ သူတို့ တင်ဆက်ပုံလေးတွေ အလုပ်လုပ်ကြပုံတွေ မင်းသမီးမင်းသားလေးတွေ ချောချောလေးတွေ ရိုက်ချက်လှလှလေးတွေကို သဘောကျတယ်လို့ပြောတာ။ သူတို့လွှင့်နေတဲ့ ဇာတ်လမ်းတွဲတွေလည်း အားအားလျားလျား စောင့်မကြည့်နိုင်ပေါင်ဗျာ။ ကိုရီးယားကားထဲမှာ ကိုယ်တိုင်သေချာ စောင့်ကြည့်ဖူးတာဆိုလို့ ၂၀၁၀ မပြည့်ခင်နှစ်ပိုင်းတွေတုန်းက ကြာသပတေးနေ့တိုင်း ဘယ်လိုင်းကလဲတော့မသိဘူး လာတဲ့ စစ်သူရဲကောင်းကားပဲ။ အဲသည်တုန်းက သိပ်ကြိုက်ခဲ့တဲ့ကားဖြစ်တဲ့အပြင် ကြည့်ဖော်တွေလည်းရှိတော့ ကြာသပတေးနေ့တိုင်း ကြည့်ဖြစ်တယ်။ ဇာတ်လမ်းထဲက သူရဲကောင်းနာမည်က လီစွန်းရှင်းဆိုတာတော့ မှတ်မိတယ်။ အဲသည်ဇာတ်ကားကြည့်တုန်းက ကိုယ့်နိုင်ငံရဲ့ အခြေအနေ အဖြစ်အပျက်တွေနဲ့ ဆင်ခြင်သုံးသပ်နေမိတာကို သတိရမိပါတယ်။
.
. . . ကိုရီးယားကား ကြိုက်တယ်ဆိုပေမယ့် မကြည့်ဖြစ်ဘူးဆိုပေမယ့် အိမ်က ပန်းပွင့်လေးမေမေကတော့ ကိုရီးယားကားတွေကို တော်တော် မုန်းပုံရတယ်။ လင်ရှိမယားတွေ မယားရှိလင်တွေ ဖောက်ပြန်ကြတာတွေဘာတွေ ဖောဖောသီသီပါတဲ့ ဇာတ်ကားတွေမို့ သူက ရွံသတဲ့။ ဒါပေမယ့် အမေကတော့ တစ်ခါတစ်လေ စောင့်ကြည့်တဲ့ ဇာတ်လမ်းတွဲလေးတွေရှိတော့ အမေကြည့်တဲ့ကားဆို ပန်းပွင့်လေးလည်း ငေးမိငေးရာ ငေးဖြစ်တာတော့ရှိတယ်။ အားသာချက်က ဘာလဲဆိုတော့ ကိုရီးယားလိုပြောတာကို ပန်းပွင့်လေးက နားမလည်ဘူး၊ မြန်မာစာတန်းထိုးတာကိုလည်း ဖတ်ရမှာပျင်းတဲ့သူဆိုတော့ ကိုရီးယားကားဆိုတာ ပန်းပွင့်လေးအတွက်တော့ အရုပ်ကြည့်ရုံသက်သက်ပဲမို့ သူ့အပေါ်လွှမ်းမိုးမှု သိပ်မရှိဘူးလို့ ပြောလို့ရတယ်။
.
. . . ပန်းပွင့်လေးအပေါ် လွှမ်းမိုးမှုအရှိဆုံးက ဝေါ့ဒစ္စနေကာတွန်းကားတွေပဲ။ ဒစ္စနေမင်းသမီးလေးတွေဇာတ်လမ်းဆို ဟိုး စနိုးဝှိုက်တို့ခေတ်ကနေ အခုနောက်ဆုံး မိုအားနားထိ ရှိတယ်။ သူလည်း အဲသည်ထဲက စကားပြောခန်းတွေ သီချင်းတွေတောင် အလွတ်တွေရနေလောက်ရောပေါ့။ ပန်းပွင့်လေး အချိန်မရွေး ကြည့်ရအောင်ဆိုပြီး အဲသည်လို ကာတွန်းကားတွေ၊ နောက်ပြီး သူ့အရွယ်နဲ့ သင့်တော်မယ်ထင်တဲ့ အခြားကြည့်စရာတွေကို ကွန်ပြူတာထဲ အပြည့်ထည့်ထားပေးတာ။ ကြည့်ချိန်ကတော့ သူ့မေစည်းကမ်းအတိုင်းပေါ့။ ကာတွန်းကားတွေအပြင် Well-E လိုဇာတ်ကားမျိုးတွေကိုလည်း ပန်းပွင့်လေးနဲ့ အတူတူကြည့်ပြီး သူ့စိတ်ကူးလေးတွေကို နှိုးဆွပေးကြည့်တယ်။ မြန်မာကာတွန်းကား ဘိုဘိုတို့ဘာတို့လည်း ရှိတယ်ဆိုပေမယ့် ပြောရလောက်အောင် မရှိတော့ သိပ်အားမရဘူး။
.
. . . တကယ်တမ်းသာဆို ပန်းပွင့်လေးက မူလန်၊ စနိုးဝှိုက်၊ ပိုကာဟွန်းတက်စ်၊ စင်ဒရဲလား၊ ဘဲလ်၊ ရီပွန်ဇယ်၊ မူလန်၊ ဂျက်စမင်း၊ အယ်လ်ဆာအယ်နာ၊ အော်ရိုရာ၊ အေရီရယ်၊ တီအာနာ၊ တင်ကာဘဲ၊ မာရင်ဒါ၊ ဘာဘီတို့နဲ့ ရင်းနှီးနေသလိုမျိုး မြန်မာမိန်းကလေးဇာတ်ကောင်လေးတွေနဲ့လည်း ရင်းနှီးနေစေချင်တာပေါ့

Thursday 15 March 2018

အတည်ပြုနဲ့မှတ်တမ်းတင်


လွှတ်တော်မှာ အဆိုတစ်ခုကို ဆွေးနွေးခွင့်ရလို့ ဆွေးနွေးပြီးကြပြီဆိုရင် အဲသည်အဆိုကို လွှတ်တော်က အတည်ပြုမပြု မဲစနစ်နဲ့ ဆုံးဖြတ်ပါတယ်။ တင်လိုက်တဲ့ အဆိုကို ထောက်ခံတဲ့သူများရင် အဆိုက အတည်ဖြစ်တယ်၊ သက်ဆိုင်ရာ အစိုးရက အဆိုနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးဖို့အတွက် အနှောင်အဖွဲ့ဖြစ်သွားတယ်။ အဆိုကို လွှတ်တော်က အတည်မပြုဘူးဆိုရင်တော့ သက်ဆိုင်ရာက ဆက်လက်ဆောင်ရွက်ပေးဖို့မလိုဘူးဆိုတဲ့ သဘောပါပဲ။
.
. . . ကိုယ်မှတ်မိသလောက်ဆိုရင် သူရဦးရွှေမန်းပြည်သူ့လွှတ်တော်ဥက္ကဌ လက်ထက်ကဆိုရင် ပြည်ခိုင်ဖြိုးမဟုတ်တဲ့ အမတ်နေရာနည်းတဲ့ ပြည်နယ်ဒေသတွေက ပါတီငယ်တွေကို အတော် အလေးထားပြီး နေရာပေးတာကို သတိထားမိပါတယ်။ လွှတ်တော်မှာ ဖွဲ့တဲ့ ကော်မတီတွေမှာဆိုလည်း တော်တော်လေးကို ပါတီစုံစုံလေး ထည့်ဖွဲ့ပေးတာကို တွေ့မိပါတယ်။ လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးအမတ် အများစုဆိုပေမယ့် အခြားအမတ်တွေကလည်း ပြည်ခိုင်ဖြိုးကို အာဏာရပါတီအနေနဲ့ အတိုက်အခံလုပ်တာမျိုးရယ်လို့ သိပ်မတွေ့ရဘဲ ကိစ္စတစ်ခုချင်းစီအပေါ် မူတည်ပြီးတော့သာ ထောက်ခံတန်ထောက်ခံ ကန့်ကွက်တန်ကန့်ကွက်လုပ်တာမျိုးလို့ မြင်ခဲ့ရသလိုပါပဲ။ လွှတ်တော်ထဲက တပ်ရယ် ပြည်ခိုင်ဖြိုးရယ် အခြားအမတ်တွေရယ်က စည်းစည်းလုံးလုံးရှိခဲ့တဲ့ပုံပေါ်ပါတယ်။ တစ်ခါတစ်လေ အငြင်းအခုံအပြင်းအထန် ဖြစ်တာမျိုးရှိတော့လည်း ရှိတတ်ခဲ့ပါတယ်။
.
. . . တစ်ချို့တင်တဲ့အဆိုတွေကျတော့ လွှတ်တော်အမတ် အများစုက မထောက်ခံလို့ အဆိုအတည်မဖြစ်ဘူးလို့ ကြေညာလိုက်ရမှာကို ပြည်သူ့လွှတ်တော်ဥက္ကဌကြီးက အားနာတယ်နဲ့ တူပါတယ်။ တစ်ဘက်ကကြည့်ရင်လည်း သူ့ရဲ့ လွှတ်တော်စည်းရုံးရေးအင်အား ထိပါးမှာကို စိုးရိမ်တယ်နဲ့ တူပါရဲ့။ ဒါကြောင့် အဆိုအတည်မဖြစ်တဲ့အခါ အဆိုကိုလွှတ်တော်က အတည်မပြုပါဘူးလို့ ပြတ်ပြတ်သားသား ကြေညာရမယ့်အစား အဆိုကို လွှတ်တော်မှာ မှတ်တမ်းတင်ထားပါမယ်ဆိုပြီး ပြောလေ့ရှိပါတယ်။
.
. . . ဥပဒေအရတော့ အဆိုတစ်ခုကို လွှတ်တော်က အတည်ပြုမလား မပြုဘူးလား ဆိုတာပဲရှိပါတယ်။ မှတ်တမ်းတင်တယ်ဆိုတာ ဥပဒေထဲ မပါပါဘူး။ မဲခွဲတဲ့အခါမှာလည်း အဆိုကို ထောက်ခံမှာလား မထောက်ခံဘူးလား မဲခွဲတာပဲရှိပါတယ်။ ထောက်ခံသူများရင် အဆိုက အတည်ဖြစ်မယ် နည်းရင် မဖြစ်ဘူး ဒီလိုကိုး။
.
. . . ဒါပေမယ့် နောက်ပိုင်းကျတော့ ဦးရွှေမန်းကျင့်သုံးခဲ့တဲ့ နည်းဗျူဟာက အတည်လိုလိုဘာလိုလို ဖြစ်လာပါတယ်။ ဥက္ကဌက မဲခွဲဖို့ ကြေညာကတည်းကိုက အဆိုကို ထောက်ခံသူများရင် အတည်ပြုမယ် နည်းရင် မှတ်တမ်းတင်မယ် ဒီလိုကိုဖြစ်သွားတော့တာ။ ဦးဝင်းမြင့်တို့များ သူရဦးရွှေမန်းခြေရာနင်းချက်က ညနေလွှတ်တော်ဆင်းရင် ကျူရှင်များသွားသွားတက်နေသလားမှတ်ရတယ် . . .
.
. . . ကျွန်တော်ပြောတာကို ထောက်ခံတဲ့သူများရင် အတည်ပြုပါမယ်၊ နည်းရင် အတည်မပြုပါဘူး (ကိုယ်တွေက ဥပဒေထဲကအတိုင်း အတိအကျပဲ ငိငိငိ)
.
ဗိုလ်ကောင်း
၁၅ မတ် ၂၀၁၈

Monday 12 March 2018

ငလျင်ဆိုတာမျိုးက


ဂျပန်လို ငလျင်အထာနပ်နေတဲ့နိုင်ငံတောင်မှ ကြိုမသိပါဘူး။ ငလျင်ဗဟိုချက်က လှုပ်နေပြီဆိုမှ ငလျင်လှိုင်းကိုယ်နေတဲ့နေရာဆီရောက်မလာခင် စက္ကန့်ပိုင်းလေး ကြိုသိရတာပါ။ ဒါတောင် ငလျင်စလှုပ်တာနဲ့ တစ်နိုင်ငံလုံးကို တမုဟုတ်ချင်း အလိုအလျောက်အကြောင်းကြား သတိပေးနိုင်တဲ့ ဆက်သွယ်ရေးနည်းပညာကြောင့်သိရတာပါ
.
မိတ်ဆွေများ စိတ်အေးချမ်းသာ အိပ်စက်အနားယူနိုင်ကြပါစေ
https://www.facebook.com/photo.php?fbid=589296538100292&set=a.110405775989373.1073741828.100010598527758&type=3&theater

မရရင် ဒဲ့ပို့မှာနော် မပြောမရှိနဲ့


. . . မြန်မာနိုင်ငံအပြင်ဘက်မှာနေတဲ့သူတစ်ယောက်အနေနဲ့ တပ်မတော်နေ့နားနီးတိုင်း စိတ်ထဲ မရိုးမရွဖြစ်ရတာက တပ်မတော်နေ့ ထုတ်လွှင့်တဲ့ မြ၀တီရုပ်မြင်သံကြား အစီအစဉ်တွေကို အချိန်နဲ့တစ်ပြေးညီ ကြည့်ခွင့်ရမှရပါ့မလားပေါ့။ အရင်တုန်းကတော့ရတယ်၊ မနှစ်ကဆိုကြည့်လို့မရဘူး။ မြန်မာပြည်ကလွှင့်တဲ့ ရုပ်သံလိုင်းတွေ အကုန်နီးပါးကြည့်လို့ရပေမယ့် မြ၀တီရုပ်သံလိုင်းကျတော့ ကြည့်လို့မရဘူး။ စိတ်ထဲမှာ တင်းတာ တင်းတာ ဆိုတာလေ၊ တစ်ခြားရုပ်သံလိုင်းတွေရပေမယ့် ကိုယ်ကြည့်ချင်တဲ့လိုင်းလေးမှ ကွက်ပြီးမရတာတော့ သောက်သည်းပေါက်လို့မဆုံးဘူး။
.
. . . မနှစ်က အညတရမိုးကောင်းကင်ဆိုတဲ့ ဇာတ်ကားတုန်းကလည်း ကြည့်ချင်တာ တစ်ပိုင်းကိုသေလို့။ မြ၀တီက လွှင့်တဲ့အချိန်မတိုင်ခင်ကတည်းက နည်းမျိုးစုံနဲ့ ဖမ်းဖို့ကြိုးစားပေမယ့် မရ၊ တကယ်လွှင့်တဲ့အချိန်လည်းရောက်ရော လူမှာ ထိုင်ရမလို ထရမလို၊ ရှေ့ကကွန်ပြူတာကြီးပဲ လက်သီးနဲ့ပြေးထိုးရတော့မလို၊ တပ်ချုပ်ကြီးကိုပဲ ဖုန်းဆက်ပြီး တိုင်ရတော့မလိုလိုနဲ့၊ ဖြစ်နေတာဖြစ်နေတာ . . .
.
. . . တပ်ချုပ်ကြီးပေ့ခ်ျတို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးပေ့ခ်ျတို့ကများ တိုက်ရိုက်လွှင့်ပေးမလားကြည့်တော့လည်း မတွေ့။ တော်တော်ကြာ မူးနေအောင်ရှာတော့မှ သူငယ်ချင်းတစ်ယောက်က တီဗီရှေ့ တယ်လီဖုန်းနဲ့ရိုက်ပြီး ဖေ့ဘုတ်က လွှင့်ပေးလို့ ကြည့်ခွင့်ရတယ်။ မောင်မင်းကြီးသား ကျန်းမာချမ်းသာပါစေဗျာ
.
. . . အခု ဒီနှစ်လည်း လာပြန်ပြီ၊ စစ်ကိုမုန်း၍တိုက်ခဲ့သည် တဲ့။ ကိုယ်က စစ်သားဆိုတော့ စစ်ကားကြည့်ချင်တာပေါ့။ အခုခေတ် စစ်ကားတွေကလည်း အရင်တုန်းက ဗိုလ်မှူးဟိန်းဝေယံတို့ ဗိုလ်မှူးပြေတီဦးတို့ ခေတ်တုန်းကလို မြို့ပေါ်မှာတင် လတ်လျားလတ်လျား အချိန်ကုန်တဲ့ကားမျိုး မဟုတ်ဘဲ တကယ့်ကို ပီပီပြင်ပြင် ရိုက်ထားတဲ့ကားတွေဆိုတော့ ကြည့်ချင်တာပေါ့။ ထုံးစံအတိုင်း အခုကတည်းက မရိုးမရွဖြစ်နေပြီ။ မနေ့ညကဆို myanmartvchannel ကလွှင့်တဲ့ မြ၀တီရုပ်သံကို ၀င်ကြည့်လိုက်တော့ Zeegwat ကနေတစ်ဆင့်လွှင့်တဲ့ပုံတွေ့တယ်။ အရုပ်ပဲမြင်ရပြီး အသံမကြားရဘူး။ ကျွန်တော့်မိတ်ဆွေ ကိုအောင်မျိုးလေနဲ့ ညည်းရရင် "ယူတို့အဲ့သာ ခက်စ်တာပဲ" လို့သာ ပြောလိုက်ချင်တယ်။
.
မြ၀တီရုပ်သံက တာဝန်ရှိပုဂ္ဂိုလ်များခင်ဗျား
.
. . . ဒီနှစ် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတိုက်ရိုက်ထုတ်လွှင့်မှုနဲ့ စစ်ကိုမုန်း၍တိုက်ခဲ့သည် ဇာတ်ကားများကို မြန်မာနိုင်ငံပြင်ပကနေ အင်တာနက်ပေါ်မှာ အဆင်ပြေပြေ ကြည့်ခွင့်ရပါရစေပါခင်ဗျား။ တစ်ခြားနည်းပညာတွေနဲ့ မလုပ်တတ်ဘူးဆိုရင်လည်း တပ်ချုပ်ကြီးပေ့ခ်ျတို့ဘာတို့ကနေ တိုက်ရိုက်လေးလွှင့်ပေးပါ။ ဒီလောက်ကြိုပြောထားတယ်သားနဲ့မှ ဒီနှစ်လည်း အဆင်မပြေဘူးဆိုလို့ကတော့ ဒီတစ်ခေါက် တပ်ချုပ်ကြီး ဂျပန်ပြည်လာလို့ အဆင်ပြေကြလားမေးရင် ကျန်တာတွေတော့ အဆင်ပြေပါတယ်၊ မြ၀တီကလွှင့်တာတွေ ဒီမှာကြည့်လို့ အဆင်မပြေပါဘူးခင်မျာ့ ဆိုပြီး ဒဲ့ပို့မှာဗျ
.
ဗိုလ်ကောင်း
၁၂ မတ် ၂၀၁၈
https://www.facebook.com/photo.php?fbid=589583168071629&set=a.110405775989373.1073741828.100010598527758&type=3
---------------------------------------
သုံးရက်ခန့်အကြာ
.
သတင်းကောင်းလာပါပြီ
.
နိုင်ငံရပ်ခြားက အမျိုးများ ကြည့်ရှုခံစားနိုင်စေဖို့ တပ်မတော်နေ့ဂုဏ်ပြုဇာတ်ကားတွေကို ဒီနေ့ မတ်လ ၁၄ ညကစပြီး မြဝတီဖေ့ဘုတ်ကနေ တိုက်ရိုက်လွှင့်ပေးပါမယ်တဲ့ဗျို့ 😘😘😘
.
မြန်မာစံတော်ချိန် ညရှစ်နာရီ သတင်းပြီးတာနဲ့ စောင့်ကြည့်တော့ဗျို့😍😍😍
.
ကြိုးစားစီစဉ်ပေးတဲ့ မောင်မင်းကြီးသား မယ်မင်းကြီးမများ ကျန်းမာချမ်းသာကြပါစေဗျာ
😍😘😍😘😍
https://www.facebook.com/mwdmedia/
.
၇၃ နှစ်မြောက်တပ်မတော်နေ့ ကိုဂုဏ်ပြုသောအားဖြင့် မြဝတီရုပ်မြင်သံကြားအစီအစဉ်မှ တပ်မတော်နေ့ဂုဏ်ပြု ဇာတ်လမ်းများအား
" မြ၀တီ official Facebook Page " တွင် တိုက်ရိုက် Live ထုတ်လွှင့်ပြသမည်

နေပြည်တော် ၊ မတ် ၁၄

၇၃ နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် မြဝတီရုပ်မြင်သံကြားအစီအစဉ်မှ ည ၈ နာရီသတင်းများ အပြီးတွင် ပြသမည့် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းများအား “ မြ၀တီ official Facebook Page” ( https://www.facebook.com/mwdmedia/ ) မှ အောက်ပါအတိုင်း တိုက်ရိုက် Live ထုတ်လွှင့်ပြသသွားမည်။

၁၁.၃.၂၀၁၈ နှလုံးသားမဲ့ကောင်းကင် (ပထမပိုင်း)
၁၂.၃.၂၀၁၈ နှလုံးသားမဲ့ကောင်းကင် (ဇာတ်သိမ်းပိုင်း)
၁၃.၃.၂၀၁၈ ဝေလည်းမွှေး ကြွေလည်းမွှေး ( ပထမပိုင်း )
၁၄.၃.၂၀၁၈ ဝေလည်းမွှေး ကြွေလည်းမွှေး (ဇာတ်သိမ်းပိုင်း)
၁၅.၃.၂၀၁၈ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ (ပထမပိုင်း)
၁၆.၃.၂၀၁၈ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ (ဇာတ်သိမ်းပိုင်း)
၁၇.၃.၂၀၁၈ အမိမြေမှ သားကောင်းများ (ပထမပိုင်း)
၁၈.၃.၂၀၁၈ အမိမြေမှ သားကောင်းများ (ဇာတ်သိမ်းပိုင်း)
၁၉.၃.၂၀၁၈ သားကောင်းမိခင် (ပထမပိုင်း)
၂၀.၃.၂၀၁၈ သားကောင်းမိခင် (ဒုတိယပိုင်း)
၂၁.၃.၂၀၁၈ သားကောင်းမိခင် (ဇာတ်သိမ်းပိုင်း)
၂၂.၃.၂၀၁၈ ကွမ်းလုံရက်(၄၀)
၂၃.၃.၂၀၁၈ အညတရ မိုးကောင်းကင် (ပထမပိုင်း)
၂၄.၃.၂၀၁၈ အညတရ မိုးကောင်းကင် (ဒုတိယပိုင်း)
၂၅.၃.၂၀၁၈ စစ်ကိုမုန်း၍ တိုက်ခဲ့သည် (ပထမပိုင်း)
၂၆.၃.၂၀၁၈ စစ်ကိုမုန်း၍ တိုက်ခဲ့သည် (ဒုတိယပိုင်း)
၂၇.၃.၂၀၁၈ စစ်ကိုမုန်း၍ တိုက်ခဲ့သည် (ဇာတ်သိမ်းပိုင်း)
.
https://www.facebook.com/bokaunghtetsan/posts/590678534628759?comment_id=590968671266412&notif_id=1521078884859120&notif_t=feed_comment&ref=notif

Sunday 11 March 2018

ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်ပြီး


. . . ကိုယ်တွေဖြတ်သန်းခဲ့ရတဲ့ ကျောင်းသားဘ၀တစ်လျှောက်မှာ ကျောင်းသားသမဂ္ဂတို့ဘာတို့ဆိုတာ ကြားဖူးရုံသာ ကြားဖူးခဲ့ရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာ ပညာသင်ကြားခွင့်ကြုံတဲ့အခါမှသာ အပ်ကျမတ်ကျထိတွေ့ခွင့်ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလိုမျိုးဆို ကိုယ်ကလည်း စိတ်ဝင်စားတတ်တာမို့ ကိုယ်တိုင်ဝင်အရွေးခံပြီး တစ်ထောင့်တစ်နေရာကနေ ပါဝင်ဆောင်ရွက်ဖူးတာမို့ ကျောင်းသားသမဂ္ဂတွေရဲ့ တန်ဖိုးနဲ့ အရေးပါမှုကိုလည်း နားလည်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုပြောလိုက်လို့ ဗိုလ်ကောင်းတစ်ယောက်ကတော့ဖြင့် ကျောင်းသားသမဂ္ဂဆိုတိုင်း မျက်စိမှိတ်ထောက်ခံတဲ့သူပဲလို့တော့ မထင်သင့်ပါဘူး။ ကျောင်းသားသမဂ္ဂနဲ့ပတ်သက်ပြီး ကိုယ့်သဘောထားကိုရေးထားတဲ့ စာလေးတွေကို စုပြီး တင်ချင်ပါတယ်။ စာတစ်စောင်တည်းကတော့ ကိုယ့်ရဲ့အမြင်သဘောထားတစ်ခုလုံးကို ခြုံငုံမိမှာ မဟုတ်တဲ့အတွက် စာအားလုံးကို ဖတ်မှသာလျှင် ကျွန်တော့်အမြင်သဘောထားကို ခြုံငုံသုံးသပ်လို့ ရမယ်ဆိုတာ ကြိုတင်အသိပေးချင်ပါတယ်။
.
(၁) ကျောင်းသားသမဂ္ဂ (၁ မတ် ၂၀၁၇) - (ပုံနှိပ်ဖော်ပြမခံခဲ့ရသော ဂျာနယ်တစ်စောင်သို့ ပေးပို့ခဲ့သော စာမူ) https://www.facebook.com/bokaunghtetsan/posts/589138674782745

(၂) ညီငယ်ညီမငယ်များသို့ (၂၆ နိုဝင်ဘာ ၂၀၁၄)
https://www.facebook.com/bokaunghtetsan/posts/589138844782728

(၃) အလင်းရောင် (၃၀ နိုဝင်ဘာ ၂၀၁၄) https://www.facebook.com/bokaunghtetsan/posts/589139008116045

(၄) ကြယ်နီ ကျောင်းနွား ဒေါင်းအားရှင် နောက်ဆက်တွဲ - (၁၀ မေ ၂၀၁၇) ( https://www.facebook.com/photo.php?fbid=441292352900712&set=pb.100010598527758.-2207520000.1520759780.&type=3&size=1024%2C683 )

(၅) လူ့အခွင့်အရေးနှင့် စစ်သား (၅ ဇူလိုင် ၂၀၁၄) https://www.facebook.com/bokaunghtetsan/posts/589139191449360
.
လေးစားစွာဖြင့်
ဗိုလ်ကောင်း
၁၁ မတ် ၂၀၁၈
.

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ မတ် - ၁၃

၁။ အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်၏ ကွပ်ကဲမှုအောက်ရှိ အမှတ်(၂၅၆) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စစ်သည်တစ်ဦး၏ မှီခို မိသားစုဝင်တစ်ဦးဖြစ်သူ မောင်သက်မောင်မောင်သည် ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ အတွင်းရေးမှူးတာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်မှုကြောင့် တပ်အတွင်းသို့ ၀င်/ထွက်သွားလာခွင့် ပိတ်ပင်ခဲ့ကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်များ၊ သတင်းများအား ကျောင်းသားသမဂ္ဂအဖွဲ့များ၊ သတင်း မီဒီယာအချို့နှင့် လူမှုကွန်ရက် စာမျက်နှာအချို့၌ ဖော်ပြရေးသား၍ တပ်မတော်အပေါ် အထင်အမြင်လွဲမှား စေရန် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။

၂။ ၎င်းကိစ္စနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် အမှတ်(၂၅၆)ခြေလျင်တပ်ရင်းမှ တာဝန်ရှိသူ အရာရှိတစ်ဦးသည် ၎င်းတပ်ရင်းအတွင်း တက္ကသိုလ်တက်ရောက်လျက်ရှိသည့် မှီခိုသူသား၊ သမီးနှင့် အုပ်ထိန်းသူများအား တက္ကသိုလ်တွင် အေးချမ်းစွာ ပညာသင်ကြားရေးအတွက် ပညာပေးဆွေးနွေးခဲ့ပြီး ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအား သိရှိ လိုက်နာရန်ရှင်းပြခဲ့သည်။ ထိုသို့ ခေါ်ယူတွေ့ဆုံခဲ့သည့် တာဝန်ရှိ အရာရှိမှာ သဘောထားထုတ်ပြန်ချက်နှင့် သတင်းများ၌ ဖော်ပြထားသော ယာယီ တပ်ရင်းမှူးမဟုတ်ဘဲ တပ်ရင်းဌာနချုပ်တပ်ခွဲမှူး တစ်ဦးသာ ဖြစ်သည်။ ၎င်းတာဝန်ရှိသူက တွေ့ဆုံအပြီး၌ ပညာပေးဆွေးနွေးမှုများ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအား သိရှိလိုက်နာမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးစေရာ အခြားသော ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများမှ လိုက်နာဆောင်ရွက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်း တွင် မောင်သက်မောင်မောင်နှင့် ၎င်း၏ မိခင်ဖြစ်သူတို့သည် တာဝန်ရှိအရာရှိထံ လာရောက်ပြီး ၎င်းသိရှိ ကြောင်းလက်မှတ်ရေးထိုးစေခြင်းနှင့်ပတ်သက်၍ မချေမငံ ပြန်လည်မေးမြန်းခဲ့ပြီး တပ်ရင်းဌာနချုပ်မှ ချမှတ်ထား သော အမိန့်များကို မလိုက်နာနိုင်ကြောင်းနှင့် ကျောင်းသားသမဂ္ဂအဖွဲ့အစည်းအတွင်း ဆက်လက်လုပ်ကိုင် သွားမည် ဖြစ်ကြောင်း ပြန်ပြောခဲ့သည်။ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းများကို မလိုက်နာပါက တပ်ရင်းဌာနချုပ်တွင် ဆက်လက်နေထိုင်ခွင့်ပြု၍ မရတော့ကြောင်း ၎င်း၏မိခင်ရှေ့မှောက်၌ပင် တားမြစ်ခဲ့သည်။ မောင်သက်မောင်မောင်အပေါ် ယင်းကဲ့သို့ အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်၍ လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် မောင်သက်မောင်မောင် ၏ဖခင်ထံ အကြောင်းကြားခဲ့ရာ မိမိသည် တပ်မတော်အတွင်း၌ အမိန့်နာခံ၍ စည်းကမ်းလိုက်နာသည့် စစ်သည် တစ်ဦးဖြစ်ပြီး သားဖြစ်သူ၏ လုပ်ဆောင်ချက်များအပေါ် အကြိမ်ကြိမ်ပြောဆိုဆုံးမ တားမြစ်ခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် မောင်သက်မောင်မောင်အား တပ်ဌာနချုပ် တည်မြဲအမိန့်အရ တပ်တွင်းတွင် နေထိုင်ခြင်း မပြုရန် တားမြစ်ခြင်းကို သဘောတူကြောင်း အကြောင်းပြန်ကြားခဲ့သည်။

၃။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၃၇ အရ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သဖြင့် အဖွဲ့အစည်းအတွင်း၌ စည်းကမ်းတကျရှိရန် ကျစ်လျစ်ခိုင်မာသောစည်းလုံးမှု၊ ညီညွတ်မှုရှိရန် မရှိမဖြစ်လိုအပ်ပါသည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် သက်ဆိုင်ရာတပ်အလိုက် “တပ်တည်မြဲအမိန့်” (Unit Standing Order) များထုတ်ပြန်ပြီး အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး၊ တပ်တွင်းနေမှီခိုသူ မိသားစုဝင်အားလုံး နေ၊ ထိုင်၊ သွားလာမှု စည်းကမ်းစနစ်တကျ ရှိရေး၊ တပ်တွင်းစည်းလုံးညီညွတ်မှုရှိရေး ဆောင်ရွက်ရပါသည်။ တပ်တည်မြဲအမိန့်တွင် စစ်သည်အဆင့် အတန်းအားလုံးအား နိုင်ငံရေးပါတီများနှင့်ဆက်သွယ်ခြင်း၊ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်း၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ လုပ်ဆောင်ချက်များကို မလိုလားသောသဘောဖြင့် ဆန့်ကျင်မှုပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်ခြင်း၊ ၀ိုင်းဖွဲ့ဆွေးနွေးခြင်း၊ ဆူပူမှုအတွက်အားပေးအားမြှောက်ပြုခြင်းတို့ကို တားမြစ်ထား ပါသည်။ ထို့အပြင် အရာရှိ၊ အရာခံ၊ အကြပ်နှင့် တပ်သားတို့အား လိုက်နာရန်သတ်မှတ်ထားသော စည်းကမ်း ဟူသမျှသည် သက်ဆိုင်ရာ အိမ်ထောင်သည်၊ မှီခိုသူများနှင့်လည်း အကျူံးဝင်ကြောင်း သိရှိထားရမည်ဟု စည်းကမ်းသတ်မှတ် ထားပါသည်။

၎။ ၎င်းစည်းကမ်းချက်များမှာ တပ်မတော်တစ်ရပ်လုံးအတွက် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယင်းတို့ကို သိရှိလိုက်နာနိုင်မှသာ တပ်တွင်းလိုက်ပါ နေထိုင်ခွင့် ရရှိမည်ကို တပ်မတော်သားအားလုံးနှင့် မှီခိုသူများအားလုံး သိရှိကြပြီးဖြစ်သည်။ စစ်စည်းကမ်းသည် တပ်မတော်၏အသက်ခန္ဓာဖြစ်သောကြောင့် မောင်သက်မောင်မောင် နှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ဆောင်ရွက်ချက်သည် တပ်မတော်မှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်း၊လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။


တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Thursday 8 March 2018

ဦးနာအောက် သပိတ်မှောက်နည်း


. . . ဂျပန်နိုင်ငံတောင်ဘက်ပိုင်းက ကျိုတိုနဲ့ ဟီရိုရှီးမားကြားက အိုကာယာမားမြို့မှာ လက်ရှိပြေးဆွဲနေတဲ့ Ryobi အများသုံးယာဉ်လုပ်ငန်းအုပ်စုက ကားသမားတွေက သူတို့ကုမ္ပဏီကို တောင်းဆိုတာတွေ မရလို့ သပိတ်တိုက်ပွဲ ဆင်နွှဲနေပါသတဲ့။ အကြောင်းကတော့ သူတို့မြို့မှာ ကားလုပ်ငန်းကုမ္ပဏီတစ်ခုက လုပ်ငန်းစတင်လိုက်ပြီး ဘတ်စ်ကားခတွေ လျှော့ယူနေတာကြောင့် မကြာခင်မှာ သူတို့လက်ရှိမောင်းနေတဲ့ ကားလိုင်းက အရှုံးတွေပေါ်ပြီး ဦးနာအောက်ဖြစ်ရင် သူတို့ အလုပ်ပြုတ်မှာစိုးလို့ ကားခတွေ လျှော့ပေးတာအပါအ၀င် စီမံခန့်ခွဲမှုပြောင်းဖို့ တောင်းဆိုတာကို ကုမ္ပဏီက မလိုက်လျောတဲ့အတွက် ကားသမားတွေက သပိတ်မှောက်ကြတာဖြစ်ပါတယ်။ သူတို့ သပိတ်မှောက်နည်းက စိတ်ဝင်စားစရာပါ။ တကယ်လို့ ကားသမားတွေ တောင်းဆိုတာကို မလိုက်လျောလို့ သူတို့ ကားတွေကို မမောင်းဘူးကွာဆိုတဲ့နည်းနဲ့ သပိတ်မှောက်လိုက်ရင် လူတွေက သူတို့ကားတွေကို ဆက်မစီးရတော့ဘဲ ကားလိုင်းအသစ်ကိုပဲ စီးကြတော့မှာမို့ သူတို့စိုးရိမ်နေသလို ပြိုင်ဘက်ကုမ္ပဏီက အလိုလိုနေရင်း အသာစီးရသွားမယ့်နည်းမျိုးနဲ့ သပိတ်မှောက်တာ မဟုတ်ပါဘူးတဲ့။ ကုမ္ပဏီကိုလည်း သပိတ်မှောက်ပြီးသားဖြစ် ခရီးသွားပြည်သူတွေလည်း သူတို့ကို မေတ္တာမပျက်စေတဲ့နည်းနဲ့ သပိတ်မှောက်ကြတာပါ။
.
. . . သူတို့က လုပ်ငန်းခွင်ကို ပုံမှန်ဆင်းပြီး အလုပ်လုပ်ပါတယ်။ သူတို့မောင်းစရာရှိတဲ့ကားကို မောင်းပါတယ်။ ပြည်သူကို ၀န်ဆောင်မှုပေးမြဲအတိုင်း ဆက်ပေးပါတယ်။ သူတို့သပိတ်မှောက်တဲ့အလုပ်က တစ်ခုတည်းပါ။ အဲဒါကတော့ ခရီးသည်တွေဆီက ပိုက်ဆံ လုံးဝ မကောက်တာပါပဲ။
.
. . . ဂျပန်က ဘတ်စ်ကားတွေက ကားပေါ်တက်ရင် အလယ်ပေါက်က တက်ရပြီး ခရီးဆုံးတဲ့အခါ ကားဦးပိုင်းကအပေါက်က မဆင်းခင် ကားသမားဘေးမှာရှိတဲ့ ပိုက်ဆံစက်ထဲ ပိုက်ဆံထည့်ရပါတယ်။ အခု သူတို့ ကားသမားတွေက ခရီးသည်ဆီက ပိုက်ဆံမကောက်ဘူးဆိုတာ ပိုက်ဆံထည့်စက်တွေကို အ၀တ်နဲ့ ဖုံးထားပြီး ခရီးသည်ကို ပိုက်ဆံမထည့်ပဲ စီးခွင့်ပေးတာပါ။
.
ပုံထဲမှာ ကားဆရာမလေးနံဘေးက ပိုက်ဆံထည့်စက်ကို အ၀တ်ဖြူနဲ့အုပ်ထားတာ တွေ့နိုင်ပါတယ်။
.
https://japantoday.com/category/national/okayama-buses-strike-by-continuing-to-run-and-refusing-to-take-anyone%E2%80%99s-money

မမြင်ရတဲ့လက်


. . . ရန်ကုန်တိုင်းအစိုးရက စက်သုံးဆီတွေလှောင်ပြီး ဈေးကွက်ကိုထိန်းမယ်ပြောတာကို မမြင်ရတဲ့လက်ဆိုတော့ ကိုယ့်မှာ တော်တော် တိုင်ပတ်သွားတယ်။ ဘောဂဗေဒ သီအိုရီ အသစ်များလားပေါ့။ မနှစ်ကတစ်နှစ်လုံး ထုံးလိုချေရေလိုနှောက်ထားတဲ့ ဘောဂဗေဒ သီအိုရီတွေ စာမေးပွဲပြီးလို့ မေ့သွားတာများလားပေါ့။ တော်တော့်ကို ဇဝေဇ၀ါ ဖြစ်သွားချက်။ ပြောတဲ့သူကို ကြည့်လိုက်တော့မှ အော် ငါ့နှယ် အဟုတ်မှတ်လို့ ဆိုပြီး ကိုယ့်နဖူးကိုယ် ရိုက်မိလိုက်သေးတယ်။
.
. . . အမှန်ကတော့ မမြင်ရတဲ့လက်ဆိုတဲ့ အယူအဆကို စတင်ဖော်ထုတ်ခဲ့တာ ဘောဂဗေဒပညာရှင် အဒမ်စမစ်။ ဆင်ဖြူရှင်မင်း ယိုးဒယားကို တက်သိမ်းတဲ့အချိန် ၁၇၇၆ ခုနှစ်တုန်းက ထုတ်တဲ့စာအုပ်ဆိုတော့ အခုဆို နှစ်ပေါင်း နှစ်ရာ့လေးဆယ်တောင် ကျော်ပြီပေါ့။ ဒီလောက်တောင် ကြာခဲ့ပေမယ့် အဒမ်စမစ်ပြောခဲ့တဲ့ မမြင်ရတဲ့လက်ဆိုတဲ့ သဘောတရားက ခုခေတ်ခုခါထိ ဘောဂဗေဒ သီအိုရီတစ်ခုအဖြစ် တစ်ခုပ်တစ်ရ လေ့လာနေရတုန်း၊ အဆင်ပြေသလို ကျင့်သုံးနေရတုန်း။ ဒါပေမယ့် အဒမ်စမစ်ပြောတဲ့ မမြင်ရတဲ့လက်ဆိုတာက ဒီလို။ ဈေးကွက်ထဲမှာ ရောင်းတဲ့သူတွေရှိမယ် ၀ယ်တဲ့သူတွေရှိမယ်။ ၀ယ်တဲ့သူဆိုတာ ပစ္စည်းကောင်းကို ဈေးချိုတာကိုပဲ လိုချင်တဲ့အတွက် ကိုယ့်ပစ္စည်းရောင်းရရေး ရောင်းတဲ့သူတွေဘက်က အပြိုင်အဆိုင်ပစ္စည်းကောင်းအောင်လုပ်ပြီး ဈေးကို တတ်နိုင်သမျှ အနည်းဆုံးနဲ့ ရောင်းကြတယ်။ ဒါကို ဘယ်သူကမှ ၀င်စွက်ဖက်နေစရာမလိုဘူး။ အဲသည်လို သူ့သဘောသူဆောင်နေမယ့် ဈေးကွက်ကို အစိုးရက ဘာမှ ၀င်မစွက်ဖက်နဲ့၊ လွှတ်သာထားလိုက်။ အဲဒါဆိုရင် ဈေးကွက်က သူ့ဘာသာ အဆင်ပြေနေလိမ့်မယ်ဆိုတဲ့ အယူအဆ။ ဈေးနှုန်းကို အစိုးရက ၀င်ထိန်းနေစရာမလိုဘူး၊ မမြင်ရတဲ့လက်က သူ့ဘာသာထိန်းသွားလိမ့်မယ်ဆိုတဲ့ အယူအဆကို အဒမ်စမစ်ရေးတဲ့ နိုင်ငံများ၏ဘောဂဗလ ဆိုတဲ့စာအုပ်ထဲမှာ အဲသလိုရှင်းပြထားတာ။
.
. . . ဒါပေမယ့် ဒါကို သဘောမတူတဲ့ ပညာရှင်တွေလည်း ရှိသပေါ့။ အစိုးရက ၀င်စွက်သင့်ရင် စွက်ရလိမ့်မယ်ဆိုပြီး အဒမ်စမစ်ကို ငြင်းခဲ့တဲ့လူက ဂျွန်မေးနတ်ကိန်းစ် လို့ခေါ်တဲ့ ပညာရှင်။ ၁၉၃၀ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ်ကြီးဖြစ်တဲ့အခါကျတော့ ကိန်းစ် စဉ်းစားတာက ဈေးကွက်ကို ဒီအတိုင်းလွှတ်ထားလို့ အခုလို စီးပွားပျက်ကပ် ဖြစ်ရတာဖြစ်တယ်။ ဒါကြောင့် ဈေးကွက်ကို အစိုးရတွေက သင့်တော်သလို ၀င်ရောက်ထိန်းကျောင်းပေးရမယ်ဆိုတဲ့ အယူအဆတွေပါတဲ့ စာအုပ်ကို ၁၉၃၆ ခုနှစ်မှာထုတ်တာ။ အဒမ်စမစ်စာအုပ်ထုတ်အပြီး နှစ်ပေါင်း တစ်ရာ့ခြောက်ဆယ်အကြာမှ ကိန်းစ်ရဲ့ သဘောတရားတွေ ထွက်လာတာ။ ဒါပေမယ့် ကိန်းစ်ပြောတဲ့ ဈေးကွက်ကို ၀င်ထိန်းတယ်ဆိုတဲ့အထဲမှာ ကိုယ်တိုင်ဆိုင်ဖွင့်ပြီးဈေးရောင်းဖို့ မပါဘူး။ လိုအပ်တဲ့ စည်းမျဉ်းဥပဒေတွေ ထုတ်ပြန်ပြီး ဈေးကွက်ကို ကြီးကြပ်ပေးနေဖို့ပဲ ကိန်းစ်က ပြောသွားတာ
.
အနှစ်ချုပ်ပြောရရင် -

... မမြင်ရတဲ့လက်ဆိုတာက ဈေးကွက်ကို အစိုးရက ၀င်ထိန်းစရာမလိုဘူးဆိုတဲ့ အဒမ်စမစ်ရဲ့အယူအဆ
... အစိုးရက ၀င်ထိန်းသင့်ထိန်းရမယ်ဆိုတာက အဒမ်စမစ်ကိုတော်လှန်တဲ့ ကိန်းစ်ရဲ့အယူအဆ
... မမြင်ရတဲ့လက်ကိုထိန်းဖို့အတွက် အစိုးရက ဆိုင်ဖွင့်ရောင်းမယ်ဆိုတာက ကွီးဖြိုးရဲ့အယူအဆ
... အစိုးရကိုယ်တိုင်ဆိုင်ဖွင့်ပြီး ဈေးရောင်းဖို့ကို အပြောတင်မက အလုပ်နဲ့ သက်သေပြသွားတာကတော့ - - -
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌကြီး ဦးနေ၀င်း ဖြစ်ပါတယ်ခင်ဗျား 👏👏👏👏👏👏👏👏👏👏👏
.
ဗိုလ်ကောင်း
၈ မတ် ၂၀၁၈
.
မမြင်ရတဲ့လက် - Invisible hand
အဒမ်စမစ် - Adam Smith
နိုင်ငံများ၏ဘောဂဗလ - Wealth of Nations
ဂျွန်မေးနတ်ကိန်းစ် - John Maynard Keynes

Tuesday 6 March 2018

စပါးဈေး


ကိုယ်တွေ ဧရာဝတီတိုင်းဘက်မှာ နေဖူးတုန်းက စပါးစိုက်တာလေးဘာလေး နည်းနည်းပါးပါး လုပ်ဖူးတော့ စပါးစိုက်တောင်သူတွေရော စပါးပွဲစားတွေရော စပါးကုန်သည်တွေရော စပါးစက်ကြီးများပိုင်ရှင် သဌေးကြီးတွေရောနဲ့ အလွှာစုံပေါင်းဖူးတယ်။ ကိုယ်ကလည်း စိတ်ဝင်စားတတ်တော့ သူတို့ကို မေးစမ်းကြည့်ပြီး သူတို့အသံပေါင်းစုံကို နားထောင်ခဲ့ဖူးတယ်။
.
၂၀၁၂ - ၂၀၁၃ လောက်ကဖြစ်မယ်ထင်တယ်။ ဦးသိန်းစိန်အစိုးရတက်ပြီး သိပ်မကြာခင်ပဲ တောင်သူတွေ ပိုက်ဆံပိုရစေချင်လို့ဆိုပြီး စပါးကို သတ်မှတ်ဈေးတစ်ခု ကြမ်းခင်းထားပြီး အဲသည်ထက် ဈေးမလျော့စေရဆိုတာမျိုး အစိုးရက လုပ်ဖူးတာကို မှတ်မိနေတယ်။ ကိုယ့်ပတ်ဝန်းကျင်က ဆင်းဆင်းရဲရဲ ရုန်းကန်နေရကြရတဲ့ တောင်သူတွေကို ကရုဏာစိတ်နဲ့ အဲသည်မူဝါဒကို ၀မ်းမြောက်ဝမ်းသာ ရှိခဲ့ပေမယ့်
.
တကယ်တမ်းကျတော့ စပါးပေါ်ချိန်ဆို တောင်သူတွေက ပေါ်တဲ့ စပါးကို အရင် စပါးပေးယူထားတဲ့ သဌေးတွေကို ထိုးအပ်လိုက်ရတာများတယ်။ သူတို့ယူထားတဲ့ စပါးပေးဆိုတာကလည်း တကယ်စပါးပေါ်ချိန်မှာ ရမယ့်ဈေးနဲ့ ယူထားလို့ရတာမှ မဟုတ်တာကိုး။ ထွန်တုံးချချိန် လယ်စိုက်ချိန် ပိုက်ဆံလိုနေတဲ့အချိန်မှာ အမတော်ကြေးကလည်း လုံလောက်အောင်မရ ၊ အရင်းအနှီးကလည်း မရှိဆိုတော့ ဒီလိုပဲ ပိုက်ဆံတွေ ကြိုယူထားပြီး စပါးပေါ်တော့မှ စပါးထိုးအပ်ရတာပဲ။ အစိုးရက ပေးတယ်ဆိုလည်း ကျွန်တော်တို့ မရပါဘူးဗျာဆိုတဲ့ ဆင်းရဲသားလယ်သမားတွေအသံကြောင့် ကျွန်တော် စိတ်စက်မကောင်း ဖြစ်ခဲ့ရဖူးတယ်၊ လယ်သမားတွေကို ပေးချင်တဲ့ ပိုက်ဆံက တကယ်တမ်း လယ်သမားတွေလက်ထဲ မရောက်ဘဲ ငွေရင်းထားတဲ့ ငွေရှင်တွေပဲ ရသွားတာမျိုးပေါ့.
.
ယိုးဒယားက အရင်ပြုတ်သွားတဲ့ ယင်လတ်ရှင်နာဝပ်လည်း သူဝန်ကြီးချုပ်လုပ်တုန်းက လယ်သမားတွေဆီက စပါးကို ဈေးကြီးပေးဝယ်တဲ့ စီမံကိန်းတစ်ခု လုပ်ဖူးတယ်။ ၀န်ကြီးချုပ်လည်း ပြုတ်ရော အဲသည်လိုလုပ်တာ ပြည့်သူ့ဘဏ္ဍာနဲ့ ပြည်သူ့ဆီက မဲရအောင်လုပ်တာမို့ အရေးယူထိုက်တယ်ဆိုပြီး အစိုးရပြုတ်တော့မှ အရေယူမယ် အဖတ်စားမယ် ခုံရုံးတင်မယ် ဖြစ်ပါရောလား။ အခုတော့ သူလည်း ပြည်ပ ထွက်ပြေးနေရတယ်
.
၆ မတ် ၂၀၁၈
.
https://www.facebook.com/MizzimaDaily/posts/1876021039099459

Friday 2 March 2018

ဂျပန်ရိုးရာ အရုပ်ပွဲတော်

ဟိနမတ်ဆုရီ
ဂျပန်ရိုးရာ အရုပ်ပွဲတော်
雛祭り
.
. . . နှစ်စဉ် မတ်လ ၃ ရက်နေ့ဟာ ဂျပန်ရိုးရာအရုပ်ပွဲတော်နေ့ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မိန်းကလေးများငယ်များနေ့လည်း ဖြစ်ပါတယ်။ ပြန်တမ်းဝင်ရုံးပိတ်ရက်တစ်ခုလည်း ဖြစ်ပါတယ်။ ပွဲတော်စတင်ခဲ့တာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော် ဟေးအန်းခေတ် 平安時代 (၇၉၄-၁၁၈၅) ဖြစ်ပါတယ်တဲ့။ မြန်မာပြည်မှာဆိုရင်တော့ အနော်ရထာမင်းတို့ခေတ်ကလောက် ဖြစ်မှာပါ။ အရုပ်ပွဲတော်နေ့ရဲ့ အထူးခြားဆုံး အပြင်အဆင်ကတော့ ဂျပန်ရိုးရာအရုပ်ကလေးများကို ရိုးရာဓလေ့အတိုင်း ခင်းကျင်းကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင် မိန်းကလေးများကို ဆန်ကိတ်မုန့်လုပ်ပြီး လက်ဆောင်ပေးခြင်း နဲ့ အရုပ်တွေ ရေထဲမျှောခြင်းတို့လည်း လုပ်လေ့ရှိကြပါတယ် . . .
.
ဟိနနင်ဂျို
雛人形
. . . ဂျပန်မိသားစုများမှာ မိန်းကလေးတစ်ယောက် မွေးပြီဆိုတာနဲ့ အရုပ်ပွဲတော်နေ့မှာ ခင်းကျင်းဖို့ အရုပ်လေးတွေကို ပွဲတော်ရက်မတိုင်ခင် လုပ်ထားရပါတယ်။ များသောအားဖြင့်တော့ ဘိုးဘွားအစဉ်အဆက် အမွေဆက်ခံလာခဲ့ကြတာလည်း ရှိပါတယ်။ အရုပ်ကလေးတွေကတော့ မိသားစုရဲ့ ငွေကြေးတတ်နိုင်တဲ့ပေါ် မူတည်ပြီး စက္ကူခေါက်အရုပ်ကနေ တကယ့်ကို အနုပညာမြောက် ငွေကုန်ကြေးကျအများကြီးတန်တဲ့ အရုပ်တွေအထိ သင့်လျော်သလို သုံးကြပါတယ်။ ပွဲတော်နေ့ဖြစ်တဲ့ မတ်လ သုံးရက်နေ့မတိုင်ခင်မှာ မိန်းကလေးမွေးထားတဲ့ အိမ်တွေက အဲသည်အရုပ်လေးတွေကို အစဉ်အလာအတိုင်း ခင်းကျင်းကြလေ့ရှိပါတယ်။ ပွဲတော်နေ့ပြီးရင်တော့ အရုပ်တွေကို ပြန်သိမ်းကြရပါသတဲ့။ ပွဲတော်ပြီးလို့မှ အရုပ်တွေ အချိန်မီ ပြန်မသိမ်းရင် သမီးမိန်းကလေးက အိမ်ထောင်ကျတာ နောက်ကျတတ်တယ်လို့လည်း အယူရှိကြပါတယ်။ အဲသလိုနဲ့ နှစ်စဉ်နှစ်တိုင်း သမီးလေး ဆယ်နှစ်သမီးအရွယ်အထိ အဲသလို ခင်းကျင်းကြပါသတဲ့။ မိသားစုရဲ့ ငွေကြေးတတ်နိုင်တဲ့အပေါ်မူတည်ပြီး ရိုးရာဓလေ့အတိုင်း အရုပ်တွေတစ်ဆင်စာလုံး ခင်းကျင်းကြတာရှိသလို နည်းနည်းပဲခင်းကျင်းတာလည်းရှိပါသတဲ့။ ဒါပေမယ့် သမီးမိန်းကလေး အသက်ဆယ်နှစ်ပြည့်ပြီးရင်တော့ ဆက်မလုပ်တော့ပါဘူးတဲ့။ တစ်ဆင်စာလုံး ခင်းကျင်းရင် ဘယ်လိုလုပ်ရသလဲဆိုတာ ပြောပြချင်ပါတယ်။
.
. . . အရုပ်တွေ ခင်းကျင်းဖို့အတွက် အဆင့်ခုနစ်ဆင့်ပါတဲ့ အရုပ်စင်လိုပါတယ်။ အရုပ်စင်ပေါ်မှာ ကော်ဇောအနီရောင်ကို အောက်ခံခင်းရပါတယ်။ ကော်ဇောအနီရဲ့ အောက်အနားကတော့ ဂျပန်ရိုးရာ သက်တန့်ဆင်ဖြစ်ပါတယ်။ ပြီးရင် အရုပ်တွေကို အစဉ်အတိုင်း အခုလို ခင်းကျင်းပါတယ်။
. . . ပထမဆုံး အမြင့်ဆုံးအဆင့်မှာ ဧကရာဇ်ဘုရင်နဲ့ မိဖုရားကြီးအရုပ်ကို ထားရပါတယ်။ မွေးလာတဲ့ သမီးလေးဟာ ဘုရင်မင်းမြတ်နဲ့ မိဖုရားကြီးတို့ ဇနီးမောင်နှံလို စံပြုထိုက်ဖွယ် အိမ်ထောင်ရေးကံ ကြုံရပါစေတော့ဆိုတဲ့ သဘောမျိုး ရည်ရွယ်ပါသတဲ့။
. . . ဒုတိယအဆင့်မှာ နန်းတွင်းအပျိုတော်သုံးယောက်အရုပ်ကို ခင်းကျင်းရပါတယ်။ အပျိုတော်ဆိုတာ ဘုရင်နဲ့ မိဖုရားကို အလုပ်အကျွေးပြုရတဲ့ အပျိုတော်တွေဖြစ်ပါတယ်။ ထိုင်နေတဲ့အပျိုတော်တစ်ယောက်ကို ရပ်နေတဲ့ အပျိုတော်နှစ်ယောက်က စားပွဲနှစ်လုံးနဲ့အတူ ခြံရံထားတဲ့ အရုပ်ကလေးတွေဖြစ်ပါတယ်။ သဘောကတော့ မိန်းကလေးဆိုတာ သူတစ်ပါးကို ဂရုတစိုက် ကူညီပေးတတ်တဲ့ စိတ်ကောင်းနှလုံးကောင်းရှိပါစေဆိုတဲ့ သင်္ကေတဖြစ်ပါသတဲ့။
. . . တတိယအဆင့်မှာ အဆိုတော်သမားကို ဂီတလုလင်လေးယောက်ကခြံရံထားတဲ့ အရုပ်ကလေးတွေ ဖြစ်ပါတယ်။ ယပ်တောင်ကိုင်ထားတဲ့ အဆိုတော်သမားကို လူပျိုတော်သား ဂီတသမားလေးယောက်က ဂီတတူရိယာတွေဖြစ်တဲ့ ဗုံတို ဗုံရှည် နဲ့ ပလွေတို့ကို ကိုင်ပြီး ၀န်းရံဖျော်ဖြေနေကြဟန် ဖြစ်ပါတယ်။ ဂီတဆိုတာ လောကကြီးကို အလှဆင်တာဖြစ်လို့ တေးဂီတရဲ့ အရေးပါပုံကို ဖော်ကျူးထားတာဖြစ်ပါသတဲ့။
. . . စတုတ္ထအဆင့်မှာ လက်ဝဲရံနဲ့ လက်ယာရံ ၀န်ကြီးနှစ်ယောက်အရုပ်တွေကို ခင်းကျင်းရပါတယ်။ များသောအားဖြင့် ဘုရင်နဲ့ မိဖုရားကို အစောင့်အရှောက်ပြုတဲ့ ၀န်ကြီးနှစ်ပါးမှာ လေးနဲ့မြားပါ ဆင်ယင်ထားတတ်ကြပါတယ်။ ၀န်ကြီးနှစ်ယောက်အနက် လက်ဝဲရံဝန်ကြီးက အသက်ငယ်ရွယ်တဲ့သူဖြစ်ပြီး စစ်ရေးစစ်ရာတွေနဲ့ ပတ်သက်တဲ့ ၀န်ကြီးမင်းဖြစ်ပြီး လက်ယာရံဝန်ကြီးကတော့ အသက်ကြီးကြီး ၀ါရင့်ဝန်ကြီးဖြစ်ပြီး တိုင်းရေးပြည်ရာနဲ့ ပတ်သက်ပြီး ပညာဥာဏ်နဲ့ထမ်းဆောင်ရတဲ့ ၀န်ကြီးဖြစ်ပါတယ်။ လက်ယာရံဝန်ကြီးက အသက်ကြီးနေပေမယ့် လက်ဝဲရံ ငယ်ရွယ်နုပျိုတဲ့ ၀န်ကြီးလိုပဲ အလုပ်တွေကြိုးစားထမ်းဆောင်နေနိုင်သေးတဲ့ အဓိပ္ပာယ်ဖြစ်ပြီး အသက်အရွယ်ကြီးရင့်သူတွေကို လေးစားအားထားရမယ်ဆိုတဲ့ သဘောကိုထင်ဟပ်စေပါသတဲ့။ ၀န်ကြီးနှစ်ပါးရဲ့ အလယ်မှာတော့ တစ်ချို့နေရာတွေမှာ ဂျပန်ရိုးရာ ခြောက်ထောင့်စားပွဲနှစ်လုံးကို ခင်းကျင်းတတ်ကြပြီး တစ်ချို့နေရာတွေမှာတော့ ကလေးငယ်များသက်ရှည်ကျန်းမာစေရေးအတွက် အသက်ရှည်ခြင်းကို ကိုယ်စားပြုတဲ့ ကြိုးကြာနဲ့လိပ် ကချေသည်နှစ်ဦး အရုပ်ကို ထားတတ်ကြပါတယ်။
. . . ပဉ္စမအဆင့်မှာတော့ အမတ်မင်းသုံးယောက်ကို ဘယ်ဘက်မှာ မက်မုံသီးပင် ညာဘက်မှာ ချယ်ရီပန်းပင်တို့ ၀န်းရံချင်းကျင်းကြပါတယ်။ အမတ်မင်းသုံးယောက်ဟာ ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ဒေါသဖြစ်ခြင်းဆိုတဲ့ စိတ်ခံစားချက်သုံးခုကို ကိုယ်စားပြုပြီး မျက်နာအမူအရာကို ပြင်ဆင်ထားပြီး ကလေးငယ်များ စိတ်ခံစားချက်ကို သတိပြုမိတတ်အောင် သင်ပေးတဲ့သဘောဖြစ်ပါသတဲ့။
. . . ဆဌမအဆင့်မှာ မိန်းကလေးရဲ့ အ၀တ်အစားအသုံးအဆောင်များထည့်တဲ့ အဆင့်ငါးဆင့်ပါ အံဆွဲဗီရို၊ ကီမိုနိုသိမ်းတဲ့ယွန်းသေတ္တာ၊ အ၀တ်အစားထည့်တဲ့ယွန်းဖာငယ်၊ အ၀တ်အစားချုပ်အပ် အပ်ချည်တို့သိမ်းတဲ့ ယွန်းအစ်၊ လက်ဖက်ရည်ပွဲပြင်ရာမှာ လိုအပ်တဲ့ အသုံးအဆောင်တို့ကို ခင်းကျင်းထားပါတယ်။ သမီးမိန်းကလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းလေးတွေသဘောပါ။
. . . အောက်ဆုံးအဆင့်မှာတော့ အစားအသောက်ထည့် ယွန်းဗူး၊ ဝေါယဉ်တော်နဲ့ ပန်းလှည်းတို့ကို ခင်ကျင်းထားတတ်ပါတယ်။
.
ဟိရှိမိုချီ
菱餅 (ひしもち)
. . . မိန်းကလေးများနေ့မတိုင်ခင်နေ့တွေမှာ မိတ်ဆွေတွေဖိတ်ပြီး ပျော်ပွဲရွှင်ပွဲလေးတွေ လုပ်တတ်ကြတာလည်း ရှိပါတယ်။ မိန်းကလေးတွေကို ပန်းရောင်၊ အဖြူရောင်နဲ့ အစိမ်းရောင် အရောင်သုံးရောင်ပါတဲ့ ဆန်ကိတ်မုန့်လက်ဆောင်ပေးကြပါတယ်။ ပန်းရောင်က မကြာခင်ပွင့်တော့မယ့် မက်မုံပန်းကို ကိုယ်စားပြုပြီး လှပခြင်းရဲ့ သင်္ကေတဖြစ်ပါသတဲ့။ အဖြူရောင်က မကြာခင်ကုန်ဆုံးတော့မယ့် နှင်းတွေကို ကိုယ်စားပြုပြီး သန့်ရှင်းစင်ကြယ်ခြင်းကို သင်္ကေတဖြစ်ပြီး အစိမ်းရောင်ကတော့ မကြာခင်နွေဦးပေါက်မှာပြန်လည်စိမ်းလန်းလာတော့မယ့် ပတ်ဝန်းကျင်ကို ကိုယ်စားပြုပြီး ကျန်းမာခြင်းသင်္ကေတဖြစ်ပါတယ်တဲ့။
.
နာဂရှိဘိန
流し雛
. . . အရုပ်ပွဲတော်မှာ နောက်တစ်ခု လုပ်လေ့ရှိတာက ပျော်ပွဲရွှင်ပွဲကို လာကြတဲ့သူတွေဟာ အရုပ်ကလေးတွေ လုပ်ပြီး ရေထဲမျှောလိုက်တာပါ။ မကောင်းတဲ့ကံကြမ္မာဆိုးတွေကို အရုပ်တွေနဲ့အတူ အဝေးကို စွန့်ပစ်လိုက်တဲ့သဘောပါပဲ။

.
. . . သူများနိုင်ငံမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်တော့ ရိုးရာယဉ်ကျေးမှု အစဉ်အလာလေးတွေကို တခမ်းတနား ထိန်းသိမ်းနိုင်သလို၊ အဲသလို ကိုယ့်ရိုးရာကို သေချာထိန်းသိမ်းခဲ့လို့လည်း အခုချိန်ထိ တခမ်းတနားနေနေရတာပါလားလို့လည်း တွေးမိပါတယ်။ ကျွန်တော်တို့တွေလည်း ကျွန်တော်တို့ မြန်မာနိုင်ငံ အနယ်အနယ်အရပ်ရပ်က ကြွယ်ဝခမ်းနားလှတဲ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာလေးတွေကို အခုလိုနည်းတူ ဖော်ထုတ်ထိန်းသိမ်းနိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတော့ . . .
.
ဗိုလ်ကောင်း
၂ မတ် ၂၀၁၈