Monday 19 March 2018

English Fairy Tales


. . . မနေ့က ရေးထားတဲ့ စာအောက်မှာ သူငယ်ချင်းတစ်ယောက် ၀င်ရေးတဲ့အထဲက ယူကျုလင့်လေးတစ်ခုရလို့ ၀င်ကြည့်ဖြစ်ပါတယ်။ ပုံပြင်လေးတွေကို ဘာသာစကားပေါင်းစုံနဲ့ ပြောပြီး တင်ထားတာပါ။ ပုံပြင်စုစုပေါင်းက ငါးဆယ်လောက်ရှိပါတယ်။ ကလေးပုံပြင်လေးတွေ။ အဲသည် ပုံပြင်တွေကို မြန်မာစကား အပါအ၀င် ဘာသာစကားပေါင်းစုံနဲ့ တင်ထားတာပါ။ အခု ပြောပြချင်တာက အင်္ဂလိပ်ဘာသာစကားနဲ့ တင်ထားတဲ့ ပုံပြင်လေးတွေအကြောင်း ဖြစ်ပါတယ်။
.
. . . ပုံပြင်လေးတွေက ကမ္ဘာပေါ်မှာ အထူးသဖြင့် အင်္ဂလိပ်စကားပြောနိုင်ငံတွေမှာ ထင်ရှားလူကြိုက်များတဲ့ ပုံပြင်လေးတွေပါ။ မြန်မာလူမျိုးတွေအတွက်လည်း သိပ်မစိမ်းတဲ့ ပုံပြင်လေးတွေ များပါတယ်။ အခုပြောချင်တာက အဲသည်ပုံပြင်လေးတွေကို အင်္ဂလိပ်စာသင်ခန်းစာအနေနဲ့ ယူလို့ရတဲ့အကြောင်းဖြစ်ပါတယ်။
.
. . . ယူကျုမှာ တင်ထားတဲ့ အရည်အသွေးက တော်တော်ကို ကောင်းပါတယ်။ ပုံပြင်တွေကို ကိုယ့်ကွန်ပြူတာထဲဖြစ်ဖြစ် ကူးယူမယ်ဆိုရင် 4K အရည်အသွေးအထိ ကောင်းအောင် ကူးယူလို့ရပါတယ်။ ပုံပြင်ကို ဇာတ်လမ်းပြောပြတာက အင်မတန် ရိုးရှင်းလွယ်ကူတဲ့ အင်္ဂလိပ်စကားနဲ့ ပြောပြတာပါ။ အသံထွက်ရော သဒ္ဒါရောက တော်ရုံတန်ရုံ အခြေခံလောက်ပဲ ရှိတဲ့သူတောင် နားလည်နိုင်လောက်အောင် ရိုးစင်းလွယ်ကူပါတယ်။ ပိုပြီးကောင်းတာက နောက်ခံပြောနေတဲ့ စကားကို စာတန်းပါ ထိုးပေးထားတာပါပဲ။
.
. . . ကျွန်တော့်မိတ်ဆွေသူငယ်ချင်းများ သားသမီးငယ်ငယ်ရွယ်ရွယ် ကလေးတွေရှိတယ်ဆိုရင် အခုလို နွေကျောင်းပိတ်ရက်မှာ အဲသည်ပုံပြင်လေးတွေကို ကလေးတွေ အင်္ဂလိပ်စာလေ့လာဖို့ရည်ရွယ်ချက်နဲ့ အသုံးချချင်တယ်ဆိုရင် အင်မတန် သင့်တော်ကြောင်း အကြံပေးချင်ပါတယ်။ ဒီနေရာမှာ ပုံပြင်လေးတွေကို သွားကြည့်လို့ ရပါတယ်ခင်ဗျ . . .
https://www.youtube.com/channel/UC8mWYDxedkJmUReAiA3ze9w/videos
.
ဗိုလ်ကောင်း
၁၉ မတ် ၂၀၁၈
.
လမ်းညွှန်ပေးခဲ့တဲ့ သူငယ်ချင်း ကိုနိုင်းခိုင်ကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment