Thursday 15 March 2018

အတည်ပြုနဲ့မှတ်တမ်းတင်


လွှတ်တော်မှာ အဆိုတစ်ခုကို ဆွေးနွေးခွင့်ရလို့ ဆွေးနွေးပြီးကြပြီဆိုရင် အဲသည်အဆိုကို လွှတ်တော်က အတည်ပြုမပြု မဲစနစ်နဲ့ ဆုံးဖြတ်ပါတယ်။ တင်လိုက်တဲ့ အဆိုကို ထောက်ခံတဲ့သူများရင် အဆိုက အတည်ဖြစ်တယ်၊ သက်ဆိုင်ရာ အစိုးရက အဆိုနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးဖို့အတွက် အနှောင်အဖွဲ့ဖြစ်သွားတယ်။ အဆိုကို လွှတ်တော်က အတည်မပြုဘူးဆိုရင်တော့ သက်ဆိုင်ရာက ဆက်လက်ဆောင်ရွက်ပေးဖို့မလိုဘူးဆိုတဲ့ သဘောပါပဲ။
.
. . . ကိုယ်မှတ်မိသလောက်ဆိုရင် သူရဦးရွှေမန်းပြည်သူ့လွှတ်တော်ဥက္ကဌ လက်ထက်ကဆိုရင် ပြည်ခိုင်ဖြိုးမဟုတ်တဲ့ အမတ်နေရာနည်းတဲ့ ပြည်နယ်ဒေသတွေက ပါတီငယ်တွေကို အတော် အလေးထားပြီး နေရာပေးတာကို သတိထားမိပါတယ်။ လွှတ်တော်မှာ ဖွဲ့တဲ့ ကော်မတီတွေမှာဆိုလည်း တော်တော်လေးကို ပါတီစုံစုံလေး ထည့်ဖွဲ့ပေးတာကို တွေ့မိပါတယ်။ လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးအမတ် အများစုဆိုပေမယ့် အခြားအမတ်တွေကလည်း ပြည်ခိုင်ဖြိုးကို အာဏာရပါတီအနေနဲ့ အတိုက်အခံလုပ်တာမျိုးရယ်လို့ သိပ်မတွေ့ရဘဲ ကိစ္စတစ်ခုချင်းစီအပေါ် မူတည်ပြီးတော့သာ ထောက်ခံတန်ထောက်ခံ ကန့်ကွက်တန်ကန့်ကွက်လုပ်တာမျိုးလို့ မြင်ခဲ့ရသလိုပါပဲ။ လွှတ်တော်ထဲက တပ်ရယ် ပြည်ခိုင်ဖြိုးရယ် အခြားအမတ်တွေရယ်က စည်းစည်းလုံးလုံးရှိခဲ့တဲ့ပုံပေါ်ပါတယ်။ တစ်ခါတစ်လေ အငြင်းအခုံအပြင်းအထန် ဖြစ်တာမျိုးရှိတော့လည်း ရှိတတ်ခဲ့ပါတယ်။
.
. . . တစ်ချို့တင်တဲ့အဆိုတွေကျတော့ လွှတ်တော်အမတ် အများစုက မထောက်ခံလို့ အဆိုအတည်မဖြစ်ဘူးလို့ ကြေညာလိုက်ရမှာကို ပြည်သူ့လွှတ်တော်ဥက္ကဌကြီးက အားနာတယ်နဲ့ တူပါတယ်။ တစ်ဘက်ကကြည့်ရင်လည်း သူ့ရဲ့ လွှတ်တော်စည်းရုံးရေးအင်အား ထိပါးမှာကို စိုးရိမ်တယ်နဲ့ တူပါရဲ့။ ဒါကြောင့် အဆိုအတည်မဖြစ်တဲ့အခါ အဆိုကိုလွှတ်တော်က အတည်မပြုပါဘူးလို့ ပြတ်ပြတ်သားသား ကြေညာရမယ့်အစား အဆိုကို လွှတ်တော်မှာ မှတ်တမ်းတင်ထားပါမယ်ဆိုပြီး ပြောလေ့ရှိပါတယ်။
.
. . . ဥပဒေအရတော့ အဆိုတစ်ခုကို လွှတ်တော်က အတည်ပြုမလား မပြုဘူးလား ဆိုတာပဲရှိပါတယ်။ မှတ်တမ်းတင်တယ်ဆိုတာ ဥပဒေထဲ မပါပါဘူး။ မဲခွဲတဲ့အခါမှာလည်း အဆိုကို ထောက်ခံမှာလား မထောက်ခံဘူးလား မဲခွဲတာပဲရှိပါတယ်။ ထောက်ခံသူများရင် အဆိုက အတည်ဖြစ်မယ် နည်းရင် မဖြစ်ဘူး ဒီလိုကိုး။
.
. . . ဒါပေမယ့် နောက်ပိုင်းကျတော့ ဦးရွှေမန်းကျင့်သုံးခဲ့တဲ့ နည်းဗျူဟာက အတည်လိုလိုဘာလိုလို ဖြစ်လာပါတယ်။ ဥက္ကဌက မဲခွဲဖို့ ကြေညာကတည်းကိုက အဆိုကို ထောက်ခံသူများရင် အတည်ပြုမယ် နည်းရင် မှတ်တမ်းတင်မယ် ဒီလိုကိုဖြစ်သွားတော့တာ။ ဦးဝင်းမြင့်တို့များ သူရဦးရွှေမန်းခြေရာနင်းချက်က ညနေလွှတ်တော်ဆင်းရင် ကျူရှင်များသွားသွားတက်နေသလားမှတ်ရတယ် . . .
.
. . . ကျွန်တော်ပြောတာကို ထောက်ခံတဲ့သူများရင် အတည်ပြုပါမယ်၊ နည်းရင် အတည်မပြုပါဘူး (ကိုယ်တွေက ဥပဒေထဲကအတိုင်း အတိအကျပဲ ငိငိငိ)
.
ဗိုလ်ကောင်း
၁၅ မတ် ၂၀၁၈

No comments:

Post a Comment