Friday 2 March 2018

ဂျပန်ရိုးရာ အရုပ်ပွဲတော်

ဟိနမတ်ဆုရီ
ဂျပန်ရိုးရာ အရုပ်ပွဲတော်
雛祭り
.
. . . နှစ်စဉ် မတ်လ ၃ ရက်နေ့ဟာ ဂျပန်ရိုးရာအရုပ်ပွဲတော်နေ့ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မိန်းကလေးများငယ်များနေ့လည်း ဖြစ်ပါတယ်။ ပြန်တမ်းဝင်ရုံးပိတ်ရက်တစ်ခုလည်း ဖြစ်ပါတယ်။ ပွဲတော်စတင်ခဲ့တာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော် ဟေးအန်းခေတ် 平安時代 (၇၉၄-၁၁၈၅) ဖြစ်ပါတယ်တဲ့။ မြန်မာပြည်မှာဆိုရင်တော့ အနော်ရထာမင်းတို့ခေတ်ကလောက် ဖြစ်မှာပါ။ အရုပ်ပွဲတော်နေ့ရဲ့ အထူးခြားဆုံး အပြင်အဆင်ကတော့ ဂျပန်ရိုးရာအရုပ်ကလေးများကို ရိုးရာဓလေ့အတိုင်း ခင်းကျင်းကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင် မိန်းကလေးများကို ဆန်ကိတ်မုန့်လုပ်ပြီး လက်ဆောင်ပေးခြင်း နဲ့ အရုပ်တွေ ရေထဲမျှောခြင်းတို့လည်း လုပ်လေ့ရှိကြပါတယ် . . .
.
ဟိနနင်ဂျို
雛人形
. . . ဂျပန်မိသားစုများမှာ မိန်းကလေးတစ်ယောက် မွေးပြီဆိုတာနဲ့ အရုပ်ပွဲတော်နေ့မှာ ခင်းကျင်းဖို့ အရုပ်လေးတွေကို ပွဲတော်ရက်မတိုင်ခင် လုပ်ထားရပါတယ်။ များသောအားဖြင့်တော့ ဘိုးဘွားအစဉ်အဆက် အမွေဆက်ခံလာခဲ့ကြတာလည်း ရှိပါတယ်။ အရုပ်ကလေးတွေကတော့ မိသားစုရဲ့ ငွေကြေးတတ်နိုင်တဲ့ပေါ် မူတည်ပြီး စက္ကူခေါက်အရုပ်ကနေ တကယ့်ကို အနုပညာမြောက် ငွေကုန်ကြေးကျအများကြီးတန်တဲ့ အရုပ်တွေအထိ သင့်လျော်သလို သုံးကြပါတယ်။ ပွဲတော်နေ့ဖြစ်တဲ့ မတ်လ သုံးရက်နေ့မတိုင်ခင်မှာ မိန်းကလေးမွေးထားတဲ့ အိမ်တွေက အဲသည်အရုပ်လေးတွေကို အစဉ်အလာအတိုင်း ခင်းကျင်းကြလေ့ရှိပါတယ်။ ပွဲတော်နေ့ပြီးရင်တော့ အရုပ်တွေကို ပြန်သိမ်းကြရပါသတဲ့။ ပွဲတော်ပြီးလို့မှ အရုပ်တွေ အချိန်မီ ပြန်မသိမ်းရင် သမီးမိန်းကလေးက အိမ်ထောင်ကျတာ နောက်ကျတတ်တယ်လို့လည်း အယူရှိကြပါတယ်။ အဲသလိုနဲ့ နှစ်စဉ်နှစ်တိုင်း သမီးလေး ဆယ်နှစ်သမီးအရွယ်အထိ အဲသလို ခင်းကျင်းကြပါသတဲ့။ မိသားစုရဲ့ ငွေကြေးတတ်နိုင်တဲ့အပေါ်မူတည်ပြီး ရိုးရာဓလေ့အတိုင်း အရုပ်တွေတစ်ဆင်စာလုံး ခင်းကျင်းကြတာရှိသလို နည်းနည်းပဲခင်းကျင်းတာလည်းရှိပါသတဲ့။ ဒါပေမယ့် သမီးမိန်းကလေး အသက်ဆယ်နှစ်ပြည့်ပြီးရင်တော့ ဆက်မလုပ်တော့ပါဘူးတဲ့။ တစ်ဆင်စာလုံး ခင်းကျင်းရင် ဘယ်လိုလုပ်ရသလဲဆိုတာ ပြောပြချင်ပါတယ်။
.
. . . အရုပ်တွေ ခင်းကျင်းဖို့အတွက် အဆင့်ခုနစ်ဆင့်ပါတဲ့ အရုပ်စင်လိုပါတယ်။ အရုပ်စင်ပေါ်မှာ ကော်ဇောအနီရောင်ကို အောက်ခံခင်းရပါတယ်။ ကော်ဇောအနီရဲ့ အောက်အနားကတော့ ဂျပန်ရိုးရာ သက်တန့်ဆင်ဖြစ်ပါတယ်။ ပြီးရင် အရုပ်တွေကို အစဉ်အတိုင်း အခုလို ခင်းကျင်းပါတယ်။
. . . ပထမဆုံး အမြင့်ဆုံးအဆင့်မှာ ဧကရာဇ်ဘုရင်နဲ့ မိဖုရားကြီးအရုပ်ကို ထားရပါတယ်။ မွေးလာတဲ့ သမီးလေးဟာ ဘုရင်မင်းမြတ်နဲ့ မိဖုရားကြီးတို့ ဇနီးမောင်နှံလို စံပြုထိုက်ဖွယ် အိမ်ထောင်ရေးကံ ကြုံရပါစေတော့ဆိုတဲ့ သဘောမျိုး ရည်ရွယ်ပါသတဲ့။
. . . ဒုတိယအဆင့်မှာ နန်းတွင်းအပျိုတော်သုံးယောက်အရုပ်ကို ခင်းကျင်းရပါတယ်။ အပျိုတော်ဆိုတာ ဘုရင်နဲ့ မိဖုရားကို အလုပ်အကျွေးပြုရတဲ့ အပျိုတော်တွေဖြစ်ပါတယ်။ ထိုင်နေတဲ့အပျိုတော်တစ်ယောက်ကို ရပ်နေတဲ့ အပျိုတော်နှစ်ယောက်က စားပွဲနှစ်လုံးနဲ့အတူ ခြံရံထားတဲ့ အရုပ်ကလေးတွေဖြစ်ပါတယ်။ သဘောကတော့ မိန်းကလေးဆိုတာ သူတစ်ပါးကို ဂရုတစိုက် ကူညီပေးတတ်တဲ့ စိတ်ကောင်းနှလုံးကောင်းရှိပါစေဆိုတဲ့ သင်္ကေတဖြစ်ပါသတဲ့။
. . . တတိယအဆင့်မှာ အဆိုတော်သမားကို ဂီတလုလင်လေးယောက်ကခြံရံထားတဲ့ အရုပ်ကလေးတွေ ဖြစ်ပါတယ်။ ယပ်တောင်ကိုင်ထားတဲ့ အဆိုတော်သမားကို လူပျိုတော်သား ဂီတသမားလေးယောက်က ဂီတတူရိယာတွေဖြစ်တဲ့ ဗုံတို ဗုံရှည် နဲ့ ပလွေတို့ကို ကိုင်ပြီး ၀န်းရံဖျော်ဖြေနေကြဟန် ဖြစ်ပါတယ်။ ဂီတဆိုတာ လောကကြီးကို အလှဆင်တာဖြစ်လို့ တေးဂီတရဲ့ အရေးပါပုံကို ဖော်ကျူးထားတာဖြစ်ပါသတဲ့။
. . . စတုတ္ထအဆင့်မှာ လက်ဝဲရံနဲ့ လက်ယာရံ ၀န်ကြီးနှစ်ယောက်အရုပ်တွေကို ခင်းကျင်းရပါတယ်။ များသောအားဖြင့် ဘုရင်နဲ့ မိဖုရားကို အစောင့်အရှောက်ပြုတဲ့ ၀န်ကြီးနှစ်ပါးမှာ လေးနဲ့မြားပါ ဆင်ယင်ထားတတ်ကြပါတယ်။ ၀န်ကြီးနှစ်ယောက်အနက် လက်ဝဲရံဝန်ကြီးက အသက်ငယ်ရွယ်တဲ့သူဖြစ်ပြီး စစ်ရေးစစ်ရာတွေနဲ့ ပတ်သက်တဲ့ ၀န်ကြီးမင်းဖြစ်ပြီး လက်ယာရံဝန်ကြီးကတော့ အသက်ကြီးကြီး ၀ါရင့်ဝန်ကြီးဖြစ်ပြီး တိုင်းရေးပြည်ရာနဲ့ ပတ်သက်ပြီး ပညာဥာဏ်နဲ့ထမ်းဆောင်ရတဲ့ ၀န်ကြီးဖြစ်ပါတယ်။ လက်ယာရံဝန်ကြီးက အသက်ကြီးနေပေမယ့် လက်ဝဲရံ ငယ်ရွယ်နုပျိုတဲ့ ၀န်ကြီးလိုပဲ အလုပ်တွေကြိုးစားထမ်းဆောင်နေနိုင်သေးတဲ့ အဓိပ္ပာယ်ဖြစ်ပြီး အသက်အရွယ်ကြီးရင့်သူတွေကို လေးစားအားထားရမယ်ဆိုတဲ့ သဘောကိုထင်ဟပ်စေပါသတဲ့။ ၀န်ကြီးနှစ်ပါးရဲ့ အလယ်မှာတော့ တစ်ချို့နေရာတွေမှာ ဂျပန်ရိုးရာ ခြောက်ထောင့်စားပွဲနှစ်လုံးကို ခင်းကျင်းတတ်ကြပြီး တစ်ချို့နေရာတွေမှာတော့ ကလေးငယ်များသက်ရှည်ကျန်းမာစေရေးအတွက် အသက်ရှည်ခြင်းကို ကိုယ်စားပြုတဲ့ ကြိုးကြာနဲ့လိပ် ကချေသည်နှစ်ဦး အရုပ်ကို ထားတတ်ကြပါတယ်။
. . . ပဉ္စမအဆင့်မှာတော့ အမတ်မင်းသုံးယောက်ကို ဘယ်ဘက်မှာ မက်မုံသီးပင် ညာဘက်မှာ ချယ်ရီပန်းပင်တို့ ၀န်းရံချင်းကျင်းကြပါတယ်။ အမတ်မင်းသုံးယောက်ဟာ ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ဒေါသဖြစ်ခြင်းဆိုတဲ့ စိတ်ခံစားချက်သုံးခုကို ကိုယ်စားပြုပြီး မျက်နာအမူအရာကို ပြင်ဆင်ထားပြီး ကလေးငယ်များ စိတ်ခံစားချက်ကို သတိပြုမိတတ်အောင် သင်ပေးတဲ့သဘောဖြစ်ပါသတဲ့။
. . . ဆဌမအဆင့်မှာ မိန်းကလေးရဲ့ အ၀တ်အစားအသုံးအဆောင်များထည့်တဲ့ အဆင့်ငါးဆင့်ပါ အံဆွဲဗီရို၊ ကီမိုနိုသိမ်းတဲ့ယွန်းသေတ္တာ၊ အ၀တ်အစားထည့်တဲ့ယွန်းဖာငယ်၊ အ၀တ်အစားချုပ်အပ် အပ်ချည်တို့သိမ်းတဲ့ ယွန်းအစ်၊ လက်ဖက်ရည်ပွဲပြင်ရာမှာ လိုအပ်တဲ့ အသုံးအဆောင်တို့ကို ခင်းကျင်းထားပါတယ်။ သမီးမိန်းကလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းလေးတွေသဘောပါ။
. . . အောက်ဆုံးအဆင့်မှာတော့ အစားအသောက်ထည့် ယွန်းဗူး၊ ဝေါယဉ်တော်နဲ့ ပန်းလှည်းတို့ကို ခင်ကျင်းထားတတ်ပါတယ်။
.
ဟိရှိမိုချီ
菱餅 (ひしもち)
. . . မိန်းကလေးများနေ့မတိုင်ခင်နေ့တွေမှာ မိတ်ဆွေတွေဖိတ်ပြီး ပျော်ပွဲရွှင်ပွဲလေးတွေ လုပ်တတ်ကြတာလည်း ရှိပါတယ်။ မိန်းကလေးတွေကို ပန်းရောင်၊ အဖြူရောင်နဲ့ အစိမ်းရောင် အရောင်သုံးရောင်ပါတဲ့ ဆန်ကိတ်မုန့်လက်ဆောင်ပေးကြပါတယ်။ ပန်းရောင်က မကြာခင်ပွင့်တော့မယ့် မက်မုံပန်းကို ကိုယ်စားပြုပြီး လှပခြင်းရဲ့ သင်္ကေတဖြစ်ပါသတဲ့။ အဖြူရောင်က မကြာခင်ကုန်ဆုံးတော့မယ့် နှင်းတွေကို ကိုယ်စားပြုပြီး သန့်ရှင်းစင်ကြယ်ခြင်းကို သင်္ကေတဖြစ်ပြီး အစိမ်းရောင်ကတော့ မကြာခင်နွေဦးပေါက်မှာပြန်လည်စိမ်းလန်းလာတော့မယ့် ပတ်ဝန်းကျင်ကို ကိုယ်စားပြုပြီး ကျန်းမာခြင်းသင်္ကေတဖြစ်ပါတယ်တဲ့။
.
နာဂရှိဘိန
流し雛
. . . အရုပ်ပွဲတော်မှာ နောက်တစ်ခု လုပ်လေ့ရှိတာက ပျော်ပွဲရွှင်ပွဲကို လာကြတဲ့သူတွေဟာ အရုပ်ကလေးတွေ လုပ်ပြီး ရေထဲမျှောလိုက်တာပါ။ မကောင်းတဲ့ကံကြမ္မာဆိုးတွေကို အရုပ်တွေနဲ့အတူ အဝေးကို စွန့်ပစ်လိုက်တဲ့သဘောပါပဲ။

.
. . . သူများနိုင်ငံမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်တော့ ရိုးရာယဉ်ကျေးမှု အစဉ်အလာလေးတွေကို တခမ်းတနား ထိန်းသိမ်းနိုင်သလို၊ အဲသလို ကိုယ့်ရိုးရာကို သေချာထိန်းသိမ်းခဲ့လို့လည်း အခုချိန်ထိ တခမ်းတနားနေနေရတာပါလားလို့လည်း တွေးမိပါတယ်။ ကျွန်တော်တို့တွေလည်း ကျွန်တော်တို့ မြန်မာနိုင်ငံ အနယ်အနယ်အရပ်ရပ်က ကြွယ်ဝခမ်းနားလှတဲ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာလေးတွေကို အခုလိုနည်းတူ ဖော်ထုတ်ထိန်းသိမ်းနိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတော့ . . .
.
ဗိုလ်ကောင်း
၂ မတ် ၂၀၁၈

No comments:

Post a Comment