Tuesday 21 December 2021

ထိုင်းနယ်စပ်က အမေရိကန်အကူအညီများဆိုင်ရာ




. . . သမ္မတဂျိုးဘိုင်ဒင် တက်လာပြီးမကြာခင်မှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ်နဲ့ လင်ဒါသောမတ်စ်ဂရင်းဖီးကို ခန့်အပ်လိုက်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ စပြီးတာဝန်ထမ်းဆောင်ခဲ့တယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ချင်း၊ ကချင်၊ ရခိုင်၊ ရှမ်းပြည်နယ်နဲ့ အနောက်ပိုင်းက ဘင်္ဂါလီတွေကို လူသားချင်းစာနာမှု အကူအညီတွေပေးသွားမယ်လို့ တာဝန်စထမ်းဆောင်ပြီး နောက်တစ်နေ့မှာလုပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲမှာ စပြောခဲ့တယ်။
.
. . . ဧပြီလ ၉ ရက်နေ့မှာလုပ်တဲ့ မြန်မာ့အရေးဆိုင်ရာအလွတ်သဘောအစည်းအဝေး Arria-Formula Meeting မှာ တွဲဘက်သဘာပတိလုပ်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ကြေညာချက်တွေထုတ်နေရုံနဲ့ မပြီးဘဲ လက်တွေ့ကျကျလုပ်ရမယ်လို့ ပြောခဲ့တယ်။ နောက် ဩဂုတ်လဆန်းပိုင်းမှာ တိုကျိုအိုလံပစ်ပိတ်ပွဲကို အမေရိကန်သမ္မတကိုယ်စားပြု တက်ရောက်ခဲ့ပြီး အပြန်မှာ ဩဂုတ်လ ၉ ကနေ ၁၂ ထိ ထိုင်းနိုင်ငံကို ဝင်ခဲ့တယ်။ ခရီးစဉ်အတွင်းမှာ ထိုင်းဒုဝန်ကြီးချုပ်၊ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးတို့နဲ့တွေ့ပြီး မြန်မာနိုင်ငံကိစ္စတွေ ဆွေးနွေးခဲ့တယ်။ ပြီးတဲ့အခါ မြန်မာနိုင်ငံအတွက် စာနာမှုအကူအညီအဖြစ် ဒေါ်လာသန်း ၅၀ ကျော်ပေးသွားမယ်လို့ကြေညာခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း အဲသည်အစီအစဉ်ကို အတည်ပြုပြောကြားခဲ့တယ်။
.
. . . အမေရိကန်ရဲ့ ဒေါ်လာသန်း ၅၀ ကျော်ကို မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီဆိုပေမယ့် မြန်မာနိုင်ငံကနေ အကြမ်းဖက်ပြစ်မှုကြောင့် ထွက်ပြေးလာသူတွေကိုပါ ကူညီမယ်လို့ ပါတယ်။ အကူအညီကိုလည်း မြန်မာအစိုးရလက်ထဲ ထည့်ပေးမှာမဟုတ်ဘဲ ထိုင်းနိုင်ငံကနေတစ်ဆင့် အရပ်ဘက် အဖွဲ့အစည်းတွေ၊ NGO တွေကနေ ကူညီသွားမယ်လို့ ဆိုတယ်။ ဒီလိုပြောကြားချက်အရဆို မြန်မာအစိုးရက အကြမ်းမှုနဲ့ တရားစွဲလိုက်တာဟာ အမေရိကန် အကူအညီရဖို့ လက်မှတ်ထုတ်ပေးလိုက်သလိုများ ဖြစ်နေမလားလို့လည်း တွေးမိတယ်။
.
. . . အမေရိကန်က တရားဝင်သတင်းမထုတ်ပြန်ပေမယ့် အခြားသတင်းတွေအရ ထိုင်းကိုရောက်နေတဲ့ လင်ဒါသောမတ်စ်ဂရင်းဖီးဟာ ဒေါက်တာစင်သီယာမောင်နဲ့လည်း တွေ့ခဲ့တယ်လို့ဆိုတယ်။ ဒေါက်တာစင်သီယာမောင်ဆိုတာ နုဂျီကဖွဲ့ထားတဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ခေါင်းဆောင်။
.
. . . ဒီခရီးစဉ်အပြီးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိကြီးတွေ မြန်မာနိုင်ငံကိစ္စကို ခေါင်းစဉ်ထဲ ထည့်ထည့်ပြီး အရှေ့တောင်အာရှကို ချောင်းပေါက်မတတ် ရောက်လာကြတာတွေ့တယ်။
.
. . . အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဦးဆောင်တဲ့ အဖွဲ့ရဲ့ အောက်တိုဘာ ၁၇-၂၂ ခရီးစဉ်မှာ ထိုင်းနိုင်ငံကိုလည်း ဝင်ခဲ့တယ်။ ဒဲရက်ချိုလက်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံကြရာမှာ မြန်မာနိုင်ငံကို နယ်စပ်ဖြတ်ကျော်အကူအညီတွေ ပေးနိုင်ဖို့ ပါတယ်ဆိုပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က သတင်းထုတ်ပြန်ခဲ့တယ်။ အဲသည်နောက် နိုဝင်ဘာလ ၁၉ ရက်မှာ အမေရိကန် CIA လက်ထောက်ဒါရိုက်တာ ဒေးဗစ်ကိုဟင်က ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ တွေ့ခဲ့တာမှာ မြန်မာနိုင်ငံအခြေအနေတွေနဲ့ လူသားချင်းစာနာမှုအကူအညီပေးအပ်နိုင်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဘန်ကောက်ပိုစ့်က ရေးသားခဲ့တာကို တွေ့တယ်။
.
. . . နောက်ထပ် ရောက်လာတဲ့သူက အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink ။ နိုဝင်ဘာ ၂၇ - ဒီဇင်ဘာ ၄ လာခဲ့တဲ့ သူ့ရဲ့ ခရီးစဉ်မှာ ထိုင်းနိုင်ငံကိုလည်း ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ကိစ္စတွေ ဆွေးနွေးခဲ့တာမှာ နယ်စပ်ဖြတ်ကျော်လုပ်ဆောင်မယ့် ကိစ္စတွေ ပါခဲ့မယ်လို့ ယူဆရတယ်။ .
.
. . . ဒီဇင်ဘာ ၁၃ - ၁၆ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့ ခရီးစဉ်မှာတော့ နောက်ဆုံးပိတ် ထိုင်းကို ဝင်ဖို့ စီစဉ်ခဲ့ပေမယ့် အဖွဲ့သားတွေထဲ ကိုဗစ်တွေ့လို့ဆိုပြီး ခရီးစဉ်ဖျက်သိမ်းလိုက်တယ်။ ခရီးစဉ်ဖျက်သိမ်းလိုက်တဲ့ကိစ္စကို ဘလင်ကင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီ ဖုန်းဆက်ပြောကြားခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တာတွေ့တယ်။
.
. . . အခု ပြောပြခဲ့တာတွေက ကုလသံအမတ်ကြီးလင်ဒါသောမတ်စ်ဂရင်းဖီးရဲ့ ထိုင်းခရီးစဉ်အတွင်း မြန်မာကို လူသားချင်းစာနာမှု အကူအညီ သန်း ၅၀ ကျော်ပေးမယ်ဆိုပြီးတဲ့နောက် ဖြစ်လာတဲ့ ခရီးစဉ်တွေအကြောင်းပါပဲ။ ဆွေးနွေးခဲ့သမျှတွေထဲမှာလည်း ထိုင်းကနေ နယ်စပ်ဖြတ်ကျော်ပြီးကူညီဖို့ ကိစ္စတွေ အမြဲပါနေတာတွေ့တယ်။
.
. . . အခု ထိုင်းနယ်စပ်မှာဖြစ်နေတဲ့ မတည်ငြိမ်မှုတွေနဲ့ ပတ်သက်ပြီး ဆက်စပ်စဉ်းစားနိုင်အောင်လို့ပါ
.
ဗိုလ်ကောင်း
၂၁ ဒီဇင်ဘာ ၂၀၂၁

Monday 20 December 2021

NDAA Bill



. . . ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့တုန်းက အမေရိကန်အထက်လွှတ်တော်မှာ NDAA လို့ လူသိများတဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေကြမ်းကို အတည်ပြုပြီး သမ္မတလက်မှတ်ထိုးနိုင်ဖို့ အိမ်ဖြူတော်ကို ပို့ပေးလိုက်တယ်။ အောက်လွှတ်တော်မှာ အတည်ပြုပြီးတဲ့ ဥပဒေကြမ်း အထက်လွှတ်တော်ကို ရောက်လာတဲ့ အောက်တိုဘာလ ၁၈ ရက် မူကြမ်းမှာတော့ စာမျက်နှာ ၂၀၀၀ ကျော်ရှိပြီး အထက်လွှတ်တော်မှာ ပြင်ဆင်ချက်ပေါင်း ၁၀၃၀ ခု ထည့်သွင်းပြင်ဆင်ပြီးတဲ့နောက် အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့အခါ ဥပဒေကြမ်းက စာမျက်နှာ ၃၂၆၆ မျက်နာ ဖြစ်သွားတယ်။ သမ္မတဆီ ပေးပို့လိုက်တဲ့ မူကြမ်းမှာ ပုဒ်မ (Section) ပေါင်း ၈၀၁၀ ပါတယ်။ စာမျက်နာ ၃၀၀၀ ကျော်ဆိုတော့ ကျောကပ်ပြီး ပုံနှိပ်ထုတ်မယ်ဆိုရင် အေဖိုးစာအုပ်ထုပ် သုံးထုပ်စာမက ထူမယ့် ဥပဒေပဲ
.
. . . ဥပဒေနာမည်က ‘‘National Defense Authorization Act for Fiscal Year 2022’’ ။ ၁၉၆၁ ခုနှစ်ကစပြီး နှစ်စဉ်ပြဌာန်းလာတဲ့ တစ်နှစ်စာ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်ဥပဒေဆိုပေမယ့် ဒီဥပဒေ အကျိုးသက်ရောက်တဲ့ ပြဌာန်းချက်တွေကတော့ တစ်နှစ်ထက်ကျော်လွန်ပြီး ဆက်လုပ်ရမယ့် ကိစ္စတွေ၊ အစီရင်ခံချက်တွေ တင်သွင်းရမည့် ကိစ္စတွေနဲ့ အနာဂတ်ရည်မှန်းချက်တွေအတွက်ပါ အများကြီးထည့်ထားတာ၊ အမျိုးသားကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာမို့ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အခြားသက်ဆိုင်ရာဌာနတွေ အလုပ်တွေအတွက်ပါ လုပ်ငန်းဆောင်တာတွေ ပြဌာန်းထားပြီး ဒီဥပဒေအရ ခွင့်ပြုငွေက အမေရိကန်ဒေါ်လာ ၇၇၇.၇ ဘီလီယံရှိတယ်။ သမ္မတ တင်တောင်းထားတဲ့ ပိုက်ဆံထက်ကို ပိုပြီး ခွင့်ပြုပေးထားတယ်လို့ဆိုတယ်။
.
ဥပဒေမှာ အဓိက အပိုင်းကြီး ၇ ပိုင်းပါတယ်၊ ဒါတွေကတော့
.
(က) ကာကွယ်ရေးဝန်ကြီးဌာန လုပ်ပိုင်ခွင့်များ
(ခ) စစ်ဘက်ဆိုင်ရာတည်ဆောက်ရေး လုပ်ပိုင်ခွင့်များ
(ဂ) စွမ်းအင်ဝန်ကြီးဌာနဆိုင်ရာ အမျိုးသားလုံခြုံရေးလုပ်ပိုင်ခွင့်များနှင့် အခြားလုပ်ပိုင်ခွင့်များ
(ဃ) အသုံးစရိတ်များ ဇယား
(င) ကာကွယ်ရေးဝန်ကြီးဌာနနှင့် မသက်ဆိုင်သော လုပ်ငန်းများ
(စ) နိုင်ငံခြားရေးဝန်ကြီးဌာန လုပ်ပိုင်ခွင့်များ
(ဆ) ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကာကွယ်ရေးနှင့် ဇီဝလုံခြုံရေးကိစ္စရပ်များ
.
. . . ဒီလိုအပိုင်းတွေခွဲထားပေမယ့် ဥပဒေမှာပါတဲ့ အဓိကအကြောင်းအရာတွေကတော့
.
(က) အမေရိကန်စစ်သည်များနှင့် အရပ်သားဝန်ထမ်းများကို လစာ ၂.၇ ရာခိုင်နှုန်းတိုးမြှင့်ပေးခြင်း။
(ခ) လိင်ပိုင်းဆိုင်ရာနှင့် အခြားရာဇဝတ်မှုများနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ခြင်း။
(ဂ) ရေငုပ်သင်္ဘော၊ စစ်ရေယာဉ်၊ လေယာဉ်၊ ယာဉ်များနှင့် အခြားလက်နက်တန်ဆာများအတွက် အရေးကြီးသော ရင်းနှီးမြှပ်နှံမှုများ လုပ်ဆောင်ခြင်း။
(ဃ) အင်ဒို-ပစိဖိတ်ဒေသအတွင်း အမေရိကန်နှင့် မဟာမိတ်များ၏ တပ်ဖွဲ့များ၏ စွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် ပစိဖိတ်ကာကွယ်ရေးအစီအစဉ် (Pacific Deterrence Initiative – PDI) ကို တိုးချဲ့မွမ်းမံခြင်း။
(င) ဥရောပဒေသကာကွယ်ရေးအစီအစဉ် (European Deterrence Initiative – EDI) ကို ပြန်လည်အခွင့်အာဏာပေးခြင်း။
(စ) အမျိုးသားထောက်ပံ့ရေးကွင်းဆက်ကို ပိုမိုအားဖြင့်ရန် နှင့် ကာကွယ်ရေးဆိုင်ရာစက်မှုလုပ်ငန်းများကို ထောက်ပံ့ခြင်း။
(ဆ) hypersonic လက်နက်များ၊ ဉာဏ်ရည်တုနည်းပညာ၊ quantum နည်းပညာ နှင့် ဇီဝနည်းပညာများအပါအဝင် စစ်ဘက်ဆိုင်ရာ နည်းပညာများကို အဆင့်မြှင့်တင်ခြင်း။
(ဇ) အာဖဂန်နစ္စတန်နိုင်ငံတွင် ၂၀၀၁ - ၂၀၂၁ ကာလအတွင်း အမေရိကန်၏ ပါဝင်ပတ်သက်မှုများကို လေ့လာရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းခြင်း။
(ဈ) စစ်ဘက်ဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများအတွက် သမ္မတက အဆိုပြုထားသည်ထက် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ ပိုမိုခွင့်ပြုခြင်း။
(ည) နျူကလီးယားကာကွယ်ရေးလုပ်ငန်းကိုထိန်းသိမ်းမြှင့်တင်ခြင်း။
(ဋ) ဒုံးကျည်ကာကွယ်ရေးစနစ်များကို အဆင့်မြှင့်တင်ခြင်း။
(ဌ) ကာကွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းများ အစီအစဉ်ရေးဆွဲခြင်း၊ လုပ်ငန်းစီစဉ်ခြင်း၊ ငွေကြေးသုံးစွဲခြင်း နှင့် အကောင်အထည်ဖော်ဆောင်ခြင်း (Planning, Programming, Budgeting, and Execution-PPBE) လုပ်ငန်းစဉ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကော်မရှင်တစ်ရပ်ဖွဲ့စည်းရေး။
(ဍ) ကာကွယ်ရေးဝန်ကြီးဌာန၏ ဆိုက်ဘာလုံခြုံရေးမဟာဗျူဟာနှင့် စွမ်းဆောင်ရည်များမြှင့်တင်ခြင်း ဆိုပြီး ၁၃ ရှိတယ်လို့ ဥပဒေအကျဉ်းချုပ်မှာ ရေးထားတာတွေ့ပါတယ်။
.
မြန်မာနိုင်ငံနဲ့ပတ်သက်တာဘာတွေလဲ
.
. . . လောလောဆယ် လေ့လာကြည့်ပြီးသမျှမှာ အပိုင်း (င) ကာကွယ်ရေးဝန်ကြီးဌာနနှင့် မသက်ဆိုင်သော လုပ်ငန်းများဆိုတဲ့ အပိုင်းထဲက ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုကိစ္စရပ်များဆိုတဲ့ အထဲမှာ ပုဒ်မ ၅၁၂၉ မှာ “မြန်မာနိုင်ငံဆိုင်ရာအမေရိကန်အစိုးရမူဝါဒများနှင့် နိုင်ငံတကာငွေကြေးဆိုင်ရာအဖွဲ့အစည်းများ” ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးထားတာတွေ့ပါတယ်။ အကြမ်းဖျင်းကတော့ မြန်မာအစိုးရကို အသိအမှတ်မပြုဘူးဆိုတာရယ်၊ IMF, IBRD, ADB, International Development Association, the International Finance Corporation, the Multilateral Investment Guarantee Agency, အဲသည် နိုင်ငံတကာငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေကနေ မြန်မာနိုင်ငံဆိုင်ရာငွေကြေးဆက်ဆံမှုတွေကို အဲသည်သက်ဆိုင်ရာဘဏ်တွေရဲ့ အမေရိကန်နိုင်ငံကိုယ်စားလှယ်က အမေရိကန်အစိုးရကို အသိပေးတင်ပြရမယ်ဆိုတာရယ်၊ အဲသည်ဘဏ်တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အကဲဖြတ်သွားမယ်ဆိုတာရယ် ဖော်ပြထားတာတွေ့တယ်။ ဆိုလိုရင်းကတော့ မြန်မာနိုင်ငံနဲ့ အလုပ်လုပ်ရင် ငါတို့ကို သတင်းပို့၊ ငါတို့မကြိုက်တာတွေ လုပ်နေတယ်ဆိုရင် မင်းတို့နဲ့ ဆက်ဆံရေး ပျက်သွားချင်သလားလို့ ရာဇသံပေးတဲ့ သဘောပါပဲ။
.
. . . နောက်ထပ် ပြဌာန်းချက်ကတော့ အပိုင်း(စ) နိုင်ငံခြားရေးဝန်ကြီးဌာန လုပ်ပိုင်ခွင့်များ ဆိုတဲ့ခေါင်းစဉ်အောက်က ပုဒ်မ ၇၁၁၄ လွှတ်တော်ကို သတင်းပို့တင်ပြအစီရင်ခံရမယ့် ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ပြဌာန်းထားတာပါ။ ဒီပုဒ်မထဲမှာ တိုက်ရိုက်ပြဌာန်းချက်တွေရေးထားတာပါသလို အခြားသောဥပဒေပြင်ဆင်ချက်တွေကိုလည်း ထည့်ရေးထားတာမို့ သေသေချာချာ လိုက်ဖတ်မှ ပိုပြီးနားလည်မယ့်သဘောရှိတယ်။ အကြမ်းဖျင်းမှတ်ထားရမှာကတော့ မြန်မာပြည်နဲ့ ဆက်ဆံရေးကိစ္စတွေ၊ လုပ်ဆောင်ချက်ကိစ္စတွေ လွှတ်တော်ကို မဖြစ်မနေ သတင်းပို့ဖို့ သက်ဆိုင်ရာ အစိုးရအေဂျင်စီတွေကို ကျပ်လိုက်တဲ့သဘောပါပဲ။
.
. . . အထက်လွှတ်တော်ကနေ အိမ်ဖြူတော်ကို ပို့လိုက်ပြီဆိုပေမယ့် အိမ်ဖြူတော်ဘက်ကတော့ ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး မီဒီယာတွေကို ဘာမှတ်ချက်မှ မပေးသေးဘူး၊ အခု ဒီစာရေးနေတဲ့ ဒီဇင်ဘာ ၂၀ မြန်မာစံတော်ချိန် ညနေ ၅ နာရီအထိတော့ သမ္မတက လက်မှတ်ထိုးလိုက်ပြီလို့ မကြားမိသေးပေမယ့် ဒီတစ်ပတ်အတွင်းတော့ လက်မှတ်ထိုးမယ်လို့ မျှော်လင့်ရတယ်
.
. . . စာမျက်နာ ၃၀၀၀ ကျော်ရှိတဲ့ ဥပဒေကြီးကို လုံးစေ့ပတ်စေ့လည်း မဖတ်နိုင်၊ ဖတ်လည်း သေချာနားလည်နိုင်ဖို့ ကိုယ်က ဥပဒေသမားမဟုတ်တော့ မလွယ်လှပါဘူး။ အမေရိကန် လွှတ်တော်ထဲက အမတ်တွေ ဒီဥပဒေကို ဘယ်လိုတွေဖတ်ပြီး ဘယ်လိုတွေ ပြင်ဆင်ချက်တင်တယ်ဆိုတာလည်း စိတ်ဝင်စားမိတယ်။ အထက်လွှတ်တော်ရောက်တဲ့ အောက်တိုဘာလ ၁၈ ရက်ကနေ ပြင်ဆင်ချက် ၁၀၃၀ ချက် တင်သွင်းပြင်ဆင်ပြီး အထက်လွှတ်တော်က အတည်ပြုပြီးတဲ့အထိ ၅၈ ရက်အတွင်း သူတို့လွှတ်တော်က ဘယ်လိုများ အလုပ်လုပ်လိုက်ကြသလဲဆိုတာ လေ့လာအတုယူစရာကောင်းမှာပဲလို့ထင်မိတယ်
.
. . . မြန်မာနိုင်ငံဆိုင်ရာ ကိစ္စတွေကို ဥပဒေပြင်ဆင်ချက်တွေထဲ ထည့်ခဲ့တဲ့ အဓိကအထက်လွှတ်တော်အမတ် Mitch McConnell ကတော့ ဂုဏ်ယူစွာနဲ့ ကြေညာချက်တွေ ထုတ်နေလေရဲ့
.
. . . ဒီဥပဒေ အသက်ဝင်လာရင် မြန်မာပြည်ကို ဘာတွေ သက်ရောက်မှုရှိနိုင်မလဲဆိုတော့ ဘီယာလေးသောက်ရင်း ဆွေးနွေးကြတာပေါ့
.
ဗိုလ်ကောင်း
၂၀ ဒီဇင်ဘာ ၂၀၂၁
.
မြန်မာနိုင်ငံနဲ့ဆိုင်တဲ့အပိုင်းတွေနဲ့ ဥပဒေမူကြမ်းလေ့လာလို့ရတဲ့ လင့်ကို အောက်က မှတ်ချက်မှာ ထည့်ပေးထားပါတယ်ဗျ

https://www.congress.gov/bill/117th-congress/house-bill/4350/text?fbclid=IwAR0ly3YvD8BrcsqeyqpyM3lF2qFV6Y_LSywkm71x-FeyV1TICY4nMyGN_Jo

SEC. 5129. UNITED STATES POLICY ON BURMA AT THE INTERNATIONAL FINANCIAL INSTITUTIONS.
(a) In General.--It is the policy of the United States that it will not recognize or deal with the State Administration Council, or any successor entity controlled by the military, as the government of Burma for the purpose of the provision of assistance from the international financial institutions.
(b) International Financial Institution Defined.--In subsection (a), the term ``international financial institution'' means the International Monetary Fund, the International Bank for Reconstruction and Development, the International Development Association, the International Finance Corporation, the Multilateral Investment Guarantee Agency, and the Asian Development Bank.
(c) Position of the United States.--Title XVI of the International Financial Institutions Act (22 U.S.C. 262p-262p-13) is amended by adding at the end the following: SEC. 1630. UNITED STATES POLICY ON BURMA AT THE INTERNATIONAL FINANCIAL INSTITUTIONS.
(a) In General.--The Secretary of Treasury shall instruct the United States Executive Director at each international financial institution to notify the respective institution that the provision of any assistance to Burma through the State Administration Council, or any successor entity controlled by the military, except for humanitarian assistance channeled through an independent implementing agency, such as the United Nations Office for Project Services (UNOPS), that would be responsible for financial management, procurement of goods and services, and control of the flow of funds from the international financial institution, would be cause for a serious review of future United States participation in the institution.
(b) International Financial Institution Defined.--In subsection
(a), the term `international financial institution' means the International Monetary Fund, the International Bank for Reconstruction and Development, the International Development Association, the International Finance Corporation, the Multilateral Investment Guarantee Agency, and the Asian Development Bank.''.

SEC. 7114. AMENDMENT OR REPEAL OF REPORTING REQUIREMENTS.
(a) Burma.--
(1) In general.--Section 570 of Public Law 104-208 is amended--
(A) by amending subsection (c) to read as follows:
(c) Multilateral Strategy.--The President shall develop, in coordination with like-minded countries, a comprehensive, multilateral strategy to--
(1) assist Burma in addressing corrosive malign influence of the People's Republic of China; and
(2) support democratic, constitutional, economic, and security sector reforms in Burma designed to--
(A) advance democratic development and improve human rights practices and the quality of life; and
( promote genuine national reconciliation.''; and
( in subsection (d)--
(i) in the matter preceding paragraph (1), by striking ``six months'' and inserting ``year'';
(ii) by redesignating paragraph (3) as paragraph (7); and
(iii) by inserting after paragraph (2) the following new paragraphs:
``(3) improvements in human rights practices;
``(4) progress toward broad-based and inclusive economic growth;
``(5) progress toward genuine national reconciliation;
``(6) progress on improving the quality of life of the Burmese people, including progress relating to market reforms, living standards, labor standards, use of forced labor in the tourism industry, and environmental quality; and''.
(2) Effective date.--The amendments made by paragraph (1) shall take effect on the date of the enactment of this Act and apply with respect to the first report required under subsection (d) of section 570 of Public Law 104-208 that is required after the date of the enactment of this Act.
(b) Repeals.--The following provisions of law are hereby repealed:
(1) Subsection (b) of section 804 of Public Law 101-246.
(2) Section 6 of Public Law 104-45.
(3) Subsection (c) of section 702 of Public Law 96-465 (22 U.S.C. 4022).
(4) Section 404 of the Arms Control and Disarmament Act (22 U.S.C. 2593b).
(5) Section 5 of Public Law 94-304 (22 U.S.C. 3005).
(6) Subsection (b) of section 502 of the International Security and Development Cooperation Act of 1985 (22 U.S.C. 2349aa-7).
(c) Technical and Conforming Amendment.--Section 502 of the International Security and Development Cooperation Act of 1985 (22 U.S.C. 2349aa-7) is amended by redesignating subsection (c) as subsection (b).

Thursday 18 November 2021

စူပါမွန်းနဲ့ဆေးပေါင်းခ



. . . ခုရက်ပိုင်း လူမှုကွန်ရက်မှာ လူပြောများနေတဲ့ တန်ဆောင်မုန်းလပြည့်မှာ စူပါမွန်းဖြစ်မှာတို့၊ ဆေးပေါင်းခတဲ့အချိန်က ဘယ်နနာရီမိနစ်စက္ကန့်တို့နဲ့ ပြောနေကြတာနဲ့ ပတ်သက်ပြီး တကယ်စိတ်ဝင်စားသူတွေအတွက် နည်းနည်းပြောပြမယ်
.
တန်ဆောင်မုန်းလပြည့်တဲ့အချိန်
.
. . . တန်ဆောင်မုန်းလပြည့်က ပြက္ခဒိန်မှာ နိုဝင်ဘာလ ၁၈ ရက်လို့ ပြပေမယ့် တကယ်လပြည့်တဲ့အချိန်က နိုဝင်ဘာလ ၁၉ ရက် နေ့လည်ပိုင်းဖြစ်ပါတယ်။ လပြည့်ချိန်မှာ ဆေးပေါင်းခတယ်လို့ ယုံကြည်ပြီး မယ်ဇလီဖူးသုပ် စားကြမယ့်သူများ အချိန်သိအောင်လို့ ပြောတာပါ။ မယ်ဇလီဖူးသုပ်ကလည်း မဟားတရား မစားရဘူးတဲ့ဗျ၊ တန်ဆေး လွန်ဘေးပေါ့၊ ကိုယ်ကတော့ မယ်ဇလီဖူးသုပ်ကြိုက်ပေမယ့် အခုထိတော့ စားရကိန်းမမြင်ပါ။ နီးတဲ့သူများ လာပို့မှ စားရမယ့် ဘဝပါ
.
စူပါမွန်း တကယ်ဖြစ်မှာလား
.
. . . စူပါမွန်းဆိုတာကတော့ လနဲ့ ကမ္ဘာနဲ့နီးတဲ့အချိန် လပြည့်ရင် ဖြစ်တာပါပဲ၊ ဒါပေမယ့် အခု တန်ဆောင်မုန်းလပြည့်ရက်ပိုင်းမှာ လဟာ ကမ္ဘာနဲ့ အဝေးပိုင်းကို ရောက်နေပါတယ်။ လနဲ့ကမ္ဘာက ဝေးလိုက်နီးလိုက် ဖြစ်နေတာဖြစ်ပြီး ပျမ်းမျှ အကွာအဝေးက ၂၃၈,၀၀၀ မိုင်ပါ။ နိုဝင်ဘာ ၁၈ ရက်နေ့မှာ လဟာ ကမ္ဘာရဲ့ ၂၅၁,၆၀၀ အကွာအဝေးကို ရောက်နေမှာမို့ ပျမ်းမျှအကွာအဝေးထက် ၁၃,၆၀၀ မိုင်လောက် ပိုဝေးနေမှာမို့ စူပါမွန်းဖြစ်စရာ မရှိပါ။
.
. . . လက်လှမ်းမီသမျှ လေ့လာပြီး ပြောတာဖြစ်လို့ အမှားပါသွားရင် ထောက်ပြပေးပါ၊ လိုတာရှိ ဖြည့်ပြောပေးခဲ့ကြပါခင်ဗျ
.
ဗိုလ်ကောင်း
၁၈ နိုဝင်ဘာ ၂၀၂၁

Wednesday 3 November 2021

1950s 60s Fashion ?


One of the favorite snapshots ever taken. The photo was retouched and modified as an antique one in which the characters dressed up as the university students of the old days.

Friday 22 October 2021

ကံရာဇာငယ်နိုင်ငံတော်က မြန်မာယူနီကုတ်လုပ်ထုံးလုပ်နည်းများ


. . . တကောင်းအဘိရာဇာ တို့ဗမာ သာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ ဆိုတဲ့ သီချင်းက သူ့ခေတ်သူ့အခါမှာ ပေါက်လွန်းအားကြီးလို့ နိုင်ငံ လွတ်လပ်ရေးရလာတဲ့အခါမှာ နိုင်ငံတော်သီချင်းဘဝတောင် ကူးပြောင်းခဲ့ရတဲ့သီချင်း၊ ဆိုတော့ကာ မြန်မာနိုင်ငံက တကောင်းအဘိရာဇာရဲ့ သန္ဓေမကင်းဘူးလို့ ယူရမယ်ထင်တယ်၊ သာကီဝင်မင်းမျိုးတွေ ဆွေချင်းမျိုးချင်း မသင့်မမြတ် ခိုက်ရန်ဖြစ်ကြလို့ နေရပ်ကိုစွန့်ပြီး မြန်မာပြည်ထဲဝင်လာ တကောင်းအရပ်မှာ မြို့ရွာတည်ထောင်ပြီး နေခဲ့ကြတာ ဆိုသကိုး
.
. . . ကံရာဇာကြီး ကံရာဇာငယ်ဆိုတဲ့ အဘိရာဇာမင်းကြီးရဲ့ သားတော်နှစ်ပါးဟာလည်း ဆွေဂုဏ်မျိုးဂုဏ် ဆက်ခံတယ်ခေါ်ရမလား၊ နန်းမွေလုကြပြန်တော့ ခမည်းတော်အဘိရာဇာက မင်းတို့ စစ်တော့ မတိုက်ကြနဲ့ ကုသိုလ်ချင်းပြိုင်ကြဆိုပြီး ညတွင်းချင်း ဘုရားတည်ပြိုင်ကြသတဲ့၊ သေသေချာချာ ခိုင်ခိုင်မာမာလုပ်တဲ့ ကံရာဇာကြီးက ဘုရားအချိန်မီ မပြီးဘဲ သားတော်ငယ် ကံရာဇာငယ်က ပြီးလွယ်ဘုရားတည်လိုက်တော့ ထီးနန်းဆက်ခံခွင့်ရသတဲ့ဗျာ။ ပိုကောင်းအောင် ပိုခိုင်ခံ့အောင် ပိုခန့်ညားအောင် ပိုပြီးကြည်ညိုဖွယ်ဖြစ်အောင် ဘယ်သူလုပ်နိုင်သလဲ ဆိုတာထက် ဘယ်လိုလုပ်လုပ် အရင်ပြီးသူ အနိုင်ရစတမ်းဆိုတဲ့ ပြိုင်ပွဲစည်းမျဉ်းက မြန်မာအစ တကောင်းကဆိုတဲ့ သမိုင်းအထိပ်အဖျားမှာတင် ရှိနှင့်နေပြီးသားလို့ ဆိုရမယ်ထင်ပါ့
.
. . . ကိုယ်တွေ စာတမ်းတွေဘာတွေ အင်္ဂလိပ်လို ရေးတင်ခဲ့ရတုန်းက စာအုပ်မာတိကာကနေ နောက်ဆုံး ရည်ညွှန်းကိုးကား စာမျက်နာ ဆုံးတဲ့အထိ အားလုံးကို မိုက်ကရိုဆော့ဝပ်ဖိုင်မှာ အဆင်ပြေပြေ လုပ်လို့ရခဲ့ပါသဗျာ။ စာတွေကို ခေါင်းစဉ်ကြီး၊ ခေါင်းစဉ်၊ အစုခေါင်းစဉ်၊ စာပိုဒ်ခေါင်းစဉ် စသဖြင့် သတ်မှတ်ပေးခဲ့ရင် မာတိကာမှာ စာမျက်နာနဲ့တကွ အလိုလိုပေါ်လာပြီး စာတွေဖြည့်ရင် လျှော့ရင်လည်း မာတိကာက စာမျက်နာမှာ အလိုလို ပြင်ပေးတဲ့စနစ်မျိုး၊ အောက်ခြေမှတ်စုထည့်မလား၊ ကျမ်းဆုံးမှတ်စုထည့်မလား သူ့စနစ်နဲ့သူ အကုန်လုံး အဆင်ပြေအောင် ထည့်ပေးထားတော့ စာစစာဆုံး အားလုံးကို သိပ်ပြီး အထွေအထူး ခေါင်းမစားဘဲ အဆင်ပြေခဲ့ပါသဗျာ
.
. . . ဟော အခု မြန်မာယူနီကုတ်ထဲက နောက်ဆုံး ပြည်ထောင်စုဖောင့်ဆိုသဟာမျိုးတွေနဲ့ တွေ့မှပဲ တိုင်ပတ်ရုံတင်မက မြို့တွေရော ရွာတွေရော ပတ်ပါလေရောလား၊ ပတ်ပုံပတ်နည်းက ဘယ်လိုလဲဆိုတော့ မိုက်ကရိုဆော့ဝပ်ထဲမှာ မြန်မာလိုရေးထားတဲ့စာတွေကို အဆင်ပြေပြေ မြင်ရချင်ရင် စာအုပ်အစ စာအုပ်အဆုံး တစ်ခုတည်းသော စည်းမျဉ်းနဲ့ မရဘူးဗျာ၊ စာလုံးအရွယ်အစား ကို သတ်မှတ်ချက်တစ်ခုထား၊ စာလုံး စာကြောင်းအစိပ်အကျဲကို သတ်မှတ်ချက်တစ်ခုတည်းနဲ့များ ထားလိုက်ပြီးဆိုရင် စာတွေက ကျဲတာက ကျဲ စုတာကစု နဲ့ ဘယ်လိုမှကို အဆင်မပြေတာပါဗျာ၊ အာ့တာကို အဆင်ပြေပြေ မြင်ရချင်ရင်တော့ မပြေတဲ့ စာကြောင်းလေးတွေ စာလုံးလေးတွေကို အရွယ်အစား အစိပ်အကျဲ မသိမသာလေး ပြောင်းလိုက် နည်းလိုက်များလိုက်လုပ်မှ အဆင်ပြေပြေမြင်ရမှာပါ၊ (အမှန်ကတော့ မြင်နေရတာ အဆင်ပြေတယ်လို့ ထင်ရတာပါ၊ အထဲမှာ ရှေ့နောက်မညီ ကြုံသလိုအဆင်ပြေသလိုလုပ်ထားတာကိုတော့ သေချာကြည့်ရင် မြင်ရပါတယ်)
.
. . . ပြောရရင် အင်္ဂလိပ်လိုရေးတုန်းက တစ်သတ်မတ်တည်း သတ်မှတ်ပြီး အာ့သတ်မှတ်ချက်အတိုင်းပဲ အစအဆုံးကျင့်သုံးလို့ အဆင်ပြေအောင် လုပ်ပေးထားတဲ့ စနစ်ထဲမှာ မြန်မာလိုဝင်လုပ်တဲ့အခါကျတော့ ဟိုကွေ့ရောက်ရင် ဟိုတက်နဲ့လှော်၊ ဒီကွေ့ရောက်ရင် ဒီတက်နဲ့ လှော်ဆိုတဲ့ မြန်မာ့နည်းမြန်မာ့ဟန်အတိုင်းလုပ်မှ အဆင်ပြေပြေ မြင်ရတာမို့
.
. . . ဗိုလ်ကောင်းတစ်ယောက် သောက်ကြီးသောက်ကျယ်အတွေးတွေ မျက်စိလည်လမ်းမှားပြီး ခေါင်းထဲ ရောက်ရောက်လာတိုင်း ပြီးစလွယ်ဘုရားတည်လို့ ဘုရင်ဖြစ်လာရတဲ့ ကံရာဇာငယ်က စလိုက်တဲ့နိုင်ငံတော်ကြီးမှာ စည်းမျဉ်းတစ်သတ်မတ်တည်း ထားလို့မရတဲ့ ယူနီကုတ်ဖောင့်က နိုင်ငံတော်စံသတ်မှတ်ချက်ဖြစ်နေတဲ့ နိုင်ငံထဲ ခေါင်းကြီးရာ မင်းဘာတွေများ မျှော်လင့်နေသေးသလဲလို့ ကိုယ့်ကိုယ်ကို မမေ့မလျော့ ဆုံးမနေရတဲ့အကြောင်း ဘယ်သူမှမသိအောင် တိတ်တိတ်လေး ရင်ဖွင့်တာပါဗျာ
.
အပမာဒနေ သမာဒထေ
.
ဗိုလ်ကောင်း
၂၂ အောက်တိုဘာ ၂၀၂၁

Thursday 14 October 2021

အချစ်တွေနဲ့ လွမ်းနေတယ်

. . . သစ်ရွက်ဝါလေးတစ်ရွက် အပင်ပေါ်က ဖြုတ်ကနဲကြွေကျသွားတာ မြင်ရင်တောင် ရင်ဘတ်ကြီးနဲ့ နင့်နင့်နဲနဲ ခံစားတတ်တဲ့ ကိုယ့်နှလုံးသားက ဒီရက်ပိုင်းမှာ ဘာတွေကြောင့်များ ထုံပေပေ ဖြစ်နေပါလိမ့်လို့ စဉ်းစားမရဘူး၊ ပြန်မဖတ်ဖြစ်တာကြာပြီဖြစ်တဲ့ အရင့်အရင် နှစ်တွေနဲ့ချီပြီး ရေးထားခဲ့တဲ့ ကိုယ့်ရဲ့ အလွမ်းစာတွေဖတ်တော့လည်း အရင်တုန်းက အလွမ်းသမားလေးဟာ ကိုယ်မှ ဟုတ်ခဲ့ရဲ့လားလို့တောင် ထင်ယောင်မှားမိတယ်၊ အလုပ်တွေကြောင့်များလားလို့ ယိုးမယ်ဖွဲ့ရအောင်ကလည်း အခုလက်ရှိ လုပ်နေသမျှတွေရဲ့ ထက်ဝက်ကျော်လောက်က ကိုယ်တိုင်ကို စိတ်ပါပြီး လျှောက်လုပ်နေတာတွေ၊ သမားစဉ်အလုပ်လောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်ဆိုရလောက်အောင် အလုပ်အနေပါးတဲ့သူ၊ ဒါဆို ဘာကြောင့်များ အရင်လူ… See More

Saturday 25 September 2021

ညောင်းရွက်



. . . စက်တင်ဘာ လကုန်ပိုင်းလောက်ဆိုရင် နေ့တာတွေ စပြီး တိုလာပြီမို့ ဆောင်းသွင်ပြင် ပီပြင်တတ်တဲ့ ကမ္ဘာ့မြောက်ခြမ်းပိုင်း နိုင်ငံတွေမှာ ဆောင်းဦးရွက်ကြွေဆိုတဲ့ ရာသီထဲဝင်ချိန်ပေါ့၊ သိုးဆောင်းဘာသာစကားနဲ့ AUTUMN လို့ခေါ်ပြီး နိဟွန်းဘာသာစကားနဲ့ဆို 秋 လို့ခေါ်ကြတဲ့ ဒီရာသီဟာ ကိုယ့်အတွက်တော့ အထူးအဆန်း ရာသီတစ်ခုပါပဲ
.
. . . မြေကြီးထဲက ရေဓာတ်တွေ ခမ်းခြောက်တဲ့အခါ သစ်ပင်တွေက ရေဓာတ်ဆုံးရှုံးမှုကို ဟန့်တားနိုင်ဖို့အတွက် သစ်ရွက်တွေ ကြွေရသတဲ့ ဆိုတဲ့ ငယ်ငယ်က သင်ခဲ့တဲ့ သင်ခန်းစာထဲလိုမျိုး ကိုယ့်တိုင်းကိုယ့်ပြည်မှာတော့ မိုးကုန်ဆောင်းနှောင်းလို့ နွေရာသီကို ဝင်တဲ့အခါ မြေကြီးထဲခိုအောင်းနေတဲ့ ရေတွေဆုတ်ချိန်မို့ သစ်ပင်ပေါ်က အရွက်တွေက ညှိုးရော်နွမ်းဖတ်ပြီး မြေပေါ်ကြွေကျ ခြောက်သယောင်းကြရပေမယ့် သူတို့တိုင်းပြည်မယ်များကြတော့ စာထဲသင်ထားတဲ့ သဘောတရားအရ မြေကြီးထဲ ရေဓာတ်ခမ်းလို့ အရွက်တွေ စွန့်ချရတာခြင်း တူတာတောင် သူတို့ချွေချတဲ့ သစ်ရွက်က အစိမ်းရောင်ကနေ အဝါရောင် အနီရောင်ကို ပြောင်းခဲ့ပြီဆိုတာတောင် လှပတင့်တင်ရှုချင်ဖွယ်အဆင်းနဲ့ မြေပေါ်ကြွေကျပြီးတဲ့တိုင် နင်းရက်စရာမရှိအောင် မြေအပြင်ကို ဖြန့်ခင်းအလှဆင်ထားနိုင်ကြတုန်း၊ ဟောသည်ဘဒ္ဒကမ္ဘာက သစ်ပင်ချင်းအတူတူတောင် အပင်ရဲ့ရေဓာတ်တွေ မဆုံးတော့အောင် သစ်ရွက်တွေ ခြွေချပေးရတာချင်းအတူတူကို ကိုယ်တွေဆီက နွေဆိုတာ အပင်တွေခြောက်သယောင်းနဲ့ အရွက်တွေအမှိုက်ဖြစ်လို့မို့ ရှုချင်ဖွယ်မရှိပေမယ့် သူတို့ဆီများမှာကျ ဆောင်းဦးရွက်ကြွေဆိုပြီး တကူးတက တစ်ရာသီစာအလှနဲ့ ကွဲပြားရတဲ့အဖြစ်ကို ကိုယ့်မှာ မြန်မာပီပီ မကျေနပ်နိုင်ခဲ့ဘူး
.
. . . ဒါပေတဲ့လည်း ကိုယ့်မှာမရှိတဲ့အလှတွေ မြင်တွေ့နေရတဲ့အရပ်မှာ အချိန်အခါအတန်အသင့် နေပြီးတဲ့အခါ ဒီလို သစ်ရွက်တွေအရောင်ပြောင်းကြွေကြတဲ့ ဆောင်းဦးရွက်ကြွေအလှကို ကိုယ့်မှာ ချစ်ခဲ့ရတာပါပဲ၊ ချစ်ရင်းနဲ့အတူ ဒီလိုမျိုး ကြွေချိန်ကျလို့ မိခင်အပင်ကြီးကို စွန့်ခွာရတာတောင် လှလှပပနဲ့ အပင်ခြေရင်း ရောင်စုံခင်းပေးနိုင်အားကြတဲ့ သူတို့ဘဝကိုလည်း အားကျမိခဲ့တာ
.
. . . ခုလို ချိန်ခါမျိုး ဆောင်းဦးရွက်ကြွေရာသီ ဝင်ချိန်ရောက်လာပြန်ပြီဆိုတော့ ကိုယ်ချစ်ခဲ့ သံယောဇဉ်တွယ်ခဲ့တဲ့ အရောင်ပြောင်းသစ်ရွက်တွေကို လွမ်းမိအောက်မေ့မိတာနဲ့အတူ ပြန်ပြန်ပြီး ဆင်ခြင်မိတာက ကိုယ်တိုင်ကရော အရွက်ညောင်းလို့ ကြွေချိန်ရောက်ရင် အမှိုက်အဖြစ်နဲ့ ကြွေရမှာလား၊ အပင်ခြေရင်းအလှခင်းတဲ့ နိဟွန်းတို့တိုင်းပြည်က ကိုယ်ချစ်ခဲ့တဲ့ သစ်ရွက်လေးတွေလို လှလှလေး ကြွေရမှာလားဆိုတာပါပဲ၊ ကြွေရမှာချင်းတူရင်တောင် ကိုယ့်တိုင်းကိုယ့်ပြည်က သစ်ပင်တွေ အရွက်ခြွေချသလို ခြောက်သယောင်းအမှိုက်ဖြစ်မှ ချွေချခံရတာထက်စာရင် နိဟွန်းတို့တိုင်းပြည်က သစ်ပင်တွေလို အရွက်မှာ ရေဓာတ်တွေပြည့်ဝတုန်း အရောင်တွေ တောက်ပတုန်း လောကကြီးကို အလှဆင်နိုင်တုန်းလေးမှာ ကြွေချင်မိသား
.
ဗိုလ်ကောင်း
၂၅ စက်တင်ဘာ ၂၀၂၁
.
the photo was taken in the autumn of 2017

Tuesday 21 September 2021

BST K-pop in the UN General Assembly Hall



ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ နိုင်ငံအလိုက် မူဝါဒရေးရာမိန့်ခွန်းပြောကြားမှုတွေ မစတင်ခင် တစ်ရက်ဖြစ်တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်တွေပါဝင်တဲ့ အစည်းအဝေးမှာ ကိုရီးယားသမ္မတ မွန်ဂျေအင်းက ဧည့်သည်တော်အဖြစ် တက်ရောက်မိန့်ခွန်းပြောကြားခဲ့တဲ့အပြင် BTS လို့ခေါ်တဲ့ K-pop အဖွဲ့တစ်ဖွဲ့ကိုလည်း တစ်ပါတည်း ပွဲထုတ် စင်တင်လာခဲ့ပါတယ်။
.
. . . ကိုရီးယား သမ္မတက သူ့နိုင်ငံသား အနုပညာရှင် လူငယ်တွေကို တင်ပေးလိုက်တဲ့ စင်ကတော့ နှယ်နှယ်ရရ ဟုတ်ပါရိုးလား၊ နိုင်ငံတကာက ခေါင်းဆောင်တွေ အကြီးအကဲတွေနဲ့ သူတို့က စေလွှတ်တဲ့ ကိုယ်စားလှယ်တွေ ကမ္ဘာ့ အသိအမှတ်ပြု ပွဲထုတ်ခံရသူတွေပဲ တက်ရောက်ဆွေးနွေး စကားပြောခွင့်ရတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ခန်းမကြီးထဲက ရွှေရောင်နောက်ခံနံရံကြီးနဲ့ အလှဆင်ထားတဲ့ ကမ္ဘာကျော် စင်မြင့်ကြီးဖြစ်ပါတယ်။ သမိုင်းမှတ်တိုင်ပေါင်းများစွာ စိုက်ထူခဲ့တဲ့ ဒီစင်မြင့်ကြီးနဲ့ ဒီခန်းမကြီးထဲမှာ ကိုရီးယား K-pop အဖွဲ့က လူငယ်တွေကိုယ်စားပြု စကားပြောခွင့်ရရုံတင်မက ဒီလိုခန်းမကြီးထဲမှာ သီချင်းဆိုပြီး ဖျော်ဖြေတဲ့ မှတ်တမ်းကိုတောင် ကုလသမဂ္ဂ မီဒီယာများမှာ တရားဝင်ဖော်ပြခြင်း ခံရတာပါ
.
. . . သူများတွေကတော့ ကိုယ့်နိုင်ငံသား လူငယ်တွေကို ကုလစင်မြင့်အထိ လက်တွဲခေါ်သွားကြပြီ၊ တို့မှာဖြင့်
.
ဗိုလ်ကောင်း
၂၁ စက်တင်ဘာ ၂၀၂၁
.
the link is in the first comment

Monday 30 August 2021

ဦးသိန်းစိုး

… အခု ရွေးကော်ဥက္ကဌ ဦးသိန်းစိုးက ပြီးခဲ့တဲ့ ဒီမိုကရေစီ ပထမသက်တမ်းတုန်းက အခြေခံဥပဒေ ခုံရုံးဥက္ကဌ၊ ဦးသိန်းစိန်အစိုးရကိုလည်း အလိုမလိုက်ခဲ့သလို၊ ဦးရွှေမန်းလွှတ်တော်ကိုလည်း အလိုမလိုက်ခဲ့ဘူး၊ ဦးသိန်းစိန်အစိုးရမကြိုက်တဲ့ စီရင်ချက်တွေချတုန်းက ဘာမှ သိပ်ပြဿနာမရှိခဲ့ပေမယ့် ဦးရွှေမန်းလွှတ်တော်မကြိုက်တဲ့ စီရင်ချက်ချမိလို့ ခုံရုံးတစ်ဖွဲ့လုံး စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချမယ်လုပ်လို့ တစ်ဖွဲ့လုံး အဖြုတ်မခံရခင် နုတ်ထွက်သွားခဲ့ရတဲ့သူ၊ မိခင်ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးက ပါတီဌာနချုပ်ကိုခေါ်တာ သူက ပြည်ထောင်စုအဆင့်တာဝန်ထမ်းဆောင်နေလို့ မလာနိုင်ပါဘူးလုပ်ထားလို့ ပါတီကလည်း သိပ်မကြည်ဘူးဆိုလား
.
… အခု ၂၀၂၃ မှာ ရွေးကောက်ပွဲလုပ်ရင် ဦးသိန်းစိန်တို့ ပြည်ခိုင်ဖြိုးရော၊ ဦးရွှေမန်းတို့ ပြည်သူ့ကောင်းကျိုးဆောင်ပါတီရော ဦးသိန်းစိုးရဲ့ ရွေးကော်နဲ့ ကောင်းကောင်းတွေ့တော့မယ်ထင်ရဲ့၊ အချိုးကျကိုယ်စားပြုစနစ်ကလည်း လုပ်ဖို့သေချာသလောက်နီးနီးရှိနေပြီမို့ ပါတီကြီးတွေထက် ပါတီငယ်တွေက ပိုပြီး အခြေအနေကောင်းနိုင်မလား
.
ဘယ်လိုထင်ကြတုန်းဗျ

ဘိစတိတ်


. . . ဘာဘီကျူးဆိုတာကို စပြီးကြားဖူးခါစတုန်းက လိုင်းမကြူးလို သောက်စရာတစ်မျိုးလို့ ထင်ခဲ့မိတာ၊ နောက်မှ ဘာဘီကျူးဆိုတာ မီးဖိုထဲ အသားကင်စားကြတာကိုးလို့ သိရတာ၊ တကယ်တော့ ဘာဘီကျူးဓလေ့က ကိုယ်တွေလို ပူတဲ့ရာသီဥတုရှိတဲ့နေရာနဲ့ အံဝင်ခွင်ကျမဖြစ်တာလည်း ပါမယ်ထင်ပါရဲ့ ကိုယ်တွေမွေးရပ်မှာတော့ မထွန်းကားပါဘူး
.
. . . ခုနောက်ပိုင်းတော့ အကင်စက်လေးတွေ အလွယ်ဝယ်လို့ရလာတာရယ်၊ တခြားနေရာတွေက အစားအသောက်ဓလေ့တွေ ကူးစက်လာတာမို့ ကိုယ်တွေဆီလည်း ဘာဘီကျူးကြတာတွေ တွေ့လာရတယ်၊ ဘာဘီကျူးနဲ့ တွဲပါလာတာက အမဲသားကင်စားကြတာပါပဲ၊ ဘာတဲ့ ဘိစတိတ်ဆိုလား
.
. . . အဲသဟာဗျာ ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက်က သူ့အိမ်မှာ ဘိစတိတ်လုပ်တဲ့စက်လေး ဝယ်ထားတာ စမ်းပြီး လုပ်စားကြည့်မို့ အသားတွေလည်း အများကြီးဝယ်ထားတယ် လာခဲ့ဆိုလို့သွားလိုက်ပါတယ်။ ရောက်လည်းရောက်ရော ထင်ထားတာထက်တောင် တော်တော်ကို ပြည့်ပြည့်စုံစုံ လုပ်ထားတာမို့ ပျော်သွားတာပေါ့၊ ဘိစတိတ်လုပ်မယ့် အမဲသားကိုလည်း တကယ့်ကို ကျကျနန နှပ်ပြုထားပြီး ဘယ်လိုလုပ်တယ်ဆိုတာလည်း ယူကျုက သေချာကြည့်ထားတယ်ဆိုပဲ၊ အသားတုံးတာတောင်မှ တကယ့်ယူကျုထဲကအတိုင်း သေချာတုံးထားတာတဲ့၊ ကိုယ်က မီးဖိုချောင်ထဲ ဟိုဟိုသည်သည် လက်ဆော့ချင်ပေမယ့် အိမ်ရှေ့မှာပဲ အေးအေးဆေးဆေး တီဗီရှေ့မှာ စောင့်ပါဆိုလို့ ဘီယာလေးစုပ်ရင်း စောင့်နေတာ၊
.
. . . ဘီယာတစ်ဗူးသောက်ခန့် ကြာတဲ့အခါ ဘိစတိတ်နံ့ မွှေးမွှေးလေးရပြီး မရှေးမနှောင်းမှာပဲ အင်မတန် လှပပြီး စားချင့်စဖွယ် လှလှပပ ပြင်ဆင်ထားတဲ့ ဘိစတိတ်တစ်ပွဲ ကိုယ့်ရှေ့ရောက်လာပါလေရောလား၊ တကယ့်ကို ပုံတွေထဲကအတိုင်းပါပဲဗျာ၊ အလယ်သားရဲရဲလေး အတိုင်းသားနဲ့ အနားသားလေးတွေ ကျက်နေတဲ့ ဘိစတိတ်၊ အမယ် ဂျပန်စတိုင်ဆိုပြီး ပြင်ထားတာလေးကလည်း ကြက်သွန်ဖြူအလုံးလိုက်ထိပ်ဖွင့် ကင်ထားတဲ့ ဟာမျိုးနဲ့ဗျ၊ မစားရသေးခင်ကို သွားရေကျစရာလေး ရောက်လာပါလေရော
.
. . . အိမ်ရှင်မ လုပ်လာတဲ့ ဘိစတိတ်လေးက စားချင်စရာလေးပေမယ့် ကြည့်ရတဲ့ပုံအရ သိပ်ပြီး သင်္ကာမကင်းတာနဲ့ သူငယ်ချင်းကို တိုးတိုးလေး ကပ်မေးရသေးတယ် ဟျောင့် မင့်ဟာကြီးက ကျက်ရောကျက်ရဲ့လား မသိဘူးဆိုတော့ မင်းကလည်း ဂျပန်ပြန်ဖြစ်ပြီး ဒီလောက်တောင် ခေတ်မမီဘူးလား နိုင်နိုင်ဂျားမှာ ဒီလိုပဲ စားကြတာလေကွာတဲ့ ပုံတွေထဲမှာလည်း ဒီအတိုင်းပဲ ပြထားတာကို၊ ဟိုတစ်နေ့က ယူကျုမှာ ကြည့်တာ အာ့လို ရဲရဲလေးပဲ ခပ်စိမ်းစိမ်းစားကြတာ တဲ့
.
. . . အော် သူ့ဟာ မကျက်ဘူးပြောရင်ပဲ ကိုယ်က ခေတ်မမီဘူးဖြစ်အုံးမယ်ဆိုပေတဲ့ သိပ်တော့ မယုံတာနဲ့ ညာတာပါတေးလုပ်ပြီး တခြားအမြည်းတွေပဲ လျှောက်ဝါးပြီး ဘီယာပဲ သောက်နေလိုက်တယ်၊ အဲဒါ မောင်မင်းကြီးသားကဗျာ တစ်တုံးကောက်ဝါးလိုက်တာ မျက်နာကြီးကို ရှုံ့မဲ့တက်လာတာပဲ၊ ငင့် ကျက်လည်းကျက်ဘူးတဲ့
.
. . . သူ အင်မတန်မွှန်းထားတဲ့ ဘိစတိတ်က ကျက်လည်းမကျက် ဝါးလို့လည်း မရဆိုတော့ ဒင်းက မိန်းမကို ခေါ်ဆူပါလေရော၊ အဲ ဆူတယ်တော့ မဟုတ်ဘူးပေါ့လေ၊ နင်သေချာမလုပ်ဘူးလားပေါ့ ဘာညာပေါ့၊ ကိုယ်ကတော့ အခြေအနေကို ရိပ်မိလို့ စကားနည်းရန်စဲ ဒီအတိုင်းပဲ ရိုးရိုးကြော်လိုက်တာလေး စားရရင်ကောင်းမယ်ဘာညာ ဝင်ပြီး ဝါရတာပေါ့လေ၊ တကယ်လည်း ကြော်စားတာတောင် တော်တော် ဝါးရတာကလား
.
. . . သူတို့တွေ အမဲသားကို လုပ်စရာရှိတာ ထည့်စရာရှိတာ အကုန်လုပ် အကုန်ထည့်ပါရဲ့ အဆင့်တွေလည်း မှန်ပါရဲ့၊ မီးအပူချိန်ဘာညာကအစ အတိအကျလုပ်တာ ထွက်လာတော့လည်း ပုံတွေထဲကအတိုင်း အတိအကျနီးပါးဖြစ်ပါရဲ့ ၊ ဘာလို့များ စားတဲ့အခါကျမှ အသားစိမ်းကြီးပဲ ဝါးနေရသလို မနူးမနပ်ဖြစ်ရသလဲပေါ့၊ သူတို့ နောက်တစ်ခါ ထပ်လုပ်စားကြည့်ကြသေးသတဲ့၊ ပထမတစ်ခါလိုပဲ မရဘူးတဲ့ ဝါးမရပြုမရ အမဲသားစိမ်းကြီး စားရသလိုဖြစ်လို့ အရင်တစ်ခါလိုပဲ အမဲကြော်လုပ်လိုက်ရသတဲ့
.
. . . တကယ်တမ်းက သူတို့လုပ်စားတယ်ဆိုတဲ့ ဘိစတိတ်လုပ်နည်းထဲမှာပါတဲ့ အမဲသားဆိုတာ ဘီယာတွေတိုက်၊ လူတွေက နှိပ်နယ်ပေးပြီး သတ်မှတ်တဲ့ အသားနုနုချိုချို အင်မတန်နူးညံ့တဲ့အရွယ်မှာ အသားပေါ်ပြီး တစ်ရာဂရမ် (ခြောက်ကျပ်သားကျော်ကျော်လောက်) ကိုတောင် ဒေါ်လာ လေးငါးဆယ် ပေးဝယ်မှရတဲ့ ဂျပန်မှာ အင်မတန်နာမည်ကြီး ဈေးကြီးတဲ့ ကိုဘေးအမဲသား။ သူတို့တကယ်လုပ်တဲ့ အမဲသားက ချက်ရင်တောင် နှစ်ရေသုံးရေခမ်းမှ နူးတဲ့ ဈေးထဲက အချိန်နဲ့ခုတ်ထစ်ရောင်းတဲ့ အမဲသား
.
. . . လုပ်နည်းဘယ်လောက်မှန်မှန်၊ အဆာပလာတွေ ဘယ်လောက်သုံးသုံး၊ အခြေခံအကျဆုံး ကုန်ကြမ်းက အရည်အသွေးအင်မတန် ညံ့ဖျင်းနေရင် အပြင်အဆင်ကောင်းလို့ ဘယ်လောက်ပဲ စားကောင်းမယ့်ပုံပေါက်ပေါက် တကယ်စားကြည့်ရင် အမဲသားအစိမ်းကြီး ကိုက်နေရသလိုပဲနေနေမှာ ဆိုတာ ရုံးတွေပြန်ဖွင့်လို့ တွေ့ရင် ကျနော့်သယ်ရင်းကြီးကို ပြောပြအုံးမှပါ
.
ဗိုလ်ကောင်း
၂၉ ဩဂုတ် ၂၀၂၁
.
လိုင်းမကြူး = Lime Juice

Tuesday 24 August 2021

活け花


 

စလယ်ဝင်ဖင်မမည်းခင်


. . . ဒန့်ကျွဲပင် ပုခက်ဆင်တဲ့ခေတ်ရောက်ရင် စလယ်ဝင် ဖင်မမည်းခင်က ကွဲကြတဲ့ဖြစ်အင် ဘာညာ ဆိုတာ ကြားဖူးကြမှာပေါ့။ အဲသည်စကားက ချက်ချင်းကြီးဆို နားလည်ဖို့ နည်းနည်းခက်မယ်ထင်တယ်။ ဒန့်ကျွဲပင်ကို သိတယ်ထားအုံးတော့ စလယ်ဝင်ဖင်မမည်းခင် ဆိုတာကတော့ နည်းနည်းလေး သိဖို့ အလှမ်းဝေးတန်ကောင်းရဲ့
.
. . . ဒန့်ကျွဲပင်ဆိုတာ ကိုယ်တွေအရပ်မှာတော့ ပေါပါတယ်။ အပင်မြင့်လှ ခါးလယ်ပေါင်လယ်လောက်ပေါ့။ အဲသည်အပင်မှာတဲ့ ပုခက်ဆင်ကြတဲ့ ခေတ်ကိုရောက်ရင်တဲ့။ အင်း အဲသည်အပင်မှာ တကယ်တော့ ပုခက်ဆင်ဖို့ မပြောနဲ့ ခြေထောက်နဲ့ နင်းရင်တောင် မြေပေါ်လဲသွားလောက်တဲ့အပင်၊ ဆိုလိုတာကတော့ဗျာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်သားမွေးပြုတဲ့ခေတ်ရောက်ရင်ပေါ့၊ ဒါကတစ်ပိုင်း
.
. . . နောက်တစ်ပိုင်းဖြစ်တဲ့ စလယ်ဝင်ဖင်မမည်း ဆိုတဲ့စကားမှာ စလယ်ဝင် ဆိုတာ ဘာလဲ သိဖို့လိုလာတယ်။ စလယ်ကိုသိဖို့ဆို မြန်မာ့ရိုးရာ အခြင်အတွယ်တွေကို သိဖို့ပါပဲ။ ကိုယ်တွေဆီမှာ တွယ်ကျယ်တာက နို့ဆီဗူး ရှစ်လုံး တစ်ပြည် လေးပြည်တစ်စိတ်ဆိုတာပဲ သိတာ၊ ဒါနဲ့ နို့ဆီဗူးမပေါ်ခင်က မြန်မာတွေ အခြင်အတွယ်က ဘယ်လိုရှိခဲ့တုန်း၊ နို့ဆီတစ်ဗူးက မြန်မာ့အခြင်အတွယ်နဲ့ဆို ဘယ်လောက်အတိုင်းအတာရှိသတုံး
.
. . . မြန်မာ့အတိုင်းအတာမှာ လမြူ၊ လမျက်၊ လမယ်၊ စလယ်၊ ခွက်၊ ပြည်၊ စိတ်၊ ခွဲ၊ တောင်း ဆိုပြီး ရှိတယ်။ အသေးငယ်ဆုံး အခြင်အတွယ်ဖြစ်တဲ့ တစ်လမြူဟာ ခုခေတ်အကြမ်းပန်းကန်တစ်လုံးစာလောက်လို့ အကြမ်းဖျင်း ခန့်မှန်းလို့ရတယ်။ အတိအကျဆိုရင်တော့ ၇၉.၉၁၁၈ မီလီလီတာ ရှိသတဲ့။ အဆင့်ဆင့် အခြင်အတွယ်တွေကို ပြောရရင် နှစ်လမြူ = တစ်လမျက်၊ နှစ်လမျက် = တစ်လမယ်၊ နှစ်လမယ် = တစ်စလယ်၊ နှစ်စလယ် = တစ်ခွက်၊ နှစ်ခွက် = တစ်ပြည်၊ လေးပြည် = တစ်စိတ်၊ နှစ်စိတ် = တစ်ခွဲ၊ နှစ်ခွဲ = တစ်တင်း ဆိုပြီး မှတ်လို့ရတယ်။
.
. . . ဆိုတော့ကာ ခုခေတ်အသုံး နို့ဆီဗူးတစ်လုံးဟာ ရိုးရာအခေါ် တစ်လမယ် နဲ့ ညီပြီး၊ အထက်က စကားထဲမှာပါတဲ့ စလယ်ဝင်ဆိုတာ ဆန်နို့ဆီဗူး နှစ်လုံးချက်ဝင်တဲ့ ထမင်းအိုးကို ဆိုလိုတာပါတဲ့။ ဖင်မည်းတယ်ဆိုတာက ရှေးတုန်းကတော့ ထမင်းကို မြေအိုးနဲ့ချက်၊ ကိုယ်တွေငယ်တုန်းက ဒန်အိုးနဲ့ ချက်ကြတဲ့ခေတ်၊ အောက်က ထင်းမီးနဲ့ ချက်ကြတဲ့ခေတ် ဆိုတော့ ထမင်းအိုးဟင်းအိုးတွေက တစ်ခါလောက် မီးဖိုပေါ်ရောက်တာနဲ့ ဖင်မည်းတာပါပဲ။
.
. . . အဓိပ္ပာယ်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်သားမွေးခေတ်ကို ရောက်ကြရင် ဆန်နို့ဆီဗူးနှစ်လုံးချက်အိုး ဖင်တောင်မမည်းသေးခင် ကွဲကြပြုကြဖြစ်ကြလိမ့်မယ်ဆိုတဲ့ ရှေးလူကြီးတွေက ခေတ်လူငယ်တွေကို အထင်သေးအမြင်သေး ဆိုလေ့ရှိခဲ့တဲ့ စကားလို့ပဲ ကိုယ်ကတော့ မြင်မိတယ်
.
. . . ဒီစကားက ဘယ်ခေတ်လောက်ကို မှန်းပြီး ပြောခဲ့တဲ့ စကားလဲ မသိပေမယ့် ကိုယ်မြင်နေရတာတော့ ခေတ်ကြီးက တိုးတက်လေလေ လူငယ်တွေက အိမ်ထောင်သားမွေး နောက်ကျလေလေ၊ ပညာတွေတတ် ပိုက်ဆံတွေ ရာထူးရာခံတွေရှိလေလေ အိမ်ထောင်ပြုတာ နောက်ကျလေလေပဲ၊ ကျနော်ပြောတာ မယုံရင် ကိုယ့်ပတ်ဝန်းကျင်ကို ဆန်းစစ်ကြည့်၊ တကယ်လို့ ဒန့်ကျွဲပင်တွေမှာ တကယ်ပုခက်ဆင်ကြတဲ့ ခေတ်ကို ရောက်တယ်ဆိုရင်တောင် စလယ်ဝင်အိုး ဖင်မည်းဖို့ နေနေသာသာ ထမင်းကို ပေါင်းအိုးနဲ့ ချက်ကြလို့ ပြည်ဝင်အိုးတောင် နှစ်ပေါက်အောင်ချက် ဖင်မမည်းဘူးရယ်
.
. . . ပန်းပွင့်လေးကို မြန်မာ့ရိုးရာ အခြင်အတွယ်တွေ သင်ပေးရင်း တွေးမိတွေးရာ
.
ဗိုလ်ကောင်း
၂၄ ဩဂုတ် ၂၀၂၁
.
မှတ်ချက်။ ဒန့်ကျွဲပင် အရွက်ကို ရေနွေးဖျောသုပ်စားလို့ရလို့ မိုးကျလက်ဖက်လို့လည်း ခေါ်ကြသတဲ့။ အင်္ဂလိပ်လိုက Senna tora လို့ခေါ်တယ်။
Photo Credit: https://5.imimg.com/.../MY.../cassia-tora-seed-500x500.jpg

Tuesday 17 August 2021

ခါတော်တစ်ပုံ ပွင့်ချိန်ကြုံ

. . . လယ်တီဆရာတော်ဘုရားကြီးရေးတဲ့ ခုနစ်နေ့ဘုရားရှိခိုးဆိုတာ ကိုယ်တွေ ငယ်တုန်းက ဘုန်းကြီးကျောင်းမှာ တစ်နေ့တစ်ခါ ကျောင်းသားကျောင်းသူတွေ မနက်ခင်း ဆွမ်းခံချိန်မကျခင် ကျောင်းအဆင်းမှာ သံပြိုင်ဆို ဘုရားရှိခိုးခဲ့ရတာပေမယ့် သူ့မှာပါတဲ့ အနက်တွေကို သာမန်လောက်ပဲ နားလည်ထားဖြစ်ခဲ့တာ
.
. . . အခု ပန်းပွင့်လေးကို ပြန်သင်ပေးချိန်ကျတော့မှ ညအိပ်ယာဝင်ချိန်မှာ သေချာရှင်းပြရင်း ဘုရားရှိခိုး လင်္ကာသွားရဲ့ အရသာကို သေသေချာချာ ခံစားမိတယ်။ ချမ်းမြေ့စုံစီ လုမ္ဗနီ၊ ချမ်းမြေ့ရဂုံ တောရပ်လှုံ၊ ချမ်းမြေ့နိဗ္ဗူ စံတော်မူ ဆိုတဲ့ အသုံးလေးတွေက အသံကလည်း သာသာနဲ့မို့ တော်တော် ချစ်စရာကောင်းလှတယ်။ ဒါ့အပြင် နေ့တွေကို ဖွဲ့ရာမှာလည်း ဝါဆိုလပြည့် ကြွက်မင်းနေ့၊ ဝါဆိုလပြည့် ကျားမင်းနေ့၊ ကဆုန်လပြည့် ဆင်မင်းနေ့၊ ထိုရော်ကဆုန် လဆုတ်ကြုံ၍ ဂဠုန်နေ့ဝယ် ဆိုတာလေးတွေကို ဘယ်လို သဘောကျမိမှန်း မသိဘူးရယ်။ ပြီးတော့ တစ်ပိုဒ်တစ်ပိုဒ် အချမှာလည်း အသံရှည်လေးဆွဲပြီး ချထားတော့ ဆိုကြည့်နေရတာ နားထောင်ရတာကိုက အရသာ
.
. . . လင်္ကာထဲမှာပါတဲ့ ဘုရားပွင့်တော်မူရာ နဲ့ ပရိနိဗ္ဗာန်ပြုတော်မူရာ နှစ်နေရာလုံးမှာ ရှိနေခဲ့တဲ့ အင်ကြင်းပင်နဲ့ ပတ်သက်ပြီး ဘယ်အပင်လဲဆိုတာလည်း အငြင်းပွားစရာ တော်တော်ရှိတယ်၊ မြန်မာလူမျိုးတော်တော်များများ သိထားကြတဲ့ အင်ကြင်းပင်ဆိုတာ ပင်စည်ကနေ သန္တာရောင်ပန်းပွင့်အာအာလေးတွေ ထွက်တဲ့ Couroupita guianensis ကိုပဲ ဗုဒ္ဓဝင်ထဲက အင်ကြင်းပင်အဖြစ် သိမှတ်နေကြတာ များတယ်။ တကယ်တမ်းကျတော့ အဲသည် အင်ကြင်းပင်အမျိုးအစားရဲ့ မူရင်းဒေသက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေဖြစ်ပြီး အာရှတိုက်ကို ၁၉ ရာစုလောက်ကျမှ ဗြိတိသျှတွေ သယ်လာပြီးစိုက်ကြလို့ ရောက်လာတာလို့ ဆိုတယ်။ ဆိုလိုတာက ဘုရားရှင်ပွင့်တော်မူရာ မဇ္ဈိမဒေသကို ဒီအပင်ရောက်လာတာ နှစ်ပေါင်းတစ်ရာကျော်လောက်ပဲ ရှိသေးတာဖြစ်ပြီး ဘုရားရှင်ပွင့်တော်မူတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်လောက်တုန်းက အဲသည်အပင် လုမ္ဗနီဥယျာဉ်ထဲ ရှိမနေခဲ့ဘူး ဆိုတာပါပဲ။ ဒါပေမယ့် ကျနော်တို့ မြန်မာလူမျိုးတွေတင် မကပါဘူး၊ အာရှသား တော်တော်များများက ဒီအပင်ကို ဗုဒ္ဓဝင်ထဲက အင်ကြင်းပင်အဖြစ် အမှတ်မှားကြတဲ့အပြင် ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘုရားကျောင်းကန်တွေမှာလည်း အဲသည်အမှတ်မှားနေတဲ့ အပင်ကို စိုက်လေ့ရှိကြသတဲ့
.
. . . ဗုဒ္ဓဝင်ထဲက အင်ကြင်းပင်ဆိုတာက Shorea robusta ဆိုတာ ပိုပြီး ဖြစ်နိုင်တယ်လို့ထင်တယ်၊ အပင်ရဲ့ သမိုင်းကြောင်းအရလည်း သူ့ရဲ့ မူရင်းဒေသက ကျနော်တို့ မဇ္ဈိမဒေသလို့ သိထားတဲ့ ဟိမဝန္တာတောင်တန်းကြီးရဲ့ တောင်ဘက်ပိုင်းက အိန္ဒိယနိုင်ငံ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာတို့ ဖြစ်ကြတာကြောင့် ဘုရားရှင်ဖွားတော်မူချိန်တုန်းက ဒီဒေသမှာ ရှိနေခဲ့တာ အဲသည် အင်ကြင်းပင်သာဖြစ်တယ်ဆိုတဲ့ အယူအဆက ပိုပြီး ယုတ္တိတန်ပါတယ်
.
. . . ထားပါတော့လေ ဒီစာစုက အင်ကြင်းပင်ရှာပုံတော်ဖွင့်တဲ့ အကြောင်းတော့ မဟုတ်ပါဘူး၊ ဒီလင်္ကာထဲက ကျနော် တကယ်ရှာနေတာက ဘုရားရှင်ပွင့်တော်မူတဲ့ စာပိုဒ်ထဲက “ခါတော်တစ်ပုံ ပွင့်ချိန်ကြုံက” ဆိုတဲ့ နှစ်ပါဒကိုပါ။ ခါတော်တစ်ပုံဆိုတာ ကျနော်တို့ဆီမှာ ရှိတဲ့ ခါတော်မီ ပန်းတွေ ပွင့်ဝေနေတဲ့အချိန်ကို ထည့်ဖွဲ့ထားတာများလားပေါ့၊ ခါတော်မီပန်းဆိုတာက ကိုယ်တွေ ဗိုလ်လောင်းတုန်းက စစ်တက္ကသိုလ်ထဲ မြင်မြင်နေကျ အပင်ကြီးတွေမို့ ရင်းနှီးနေပြီးသားပါ။ ဘုရားပွင့်ချိန်ရယ်၊ ခါတော်မီပင်ရဲ့ မူရင်းဒေသရယ် နဲ့ ဘုရားပွင့်တော်မူချိန်မှာ ခါတော်မီပန်းက မဇ္ဈိမဒေသကို ရောက်ပြီလားဆိုတာရယ်ကို လိုက်တူးဆွကြည့်တော့ ခါတော်မီပန်းရဲ့ မူရင်းဒေသက ဩစတေးလျ အရှေ့ဘက်ကမ်းရိုးတန်းတဲ့၊ နောက်ပြီး ဘုရားပွင့်ချိန်မှာ ခါတော်မီပန်းက မဇ္ဈိမဒေသကို ရောက်နေပြီလားဆိုတာလည်း သိပ်မသေချာဘူး၊ ပိုဆိုးတာက ခါတော်မီပန်း ပွင့်တဲ့အချိန်က စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာဆိုတော့ ဘုရားပွင့်ချိန် ကဆုန်လ (ဧပြီ ၊ မေ) နဲ့က ဝေးကွာလွန်းပြန်တယ်
.
. . . ဆိုတော့ကာ
ခုနစ်နေ့ ဘုရားရှိခိုး လင်္ကာသွားထဲက ဘုရားပွင့်တော်မူရာနေ့ကို ဖွဲ့နွဲ့ထားတဲ့ ခါတော်တစ်ပုံ ပွင့်ချိန်ကြုံ ဆိုတာ ခါတော်မီပန်းတွေ ပွင့်တဲ့အချိန်ကို ပြောတာတော့ တော်တော်တော့ မဟုတ်လောက်တော့ဘူး၊ အဲဒါဆို ခါတော်တစ်ပုံ ပွင့်ချိန်ကြုံဆိုတာ ဘာကိုပြောတာလဲ၊ ဘုရားပွင့်ဖို့ အချိန်အခါတော် သင့်တင့်ကျရောက်လေပြီလို့ ဆိုတာလား၊ ဒါမှမဟုတ် ကျနော်မသိသေးတဲ့ ပန်းတစ်မျိုးပွင့်တာကို ပြောတာလား၊
.
သိရင်ပြောကြပါအုံးဗျာ
.
ဗိုလ်ကောင်း
၁၇ ဩဂုတ် ၂၀၂၁
.
ဓာတ်ပုံက ခါတော်မီပန်းလို့ ကျနော်တို့သိထားတဲ့ Grevillea robusta ပုံထဲမှာအဝါရောင်ပေမယ့် အနီဘက်သန်းတဲ့ အရောင်တွေလည်း ရှိပါသတဲ့
Photo Credit to https://upload.wikimedia.org/.../Grevillea_robusta_leaves...

Orchid Cho
ကိုကောင်းရေ။ ခါတော်မီပန်းတော့မသိဘူး။ပုဂံခေတ်ကဖွဲခဲ့တယ်ဆိုတဲ့ သိုး‌က လေ ချီကဗျာထဲမှာနံ့ရှားကြိုင်လွင့်ခါတန်ပွင့်သည် လို့ပါတယ်။ ခါတန်ဆိုတာအချိန်သင့်အခါသင့်ပွင့်တာပါ။ခုနစ်နေ့ဘုရားရှိခိုးမှာဆရာတော်ကြီးကရှေ့က ပေါ် နဲ့ ပျော် ကိုကာရန်ငဲ့ပြီးခါတော်တစ်ပုံလို့ ဖွဲ့ဟန်တူပါတယ်။ကိုယ့်ယူဆချက်သာပါ။ကဗျာဆရာရဲ့လွတ်လပ်ခွင့် poetic licenceကိုသုံးသွားဟန်တူပါတယ်။တပုံကတော့တစ်ခါပန်းပွင့်ချိန်ကြုံတယ်လို့ဆိုလိုမယ်ထင်ပါတယ်။တွေးကြည့်တာပါလေ။

Thursday 5 August 2021

ဖရဲသီး



. . . ဆောင်းရာသီဆို နှင်းတွေ လူတစ်ရပ်လောက်ဖုံးပြီး အပူချိန်က သုညအောက် တစ်ဆယ်ဝန်းကျင်လောက်အထိ ကျတတ်တဲ့ နှင်းပွင့်တိုင်းပြည်မှာ ဩဂုတ်လရဲ့ နွေရာသီအပူဓာတ်က တို့နေပြည်တော်ထက်တောင် တစ်ခါတစ်လေ ပိုများတတ်တယ်ဆိုတော့ကာ ကြားဖူးတုန်းကဖြင့် မယုံချင်စရာပါပဲ
.
. . . ပြီးခဲ့တဲ့ မတ် ဧပြီလောက်က အညွန့်အဖူးထွက်ခဲ့တဲ့ သစ်ရွက်တွေလည်း စိမ်းရောင်ရင့်ကြပြီမို့ ဘယ်ဆီကြည့်ကြည့် စိမ်းစိမ်းညို့ညို့နဲ့ ဒီလိုအချိန်မှာ ကိုယ်တို့နေတဲ့အရပ်က ထွက်တဲ့ နာမည်ကျော် ဖရဲသီးကိုလည်း တစ်ဝကြီး စားရခွင့်ကြုံပါတယ်
.
. . . နွေဦးပေါက်နှင်းတွေအရည်ပျော်ချိန်မှာ စစိုက်တဲ့ ယာအီရိုဆူအီကာ ဖရဲသီးဟာ ဒီအချိန်မှာ လှိုင်လှိုင်ထွက်ပါပြီ။ ကျောင်းပတ်ပတ်လည်က ရှိသမျှ ဖရဲခင်းတွေမှာ ကိုယ်တွေအတွက် စားစရာ ဖရဲသီးဆိုတာ တောင်ပုံယာပုံလို့တောင် ဆိုရမလားမသိ
.
. . . ဖရဲစိုက်တောင်သူတွေက ဖရဲသီးထွက်တဲ့အခါ အသီးအမျိုးအစား သုံးမျိုးလောက်ပဲ ခူးပါတယ်။ အကြီး အလတ် နဲ့ အသေး ဆိုပြီး သုံးမျိုးလောက်ပဲ ခွဲပြီး အဲသည် အရွယ်သုံးမျိုးထဲ မဝင်တဲ့ စကောစက အရွယ်အသီးတွေကို အခင်းထဲမှာ ဒီအတိုင်းပဲ ထားခဲ့ပြီး ဖရဲသီးတုံးချိန်ကျမှ လိုက်ကောက်ပြီးပစ်ပါတယ်။ ရောင်းတမ်းဝင်တဲ့ ဖရဲသီးတွေကိုတော့ ဖရဲသီးစားပွဲတော်လိုနေရာတွေ၊ ဆူပါမတ်ကက်တွေ မှာ သာမက ရပ်ဝေးမှာရှိတဲ့ အပေါင်းအသင်းရောင်းရင်းများကိုပါ ပို့ပေးလို့ရအောင် ဝန်ဆောင်မှုပေးပါတယ်။ ကိုယ်တွေလည်း အလျည်းသင့်တဲ့အခါ မိတ်ဆွေတွေဆီ ဒေသထွက်ဖရဲသီးပို့ဖြစ်ခဲ့တာတွေလည်း ရှိပါတယ်။ အခင်းထဲကနေတောင် တိုက်ရိုက်ပို့ပေးတဲ့ ဝန်ဆောင်မှုမျိုးရှိပြီး အခင်းနားမှာ သွားဝယ်မယ်ဆိုရင်တော့ ဖရဲသီး တစ်ဝကြီးကျွေးတဲ့အပြင် အပြန်မှာလည်း ဖရဲသီးအပိုတွေ တော်တော်များများ လက်ဆောင်ပေးတတ်ပါသေးတယ်။
.
. . . ဒါပေမယ့် ဖရဲသီးကတော့ ဝယ်မစားရတာ များပါတယ်၊ အဓိကအားဖြင့်တော့ ကျောင်းပတ်ဝန်းကျင် အခင်းတွေက တောင်သူတွေ မခူးဘဲ ချန်ခဲ့တဲ့ ပယ်သီးတွေက စကောစကအရွယ်မို့သာ ကျန်နေခဲ့တာဖြစ်ပေမယ့် ရောင်းတမ်းဝင်အသီးတွေလိုပဲ အရသာအရည်အသွေးအပြည့်နဲ့မို့ ကျနော်တို့အတွက်တော့ ဒီလိုအချိန်ဟာ ဖရဲသီး လှိုင်လှိုင်စားရတဲ့အချိန်ပါပဲ
.
. . . အမှန်ကတော့ ဖရဲသီး စသီးပြီဆိုကတည်းက သီးကင်းလေးတွေအရွယ်မှာ အပင်က အကောင်းဆုံးအလုံးကိုချန်ပြီး ခူးပစ်ကြလေ့ ရှိတာမို့ မြန်မာပြည်က ဗူးသီးနုနုလေးလိုသဘောထားပြီး အလုံးလိုက်ပြုတ်ပြီး ငါးပိရည်နဲ့ တို့စားတာမျိုး၊ ဗူးသီးကြော်လို ကြော်စားတာမျိုးတွေလည်း လုပ်စားဖြစ်ပါတယ်
.
. . . ပုံထဲက စာလေးကတော့ ဖရဲခင်းကြီးကိုကြည့်ပြီး တွေးမိတာလေးကို ရေးထားတာပါ။

Wednesday 4 August 2021

ဘေဘီလာမှ ကွေးသောကြောင့်



. . . တစ်ခါတစ်ခါတော့ အမှန်အကန်လူ့လောကြီးနဲ့ရော ပုံရိပ်ယောင်လူ့လောကကြီးနဲ့ရော ဝေးတဲ့နေရာကို တစ်ပတ်တန်သည် တစ်လတန်သည် ခဏလောက်သွားနေချင်မိတယ်။ ဝေးတဲ့နေရာ ဆိုပေတဲ့ အုပ်ချုပ်မှုကိစ္စလေးတွေကလည်း အဆင်ပြေချင်သေးတာကိုး၊ လူ့လောကြီးနဲ့သာ ဝေးနေချင်တာ လူ့စည်းစိမ်တွေနဲ့ကျပြန်တော့လည်း ဝေးမနေချင်ပြန်ဘူး။ အဲသည်နေရာလေးမှာ လူအစစ်တွေနဲ့ အင်တာနက်ပေါ်က ပုံရိပ်ယောင်လူတွေနဲ့ကလွဲရင် ကျန်တာကျ အကုန်လုံး ပြည့်စုံနေချင်မိပြန်တယ်
.
. . . စားစရာရှိမယ်၊ တစ်ပတ်စာလောက်ဆို ရေခဲသေတ္တာထဲ အသီးအရွက် အသားငါး သိမ်းလို့ရမှာပဲ။ နောက်ပြီးတော့ သောက်စရာလေးတွေ။ များများစားစား မတောင်းဆိုပါဘူး တစ်ပတ်ကနေ တစ်လလောက်အထိ ဖူလုံရင် ရပါပြီ။ အစားအစာမှာလည်း ကိုယ်က သိပ်ပြီး ချေးမများတတ်ဘူးဆိုတော့ ဆော်လမွန်ငါးတွေ၊ ကိုဘေး အမဲသားတွေ၊ ချိစ်တွေ၊ ကမ္ဘာကျော်အရက်တွေ၊ အာ့လို သိပ်ပြီး ကိန်းခမ်းကြီးတာတွေကိုလည်း မတောင်းဆိုပါဘူး။ သာမန် အိမ်မှာ စားသောက်နေကျလေးတွေရယ် အာမီရမ်ရယ် ဝက်အူချောင်းတို့ ဆိတ်သားခြောက်ဖုတ်တို့လောက်ဆို ပြည့်စုံပါပြီ
.
. . . အရေးကြီးဆုံး
အဲ . . . အရေးကြီးဆုံးက ကိုယ့်ကို ဘယ်သူမှ ဆက်သွယ်လို့ မရစေဖို့ပဲ၊ ဒီလောက်တိုတောင်းတဲ့ ရက်ကလေးထဲမှာ ကိုယ်ကလည်း ဘယ်သူ့ကိုမှ ဆက်သွယ်မှာ မဟုတ်သလို ကိုယ့်ကိုလည်း ဘယ်သူမှ မဆက်သွယ်နိုင်စေချင်ဘူး။ ယုတ်စွအဆုံး အင်တာနက်ပါ မရစေချင်ဘူး။
.
. . . အင်တာနက် မရဘူးဆိုပေတဲ့ ဖုန်းတော့လိုတယ်၊ ဖုန်းဆိုတာက ကိုယ့်ရဲ့ တစ်ကိုယ်ရေမှတ်တမ်းစက်လေးလဲ ဖြစ်တာမို့ အဲသည်ရက်တွေမှာ နေတဲ့အိမ်ဝန်းကျင် လျှောက်သွားမယ် တွေ့ခဲ့တာတွေအကုန် ဓာတ်ပုံရိုက်မယ် မှတ်တမ်းတင်မယ်၊ စိတ်ကူးပေါ်တာလေးတွေရှိရင်လည်း ဖုန်းကိုပြောပြပြီး အသံသွင်းထားမယ်
.
. . . အိမ်ပြန်ရောက်ရင် စိတ်ကူးတည့်ရာတွေ ချက်ပြုတ်စားသောက်မယ်။ ပြီးရင် ယူလာတဲ့ ဟာ့ဒစ်ထဲက စိတ်ကြိုက်ရုပ်ရှင်တွေကြည့်မယ်၊ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေမှာဆိုတော့ ညသိပ်နက်တဲ့အထဲ နေဖြစ်မှာမဟုတ်ဘူး။ သန်းခေါင်မတိုင်ခင် အိပ်ဖြစ်မှာပဲ
.
. . . မနက်ကျ စောစောထပြီး ငှက်တွေအသံကိုနားထောင်မယ် နေပူဆာလှုံမယ်၊ ခြင်မကိုက်ဘူးဆိုရင်တော့ မနက်နေပူဆာလှုံတဲ့အခါ အဝတ်ကပ်ချင်မှ ကပ်မှာပေါ့လေ။ ပြီးရင် အနီးဝန်းကျင် လျှောက်သွားမယ်။ တွေ့တဲ့စမ်းချောင်းမှာ ရေချိုးမယ်၊ ဘယ်သူမှလည်း မရှိဘူးဆိုတော့ လွတ်လွတ်လပ်လပ် ရေချိုးလို့ရတာပေါ့။ ပြန်လာရင် နေ့လည်စာစားမယ်။ တစ်ရေးတစ်မော အိပ်မယ်၊ နိုးလာရင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်မယ် တစ်ခြားဟာလည်း လုပ်ချင်လုပ်မယ်
.
. . . အခု စိတ်ကူးထဲကဟာတွေ လုပ်လို့ရအောင် ဘယ်နားသွားရမလဲ စဉ်းစားကြည့်တော့ ဆင်ဖြူရှင်မင်းလက်ထက်က စာဆိုတော် လက်ဝဲသုန္ဒရအမတ်ကြီး မင်းဒဏ်သင့်လို့ သွားရတဲ့ ကသာ၊ ထီးချိုင့်နယ်ထဲက မဲဇာအရပ်ဆိုရင် အဆင်ပြေမယ်လို့ ထင်မိတယ်
.
. . . လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံကတော့ သူမင်းဒဏ်သင့်နေတုန်းမှာ အဲသည်မဲဇာတောကြီးထဲ တော်တော်ကို ဒုက္ခကြီးစွာနဲ့ နေခဲ့ရပုံပဲ။ မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ အစချီတဲ့ ရတုသုံးပိုဒ်နဲ့ ရွှေပြည်ဌာနဝေးသောကြောင့်၊ လေပြည်လာကအေးသောကြောင့်၊ နေခြည်ဖြာမှနွေးသောကြောင့် အဆုံးသတ်တဲ့ ဂန္တဝင်ရတုတစ်ပုဒ် ရေးနိုင်ခဲ့တာပဲ
.
. . . ကိုယ်ကတော့ ကိုယ့်သဘောနဲ့ကိုယ် ပျော်လို့ကို သွားနေခဲ့တာမို့ သူ့လိုတော့ အလွမ်းရတုတွေ ရေးဖြစ်စရာအကြောင်းမရှိဘူး၊ မသကာ ဘေဘီလာမှ ကွေးသောကြောင့်ဆိုပြီး ခုခေတ်အခေါ် အိပ်ချ်ဒီဇာတ်လမ်းကောင်းလေးတွေတော့ ရေးဖြစ်ခဲ့မယ်ထင်တယ်၊ ဒါမျိုးကလည်း ဂန္တဝင်တွင်ဖို့ အခက်သားကလား၊ ဖတ်ချင်တဲ့သူများ ခုတည်းက စာရင်းပေးထားကြ
.
၄ ဩဂုတ် ၂၀၂၁

Sunday 1 August 2021

သေနိုင်ပါရိုးလား

. . . ငှက်ဖျားမိလို့ လက်ခံထားတဲ့ အငြိမ့်ပွဲတွေဖျက်လိုက်ရပြီး လူတွေမြင်ကွင်းက ပျောက်သွားတော့ မမြရင်တစ်ယောက် သေရှာပါလေပြီဆိုပြီး သတင်းကြီးရပြန်သတဲ့။
.
. . . မမြရင်ဆိုတာကလည်း တစ်ခေတ်တစ်ခါမှာ တစ်ယောက်ဆိုသလောက် ထွန်းထွန်းပေါက်ပေါက် ပရိသတ်များတဲ့သူဆိုတော့ သူနေမကောင်းဘူးကြားတော့ စာတွေဘာတွေရေးကြ သတင်းမေးကြ မေတ္တာပို့ကြတာတွေကလည်း အများသားကလား
.
. . . ဒီလောက်တောင် မေတ္တာပန်းပွင့်ထားသူဆိုတော့ မမြရင် ဒီတိုင်းနေလို့ မရတော့ဘူး၊ ထူထူထောင်ထောင်ဖြစ်တာနဲ့ သူ့အငြိမ့်သီချင်းတွေ ပင်တိုင်ရေးပေးနေကျ နန်းတော်ရှေ့ဆရာတင်ဆီကို ပြေးရတော့တာပဲ၊ ကိုကြီးတင်ရေ လုပ်ပါအုံး လူတွေက ကျမသေပြီထင်နေကြတယ်၊ ကျမ မသေဘူး ပြန်လာပြီဆိုတာ သီချင်းလေးတစ်ပုဒ်လောက် ရေးစမ်းပါအုံးရှင် ဆိုတော့
.
. . . ကိုယ့်ဘဝမှာ သေလောက်အောင်ဖြစ်ရတဲ့ အခက်အခဲကြီးတော့ မကြုံဖူးပေမယ့် လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေဆိုသလို တစ်ခါတစ်လေ သေသွားတာကမှ အကောင်းသားလို့ တ,ရလောက်အောင် စိတ်ပျက်ရတဲ့ အခိုက်အတန့်တွေကို အားတင်းကျော်ဖြတ်ပြီးတိုင်း
.
. . . အမေက ကိုယ်တွေငယ်ငယ်တုန်းက သီချင်းဆိုဆိုပြလေ့ ရှိတဲ့အခါ သီချင်းနောက်ခံအကြောင်းကိုပါ ပြောပြောလေ့ရှိတာကိုး၊ လေဘာတီမမြင်ရင်ရဲ့ တုံးကျော်မ သီချင်းဟာ အသက်ဘေးက ကျော်လွှားလွန်မြောက်လာနိုင်တဲ့ အတိတ်ကောင်းနိမိတ်ကောင်း သီချင်းအဖြစ် ကိုယ့်ရဲ့ အကြိုက်ဆုံးတွေထဲက တစ်ခုဖြစ်လာတဲ့အခါ တစ်ခုခုကို ခက်ခက်ခဲခဲ ကျော်ဖြတ်နိုင်ပြီးတိုင်း အဆိုတော်ကြီးမာမာအေးရဲ့ တုံးကျော်မသီချင်းကို အကျယ်ကြီးဖွင့်ပြီး အောင်ပွဲခံလေ့ရှိတာ ကိုယ့်အခန်းနားနီးတဲ့သူတွေ တစ်ခါတစ်လေတော့ သတိထားမိခဲ့ကြတယ်ထင်ပါရဲ့
.
. . . အခုကပ်ဘေးကြီးထဲ ပိုးဒဏ်သင့်ကြတဲ့ မိတ်ရင်းဆွေချာများလည်း အမြန်ပြန်ပြီး ကျန်းမာကြပါစေကြောင်း အကိုဗိုလ်ကောင်းကမေတ္တာရေလောင်းရင်း ရောဂါဒဏ်ကို ကျော်လွှားလွန်မြောက်ပြီးတဲ့အခါ ကျနော်နဲ့အတူ တုံးကျော်မ သီချင်းကို အကျယ်ကြီးသံပြိုင်ဆိုရင်း အောင်ပွဲခံကြဖို့ စောင့်မျှော်နေမယ်ဆိုတဲ့အကြောင်း
.
ဗိုလ်ကောင်း
၁ ဩဂုတ် ၂၀၂၁

Sunday 25 July 2021

ဤမှန်သောသစ္စာစကားကြောင့်



. . . ဘဝမှာ မနှစ်မြို့စရာ အနှောင်အဖွဲ့ အကျပ်အတည်း အခက်အခဲမျိုးနဲ့ ကြုံရတဲ့အခါ အဲသည်အနှောင်အဖွဲ့က လွတ်မြောက်ပါစေကြောင်း သစ္စာပြု ဆုတောင်းလို့ရတယ် ဆိုတဲ့ ယုံကြည်ချက်မျိုးက အခုခေတ်အခုအခါတော့ လူပြောသူပြော အတော်နည်းနေပြီပေတဲ့ ရှေးခေတ်ရှေးအခါ စာပေတွေ ဇာတ်တော်တွေမှာတော့ အထင်အရှားကို မြင်ခဲ့ရတဲ့ သစ္စာတန်ခိုးတစ်ခုပါပဲ။
.
. . . စကားသစ္စာ မှန်သောခါကား ဩဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဘက်ဝင် ဆိုပြီးတော့ ရှင်မဟာသီလဝံသ ရေးဖွဲ့ခဲ့တဲ့ ပါရမီတော်ခန်းပျို့ထဲက သစ္စာပါရမီကို ပြဆိုတဲ့ အခန်း စာပိုဒ် ၁၂၃ မှာ ထည့်ရေးခဲ့တာကို ထောက်ရင် ရှေးအခါက သစ္စာအကြောင်း အတော့်ကို အလေးအနက် ထားခဲ့ကြတယ်ဆိုတာ ပေါ်လွင်ပါတယ်။ အဲသည်တော့ မေးစရာရှိတာက ဒီခေတ် ဒီအခါမှာရော သစ္စာတရားက အလေးအနက် ပြုစရာ အားကိုးအားထားဖြစ်စရာ ဟုတ်သေးရဲ့လား ဆိုတာပါပဲ
.
. . . ဆိုပါတော့ဗျာ အခု ကျွန်တော်တို့ ခေတ်ကြီးမှာမှ တည့်တည့်လာကြုံနေတဲ့ ရောဂန္တရ ကပ်ဆိုးကြီးက အမြန်လွတ်မြောက်ပါစေ သက်သာပါစေ ကပ်ဆိုးဘေးက ချမ်းသာရာရကြပါစေ ဆိုတဲ့ ဆုတောင်းကို အထက်က ပြောခဲ့တဲ့ သစ္စာစကားနဲ့ တောင်းရင်ရော ရနိုင်သလားပေါ့
.
. . . ရနိုင်တယ်လို့ ယုံကြည်တယ်ဆိုပါတော့၊ ကျနော်တို့မှာ လောက်လောက်လားလား သစ္စာဆိုရလောက်တဲ့ လေးနက်တဲ့ သစ္စာတရားကို ဘယ်လိုရှာကြရပါ့။ မိမိရဲ့ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တွေအပြင် တစ်ခြားသော ဘဝမှာ သစ္စာတရားအဖြစ် တန်ဖိုးထား စောင့်စည်းခဲ့တဲ့ အရာတွေကို သစ္စာပြုတိုင်တည်ပြီး ဆုတောင်းရင်လည်း ရနိုင်ကောင်းရဲ့ပေါ့ဗျာ
.
. . . ဗုဒ္ဓဘာသာဝင်လည်းဖြစ် ဘုရား တရား သံဃာဆိုတဲ့ ရတနာမြတ်သုံးပါးကိုလည်း နှစ်နှစ်ကာကာ ယုံကြည်တယ်ဆိုရင်ဖြင့် ကျနော်တို့မှာ အဲသည်ယုံကြည်ချက်ကို တိုင်တည်ပြီး သတ္တဝါအများ ကျန်းမာချမ်းသာကြပါစေလို့ ဆိုလောက်စရာ သစ္စာတိုင် သုတ္တန်တစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။
.
. . . ဘုရားရှင်လက်ထက်တော်က ဝေသာလီပြည်မှာ ရောဂါတွေဖြစ် လူတွေသေ ဘီလူးသရဲတွေ သောင်းကျန်းကြတဲ့အခါ အဲသည်ကပ်ဆိုးက လွတ်မြောက်အောင် ကယ်တင်တော်မူပါဆိုပြီး မြတ်စွာဘုရားကို ပင့်လျှောက်တော့ မြတ်စွာဘုရားက အခုပြောမယ့် ရတနသုတ္တန်ကို သင်ပေးတော်မူပြီး ရွတ်ဆိုစေတဲ့အခါ ဘီလူးသရဲတွေ ထွက်ပြေးရပြီး တိုင်းသူပြည်သားများ ချမ်းသာရာ ရကြသတဲ့။ ဒီသုတ္တန်ရွတ်တာနဲ့ပဲ ဘီလူးသရဲ ထွက်ပြေးရတာ ဘာများဆိုင်လို့လဲလို့ သိချင်ကြမယ့် သူများအတွက် သုတ္တန်အကြောင်း နည်းနည်းပြောပြချင်ပါတယ်။
.
. . . ရတနသုတ် ပါဠိတော်မှာ အပိုဒ် ၂၁ ပိုဒ် ပါဝင်ပြီး အပိုဒ် ၄ ကနေ အပိုဒ် ၁၈ အထိ စုစုပေါင်း ၁၅ ဂါထာဟာ မြတ်စွာဘုရားကိုယ်တော်တိုင် ရွတ်ဆို အရှင်အာနန္ဒာကို သင်ကြားပေးပြီး မြို့ထဲရွာထဲ လိုက်လံရွတ်ဆိုစေခဲ့တဲ့ သုတ္တန်ဖြစ်ပါတယ်။ အဲသည် ၁၅ ပိုဒ်မှာ ဘာတွေများ ရေးထားလို့ ဘီလူးတွေ သရဲတွေ ပြေးတာပါလိမ့်
.
. . . တကယ်တမ်းကတော့ အထက်ကပြောခဲ့တဲ့ ဘုရားရှင်ကိုယ်တိုင် နုတ်တိုက်ချပေးခဲ့တဲ့ ၁၅ ဂါထာမှာ ဘီလူးတွေ သရဲတွေ ပြေးဖို့ ခြိမ်းခြောက်မောင်းထုတ်တဲ့ စာသားသဘော မပါပါဘူး။ မြတ်စွာဘုရား စပြီးရွတ်ဆိုပေးတဲ့ အပိုဒ် ၄ မှာဆို ဒီသုတ္တန်ကို ရွတ်ဆိုတော့မှာမို့လို့ မြေ၌တည်သောနတ်၊ ကောင်းကင်၌တည်သော နတ်အပေါင်းတို့ တရားနာလာရောက်ကြကုန်လော့ ဆိုပြီး ဖိတ်ကြားတဲ့ စကားရယ်၊ လူတွေကို စောင့်ရှောက်ပေးကြပါဆိုတဲ့ မေတ္တာစကားရယ် ပါတာကြောင့် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဒါမှမဟုတ် အကျင့်သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်များက ရွတ်ဖတ်ပွားများတဲ့အခါ အဆိုပါနတ်တွေ ကြွရောက်လာပေးလို့ နတ်ဆိုးဘီလူးဆိုးတွေ အဝေးကို အလိုအလျောက်ပြေးရှောင်ကြရတာ ဖြစ်ပါတယ်ခင်ဗျာ့
.
. . . ကျန်တဲ့ အပိုဒ်တွေကတော့ သစ္စာပြု ဆုတောင်းပေးတဲ့ မေတ္တာစာ အပိုဒ်တွေချည်းပါပဲ။ ဘာတွေကို သစ္စာပြုသလဲဆို ဘုရားတရားသံဃာ ရတနာသုံးပါးသည် အမြတ်ဆုံးဖြစ်ကြောင်း၊ သောတာပန်ပုဂ္ဂိုလ်တို့ဟာ မကောင်းမှုကို မေ့လျော့လို့ ပြုမိရင်တောင် မိမိပြုမိခဲ့တာကို မလိမ်မညာမကွယ်မဝှက်တော့ကြောင်း၊ ရဟန္တာပုဂ္ဂိုလ်တို့မှာ ဘဝသစ်တစ်ဖန်ပြန်ဖြစ်စရာ အကြောင်းကုန်ခမ်းသွားပြီးတဲ့အကြောင်း စတဲ့ အမှန်စကားတွေကို သစ္စာအဖြစ်တိုင်တည်ပြီး သတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေလို့ မေတ္တာပြုတဲ့ ဂါထာတော်တွေပဲ ဖြစ်ပါတယ်။
.
. . . အခုနေခါ ကျနော်တို့ မိတ်ဆွေရောင်းရင်းများ မကျန်းမမာဖြစ်တယ်လို့ ကြားသိကြတဲ့အခါ အချင်းချင်း အားပေးကြ မေတ္တာပို့ ဆုတောင်းကြ လုပ်ကြရင်တောင် မိတ်ဆွေများရဲ့ အားပေးစကားဟာ ကာယကံ့ရှင်အတွက် အားဆေးတစ်ခွက်လို ဖြစ်စေတယ်မဟုတ်လား ခင်ဗျာ၊ ဒါ့အပြင် ကျနော်တို့ ကိုယ်တိုင် မကျန်းမမာဖြစ်ကြတဲ့ အခါများမှာ စိတ်ကြောင့်မကျေဘဲ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ တောင့်ခံနိုင်တဲ့အခါ ရောဂါဘယဒဏ်ကို ပိုမိုအောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ကြတယ်မဟုတ်လား ခင်ဗျာ့
.
. . . မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများပေးတဲ့ မေတ္တာဓာတ်ကတောင် အဲသလောက် အားဖြစ်စေရိုးမှန်ရင် ဘုရားရှင်ကိုယ်တော်တိုင် ပေးအပ်ခဲ့တဲ့ အားတက်ရွှင်လန်းစရာ ရတနာသုံးပါးကိုအကြောင်းပြုတဲ့ သစ္စာအရင်းခံတိုင်လို့ မေတ္တာဓာတ်များ ပေးဝေတာကို နာယူနှလုံးသွင်းကြမယ်ဆိုရင် ဘီလူးတွေ သရဲတွေ ပြေးတာမပြေးတာ အပထားလို့ ကိုယ့်ရဲ့ စိတ်နှလုံးမှာ ခွန်အားများရလာပြီး ကိုယ်ခန္ဓာကို ဖိစီးနှိပ်စက်နေတဲ့ ရောဂါဒဏ်ကို ခုခံပေးတဲ့ အတွင်းအားစနစ်တွေ တက်လာတယ်ဆိုတာ ဒီခေတ်ကြီးထဲ အထွေအထူး ရှင်းပြနေစရာ မလိုလောက်ပါဘူးခင်ဗျာ
.
. . . ဒါကြောင့် ကျနော့်မိတ်ဆွေရောင်းရင်းများ ရတနာသုံးပါးကို ကြည်ညိုမြတ်နိုး တန်ဖိုးထားကြသူများကို ကို အထူးတိုက်တွန်းလိုတာက မိမိရဲ့ စိတ်ခွန်အားအတွက်ဖြစ်ဖြစ်၊ မိမိအိမ်သားများ စိတ်ခွန်အားအတွက်ဖြစ်ဖြစ်၊ နာမကျန်းဝေဒနာကို တွန်းလှန်တိုက်ထုတ်နေတဲ့အခါ လိုအပ်တဲ့ စိတ်ခွန်အားအတွက်ပဲ ဖြစ်ဖြစ်၊ အနည်းဆုံးတော့ သတ္တဝါအများအပေါ် ကျန်းမာချမ်းသာပါစေကြောင်း အေးမြတဲ့ မေတ္တာဓာတ်သွန်းလောင်းရင်း ဘဝနာပွားဖို့ပဲ ဖြစ်ဖြစ် ရတနသုတ္တန် မြန်မာပြန်တရားတော်ကို နာယူကြဖို့ အထူးတိုက်တွန်းလိုက်ရကြောင်း
.
ဗိုလ်ကောင်း
၂၅ ဇူလိုင် ၂၀၂၁
.
the photo was taken some days ago at . . .

Friday 23 July 2021

ချစ်သူနဲ့ကွေကွင်းရခြင်းဒုက္ခ




. . . ဘုန်းကြီးကျောင်းသား လုပ်ခဲ့ဖူးတဲ့သူဆိုတော့ ဓမ္မစကြ်ာတို့ဘာတို့ဆိုတာ ကလေးကတည်းက အလွတ်နီးနီးရခဲ့တဲ့ ဒေသနာတွေပေါ့၊ ဘုန်းကြီးကျောင်းမှာ ပျင်းပျင်းရိရိနဲ့ ရွတ်နေတုန်းကတော့ စိတ်မဝင်စားခဲ့ပေမယ့် တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင် ဝတ္ထုကို ဖတ်ပြီးတဲ့အချိန်မှာ ဓမ္မစကြ်ာကို စိတ်ဝင်စားလာခဲ့တယ်။ ခုနစ်တန်းပဲ ရှိသေးတဲ့ ချာတိတ်လေးက သူခါတိုင်း ဝတ်ကျေတန်းကျေ ကျက်ရမှတ်ရ စာပြန်ရ ရွတ်ဖတ်ရ လုပ်နေခဲ့တဲ့ ဓမ္မစကြ်ာတရားကို စစ်စစ်ပေါက်ပေါက်မေးတော့ ဦးဇင်းလေးက မျက်လုံးကိုစိုက်ကြည့်ပြီးမေးတော့တာပဲ။ ငါ့လူ မင်း ဘယ်သူ့ကို ကြိုက်နေတာတုန်းတဲ့။ ဟာ မဟုတ်ပါဘူး ဦးဇင်းကလည်း ဆိုပြီး ရှက်ရှက်နဲ့ ဖြေခဲ့ရပေမယ့် တကယ်တမ်းကျတော့ တက္ကသိုလ်ဘုန်းနိုင်ဝတ္ထုဖတ်ပြီး ကိုယ့်ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ ရည်းစားရရုံမကလို့ အသည်းတွေဘာတွေတောင် ကွဲပြီးနေပြီရယ်
.
. . . ဓမ္မစကြ်ာဒေသနာမေးတာနဲ့ ဦးဇင်းက ဘယ်သူ့ကို ကြိုက်နေတာတုန်းမေးတာ ဘာဆိုင်လို့လဲလို့ ထင်ချင်စရာရှိတယ်။ ကိုယ်မေးတာကလည်း ဓမ္မစကြ်ာထဲ ဒုက္ခသစ္စာကို ပြတဲ့အပိုဒ်က အပိယေဟိ သမ္ပယောဂေါ ဒုက္ခေါ ပိယေဟိ ဝိပ္ပရောဂေါ ဒုက္ခေါ ဆိုတာရယ်၊ သမုဒယသစ္စကိုပြတဲ့ အပိုဒ်က ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ ဆိုတာရယ်ကို ဖောက်ပြီး မေးတာကိုး၊ အရွယ်ကလည်း ကိုးလိုးကန့်လန့် ဟိုမရောက်သည်မရောက် လူပျိုမပေါက်တပေါက်အရွယ်ဆိုတော့ ဦးဇင်းလေးလည်း ငယ်ရာက ကြီးလာသူဆိုတော့ ရိပ်မိခဲ့ဟန်တူပါရဲ့လေ
.
. . . ကိုယ်က ဘုန်းကြီးကျောင်းသားလုပ်ခဲ့ဖူးတုန်းက ရွတ်ရဖတ်ရတွေ လုပ်ခဲ့ရလို့ ငြီးငွေ့သွားတာပဲလားမသိ ဘုရားစင်ရှေ့ထိုင်ပြီး ဘာဘာညာညာတွေ ရွတ်ရဖတ်ရ အကြာကြီးဘုရားရှိခိုးရတာတွေကို အင်မတန့်အင်မတန် ပျင်းတဲ့သူပေတဲ့ ကိုယ်သဘောကျတဲ့ ဒေသနာလေးများ ရွတ်နေဖတ်နေသံကြားရင် စိတ်ထဲကကို လိုက်ပြီး နှလုံးသွင်းဖြစ်နေတော့တာ၊ အထက်မှာ ပြောခဲ့တဲ့ ဓမ္မစကြ်ာဆိုတာလည်း ကိုယ့်အကြိုက်ဆုံး ဒေသနာတွေထဲက တစ်ခုပေါ့။
.
. . . အဓိကက သစ္စာလေးပါးတရားကို ဟောတယ်ဆိုပေတဲ့ အဲသည် သစ္စာလေးပါးကိုလည်း ကိုယ်တွေဉာဏ်နဲ့ မမီတဲ့ အရာပေမယ့် ဒီဒေသနာရဲ့ နောက်ခံအကြောင်းတွေကအစ စိတ်ဝင်စားစရာ ဖြစ်နေခဲ့တာကိုး၊
.
. . . သုဒ္ဓေါဓန ဘုရင်ကြီးက သူ့သားတော် သိဒ္ဓတ္ထ မိတဆိုးလေး ရှေ့ဖြစ်ကို ဟောပါဆိုလို့ ဧကံသဗျာကရဏ တစ်ချောင်းတည်းသော လက်ညှိုးကိုထောင်ပြီး တစ်ခုတည်းသောအဟောနဲ့ ဘုရားစင်စစ်ဧကန်ဖြစ်မယ့်သူပါလို့ ရဲရဲတောက် ဟောမိလို့ နန်းတော်ထဲက ဆွဲထုတ်ခံရတဲ့ ကောဏ္ဍညပုဏ္ဏားက သူ့ဆွဲထုတ်ဖို့လာတဲ့ မင်းချင်းတွေကို အေး မင်းတို့ ဆွဲထုတ်တာတော့ မခံဘူး၊ ငါကိုယ်တိုင် တရားဦးနာဖို့ မိဂါဒါဝုန်တောက သွားစောင့်မယ်ဟေ့ဆိုပြီး ခပ်ချေချေနဲ့ ထွက်သွားခဲ့တာက ဒီဒေသနာကို စိတ်ဝင်စားမိတဲ့ မူရင်းဇာတ်ကွက်အစပေါ့။
.
. . . အလောင်းတော်မင်းသားက အစွန်းရောက်အကျင့်ဖြစ်တဲ့ ဒုက္ကရစရိယအကျင့်ကို စွန့်လွှတ်လိုက်တော့ ဘုရားဖြစ်ရင် တရားနာဖို့ စောင့်နေကြတဲ့ ကောဏ္ဍညရသေ့အပါအဝင် ရသေ့ငါးယောက်က စိတ်ပျက်သွားပြီး ဒီတစ်ခါ တို့ဆီပြန်လာလို့ကတော့ ဘယ်သူမှ ထွက်မကြိုကြေး မနုတ်ဆက်ကြကြေး ဆိုပြီး သဘောတူထားကြပေမယ့် တကယ်တမ်း ဘုရားလည်း ကြွလာရော ဘယ်သူမှ ချေမိုးမနေနိုင်ကြတော့ဘဲ သူ့ထက်ငါ ဦးအောင် ကြိုကြသတဲ့။ မိဂါဒါဝုန်တောက ဘုရားရှင် ဓမ္မစကြာဒေသနာဟောတဲ့ နေရာကို ရောက်ခဲ့တုန်းက ဘုရားကို မကြိုကြကြေးလို့ သဘောတူထားပြီးမှ သူ့ထက်ငါ ထွက်ကြိုကြတဲ့ ရသေ့ငါးယောက်အကြောင်း လိုက်ပို့တဲ့ ဦးဇင်းက ရှင်းပြတော့ တစ်ယောက်နဲ့တစ်ယောက် မျက်နာမပူကြဘူးလား မသိဘူးလို့ ခပ်သောသော တွေးမိခဲ့ပါသေးတယ်။
.
. . . အလောင်းတော်ဘဝမှာ ခြောက်နှစ်တိုင်တိုင်ကျင့်ခဲ့တဲ့ ဒုက္ကရစရိယအကျင့်ကို စွန့်လွှတ်လို့ စိတ်ပျက်သွားခဲ့တဲ့ ရသေ့ငါးဦးကို ဘာကြောင့် ဒီအကျင့်ကို စွန့်ခဲ့ရသလဲဆိုတာ ဒေသနာထဲမှာ သေသေချာချာကို ထည့်ဟောပေးခဲ့ပါတယ်။ ဓမ္မစကြ်ာ တရားကို စဖွင့်တာကိုက အဲသည် အစွန်းရောက်အကျင့်နှစ်ပါးဖြစ်တဲ့ ကာမသုခလ္လိကာနုယောဂေါ နဲ့ အတ္တကိလမထာနုယောဂေါ ဆိုတာကို အရင်ရှင်းပြရင်း ဒေသနာကို နိဒါန်းပျိုးခဲ့တာပါ။ ကာမဂုဏ်စည်းစိမ်တွေကို အလွန်အကျူးခံစားခြင်းနဲ့ မိမိကိုယ်ကို နှိပ်စက်ခြင်းဆိုတဲ့ အစွန်းတရားနှစ်ပါးကို ရှောင်ကျဉ်ပြီး မဈ္ဇိမပဋိပဒါ အလယ်အလတ်လမ်းစဉ်နဲ့ ကျင့်ဆောင်ရမယ်လို့ အရင်ရှင်းပြပြီးမှ သစ္စာလေးပါးကို ဆက်ရှင်းပြတာပါ။
.
. . . ဘုရားအဖြစ်ကို ရောက်ရှိပြီးဖြစ်ကြောင်းကိုလည်း ပဉ္စဝဂ္ဂီ ရသေ့ငါးဦးကို တွေ့တွေ့ချင်း ပြောပြသေးတာ မဟုတ်ဘဲ ဓမ္မစကြ်ာဒေသနာက သစ္စာလေးပါးတရားကို သေသေချာချာ ဟောပြီးတဲ့အခါကျမှ ဝန်ခံပြောကြားတာကိုလည်း တွေ့ရပါတယ်။ တရားအဆုံးမှာ ပထမဆုံး သောတာပန်တည်တဲ့ ပုဂ္ဂိုလ်ကတော့ ကျနော့်ရဲ့ အိုင်ဒေါကြီး ကောဏ္ဍညရသေ့ပါပဲ။
.
. . . တကယ်တမ်းကျတော့ ဓမ္မစကြ်ာဒေသနာကို နာယူနေတာ လူပုဂ္ဂိုလ်ထဲက ပဉ္စဝဂ္ဂီ ရသေ့ငါးဦးပဲ ဆိုပေတဲ့ နတ်တွေ ဗြဟ္မာတွေတော့ အများကြီး တရားနာ လာကြသတဲ့။ ဓမ္မစကြ်ာသုတ္တန်ထဲမှာ ကိုယ်သဘောကျတဲ့ နေရာတစ်ခုက နတ်ဗြဟ္မာတွေ ဘုံအဆင့်ဆင့် ကောင်းချီးပေးကြတဲ့အခန်း ဖြစ်ပါတယ်။ လူ့ပြည်မှာ ဟောတဲ့ ဒေသနာကို နာကြားကြရတဲ့အခါ နှစ်ထောင်းအားရ ကောင်းချီးပေးကြတဲ့အသံကို အောက်ဆုံးနတ်ဘုံဖြစ်တဲ့ စတုမဟာရာဇ် နတ်ဘုံက နတ်တွေကြားပြီး သူတို့လည်း သဘောကျလို့ ကောင်းချီးပေးကြသတဲ့။ သူတို့ရဲ့ အသံကို အထက်နတ်ဘုံတွေဖြစ်တဲ့ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီ နတ်ပြည်ခြောက်ထပ်နဲ့ ဗြဟ္မပြည်တို့က အဆင့်ဆင့် ကောင်းချီးပေးသံတွေကြားပြီး ဆက်ကာဆက်ကာ ကောင်းချီးပေးကြသတဲ့။
.
. . . အခုချိန်ထိက ခုန တရားနာပြီး သောတာပန်တည်တဲ့ ကောဏ္ဍညရသေ့အပါအဝင် ငါးဦးစလုံးက ရဟန်းမဖြစ်ကြသေးပါဘူး။ ကောဏ္ဍညရသေ့က သူတို့ကို ရဟန်းအဖြစ်ခွင့်ပြုပါဆိုပြီး တောင်းပန်တော့မှ ဧဟိဘိက္ခူ ဆိုပြီး ဘုရားရှင်က ခေါ်လို့ ရဟန်းဘဝရောက်ကြရတယ်လို့ ဆိုပါတယ်။
.
. . . ဘုရားရှင်ရဲ့ ဓမ္မစကြ်ာဒေသနာကလည်း ဒီအတိုင်းဟောဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ ဘုရားအဖြစ်ကို ရောက်တော်မူပြီးတဲ့နောက် လောကကို ဆင်ခြင်ကြည့်တဲ့အခါ လူတွေက ငါ့တရားကိုနားလည်ကြဖို့ ခက်လိမ့်မယ်၊ ဒီအမိုက်အမဲတွေ အကျွတ်တရားရအောင် ငါတော့ တော်တော်အာပေါက်အောင်ဟောမှ ရလိမ့်မယ်၊ တော်တော်လက်ဝင်မယ့်ကိစ္စပဲ မလွယ်ပါဘူးလေ ငါဟောလည်း အသိတရားရကြမယ်မထင်ဘူးဆိုပြီး လူတွေကို တရားဟောဖို့ စိတ်ပျက်သွားခဲ့သေးသတဲ့။ ဟာ ဒီလိုတော့ မဖြစ်ချေဘူး တတ်နိုင်သလောက်တော့ ကယ်ချွတ်ပေးဖို့ တောင်းပန်ဦးမှ ဆိုပြီး သဟမ္ပတိဗြဟ္မာကြီးက လာတောင်းပန်လို့သာ တရားဦးဖြစ်တဲ့ ဓမ္မစကြ်ာဒေသနာကစလို့ လူတွေကို ဉာဏ်နဲ့ဆင်ခြင်ပြီး သင့်တော်ရာတရားတွေ ဟောသွားဖြစ်ခဲ့တာလို့ ဆိုပါတယ်။
.
. . . နောက်တစ်ခါ စိတ်ကူးပေါက်ရင်တော့ ကျွန်တော် အနှစ်သက်ဆုံးထဲမှာပါတဲ့ ရတနာသုတ္တန်အကြောင်း ပြောပြပါအုံးမယ်၊ စိတ်ဝင်စားရင် ကွန်းမင့်မှာ ပြောသွားပေး
.
ဝါဆိုလပြည့်၊ သောကြ်ာနေ့
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်
(တကယ်တော့ မနက်ဖြန် စနေနေ့မှ တကယ်လပြည့်ရက်)
၂၃ ဇူလိုင် ၂၀၂၁
.
the photo was taken on 25 Nov, a rainy day of the 2019 Autumn, in the snow country.

Friday 18 June 2021

enjoy what is available


for most of the time in our life, we have no option but to enjoy what is available. it is also true for the workplace in our profession. every manager wishes to have the best players in their team but the dream does not always come true. the players' skill does matter actually but the management does matter most in the situation where the manager has nothing to do with the recruitment portion. if you blame the bad skill of your player, it is also blaming yourself of your worse management simultaneously. think twice before you make a bad comment on the team members you are dealing with. NEVER spit aimed at the sky.
.
Bo Kaung
18 June 2021

Tuesday 8 June 2021

A visit to the Hluttaw

Almost a decade ago, I was here as an audience of the speeches of the stakeholders in the legislative pillar at the event of the very first official commemoration of International Democracy Day in Myanmar held on September 15, 2011.
Now is the second visit to this grand theatre not as listener but as a speaker.

 

Monday 31 May 2021

ချစ်ကြည်ရေးဆိုတဲ့ ဥယျာဉ်ကြီး



. . . မဟာဗုဒ္ဓဝင် လေးတော်တင်ခန်းရဲ့ ပထမဆုံး ဇာတ်ကွက်က ယသော်ဓရာမင်းသမီးနဲ့ ဇာတ်အိမ်တည်တာ ပျင်းစရာကောင်းချင်ချင်ပေမယ့် လူပြက်နှစ်ယောက်ဖြစ်တဲ့ အောင်မောင်း နဲ့ ဖျောက်ဆိပ်တို့ရဲ့ စကားထာဝှက်တမ်း ထောင်းတမ်းစကားတွေကြောင့် ရွှင်မြူးစရာဖြစ်လာရတယ်။ မင်းသမီးလေးအတွက် ရေကန်တူးဖို့ တိုင်ပင်ကြတဲ့အခါ အပြန်အလှန်ပြောကြတဲ့ အချီအချစကားက ကာရံနံဘေအချိတ်အဆက်နဲ့မို့ ဘယ်တော့ နားထောင်ထောင် ရိုးလှတယ်မရှိဘူး
.
. . . သခင်မလေး မြူးရွှင်ပျော်အောင် ဥယျာဉ်တော်အတွင်းမှာ ပဏာအမြင်ဆန်းအောင် စကားဝါပင်ပန်းတွေ အနားမှာ ဝင်းသဖွယ်ထား၊ အတွင်းအလယ်နားကနေ ခတ္တာနဲ့ ဂမုန်း စိုက်မဟေ့
.
. . . မင်းက ခတ္တာနဲ့ ဂမုန်း စိုက်မယ်ဆိုရင် ငါကလည်း ဇလပ်သာနဲ့ ကြက်ရုံး ဇီဇဝါအငုံလေးတွေကို ဟိုးကြည်ပြာရုံ ကုန်းအတက်လမ်းကနေ စိုက်မကွာ
.
. . . ကြည်ပြာရုံကုန်းအတက်လမ်းကနေ စိုက်မယ်ဟုတ်လား၊ အဲဒါဆိုရင် ပုန်းညက်ပန်း ရင်ခတ် သရဖီတွေကို အပြင်အထက်ကစီ၊ အပေါ်ကတင်၍ သော်ကပင်တေွ အလယ်ခေါင်မှာ တန်းထားလိုက်မဟေ့
.
. . . မင်းက သော်ကပင်တေွ အလယ်ခေါင်မှာ တန်းထားလိုက်မယ်ဆိုရင် ငါကတော့ စံပယ်ခေါင်ရမ်း အထက်အောက် ဖြိုးဝေနေအောင် ကြက်မောက် မိုးစွေလေးတွေကို ပတ်ချာလှည့်ထားလိုက်မယ်ကွာ
.
. . . အဲလို ပတ်ချာလှည့်ထားလိုက်မယ်ဆိုရင် ထပ်တရာနဲ့ သဇင် စံပယ်မြောင်ပြီး အလယ်ခေါင်မှာ အခြွေအရံများနဲ့ ကစားစရာပျော်ရွှင်စေဖို့ ကန်တော်မင်္ဂလာဘေးအရုပ်တွေရံပြီး၊ လေးမုတ်ရံ ဖြောင့်မတ်စွာတူး၍၊ စောင့်ကျပ်ရန် ဘီလူးရုပ် မုခ်ဝမှာ ထားမယ်ဟေ့
.
. . . ဟုတ်ပါ့မလား သူငယ်ချင်းရ၊ ဘီလူးရုပ် မုခ်ဝမှာတင်မှဖြင့် ရုပ်မလှတာမြင်တွေ့ရင် ကြောက်ကြလိမ့် ငါတော့ ခြင်္သေ့လောက်နဲ့တော်လိမ့်မယ်ထင်တယ်
.
. . . ဘီလူးကွာ
. . . ခြင်္သေ့ကွာ
.
. . . အတိုင်အဖောက်ညီလှတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကန်တော်မင်္ဂလာမှာ ဘာအရုပ်ထားမလဲ ဆိုတာနဲ့ ပတ်သက်ပြီး သဘောထားတွေ ကွဲလွဲခဲ့ကြပေမယ့်
.
. . . မင်းနဲ့ငါ အငြင်းအခုံ ဘီလူးခြင်္သေ့ကြောင့် ဥယျာဉ်ကနေ့ ဘယ်သင်းနဲ့မှ မဖြစ်မြောက်နိုင်ဘူး၊ သူငယ်ချင်းချစ်နှစ်ယောက်ပါကွာ နှစ်ခြမ်းမကွဲပါနဲ့
.
. . . ဒီလိုဆိုရင်လည်း တစ်လမ်းတည်းသွားပြီး အမြင်မှန်ယူ၍ အပြင်ရန်သူ ဘေးတစ်ဘက်တစ်ချက်ကလာမယ့် ကျေးငှက်သတ္တဝါ အရေးတကြီးနဲ့ မောင်းရအောင် သွေးစည်းမယ့်အကြောင်း အပြစ်အလီလီ မတွေးဘဲ မင်းနဲ့ငါ ချစ်ကြည်ရေးဆိုတဲ့ ဥယျာဉ်ကြီး စိုက်လိုက်ကြစို့
.
ရွှေမန်းတင်မောင် မှတ်စု
ဗိုလ်ကောင်း
၃၁ မေ ၂၀၂၁

Sunday 2 May 2021

လက်ကုန်ပွင့်ရာသီ



. . . ဘယ်ရာသီအကြိုက်ဆုံးလဲမေးရင် ကိုယ်ကတော့ နွေရာသီအကြိုက်ဆုံးပါလို့ မဆိုင်းမတွ ဖြေရုံပါပဲ၊ မြန်မာပြည်မှာတော့ ဒီလို ဆောင်းကုန်လို့ နွေရောက်ပြီလားဆို သူများနိုင်ငံလို နွေဦးတွေဘာတွေ ကြားထဲ မခံတော့ဘဲ နွေဆိုတာကို ဗြုန်းကနဲ ရောက်လိုက်တာကိုး
.
. . . နွေဆိုတာနဲ့ ပေါက်ပင်တွေ လက်ပံတွေ ရဲရဲနီအောင်ပွင့်ကြတော့တာပဲ၊ သူတို့ ကုန်လုပြီဆို ငုဝါတွေ၊ ပန်းရောင်ငုစပ်ပန်းတွေ၊ ခရမ်းရောင် ပျဉ်းမတွေ၊ နီတောက်နေတဲ့ စိန်ပန်းတွေ မြိုင်နေအောင်ပွင့်ကြတော့ တကယ့်ပန်းမြိုင်လယ် ရာသီကြီးမို့ ကျနော်က မချစ်ဘဲ နေပါ့မလား၊ တက္ကသိုလ်ဘုန်းနိုင်ဝတ္ထုတွေထဲမှာ ငယ်ငယ်က စာနဲ့ပဲ ဖတ်ဖူးပြီး ကြီးခါကျမှ သေချာနားထောင်ရတဲ့ ပန်းမြိုင်လယ်ယိိုးဒယားတို့၊ သာဆန်းရဂုံဗွေပတ်ပျိုးတို့ကို အရသာခံတတ်လာတာကြောင့်မို့ ဒီလို ပန်းတွေမြိုင်အောင်ပွင့်တဲ့ ရာသီကို လက်ကုန်ပွင့်ရာသီလို့သာ နာမည်ပေးထားချင်တော့တယ်
.
. . . ကမ္ဘာကြီး လည်ပတ်နေပုံအရ နွေဦး နွေ ဆောင်းဦး ဆောင်း ဆိုပြီး ရာသီလေးခု ရှိကောင်းရှိမှာမှန်ပေမယ့် မြန်မာပြည်မှာတော့ နွေရယ် မိုးရယ် ဆောင်းရယ် ဆိုပြီး ရာသီသုံးခုပဲရှိတယ်၊ ဒါတောင် သိုးဆောင်းဘာသာစကားနဲ့ ရေးတဲ့အခါ ဆောင်းရာသီကို သူတို့အခေါ် Winter လို့မခေါ်ဘဲ အေးတဲ့ရာသီ Cold Season လို့သာ ရေးကြတယ်။ ဘာလို့လဲဆိုတော့ သူတို့အခေါ် Winter ဆိုတာ အလွန်ကို ပြင်းထန်တဲ့ ဆောင်းရာသီဖြစ်နေလို့ပါပဲ၊ ဒီလိုပဲ နွေရာသီကိုလည်း Hot Season လို့သာ ခေါ်ကြပြီး မိုးရာသီကိုလည်း Raining Season ရယ်လို့ ခေါ်ကြတယ်။
.
. . . တကယ်တော့ မြန်မာပြည်က မိုးရာသီဆိုတာ ကမ္ဘာ့မြောက်ခြမ်းရာသီလို့ ဆိုနိုင်တဲ့ နွေခေါင်ခေါင်အကျဆုံး ဇွန်လကြီးမှာ အနောက်တောင်မုတ်သုံလေက သယ်လာတဲ့ ရေခိုးရေငွေ့တွေနဲ့ မိုးတွေဖြိုင်ဖြိုင်ရွာပြီး၊ တရုတ်ပြည်ကုန်းတွင်းဘက် အအေးပိုင်းက အရှေ့မြောက်လေအေးတွေ ဝင်လာပြီဆိုရင် ဆောင်းရာသီဖြစ်သွားပြန်ရော၊ တောင်တန်းတွေက လေးစီးကြောင်းနဲ့ လိုက်လျောညီထွေ သွယ်တန်းနေတာကလည်း ဒီလိုရာသီတွေဖြစ်ဖို့ အကြောင်းရင်းတစ်ခုပဲ ဆိုနိုင်တယ်
.
. . . မြန်မာပြည် ရာသီဥတုကို ပိုင်းခြားကြည့်ရင် ရေလမ်းကြောင်းကလာတဲ့ မုတ်သုံမိုးရယ်၊ တရုတ်ပြည်ကလာတဲ့ မုတ်သုံဆောင်းရယ်၊ ဘယ်ဘယ်ကမှ ဘာလေမှ မတိုက်ရင် အထဲမှာတင် လေတွေရူးနေတဲ့ နွေရာသီရယ်ဆိုပြီး သုံးခုပဲရှိတာ၊ သိုးဆောင်းဘာသာစကားတတ်တဲ့ ဒီဘက်ခေတ်ကလေးတွေကို သူတို့ စာတွေထဲဖတ်ဖူး၊ နတ်သမီးပုံပြင်တွေထဲ ကြားဖူး၊ ဇာတ်ကားတွေထဲ ကြည့်ဖူးပြီး စိတ်ကူးယဉ်နေကြတဲ့ တခြားနိုင်ငံတွေက ရာသီလေးခုနဲ့ မြန်မာပြည်မှာရှိနေတဲ့ နွေမိုးဆောင်း ရာသီသုံးခု မတူကြောင်းရှင်းပြရတာ အင်မတန် လက်ဝင်လှတယ်
.
ဗိုလ်ကောင်း
၂ မေ ၂၀၂၁

Wednesday 14 April 2021

I Wandered Lonely as a Cloud



ဒီအချိန်မှာ အလွမ်းဆုံးကတော့ Daffodil ဆိုတဲ့ ပန်းလေးတွေ
.
မြန်မာလိုဆိုရင်တော့ ဒပ်ဖဒဲလ် လို့ အသံထွက်မယ်ထင်ရတဲ့ ဒီပန်းလေးတွေကို ကဗျာဆရာကြီး William Wordsworth ရဲ့ ကဗျာထဲ ဖတ်ရတုန်းကတည်းက သဘောတွေကျနေခဲ့တာ၊ ကိုယ်တွေ ငယ်ငယ်က အင်တာနက်ဆိုတာကြီးလည်း မရှိတော့ ပန်းပုံကိုတောင် မမြင်ခဲ့ဖူးပဲနဲ့ တိတ်တခိုး ကြိတ်ကြွေခဲ့ရတဲ့ ပန်းလေးတွေ၊ နောက်ပိုင်း အင်တာနက်တွေ သုံးတတ်လာတော့ ဒီပန်းလေးတွေကို ပုံထဲ မြင်ဖူးနေခဲ့ပေမယ့် အပြင်မှာတော့ မြင်ခွင့်ရအုံးမယ် မထင်မိခဲ့
.
. . . နောက်တော့ ဒီပန်းတွေ အပြိုင်းအရိုင်းပွင့်တဲ့ အရပ်ကို ရောက်သွားပြီး ဆောင်းကုန်လို့ နှင်းတွေများ အရည်ပျော်ပြီလားဆိုရင် ဖုံးထားတဲ့ နှင်းခဲတွေအောက်ကနေ အလုအယက်ထိုးထွက်ဖူးပွင့်ကြတဲ့ ပန်းတွေက ကိုယ့်ရဲ့ ပုံမှန်နွေဦးတေးသံတွေလို ဖြစ်လာခဲ့ရ၊ နှင်းတွေပျော်ချိန်ရောက်တိုင်း ဒီပန်းလေးတွေ ပွင့်လေ့ရှိတဲ့ နေရာတွေ၊ လမ်းဘေးတွေ၊ တောအုပ်တွေထဲ သွားသွားကြည့်ရ
.
. . . ဆိုင်ကလုန်းနာဂစ် လို့ လူတွေသိကြတဲ့ နာဂစ် ဆိုတာ ကိုယ်အရမ်းကြိုက်တဲ့ ကဗျာထဲက ဒီပန်းလေးတွေကို အူရဒူဘာသာနဲ့ခေါ်တဲ့နာမည် نرگس ပါလားဆိုတာ သိခဲ့ပြီးတဲ့အချိန်တုန်းက ဒီပန်းနာမည်ကို ခဏတော့ မုန်းခဲ့မိပေမယ့် တကယ်တမ်းဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်ကြီးမှာ ဒီပန်းလေးတွေ ပယောဂ မပါပါလားဆိုတာ ဆင်ခြင်မိတဲ့နောက်ပိုင်း ဒီပန်းလေးတေွကို ပြန်ချစ်သွားခဲ့ရပြန်
.
. . . ကိုယ်ချစ်တဲ့ ပန်းဝါဝါဖြူဖြူလေးတေွ ပွင့်တဲ့အရပ်ကို စွန့်ခွာခဲ့ရပေမယ့် ပန်းလေးတွေကို အခွင့်ကြုံတိုင်းလွမ်းမိဆဲ၊ ဟာကိုင်းစံတောင်ခြေက ယာအီရိုလွင်ပြင်ကြီးထဲမှာ ကိုယ်မရှိတော့ပေမယ့်လည်း ချိန်ခါရာသီရောက်တိုင်း ပွင့်နေကြမှာဖြစ်တဲ့ ပန်းလေးတွေ ကိုယ့်လို ချစ်တတ်သူတွေနဲ့ ဆုံနေပါစေလို့ ဆုတောင်းနေမြဲ
.
မောင်လွမ်းဝေ
၁၄ ဧပြီ ၂၀၂၁
.
The photo was taken on 10 April 2019

Tuesday 6 April 2021

ရွှေပွဲလာများ ရွှင်အားရဖို့



. . . ငယ်ငယ်တုန်းက ရွာမှာ အလှူတွေ ကထိန်တွေရှိတဲ့အခါ အငြိမ့်ခန်းက မပါမဖြစ်ပါတယ်၊ ကထိန်ဆိုရင် ဘုန်းကြီးကျောင်းဝင်းထဲ၊ အလှူဆိုရင် အလှူရှင်အိမ် မဏ္ဍပ်ထဲ၊ ရွာမှာက ဖျော်ဖြေစရာဆိုလို့ ပွဲလမ်းသဘင်ရှိမှ ကြည့်ရတာမို့ ကိုယ်တွေက မလွတ်တမ်း ကြည့်တာပါပဲ
.
. . . အငြိမ့်ကြည့်တိုင်းမှာ ကိုယ် ဘယ်တော့မှ မကြည့်ချင်ပေမယ့် ဘယ်တော့မှ ရှောင်လို့မလွတ်တဲ့ အခန်းတစ်ခန်းက အမြဲတမ်းပါတယ်၊ အဲဒါကတော့ ကချေသည် သီချင်း သရုပ်ဖော်ခန်းပဲ
.
. . . စာရေးဆရာ ဘုတလင်ချစ်လေးရဲ့ ကချေသည် ကဗျာကို စန္ဒရားအောင်ခင်က သံစဉ်ထည့်ပြီး ဒေါ်မေစီ ဆိုလိုက်တဲ့ ဒီသီချင်းလေးကို အလွန်ကို ကြိုက်ပေမယ့် ဇာတ်စင်ပေါ်မှာ အငြိမ့်သမက ဒီသီချင်းလေးကို သရုပ်ဖော်က၊ တစ်ချိန်လုံး ဟီလာတိုက်နေတဲ့ လူပြက်က ဒီအခန်းလည်းရောက်ရော သူ့ကိုယ်သူ ဇာတ်ဆရာပါဆိုပြီး အငြိမ့်သမလေးကို ရိုက်မောင်းပုတ်မောင်းလုပ်၊ အငြိမ့်သမလေးခမျာ ငိုချင်လျက်နဲ့ ရီလိုက်ရ၊ ရီချင်လျက်နဲ့ ငိုလိုက်ရ၊ ဇာတ်ဆရာအလိုကျပေါ့လေ
.
. . . ကိုယ်ကလည်း ဘာတွေညာတွေ မခံစားတတ်သေးတဲ့ ကလေးတုန်းကတောင်မှ အငြိမ့်သမလေးကို ဇာတ်ဆရာက အနိုင်ကျင့်နေတာ မြင်ရတဲ့အခါ အငြိမ့်သမလေးကို သနားမိ၊ သူ့ခမျာ ငိုချင်နေလျက်နဲ့မျက်ရည်စက်လက်သုတ်ပြီး ရီပြရတဲ့အခါ ကိုယ့်မှာ ရင်နင့်မိ၊ အရင်အခန်းတွေတုန်းက သဘောတွေကျနေခဲ့တဲ့ ဇာတ်ဆရာလုပ်တဲ့ လူပြက်ကြီးကို ခဏတော့ မုန်းလိုက်မိနဲ့၊ အခုထိကို ဒီသီချင်းလေးကို နားထောင်မိတိုင်း ဇာတ်စင်ပေါ်က အငြိမ့်သမလေးကို စိတ်မျက်စိထဲ မြင်ယောင်မိပြီး သနားနေမိတုန်း
.
. . . အငြိမ့်သမလေးကို သနားနေမိတဲ့ကိုယ့်ခမျာမှာ ဂုဏ်ရည်မတူဇာတ်ကားထဲက မေသစ်ကို သနားလို့ မျက်ရည်လည်နေရတဲ့ အိန္ဒိယတိုင်းရင်းသားလေး ချိုတကူးဖြစ်မှန်းမသိ ဖြစ်နေတာကို သတိထားမိပြန်တော့လည်း သူ့ကိုပဲ ဆက်သနားရမလို၊ ကိုယ့်ဘာသာပဲ ပြန်သနားရတော့မလို
.
ဗိုလ်ကောင်း
၆ ဧပြီ ၂၀၂၁
.
ကချေသည်သီချင်းမူရင်းအဆိုကို ဒီမှာနားထောင်နိုင်ပါတယ်
https://www.youtube.com/watch?v=Fg6GHf9fK84
.
Photo credit: ပန်းချီထွန်းနိုင်၏ ကချေသည် ပန်းချီကားတွဲမှ ယူထားပါသည်

Saturday 20 March 2021

ကြောက်ဖွယ့်လျှာ



. . . မီးဖွားပြီးစ ခုနစ်ရက်သားလေးမှာပဲ အမေဖြစ်သူ လွန်ရှာလေတဲ့ မိတဆိုးလေး ဖြစ်ရတာမို့ အဖေ သုဒ္ဓေါဒနမင်းကြီးက အချစ်ပိုရတယ်၊ ဒီကြားထဲ မင်းသားလေးကို ရှေ့ဖြစ်ဟောစမ်းဟဲ့လို့ ဗေဒင်ဆရာတွေ မေးပြန်တော့ တခြားသူတွေက ဘုရားရင်လည်းဖြစ်မယ်၊ စကြ်ဝတေးမင်းရင်လည်း ဖြစ်မယ်ဆိုပြီး နှစ်ခွဟောကြပေမယ့် ကောဏ္ဍညအနွယ် သုဒတ္ထပုဏ္ဏားငယ်က သူ့ရဲ့ ဗေဒင်ပညာက ဧကံသဗျာကရဏ တစ်ကြောင်းတည်းသော အဟောကိုသာ ဟောမယ်ဆိုပြီး ဒီမင်းသားဟာ အသက် ၂၉ နှစ်မှာ နိမိတ်ကြီးလေးပါးကိုမြင်ပြီး တောထွက်မယ် ဘုရားစင်စစ်ဧကန်ဖြစ်မယ်လို့ ရဲရဲတောက် ဟောချလိုက်လေတော့ ဒီလောက်ကြီး မှန်အောင် ဟောရပါ့မလားဆို ပုဏ္ဏားကို နန်းတော်ထဲက ဆွဲထုတ်မယ်လုပ်၊ ပုဏ္ဏားကလည်း ခေသူမဟုတ်၊ အေး နင်တို့ဆွဲထုတ်တာတော့ မခံဘူး၊ ငါ့ဘာသာငါထွက်ပြီး ဘုရားရဲ့ တရားဦးနာရအောင် မိဂါဒါဝုန်တောက စောင့်မယ်ဟေ့ ဆိုပြီး သွားကြိုစောင့်နေတာ၊ ဘုရားလည်းဖြစ်ပြီးရော ဓမ္မစကြ်ာတရားကို နာခွင့်ရတဲ့ ပဉ္စဝဂ္ဂီငါးဦးထဲမှာ ပထမဆုံး သောတာပတ္တိဖိုလ်ရတဲ့ ဧတဒဂ်ခံ ရဟန္တာမထေရ်ကြီး ဖြစ်ပါလေရောလား
.
. . . သိဒ္ဓတ္ထမင်းသားလေး တောထွက်သွားမှာကြောက်လို့ မြို့ရိုးတွေဆင့်ကာ အစောင့်တွေ အထပ်ထပ်ချ၊ နိမိတ်ကြီးလေးပါးမြင်မှာစိုးလို့ ဖအေကြီးက ပိတ်ကာဆီးထားတဲ့ကြားက နတ်တွေ လာအလင်းပြလို့ နိမိတ်ကြီးတွေမြင်ရ၊ တောထွက်တော့လည်း ဖွားဖက်တော် ကဏ္ဍကမြင်းက ငါ့သခင်ကို ပါရမီဖြည့်ခွင့်ရပဟဲ့လို့ ဝမ်းမြောက်ဝမ်းသာ ဟီတာကိုတောင် မြင်းဟီသံကြားရင် ဘုရားလောင်း တောထွက်ပျက်ရချည်ရဲ့ဆိုပြီး နတ်တွေက မြင်းဟီသံဘယ်သူမှမကြားအောင် ပိတ်ကာဆီးထားကြ၊ မင်းသားက တောထွက်သွား
.
. . . ဟင် ဒီလောက် အထပ်ထပ် မြို့ရိုးတွေဆင့် အစောင့်တွေချထားတဲ့ကြားက ချစ်လှတဲ့အဖေကြီးကိုထားပြီး တောထွက်သွားရက်လေတဲ့သားဆိုပြီး အဖေသုဒ္ဓေါဒနမင်းကြီးမှာ အသည်းတွေကွဲရရှာတာပေါ့။ ငါ့သားလေး ဘုရားဖြစ်ပြီးတော့လည်း ဖအေကြီးဆီ ခြေဦးမလှည့်လေတော့ လွမ်းလှတဲ့သားကို အခေါ်တော်လွှတ်ရလေတယ်
.
“ . . . ဘွားပြည်တော်က၊ သုဒ္ဓေါ်မည်ရင်း၊ မွေးဘမင်းလျှင်၊ သည်းတွင်ညွတ်ခွေ၊ လွမ်းရက်ရေသော်၊ ကြာထွေမြင့်လစ်၊ ခုနစ်နှစ်လျှင်၊ မျှလောက်စင်တည့်၊ အသျှင်ဘုရား၊ စောထွတ်ဖျားကို၊ စကားတင်းသံ၊ တို့ သံ သွတ်လှယ်၊ တုံ့ပယ်ကြောင်းစ၊ မသိရ၍၊ ကြင်ဆလွမ်းမှု . . .”
.
. . . ဘုရားကို အပင့်လွှတ်လိုက်တဲ့ အမတ်တွေဆိုတာလည်း ပါရမီကံ အထိုက်အလျောက်ပါလာပြီးသားမို့ ဘုရားဆီရောက် တရားနာရတယ်ဆိုရင်ပဲ လာရင်းကိစ္စကို မေ့ပြီး ရဟန်းဝတ်နေလိုက်ပြီး ပြန်မလာကြတော့ နောက်ဆုံး ဘုရားရဲ့ ဖွားဖက်တော် ကာဠုဒါယီအမတ်ကို လွှတ်ရတယ်၊ အေး မောင်ကာဠု သွားချေ မင်းဖွားဖက်တော်ဘုရားကို ပင့်ခဲ့ချေ၊ အရင်လွှတ်လိုက်တဲ့ အမတ်တွေလိုပဲ ရဟန်းဝတ်ချင်လည်းဝတ် ငါမတား ဒါပေမယ့် ငါ့သားတော်လေးကိုတော့ ရအောင်ခေါ်ခဲ့ပေးပါကွယ်ဆိုတော့ အမိန့်တော်မြတ်အတိုင်းပါဘုရားပေါ့
.
. . . မင်းသားကြီး ရွှေမန်းတင်မောင်ရဲ့ မဟာဗုဒ္ဓဝင် လေးတော်တင်ခန်းထဲက ကာဠုဒါယီအမတ်ဟာ ပလီတတ်လှချည့်ဆိုပြီး သဘောကျနေခဲ့တာ ရှင်အုံးညိုရဲ့ ဂါထာခြောက်ဆယ်ပျို့ကို ဖတ်မိတော့မှပဲ ကိုယ်သိထားတဲ့ မောင်ကာဠုပလီတယ်ဆိုတာ ဘာဟုတ်သေးလို့လဲလို့ အောက်မေ့မိတယ်၊ တကယ်တမ်းကျတော့ သုဒ္ဓေါဘုရင်ကြီးခမျာ သားတော်သိဒ္ဓတ္ထ မရှိလေကတည်းက သားတော်နဲ့ တစ်ရက်တည်းဖွားတဲ့ မောင်ကာဠုကို သားတော်အမှတ်နဲ့ ချစ်ခဲ့စောင့်ရှောက်ခဲ့ရတာမို့ အမတ်ကိုးယောက်ကို အလုပ်အကျွေးတစ်ထောင်စီနဲ့ ကိုးခေါက်လွှတ်လိုက်တာတောင် ရဟန်းဝတ်နေပြီး ဘုရားကိုတော့ ရအောင်ရအောင် မပင့်လာခဲ့ကြလို့ နောက်ဆုံး သားနဲ့မခြားချစ်ရတဲ့ မောင်ကာဠုကို လွှတ်လိုက်ရတာ၊
.
. . . မောင်ကာဠုကလည်း ခေတဲ့သူတော့မဟုတ်၊ ဘုရားကိုပင့်ဖို့သွားတဲ့ ခရီးမှာ ဘုရားနဲ့တွေ့ရင် ဘာတွေပြောပြီး ရအောင်ပင့်မယ်လို့များ စိတ်ကူးစာစီသွားလားမှတ်ရ၊ ဘုရားနဲ့လည်းတွေ့ရော သူစိတ်ကူးစီထားတဲ့ ဂါထာလို့ဆိုရတဲ့ ကဗျာအပုဒ်ပေါင်း ခြောက်ဆယ်တိတိနဲ့ ဘုရားကို ဖခမည်းတော်ဆီ ကြွသင့်ကြောင်း လျှောက်တော့တာကလား
.
. . . အဲသည်ဂါထာတွေထဲမှာ ဆောင်းကူးနွေစ တပေါင်းလသာယာပုံတွေကို ဖွဲ့ဆိုထားတာက ၃ ကဗျာ၊ တောလမ်းခရီး သစ်သီးမျိုးစုံသီးကြပုံကို ဖွဲ့ဆိုထားတာက ၈ ကဗျာ၊ တောလုံးအနှံ့ ပန်းရနံ့ သင်းပျံ့နေပုံကို ဖွဲ့ထားတာက ၇ ကဗျာ၊ သားမျိုးစုံစုဝေး၍ ဟစ်ကြွေးနေပုံကိုဖွဲ့ထားတာက ၈ ကဗျာ၊ ငှက်ပေါင်းဆင့်ဆင့် ကျူးရင့်နေပုံကို ဖွဲ့ထားတာက ၇ ကဗျာ၊ နဲ့ ရေကန်သာလှ အေးမြနေပုံကို ဖွဲ့ထားတာက ၆ ကဗျာ စုစုပေါင်း ကဗျာ ခြောက်ဆယ်အနက် သုံးဆယ့်ကိုးကဗျာက တောတောင်ခရီးသာယာပုံကို ဖွဲ့ထားတာတဲ့
.
. . . ရာဇဂြိုလ်ပြည်ကို ပြာသိုလကတည်းက ရောက်ရှိသီတင်းသုံးနေတဲ့ မြတ်စွာဘုရားကို ကာဠုဒါယီအမတ်ရောက်တဲ့အချိန်က တပေါင်းလတဲ့၊ အထက်က ဖွဲ့သီထားတဲ့ ကဗျာတွေက ဘုရားရှင်သီတင်းသုံးတော်မူရာ ရာဇဂြိုဟ်ပြည်နဲ့ မွေးဇာတိ ဒေဝဒဟပြည်အကြားက တောလမ်းခရီးသာယာပုံဟာ တစ်နည်းဆိုရရင်ဖြင့် တပေါင်းလရဲ့ ရာသီဖွဲ့လို့ ဆိုရမှာပါတဲ့၊ ပါဠိလို မဖတ်တတ်လို့ မူရင်းဂါထာတွေမှာ ဘယ်လိုဖွဲ့ထားလဲ မဆိုနိုင်ပေမယ့်၊ ရှင်အုန်းညိုရေးတဲ့ ဂါထာခြောက်ဆယ်ပျို့မှာတော့ လမ်းခရီးသာယာပုံကို တစ်ပုဒ်တစ်ပါဒချင်းစီ ဖွဲ့ဆိုပြထားတာများ အလွန်ကို အသေးစိတ်ချယ်မှုန်းထားတဲ့ ပန်းချီကားတစ်ချပ် ကြည့်ရသလိုပ
.
. . . ကိလေသာတွေ အကုန်အစင်ပယ်သတ်ပြီး ဖြစ်တော်မူတဲ့ မြတ်စွာဘုရားအဖို့တော့ ကာဠုဒါယီအမတ်ရဲ့ လမ်းခရီးအလှအပ သာယာပုံတွေနဲ့ အဖေ့အိမ်ပြန်လိုက်ခဲ့ဖို့ ပလီတာတွေကို ဘယ်မှာ ရင်ခုန်လိမ့်မတုန်း၊ သို့သော်လည်း ကာဠုဒါယီအမတ်ရဲ့ ဂါထာခြောက်ဆယ်ကို အခြေခံမြန်မာမှုရေးဖွဲ့ထားတဲ့ ရှင်အုန်းညိုရေးတဲ့ ဂါထာခြောက်ဆယ်ပျို့ကိုတော့ ကိုယ်က အင်မတန်ကြွေတယ်၊ အဲသည်ပျို့ကို ဖတ်ပြီးတဲ့နောက်ပိုင်း ကိုယ်ဖြတ်သန်းခဲ့ရတဲ့ တပေါင်းလတွေကလည်း ဒီပျို့ကဗျာရှည်ကြီးထဲကလို လှပခဲ့တယ်၊ နှစ်စဉ်နှစ်တိုင်းရဲ့ တပေါင်းလတွေကို ကိုယ်အမှတ်ထင်ထင် တမြတ်တနိုး တန်ဖိုးထား တသနေခဲ့ရတာပေမယ့်
.
ဗိုလ်ကောင်း
တပေါင်းလဆန်း ၈ ရက်
မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်
.
The photo was taken on 17 March 2020 at my residence
.
ရှင်အုန်းညိုရေးတဲ့ ဂါထာခြောက်ဆယ်ပျို့ကို ဒီမှာအစအဆုံး ဖတ်နိုင်ပါတယ်
https://my.wikipedia.org/.../%E1%80%82%E1%80%AB%E1%80%91...

Friday 19 March 2021

ညညောင်းတာရှည်ကုန်ပါစေ

 

. . . ညတာရှည်ရင် အိပ်မက်များတယ်ဆိုတာ အကောင်းပြောတဲ့စကားလား မကောင်းပြောတဲ့စကားလား မသိပေမယ့် ညတာရှည်တာကို မလိုလားတဲ့သူများအတွက် ဝမ်းသာစရာ သတင်းစကားပါးရရင် ရှည်တဲ့ညတာတွေ ဒီနေ့ကစလို့ ကုန်ဆုံးပါပြီ
.
. . . အဆုံးအစမထင်တဲ့ အာကာသဟင်းလင်းပြင်ကြီးထဲ နဂါးငွေ့တန်းဂလက်ဆီဆိုတဲ့ ကြယ်အစုအဝေးထဲက အသေးစားကြယ်လေးတစ်လုံးကို ဝန်းရံဖွဲ့စည်းထားတဲ့ နေအဖွဲ့အစည်းထဲက ကမ္ဘာဆိုတာ ဘာဆိုဘာမှ မဟုတ်တဲ့ အစက်အပြောက်လေးတစ်ခုသာဆိုပေမယ့် သူ့ကမ္ဘာမှာတော့ သူ့အထွာနဲ့သူ ဆူကြုံနိမ့်မြင့် လောကဓံတွေဆိုတာလည်း အရှိသားပေါ့
.
. . . အဲသည် ဘာမဟုတ်တဲ့ ကမ္ဘာလေးဟာ သူ့ဘာသာ ခပ်စောင်းစောင်းလေး လည်နေရင်း တစ်ချိန်တည်းမှာပဲ နေကိုလည်း ပတ်နေရသေးတာဆိုတော့ အဲသည် ကမ္ဘာကြီးမြောက်ဘက်ခြမ်းက ရှမ်းရိုးမအခြေမှာရှိတဲ့ ကိုယ်နေတဲ့အိမ်ကလေးကလည်း တစ်နှစ်ဆိုတဲ့ ဆယ့်နှစ်လအတွင်းမှာ နေ့တာအရှည်ဆုံးမို့ အပူဆုံးနေ့တွေကြုံလိုက်၊ ညတာအရှည်ဆုံးမို့ အအေးဆုံးနေ့တွေဆုံလိုက်၊ အဲသည်အစွန်းနှစ်ဘက်ကြား ဟိုဘက်သွားတစ်ခါ ဒီဘက်ပြန်တစ်ခါ နေ့တာညတာ တူမျှပါတဲ့ဆိုတဲ့ နေ့ရက်တွေကိုကြုံရလိုက်နဲ့ လုံးချာလည်လိုက်နေသတဲ့လေ
.
. . . မနှစ်က ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ညတာအရှည်ဆုံးကို ကြုံခဲ့ရပြီးတဲ့နောက် ရှည်လျားလှတဲ့ ညတာတွေ တဖြည်းဖြည်းတိုလာလိုက်တာ မနက်ဖြန် မတ်လ ၂၀ ရက်ဆိုရင် ညတာနဲ့ နေ့တာ ကာလညီတူညီမျှဖြစ်တဲ့ အခါကို ရောက်ပါပြီ၊ ပြီးရင်တော့ လောကဓမ္မတာအတိုင်း နေ့တာတွေ တဖြည်းဖြည်း ရှည်လာတော့မှာပါ
.
. . . ကြိုက်သည်ဖြစ်ဖြစ် မကြိုက်သည်ဖြစ်ဖြစ် ဟောသည်ကမ္ဘာကြီးက အခုလိုပုံမှန်လည်နေရင်း နေကိုပတ်နေတာ မပျက်သရွေ့တော့ ကမ္ဘာကြီးပေါ်က ဗိုလ်ကောင်းတို့အိမ်လေးလည်း နေ့တာရှည်တဲ့ရက်တွေကြုံလိုက် နေ့တာတိုတဲ့ရက်တွေကြုံလိုက်၊ မကြိုက်ရင်လည်း သည်းခံလိုက် ကြိုက်ရင်လည်း ပျော်နေလိုက်ဆိုပေမယ့် ကိုယ့်ရဲ့ ကြိုက်ခြင်းမကြိုက်ခြင်းတွေကို ကမ္ဘာကြီးက ထည့်တွက်နေမှာ မဟုတ်ဘဲ သူ့လည်စရာရှိတာ လည်ပတ်ပြောင်းလဲနေမှာပါပဲ
.
. . . ကိုယ်လုပ်လို့ရတာဆိုလို့ နေ့တာတိုလည်း တိုအလျောက်၊ ရှည်လည်းရှည်အလျောက်၊ ညီလည်းညီအလျောက် သင့်တင့်လျောက်ပတ်အောင် ကျင့်ကြံနေထိုင်ပြီး မကြိုက်တာလာလို့လည်း အရမ်းကြီး စိတ်မညစ်အောင်၊ ကြိုက်တာလာလို့လည်း အရမ်းကြီးပျော်မသွားအောင် ယောနိသောမနသီကာရ သင့်တင့်တဲ့ သဘောကိုဆောက်တည်နိုင်အောင် နှလုံးသွင်းရမှာပ
.
. . . ကမ္ဘာကြီးက သူ့သဘောသူဆောင်နေတာကို ကိုယ်သဘောမတွေ့တာနဲ့ပဲ ငိုနေရမယ်ဆို ကျနော်တို့မှာ ရယ်ဖို့အချိန်တောင် ကျန်ချင်မှကျန်တော့မှာမို့လား
.
ဗိုလ်ကောင်း
၁၉ မတ် ၂၀၂၁
.
#VernalEquinox2021

Monday 15 March 2021

ပျဉ်းမဇာတ်ပေါင်း



. . . ပျဉ်းမ လို့ကြားလိုက်ရင် မျက်စိအေးစရာ ခရမ်းရောင်ပန်းလေးတွေ ဝေနေအောင်ပွင့်တဲ့ အရိပ်ကောင်းကောင်း သစ်ပင်ကြီးကို မမြင်မိဘဲ ငယ်ငယ်က ခဏခဏ နားထောင်ခဲ့ဖူးတဲ့ ပျဉ်းမငုတ်တို ဇာတ်လမ်းရယ်၊ ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ ပျဉ်းမငုတ်တိုကဗျာထဲက ခြတက်ခံရလိုက်၊ ဓားထစ်ခံရလိုက်၊ လေပြင်းတိုက်ခံရလိုက် နဲ့ သစ်ခေါင်းအဆွေးကြီးနဲ့ ကုန်းကမူထက်မှာ ထီးထီးကြီးရှိနေတဲ့ အပင်ငုတ်တိုကြီးပဲ ပြေးပြေးမြင်နေမိတာ
.
. . . ဆယ်တန်းအောင်ပြီးတဲ့ပထမဆုံး နွေမှာ ပျဉ်းမပန်း ခရမ်းရောင်လေးတွေကို စတွေ့ဖူးတုန်းက ကိုယ်သိခဲ့တဲ့ ပျဉ်းမပင်လူကြမ်းကြီးဟာ ဒီလိုပန်းလှလှလေးတွေလည်း ပွင့်ပေးတတ်ပါလားဆိုတာ သိရတော့ တအံ့တဩ ဖြစ်မိသေးတာ။ ကဗျာထဲမှာကျတော့လည်း ပျဉ်းမပင်ကြီး ဘယ်လောက်ပဲ အခုတ်အထစ်ခံရရ ခြတက်ခံရရ လေပြင်းတိုက်ခံရရ နွေရောက်ပြီဆိုတာနဲ့ ရွက်ဟောင်းတွေကြွေပြီး ရွက်သစ်တွေဝေလို့ ငယ်ရုပ်ဆင်တယ်လို့ပဲ ရေးထားတာကိုး၊ ခရမ်းရောင်ပန်းလေးတွေ လှနေအောင်လည်းပွင့်ပေးသေးတယ်ဆိုတာကို ဆရာကြီး မင်းသုဝဏ် ဘာလို့များ ထည့်မရေးသွားပါလိမ့်လို့ တွေးမိခဲ့သေးတယ်၊
.
. . . ကဗျာဆရာကြီးက ပျဉ်းမပင်ကြီးရဲ့လောကဓံအထုအထောင်းကို ခံနိုင်ရည်ရှိတဲ့အကြောင်းကို သက်ကျားအိုဆိုတဲ့ စကားလုံး၊ ယောက်ျားကောင်းဆိုတဲ့ စကားလုံးတွေနဲ့ တန်ဆာဆင် ရေးထားခဲ့လေတော့ ကိုယ်တွေမျာ ပျဉ်းမလို့ဆိုလိုက်တာနဲ့ တောင်ကုန်းထက်က ထီးထီးကြီးရှိနေတဲ့အပင်ငုတ်တိုကြီး ဘယ်လောက်အသင်းခံရရ အချိန်တန်ရင် အရွက်တွေ တဝေဝေနဲ့ လူကြမ်းကြီးလို့မြင်နေတော့အောင်၊ ဇာတ်လမ်းတွေမှာဆိုရင်လည်း ပျဉ်းမဆိုတဲ့ အသံကြားတာနဲ့ဖက်ဆစ်တော်လှန်ရေး ဇာတ်ကောင်တွေနဲ့အတူတူ သေနတ်သံတညံညံကိုပါ ကြားယောင်လာအောင် တမင်များ ရေးခဲ့လေသလားလို့တောင် တစ်ခါတစ်လေ စိတ်ထဲကွက်မိတယ်
.
. . . ကိုယ်သာ ဆရာကြီး မင်းသုဝဏ်လို ကဗျာကောင်းကောင်းရေးတတ်ခဲ့ရင် သက်ကျားအိုလူကြမ်းကြီး ပျဉ်းမငုတ်တိုကို အလှသွေးကြွယ်တဲ့ ခရမ်းရောင်လုံမပျိုလေးအဖြစ် ဘဝပြန်ပြောင်းမယ်၊ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်တို့လို့ ဝတ္ထုရှည်ကြီးတွေ ရေးတတ်ခဲ့ရင်လည်း ပျဉ်းမပန်းတွေရဲ့ အလှနဲ့ ပျဉ်းမပင်တွေရဲ့ အရိပ်အာဝါသအကြောင်းကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကိုယ်ဖြတ်သန်းခဲ့တဲ့ ခေတ်တွေနောက်ခံထားပြီး ဂန္တဝင်တွင်မယ့် ဝတ္ထုရှည်ကြီးတစ်ပုဒ် ရေးမယ်၊ ဖြစ်နိုင်ရင် နေပြည်တော်ရာဇဌာနီ လမ်းမကြီးဘေးက နွေရောက်ရင်ဝေနေအောင်ပွင့်တဲ့ ပျဉ်းမပင်တန်းကြီးတွေကိုပါ ဇာတ်ကောင်လုပ်ပြီး အားလုံးပျော်ရွှင်ကြလေသတည်းနဲ့ ဇာတ်သိမ်းတဲ့ ဇာတ်လမ်းကြီးတစ်ပုဒ် ကိုယ်မသေခင်တော့ ရေးခဲ့နိုင်ချင်တယ်၊ ကိုယ်မရေးဖြစ်ဘူးဆိုရင်လည်း ရေးနိုင်တဲ့သူတွေ ရေးကြစေချင်သေးတယ်
.
ဗိုလ်ကောင်း
၁၅ မတ် ၂၀၂၁
.
ဓာတ်ပုံက နေပြည်တော် ရာဇဌာနီလမ်းမကြီးဘေးက ပျဉ်းမပင်တန်းမှာ ၂၀၂၀ ဧပြီ၂၅ က ရိုက်ထားတာ

Tuesday 9 March 2021

ခွာညိုရာသီ



. . . ပြာသိုလွန် တပို့တွဲ ဆုပ်တဲ့ရက်မို့ ခွာညိုရာသီက ကုန်ခဲ့ပြီဆိုပေမယ့် ကျနော့်ရဲ့ ခွာညိုမလေးကတော့ ဖူးပွင့်စ အချိန်တုန်းကလို လန်းဆန်းညိုစင် မွှေးမြနေဆဲပဲဆိုတာ ရုတ်တရက် သိလိုက်ရချိန်မှာ ကိုယ့်ဘာသာကိုယ်တောင် အံ့ဩသွားမိခဲ့တယ်၊
.
. . . ခွာညိုရာသီက ကုန်ခဲ့ပြီ မဟုတ်ဘူးလား၊ ရင်ထဲမှာ ပွင့်ခဲ့ဖူးတဲ့ ခွာညိုပန်းလေး တစ်ခက်က နှစ်ပေါင်းဒီလောက်ကြာတာတောင် လန်းနေဝေနေဆဲဆိုတာ ကျနော့်ဘာ့ကြောင့် မေ့လျော့နေခဲ့မိတာပါလိမ့်
.
. . . မဆုံဖြစ်ခဲ့ကြပေမယ့် ကျနော်နဲ့ ခွာညိုမလေးတို့ ရေခြားမြေခြားမှာ နှစ်တွေနဲ့ချီပြီး အတူတူ ရှိနေခဲ့ကြတာပဲ ဆိုတဲ့အသိက အိပ်ပျော်နေတဲ့ ကိုယ့်ရဲ့ ခွာညိုပန်းရုံလေးကို လှုပ်နှိုးလိုက်သလို ခွာညိုနဲ့တွေ လေအဝေ့မှာ သင်းကနဲ ဆွတ်ပျံ့သွားသလို ကိုယ်တိုင်ကလည်း နှစ်ပေါင်းများစွာ ပြန်ငယ်သွားပြီး အထက်တန်းကျောင်းသားလေး ချက်ချင်းဖြစ်သွားသလိုတောင် ထင်မိပါရဲ့
.
. . . ကိုယ်တိုင်စိုက်ထားတဲ့ ခွာညိုပန်းရုံက ပွင့်လာတဲ့ ပန်းလေးတွေကို ဘဝရဲ့ ပထမဆုံး ပန်းလက်ဆောင်အဖြစ် ခွာညိုမလေးကို ပေးလိုက်တုန်းက ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတာရယ်၊ ပန်းလေးကို သူလက်ခံလိုက်တော့ နေ့ပေါင်းရက်ပေါင်းများစွာ ဆက်ပြီး ကြည်နူးရွှင်ပျနေခဲ့မိတာရယ်တွေ တစ်ခါပြန်ပြီး ရှင်သန်ထမြောက်လာသလိုတောင် ခံစားမိ
.
. . . ကောင်မလေးတွေ အသားဖြူမှ လှတယ်လို့ ထင်ခဲ့မိတဲ့အထင်ဟာ ဒီခွာညိုမလေးနဲ့တွေ့မှ ကဗျာတွေထဲက မိန်းကလေးအလှဖွဲ့တွေကို ပိုပြီး ခံစားတတ်သွားခဲ့တယ်၊ အော် ဒီစာဆိုတွေ ကြွေခဲ့တဲ့ မိန်းကလေးတွေလည်း ငါ့ရဲ့ ခွာညိုမလေးလို ညိုစိမ့်စိမ့်လေးနဲ့ လှနေခဲ့ကြရှာမှာပဲဆိုပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကဗျာထဲက မိန်းကလေးတွေကိုတောင် လှမ်းပြီး သဘောကျမိလောက်အောင် ကျနော့်နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တဲ့ ခွာညိုမလေး
.
. . . ကတီပါသေတ္တာလေးထဲ တယုတယ ထည့်သိမ်းထားတဲ့ စက္ကူခေါက်လေးထဲက ခွာညိုပန်းလေးတွေကတော့ ဆယ်စုနှစ် နှစ်ခုစာလောက်အပြီးမှာ ပွင့်ဖတ်လေးတွေ အကုန်ကြွေကျပြီး ပန်းညှာတံလေးတွေပဲ ကိုင်ကြည့်လို့ရလောက်အောင် သွေ့လျော်နှောင်းမြေ့နေပြီပေမယ့် ရင်ထဲမှာ အသစ်ပြန်ရှင်သန်လာတဲ့ ခွာညိုပန်းလေးကို အပြင်မှာလည်း မွှေးမြနေရအောင် အိမ်မှာ ခွာညိုပန်းရုံစိုက်တော့မယ်လို့ စိတ်ကူးမိတယ်၊ ပွင့်လာမယ့် ခွာညိုပန်းလေးတွေက ဟိုးလွန်ခဲ့တဲ့ နှစ်များစွာဆီက ခွာညိုပန်းလေးတွေ ပြန်နိုးထလာတယ်ဆိုတာ သေချာအောင် ကတီပါသေတ္တာထဲက စက္ကူနဲ့ ထုပ်ထားတဲ့ ခွာညိုပန်းခြောက်လေးတွေကို အပြင်စိုက်ဖို့ တွင်းတူးတဲ့အခါ အောက်ဆုံးမှာထားပြီး အပင်ကိုစိုက်မယ်၊ ကျနော့်ရဲ့ ခွာညိုပန်းရုံက ခွာညိုပန်းလေးတွေ ဝေနေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် အဲသည် ပန်းရုံကြီးအောက်မှာ ကိုယ့်ရဲ့ သမီးလေးကို ဖေဖေ့ရဲ့ တစ်ချိန်တုန်းက ခွာညိုပန်းလေးအကြောင်း တခမ်းတနား ပြောပြမယ်၊ သူ့အမေတော့ မသိစေနဲ့ပေါ့လေ
.
မောင်လွမ်းဝေ
၉ မတ် ၂၀၂၁
.
Clematis smilacifolia
.
Photo credit: https://i.pinimg.com/.../867ff18e78f7e61fd7987b6964573e2a...

Sunday 7 March 2021

နွေဦးတေးသီ



. . .​နွေဦးပေါက်ပြီဆိုတာနဲ့ သူ့အသံလေးတွေကို ဟိုနေရာ ဒီနေရာမှာကြားရတယ်၊ နွေဦးရဲ့ တေးသံလို့လည်း စာတွေကဗျာတွေက ဆိုကြတယ်၊ အသံသာကြားရပြီး ရှာရင်တော့ မတွေ့တာမို့ ပုန်းများပုန်းနေသလားလို့လည်း သီချင်းတွေထဲမှာ ဆိုကြတယ်၊ အသံသာယာမှုနဲ့ ပတ်သက်လာရင် အနုအလှ သမုဒယတွေနဲ့ ပတ်သက်လာရင် မော်ကွန်းအတင်ခံရဆုံး သတ္တဝါလေးလို့တောင် ဆိုရမလိုပါပဲ၊ ဒီလို ကဗျာတွေစာတွေ ဖွဲ့သီခံရတဲ့ ဥဩလေးဟာ သူ့အသံလေးလိုပဲ သာယာချိုအေးတဲ့ သတ္တဝါလေး ဟုတ်ပါရဲ့လား
.
. . .​ဥဩမှာ ထူးခြားတဲ့ သဘာဝလေးတွေရှိပါတယ်၊ အထူးခြားဆုံးကတော့ ကိုယ်တိုင် အသိုက်မဆောက်ဘဲ တခြားငှက်တွေရဲ့ အသိုက်ထဲမှာ သွားပြီး ဥဥတာပါ၊ အာ့လိုဥတာတောင်မှ သူဥမည့် အသိုက်ဆောက်ပြီးပြီးချင်း အိမ်ရှင် မဥခင် ဝင်ဥတာ မဟုတ်ပါဘူး၊ အိမ်ရှင်ငှက် ဥဥနေတုန်း ကာလမှာ သူ့ဥတစ်လုံးကို အသိုက်ထဲက ပစ်ချပြီး သူ့ဥနဲ့ အစားထိုးထားလိုက်တာပါ၊ ငှက်တွေမှာလည်း ကိုယ့်ဥကိုယ် သိနိုင်တဲ့ မျက်လုံးရှိတာမို့ ဥဩငှက်တွေဟာ သူတို့နဲ့ ဥချင်းတူတဲ့ ငှက်တွေရဲ့ အသိုက်မှာပဲ ဝင်ဥပါသတဲ့၊ အင်မတန်ကို ပရိယာယ်များလှတဲ့ ဥဩလေး
.
. . .​သူများအသိုက်ထဲ ဥဝင်ဥတဲ့အထိတော့ ပြဿနာ မဟုတ်သေးပါဘူး၊ တကယ့်ပြဿနာက အကောင်ပေါက်လာတဲ့အချိန်မှပါ၊ ဥဩငှက်တွေက သူတို့ ဝင်ဥတဲ့ ငှက်တွေထက် အကောင်ပေါက်စောလေ့ရှိပါသတဲ့၊ ဥဩငှက် အကောင်ပေါက်ပြီလားဆိုရင် သူ့ရဲ့ မျိုးရိုးဗီဇ သဘောအရကို အသိုက်ထဲက အိမ်ရှင်ငှက်ဥတွေကို ကန်ချတာပါပဲ၊ အိမ်ရှင် ငှက်ဥတွေ အကောင်ပေါက်ပြီဆိုရင်လည်း အဲသည် အကောင်ပေါက်လေးတွေကို ကန်ချတာပါပဲတဲ့
.
. . .​ပြီးတော့ ဥဩပေါက်လေးတွေက အစာတောင်းအသံလည်း အင်မတန်ကျယ်သတဲ့၊ သူအစာတောင်းတဲ့ အသံက သူကန်ချခဲ့တဲ့ အိမ်ရှင်ငှက်ဥတွေက ပေါက်လာမယ့် အကောင်သုံးလေးကောင်စာနဲ့ ညီမျှတော့ အိမ်ရှင် မအေငှက်မကြီးခင်ဗျာ သူ့ကလေးတွေ အစာတောင်းတယ်မှတ်ပြီး အစာရှာကျွေးရသတဲ့၊ အကောင်ကလည်း အကြီးမြန်တော့ အသိုက်နဲ့တောင်မဆန့်ဘဲ သူ့ကို အစာလာကျွေးနေတဲ့ အိမ်ရှင်ငှက်မကြီးထက်တောင် အကောင်ကြီးနေတာမျိုးတွေ ရှိပါသတဲ့
.
. . .​ဥဩမှာ အထီးနဲ့ အမ ရှိတဲ့အထဲ အထီးကပဲ သာယာတဲ့ ဥဩသံကို ပြုပါတယ်၊ နွေဦးတေးသီငှက်လို့ ကျနော်တို့တွေ သိထားကြတဲ့ ကဗျာတွေစာတွေမှာ ဖွဲ့နွဲ့ချီးမွမ်းကြတဲ့ ဥဩဆိုတာ သူများအသိုက်ထဲ သွားဝင်ဥပြီး အိမ်ရှင်ငှက်ဥတွေ ငှက်ပေါက်တွေ ကန်ချပြီး အသံကျယ်ကျယ်နဲ့ ညာစားနေတဲ့ ငှက်တွေဆိုတာ သိရပြီဆိုရင် ဥဩသံချိုချိုလေးကို သာယာတယ်ဆိုပြီး ခံစားနိုင်ကြပါအုံးမလားလို့ တွေးနေမိတယ်
.
ဗိုလ်ကောင်း
၇ မတ် ၂၀၂၁
.
https://www.youtube.com/watch?v=dHQ7W_JIfxM
https://images.app.goo.gl/ZUqNn88GMSDrzMFC6

Friday 5 March 2021

ပင်လားမြောက်ချိန်



. . . ပျိုးခြံက ယူလာတုန်းက အရွက်တေွ တဝေဝေနဲ့ အပင်က ကိုယ့်မြေမှာလည်း စိုက်ပြီးရော တဖြည်းဖြည်း ညှိုးလျော်လာလို့ စိတ်ပျက်ခဲ့မိတယ်၊ ဝါဆိုဝါဦး မြေကြီးနူးတဲ့အချိန်မှာ စိုက်ထားတာမို့ ရေလိုလို့တော့ မဟုတ်တန်ရာပါဘူးဆိုပြီး ရေလည်းမလောင်းမိခဲ့ဘူး၊ နောက်ပိုင်းမှ သေချာတူးဆွကြည့်လိုက်တော့ ကိုယ်စိုက်မိတဲ့မြေက အပေါ်ယံအငှားထည့်ထားတဲ့ သဲမြေဖြစ်နေတာကိုး၊ ဒါကြောင့် မိုးကျတော့လည်း ရေမထိန်း၊ အမြစ်ကိုလည်း ကောင်းကောင်းမကုပ်နိုင်ဘဲ အပင်က တဖြည်းဖြည်း ညှိုးလျော်လာရတာ
.
. . . ဒါကြောင့် အပင်ခြေမှာ ရေဝပ်စရာနေရာလေးလုပ် ညနေစောင်းရင် ရေလေးလောင်း လုပ်နေရင်း ညှိုးတဲ့အရွက်လေးတေွ ပြန်လန်းလာမလို့ အရှိန်ယူနေတုန်းရှိသေး ကလေးတွေက အရွွက်တွေချွေပြီး ဆော့ပစ်လိုက်တော့ အသည်းတွေကွဲရပြန်ရော၊ ဆော့တဲ့ ကလေးတွေ ကြည့်တော့လည်း သူတို့မှ ဖျက်လိုဖျက်ဆီးစိတ်နဲ့ မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ဆော့ကြတာဆိုတော့ သူတို့ကို ဒီအပင်လေး တန်ဖိုးထားလာအောင် စည်းရုံးကြည့်တယ်
.
“လာ သားသားတို့ ဦးဦးပြမယ်”
“ဒီအပင်လေးကလေ နောက်ကျရင် အပင်အကြီးကြီး ဖြစ်လာမှာသိလား၊ အပင်ကြီး ကြီးလာပြီဆိုရင် သားတို့ အပင်အောက်မှာ အေးအေးဆေးဆေး ကစားလို့ရတယ်၊ နောက်ပြီးတော့လေ ပန်းတွေလည်း ပွင့်အုံးမှာ”
“ဘာပန်းပွင့်မှာလဲ ဦးဦး”
“ပိတောက်ပန်းလေ သားရဲ့ သိလား၊ ပိတောက်ပန်း ဘာရောင်လဲ သားပြောပြပါအုံး”
“အပြာရောင်”
[စည်းရုံးရေးဆင်းရတာ အားရှိစရာကောင်းချက်]
“အပင်ကြီး ကြီးလာရင် သားတို့ တက်ဆော့လို့ ရလားဦး”
“ဟာ ရတာပေါ့သားရဲ့ နောက်ပြီးတော့လေ အပင်ကြီး ကြီးလာရင် သားတို့ ဟိုတစ်နေ့က ခူးတဲ့ သစ်ရွက်တွေလည်း အများကြီးခူးပြီး ဆော့လို့ရပြီ၊ အခုတော့ အရွက်လေးတွေ ထွက်လာရင် မခူးဘဲ အပင်ကြီးလာအောင် သားတို့ပါ ရေလောင်းပေးကြနော်၊ လာတို့တွေ ရေလောင်းတမ်း ကစားရအောင်”
.
. . . ဒီလိုနဲ့ပဲ ကလေးတွေကို ညာတာပါတေးနဲ့ အပင်လေးထပ်မပျက်အောင် စည်းရုံးခဲ့ရတာ၊ ဒါပေမယ့် ကိုယ့်အပင်လေးရဲ့ အဝေးမှာ နှစ်ပတ်လောက် ခြေချုပ်မိနေခဲ့တဲ့ အချိန်မှာ အပင်လေးက ရေတွေပြတ်ပြီး ထွက်လာခါစ အညှောက်လေးတွေ တစ်ခါပြန်ခြောက်သွားပြန်ရော
.
. . . အဲသည်အချိန်မှာ စဉ်းစားခဲ့တာက ဒီအပင်ကို ပြန်နုတ်လိုက်ပြီး ပျိုးခြံက အရွက်တွေ တဝေဝေနဲ့ အပင်သစ်ယူစိုက်မလား၊ ဒီစိုက်လက်စ အပင်ကိုပဲ ဆက်ပြီး ထိန်းသိမ်းရှင်သန်အောင် လုပ်မလားဆိုတာပါပဲ၊ တကယ်လို့ ပျိုးခြံက အပင်သစ်ယူလာတယ်ဆိုရင် အဲသည်အပင် ဒီရေဒီမြေမှာ ရှင်သန်အောင် အမြစ်တွယ်အောင် ဇာတ်လမ်းကို အသစ်က ပြန်စရအုံးမယ်၊ အခန့်မသင့်ရင် အခုလို မကြည့်နိုင်အားတဲ့အခါ ရေငတ်ရအုံးမယ်၊ ကလေးတွေဆော့လို့ အရွက်တွေပြောင်ကုန်အုံးမယ်ဆိုတာတွေ ဘာမဆို ထပ်ဖြစ်နိုင်သေးတယ်၊ အခု စိုက်လက်စ အပင်ကတော့ ဒီမြေဒီရေမှာ အမြစ်လည်း တွယ်တန်သရွေ့ တွယ်နေပြီ အညွန့်အဖူးတွေလည်း ထွက်တန်သရွေ့ ထွက်ပြီးပြီ၊ ဒါကြောင် ဒီအပင်ကိုပဲ ဆက်ပြီး ပြုစုပျိုးထောင်ဖို့ ဆုံးဖြတ်ပြီး ရေဆက်လောင်းရတော့တယ်
.
. . . ဘာပဲ ပြောပြော ဒီနေရာမှာ ပိတောက်ပင်တစ်ပင် စိုက်ဖို့ အကောင်းဆုံးအချိန်က လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ဖြစ်ခဲ့ပေမယ့် ခု လက်ရှိက ဒုတိယအကောင်းဆုံးအချိန်ပဲ၊ ဒီမြေဒီရေ ဒီကလေးတွေ ကြားထဲမှာတော့ ဒီအပင်လေးက အရွက်တွေအခူးခံရလိုက်၊ ရေငတ်လိုက်နဲ့ ဆက်ပြီး ကြုံကောင်းကြုံနေရမယ့် ကြားထဲက တဖြည်းဖြည်း အမြစ်တွေခိုင်မာ အရွက်တွေ ဝေဆာပြီး ထီးထီးမားမား ပင်လားမြောက်လို့ နွေရာသီ ရာသီဥတု ပူလောင်ပြင်းပြနေတဲ့ အချိန်မှာ အရိပ်ကောင်းကောင်းပေးနိုင်တဲ့၊ သင်္ကြန်လက်ဆေးမိုးလေးများ ရွာလိုက်ပြီလားဆို ပန်းဝါဝါလေးတွေ တစ်ဝေဝေနဲ့ လှပဝေစည်လာမှာပဲ ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ . . .
.
ဗိုလ်ကောင်း
၅ မတ် ၂၀၂၁
.
Photo taken on 4 March 2021 in my yard