Monday 30 August 2021

ဘိစတိတ်


. . . ဘာဘီကျူးဆိုတာကို စပြီးကြားဖူးခါစတုန်းက လိုင်းမကြူးလို သောက်စရာတစ်မျိုးလို့ ထင်ခဲ့မိတာ၊ နောက်မှ ဘာဘီကျူးဆိုတာ မီးဖိုထဲ အသားကင်စားကြတာကိုးလို့ သိရတာ၊ တကယ်တော့ ဘာဘီကျူးဓလေ့က ကိုယ်တွေလို ပူတဲ့ရာသီဥတုရှိတဲ့နေရာနဲ့ အံဝင်ခွင်ကျမဖြစ်တာလည်း ပါမယ်ထင်ပါရဲ့ ကိုယ်တွေမွေးရပ်မှာတော့ မထွန်းကားပါဘူး
.
. . . ခုနောက်ပိုင်းတော့ အကင်စက်လေးတွေ အလွယ်ဝယ်လို့ရလာတာရယ်၊ တခြားနေရာတွေက အစားအသောက်ဓလေ့တွေ ကူးစက်လာတာမို့ ကိုယ်တွေဆီလည်း ဘာဘီကျူးကြတာတွေ တွေ့လာရတယ်၊ ဘာဘီကျူးနဲ့ တွဲပါလာတာက အမဲသားကင်စားကြတာပါပဲ၊ ဘာတဲ့ ဘိစတိတ်ဆိုလား
.
. . . အဲသဟာဗျာ ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက်က သူ့အိမ်မှာ ဘိစတိတ်လုပ်တဲ့စက်လေး ဝယ်ထားတာ စမ်းပြီး လုပ်စားကြည့်မို့ အသားတွေလည်း အများကြီးဝယ်ထားတယ် လာခဲ့ဆိုလို့သွားလိုက်ပါတယ်။ ရောက်လည်းရောက်ရော ထင်ထားတာထက်တောင် တော်တော်ကို ပြည့်ပြည့်စုံစုံ လုပ်ထားတာမို့ ပျော်သွားတာပေါ့၊ ဘိစတိတ်လုပ်မယ့် အမဲသားကိုလည်း တကယ့်ကို ကျကျနန နှပ်ပြုထားပြီး ဘယ်လိုလုပ်တယ်ဆိုတာလည်း ယူကျုက သေချာကြည့်ထားတယ်ဆိုပဲ၊ အသားတုံးတာတောင်မှ တကယ့်ယူကျုထဲကအတိုင်း သေချာတုံးထားတာတဲ့၊ ကိုယ်က မီးဖိုချောင်ထဲ ဟိုဟိုသည်သည် လက်ဆော့ချင်ပေမယ့် အိမ်ရှေ့မှာပဲ အေးအေးဆေးဆေး တီဗီရှေ့မှာ စောင့်ပါဆိုလို့ ဘီယာလေးစုပ်ရင်း စောင့်နေတာ၊
.
. . . ဘီယာတစ်ဗူးသောက်ခန့် ကြာတဲ့အခါ ဘိစတိတ်နံ့ မွှေးမွှေးလေးရပြီး မရှေးမနှောင်းမှာပဲ အင်မတန် လှပပြီး စားချင့်စဖွယ် လှလှပပ ပြင်ဆင်ထားတဲ့ ဘိစတိတ်တစ်ပွဲ ကိုယ့်ရှေ့ရောက်လာပါလေရောလား၊ တကယ့်ကို ပုံတွေထဲကအတိုင်းပါပဲဗျာ၊ အလယ်သားရဲရဲလေး အတိုင်းသားနဲ့ အနားသားလေးတွေ ကျက်နေတဲ့ ဘိစတိတ်၊ အမယ် ဂျပန်စတိုင်ဆိုပြီး ပြင်ထားတာလေးကလည်း ကြက်သွန်ဖြူအလုံးလိုက်ထိပ်ဖွင့် ကင်ထားတဲ့ ဟာမျိုးနဲ့ဗျ၊ မစားရသေးခင်ကို သွားရေကျစရာလေး ရောက်လာပါလေရော
.
. . . အိမ်ရှင်မ လုပ်လာတဲ့ ဘိစတိတ်လေးက စားချင်စရာလေးပေမယ့် ကြည့်ရတဲ့ပုံအရ သိပ်ပြီး သင်္ကာမကင်းတာနဲ့ သူငယ်ချင်းကို တိုးတိုးလေး ကပ်မေးရသေးတယ် ဟျောင့် မင့်ဟာကြီးက ကျက်ရောကျက်ရဲ့လား မသိဘူးဆိုတော့ မင်းကလည်း ဂျပန်ပြန်ဖြစ်ပြီး ဒီလောက်တောင် ခေတ်မမီဘူးလား နိုင်နိုင်ဂျားမှာ ဒီလိုပဲ စားကြတာလေကွာတဲ့ ပုံတွေထဲမှာလည်း ဒီအတိုင်းပဲ ပြထားတာကို၊ ဟိုတစ်နေ့က ယူကျုမှာ ကြည့်တာ အာ့လို ရဲရဲလေးပဲ ခပ်စိမ်းစိမ်းစားကြတာ တဲ့
.
. . . အော် သူ့ဟာ မကျက်ဘူးပြောရင်ပဲ ကိုယ်က ခေတ်မမီဘူးဖြစ်အုံးမယ်ဆိုပေတဲ့ သိပ်တော့ မယုံတာနဲ့ ညာတာပါတေးလုပ်ပြီး တခြားအမြည်းတွေပဲ လျှောက်ဝါးပြီး ဘီယာပဲ သောက်နေလိုက်တယ်၊ အဲဒါ မောင်မင်းကြီးသားကဗျာ တစ်တုံးကောက်ဝါးလိုက်တာ မျက်နာကြီးကို ရှုံ့မဲ့တက်လာတာပဲ၊ ငင့် ကျက်လည်းကျက်ဘူးတဲ့
.
. . . သူ အင်မတန်မွှန်းထားတဲ့ ဘိစတိတ်က ကျက်လည်းမကျက် ဝါးလို့လည်း မရဆိုတော့ ဒင်းက မိန်းမကို ခေါ်ဆူပါလေရော၊ အဲ ဆူတယ်တော့ မဟုတ်ဘူးပေါ့လေ၊ နင်သေချာမလုပ်ဘူးလားပေါ့ ဘာညာပေါ့၊ ကိုယ်ကတော့ အခြေအနေကို ရိပ်မိလို့ စကားနည်းရန်စဲ ဒီအတိုင်းပဲ ရိုးရိုးကြော်လိုက်တာလေး စားရရင်ကောင်းမယ်ဘာညာ ဝင်ပြီး ဝါရတာပေါ့လေ၊ တကယ်လည်း ကြော်စားတာတောင် တော်တော် ဝါးရတာကလား
.
. . . သူတို့တွေ အမဲသားကို လုပ်စရာရှိတာ ထည့်စရာရှိတာ အကုန်လုပ် အကုန်ထည့်ပါရဲ့ အဆင့်တွေလည်း မှန်ပါရဲ့၊ မီးအပူချိန်ဘာညာကအစ အတိအကျလုပ်တာ ထွက်လာတော့လည်း ပုံတွေထဲကအတိုင်း အတိအကျနီးပါးဖြစ်ပါရဲ့ ၊ ဘာလို့များ စားတဲ့အခါကျမှ အသားစိမ်းကြီးပဲ ဝါးနေရသလို မနူးမနပ်ဖြစ်ရသလဲပေါ့၊ သူတို့ နောက်တစ်ခါ ထပ်လုပ်စားကြည့်ကြသေးသတဲ့၊ ပထမတစ်ခါလိုပဲ မရဘူးတဲ့ ဝါးမရပြုမရ အမဲသားစိမ်းကြီး စားရသလိုဖြစ်လို့ အရင်တစ်ခါလိုပဲ အမဲကြော်လုပ်လိုက်ရသတဲ့
.
. . . တကယ်တမ်းက သူတို့လုပ်စားတယ်ဆိုတဲ့ ဘိစတိတ်လုပ်နည်းထဲမှာပါတဲ့ အမဲသားဆိုတာ ဘီယာတွေတိုက်၊ လူတွေက နှိပ်နယ်ပေးပြီး သတ်မှတ်တဲ့ အသားနုနုချိုချို အင်မတန်နူးညံ့တဲ့အရွယ်မှာ အသားပေါ်ပြီး တစ်ရာဂရမ် (ခြောက်ကျပ်သားကျော်ကျော်လောက်) ကိုတောင် ဒေါ်လာ လေးငါးဆယ် ပေးဝယ်မှရတဲ့ ဂျပန်မှာ အင်မတန်နာမည်ကြီး ဈေးကြီးတဲ့ ကိုဘေးအမဲသား။ သူတို့တကယ်လုပ်တဲ့ အမဲသားက ချက်ရင်တောင် နှစ်ရေသုံးရေခမ်းမှ နူးတဲ့ ဈေးထဲက အချိန်နဲ့ခုတ်ထစ်ရောင်းတဲ့ အမဲသား
.
. . . လုပ်နည်းဘယ်လောက်မှန်မှန်၊ အဆာပလာတွေ ဘယ်လောက်သုံးသုံး၊ အခြေခံအကျဆုံး ကုန်ကြမ်းက အရည်အသွေးအင်မတန် ညံ့ဖျင်းနေရင် အပြင်အဆင်ကောင်းလို့ ဘယ်လောက်ပဲ စားကောင်းမယ့်ပုံပေါက်ပေါက် တကယ်စားကြည့်ရင် အမဲသားအစိမ်းကြီး ကိုက်နေရသလိုပဲနေနေမှာ ဆိုတာ ရုံးတွေပြန်ဖွင့်လို့ တွေ့ရင် ကျနော့်သယ်ရင်းကြီးကို ပြောပြအုံးမှပါ
.
ဗိုလ်ကောင်း
၂၉ ဩဂုတ် ၂၀၂၁
.
လိုင်းမကြူး = Lime Juice

No comments:

Post a Comment