Wednesday 14 December 2022

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

. . .       ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တရားသူကြီးချုပ်အပါအဝင် တရားသူကြီး ၇ ဦးကနေ ၁၁ ဦးထိ ခန့်အပ်ခွင့်ရှိပေမယ့် (အခြေခံဥပဒေ ၂၉၉-ခ) သမ္မတဦးသိန်းစိန်က တရားသူကြီး စုစုပေါင်း ၇ ဦးကိုသာ ခန့်အပ်ခဲ့ပါတယ် (သမ္မတရုံး ၏ ၃၀ မတ် ၂၀၁၁ ရက်စွဲပါ ကြေညာချက် ၃/၂၀၁၁) ဦးထွန်းထွန်းဦး၊ ဦးသာဌေး၊ ဦးစိုးညွန့်၊ ဦးမြသိမ်း၊ ဦးမြင့်အောင်၊ ဦးအောင်ဇော်သိန်း၊ ဦးမြင့်ဟန်။

.

. . .       သမ္မတဦးထင်ကျော်လက်ထက်မှာ နောက်ထပ် တရားသူကြီး ၄ ဦး ထပ်မံ ခန့်အပ်ခဲ့တဲ့အတွက် အခြေခံဥပဒေက သတ်မှတ်ထားတဲ့ တရားသူကြီး ဦးရေ ၁၁ ဦး ပြည့်သွားပါတယ်။ (သမ္မတရုံး၏ ၁၄ ဇွန် ၂၀၁၇ ရက်စွဲပါ အမိန့် ၁၃/၂၀၁၇) ဦးမြဟန်၊ ဦးမျိုးတင့်၊ ဦးစိုးနိုင်၊ ဦးခင်မောင်ကြည်။

.

. . .       သမ္မတဦးဝင်းမြင့်လက်ထက်မှာ တရားသူကြီး ဦးမြသိမ်း အငြိမ်းစားယူသွားတာကြောင့် တရားသူကြီး ဦးမျိုးဝင်းကို ထပ်မံခန့်အပ်နိုင်ခဲ့ပါတယ်။ ( သမ္မတရုံး၏ ၁၅ နိုဝင်ဘာ ၂၀၁၈ ရက်စွဲပါ အမိန့် ၃၈/၂၀၁၈)

.

. . .       ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့မှာ အရေးပေါ်အခြေအနေကြညာပြီး တာဝန်အပ်နှင်းခံရတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကို မိမိတို့တာဝန်တွေ ဆက်လက်ထမ်းဆောင်ဖို့ တာဝန်ပေးလိုက်တဲ့အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နေမြဲအတိုင်း ဆက်လက်တာဝန်ထမ်းဆောင်နေခဲ့ပါတယ် (တပ်ချုပ်ရုံး၏ ၁ ဖေဖော်ဝါရီ ၂၀၂၁ ရက်စွဲပါ အမိန့် ၁/၂၀၂၁)။ ဒါပေမယ့် မကြာခင်မှာပဲ တရားလွှတ်တော်ချုပ် တရားသူကြီး လေးဦးကို တာဝန်မှ ရပ်စဲခဲ့ပါတယ်၊ ရပ်စဲခံရသူတွေထဲမှာ သမ္မတဦးထင်ကျော်ခန့်အပ်ခဲ့တဲ့ တရားသူကြီး ၄ ဦးအနက် ၃ ဦးပါဝင်ပြီး၊ သမ္မတဦးဝင်းမြင့်ခန့်ခဲ့တဲ့ တရားသူကြီး တစ်ဦးပါဝင်ပါတယ် (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ဖေဖော်ဝါရီ ၄ ရက်စွဲပါ အမိန့် ၂၄/၂၀၂၁) ဦးမျိုးဝင်း၊ ဦးမြဟန်၊ ဦးစိုးနိုင်၊ ဦးခင်မောင်ကြည်။

. . .       အဲသည်နေ့မှာပဲ လစ်လပ်သွားတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ၄ ဦးကို ထပ်မံခန့်အပ်ခဲ့ပါတယ် (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၄ ဖေဖော်ဝါရီ ၂၀၂၁ ရက်စွဲပါ အမိန့် ၂၃/၂၀၂၁) ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ။

.

. . .       မကြာခင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ဦးခင်မောင်ကြီးကို တရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ထပ်မံခန့်အပ်ခဲ့ပါတယ်။

.

. . .       ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့ တို့ သုံးဦးကို ထပ်မံခန့်အပ်ခဲ့ပါတယ်။

.

. . .       ဒါကြောင့် လက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ သမ္မတဦးသိန်းစိန် ခန့်အပ်ခဲ့တဲ့ တရားသူကြီးချုပ်အပါအဝင် တရားသူကြီး ၂ ဦး၊ သမ္မတဦးထင်ကျော်ခန့်ခဲ့တဲ့ တရားသူကြီး တစ်ဦး နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခန့်ထားတဲ့ တရားသူကြီး ၈ ဦး၊ စုစုပေါင်း တရားသူကြီးချုပ်နဲ့ တရားသူကြီး ၁၁ ဦး တာဝန်ထမ်းဆောင်နေကြောင်း တွေ့ရှိရပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၂၉၉(ခ) အရ တရားသူကြီးစုစုပေါင်း ၁၁ အပြည့်ခန့်အပ်ထားတာဖြစ်ပါတယ်။

        ဦးထွန်းထွန်းဦး (၃၀ မတ် ၂၀၁၁ တွင် သမ္မတဦးသိန်းစိန် ခန့်အပ်)

        ဦးအောင်ဇော်သိန်း (၃၀ မတ် ၂၀၁၁ တွင် သမ္မတဦးသိန်းစိန် ခန့်အပ်)

        ဦးမျိုးတင့် (၁၄ ဇွန် ၂၀၁၇ တွင် သမ္မတ ဦးထင်ကျော် ခန့်အပ်)

        ဦးမျိုးမောင် (၄ ဖေဖော်ဝါရီ ၂၀၂၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)

        ဦးကြည်သိန်း (၄ ဖေဖော်ဝါရီ ၂၀၂၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)

        ဦးတင်ဟုန် (၄ ဖေဖော်ဝါရီ ၂၀၂၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)

        ဒေါ်ခင်မေရီ (၄ ဖေဖော်ဝါရီ ၂၀၂၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)

        ဦးခင်မောင်ကြီး (၇ ဖေဖော်ဝါရီ ၂၀၂၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)

        ဦးသောင်းနိုင် (၁၄ မတ် ၂၀၂၂ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)

        ဦးသိန်းကိုကို (၁၄ မတ် ၂၀၂၂ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)

        ဒေါ်သင်းသင်းနွဲ့ (၁၄ မတ် ၂၀၂၂ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)

. . .       သမ္မတဦးသိန်းစိန်ခန့်ခဲ့တဲ့ အထဲက ဦးသာဌေး၊ ဦးစိုးညွန့်၊ ဦးမြင့်အောင်၊ ဦးမြင့်ဟန် တို့ လေးဦး ဘယ်အချိန်က၊ ဘယ်လိုနည်းနဲ့ အနားယူသွားလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိပါဘူး၊ သိသူများရှိရင် ပြောကြပါအုံး။

ဗိုလ်ကောင်း

၁၄ ဒီဇင်ဘာ ၂၀၂၂

(၅ ဖေဖော်ဝါရီ ၂၀၂၁ မှတ်စုအား မွမ်းမံပြင်ဆင်ထားသည်)


Tuesday 26 July 2022

ဖရဲသီး လတ်လတ်ဆတ်ဆတ် မစားရတာကြာပြီ

. . . ဖရဲသီးတွေ တောင်ပုံယာပုံရောင်းတဲ့အထဲက ရွေးဝယ်လို့ရတဲ့ ကင်မွန်းတန်းဈေးမှာတောင်မှ ဖရဲသီး လတ်လတ်ဆတ်ဆတ် မရှိဘူး၊ ပြောရမယ်ဆိုရင် ဘယ်အမျိုးအစားပဲဖြစ်ဖြစ် ဘယ်ကပဲလာလာ ဘယ်ဈေးနဲ့ရောင်းရောင်း ဖရဲသီးမှာနှစ်မျိုးပဲ ရတယ်၊ တစ်မျိုးက အပင်ကခူးလာကာစ အထဲမှာ သိပ်မမှည့်သေးဘူး ဆိုတာရယ်၊ နောက်တစ်မျိုးက အညှာတွေခြောက်သွားပြီး အထဲမှာ မှည့်နေပြီဆိုတာရယ်
.
. . . တကယ်တမ်းကျတော့ ဖရဲသီးဆိုတာ ဝမ်းပျဉ်းသီးကို ခူးလာပြီး ရက်ထားအမှည့်ခံရတဲ့ အမျိုးမှ မဟုတ်တာ ဆိုတဲ့ သဘောတရားတောင် မရှိတော့ဘဲ ဖရဲသီးရောင်းတဲ့ သူတွေ ကိုယ်နှိုက်ကိုက အပင်က မမှည့်ခင်ခူး အညှာခြောက်လောက်မှ မှည့်မှာဆိုတာမျိုးကိုပဲ ပြောပြောရောင်းနေကြတော့ ဖရဲသီးကို ကြိုက်လို့သာ ဝယ်စားနေရပေမယ့် ဘယ်တော့မှ စိတ်တိုင်းကျတယ်ရယ်လို့ မရှိ
.
. . . တကယ်တော့ ဖရဲသီးဆိုတာ အပင်မှာမှည့်ပြီး ခူးပြီးပြီးချင်းစားရင် အကောင်းဆုံးအရသာကို ရတယ်ဆိုတာ ဒီဖရဲသီးကုန်သည်တွေ သဘောတရားလေးတောင် မသိတော့ဘဲ သူတို့နားလည်ထားတဲ့အတိုင်း အညှာစိမ်းရင် မမှည့်ဘူး၊ မှည့်တာစားရင် အညှာခြောက်တာရွေးဆိုတဲ့ ပုံသေနည်းကို ကိုယ့်မှာ စိတ်ပျက်ခဲ့ရတာ မြန်မာပြည်ပြန်ရောက်တဲ့ ပထမဆုံး ဖရဲသီးရာသီကတည်းကပဲ ဆိုပါတော့
.
. . . ဖရဲသီးအကြောင်း ဘယ်လောက်သိလို့လဲ မေးရင် ကိုယ်တိုင် ဝင်မစိုက်ဖူးရုံတမယ်ပါပဲလို့ ပြောရမှာပဲ၊ ကိုယ်နေခဲ့တဲ့ ဂျပန်နိုင်ငံအနောက်ပိုင်းကမ်းခြေနဲ့နီးတဲ့ မီနာမီအွန်နူမာ မြို့လေးမှာ ကိုယ်တက်ခဲ့တဲ့ တက္ကသိုလ်က ဖရဲစိုက်ခင်းတွေကြားထဲမှာ ရှိတာကိုး၊ တစ်နှစ်မှာ ပန်းအရောင်ရှစ်မျိုးပွင့်တာကို အစွဲပြုပြီး မှည့်ခေါ်ထားတဲ့ ယာအီရို လွင်ပြင်ကြီးထဲမှာ စိုက်တဲ့ ဖရဲသီးမို့ ရှစ်ရောင်ခြယ်ဖရဲသီး 八色スイカလို့ နာမည်ကြီးတဲ့ ဖရဲသီးတွေထွက်တဲ့ အခင်းတွေကြားမှာ ကိုယ်တွေက ဖရဲသီးပျိုးပင်ပေါက်လေးကနေ နောက်ဆုံး ဖရဲခင်းကို ဖျက်လို့ ကျန်ခဲ့တဲ့ အသီးတွေ ပုပ်တဲ့အထိ နေနေခဲ့ရတဲ့သူမို့ ဖရဲသီးဆိုတာ ဘယ်အချိန်မှာစားရင် အချိုဆုံးလဲဆိုတာ သိနေခဲ့တာပေါ့
.
. . . ကိုယ့်မြေကိုယ့်ရေ ကိုယ့်နိုင်ငံမှာတော့ အစစအရာရာ ခေတ်နောက်ကျပြီး ပို့ဆောင်ဆက်သွယ်ရေးလည်းမကောင်း၊ စိုက်ပျိုးနည်းစနစ်နဲ့ ရိတ်သိမ်းချိန်နည်းပညာကလည်း ခေတ်နောက်ကျတဲ့အပြင် ဖရဲသီးရောင်းစားသူ ကိုယ်တိုင်ကိုက ဖရဲသီးဆိုတာ စိမ်းရင်မမှည့်ဘူး မှည့်ရင်မလတ်ဘူးဆိုတာကို စံနှုန်းကြီးတစ်ခုလို ယုံကြည်လက်ခံထားတဲ့ နိုင်ငံမှာတော့ စံချိန်စံညွှန်းမီ လတ်ဆတ်ရင့်မှည့်ချိုမြတဲ့ ဖရဲသီးဆိုတာ ဈေးကွက်ထဲမှာ ဘယ်တော့မှ တွေ့ရမှာ မဟုတ်ဘူး
.
. . . အလျဉ်းသင့်တဲ့အခါတော့ ဖရဲခင်းတစ်ခုခုသွားပြီး မှည့်နေတဲ့ ဖရဲသီးကို အညှာကမဖြုတ်ဘဲ ထိုင်စားခဲ့အုံးမယ်

Thursday 31 March 2022

နေရသရွေ့.



. . . အပင်တွေကို စိတ်ဝင်စားတတ်တဲ့ ကိုယ့်အတွက် အခုလိုခေတ်မှာ အပင်အကြောင်းသိချင်ရင် ဓာတ်ပုံလေးနဲ့ Google photo search လုပ်ရင် သိနိုင်ကောင်းပေမယ့် မြန်မာနာမည် သိဖို့ကြတော့ အာ့လောက် မလွယ်သေးပြန်ဘူး၊ မြန်မာ့မြေမှာရှိနေတဲ့ အထူးသဖြင့် ကိုယ့်ရဲ့မွေးရပ်မြေမှာ ရှိနေတဲ့ အပင်တွေ ပန်းတွေကို ဘာပင်မှန်း ဘာပန်းမှန်း ကိုယ်လည်းမသိ မေးရမယ့်သူလည်းမရှိ ဖြစ်နေတာကို တော်တော်လေး အားမလိုအားမရ ဖြစ်နေခဲ့ရတာ ကြာပါပေါ့၊ ကိုယ့် ဒေသနဲ့ပတ်သက်ပြီး လုပ်ချင်နေတဲ့အထဲမှာ ဒေသပေါက်အပင်တွေကို မှတ်တမ်းတင်တာလည်း တစ်ခုအပါအဝင်ပေမယ့် လုပ်ချင်နေတာတွေ များတော့ ကျကျနန မလုပ်ဖြစ်သေးဘူးရယ်
.
. . . အခုလည်း တွေ့တဲ့ပန်းကို ဓာတ်ပုံရိုက်ပြီး ကိုယ့် database မှာ မှတ်တမ်းတင်တဲ့အခါ အပင်တွေ့ခဲ့တဲ့နေရာ အတိအကျကိုပါ မှတ်တမ်းတင်ချင်တာကိုး၊ ဒီခေတ် နည်းပညာအရ ဖုန်းနဲ့ ဓာတ်ပုံရိုက်လိုက်တဲ့အခါ နေရာကိုပါ မှတ်ထားပေးတာမျိုးပါလို့ အဆင်ပြေပေမယ့် တကယ်တမ်း အပင်တစ်ပင်ချင်းစီကို မှတ်တမ်းတင်ဖို့ကျတော့ လုပ်ရမှာက လက်ဝင်ပြီး အလုပ်မတွင်ဖူးဆိုသော်လည်း တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ ဆိုတဲ့ထုံး နှလုံးမူပြီး လုပ်နေရတာပါပဲ
.
. . . မွေးရပ်မြေက ဒေသပေါက်ပင်တွေကို သိနေတော့ရော ဘာလုပ်လို့ ရမှာလဲ လို့ မေးချင်ကြမှာပဲ၊ တကယ်တော့ ကျွန်တော်တို့ မြန်မာတွေ မှတ်တမ်းမှတ်ရာ အားနည်းကြလို့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်းမှုမှာပါ တနွယ်ငင်တစင်ပါ အားနည်းနေခဲ့ကြတာဆိုတဲ့သဘောကို နားလည်ရင် ဒေသပေါက်ပင်တွေကို မှတ်တမ်းတင်ထိန်းသိမ်းဖို့လိုတယ်ဆိုတာကိုလည်း သိမှတ်နားလည်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်
.
. . . ကိုယ်နေဖူးတဲ့ နိုင်ငံရပ်ခြားက မြို့သေးသေးလေးမှာ ဒေသပေါက်တဲ့အပင်တွေကို တခုပ်တရ မှတ်တမ်းပြုစုပြီး ဂုဏ်ယူစွာနဲ့ အမှတ်တံဆိပ်တွေလုပ်တာ၊ မြို့သင်္ကေတဖြစ် ဖော်ကျူးထားတာ၊ မြို့အမှတ်တရ ရောင်းကုန်ပစ္စည်းတွေအနေနဲ့ လုပ်တာတွေကို မြင်ခဲ့ရတော့ ငါတို့မွေးရပ်မြေမှာ ဒီလိုသာ မှတ်တမ်းတင်ကြေးဆို မှတ်တမ်းတင်စရာ ဂုဏ်ယူစရာတွေ အများသားပါလား ငါတို့ ဘာလို့များ ဘာသိဘာသာ နေခဲ့မိပါလိမ့်လို့ ထပ်ပြီး အားမလိုအားမရ ဖြစ်ခဲ့ရပြန်ပါတယ်
.
. . . ခုရက်ပိုင်း ကိုယ်တွေ့တဲ့ အပင်လေးတွေကို နာမည်နဲ့တကွ ရုက္ခဗေဒအမည်နဲ့တကွ မှတ်တမ်းတင်ထားနိုင်တာ ဖေ့ဘုတ်ပေါ်က မြန်မာပြည်ကပန်းများဆိုတဲ့ မှတ်တမ်းတင်ထားတဲ့ စာမျက်နာတစ်ခု ကျေးဇူးကြောင့်ပဲဖြစ်ပါတယ်၊ ဒီထက်ပိုပြီး အွန်လိုင်းမှာ အလွယ်တကူ ရှာလို့ဖွေလို့ လေ့လာလို့ စူးစမ်းလို့ ရနိုင်မယ့် ဝက်ဆိုက်လိုမျိုးရှိနေရင်ကောင်းမှာပဲ၊ ဖုန်းထဲမှာ ထည့်ထားပြီး ကိုယ်တွေ့တဲ့အပင်ကို ဓာတ်ပုံရိုက်ပြီး ဒီအပင်အကြောင်း မြန်မာအမည်နဲ့တကွ ဖော်ပြပေးနိုင်တဲ့ mobile app မျိုးရှိရင် ကောင်းမှာပဲလို့ တောင့်တမိပါတယ်
.
. . . ကိုယ့်မွေးရပ်မြေမှာပဲ အကြောင်းအားလျော်စွာ နေခွင့်ရနေတုန်း ဒေသအပင်တွေ ပန်းတွေကို အခွင့်ရသလောက် ရှာရှာဖွေဖွေ မှတ်တမ်းတင်ခွင့်ရနေတယ်ဆိုပေမယ့် မင်းခယောကျ်ားဆိုတာ အချိန်မရွေး ဘယ်အရပ်ကိုမဆို စေလွှတ်ခံရနိုင်တာမို့ သွားခါမှသွားရရော ရနိုင်သလောက်တော့ လုပ်ထားအုံးမယ်လေဆိုပြီး
.
ဗိုလ်ကောင်း
၃၁ မတ် ၂၀၂၂
.
အပင်များကို မှတ်တမ်းတင် မျှဝေပေးပါသော ဆရာ Kothet Naing Oo ရဲ့ Flowers From Myanmar page ကနေ အများကြီးသင်ယူခွင့်ရတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ဗျ
See less

Wednesday 30 March 2022

ဝင်အူပင်

၀င်အူပင်
Millettia cinerea Benth.
Family Fabaceae
နွယ်ပင် အပင်မြင့်ကိုတွယ်တက်ပြီး ထိပ်မှာပွင့်တာ
တစ်နေရာပဲတွေ့သေး

 

လက်ထုတ်ကြီး


လက်ထုတ်ကြီး (လက်ထုပ်ကြီး)
Holarrhena pubescens Wall.& G. Don.
*Nerium antidysentericum L.,
*Echites pubescens Buch-Ham,
*Holarrhena antidysenterica (L.) Wall. ex. DC.,
Family : Apocynaceae
အပင်က နည်းနည်းမြင့်ပေမယ့် အပွင့်ကိုသေချာမြင်ရပါတယ် ခါချဉ်တွေ ပန်းခိုင်မှာ တော်တော်များတယ်
တစ်ပင်ပဲတွေ့သေးတယ်

အညာကုက္ကို


အညာကုက္ကို
.
ကားလမ်းဘေးမှာ မြင်နေကျ ကုက္ကိုနဲ့ တော်တော်လေးဆင်ပါတယ်၊ အပွင့်က အဖြူဖြစ်နေတာရယ်၊ အရွက်က ပိုနူးညံ့ပြီး စားလို့ရတာရယ် ကွာတာပါ၊ အပင်က မြင့်တော့ ပန်းပွင့်ပုံပေါ်အောင် မနည်းရိုက်ရတယ်
ဒီအပင်က တော်တော်များများတွေ့ရပါတယ်
.
Albizia lebbek (L.) Benth.
Family. Fabaceae
Common names: Lebbeck, lebbek tree, flea tree, frywood, koko and woman's tongue tree.

ပျဉ်းကတိုး.


ပျဉ်းကတိုး.
သစ်မာပင်ပေမယ့် အပွင့်လေးတွေကို တော်တော်ကို နူးညံ့တာပါ၊ အသီးကတော့ သစ်မာပင်ရဲ့အသီးပီသပါပေတယ်၊ အသီးက ခြောက်ပြီး အက်ကွဲရင် ခွမ်းကနဲ ခွမ်းကနဲ အသံမြည်အောင် ကွဲတာမို့ အိမ်ကို ယူလာပြီး ဝရန်တာမှာ ချထားတုန်းက ဒီလောက်ပြင်းတဲ့အသံ ဘယ်ကလာပါလိမ့်လို့တောင် အောက်မေ့မိတယ်၊ အသီးထကွဲတဲ့အချိန် မျက်လုံးတွေဘာတွေထိရင် ဒဏ်ရာတောင်ရနိုင်ပါတယ်
.
Myanmar ironwood
Xylia xylocarpa
Family: Fabaceae
False ironwood

ဒေါင်းတလောင်း၊ နွယ်ဆက်

 

ဒေါင်းတလောင်း၊ နွယ်ဆက်
.
ဒီပန်းကို စမ်းချောင်းလေးဘေးက ခြုံထက်မှာ တွေ့ခဲ့တာ ဆယ်ရက်လောက်ရှိသွားပါပြီ၊ ပန်းနာမည်ရှာရင်း အခုမှ သိလို့တင်လိုက်ပါတယ်
.
Symphorema involucratum Roxb.,
Family : Lamiaceae
MN: Daung talaung, Nwe sat
Flowering from March to May

ကြာဟင်း (ခ) မြောက်ကန်စွန်း (ခ) ညံနွယ်

 


ကြာဟင်း (ခ) မြောက်ကန်စွန်း (ခ) ညံနွယ်
.
ကြာဟင်းပင်လို့ပဲ သိကြပြီး ရွှေညံပင်ရှုပ်မရှင်းတယ် ကွင်းပြည့်ကမန်း ဆိုတဲ့ ကဗျာထဲက ညံပင်ဆိုတာတော့ လူသိနည်းကြပုံပါပဲ
မနက်ပိုင်းနေပူကျဲတောက်တောက်မှာ ဖြူဖြူစင်စင် နူးနူးညံ့ညံ့လေး ပွင့်နေကြပုံက နေအပူကိုတောင် မမှုကြသလိုပါပဲ
နေရာတော်တော်များများမှာ တွေ့ပါတယ်
Operculina turpethum (L.) Manso.
Family: Convolvulaceae.
Indian Jalap, St. Thomas lidpod,
transparent wood rose, turpeth root, white day glory

သမကနွယ်



သမကနွယ်
.
ပုံမှာ ပန်းနည်းနည်းလေးပေမယ့် သူက အပင်ကြီးတွေပေါ် နွယ်တက်ပြီး မြိုင်နေအောင် ပွင့်တတ်ကြတာ နေရာတော်တော်များများ တွေ့ပါတယ်၊ ဖုန်းနဲ့ မမီတမီ လှမ်းရိုက်ရတာမို့ ပန်းက သိပ်မထင်ရှားတာပါ
.
Congea tomentosa Roxb.
Family:Lamiaceae
Common name: Wooly Congea, Shower Orchid, Shower of Orchid.

Friday 25 March 2022

ဘိန်းနွယ်


ဘိန်းနွယ်ဘိန်းနွဲ့၊ နွယ်နသန်းကွင်း၊ တောင်စကား

Hiptage benghalensis (L.) Kurz
Family:- MALPIGHIACEAE
Eng name : Helicopter flower

မြိုင် ပေါက် ပခုက္ကူ ဖက်မှာ ဒီအပင်ကို ဇွေ့နီ၊ စွေ့နီ လိုခေါ်ကြတယ်၊ ဒေသအခေါ်ပေါ့

ကိုယ်ရှာသလောက်တော့ တစ်ပင်ပဲတွေ့သေးတယ်

အပွင့်နဲ့အသီးပုံဖြစ်ပါတယ်

Wednesday 23 March 2022

သစ်ဠင်းတ ( သစ်လင်းတ၊ ဖက်သန်း)


သစ်ဠင်းတ ( သစ်လင်းတ၊ ဖက်သန်း)
Heterophragma sulfureum Kurz
• Haplophragma sulfureum (Kurz) Pichon
• Heterophragma vestitum Dop
Family:Bignoniaceae
.

ရင်ခတ်ပန်းမှတ်လို့ အနားကပ်ကြည့်တော့မှ ဒီပန်းဖြစ်နေပါတယ် အခုတော့ ဆရာ ကိုသက်နိုင်ဦးကျေးဇူးနဲ့ နာမည်သိခဲ့ရပါပြီ

သပြေဘူတ နဲ့ မျိုးနွယ်တူလို့ ဆိုပါတယ်၊ ကိုယ့်ပတ်ဝန်းကျင်မှာ ငါးပင်ထက်မနည်း တွေ့ထားပါတယ်

Tuesday 22 March 2022

ပန်းခြောက်မွှေး



. . . အစိန်ကြီးစာမေးပွဲပြီးလို့ သင်္ကြန်လည်းမရောက်သေးတဲ့ အခုလိုအချိန် အိမ်က နွားနှစ်ကောင်ကို ကျောင်းရင်း ရွာအရှေ့ဘက် အင်းစပ်က ယာတွေကြားက အပင်ကြီးကြီးသိပ်မပေါက်တဲ့ တောင်ကတုံးသာသာ ခင်တန်းတွေမှာ ကိုယ်မရောက်တဲ့နေရာ မရှိသလောက်ပေါ့၊ မိုးအခါတုန်းကဆို အင်းရေပြင်ကျယ်ကျယ်နဲ့ အင်းစပ်မှာလည်း လယ်တွေယာတွေနဲ့ စိမ်းစိမ်းစိုစို ရှိသလောက် အခုလို တပေါင်းလလောက် ရောက်လို့ မြေအောက်ရေဓာတ် ပြတ်သွားပြီဆိုတာနဲ့ အပင်တွေ အကုန်လုံး ခြောက်သယောင်းပြီး တံလျှပ်တဝေဝေနဲ့မို့ နွေနေဟာ ပိုပူတယ်ထင်ရတယ်
.
. . . အဲသည် နွေနေပူပူမှာ တစ်ပင်လုံး အရွက်တွေ အကုန်ခြွေချပြီး အနံ့မွှေးမွှေးအပွင့်လေးတွေ ပွင့်ပေးတဲ့ အပင်ကိုတွေ့တော့ နေအပူကိုမှုဟန်မတူတဲ့ သူ့ရဲ့သတ္တိကို အားကျနေခဲ့သေးတာ။ စတွေ့ဖူးတုန်းက အနံ့လေးမွှေးလို့ သဘောကျတယ်ဆိုပေတဲ့ အပင်ကကြွေတဲ့ ပန်းအခြောက်ကိုသာ ရဖူးပြီး အပင်မှာပွင့်နေတဲ့ ပန်းအစိုကိုတော့ တစ်ခါမှ မခူးခဲ့ဖူးဘူးရယ်
.
. . . လက်ရှိကိုယ်နေတဲ့ နေရာကလည်း ကိုယ့်ရွာနဲ့ ရာသီဥတု သိပ်မကွာတဲ့အရပ်၊ တောတွေ တောင်တွေ ကမူတွေ ကျတ်တည်းမြေတွေကြားမှာ အသားမာမာပေါက်တဲ့ သစ်တွေ ပေါတဲ့အရပ်ဆိုတော့ နွေရောက်လို့ တံလျှပ်တွေ ဝေပြီလားဆိုတိုင်း ကိုယ်ငယ်ငယ်က သဘောကျမိဖူးတဲ့ သတ္တိကောင်းကောင်း ပန်းလေးတွေ ပွင့်နေပြီလား ရှာရတာအမောပါပဲ
.
. . . အခုတော့ ကိုယ်ရှာနေတဲ့အပင်တွေ့ခဲ့ပြီ၊ နှစ်တိုင်းနှစ်တိုင်း နွေရောက်လို့ ပန်းတွေပွင့်ပြီဆိုတိုင်း ဒီပန်းလေးနာမည်က ရင်ခတ်ပန်း ဆိုတာကို ပြောပြခဲ့တဲ့သူ၊ ပန်းခြောက်လေးတွေဖြစ်သွားရင်တောင် အနံ့လေးက မွှေးနေတာမို့ ကြိုက်လှပါချည်ရဲ့ဆိုလို့ ပန်းလေးတွေ ကောက်ပြီးအင်ဖက်လေးနဲ့ ထုပ်ထုပ်ပြီး ပေးခဲ့ရတဲ့သူ၊ ကိုယ်ပေးတဲ့ ရင်ခတ်ပန်းအခြောက်လေးကို နားသယ်ကြားထိုးပန်ပြီး ပန်းပေးတဲ့သူကို ပျော်အောင်လုပ်တတ်တဲ့ ပါးကွက်ကျားနဲ့ကောင်မလေးတစ်ယောက် အခုနေ ဘယ်ဆီရောက်နေပြီလဲ မသိတော့ပေမယ့်
.
မောင်လွမ်းဝေ
၁၈ မတ် ၂၀၂၂
.
ဓာတ်ပုံကို ၁၃၈၃ တပေါင်းလပြည့်နေ့က ရိုက်ခဲ့ပါတယ်
ရင်ခတ်ကလေး
Gardenia obtusifolia Roxb.,
Family : Rubiaceae

Monday 21 March 2022

ဖက်ခါး


ဖက်ခါး
မတ္တရာဘက်မှာ စံပယ်အိလို့လည်း ခေါ်ကြသတဲ့
စမ်းချောင်းလေးဘေး ကမ်းဘောင်မှာ မနက်က တွေ့ခဲ့တာ အဲသည်နေရာမှာ ပန်း လေးမျိုးတောင်တွေ့ခဲ့တယ်

Sunday 27 February 2022

အာဆီယံရဲ့သဘောထား



. . . အခုဖြစ်နေတဲ့ ဥရောပအရှေ့ပိုင်းက စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ သဘောထားကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။(#LINK1)
.
. . . အပိုဒ်နှစ်ပိုဒ်ပါတဲ့ အဲသည် ထုတ်ပြန်ချက်မှာ အခုဖြစ်နေတဲ့စစ်ရေးပဋိပက္ခတွေအတွက် အလွန်ကိုစိုးရိမ်မိတဲ့အကြောင်း၊ အင်အားကိုအခြိုးခြံဆုံးသုံးကြဖို့အကြောင်း၊ တွေ့ဆုံဆွေးနွေးဖို့အတွက် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ အစွမ်းကုန်ကြိုးစားကြဖို့အကြောင်း၊ တင်းမာမှုလျော့ပါးရေးနဲ့ နိုင်ငံတကာဥပဒေ၊ ကုလပဋိညာဉ် နဲ့ TAC တို့အရ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးနည်းလမ်းတွေ ရှာကြဖို့အကြောင်း တစ်ပိုဒ်ရေးထားပြီး နောက်တစ်ပိုဒ်မှာတော့ အခြေအနေကို ထိန်းမနိုင်သိမ်းမရ မဖြစ်သွားစေရအောင် တွေ့ဆုံဆွေးနွေးကြဖို့ အချိန်ရှိနေသေးကြောင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ညီညွတ်မျှတစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် နိုင်ငံတိုင်းဟာ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေး၊ နိုင်ငံအားလုံးရဲ့ တန်းတူရည်တူအခွင့်အရေးရှိရေးအတွက် အချင်းချင်းအပြန်အလှန် လေးစားမှုကို မြှင့်တင်ကြဖို့ အားလုံးရဲ့တာဝန်ပါပဲ ဆိုပြီး ရေးထားပါတယ်။ အကြမ်းဖျင်းသုံးသပ်ရရင်တော့ဖြင့် သိပ်ပြီး ထူးထူးခြားခြား ရေးထားတာမျိုးမရှိဘဲ မင်းတိုင်းကျေထုတ်ထားတဲ့ ကြေညာချက်တစ်စောင်လို့ပဲ ပြောချင်ပါတယ်။
.
. . . အာဆီယံရဲ့ ဘုံသဘောထားက အထက်ကလို ရှိပေမယ့် အဖွဲ့ဝင် တစ်နိုင်ငံချင်းစီမှာလည်း မတူညီတဲ့ သဘောထားတွေ ရှိနေကြပါတယ်။ အထင်ရှားဆုံးကတော့ စင်ကာပူနဲ့ မြန်မာပါ။ စင်ကာပူနိုင်ငံကတော့ လေသံတော်တော်ပြင်းပါတယ်၊ ဘယ်အကြောင်းပြချက်နဲ့မဆို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုကို ကျူးကျော်တိုက်ခိုက်တာကို ပြင်းထန်စွာပြစ်တင်ရှုတ်ချတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။(#LINK2) အာဆီယံထဲမှာဆို တော်တော်ကို တင်းမာအစွန်းရောက်တဲ့ သဘောထားဖြစ်ပါတယ်။ စင်ကာပူရဲ့ တစ်ခြားတစ်ဘက်စွန်းမှာတော့ မြန်မာရှိပါတယ်။ မြန်မာအစိုးရ ပြောခွင့်ရက အခုကိစ္စက ရုရှားနိုင်ငံအနေနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေဖို့ လုပ်ဆောင်ခဲ့တဲ့၊ လုပ်ဆောင်သင့်တဲ့ လုပ်ဆောင်ချက်လို့ပဲ မြင်ပါတယ်ဆိုပြီး ပြောထားပါတယ်။(#LINK3)
.
. . . စင်ကာပူနဲ့ မြန်မာ ကြားမှာတော့ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်းတို့ ရှိပါတယ်၊ သူတို့က မယုတ်မလွန် သဘောထားထုတ်ပြန်ကြပါတယ်။ (#LINK4,5,6)
.
. . . ဗီယက်နမ်ကတော့ နည်းနည်း ထူးဆန်းပါတယ်။ နိုင်ငံတကာသိတဲ့ ထုတ်ပြန်ချက်မှာတော့ အထက်က နိုင်ငံတွေလို သမားရိုးကျ စကားလုံးတွေပဲ သုံးသွားပေမယ့် ပြည်တွင်းမီဒီယာတွေမှာတော့ ရုရှားကို ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။ (#LINK7,8)
.
. . . ဖိလစ်ပိုင်က စစ်ရေးတင်းမာနေတဲ့နေရာရောက်နေတဲ့ သူ့နိုင်ငံသားတွေ ကယ်ထုတ်ရေးကိစ္စပဲ ပြောပြီး ကျန်တာ ဘာသဘောထားမှ ထုတ်ပြောတာမရှိပါ။ (#LINK9)
.
. . . လာအို နဲ့ ဘရူနိုင်းတို့ကတော့ အရှင်းဆုံးပါပဲ၊ ဘာမှကို ဝင်မပြောတာပါ။ (#LINK10,11)
.
ဗိုလ်ကောင်း
၂၇ ဖေဖော်ဝါရီ ၂၀၂၂
.
သက်ဆိုင်ရာ လင့်တွေကို ကွန်းမင့်ဘောက်မှာ ထည့်ပေးပါမယ်

Thursday 24 February 2022

MILAN 2022



. . . ဟင်ဒီဘာသာစကားနဲ့ मिलान (မီလန်) မြန်မာလိုဆို “ဆုံဆည်းစုရုံးစည်းဝေးကြခြင်း” လို့ နာမည်ပေးထားတဲ့ နိုင်ငံစုံ ရေတပ်စစ်ရေးလေ့ကျင့်ခန်းတစ်ခုကို အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်းခြေက အန္ဒရာပရာဒက်ရှ်ပြည်နယ် မြို့တော် ဗစ်ရှာခါပါတနန် विशाखापत्तनम မြို့မှာ အခြေပြုပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ မတ်လ ၄ ရက်နေ့ထိ ရှစ်ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် ပထမဆုံးအကြိမ်တုန်းက အိန္ဒိယနိုင်ငံရေတပ်နဲ့အတူ အင်ဒိုနီးရှား၊ စင်ကာပူ၊ သီရိလင်္ကာနဲ့ ထိုင်းရေတပ်တို့ ပါဝင်လေ့ကျင့်ခဲ့ကြတဲ့ ဒီလေ့ကျင့်ခန်းကို မြန်မာ့တပ်မတော်(ရေ)က ၂၀၀၃ ခုနှစ်မှာ ကျင်းပတဲ့ စတုတ္ထအကြိမ်လေ့ကျင့်ခန်းမှာ စတင်ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဒီနှစ်အတွက်လည်း မြန်မာနိုင်ငံက ပူးပေါင်းပါဝင်မယ့် ရေတပ်သင်္ဘော စစ်ရေယာဉ်(ဆင်ဖြူရှင်) က ရန်ကုန် သီလဝါဆိပ်ကမ်းကနေ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကတည်းက ထွက်ခွာသွားပြီဖြစ်ပါတယ်။
.
. . . မီလန်စစ်ရေးလေ့ကျင့်ခန်းကို ပုံမှန်အားဖြင့် နှစ်နှစ်တစ်ကြိမ်ကျင်းပတယ်ဆိုပေမယ့် ကြားထဲမှာ အကြောင်းကြောင်းကြောင့် မကျင်းပဖြစ်ခဲ့တာတွေရှိပြီး ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်တုန်းကလည်း ကိုဗစ်ကပ်ရောဂါကြောင့် မကျင်းပဖြစ်ခဲ့ပါဘူး။ အခုကျင်းပတဲ့ မီလန် ၂၀၂၂ ကတော့ ၁၁ ကြိမ်မြောက်ဖြစ်ပြီး ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားတဲ့နိုင်ငံ ၄၆ နိုင်ငံနဲ့ အများဆုံးလို့ ဆိုပါတယ်၊ ဖိတ်ခေါ်ထားတဲ့ နိုင်ငံတွေက လာရောက်ပူးပေါင်းကြမှာဖြစ်ပေမယ့် နိုင်ငံတိုင်းကတော့ ရေတပ်သင်္ဘောတွေ လွှတ်မှာမဟုတ်ဘဲ မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ဩစတြေးလျ၊ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ပြင်သစ်နှင့် ဆေးရှဲလ် နိုင်ငံပေါင်း ၁၆ နိုင်ငံက ရေတပ်သင်္ဘောတွေ လာရောက်ကြမှာဖြစ်ပါတယ်။
.
. . . ဒီနှစ်အတွက် ထူးခြားတာက အရင်နှစ်တွေက တစ်ခါမှ မပါခဲ့ဖူးတဲ့ အမေရိကန် နဲ့ ဂျပန်တို့ပါ စစ်သင်္ဘောတွေ စေလွှတ်ပူးပေါင်းမှာဖြစ်တဲ့အတွက် မီလန်လေ့ကျင့်ခန်းမှာ ပထမဆုံးအကြိမ်အဖြစ် QUAD အဖွဲ့ဝင် အိန္ဒိယ၊ ဩစတေးလျ၊ ဂျပန်၊ အမေရိကန်တို့ စုံစုံညီညီပါဝင်လာတဲ့အပြင် အခု ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့ ရုရှားကလည်း ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာတာပဲ ဖြစ်ပါတယ်။
.
. . . အခု လေ့ကျင့်ခန်းမှာ ပင်လယ်ပြင် ရေတပ်လေ့ကျင့်ခန်းချည်းသက်သက်မဟုတ်ဘဲ ဗစ်ရှာခါပါတနန် မြို့မှာလည်း ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်တွေလည်း ပါအုံးမှာဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်းလည်း ပါပုံရပါတယ်။ လေ့ကျင့်ခန်းရဲ့ ပထမ ၄ ရက်ကို အဲသည်မြို့မှာပဲ လုပ်မှာဖြစ်ပြီး ဒုတိယ ၄ ရက်ကျမှ ပင်လယ်ပြင်လေ့ကျင့်ခန်းတွေ လုပ်မှာဖြစ်တာကြောင့် တက်ရောက်ကြမယ့် နိုင်ငံတွေက ရေတပ်သားတွေ စုံစုံညီညီပျော်ပျော်ပါးပါးဖြစ်မယ့် ပွဲမျိုးကို ဖန်တီးပေးထားဟန်တူပါတယ်။
.
. . . အမေရိကန်က ထုတ်ပြန်ထားတဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာထဲမှာ အိန္ဒိယနိုင်ငံရဲ့ ဒေသတွင်းဦးဆောင်နိုင်ငံအဖြစ် တိုးတက်လာမှုကို အားပေးထောက်ပံ့ဖို့နဲ့ QUAD လေးနိုင်ငံလုံး စုံစုံညီညီ မျှဝေလုပ်ဆောင်ကြဖို့ဆိုတဲ့ အချက်အရ တရုတ်နိုင်ငံက အိန္ဒိယသမုဒ္ဒရာထဲ နယ်ပယ်ချဲ့ထွင်လာတာကို တန်ပြန်ဖို့ဆိုပြီး အိန္ဒိယဦးဆောင် စစ်ရေးအင်အားစုဖွဲ့တယ်လို့လည်း ရှုမြင်နိုင်တဲ့ အခြေအနေရှိပါတယ်။
.
. . . မြန်မာနိုင်ငံကတော့ တစ်ဘက်မှာလည်း တရုတ်နိုင်ငံနဲ့ နီးနီးကပ်ကပ် ဆက်ဆံနေရသလို တစ်ဘက်မှာလည်း အိန္ဒိယဦးဆောင်တဲ့ စစ်ရေးအင်အားစုဖွဲ့မှုမှာ အမေရိကန်၊ ရုရှားတို့နဲ့အတူ ပူးပေါင်းပါဝင်နေတာဟာ စိတ်ဝင်စားစရာကောင်းတဲ့ အခြေအနေတစ်ခုဖြစ်တယ်ဆိုတာ
.
ဗိုလ်ကောင်း
၂၄ ဖေဖော်ဝါရီ ၂၀၂၂

Sunday 20 February 2022

လက်ကျန်တစ်ပွင့်


. . . ကိုယ်က ကြိုက်တဲ့ ကဗျာလေးတွေ စာလေးတွေဆို အလွတ်ကို ရနေတတ်တယ်၊ တစ်ခါတစ်လေလည်း တမင်တာ ကျက်ယူရတာမျိုး ရှိသလို တစ်ခါတစ်လေလည်း ကြိုက်လွန်းလို့ ဖတ်ရင်းနဲ့ကို အလွတ်ရနေတာမျိုးပေါ့၊ ကဗျာလို တိုတိုလေးတွေ မဆိုထားနဲ့ ဆဒ္ဒန်ဆင်မင်းဝတ္ထုထဲက မုဆိုးနဲ့ ဆင်မင်း စကားပြောခန်းကနေ အပြီးအထိဆို လင်္ကာသွားနဲ့ရေးထားတဲ့ ကာရံအချိတ်အဆက်လေးတွေ ကြိုက်လွန်းအားကြီးလို့ ဆယ်တန်းလောက်ကတည်းက ဖတ်ခဲ့တာပေမယ့် အခုထိကို အလွတ်နီးပါးရနေတုန်း၊ အင်္ဂလိပ် ကဗျာတွေဆိုလည်း ကြိုက်လွန်းလို့ အလွတ်ရနေတာတွေ တော်တော်များရှိတယ်
.
. . . ကိုးတန်း ဆယ်တန်းလောက်က အင်္ဂလိပ်-မြန်မာစာစောင်လေးတွေ ကိုယ်က ပုံမှန်နီးပါး ဖတ်ဖြစ်တယ်၊ Top English, Light English ဆိုတာလေးတွေက ကိုယ်တွေ အထက်တန်းကျောင်းသားနဲ့ တက္ကသိုလ်တက်တဲ့အချိန်က ခေတ်စားခဲ့တာလေးတွေပေါ့၊ ကျနော်ကြိုက်တဲ့ ကဗျာတွေထဲက တစ်ပုဒ်ဖြစ်တဲ့ လက်ကျန်တစ်ပွင့် ကဗျာကို အဲသည် အင်္ဂလိပ်-မြန်မာစာစောင်ထဲမှာ ဖတ်ခဲ့ရင်းကြိုက်လွန်းလို့ အခုထိကို အလွတ်ရနေတာ၊ အရင်တုန်းက ကဗျာရဲ့ အင်္ဂလိပ်ဘာသာပြန်ကိုပါ အလွတ်ရတယ်၊ အခုတော့ မေ့ပြီ
.
. . . လက်ကျန်တစ်ပွင့်ဆိုတဲ့ ကဗျာကို ကဗျာဆရာကြီး တင်မိုး ရေးခဲ့တာဖြစ်ပြီး ရေဆန်လေဆန်ကဗျာများဆိုပြီး ၁၄-၁၀-၇၃ လို့ ရက်စွဲတပ်ထားတာတွေ့တယ်၊ ကိုယ်တွေတောင် မမွေးသေးခင်ကတည်းက ရှိနေနှင့်ပြီးကဗျာလေးပေါ့
.
. . . ကဗျာဆရာကတော့ ကဗျာကို ဘာကို ဆိုလိုချင်လို့ ဘာနိမိတ်ပုံတွေနဲ့ ရေးခဲ့လဲ မသိပေမယ့် ကိုယ်ကတော့ ကိုယ့်အတွေးနဲ့ကိုယ် ရိုးရိုးပန်းလေးတစ်ပွင့်အဖြစ်ပဲ မြင်ပြီး ကဗျာလေးကို ချစ်နေတာ၊ အသံလေးလည်းသာ ကာရံလေးလည်း မိပြီး မှတ်ရလွယ်တဲ့ အရပ်သုံးစကားလေးတွေနဲ့ပဲရေးထားတဲ့ ကဗျာလေးကို ချစ်လွန်းလို့
.
. . . တစ်နေရာရာမှာများ ပန်းလေး တစ်ပွင့်တည်း တွေ့ရပြီဆို ဒီကဗျာလေးက ကိုယ့်စိတ်နှလုံးသားထဲ တန်းရောက်လာပြီး ရွတ်မိလျက်သားကို ဖြစ်ဖြစ်သွားတာ
.
. . . စိန်ရတုပြည်ထောင်စုနေ့က တစ်နေရာရောက်တော့ နှင်းဆီခြုံထဲမှာ နှင်းဆီပန်း အနီလေးတစ်ပွင့် တွေ့တာနဲ့ ပုံလေးရိုက်တင်လိုက်တယ်၊ ကဗျာ အပိုင်းအစလေးတွေ ဖေ့ဘုတ်မှာတင်လိုက်မိတယ်၊ ဖတ်တဲ့သူတွေက သို့လောသို့လော တွေးနေကြတာကိုလည်း မှန်းဆမိပါတယ်၊ ဒါပေမယ့် မတွေးကြပါနဲ့လို့၊ ကျနော်တင်တာ တကယ့်နှင်းဆီပန်းလေး အကြောင်းပါပဲလို့
.
ကဗျာ ဖတ်ချင်မယ့်သူတွေအတွက် တစ်ပုဒ်လုံး တင်ပေးလိုက်ပါတယ်
.
သခင့်ခြံတွင်
တစ်ပွင့်ကျန်သော ပန်းကလေး
မခူးအား၍
ဆူးကြားကျန်ရစ်ခဲ့လေသလော
မခူးရက်၍
ဆူးထက်ကျန်ရစ်ခဲ့လေသလော
မခူးလို၍
ဆူးညိုကြားတွင် သူ့ကံပင်ဟု
တမင်စွန့်ခဲ့လေသလော
မည်သို့ဖြစ်စေ သခင်မြေ၌
ညနေရီနှင့် လွမ်းအောင်ပွင့်သည့်
တစ်ပွင့်ကျန်သေး ပန်းကလေးကြောင့်
တေးသည်ငှက်ဆွေ အဆွေးပြေသည်
နွေဦးဆန်းစမှာတကား
(တင်မိုး)
.
နွေဦးဆန်းစဆိုတာ အခုလို အချိန်မျိုးပေါ့ဗျာ
အခုလို အချိန်မျိုးဆိုတာ ကိုယ်တွေလို နှလုံးသားနုတဲ့သူတွေအတွက် မြင်မြင်ကရာ လွမ်းစရာတွေ ဖြစ်နေတဲ့အချိန်ပေါ့၊ ကျနော်လွမ်းနေတာကို ဘာသာတွေ သိပ်မပြန်ကြပါနဲ့ဗျာ၊ ကျနော်က သိပ်လွမ်းတတ်တာ
.
မောင်လွမ်းဝေ
၂၀ ဖေဖော်ဝါရီ ၂၀၂၂
(ပုံက အဲသည်နေ့က ရိုက်ထားတဲ့ပုံ နေရာက နေပြည်တော် Hotel Max)

No Fly Zone



. . . မြန်မာ့တပ်မတော်ရဲ့ လေကြောင်းစွမ်းအားကို ကန့်သတ်နိုင်ဖို့ မြန်မာနိုင်ငံထဲမှာ No Fly Zone သတ်မှတ်ဖို့ တောင်းဆိုနေကြတာတွေရှိတယ်။ တောင်းဆိုနေကြတာတော့ အရင်ကတည်းကပေမယ့် အခုနောက်ပိုင်း ပိုပြီးအသံကျယ်လာတာပေါ့
.
. . . ဒါပေမယ့် လူတော်တော်များများ သိပ်သတိမပြုမိတဲ့အချက်က ဘာလဲဆိုတော့ No Fly Zone ဆိုတာ သတ်မှတ်ပြီးရင် လိုက်နာအောင်လုပ်ဖို့လိုတယ်ဆိုတာပါပဲ၊ ဆိုပါတော့ မြန်မာ့တပ်မတော်လေယာဉ်တွေ ဘယ်နေရာ မပျံသန်းရဆိုပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက သတ်မှတ်လိုက်ပြီ ဆိုပါတော့၊ မြန်မာ့တပ်မတော်က အလွယ်တကူ လိုက်နာပါ့မလား၊ လိုက်နာအောင်ရော ဘယ်သူတွေက ကြပ်မတ်မှာလဲ၊ ကြပ်မတ်တယ်ဆိုတာ ထိုင်ကြည့်နေရုံနဲ့ မရဘူး၊ တိုက်လေယာဉ်တွေ၊ ကင်းထောက်လေယာဉ်တွေ ရေဒါတွေနဲ့ စောင့်ကြည့်တာ ဖိအားပေးတာ စတာတွေလုပ်ဖို့လိုတယ်
.
. . . ပိုင်နက်နယ်မြေ ကျူးကျော်တာကို လက်မခံတဲ့ မြန်မာ့တပ်မတော်က မြန်မာ့အချုပ်အခြာ ပိုက်နက်ထဲဝင်လာတဲ့ ပြည်ပလေယာဉ်တွေကို ပစ်ချလိုက်လို့ပဲဖြစ်ဖြစ်၊ မြန်မာ့တပ်မတော်ရဲ့ စစ်လေယာဉ် ဒါမှမဟုတ် မြေပြင်က ယန္တရားတွေ ပြည်ပတိုက်လေယာဉ်လက်ချက်နဲ့ ပျက်စီးသွားခဲ့ရင်ဖြစ်ဖြစ် တစ်ခုခုများ ဖြစ်ခဲ့သည်ရှိသော် ပြဿနာက အကြီးကြီးတက်ပြီ၊ အခုလက်ရှိက ပြည်တွင်းကိစ္စလို့ ဆိုရအုံးမှာပေမယ့် အာ့လိုဖြစ်ရင် ပြည်ပစစ်သဘောကို ချက်ချင်းရောက်သွားမှာ
.
နောက်တစ်ခုက မြန်မာ့မြေပေါ်ကို အာ့လိုနည်းနဲ့ လာစောင့်ကြည့်ဖို့ကို အိမ်နီးချင်းနိုင်ငံတွေက လက်ခံပါ့မလား
.
No Fly Zone နဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေကို ပြည့်ပြည့်စုံစုံရေးထားတဲ့ ကိုအောင်သူရိန်ရဲ့ စာ နဲ့ မြန်မာပြည်မှာ No Fly Zone သတ်မှတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သုံးသပ်ထားတဲ့ Andrew Selthရဲ့ စာတစ်ပုဒ် ကို ကွန်းမင့်မှာ လင့်တွေထည့်ပေးထားပါတယ်
.
ဗိုလ်ကောင်း
၂၀ ဖေဖော်ဝါရီလ

Monday 7 February 2022

ဒီဂျစ်တယ်ကျပ်ငွေ


.
. . . မြန်မာနိုင်ငံမှာ ဒီဂျစ်တယ်ငွေကြေး ထုတ်ဝေသုံးစွဲဖို့ကိစ္စ စဉ်းစားနေတယ်လို့ အစိုးရပြောခွင့်ရက ပြောတယ်ဆိုပြီး ဘလွန်းဘတ် သတင်းဌာနက တက်လာပါတယ်။ ဒါနဲ့ပတ်သက်ပြီး မေးခွန်းတစ်ချို့ကို နားလည်သလောက် ဖြေကြည့်ပါမယ်
.
ဒီဂျစ်တယ်ငွေကြေးဆိုတာ ဘယ်လိုမျိုးလဲ
- အပြည့်အစုံခေါ်မယ်ဆို ဗဟိုဘဏ်က ထုတ်ဝေသော ဒီဂျစ်တယ်ငွေကြေး Central Bank Digital Currency – CBDC လို့ ခေါ်ကြပါတယ်၊ အပြင်မှာသုံးနေတဲ့ ငွေနဲ့ တန်ဖိုးတူတဲ့ ဒီဂျစ်တယ်ပိုက်ဆံပါ၊ ဗဟိုဘဏ်က ထုတ်ဝေတာဖြစ်ပြီး ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်၊
.
လူသိများကြတဲ့ ဘစ်ကွိုင်လိုမျိုးလား
- မတူပါဘူး။ ဘစ်ကွိုင်လိုဟာမျိုးက ဘယ်သူမှ ထိန်းချုပ်မှုမရှိဘဲ ဘလော့ချိန်းလယ်ဂျာနည်းပညာနဲ့ ရှာဖွေသုံးစွဲကြတဲ့ ခရစ်တိုငွေကြေးမျိုးဖြစ်ပြီး CBDC ကတော့ နိုင်ငံရဲ့ အချုပ်အခြာအာဏာအောက်မှာ ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝရှိနေတဲ့ ငွေကြေးမျိုးဖြစ်ပါတယ်၊
.
အခုလည်း KBZ Pay လိုမျိုးနဲ့ သုံးနေကြတာပဲ၊ အဲတာလည်း ဒီဂျစ်တယ်ငွေကြေး မဟုတ်ဘူးလား
- သဘောသဘာဝနဲ့ သုံးစွဲပုံစံချင်း ဆင်တူပေမယ့် ခုလက်ရှိသုံးနေတဲ့ KBZ Pay လိုမျိုးတွေမှာ ကြားခံ ဘဏ်တစ်ခုခုကို ဖြတ်သန်းအသုံးပြုရတာဖြစ်ပြီး ဒီဂျစ်တယ်ငွေကတော့ သုံးစွဲသူအချင်းချင်း တိုက်ရိုက်ငွေပေးငွေယူလုပ်ရတဲ့ သဘောရှိပါတယ်
.
ကမ္ဘာပေါ်မှာ ဒီဂျစ်တယ်ငွေကြေး တရားဝင်စသုံးနေကြပြီလား
- စပြီး သုံးနေကြတာ ရှိပေမယ့် လောလောဆယ်တော့ နိုင်ငံငယ်လေးတွေပဲ သုံးနေကြပါသေးတယ်၊ အာဆီယံထဲမှာဆို ကမ္ဘောဒီးယားက သုံးနေပါပြီ၊ နိုင်ငံကြီးတွေထဲမှာဆို တရုတ်က စမ်းသပ်သုံးနေတဲ့ အဆင့်ရှိနေပါပြီ၊ ကမ္ဘာ့ ဗဟိုဘဏ် ၈၀ ရာခိုင်နှုန်းလောက်ကတော့ ဒီစနစ်ကို လေ့လာသုံးသပ်နေကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။
.
အခု အဖြေတွေက တရုတ်နိုင်ငံက စမ်းသပ်သုံးနေတဲ့ CBDC စနစ်အပေါ် အခြေခံပြီး ဖြေထားတာတွေဖြစ်ပါတယ်။ နောက်ထပ် သိချင်တဲ့ မေးခွန်းတွေ ကွန်းမင့်မှာ ရေးခဲ့ပေးပါ၊ ကြိုးစားပြီးဖြေပေးပါမယ်၊ အဖြေတွေကို post edit လုပ်ပြီး ဖြည့်ပေးသွားမယ်
.
ဗိုလ်ကောင်း
၇ ဖေဖော်ဝါရီ ၂၀၂၂


Sunday 6 February 2022

မြန်မာဒေါ်လာ

.
. . . မြန်မာ့နိုင်ငံရေးအခြေအနေကို ပွဲလန့်တုန်းဖျာခင်းပြီး ဘက်ပေါင်းစုံက ဝင်အမြတ်ထုတ်ကြတဲ့အထဲ တော်တော်ကို ရည်မှန်းချက်ကြီးကြီးနဲ့ ငွေကြေးပိုင်းဆိုင်ရာ အချီကြီးကြံခဲ့ကြသူတစ်ချို့ရှိတယ်။ မြန်မာဒေါ်လာလို့ သူတို့ဘာသာ နာမည်ပေးထားတဲ့ ခရစ်တိုငွေကြေးတစ်မျိုး ထုတ်ခဲ့ကြသူတွေပေါ့။ လက်သုံးချောင်းထောင်ထားတဲ့ပုံနဲ့ တွဲပြီး တင်လိုက်လို့ရှိရင် မစဉ်းမစားအားပေးကြမှာပဲဆိုတဲ့ ပျော့ကွက်ကိုနင်းပြီး Myanmar Dollar – MYD ဆိုပြီး ဗဟိုထိန်းချုပ်မှုရှိတဲ့ စနစ်နဲ့ ခရစ်တိုငွေကြေးဆိုတာကို ထုတ်ခဲ့ကြတယ်။
.
. . . မြန်မာနိုင်ငံသားမဟုတ်သူ မြန်မာစကားမပြောတတ်/နားမလည်သူတစ်ချို့ဦးစီးပြီး လုပ်ခဲ့ကြတဲ့ အဲသည်စီမံကိန်းက လုပ်တုန်းကတော့ တော်တော့်ကို စနစ်တကျနဲ့ လုပ်ခဲ့တာပဲ၊ ခရစ်တိုအိတ်ချိန်းတွေမှာပါ တင်ဖို့ကြိုးစားပြီး အမေရိကန် တစ်ဒေါ်လာကို မြန်မာဒေါ်လာ ၃၂ ယူနစ်နဲ့ ဈေးသင့်တယ် ဘာညာဆိုတဲ့ သတင်းတွေက ဟုတ်သော်ရှိ မဟုတ်သော်ရှိ အတည်မဖြစ်သေးပေမယ့် နွေဦးတော်လှန်ရေးဘာညာ ခေါင်းစဉ်နဲ့ လက်သုံးချောင်းပုံနဲ့ တွဲလိုက်တဲ့အခါ လော်ဘီလုပ်ပေးကြသူတွေ၊ ကြော်ငြာပေးကြသူတွေ၊ ဇမ်းတင်ပေးကြသူတွေရဲ့ စကားကို နားယောင်ပြီး ဝယ်စုကြသူတွေ၊ ရောင်းကြဝယ်ကြလုပ်တာတွေ၊ မြန်မာဒေါ်လာနဲ့ပစ္စည်းရောင်းပေးတာတွေ စသည်ဖြင့် တော်တော်ကို စည်စည်ကားကား ဖြစ်တဲ့နေရာမှာ ဖြစ်ခဲ့ကြသေးတာ
.
. . . မြန်မာဒေါ်လာစီမံကိန်းက သူတို့လုပ်ဆောင်မယ့် မူဝါဒနဲ့ လမ်းစဉ်ဆိုတာတွေကို ထုတ်ပြန်ထားတဲ့ စက္ကူဖြူစာတမ်းအဆိုအရ အဲသည်ခရစ်တိုငွေကြေးက ဘစ်ကွိုင်တို့လို မိုင်းတူးရှာလို့ရတဲ့ ငွေကြေးမျိုးမဟုတ်ဘဲ တည်ထောင်တဲ့အဖွဲ့က ထုတ်ဝေမယ့် ငွေကြေးအမျိုးအစားဖြစ်ပြီး ၃၄၀ ဘီလီယံထုတ်ဝေမှာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံသား ၅၅ သန်းအတွက် တစ်ဦးကို MYD 2000 နှုန်းနဲ့ စုစုပေါင်း ၁၁၀ ဘီလီယံ ချန်ထားပြီး ကျန်တဲ့ ၂၃၀ ဘီလီယံကို ဖျက်ဆီးပစ်မယ်လို့ ဆိုပါတယ်။ အဲသည် MYD 110 ဘီလီယံရဲ့ ၅၅% ကို မြန်မာပြည်သူများထံ အညီအမျှခွဲဝေပေးသွားမယ်၊ ၅% ကို MYD ဈေးကွက်မြှင့်တင်ရေးသဘောမျိုးသုံးမယ်၊ ၂၅% ကို နုဂျီအဖွဲ့ကို အသုံးစရိတ်ပေးပြီး ကျန်တဲ့ ၂၀ % ကို အရံငွေအဖြစ် ထိန်းသိမ်းထားမယ်လို့ စက္ကူဖြူစာတမ်းမှာ ရေးထားပါတယ်။
.
. . . ဒါပေမယ့် အဲသည် MYD ဆိုတဲ့ မြန်မာဒေါ်လာဆိုသဟာ လက်တည့်စမ်းကြတဲ့ လူတစ်စုနဲ့ အပျင်းပြေကစားကြတဲ့ လူတစ်စုရယ်၊ မျှော်လင့်ချက်အမှားတွေနဲ့ ငါတို့နိုင်တော့မှာဆိုတဲ့ လူတစ်ချို့က ဝယ်ပြီးလိုက်စုကြတဲ့ လူတစ်စုရယ်လက်ထဲမှာပဲ လမ်းဆုံးသွားပြီး ပြီးခဲ့တဲ့ နှစ်ကုန် ၂၀၂၁ ဒီဇင်ဘာလထဲမှာပဲ အဲသည်ငွေကြေးထုတ်ဝေမှုစီမံကိန်းကို ရပ်နားလိုက်ပြီဖြစ်ကြောင်း သက်ဆိုင်ရာ ဖေ့ဘုတ်စာမျက်နာမှာ ကြေညာချက်ထုတ်ပြီး သိပ်မကြာခင်မှာပဲ အဲသည်ပေ့ချ်တွေ၊ တရားဝင်တည်ထောင်ထားတဲ့ ဝက်ဆိုက်တွေပါ ဖြုတ်ချပြီး ပျောက်ခြင်းမလှ ပျောက်သွားပြီး ဖုန်းထဲထည့်ထားတဲ့ app တွေ၊ Wallet တွေမှာပါ အခွံကျန်ခဲ့တော့တာပါပဲ။ စီမံကိန်းဖျက်သိမ်းတဲ့ ကြေညာချက်ထဲမှာ ဒီဟာကို လုပ်လိုက်တာ ဆာဗာဖိုးတွေ စက်ဖိုးတွေ အပါအဝင် ဒေါ်လာရှစ်ထောင်လောက် ကုန်သွားတဲ့အကြောင်းလည်း ပါသေးတော့ အော် ငါတို့ နိုင်ငံရေးပွဲလန့်တဲ့အချိန်မှာ ဒေါ်လာ ထောင်ဂဏန်းလောက်သုံးပြီး ငွေကြေးကဏ္ဍကြီးကို ဝင်မွှေဖို့ ကြံကြတာများ ရှိသေးတာပါလားဆိုပြီး
.
ဗိုလ်ကောင်း
၆ ဖေဖော်ဝါရီ ၂၀၂၂

တရုတ်-ရုရှား ပူးတွဲကြေညာချက်



.
. . . တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ်ဖွင့်ပွဲကို သွားတက်တဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့တွေ့ဆုံအပြီး နှစ်နိုင်ငံ ပူးတွဲကြေညာချက်တစ်ခု ထုတ်လိုက်တာ အခု လူပြောသူပြောများနေပါရောလား၊ ကမ္ဘာ့သတင်းဌာနနဲ့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ချက်တွေ အမျိုးမျိုးထုတ်ကြတာမှ အများကြီးပါပဲ၊ အကျဉ်းချုပ်ကတော့ ဒီလိုပါ
.
. . . အရင်ဆုံးပြောချင်တဲ့အချက်က ကြေညာချက်ဟာ တော်တော်ရှည်တယ် အင်္ဂလိပ်လို စာလုံးရေ ၅၃၆၄ လုံးပါတာဆိုတော့ ပုံမှန်စာလုံးနဲ့ဆိုရင်တောင် ၁၂ မျက်နာလောက်ရှိတာဆိုတော့ နှစ်နိုင်ငံပူးတွဲကြေညာချက်တစ်ခုအနေနဲ့ နည်းနည်းတော့ များတယ်ပြောရမလားပဲ၊ ကြေညာချက်မှာ နိဒါန်းပိုင်းပြီးတော့ အဓိက အပိုင်းလေးပိုင်းခွဲပြောထားတယ်။
.
. . . ပထမဆုံးပိုင်းမှာ နှစ်နိုင်ငံ နားလည်လက်ခံထားတဲ့ ဒီမိုကရေစီရဲ့ သဘောသဘာဝကို ရှင်းပြထားတယ်။ ဒီမိုကရေစီစနစ်ဆိုတာ ကမ္ဘာ့လူသားတွေအားလုံးအတွက် တန်းတူညီမျှတဲ့ တန်ဖိုးဖြစ်တယ်၊ နိုင်ငံတစ်ချို့ကိုပဲ အခွင့်ထူးခံပေးထားတဲ့ စနစ်မဟုတ်ဘူး၊ ဒီမိုကရေစီဆိုတာ အုပ်ချုပ်ရေးမှာ ပြည်သူတွေပူးပေါင်းပါဝင်တဲ့စနစ်မျိုးဖြစ်တယ်၊ နိုင်ငံအားလုံး တပြေးညီကျင့်သုံးလို့ရတဲ့ ဒီမိုကရေစီဆိုတာ မရှိဘူး၊ နိုင်ငံတွေက သူတို့ဓလေ့ သမိုင်း နောက်ခံအခြေအနေတွေနဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ ကျင့်သုံးရတဲ့ စနစ်ဖြစ်တယ်၊ ဒီမိုကရေစီတာ မစီတာကို အပြင်လူတွေ လာဆုံးဖြတ်ပေးစရာမလိုဘူး သက်ဆိုင်ရာနိုင်ငံသားတွေကပဲ ဆုံးဖြတ်မယ်၊ ရုရှား နဲ့ တရုတ်တို့မှာလည်း နှစ်ပေါင်းထောင်ချီသမိုင်းကြောင်းနဲ့ ဒီမိုကရေစီကို ကျင့်သုံးနေတဲ့စနစ်ရှိတယ်၊ ကိုယ့်နိုင်ငံက ဒီမိုကရေစီကမှ ကောင်းပါတယ်ဆိုပြီး အတင်းတင်ပို့သွတ်သွင်းတာတွေ ဒီမိုကရေစီရဲ့ သဘောသဘာဝလက္ခဏာတွေကို ကိုယ်စိတ်တိုင်းကျ သတ်မှတ်တာတွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေကို ဖျက်ဆီးနေရာရောက်တယ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဗန်းပြပြီး သူများပြည်တွင်းရေးဝင်စွက်ဖက်တာတွေ ဖိအားပေးတာတွေက အကျိုးမရှိတဲ့အပြင် ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းလုံခြုံရေးကို ထိပါးစေတယ်၊ ကမ္ဘာကြီးမှာ အကွဲအပြဲနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာအောင် မြှောက်ပင့်ပေးနေတာက ဒီမိုကရေစီရဲ့ အနှစ်သာရကို အလွဲသုံးစားပြုရာရောက်တယ် စသည်ဖြင့် ဖော်ပြထားတယ်၊ ဒီနေရာမှာ စစ်မှန်သောဒီမိုကရေစီ Genuine Democracy ဆိုတဲ့ စကားလုံးကို သုံးထားတာ မှတ်သားစရာပါပဲ
.
. . . ဒုတိယပိုင်းမှာ ရုရှား-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ရေးထားတယ်။ Eurasian Economic Union နဲ့ BRI တို့ ပူးပေါင်းဆောင်ရွက်မယ်၊ ကိုဗစ်တိုက်ဖျက်ရေးကိစ္စ ပေါင်းလုပ်မယ်၊ ကိုဗစ်အစရှာတဲ့ ကိစ္စက သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာမှု ကိစ္စသာဖြစ်ပြီး နိုင်ငံရေးလာနွယ်တာမျိုးကို လက်မခံဘူး၊ ရာသီဥတုပြောင်းရေးမှုတိုက်ဖျက်ရေးကို လုပ်ဆောင်ရမှာဖြစ်ပေမယ့် အာ့တာကို အကြောင်းပြုပြီး ကုန်သွယ်ရေးမှာ အတားအဆီးတွေ ဖန်တီးတာကို လက်မခံဘူး စသည်ဖြင့် ရေးထားတယ်။
.
. . . တတိယပိုင်းက နိုင်ငံတကာနဲ့ပတ်သက်တဲ့ လုံခြုံရေးကိစ္စတွေ၊ ဒီအပိုင်းမှာလည်း ရေးထားတာ အကြောင်းအရာ တော်တော်စုံစုံပါပဲ၊ နှစ်နိုင်ငံအကျိုးစီးပွား၊ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးတို့နဲ့ပတ်သက်ပြီး အပြန်အလှန်ထောက်ကူသွားမယ်၊ ပြည်တွင်းရေးကို ပြည်ပက စွက်ဖက်တာ လက်မခံဘူး၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ရုရှားက ထောက်ခံတယ်၊ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးကို ကုလဦးဆောင်တဲ့ အစီအစဉ်တစ်ခုပေါ်ပေါက်လာဖို့ အားပေးတယ်၊ ဒါပေမယ့် အကြမ်းဖက်တိုက်ဖျက်ရေးကို စံနှုန်းတွေအမျိုးမျိုးထားပြီး ပထဝီနိုင်ငံရေးရည်မှန်းချက်အတွက် လက်ကိုင်တုတ်အဖြစ်သုံးတာ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်တာတွေ လက်မခံဘူး၊ NATO တိုးချဲ့လာတာကို ဆန့်ကျင်တယ်၊ အမေရိကန်ရဲ့ အင်ဒိုပစိဖိတ် မဟာဗျူဟာကြောင့် ဒေသအပေါ် သက်ရောက်မှုတွေကို စောင့်ကြည့်နေတယ်၊ ရုရှားနဲ့ တရုတ်တို့ဦးဆောင်ပြီး အားလုံးပါဝင်တဲ့ အာရှပစိဖိတ်လုံခြုံရေးစနစ်တစ်ခု တည်ဆောက်ဖို့ လုပ်နေတယ်၊ အဲသည်စနစ်မှာ ဘယ်သူ့ကိုမှ ရန်မလိုဘဲ ငြိမ်းချမ်းရေး တည်ငြိမ်ရေး ကြွယ်ဝချမ်းသာရေးကိုပဲ ဦးတည်တယ်၊ နျူလက်နက်ကို နိုင်ငံတွေရဲ့ လုံခြုံရေးမူဝါဒထဲ အများကြီး ထည့်အားကိုးတာတွေ လျှော့သင့်ပြီ၊ နျူမပြန့်ပွားရေးစာချုပ် အကောင်အထည်ဖော်တာတွေ တိုးမြှင့်လုပ်သင့်တယ်၊ AUKUS မဟာမိတ်ဖွဲ့တာကို စိုးရိမ်တယ်၊ ဂျပန်က ပျက်စီးသွားတဲ့ ဖူကူရှီးမား နျူဓာတ်ပေါင်းဖိုက ရေတွေ ပင်လယ်ထဲ စွန့်ပစ်မယ့်ကိစ္စ ကို စိုးရိမ်တယ်၊ တာလတ်ပစ်ဒုံးကျည်လျှော့ချရေးစာချုပ်က အမေရိကန် ထွက်သွားတာကို စိုးရိမ်တယ်၊ တာလတ်ဒုံးနည်းပညာတွေ ပြန့်မှာရယ် အာရှပစိဖိတ်နဲ့ ဥရောပမှာ တာလတ်ဒုံးတွေဖြန့်ချထားတွေက ဒေသတွင်းလုံခြုံရေးကို ထိပါးစေပြီး လက်နက်အပြိုင်တပ်နေတာကို အားပေးနေတယ်လို့မြင်တယ်၊ ဥရောပဒေသမှာ မဖြစ်မနေလိုက်နာဖို့ လိုအပ်တဲ့ ကာလရှည်လုံခြုံရေးအာမခံချက်တစ်ခု ရုရှားက တောင်းဆိုနေတာကို တရုတ်က နားလည်စာနာတယ်၊ ဉာဏ်ရည်တုနည်းပညာနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံသေချာဆွေးနွေးမယ်၊ အာကာသဟင်းလင်းပြင်ကို ငြိမ်းငြိမ်းချမ်းချမ်းအသုံးပြုရမယ် လက်နက်ပြိုင်စရာနေရာ မဟုတ်ဘူး၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာကို ရာဇဝတ်မှုတွေကျူးလွန်ဖို့ အသုံးချတာကို လက်မခံဘူး၊ နိုင်ငံတွေက သူတို့အချုပ်အခြာအာဏာအောက်မှာ အင်တာနက်ကန့်သတ်မှုတွေ လုပ်ခွင့်ရှိတယ်
.
. . . စတုတ္ထပိုင်းက ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကိစ္စ၊ ကနေ့ကမ္ဘာကြီးမှာ နိုင်ငံစုံ အင်အားစုံဖြန့်ကျက်ထားတဲ့ ဗဟုမဏ္ဍိုင်အခင်းအကျင်းကို အားပေးတယ်၊ ရုရှားနဲ့ တရုတ်ဆက်ဆံရေးဟာ နိုင်ငံရေးစစ်ရေးမဟာမိတ်ဆိုတာထက် အများကြီးကို ပိုသွားပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးမှာ မလုပ်ရမယ့်နယ်ပယ်ဆိုတာမရှိတော့ဘူး၊ ကမ္ဘာ့နိုင်ငံတွေ ရန်လိုကွဲပြားရမယ့်အချိန်မဟုတ်တော့ဘူး၊ စည်းလုံးညီညွတ်ရတော့မယ်၊ “အိန္ဒိယ-တရုတ်-ရုရှား” သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေးကို East Asia Summit, ARF, ASEAN dialog partner မူဘောင်တွေထဲက လုပ်မယ်၊ BRICS နဲ့ ရှန်ဟိုင်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေ မြှင့်တင်မယ်
.
ဗိုလ်ကောင်း
၆ ဖေဖော်ဝါရီ ၂၀၂၂

Saturday 29 January 2022

အဖေကျေနပ်နေမှာပါ



. . . မင်း ခွင့်ပြန်နေတာ မဟုတ်ဘူးလား လို့ သူငယ်ချင်းက မေးလိုက်တော့ စိတ်ထဲမှာ ဇဝေဇဝါဖြစ်သွားတယ်၊ မင်းတို့တပ်ရင်းက ခွင့်တစ်ယောက်ဆိုတာ မင်းထင်လို့တဲ့၊ ငါက ဘာကိစ္စ ခွင့်ပြန်ရမှာတုန်း တို့တပ်ခွဲက ဆန်းထွန်းဝင်း သူ့အဖေဆုံးလို့ ခွင့်ပြန်တာပါဟလို့ပြန်ဖြေတော့ သူငယ်ချင်းက ဇဝေဇဝါနဲ့ ထပ်မေးတယ်၊ အိမ်က လူကြီးတွေ နေကောင်းကြရဲ့လားတဲ့၊ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အဖေနေသိပ်မကောင်းဘူး ပြောတာပဲ အခုနောက်ဆုံးလာတဲ့ စာထဲမှာတော့ အဖေနေကောင်းသွားပြီလို့ ပြောတယ်ဆိုတော့ သူက မလျှော့သေးဘူး မင်း သေသေချာချာမေးကြည့်အုံးနော်တဲ့ ငါတို့ကြားတာက တစ်မျိုးတဲ့
.
. . . ဒီလိုနဲ့ပဲ အဖေဆုံးတဲ့အကြောင်း တစ်နယ်တည်းသားတွေကြားမှာ ဖုံးထားတဲ့ သတင်းကို မထင်မှတ်ဘဲ သိလိုက်ရတဲ့အခါ ကိုယ်ကတော့ ဘာမှ မဖြစ်ပေမယ့် အိမ်က ကျန်ခဲ့တဲ့အစ်မတွေရယ် အထူးသဖြင့် ညီမလေးရယ်ကို စိတ်ပူသွားတယ်၊ အဖေ တကယ်ဆုံးသွားတာအမှန်သာဆိုရင် ကျန်တဲ့သူတွေက လူကြီးတွေ ဖြစ်နေကြပြီမို့ ကိစ္စမရှိပေမယ့် ညီမလေးက ငယ်သေးတယ် ညီမလေး ခံနိုင်ရည် ရှိပါ့မလား၊ အဖေဆုံးသွားတဲ့အချိန်မှာ အဖေ့နေရာကိုရောက်ရမယ့် အစ်ကိုကြီးဖြစ်တဲ့ ကျနော်က ညီမလေးအနားမှာ ခဏဖြစ်ဖြစ်တော့ ရှိနေပေးရရင်ကောင်းမှာပဲ ဆိုတဲ့အတွေးနဲ့ အိမ်ပြန်ချင်စိတ်ပေါက်သွားတယ်
.
. . . အချိန်ကလည်း စာမေးပွဲတွေနီးနေပြီး စာမေးပွဲ ပြီးတာနဲ့ လေ့လာရေးခရီးထွက်ရမှာ၊ အခုချက်ချင်း သတင်းပို့ပြီး ပြန်ဖို့တော့ စိတ်ကူးမရှိပေမယ့် လေ့လာရေးခရီးကာလမှာ ခရီးကို မလိုက်ဘဲ အိမ်ပြန်ရရင်ကောင်းမယ်ဆိုတဲ့အတွေးနဲ့ တစ်နယ်တည်းသား နည်းပြဆရာ ဗိုလ်ကြီးကြည်စိုးကို အကျိုးအကြောင်းပြောပြတိုင်ပင်တော့ သူက သဘောမတူဘူး၊ သေတဲ့သူကလည်း သေပြီ အသုဘလည်း ချပြီးသွားပြီ မင်းပြန်နေလည်း မထူးပါဘူးကွာ ပြန်မနေပါနဲ့ ဆိုတာနဲ့ပဲ နွေရာသီကျောင်းပိတ်ရက်ကျမှ အိမ်ပြန်ရောက်တော့တယ်
.
. . . ကိုယ် ကျောင်းကိုထွက်သွားတုန်းက အဖေက အိမ်နောက်ဘက်က သစ်ပင်တွေကြားထဲမှာ အလုပ်တွေရှုပ်ပြီး ကျန်ခဲ့တာမို့ အိမ်ရောက်ရောက်ချင်း အဖေ့ကိုများ တွေ့လိုတွေ့ငြား အိမ်နောက်ဘက် အပင်တွေကြား သွားရှာကြည့်မိသေးတယ်၊ နောင်နှစ်တေွ တော်တော်ကြာတဲ့အထိ အိမ်ရောက်တိုင်း အပင်တွေကြားထဲ အဖေ့ကို သွားသွားရှာကြည့်နေမိတုန်း
.
. . . ဘာရယ် မဟုတ်ပါဘူး၊ ကိုယ်ချစ်ရတဲ့ ညီငယ်လေးက သူ့အဖေဆုံးသွားတာနဲ့ ဆက်စပ်ပြီး အတွေးထဲ အဖေ့ကို သတိရသွားလို့၊ ကိုယ့်ညီငယ်လေးက ကံကောင်းပါတယ်၊ အဖေကို အနီးကပ်ပြုစုရတယ်၊ စိတ်ချမ်းသာအောင် ထားနိုင်ခဲ့တယ်၊ နောက်ဆုံးအချိန်ထိ တာဝန်ကျေခွင့်ရလိုက်တဲ့ သားလိမ္မာလေးမို့ အခုလတ်တလောတော့ အတူတူနေတဲ့ အဖေ ရုတ်တရက်ကြီးဆိုသလို ဘဝထဲက ထွက်သွားတဲ့အခါ လွမ်းကျန်ရစ်မှာဖြစ်ပေမယ့် အဖေနဲ့ နောက်ဆုံးအချိန်ထိ တာဝန်ကျေကျေ စိတ်ချမ်းချမ်းသာသာ နေနိုင်ခဲ့တာကိုတော့ ဘယ်တော့ပဲ ပြန်တွေးတွေး သူလည်း စိတ်ကျေနပ်မှာဖြစ်သလို သွားလေသူအဖေကလည်း ကျေနပ်သာဓုခေါ်နေမှာပါလေ
.
၂၉ ဇန်နဝါရီ ၂၀၂၂

Friday 28 January 2022

ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဘာပြောလဲ


.
. . . ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက် မနက်ပိုင်းမှာ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးအခြေအနေ အစီရင်ခံစာတစ်စောင် ထွက်လာပါတယ်၊ ဒါနဲ့ပတ်သက်ပြီး သတင်းဌာနပေါင်းစုံက သတင်းတွေရေးကြပါတယ်၊ သုံးသပ်ချက်တွေလည်း ပေါင်းစုံပါပဲ၊ အများစုကတော့ မြန်မာ့စီးပွားရေးက အခြေအနေဆိုးနေပြီဆိုတာမျိုးကို ဇောင်းပေးပြီး ရေးကြတာ များပါတယ်၊
.
. . . ဆိုတော့ကာ သတင်းဌာနတွေက ရေးကြသလို ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ မြန်မာ့စီးပွားရေးအခြေအနေ ဆိုးနေပြီလို့ ဆိုထားသလား၊ ဘာသာရပ်ဆိုင်ရာ ဝေါဟာရတွေနဲ့ အပြင်လူ နားလည်ဖို့ ခက်နိုင်တဲ့ သဘောတရားတွေ ချန်လှန်ပြီး တစ်ခုတည်းနဲ့ပဲ ရှင်းပြချင်ပါတယ်၊ နိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို တိုင်းတာရာမှာ GDP လို့ခေါ်တဲ့ စုစုပေါင်းပြည်တွင်းထုတ်ကုန် Gross Domestic Product ဆိုတာ သိသာထင်ရှားပြီး တော်ရုံနဲ့ နားလည်နိုင်တဲ့ အသုံးအများဆုံး တိုင်းတာရေး အညွှန်းကိန်းတစ်ခု ဖြစ်ပါတယ်၊ ကောင်းပါပြီ မြန်မာ့စီးပွားရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က ဖော်ပြတဲ့ GDP အခြေအနေကို ကြည့်လိုက်ကြရအောင်
.
. . . ကြည့်မယ်ဆိုရင် တစ်နှစ်တည်းတော့ ကြည့်လို့မရဘူး၊ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စီးပွားရေးအခြေအနေ အစီရင်ခံစာကို တစ်နှစ် နှစ်ကြိမ်နှုန်းလောက် ထုတ်ပြန်တာဆိုတော့ အတိတ်ကိုပြန်သွားလိုက်ရင် ပြီးခဲ့တဲ့ အစိုးရသက်တမ်းအတွင်း ၂၀၂၀ ဒီဇင်ဘာလက တစ်ကြိမ်၊ အစိုးရအပြောင်းအလဲဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လက တစ်ကြိမ်၊ အခု ၂၀၂၂ ဇန်နဝါရီလ တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်ရဲ့ GDP ပမာဏကို နှိုင်းယှဉ်ပြပါ့မယ်
.
. . . နားလည်လွယ်အောင် ပြောပြတာဖြစ်လို့ သက်ဆိုင်ရာ အညွှန်းတေွ စာမျက်နှာတွေ ဇယားကားချပ်တွေကို အောက်မှာ သီးခြားပြန်ညွှန်းပေးပါမယ်၊
.
[link to this post
https://www.facebook.com/100051056803517/posts/459186495793240/?d=n]
.
. . . အခု လက်ရှိ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ထုတ်ပြန်ချက်မှာ ယခင်ဘဏ္ဍာနှစ်သတ်မှတ်ချက်အရ ဘဏ္ဍာနှစ်ကုန်လဖြစ်တဲ့ စက်တင်ဘာလမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးက တစ်ရာခိုင်နှုန်း (၁ %) တိုးတက်မယ်လို့ ခန့်မှန်းထားပါတယ်။ တစ်ရာခိုင်နှုန်းဆိုတာ သူ့တစ်ခုတည်းကြည့်ရင်တော့ နည်းနည်းလေးပါ၊ ဒါပေမယ့် ဒီ တစ်ရာခိုင်နှုန်းရဲ့ တန်ဖိုးအစစ်အမှန်ကို သိဖို့ဆိုရင် ဒီမတိုင်ခင် ၂၀၂၁ ခုနှစ် ဇူလိုင်လ အစီရင်ခံစာမှာ ခန့်မှန်းခဲ့တဲ့ အနုတ် ဆယ့်ရှစ်ရာခိုင်နှုန်း (-18%) ဆိုတာနဲ့ တွဲကြည့်လိုက်ရင်တော့ စုစုပေါင်း အသားတင် ၁၉ ရာခိုင်နှုန်း (+19%) တက်လာတယ်လို့ နားလည်ရမှာဖြစ်ပါတယ်။ ကောင်းပြီ အရင်အစိုးရလက်ထက် နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာရော စီးပွားရေးတိုးတက်မှုနှုန်း ဘယ်လောက်ရှိတယ်ပြောခဲ့လဲ ပြန်ကြည့်လိုက်တဲ့အခါ ၂၀၂၀ ဒီဇင်ဘာလမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းက တစ်ဒသမခုနစ် ရာခိုင်နှုန်း (1.7%) ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆိုလိုတာက အခု ၂၀၂၂ စက်တင်ဘာလအထိ စီးပွားရေးတိုးတက်နှုန်းက အရင်အစိုးရလက်ထက် နောက်ဆုံး ရှိခဲ့တဲ့ စီးပွားရေးတိုးတက်နှုန်းနဲ့ အများကြီး မကွာတော့ဘူးဆိုတာကို ပြပါတယ်။ ဒါတောင် အနုတ် ၁၈ အထိ ဆင်းသွားပြီးမှ တစ်နှစ်အတွင်း ဆယ့်ကိုးရာခိုင်နှုန်း ပြန်တက်လာတဲ့ အခြေအနေဖြစ်ပါတယ်။
.
. . . ပုံကိုကြည့်ပါ
၂၀၂၂ ဇန်နဝါရီ အစီရင်ခံစာ စာမျက်နာနံပတ် ၁၀ မှာ ဖော်ပြထားတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ၂၀၁၄ ကနေ ၂၀၂၂ စက်တင်ဘာလအထိ ဖော်ပြထားတဲ့ ပုံဖြစ်ပါတယ်။ စာရင်းတွေက မြန်မာနိုင်ငံက သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းခန့်မှန်းထားချက်များလို့ ညွှန်းထားပါတယ်။ ၂၀၂၀ မတိုင်မီအထိ စီးပွားရေးတိုးတက်နှုန်းက ၅ ရာခိုင်နှုန်းအထက်ကျော်ခဲ့ပြီး ၂၀၂၀ မှာ ၁.၇% ၊ ၂၀၂၁ မှာ အနုတ် ၁၈ ရာခိုင်နှုန်း၊ နဲ့ အခု ၂၀၂၂ မှာ အပေါင်းတစ်ရာခိုင်နှုန်းဖြစ်လာတာဖြစ်ပါတယ်။
.
. . . ဆိုတော့ အများကြီး မပြောတော့ပါဘူး အသေးစိတ်သိချင်သူတွေအတွက် ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်တွေကို အောက်က ကွန်းမင့်မှာ လင့်တွေချပေးထားပါမယ်၊ ကိုယ်တိုင်ဝင်ကြည့်ပြီး ကျနော်ပြောတာ ဟုတ်မဟုတ်၊ သတင်းတွေက ပြောတာနဲ့ တကယ့်အစီရင်ခံစာနဲ့ ဘယ်လောက် ကိုက်မကိုက် ဝေဖန်ဆန်းစစ်နိုင်ပါတယ်
.
. . . မှတ်ချက်တစ်ခုပဲ ပေးစရာရှိတယ်။ အစိုးရအပြောင်းအလဲဖြစ်ပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တော်တော်ကို အခြေအနေ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်၊ ကိုဗစ်ကြောင့်တစ်မျိုးကိုစစ်ကြောင့်တစ်မျိုးလို့ ကျနော်တို့ ပြောပြောနေကြသလို ယင်းဂလိပ်ဘာသာနဲ့ ရေးကြတဲ့ သတင်းတွေမှာတော့ နှစ်ထပ်ကွမ်းရိုက်ချက် (double surge) လို့ သုံးကြတယ်၊ ကိုဗစ်ကြောင့်တစ်ကမ္ဘာလုံးမှာ စီးပွားရေးတွေက ထိုးကျနေတဲ့အချိန် မြန်မာပြည်မှာ နိုင်ငံရေးအပြောင်းအလဲနဲ့ အစိုးရကို တိုက်ခိုက်မှုတွေနဲ့မို့ စီးပွားရေးလုပ်ငန်းတွေ မလည်ပတ်နိုင်တော့ဘဲ အနုတ် ၁၈ ထိ ထိုးကျသွားရာကနေ အခု ၁၉ ရာခိုင်နှုန်းပြန်တက်ပြီး အပေါင်း တစ် ဖြစ်သွားတဲ့ အခြေအနေ၊ နိုင်ငံ့စီးပွားရေးတက်တယ်ဆိုတာ နည်းများမဆို လူသာဓုခေါ် နတ်သာဓုခေါ် ဝမ်းသာစရာအခြေအနေပဲ မဟုတ်ဘူးလား
.
ဒါဘေမက်
.
. . . နိုင်ငံမှာစီးပွားတွေ ပျက်နေပါပြီ ကပ်ဘေးတွေဆိုက်နေပါပြီ ဘာမှကို လုပ်ကိုင်စားသောက်လို့ မရတော့ပါဘူးဆိုတဲ့ သတင်းဆိုးမျိုးကိုပဲ သီးသန့်ကြားချင်တဲ့၊ အဲသည်လိုမျိုး ကြားနေရမှ နေသာထိုင်သာရှိတဲ့၊ အဲဒီလိုမျိုး လူတွေကြားထဲ ပြောဆိုယုံကြည်နေမှ အနေချောင်အစားချောင်မယ့် ပြည်တွင်းပြည်ပ လူတန်းစားက သပ်သပ်ကို ရှိနေတယ်၊ ဒီလိုလူတွေအကြိုက် တင်ဆက်နေတဲ့ သတင်းဌာနတွေကလည်း သပ်သပ်ကိုရှိနေတာ ဆိုတော့ ဒီစာက အဲသည်လိုလူတွေအတွက် မရည်ရွယ်ပါဘူး၊
.
ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ
ဗိုလ်ကောင်း
၂၈ ဇန်နဝါရီ ၂၀၂၂
.
အညွှန်းတွေကို ကွန်းမင့်မှာ ထည့်ပေးပါမယ်

Wednesday 19 January 2022

တောင်လက်ပံ နဲ့ ရိုးရိုးလက်ပံ


 

ကျောင်းဆရာဖြစ်ချင်တဲ့သူ


.
အဲသည်စကားက အတိတ် ပစ္စုပ္ပန် အနာဂတ် သုံးခုလုံးနဲ့ မဆိုင်ဘူးပြောလည်းရတယ် ဆိုင်တယ်ပြောလည်းရတယ် ဘာလို့လည်းဆိုတော့ ကိုယ်ဖြစ်ချင်တယ်ဆိုတာက ငယ်ငယ်တုန်းကဖြစ်ချင်ခဲ့တာမျိုးလည်းမဟုတ် နောင်မှာဖြစ်ချင်တာလည်းမဟုတ်ဘူး ကိုယ်အလုပ်လုပ်တဲ့နယ်ပယ်မှာ ကျောင်းဆရာတစ်ယောက်လို အမြဲဖြစ်ချင်နေတာ ဖြစ်ချင်တာကိုလည်း အမြဲလုပ်နေတာမျိုး
.
. . . ကိုယ်အားအကျဆုံးကျောင်းဆရာကို စတွေ့ခဲ့တာက ရန်ကုန်တက္ကသိုလ်မှာ အဲတုန်းက ဆရာက ကထိကဖြစ်နေပြီ၊ စစ်တက္ကသိုလ်မှာလည်း ကိုယ့်ထက် ဆယ်ပတ်စဉ်လောက်ကြီးတဲ့ အပတ်စဉ်တွေမှာ ဆရာလုပ်ဖူးတဲ့သူဆိုတော့ ကိုယ်တွေနဲ့ နှလုံးသားချင်းနီးတဲ့သူလို့ ဆိုနိုင်တယ်။ ဆိုတော့ကာ ကိုယ်တွေ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားအဖြစ် အံမဝင်ခွင်မကျ ဖြစ်နေတာတွေကို တစ်ချို့တွေက မျက်စိစူးကောင်းစူးနေကြမယ့် အခြေအနေမျိုးတွေမှာ ကိုယ်တွေရဲ့ ခွတီးခွကျတွေကို ဟားနေနိုင်တဲ့ သူမျိုးပေါ့
.
. . . ဆရာက ကိုယ်တွေနဲ့ ညီအစ်ကိုပေါင်း သူငယ်ချင်းပေါင်းပေါင်းတယ်၊ ဆရာမျိုးတို့ တီချယ်ကြီး ဒေါ်ခင်လေးမြင့်တို့ ဦးစီးလုပ်တဲ့ တက္ကသိုလ် ဆရာမအသစ်လေးတွေရဲ့ မွမ်းမံသင်တန်းတွေမှာဆိုရင်လည်း ကိုယ်က ကင်မရာမန်းလုပ်တယ်၊ သက္ကရာဇ် နှစ်ထောင်စွန်းစွန်းချိန် မြန်မာပြည်ရန်ကုန်မြို့မှာ အွန်လိုင်းစာသင်တဲ့ကိစ္စမျိုးကို သုတေသနလုပ်တဲ့အခါ ဆရာ့ရဲ့ ကျောင်းသားတွေအဖြစ် ဆရာပေးတဲ့ အင်တာနက်ဖိုးနဲ့ ကျနော်က အွန်လိုင်း ကျောင်းသားလည်း လုပ်ဖူးတယ်။ ကိုယ်က ကျောင်းသားပေမယ့် တက္ကသိုလ်ဆရာတွေပဲ တက်တဲ့ ဆီမီနာတွေမှာ ဆရာခေါ်လို့ ကန့်လန့်ကန့်လန့် ပါသွားဖူးတယ်။ ဆရာကျွေးတဲ့ ထမင်းတွေ ဆရာတိုက်တဲ့ လက်ဖက်ရည်တွေလည်း စားဖူး သောက်ဖူးတာ အကြိမ်ကြိမ်ပေါ့
.
. . . ကိုယ်တွေ ကျောင်းပြီးလို့ အိမ်ထောင်ကျတော့လည်း တစ်ခန်းတည်းက စာသင်ဖက် ဆရာ့တပည့်မနဲ့၊ ဆရာ့ခမျာ ကျောင်းသားဘဝက ကိုယ်တွေကို စောင့်ရှောက်ရတာနဲ့တင် မပြီးဘဲ သူ့တပည့် ကိုယ့်ဇနီး တက္ကသိုလ်ဆရာမကို ဆက်ပြီးစောင့်ရှောက်ရရှာတယ်၊ မြန်မာပြည်မြောက်ပိုင်း ဝေးလံတဲ့အရပ်က တက္ကသိုလ်တစ်ခုမှာ ကိုယ့်ဇနီးတာဝန်ကျတဲ့အခါ ဆရာက အကြီးအကဲဖြစ်နေတော့ ခမျာမှာ စောင့်ရှောက်ရရှာပြန်တယ်
.
. . . ကိုယ် ဂျပန်ကို ကျောင်းသွားတက်ခါနီးတုန်းက ကိုယ့်ထက်တစ်နှစ်စောတက်တဲ့ သူငယ်ချင်းက တက်ရမယ့်တက္ကသိုလ်အကြောင်းကို အခန်းဆက်ပေးစာအနေနဲ့ စာအရှည်ကြီးတွေ ရေးပြီးပြောပြတာကို ကိုယ်က ကိုယ့်ဖေ့ဘုတ်မှာ တင်တယ်၊ လော့ချက်စတာဖီးရဲ့ သားထံပေးစာများကို အားကျပြီး ရေးတဲ့စာဆိုတော့ အခန်းဆက်ပေးစာက အစောင် ၃၀ ကျော်တယ်၊ ဒါပေမယ့် အဲသည်စာက တက္ကသိုလ်နဲ့ပတ်သက်ပြီး တော်တော်ပြည့်ပြည့်စုံစုံ ရေးထားတဲ့စာဆိုတော့ မြန်မာပြည်က တက္ကသိုလ်တွေကို တက္ကသိုလ်ပီပီပြင်ပြင်ဖြစ်စေချင်တဲ့ ကျနော့်ဆရာက အဲသည်ပေးစာတွေကို စာအုပ်လုပ်ပြီး သူ့တက္ကသိုလ်က ဆရာဆရာမတွေကို ဖတ်ဖို့ဝေသတဲ့
. . . ကိုယ့်ဇနီးလည်းရှိနေတဲ့ အဲသည်ကျောင်းကို သွားလည်တဲ့အချိန်မှာ ဆရာ့ကျောင်းသား တစ်ခါပြန်ဖြစ်ချင်စိတ်ပေါက်သွားတယ်၊ ဆရာက သူ့ခြေသူ့လက် စီမံလို့ရတဲ့ အခြေအနေကို ကောင်းကောင်းအသုံးချပြီး တက္ကသိုလ်ကို တက္ကသိုလ်နဲ့တူအောင် လုပ်ထားတာတွေကို အားရပါးရရှင်းပြ သူ့တက္ကသိုလ်ကို လှည့်ပတ်ပြ သူ့ဆရာဆရာမတွေ ကျောင်းသားကျောင်းသူတွေနဲ့ မိတ်ဆက်ပေး၊ မြန်မာပြည်မှာ ဒီလိုအကြီးအကဲမျိုး စီမံခန့်ခွဲနေတဲ့ ဒီလိုတက္ကသိုလ်မျိုး ရှိနေပါလားလို့ ကိုယ့်မှာအားရဝမ်းသာဖြစ်ရ
.
. . . ၂၀၁၇ နှစ်ကုန်ပိုင်းလောက် မြန်မာပြည်ခဏပြန်တဲ့အချိန်တုန်းက ဆရာက ရန်ကုန်မြို့လည်ခေါင်က နာမည်ကြီး တက္ကသိုလ်တစ်ခုမှာ ပါမောက္ခချုပ်ဖြစ်နေပြီ၊ ကိုယ်တက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ထဲ ကျောင်းသားရေးရာဌာနမှာ တက္ကသိုလ်ဖွင့်ချိန် ကျောင်းအပ်ချိန်ဆိုတော့ ကျောင်းသားတွေ ပိုက်ဆံတွေကိုင်ပြီး ငွေသွင်းနေကြတာတွေ့တော့ အပြင်မှာဒီလောက် ဘဏ်ဝန်ဆောင်မှုတွေ ရှိနေတာကို ဒီတက္ကသိုလ်ကြီးက အခုချိန်ထိ ပိုက်ဆံတွေကိုင်သုံးနေတုန်းဆိုပြီး ကျောင်းသားတွေဘဏ်ငွေစာရင်းထား တက္ကသိုလ်ကို ငွေသွင်းစရာရှိတာ ဘဏ်ကသွင်း စသည်ဖြင့် ကိုယ့်စာတစ်ပုဒ်ထဲ ထည့်ရေးမိတယ်၊ မကြာဘူး ဆရာ့ဆီသွားလည်တော့ သူ့ကျောင်းမှာ ကျောင်းသားတွေ ဘဏ်စာရင်းဖွင့်ပြီး ငွေသားကိုင်စရာမလိုအောင် စီမံနေတယ်ဆိုတာ ပြောပြတယ်၊ တကယ်ကို ခေတ်မီတဲ့ ငါတို့ဆရာဆိုပြီး ကိုယ့်မှာ အားရကျေနပ်ရ
.
. . . ဆရာ့ကျောင်းကိုလည်း လာလည်ချင်တယ်ဆိုတော့ ဆရာက လိုလိုလားလား ဖိတ်ခေါ်တယ်၊ ဆရာ့ရုံးခန်းထဲ ဧည့်သည်တွေရှင်းချိန်ကျ ဆရာတပည့်နှစ်ယောက်သား တက္ကသိုလ်တွေ ကောင်းကောင်းတည်ထောင်ရေးကိစ္စတွေ ကျနော်ကမေး ဆရာကဖြေပေါ့၊ မြန်မာပြည်မှာ ကိုယ်ပိုင်စီမံခန့်ခွဲနိုင်မယ့် တက္ကသိုလ်တွေ ပေါ်ထွန်းလာဖို့ ဆရာကြိုးစားနေတဲ့ကိစ္စတွေ အကောင်အထည်ဖော်နေတဲ့ ကိစ္စတွေ ဆရာကပြောပြတယ်
.
. . . သူများ တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂတွေဘာတွေရှိတာ ဆရာ့ဆီမှာရော မရှိဘူးလားဆိုတော့ ရှိပါသော်ကောဆိုပြီး ကျောင်းသားသမဂ္ဂဥက္ကဌနဲ့ မိတ်ဆက်ပေးတယ်၊ ကျနော်ကြားမိမြင်မိသလောက်ဆိုရင် မြန်မာပြည်က တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂက စင်ပြိုင်နှစ်ခုစီ ရှိနေတတ်ကြတာ၊ တစ်မျိုးက ကျောင်းသားတွေရဲ့ ဗလငါးတန်ဖွံ့ဖြိုးရေးကို ဦးစားပေးလုပ်တဲ့ ပုံမှန် သမဂ္ဂနဲ့ နောက်တစ်မျိုးက ဗမာပြည်လုံးဆိုင်ရာဘာညာဆိုတဲ့ မတန်ရင်ကာ နာမည်ကြီးတွေတပ်ထားတဲ့ နိုင်ငံရေးလောင်းရိပ်မကင်းတဲ့ သမဂ္ဂမျိုး၊ ဆရာ့ကျောင်းမှာတော့ ပထမအမျိုးအစား သမဂ္ဂတစ်ခုပဲ ရှိသတဲ့၊ ဆရာက သမဂ္ဂဥက္ကဌနဲ့ မိတ်ဆက်ပေးရုံတင်မဟုတ်ဘူး သူတို့လုပ်မယ့် ဘာပွဲဆိုလား ပြင်ဆင်နေတဲ့ နေရာကိုပဲ ခေါ်သွားပြသေးတာ၊ ကျောင်းရဲ့ ပညာသင်ကြားရေးကိစ္စကလွဲရင် ကျန်တာတွေကို သမဂ္ဂကပဲ ဦးဆောင်ပြီးလုပ်သတဲ့၊ အားကစား အနုပညာ ဘာညာကိစ္စတွေပေါ့လေ၊ သာဓုခေါ်ခဲ့ရသေး
.
. . . ဆရာကို ကျောင်းသားတွေကလည်း ချစ်ကြတဲ့ပုံပေါ်တယ်၊ ဆရာ့ရဲ့ ဖေ့ဘုတ်မှာ တက္ကသိုလ် လှုပ်ရှားမှုတွေ တင်တင်ထားတာကြည့်ရတာ ဆရာ့တက္ကသိုလ်က ကျောင်းသားတွေနဲ့ ဆရာ့ရဲ့ဆက်ဆံရေးက နွေးထွေးတဲ့ မိသားစုတစ်ခုက မိဘနဲ့ သားသမီးဆက်ဆံရေးမျိုးပဲ၊ ကျောင်းသင်္ကြန်လို ပွဲမျိုးတစ်ခုမှာ ကလေးတွေက ပါပါကြီးကိုချစ်တယ်ဆိုပြီး သံပြိုင်အော်ဆိုနေကြတာလေးလည်း တွေ့မိတယ်၊ သူတို့ ပါချုပ်ကြီးကို ပါပါကြီးတဲ့
.
. . . ဆရာက ပါချုပ်အလုပ်ဆိုတာထက် တက္ကသိုလ်တစ်ခုကို ပီပီပြင်ပြင်တည်ဆောက်နေတာ အားရစရာကိစ္စတွေ အများသားပေမယ့် ကိုယ်တိုင်တောင် မချင့်မရဲဖြစ်ခဲ့ရတဲ့ ဗျူရိုကရေစီ အတားအဆီးတစ်ချို့ကိုလည်း ဆရာပြောပြလို့ သိခဲ့ရတယ်၊ ဥပမာအားဖြင့် စာကြည့်တိုက်မှာ စာအုပ်ဖြည့်တဲ့ စာအုပ်ဝယ်တဲ့ ကိစ္စလိုမျိုးပေါ့၊ ဒါမျိုးလေးတွလည်း ရှိသေးပါလားဆိုတာ သိရပြီး သက်ပြင်းချခဲ့တဲ့ ကိစ္စတစ်ချို့လည်း ရှိနေခဲ့တာပဲ
.
. . . တက္ကသိုလ်တွေရဲ့ ကျောင်းသားလက်ခံမှုပုံစံတွေ ပြောင်းသွားတာ သတိထားကြမိလိမ့်မယ်ထင်တယ်၊ အရင်တုန်းက တက္ကသိုလ်ဝင်ခွင့်ကို ပညာရေးဝန်ကြီးဌာက တစ်နိုင်ငံလုံးစာ ဝိုင်းကြီးချုပ်စီမံပေမယ့် နောက်ပိုင်းမှာ တချို့တက္ကသိုလ်တွေက သီးခြားခေါ်တာတွေရှိလာတယ်၊ တက္ကသိုလ်က ဆယ်တန်းအမှတ်စာရင်းတစ်ခုတည်းနဲ့ လက်ခံခဲ့ရာကနေ လူကိုယ်တိုင်စိစစ်ပြီး လက်ခံတဲ့ပုံစံပြောင်းလာတာမျိုးတွေက ဆရာလုပ်ခဲ့တဲ့ ကိစ္စတွေထဲက တစ်ချို့ပေါ့၊ တက္ကသိုလ်တေွ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုမျိုး သီးခြားစီမံခွင့်ကိစ္စကို ကိုယ်က မူအားဖြင့် ကြိုက်ပေမယ့် လက်တွေ့မှာ ဘယ်သူ့ပိုက်ဆံနဲ့ အလုပ်လုပ်မှာလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဆရာနဲ့ ဆွေးနွေးဖြစ်တယ်၊ အစိုးရနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ပိုက်ဆံနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာက ပြဒါးတစ်လမ်းသံတစ်လမ်းမို့လား၊ သူများပိုက်ဆံယူထားရင် သူများစီမံတာကို နာခံရမှာပေါ့၊ ကိုယ့်ဘာသာ စီမံဖို့ဆိုရင်လည်း တက္ကသိုလ်က ကိုယ်တိုင်ပိုက်ဆံရှာရလိမ့်မယ်၊ ကျောင်းဝင်ကြေးတွေ များများယူရလိမ့်မယ်၊ တက္ကသိုလ်က ကိုယ်ပိုင်ဝင်ငွေဘယ်လိုရအောင်လုပ်မလဲ ဆိုတဲ့ ကိစ္စကိုလည်း ဆရာနဲ့ ဆွေးနွေးခဲ့ဖူးတယ်
.
. . . ဖေဖော်ဝါရီလ တစ်ရက်နေ့နောက်ပိုင်း ကိစ္စတွေဖြစ်တော့ ဆရာ့ကို စိတ်ပူမိတယ်၊ ဆရာက အထက်ကပြောတဲ့ အလုပ်တွေလုပ်နေတဲ့သူ၊ တက္ကသိုလ်လောကမှာလည်း ဂုဏ်သတင်းကြီးတဲ့သူ၊ မြန်မာပြည်က ၁၆၆ ခုသော တက္ကသိုလ်တွေက ပါမောက်္ခချုပ်များ ကော်မတီမှာလည်း တာဝန်ကြီးကြီးရထားတဲ့သူဆိုတော့ ဆရာ့ကို စိတ်ပူမိတယ်၊ စိတ်ပူတယ်ဆိုတာက ဒီလိုပါ၊ ဆရာ ဘယ်ဘက်မှာ ရပ်မလဲ ဆိုတာထက် ဆရာရပ်လိုက်တဲ့ဘက်မှာ အဆင်ပြေပါ့မလား စိတ်ပူမိတာ၊ ဆရာ့လို တက္ကသိုလ်အသိုင်းအဝိုင်းမှာ ဂုဏ်သတင်းရှိတဲ့သူတစ်ယောက်အနေနဲ့ ဘယ်လိုနေနေ ဖိအားက နည်းမှာမဟုတ်ဘူး၊ တစ်ခုခု လုပ်ရင်လည်း ဖိအားကြီးကြီးရှိနေမှာဖြစ်သလို ဘာမှမလုပ်ဘဲ နေရင်လည်း ဘာမှမလုပ်လို့ဆိုတဲ့ ဖိအားက နည်းမှာမဟုတ်၊ ဆရာကလည်း ပင်စင်ယူဖို့ အသက်က နီးနေပြီဆိုတော့ ဒီဖိအားတွေနဲ့ ဆရာ အဆင်မှ ပြေပါ့မလားဆိုပြီး
.
ဆက်ရန်
.
ဗိုလ်ကောင်း
၁၉ ဇန်နဝါရီ ၂၀၂၂

Saturday 15 January 2022

တိုက်ပန်းလေးတွေ


.
. . . ပန်းဆီရောင်ခေါ်မလား ပန်းရောင်တောက်တောက်ခေါ်မလား အညွန့်လေးတလူလူမှာ ပွင့်တံလေးတွေသီပြီး တနွဲ့နွဲ့ပွင့်တတ်ကြတဲ့ တိုက်ပန်းလေးတွေနဲ့ ပတ်သက်ပြီး လွမ်းလောက်စရာ ဇာတ်လမ်းတွေ မရှိခဲ့ပေမယ့် ဒီပန်းလေးတွေ ကိုယ်၌ကိုကပဲ ကိုယ့်အတွက် လွမ်းလောက်စရာဖြစ်နေခဲ့ရတာ
.
. . . ငယ်ငယ်တုန်းက ကိုယ်နေခဲ့တဲ့ ရွာမှာဆို ဒီပန်းလေးတွေ ပေါလို့ပေါ့၊ ပေါသာပေါ ဘယ်သူကမှလည်း တခုပ်တရ လှလှချည်ရဲ့လို့ အသိအမှတ်ပြုတာမမြင်၊ မိုးဦးကျမှာပေါက်လာတဲ့ နွယ်ပင်တွေကနေ နီးစပ်ရာ သစ်ပင်တွေ ခြုံဖုတ်တွေ ခြံစည်းရုံးတွေလျှောက်တက်ပြီး မိုးအကုန် ဆောင်းထဲမှာ ပွင့်ကြတာ၊ ပန်းပွင့်ခိုင် ညှာတံစင်းလေးတွေမှာ အပွင့်လေးတွေ တန်းစီပြီးပွင့်ကြတာ မနက်နဲ့ ညနေပိုင်း နေရောင်လေးများ စောင်းစောင်းထိုးထားရင် ပန်းရောင်မင်းသမီးလေး မီးဆလိုက်အောက်မှာ ညွန့်ညွန့်နူနူး ကနေသလိုမျိုး
.
. . . တစ်နေ့က ဒီလိုပဲ လျှောက်သွားနေရင်း ကိုယ့်ရဲ့ ငယ်ချစ်ဦး တိုက်ပန်းလေးတွေ လမ်းဘေးက ခြုံစည်းရိုးခြေမှာ ခြံစည်းရိုးပေါ်မှာ နွယ်တွေတက်ပြီး ပွင့်နေကြတာတွေ့တော့ မတွေ့ရတာကြာလို့ လွမ်းနေတဲ့ ကိုယ်က သေသေချာချာ လေး ကြည့်ခဲ့မိတယ်၊ သနားစရာ တိုက်ပန်းလေးတွေခမျာ လမ်းဘေးမှာ ဖုံအလိမ်းလိမ်းနဲ့ ဘယ်သူကမှလဲ အရေးတယူ တန်ဖိုးထားကြပုံမပေါ်
.
. . . ဟိုးငယ်ငယ်တုန်းက ကိုယ့်အိမ်နောက်က ခြံစည်းရိုးမှာ ရာသီချိန်ရောက်တိုင်း ဘာသိဘာသာနဲ့ အပင်လေးပေါက် ပန်းလေးတွေပွင့်ပြီး ရာသီကုန်သွားတဲ့အခါ တိတ်တိတ်ဆိတ်ဆိတ်ပဲ နွမ်းကျညှိုးလျော်ပြီး မြေကြီးထဲကိုပဲ ပြန်သွားတတ်ကြတဲ့ ပန်းဆီရောင် တိုက်ပန်းလေးတွေ အခု ကိုယ့်အိမ်ကို ခွဲခွာလာရပြီးနောက်ပိုင်းမှာ ရှိရောရှိသေးရဲ့လား တွေးမိတယ်၊ အရင်က တိုက်ပန်းလေးတွေ မရှိကြတော့ဘူး ဆိုရင်လည်း တာဝန်တွေပြီးလို့ ကိုယ့်အိမ်ကိုယ့်ခြံလေး ပြန်နေရတဲ့အခါ တိုက်ပန်းလေးတွေ တကူးတက ပြန်စိုက်မယ်၊ ခြံစည်းရိုးလေးပေါ်မှာ တင်မယ်၊
.
. . . တိုက်ပန်းလေးတွေ ပွင့်ချိန်ရောက်တဲ့အခါ လမ်းဘေးမှာပေါက်လို့ဆိုပြီး ဘယ်သူ့ဘယ်သူမှ တန်ဖိုးမထားကြတဲ့ သူတွေအတွက်ပါ ဆတိုးပြီး ကိုယ်က ကြင်နာယုယ မြတ်နိုးပေးမယ်၊ ကိုယ့်ရဲ့ ဘဝနေဝင်ချိန်အထိ တိုက်ပန်းလေးတွေနဲ့ အဖော်လုပ်ပေးမယ်
.
မောင်လွမ်းဝေ
၁၅ ဇန်နဝါရီ ၂၀၂၂
.
တိုက်ပန်း Antigonon leptopus

Friday 14 January 2022

နှင်း


. . . နှင်းပွင့်တိုင်းပြည်လို့ ခေါ်ကြတဲ့ ဂျပန်ပြည်နယ် အနောက်မြောက်ပိုင်းက အေးချမ်းဆိတ်ငြိမ်တဲ့ နေရာလေးမှာ နှစ်နဲ့ချီပြီး နေခဲ့ရတဲ့ အချိန်လေးတွေက ကိုယ့်ဘဝမှာ အခုလို ဆောင်းကာလရောက်တိုင်း အမြဲ သတိရလွမ်းစရာနေရာလေး ဖြစ်နေတော့မှာပဲ ထင်ပါရဲ့ ၊ သေသောသူ ကြာရင်မေ့တို့ ပျောက်သောသူ ရှာရင်တွေ့ ဆိုတဲ့ မြန်မာဆိုရိုးစကားတွေ ရှိနေပေမယ့် ကိုယ်နေခဲ့တဲ့ နေရာတစ်ခုကို လွမ်းဆွတ်တဲ့ သဘောကတော့ နောင်နှစ်တွေကြာလို့ မှတ်ဉာဏ်ထဲမှာ တဖြည်းဖြည်း မှုန်ဝါးပြီး ပျောက်ကွယ်သွားမလား မဆိုနိုင်ပေမယ့် အခုထိတော့ ဆောင်းညတွေရောက်တိုင်း တမျှော်ခေါ် မြင်မဆုံးတဲ့ နှင်းပွင့်တိုင်းပြည်ရဲ့ မြင်ကွင်းတွေကို စိတ်မျက်စိထဲ မြင်ယောင်မိနေတုန်းပဲ
.
. . . နှင်းဆိုတာ မမြင်ဖူးတဲ့အရပ်က လူမို့ နှင်းဖတ်လေးတွေ မိုးပေါ်ကကြဲချနေတာကို လက်နဲ့ခံရင်း သဘာဝတရားကြီးရဲ့ ဆန်းကြယ်မှုတွေကို အံ့ဩတကြီးရှိနေခဲ့ရင်း အနေကြာလာရင်တော့ ဒီလိုနှင်းပွင့်တွေကို ရိုးအီသွားမှာပါလို့ ထင်ခဲ့ပေမယ့် နှစ်တွေကြာခဲ့တာတောင် နှင်းတွေကျတိုင်း ရင်ခုန်နေတုန်း၊ ကဗျာဆရာ ဝီလျံဝါ့စ်ဝါ့သ်ရဲ့ သက်တန့်ကြီးမြင်တဲ့ ကလေးလေးရင်ခုန်သလို နှင်းတွေကျတိုင်း ရင်ခုန်ပျော်ရွှင်ခဲ့ရတုန်း၊ နှင်းကျတာကို ပြတင်းပေါက်ကငေးကြည့်ရတာကို အမြဲတမ်း သဘောကျခဲ့သလို နှင်းကျမယ့် ညတွေတိုင်းလည်း စောင့်ပြီး မျှော်ခဲ့ရတုန်း
.
. . . ဒီနှင်းတွေနဲ့အတူပဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေခဲ့ရသလို စိတ်ပျက်ဝမ်းနည်းစရာနေ့ရက်တွေိကိုလည်း ကျော်ဖြတ်ခဲ့ရ၊ အောင်မြင်မှုတွေရော ရှုံးနိမ့်မှုတွေရောဟာ ဒီနှင်းတွေနဲ့အတူ ဘဝထဲမှာ စုပုံခဲ့ရ၊ ချစ်ခင်မှုတွေနဲ့ အမုန်းတရားတွေလည်း နှင်းတွေထဲမှာ သက်သေတည်ခဲ့ရ
.
. . . စာရေးဆရာ ဂျက်လန်ဒန်ရဲ့ To Build a Fire ဝတ္ထုထဲက နှင်းတောထဲ လမ်းပျောက်ခဲ့တဲ့ လူတစ်ယောက်ရဲ့ ခံစားချက်ကို မှန်းဆချင်လို့ နှင်းတွေ သည်းသည်းကျနေချိန် နှင်းတောထဲ လျှောက်သွားခဲ့ဖူးသလို၊ နှင်းတွေသည်းနေချိန် ကိုယ့်အတွက်ခက်ခဲတဲ့ စကီလမ်းကိုလည်း အရဲစွန့်ပြီး စီးဖူးခဲ့၊ နှင်းရုပ်တုတေွ အများကြီးလုပ်ထားတဲ့ နှင်းပွဲတော်မှာ ဆာကေးနွေးနွေးကို မီးဖိုနဲ့ကင်ထားတဲ့ ငါးကင်နဲ့ အရသာတွေ့ခဲ့ဖူးသလို ခြေထောက်တွေ ထုံကျင်မတတ် အေးခဲနေတာမို့ မီးဖိုဘေးထိုင်ပြီးလည်း မီးလှုံခဲ့ဖူး၊ ကိုယ်လုံးတီးရိုးရာပွဲမှာ ကောက်ရိုးဖိနပ်စီး နံငယ်ပိုင်းလေးပတ်ပြီး နတ်ဘုရားရုပ်တုရှေ့က ရေကန်ထဲခုန်ဆင်းပြီး ဆုတောင်းခဲ့ဖူးသလို အအေးဒဏ်သက်သာဖို့အတွက် နတ်ပူဇော်ထားတဲ့ ဖယောင်းတိုင်က ဖယောင်းရေတွင် လက်နဲ့ခပ်ပြီး ကိုယ်ပေါ်ကို ဖယောင်းရည်တွေနဲ့ သုတ်ခဲ့ဖူး
.
. . . ဒီနှင်းတွေကျတဲ့ ရာသီမှာပဲ ချစ်ကြသူတွေအတွက် အောင်သွယ်လုပ်ပေးခဲ့ဖူးသလို အသည်းကွဲသူတွေကိုလည်း နှစ်သိမ့်ပေးခဲ့ဖူး၊ ဒီလိုနဲ့ပဲ နှင်းတွေကျတာကို အကြိမ်ကြိမ်ကြုံကြိုက်ရင်း
.
. . . တစ်နေ့နေ့တော့ ဒီနှင်းတွေလည်း ကျနော့်မှတ်ဉာဏ်ထဲက တဖြည်းဖြည်း ဝေဝါးပျောက်ကွယ်သွားကြအုံးမှာ ထင်ပါရဲ့လေ
.
မောင်လွမ်းဝေ
၁၄ ဇန်နဝါရီ ၂၀၂၂
.
the pic was taken on 9 January 2019

Thursday 6 January 2022

ဟွန်ဆန် ၊ မြန်မာ နဲ့ အာဆီယံ


.
. . . ပြီးခဲ့တဲ့ နိုဝင်ဘာ အာဆီယံ အစည်းအဝေးတွေတုန်းက မြန်မာနိုင်ငံကို အာဆီယံက ဖိတ်ထားပါတယ် သူတို့ဘာသာ မလာတာပါဆိုပြီး အာဆီယံဥက္ကဌသစ်အဖြစ် တာဝန်ယူတော့မယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောဖူးတယ်။ နည်းနည်းတော့ လူပါးဝတဲ့ လေသံပေါက်တာပေါ့လေ။ ဒါပေမယ့် မကြာခင်မှာပဲ လေသံပြောင်းသွားတယ်။ အင်ဒိုနီးရှားနိုင်ငံက Thinktank တစ်ခု ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်ထိတွေ့ဆက်ဆံသင့်တယ်လို့ ဟွန်ဆန်ရဲ့ အကြံပေးဝန်ကြီးက ပြောလိုက်ပြီးတဲ့နောက်ပိုင်း ဟွန်ဆန်ရဲ့ လေသံတွေ သိသိသာသာပြောင်းသွားတာ သတိထားမိတယ်။ အကြံပေးဝန်ကြီး ကောင်ကင်ဟွန်းဆိုတာကလည်း နှယ်နှယ်ရရ ပုဂ္ဂိုလ်မဟုတ်ဘူး၊ လက်ရှိ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး အီရာဝမ်ယူဆွတ် တာဝန်ယူထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တာဝန်ကို ဆက်ခံမယ့်သူဆိုပြီး သံတမန်အသိုင်းအဝိုင်းက ထင်ကြေးပေးထားတဲ့သူ
.
. . . ဒီဇင်ဘာ လဆန်းပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ ကမ္ဘောဒီးယားကို သွားပြီး ဟွန်ဆန်ရော အခြားအရာရှိကြီးတွေနဲ့ရော တွေ့တယ်။ အဲသည် ခရီးစဉ်ထဲမှာပဲ ဟွန်ဆန် မြန်မာနိုင်ငံ လာမယ်ဆိုတာ တရားဝင်ကြေညာတယ်။ အာဆီယံအစည်းအဝေးတွေမှာ မြန်မာအစိုးရအကြီးအကဲလည်းတက်သင့်တယ်လို့ ဟွန်ဆန်ပြောတဲ့ သတင်းတွေ ထွက်လာတယ်။
.
. . . အဲသည်အချိန်အတွင်းမှာပဲ မြန်မာတပ်ချုပ်က ကမ္ဘောဒီးယားတပ်ချုပ်နဲ့ အွန်လိုင်းမှာတွေ့ပြီး အာဆီယံအစည်းအဝေးတွေ လူကိုယ်တိုင်တက်ဖို့ကိစ္စတွေ ဆွေးနွေးကြတယ်။
.
. . . တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိ ဒဲရက်ချိုလက် ကမ္ဘောဒီးယားကို ရောက်နေတဲ့ ရက်မှာပဲ အမေရိကန်က ကမ္ဘောဒီးယားကို လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချခွင့် ပိတ်ဆို့လိုက်ကြောင်း ကြေညာတယ်။ အမေရိကန်ဆိုသည်မှာလည်း သူတို့လွှတ်ထားတဲ့ ကိုယ်စားလှယ်ရောက်နေတုန်းတောင် အားမနာပါးမနာ လုပ်ချက်ပဲ။ ထုံးစံအတိုင်း လူ့အခွင့်အရေးအကြောင်းပြချက်တွေ၊ တရုတ်ကြီးနဲ့ ကမ္ဘောဒီးယား တအားနီးကပ်နေတယ်ဆိုတဲ့ ကိစ္စတွေပေါ့။ အမေရိကန်က ဒီလိုကြေညာလိုက်တော့ ဟွန်ဆန်က အမေရိကန်က ဝယ်ထားတဲ့ လက်နက်တွေ မီးပုံရှို့၊ ဂိုဒေါင်ထဲ ထည့်ပိတ်ထားလိုက်ဖို့ အမိန့်ပေးထားတယ်ဆိုပြီး လူမှုကွန်ရက်မှာ တက်ရေးပါလေရော
.
. . . အမေရိကန်က အာ့လို သစ်စိမ်းချိုး ချိုးလိုက်တော့ အကျိုးဆက်က အရင်ကတည်းက တရုတ်ကြီးနဲ့ နီးစပ်နေတဲ့ ကမ္ဘောဒီးယားကို တရုတ်ကြီးရင်ခွင်ထဲ အတင်းထိုးထည့်လိုက်သလို ပိုဖြစ်သွားတာပါပဲ။ မကြာခင်ကပဲ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားတာ တစ်ခုကို မှတ်မိကြအုံးမယ်ထင်ပါတယ်။ အာဆီယံထဲမှာ မဲခေါင်ဒေသပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံတွေ (GMS) က မြန်မာနဲ့ တစ်စည်းတစ်လုံးတည်းရှိနေပြီး အခြားနိုင်ငံတွေက သဘောထား တစ်မျိုးဖြစ်နေတယ်ဆိုတာလေ။ ဆိုလိုတာက အာဆီယံထဲမှာ တရုတ်ကြီးကတစ်ဘက်၊ အမေရိကန်က တစ်ဘက် ဖြစ်နေပြီဆိုတဲ့သဘော။ အထက်မှာဆိုခဲ့တဲ့ အမေရိကန်ရဲ့ ကမ္ဘောဒီးယားကို လက်နက်ရောင်းချမှု ပိတ်ပင်လိုက်တော့ တရုတ်ကြီးရင်ခွင်ထဲပိုရောက်သွားတဲ့ ကမ္ဘောဒီးယားက ရင်ခွင်တူ မြန်မာနဲ့ ပိုပြီး ကျောချင်းကပ် ရင်ချင်းအပ်လာတယ် ထင်ရတယ်။
.
. . . ရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်က ကမ္ဘောဒီးယားသံရုံးက ကြေညာချက်တစ်ခု ထထုတ်တယ်။ မြန်မာနိုင်ငံ အေးချမ်းတည်ငြိမ်စေလိုတာ၊ သက်ဆိုင်သူတွေအကြား ညှိနှိုင်းစေချင်တာ၊ အာဆီယံရဲ့ မူဖြစ်တဲ့ ဘက်မလိုက်ရေးနဲ့ ဝင်မစွက်ရေးကို အပြည့်အဝ လိုက်နာကျင့်သုံးသွားမယ်ဆိုတာ၊ မြန်မာတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အာဆီယံဥက္ကဌရဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး အစွမ်းကုန်လုပ်သွားမယ်ဆိုတာ၊ လူသားချင်းစာနာပံ့ပိုးမှုတွေ ဆက်လုပ်သွားမယ်ဆိုတာတွေကို ခမာ၊ မြန်မာ၊ ယင်းဂလိပ် သုံးဘာသာနဲ့ ကြေညာချက်ထုတ်တယ်။ ကမ္ဘောဒီးယားက မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကို မြန်မာပြည်သူတွေလည်း သိ၊ ကမ္ဘာလည်းသိအောင် ကြေညာမောင်းခတ်လိုက်တဲ့သဘောပဲ
.
. . . ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဇန်နဝါရီ ၇ - ၈ မြန်မာပြည်လာမယ်ဆိုတော့ အစိုးရကို မလိုလားတဲ့သူတွေက ဆွေ့ဆွေ့ခုန်ကြ ကြေညာချက်တွေထုတ်ကြ ကန့်ကွက်ကြ မျိုးစုံတွေ လုပ်နေတာ ဒီရက်ပိုင်း မမြင်ချင်တဆုံးပါပဲ၊ ဟွန်ဆန်ကိုယ်တိုင်ကလည်း မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး သိပ်မမျှော်လင့်ထားဖို့ ပြောထားတယ်၊ မြန်မာ အစိုးရကို တစ်ချို့တွေ ဖြစ်စေချင်သလို ဖိအားသွားပေးမှာမဟုတ်ဘူးလို့ ဆိုလိုပုံရတယ်။ ဟွန်ဆန်ရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာပြည်က ဘယ်သူဘယ်ဝါနဲ့လည်း တွေ့ရမယ်ဘာညာနဲ့ ဘန်ကောက်ပိုစ့်က ရေးထားပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရပြောခွင့်ရက မသိမသာတော့ ငြင်းထားတာတွေ့တယ်၊ ပြတ်ပြတ်သားသားကြီး ငြင်းပယ်ထားတာ မဟုတ်တော့ ဘယ်လိုလာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့
.
. . . လက်ရှိ မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အီရာဝမ်ယူဆွတ် နေရာကို ဆက်ခံဖို့ ဟွန်ဆန်က အဆိုပြုထားတဲ့ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ် ပရတ်ဆိုခွန်း လည်း ဒီခရီးစဉ်မှာ ပါလာမယ်။ သူ့ကို အထူးကိုယ်စားလှယ်အသစ်အဖြစ် ခန့်ဖို့ ဟွန်ဆန်က အဆိုပြုထားပေမယ့် အခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားလည်း ယူရအုံးမယ်ထင်တယ်။ လက်ရှိ အီရာဝမ်ကိုပဲ ဆက်ခန့်ထားဖို့ မလေးရှားက သဘောထားပေးထားတာလည်း ရှိသေးတော့ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဟွန်ဆန်ရဲ့လူ ခန့်နိုင်မလားဆိုတာလည်း ဆက်စောင့်ကြည့်ရအုံးမယ်၊ အဲသည် ကိစ္စကလည်း တရုတ်နဲ့ အမေရိကန်တို့ ပြိုင်ပွဲတစ်ခုလို ဖြစ်နေမလား စိတ်ဝင်စားဖို့ကောင်းတယ်။
.
. . . မြန်မာ့နိုင်ငံရေးအခြေအနေ တည်ငြိမ်တိုးတက်ဖို့အတွက် ဖိအားပေးပိတ်ဆို့တဲ့နည်းလမ်းက အလုပ်ဖြစ်မလား၊ အပြုသဘောဆောင်ထိတွေ့ဆက်ဆံတဲ့နည်းလမ်းက အလုပ်ဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာပဲ
.
ဗိုလ်ကောင်း
၆ ဇန်နဝါရီ ၂၀၂၂
.
Photo Credit: New Light of Myanmar 23 May 2007

Wednesday 5 January 2022

ဗိုလ်ရှုသဘင်


.
. . . အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ရာဇဌာနီ လမ်းမကြီးလို့ ခေါ်နိုင်တဲ့ Rajpath မှာ နှစ်စဉ် ဇန်နဝါရီလ ၂၆ ရက်နေ့ရောက်တိုင်း ခမ်းနားကြီးကျယ်တဲ့ ဗိုလ်ရှုသဘင်အခမ်းအနားကြီးကို ကျင်းပလေ့ရှိတယ်။ အိန္ဒိယနိုင်ငံက အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေးရပြီးတဲ့အခါ အခြေခံဥပဒေ စတင်အသက်ဝင်တဲ့နေ့ အထိမ်းအမှတ်အဖြစ် ၁၉၅၀ ပြည့်နှစ်ကတည်းက နှစ်စဉ်ကျင်းပလာခဲ့တာပါ။ နိုင်ငံတွေရဲ့ ဗိုလ်ရှုသဘင်တွေမှာဆို သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့တွေ နဲ့ ပြည်ထောင်စုထဲက အဖွဲ့အစည်းတွေက နိုင်ငံတော်အကြီးအကဲကို ချီတက် အလေးပြုကြတာ ကမ္ဘာတစ်ဝန်း သိပ်မဆန်းလှပေမယ့် အိန္ဒိယရဲ့ ဗိုလ်ရှုသဘင်မှာတော့ အရောင်အသွေးစုံလင်လှပတဲ့ နိုင်ငံတစ်ဝန်းက ပြည်နယ်အသီးသီးရဲ့ ရိုးရာဓလေ့ယဉ်ကျေးမှု ရေမြေတောတောင်သဘာဝ ထွက်ကုန် နဲ့ အထိမ်းအမှတ်ဂုဏ်ယူစရာတွေကို အလှပြကားကြီးတွေနဲ့ ပြတဲ့ ယာဉ်တန်းကြီးတွေပါ ပါဝင်ချီတက်ပြသကြတယ်။ အဲသည်အလှပြ ကားတွေကို ယင်းဂလိပ်လိုဆိုရင်တော့ Tableaux လို့ ခေါ်ကြတယ်။ အလှပြကားကြီးတွေမှာ သက်ဆိုင်ရာဒေသရဲ့ အထိမ်းအမှတ်တွေကို ရုပ်သေတွေ လှုပ်ရှားရုပ်တွေသာမက လူတွေကပါ သရုပ်ဆောင်ပြီး တေးဂီတသံတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကားဘေးမှာဆိုရင်လည်း သက်ဆိုင်ရာ ရိုးရာအကအလှတွေနဲ့ စည်စည်ကားကားကို ချီတက်လာကြတာ အိန္ဒိယရဲ့ ယဉ်ကျေးမှု ပြပွဲကြီးတစ်ခုပါပဲ။
.
. . . ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် စိန်ရတု ပြည်ထောင်စုနေ့မှာ နေပြည်တော် ရာဇဌာနီလမ်းမကြီးပေါ်က ဗိုလ်ရှုသဘင်နေရာမှာ ကျင်းပတဲ့အခါ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဝန်ကြီးဌာနတွေ ချီတက်အလေးပြုရုံသာမက ပြည်ထောင်စုနဲ့ ပြည်နယ်တိုင်းအသီးသီးက အထိမ်းအမှတ်တွေ ထွက်ကုန်တွေ ရိုးရာယဉ်ကျေးမှုတွေကို သက်ဆိုင်ရာ တေးဂီကတွေ အကအလှတွေနဲ့ ပေါင်းစပ်ပြီး အလှပြကားတွေနဲ့ ချီတက်အလေးပြုမယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုအတွက် ကား ၃ စီးက ရှေ့ဆုံးက၊ နောက်မှာ ပြည်နယ်တိုင်းဒေသကြီး ၁၄ ခုက ကား ၃ စီးစီနဲ့ ၄၂ စီး၊ စုစုပေါင်း အလှပြယာဉ် ၄၅ စီး ချီတက်အလေးပြုပါမယ်။
.
. . . နောက်ပိုင်း ကိုဗစ်ကပ်ဘေး အားပျော့ထိန်းချုပ်နိုင်သွားလို့ ခရီးသွားလုပ်ငန်းတွေ ပြန်ပြီး တွယ်ကျယ်လာတဲ့အခါ ဗိုလ်ရှုသဘင်မှာ ချီတက်အလေးပြုကြမယ့် ပြည်ထောင်စုတစ်ဝန်းလုံးက နယ်မြေအသီးသီးကို ကိုယ်စားပြုတဲ့ အလှပြယာဉ်တွေ အကအလှတွေ တေးဂီတတွေဟာ ပြည်တွင်းပြည်ပက ခရီးသွားတွေကို ဆွဲဆောင်မှုတစ်ခု ဖြစ်တဲ့ အဆင့်ထိ ရောက်လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ပြည်ထောင်စုသားတွေအားလုံးရဲ့ အကအလှတွေနဲ့ မြန်မာပြည်ကြီး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် စခန်းသွားနိုင်မယ့် ရက်တွေကိုလည်း များများကြီး မျှော်လင့်တောင့်တမိပါတယ်
.
ဗိုလ်ကောင်း
၅ ဇန်နဝါရီ ၂၀၂၂