Wednesday 5 January 2022

ဗိုလ်ရှုသဘင်


.
. . . အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ရာဇဌာနီ လမ်းမကြီးလို့ ခေါ်နိုင်တဲ့ Rajpath မှာ နှစ်စဉ် ဇန်နဝါရီလ ၂၆ ရက်နေ့ရောက်တိုင်း ခမ်းနားကြီးကျယ်တဲ့ ဗိုလ်ရှုသဘင်အခမ်းအနားကြီးကို ကျင်းပလေ့ရှိတယ်။ အိန္ဒိယနိုင်ငံက အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေးရပြီးတဲ့အခါ အခြေခံဥပဒေ စတင်အသက်ဝင်တဲ့နေ့ အထိမ်းအမှတ်အဖြစ် ၁၉၅၀ ပြည့်နှစ်ကတည်းက နှစ်စဉ်ကျင်းပလာခဲ့တာပါ။ နိုင်ငံတွေရဲ့ ဗိုလ်ရှုသဘင်တွေမှာဆို သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့တွေ နဲ့ ပြည်ထောင်စုထဲက အဖွဲ့အစည်းတွေက နိုင်ငံတော်အကြီးအကဲကို ချီတက် အလေးပြုကြတာ ကမ္ဘာတစ်ဝန်း သိပ်မဆန်းလှပေမယ့် အိန္ဒိယရဲ့ ဗိုလ်ရှုသဘင်မှာတော့ အရောင်အသွေးစုံလင်လှပတဲ့ နိုင်ငံတစ်ဝန်းက ပြည်နယ်အသီးသီးရဲ့ ရိုးရာဓလေ့ယဉ်ကျေးမှု ရေမြေတောတောင်သဘာဝ ထွက်ကုန် နဲ့ အထိမ်းအမှတ်ဂုဏ်ယူစရာတွေကို အလှပြကားကြီးတွေနဲ့ ပြတဲ့ ယာဉ်တန်းကြီးတွေပါ ပါဝင်ချီတက်ပြသကြတယ်။ အဲသည်အလှပြ ကားတွေကို ယင်းဂလိပ်လိုဆိုရင်တော့ Tableaux လို့ ခေါ်ကြတယ်။ အလှပြကားကြီးတွေမှာ သက်ဆိုင်ရာဒေသရဲ့ အထိမ်းအမှတ်တွေကို ရုပ်သေတွေ လှုပ်ရှားရုပ်တွေသာမက လူတွေကပါ သရုပ်ဆောင်ပြီး တေးဂီတသံတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကားဘေးမှာဆိုရင်လည်း သက်ဆိုင်ရာ ရိုးရာအကအလှတွေနဲ့ စည်စည်ကားကားကို ချီတက်လာကြတာ အိန္ဒိယရဲ့ ယဉ်ကျေးမှု ပြပွဲကြီးတစ်ခုပါပဲ။
.
. . . ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် စိန်ရတု ပြည်ထောင်စုနေ့မှာ နေပြည်တော် ရာဇဌာနီလမ်းမကြီးပေါ်က ဗိုလ်ရှုသဘင်နေရာမှာ ကျင်းပတဲ့အခါ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဝန်ကြီးဌာနတွေ ချီတက်အလေးပြုရုံသာမက ပြည်ထောင်စုနဲ့ ပြည်နယ်တိုင်းအသီးသီးက အထိမ်းအမှတ်တွေ ထွက်ကုန်တွေ ရိုးရာယဉ်ကျေးမှုတွေကို သက်ဆိုင်ရာ တေးဂီကတွေ အကအလှတွေနဲ့ ပေါင်းစပ်ပြီး အလှပြကားတွေနဲ့ ချီတက်အလေးပြုမယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုအတွက် ကား ၃ စီးက ရှေ့ဆုံးက၊ နောက်မှာ ပြည်နယ်တိုင်းဒေသကြီး ၁၄ ခုက ကား ၃ စီးစီနဲ့ ၄၂ စီး၊ စုစုပေါင်း အလှပြယာဉ် ၄၅ စီး ချီတက်အလေးပြုပါမယ်။
.
. . . နောက်ပိုင်း ကိုဗစ်ကပ်ဘေး အားပျော့ထိန်းချုပ်နိုင်သွားလို့ ခရီးသွားလုပ်ငန်းတွေ ပြန်ပြီး တွယ်ကျယ်လာတဲ့အခါ ဗိုလ်ရှုသဘင်မှာ ချီတက်အလေးပြုကြမယ့် ပြည်ထောင်စုတစ်ဝန်းလုံးက နယ်မြေအသီးသီးကို ကိုယ်စားပြုတဲ့ အလှပြယာဉ်တွေ အကအလှတွေ တေးဂီတတွေဟာ ပြည်တွင်းပြည်ပက ခရီးသွားတွေကို ဆွဲဆောင်မှုတစ်ခု ဖြစ်တဲ့ အဆင့်ထိ ရောက်လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ပြည်ထောင်စုသားတွေအားလုံးရဲ့ အကအလှတွေနဲ့ မြန်မာပြည်ကြီး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် စခန်းသွားနိုင်မယ့် ရက်တွေကိုလည်း များများကြီး မျှော်လင့်တောင့်တမိပါတယ်
.
ဗိုလ်ကောင်း
၅ ဇန်နဝါရီ ၂၀၂၂

No comments:

Post a Comment