Showing posts with label ရင်တွင်းဖြစ်. Show all posts
Showing posts with label ရင်တွင်းဖြစ်. Show all posts

Saturday, 9 March 2024

ပန်းမှတ်တမ်း

မသေခင် လုပ်ဖြစ်အောင် လုပ်သွားချင်တဲ့ အလုပ်တစ်ခုထဲမှာ မြန်မာပြည် အညာတစ်လွှားပတ်ပြီး အခုလို နွေဦးမှာပွင့်တဲ့ပန်းတွေကို ကိုယ်တိုင်ဓာတ်ပုံရိုက်၊ မှတ်တမ်းတင်၊ မျိုးရိုးခွဲခြားပြီး မြန်မာနာမည် (ဒေသအခေါ်အမည်ကွဲမျိုးစုံ) နဲ့ သေချာစုဆောင်းထားတဲ့ ပန်းအမျိုးအစားဘဏ်တိုက် ဝက်ဆိုက်တစ်ခု လုပ်ချင်တာပါပဲ။ အညာနယ်တစ်ခုလုံး မပတ်နိုင်ဘူးဆိုရင်တောင် ကိုယ့်ဇာတိနေပြည်တော်တစ်ဝန်းက ပန်းတွေကို အမျိုးအစားစုံလင်အောင် မှတ်တမ်းတင်ခဲ့ချင်ပါသေးတယ်။ တစ်ယောက်တည်း ကျောပိုးအိတ်တစ်လုံး ရေးတစ်ဗူး မုန့်ကျွတ်တစ်ထုပ်နဲ့ ကင်မရာတလက်လွယ်ပြီး စိတ်ရှိတိုင်းလျှောက်သွားရမယ့်အရေး တွေးမိရင်တောင် ပျော်ပါတယ်

လောလောဆယ်တော့ အရင့်အရင်နှစ်တွေလို ကိုယ်အိမ်နား ပတ်ဝန်းကျင်က ပန်းတွေကိုတောင် စိမ်ပြေနပြေ လိုက်မကြည့်နိုင်သေးတဲ့အဖြစ်

အရင့်အရင်နှစ်တွေက သူတို့ကို လာကြည့် ဓာတ်ပုံရိုက်နေကျလူတစ်ယောက် ဒီနှစ်တော့ မလာသေးပါလားဆိုပြီး နွေဦးမှာပွင့်တဲ့ ပန်းလေးတွေက ကျနော့်ကို မျှော်နေကြရော့မယ်

Sunday, 25 February 2024

ဘဝနဲ့ ဆန္ဒ

ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်းကျရင် ပျော်စရာသိပ်ကောင်းမှာပဲလို့ ပြောကြတယ်မို့လား

အင်း ပျော်တာပေါ့ အရမ်းကိုပျော်တာပေါ့

ဒါပေမယ့် ဒါပေမယ့်ပေါ့လေ

ဘဝနဲ့ဆန္ဒ တစ်ထပ်တည်းကျတယ်ဆိုတာ ဝဋ်ကြွေးပါလို့ဆိုတာရော မဖြစ်နိုင်ဘူးလားလို့လည်း နည်းနည်းလေး နေရာရွှေ့ပြီး စဉ်းစားကြည့်မယ်ဆိုပါတော့

ဝဋ်ကြွေးသော မကြွေးသော ခဏထားလို့ တကယ့်အဖြစ်အပျက်ကို ပြောပြရမယ်ဆိုရင်

ကိုယ်ဝါသနာပါတဲ့ အလုပ်ကို အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် အချိန်ပြည့်လုပ်ခွင့်ရနေတာ ဝမ်းသာစရာကြီးဖြစ်ပေမယ့်

သူများတွေ တစ်နေကုန် အလုပ်က ပြန်လာရင် စိတ်လွတ်လက်လွတ် နေနေတဲ့အချိန်မှာ ကိုယ့်မှာ နားချိန်ရယ်လို့ မဟုတ်ဘဲ စာတွေလိုက်ဖတ်နေရတာကိုက အလုပ်လည်းဖြစ် နားတာလည်းဖြစ်တဲ့အပြင် တစ်ခါတစ်လေ လိုက်ဖတ်နေရင်းနဲ့ မဆုံးနိုင်တဲ့ ဖတ်စရာတွေ ဆက်ဆက်လာရင် ပင်ပန်းလာတာ

Sunday, 5 November 2023

မောင်

. . . ချစ်သူပဲဖြစ်ဖြစ် ခင်ပွန်းပဲဖြစ်ဖြစ် မိန်းမတွေက မောင် လို့ ကြင်ကြင်နာနာခေါ်ကြတာမျိုး သိပ်မဆန်းဘူး ဆိုပေမယ့် ကိုယ် ပထမဆုံးကြားဖူးတဲ့ မောင်ဆိုတဲ့ စကားလုံးက ဘုန်းကြီးတစ်ပါးဆီက၊ ကိုယ်တို့ရွာ မြောက်ဘက်အစွန်က ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးဘေး ၊ မိဖုရားကုန်းဘုရားကြီးနဲ့ မျက်စောင်းထိုးမှာ စခန်းထောက်ကျောင်းဆိုတာရှိတယ်၊ ပဲခူးရိုးမအစပ်က နာမည်ကျော် စမတောင်ကို သွားကြတဲ့ ဘုရားဖူးပါရမီရှင်တွေအတွက် စခန်းတစ်ထောက်နားကြဖို့ဆိုပြီး ဖွင့်ထားတဲ့ စခန်းထောက်ကျောင်းမှာ ကိုယ်တွေ မူလတန်းကျောင်းသားဘဝက ဘုန်းဘုန်းဦးဝဏ္ဏ ကျောင်းထိုင်တယ်၊ ဘုန်းဘုန်းက နက္ခတ်ဗေဒင်လေးဘာလေးလည်း ရတော့ အဲဒါကို လာလာဆည်းပူးတဲ့ ကိုယ်တို့အသိ လူလတ်ပိုင်းတကာတစ်ယောက် ကို ဘုန်းဘုန်းက စကားပြောရင် မောင် ဆိုပြီး ရည်ညွှန်းပြောတာ ကြားဖူးခါစက နားနည်းနည်းစိမ်းပေမယ့် ဒါဟာ လူငယ်လူရွယ်တစ်ယောက်ကို ရည်ညွှန်းတဲ့ အခေါ်အဝေါ်ဆိုတာ နားလည်သွားတယ်
.
. . . အလယ်တန်း အထက်တန်းရောက်တော့ ဆရာတစ်ယောက် ဆုံးမဖူးတယ်၊ ကိုယ့်နာမည်မှာ မောင် လို့ တပ်တာက ကိုယ်ရဲ့ ဂုဏ်ရည်အဆင့်အတန်းကို ဖော်ပြရာရောက်တယ်၊ သတင်းစာထဲမှာ ရေးတဲ့ တရားခံတွေဆို နာမည်ရှေ့ဘာမှ မတပ်ဘဲ ရေးကြရတာ၊ ကျောင်းသားဆိုတာ နာမည်ရှေ့မှာ မောင် တပ်ရတယ်ဆိုလို့ ငယ်စဉ်က စာအုပ်မှာနာမည်တပ်တာပဲ ဖြစ်ဖြစ်၊ တခြား နာမည်တပ်စရာရှိရာတွေမှာ မောင်ဘယ်သူဆိုပြီး ရေးတဲ့အကျင့် ရလာခဲ့တာ၊ အဲသည်အကျင့်က ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့လွန်တက်တဲ့အထိ ပါလာပြီး ကျောင်းအပ်တဲ့အခါ၊ စာအုပ်မှာ နာမည်ထိုးတဲ့အခါ မောင်ဘယ်သူဆိုပြီး ဂုဏ်ယူစွာ ရေးထိုးတတ်တဲ့အကျင့်ကို စွဲနေခဲ့တာ
.
. . . ကိုယ်တိုင် မောင်လို့ အခေါ်ခံရဖူးတာလည်း ဘယ်ရည်းစားဆီကမှ မဟုတ်ဘူး၊ စစ်တက္ကသိုလ်တက်တော့ စီနီယာတွေက ဂျူနီယာတွေကို မောင် လို့ ရည်ညွှန်းပြီး ခေါ်လေ့ရှိတယ်၊ ကျောင်းမှာ ဟိုကောင် သည်ကောင်လို့ မသုံးကြဘူး၊ ဟိုမောင် သည်မောင်လို့ပဲ သုံးကြတယ်၊ အဲသည်မှာ မောင်ဆိုတဲ့ အသုံးကို ပိုပြီး ရင်းနှီးသွားတာပါပဲ
.
. . . ငယ်တုန်းက တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင် ဝတ္ထုထဲက ဇာတ်လိုက်နာမည်က မောင် ဆိုတာလေးကို သဘောကျပြီး ငါလည်း ကြီးလာလို့ ရည်းစားတွေဘာတွေရ၊ အိမ်ထောင်တွေဘာတွေကျရင် မောင် လို့ အခေါ်ခံရကောင်းမှာပဲလို့ တွေးမိခဲ့ပေမယ့် အိပ်မက်ဟာ တကယ်ဖြစ်မလာခဲ့ပါဘူး
.
. . . ဟိုတစ်နေ့က ကိုယ်တို့လေးစားရတဲ့ ဆရာတစ်ယောက် အခုခေတ်စားနေတဲ့ စီးပွားရေးမဟာဘွဲ့တွေဘာတွေတက်လို့ စာမေးပွဲ အောင်စာရင်း ထွက်တာကို ဖေ့ဘုတ်မှာတင်ထားတာမှာ မောင်ဘယ်သူဆိုပြီး ရေးထားတာတွေ့တော့ သဘောကျလိုက်တာ၊ ကိုယ်တိုင်တောင် ပြန်ငယ်သွားသလို ခံစားရတယ်၊ ဒါနဲ့ပဲ အော် ငါလည်း နာမည်မှာ တရားဝင် မောင်ဘယ်သူဆိုပြီး တပ်ခွင့်ရှိနေသေးတာပဲဆိုပြီး
.
မောင်ဗိုလ်ကောင်း
၅ နိုဝင်ဘာ ၂၀၂၃

Friday, 27 October 2023

ဋသန်လျင်းချိတ်

. . . အထက်တန်းကျောင်းသားလောက်က ဖတ်ဖူးတဲ့ အခွင့်ကြုံတိုင်း မှတ်မိနေတဲ့ ကာတွန်းလေးတစ်ကွက်ရှိတယ်။ ဆရာကံချွန် ရေးတယ်ထင်တာပဲ၊ သားဖြစ်သူက ဒီဘက်ခန်းမှာ စာကြည့်နေတာ၊ ဟိုဘက်ခန်းမှာ ဖအေလုပ်သူက မအေလုပ်သူကို တိုးတိုးလေးပြောပြနေတာ “မြန်မာစကားလုံးတွေထဲ ငါသိတာမှ ဋသန်လျင်းချိတ်တစ်လုံးရှိတာ၊ အဲသည်တစ်လုံးကို မင့်သားက မှားရေးထားတယ်” တဲ့
.
. . . ဒီကာတွန်းကို အကြောင်းတိုက်ဆိုင်တိုင်း ပြန်ပြန်သတိရနေတယ်ဆိုတော့ အကြောင်းကလည်း ခဏခဏ တိုက်ဆိုင်တာကိုး၊ ကိုယ်က ကကြီးကနေ အ အထိ အကုန်သိတဲ့ ဘာပညာရှင် ညာပညာရှင်ကြီးတော့ မဟုတ်ပေမယ့် ကာတွန်းထဲကလိုပြောရရင် ဋသန်လျင်းချိတ် တစ်လုံးတော့ဖြင့် သိတဲ့သူမို့ ကိုယ်သိတာလေး မှားရေးထားတာတွေ့မိရင် အင်မတန် အသဲယားတာကလား။ မှားရေးကြတာကလည်း ခဏတိုင်းလိုလိုပါပဲ မြင်နေရတာပြောပါတယ်
.
. . . ဒီနေရာမှာ အလျဉ်းသင့်လို့ ဖတ်ဖူးတာလေးတစ်ခု မျှချင်လာပြန်ရော (အလျဉ်းကလည်း သင့် သင့်နိုင်လွန်း)၊ တစ်ခါက ဆရာတပည့်နှစ်ယောက်ရှိသတဲ့၊ တပည့်လုပ်သူက တောမှာမွေး တောမှာကြီးပြီး အကြားအမြင်ဗဟုသုတကလည်း အားနည်းရှာလေတော့ မြို့တက်တဲ့အခါ မြင်မြင်ကရာ သူမသိတာတွေချည်းမို့ သူ့ဆရာကို ခဏတိုင်း မေးသတဲ့။ လူတိုင်းသိတန်တဲ့ဟာကို သူ့တပည့်လုပ်သူက မသိဘဲ လူကြားထဲ ထထမေးတော့ ဆရာ့ခမျာ ရှက်ရှာတာပေါ့လေ၊
.
. . . ဒီလိုနဲ့ ဆရာတပည့်နှစ်ယောက် နောက်တစ်ခေါက် မြို့တက်ကြတဲ့အခါ ဆရာက မှာတယ်၊ မင်း မြင်မြင်ကရာ လျှောက်လျှောက် မမေးနဲ့ ငါ့ကို လူကြားထဲ မေးခွန်းထုတ်ရင် ငါ့အကြောင်းသိမယ်ဆိုပြီး ကြိမ်းတော့ တပည့်လုပ်သူခမျာ ခါတိုင်းလို မမေးသာဘူးပေါ့။ ဒီလိုနဲ့ မြို့ပေါ် တစ်နေရာရောက်တော့ လည်ပင်းရှည်နဲ့ ဘဲငန်းကြီးတွေ တွေ့ပါလေရောတဲ့၊ ခါတိုင်းလည်း မတွေ့ဖူးတော့ တပည့်လုပ်သူများ သိကလည်း သိချင်၊ ဆရာ့ကိုလည်း ကြောက်ရမို့ ဆရာ့မျက်နာတကြည့်ကြည့် ပါးစပ်တပြင်ပြင်ပေါ့၊ မေးချင်ရှာနေတာပေါ့
.
. . . ဒီလိုနဲ့ မြို့အပြန် ရွာကိုဝင်တော့မှ နံဘေးမှာလည်း ဘယ်သူမှ မရှိတော့မှ တပည့်က ဆရာ့အရိပ်အကဲကြည့်ပြီး တိုးတိုးလေးပြောသတဲ့၊ ဆရာ ဆရာ ဟိုမြို့ဈေးနားက ရေကန်မှာ လည်ပင်းရှည်ရှည်နဲ့ အကောင်တွေ တွေ့ခဲ့တယ်မို့လား၊ အေး တွေ့ခဲ့တယ်လေ ဘာဖြစ်လို့လဲ။ အဲသည်မှာ တပည့်လုပ်သူက မေးကလည်း မေးချင် မေးလည်းမမေးရဲတော့ ဘယ်လိုပြောလဲဆိုတော့ “မမေးနဲ့ဆိုလို့သာ ဆရာရေ့ တို့ဆီက ကြက်နဲ့တော့ လုံးလုံးကို မတူတာ” လို့ အားရပါးရကြီး ထုတ်ညည်းသတဲ့
.
. . . အခုလည်း တစ်ချို့ကိစ္စတွေမှာ မမေးနဲ့ ဆိုလို့သာ ဆရာ့ကြောက်လို့ အောင့်အည်းနေရပေမယ့် တို့ဆီက ကြက်နဲ့ လုံးလုံးမတူတဲ့ လည်ပင်းရှည်ရှည် အကောင်ဖြူဖြူကြီးတွေကို မြင်တိုင်း မေးချင်တာမှ ပါးစပ်ကို ယားနေရောလို့ ဆိုရမလိုပါပဲ
.
. . . ကိုယ်တွေက စစ်တက္ကသိုလ်သမိုင်းမှာ ပထမဆုံး အီးမေဂျာကျောင်းသားတွေဖြစ်တော့ အင်္ဂလိပ်စာဌာနက ဆရာ ဆရာမကြီးများရဲ့ အသည်းကျော်အင်တိတ်ပေါ့လေ၊ ဆရာဗိုလ်မှူး မောင်မောင်ဟန်ကတော့ ကျနော်တို့ အရည်အချင်းတွေကြည့်ပြီး သတိပေးလိုက်ရှာသား၊ မင်းတို့တွေ အီးမေဂျာယူတာ ကိုယ့်သေတွင်း ကိုယ်တူးတာပဲတဲ့၊ မင်းတို့ အီးစကေးတေနဲ့ နှစ်နိုင်ငံဆက်ဆံရေးလုပ်လို့ကတော့ မင်းတို့လည်းကျောင်းဆင်းရော တတိယကမ္ဘာစစ်လည်းဖြစ်ရောနေမှာ တဲ့၊ အော် တို့ဆရာ တို့အပေါ် ယုံကြည်အားကိုးရှာသားလို့ မျက်ရည်များတောင်လည်ခဲ့မိသေး :P
.
. . . ကိုယ့်သေတွင်းကိုယ်တော့ တူးမိလျက်သားမို့ နောက်ဆုတ်လို့ မရတော့ပေမယ့် ကိုယ်သိတဲ့ တစ်ခုတည်းသော ဋသန်လျင်းချိတ် အက္ခရာလေးကို မှားရေးထားရင် မှားနေတယ်လို့ ပြောချင်ပေမယ့် ဆရာ့ကြောက်လို့ မပြောရဲတဲ့ အထက်က ပုံပြင်ထဲက တပည့်လေးလို မမေးနဲ့ဆိုလို့သာဆရာရေ တို့ဆီကကြက်နဲ့တော့ လုံးလုံးကိုမတူတာလို့ တစ်ခါတစ်လေတော့လည်း ဆရာ့အရိပ်အကဲကြည့်ပြီး ပြောလိုက်ချင်မိသား
.
ဗိုလ်ကောင်း
၂၇ အောက်တိုဘာ ၂၀၂၃

Monday, 10 July 2023

လက်ရည်တပြင်တည်း

. . . ထိုင်ခုံတွေ အရေးကြီးတဲ့အကြောင်းကိုတော့ လူတိုင်းပြောပြီးသားကြီးမို့ ထပ်မပြောတော့ပါဘူး၊ ထိုင်ခုံအရေးကြီးတယ်ဆိုတာ ကိုယ်လည်း သဘောပေါက်တာမို့ အခန်းထဲမှာဆို ထိုင်ခုံတေွ များကြီး ဝယ်ထားတာ
.
. . . ကိုယ့်လုပ်ငန်းခွင်ကို ရောက်ခါစက အခန်းထဲမှာ ကိုယ်တွေထိုင်ဖို့ထိုင်ခုံတွေပဲ ရှိပြီး ကိုယ့်အဖွဲ့သားတွေ လာကြတဲ့အခါ သူတို့ခမျာ မတ်တပ်ရပ်ပြီး ကိုယ်တွေစကားကို နားထောင်ရတယ်၊ ပြောတဲ့သူက ထိုင်ပြောပြီး နားထောင်တဲ့သူက မတ်တပ်ရပ်နားထောင်ရတယ်ဆိုတာ တစ်ချို့သော အခြေအနေတွေမှာ လိုအပ်ချက်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကိုယ့်လုပ်ငန်းခွင်မှာ အာ့လိုဖြစ်နေတာက အဆင်ပြေတယ်လို့ မထင်ဘူး
.
 . . ကိုယ့်လုပ်ငန်းခွင်ရဲ့ သဘောသဘာဝကိုက သိုးဆောင်းစကားနဲ့ဆို Think Tank ၊ ကိုယ်ငယ်ငယ်က သဘောကျခဲ့တဲ့ စာရေးဆရာဖေမြင့်စကားနဲ့ဆို “ဉာဏ်ကြီးရှင်အဖွဲ့” ဆန်တဲ့ လုပ်ငန်းခွင်မျိုးမို့လို့ ကိုယ်တို့ လုပ်ငန်းခွင်မှာ အထက်အောက် အဆင့်ဆင့် တာဝန်ယူတာဝန်ခံ လုပ်ရတယ်ဆိုတဲ့ သဘောမျိုး အထိုက်အလျောက် ရှိနေပေမယ့် တကယ့်အနှစ်သာရကတော့ ဉာဏ်ပညာတွေ တိုးပွားအောင်၊ ထက်မြက်အောင်၊ ဖတ်ရ မှတ်ရ ရေးသားရ တိုင်ပင်ရ ဆွေးနွေးရတဲ့ လုပ်ငန်းသဘောဆောင်နေတာကိုး
.
. . . လုပ်ဖော်ကိုင်ဖက်တွေအားလုံးရဲ့ အသိဉာဏ်ပညာနဲ့ အပ်စပ်တဲ့ ဗဟုသုတ ရှာမှီးမှုတွေဟာ တစ်ဦးတစ်ယောက်ချင်းစီ အရေးကြီးတဲ့အပြင် ရှိရင်းစွဲဝမ်းစာပညာအပေါ်မှာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ၊ အဲသည် အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး စိုက်လိုက်မတ်တပ် လေ့လာသုံးသပ်သူတွေရဲ့ သဘောအယူ နဲ့ အထင်အမြင် အမျိုးမျိုးတွေကို လိုက်လံဖတ်ရှုနေရတဲ့သူတွေ ဖြစ်တာမို့ အင်တာနက်ခေတ်ကြီးမှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ ကိုယ်မသိသေးတဲ့ သဘောတရားအတွေးအခေါ်တွေကို အနည်းဆုံး တစ်ရက်တစ်မနက်ဖြစ်ဖြစ် ဖတ်ရှုပြီးသားဆိုရင် သူ့ဆီက ပြန်ပြီးသင်ယူဖို့ ကိုယ့်စိတ်နဲ့ခန္ဓာကို အသင့်ပြင်ထားနိုင်မှ တော်ကာကျတဲ့ လုပ်ငန်းခွင်မျိုးမို့
.
. . . ဘယ့်နှယ် ဗိုလ်ကောင်းရ ၊ တို့ကြားဖူးတာတော့ စိတ်ကိုဖွင့်ထားဖို့ပဲ ကြားဖူးတာပါ၊ ဘယ့်နှယ့် “စိတ်နဲ့ခန္ဓာကို အသင့်ပြင်ထားနိုင်မှ” ဆိုတာကြီးက ဘာလဲဆိုရင် အခုပြောမှာ အဲသည်အကြောင်းအရာပါပဲခင်ဗျာ
.
. . . အထက်မှာ တင်ပြခဲ့သလို ကိုယ့်ထက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ အတွေ့အကြုံနည်းသည်ဖြစ်စေ များသည်ဖြစ်စေ၊ သတင်းအချက်အလက်နဲ့အတွေးအခေါ်တွေက အပေါ်အောက်စီးဆင်းနေတာမျိုး မဟုတ်ဘဲ ရေစီးကြောင်းတွေ မျဉ်းပြိုင်စီးဆင်းနေတဲ့ ဒီနေ့ခေတ်ကြီးမှာ ကိုယ်တိုင်လေ့လာသင်ယူနေမှုကို ကိုယ့်ရဲ့ အဖွဲ့သားတွေဆီကပါ လုပ်ဆောင်နေနိုင်ဖို့ဆိုတာ စိတ်ကို ဖွင့်ထားဖို့ အရေးကြီးတဲ့အပြင် ခန္ဓာကိုယ်ကိုပါ ဖွင့်ထားဖို့ အရေးကြီးပါကောလား
.
. . . ကိုယ်က သူ့ဆီက သင်ယူဖို့ဆိုရင် ကိုယ်က ဆရာကြီးစတိုင်နဲ့ ထိုင်ခုံမှာ မိန့်မိန့်ကြီးထိုင်ပြီး ကိုယ့်ကို သင်ပေးမယ့်သူက ကိုယ့်စားပွဲရှေ့မှာ ရို့ရို့လေး ရပ်နေရရင် သူ့ဆီက သင်ပေးစရာတွေက ဘယ်မှာ အလိုက်သင့်အလျားသင့် ထွက်လာနိုင်မလဲခင်ဗျာ၊ ကိုယ်ကလည်း စိတ်ထဲက ဘယ်လောက်ပဲ ခံယူနိုင်ပါစေအုံးတော့ ဒီလိုပုံစံမျိုးနဲ့ သင်ယူသူကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလား၊ တစ်ခြားသူတွေတော့ မသိပေမယ့် ကိုယ့်အတွက်ကတော့ အာ့လိုမျိုးကြီး အဆင်မပြေပါဘူးခင်ဗျာ
.
. . . ဒါကြောင့် ဒီလုပ်ငန်းခွင်ကို တစ်ကျော့ပြန်ရောက်လာချိန်မှာ ထိုင်ခုံတွေ ထပ်ဖြည့်ပါတယ်။ ဝိုင်းဖွဲ့ဆွေးနွေးတဲ့အခါ ကိုယ်တိုင်အတွက်ရော၊ ကိုယ့်ဆီလာသူတွေပါ သက်တောင့်သက်သာဖြစ်စေမယ့် နေရာထိုင်ခင်းမျိုးအပြင် ဒီအခင်းအကျင်းအပေါ်မှာ ထားရှိတဲ့သဘောထား၊ ကိုယ့်စိတ်ရဲ့ ခံယူချက်နဲ့ နွေးထွေးမှုတွေကို အထင်းသားပေါ်လွင်နေအောင် ကိုယ့်စိတ်နဲ့ခန္ဓာကို ပြင်ဆင်ထားမှသာ ကိုယ်နဲ့ဝိုင်းဖွဲ့ထိုင်နေသူဆီက အတွေးအမြင်ဗဟုသုတ တွေ ကိုယ့်ဆီစီးဆင်းလာနိုင်မယ် မဟုတ်လား
.
. . . လက်ရည်တစ်ပြင်တည်းဆိုတဲ့ စကားနဲ့ သဘောတရားဟာ ထမင်းဝိုင်းဖွဲ့စားတဲ့နေရာမှာတင်မဟုတ်ဘဲ အသိပညာဗဟုသုတဖလှယ်ကြဖို့ များများကြီးကို အရေးတကြီးလိုအပ်တဲ့ ကိုယ်တွေလို လုပ်ငန်းခွင်မှာလည်း အလွန်ကို တန်ဖိုးထားအပ်တဲ့အကြောင်း
.
ဗိုလ်ကောင်း
၁၀ ဇူလိုင် ၂၀၂၃

Sunday, 9 July 2023

ကိုယ်ဖတ်ဖို့ပဲရေးတဲ့စာ

. . . ကိုယ်က စာရေးရင် စံနှုန်းသတ်မှတ်ချက် တစ်ခုပဲ ထားတယ်၊ အဲဒါက ဘာလဲ ဆိုရင် ကိုယ်ဒီနေ့ရေးထားတဲ့စာကို လိုအပ်လာရင် မနက်ဖြန်မှာ ပြန်ပြီး ကိုးကားနိုင်ရမယ်ဆိုတာပဲ၊ ကိုယ့်စာကို ဘယ်သူမှ ဖတ်ဖတ် မဖတ်ဖတ် တယ်စိတ်မဝင်စားလှဘူး၊ ကိုယ့်စာကို ကိုယ်တိုင်ယုံယုံကြည်ကြည်နဲ့ မနက်ဖြန်မှာ ပြန်ကိုးကားနိုင်ရင် ကျနော်သတ်မှတ်ထားတဲ့ စံနှုန်းကို မီပြီ၊ စာတိုင်းကို အဲသည်စံနှုန်းဘောင်ဝင်အောင်ရေးတယ်၊ စာတွေဘာကြောင့်ရေးသလဲဆိုရင်လည်း သူများတွေ ဖတ်ဖို့ဆိုတာထက် ကိုယ်ကိုယ်တိုင် အကြောင်းအရာတစ်ခုကို သေချာသိချင်လို့ ရေးတယ်လို့ ပြောရမှာပဲ၊ ဘာလို့လဲဆို စာတစ်ပုဒ် ရေးမယ်ဆိုလိုက်ရင် လိုက်ဖတ်ရတဲ့စာတွေ၊ သေချာအောင် ပြန်စစ်ရတဲ့ အကြောင်းခြင်းရာတွေ သဘောတရားတွေ လိုက်ဖတ်နေရတာ နည်းမှ မနည်းပဲကိုး။ ကိုယ်ရေးတဲ့စာမှန်သမျှက ကိုယ့်အတွက် ခိုင်မာတဲ့မှတ်စုပဲ၊ လူက မေ့ချင်မေ့မယ်၊ စာကတော့ မမေ့ဘူးလေ။ နောက်တစ်ခုက ဖေ့ဘုတ်ပေါ်တင်ဖို့တော့ စာရေးလေ့မရှိဘူး၊ ရေးမိတဲ့စာကိုပဲ ဖေ့ဘုတ်ပေါ်တင်ဖြစ်တာ။ ကိုယ့်စာလေးတွေ သူများဖတ်တော့လည်း ပျော်တာကိုး။.
.
. . . ကိုယ်ရေးတဲ့ စာတွေနဲ့ ပတ်သက်ပြီး ကိုယ်စောင့်စည်းတဲ့ သစ္စာတရားကလည်း တစ်ခုပဲ ရှိတယ်၊ အဲဒါက ကိုယ့်နှလုံးသားက လက်ခံတဲ့စာကိုပဲ လက်ကချရေးတယ်၊ ကိုယ်သိတာဆို သိတယ်လို့ရေးတယ်၊ ကိုယ်ထင်တာကို ထင်တယ်လို့ရေးတယ်၊ ကိုယ်မြင်တာကို မြင်တယ်လို့ရေးတယ်၊ ကိုယ်သိတာ မှားကောင်းမှားမယ်ဆိုတာကိုလည်း လက်ခံထားပေမယ့် အဲဒီစာရေးတဲ့အချိန်မှာ ကိုယ်တကယ်သိတယ်လို့ ယုံကြည်တာကိုပဲ သိတယ်လို့ ရေးဝံ့တယ်၊ ထင်တာကို သိတယ်လို့ မရေးသလို ထင်တာကိုလည်း ကိုယ်မမြင်ခဲ့ရဘဲ မြင်တယ်လို့ မရေးဘူး၊ ဒီနေ့ရေးတဲ့စာက မနက်ဖြန်မှာ ပြန်ဖတ်ကြည့်တဲ့အခါ အော်အခု ငါအတွေးမတူတော့ပါလားဆိုတာမျိုး ဖြစ်နိုင်ပေမယ့် အဲသည်အချိန်တုန်းက အဲလိုတွေးခဲ့တာ သေချာတယ်ဆိုတာကိုတော့ လိပ်ပြာလုံတဲ့ သစ္စာတရားမျိုးပေါ့၊ အထူးသဖြင့် ကျနော့်ရဲ့ ရသစာတွေမှာ အဲသည်သစ္စာတရားကို အများဆုံးတွေ့နိုင်မယ်လို့ထင်တယ်
.
. . . တကယ်ရေးချင်တဲ့ အကြောင်းအရာက သပ်သပ်ပါ အခုက စိတ်ဖြေရာတစ်ခုအနေနဲ့ ဒီအကြောင်းတွေ ပြောပြမိတာပါ။ ဘယ်လောက်ပဲ လွတ်လပ်တဲ့ လောကကြီးဖြစ်ပါစေ ကိုယ်သိတာတေွ ကိုယ်မြင်တာတွေ ကိုယ်တွေးတာတွေ အကုန်လုံးကိုတော့ လူတွေကို လျှောက်ပြောနေဖို့ မသင့်ဘူးဆိုတဲ့ စောင့်စည်းရတာတွေ ရှိတယ်မို့လား၊ တစ်ချို့စောင့်စည်းမှုတွေကို ကာလအပိုင်းအခြားတစ်ခုရောက်တဲ့အခါ ထုတ်ပြောပြဖြစ်မယ်ထင်တယ်၊ တစ်ချို့စောင့်စည်းမှုတွေကိုတော့ သေတဲ့အထိတောင် ပြောခွင့်ကြုံပါတော့မလား မသိနိုင်ပါဘူးလေ
.

ဗိုလ်ကောင်း

၉ ဇူလိုင် ၂၀၂၃

Tuesday, 28 February 2023

ကမ္ဘာ့ကုန်ကျယ်သရွေ့



. . . တက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ ကမ္ဘာ့ကုန်ကျယ်သရွေ့ဝယ် ဝတ္ထုကို သေချာမဖတ်ဖူးပေမယ့် အနောက်နန်းမတော် မမြကလေးရဲ့ ချစ်သမျှကို ပတ်ပျိုးကိုတော့ ဆယ်တန်းအောင်ပြီးအချိန်လောက်ကတည်းက ကောင်းကောင်း ရင်းနှီးနေခဲ့တာ။ ဆယ်တန်းအောင်ပြီးစမှာ ပျဉ်းမနားက အခု ဥပ္ပာတသန္တိဘုရားကြီး ခြေတော်ရင်းက တည်ဆောက်ရေး (၅) ဆည်မြောင်းဝင်းထဲ သွားနေတော့ ကိုယ့်ယောက္ဖတစ်ဝမ်းကွဲ အကိုလေးတို့ အိမ်မှာ ကက်ဆက်နဲ့ သီချင်းတွေဘာတွေ နားထောင်တဲ့အခါ အဆိုတော်ဝင်းဦးဆိုတဲ့ ချစ်သမျှကို ပတ်ပျိုးကို ပထမဆုံး နားထောင်ဖူးတာပါပဲ
.
. . . ချစ်သမျှကို ပတ်ပျိုးကို သီချင်းအနေနဲ့ နားမထောင်ဖူးပေမယ့် ကိုးတန်းလား ဆယ်တန်းလား မြန်မာစကားပြေ လက်ရွေးစင်ထဲက ပြဌာန်းစာအုပ်တစ်ပုဒ်အနေနဲ့ ကောင်းကောင်းရင်းနှီးနေတော့ သီချင်းနားထောင်တဲ့အခါ ချက်ချင်း ကြိုက်သွားတယ်လို့ ပြောလို့ရတယ်။ ပတ်ပျိုးသီချင်း ဆိုပေမယ့် ကိုယ်တွေလို ဆယ်တန်းအောင်ခါစ လူပျိုပေါက်လေးတစ်ယောက်အတွက် သိပ်ပြီး ပျင်းစရာကောင်းမနေဘဲ သီချင်းအကြောင်းနဲ့ နောက်ခံဇာတ်လမ်းကိုလည်း သိထားတော့ သီချင်းကို ခံစားနိုင်သွားတာ ထင်တယ်
.
. . . ကမ္ဘာ့ကုန်ကျယ်သရွေ့ဆိုတာ ချစ်သမျှကိုပတ်ပျိုး အဆုံးသတ်မှာပါတဲ့ သဖြန်ပိုဒ်ထဲက စကားလုံး
.
ယွန်းစေဝသုန် . . . ငွေဝန်းသော်တာယုန်သို့ . . . ကမ္ဘာ့ကုန်ကျယ်သရွေ့မှာ. . . ဘယ်မေ့လိမ့်လဲ. . တဲ့
.
ဝသုန်လို့ဆိုတဲ့ကမ္ဘာမြေကြီး ပျက်ယွင်းသွားစေတော့၊ လမင်းကြီးမျက်နှာပြင်မှာ ယုန်ရုပ်ထင်နေတာ ကမ္ဘာတည်အောင် ရှိနေမှာဆိုတဲ့သဘောလိုပဲ ကမ္ဘာကုန်ဘယ်လောက်ပဲ ကျယ်ကျယ် မင်းကိုတော့ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး ဆိုတဲ့ သဖြန်ပုဒ်လေးနဲ့ ချစ်သမျှကို ပတ်ပျိုးကို ပိတ်ထားတာ ကိုယ်က သိပ်သဘောကျတယ်
.
. . . ကမ္ဘာကုန်ကျယ်သရွေ့ဝယ်ဆိုတဲ့ စာသဘောလေး စိတ်ထဲရောက်လာရင် စာရေးဆရာ ချစ်စံဝင်းရေးတဲ့ ယသော်ဓယာ့အလွမ်းဆိုတဲ့ စာအုပ်အကြောင်းကလည်း စိတ်ထဲ ရောက်ရောက်လာတယ်။ ဒီနှစ်ခုကို ဘယ်လိုဆက်စပ်မိနေတာလဲဆိုတာ မစဉ်းစားတတ်တော့ပေမယ့် ကမ္ဘာကုန်ကျယ်သရွေ့ဆိုတာနဲ့ ယသော်ဓယာ့အလွမ်းစာအုပ်ကို ဖတ်တုန်းက ခံစားချက်လေးတွေက ရင်ထဲကို ရောက်ရောက်လာတာ
.
ငယ်ကချစ်တော့ အနှစ်တစ်ရာ မမေ့သာ
ငယ်ကချစ်တော့ အနှစ်တစ်ထောင် မမေ့ပေါင်
ငယ်ကချစ်တော့ အနှစ်တစ်သောင်း မမေ့ကောင်း
ငယ်ကချစ်တော့ အနှစ်တစ်သိန်း မမေ့ကိန်း
ငယ်ကချစ်တော့ အနှစ်တစ်သန်း မမေ့တမ်း
ငယ်ကချစ်တော့ အနှစ်ကုဋေ မမေ့ပေ . . . တဲ့
ယသော်ဓရာ့အလွမ်း စာအုပ်ထဲမှာ စာရေးဆရာ ချစ်စံဝင်းက သူ့အဖေဆုံးသွားတဲ့အချိန်မှာ သူ့အမေက သွားလေသူကို လွမ်းပြီး မနေတတ်မထိုင်တတ် ဖြစ်နေတာကို ယသော်ဓရာရဲ့ ခံစားချက်နဲ့ ထပ်တူပြု ရေးဖွဲ့ထားတယ်လို့ မှတ်မိနေတယ်
.
. . . အဲသည်စာအုပ်ကို ဖတ်တဲ့အချိန်တုန်းက အဖေ ဆုံးကာစ၊ သားတွေသမီးတွေ တော်တော်များများကလည်း ရေကြည်ရာမြက်နုရာ ထွက်သွားကြလို့ အမေ့နားမှာ လူနည်းနေချိန်၊ ကိုယ့်မှာ ယသော်ဓရာ့အလွမ်းကို ဖတ်တော့ အမေ့ကို မြင်ယောင်မိပြီး ငိုလိုက်ရတာ၊ အဖေသေတုန်းက ကိုယ်က အနားမှာ မရှိဘဲ အဖေသေတာကိုလည်း အိမ်မပြန်လိုက်ရတော့ ကိုယ့်ဘဝမှာ အဖေသေတယ်ဆိုတာ နဖူးတွေ့ဒူးတွေ့ မတွေ့ဖူးဘဲ လူပြောသူပြောနဲ့ပဲ သိခဲ့ရတာမို့ အဖေသေတာကို ဝမ်းနည်းစရာလို့ မအောက်မေ့ခဲ့တဲ့သူ၊ ယသော်ဓယာ့အလွမ်း စာအုပ်ကို ဖတ်မှ သေသွားတဲ့ အဖေကို လွမ်းလို့ မဟုတ်ဘဲ ကျန်ခဲ့တဲ့ အမေ့ကို သနားလို့ ငိုလိုက်ရတာဆိုတာ
.
. . . အော် သမုဒယသစ္စာ အရင်းတည်တော့ ဒုက္ခသစ္စာကြွင်းလေသည်ဆိုလား ဟောသည် လောကကြီးထဲမှာ တစ်ချို့ အစွဲအလမ်းတွေကလည်း ကမ္ဘာကုန်ကျယ်သရွေ့အထိများ ကိုယ့်အနားကပ်ပါးနေအုံးမလား စဉ်းစားမိရင်း
.
မောင်လွမ်းဝေ
၂၈ ဖေဖော်ဝါရီ ၂၀၂၃

Saturday, 29 January 2022

အဖေကျေနပ်နေမှာပါ



. . . မင်း ခွင့်ပြန်နေတာ မဟုတ်ဘူးလား လို့ သူငယ်ချင်းက မေးလိုက်တော့ စိတ်ထဲမှာ ဇဝေဇဝါဖြစ်သွားတယ်၊ မင်းတို့တပ်ရင်းက ခွင့်တစ်ယောက်ဆိုတာ မင်းထင်လို့တဲ့၊ ငါက ဘာကိစ္စ ခွင့်ပြန်ရမှာတုန်း တို့တပ်ခွဲက ဆန်းထွန်းဝင်း သူ့အဖေဆုံးလို့ ခွင့်ပြန်တာပါဟလို့ပြန်ဖြေတော့ သူငယ်ချင်းက ဇဝေဇဝါနဲ့ ထပ်မေးတယ်၊ အိမ်က လူကြီးတွေ နေကောင်းကြရဲ့လားတဲ့၊ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အဖေနေသိပ်မကောင်းဘူး ပြောတာပဲ အခုနောက်ဆုံးလာတဲ့ စာထဲမှာတော့ အဖေနေကောင်းသွားပြီလို့ ပြောတယ်ဆိုတော့ သူက မလျှော့သေးဘူး မင်း သေသေချာချာမေးကြည့်အုံးနော်တဲ့ ငါတို့ကြားတာက တစ်မျိုးတဲ့
.
. . . ဒီလိုနဲ့ပဲ အဖေဆုံးတဲ့အကြောင်း တစ်နယ်တည်းသားတွေကြားမှာ ဖုံးထားတဲ့ သတင်းကို မထင်မှတ်ဘဲ သိလိုက်ရတဲ့အခါ ကိုယ်ကတော့ ဘာမှ မဖြစ်ပေမယ့် အိမ်က ကျန်ခဲ့တဲ့အစ်မတွေရယ် အထူးသဖြင့် ညီမလေးရယ်ကို စိတ်ပူသွားတယ်၊ အဖေ တကယ်ဆုံးသွားတာအမှန်သာဆိုရင် ကျန်တဲ့သူတွေက လူကြီးတွေ ဖြစ်နေကြပြီမို့ ကိစ္စမရှိပေမယ့် ညီမလေးက ငယ်သေးတယ် ညီမလေး ခံနိုင်ရည် ရှိပါ့မလား၊ အဖေဆုံးသွားတဲ့အချိန်မှာ အဖေ့နေရာကိုရောက်ရမယ့် အစ်ကိုကြီးဖြစ်တဲ့ ကျနော်က ညီမလေးအနားမှာ ခဏဖြစ်ဖြစ်တော့ ရှိနေပေးရရင်ကောင်းမှာပဲ ဆိုတဲ့အတွေးနဲ့ အိမ်ပြန်ချင်စိတ်ပေါက်သွားတယ်
.
. . . အချိန်ကလည်း စာမေးပွဲတွေနီးနေပြီး စာမေးပွဲ ပြီးတာနဲ့ လေ့လာရေးခရီးထွက်ရမှာ၊ အခုချက်ချင်း သတင်းပို့ပြီး ပြန်ဖို့တော့ စိတ်ကူးမရှိပေမယ့် လေ့လာရေးခရီးကာလမှာ ခရီးကို မလိုက်ဘဲ အိမ်ပြန်ရရင်ကောင်းမယ်ဆိုတဲ့အတွေးနဲ့ တစ်နယ်တည်းသား နည်းပြဆရာ ဗိုလ်ကြီးကြည်စိုးကို အကျိုးအကြောင်းပြောပြတိုင်ပင်တော့ သူက သဘောမတူဘူး၊ သေတဲ့သူကလည်း သေပြီ အသုဘလည်း ချပြီးသွားပြီ မင်းပြန်နေလည်း မထူးပါဘူးကွာ ပြန်မနေပါနဲ့ ဆိုတာနဲ့ပဲ နွေရာသီကျောင်းပိတ်ရက်ကျမှ အိမ်ပြန်ရောက်တော့တယ်
.
. . . ကိုယ် ကျောင်းကိုထွက်သွားတုန်းက အဖေက အိမ်နောက်ဘက်က သစ်ပင်တွေကြားထဲမှာ အလုပ်တွေရှုပ်ပြီး ကျန်ခဲ့တာမို့ အိမ်ရောက်ရောက်ချင်း အဖေ့ကိုများ တွေ့လိုတွေ့ငြား အိမ်နောက်ဘက် အပင်တွေကြား သွားရှာကြည့်မိသေးတယ်၊ နောင်နှစ်တေွ တော်တော်ကြာတဲ့အထိ အိမ်ရောက်တိုင်း အပင်တွေကြားထဲ အဖေ့ကို သွားသွားရှာကြည့်နေမိတုန်း
.
. . . ဘာရယ် မဟုတ်ပါဘူး၊ ကိုယ်ချစ်ရတဲ့ ညီငယ်လေးက သူ့အဖေဆုံးသွားတာနဲ့ ဆက်စပ်ပြီး အတွေးထဲ အဖေ့ကို သတိရသွားလို့၊ ကိုယ့်ညီငယ်လေးက ကံကောင်းပါတယ်၊ အဖေကို အနီးကပ်ပြုစုရတယ်၊ စိတ်ချမ်းသာအောင် ထားနိုင်ခဲ့တယ်၊ နောက်ဆုံးအချိန်ထိ တာဝန်ကျေခွင့်ရလိုက်တဲ့ သားလိမ္မာလေးမို့ အခုလတ်တလောတော့ အတူတူနေတဲ့ အဖေ ရုတ်တရက်ကြီးဆိုသလို ဘဝထဲက ထွက်သွားတဲ့အခါ လွမ်းကျန်ရစ်မှာဖြစ်ပေမယ့် အဖေနဲ့ နောက်ဆုံးအချိန်ထိ တာဝန်ကျေကျေ စိတ်ချမ်းချမ်းသာသာ နေနိုင်ခဲ့တာကိုတော့ ဘယ်တော့ပဲ ပြန်တွေးတွေး သူလည်း စိတ်ကျေနပ်မှာဖြစ်သလို သွားလေသူအဖေကလည်း ကျေနပ်သာဓုခေါ်နေမှာပါလေ
.
၂၉ ဇန်နဝါရီ ၂၀၂၂

Friday, 14 January 2022

နှင်း


. . . နှင်းပွင့်တိုင်းပြည်လို့ ခေါ်ကြတဲ့ ဂျပန်ပြည်နယ် အနောက်မြောက်ပိုင်းက အေးချမ်းဆိတ်ငြိမ်တဲ့ နေရာလေးမှာ နှစ်နဲ့ချီပြီး နေခဲ့ရတဲ့ အချိန်လေးတွေက ကိုယ့်ဘဝမှာ အခုလို ဆောင်းကာလရောက်တိုင်း အမြဲ သတိရလွမ်းစရာနေရာလေး ဖြစ်နေတော့မှာပဲ ထင်ပါရဲ့ ၊ သေသောသူ ကြာရင်မေ့တို့ ပျောက်သောသူ ရှာရင်တွေ့ ဆိုတဲ့ မြန်မာဆိုရိုးစကားတွေ ရှိနေပေမယ့် ကိုယ်နေခဲ့တဲ့ နေရာတစ်ခုကို လွမ်းဆွတ်တဲ့ သဘောကတော့ နောင်နှစ်တွေကြာလို့ မှတ်ဉာဏ်ထဲမှာ တဖြည်းဖြည်း မှုန်ဝါးပြီး ပျောက်ကွယ်သွားမလား မဆိုနိုင်ပေမယ့် အခုထိတော့ ဆောင်းညတွေရောက်တိုင်း တမျှော်ခေါ် မြင်မဆုံးတဲ့ နှင်းပွင့်တိုင်းပြည်ရဲ့ မြင်ကွင်းတွေကို စိတ်မျက်စိထဲ မြင်ယောင်မိနေတုန်းပဲ
.
. . . နှင်းဆိုတာ မမြင်ဖူးတဲ့အရပ်က လူမို့ နှင်းဖတ်လေးတွေ မိုးပေါ်ကကြဲချနေတာကို လက်နဲ့ခံရင်း သဘာဝတရားကြီးရဲ့ ဆန်းကြယ်မှုတွေကို အံ့ဩတကြီးရှိနေခဲ့ရင်း အနေကြာလာရင်တော့ ဒီလိုနှင်းပွင့်တွေကို ရိုးအီသွားမှာပါလို့ ထင်ခဲ့ပေမယ့် နှစ်တွေကြာခဲ့တာတောင် နှင်းတွေကျတိုင်း ရင်ခုန်နေတုန်း၊ ကဗျာဆရာ ဝီလျံဝါ့စ်ဝါ့သ်ရဲ့ သက်တန့်ကြီးမြင်တဲ့ ကလေးလေးရင်ခုန်သလို နှင်းတွေကျတိုင်း ရင်ခုန်ပျော်ရွှင်ခဲ့ရတုန်း၊ နှင်းကျတာကို ပြတင်းပေါက်ကငေးကြည့်ရတာကို အမြဲတမ်း သဘောကျခဲ့သလို နှင်းကျမယ့် ညတွေတိုင်းလည်း စောင့်ပြီး မျှော်ခဲ့ရတုန်း
.
. . . ဒီနှင်းတွေနဲ့အတူပဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေခဲ့ရသလို စိတ်ပျက်ဝမ်းနည်းစရာနေ့ရက်တွေိကိုလည်း ကျော်ဖြတ်ခဲ့ရ၊ အောင်မြင်မှုတွေရော ရှုံးနိမ့်မှုတွေရောဟာ ဒီနှင်းတွေနဲ့အတူ ဘဝထဲမှာ စုပုံခဲ့ရ၊ ချစ်ခင်မှုတွေနဲ့ အမုန်းတရားတွေလည်း နှင်းတွေထဲမှာ သက်သေတည်ခဲ့ရ
.
. . . စာရေးဆရာ ဂျက်လန်ဒန်ရဲ့ To Build a Fire ဝတ္ထုထဲက နှင်းတောထဲ လမ်းပျောက်ခဲ့တဲ့ လူတစ်ယောက်ရဲ့ ခံစားချက်ကို မှန်းဆချင်လို့ နှင်းတွေ သည်းသည်းကျနေချိန် နှင်းတောထဲ လျှောက်သွားခဲ့ဖူးသလို၊ နှင်းတွေသည်းနေချိန် ကိုယ့်အတွက်ခက်ခဲတဲ့ စကီလမ်းကိုလည်း အရဲစွန့်ပြီး စီးဖူးခဲ့၊ နှင်းရုပ်တုတေွ အများကြီးလုပ်ထားတဲ့ နှင်းပွဲတော်မှာ ဆာကေးနွေးနွေးကို မီးဖိုနဲ့ကင်ထားတဲ့ ငါးကင်နဲ့ အရသာတွေ့ခဲ့ဖူးသလို ခြေထောက်တွေ ထုံကျင်မတတ် အေးခဲနေတာမို့ မီးဖိုဘေးထိုင်ပြီးလည်း မီးလှုံခဲ့ဖူး၊ ကိုယ်လုံးတီးရိုးရာပွဲမှာ ကောက်ရိုးဖိနပ်စီး နံငယ်ပိုင်းလေးပတ်ပြီး နတ်ဘုရားရုပ်တုရှေ့က ရေကန်ထဲခုန်ဆင်းပြီး ဆုတောင်းခဲ့ဖူးသလို အအေးဒဏ်သက်သာဖို့အတွက် နတ်ပူဇော်ထားတဲ့ ဖယောင်းတိုင်က ဖယောင်းရေတွင် လက်နဲ့ခပ်ပြီး ကိုယ်ပေါ်ကို ဖယောင်းရည်တွေနဲ့ သုတ်ခဲ့ဖူး
.
. . . ဒီနှင်းတွေကျတဲ့ ရာသီမှာပဲ ချစ်ကြသူတွေအတွက် အောင်သွယ်လုပ်ပေးခဲ့ဖူးသလို အသည်းကွဲသူတွေကိုလည်း နှစ်သိမ့်ပေးခဲ့ဖူး၊ ဒီလိုနဲ့ပဲ နှင်းတွေကျတာကို အကြိမ်ကြိမ်ကြုံကြိုက်ရင်း
.
. . . တစ်နေ့နေ့တော့ ဒီနှင်းတွေလည်း ကျနော့်မှတ်ဉာဏ်ထဲက တဖြည်းဖြည်း ဝေဝါးပျောက်ကွယ်သွားကြအုံးမှာ ထင်ပါရဲ့လေ
.
မောင်လွမ်းဝေ
၁၄ ဇန်နဝါရီ ၂၀၂၂
.
the pic was taken on 9 January 2019

Thursday, 14 October 2021

အချစ်တွေနဲ့ လွမ်းနေတယ်

. . . သစ်ရွက်ဝါလေးတစ်ရွက် အပင်ပေါ်က ဖြုတ်ကနဲကြွေကျသွားတာ မြင်ရင်တောင် ရင်ဘတ်ကြီးနဲ့ နင့်နင့်နဲနဲ ခံစားတတ်တဲ့ ကိုယ့်နှလုံးသားက ဒီရက်ပိုင်းမှာ ဘာတွေကြောင့်များ ထုံပေပေ ဖြစ်နေပါလိမ့်လို့ စဉ်းစားမရဘူး၊ ပြန်မဖတ်ဖြစ်တာကြာပြီဖြစ်တဲ့ အရင့်အရင် နှစ်တွေနဲ့ချီပြီး ရေးထားခဲ့တဲ့ ကိုယ့်ရဲ့ အလွမ်းစာတွေဖတ်တော့လည်း အရင်တုန်းက အလွမ်းသမားလေးဟာ ကိုယ်မှ ဟုတ်ခဲ့ရဲ့လားလို့တောင် ထင်ယောင်မှားမိတယ်၊ အလုပ်တွေကြောင့်များလားလို့ ယိုးမယ်ဖွဲ့ရအောင်ကလည်း အခုလက်ရှိ လုပ်နေသမျှတွေရဲ့ ထက်ဝက်ကျော်လောက်က ကိုယ်တိုင်ကို စိတ်ပါပြီး လျှောက်လုပ်နေတာတွေ၊ သမားစဉ်အလုပ်လောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်ဆိုရလောက်အောင် အလုပ်အနေပါးတဲ့သူ၊ ဒါဆို ဘာကြောင့်များ အရင်လူ… See More

Thursday, 3 December 2020

နှလုံးသားချင်း နီးတဲ့သူတွေ

ရင်ထဲက ခံစားချက်တို့ အတွေးတို့ အမြင်တို့ စိတ်ကူးတို့ သဘောထားတို့ကို ဖော်ထုတ်စရာက စာရေးတာပဲ အမြန်ဆုံးနဲ့ အရိုးရှင်းဆုံး အတိကျဆုံး ဖြစ်တာမို့ ရေးချလိုက်ချင်ပေမယ့် အကန့်အသတ်တွေက အများကြီးမို့ မရေးချဖြစ်ခဲ့တာတွေလည်း အများကြီးပေါ့၊ အရင်တုန်းကတော့ စာအုပ်ထဲမှာချရေးပြီး သိမ်းထား ဘယ်သူမှလည်း သိစရာမရှိ တမင်တကူးတက လိုက်ရှာဖတ်မယ်ဆိုတောင် လက်တစ်ဆုပ်စာလောက်ပဲ သိစရာရှိ
အခုကျ
စာရွက်နဲ့ ဘောပင်နဲ့ စာရေးတဲ့အကျင့်ကလည်း ပျောက်သလောက်ဖြစ်နေပြီမို့ နောက်ပြီး ရေးထားတဲ့ စာတွေကိုလည်း ဒီဂျစ်တယ်နည်းနဲ့ သိမ်းဆည်း ပြန်ရှာရတာကိုပဲ လက်တွေ့နေပြီမို့
အာ့တာတွေ ရေးချဖို့
တိတ်ဆိတ်ငြိမ်းချမ်းပြီး လုံခြုံတဲ့ ဝန်းကျင်လေးတစ်ခု ကိုယ်ဘာသာ ဖန်တီးထားလိုက်ပြီ
အပြင်မှာရေးချဖို့ စိတ်မလုံခြုံတဲ့စာတွေကို အဲသည်မှာရေးမယ်
နှလုံးသားချင်း တစ်အားနီးတယ်လို့ ခံစားရသူတစ်ချို့ကိုတော့ လာလည်ချင်တယ်ဆို ဖိတ်ခေါ်ပေးမယ်လို့ စိတ်ကူးထားတယ်

Monday, 30 November 2020

Be Savage Again


.
. . . ကိုယ်တွေ တတိယနှစ်ရောက်တော့ မန်းလေးတက္ကသိုလ်က ပြောင်းလာတဲ့ ဆရာမ ဒေါ်အေးဝင်းက ကဗျာသင်တယ်၊ အီးမေဂျာရဲ့ ပထမဆုံး ကျောင်းသားတွေဖြစ်တာကြောင့်မို့ ကဗျာသင်ရိုးမှာ ဘယ်ကဗျာတွေ သင်ရမလဲ ဆိုတာ သတ်မှတ်ပြဌာန်းထားပုံမရဘူး၊ ဆရာမကလည်း အသစ်ဆိုတော့ ကောင်းနိးရာရာ စိတ်ကြိုက်ရွေးသင်ပေးပုံပေါ်တယ်၊ ဆရာမ သင်ပေးခဲ့တဲ့ ကဗျာထဲမှာ စိတ်ထဲ အခုထိ စွဲပြီး မှတ်မိနေတဲ့ ကဗျာ နှစ်ပုဒ်ရှိတယ်၊ တစ်ပုဒ်က The Highwayman ဆိုတဲ့ အချစ်ကဗျာ၊ ဇာတ်ကြောင်းပုံစံနဲ့ ရေးထားပြီး ကြေကွဲစရာနဲ့ အဆုံးသတ်သွားတဲ့ အချစ်ကဗျာရှည်၊ နောက်တစ်ပုဒ်က အားငယ်နေတဲ့သူကို အားပေးတဲ့ ရဲဆေးတင်ပေးတဲ့ ကဗျာလေး၊ အခုပြောမှာက ဒုတိယတစ်ပုဒ်၊ ဟိုအချစ်ကဗျာအကြောင်းကတော့ နောင်အခါ စိတ်ကူးပေါက်ရင် ပြောပြမယ်
.
. . . လူ ဆိုတဲ့အမျိုးက ဘဝမှာ တစ်ကွေ့မဟုတ် တစ်ကွေ့ အားငယ်စရာ စိုးရွံ့စရာ စိတ်ပျက်စရာတွေနဲ့ ကြုံရတတ်တယ်၊ အာ့လို ကြုံရပြီဆို အသာလေး အမြီးကုပ်ပြီးနေမလား၊ ရင်ကော့ခေါင်းမော့ပြီး ထွက်ရင်ဆိုင်မလား၊ အခုပြောမယ့် ကဗျာကတော့ စိုးရွံ့စရာ ကြောက်စရာ ထိတ်စရာတွေ ကြုံရတဲ့အခါ ငြိမ်ပြီးကုပ်ပြီး ကြောက်မနေဘဲ ရင်ကော့ခေါင်းမော့ ရဲရဲကြီး ထွက်ရင်ဆိုင်လိုက်ဖို့ အားပေးတယ်
.
. . . ကဗျာ ခေါင်းစဉ်က “မင်း ကြောက်နေတာလား” Do You Fear the Force of the Wind တဲ့၊ ခေတ်စကားနဲ့ ပြောရရင်တော့ သားကြီး မင်း ဇ မရှိဘူးလားဟျောင့် ပေါ့၊ ကဗျာရဲ့ အပေါ်ဆုံး နှစ်ကြောင်းက လေတွေထန်၊ မိုးတွေသည်း၊ မိုးထဲရေထဲမှာ ဆိုပေမယ့် ကဗျာကို ဆက်ဖတ်ကြည့်တဲ့အခါ မိုးထဲရေထဲ ရောက်နေတဲ့ လူတစ်ယောက် ဆိုတာထက် အဆိုးလောကဓံတွေ ကြုံနေရလို့ စိတ်ပျက်အားလျော့နေတဲ့ လူတစ်ယောက်ကို ရည်စူးရေးထားတဲ့ ကဗျာဆိုတာ ဆက်ဖတ်ကြည့်မှ သိရတယ်
.
. . . တတိယအကြောင်းက စပြီး အားပေးတဲ့ တစ်နည်းအားဖြင့် ရင်းနှီးချစ်ခင်ကြသူချင်း နှလုံးသားချင်း နီးကြသူချင်း အားပေးတဲ့ စကားသံတွေကို စပြီး ကြားရတယ်၊ ဟျောင့် သားရီး မင်း ဇ မရှိဘူးလား၊ ဒါလောက်လေးကို ဘာဖြစ်နေတာလဲ မင်း ငြိမ်ကုပ်မနေနဲ့ ဟျောင့် လုပ်စရာရှိတာ လုပ်ပစ်လိုက်စမ်း ဆိုတဲ့ လေသံမျိုးတွေ တွေ့ရတယ်
.
. . . နှစ်ပိုဒ်ပဲ ရှိတဲ့ ကဗျာထဲ ဒုတိယပိုဒ်မှာတော့ ပိုပြီးကြမ်းလာတယ်၊ ဆာလောင်မွတ်သိပ်နေတဲ့ မြေခွေးလို ဝံပုလွေလို မင်းကြမ်းပစ်လိုက်စမ်း၊ အစာရှာနေတဲ့ ကြိုးကြာငှက်လို လျှောက်သွားနေစမ်း၊ မင်းလက်ဖဝါးတွေ ကြမ်းတမ်းပါစေ လုပ်စရာရှိတာ လုပ်ပစ်လိုက်စမ်း၊ မင်း အသားတွေ နေလောင်ပြီး ညိုညစ်နေပါစေ နေပူပူကို ခံပစ်လိုက်စမ်း၊ မင်းကိုယ်မင်း ညှာတာ မနေနဲ့ ကြမ်းစရာရှိတာ ကြမ်းပစ်လိုက်စမ်း ဆိုပြီး ချစ်တဲ့ သူငယ်ချင်း ရဲဘော်ရဲဘက်ကို အားပေးသလိုမျိုး၊ မင်းယောက်ျားမဟုတ်ဘူးလား မင်း အရင်က ဒီလို မဟုတ်ပါဘူး ဆိုတဲ့ လေသံမျိုးတွေကို ကဗျာထဲမှာ ဆက်ပြောထားပါတယ်
.
တော်ပြီ ဒီလောက်ပဲ၊ သေချာ ခံစားချင်ရင် မူရင်းကဗျာကို ကွကိုယ် ဆက်သာဖတ်ပေရော့
.
Photo : လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တိတိ သက္ကရာဇ် ၂၀၀၀ တုန်းက ကိုယ့်လက်ရေးနဲ့ကိုယ့်အချစ်ဆုံး သူငယ်ချင်းဆွဲပေးထားတဲ့ပုံ
.
ဗိုလ်ကောင်း
၃၀ နိုဝင်ဘာ ၂၀၂၀

Wednesday, 4 November 2020

မချစ်တတ် မမုန်းတတ်တဲ့သူ

ဆရာတော် အရှင်ဆန္ဒာဓိကရဲ့
မချစ်တတ်မမုန်းတတ်တဲ့သူ ဆိုတဲ့စာအုပ်ကို ဖတ်ရတုန်းက ကိုယ့်အသက်က နှစ်ဆယ်ကျော်အစိတ်ပိုင်း အရွယ်တော် တစ်စိတ်ဟိုင်းနေပေမယ့် ကိုယ့်မှာ လူပျိုပေါက်လေးလို အသည်းတွေ ကွဲလို့ကောင်းနေတုန်း၊ ရန်ကုန်တက္ကသိုလ်ကနေ ကျောင်းပြီးခါစ တောထဲမှာ တာဝန်ကျတော့ အထွေအထူးလည်း လုပ်စရာမရှိချိန်မို့ စာအုပ်တွေမှာဖတ်ပြီး တစိမ့်စိမ့်စဉ်းစားသုံးသပ်ချိန် ရတဲ့အခိုက်အတန့်ပဲ
.
.. . ဆရာတော်ရဲ့ စာတွေဖတ်ပြီး သံယောဇဉ်တွေ အနှောင်အဖွဲ့တွေရဲ့ ပူလောင်မှုနဲ့ မေတ္တာရဲ့ ငြိမ်းအေးမှုကို ခွဲခွဲခြားခြား ခံစားနားလည်တတ်လာခဲ့တာမို့ ဆရာတော်ဘုရားရဲ့ ကျေးဇူးကြီးမားပါတယ်
.
.. . ကိုယ့်စိတ်ရဲ့အခြေအနေကို စောင့်ကြည့်တဲ့အလေ့အကျင့်လည်း ချမ်းမြေ့ရိပ်သာမှာ ရလာခဲ့ပြီမို့ ကိုယ်ချစ်တဲ့သူတွေအပေါ် ကိုယ့်ရဲ့ ယိုင်ညွတ်မှုအခြေအနေကို အေးအေးချမ်းချမ်း စဉ်းစားသုံးသပ်ဖြစ်ခဲ့တယ်
.
.. . ပုထုဇဉ်ပီပီ သံယောဇဉ်အနှောင်အဖွဲ့နဲ့ တွယ်တာစွဲလန်းမှုတွေကို မပယ်သတ်နိုင်တာပေမယ့် ရှင်းရှင်းလင်းလင်းတော့ မြင်အောင်ကြည့်တတ်ပြီမို့ ဘယ်လောက်ပဲချစ်ချစ် ဘဝဆက်တိုင်းတို့ဘာတို့ဆိုတာမျိုး မတောင်းအပ်တဲ့ဆုကို ဘယ်တော့မှ မတောင်းဖြစ်ခဲ့တော့ဘူး၊ တစ်ဘဝစာရဲ့ နှစ်အပိုင်းအခြားလောက်လေး ချစ်ရတာတောင်မှ ဘယ့်ကလောက်ပူလောင်ပင်ပန်းရသလဲဆိုတာ သံယောဇဉ်ဝဋ်ကြွေးကြီးပုံရတဲ့ ကိုယ်တွေလိုလူမျိုးတွေသာ အပ်ချမတ်ချသိန်ုင်တာမျိုးမို့
.
.. . ကိုယ်ချစ်ခင်မြတ်နိုးစွဲလန်းမိသူတွေ ကိုယ့်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်ကြစေဖို့ ၊ ကိုယ့်ကိုအကြောင်းပြုပြီး ကုသိုလ်တရားသာ ပွားများနိုင်စေဖို့၊ ကိုယ့်ကိုချစ်ကြသူတွေအပေါ် တုန့်လှယ်မေတ္တာ များများကြီးထားနိုင်ဖို့ နဲ့ ကိုယ်ကချစ်ပါလျက် ကိုယ့်ကိုစိမ်းကားသူတွေအပေါ် လျစ်လျူရှုခြင်းဖြင့် ကိုယ့်ရဲ့ချမ်းသာကိုမွေးမြူဖို့ ကြိုးစားလေ့ကျင့်ဖြစ်ခဲ့တယ်
.
.. . နောက်ဆုံးတစ်ခုကလွဲရင် ကျန်တာတွေတော့ တော်တော်အလုပ်ဖြစ်နေတုန်း ထင်ပါရဲ့

Tuesday, 29 September 2020

ရထား

ကိုယ်စီးမယ့်ရထားက
ပြေးလိုက်လို့မမီတဲ့အကွာက
တရွေ့ရွေ့မောင်းသွားတာမျိုး
ရထားပေါ်မှာ
ကိုယ်အချစ်ဆုံးသူ
ပါသွားတာမျိုး

Friday, 25 September 2020

နေရာချ

သစ်ရွက်ဝါလေးတွေစီထားသလို
အချစ်ကို
နေရာချလို့
ရသလား

Thursday, 16 July 2020

အမှောင်ထဲမှာ


 အမှောင်ထဲမှာပဲနေချင်တယ်
စမ်းတဝါးဝါးလျှောက်ရင်း
တစ်ချိန်ချိန်တော့ရောက်မှာပဲဆိုတဲ့
မျှော်လင့်ချက်ကိုမီးအိမ်လုပ်ပြီး
ယုံကြည်တဲ့ခြေလှမ်းတွေနဲ့
မမြင်မစမ်းလို့ပဲဆိုစေအုံးတော့
ပျော်ပျော်ရွှင်ရွှင်နဲ့
လျှောက်နေချင်တယ်


ဘွားကနဲပေါ်လာတဲ့အလင်းရောင်
ခဏတာမျက်စိကျိန်းပြီး
ပြန်ဖွင့်ကြည့်လို့
ဘေးဘီဝဲယာကြည့်ခါမှ
လမ်းမှားရောက်နေတာသိရသလိုမျိုးတော့
အလင်းလာမပြကြပါနဲ့


အမှောင်ထဲမှာပဲ
ပျော်ပျော်ရွှင်ရွှင်
ဆက်လျှောက်နေပါရစေ


ထပ်ပြောပါမယ်


ချောက်ထဲကျခါမှကျရော
အမှောင်ထဲမှာပဲ
ပျော်ပျော်ရွှင်ရွှင်ဆက်လျှောက်နေပါရစေ


လမ်းအပျောက်မှာ
ဆက်လျှောက်သူ

Monday, 17 February 2020

ကျနော်အဆင်ပြေပါတယ်


ကျနော်အဆင်ပြေပါတယ်

ကျနော်ဘယ်သူ့ကိုမှလွမ်းမနေပါဘူး
အသည်းကွဲတယ်တွေဘာတွေဆိုတာ
ဟာသလျှောက်လုပ်နေတာပါ

တစ်ယောက်တည်းလည်း
နေသားကျနေပြီမို့
ကျနော်အဆင်ပြေပါတယ်

သောက်ဖက်လုပ်မခံရတာတွေ
သောက်ရေးမပါဆက်ဆံခံရတာတွေလည္း
အခုတော့ အရေထူပြီး
ကျနော်အဆင်ပြေနေပါပြီ

ဒီရှေ့ဆို
ပိုပြီးအဆင်ပြေသွားမှာပါ

ဖုန်းတွေလည်းမဆက်တော့ဘူး
မက်ဆေ့တွေလည်းမပို့တော့ဘူး
မီးစိမ်းလေးထိုင်ကြည့်ပြီး
ပြန်လာနိုး စာတွေလည်းမမျှော်တော့ဘူး

မနက်လင်းရင် အိပ်ယာထမယ်
ကိုယ်လက်သန့်စင် ဘုရားရှိခိုးပြီး
ညကချက်ထားတဲ့ထမင်းလေးချိုင့်ထဲထည့်
အလုပ်သွားမယ်
ညနေအလုပ်ကစောစောပြန်ပြီး
အားကစားလုပ်မယ်
အာမီရမ်သောက်ရင်းရုပ်ရှင်ကြည့်မယ်
အိပ်ချင်တဲ့အချိန်အိပ်လိုက်မယ်
အိပ်မပျော်တဲ့အခါလည်း
ကဗျာတွေဖတ်မယ်
ရေးချင်ရာတွေလျှောက်ရေးမယ်

မူးမူးနဲ့အိပ်ပျော်သွားတော့
အလွမ်းရသက်သာတာပေါ့

ကျနော်အဆင်ပြေပါတယ်
တကယ်ပြောတာပါ

Monday, 10 February 2020

လက္ခဏမင်းသားက

လက္ခဏမင်းသားက
သီတာဒေဝီကိုချစ်ခဲ့လားတော့မသိပေမယ့်
ရာမမင်းနဲ့ သီတာဒေဝီရဲ့နောက်မှာ
ဘယ်လိုနှလုံးသားမျိုးနဲ့
လိုက်နေနေခဲ့လဲဆိုတာ
စိတ်ဝင်စားစရာပဲ