Monday 10 July 2023

လက်ရည်တပြင်တည်း

. . . ထိုင်ခုံတွေ အရေးကြီးတဲ့အကြောင်းကိုတော့ လူတိုင်းပြောပြီးသားကြီးမို့ ထပ်မပြောတော့ပါဘူး၊ ထိုင်ခုံအရေးကြီးတယ်ဆိုတာ ကိုယ်လည်း သဘောပေါက်တာမို့ အခန်းထဲမှာဆို ထိုင်ခုံတေွ များကြီး ဝယ်ထားတာ
.
. . . ကိုယ့်လုပ်ငန်းခွင်ကို ရောက်ခါစက အခန်းထဲမှာ ကိုယ်တွေထိုင်ဖို့ထိုင်ခုံတွေပဲ ရှိပြီး ကိုယ့်အဖွဲ့သားတွေ လာကြတဲ့အခါ သူတို့ခမျာ မတ်တပ်ရပ်ပြီး ကိုယ်တွေစကားကို နားထောင်ရတယ်၊ ပြောတဲ့သူက ထိုင်ပြောပြီး နားထောင်တဲ့သူက မတ်တပ်ရပ်နားထောင်ရတယ်ဆိုတာ တစ်ချို့သော အခြေအနေတွေမှာ လိုအပ်ချက်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကိုယ့်လုပ်ငန်းခွင်မှာ အာ့လိုဖြစ်နေတာက အဆင်ပြေတယ်လို့ မထင်ဘူး
.
 . . ကိုယ့်လုပ်ငန်းခွင်ရဲ့ သဘောသဘာဝကိုက သိုးဆောင်းစကားနဲ့ဆို Think Tank ၊ ကိုယ်ငယ်ငယ်က သဘောကျခဲ့တဲ့ စာရေးဆရာဖေမြင့်စကားနဲ့ဆို “ဉာဏ်ကြီးရှင်အဖွဲ့” ဆန်တဲ့ လုပ်ငန်းခွင်မျိုးမို့လို့ ကိုယ်တို့ လုပ်ငန်းခွင်မှာ အထက်အောက် အဆင့်ဆင့် တာဝန်ယူတာဝန်ခံ လုပ်ရတယ်ဆိုတဲ့ သဘောမျိုး အထိုက်အလျောက် ရှိနေပေမယ့် တကယ့်အနှစ်သာရကတော့ ဉာဏ်ပညာတွေ တိုးပွားအောင်၊ ထက်မြက်အောင်၊ ဖတ်ရ မှတ်ရ ရေးသားရ တိုင်ပင်ရ ဆွေးနွေးရတဲ့ လုပ်ငန်းသဘောဆောင်နေတာကိုး
.
. . . လုပ်ဖော်ကိုင်ဖက်တွေအားလုံးရဲ့ အသိဉာဏ်ပညာနဲ့ အပ်စပ်တဲ့ ဗဟုသုတ ရှာမှီးမှုတွေဟာ တစ်ဦးတစ်ယောက်ချင်းစီ အရေးကြီးတဲ့အပြင် ရှိရင်းစွဲဝမ်းစာပညာအပေါ်မှာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ၊ အဲသည် အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး စိုက်လိုက်မတ်တပ် လေ့လာသုံးသပ်သူတွေရဲ့ သဘောအယူ နဲ့ အထင်အမြင် အမျိုးမျိုးတွေကို လိုက်လံဖတ်ရှုနေရတဲ့သူတွေ ဖြစ်တာမို့ အင်တာနက်ခေတ်ကြီးမှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ ကိုယ်မသိသေးတဲ့ သဘောတရားအတွေးအခေါ်တွေကို အနည်းဆုံး တစ်ရက်တစ်မနက်ဖြစ်ဖြစ် ဖတ်ရှုပြီးသားဆိုရင် သူ့ဆီက ပြန်ပြီးသင်ယူဖို့ ကိုယ့်စိတ်နဲ့ခန္ဓာကို အသင့်ပြင်ထားနိုင်မှ တော်ကာကျတဲ့ လုပ်ငန်းခွင်မျိုးမို့
.
. . . ဘယ့်နှယ် ဗိုလ်ကောင်းရ ၊ တို့ကြားဖူးတာတော့ စိတ်ကိုဖွင့်ထားဖို့ပဲ ကြားဖူးတာပါ၊ ဘယ့်နှယ့် “စိတ်နဲ့ခန္ဓာကို အသင့်ပြင်ထားနိုင်မှ” ဆိုတာကြီးက ဘာလဲဆိုရင် အခုပြောမှာ အဲသည်အကြောင်းအရာပါပဲခင်ဗျာ
.
. . . အထက်မှာ တင်ပြခဲ့သလို ကိုယ့်ထက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ အတွေ့အကြုံနည်းသည်ဖြစ်စေ များသည်ဖြစ်စေ၊ သတင်းအချက်အလက်နဲ့အတွေးအခေါ်တွေက အပေါ်အောက်စီးဆင်းနေတာမျိုး မဟုတ်ဘဲ ရေစီးကြောင်းတွေ မျဉ်းပြိုင်စီးဆင်းနေတဲ့ ဒီနေ့ခေတ်ကြီးမှာ ကိုယ်တိုင်လေ့လာသင်ယူနေမှုကို ကိုယ့်ရဲ့ အဖွဲ့သားတွေဆီကပါ လုပ်ဆောင်နေနိုင်ဖို့ဆိုတာ စိတ်ကို ဖွင့်ထားဖို့ အရေးကြီးတဲ့အပြင် ခန္ဓာကိုယ်ကိုပါ ဖွင့်ထားဖို့ အရေးကြီးပါကောလား
.
. . . ကိုယ်က သူ့ဆီက သင်ယူဖို့ဆိုရင် ကိုယ်က ဆရာကြီးစတိုင်နဲ့ ထိုင်ခုံမှာ မိန့်မိန့်ကြီးထိုင်ပြီး ကိုယ့်ကို သင်ပေးမယ့်သူက ကိုယ့်စားပွဲရှေ့မှာ ရို့ရို့လေး ရပ်နေရရင် သူ့ဆီက သင်ပေးစရာတွေက ဘယ်မှာ အလိုက်သင့်အလျားသင့် ထွက်လာနိုင်မလဲခင်ဗျာ၊ ကိုယ်ကလည်း စိတ်ထဲက ဘယ်လောက်ပဲ ခံယူနိုင်ပါစေအုံးတော့ ဒီလိုပုံစံမျိုးနဲ့ သင်ယူသူကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလား၊ တစ်ခြားသူတွေတော့ မသိပေမယ့် ကိုယ့်အတွက်ကတော့ အာ့လိုမျိုးကြီး အဆင်မပြေပါဘူးခင်ဗျာ
.
. . . ဒါကြောင့် ဒီလုပ်ငန်းခွင်ကို တစ်ကျော့ပြန်ရောက်လာချိန်မှာ ထိုင်ခုံတွေ ထပ်ဖြည့်ပါတယ်။ ဝိုင်းဖွဲ့ဆွေးနွေးတဲ့အခါ ကိုယ်တိုင်အတွက်ရော၊ ကိုယ့်ဆီလာသူတွေပါ သက်တောင့်သက်သာဖြစ်စေမယ့် နေရာထိုင်ခင်းမျိုးအပြင် ဒီအခင်းအကျင်းအပေါ်မှာ ထားရှိတဲ့သဘောထား၊ ကိုယ့်စိတ်ရဲ့ ခံယူချက်နဲ့ နွေးထွေးမှုတွေကို အထင်းသားပေါ်လွင်နေအောင် ကိုယ့်စိတ်နဲ့ခန္ဓာကို ပြင်ဆင်ထားမှသာ ကိုယ်နဲ့ဝိုင်းဖွဲ့ထိုင်နေသူဆီက အတွေးအမြင်ဗဟုသုတ တွေ ကိုယ့်ဆီစီးဆင်းလာနိုင်မယ် မဟုတ်လား
.
. . . လက်ရည်တစ်ပြင်တည်းဆိုတဲ့ စကားနဲ့ သဘောတရားဟာ ထမင်းဝိုင်းဖွဲ့စားတဲ့နေရာမှာတင်မဟုတ်ဘဲ အသိပညာဗဟုသုတဖလှယ်ကြဖို့ များများကြီးကို အရေးတကြီးလိုအပ်တဲ့ ကိုယ်တွေလို လုပ်ငန်းခွင်မှာလည်း အလွန်ကို တန်ဖိုးထားအပ်တဲ့အကြောင်း
.
ဗိုလ်ကောင်း
၁၀ ဇူလိုင် ၂၀၂၃

No comments:

Post a Comment