Saturday 8 August 2015

ရွှေထီးဆောင်း


ဒီနေ့ညလည်း စင်္ကာပူ ဆီးဂိမ်းဖွင့်ပွဲစားသွားလို့ စာကြည့်တိုက်ထဲမှာ ငုတ်တုတ်မေ့သွားတယ်။ ငုတ်တုတ်မေ့တယ်ဆိုတာ သူတို့ ဖွင့်ပွဲကြီးက ရင်သပ်ရှုမောရလို့ မဟုတ်ပါဘူး။ ဘာပဲပြောပြော သင်းတို့လို သမိုင်းမရှိ ရာဇ၀င်မရှိ နှစ်ပေါင်းငါးဆယ်လောက် သက်တမ်းရှိတဲ့ ကျွန်းနိုင်ငံသေးသေးလေးက ဘာတွေများ ထုတ်ဖော်ဂုဏ်ယူပြမလဲ ကြည့်လိုက်စမ်းမဟဲ့ဆိုပြီး စောင့်ကြည့်မိတာကို ပြောတာပါ။

မီးရောင်တွေ ထိန်ထိန်ညီးနေတဲ့ စင်္ကာပူမြို့ပြနိုင်ငံလေးထဲက ခေတ်မီ လေလုံမိုးလုံ အားကစားရုံကြီးထဲမှာ ပိုက်ဆံတွေ ပေါပေါသီသီသုံးပြီး နည်းပညာအကူအညီနဲ့ လှလှပပ တင်ဆက်နိုင်ပါပေရဲ့။ ဘာတွေလာမလဲ ဘာတွေလာမလဲ စောင့်ကြည့်ရင်း ပြီးသာပြီးသွားရော ဟင် ဒါပဲလားလို့ အောက်မေ့မိတယ်။ အနော့်အမြင်ပြောရရင် နာမည်ကြီး ရော့ခ်ဂီတပွဲ သာသာလောက်ပဲ ရှိတယ်လို့ ထင်မိတယ်။

ဒီလိုပြောလို့ စုတ်ပြတ်သတ်နေတယ်လို့လည်း မဆိုသာပါဘူး။ သူတို့ ပြချင်တာလေးတွေကိုတော့ ထိထိမိမိ ပြသွားနိုင်ပါရဲ့။ ကလေးတွေရဲ့ အိပ်မက်တွေကို ပြတဲ့အခန်းကိုတော့ အကြိုက်ဆုံးပါပဲ။ နောက်တစ်ခုက မီးရှူးတိုင်သယ်ပြီး ထွန်းညှိပြတာလည်း သဘောကျတယ်။ မီးရှူးတိုင်ကြီးကတော့ တကယ်ကို သားနားဝင့်ထည်လှပါတယ်။ ဒီမှာ မီးပန်းတွေလွှတ်တာက သိပ်တော့ အဆန်းကြီး မဟုတ်လှပေမယ့် ငွေကုန်ကြေးကျ ခံရကျိုးနပ်ပေတယ် ထင်မိပါတယ်။ ဘာလို့လဲ ဆိုတော့ ရေပြင်ကြီးကို ပတ်ရံထားတဲ့ စင်္ကာပူမြို့ကြီးကနေ မီးပန်းတွေကို လူများများ ပိုကြည့်လို့ ရလို့ဖြစ်ပါတယ်။ မြန်မာပြည်မှာတုန်းကတော့ မီးပန်းတွေ အများကြီး လွှတ်ပေမယ့် အားကစားရုံတည်နေရာ အနေအထားအရ တကယ့်မီးပန်းတွေကို လူတွေ ဒီလောက်အများကြီးက ကြည့်ခွင့်မသာခဲ့ဘူးလေ။

အစီအစဉ်နည်းတယ်ဆိုပေမယ့် တစ်ခုနဲ့တစ်ခု အချိတ်အဆက် ကောင်းတယ်ပြောရမယ်။ ပရိသတ်က နောက်ကကြေညာတာကို နားထောင်ရင်း အမှောင်ထဲမှာ ထိုင်စောင့်နေရတယ်ဆိုတာ သိပ်မရှိဘူး။ အင်္ဂလိပ်ဘာသာစကား တစ်ခုတည်းနဲ့ အစီအစဉ်ကြေညာလို့ ရတာကလည်း အားသာချက်တစ်ခုပေါ့လေ။ တို့ဆီမှာတုန်းကတော့ မြန်မာ အင်္ဂလိပ် နှစ်ဘာသာနဲ့ ပြောနေရတော့ စကားပြောချိန် နည်းနည်း ပိုယူတာပေါ့။

အခမ်းအနားဖွင့်လှစ် မိန့်ခွန်းပြောဖို့ ဖိတ်ခေါ်လိုက်တော့ တီးလုံးတွေတီးပြီး ကွင်းထဲက စင်မြင့်ကို ချီတက်တော်မူနေတာလည်း မရှိဘူးဗျ။ ဖိတ်ခေါ်အပ်ပါတယ်ဆိုတဲ့အချိန် ကွင်းထဲက စင်မြင့်ကို မီးထိုးလိုက်တော့ အဲသည်မှာ ရောက်နေနှင့်ပြီ။ မိန့်ခွန်းကလည်း ခပ်တိုတိုပဲ။ ပြောဟန်ဆိုဟန်ကို ကြိုက်တယ်။ စာရွက်ကြည့်ဖတ်နေတဲ့သဘော မဟုတ်ဘဲ ပရိတ်သတ်ကို အားမာန်ပါပါ ရွှင်ရွှင်လန်းလန်း ပြောပြနေတာ။ အဲဒါတော့ ကြိုက်တယ်။ တို့ဆီမှာတုန်းကတော့ နည်းနည်း ပေရှည်သလိုပဲ။ အင်းလေ နိုင်ငံကလည်း အကြီးကြီးဆိုတော့ စကားပြောတော့လည်း များများပြောဖို့တော့ လိုတာပေါ့နော့။ သူတို့သမ္မတက အခမ်းအနားဖွင့်ပေးတာ တိုတိုလေးရယ်။ "၂၈ ကြိမ်မြောက် ဆီးဂိမ်းပွဲတော်ကို ဖွင့်လှစ်ကြောင်း ကြေညာလိုက်သည်" တဲ့။ တို့ဆီက ပွဲတုန်းက ဒုသမ္မတကြီးပြောတဲ့ ဖွင့်လှစ်စကား အစွန်းထွက်ပဲ ရှိတယ်။

သူတို့ခမျာမှာ သမိုင်းတွေ ရာဇ၀င်တွေချီစရာ မရှိတော့ လီကွမ်ယု အားကစားကွင်း ဖွင့်ပေးခဲ့တဲ့အကြောင်းကို မဟာရာဇ၀င်တော်ကြီးလို လုပ်ပြောနေရရှာတယ်။ ဒီကြားထဲ ၀န်ကြီးချုပ် လီရှန်းလွန်း ကြော်ငြာက ၀င်လိုက်သေးတယ်။ နာမည်ကြီးအားစကားသမားတွေအကြောင်း တင်ဆက်သွားတာလေးကလည်း သင်းပါတယ်။ ကွင်းအလယ်ခေါင်မှာ စင်မြင့်ထားတဲ့ အားသာချက်ကတော့ ဘက်ပေါင်းစုံက အတူတူမြင်ရတယ်။ စင်တစ်ဘက်က ပုပ်မနေဘူးရယ်။ ဒါပေမယ့် တို့လိုသာ ခမ်းခမ်းနားနား တင်ဆက်မယ်ဆိုရင်တော့ ဒီစင်ပုံစံနဲ့ အလုပ်မဖြစ်လောက်ဘူး။

ဒါပေမယ့်ဗျာ

၂၇ ကြိမ်မြောက်တုန်းက မြန်မာ့ဆီးဂိမ်းဖွင့်ပွဲရဲ့ ကြီးကျယ်ခမ်းနားမှုကို နည်းနည်းလေးတောင် မီတယ်လို့ မထင်ဘူး။ ကိုယ့်နိုင်ငံမို့ ကိုယ်ပြောတာ မဟုတ်ဘူးရယ်။ မီးအလင်းအမှောင်ကောင်းကောင်း သုံးတာရယ် ကွင်းကြီးက ပိုကောင်းတာရယ် မီးရှူးတိုင်ကြီး သားနားတာရယ်က လွဲရင် တင်ဆက်မှုတွေကတော့ တစ်ခြားစီပဲဗျ။ ဖွင့်ပွဲမှာပါတဲ့ ကလေးတွေရဲ့ ကြိုးစားအားထုတ်ရတာချင်းလည်း တစ်ခြားစီရယ်။ သူတို့လုပ်သွားတာ ဘာမှ အနှစ်အသားပါတာရယ်လို့ လောက်လောက်လားလားကို မမြင်မိဘူး။
ပြီးခဲ့တဲ့ မြန်မာ့ဆီးဂိမ်းဖွင့်ပွဲတုန်းက ကွင်းထဲမှာ သွားကြည့်ရတာလောက်ကို ရင်ခုန်စရာ မကောင်းတာပါဗျာ။ ဘ၀တစ်သက်တာလုံးမှာ အဲသည် မြန်မာ့ဆီးဂိမ်းဖွင့်ပွဲ ညကလို မြန်မာနိုင်ငံသားဖြစ်တာကို ဂုဏ်ယူခဲ့ရတာမျိုး တစ်ခါမှ မရှိခဲ့ဖူးသေးဘူး။ ရွှေထီးဆောင်းတဲ့အကြောင်းတွေ ပြန်တမ်းတတယ်ပဲ ပြောပြော။ တမ်းတစရာရှိမှ တမ်းတရလို့ ရတာလေ။ ရွှေထီးဆောင်းတဲ့အကြောင်းတွေ ခဏခဏ တမ်းတချင်တယ်ဗျာ။ လုပ်ကြအုံး။

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း


အခြေခံဥပဒေပြင်ဆင်ချက် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဒီနေ့ည တစ်ခုပဲ ရေးပါမယ်။ မနေ့ညက နံပါတ် (၅) ပြီးပြီဆိုတော့ ဒီနေ့ နောက်တစ်ခုပေါ့
နံပါတ် (၆) လွှတ်တော် ကိုယ်စားလှယ်ကို ရွေးကောက်တင်မြှောက်ထားသူတွေက ပြန်လည် ရုပ်သိမ်းခွင့်ပေးထားတဲ့ ပုဒ်မ ၃၉၆ (ခ) ကို ပယ်ဖျက်ပါမယ်တဲ့။ ဘယ်အပိုဒ်ကို ပယ်ဖျက်မှာလဲဆိုတာကို အရင်းအတိုင်း ဖောက်သည်ချပါရစေ။

"၃၉၆(ခ) သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမည်"

အထက်မှာ ရေးပြခဲ့တဲ့အပိုဒ်ကို ပယ်ဖျက်ဖို့ ဥပဒေကြမ်းထဲမှာ ထည့်ရေးထားပေမယ့် အဲသည်လို တိုင်တန်းခံရရင် ဘယ်လို ဆက်လုပ်မယ် ဆိုတာတွေကို ပြဌာန်းထားတဲ့ ပုဒ်မ ၃၉၆(ဂ)၊ (ဃ)၊ (င) တို့ကိုတော့ မူလအတိုင်း ဆက်ထားတာကို တွေ့ရပါတယ်။ အဲသည်တော့ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်ကို ပြည်သူက တာဝန်ပြန်လည် ရုပ်သိမ်းချင်ရင် ဘယ်သူက စပြီး တိုင်ရမယ်ဆိုတာ မပါဘဲ စုံစမ်းစစ်ဆေးဖို့နဲ့ ဆက်လက်ဆောင်ရွက်ဖို့ ပါနေတဲ့ သဘောဖြစ်ပါတယ်။ ဒါပေမယ့် ဒါနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်က ဥပဒေတစ်ခု ပြဌာန်းပေးလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။ ဟိုတစ်လောလေးကတော့ အဲသည်ပြန်ခေါ်ဥပဒေကိစ္စ လွှတ်တော်မှာ ဆွေးနွေးတယ်ဆိုတာ။ ကန့်ကွက်တဲ့သူများလို့ ဆက် မဆွေးနွေးဖြစ်ဘူး ဆိုလား။

အလံ


နိုင်ငံတော်အလံ နိုင်ငံတော်သီချင်းနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရ ပြောပြချင်တာလေးတွေ ရှိတယ်။ ထုံးစံအတိုင်း ငယ်ငယ်တုန်းကနဲ့ပဲ စကြပါစို့ရဲ့။ အင်းသာရွာ မူလတန်းမှာတက်တော့ ဆရာလေး ဦးဝင်းကြိုင်ဆိုတာ ရှိတယ်။ ကျွန်တော်တို့ရဲ့ သင်္ချာဆရာပေါ့။ ပုံပြောတာလည်း အင်မတန်ကောင်းတယ်။ တစ်ပတ်တစ်ရက် ပုံပြောပြတယ်။ ဇာတ်တော်ကြီးဆယ်ဘွဲ့ကိုများ အခန်းဆက် ပြောပြသွားတာ ခုထိ မှတ်မိနေတုန်း။ ဆရာလေးနဲ့ ပတ်သက်ပြီး နောက်ထပ် အမှတ်ထင်ထင်ရှိတာတစ်ခုက နိုင်ငံတော်သီချင်းဆိုတာ။ ကျွန်တော်တို့ ရွာကျောင်းမှာ ကျောင်းတက် ကျောင်းဆင်း တီးတဲ့ စစ်အတွင်းက ဗုံးသီးခွံကို လုပ်ထားတဲ့ သံချောင်းကြီးရှိတယ်။ သုံးပေလောက်တော့ ရှည်မယ်ထင်တယ်။ ကျောင်းတက် သံချောင်းခေါက်။ ကျောင်းဆင်း သံချောင်းခေါက်။ ကျောင်းဆင်းရင် နိုင်ငံတော်သီချင်း ဆိုရတော့ ကျောင်းဆင်းသံချောင်းကို ပထမ တစ်ချက် ခေါက်တယ်။ အသင့်ပြင်ကြပေါ့။ နောက်တစ်ချက်ခေါက်ရင် တစ်ကျောင်းလုံး သီချင်းစဆိုပေါ့ဗျာ။ မူလတန်းကျောင်းမှာ ကျောင်းသားကြီးတွေဖြစ်တော့ ဆရာလေးအတန်းကို တက်ရတာပေါ့။ ညနေ ကျောင်းဆင်းချိန် နိုင်ငံတော်သီချင်းဆိုရင် သူများတွေလိုပဲ စာသင်လက်စရပ်ပြီး မတ်တပ်ထရတယ်။ ပြီးရင် သင်လက်စကို ဆက်သင်တယ်ဗျ။ ကလေးတွေကတော့ ကျောင်းဆင်းသွားတာပေါ့။ ဆရာလေးက စာသင်တာ ပြီးပြီဆိုမှ အားလုံး ထိုင်ခုံပေါ်တက် မတ်တပ်ရပ်ပြီး နိုင်ငံတော်သီချင်းကို သံနေသံထားနဲ့ ညီညီညာညာ ဆိုရတယ်။ ပြီးစလွယ် ဆိုလို့ မရဘူးဗျ။ ဆရာလေးကို ချစ်ခင်လေးစားတဲ့ အချက်တွေ အများကြီးထဲမှာ နိုင်ငံတော်သီချင်းကို တလေးတစား ဆိုဖို့ လေ့ကျင့်ပေးတာလည်း တစ်ချက်ပါပါတယ်။

ကျောင်းကြီးလို့ခေါ်ကြတဲ့ သာဝတ္ထိအထက်တန်းရောက်တော့ မနက်စုဝေးသဘင်မှာ နိုင်ငံတော်အလံကို အလေးပြုပြီးရင် သီချင်းဆိုရတယ်။ တရားမျှတလွတ်လပ်ခြင်းနဲ့ မသွေ ဆိုတဲ့ ခြေဆင်းကို အဲသည်ရောက်မှ ကြားဖူးတာဗျ။ ငယ်ငယ်က ကျောင်းစာအုပ်ထဲပါတဲ့ နိုင်ငံတော်သီချင်းမှာ အဲသည် ခြေဆင်းပိုဒ် မပါဘူးရယ်။ အထက်တန်းကျောင်း စုဝေးသဘင်မှာ နိုင်ငံတော်သီချင်းခြေဆင်းကို ဆိုတာက ကျွန်တော်တို့ အင်္ဂလိပ်စာဆရာ ဦးလှိုင်။ ဆရာကြီးကလည်း သီချင်းတွေဘာတွေဆိုတာ အလေ့အကျင့်များ နည်းသလား ၀ါသနာများ သိပ်မပါတာလားတော့မသိ။ ခြေဆင်းပိုဒ်ကို ဆိုတာက ကျွန်တော်တို့ ကြားဖူးနေကျ သံစဉ်မဟုတ်ဘူးဗျ။ သူ့ကိုယ်ပိုင် ဆိုဟန်တစ်မျိုးလားတော့ မသိပါဘူးဗျာ


၂၀၀၈ အခြေခံဥပဒေအရ အသစ်ပြဌာန်းလိုက်တဲ့အလံကို စတင်လွှင့်ထူခဲ့တာက ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ နှစ်ဆယ့်တစ်ရက်နေ့။ အဲသည်နေ့ နေ့ခင်းပိုင်းမှာလုပ်တဲ့ နိုင်ငံတော်အလံ အသစ်လဲလှယ်လွှင့်တင်တဲ့အခမ်းအနားကို တက်ခဲ့ရတယ်။ တစ်သက်လုံး လူမှန်းသိတတ်ပါပြီဆိုကတည်းက အလေးပြုလာခဲ့တဲ့ အနီရောင်အောက်ခံ လက်ဝဲဘက်အထက်ထောင့်က အပြာရောင်မှာ အရွယ်တူကြယ်ဖြူ ဆယ့်လေးလုံးနဲ့ စပါးနှံနဲ့ စက်သွားနဲ့ အလံတော်ကို နောက်ဆုံးအနေနဲ့တောင် အလေးမပြုတော့ပဲ တိုင်ထိပ်ကနေ လျှောချလိုက်တော့ ရင်ထဲမှာ ဘာလိုကြီးဖြစ်သွားမှန်းကို မသိပါဘူးဗျာ။ တစ်သက်လုံး အလေးပြုလာခဲ့တဲ့အလံတော်ရှေ့မှာ တရိုတသေရပ် အဲသည် အလံတော်ကို နောက်ဆုံးအကြိမ်အဖြစ်တောင် နုတ်ဆက်အလေးမပြုတော့ဘဲ တိုင်ထိပ်က လျှောချလိုက်တာကို သတိဆွဲရပ်လျက်က ကြည့်နေရင်း လောကဓံဆိုတာ ဒါပါလားလို့ စိတ်မကောင်းတဲ့ကြားက တွေးမိလိုက်သေးတယ်။ ဒါပေမယ့် ၀ါစိမ်းနီ သုံးရောင်ခြယ်အလံတော် အသစ်ကြီးက စစ်ခရာဆယ်လက် တစ်ပြိုင်တည်း မှုတ်တဲ့ အလံတင်စစ်ခရာသံ မြိုင်မြိုင်နဲ့ တိုင်ထိပ်ပေါ် တက်သွားတဲ့အခါ ခေတ်သစ်တစ်ခုတော့ စချေပြီဆိုပြီး ကိုယ့်ကိုယ်ကို သမိုင်းဝင်ပုဂ္ဂိုလ်ကြီးလို အထင်ရောက်မိလို့ စိတ်ထဲ မြောက်ကြွကြွတောင် ဖြစ်သွားလိုက်မိသေးတယ်။ အခါတိုင်း စစ်တီးဝိုင်းက နိုင်ငံတော်သီချင်းကို တီးတဲ့အခါ ကမ္ဘာမကျေက စပေမယ့် အဲသည် အခမ်းအနားမှာ တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေဆိုတဲ့ ခြေဆင်းအပိုဒ်က စတီးတာကို ကြုံရတာတော့ ပထမဆုံးပါပဲ။ ဒီမိုကရေစီ ခေတ်သစ်ရဲ့ ပထမဆုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမယ့် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အခမ်းအနားမှာ ရာထူးအကြီးဆုံးပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့တယ်ဆိုတာလည်း အမှတ်တရ တစ်ခုပါပဲ။

နိုင်ငံတော်သီချင်းကို မြန်မာဆိုင်းဝိုင်းနဲ့ တီးတာကို ပထမဆုံး ကြုံဖူးတာကတော့ ၂၀၀၄ ခုနှစ် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်မှာ ဒီပလိုမာဘွဲ့တစ်ခု တက်ယူတုန်းကပါ။ ကျွန်တော့်နားထဲမှာ စစ်တီးဝိုင်းနဲ့ တီးတဲ့အသံကိုပဲ နားယဉ်နေလို့လားတော့မသိဘူး။ နိုင်ငံတော်သီချင်းကို ဆိုင်းသံနဲ့ နားထောင်ရတာ သိပ် အထာမကျလှပေဘူး ထင်မိတယ်။

နိုင်ငံတော်သီချင်းကို အကြိမ်ပေါင်းများစွာ ဆိုခဲ့ဖူးပေမယ့် တစ်ကြိမ်ကိုတော့ဖြင့် တစ်သက်လုံး မေ့နိုင်မယ် မထင်ဘူး။ နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ၁၁-၁၂-၁၃ ရက်နေ့က ကျင်းပတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာပါ။ ဆီးဂိမ်းဖွင့်ပွဲမှာ ရင်အခုန်ရဆုံး စိတ်အလှုပ်ရှားရဆုံး ကြည်နူးစရာ အကောင်းဆုံး အားအရဆုံး အစီအစဉ်ကတော့ နိုင်ငံတော် အလံလွှင့်တင်တဲ့အချိန်မှာ နိုင်ငံတော်သီချင်း ဆိုရတဲ့ အရသာပါပဲဗျာ။ ကိုယ့်မြေကိုယ့်ရေမှာ လက်ခံကျင်းပတဲ့ နိုင်ငံစုံ ပွဲတစ်ခုမှာ နိုင်ငံတော်အကြီးအကဲကစပြီး လူပေါင်း သောင်းချီတက်ရောက်တဲ့ အခမ်းအနားကြီးမှာ ကိုယ့်နိုင်ငံတော်အလံ လွှင့်တင်လိုက်တဲ့အချိန် နောက်ခံတီးလုံးနဲ့အတူ ဘယ်သူရဲ့ တိုက်တွန်း စေခိုင်းချက်မှ မပါဘဲ ကိုယ့်ရင်ထဲအသည်းထဲကလာတဲ့ မျိုးချစ်စိတ်ဓာတ် မြန်မာဆိုတဲ့ ဂုဏ်ကို ကြက်သီးတဖျန်းဖျန်းထပြီး ၀င့်ကြွားတဲ့ ရင်ခုန်သံတွေနဲ့အတူ မြန်မာနိုင်ငံတော် သီချင်းကို လူပေါင်း သောင်းချီပြီး ညီညီညွတ်ညွတ်ဆိုကြတဲ့ ၀မ်းမြောက်စရာ အတွေ့အကြုံ တစ်ခုတည်းနဲ့တင် ပိုက်ဆံကုန်ရကျိုး အပင်ပန်း ခံရကျိုး နပ်ခဲ့ပါတယ်ဗျာ

အဲသည်ဆီးဂိမ်းကျေးဇူးနဲ့ အသက်သုံးနှစ်ခွဲပဲ ရှိသေးတဲ့ ပန်းပွင့်လေးက နိုင်ငံတော်သီချင်းကို ဆိုတတ်သွားတယ်။ ဆီးဂိမ်းတိုက်ရိုက်အစီအစဉ်တွေကို ပြိုင်ပွဲ တစ်လျှောက်လုံး အိမ်မှာ တီဗီ ဖွင့်ထားတော့ မြန်မာအသင်း ရွှေရတဲ့အခါတိုင်း ခဏခဏ ကြားရင်းနဲ့ လိုက်ဆိုတတ်သွားတာ။ သီချင်းကို လိုက်ဆိုတတ်ရုံတင်မကပဲ နိုင်ငံတော်အလံလွှင့်ပြီး နိုင်ငံတော်သီချင်းသံကြားရင် မတ်တပ်ရပ်ပြီး အလေးပြုရမယ်ဆိုတာလည်း အဲဒီတုန်းကတည်းက သိသွားတာ။

လောလောဆယ်တော့ နိုင်ငံတော်အလံကို အခန်း ခေါင်းရင်းမှာ ချိတ်ထားတယ်။

ဂုဏ်ယူစရာတစ်ခုတိုး

၂၀၁၄ ခုနှစ်က ကြယ်စင်မော်ကွန်း ဇာတ်ကား ရုံတင်တော့ ပန်းပွင့်လေးနဲ့အတူ သွားကြည့်ခဲ့ပြီး တစ်နှစ်လောက်ကြာမှ ရုပ်ရှင်ရုံကို တစ်ခေါက်ထပ်ရောက်ဖြစ်တယ်။ ဇာတ်ကားကတော့ ကလေးတွေကြိုက်တဲ့ သရီးဒီ မီနီယံဆိုတဲ့ ဇာတ်ကားပါ။ ခုခေတ် ကလေးတွေ သိပ်ကြိုက်တဲ့ အ၀ါရောင် လုံးလုံးနဲ့ လူလို အကောင်လေးတွေ အများကြီး ပါတဲ့ ဇာတ်ကားပေါ့။ ကလေးတွေတင် မကပါဘူး လူကြီးတွေလည်း ကြိုက်တာပါပဲ။ အရင်နဲ့ မတူတာ နှစ်ခု တွေ့ခဲ့တယ်။ ရုပ်ရှင်မပြခင် နိုင်ငံတော်သီချင်းတီးလုံး သံ ထွက်လာတော့ အရင်တုန်းကလို တိပ်ပါးနေတဲ့ တိပ်ခွေကို အမျိုးအစားမကောင်းတဲ့ ကက်ဆက်အိုထဲ မီးအားမပြည့်တဲ့ ဘက်ထရီအိုးနဲ့ တွဲဖွင့်သလို တုန်ကြောင်ကြောင်သံ မဟုတ်ဘဲ တကယ့် ရုပ်ရှင်ရုံအသံစနစ်အတိုင်း ပီပီသသ ကြည်ကြည်မြမြ နားဝင်ပီယံရှိရှိ ကြားရတာရယ်၊ ပိတ်ကားမှာထိုးတဲ့ နိုင်ငံတော်အလံပုံကလည်း ၁၉၇၄ ခုနှစ် နိုင်ငံတော်အသစ်ပြောင်းတဲ့နေ့က မှတ်တမ်းတင် သတင်းကားထဲမှာပါတဲ့ အပိုင်းကို ဖြတ်ကူးထားဟန်တူတဲ့ အရောင်မှိန်မှိန် တုန်ချိချိ အစက်တွေ အစွန်းတွေ အထင်းတွေ ဒင်းကြမ်းနဲ့ ရုပ်ရှင်ပိတ်ကားပေါ်မှာ မိုးပဲ ရွာနေသလိုလို မိုးသီးတွေပဲ ကျနေသလိုလို ကလေးတွေပဲ ဆပ်ပြာပူဖောင်း မှုတ်နေသလိုလို ဘယ်လိုမှကို ဂုဏ်ယူဝင့်ကြွား အလေးပြုချင်စရာ မကောင်းတဲ့ အလံတော်အစား တကယ့်ကို ခေတ်မီ ရုပ်ရှင်စနစ်နဲ့ အံဝင်ခွင်ကျ တောက်တောက်ပပ စိုစိုပြေပြေ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားနဲ့ ဂုဏ်ယူလောက်စရာ အလေးပြုချင်စရာကောင်းလှတဲ့ လေထဲမှာ တလူလူလွင့်နေတဲ့ နိုင်ငံတော်အလံကို တွေ့ခဲ့ရတယ်။

နောက်တစ်ခုကတော့ ရုပ်ရှင်ကြည့် ပရိသတ်။ လွန်ခဲ့တဲ့ ဆယ့်ကိုးနှစ်က ဆယ်တန်းအောင်ပြီး ရန်ကုန်ရွှေမြို့တော်ကြီးကို တက်လာတော့ ပထမဆုံး ကြည့်ဖူးတဲ့ ရုပ်ရှင်က မှတ်မှတ်ရရ ငွေကုန်ကြေးကျ အများကြီးခံပြီး အသေအချာကို ရိုက်ကူးခဲ့ပါတယ်ဆိုတဲ့ သူ့ကျွန်မခံပြီ ဇာတ်ကား။ ရန်ကုန်မှာ အဆင့်မြင့်ရုပ်ရှင်ရုံတွေ ပေါ်ခါစပေါ့။ ရုပ်ရှင်ရုံကတော့ တကယ်အဆင့်မြင့်ပါပေတယ်။ ရွာက ထရံကာ သဲဖုတ်ခင်း ရုပ်ရှင်ရုံနဲ့စာရင် ကိုယ်တွေအတွက်ကတော့ ဘယ်ဟာဖြစ်ဖြစ် အဆင့်မြင့်တာပါပဲ။ ပရိသတ်ကတော့ အဲ ပရိသတ်ကလည်း အဆင့်မြင့်တာပါပဲ။ အော် မြို့ကြီးပြကြီးက အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ ကြည့်ကြတဲ့ အဆင့်မြင့် ပရိသတ်ဆိုတာ ဒါမျိုးကိုးလို့ အဲသည်မှာ စတွေ့ဖူးခဲ့တာပါ။ မြို့ကို သွားဖူးတဲ့ ဘထွေးလေးက အသေအချာ မှာလိုက်လို့ ရုပ်ရှင်မပြခင် နိုင်ငံတော်အလံကို အလေးပြုဖို့ အားခဲ့ပြီး စောင့်နေလိုက်တာ။ မီးမှောင်တွေချပြီး အထက်ပိုဒ်မှာ ပြောခဲ့သလို မှုန်တုန်တုန် ၀ါးတားတား အလံတော်ပုံနဲ့ တုန်ကြောင်ကြောင် နိုင်ငံတော်သီချင်းသံပေါ်လာတော့ မတ်တပ်ထ ရပ်တဲ့ပြီး ကျောင်းမှာ တန်းပေါင်းစီကွင်းထဲ အလေးပြုသလို ခေါင်းလေးညွတ်လို့ အလေးပြုမိတယ်။ သီချင်းသံ မဆုံးသေးခင် စိတ်ထဲ မသိုးမသန့်ဖြစ်မိလို့ ဘေးဘီကို လှည့်ကြည့်တော့ ဟောဗျာ တစ်ဝက်ကျော်ကျော်လောက် လူတွေပြည့်နေတဲ့ ရုပ်ရှင်ရုံထဲမယ် ကိုယ်လို မတ်တပ်ရပ်နေတဲ့သူက လေးငါးဆယ်ယောက်လောက် ရှိတာပါလား။ အဲဒီ လေးငါးဆယ်ယောက်ထဲကမှ သီချင်းသံဆုံးလို့ နိုင်ငံတော်အလံပုံ ပိတ်ကားပေါ်က ပျောက်သွားမှ ပြန်ထိုင်တာက မှတ်မှတ်ရရ ကိုယ်အပါအ၀င် သုံးယောက်လောက်ပဲ ရှိတာကလား။ (သီချင်းသံ ဆုံးတယ်ဆိုလို့ နိုင်ငံတော်သီချင်းကို ရုပ်ရှင်ရုံက အပြည့်ဖွင့်ပေးတယ် မထင်နဲ့ဗျ။ ခုနပြောတဲ့ တုန်ကြောင်ကြောင် တီးလုံးသံက ပြည်ထောင်စုကို အသက်ပေးလို့ အပိုဒ်လောက်က စပြီး အကျိုးကို ညီညာစွာတို့တစ်တွေ လောက်ကျတော့ ခပ်တည်တည်နဲ့ ရပ်သွားတာဗျ၊ သူ့သီချင်းသံနဲ့ သူ့ပရိသတ်ကျတော့လည်း အထာကိုကျလို့။) မအူမလည်နဲ့ မြို့တက်လာတဲ့ ဇနပုဒ်သားလေး ဗိုလ်ကောင်းစိတ်ထဲ ဘာမှတ်သွားသလဲ ဆိုတော့ အော် နိုင်ငံတော်အလံ အလေးပြုတယ်တို့ ဘာတို့ဆိုတာ တောကျတဲ့သူတွေပဲ လုပ်တာ ထင်ပါရဲ့။ မြို့ကြီးသူ မြို့ကြီးသားမှန်ရင် ခုနကလိုပဲ မကောင်းတတ်လို့ ခဏထရပ်ပြီး ပြန်ထိုင်ရတာပါလား။ သီချင်းဆုံးတဲ့အထိ မတ်တပ်ရပ်နေကြတဲ့သူတွေက ငါလို မအူမလည် ကျေးတောသားတွေပဲနေမှာလို့ တကယ်ကို အောက်မေ့သွားတာ။ နောက်တော့ဗျာ ရန်ကုန်မှာ ရုပ်ရှင်ကြည့်တိုင်း အလံတော်ကို အလေးပြုရမှာ ရှက်ကို နေတော့တာ။ တောသားတော့ တောသားပေတဲ့ အဲသလောက်တော့လည်း တောကျလို့ မဖြစ်ဖူး မဟုတ်လား။ ငယ်ငယ်က ဆရာသမား မိဘဘိုးဘွား ဆွေမျိုးသားချင်းတွေ သွန်သင်မှုနဲ့ နိုင်ငံတော်အလံကို အလေးဂရုပြုရကောင်းမှန်း စိတ်ထဲ စွဲမှတ်ထားတဲ့ ဗိုလ်ကောင်းတစ်ယောက် အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေရောက်တော့လည်း အဆင့်မြင့် မြို့ကြီးသားအကျင့်ကို ကျင့်ရတော့တာပါပဲ။ ထားလိုက်ပါတော့လေ အဲဒါ အရင်တုန်းက။ ဒီနေ့ကတော့ အထက်က ပြောခဲ့တာတွေနဲ့ တစ်ခြားစီလို့ ဆိုရမှာပဲ။ နိုင်ငံတော်သီချင်းသံ အစကနေ အဆုံးအထိ ရုပ်ရှင်ရုံထဲမှာ တစ်ယောက်မကျန် အကုန်လုံး တလေးတစားနဲ့ မတ်တပ်ရပ်ပြီး ငြိမ်ငြိမ်သက်သက် အလေးပြုတာကို မြင်ခဲ့ရတယ်ဗျာ။ ဒါတောင် ရုံအပြည့်နော်။ မြို့ကြီးသားတွေကို ဘာတွေက ပြောင်းလဲပေးလိုက်သလဲတော့ ကျွန်တော်လည်း မသိတတ်နိုင်အောင်ပါပဲ။

ဂုဏ်ယူလိုက်တာ ကြည်နူးလိုက်တာဆိုတာ မပြောပါနဲ့တော့။ ဒီလိုရုပ်ရှင်ကြည့် ပရိသတ်တွေထဲက တစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူတယ်။ ဒီလိုခေတ်အထိ အသက်ရှင်နေထိုင်ခွင့်ရတာကိုလည်း ဂုဏ်ယူတယ်။ သက်ဆိုင်ရာက ညွှန်ကြားချက်ကြောင့်ပဲဖြစ်ဖြစ် နိုင်ငံတော်သီချင်းနဲ့ နိုင်ငံတော်အလံပုံကို အရည်အသွေးမြင့်မြင့် တင်ဆက်ပေးတဲ့ ရုပ်ရှင်ရုံနဲ့ ပတ်သက်တဲ့သူတွေအတွက်လည်း ဂုဏ်ယူတယ်။


ရုပ်ရှင်ပြီးလို့ အပြင်ထွက်လာတော့ အတူပါလာတဲ့ ပန်းပွင့်လေးကို မေးကြည့်တယ်။ စောစောက ရုပ်ရှင်မပြခင် မတ်တပ်ရပ်တာ ဘာလို့ ရပ်ရတာလဲ သိလား ဆိုတော့ သိတာပေါ့ ဖေဖေရဲ့တဲ့ အဲဒါ နိုင်ငံတော်အလံကို အလေးပြုတာလေတဲ့။ ဖေဖေကလည်း လူကြီးဖြစ်ပြီး ဒါလေးတောင် မသိဘူးလားဆိုပြီး ကျွန်တော့်ကိုတောင် သူက ဆူလိုက်သေးတယ်။
ကျွန်တော့်မှာ ဂုဏ်ယူစရာ နောက်ထပ်တစ်ခု တိုးသွားပါတယ်

မလေ့လာဖူးတဲ့ ဘာသာရပ်



ကိုယ်တစ်ခါမှ မလေ့လာဖူးခဲ့တဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီး ဘာသာရပ်မိတ်ဆက်သဘောမျိုး စာတစ်အုပ်စာလောက် ရေးပေးပါ (ရေးပါ) လို့ အမှာ (အမိန့်) ရတဲ့အခါ နည်းနည်းတော့ ခေါင်းကုတ်မိကြမှာပါ။ အချိန်ဘယ်လောက်လောက် ယူရမလဲခင်ဗျာ ဆိုတော့ မြန်လေကောင်းလေတဲ့။ (ပိုင်သကွာ)။ အချိန်ကလည်း အကန့်အသတ်ရှိတယ်၊ အရင်းအမြစ်ကလည်း အကန့်အသတ်ရှိတယ်၊ ရှောင်လွှဲလို့လည်း မရနိုင်တဲ့ အခြေအနေမျိုး ဖြစ်တဲ့အခါ ခေါင်းကိုက်တဲ့အထိ ဖြစ်ချင်ဖြစ်ကြမှာပေါ့။ ကျွန်တော်လည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါပေမယ့် ကံကောင်းတာက အဲဒီအလုပ်ကို ရပြီး အခန်းထဲက ထွက်လာပြီးပြီးချင်းမှာပဲ တိုင်ပင်ဆွေးနွေး အကြံဥာဏ်ပေးနိုင်တဲ့လူမျိုးနဲ့ ချက်ချင်း တွေ့ခွင့်ရလိုက်တာပါပဲ။ သိကြားမင်းက နားကင်းကြီးနဲ့ ၀င်းဝင်းလက်လက် ကိုယ့်ရှေ့မှာ ဘွားကနဲ ပေါ်လာသလိုမျိုးပေါ့။

ကံကောင်းချင်တော့ ကိုယ်ဖတ်ရမယ့် စာအုပ်ကိုလည်း အရှင်လတ်လတ်ကြီး ရလိုက်တာပါပဲ။ အရှင်လတ်လတ်ဆိုတဲ့စကားကို အင်္ဂလိပ်ဘာသာပြန်လိုက်ရင် ဟတ်ကော်ပီလို့ ပြောလို့ ရမယ်ထင်ရဲ့။ ခင်ဗျားပဲ စဉ်းစားကြည့်လေ။ ဘယ်စာအုပ်ကို ဖတ်သင့်တယ်ဆိုတဲ့ အကြံဥာဏ်မျိုး ရဖူးကြမှာပါ။ စာအုပ်နာမည် ညွှန်းတာက ဘာမှ အကြံဥာဏ်မပေးတာနဲ့ စာရင် ကောင်းတယ်ဆိုပေမယ့် တကယ်တမ်းကျတော့ အဲဒီစာအုပ်ကို လက်တစ်ကမ်းမှာ လောလောလတ်လတ် ရနိုင်ဖို့က မလွယ်လှဘူးလေ။ အွန်လိုင်းမှာ ရနိုင်တဲ့ လင့်မျိုး ပေးလိုက်တယ် ဆိုရင်တောင် အင်တာနက်အခြေအနေနဲ့က ရဖို့ မသေချာလှသေးဘူး။ ဆော့ကော်ပီ ပေးတယ်ဆိုရင်လည်း ကွန်ပြူတာကြီးထောင်ပြီး ဖတ်ဖို့က သိပ်တော့ မကောင်းလှဘူး။ အခုကျတော့ ဒီစာအုပ်ကို ဖတ်ကြည့်လိုက်လေ ဆိုပြီး စာအုပ်ကြီး ဘုတ်ကနဲ ကိုယ့်ရှေ့ကို ကျလာတာထက် ကောင်းတာ ဘယ်မှာ ရှိနိုင်အုံးမလဲဗျာ။

စာအုပ်ကို ရတာနဲ့ ရန်ကုန်တက္ကသိုလ်ထဲပြေးပြီး အပန်းဖြေရိပ်သာထဲမှာ မိတ္တူကူးလိုက်တယ်

ကဲ

ဖတ်ဖို့ စာအုပ်ရပြီဆိုတော့ သမီးဆီက အနိုင်ကျင့်ပြီး အပိုင်သိမ်းထားတဲ့ စာကြည့်စားပွဲမှာ ထိုင်ပြီး ဘယ်လိုလုပ်ရင်ကောင်းမလဲ အရင်စဉ်းစားရပါတယ်။ စာအုပ်က စာမျက်နှာ ငါးရာ့ငါးဆယ်ကျော်ရှိတာဆိုတော့ အကုန်လုံးကို ဖတ်ပြီး လုံးစေ့ပတ်စေ့ ပြန်ရေးဖို့တော့ မဖြစ်လောက်ဘူး။ ဖတ်တဲ့သူကလည်း အဲသလောက် ဖတ်ချင်မှာမဟုတ်ဘူး။ ဒါမှမဟုတ် မာတိကာကိုကြည့်ပြီး ပါတဲ့ ခေါင်းစဉ်တွေချည်း တန်းစီချရေးပေးလိုက်ရ ကောင်းမလား။ အဲလိုလုပ်လို့လည်း မဖြစ်သေးပါဘူးလေ။ ဒါနဲ့ပဲ စောစောက စာအုပ်ပေးလိုက်တဲ့ တကာတော် ရေမြေ့ရှင်ကို လှမ်းပြီး အကြံဥာဏ် တောင်းရပြန်တယ်။ ညီလေးရေ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ ဘယ်နှမျက်နှာလောက် ရေးရင်ကောင်းမလဲ ဆိုတော့ တိုလေ ကောင်းလေပဲတဲ့။ အစ်ကိုကြီးက များများရေးရင် ဖတ်တဲ့သူက များများ ဖတ်နေရအုံးမယ်တဲ့။ အဲဒါဆို ဘယ်လောက်တိုရင်ကောင်းမလဲ ဆိုတော့ သူပြောတဲ့ ဥပမာလေး သဘောကျလွန်းလို့။ အစ်ကိုကြီးတဲ့ ဒါမျိုးဆိုတာ တရားဟောသလိုပဲတဲ့ တစ်ကြောင်းတည်းဟောပြီး တစ်ခါတည်း နိဗ္ဗာန်ရောက်သွားရင် အကောင်းဆုံး ဆိုပဲ။ အင်း မင်းဥပမာက ကောင်းလိုက်တာလို့ ကောင်းလွန်းအားကြီးနေတယ်လို့ ဆိုပြီး . . .

ဒီဘာသာရပ်ကို တစ်ခါမှ မလေ့လာဖူးပေမယ့် တကယ်ဖတ်ကြည့်လိုက်ပြီ ဆိုတော့မှ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်ပြီး သားကိစ္စရပ်တွေကို အဲဒီ ဘာသာရပ် ရှုထောင့်အမြင်နဲ့ ကြည့်ရတဲ့ အကြည့်မျိုးဆိုတာ တွေ့တော့ စာဖတ်ရတာ နားလည်သဘောပေါက်ဖို့ သိပ်အခက်အခဲ မဖြစ်လိုက်ဘူး။ တစ်ခုပဲ ရှိတာက ကိုယ်ဖတ်ရတဲ့ စာအုပ်က အမေရိကန်တက္ကသိုလ်တွေမှာ အမေရိကန်ကျောင်းသားတွေ ဖတ်ဖို့ရေးထားတဲ့ အမေရိကန်နိုင်ငံရေးစနစ်အခြေခံ ဥပမာတွေနဲ့ဆိုတော့ တစ်မျိုးလေး ဖြစ်နေတာပဲ ရှိတာ။ ဒီလိုစာအုပ်မျိုး မြန်မာ့ရေမြေနဲ့ လိုက်လျောညီထွေ ပြုစုထားနိုင်ရင် ကောင်းမှာပဲ လို့ စိတ်ကူးမိပေမယ့် စိတ်ကူးကို ချက်ချင်း ရပ်ပစ်ရတယ်။ အရင်စိတ်ကူးထားတဲ့ အကြွေးတွေတောင် အကောင်အထည်ဖော်ဖို့က အများကြီး ကျန်နေသေးတာဆိုတော့ အကြွေးထပ်မတင်တာ ကောင်းပါတယ်လေ လို့ ကိုယ့်ကိုကိုယ် ဆုံးမပြီး . . .

အခါတိုင်း ရေးနေကျ စာတွေနဲ့ မတူတဲ့အချက်က ဒီစာကို ရေးတာ ကိုယ့်အာဘော် မဟုတ်တဲ့အတွက် မူရင်း စာအုပ်ထဲက ထုတ်နုတ်စာပိုဒ်တစ်ချို့ကို ပြန်ထည့်ပေးရတာရယ် တစ်ချို့စာပိုဒ်တွေကို စာမျက်နှာနံပတ် တပ်ပေးထားရတာရယ် (ကိုယ်ရေးထားတာ မရှင်းရင် မူရင်းကို ဖတ်နိုင်အောင်)၊ ကိုယ်ကျွမ်းကျင်တဲ့ ဘာသာရပ် မဟုတ်တဲ့အတွက် သိပ်ပြီး အာမရွှီးဝံ့တာရယ်၊ မူရင်းအရေးအသားအတိုင်း ပြန်ရေးပေးလိုက်ရင် ဖတ်တဲ့သူ နားမလည်မှာ စိုးတာရယ်၊ တိုက်ရိုက်ဘာသာပြန်ပြတဲ့ သဘောလည်း မဖြစ်အောင်ရယ် . . .

ဒီနေ့ မာတိကာ စဉ်ပြီး စာမျက်နှာ နံပတ်တပ်ပြီး အွန်လိုင်းကနေ ပို့လိုက်ပါပြီ
တနင်္လာနေ့လောက်ဆိုရင်တော့ စာအုပ်ချုပ်ပြီး စားပွဲပေါ် သွားတင်ပေးလို့ ရလောက်ပါပြီ

ကိုယ့် မူရင်းအလုပ်ကို ဆက်လုပ်လိုက်အုံးမယ်ဗျို့ . . .

ဖိနပ်


မနက်က ပန်းပွင့်လေးကို ကျောင်းလိုက်ပို့ပြီး စာရေးစာဖတ်ရမှာလည်း ပျင်းတာနဲ့ ပန်းပွင့်လေးရဲ့ ဖိနပ်စင်ကို ရှင်းပေး ဖိနပ်တွေကို ဖုန်သုတ်တန်တာသုပ် ကော်ကပ်တန်တာကပ်၊ ရေးဆေးတန်တာဆေး လုပ်နေရင်းနဲ့ အသက်ငါးနှစ်တောင် မပြည့်သေးတဲ့ ပန်းပွင့်လေးမှာ ဖိနပ်တွေ ဆယ်ရံမက ရှိနေပါလားဆိုတာ သတိထားမိပြီး ကိုယ်ငယ်ငယ်က ဖိနပ်နဲ့ ပတ်သက်တဲ့အကြောင်းလေးတွေ တွေးမိတယ်။ (ဖိနပ်ကို ဘိနပ်လို့ ရေးတာလည်း ရှိသဗျ)

ကိုယ်တွေ ငယ်ငယ်ကတော့ တက္ကသိုလ်မရောက်ခင်အထိ ဖိနပ်တစ်ရံထက်ပိုပြီး မရှိခဲ့ဖူးဘူး။ အဲတစ်ခု ပြောစရာရှိတာကတော့ အိမ်မှာ အကြမ်းစီး သစ်သားခုံဖိနပ်ကလေးကတော့ ဘုံပိုင်ပေါ့လေ။ လိုတဲ့သူ ယူစီးတာပေါ့။ ကတီပါဖိနပ်ဆိုတာ ဝေလာဝေးလို့ သားရေဖိနပ်တောင်မှ တက္ကသိုလ်ရောက်မှ မစီးမဖြစ် သဘောမျိုးနဲ့ စီးဖြစ်ခဲ့တာ။ အများအားဖြင့်တော့ ကြက်ပေါင်ဖိနပ်လို့ ခေါ်တဲ့ ဖော့ဖိနပ် အရောင်စုံလေးတွေပဲ စီးခဲ့ရတာပါ။ အရောင်စုံဆိုလို့ ဖိနပ်တွေ အများကြီး မထင်နဲ့အုံး။ အဲလိုဖိနပ်မျိုးက အရောင်စုံရှိတာကို ပြောတာ။ မူလတန်းကျောင်းသားဘ၀က ဘာဖိနပ်စီးခဲ့ရတယ်ဆိုတာ မမှတ်မိပေမယ့် အလယ်တန်း အထက်တန်းကျောင်းသားဖြစ်တော့ အဲဒီတုန်းက ခေတ်စားတဲ့ ဆင်ကြယ်ဖိနပ်ဆိုတာ ဈေးကြီးလွန်းလို့ ဆိုပြီး အစစ်ကို ၀ယ်မစီးနိုင်ဘူး။ တစ်ခါတစ်လေ အကြောင်းတိုက်ဆိုင်လို့ အစစ်တစ်ရံလောက် အိမ်မှာ ရှိနေတယ်ဆိုရင်လည်း သူက ပွဲထိုင်ဖိနပ်။ ပွဲလမ်းသဘင် သွားစရာရှိတဲ့သူက အဲသည်ဖိနပ်ကို စီးသွားခွင့်ရတယ်။ သာမန် ကျောင်းသွားတာလောက် ဟိုနားသည်နား သွားတာလောက်ကတော့ ဆင်ကြယ် မြင်းကြယ်ဖိနပ် စီးရတာမဟုတ်ဘူး။ ဆင်ကြယ်မြင်းကြယ်တံဆိပ် ဖိနပ်နဲ့ ဆင်တူတဲ့ ဖော့ဖိနပ်ကို ဖနောင့်တွေ ပေါက်နေအောင် သဲကြိုး တစ်ချောင်းပြီးတစ်ချောင်း လဲစီးရတာ။ ဒါတောင်မှ သဲကြိုး တစ်ချောင်းက နှစ်ချောင်း လဲရပြီဆိုရင် ဟဲ့ နင်တို့ သဲကြိုးတွေ ကိုက်များ စားနေသလားဆိုပြီး လူကြီးတွေက ငြိုငြင်သေးတာ။ သဲကြိုးဆိုတာ ဖိနပ်ကြိုးကို ပြောတာပါဗျာ။ တစ်ခါတစ်လေများ ဖိနပ်ပြတ်သွားပေမယ့် သဲကြိုးလတ်တလော မ၀ယ်ဖြစ်လို့ ပြတ်သွားတဲ့နေရာကို အပ်ချိတ်နဲ့တွယ်ပြီး တစ်ရက်တန်သည် နှစ်ရက်တန်သည် စီးရသေးတာ။
စီးနေတဲ့ဖိနပ်က ဖနောင့်တွေဘာတွေမှာ ဟောင်းလောင်းပေါက်ဖြစ်ပြီး ဘယ်လိုမှ စီးမရပါဘူး ဆိုတော့မှ အသစ်တစ်ရံ ၀ယ်ပေးတာကလား။ ဒါတောင်မှ ဖနောင့်ပေါက်နေတဲ့ ဖိနပ်ခုံကို ဘော်တယ်ကုလားဆီက ပဲကြီးလှော်နဲ့ လဲစားဖို့သိမ်းထားပြီး ဖိနပ်ကြိုးကိုလည်း နောက်တစ်ရံ ပြတ်သွားရင် သုံးရအောင် ဖြုတ်သိမ်းထားရသေးတာ။
ရွာမှာ အလှူတွေ ကထိန်တွေ ရှိလို့ ဘုန်းကြီးကျောင်းမှာ ပွဲကြီးလမ်းကြီး ဆိုလို့ကတော့ ဖိနပ်ကို စီးကို မသွားတော့တာ။ ဘုန်းကြီးကျောင်းက အိမ်နဲ့ သိပ်မဝေးတာလည်း ပါတာပေါ့။ ဘုန်းကြီးကျောင်းထဲရောက်ရင် ဖိနပ်ကို ချွတ်ရတာဆိုတော့ ဖိနပ်ကြီး တကိုင်ကိုင် မလုပ်ချင်တာရယ် ပျောက်မှာ စိုးတာရယ်။ တစ်ခါတစ်လေ အလှူတွေဘာတွေက အငြိမ့်တွေ စတိတ်ရှိုးတွေ ပါတယ်ဆိုရင် ရှိုးစမိုးနဲ့ သွားကြည့်ရတာဆိုတော့ ခြေပြောင်ကြီးနဲ့ သွားလို့က မဖြစ်ဘူးလေ။ အဲသည်အခါကျရင် ဖိနပ်စီးသွားပြီး ဟိုရောက်တော့ မုန့်ဟင်းခါးရောင်းတဲ့ မကြွက်မတို့ ဆိုင်က မုန့်စားပွဲခုံအောက် သွားပစ်ထားလိုက် နားကိုအေးရော။

ကိုးတန်း ဆယ်တန်းလောက်က မိုးတွေဘာတွေရွာရင် တစ်ခါတစ်လေ ကျောင်းကို ခုံဖိနပ်စီးပြီးသွားတယ်။ ပင်နီတိုက်ပုံနဲ့ ခုံဖိနပ်စီးပြီး ကျောင်းတက်တယ်ဆိုတဲ့ ဗိုလ်အောင်ကျော်ကို အားကျလို့ မဟုတ်ပါဘူးဗျာ။ ရှိတဲ့ဖိနပ်လေး ရွှံ့ထဲဗွက်ထဲ မြန်မြန်ပြတ်သွားမှာ စိုးလို့ပါ။ ဒါပေမယ့် အဲသလို ခုံဖိနပ်စီးသွားတဲ့နေ့ဆိုရင် သူငယ်ချင်းတွေက ကိုအောင်ကျော်လို့ ခေါ်ကြတော့တာပဲ။

ဆယ်တန်းအောင်တဲ့အထဲ ဖိနပ်တစ်ရံတည်းနဲ့ နေလို့ရလာခဲ့ပေမယ့် တက္ကသိုလ်တက်တော့ ဖိနပ်တွေက များသွားတယ်။ တစ်သက်လုံး အကောင်းလုပ်စီးလာတဲ့ ဖော့ဖိနပ်က အဲသည်မှာ အကြမ်းစီးဖိနပ် ဘ၀ကို ရောက်တော့တာပဲ။ နောက်ထပ် မရှိမဖြစ်က သားရေဖိနပ်။ ဒါမှမဟုတ် ကတီပါဖိနပ်တစ်ရံ။ အားကစားလုပ်တဲ့ ပတ္တူဖိနပ် အဲဒါကိုတော့ ကင်းဗတ်ဖိနပ်လို့ ခေါ်တယ်။ နောက်ပြီး တိုက်ပွဲဝင်စစ်ဖိနပ်၊ တောစီးဖိနပ်လည်ရှည်၊ တောစီးဖိနပ်လည်တို၊ ရှူးဖိနပ်။ အခုပြောပြခဲ့တဲ့ထဲမှာ မပါသေးတဲ့ ဝေါ့ကင်းရှူးလို ဖိနပ်မျိုးကတော့ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က အိန္ဒိယမှာ သွားနေရတုန်းကမှ စပြီး စီးဖြစ်ပါတယ်။ အခုနောက်ပိုင်း အင်မတန် ခေတ်စားလာတဲ့ ကွင်းထိုးဖိနပ်ဆိုတာလည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားဘ၀ကတောင် မစီးဖြစ်ခဲ့ပါဘူး။
အစက ဝေါ့ကင်းရှူးတစ်ရံရှိရင် ဘောင်းဘီတကာနဲ့ တွဲစီးလို့ရပြီ မှတ်နေတာဗျ။ မဟုတ်ဘူးတဲ့။ ဝေါ့ကင်းရှူးဆိုတာ ဂျင်းဘောင်းဘီတို့ဘာတို့နဲ့ပဲ တွဲစီးရတာတဲ့။ စတိုင်ဘောင်းဘီနဲ့ဆို စီးတဲ့ ရှူးဖိနပ်က သတ်သတ်ရှိသေးတာဆိုပဲ။ ကိုယ့်မှာလဲ စတိုင်ဘောင်းဘီနဲ့ တွဲစီးလို့ရတဲ့ သားရေရှူးပြောင် တစ်ရံရှိတာပဲ။ အဲဒါ စီးလို့ မရဘူးလားဆိုတော့ အဲဒါ တောကျသတဲ့ ဗျာတို့ရေ။

ကဲ ကဲ ဒီတစ်ခါ စတိုင်ဘောင်းဘီဝတ်ရင် တောမကျအောင် ရှူးဖိနပ်လေး တစ်ရံလောက် ၀ယ်ပေးဖို့ ပန်းပွင့်လေးမေမေကို ပူဆာအုံးမှပါ။

ပန်းပွင့်လေးကို


မိဘဆိုတာကတော့ ဘယ်မိဘမဆို ကိုယ့်သားသမီးတွေနဲ့ ပတ်သက်လာရင် လောဘကြီးကြတာ ဓမ္မတာပဲ ထင်ပါရဲ့။ ပန်းပွင့်လေး မွေးခါစက ပညာထူးချွန်ထက်မြက်ပြီး လိမ္မာရေးခြားရှိတဲ့ မြန်မာဆန်ဆန် မြန်မာမလေး ဖြစ်အောင် ပြုစုပျိုးထောင်မယ်လို့ စိတ်ကူးခဲ့မိတယ်။ အခု လေးနှစ်ခွဲလို့ ငါးနှစ်နားရောက်ခါနီး သက်တူရွယ်တူတွေနဲ့ ကစားရပါစေတော့ ပေါင်းတတ်သင်းတတ်ပါစေတော့လို့ မူကြိုကျောင်းကိုပို့တော့ အရင်စိတ်ကူးခဲ့တာက နည်းနည်းများ ဝေးနေသလားဆိုပြီး ကိုယ်ဖြစ်စေချင်တဲ့ ပန်းပွင့်လေးရဲ့ ပုံစံကို ပြန်သုံးသပ်မိတယ်။ တကယ်တော့ ကြီးလာရင် ဘာကြီးဖြစ်ပါစေတော့ရယ်လို့ လျှောက်မျှော်မှန်းနေတာက စိတ်ကူးယဉ်ဆန်လှပါတယ်။ လက်ရှိ ဒီအသက်ဒီအရွယ်မှာတင် ဖြစ်စေချင်တာက ဒီလို. . . . .

ပန်းပွင့်လေးဟာ အလှအပကို ခံစားတတ်တဲ့ ကလေးလေး ဖြစ်စေချင်တယ်။ အလှအပဆိုတာ ဂါဝန်လေးလှတာ ခဲတံလေးလှတာ ရုပ်ပုံလေးတွေ လှတာ ရောင်စုံပန်းပွင့်လေးတွေ လိပ်ပြာလေးတွေ လှတာကစလို့ သစ်ရွက်စိမ်းစိမ်းလေးတွေ ကောင်းကင် ပြာပြာကြီးတွေ၊ ညနက်နက်မှာ တလက်လက် တောက်ပနေတဲ့ ကြယ်ပွင့်လေးတွ၊ ဖိုးလမင်းကြီးရဲ့ ဘော်ငွေရောင် အဆင်းတွေ၊ စိမ်းညို့ပြာမှိုင်းနေတဲ့ တောင်တန်းကြီးတွေ နောက်ပြီးတော့ လေအသော့မှာ တမော့မော့ ကခုန်နေတဲ့ မြက်ရိုင်းပင်တွေနဲ့ ကျောက်တုံးတွေကြား မြည်သံသဲ့သဲ့ပေးလို့ စီးဆင်းနေတဲ့ စမ်းချောင်းလေးတွေရဲ့ အလှအပကို ခံစားတတ်စေချင်ပါတယ်။

ပန်းပွင့်လေးဟာ တေးဂီတကို ခံစားတတ်တဲ့ ကလေးလေး ဖြစ်စေချင်တယ်။ ၀ါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ် လို နားဝင်ချိုသာတဲ့ ကဗျာလေးတွေ၊ ကလေးဂီတသံ ငြိမ့်ငြိမ့်လေးတွေ၊ ဗီသိုဗင်တို့ သီကုံးခဲ့တဲ့ ဂန္ထ၀င်မြောက် တေးသွားကြီးတွေနဲ့ စန္ဒရားလှထွတ် သီချင်းသံစဉ်လေးတွေ၊ မြန်မာ့စောင်းနဲ့ ပတ္တလားသံ၊ တယောသံ စတာတွေကို တမက်မောမော နှစ်ခြိုက်ခံစားတတ်တဲ့ ကလေးလေး ဖြစ်စေချင်တယ်။

ပန်းပွင့်လေးကို မျောက်မူးလဲမလေး ဖြစ်စေချင်တယ်။ အမေအဖေနားကို တကပ်ကပ်နဲ့ နေတဲ့ လိမ္မာလိုက်တာ ဆိုတဲ့ ကလေးလေးထက် မျောက်ရှုံးအောင် ဆော့တဲ့ ကလေးလေး ဖြစ်စေချင်တယ်။ ပြေးမယ် လွှားမယ် ခုန်မယ် ပေါက်မယ် တက်မယ် ဆင်းမယ် ခုန်ချမယ် ကျွမ်းထိုးမယ် စသည်ဖြင့် ဂျွမ်းသဒါလန်အောင် ဆော့တဲ့ ကလေးလေး ဖြစ်စေချင်တယ်။
ပန်းပွင့်လေးကို ဂျစ်တူးမလေး ဖြစ်စေချင်တယ်။ အမေအဖေပြောတာ ဆရာသမားပြောတာ သူငယ်ချင်းတွေပြောတာ လူကြီးသူမတွေပြောတာကို အကုန်လုံး ဟုတ်ကဲ့ ဟုတ်ကဲ့ ဆိုပြီး နာခံနေတဲ့ သမီးလိမ္မာလေး မဖြစ်စေချင်ဘူး။ ဘယ်သူကပြောပြော ကိုယ့်မီသလောက်ဥာဏ်လေးနဲ့ ဝေဖန်ပိုင်းခြားပြီး ပြန်လှန်မေးခွန်းတွေ ထုတ်တတ်တဲ့ လူကြီးတွေကို ခေါင်းစားအောင် လုပ်တတ်တဲ့ ပြောရဆိုရ ခက်တဲ့ လူကြီးတွေ လက်လန်တဲ့ မဂျစ်တူးလေး ဖြစ်စေချင်တယ်။

ပန်းပွင့်လေးကို စိတ်ကူးယဉ်တတ်တဲ့ ကလေးလေး ဖြစ်စေချင်တယ်။ ကောင်းကင်ပေါ်က ကြယ်လေးတွေကို မော့ကြည့်ပြီး ဖေဖေရေ မီးမီး ကြယ်လေးတွေတက်ခူးလိုက်အုံးမယ် ပြန်လာရင် ဖေဖေ့ကိုလည်း ပေးမယ်နော် မီးမီး ခူးလာတဲ့ ကြယ်လေးတွေကို မီးမီးဂါဝန်လေးတွေမှာ တပ်လိုက်ရင် သိပ်လှမှာ ဖေဖေရဲ့ဆိုပြီး စိတ်ကူးယဉ်တတ်တဲ့ ကလေးလေး ဖြစ်စေချင်တယ်။ အရုပ်မ သေးသေးလေးကို ညီမငယ်လေးလို သဘောထားပြီး အစ်မကြီးအဖြစ် စိတ်ကူးယဉ်တတ်တဲ့ ပန်းပွင့်လေး၊ စောင်တွေ ခေါင်းအုံးတွေကို တန်းစီထပ်ပြီး သူကြိုက်တဲ့ ကာတွန်းကားထဲက မင်းသမီးလေးနေတဲ့ နန်းတော်ကြီးလို စိတ်ကူးယဉ်တတ်တဲ့ ပန်းပွင့်လေး အမြဲတမ်း ဖြစ်စေချင်ပါတယ်။

ပန်းပွင့်လေးကို . . . . .

ပန်းပွင့်လေးကို . . . . .

ပန်းပွင့်လေးကို . . . . .

. . . . .

(၂၀၁၅ ဇူလိုင်လ ၂၃ ရက်)

နေမကောင်း


ပန်းပွင့်လေးကောက်ကာငင်ကာ ဖျားတော့ ကိုယ်တွေငယ်ငယ်က နေထိုင်မကောင်းဖြစ်တတ်တဲ့ အခိုက်လေးတွေအကြောင်း ပြန်တွေးမိတယ်။ ဘာလို့ရယ်မသိ။ ကိုယ်လည်း ကောက်ကာငင်တာ ဖျားတတ်ခဲ့တာပဲ။ တစ်ခါတစ်လေ စာသင်ခန်းမှာ နေထိုင်မကောင်းဖြစ်ပြီဆိုရင် ၀မ်းနည်းပမ်းနည်း ငိုတတ်တယ်။ သူငယ်ချင်းတွေက ချော့မော့ပြီး ဆရာမကို သတင်းပို့။ အိမ်ကိုပြန်ပေါ့။ နောက်တစ်ခုက နေထိုင်မကောင်းဘူး ဆိုရင်လည်း ခေါင်းကို မထူချင်အောင် ဖြစ်တတ်တာ အမြဲတမ်းပဲ။ ကိုယ်တွေရွာမှာ ဆရာဝန်က နှစ်ယောက်ပဲ ရှိတာ၊ ရွာမှာ ဆိုတာထက် သာဝတ္ထိ တိုက်နယ်တစ်ခုလုံးဆိုရင် ပိုမှန်မလားမသိ။ ဆရာမခင်ဌေးဝင်း နဲ့ ဆရာခင်မောင်ရင်။ ကိုယ်တွေအိမ်ကတော့ ဆရာမဆီပဲ သွားတာပါပဲ။ အမျိုးအရင်းတွေမို့လို့လေ၊ အဖေနေမကောင်းဖြစ်ရင်တော့ ဆရာမကို ကိုသန်းလွင်မြင်းလှည်းနဲ့ ပင့်ရတယ်။ ဆရာမက အိမ်ကို လာပြီဆိုရင် ဆေးသေတ္တာ အနက်ကြီးနဲ့။ ရေနွေးတွေဘာတွေလည်း ကြိုထားရတယ်။ အပ်ဆေးဖို့လေ။ ကိုယ်တွေ နေမကောင်းရင်တော့ ဆရာမကို အိမ်ပင့်ရတယ်လို့ မရှိပါဘူး။ ကိုယ့်ဘာသာပဲ ဆေးခန်းသွားရတာပါပဲ။ ဆရာမဆေးခန်းသွားရတာ နည်းနည်းတော့ လန့်တယ်ဗျ။ ဆရာမက အပျိုကြီးပီပီ စိတ်က သိပ်ရှည်တာ မဟုတ်ဘူးရယ်။ အနေအထိုင်မတတ်လို့ အစားသောင်းကျန်းလို့ နေထိုင်မကောင်းဖြစ်လို့ကတော့ ဆရာမက ကြီးသောငယ်သော ဆီးဆူတော့တာကိုး။ ဆေးမြီးတိုတွေ လျှောက်သောက်ပြီး အချိန်လွန်မှ ဆေးခန်းရောက်လာရင်လည်း အဆူအဟောက်က ခံရသေးတာ။ ဒါပေသိ စေတနာရှေ့ထားတဲ့ စကားတိုတိုမို့ ဆရာမ ဘယ်လိုပဲ ဆူဆူ လူကြီးသူမတွေကတောင် ဗွေယူတာ မဟုတ်ဘူးလေ။ အမှန်က ကျွန်တော်တို့အရပ်မှာ နှစ်ဦးတည်းသော ဆရာဝန်တွေဟာ အနန္တောအနန္တငါးပါးတောင် ၀င်ထိုက်ပါပေရဲ့။ အရပ်က ဆရာဝန်ကို အဲသလောက်တောင် အလေးထား လေးစားတာကလား။

နောက်ပြီး လူက ဖျားပြီနာပြီဆို ဘာမှ မစားချင် မသောက်ချင် ဖြစ်တော့တာလေ။ အရိုးစွဲနေတဲ့ ဓလေ့အရလည်း ဖျားတယ်နာတယ်ဆို အစားကို ပေးမစားတော့ဘူးကိုး။ လူနာစာပဲ စားရတော့တာပေါ့။ လူနာစာဆိုတာ အဲသည်တုန်းက တစ်ရွာလုံးမှာမှ တစ်ဆိုင်လောက်ပဲ ရှိတဲ့ ကာဖီဆိုင်က ကာဖီရေကို တစ်လုံးချိုင့်လေးနဲ့ သွားဝယ်။ ကိတ်မုန့်လေး သဇင်မုန့်လေးဝယ်ပေါ့။ သဇင်မုန့်ဆိုတာ သဇင်ဘီစကွတ်မုန့်ကို ပြောတာ။ နောက်ပိုင်းကျတော့ ယိုးဒယားခေါက်ဆွဲခြောက် ဆိုတာ ပေါ်လာတယ်။ ချဉ်ချဉ်စပ်စပ်လေးနဲ့ လူမမာ ခံတွင်းတွေ့တဲ့ ဓာတ်စာတစ်မျိုးတိုးတာပေါ့။ ကိုယ်တွေမှာ နေထိုင်မကောင်းဖြစ်ပြီဆို စားစရာက ဆန်ပြုတ်ရယ်၊ ဆိုင်ကချိုင့်ဆွဲ ကာဖီရေရယ်၊ သဇင်မုန့်ရယ်၊ ကိတ်မုန့်ရယ်၊ ယိုးဒယား ခေါက်ဆွဲခြောက်ရယ်လေ။ နည်းနည်း အဖျားတာရှည်ရင်တော့ အိမ်က နို့ဆီဗူးနဲ့ ကော်ဖီမှုန့် သကြားဝယ်ပြီး ကော်ဖီဖျော်တိုက်တတ်ပါတယ်။ ကိုယ်ကတော့ နို့ဆီဗူးထဲက နို့ဆီခိုးယက်ရတာကို အရသာအလွန်တွေ့တာ။ ဒါပေမယ့် တကယ်တမ်း ဖျားပြီတဲ့ဟေ့ ဆိုမှဖြင့် ကိုယ်ကြိုက်တဲ့ နို့ဆီလည်း အရသာမရှိတော့ပါဘူး။
သုံးလေးရက်လောက် ခေါင်းမထောင်နိုင်အောင် လူးလိမ့်နေပြီးရင် နည်းနည်း နေကောင်းလာပြီဆိုတာနဲ့ ပထမဆုံး လုပ်တဲ့အလုပ်က စားချင်တာတွေကို စာရင်းချရေးတာပဲ။ နေမကောင်းတုန်းက ခံတွင်းမလိုက်လို့ရယ် အိမ်က ခွင့်မပြုလို့ရယ် မစားခဲ့ရတာတွေကို နေကောင်းရင်တော့ ဒါတွေ စားမယ်ကွဆိုပြီး စာရင်းလုပ်တာလေ။ လူကြီးတွေပြောတဲ့ မတည့်တဲ့အစာတွေပေါ့။ ကိုယ့်စာရင်းထဲ အများဆုံး ပါတတ်တာတွေက သင်္ဘောသီးသုပ်၊ ဒံပေါက်၊ ဖွာလူဒါ၊ မုန့်ဟင်းခါးချဉ်ချဉ်စပ်စပ်သုပ်၊ ကြက်သားကြော် မှတ်မိသလောက်တော့ အဲဒါတွေပါပဲ။ အမေကတော့ ကိုယ့်စာရင်းကိုကြည့်ပြီး အေးပါသားရယ် နေကောင်းရင် အမေ၀ယ်ကျွေးပါ့မယ်လို့ နှစ်သိမ့်တတ်ပေမယ့် တကယ်နေကောင်းတော့လည်း အဲဒါတွေက မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြန်ရော။

အခု ပန်းပွင့်လေးတို့ခေတ်ကျတော့ တော်တော်ကို ပြောင်းလဲသွားပြီ။ အယူအဆတွေကအစ ကိုယ်တွေငယ်ငယ်ကနဲ့ တစ်ချို့ဆို ဆန့်ကျင်ဘက်လို့တောင် ပြောလို့ရအောင် ပြောင်းလဲသွားတာ။ ကိုယ်တွေ ငယ်ငယ်က ဖျားပြီနာပြီဆိုရင် ဘာမှ မစားရတော့သလောက်ပဲ။ ခုတော့ ဟုတ်ပေါင်။ စားချင်တာကျွေး ၀င်သလောက်ကျွေးတဲ့။ ပန်းပွင့်လေးများ နေမကောင်းဖြစ်လဲ နေကောင်းတုန်းကလိုပဲ အကုန်ကျွေးတာပဲ။ မစားဘူးဆိုရင်တောင် ချော့မော့ ပြီး မ၀င် ၀င်အောင် ကျွေးရတာ။ နေမကောင်းလို့များ မတည့်တဲ့အစာဆိုတာ ဒီခေတ်ဒီအခါ မရှိတော့ဘူး ထင်ပါရဲ့။ နောက်ပြီးတော့ ကိုယ်တွေတုန်းက နေမကောင်းရင် လေစိမ်းတိုက်မခံရဘူးဆိုပြီး တံခါးတွေအကုန်ပိတ် စောင်ကြီးခြုံပြီးနေရတာ။ အခုကျတော့ လေကောင်းလေသန့်ရအောင် ထားရမတဲ့။ ကိုယ်တွေပူနေရင် အဲယားကွန်းလေးနဲ့ပါ ထားရမတဲ့။ ပန်းပွင့်လေးတို့ အကြိုက်ပေါ့ဗျာ။ အမယ် ဆေးခန်းသွားတော့ရောတဲ့။ ကိုယ်တွေတုန်းက ဆေးခန်းရောက်တာနဲ့ ဆရာဝန်က ဖင်လှန်ပြီး ဆေးထိုးတော့တာ။ အခုခေတ်ကျတော့ ဆေးမထိုးဘူးဗျ။ သောက်ဆေးပဲ ပေးတယ်။ ဆေးထိုးတာ မကောင်းဘူးဆိုပဲ။ ဆေးခန်းတစ်ခါသွားရင်လည်း ကုန်လိုက်တဲ့ ပိုက်ဆံတွေဆိုတာ သောက်သောက်လဲ။

ဘာရယ်လို့ မဟုတ်ပါဘူး။ ပန်းပွင့်လေး နေမကောင်းတော့ တွေးမိတွေးရာလေးတွေ လျှောက်ရေးလိုက်တာ

ဖက်ထားပေးပါ


သူများတွေက အဖေ အဖေဆိုတော့ ကျွန်တော်လည်း အဖေ့ကို တ မိတယ်။ အဖေ့ဘ၀ထဲက ကျွန်တော် ထွက်လာတာလား ကျွန်တော့်ဘ၀ထဲက အဖေထွက်သွားတာလား။ ဒုတိယနှစ်တက်ဖို့ ကျောင်းကို ပြန်သွားခါနီးတော့ ခြံထဲက သစ်ပင်တွေကြားမှာ အလုပ်များနေတဲ့အဖေကို ကားပေါ်မတက်ခင် သွားနုတ်ဆက်တယ်။ နောက်တစ်ခေါက် အိမ်ပြန်လာလို့ အဖေ့ကို တွေ့ရတော့မှာ မဟုတ်ဘူးဆိုတာ သိခဲ့ရင် အဲသည်တုန်းက အဖေ့ကို တစ်ဝကြီး ဖက်ထားခဲ့မိမှာပါ။ အဖေ ကျွန်တော့်ကို ဖက်ထားစမ်းပါလို့ တောင်းဆိုခဲ့မိမှာပါ။

ဒုတိယနှစ်ပြီးလို့ အိမ်ကို ခွင့်ပြန်လာတော့ ခြံထဲမှာ အဖေ့ကို လိုက်ရှာမိတယ်။ အမေတို့ မမတို့ကပြောတော့ အဖေဆုံးသွားပြီတဲ့။ မဟုတ်သေးပါဘူး။ ကျွန်တော် ကျောင်းကိုပြန်သွားတုန်းကမှ ဒီခြံထဲမှာ အဖေ အလုပ်တွေ လုပ်နေသေးတာကို။ အမေတို့ပြောတာကို မယုံလို့ မဟုတ်ပေမယ့် အဖေ့ကို အရိပ်အယောင်လေးဖြစ်ဖြစ် တွေ့လိုတွေ့ငြား ခြံထဲက အပင်တွေကြားမှာ လှည့်ပတ် ရှာမိတယ်။

အခုနေများ တန်ခိုးရှင်တစ်ယောက်ယောက်က အဖေကို ခဏလေးဖြစ်ဖြစ် ပြန်ခေါ်လာပေးတယ်ဆိုရင် အဖေ့ကို တစ်ခုပဲ တောင်းဆိုချင်ပါတယ်။ ကျွန်တော်ကို တင်းတင်းလေး ဖက်ထားပေးပါအဖေ။ တစ်ခါလောက်ပဲ ဖြစ်ဖြစ်ပါ။

သက်တော်ရှည်ဘွဲ့ ရုပ်သိမ်းပြီလား


ဒီနေ့ ရေးမှာကတော့ အခြေခံဥပဒေ ပြင်ဆင်ရေး ဒုတိယ ဥပဒေကြမ်းထဲက တရားရေးမဏ္ဍိုင်နဲ့ ပတ်သက်တဲ့ ပြင်ဆင်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။ အရင်ရက်တွေကတည်းက ဒီအကြောင်းကို ရေးချင်နေပေမယ့် သိထားတဲ့ အချက်အလက်တွေ ပိုပြီးခိုင်မာအောင် သက်ဆိုင်တာတွေ လိုက်ဖတ်နေရတာကြောင့် သေချာတဲ့ အကြောင်းအရာတွေကိုပဲ ဦးစားပေး ရေးခဲ့တာ ဖြစ်ပါတယ်။

တရားရေးမဏ္ဍိုင်နဲ့ ပတ်သက်ပြီး အထင်ရှားဆုံး အပြောင်းအလဲကတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေရဲ့ သက်တမ်းကို သမ္မတ သက်တမ်းအတိုင်း ကန့်သတ်လိုက်တာပဲ ဖြစ်ပါတယ်။ မူလ ပြဌာန်းချက်များအရ ပြည်ထောင်စုတရားသူကြီးချုပ် အပါအ၀င် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများကို အသက် ငါးဆယ်ကနေ ခုနစ်ဆယ်အထိ တာဝန်ထမ်းဆောင်ခွင့် ပေးထားပါတယ်။ သမ္မတတွေ လွှတ်တော်အမတ်တွေ ဘယ်လိုပင် ဘယ်နှစ်ဆက် ပြောင်းသော်လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများက အသက် ခုနစ်ဆယ်ထိ ဆက်လက်တာဝန်ထမ်းဆောင်ခွင့် ရတာပါ။ အခု ပြင်ဆင်ချက် အရဆိုရင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေရဲ့ တာဝန်ထမ်းဆောင်မယ့် သက်တမ်းက ငါးနှစ်ဖြစ်ရုံသာမက တစ်ယောက်ယောက် လစ်လပ်သွားလို့ အစားထိုးဆက်လက် တာဝန်ထမ်းဆောင်တဲ့ သူကလည်း မူလတစ်ယောက် သက်တမ်းပြည့်တဲ့အချိန်အထိပဲ တာဝန်ထမ်းဆောင်ခွင့် ရှိမယ့်သဘောဖြစ်နေပါတယ်။ သဘောကတော့ အစိုးရသက်တမ်း တစ်ခုပြီးရင်တစ်ခု ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေ အသစ်ပြန်ခန့်ရမယ့်သဘောဖြစ်ပါတယ်။ ပုံမှန်အတိုင်းတက်လာတဲ့ သမ္မတ နဲ့ လွှတ်တော်ဥက္ကဌ နှစ်ယောက်က ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေ စိတ်ကြိုက်ရွေးချယ် ခန့်နိုင်ခွင့်ရှိသွားတဲ့ သဘောဖြစ်ပါတယ်။

အကြောင်းအရာ ပြောပြီးပြီဆိုတော့ ထင်မြင်သုံးသပ်ချက်လေး ဆက်ပြောပါ့မယ်။ အဲလို ပြင်လိုက်တော့ မကောင်းဘူးလားတဲ့။ ဟုတ်ကဲ့။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးတွေရဲ့ သက်တမ်းကို အစိုးရသက်တမ်းထက်ပိုပြီး အရှည်ကြီးထားပေးတာ ရည်ရွယ်ချက် ရှိပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အလုပ်တွေကို ပြင်ပ လွှမ်းမိုးမှု ပယောဂ ကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်အောင်၊ ရှင်းအောင် ပြောရရင် သူတို့ကို ခန့်လိုက်တဲ့ သမ္မတ မျက်နှာတောင် ပြန်လှည့်ကြည့်စရာ မလိုအောင်၊ ဘယ်သူတွေ ကြိုက်ကြိုက် မကြိုက်ကြိုက် တရားသဖြင့် စီရင်ဆုံးဖြတ်နိုင်အောင် သက်တမ်းအရှည်ကြီး ပေးထားတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်က ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတွေမှာလည်း အလားတူ သက်တော်ရှည်စနစ်ကို ကျင့်သုံးကြတာ တွေ့ရပါတယ်။

အမေရိကန် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေရဲ့ သက်တမ်းက ရာသက်ပန်ဖြစ်ပါတယ်။ သူတို့တာဝန်ကို သူတို့ ကောင်းကောင်း ထမ်းဆောင်နေသရွေ့ မသေမချင်း ထမ်းဆောင်ခွင့် ပေးထားပါတယ်။ အမေရိကန် သမ္မတတွေ ဘယ်လောက် အာဏာကြီးတယ်ပြောပြော၊ သူတို့တက်လာတဲ့ သက်တမ်းမှာ ရာထူးက အနားယူသွားလို့ ဒါမှ မဟုတ် ကွယ်လွန်သွားလို့ လစ်လပ်သွားတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေကိုပဲ ပြန်ခန့်ခွင့်ရှိတာပါ။ အဲဒါကြောင့်မို့ တရားလွှတ်တော်ချုပ်က သမ္မတနဲ့ လွှတ်တော်ရဲ့ လွှမ်းမိုးမှုက လုံးလုံး ကင်းပါတယ်။ တရားလွှတ်တော်ချုပ်က တရားဥပေဒရှိတဲ့အတိုင်း ဘယ်သူမျက်နှာမှ မထောက်မထား စီရင်ဆုံးဖြတ်နိုင်ပါတယ်။ သူ့သက်တမ်းက အရှည်ကြီးမို့ သူ့ကို ကျန်တဲ့ မဏ္ဍိုင်တွေက အလေးဂရု ပြုကြရပါတယ်။ အိန္ဒိယ တရားလွှတ်တော်ချုပ်တရားသူကြီးရဲ့ သက်တမ်းက ခြောက်ဆယ့်ငါးနှစ်အထိ ဖြစ်ပါတယ်။ ကနေဒါ တရားလွှတ်တော်ချုပ် တရားသူကြီးတွေက အသက် ခုနစ်ဆယ့်ငါးအထိ တာဝန်ထမ်းဆောင်ကြရပါတယ်။ ယူကေမှာဆိုရင်လည်း ခုနစ်ဆယ့်ငါးနှစ်အထိ ထမ်းဆောင်ကြရပါတယ်။

သူများနိုင်ငံ ဥပမာတွေ ပေးတာက သူတို့ လုပ်တိုင်း လိုက်လုပ်ရမယ်။ သူတို့ လုပ်သမျှ အကောင်းချည်းလို့တော့ မဆိုလိုပါဘူး။ ဒီလိုရည်ရွယ်ချက်နဲ့ ဒီလို လုပ်ကြတယ်ဆိုတာ ဗဟုသုတ သဘောမျိုး မျှဝေပေးတာသာ ဖြစ်ပါတယ်။

မြန်မာ့အခြေခံဥပဒေ မူလ ပြဌာန်းချက်တွေက ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေကို အသက် ငါးဆယ်ကနေ ခုနစ်ဆယ်အထိ တာဝန်ထမ်းဆောင်ဖို့ သက်တော်ရှည်ဘွဲ့ ပေးထားတာကို အခု ပြင်ဆင်ချက် ဥပဒေကြမ်းက သမ္မတသက်တမ်းနဲ့ အတူတူဖြစ်အောင် ပြင်ဆင်သတ်မှတ်ပြီး သက်တော်ရှည်ဘွဲ့ ရုပ်သိမ်းဖို့ ကြိုးစားကြတဲ့ ရည်ရွယ်ချက်ဟာ တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးက တရားဝင်လွှမ်းမိုးချုပ်ကိုင်ခွင့်ရအောင် အားထုတ်မှုတစ်ခုပဲဆိုတဲ့ ကျွန်တော့်အထင်တွေ မှားပါစေလို့ ဆုတောင်းရင်း . . .

တရားသူကြီးချုပ် ခန့်ထားပုံအပြောင်းအလဲ
-------------------------------------------------
ပြီးခဲ့တဲ့ စာမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတွေရဲ့ သက်တမ်းကို သမ္မတသက်တမ်းနဲ့ အတူတူဖြစ်အောင် ပြင်ဆင်ထားတဲ့ အခြေခံဥပဒေပြင်ဆင်ချက် ဥပဒေကြမ်းထဲက အကြောင်းကို သက်တော်ရှည်ဘွဲ့ရုပ်သိမ်းပြီလား ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့ပါတယ်။ အခုလည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ပတ်သက်တဲ့ နောက်ထပ်ပြင်ဆင်ချက် အချို့ကို ဆက်လက် တင်ပြပါ့မယ်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေ ရွေးချယ်ခန့်ထားတဲ့ ပုံစံ ပြောင်းသွားပါတယ်။ မူလက ပြည်ထောင်စု တရားသူကြီးချုပ် ရဲ့ အမည်စာရင်းကို သမ္မတက လွှတ်တော်ကို တင်သွင်းရပါတယ်။ လွှတ်တော်က သဘောတူလို့ ပြည်ထောင်စုတရားသူကြီးချုပ်ကို ခန့်ပြီးတဲ့အခါကျမှ သမ္မတနဲ့ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ညှိနှိုင်းပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေရဲ့ အမည်စာရင်းကို လွှတ်တော်ကို သမ္မတက တင်ရတာပါ။ အခု ပြင်ဆင်ထားချက် ဥပဒေကြမ်းအရဆိုရင် ဒုတိယပြည်ထောင်စုတရားသူကြီးချုပ် သုံးယောက် အမည်စာရင်းကို သမ္မတနဲ့ လွှတ်တော်ဥက္ကဌနှစ်ယောက်က တစ်ယောက်စီ လွှတ်တော်ကို တင်ပြရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးပါဝင်တဲ့ ပြည်ထောင်စု တရားသူကြီးချုပ် ရွေးချယ်တင်မြှောက်ရေးအဖွဲ့က အဲသည် သုံးယောက်ထဲက တစ်ယောက်ကို ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ရွေးချယ်ပေးရမှာပါ။ ပြီးတော့မှ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ဒုတိယပြည်ထောင်စု တရားသူကြီးချုပ် နှစ်ဦးတို့ ညှိနှိုင်းပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေ အမည်စာရင်းကို လွှတ်တော်ကို တင်ပြအတည်ပြုချက် ရယူခန့်အပ်ရမှာ ဖြစ်ပါတယ်။ ဒါလောက်ပါပဲ။

ရွေးကောက်ပွဲ ကော်မရှင် ပြင်ဆင်ခြင်း


ဒီနေ့တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ဥပဒေကြမ်းထဲက ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး ဘယ်လို ပြင်ဆင်ထားတယ်ဆိုတာ တင်ပြမှာပါ။

နံပါတ် (၇) မူလ ပြဌာန်းချက်များအရ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေကို နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းပြီး လွှတ်တော်က အတည်ပြုပေးတာကို သမ္မတက ခန့်အပ်ရတာပါ။ အခု ပြင်ဆင်ချက် ဥပဒေကြမ်းအရဆိုရင် သမ္မတ တစ်ယောက်တည်းက ရွေးချယ်ပေးရတော့မှာ မဟုတ်တော့ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့ဝင်တွေ ရွေးချယ် ခန့်အပ်သလိုပဲ သမ္မတရယ် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ နှစ်ယောက်ရယ်က နာမည်စာရင်းတင်သွင်းတာကို လွှတ်တော်က အတည်ပြုပြီး သမ္မတက ခန့်အပ်ရမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ထူးခြားချက် နှစ်ချက် တွေ့ပါတယ်

ပထမ ထူးခြားချက်ကတော့ ကော်မရှင်အဖွဲ့ဝင် အရေအတွက်ကို ဥက္ကဌအပါအ၀င် အနည်းဆုံး ခြောက်ဦးခန့်အပ်ရမယ်လို့ ဆိုထားလို့ပါ။ ကျွန်တော် နားလည်သလောက်ဆိုရင်တော့ အဖွဲ့တွေ၊ ကော်မတီတွေ ကော်မရှင်တွေ ဖွဲ့စည်းရင် အရေအတွက်ကို မ ဂဏန်း ထားရလေ့ ရှိပါတယ်။ ဒါမှသာ ကိစ္စတစ်ခုကို ဆွေးနွေးဆုံးဖြတ်တဲ့အခါမှာ အဖွဲ့ဝင်တွေအကြား ဆန့်ကျင်ဘက် အမြင်နှစ်မျိုးကွဲလွဲတာ ရှိရင်တောင် အရေအတွက် မညီမျှတော့ဘဲ တစ်ဘက်က အားသာတာ ဖြစ်ပြီး တစ်ခုခုကို များရာဆန္ဒနဲ့ ဆုံးဖြတ်နိုင်မှာလို့ မှတ်သားဖူးပါတယ်။ စုံဂဏန်းအရေအတွက်နဲ့ ဖွဲ့စည်းထားလို့ အဖွဲ့ဝင်အချင်းချင်း ဆန့်ကျင်ဘက် အမြင်နှစ်မျိုး သဘောထား ကွဲလွဲတဲ့အခါ ဘက်နှစ်ဘက် အရေအတွက်မျှနေရင် တစ်ခုခုကို ဆုံးဖြတ်ဖို့ အခက်အခဲ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အခြေခံဥပဒေမှာ ရေးသားထားတဲ့ မူလ အရေအတွက်က အနည်းဆုံး ငါးဦးခန့်အပ်တာဝန်ပေးနိုင်သည်လို့ ပြဌာန်းထားတာပါ။ ပြင်ဆင်ချက်မူကြမ်းအရ သမ္မတနဲ့ လွှတ်တော်ဥက္ကဌ နှစ်ဦးတို့က တစ်ဦးကို နာမည်နှစ်ယောက်စာရင်းပေးရင် သုံးယောက်ဆိုတော့ ခြောက်ယောက်ဖြစ်လိမ့်မယ်လို့ တွက်ချက်မှုအရ ကော်မရှင်အဖွဲ့ဝင်ဦးရေကို အနည်းဆုံး ခြောက်ဦးခန့်အပ်တာဝန်ပေးနိုင်တယ် ဆိုပြီး ဖြစ်သွားပုံ ရပါတယ်။ ဘာပဲ ဖြစ်ဖြစ် အခြေခံဥပဒေအရ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတိုင်းမှာ မဂဏန်းအရေအတွက်သာ ခန့်အပ်လေ့ရှိတာမို့ ကော်မရှင်အဖွဲ့ဝင် အနည်းဆုံး ခြောက်ဦးဆိုတဲ့ ပြင်ဆင်ချက်ကို ပြန်လည် သုံးသပ်သင့်တယ်လို့ ထင်ပါတယ်။

ဒုတိယ ထူးခြားချက်ကတော့ မူလပြဌာန်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ ပြဌာန်းချက်တွေမှာ ကော်မရှင်အဖွဲ့ဝင်တွေရဲ့ သက်တမ်းကို ထည့်သွင်းရေးသားခဲ့ခြင်း မရှိပါဘူး။ တစ်နည်းအားဖြင့်ဆိုရင် ကော်မရှင်အဖွဲ့ဝင်တွေရဲ့ ရာထူးသက်တမ်းက (အကြောင်းတစ်ခုခုကြောင့် အငြိမ်းစားမယူ မရပ်စဲ ဘူးဆိုရင်) ကွယ်လွန်ချိန်ထိ တာဝန်ထမ်းဆောင်နိုင်ကြောင်း ယူသော်ရ၏ အဓိပ္ပာယ်မျိုး သက်ရောက်နေသလိုပါပဲ။ ဒါနဲ့ ပတ်သက်ပြီး အမျိုးသားညီလာခံမှာ ဆွေးနွေးကြစဉ်က ဒီအကြောင်း ဘယ်လိုဆွေးနွေးခဲ့တယ်ဆိုတာတွေ ပြန်ဖတ်ကြည့်တော့လည်း ရာထူးသက်တမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးထားတဲ့ မှတ်တမ်းမှတ်ရာ မတွေ့မိပါဘူး။ (တွေ့ရင်ပြောပြပေးစေချင်ပါတယ်)။ အစိုးရသစ်မတက်မီ အရင် နယက ပြဌာန်းခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် ဥပဒေမှာလည်း သက်တမ်းနဲ့ပတ်သက်တဲ့ ပြဌာန်းချက် မပါဝင်ပါဘူး။ ဒါပေမယ့် အခုလက်ရှိတည်ဆဲ ရွေးကောက်ပွဲကော်မရှင် ဥပဒေမှာတော့ ကော်မရှင်အဖွဲ့ဝင်တွေရဲ့ ရာထူးသက်တမ်းကို ငါးနှစ်လို့ ထည့်သွင်းရေးဆွဲထားတာ တွေ့ရပါတယ်။ ကျွန်တော်ပြောချင်တဲ့ ထူးခြားချက်ဆိုတာ မူလပြဌာန်းချက်ထဲမှာ လုံးဝမပါဝင်ခဲ့တဲ့ ကော်မရှင်အဖွဲ့ဝင်တွေရဲ့ ရာထူးသက်တမ်းကို အခု ပြင်ဆင်ချက်မှာလည်း ထည့်သွင်းရေးသားထားတာ မတွေ့ရတာပဲ ဖြစ်ပါတယ်။ ကော်မရှင်အဖွဲ့ဝင်တွေရဲ့ သက်တမ်းက ရာသက်ပန်ဟုတ်လား မဟုတ်လား ၀ိဝါဒ ကွဲပြားအောင် အခုနေ အခြေခံဥပဒေ ပြင်ဆင်တဲ့အခါ ထည့်လိုက်သင့်တယ်လို့ ထင်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ၀က်ဆိုက်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဖေ့ဘုတ်

အခြေခံဥပဒေ အခန်းဆက်ဇာတ်လမ်း


အရင်နေ့က အခြေခံဥပဒေပြင်ဆင်ခြင်းနဲ့ ပတ်သက်ပြီး ပြောထားတာကို ဒီနေ့ ဆက်ပြောပါ့မယ်။ မနေ့က နံပါတ် တစ် ပြီးသွားတော့ ဒီနေ့ နံပါတ်နှစ်ပေါ့။
နံပါတ် (၂) ဒါကတော့ ရှင်းပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းတဲ့ ကော်မတီများကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအဖြစ် သတ်မှတ်သည် တဲ့။ ဒီလို အခြေခံဥပဒေထဲ ထည့်ရေးလိုက်တော့လည်း ရှင်းသွားတာပဲ။ အဲသည်ကော်မတီတွေကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းမဟုတ်ပါဘူးလို့ ဆုံးဖြတ်မိလို့ ဟိုတစ်လောက အခြေခံဥပဒေခုံရုံးတစ်ရုံးလုံး လွှတ်တော်က စွပ်စွဲပြစ်တင်မလုပ်ခင် နှုတ်ထွက်သွားရပါရောလား။

နံပါတ် (၃) ပြည်ထောင်စုဝန်ကြီး တွေ ခန့်အပ်တာနဲ့ ဆိုင်ပါတယ်။ မူလပြဌာန်းချက်များအရ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများကိုပါ ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ခွင့် ရှိခဲ့ပေမယ့် အခု ပြင်ဆင်ချက်အရ လွှတ်တော်ကိုယ်စားများကိုသာ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်ခွင့် ရှိပါတော့မယ်။ အနော် မြင်မိသလောက်ကတော့ သမ္မတဟာ နိုင်ငံရေးသမား လွှတ်တော်အမတ် မဟုတ်တဲ့ ပြင်ပက သက်ဆိုင်ရာ နယ်ပယ်မှာ ကျွမ်းကျင်သူ ပညာရှင်များကို အစိုးရအဖွဲ့ထဲကို ထည့်သွင်းခန့်အပ်ခွင့် မရှိတော့ပါဘူး။ နိုင်ငံရေးတွေ ပါတီတွေ ရွေးကောက်ပွဲတွေနဲ့ ကင်းကင်းရှင်းရှင်း နေချင်ကြတဲ့ ပညာရှင်ကြီးတွေကို အစိုးရအဖွဲ့ထဲမှာ ဆက်လက် မြင်တွေ့ခွင့်ရဖို့ အကန့်အသတ်ကြီးတစ်ခု ဖြစ်သွားပါပြီ။

နံပါတ် (၄) ပြည်နယ် တိုင်းဒေသကြီး ၀န်ကြီးချုပ်ခန့်တာနဲ့ ဆိုင်ပါတယ်။ မူလ ပြဌာန်းချက်များအရ ပြည်နယ် တိုင်းဒေသကြီး လွှတ်တော်အမတ်များထဲကနေ အရည်အချင်းကိုက်ညီတဲ့တစ်ယောက်ကို သမ္မတက ရွေးချယ်ခန့်အပ်တဲ့ စနစ်ဖြစ်ပါတယ်။ အခု ပြင်ဆင်ချက်အရ ၀န်ကြီးချုပ်လောင်းကို သမ္မတက ရွေးချယ်တော့မှာ မဟုတ်ဘဲ ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်ထဲမှာ လွှတ်တော်အမတ်များက ရွေးချယ်ပြီး သမ္မတက ခန့်အပ်ပေးရမှာ ဖြစ်ပါတယ်။ ကိုယ့်ပြည်နယ်ဝန်ကြီးချုပ်ကို ကိုယ့်ပြည်နယ်လွှတ်တော်က စိတ်ကြိုက်ရွေးခန့်ခွင့်ရတော့မှာ ဖြစ်တဲ့အတွက်အာဏာခွဲဝေမှု ပိုမို ပီပြင်လာတာမို့လို့ ကြိုဆိုထိုက်ပါတယ်။ အဲသည် ၀န်ကြီးချုပ်က အကြောင်းတစ်ခုခုကြောင့် ရာထူးက နှုတ်ထွက်ချင်ရင် သက်ဆိုင်ရာ လွှတ်တော်ကနေတစ်ဆင့် နိုင်ငံတော် သမ္မတဆီကို တင်ပြနုတ်ထွက်နိုင်တယ်တဲ့။ အဲ - နောက်တစ်ခုကတော့ အဲ - ဘယ်လိုပြောရမလဲပေါ့ဗျာ။ နည်းနည်း အကွက်ဆန်းလေးပေါ့။ လုပ်ငန်းတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်သော ပြည်နယ်ဝန်ကြီးချုပ်ကို တဲ့ သမ္မတက တဲ့ ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်တဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာခြင်းမပြုလျှင်တဲ့ တာဝန်မှ ရပ်စဲရမည် တဲ့။ ဒါများ ဘာဆန်းလို့လည်း မမေးနဲ့။ ပြောပြမယ်။ ပြည်နယ်လွှတ်တော်က သူတို့ကြိုက်လို့ သူတို့ဘာသာ ရွေးခန့်ထားတဲ့ ၀န်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်မှာလည်း စွပ်စွဲပြစ်တင် ဖြုတ်ချပိုင်ခွင့်ရှိနေတဲ့ ၀န်ကြီးချုပ်ကို သမ္မတက ဘာလို့များ နုတ်ထွက်ရန် ညွှန်ကြားစရာ လိုမှာပါလိမ့်။ လိုက်လို့ မမီဘူးဗျာ။ ဒီ့ထက် ဆန်းတာ ရှိသေးတယ်။ သေချာဖတ်နော် " ခိုင်လုံသော အထောက်အထား အထင်အရှား မပြနိုင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်ကို ငြင်းပယ်ခွင့် မရှိစေရ " တဲ့ ဗျ။ မြင်ယောင်မိပါတယ်။ နိုင်ငံတော်သမ္မတက ဟေ့ရောင် ၀န်ကြီးချုပ် မင်းလုပ်ငန်းတာဝန်တွေ ကျေပွန်စွာ မထမ်းဆောင်ဘူး မင်းဒိုးတော့ ဆိုရင်။ ၀န်ကြီးချုပ်က သူဘယ်လို အလုပ်လုပ်ကြောင်း ခိုင်လုံသော အထောက်အထားတွေ ပြတော့မယ်။ အင်း - အရင်တုန်းက သမ္မတက လွှတ်တော်နဲ့ပဲ ငြင်းရခုန်ရတာ။ အခု ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ပါ အငြင်းအခုန် ဖြစ်တော့မယ် ထင်ပါရဲ့။ သမ္မတက ပြည်နယ်ဝန်ကြီးချုပ် မင်း ဒိုးတော့လို့ ညွှန်ကြားလိုက်တာနဲ့ သမ္မတနဲ့ ၀န်ကြီးချုပ် အချေအတင်တွေ ငြင်းကြခုန်ကြ ရှင်းကြ ချေကြမှာတွေတော့ မြင်ယောင်မိပါသေး ဟေး ဟေး . . .

နံပါတ် (၅) ပြည်နယ် တိုင်းဒေသကြီး ၀န်ကြီးတွေ ခန့်တာနဲ့ ဆိုင်ပါတယ်။ မူလပြဌာန်းချက်များအရ ပြည်နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် မဟုတ်သူများကို ပြည်နယ်ဝန်ကြီး ခန့်ခွင့် ရှိခဲ့ပေမယ့် အခု ပြဌာန်းချက်များအရ ပြည်နယ်ဝန်ကြီးများကို သက်ဆိုင်ရာ လွှတ်တော်အမတ်တွေထဲကပဲ ရွေးချယ် ခန့်အပ်ရတော့မှာ ဖြစ်ပါတယ်။ အကျိုးဆက်ကတော့ သက်ဆိုင်ရာ ဒေသအကျိုးစီးပွားအတွက် ပါတီနိုင်ငံရေးတွေ ရွေးကောက်ပွဲတွေနဲ့ ကင်းကင်းရှင်းရှင်းနေတဲ့ ပညာရှင်များကို အစိုးရအဖွဲ့ထဲ ထည့်သွင်း နေရာပေးလို့ မရတော့ပါဘူး။ လွှတ်တော်အမတ်တွေကတော့ သဘောကျကြမယ် ထင်ပါရဲ့

အခြေခံဥပဒေ ပြင်ဆင်ရေး ဒုတိယ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး နောက်ထပ် တင်ပြစရာ နံပါတ် နှစ်ခု ကျန်ပါသေးတယ၊ အဲဒါကို ပြည့်ပြည့်စုံစုံ ပြောပြနိုင်အောင် အမေရိကန် အခြေခံဥပဒေကို ပြန်ဖတ်ကြည့်ချင်သေးလို့ ဒီနေ့အဖို့တော့ ဒီလောက်နဲ့ပဲ နားပါရစေ။ ရွှင်လန်း ချမ်းမြေ့ကြပါစေဗျ။

လွှတ်တော်ထဲက သမ္မတကြီးများ


မနက် ခရီးထွက်ရမှာမို့ နုတ်ဆက်ပါတီပွဲကတောင် စောစောပြန်လာပြီး လိုအပ်တာတွေလုပ် ခရီးဆောင်အိတ်ပြင်ဆင် စောစောစီးစီး အိပ်ယာဝင်တော့ပါမယ်ဆိုကာမှ ဒီစာကို ဖတ်ဖြစ်အောင် ဖတ်မိလိုက်တာဆိုတော့လည်း မနေနိုင်မထိုင်နိုင် ရေးမိပြန်ပါပြီ။ ဖတ်မိတဲ့ စာကတော့ အခြေခံဥပဒေ ပြင်ဆင်ရေး ဒုတိယ ဥပဒေကြမ်းဖြစ်ပါတယ်။ အကြမ်းဖျင်းတစ်ခေါက် ဖတ်ကြည့်လိုက်တဲ့အချိန်မှာပဲ စိတ်ပျက်စရာကောင်းတဲ့ ပြင်ဆင်ချက်တွေ အများကြီးတွေ့ရပါတယ်။ သို့သော်လည်း စိတ်ပျက်နေရုံနဲ့ မပြီးသေး။ ဒီဥပဒေကြမ်းမှာ ဘာပြင်ဆင်ချက်တွေ ပါတယ်ဆိုတာလည်း အသေးစိတ်ဖတ်ဖို့ အခြေအနေမပေးတဲ့ မိတ်ဆွေများကို ပြောပြချင်တာကြောင့် ဒီစာကို ရေးပါတယ်။ ပြီးခဲ့တဲ့ စာတုန်းကလိုပဲ အကြောင်းအရာတူရာတွေကို နံပတ်စဉ်တပ်ပြီး ပြောပြသွားပါ့မယ်။

နံပါတ် (၁) ပုဒ်မ ၆၂၊ ၆၃၊ ၆၄ တို့ကို ပယ်ဖျက်မယ်တဲ့။ မူရင်းပုဒ်မ စာသားတွေ ပြောပြနေရင် ခေါင်းရှုပ်မှာစိုးလို့ ရိုးရိုးပဲ ပြောပြပါရစေ။ အဲသည် ပုဒ်မ သုံးခုက နိုင်ငံတော်သမ္မတ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ လွှတ်တော် ဥပဒေပြုရေး မဏ္ဍိုင်ကို ပိုင်းခြားပေးထားတဲ့ ပုဒ်မ ဖြစ်ပါတယ်။ မူရင်းပုဒ်မ သုံးခုအရ နိုင်ငံတော်သမ္မတတွေဟာ လွှတ်တော်အမတ်ဖြစ်လို့ မရပါဘူး။ နိုင်ငံ့ဝန်ထမ်းဖြစ်လို့ မရပါဘူး။ ပါတီလုပ်ငန်းတွေ လုပ်လို့ မရပါဘူး။ အခု အဲသည်ပုဒ်မတွေကို ပယ်ဖျယ်လိုက်တယ်ဆိုတော့ နိုင်ငံတော်သမ္မတဟာ လွှတ်တော်အမတ်လည်း ဆက်ဖြစ်နေပါမယ်။ (လွှတ်တော်အမတ်အဖြစ်က နုတ်ထွက်စရာ မလိုတော့ဘူး)။ နိုင်ငံတော် သမ္မတများဟာ သက်ဆိုင်ရာ ပါတီလုပ်ငန်းတွေမှာ ဆက်လက် လုပ်ဆောင်ပတ်သက်နေခွင့် ရှိနေမယ်။ (ပါတီလုပ်ငန်း ဆက်လုပ်နေခွင့် ပြုထားတယ်)။ ဘုရားရေ သောက်ဆန်းကြီးပါလားလို့ တ မိပါတယ်။
နည်းနည်းလောက် ပေရှည်လိုက်ပါအုံးမယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ ၀န်ကြီးချုပ်တွေ ၀န်ကြီးတွေက လွှတ်တော်ထဲမှာ အမတ်တွေအဖြစ် ရှိနေတာက ဗြိတိသျှပုံစံပါ။ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး (သမ္မတနဲ့ လွှတ်တော်) ခွဲခြားထားတာက အမေရိကန်ပုံစံပါ။ မြန်မာပြည်မှာ ယခု လက်ရှိကျင့်သုံးနေတာ ပြည်ထောင်စုအဆင့်မှာ အမေရိကန် စနစ်ကို ကျင့်သုံးနေတာပါ။ စနစ်တိုင်းမှာ အားသာချက် အားနည်းချက် ရှိတယ်ဆိုပေတဲ့ သမ္မတကို လွှတ်တော်အမတ်အဖြစ် လွှတ်တော်ထဲ ဆက်ထိုင်နေခွင့် ပြုလိုက်တာတော့ တော်တော်ကို ဆန်းတဲ့ အကွက်လို့ ဆိုရပါလိမ့်မယ်။ ဘယ်လို အကျိုးဆက်တွေ ဆက်ဖြစ်လာနိုင်သလဲ ဆိုတာတော့ အနော့် ဥဏှောက်သေးသေးလေးနဲ့ လိုက်မမီတော့လို့ မပြောပြတတ်တော့ပါ။ အဲသည် ပုဒ်မကို ပြင်ဖို့ တင်သွင်းတဲ့သူတွေကိုသာ မေးကြည့်ကြစေလိုပါတယ်။

နောက်တစ်ချက်က ပိုဆိုးပါတယ်။ နိုင်ငံတော် သမ္မတဆိုတာ နိုင်ငံမှာ အထွတ်အထိပ် ပုဂ္ဂိုလ်ဖြစ်ပါတယ် (ပုဒ်မ ၅၇)။ အဲသည်ပုဂ္ဂိုလ်က နိုင်ငံတော်ကိုပဲ ကိုယ်စားပြုပါတယ်(ပုဒ်မ ၅၈)။ ဘယ်ပါတီကိုမှ ကိုယ်စားမပြုပါဘူး။ ဘယ်ပါတီအလုပ်ကိုမှ လုပ်ခွင့်မရှိစေသင့်ပါဘူး။ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်နေစဉ်မှာ ပါတီလုပ်ငန်း မလုပ်ရလို့ တားမြစ်ထားတာကို ဖျက်ပြီး ပါတီလုပ်ငန်း လုပ်ခွင့်ပေးလိုက်တာ ဘာသဘောများပါလိမ့်လို့ မစဉ်းစားတတ်အောင်ပါပဲ။ ကျွန်တော်လေးစားတဲ့ ဘပြောင်တစ်ယောက် ကြံ့ခိုင်ရေးပါတီညီလာခံကို အဖြူအစိမ်းကြီးဝတ်ပြီး သွားတက်တုန်းကတောင် မပြောသာလို့သာ ဘာမှ မပြောဘဲ နေခဲ့ရပေမယ့် ဘပြောင်ကွာ ဒါလေးတောင် မသိဘူးလားလို့ စိတ်ကွက်ခဲ့မိပါသေးတယ်။ အခုတော့ဗျာ။ နိုင်ငံအထွတ်အထိပ် ပုဂ္ဂိုလ် နိုင်ငံတော် သမ္မတကြီးကို ပါတီလုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင်ခွင့် ပေးလိုက်ပြီတဲ့ ဗျာတို့ရေ။

ဆက်ပြောပါအုံးမယ်။ နိုင်ငံတော်သမ္မတက လွှတ်တော်အမတ်အဖြစ်နဲ့ လွှတ်တော်ကြီးထဲ ဆက်ထိုင်နေမယ်ဆိုတော့ သူက ဘယ်လစာကို စားမှာတုန်း။ နိုင်ငံတော်သမ္မတက လစာ စရိတ် ငွေကြေးရတဲ့ အခြားဘယ်ရာထူးကိုမှ လက်ခံခြင်း မပြုရလို့ ပုဒ်မ ၆၇ မှာ ဆိုထားတယ်နော်။ အပေါ်က ပုဒ်မ သုံးခုကို ပယ်ဖျက်တယ်ဆိုရင် အဲသည်ပုဒ်မ ၆၇ ကို ဘယ်လိုလုပ်မလဲ ထည့်စဉ်းစားရဲ့လား။ ရာထူးနှစ်ခုရှိနေတယ်ကွာ လစာတစ်ခုပဲ ယူမယ်။ မရဘူးလေ။ အခြေခံဥပဒေအရ လွှတ်တော်အမတ်တစ်ယောက်က စရိတ်ရတယ် ငွေကြေးရတယ်နော်။ ချီးမြှင့်ငွေကို လစာလို့ မခေါ်ဘူးဆိုရင်လည်း စရိတ်ရတယ်နော်။ စဉ်းစားကြအုံး အမတ်မင်းတို့။ စပ်မိလို့ ပြောရရင် ထိုင်းဝန်ကြီးချုပ်တစ်ယောက် တီဗီရှိုးတစ်ခုမှာ ဟင်းချက်နည်းအစီအစဉ် တင်ဆက်မိလို့ ငွေကြေးရတဲ့အလုပ်ကို လုပ်ပါတယ်ဆိုပြီး ၀န်ကြီးချုပ်က ပြုတ်သွားဖူးတယ်ဗျ။ နာမည်က စမတ်စွန်ထော်ရ၀ဲ့ တဲ့။ ငွေကြေးရတဲ့အလုပ်ဆိုတာ အဲလို ဘာမှ မဖြစ်လောက်တဲ့ ပိုက်ဆံရမယ့်အလုပ်မျိုးတောင် လုပ်ခွင့်မရှိတာနော်။

ဒီညတော့ ဒီလောက်ပဲ တော်ပြီဗျာ။ အထက်က ပယ်ဖျက်လိုက်တဲ့ ပုဒ်မ သုံးခု အဓိပ္ပာယ်ပြောရရင် နိုင်ငံတော်သမ္မတဟာ လွှတ်တော်အမတ်အဖြစ် ဆက်ရှိနေမယ်၊ ပါတီလုပ်ငန်းတွေမှာ ဆက်လုပ်နေခွင့်ရှိမယ်။ ဒါပဲဗျာ ဒီနေ့တော့။ မင်္ဂလာညချမ်းပါဗျာ။ အိပ်မက်လှလှ မက်ပါစေ။

ရွှေတံခါးကြီးဖွင့်ပြီလား


ဒီနေ့သတင်းစာမှာ ပါလာတဲ့ သတင်းတစ်ပုဒ်ဖတ်ပြီး မိတ်ဆွေတွေကို နည်းနည်းရှင်းပြဖို့ လိုမယ်ထင်လို့ နက်ဖြန်စာမေးပွဲ ရှိတဲ့ကြားက ဒီစာကို ရေးပါတယ်။ ဘာလို့ရှင်းပြချင်ရတာလဲ ဆိုတော့ လက်ရှိကျင့်သုံးနေတဲ့ အခြေခံဥပဒေကို သေသေချာချာ မဖတ်ဖြစ်ကြသူတွေရော၊ ၄၃၆ နတ်ပူးနေသူတွေပါ မသမာသူတွေရဲ့ ဖျားယောင်းလှည့်ပတ် မခံရစေချင်တဲ့ စေတနာနဲ့ ရှင်းပြချင်တာဖြစ်ပါတယ်။ အဓိက ပြောလိုရင်းကတော့ သတင်းစာမှာ ပါတဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဥပေဒေကြမ်းကို မှန်မှန်ကန်ကန် နားလည်စေချင်တာ သက်သက်ပါ။ ကောင်းတယ် မကောင်းဘူး မဝေဖန်လိုပါ။ ဝေဖန်လို့လည်း အလုပ်ဖြစ်မယ် မထင်ပါ။ သေချာ နားလည်ဖို့တော့ လိုအပ်ပါတယ်။
ဒီဥပေဒကြမ်းမှာ စာသားပြင်ဆင်ချက် ခြောက်ချက် တွေ့ရပါတယ်။ တစ်ချက်ချင်း ရှင်းလင်းတင်ပြပါ့မယ်။

နံပတ် (၁) ပုဒ်မ ၅၉(ဃ) မှာ သမ္မတရဲ့ အရည်အချင်းများကို ဖော်ပြရာမှာ မူလက "နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး" ဆိုတဲ့ စကားရပ်တွေအစား "နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး" လို့ ပြင်ဆင်ထားတာ တွေ့ရပါတယ်။ "စစ်ရေး" နေရာမှာ "ကာကွယ်ရေး" ဆိုတဲ့စကားရပ်အစားထိုးလိုက်တာပါ။
နံပတ် (၂) နာမည်ကျော် ပုဒ်မ ၅၉(စ)ကိုလည်း အနည်းငယ် ပြင်ဆင်ထားပါတယ်။ အကြမ်းဖျင်းပြောရရင် မူလ ပြဌာန်းချက်မှာတုန်းက မိမိကိုယ်တိုင် မိဘတစ်ဦးဦး မိမိ ဇနီး ခင်ပွန်း သားသမီး ချွေးမ သားမက် တို့က နိုင်ငံခြားသားဖြစ်နေရင် သမ္မတလုပ်လို့ မရပါဘူး။ အခု ပြင်ဆင်ချက်မှာ သားမက်နဲ့ ချွေးမကို ဖြုတ်လိုက်ပါတယ်။ သားမက်နဲ့ ချွေးမက နိုင်ငံခြားသားဖြစ်နေလည်း သမ္မတ လုပ်ခွင့်ရှိတဲ့သဘောပါ။

နံပတ် (၃) သမ္မတ မရွေးချယ်မီ ဒုတိယ သမ္မတများ ရွေးချယ်ရေးနဲ့ ပတ်သက်တဲ့ ပြဌာန်းချက် ဖြစ်ပါတယ်။ မူလ ပြဌာန်းချက်မှာတုန်းက ဒုသမ္မတ သုံးယောက်ကို ရွေးရာမှာ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူကိုလည်း ဒုသမ္မတ တင်လို့ရပါတယ်။ အခု ပြင်ဆင်ချက်အရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဖြစ်မှသာ သမ္မတရာထူးကို မှန်းလို့ရမယ့် အနေအထား ဖြစ်သွားပါပြီ။ (နည်းနည်း ချဲ့ပြောရရင် အရင်တုန်းက ဥပဒေအရ တပ်မတော်က တင်တဲ့ သမ္မတဟာ တပ်က ဗိုလ်ချုပ်ကြီးတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ ရွေးကောက်ပွဲ မ၀င်တဲ့ အပြင်က တစ်ယောက်ယောက်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာပေါ့ဗျာ တပ်ကိုယ်စားလှယ်တွေက ဘပြောင်ကို ဒုသမ္မတလောင်း အမည်စာရင်းတင်ချင်တယ်ဆိုရင် ဘပြောင်က မဖြစ်မနေ ရွေးကောက်ပွဲဝင်စရာ မလိုပါဘူး။ ရွေးကောက်ပွဲ မ၀င်ဘဲ အေးအေးသက်သာနေ။ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတလောင်း ရွေးတဲ့အချိန်ကျမှ ဘပြောင်နာမည်ကောက်ထည့်လိုက် အိုကေ။ ဒါပေမယ့် အခုတော့ ဒါမျိုး မရတော့ပါဘူး။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် သိပ်အပြောင်းအလဲ မဟုတ်ပေမယ့် တပ်မတော် ကိုယ်စားလှယ်တွေအတွက် ရွေးချယ်ခွင့် ဘောင်ကျဉ်းသွားတဲ့ အနေအထား ဖြစ်ပါတယ်။ )

နံပတ် (၄) အရေးပေါ်ကာလကြေညာထားတဲ့အချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲအပ်တာနဲ့ ပတ်သက်တဲ့ ပြဌာန်းချက်ကို စကားရပ်နည်းနည်း ပြင်ထားတာ တွေ့ရပါတယ်။ "ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပင်ပြဌာန်းပါရှိစေကာမူ" ဆိုတဲ့ စကားရပ်အစား "ထူးခြားသော အခြေအနေကို ဖြေရှင်းနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချွင်းချက်ပြုပြီး" လို့ အစားထိုးပြင်ဆင်ထားတာ တွေ့ရပါတယ်။ ဆိုလိုရင်းကတော့ ထူးထူးခြားခြား ပြောင်းလဲသွားတယ်လို့ မထင်ပါဘူး။
နံပတ် (၄) နဲ့ နံပတ် (၅) အခြေခံဥပဒေ ပြင်ဆင်ရာမှာ အရင်က ပြည်ထောင်စုလွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲ လိုပေမယ့် အခုတော့ ၇၀ ရာခိုင်နှုန်း ထောက်ခံမဲပဲ လိုပါတော့တယ်။ တပ်မတော်သားအမတ် ၂၅ ရာခိုင်နှုန်းက သဘောမတူရင် အခြေခံဥပဒေကြီးကို ဘယ်လိုမှ ပြင်မရတော့ပါဘူးဆိုတဲ့ ဇာတ်လမ်းကို အဆုံးသတ်လိုက်တဲ့သဘောပါ။ တပ်မတော်သားအမတ် တစ်ယောက်ကမှ သဘောမတူရင်တောင် ကျန်တဲ့ ရွေးကောက်ခံအမတ် တွေအားလုံးနီးပါး သဘောတူရင် အခြေခံဥပဒေကို ပြင်ဆင်လို့ ရသွားတဲ့ သဘောဖြစ်ပါတယ်။

အထက်ပါ ပြင်ဆင်ချက် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ခြုံငုံ သုံးသပ်ရရင် သားမက်နဲ့ချွေးမက နိုင်ငံခြားသားဖြစ်နေလည်း သမ္မတ လုပ်ခွင့်ရှိသွားတယ်။ တပ်မတော်သားတွေက အပြင်က တစ်ယောက်ယောက်ကို ဒုသမ္မတလောင်း အမည်စာရင်းတင်လို့ မရတော့ဘဲ ရွေးကောက်ခံကိုယ်စားလှယ်ထဲကပဲ အမည်စာရင်းတင်ပေးရတော့မယ်။ တပ်မတော်ရဲ့ သဘောတူညီချက် လုံးဝမပါဘဲ အခြေခံဥပဒေကို ပြင်ဆင်လို့ရသွားတော့မယ်။ တပ်မတော်ရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှု ဘောင် အနည်းငယ် ကျဉ်းမြောင်းသွားတဲ့သဘော ဖြစ်ပါတယ်။ အနည်းငယ် ဆိုပေမယ့်လည်း တပ်မတော်ကို နိုင်ငံရေးထဲက လုံးဝဖယ်ထုတ်လို့ရမယ့် တံခါးကြီးပွင့်သွားတာ ဖြစ်တဲ့အတွက် တော်တော်ကိုကြီးတဲ့ ပြောင်းလဲမှုကြီးလို့ ဆိုနိုင်ပါတယ်။ ဒီဥပေဒကြမ်းကို တပ်မတော်က ဘယ်လို တုန့်ပြန်မလဲဆိုတာတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။ စောင့်ကြည့်ကြပါစို့။

အချိန်ဇယား


ဇွန်လ ၃ ရက် အိုင်တီတန်း တင်ဆက်မှု
ဇွန်လ ၅ ရက် သွားဆရာဝန်နဲ့တွေ့
ဇွန်လ ၆ ရက် အားကစားပြိုင်ပွဲများ နောက်ဆုံးရက်နဲ့ ညနေ ဘာဘီကျူး ဖာတီ
ဇွန်လ ၇ - ၈ ရက်၊ တိုယိုတာ ကားစက်ရုံ လေ့လာရေးခရီး
ဇွန်လ ၉ ရက် ပါမောက္ခကလန်စမစ် စာတမ်းအပြီးသတ်
ဇွန်လ ၁၀ ရက် ၄င်းစာတမ်းတင်
ဇွန်လ ၁၁ ရက် အက်ဒဗန့် ဆီမီနာ နောက်ဆုံးရက်
ဇွန်လ ၁၂ ရက် လုံခြုံရေးနှင့် မဟာဗျူဟာ ဘာသာရပ်စာမေးပွဲနှင့် စာတမ်းတင်ရက်
ဇွန်လ ၁၂ ရက် စစ်ပြီးခေတ် ဂျပန်စီးပွားရေးဘာသာရပ် စာတမ်းတင်
ဇွန်လ ၁၃ ရက် ခရီးစထွက် ယိုကိုဆူကာရောက် ဟာဘာဟိုတယ်မှာတည်း
ဇွန်လ ၁၄ ရက် ယိုကိုဆူကာ ဂျပန်ရေတပ်စခန်း သွားလည် ဟာမမဆု ဟိုတယ်မှာတည်း
ဇွန်လ ၁၅ ရက် ဟာမမဆု လေတပ်စခန်းသွားလည်
ဇွန်လ ၁၅ ရက် ဗိုလ်မှူးကြီး ဆူဇူကီး အိမ်သွား။ သူ့သမီး မိသားစုနှင့်တွေ့ဆုံ၊ သချိုင်းဂူသွား။ ဂျပန်-မြန်မာချစ်ကြည်ရေးအထိမ်းအမှတ်ကျောက်တိုင် သွားလည်
ဟာမမဆုဟိုတယ်မှာ တည်း
ဇွန်လ ၁၅ ရက် အိုင်တီစာတမ်းတင်ရမည့်ရက်
ဇွန်လ ၁၆ ရက် တိုကျိုသွား ကောင်းကင်သစ်ပင်ပေါ် နောက်တစ်ခေါက်တက်
ဇွန်လ ၁၆ ကျောင်းကိုပြန် ညမှာ ကျောင်းဆင်းနုတ်ဆက်ပါတီပွဲတက်

Friday 7 August 2015

သောက်


သောက်သုံးမကျတဲ့ကောင်
သောက်ရေးမပါတဲ့ကောင်
သောက်ဖြစ်မရှိတဲ့ကောင်
သောက် အရည်မရ အဖတ်မရလောက် လုပ်တတ်တဲ့ကောင်
သောက်ရေးကြုံလာရင် အားကိုးလို့မရတဲ့ကောင်
နှမ်းဖြူးတာလောက်ကို သောက်အလုပ်ကြီးလုပ်နေတဲ့ကောင်
ဟန်ရေးပြတာလောက်ကို သောက်ဘ၀ကြီးထင်နေတဲ့ကောင်
ငါမေးပါအုံးမယ်
ဒီအသက်ဒီအရွယ်ထိ မင်းအတွက်မင်း ဘာလုပ်ပြီးပြီလဲ
မင်းမိသားစုအတွက် ဘာလုပ်ပြီးပြီလဲ
မင်းမြို့မင်းရွာ မင်းနိုင်ငံအတွက် ဘာလုပ်ပြီးပြီလဲ
မင်းမှာ ဘာအရည်အချင်းများ လောက်လောက်လားလားရှိလို့လဲ
မင်းက ဘာတွေများ အစွမ်းပြနေနိုင်လို့လဲ
ဟေ့ရောင်
မင်းထက် အဆပေါင်းများစွာ ဆင်းရဲနုံချာ စုတ်ပြတ်ပြီး သုံးစားမရတဲ့ ဘ၀ကနေ မင်းထက်အဆပေါင်းများစွာ အဆင့်မြင့်မြင့် ရောက်နေတဲ့သူတွေ ရေတွက်လို့တောင်ကုန်နိုင်မှာ မဟုတ်ဘူး။ သောက်လုပ်မဖြစ်တဲ့ အကြောင်းပြချက်တွေ လာလာမပြနဲ့
တစ်ခုခုဆို ကောက်ရိုးမီးလို ဟုန်းကနဲထ ပြီးရင် ကောင်ရိုးမီးလိုပဲ ငြိမ်းသွား ဘယ်လိုလုပ် တိုးတက်မှာလဲ
သောက်ဖြစ်ရှိချင်တဲ့ကောင်ဆိုတာ သောက်ဖြစ်ရှိလောက်အောင် ကြိုးစားရတယ်ကွ အပင်ပန်းခံရတယ်ကွ ဇွဲရှိရတယ်ကွ ဖြစ်ချင်စိတ်တွေ တဟုန်းဟုန်းလောက်မြိုက်နေရတယ်ကွ လိုအပ်ရင် အနစ်နာလည်းခံရတယ်ကွ
သူများတွေ သောက်ဖြစ်ရှိတာမြင်မှ အားကျသလိုလို အားငယ်သလိုလို မနာလိုသလိုလို ကံဆိုးသလိုလိုလို လုပ်နေရင်တော့ ငါ တယ် ဆဲလိုက်ရမကောင်းရှိတော့မယ်
ဒါပဲ ဟေ့ရောင်
အဲသည်အခွက်နဲ့ ငါ့ဆီ ဘယ်တော့မှ မလာခဲ့နဲ့
မင်းမျက်နှာ ငါမကြည့်ချင်ဘူး

ချစ်ဇနီး


ချစ်ဇနီးဆိုတာ သက်လုံးပုံထားရတဲ့ ဘ၀လက်တွဲဖော်။ အရင်းနှီးဆုံး သူငယ်ချင်း။ ဆိုးဆိုးကောင်းကောင်း ကိုယ့်နားက ခွာမသွားမယ့် မိတ်ဆွေကောင်း၊ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ကြရမယ့် ရဲဘော်ရဲဘက်။ ကိုယ့်ယောက်ျား မကြိုက်တာတွေ လုပ်နေရင်တောင် နားလည်မှုနဲ့ အချစ်မပျက်တဲ့သူ။ ဘေးပြောတာကို မယုံဘဲ သွေးပြောတာကို ယုံတဲ့သူ။ အထင်အမြင်နဲ့ မဆုံးဖြတ်ဘဲ အဆင်အခြင် မေတ္တာနဲ့ သုံးသပ်တဲ့သူ
အနော့်ရဲ့ အချစ်ဆုံး သူ
(မင်္ဂလာနှစ်ပတ်လည် အမှတ်တရ)

လှပတဲ့ နေ့တွေအကြောင်း


လှပတဲ့ နေ့တွေအကြောင်းကို ကျောက်တုံးပေါ်မှာ ထွင်းထု မှတ်တမ်းတင်ထားချင်ပေမယ့် အကျည်းတန်တဲ့ နေ့တွေအကြောင်းကိုတော့ မြစ်ကမ်းဘေးက သဲသောင်ပေါ်မှာပဲ မှတ်တမ်းတင်ထားချင်တယ်။ သေချာတာကတော့ လှပတဲ့အတိတ်ပဲဖြစ်ဖြစ် အကျည်းတန်တဲ့ အတိတ်ပဲ ဖြစ်ဖြစ် နောက်တစ်ခါ ဘယ်တော့မှ ဘယ်တော့မှ ပြန်မလာတော့ဘူး။ ငယ်ရွယ်တာ နုပျိုတာ တက်ကြွတာ ရင်ခုန်တာ မျှော်လင့်ချက်တွေ အိပ်မက်တွေနဲ့ တလက်လက် တောက်ပခဲ့တဲ့ နေ့ရက်တွေဟာလည်း နည်းသထက် နည်းလာသွားဖို့ပဲ ရှိတော့တယ်။ ကျွန်တော့်ရဲ့ ဓာတ်ပုံလေးတွေကတော့ ကျွန်တော့်ရဲ့ လှပတဲ့ နေ့ရက်တွေကို ပြန်လည် စမြုံပြန်ကြည်နူးဖို့ အတိတ်ရဲ့ အကောင်းဆုံးလက်ဆောင်ဖြစ်မယ် ထင်ပါရဲ့။ ခင်ဗျားတို့ကိုလည်း အကြံတစ်ခုလောက် ပေးပါရစေ။ ခင်ဗျားတို့ ငယ်ရွယ်နုပျိုချိန်မှာ ဓာတ်ပုံများများရိုက်ပါ။ မနေ့က ရိုက်ထားတဲ့ ဓာတ်ပုံထဲက နုပျိုမှုကို ဒီနေ့မှာ ဘာနဲ့မှ ပေးဝယ်လို့ မရတော့ဘူးဆိုတာ မမေ့ပါနဲ့။ ဒီနေ့ မပြုံးနိုင်ဖြစ်နေရင်တောင် မနေ့က ပြုံးဖြစ်ခဲ့တာလေး ပြန်ကြည့်ပြီး ရယ်မောပျော်ရွှင်နိုင်ပါစေ

ကိုလှပေါ


သူ့အမေမိဘတွေ ပေးထားတဲ့ နာမည်က မောင်လှပေမယ့် လူက ကျပ်မပြည့်ဘဲ ပေါတောတော ဖြစ်နေတာကို အစွဲပြုပြီး အရပ်က ပေးထားတဲ့ ပေါတစ်လုံးတိုးလို့ သူ့နာမည် ကိုလှပေါ ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ခင်ဗျား သူ့ကို တွေ့ရင် ကိုလှပေါလို့ ခေါ်ဖို့တော့ စိတ်မကူးလေနဲ့။ ကိုလှပေါဆိုတာ အရပ်ထဲက အပျိုပေါက် အပျိုလေး အပျိုကြီးတွေနဲ့ ကလေးတွေသာ ခေါ်ခွင့်ရှိတဲ့နာမည်။ ကျန်တဲ့ တစ်ရွာလုံးကလူတွေက သူ့ကို မောင်လှပေါလို့သာ ခေါ်ကြရတယ်။ ခင်ဗျား သူ့ကို မောင်လှပေါလို့ မခေါ်မိလို့ကတော့ ခင်ဗျားကို အားကြီး စိတ်ဆိုးလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့
ဘာဖြစ်လို့လဲ ဆိုတော့ သူက သူ့ကိုယ်သူ ကလေးတစ်ယောက်လို့ပဲ ခံယူထားလို့ပဲ။ ပေါင်းရင်လည်း ကလေးတွေနဲ့ပဲ ပေါင်းတယ်။ ကလေးတွေ ကစားတဲ့ နေရာမှာ သူရှိတယ်။ ကျောင်းတက်ချိန်တွေမှာတော့ ရွာထဲက ဟိုအိမ်သည်အိမ်က လက်တိုလက်တောင်း ခိုင်းတာလေးတွေ လုပ်ပေးမယ်။ ကျောင်းဆင်းချိန် ဆိုလို့ကတော့ ခင်ဗျား သူ့ကို တွေ့ချင်ရင် ဘုန်းကြီးကျောင်းဝင်းထဲက မန်ကျည်းတန်းမှာ သွားရှာ။ ကလေးတွေကြားထဲ မကြီးမငယ်နဲ့ ဆော့ချင် ဆော့နေလိမ့်မယ်။ ဒါမှ မဟုတ် ကလေးတွေ ဆော့တာကို ဘေးကထိုင်ကြည့်ပြီး ကလေးထိန်းရင် ထိန်းနေလိမ့်မယ်။ ရွာအခေါ်တော့ ကလေးသူကြီးပေါ့ဗျာ အဲသည်လိုလူမျိုး။

ကလေးတွေနဲ့ ဆော့တယ် ဆိုလို့များတော့ သူက ကလေးတွေကို အနိုင်ကျင့်လိမ့်မယ်တော့ မထင်နဲ့ဗျ။ ကလေးတွေနဲ့ ဘာလုပ်တမ်း ကစားကစား သူကပဲ အမြဲ အလျှော့ပေးလေ့ရှိတယ်။ ဘယ်ကလေးက ဘယ်လောက် အနိုင်ယူယူ သူက မမှုဘူး။ ကလေးတွေနဲ့ ကစားနေရရင် ကျေနပ်နေတဲ့သူ။ အဲသည်တော့ ကလေးတွေကလည်း သူနဲ့ မကစားချင်ဘဲ နေပါ့မလား။ နောက်တစ်ခုက ကလေးတွေ ကစားနေတဲ့ ကစားဝိုင်းထဲ ဒါမှမဟုတ် အနီးအပါးမှာ ကိုလှပေါ ရှိနေလို့ကတော့ ခင်ဗျားကလေးတွေအတွက် ဘာမှ စိတ်မပူနဲ့။ အိမ်ပြန်ပြီး လုပ်စရာရှိတာ စိတ်အေးလက်အေးသာလုပ်။ ကလေးစိတ်ကြီးနဲ့ ဆိုပေတယ့် သူက ကလေးတွေကို ဘေးမသီရန်မခအောင် ဂရုစိုက်တဲ့ နေရာမှာ ကလေးအဖေတွေထက်သာတယ်ဆိုရင် ကျုပ်ပြောတာ လွန်ရာကျမယ်။ တကယ်လည်း သာတယ်ဆိုတာ ခင်ဗျား သူကလေးတွေနဲ့ ကစားနေတာ တစ်ရက်လောက် လာကြည့်လိုက်ရင် သိလိမ့်မယ်။ ကလေးအမေတွေဆို သူတို့သားတွေ တဟဲ့ဟဲ့နဲ့ ပြောမရဆိုမရ ဖြစ်လာရင် ဟဲ့နင်တို့ ငါ့မျက်စိရှေ့ ဆော့မနေနဲ့ မြောက်ဝိုင်းသွားပြီး မန်ကျည်းတန်းမှာ လှပေါကြီးနဲ့ သွားဆော့ချေလို့ ပြောတတ်ကြတယ်။ အဲသည်လို ပြောရလောက်အောင်လည်း ကိုလှပေါကြီးက ကလေးတွေကို ထိန်းသိမ်းပြီး ဆော့တတ်တဲ့သူကိုး။

ကိုလှပေါကြီး မှုတာ တစ်ခုတော့ ရှိတယ်ဗျ။ သူ့ကို ကလေးတွေနဲ့ သင်းခွဲတာလောက် နာတတ်တာ မရှိဘူး။ ရွာမှာ အလှူ ဆွမ်းကျွေးရှိလို့များတော့ ကိုလှပေါကို လူကြီးဝိုင်းမှာ တူတူတန်တန် တည်ခင်းကျွေးမယ်တော့ စိတ်မကူးလေနဲ့။ ဘယ်တော့မှ စားမှာ မဟုတ်ဘူး။ ကြွေရည်သုတ် လင်ဗန်းကြီးထဲ ထမင်းတွေ ဟင်းတွေပုံပြီး လင်ဗန်းတစ်ချပ် ကလေး သုံးလေးငါးယောက် ကျွေးတဲ့ ကလေးဝိုင်းမှာ စားရမှ သူ့ကိုယ်သူ လူရာဝင်တယ် ထင်တဲ့သူ။ တကယ်တော့ ကလေးတွေနဲ့စားလည်း သူက စားရလှတယ်တော့ ရှိတာ မဟုတ်ပါဘူး။ ကလေးတွေကို အရိုးထွင်ပေးရတာနဲ့။ ဟင်းရည်ထည့်ပေးရတာနဲ့ ထမင်းလိုက်ပေးရတာနဲ့ သူကို မစားလိုက်ရဘူး ဆိုသလိုပဲ။ ကလေးတွေသာ စားပြီးသွားမယ် ကိုလှပေါကြီး တစ်ဝိုင်းက နှစ်ဝိုင်း ဆက်နေလို့များတော့ ဒီလူ အစားကြီးလှတယ် မထင်လိုက်နဲ့။ ကလေးတွေနဲ့ စားလည်း အလှူကကျွေးတဲ့ ၀က်သားဟင်း ငါးခြောက်ဟင်းဆိုရင် ကလေးတွေကိုသာ သေချာကျွေးပြီး သူက စားရလှတယ်ရယ်လို့ မဟုတ်ဘူး။ သူစားတဲ့ တစ်ဝိုင်းတည်းရယ်လို့လည်း မဟုတ်။ စားနေသမျှ ကလေးတွေကို လျှောက်ကြည့်ပြီး အရိုးနွှင်ပေး အသားခွာပေး လုပ်နေတာနဲ့တင် ဟင်းချိုသောက်သလိုလို သရက်ချဉ်သုပ် စားသလိုလိုနဲ့ သူ့ခမျာ ပြီးရရှာတာ။

ရွာက ကလေးမှန်သမျှလည်း ကိုလှပေါကြီး မချစ်တဲ့သူဆိုတာ မရှိသလောက်ပဲ။ ရွာနီးချုပ်စပ် ပွဲလမ်းသဘင်ရှိလို့ မိဘတွေ ဦးရီးဦးလေးတွေ လိုက်မပို့အားဘူး ဆိုရင်တောင် သူက ကလေးသူကြီးလုပ်ပြီး လိုက်ပို့ပေးသေးတာ။ ရွာက ကလေးတွေကလည်း ကိုလှပေါကြီးစကားများဆို ဘုရားစကားလိုပဲ။ ဟုတ်တယ်လေ ကိုလှပေါကြီးနဲ့ အဆင်ပြေမှ သူတို့ သွားချင်ရာသွား ကစားချင်ရာ ကစားလို့ ရမယ်မဟုတ်လား။ ဒါကို ဓာတ်တဲ့ မိဘတွေကလည်း တစ်ခုခုဆို ကိုလှပေါကြီး စစ်ကူယူရတာတွေရှိတယ်။ မောင်လှပေါရယ် မင်းညီလေးက ပြီးခဲ့တဲ့ ဈေးနေ့က အသစ်ဝယ်ပေးထားတဲ့ လွယ်အိတ်ကို မကြိုက်ဘူး လုပ်နေတယ် ကြည့်ပြောပါအုံးဆိုရင် ကိုလှပေါနဲ့ တစ်ညနေလောက်သာ ပေးကစားလိုက် ဂျီကျတဲ့ကလေးက ငြိမ်သွားရော အဲသည်လို ပိုင်တာ။

တစ်နေ့တော့။ အင်း အဲသည်တစ်နေ့ကို တော့ တစ်ရွာလုံး မေ့မှာ မဟုတ်ကြဘူး အထူးသဖြင့် ကလေးတွေပေါ့ဗျာ။ အဲသည်တုန်းက သုံးတန်းတက်နေတဲ့ ကျုပ်သားအကြီးကောင်တောင် ဆယ်တန်းအောင်လို့ ရေကြောင်းတက္ကသိုလ်ကနေ ဘွဲ့ရတော့မယ်။ အဲသည်နေ့က ရွာမှာ ကလေးပွဲတော်လုပ်တယ်။ ရွာမှာ စပါးပေါ်စအချိန်။ တလင်းခင်းတဲ့အချိန်ကိုး။ ကျုပ်တို့ အညာမှာ နေ့ပူညချမ်းဆိုတဲ့ အချိန်ပေါ့ဗျာ။ မြို့မှာ ကြီးပွားနေတဲ့ ရွာတောင်ပိုင်းက ကိုမြဒင်က ဦးစီးလုပ်ပေးတာဆိုလား။ တကယ်တော့ ကိုမြဒင် ဦးစီး လုပ်တယ် ဆိုပေတဲ့ သူခေါ်လာတဲ့ ဘာအဖွဲ့ကဆိုလား အကုန်အကျ ခံတာပါ။ သူတို့လဲ ဒီရွာ ကလေးပွဲတော်အတွက် ပိုက်ဆံတွေ သောက်သောက်လဲ ကုန်မယ်ထင်တယ်။ လုပ်တာလည်း ကြီးကြီးကျယ်ကျယ် တွေပါဗျာ။ မလုပ်ခင် တစ်လလောက်ကတည်းက အစည်းအဝေးတွေခေါ်ရ ဟိုဟာစီစဉ်ရ ဒီဟာ စီစဉ်ရနဲ့ တော်တော်လည်း အလုပ်ရှုပ်တဲ့ ပွဲပဲဗျ။ အရင်ပြန်လွန်တော်မူသွားတဲ့ ဆရာတော် ဘုန်းကြီးပျံတုန်းကတောင် အဲသည်လောက် အလုပ်မရှုပ်ခဲ့ဘူး။ ဘာပဲ ပြောပြောလေ ကျုပ်တို့ရွာအတွက်တော့ ဘယ်တော့မှ မေ့မရနိုင်အောင် တသသ ဖြစ်ခဲ့ရတဲ့ ပွဲတစ်ခုဆိုလည်း မမှားဘူးဗျ။

အမယ် အဲသည် မြို့ကလာလုပ်ပေးတဲ့ အဖွဲ့ဆိုတာလည်း နေရာတော့ အကျသားဗျ။ တကယ်ပွဲကြီးနေ့ မတိုင်ခင်ကတည်းက အဲသည်အဖွဲ့က ကာလသားအရွယ် လူငယ်ကောင်လေး ကောင်မလေးတွေ ရောက်လာကြတယ်။ အင်္ကျီဆင်တူလေးတွေ ၀တ်လို့ဗျ။ ကလေးတွေကိုလည်း အဲသည်လို အင်္ကျီဆင်တူလေးတွေ တစ်ယောက်တစ်ထည်ပေးပြီး ၀တ်ခိုင်းတယ်။ ကောင်းပါ့ဗျာ။ ကျုပ်သားကို အ၀တ်အစားသစ် မဆင်ပေးနိုင်လို့ စိတ်မကောင်းဖြစ်နေတာ သူတို့ လုပ်လိုက်မှ ဟန်ကျသွားတော့တယ်။ ပွဲကြီးနေ့ကလည်း တစ်နေ့လုံးပါပဲဗျာ။ ကလေးတွေကတော့ ပျော်လို့ပေါ့။ ကဗျာရွတ်ပြိုင်ပွဲ အကပြိုင်ပွဲ။ ကစားပြိုင်ပွဲ။ စုံလို့ပါပဲ။ ကျွေးလိုက်မွေးလိုက်တာလည်း ထမင်းရည်ချောင်းစီး ဆိုသလိုကိုး။ တစ်ခုတော့ ထူးဆန်းတာက ရွာမှာ ခါတိုင်း အလှူတွေ ဘာတွေ လုပ်ရင် လူကြီးတွေအတွက်သာ နေရာရှိတာ။ ကလေးတွေဆိုရင်တော့ သင့်တော်ရာရာမှာ တော်သလို လျော်သလို ကျွေးကြတာလေ။ ဒီပွဲမှာတော့ ပြောင်းပြန်။ ကလေးတွေကို ဦးတည်လုပ်တဲ့ပွဲဆိုတော့ ကလေးတွေက တကယ့် အခန့်သား စားကြသောက်ကြ။ လူကြီးတွေက လိုအပ်တာ လုပ်ပေးကြပေါ့။ ကလေးတွေ ရလိုက်တဲ့ လက်ဆောင်တွေ ကစားစရာတွေ ဆိုတာလည်း နည်းတာမှတ်လို့။ ပွဲပြီးတာတောင် ရွာကမူလတန်းကျောင်းမှာ ကလေးတွေအတွက် လိုအပ်တာ သုံးရအောင် ပိုက်ဆံတွေ တော်တော်များများ လှူသွားသေးသတဲ့။

ကလေးပွဲ လုပ်နေတုန်းက တစ်ရွာလုံးက မေ့နေကြတဲ့ လူတစ်ယောက်ကို နောက်တစ်နေ့ ညနေစောင်းလောက်မှ သတိရကြတယ်။ ဘယ်သူရှိရမလဲ ကိုလှပေါပေါ့ဗျာ။ ကိုလှပေါ မိဘတွေကလည်း သူ့သားတစ်ယောက် ကလေးတွေနဲ့ တရုံးရုံးရှိလို့ အိမ်ပြန်မလာတာပဲ မှတ်နေသတဲ့။ အမှန်က ကိုလှပေါကြီးက ကလေးပွဲထဲမှာလည်း မရှိတာ။ ပွဲလွန်တစ်ရက်မှာ ပစ္စည်းတွေလည်း သိမ်းဆည်းပြီး မြို့ကလူတွေလည်း ပြန်ကုန်ကြပြီဆိုတော့မှ ကိုလှပေါ မိဘတွေက သူတို့သားတော်မောင် ပြန်မလာလို့ ရွာရိုးကိုးပေါက်လျှောက်ပြီး မေးတော့တာ။ အဲသည်တော့မှ ကိုလှပေါသတင်းက ဟိုတစ်စ သည်တစ်စ ထွက်လာတယ်

" ကလေးတွကို အကျီင်္ဝေတဲ့နေရာမှာ တွေ့လိုက်တယ်။ သူ့ကိုလည်း တစ်ထည်ပေးပါ သူလည်း ၀တ်ချင်တယ်ဆိုပြီး တောင်းနေတာ။ အကျီင်္ဝေနေတဲ့ မြို့သူတွေကိုတော် အားတောင်နာတယ်။ သူက ကလေးမဟုတ် ဘာမဟုတ်ဘာမဟုတ် အင်္ကျီတောင်းနေတော့ ရှင်က ကလေးမှ မဟုတ်ဘဲ အကျီင်္ မပေးနိုင်ပါဘူးလို့ ပြောလွှတ်လိုက်မှ ငိုက်စိုက်ငိုက်စိုက်နဲ့ ထွက်သွားတာပဲတော် ဘယ်သွားလဲတော့ မသိဘူး "

" ခါတိုင်းတော့ ညနေပိုင်းကလေးတွေနဲ့ ကစားပြီးရင် တစ်ခါတစ်လေ ရောက်ရောက်လာတတ်တယ်၊ သူသောက်နိုင်လဲ အလွန်ဆုံး တစ်ပက်နှစ်ပက်ပေါ့ နာမည်ပျက်ရုံလောက်သောက်ပြီး ပြန်နေကျ၊ မူးတယ်ရယ်လို့လည်း မရှိခဲ့ပါဘူး။ မူးလောက်အောင်လည်း သောက်တတ်တာမှ မဟုတ်တာကို။ ဟော ကလေးပွဲ ပွဲကြီးနေ့က စောစောစီးစီး ရောက်ချလာပြီး သူ့ကို အရက်ရောင်းပါတဲ့ ပိုက်ဆံကတော့ နောက်မှယူတဲ့ ဘယ်သူဝယ်ခိုင်းလိုက်တာလဲ ဆိုတော့ မပြောဘူးဗျ ချက်အရက်တစ်လုံးနဲ့ ပဲကြီးလှော်တစ်ထုပ်ယူပြီး ငိုက်စိုက်ငိုက်စိုက်နဲ့ ထွက်သွားတာပဲ။ ဆရာတော်များ ဆူလိုက်သလား မသိပါဘူး မျက်နှာတော့ သိပ်မကောင်းဘူးရယ် "

" ကျုပ်တောင် ရွာလယ်လမ်းမှာ ပုလင်းကြီးကိုင်လျှောက်နေတာတွေ့လို့ မေးလိုက်ပါသေးသတော်။ တော့်ကိုလှပေါ ကလေးပွဲရှိတယ်ရယ် တော်မသွားဘူးလားဆိုပြီး၊ ကျုပ်မေးတာကို မကြားချင်ယောင်ဆောင်ပြီး မန်ကျည်းတန်းဘက် ထွက်သွားသတော့ "

" ကျုပ်ခုလေးတင် မန်ကျည်းတန်းဘက်က ပြန်လာတာပါဗျာ။ မောင်လှပေါနဲ့ တူတာဆိုလို့အရိပ်တောင် မတွေ့ခဲ့ရပါဘူး "

" အဲဒါဆို အနော်တို့သိတယ်။ ကိုလှပေါကြီးက သူနဲ့ မကစားဘူးလို့ စရင် သွားသွားထိုင်နေတဲ့ ရွာတောင်ဘက် ရိုးဘေးက လက်ပံပင်ကြီးအောက်မှာများ သွားထိုင်နေလား မသိဘူး "

တစ်ယောက်တစ်ပေါက် ပြောကြဆိုကြရင်း ကလေးတွေပြောတဲ့ ရွာတောင်ဘက် ရိုးဘေးက လက်ပံပင်ကြီးနားသွားရှာကြတော့မှ မြေကြီးပေါ် ပက်လက်လဲ နေတဲ့ ကိုလှပေါကို တွေ့ကြရတယ်။ နံဘေးမှာလည်း အရက်ဆိုင်ကပေးလိုက်တဲ့ ချက်အရက်ပုလင်းနဲ့ ပဲကြီးလှော်ခွံတွေ ပွလို့ပေါ့။ ကြည့်ရတာ မနေ့က ကလေးပွဲနေ့ကတည်းက ဒီနားမှာ မူးပြီး လဲနေပုံရတယ်။ စမ်းကြည့်တော့ ကိုယ်တွေလည်း ချစ်ချစ်တောက်ပူလို့။ နီးစပ်ရာ လှည်းတစ်စီး အမြန်ဆင့်ပြီး မြို့သာဆေးရုံကို ပို့ကြရတာပေါ့။

အရိုးကွဲအောင်အေးတဲ့ အညာဆောင်း အေးအေးကြီးထဲမှာ တစ်ညလုံး လူမှန်းသူမှန်းမသိ လဲနေလို့ နမိုးနီးယား ၀င်သွားတာလို့ ဆရာဝန်တွေကပြောတယ်။ သူ့မိဘတွေက အရှိကြီး မဟုတ်ကြပေမယ့် တစ်ရွာလုံးက ကလေးမိဘတွေက ချစ်ကြတဲ့ ကိုလှပေါကို လိုအပ်တဲ့ ဆေးဆေးဝါးဝါးတွေနဲ့ ကယ်ဖို့ ကြိုးစားကြပါသေးတယ်။ ဆေးရုံရောက်ပြီး နောက်တစ်ရက်လုံး သတိရလာလိုက် ကယောင်ကတမ်းတွေပြောလိုက် သတိပြန်လစ်သွားလိုက်။ အဲသည်တုန်းက အလှည့်ကျ သွားစောင့်ပေးနေတဲ့ သူတွေ ပြန်ပြောတာကြားရရင် အခုတောင် ရင်ထဲ ဆို့မိတယ်။

" သူပြောတာက ဗလုံးဗထွေးဆိုတော့ အစက နားမလည်ဘူးရယ်။ မောင်လှပေါ ဘာလိုချင်လို့တုန်း ရေသောက်ချင်လို့လား မေးပြီး အနားကပ် သေချာနားထောင်ကြည့်တော့မှ ကျုပ်တို့ကို သူ့အနားက နှင်ထုတ်နေတာကိုး။ သွား သွား မင်းတို့ ငါနဲ့ တစ်သက်လုံး လာကမစားနဲ့တို့။ မင်းတို့ မြို့ကလာတဲ့သူတွေနဲ့ သွားကစားပါလားတို့၊ တစ်ချက်ချက်ကျတော့လည်း မျက်ရည်တွေကျပြီး ပြောတာ ရှိသေးတယ်။ ငါလည်း ခါတိုင်းလို မင်းတို့နဲ့ ကစားချင်တာ ငါ့ကို ဘာလို့ မခေါ်ကြတာလဲကွာတဲ့ ကျုပ်မှာဖြင့် သူပြောတာကြားကြားပြီး ယောက်ျားကြီးတန်မဲ့နဲ့ ဆေးရုံအပြင်ထွက်ပြီး ငိုမိတယ်"
ကလေးပွဲ ပွဲလွန်နှစ်ရက်နေ့ တစ်နေကုန်နဲ့ တစ်ညလုံး သတိလစ်သွားလိုက် သတိရလာရင် ကယောင်ကတမ်းတွေ ပြောလိုက်။ သူ့မိဘများဆိုတာ ဘယ်မှာ မျက်ရည်ဆည်နိုင်ပါ့မတုန်း။ ပြီးခဲ့တဲ့ ပွဲနေ့က စည်ကားခဲ့သလောက် အဲသည်ရက်ကဆို တစ်ရွာလုံး တိတ်ဆိတ်နေတယ်လို့တောင် ထင်ရတယ်။ ကလေးတွေကလည်း အိမ်ထဲကအိမ်ပြင် မထွက်ကြဘူး။ ကိုလှပေါကို မခေါ်ရကောင်းလားဆိုပြီး လူကြီးတွေကို တငြူငြူ တစူစူနဲ့ပေါ့လေ။

ဆေးရုံမှာ တစ်ရက်နဲ့တစ်ညကုန်ပြီး ပွဲလွန်သုံးရက် မနက်လင်းအားကြီးမှာ နောက်ဆုံး သတိလစ်သွားရာက သတိကို ပြန်လည်မလာတော့ပါဘူး။ ရွာပြင်မှာ သေတဲ့သူကို ရွာထဲ ပြန်သွင်းရိုး ထုံးစံ မရှိလို့ သူ့အလောင်းကို ရွာထိပ်က ဇရပ်မှာ ထားရပေမယ့် ကိုလှပေါတို့ အသေလှတယ်ပဲ ပြောရမလား။ သူ့အလောင်းနားမှာ လူပြတ်သွားတယ်ရယ်လို့ မရှိကြဘဲ တစ်ရွာလုံးက ဆွေမျိုးသားချင်း ရင်းချာလို သူ့နောက်ဆုံးအချိန်မှာ သူအနား လာနေပေးကြတယ်။ ကိုလှပေါကြီး အသုဘ ချတဲ့နေ့ကဆို ကျောင်းတောင် ပိတ်ပေးပြီး ဆရာဆရာမတွေပါ သူ့နောက်ဆုံးခရီးကို လိုက်ပို့ပေးကြတယ်။ ကလေးတွေဆိုတာ ငိုလိုက်ကြတာ။ ရွာက ကောင်းမှုနဲ့ပဲ သူနောက်ဆုံး သွားနေခဲ့တဲ့ လက်ပံပင်ကြီးအောက်မှာ အုတ်ဂူတစ်ခု တည်ပြီး သူ့ကို ဂူသွင်းခဲ့တယ်။ သူသေပြီး လေးငါးနှစ်အထိတော့ သူ့အုတ်ဂူကို ကလေးတွေက အချိန်အခါသင့်ရင် သင့်သလို သွားပြီး ပေါင်းရှင်းကြ ထုံးသုတ်ကြ လုပ်ပေးပါသေးတယ်။ အခုတော့ သူ့ကစားဖော်တွေလည်း ကြီးကုန်ကြလို့ တော်တော်များများက ရွာမှာတောင် မရှိကြတော့ပါဘူး။ ဒါပေမယ့် ကိုလှပေါကြီးအကြောင်းကတော့ စကားစပ်မိတိုင်း ပြောဖြစ်ကြတုန်း။ နောက်ပေါက် ကလေးအမေတွေကလည်း ကလေးတွေ ပြောမရဆိုမရဖြစ်တိုင်း ကိုလှပေါကြီးကို တမ်းတကြတုန်း။

(Photo Credit to https://mandalaygazette.com/wp-content/uploads/2013/02/3IMG_6434-640x480.jpg)

IUJ Birthday


Today, May 14 2015, is IUJ's 33rd birthday! Here is what our area looks like right now, thanks to the photography of our student Momo Tarō San! IUJ dorms are visible just above the IUJ logo on our FB page.
Happy Birthday IUJ!
And Thank you Mr. Nakayama, Sohei for giving IUJ to us!

ပြောပြန်ရင်လည်း


  နေစမ်းပါအုံး။ ကျုပ်ကလည်း တစ်ခုလောက်တော့ ပြန်ပြီး မေးစမ်းပါရစေပါအုံး။ အစကတော့ ဘာမှ ပြန်မပြောဘဲ နေမလို့ဟာ စိတ်ထဲ ကျလိကျလိ ဖြစ်လာတော့ ဒီလိုပြန်မေးလိုက်ချင်တော့တာပဲ။ ခင်ဗျားက အချစ်ကို ဘယ်လိုများ နားလည်လို့တုန်း။ တစ်ယောက်နဲ့တစ်ယောက် ကြည်ကြည်နူးနူးကြည့်နေကြတာ အချစ်လား။ ပန်းခြံထဲမှာ ပတ်ပြေးနေကြတာ အချစ်လား။ ကဗျာတွေ စာတွေ အနုအလှတွေ လျှောက်ရေးနေတာ အချစ်လား။ အိပ်ယာပေါ်က ကိစ္စက အချစ်လား။ ခြုံတိုးနေကြတာက အချစ်လား။ နောက်ပြီး အိမ်ထောင်ပြုလိုက်တယ်ဆိုတာက အချစ်လား။ အင်း ရှင်းရှင်းပဲပြောမယ်။ အချစ်ဆိုတဲ့အထဲမှာ အဲဒါတွေ တစ်ခု မဟုတ်တစ်ခု ပါကောင်းပါနိုင်ပေမယ့် အဲဒါတွေက အချစ်မဟုတ်တာတော့ သေချာတယ်ဗျ။

  နောက်တစ်ခုက ဒီကိစ္စ ပြောတော့မယ်ဆို ရိုးသားပါလို့ အရင်ဆုံးပြောချင်တယ်။ လူတိုင်း သိကြတယ်ပေမယ့် ထုတ်မပြောဖြစ်ကြတဲ့ တစ်ခုရှိတယ်ဗျ။ အဲဒါဘာလဲ သိလား။ ခင်ဗျားလည်း မသိဘဲ မနေဘူး။ မပြောဘဲ နေရင်သာရှိမယ်။ လောကကြီးမှာ လောကကြီးဆိုတာ လူတစ်ယောက်တိုင်း တစ်ယောက်တိုင်း ပိုင်ဆိုင်ကြတဲ့ ကိုယ်စီလောကကို ပြောတာပါ။ ကျွန်တော့် လောကကြီးမှာတော့ အချစ်ဆိုတာ တစ်ဘ၀မှာ တစ်ခါသာ ပွင့်တဲ့ ပန်းလေးတစ်ပွင့်ပဲဗျ။ တစ်ယောက်နဲ့တစ်ယောက် ပွင့်တဲ့ပန်းချင်းတော့ တူနိုင်မယ် မဟုတ်ဘူးပေါ့ဗျာ။ တစ်ဘ၀မှာ တစ်ခါသာ ပွင့်တယ် ဆိုပေတဲ့ တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူနိုင်ပါ့မလဲဗျာ။ တစ်ချို့တစ်ချို့အတွက်တော့ အဲသည်ပန်းလေးဟာ ပွင့်ပြီး မကြာခင်မှာဘဲ ညှိုးလျော်သွားခဲ့ရတာ ရှိမယ်။ တစ်ချို့အတွက်တော့လည်း ဒီထက် နည်းနည်း ပိုကြာမယ်ပေါ့။ တစ်ချို့အတွက်တော့ အဲသည်ပန်းလေးဟာ သက်ဆုံးတိုင်ကောင်းတိုင်မယ်ပေါ့။ တစ်ချို့ ပါရမီရှင် အလောင်းအလျာကြီးများအတွက်တော့ တစ်သံသရာလုံးတောင် ကြာရှည်ခံမယ့် ပန်းလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ။ မြတ်စွာဘုရား ဖြစ်တော်စဉ်တွေထဲမှာဆိုရင် ပါရမီဖြည့်ဘက်တွေ အဖြစ် ဘ၀ပေါင်းများစွာ အချစ်ပန်းလေး မညှိုးမနွမ်း ရှိခဲ့ကြတာ သံသရာက မထွက်ခင်အထိတောင် လန်းဆန်းနေနိုင်တုန်းပဲမဟုတ်လား။ ဒါကြောင့် ပြောတာ ဒီကိစ္စပြောမယ်ဆိုရင် ကိုယ့်ကိုယ်ကို ရိုးသားပါတယ်လို့ အာမခံနိုင်မှ ပြောတာကောင်းတယ်လို့။ တစ်ချို့ကိစ္စတွေကျတော့ လက်ရှိအခြေအနေ အရပ်ရပ်အရ စိတ်ထဲယုံကြည်တဲ့အတိုင်း ထုတ်မပြောတာတွေလည်း ရှိတတ်တာကိုး။ တစ်ချို့ကျတော့လည်း အမြီးပြတ်တဲ့ မြေခွေးလိုဘဲ ကိုယ်ပြတ်သလို သူများလည်း ပြတ်စေချင်တာလေးတွေလည်း ရှိတတ်ကြတာမို့ပါ။

အခု ကျွန်တော်ပြောခဲ့တဲ့ အချစ်ဆိုတာ သတ္တ၀ါတစ်ခုနဲ့ အခြားသတ္တ၀ါတစ်ခု အထူးသဖြင့် လူတစ်ယောက်နဲ့ တစ်ခြားလူတစ်ယောက် အကြောင်းတိုက်ဆိုင်လို့ ဖြစ်ပေါ်လာတဲ့ အချစ်ဆိုတဲ့ ပန်းလေးတစ်ပွင့်အကြောင်းကို ပြောတာပါ။ အကြောင်းတိုက်ဆိုင်တယ်ဆိုတဲ့ စကားကို အရမ်းကာရော ပြောတယ်မထင်နဲ့ဗျ။ အချစ်လို ကြီးကျယ်ခမ်းနားတဲ့ အရာမျိုး မပြောနဲ့။ သစ်စေ့လေး တစ်စေ့တောင်မှ အပင်ကြီး ဖြစ်နိုင်တဲ့ အစွမ်းသတ္တိတွေ ဘယ်လောက်ပဲ ကိန်းအောင်းနေတယ် ဆိုအုံးတော့ ရေခံမြေခံ မရှိရင် သစ်စေ့အဖြစ်ကနေ ဘ၀သာတုံးသွားမယ် အပင်တစ်ပင်တော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးဗျ။ သစ်စေ့ချင်းတူတာတောင် ရေခံမြေခံပေါ်လိုက်ပြီး ရှင်သန်ကြီးထွားမှုက ကွာသေးတာလေ။ အချစ်နဲ့ ပတ်သက်တဲ့ ပုံပြင်တွေ ယုံတမ်းစကားတွေကတော့ အမျိုးမျိုးပေါ့။ ဒါပေမယ့် ခင်ဗျား မှတ်ထားလိုက် လူတစ်ယောက်နဲ့ တစ်ခြားတစ်ယောက် ချစ်ကြတဲ့ အချစ်ဆိုတာမျိုးက တစ်ဘ၀လုံးမှာ အများဆုံးပွင့်နိုင်ရင်တောင် တစ်ကြိမ်ထက် မပိုဘူး။

  လူတစ်ယောက်နဲ့ တစ်ခြားလူတစ်ယောက် ချစ်ကြတာဆိုပြီး ကျုပ်ကပြောတော့ လူမဟုတ်ဘဲနဲ့ရော ချစ်ကြတာ ရှိလားလို့ ခင်ဗျားက အထွန့်တက်မယ်ဆိုတာ ကျုပ်သိတယ်။ အဲသည်လို အထွန့်တက်ဖို့ အကြံအစည်ရှိလို့ကတော့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး အရင်ဆုံး အဦးဆုံး ဟောခဲ့တဲ့ ဓမ္မစကြ်ာဒေသနာကို အနည်းဆုံး လူပြိန်းနားလည်လောက်ကလေးပဲဖြစ်ဖြစ် နားလည်အောင် ဖတ်ကြည့်လိုက်ပါအုံးလို့ တိုက်တွန်းချင်တယ်။ ဘုရားရှင်ဟောခဲ့တဲ့ သစ္စာလေးပါးထဲမှာ သမုဒယသစ္စာကို အရင်းတည်ရင် ဒုက္ခသစ္စာ ကြွင်းလေတယ် ဆိုတဲ့စကားလုံးတွေကို တက္ကသိုလ်ဘုန်းနိုင်ဝတ္ထုထဲက ကူးချပြီး ရည်းစားစာပေးဖို့လောက် တွေးမိနေရင်တော့ အလုပ်မဖြစ်ဘူးပေါ့ဗျာ။ ဓမ္မစင်္ကြာထဲက ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော ဆိုတဲ့ စကားလုံးတွေက လော်စပီကာကြီးဖွင့်ပြီး တစ်ရပ်ကွက်လုံးကြားအောင် အသံကောင်း ဟစ်နေဖို့တင်မဟုတ်ဘူးဗျ။ ခင်ဗျား သံသရာထဲမှာ ရှိနေသမျှ ကာလပတ်လုံး သမုဒယဆိုတဲ့ အစွဲစိတ်ကလေးတော့ ရှိနေကြတာပဲ။ ကောင်မလေးကို ကြိုက်တာကမှ သမုဒယ မဟုတ်ဘူးဗျ။ ထမင်းစားရင် ငရုတ်သီးစပ်စပ်ကလေးနဲ့မှ မြိန်တယ်ဆိုတာလည်း သမုဒယပဲ။ မနက်မိုးလင်းတာနဲ့ ဖေ့ဘုတ်လေးပေါ် တက်ဖြစ်အောင် တက်လိုက်ချင်တာလဲ သမုဒယပဲ။ နောက်ဆုံး ကုန်ကုန်ပြောရရင် ခင်ဗျား သောက်မြင်ကတ်လို့ ကြည့်မရပါဘူးဆိုတဲ့ ငတိတွေ ငတိမတွေရဲ့ မကောင်းသတင်းလေးများကို မြိန်ရည်ယှက်ရည် နားထောင်ချင်တာလဲ သမုဒယတစ်မျိုးပဲဗျ။

လောကကြီးမှာ ကြိုက်တတ်တာလေးတွေ သဘောကျတာလေးတွေဆိုတာလည်း အများသားကိုး။ ဒါကြောင့်လည်း လူဖြစ်နေတာပေါ့။ အဲဒါတွေသာ မရှိဘူးဆို ခင်ဗျား ဒီစာကိုလည်း ဖတ်နေဖြစ်မှာ မဟုတ်တော့ဘူး။ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ရောက်နေလောက်ပြီ။ ကောင်မလေးတစ်ယောက်က လုံခြည် အဆင်ဆန်းလေး မြင်ရင် သဘောကျတယ်။ တစ်ဆက်တက်ရင် လိုချင်မိမယ်။ နောက်တစ်ဆင့်တက်ရင် ၀ယ်ဖို့ ကြိုးစားမိမယ်။ ၀ယ်လို့ မရရင် တစ်နည်းနည်းနဲ့ ရအောင် လုပ်မယ်။ သူ့ရဲ့ လိုအင်ဆန္ဒနဲ့ ထိန်းချုပ်နိုင်မှု စောင့်စည်းနိုင်မှုအပေါ်မူတည်ပြီး သူ့လုပ်ရပ်တွေက အဆင့်တွေ တက်သွားမှာပဲ။ သဘောကျတယ်ဆိုတာချင်း တူပေမယ့် တုန့်ပြန်တာချင်းတော့ တူချင်မှ တူမယ်ပေါ့ဗျာ။ အဲသည်လိုပဲ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို တွေ့တယ်။ သာမန်ပုထုဇဉ်တစ်ယောက်အနေနဲ့ လှတာလေးမြင်ရင် သဘောကျမိတာ မဆန်းဘူးလို့တော့ ထင်တယ်ဗျ။ ဒါပေမယ့် လူဖြစ်တဲ့အတွက် စောင့်စည်းတာတွေ သိက္ခာတွေ အိနြေ္ဒတွေဆိုတာ ရှိလာပြီ။ လူ့လောကကြီးကို အဲသည် စောင့်စည်းမှုတွေကပဲ တိရစ္ဆာန်လောကနဲ့ ပိုင်းခြားပေးထားတာလေ။ ဖွဘုတ်ပေါ်က ညီလေးတစ်ယောက် စကား ကိုးကားပြောရရင် ဆန္ဒကို သိက္ခာနဲ့ ထိန်းနေပေလို့သာပဲတဲ့ နို့မို့ဆို ပုဆိုးတောင် ကပ်မှာ မဟုတ်ဘူးတဲ့။ ဒီထက်ရှင်းတဲ့ ဥပမာတော့ မရှိတော့ဘူး ထင်တာပဲ။

အဲသည်တော့ ကျွန်တော်ပြောချင်တာက လှတာလေးတွေမြင်ရင် ခင်ဗျား သဘောကျသလို ကျွန်တော်လည်း သဘောကျမိမှာပဲ။ ကျွန်တော့်မျက်စိထဲမလဲ လှတယ်ဆိုရင်ပေါ့ဗျာ။ အဲဒါကို ခင်ဗျားက ကျွန်တော်တစ်ယောက်တည်းပဲ ဒီလို နှာဘူးထတတ်တဲ့ပုံနဲ့ ခင်ဗျားကတော့ ဘုရားဖြစ်မယ့် အုတ်ခဲကြီးအချိုးနဲ့တော့ တက်မလာနဲ့ပေါ့ဗျာ။ ရိုးသားဖို့ လိုတယ်ဆိုတာ ဒါကိုပြောတာ။ နောက်ပြီးတော့ ကျွန်တော့်အတွက် ကျွန်တော့်မိသားစုအတွက် စိတ်ပူပေးတယ် ဆိုရင်တော့ ခင်ဗျားရဲ့ မေတ္တာတရား သံယောဇဉ်တရားကို ကျုပ်က အသိအမှတ် ပြုရမှာပေါ့။ ခင်ဗျားမိသားစုကို ခင်ဗျားခင်တွယ်သလို ကျုပ်လည်း ခင်တွယ်တာပေါ့ဗျာ။ အဝေးမှာ ရောက်နေတော့ ပိုပြီးတောင် ခင်တွယ်တဲ့ တန်ဖိုးကို လက်တွေ့ကျကျ နားလည်နေရသေးတယ်။ ဒါပေမယ့် မပူပါနဲ့။ ကျုပ်ဆိုတဲ့ကောင်က ဖွဘုတ်မှာ လူမှုကွန်ယက်မီဒီယာ လောကမှာ ကိုယ့်နာမည်နဲ့ ကိုယ့်ကိုယ်ရည်ကိုယ်သွေးနဲ့ ကိုယ့်ဓာတ်ပုံနဲ့ ကိုယ့်မိတ်ဆွေတွေနဲ့ လူအစစ်တစ်ယောက်လို နေနေတာပါဗျာ။ ခင်ဗျားလို ဟိုလူလိုလို ဒီလူလိုလို နေနေတာ မဟုတ်ပါဘူး။

  ကျုပ်ကွန်ယက်ထဲမှာ ကျုပ်တန်ဖိုးထားပြီး ချစ်ရတဲ့ ချစ်ဇနီးလေးရှိတယ်။ ကျုပ်မိဘတွေ ညီတွေ ညီမတွေ ယောက်ဖတွေ ခယ်မတွေ မရီးတွေ မယားညီကိုတွေ၊ ကျုပ်လေးစားရတဲ့ ဆရာသမားတွေ၊ အနည်းဆုံးတော့ ရာထူးအနိမ့်အမြင့်ရ ကျုပ်က နာခံရမယ့် အထက်အရာရှိကြီးတွေ၊ ကျုပ်ကို လေးစားချစ်ခင်ကြတဲ့ ညီငယ်တွေ ညီမငယ်တွေ။ ခင်မင်ကြတဲ့ သူငယ်ချင်းနဲ့ သူတို့ရဲ့ မိဘဆွေမျိုး အသိုင်းအ၀ိုင်းတွေ၊ ကုန်ကုန်ပြောရရင် ကျုပ်ဘယ်သူဘယ်ဝါဆိုတာတောင် မသိဘဲ ခင်မင်နေကြတဲ့ သူတွေ ရှိတယ်။ နောက်ပြီး နောက်ကျောကို ဓားနဲ့ထိုးဖို့ ချောင်းနေတဲ့ မျက်နှာဖုံးရှင်တွေလည်း ရှိချင်ရှိနေမှာပေါ့ဗျာ။ ထားပါတော့။ ခင်ဗျားတစ်ယောက်တည်း စိတ်ပူတတ်တာ မဟုတ်ပါဘူး သူတို့လည်း စိတ်ပူတတ်ကြပါတယ်။ ကျုပ်ဘယ်လိုကောင်ဆိုတာ ကျုပ်ရဲ့အသိုင်းအ၀ိုင်းက သိနေလို့သာ ဖွဘုတ်ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်ပေါ်မှာ ကျုပ်ဒီလိုပုံတွေကို တင်ထားနိုင်တာပေါ့။ ဘာပဲပြောပြော ခင်ဗျား သတိပေးတဲ့အတွက် ကျေးဇူးတင်တယ်။ တစ်နေ့နေ့ သူတို့တွေ မြန်မာပြည် လာလည်ဖြစ်ရင် ကျုပ်မိန်းမက အိမ်ရှင်လုပ်ပြီး တစ်နိုင်ငံလုံးများ လိုက်ပို့ပေးနေအုံးမလား ခင်ဗျားမသိပါဘူး။
 
          နောက်ဆုံးအနေနဲ့ ပြောချင်တာက မျက်စိနောက်ရင် ထွက်သွားဗျာ။ ခင်ဗျားမှာ အခွင့်အရေးအပြည့်ရှိတယ်။ ကျုပ်ကိုတော့ ပဒီးပဒါးတွေ လာမပြောနဲ့။ အားကြီးမုန်းတယ်

ပြည်နယ်တစ်ခု ဖန်ဆင်းခြင်း


In my personal interpretation of the constitution, there is no direct provision of the establishment or creation of a new state. The only provision in this concern is for the re-delineation the territorial boundary of a Region or a State. However, if there is no choice, those provisions might also be interpreted as a permission of the creation of a new state within the territorial boundary of the union. I do not think it is a dangerous claim as long as it does not lead to a secession. Otherwise, it can be done, if it is to be done, only after making some changes in the constitution for this specific matter. — feeling thoughtful.

စံပယ်ပွင့်ချိန်


နွေရောက်ပြီဆိုတော့ ကျွန်တော်တို့ ခြံထောင့်က စံပယ်ရုံကြီး အပွင့်တွေ တဖွေးဖွေးဖြစ်နေရောပေါ့။ ပြီးတော့ ကျွန်တော် ချစ်ခဲ့တဲ့ စံပယ်ပန်းလေးရော အခုချိန် ပျော်နေမလား။ သူစိတ်ချမ်းသာအောင် သူပျော်အောင် သူ့ကို အစစအရာရာ အလိုလိုက်တဲ့သူ သူ့ကို စိတ်ညိုညင်အောင် မလုပ်တဲ့သူ သူမကြိုက်တာဆိုရင် လားလားမှ မပတ်သက်တဲ့သူ နောက်ပြီး သူ့ကို ကျွန်တော့်ထက်ပိုချစ်နိုင်တဲ့သူ အဲသည်လို ချစ်သူအသစ်နဲ့ သူတွေ့နေပြီလား။ တွေ့နေပြီး ဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။ ကျွန်တော့်ကိုလည်း ဘယ်တော့မှ သတိ မရပါစေနဲ့။ သူ့ရဲ့ အတွေးစလေးထဲမှာ ကျွန်တော့်အကြောင်းတွေ ဖျတ်ကနဲတောင် မပေါ်ပါစေနဲ့။ ကျွန်တော့်အကြောင်းကို တွေးမိတယ် ဆိုရင်တောင် သူ့ကို အလိုလိုက်တဲ့ ကျွန်တော့်ထက် ပိုချစ်တဲ့သူရဲ့ ရင်ခွင်ထဲမှာ ကျွန်တော့်ကို လမ်းခွဲခဲ့တာ မှန်လိုက်လေခြင်းဆိုတဲ့ အတွေးကိုပဲ သူကျေကျေနပ်နပ်ကြီး တွေးမိနေပါစေလို့ ဆန္ဒပြုလိုက်ပါတယ်

တစ်ယောက်နဲ့ တစ်ယောက် ချစ်သူ ဖြစ်ကြတယ်။ ဘယ်လိုလူမျိုးတွေ ချစ်သူဖြစ်ကြတာပါလိမ့်။ ဘယ်လိုလူမျိုးတွေကရော ချစ်သူအဖြစ်မှာ အကြာကြီး ရှိနေကြတာပါလိမ့်။ သက်ဆုံးတိုင် ချစ်သူတွေဖြစ်ဖို့ ဘာတွေများ လိုအပ်ပါလိမ့်။

----------------------------------------------------

စံပယ်ပန်းလေးတွေကို သိပ်ကြိုက်တဲ့ ကောင်မလေးမို့ ကျွန်တော်က စံပယ်ပန်းလေးလို့ ခေါ်ခဲ့တယ်။ သူ့ကို ချစ်တဲ့ အထိမ်းအမှတ်နဲ့ ခြံထောင့်မှာ စံပယ်တစ်ပင် စိုက်ခဲ့တယ်။ သူနဲ့ ချစ်သူသက်တမ်းကြာခဲ့သလို ခြံထောင့်က စံပယ်ရုံကြီးလည်း စည်စည်ကားကား ထွားထွားဝေေ၀ကြီးကို ဖြစ်လို့။

တစ်ခြားချစ်သူ ကောင်မလေးတွေလိုပဲ သူလည်း သ၀န်တိုတတ်တယ်။ ကျွန်တော်က သူငယ်ချင်းတွေနဲ့အတူ သွားသွားလာလာလုပ်ရင် သူက မကြည်ဘူး။ ဒါကို ကျွန်တော် လက်ခံလို့ ရပါတယ်။ ဒါပေမယ့် ကျွန်တော့် ချစ်သူလေးဟာ ကျွန်တော့် ကိုချစ်တဲ့စိတ်နဲ့ ကျွန်တော့်ရဲ့ အပြစ်မဟုတ်တဲ့ အသေးအဖွဲလေးတွေကို ကြည်ဖြူခွင့်လွှတ်တဲ့ သူလေး ဖြစ်မယ်လို့ မျှော်လင့်မိခဲ့တယ်။ ကိုယ့်ချစ်သူဆီကနေ အဲသည်လို ကြည်ဖြူခွင့်လွှတ်မှုမျိုးကို မျှော်လင့်ထိုက်တယ်လို့လည်း အခုထိ ယုံကြည်နေတုန်း။ ချစ်သူ မိန်းကလေး တစ်ယောက်ဟာ သူ့ချစ်သူ ကောင်လေးအပေါ်မှာ သ၀န်တိုတတ်မယ်ဆိုတာ သဘာဝပဲ ဆိုပေမယ့် အတိုင်းအတာတော့ ရှိတန်ရာတယ်လို့ ထင်တယ်။ နေရာတကာ လိုက် သ၀န်တိုနေတာက ကိုယ့်ကိုယ်ကို ညှင်းဆဲရာ ကျသလို တစ်ဘက်လူကိုလည်း နှိပ်စက်ရာကျတယ်လို့ သူဘာကြောင့် မတွေးမိတာပါလိမ့်

တကယ်တော့ ကျွန်တော်လည်း သူ့ကို ပိုတွက်ခဲ့မိတယ် ထင်ပါရဲ့။ သူရဲ့ တည်ကြည်တာ ရင့်ကျက်တာ မိန်းမပီသတာ အိနြေ္ဒရတာတွေကို သာသာထိုးထိုး အမှတ်တွေ ပိုပေးခဲ့မိတယ်။ အဲဒါတွေကြောင့်လည်း သူဟာ ကျွန်တော့်ရဲ့ စံပယ်ပန်းလေး ဖြစ်ခဲ့ရတာပါ။ သူ့ကို ချစ်တယ်ဆိုတာ လေးလေးစားစားကို ချစ်ခဲ့တာပါဗျာ။ ကျွန်တော့်အကြောင်းတွေဆို မချွင်းမချန် အမှန်အတိုင်း ပြောပြခဲ့တယ်။ ရင်ထဲမှာ ခံစားရတာတွေကအစ ယုံယုံကြည်ကြည် ဖွင့်ဟခဲ့တယ်။ ဒါတွေက သူ့ကို ယုံကြည်လို့ပေါ့။ သူ့ရဲ့ ရင့်ကျက်မှုတွေ ကို လေးစားလို့ပေါ့။ ပြီးတော့ သူ့ရှေ့မှာရယ်လို့လည်း တကူးတက လိမ္မာပြမနေခဲ့ဘူး။ သူ့ကိုလည်း တီတီတာတာ ပလီမလာတွေ မလုပ်ခဲ့မိဘူး။

ဒါပေမယ့်ဗျာ

သူ့ကို ချစ်သလောက် ကျွန်တော့်ကို ပြန်ချစ်ခဲ့ပေမယ့် သူ့ကို လေးစားသလောက် ကျွန်တော့်ကို ပြန်မလေးစားခဲ့ဘူးလို့ ခံစားခဲ့ရတယ်။ သူ့ကို ယုံယုံကြည်ကြည် ဖွင့်ဟခဲ့တဲ့ ရင်ထဲက ခံစားချက်တွေက တစ်ခါတစ်လေမှာ သူ့အတွက် အပျင်းပြေ ပြောင်စရာလှောင်စရာတွေ ဖြစ်ခဲ့တယ်။ ကျွန်တော့်အကြောင်းတွေ သူ အတွင်းကျကျသိတယ်ဆိုတာ ကျွန်တော့်ကို နားလည်ပေးဖို့ထက် ကျွန်တော့်ကို နိုင်ကွက်ရထားသလို သူအောက်မေ့ခဲ့တယ်။ သူငယ်ချင်းတွေနဲ့ အတူရှိချိန် ဖုန်းပြောတဲ့အခါ သူမေးမြန်းစစ်ဆေးတဲ့ စကားလုံးတွေက ရင့်သီးကြမ်းတမ်းလွန်းလှတယ်။ သူငယ်ချင်းတွေကြားမှာ ကျွန်တော် အရှက်ရစေတဲ့အထိ စကားတွေကို မဆင်မခြင်တွေ ပြောခဲ့တယ်။ နောက်ပြီးတော့ သူနဲ့ အတူရှိနေချိန် တစ်ခြားသူနဲ့ ဖုန်းပြောဖို့ လိုအပ်လာတဲ့အခါတွေမှာလည်း သူ့ရဲ့ အဆင်ခြင်မဲ့ စိတ်ဆိုးစိတ်ကောက်တာ အမနာပ ပြောတာတွေကို ကြုံလာခဲ့ရတယ်။ ပြီးတော့လည်း ကျွန်တော့် သူငယ်ချင်းတွေ အသိုင်းအ၀ိုင်းတွေထဲ ပျော်ပျော်ရွှင်ရွှင် ရှိစေချင်လို့ ၀င်ဆံ့ပေးတဲ့ အခါမှာလည်း သူဘယ်တော့မှ မပျော်ဘဲ အကြောင်းတစ်ခုမဟုတ် တစ်ခုနဲ့ စိတ်ညစ်စရာတွေ တွေ့တွေ့လာရတယ်။

တဖြည်းဖြည်းနဲ့ သူဟာ ကျွန်တော့်ရဲ့ သက်လုံးပုံရမယ့် ချစ်သူမဟုတ်ဘူးဆိုတာ သိလာရတယ်။ သူနဲ့ လက်တွဲပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ ဘ၀လေး တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ နားလည်လာတယ်။ ချစ်တာတစ်ခုတည်းနဲ့တော့ ကျွန်တော်တို့ နှစ်ကိုယ်တူဘ၀လေးကို တည်ဆောက်လို့ မရတော့မှန်း သိလာခဲ့ပြီး

--------------------------------------------------------

ခါတိုင်း အေးအေးဆေးဆေး တွေ့ခွင့်ရတဲ့ နေ့ပေါင်းများစွာထဲက တစ်ခုလိုပဲ အဲသည်နေ့က သူ့ကို အေးအေးဆေးဆေး စကားပြောခွင့်ရခဲ့တယ်။ ခါတိုင်း ပြောဖူးခဲ့တဲ့ စကားတွေပဲ သူ့ကို ထပ်ပြောပြခဲ့တယ်။ သူကလည်း ခါတိုင်းလိုပဲ သူမှားခဲ့ပါတယ်လို့ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ၀န်ခံခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ဆုံးဖြတ်ပြီးသွားပြီ။ သူမှားပါတယ်ဆိုတဲ့ ၀န်ခံချက်မျိုး နောက်ဘယ်တော့မှ နားမထောင်ချင်တော့ဘူး။ သူနဲ့ ပတ်သက်ပြီး ကျွန်တော်ကြုံရတဲ့ အခက်အခဲတွေ စိတ်ဒုက္ခတွေ လူမှုရေးအကျပ်အတည်းလေးတွေကို သူ့ကို သေသေချာချာ ပြောပြအပြီး ၊ သူကလည်း သူမှားပါတယ်လို့ ခါတိုင်းလိုပဲ ၀န်ခံအပြီးမှာ ကျွန်တော့်နှလုံးသားထဲက သူ့အတွက် နောက်ဆုံးစကားတွေကို ပြောခဲ့တယ်။ သူ့ကို ဘယ်လောက် ချစ်ရကြောင်း အရင်ကလည်း ချစ်တယ်။ အခုလည်း ချစ်တယ်။ ဒါပေမယ့် နှစ်ယောက်သား ဆက်ပြီး စခန်းသွားလို့ မဖြစ်တော့တာမို့ လမ်းခွဲဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း။

အဲသည်နေ့က သူငိုတယ်။ မိုးဦးလေဦးမှာ ရွာတဲ့မိုးလို သည်းသည်မည်းမည်း ငိုတယ်။ သူငိုတော့ ကျွန်တော်လည်း ငိုရတယ်။ ဟုတ်တယ် လမ်းခွဲမယ် ဆိုပေမယ့် သူ့ကို ကျွန်တော် ချစ်နေတုန်းပဲလေ။ သူငိုတော့ ကျွန်တော်လည်း ငိုရတာပေါ့။ ငိုရင်းနဲ့ ကျွန်တော့်ကို အမျိုးမျိုး တောင်းပန်တယ်။ ဒီတစ်ခါတော့ ကျွန်တော့် ဆုံးဖြတ်ချက်ကို ပြင်လို့ မဖြစ်တော့တဲ့အကြောင်း သူ့ကို နားလည်အောင် သေချာရှင်းပြခဲ့တယ်။ သူအမှားကြီး မှားခဲ့တာ မဟုတ်ပေမယ့် အမှားလေးတွေ အများကြီးကျူးလွန်ခဲ့ကြောင်း ၀န်တော့ ၀န်ခံရှာသေးပေမယ့်

-----------------------------------------------------------

နွေရောက်ပြီဆိုတော့ ကျွန်တော်တို့ ခြံထောင့်က စံပယ်ရုံကြီး အပွင့်တွေ တဖွေးဖွေးဖြစ်နေရောပေါ့။ ခုချိန်လောက်ဆို ကျွန်တော် ချစ်ခဲ့တဲ့ ၊ ကျွန်တော့်ရဲ့ စံပယ်ပန်းလေး ချစ်သူအသစ်ရဲ့ ရင်ခွင်ထဲမှာ လိမ်လိမ်မာမာ ချစ်တတ်နေရှာပြီ ထင်ပါရဲ့ဗျာ .