Saturday 8 August 2015

နေမကောင်း


ပန်းပွင့်လေးကောက်ကာငင်ကာ ဖျားတော့ ကိုယ်တွေငယ်ငယ်က နေထိုင်မကောင်းဖြစ်တတ်တဲ့ အခိုက်လေးတွေအကြောင်း ပြန်တွေးမိတယ်။ ဘာလို့ရယ်မသိ။ ကိုယ်လည်း ကောက်ကာငင်တာ ဖျားတတ်ခဲ့တာပဲ။ တစ်ခါတစ်လေ စာသင်ခန်းမှာ နေထိုင်မကောင်းဖြစ်ပြီဆိုရင် ၀မ်းနည်းပမ်းနည်း ငိုတတ်တယ်။ သူငယ်ချင်းတွေက ချော့မော့ပြီး ဆရာမကို သတင်းပို့။ အိမ်ကိုပြန်ပေါ့။ နောက်တစ်ခုက နေထိုင်မကောင်းဘူး ဆိုရင်လည်း ခေါင်းကို မထူချင်အောင် ဖြစ်တတ်တာ အမြဲတမ်းပဲ။ ကိုယ်တွေရွာမှာ ဆရာဝန်က နှစ်ယောက်ပဲ ရှိတာ၊ ရွာမှာ ဆိုတာထက် သာဝတ္ထိ တိုက်နယ်တစ်ခုလုံးဆိုရင် ပိုမှန်မလားမသိ။ ဆရာမခင်ဌေးဝင်း နဲ့ ဆရာခင်မောင်ရင်။ ကိုယ်တွေအိမ်ကတော့ ဆရာမဆီပဲ သွားတာပါပဲ။ အမျိုးအရင်းတွေမို့လို့လေ၊ အဖေနေမကောင်းဖြစ်ရင်တော့ ဆရာမကို ကိုသန်းလွင်မြင်းလှည်းနဲ့ ပင့်ရတယ်။ ဆရာမက အိမ်ကို လာပြီဆိုရင် ဆေးသေတ္တာ အနက်ကြီးနဲ့။ ရေနွေးတွေဘာတွေလည်း ကြိုထားရတယ်။ အပ်ဆေးဖို့လေ။ ကိုယ်တွေ နေမကောင်းရင်တော့ ဆရာမကို အိမ်ပင့်ရတယ်လို့ မရှိပါဘူး။ ကိုယ့်ဘာသာပဲ ဆေးခန်းသွားရတာပါပဲ။ ဆရာမဆေးခန်းသွားရတာ နည်းနည်းတော့ လန့်တယ်ဗျ။ ဆရာမက အပျိုကြီးပီပီ စိတ်က သိပ်ရှည်တာ မဟုတ်ဘူးရယ်။ အနေအထိုင်မတတ်လို့ အစားသောင်းကျန်းလို့ နေထိုင်မကောင်းဖြစ်လို့ကတော့ ဆရာမက ကြီးသောငယ်သော ဆီးဆူတော့တာကိုး။ ဆေးမြီးတိုတွေ လျှောက်သောက်ပြီး အချိန်လွန်မှ ဆေးခန်းရောက်လာရင်လည်း အဆူအဟောက်က ခံရသေးတာ။ ဒါပေသိ စေတနာရှေ့ထားတဲ့ စကားတိုတိုမို့ ဆရာမ ဘယ်လိုပဲ ဆူဆူ လူကြီးသူမတွေကတောင် ဗွေယူတာ မဟုတ်ဘူးလေ။ အမှန်က ကျွန်တော်တို့အရပ်မှာ နှစ်ဦးတည်းသော ဆရာဝန်တွေဟာ အနန္တောအနန္တငါးပါးတောင် ၀င်ထိုက်ပါပေရဲ့။ အရပ်က ဆရာဝန်ကို အဲသလောက်တောင် အလေးထား လေးစားတာကလား။

နောက်ပြီး လူက ဖျားပြီနာပြီဆို ဘာမှ မစားချင် မသောက်ချင် ဖြစ်တော့တာလေ။ အရိုးစွဲနေတဲ့ ဓလေ့အရလည်း ဖျားတယ်နာတယ်ဆို အစားကို ပေးမစားတော့ဘူးကိုး။ လူနာစာပဲ စားရတော့တာပေါ့။ လူနာစာဆိုတာ အဲသည်တုန်းက တစ်ရွာလုံးမှာမှ တစ်ဆိုင်လောက်ပဲ ရှိတဲ့ ကာဖီဆိုင်က ကာဖီရေကို တစ်လုံးချိုင့်လေးနဲ့ သွားဝယ်။ ကိတ်မုန့်လေး သဇင်မုန့်လေးဝယ်ပေါ့။ သဇင်မုန့်ဆိုတာ သဇင်ဘီစကွတ်မုန့်ကို ပြောတာ။ နောက်ပိုင်းကျတော့ ယိုးဒယားခေါက်ဆွဲခြောက် ဆိုတာ ပေါ်လာတယ်။ ချဉ်ချဉ်စပ်စပ်လေးနဲ့ လူမမာ ခံတွင်းတွေ့တဲ့ ဓာတ်စာတစ်မျိုးတိုးတာပေါ့။ ကိုယ်တွေမှာ နေထိုင်မကောင်းဖြစ်ပြီဆို စားစရာက ဆန်ပြုတ်ရယ်၊ ဆိုင်ကချိုင့်ဆွဲ ကာဖီရေရယ်၊ သဇင်မုန့်ရယ်၊ ကိတ်မုန့်ရယ်၊ ယိုးဒယား ခေါက်ဆွဲခြောက်ရယ်လေ။ နည်းနည်း အဖျားတာရှည်ရင်တော့ အိမ်က နို့ဆီဗူးနဲ့ ကော်ဖီမှုန့် သကြားဝယ်ပြီး ကော်ဖီဖျော်တိုက်တတ်ပါတယ်။ ကိုယ်ကတော့ နို့ဆီဗူးထဲက နို့ဆီခိုးယက်ရတာကို အရသာအလွန်တွေ့တာ။ ဒါပေမယ့် တကယ်တမ်း ဖျားပြီတဲ့ဟေ့ ဆိုမှဖြင့် ကိုယ်ကြိုက်တဲ့ နို့ဆီလည်း အရသာမရှိတော့ပါဘူး။
သုံးလေးရက်လောက် ခေါင်းမထောင်နိုင်အောင် လူးလိမ့်နေပြီးရင် နည်းနည်း နေကောင်းလာပြီဆိုတာနဲ့ ပထမဆုံး လုပ်တဲ့အလုပ်က စားချင်တာတွေကို စာရင်းချရေးတာပဲ။ နေမကောင်းတုန်းက ခံတွင်းမလိုက်လို့ရယ် အိမ်က ခွင့်မပြုလို့ရယ် မစားခဲ့ရတာတွေကို နေကောင်းရင်တော့ ဒါတွေ စားမယ်ကွဆိုပြီး စာရင်းလုပ်တာလေ။ လူကြီးတွေပြောတဲ့ မတည့်တဲ့အစာတွေပေါ့။ ကိုယ့်စာရင်းထဲ အများဆုံး ပါတတ်တာတွေက သင်္ဘောသီးသုပ်၊ ဒံပေါက်၊ ဖွာလူဒါ၊ မုန့်ဟင်းခါးချဉ်ချဉ်စပ်စပ်သုပ်၊ ကြက်သားကြော် မှတ်မိသလောက်တော့ အဲဒါတွေပါပဲ။ အမေကတော့ ကိုယ့်စာရင်းကိုကြည့်ပြီး အေးပါသားရယ် နေကောင်းရင် အမေ၀ယ်ကျွေးပါ့မယ်လို့ နှစ်သိမ့်တတ်ပေမယ့် တကယ်နေကောင်းတော့လည်း အဲဒါတွေက မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြန်ရော။

အခု ပန်းပွင့်လေးတို့ခေတ်ကျတော့ တော်တော်ကို ပြောင်းလဲသွားပြီ။ အယူအဆတွေကအစ ကိုယ်တွေငယ်ငယ်ကနဲ့ တစ်ချို့ဆို ဆန့်ကျင်ဘက်လို့တောင် ပြောလို့ရအောင် ပြောင်းလဲသွားတာ။ ကိုယ်တွေ ငယ်ငယ်က ဖျားပြီနာပြီဆိုရင် ဘာမှ မစားရတော့သလောက်ပဲ။ ခုတော့ ဟုတ်ပေါင်။ စားချင်တာကျွေး ၀င်သလောက်ကျွေးတဲ့။ ပန်းပွင့်လေးများ နေမကောင်းဖြစ်လဲ နေကောင်းတုန်းကလိုပဲ အကုန်ကျွေးတာပဲ။ မစားဘူးဆိုရင်တောင် ချော့မော့ ပြီး မ၀င် ၀င်အောင် ကျွေးရတာ။ နေမကောင်းလို့များ မတည့်တဲ့အစာဆိုတာ ဒီခေတ်ဒီအခါ မရှိတော့ဘူး ထင်ပါရဲ့။ နောက်ပြီးတော့ ကိုယ်တွေတုန်းက နေမကောင်းရင် လေစိမ်းတိုက်မခံရဘူးဆိုပြီး တံခါးတွေအကုန်ပိတ် စောင်ကြီးခြုံပြီးနေရတာ။ အခုကျတော့ လေကောင်းလေသန့်ရအောင် ထားရမတဲ့။ ကိုယ်တွေပူနေရင် အဲယားကွန်းလေးနဲ့ပါ ထားရမတဲ့။ ပန်းပွင့်လေးတို့ အကြိုက်ပေါ့ဗျာ။ အမယ် ဆေးခန်းသွားတော့ရောတဲ့။ ကိုယ်တွေတုန်းက ဆေးခန်းရောက်တာနဲ့ ဆရာဝန်က ဖင်လှန်ပြီး ဆေးထိုးတော့တာ။ အခုခေတ်ကျတော့ ဆေးမထိုးဘူးဗျ။ သောက်ဆေးပဲ ပေးတယ်။ ဆေးထိုးတာ မကောင်းဘူးဆိုပဲ။ ဆေးခန်းတစ်ခါသွားရင်လည်း ကုန်လိုက်တဲ့ ပိုက်ဆံတွေဆိုတာ သောက်သောက်လဲ။

ဘာရယ်လို့ မဟုတ်ပါဘူး။ ပန်းပွင့်လေး နေမကောင်းတော့ တွေးမိတွေးရာလေးတွေ လျှောက်ရေးလိုက်တာ

No comments:

Post a Comment