Wednesday 31 July 2019

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း တရားဝင်ခြင်းမ၀င်ခြင်းနှင့် ပတ်သက်ပြီး


 ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း တရားဝင်ခြင်းမ၀င်ခြင်းနှင့် ပတ်သက်ပြီး ဒီမေးခွန်းတွေ မေးခဲ့ပါတယ်

ဘာသာရေးကိုအခြေခံတဲ့
လူမှုရေးအသင်းအဖွဲ့တွေကို
ဥပဒေအရ ဖွဲ့ခွင့်ရှိသလား

သံဃာတော်တွေက
သံဃာ့အဖွဲ့အစည်းမဟုတ်တဲ့
လူမှုရေးအသင်းအဖွဲ့တွေမှာ
အဖွဲ့ဝင်ဖြစ်ခွင့်ရှိသလား

ဥပဒေကခွင့်ပြုထားတဲ့
အသင်းအဖွဲ့အမျိုးအစားက
ဘယ်နှခုလောက်ရှိလဲ

တရားမဝင်အသင်း
မတရားသင်းအဖြစ်
ဘယ်လိုအချက်တွေနဲ့ကိုက်ညီရင်
ကြေညာလို့ရသလဲ
အသင်းအဖွဲ့ဆိုင်ရာ ဥပဒေသုံးခု တွေ့ပါတယ်
.
၁။ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဥပဒေ
https://www.constitutionaltribunal.gov.mm/lawdatabase/my/law/226?fbclid=IwAR0KevSlekwluJYMRJ3jm7T-BNo-7uYx4SQuRg2elCFZeRpGkADtaOjE3oQ
.
၂။ THE UNLAWFUL ASSOCIATION ACT
https://www.constitutionaltribunal.gov.mm/lawdatabase/my/content/unlawful-association-act-india-act?fbclid=IwAR1PbE5m0_K2gW4YGha5zm_dT-GIXr2RwPkjaT97JWprnThUedWT6kxS6LQ
.
၃။ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ
https://www.constitutionaltribunal.gov.mm/lawdatabase/my/law/620

အခြေခံဥပဒေပုဒ်မ ၃၅၄(ဂ) နဲ့
ဒီဥပဒေသုံးခုရယ်ကို လေ့လာပြီးတဲ့အခါမှာ အောက်ပါအတိုင်း သုံးသပ်ရရှိပါတယ်

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း တရားဝင်ခြင်းမဝင်ခြင်းကို နိုင်ငံတော်ရဲ့ တည်ဆဲ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေများအရသာလျှင် သက်ဆိုင်ရာ ဥပဒေစောင့်ထိန်းရေးအဖွဲ့အစည်းများက ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပါတယ်။ မဘသက ဝင်ဆုံးဖြတ်ပေးရမယ့်ကိစ္စလို့ မမြင်ပါဘူး၊ မဘသမှာလည်း အဲ့သည်လိုဆုံးဖြတ်ပေးနိုင်တဲ့အာဏာရှိတယ်လို့ မတွေ့ပါဘူး၊ သက်ဆိုင်ရာ ဥပဒေများဟာလည်း အခြေခံဥပဒေကပေးထားတဲ့ နိုင်ငံသားတို့ရဲ့ မူလအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းဆောင်ရွက်တာကို အားပေးကူညီဖို့ ပြဌာန်းထားတဲ့ ဥပဒေများဖြစ်ပါတယ်၊ ဆိုလိုတာက နည်းလမ်းမကျတဲ့ ဖွဲ့စည်းမှုဖြစ်နေသည့်တိုင်အောင် နည်းလမ်းတကျဖွဲ့စည်းဆောင်ရွက်ဖို့ ကူညီပေးရဖို့ပါ နှိပ်ကွပ်ဖို့မဟုတ်ပါ သာသနာရေးဝန်ကြီးဌာနသည်လည်း ဒီအဖွဲ့က တရားမဝင်ဘူးလို့ ဆုံးဖြတ်ပေးခွင့်ရှိတဲ့ ဝန်ကြီးဌာနတစ်ခုမဟုတ်ပါ၊ အခုက ဥပဒေအရ ဆုံးဖြတ်ပေးခွင့်ရှိတဲ့ သက်ဆိုင်ရာတွေမပြောဘဲ မဆိုင်သူတွေက ကြည့်မရလို့လျှောက်ပြောနေသလိုဖြစ်နေပါတယ်၊ ဒီမိုကရေစီစနစ်မှာ ဥပဒေလွတ် စည်းမျဉ်းလွတ် စိတ်ထင်ရာလျှောက်ပြောနေခြင်းက ဘောင်မဝင်ပါဘူး အားလည်းမပေးထိုက်ပါဘူး ဒီအဖွဲ့တရားဝင်ခြင်းမဝင်ခြင်းနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းက ထိုက်သင့်တဲ့ကူညီစောင့်ရှောက်မှုမျိုးအစား နှိပ်ကွပ်တာတွေပဲ ဆက်လာနေမယ်ဆိုရင် ဖောင်ဒေးရှင်းအနေနဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေ သင့်တော်ရာစာချွန်တော်တစ်ခု ထုတ်ဆင့်ပေးဖို့ လျှောက်ထားပြီး မိမိတို့ရဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းဆောင်ရွက်ခွင့် မူလအခွင့်အရေးကို ကာကွယ်ဖို့ နည်းလမ်းရှာသင့်ပါတယ် ဆိုခဲ့တဲ့အထဲက အမှားအယွင်း အကောက်အယူလွဲနေတာများရှိရင် တည့်မတ်ပေးကြမယ်ဆို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်

 ဇေယျာနိုင်
 ၃၁ ဇူလိုင် ၂၀၁၉


Thursday 25 July 2019

ခေတ်ပညာတတ်

. . . ခေတ်ပညာတတ်တယ်ဆိုတာ ဆယ်တန်းအောင်ပြီး ဘွဲ့ရတာကို ပြောတာမဟုတ်ဘူး၊ ခေတ်ရေစီးကြောင်းထဲမှာ မလွှဲမရှောင်သာတဲ့ နည်းပညာတွေ အသုံးအစွဲတွေကို အကျွမ်းတ၀င်ကြီးမဟုတ်ရင်တောင် တီးမိခေါက်မိတော့ ရှိတာကိုပြောတာဖြစ်တယ်လို့ ဆိုချင်တယ်။
.
. . . အွန်လိုင်းမှာ မိတ်ဆွေဖြစ်တဲ့ ညီငယ်လေးတစ်ယောက်နဲ့ စကားစမြည်ပြောပြီး ဒီစာကို ထရေးဖြစ်တယ်။ အဲသည်ညီငယ်လေးက ဂျပန်ကို အလုပ်သမားလေ့ကျင့်ရေးဗီဇာနဲ့ ရောက်နေတာ တစ်နှစ်လောက်ရှိပြီတဲ့၊ နေတာကလည်း တိုကျိုမြို့နဲ့ လော်ကယ်ရထားစီးရင် တစ်နာရီလောက်ပဲ စီးရတဲ့ မြို့လေးမှာနေတယ်။ ရထားခကလည်း တိုကျိုနဲ့ အသွားအပြန်မှ ယန်းနှစ်ထောင်ကျော်လောက်ပဲ ကျသင့်တဲ့နေရာ။
.
. . . စကားတွေပြောနေရင်းနဲ့ လာမယ့် သြဂုတ်လ ပိတ်ရက်မှာ ဘယ်ကိုသွားလည်မလဲ မေးတော့ သူက အူရဲနိုကို သွားလည်မယ်တဲ့။ ကိုယ့်မှာ နားမရှင်းလို့ ပြန်မေးတာ အူရဲနိုကို သွားလည်မှာတဲ့။ ကိုယ်ဘာလို့ နားမရှင်းဖြစ်ရလဲ ဆိုရင် အူရဲနိုဆိုတာ တိုကျိုရဲ့တစ်စိတ်တစ်ပိုင်း နာမည်ကြီး တိုကျိုကိုသွားတယ်ဆိုရင်တောင် ခလုတ်တိုက်နေရတဲ့ နေရာမျိုး အာ့လိုနေရာမျိုးကို ပိတ်ရက်ရှည်မှာ တကူးတက သွားလည်မှာဆိုတော့ ကိုယ့်မှာ အထူးအဆန်းတွေဖြစ်လို့၊ ဘာလို့ထူးဆန်းသလဲဆိုရင် ပိတ်ရက်ဆိုတာမျိုးက ရပ်ဝေးနေရာတွေကိုပဲ တကူးကတ သွားလည်တတ်ကြပြီး တိုကျိုမြို့ထဲဟိုနားဒီနားသွားတယ်ဆိုတာ တကူးတက လုပ်နေရတဲ့အလုပ် မဟုတ်ဘူးလို့ပဲ ယူဆထားလို့။
.
. . . ဒါနဲ့ စကားဆက်စပ်ပြီး မေးကြည့်တော့မှ ဆရာသမားလေးက တိုကျိုကိုတောင် တစ်ယောက်တည်း မသွားဖူးဘူးတဲ့၊ သွားရင်လည်း သူများကို မေးရလွန်းလို့ ရှက်လာတယ်တဲ့။ မင်းက တယ်လီဖုန်း မရှိဘူးလားဆိုတော့ ရှိတယ်တဲ့ မသုံးတတ်ဘူးတဲ့ ဆိုလို့ တယ်လီဖုန်းကို ခရီးသွားတဲ့အခါ ရထားစီးတဲ့အခါ နေရာတွေဘာတွေ စားသောက်ဆိုင်တွေ ရှာတဲ့အခါ စသည်ဖြင့် ဘယ်လိုသုံးရလဲဆိုတာ ဖုန်းထဲကနေ သင်ပေးနေရသေးတယ်။ သင်သာပေးနေရတာ ဒီကောင် ငါ့ကို အကြောင်ရိုက်ပြီး မသိချင်ယောင်ဆောင်မေးနေတာလားလည်း မေးရသေး၊ တကယ်ကို ဖုန်းကို အသုံးမချတတ်တာပါဗျာ၊ အံ့ကြီးကို သြရပါလေရော။
.
. . . ပြောချင်တာက အခုလို လက်ကိုင်ဖုန်းတွေ စမတ်ဖြစ်နေတဲ့ ခေတ်ကြီးမှာ လက်ထဲက ဖုန်းကိုတော့ အကျိုးရှိရှိ သုံးကြပါလို့ ပြောချင်တယ်။ စမတ်ဖုန်းဆိုတာ ဖုန်းပြောဖို့နဲ့ ဖေ့ဘုတ်ပွတ်ဖို့လောက်ပဲ သုံးရတာမဟုတ်ဘူး၊ တကယ့်ကို သုံးရင်သုံးတတ်သလောက် အသုံးဝင်တဲ့ ပစ္စည်းလေးပဲ ဆိုတာ ပြောပြချင်တာ။
.
. . . ဘယ်လိုသုံးရမှာလဲတော့ လာမမေးနဲ့၊ ဖုန်းထဲက app တွေကို လျှောက်စမ်းကြည့် စာတွေဖတ် မေး သုံးကြည့် ဒါမှ သိတော့မပေါ့။ အထက်က ပြောခဲ့တဲ့ ညီငယ်လေးက ဖုန်းကို အာ့လို မသုံးတတ်ဘူး၊ ဂျပန်လိုနိုင်ငံမျိုးမှာ အစစအရာရာ သတင်းအချက်အလက်တွေက အလျှံအပယ်ရှိပြီးသားမို့ ဖုန်းကို ကောင်းကောင်း မသုံးတတ်ရင်၊ ကိုယ်တိုင်က မျက်စိဖွင့်နားဖွင့် မလေ့လာရင် တစ်နေရာကနေ တစ်နေရာ ရောက်ဖို့ မလွယ်ဘူး၊ မေးလည်းမမေးရဲ့ ကိုယ်တိုင်လည်း မလေ့လာ စာလည်းမဖတ်။ ကိုယ့်လက်ထဲက ဖုန်းလေးတောင် လိုအပ်သလောက် မသုံးတတ်မှတော့ ဂျပန်ကိုရောက်နေပေမယ့် တကယ့်ကို ဂနိုင်ကျတယ်၊ ငယ်ငယ်တုန်းက စကားနဲ့ပြောရင် မြစ်အရှေ့ဘက်ကမ်းသားပေါ့။ ကျော်တို့ ငယ်ငယ်က မြစ်အရှေ့ဘက်ကမ်းကိုပြောတာနော် အခုက လျှပ်စစ်မီးနဲ့ ကားလမ်းက စစ်တောင်းမြစ်ကိုတောင် ကျော်နေပြီဆိုတော့ အခု ဒီနေ့မြစ်အရှေ့ဘက်ကမ်းသားတွေက အထက်ကပြောခဲ့တဲ့ ဂျပန်ငတိထက် အပုံကြီးသာတယ်ပြောရမယ်။
.
. . . ကျော်တို့ ငယ်ငယ်ကဆို ပျဉ်းမနားကို သွားချင်ရင် ကားရထားစီးရတယ်၊ မနက် ခုနစ်နာရီဆိုပေမယ့် မလာမချင်းစောင့်ရတဲ့ ကားရထား။ တစ်စီးပဲရှိတာမို့ ရထားလည်း မှားတက်စရာမရှိဘူး၊ အသွားလားအပြငန်လားလည်း မှားစရာမရှိဘူး၊ တိုကျိုလိုမြို့မှာကျတော့ ဒီလိုနဲ့ မရဘူး၊ တိုကျိုဘူတာမှာ ပလက်ဖောင်း ၂၈ ခုရှိတယ်၊ ပလက်ဖောင်းတိုင်းမှာ ရထားတွေက သုံးမိနစ်ကနေ ငါးမိနစ်ခြား တစ်စီးစီလောက် အ၀င်အထွက်လုပ်နေပြီး ရထားတိုင်းမှာလည်း လူတွေက တက်နေဆင်းနေကြတာဆိုတော့ တိုကျိုဘူတာ ဘယ်လောက်ရှုပ်မလဲ စဉ်းစားသာကြည့်ပေတော့။
.
. . . ဒါပေမယ့် ဘယ်လောက်ပဲရှုပ်ရှုပ် ပူစရာမလိုဘူး၊ ဘူတာထဲရောက်သွားရင် ဘုတ်တွေမှာ ပြထားတယ် ဘယ်ရထား ဘယ်ပလက်ဖောင်း ဘယ်အချိန် ဘယ်ကိုရောက်မယ်စသည်ဖြင့် တီဗီဖန်သားပြင်မှာ အသံနဲ့လည်း ကြေညာတယ် မြေပုံတွေ လိုင်းတွေပြတဲ့ လက်ကမ်းစာရွက်တွေဆိုတာလည်း အောတိုက်နေအောင် ချပေးထားတာ၊ အဲ ခင်ဗျားဘက်က လုပ်စရာ တစ်ခုပဲရှိတယ်၊ ဖတ် လေ့လာ၊ တစ်ဘူတာလုံးက စနစ်ကြီးတစ်ခုလုံး သိစရာမလိုပေမယ့် ခင်ဗျားသွားမယ့်နေရာ တန်းတန်းမတ်မတ် မမှားမယွင်း အမြန်ဆုံး ဈေးအသက်သာဆုံး ဘယ်လိုရောက်မလဲ ဆိုတာ သိဖို့ကတော့ ခုနပေးထားတဲ့ သတင်းအချက်အလက်တွေကို ဖတ်မှ လေ့လာမှ သိလိမ့်မယ်
.
. . . ကျော်တို့ အမေတို့ ခေတ်နဲ့ ကျော်တို့ခေတ်နဲ့ အခုဆယ်ကျော်သက်တွေခေတ်နဲ့က ကွာချင်တိုင်း ကွာသွားပြီ။ အမေတို့တုန်းက ကျော်တို့တုန်းက ခေတ်က ငယ်ငယ်က သာဝတ္ထိဘူတာလိုပဲ၊ သတင်းအချက်အလက် သိပ်မလိုဘူး၊ ရွေးချယ်စရာလည်း သိပ်မရှိဘူး၊ သိစရာလည်း များများစားစားမရှိဘူး၊ ပျဉ်းမနားကို ကုန်ကျစရိတ်သက်သက်သာသာနဲ့ မနက်ပိုင်းမှာ သွားမယ်ဆို ကားရထားသွားစီး၊ ပလက်ဖောင်းက တစ်ခုတည်းပေမယ့် ရပ်ချင်တဲ့ လမ်းကြောင်းမှာရပ်တယ် ရထားကလည်း တစ်စီးတည်းမို့ လာရင်တက် လိုက်သွား၊ အင်မတန်မှကို ရိုးရှင်းတယ်
.
. . . အခုခေတ်က တိုကျိုဘူတာခေတ်ဖြစ်လာပြီ၊ ရွေးချယ်စရာတွေများလာတယ်၊ ရောက်မယ့်နေရာတွေများလာတယ်၊ သတင်းအချက်အလက်တွေကလည်း များလွန်းအားကြီးတော့ အကုန်လည်း အလွတ်မရနိုင်ဘူး၊ ကိုယ်လိုချင်တဲ့အချိန်မှာကိုယ်လိုချင်တဲ့အရာကို ရဖို့အတွက်က အမြဲတမ်း လေ့လာနေဖို့ လိုလာပြီ၊ နို့မဟုတ်ရင် ရထားတွေ လမ်းတွေအများကြီးထဲ ဘယ်ရထားတက်စီးလို့ စီးရမှန်းမသိတဲ့ အကန်းအအ ဖြစ်တော့မယ်
.
. . . ဒါကြောင့် လူငယ်တွေ ခေတ်ပညာတတ်အောင်လုပ်ကြ။ မကင်းနိုင်တဲ့အရာတွေကို သိတန်သရွေ့သိအောင်လုပ်ထားကြ။ ဖေ့ဘုတ်ကို အပျော်သုံးတယ်ဆိုရင်တောင် ကိုယ့်အကောင့်ကို ဘယ်လိုလုံခြုံအောင်လုပ်ထားမလဲ သိအောင်လုပ် လုံအောင်လုပ်၊ အင်တာနက်ကမ္ဘာကြီးထဲ ဂူဂဲလောက်တော့ ခေါက်တတ်ကြပါစေ၊ မြေပုံကြည့်တတ်ကြပါစေ၊ ကိုယ့်လုပ်ငန်း ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ဝါသနာနဲ့ ဆက်စပ်တဲ့ အပလီကေးရှင်းလေးတွေ ဘယ်လိုသုံးမလဲ စသည်ဖြင့် စူးစမ်းတတ်ကြပါစေ
.
. . . ပြောချင်တာတွေကများတော့ စာက မကျစ်လျစ်ဘူးဖြစ်နေပေမယ့် အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီခေတ်ဒီအခါကြီးမှာ ငပိန်းတွေ အဖြစ်မခံကြပါနဲ့ လေ့လာပါ အသုံးချပါ၊ မဟုတ်တာတွေနဲ့ပဲ အချိန်ကုန်မခံကြပါနဲ့
.
ကိုကိုမောင်
၂၅ ဇူလိုင် ၂၀၁၉

နည်းပညာ

. . . ဒီစကားလုံးကတော့ ကြားရလွန်းလို့ ရိုးအီနေတဲ့ စကားလုံးပါ။ အရင်ရေးခဲ့တဲ့ ခေတ်ပညာတတ်ဆိုတဲ့ စာထဲကလိုပဲ ကိုယ်တွေ ငယ်ငယ်က နည်းပညာနဲ့ ပတ်သက်ရင် သိပ်ပြီး မသိသာပေမယ့် အခုက တော်တ်ာကို သိသာသွားပြီ
.
. . . ပြီးခဲ့တဲ့ ရက်က ကျောင်းပြီးလို့ မြန်မာပြည်ပြန်တော့မယ့် ညီလေးတစ်ယောက်နဲ့ စကားစမြည်ပြောရင်း သူက မြန်မာပြည်ရောက်ရင် အ၀တ်လျှော်စက် ထောင်မယ်ဆိုတဲ့ စိတ်ကူးလေးကို ပြောပြတယ်။ (ဂျပန်မှာက အိမ်တိုင်းမှာ အ၀တ်လျှောက်စက် ရှိချင်မှ ရှိမယ်၊ အ၀တ်လျှောက်စက်လေးတွေထားပေးထားတဲ့ နေရမှာ သွားလျှော်လို့ရတယ်၊ မစ္စတာဘင်း ဟာသတွဲတွေထဲမှာတောင် ပါသေး၊ အ၀တ်ကိုယူသွား ကိုယ့်ဘာသာ စက်ထဲကို ပိုက်ဆံထည့် ဆပ်ပြာမှုန့်ထည့်လျှော်၊ ကိုယ့်ဘာသာ အခြောက်ခံစက်ထဲထည့် ပြန်ယူလာ၊ အ၀တ်လျှော်စက်ဝန်ဆောင်မှုလို့ခေါ်ရမယ်ထင်တယ်)
.
. . . ကိုယ်တွေကျောင်းမှာရှိတဲ့ စက်တွေက ပိုက်ဆံအကြွေစေ့ထည့်ရတဲ့ စက်တွေ တစ်ခါလျှော် ယန်းတစ်ရာစေ့တစ်စေ့၊ အခြောက်ခံ ယန်းတစ်ရာတစ်စေ့ စသည်ဖြင့်ပေါ့။ အဲသည်ညီလေးက အာ့လို ပိုက်ဆံထည့်တဲ့ စနစ်မျိုးနဲ့ လုပ်မယ်ဆိုတော့ ကိုယ်က အကြံပေးတယ်။ ညီလေး မင်း လုပ်မယ့်လုပ် ဘာလို့ အကြွေစေ့လုပ်နေအုံးမလဲ၊ တရုတ်လို နိုင်ငံမျိုးမှာ သူတောင်းစားတောင် QR Code နဲ့ ပိုက်ဆံတောင်းနေတဲ့ ခေတ်ကြီးမှာ အာ့လိုနည်းလေးနဲ့ လုပ်ဖို့ စဉ်းစားပါလားဆိုတော့ သူက ခါးခါးသီးသီးငြင်းတယ်။ သူ့အကြောင်းပြချက်က လူတွေက နည်းပညာ အာ့လောက် မသိသေးဘူးတဲ့၊ သူပြောတာ မှားတယ်လို့ ဆိုချင်တယ်။
.
. . . ကိုယ့်အထင်ပြောရရင် လူတိုင်းလက်ထဲမှာ အင်တာနက်ပါတဲ့ စမတ်ဖုန်းတွေရှိနေပြီ၊ ဘဏ်အကောင့်လိုဟာမျိုးလည်း တော်တော်ကို လွယ်လွယ်ကူကူ လုပ်လို့ရနေတာအပြင် ဘဏ်တွေကလည်း အွန်လိုင်းငွေပေးချေမှုစနစ်တွေကို တော်တော်လေး အားပေးမြှင့်တင်နေပြီမို့ အခုလက်ရှိ နောက်ဆုံးဖြစ်နေတဲ့ QR Code စနစ်ကို တစ်ခါတည်းသွားလိုက်ဖို့ စဉ်းစားသင့်တယ်လို့ ကျွန်တော်က အကြံပေးခဲ့တာပါ။ သူ့ကို ပြောပြီး အခန်းပြန်ရောက်တော့ မြန်မာပြည်ရဲ့ QR Code သုံးနိုင်မှုနဲ့ ငွေပေးငွေယူဝန်ဆောင်မှုတွေကို တော်တော်လေး ရှာဖတ်ဖြစ်လိုက်သေးတယ်။ ရန်ကုန်မှာတော့ မသိဘူး မန်လေးမှာတော့ ဘုရား အလှူခံပုံးမှာ QR Code နဲ့ လှူလို့ရနေပြီ။ ပုဂံမှာ ဘုရားတစ်ဆူချင်းစီရဲ့အကြောင်းကို ရောက်တဲ့ ဘုရားမှာ QR Code နဲ့ဝင်ဖတ်လို့ရနေပြီ၊ ဒါ့အပြင် တစ်နိုင်ငံလုံး ငွေပေးငွေယူဝန်ဆောင်မှုတွေအတွက် နိင်ငံလုံးဆိုင်ရာအဆင့် QR Code စနစ်တစ်ခုကိုတောင် ဖော်ဆောင်ထားပြီဆိုတာ တွေ့ရတယ်
.
. . . ဒီစာမှာ အဓိက ပြောချင်တာက QR Code အကြောင်းတော့ မဟုတ်ဘူး။ နည်းပညာအကြောင်း၊ နည်းပညာတွေ အလျင်အမြန် တိုးတက်နေတဲ့ ခေတ်ကြီးမှာ နည်းပညာနောက်ကို မလိုက်နိုင်ရင် တိုးတက်တန်သရွေ့ တိုးတက်မှာ မဟုတ်ဘူးဆိုတာ ပြောချင်တာ၊ ယုံချင်လည်း မယုံလည်း နေကြပေါ့၊ ဒီထက်တော့ ပိုမပြောတတ်တော့ဘူး
.
. . . ကိုယ် ဂျပန်မှာ ပထမဆုံး ရထားစီးတော့ စာရွက်လက်မှတ်လေးနဲ့၊ လက်မှတ်ရောင်းစက်မှာ ကိုယ်သွားမယ့်ခရီးကျသင့်သလောက် လက်မှတ်ဖိုးထည့်ပြီး လက်မှတ်ထွက်လာတဲ့ အလိုအလျောက် လက်မှတ်ရောင်းစက်က ၀ယ်ရတာ။ ရထားတစ်ခါစီးတိုင်း တစ်ခါ ၀ယ်ရတယ်၊ အလုပ်တစ်ခုပိုတယ်၊ အချိန်ပိုကုန်တယ်။ နောက်ကျတော့ တိုကျိုမှာ အသွားအလာများတော့ လက်မှတ်ကတ် လုပ်လိုက်တယ်။ Suika ဖရဲသီးတံဆိပ်လေးနဲ့ စမတ်ကတ်လေး၊ ပိုက်ဆံကလည်း တစ်ခါထည့်ထားရင် မကုန်မချင်း ထပ်ဝယ်စရာမလိုတော့ အချိန်ကုန်သက်သာတဲ့အပြင် လက်မှတ်ဖြတ်တဲ့နေရာမှာလည်း အဲသည်ကတ်လေးကို ကတ်ဖတ်စက်မှာ ကပ်ပြလိုက်ရုံပဲ၊ ကတ်က ပိုက်ဆံအိတ်ထဲ ထည့်ထားတယ်ဆို ပိုက်ဆံအိတ်လေးကို ကတ်ဖတ်စက်ကို ထိလိုက်တာနဲ့ လက်မှတ်ဖြတ်သွားပြီးသားဆိုတာကိုး။ နောက် မဟာဘွဲ့ရပြီး မြန်မာနိုင်ငံကို ပြန်ပြီး တစ်ခေါက်ပြန်လာတော့ အဲသည်ကတ်တောင် မလိုတော့တဲ့ စနစ်ဖြစ်နေပြီ။ ဖုံးထဲမှာ တစ်ခါတည်း app ထည့်ပြီး ပိုက်ဆံဖြည့်ရုံပဲ။ ပိုက်ဆံတောင် ကိုယ့်ဘဏ်အကောင့်ထဲက တိုက်ရိုက်ဖြည့်လို့ရတဲ့အပြင် ဖုန်းလေးနဲ့ လက်မှတ်ဖြတ်စက်ကပ်လိုက်တာနဲ့ လက်မှတ်ဖြတ်ပြီးပြီ အာ့လောက်ထိ လွယ်သွားတယ်။ ပြောရရင် ဂျပန်မှာ ကိုယ်ရောက်နေတဲ့ ငါးနှစ်အတွင်း ကိုယ်သုံးတဲ့ ရထားလက်မှတ်မျိုးဆက်က နည်းပညာသုံးဆင့် မြင့်သွားတယ်။
.
နည်းပညာကို အထင်မသေးကြနဲ့၊ နည်းပညာကို ခိုင်းစားနိုင်အောင်လုပ်ကြဖို့ သတိပေးချင်တယ်
.
ကိုကိုမောင်
၂၅ ဇူလိုင် ၂၀၁၉

Wednesday 10 July 2019

စန်းကလျာ



. . . ဒီစာဖတ်မိတဲ့သူတွေထဲ စန်းကလျာကို မှတ်မိသေးတဲ့သူ ဘယ်နယောက်လောက်ရှိပါလိမ့် ၊ အငြိမ့်မင်းသမီး စန်းကလျာကို သိလိုက်တာ ကိုယ်တွေက နောင်ဆုံးမျိုးဆက်တော့ မဟုတ်လောက်ဘူး။ မှတ်မှတ်ရရ ကိုယ်ဆယ်တန်းအောင်တဲ့နှစ်တုန်းက စန်းကလျာရဲ့ အငြိမ့်ကြော်ငြာဆိုင်းဘုတ်ကို ပျဉ်းမနားဟောင်းလို့ ခေါ်ကြတဲ့ လမ်းပျဉ်းမနားမှာ တွေ့လိုက်သေးလို့ပဲ။
.
. . . စန်းကလျာဆိုတာ ကိုယ်တွေငယ်ငယ်က သိပ်ကိုရင်းနှီးနေတဲ့ အငြိမ့်သမ။ ရင်းနှီးတယ်ဆိုတာ လူချင်း သိတာကို ပြောတာတော့ မဟုတ်ပါဘူး။ သူက ကိုယ့်ရွာမှာလာကတဲ့ အငြိမ့်မင်းသမီး၊ ကိုယ်က အငြိမ့်မင်းသမီး လှလှလေးကိုတောင် မငမ်းတတ်သေးတဲ့ ချာတိတ်ပေါက်စ။ အင်းသာရွာမှာ အလှူအတန်းလေးများရှိလို့ အငြိမ့်ထည့်ပြီဆို စန်းကလျာက မပါမဖြစ်လို့ ပြောရမယ်ထင်တယ်။
.
. . . အငြိမ့်မင်းသမီးကို ကာလသားလို မငမ်းတတ်သေးဘူးဆိုပေမယ့် စန်းကလျာ လှတာကိုတော့ ကိုယ်တွေ ခံစားတတ်တယ်။ သူ့ကိုယ်လုံးကိုယ်ပေါက်ဘာညာသာရကာ အလှကိုတော့ မမှတ်မိဘူးပေါ့လေ၊ ကြည့်လည်း မကြည့်တတ်သေးဘူးကိုး၊ မျက်နာလေး လှတာကိုတော့ ကောင်းကောင်းမှတ်မိနေတယ်။ စံပယ်တင်မဲ့လေးနဲ့ အသားဖွေးဥဥလေးနဲ့ စန်းကလျာက တော်တော်ချစ်ဖို့ကောင်းတဲ့ ပုံစံလေး၊ မှတ်မိတယ်ဆိုပေမယ့် စန်းကလျာ အစစ်ကို မှတ်မိတာတော့ မဟုတ်ပါဘူး။ မီးရောင်အောက်ကိုဝင် လူပြက်တွေနဲ့တွဲပြီး မိတ်ကပ်အဖွေးသားနဲ့ ခါးမှာယပ်တောင်လို ခါးထောင်ထိုင်မသိမ်းအင်္ကျီနဲ့ ဘော်ကြယ်ပြောင်ပြောင်လက်လက်တွေ ထိုးထားတဲ့ ရေသီအနားရှည် ဗလာထမီနဲ့ ဆံထုံးကြီးနဲ့ သီချင်းတွေဆိုလိုက် လူပြက်တွေ သားပြောမယားပြော ပြောတာခံလိုက် ဆိုင်းဆရာကို စိန်ခေါ်လိုက် ကလိုက် အလုပ်လုပ်နေတဲ့ အငြိမ့်ခွင်က အငြိမ့်သမ စန်းကလျာကိုပဲ မှတ်မိတာပါ။ တစ်ခါတစ်လေတော့လည်း စပ်စပ်စုစုနဲ့ စန်းကလျာ မိတ်ကပ်ပြင်တဲ့အိမ်မှာ အငြိမ့်ခွင်မစခင် မင်းသမီး အလှပြင်တာကို တစ်ခြားချာတိတ်ပေါက်စတွေနဲ့အတူ လိုက်ကြည့်ဖူးပေမယ့် သူ့မူရင်းရုပ်ကို မမှတ်မိပါဘူး။ ကိုယ့်ဦးလေးက ဓာတ်ပုံဆရာဆိုတော့ သူ့မှာ ရွာနဲ့ပတ်သက်တဲ့ ပုံတွေ တော်တော်များများရှိတယ်။ လက်တည့်စမ်းရိုက်ထားတာလား လာမရွေးကြတာလားမသိ။ အငယ်တုန်းက စန်းကလျာ ဓာတ်ပုံတစ်ပုံ အိမ်မှာရှိတယ်၊ အခုရော ရှာရင်တွေ့ပါအုံးမလား မပြောတတ်ဘူး။ ပြန်ရောက်မှ ရှာကြည့်ရအုံးမယ်
.
. . . ကိုယ်တွေရွာမှာ ကထိန်တွေဘာတွေဆို စတိတ်ရှိုးတစ်ည အငြိမ့်တစ်ည ထည့်တတ်တော့ အငြိမ့်ကတိုင်း စန်းကလျာက မပါမဖြစ်ပဲလားလို့တောင် ထင်မိတယ်။ အင်းသာမြောက်ကျောင်း နှစ်ဆောင်ပြိုင်ကျောင်းကြီးမျက်နာစာက သဲတွေဖွေးနေတဲ့ မန်ကျည်းတန်းကြီးရှေ့ မြေကွက်လပ်ကျယ်ကြီးမှာ သိမ်ကိုကျောပေးပြီးထိုးထားတဲ့ ဇာတ်စင်ပေါ် စန်းကလျာ ကခဲ့ဖူးမှာပဲ။ နွေရာသီမှာ လုပ်လေ့ရှိတဲ့ အလှူပွဲတွေဘာတွေဆိုရင်လည်း အလှူ့ရှင်အိမ်က မဏ္ဍာပ်ကြီးထဲ ခုတင်ကြမ်းလေးခုလောက်ဆက်လိုက်ထားတဲ့ အငြိမ့်စင်မှာလည်း စန်းကလျာ ကခဲ့ဖူးမှာပဲ။ အသေးစိတ်တော့ ကိုယ်လည်း မမှတ်မိတော့ဘူး။ သေချာတာကတော့ အငြိမ့်မင်းသမီးက အနည်းဆုံး နှစ်ခါတော့ ကရတယ်။ ပထမ အ၀င်နေ့ညမှာ ဇာတ်စင်ပေါ်တစ်ခါက၊ နောက်နေ့ ပွဲကြီးနေ့ ရှင်လောင်းလှည့်ရင် နွားလှည်းပေါ်မှာ တစ်ခါက
.
. . . စန်းကလျာတစ်ယောက် ဘ၀ဇာတ်ဆရာ ဆိုသမျှ အလိုကျ ငိုခဲ့ရ ကျွန်မဘ၀ပါရှင် ဆိုတဲ့ သီချင်းလေးကို ငိုသံပါလေးနဲ့ရှိုက်ငင်ရှိုက်ငင်ဆို၊ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်နေတာကို တကယ်ကြီးသနားမိပြီး၊ အငြိမ့်သမကို ဆူပူဟိန်းဟောက်နေတဲ့ ဇာတ်ဆရာလူပြက်ကိုလည်း စိတ်ဆိုးခဲ့ဖူးတယ်။ အငြိမ့်သမတို့ ထုံးစံအတိုင်း အငြိမ့်စင်ပေါ်ကနေ အကိုကာလသားတွေကို စောင်းချိတ်ပြောတာလေးတွေ ၊ ဟိုးစင်ထောင့်က အစ်ကိုကာလသားက သူ့ကို ဘယ်လိုပိုးတယ်ဆိုတာတွေပြောတဲ့အခါ ကိုယ်တွေက တကယ်တွေ အဟုတ်ကြီးမှတ်နေတာကိုလည်း သတိရမိတယ်။ အငြိမ့်မင်းသမီးက အာ့လိုလေး တစ်ခါလောက်ပြောလိုက်ရင် အငြိမ့်စင်ဘေးမှာ စုပြုံတိုးကြည့်နေကြတဲ့ ရွာက အကိုရွယ်ကာလသားတစ်သိုက်က ဟေးကနဲ ၀ါးကနဲ ညာသံပေးကြတာကိုလည်း အဲသည်တုန်းက အိနြေ္ဒမဲ့လိုက်တဲ့သူတွေဆိုပြီိး စိတ်ထဲက ကဲ့ရဲ့ဖူးတယ်။ ဟုတ်တယ်လေ ကိုယ်တွေက ဇတ်စင်ရှေ့မှာ ဖျာတွေဘာတွေခင်းပြီး အမေတွေ အစ်မတွေ အဒေါ်တွေနဲ့ အိနြေ္ဒရရ ပွဲကြည့်တဲ့သူဆိုတော့ သူတို့ကို ကဲ့ရဲ့မိတာပေါ့။ ဒါပေမယ့် အခုမှ ပြန်စဉ်းစားမိတာက အခုနေ ငါသာဆိုလည်း သူတို့လိုပဲ မင်းသမီးကို အနီိးကပ်မြင်ရမယ့် အငြိမ့်စင်ဘေးသွားပြီိး ဘော်ဒါတွေနဲ့အတူ ဟေးလေးဝါးလေးလုပ် ကြည့်ဖြစ်မှာပဲလို့ တွေးမိတယ်။
.
. . . တွေးမိတယ်ဆိုပေမယ့် တကယ်နောက်ဆုံးကြည့်ခဲ့ရတုန်းက အာ့လို မကြည့်ခဲ့ရပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်လောက် မြန်မာပြည်ကို နောက်ဆုံးရောက်ခဲ့တဲ့အခေါက်က အမေ့အိမ်ပြန်တာမှာ ဘုန်းကြီးကျောင်းထဲ အငြိမ့်ပွဲနဲ့တိုးလို့ အမေတို့ မမတို့ အဒေါ်တို့နဲ့အတူ ပွဲခင်းထဲ ထိုင်ကြည့်ခဲ့ရပါရောလား။ ဘာရယ်တော့ မဟုတ်ဘူး အငြိမ့်မင်းသမီးကို ဆုလေးဘာလေးချပြီး သီချင်းတောင်းလို့ရတယ်ဆိုလို့ ပိုက်ဆံနည်းနည်းဆုချပြီး သီချင်းတောင်းဖို့ အစ်ကိုတစ်ယောက်ကို တိုးတိုးတိတ်တိတ် လွှတ်လိုက်ပါတယ်။ ဟိုအစ်ကိုလုပ်သူက ကိုယ့်နာမည်ပါသွားပြောလို့ လူပြက်က စင်ပေါ်ကနေ မိုက်ကြီးနဲ့ ကိုယ့်နာမည်ထုတ်အော်တာ အရှက်တွေ ဗြန်းဗြန်းကွဲခဲ့ပါရောလား၊ ရှက်လည်းရှက်ပါရဲ့ ရှက်လည်းမရှက်နိုင်ပေါင်၊ နောက်တစ်ခါဆိုရင်တော့ ဟိုအစ်ကိုကို သေချာမှာလွှတ်ရမယ် . . .
.
ကိုကိုမောင်
၁၀ ဇူလိုင် ၂၀၁၉
.
(စကားချပ်။ နှစ်တွေကလည်း ကြာပြီဆိုတော့ ကိုယ့်မှတ်ဥာဏ်ကလည်း ဝေေ၀၀ါးဝါးရယ်၊ ရေးထားတဲ့အထဲ အမှားတွေပါရင်လည်း သိတဲ့သူ ပြင်ပေးခဲ့ကြ)
ပုံက ပန်းချီဆရာ အောင်မင်းမင်းရဲ့ Blue Dance ပန်းချီကား

https://fineartamerica.com/fea…/blue-dance-aung-min-min.html
.
အငြိမ့်သမ၀တ်စုံက အခေါ်အဝေါ်လေးတွေ ရှင်းပြပေးတဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက KoTin Latt Yu ကိုကျေးဇူးတင်ပါတယ်

Saturday 6 July 2019

ဗစ်တိုးရီးယားလေးအမှုနဲ့ပတ်သက်ပြီး



၁။ အရွယ်မရောက်သေးတဲ့ သမီးလေးအဖေတစ်ယောက်အနေနဲ့ ဒီလိုအမှုမျိုးကို ကြားရတာ ဖတ်ရတာနဲ့တင် ရင်ထဲမှာ မွန်းကျပ်လှတယ်

၂။ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ဒုရဲချုပ်ပြောသွားတဲ့စကားတွေနဲ့ ပတ်သက်ပြီး (ကိုယ့်လိုဘာမဟုတ်တဲ့ လူတစ်ယောက်အနေနဲ့တောင်) ပြန်လှန်မေးခွန်းထုတ်စရာတွေ တစ်သီကြီးရှိနေတယ်၊ ပြည်သူတစ်ယောက်အနေနဲ့ စိတ်ကျေနပ်ဖွယ်ရာ ရှင်းပြချက်မျိုးမဟုတ်ဘူးဆိုပေမယ့် သူ့မှာလည်း ကျင့်ဝတ်အရဖြစ်စေ လုပ်ထုံးလုပ်နည်းအရပဲဖြစ်စေ၊ အခြား အကြောင်းတွေအရဖြစ်စေ မပြောဘဲ ထားရအုံးမယ် အကြောင်းအရာတွေ ရှိနေအုံးမယ်လို့ ယူဆတယ်။ ရုံးတော်မှာ ဒီဟာကွက်တွေကို စေ့စေ့စပ်စပ် မေးမြန်းဖော်ထုတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်

၃။ တရားမျှတမှုဆိုတာ ဗစ်တိုးရီးယားလေးတစ်ယောက်တည်းအတွက် လိုအပ်တာမဟုတ်ဘူး၊ အခုအမှုမှာ ကျော်စောသတင်းနဲ့ စွပ်စွဲခံနေရသူတွေအတွက်ပါ တရားမျှတမှုကို ထည့်သွင်းစဉ်းစားနိုင်မှသာ ကျွန်တော်တို့တွေရဲ့ တရားမျှတမှုလိုလားချက်က အဓိပ္ပာယ်ရှိလိမ့်မယ်

၎။ လူမှုကွန်ယက်တွေမှာ ဗစ်တိုးရီးယားလေးအတွက် ၀န်းရံနေကြတာတွေက အတိုင်းအတာတစ်ခုအထိ နစ်နာသူအတွက် အားဖြစ်စေပေမယ့် အခုလာက်ဆို လုံလောက်ပါပြီ။ ဒီထက်ဆက်သွားနေရင် ပြောင်းပြန်အကျိုးသက်ရောက်မှုတွေ ခံရမှာစိုးတယ်။

၅။ တရားရုံးတော်ကိုရောက်သွားတဲ့ အမှုတစ်ခုမှာ တရားစီရင်ရေးကို ထိခိုက်စေမယ့် မလိုလားအပ်တဲ့ဖိအားဖြစ်စေမယ့် ပြောဆိုမှု ရေးသားမှုတွေသည် တရားရုံးတော်ကို မထေမဲ့မြင်ပြုရာရောက်ပါတယ်။ ပြစ်မှုမြောက်ပါတယ်။ ၀န်းရံကြသူတွေအနေနဲ့ စိတ်ခံစားချက်တွေကို ဆင်ခြင်တုံတရားအနေနဲ့ ပြောင်းလဲဝန်းရံနိုင်ရင်တော့ ပိုပြီးကောင်းတယ်ဆိုတာ သိပေမယ့် လူတွေက စိတ်ခံစားချက်ကို ဦးစားပေးပြီး လျှောက်ရေးလျှောက်ပြောနေကြတာကို ဘယ်လိုလုပ် ထိန်းသိမ်းလို့ ရပါ့မလဲ

၆။ မြန်မာပြည်က သမီးရှင်တွေအတွက် ကိုယ့်သမီးကို ဘယ်လိုသွန်သင်ပညာပေးထားရမယ်ဆိုတာ ဒီအမှုမတိုင်ခင်ကတည်းကိုက သတိထားမိကြပြီးသားဖြစ်ပေမယ့် ဒီအမှုက ပိုပြီး လေးနက်တဲ့ စိတ်ကူးကိုပေးတာမို့ အာ့တာကို မမေ့မပျောက်ကြသေးခင် သက်ဆိုင်ရာ အင်စတီကျူးရှင်းတွေက ဒါနဲ့ပတ်သက်ပြီး ပညာပေးမှုတွေကို ကျယ်ကျယ်ပျံ့ပျံ့ စနစ်တကျ လုပ်ကြဖို့ အချိန်အခါကောင်းပါပဲ

၇။ သားရှင်တွေအတွက်လည်း ဗစ်တိုးရီးယားလေးအမှုမှာ စာနာစိတ်ရှိတာကို ရပ်မထားဘဲ ကိုယ့်သားတွေကို ဘယ်လို သွန်သင်ရမယ်ဆိုတာအထိ တွေးဖြစ်ကြစေချင်ပါတယ်

ကျားမ

ကိုယ် အလယ်တန်းကျောင်းသားဘ၀က မန်းလေးကို သွားလည်ရင်း အကြောင်းအားလျော်စွာ မိန်းကလေး သီးသန့်ကျောင်းတစ်ခုကို ရောက်သွားဖူးတယ်။ ကိုယ့်အကိုက အာ့ကျောင်းကို ပစ္စည်းတစ်ချို့သွားပို့တော့ သူ့ကားလိုက်စီးရင်း ရောက်ဖူးတာ။ မြန်မာပြည်မှာ ဒီလို ကျားမ သီးသန့်ကျောင်းတွေလည်း ရှိပါလားဆိုတာ ပထမဆုံး သိလိုက်ရတဲ့အချိန်ပဲ
.
ကိုယ့်သမီးကို ဟိုဟိုဒီဒီ ကိစ္စတွေ စိုးရိမ်လို့ဆိုပြီး ဒီလိုကျောင်းမျိုးမှာ ထားမလားဆိုရင်တော့ မထားဘူးလို့ဘဲ ဖြေရမယ်။
.
လောကကြီးမှာ ကင်းလို့မရတဲ့ သဘာဝတရားကို လျစ်လျှူရှုလိုက်ရင် ကိုယ့်သမီးအတွက် သူ့အရွယ်တန် သိသင့်သိထိုက်တာကို သိခွင့်မရအောင် ပိတ်ပင်လိုက်ရာပဲရောက်မှာမို့ မိန်းကလေး ယောက်ျားလေး ရောနှောနေရတဲ့ ကျောင်းမှာပဲ သမီးက နေပါစေ၊ ယောက်ျားလေးဆိုတာ အထူးအဆန်းသတ္တ၀ါကြီးဖြစ်ပြီး အကြောင်းလည်းမသိ မပတ်သက်ရဲ့ ယောက်ျားတွေရှေ့ရောက်ရင် အရှက်အကြောက်တွေကြီးပြီး ခေါင်းကြီးငုံ့နေမယ့် လူအ လူကြောက် မဖြစ်စေချင်
.
နေပြည်တော်ကျောင်းကိစ္စ အင်တာဗျူးမှာ ကလေးတွေကို အတန်းထဲက အက်တီဗတီတွေ လုပ်တဲ့အခါ ကျားမ ခွဲခြားပြီး သတ်သတ်စီ ဆော့ခိုင်းတယ်တဲ့ ။ ကိုယ်သာ အာ့ကျောင်းက ကျောင်းသားမိဘဆိုရင် ဒီအချက်ကို ကန့်ကွက်မိလိမ့်မယ်
.
ကိုယ့်ကလေးကို စိုးရိမ်လို့ဆိုပြီး မတူတဲ့လိင်တွေနဲ့ ဝေးဝေးထားမနား ထိတွေ့မှုပေးထားမလားဆိုတာ မိဘတွေ စဉ်းစားမိကြဖို့