Thursday, 25 July 2019

နည်းပညာ

. . . ဒီစကားလုံးကတော့ ကြားရလွန်းလို့ ရိုးအီနေတဲ့ စကားလုံးပါ။ အရင်ရေးခဲ့တဲ့ ခေတ်ပညာတတ်ဆိုတဲ့ စာထဲကလိုပဲ ကိုယ်တွေ ငယ်ငယ်က နည်းပညာနဲ့ ပတ်သက်ရင် သိပ်ပြီး မသိသာပေမယ့် အခုက တော်တ်ာကို သိသာသွားပြီ
.
. . . ပြီးခဲ့တဲ့ ရက်က ကျောင်းပြီးလို့ မြန်မာပြည်ပြန်တော့မယ့် ညီလေးတစ်ယောက်နဲ့ စကားစမြည်ပြောရင်း သူက မြန်မာပြည်ရောက်ရင် အ၀တ်လျှော်စက် ထောင်မယ်ဆိုတဲ့ စိတ်ကူးလေးကို ပြောပြတယ်။ (ဂျပန်မှာက အိမ်တိုင်းမှာ အ၀တ်လျှောက်စက် ရှိချင်မှ ရှိမယ်၊ အ၀တ်လျှောက်စက်လေးတွေထားပေးထားတဲ့ နေရမှာ သွားလျှော်လို့ရတယ်၊ မစ္စတာဘင်း ဟာသတွဲတွေထဲမှာတောင် ပါသေး၊ အ၀တ်ကိုယူသွား ကိုယ့်ဘာသာ စက်ထဲကို ပိုက်ဆံထည့် ဆပ်ပြာမှုန့်ထည့်လျှော်၊ ကိုယ့်ဘာသာ အခြောက်ခံစက်ထဲထည့် ပြန်ယူလာ၊ အ၀တ်လျှော်စက်ဝန်ဆောင်မှုလို့ခေါ်ရမယ်ထင်တယ်)
.
. . . ကိုယ်တွေကျောင်းမှာရှိတဲ့ စက်တွေက ပိုက်ဆံအကြွေစေ့ထည့်ရတဲ့ စက်တွေ တစ်ခါလျှော် ယန်းတစ်ရာစေ့တစ်စေ့၊ အခြောက်ခံ ယန်းတစ်ရာတစ်စေ့ စသည်ဖြင့်ပေါ့။ အဲသည်ညီလေးက အာ့လို ပိုက်ဆံထည့်တဲ့ စနစ်မျိုးနဲ့ လုပ်မယ်ဆိုတော့ ကိုယ်က အကြံပေးတယ်။ ညီလေး မင်း လုပ်မယ့်လုပ် ဘာလို့ အကြွေစေ့လုပ်နေအုံးမလဲ၊ တရုတ်လို နိုင်ငံမျိုးမှာ သူတောင်းစားတောင် QR Code နဲ့ ပိုက်ဆံတောင်းနေတဲ့ ခေတ်ကြီးမှာ အာ့လိုနည်းလေးနဲ့ လုပ်ဖို့ စဉ်းစားပါလားဆိုတော့ သူက ခါးခါးသီးသီးငြင်းတယ်။ သူ့အကြောင်းပြချက်က လူတွေက နည်းပညာ အာ့လောက် မသိသေးဘူးတဲ့၊ သူပြောတာ မှားတယ်လို့ ဆိုချင်တယ်။
.
. . . ကိုယ့်အထင်ပြောရရင် လူတိုင်းလက်ထဲမှာ အင်တာနက်ပါတဲ့ စမတ်ဖုန်းတွေရှိနေပြီ၊ ဘဏ်အကောင့်လိုဟာမျိုးလည်း တော်တော်ကို လွယ်လွယ်ကူကူ လုပ်လို့ရနေတာအပြင် ဘဏ်တွေကလည်း အွန်လိုင်းငွေပေးချေမှုစနစ်တွေကို တော်တော်လေး အားပေးမြှင့်တင်နေပြီမို့ အခုလက်ရှိ နောက်ဆုံးဖြစ်နေတဲ့ QR Code စနစ်ကို တစ်ခါတည်းသွားလိုက်ဖို့ စဉ်းစားသင့်တယ်လို့ ကျွန်တော်က အကြံပေးခဲ့တာပါ။ သူ့ကို ပြောပြီး အခန်းပြန်ရောက်တော့ မြန်မာပြည်ရဲ့ QR Code သုံးနိုင်မှုနဲ့ ငွေပေးငွေယူဝန်ဆောင်မှုတွေကို တော်တော်လေး ရှာဖတ်ဖြစ်လိုက်သေးတယ်။ ရန်ကုန်မှာတော့ မသိဘူး မန်လေးမှာတော့ ဘုရား အလှူခံပုံးမှာ QR Code နဲ့ လှူလို့ရနေပြီ။ ပုဂံမှာ ဘုရားတစ်ဆူချင်းစီရဲ့အကြောင်းကို ရောက်တဲ့ ဘုရားမှာ QR Code နဲ့ဝင်ဖတ်လို့ရနေပြီ၊ ဒါ့အပြင် တစ်နိုင်ငံလုံး ငွေပေးငွေယူဝန်ဆောင်မှုတွေအတွက် နိင်ငံလုံးဆိုင်ရာအဆင့် QR Code စနစ်တစ်ခုကိုတောင် ဖော်ဆောင်ထားပြီဆိုတာ တွေ့ရတယ်
.
. . . ဒီစာမှာ အဓိက ပြောချင်တာက QR Code အကြောင်းတော့ မဟုတ်ဘူး။ နည်းပညာအကြောင်း၊ နည်းပညာတွေ အလျင်အမြန် တိုးတက်နေတဲ့ ခေတ်ကြီးမှာ နည်းပညာနောက်ကို မလိုက်နိုင်ရင် တိုးတက်တန်သရွေ့ တိုးတက်မှာ မဟုတ်ဘူးဆိုတာ ပြောချင်တာ၊ ယုံချင်လည်း မယုံလည်း နေကြပေါ့၊ ဒီထက်တော့ ပိုမပြောတတ်တော့ဘူး
.
. . . ကိုယ် ဂျပန်မှာ ပထမဆုံး ရထားစီးတော့ စာရွက်လက်မှတ်လေးနဲ့၊ လက်မှတ်ရောင်းစက်မှာ ကိုယ်သွားမယ့်ခရီးကျသင့်သလောက် လက်မှတ်ဖိုးထည့်ပြီး လက်မှတ်ထွက်လာတဲ့ အလိုအလျောက် လက်မှတ်ရောင်းစက်က ၀ယ်ရတာ။ ရထားတစ်ခါစီးတိုင်း တစ်ခါ ၀ယ်ရတယ်၊ အလုပ်တစ်ခုပိုတယ်၊ အချိန်ပိုကုန်တယ်။ နောက်ကျတော့ တိုကျိုမှာ အသွားအလာများတော့ လက်မှတ်ကတ် လုပ်လိုက်တယ်။ Suika ဖရဲသီးတံဆိပ်လေးနဲ့ စမတ်ကတ်လေး၊ ပိုက်ဆံကလည်း တစ်ခါထည့်ထားရင် မကုန်မချင်း ထပ်ဝယ်စရာမလိုတော့ အချိန်ကုန်သက်သာတဲ့အပြင် လက်မှတ်ဖြတ်တဲ့နေရာမှာလည်း အဲသည်ကတ်လေးကို ကတ်ဖတ်စက်မှာ ကပ်ပြလိုက်ရုံပဲ၊ ကတ်က ပိုက်ဆံအိတ်ထဲ ထည့်ထားတယ်ဆို ပိုက်ဆံအိတ်လေးကို ကတ်ဖတ်စက်ကို ထိလိုက်တာနဲ့ လက်မှတ်ဖြတ်သွားပြီးသားဆိုတာကိုး။ နောက် မဟာဘွဲ့ရပြီး မြန်မာနိုင်ငံကို ပြန်ပြီး တစ်ခေါက်ပြန်လာတော့ အဲသည်ကတ်တောင် မလိုတော့တဲ့ စနစ်ဖြစ်နေပြီ။ ဖုံးထဲမှာ တစ်ခါတည်း app ထည့်ပြီး ပိုက်ဆံဖြည့်ရုံပဲ။ ပိုက်ဆံတောင် ကိုယ့်ဘဏ်အကောင့်ထဲက တိုက်ရိုက်ဖြည့်လို့ရတဲ့အပြင် ဖုန်းလေးနဲ့ လက်မှတ်ဖြတ်စက်ကပ်လိုက်တာနဲ့ လက်မှတ်ဖြတ်ပြီးပြီ အာ့လောက်ထိ လွယ်သွားတယ်။ ပြောရရင် ဂျပန်မှာ ကိုယ်ရောက်နေတဲ့ ငါးနှစ်အတွင်း ကိုယ်သုံးတဲ့ ရထားလက်မှတ်မျိုးဆက်က နည်းပညာသုံးဆင့် မြင့်သွားတယ်။
.
နည်းပညာကို အထင်မသေးကြနဲ့၊ နည်းပညာကို ခိုင်းစားနိုင်အောင်လုပ်ကြဖို့ သတိပေးချင်တယ်
.
ကိုကိုမောင်
၂၅ ဇူလိုင် ၂၀၁၉

No comments:

Post a Comment