Thursday 25 July 2019

ခေတ်ပညာတတ်

. . . ခေတ်ပညာတတ်တယ်ဆိုတာ ဆယ်တန်းအောင်ပြီး ဘွဲ့ရတာကို ပြောတာမဟုတ်ဘူး၊ ခေတ်ရေစီးကြောင်းထဲမှာ မလွှဲမရှောင်သာတဲ့ နည်းပညာတွေ အသုံးအစွဲတွေကို အကျွမ်းတ၀င်ကြီးမဟုတ်ရင်တောင် တီးမိခေါက်မိတော့ ရှိတာကိုပြောတာဖြစ်တယ်လို့ ဆိုချင်တယ်။
.
. . . အွန်လိုင်းမှာ မိတ်ဆွေဖြစ်တဲ့ ညီငယ်လေးတစ်ယောက်နဲ့ စကားစမြည်ပြောပြီး ဒီစာကို ထရေးဖြစ်တယ်။ အဲသည်ညီငယ်လေးက ဂျပန်ကို အလုပ်သမားလေ့ကျင့်ရေးဗီဇာနဲ့ ရောက်နေတာ တစ်နှစ်လောက်ရှိပြီတဲ့၊ နေတာကလည်း တိုကျိုမြို့နဲ့ လော်ကယ်ရထားစီးရင် တစ်နာရီလောက်ပဲ စီးရတဲ့ မြို့လေးမှာနေတယ်။ ရထားခကလည်း တိုကျိုနဲ့ အသွားအပြန်မှ ယန်းနှစ်ထောင်ကျော်လောက်ပဲ ကျသင့်တဲ့နေရာ။
.
. . . စကားတွေပြောနေရင်းနဲ့ လာမယ့် သြဂုတ်လ ပိတ်ရက်မှာ ဘယ်ကိုသွားလည်မလဲ မေးတော့ သူက အူရဲနိုကို သွားလည်မယ်တဲ့။ ကိုယ့်မှာ နားမရှင်းလို့ ပြန်မေးတာ အူရဲနိုကို သွားလည်မှာတဲ့။ ကိုယ်ဘာလို့ နားမရှင်းဖြစ်ရလဲ ဆိုရင် အူရဲနိုဆိုတာ တိုကျိုရဲ့တစ်စိတ်တစ်ပိုင်း နာမည်ကြီး တိုကျိုကိုသွားတယ်ဆိုရင်တောင် ခလုတ်တိုက်နေရတဲ့ နေရာမျိုး အာ့လိုနေရာမျိုးကို ပိတ်ရက်ရှည်မှာ တကူးတက သွားလည်မှာဆိုတော့ ကိုယ့်မှာ အထူးအဆန်းတွေဖြစ်လို့၊ ဘာလို့ထူးဆန်းသလဲဆိုရင် ပိတ်ရက်ဆိုတာမျိုးက ရပ်ဝေးနေရာတွေကိုပဲ တကူးကတ သွားလည်တတ်ကြပြီး တိုကျိုမြို့ထဲဟိုနားဒီနားသွားတယ်ဆိုတာ တကူးတက လုပ်နေရတဲ့အလုပ် မဟုတ်ဘူးလို့ပဲ ယူဆထားလို့။
.
. . . ဒါနဲ့ စကားဆက်စပ်ပြီး မေးကြည့်တော့မှ ဆရာသမားလေးက တိုကျိုကိုတောင် တစ်ယောက်တည်း မသွားဖူးဘူးတဲ့၊ သွားရင်လည်း သူများကို မေးရလွန်းလို့ ရှက်လာတယ်တဲ့။ မင်းက တယ်လီဖုန်း မရှိဘူးလားဆိုတော့ ရှိတယ်တဲ့ မသုံးတတ်ဘူးတဲ့ ဆိုလို့ တယ်လီဖုန်းကို ခရီးသွားတဲ့အခါ ရထားစီးတဲ့အခါ နေရာတွေဘာတွေ စားသောက်ဆိုင်တွေ ရှာတဲ့အခါ စသည်ဖြင့် ဘယ်လိုသုံးရလဲဆိုတာ ဖုန်းထဲကနေ သင်ပေးနေရသေးတယ်။ သင်သာပေးနေရတာ ဒီကောင် ငါ့ကို အကြောင်ရိုက်ပြီး မသိချင်ယောင်ဆောင်မေးနေတာလားလည်း မေးရသေး၊ တကယ်ကို ဖုန်းကို အသုံးမချတတ်တာပါဗျာ၊ အံ့ကြီးကို သြရပါလေရော။
.
. . . ပြောချင်တာက အခုလို လက်ကိုင်ဖုန်းတွေ စမတ်ဖြစ်နေတဲ့ ခေတ်ကြီးမှာ လက်ထဲက ဖုန်းကိုတော့ အကျိုးရှိရှိ သုံးကြပါလို့ ပြောချင်တယ်။ စမတ်ဖုန်းဆိုတာ ဖုန်းပြောဖို့နဲ့ ဖေ့ဘုတ်ပွတ်ဖို့လောက်ပဲ သုံးရတာမဟုတ်ဘူး၊ တကယ့်ကို သုံးရင်သုံးတတ်သလောက် အသုံးဝင်တဲ့ ပစ္စည်းလေးပဲ ဆိုတာ ပြောပြချင်တာ။
.
. . . ဘယ်လိုသုံးရမှာလဲတော့ လာမမေးနဲ့၊ ဖုန်းထဲက app တွေကို လျှောက်စမ်းကြည့် စာတွေဖတ် မေး သုံးကြည့် ဒါမှ သိတော့မပေါ့။ အထက်က ပြောခဲ့တဲ့ ညီငယ်လေးက ဖုန်းကို အာ့လို မသုံးတတ်ဘူး၊ ဂျပန်လိုနိုင်ငံမျိုးမှာ အစစအရာရာ သတင်းအချက်အလက်တွေက အလျှံအပယ်ရှိပြီးသားမို့ ဖုန်းကို ကောင်းကောင်း မသုံးတတ်ရင်၊ ကိုယ်တိုင်က မျက်စိဖွင့်နားဖွင့် မလေ့လာရင် တစ်နေရာကနေ တစ်နေရာ ရောက်ဖို့ မလွယ်ဘူး၊ မေးလည်းမမေးရဲ့ ကိုယ်တိုင်လည်း မလေ့လာ စာလည်းမဖတ်။ ကိုယ့်လက်ထဲက ဖုန်းလေးတောင် လိုအပ်သလောက် မသုံးတတ်မှတော့ ဂျပန်ကိုရောက်နေပေမယ့် တကယ့်ကို ဂနိုင်ကျတယ်၊ ငယ်ငယ်တုန်းက စကားနဲ့ပြောရင် မြစ်အရှေ့ဘက်ကမ်းသားပေါ့။ ကျော်တို့ ငယ်ငယ်က မြစ်အရှေ့ဘက်ကမ်းကိုပြောတာနော် အခုက လျှပ်စစ်မီးနဲ့ ကားလမ်းက စစ်တောင်းမြစ်ကိုတောင် ကျော်နေပြီဆိုတော့ အခု ဒီနေ့မြစ်အရှေ့ဘက်ကမ်းသားတွေက အထက်ကပြောခဲ့တဲ့ ဂျပန်ငတိထက် အပုံကြီးသာတယ်ပြောရမယ်။
.
. . . ကျော်တို့ ငယ်ငယ်ကဆို ပျဉ်းမနားကို သွားချင်ရင် ကားရထားစီးရတယ်၊ မနက် ခုနစ်နာရီဆိုပေမယ့် မလာမချင်းစောင့်ရတဲ့ ကားရထား။ တစ်စီးပဲရှိတာမို့ ရထားလည်း မှားတက်စရာမရှိဘူး၊ အသွားလားအပြငန်လားလည်း မှားစရာမရှိဘူး၊ တိုကျိုလိုမြို့မှာကျတော့ ဒီလိုနဲ့ မရဘူး၊ တိုကျိုဘူတာမှာ ပလက်ဖောင်း ၂၈ ခုရှိတယ်၊ ပလက်ဖောင်းတိုင်းမှာ ရထားတွေက သုံးမိနစ်ကနေ ငါးမိနစ်ခြား တစ်စီးစီလောက် အ၀င်အထွက်လုပ်နေပြီး ရထားတိုင်းမှာလည်း လူတွေက တက်နေဆင်းနေကြတာဆိုတော့ တိုကျိုဘူတာ ဘယ်လောက်ရှုပ်မလဲ စဉ်းစားသာကြည့်ပေတော့။
.
. . . ဒါပေမယ့် ဘယ်လောက်ပဲရှုပ်ရှုပ် ပူစရာမလိုဘူး၊ ဘူတာထဲရောက်သွားရင် ဘုတ်တွေမှာ ပြထားတယ် ဘယ်ရထား ဘယ်ပလက်ဖောင်း ဘယ်အချိန် ဘယ်ကိုရောက်မယ်စသည်ဖြင့် တီဗီဖန်သားပြင်မှာ အသံနဲ့လည်း ကြေညာတယ် မြေပုံတွေ လိုင်းတွေပြတဲ့ လက်ကမ်းစာရွက်တွေဆိုတာလည်း အောတိုက်နေအောင် ချပေးထားတာ၊ အဲ ခင်ဗျားဘက်က လုပ်စရာ တစ်ခုပဲရှိတယ်၊ ဖတ် လေ့လာ၊ တစ်ဘူတာလုံးက စနစ်ကြီးတစ်ခုလုံး သိစရာမလိုပေမယ့် ခင်ဗျားသွားမယ့်နေရာ တန်းတန်းမတ်မတ် မမှားမယွင်း အမြန်ဆုံး ဈေးအသက်သာဆုံး ဘယ်လိုရောက်မလဲ ဆိုတာ သိဖို့ကတော့ ခုနပေးထားတဲ့ သတင်းအချက်အလက်တွေကို ဖတ်မှ လေ့လာမှ သိလိမ့်မယ်
.
. . . ကျော်တို့ အမေတို့ ခေတ်နဲ့ ကျော်တို့ခေတ်နဲ့ အခုဆယ်ကျော်သက်တွေခေတ်နဲ့က ကွာချင်တိုင်း ကွာသွားပြီ။ အမေတို့တုန်းက ကျော်တို့တုန်းက ခေတ်က ငယ်ငယ်က သာဝတ္ထိဘူတာလိုပဲ၊ သတင်းအချက်အလက် သိပ်မလိုဘူး၊ ရွေးချယ်စရာလည်း သိပ်မရှိဘူး၊ သိစရာလည်း များများစားစားမရှိဘူး၊ ပျဉ်းမနားကို ကုန်ကျစရိတ်သက်သက်သာသာနဲ့ မနက်ပိုင်းမှာ သွားမယ်ဆို ကားရထားသွားစီး၊ ပလက်ဖောင်းက တစ်ခုတည်းပေမယ့် ရပ်ချင်တဲ့ လမ်းကြောင်းမှာရပ်တယ် ရထားကလည်း တစ်စီးတည်းမို့ လာရင်တက် လိုက်သွား၊ အင်မတန်မှကို ရိုးရှင်းတယ်
.
. . . အခုခေတ်က တိုကျိုဘူတာခေတ်ဖြစ်လာပြီ၊ ရွေးချယ်စရာတွေများလာတယ်၊ ရောက်မယ့်နေရာတွေများလာတယ်၊ သတင်းအချက်အလက်တွေကလည်း များလွန်းအားကြီးတော့ အကုန်လည်း အလွတ်မရနိုင်ဘူး၊ ကိုယ်လိုချင်တဲ့အချိန်မှာကိုယ်လိုချင်တဲ့အရာကို ရဖို့အတွက်က အမြဲတမ်း လေ့လာနေဖို့ လိုလာပြီ၊ နို့မဟုတ်ရင် ရထားတွေ လမ်းတွေအများကြီးထဲ ဘယ်ရထားတက်စီးလို့ စီးရမှန်းမသိတဲ့ အကန်းအအ ဖြစ်တော့မယ်
.
. . . ဒါကြောင့် လူငယ်တွေ ခေတ်ပညာတတ်အောင်လုပ်ကြ။ မကင်းနိုင်တဲ့အရာတွေကို သိတန်သရွေ့သိအောင်လုပ်ထားကြ။ ဖေ့ဘုတ်ကို အပျော်သုံးတယ်ဆိုရင်တောင် ကိုယ့်အကောင့်ကို ဘယ်လိုလုံခြုံအောင်လုပ်ထားမလဲ သိအောင်လုပ် လုံအောင်လုပ်၊ အင်တာနက်ကမ္ဘာကြီးထဲ ဂူဂဲလောက်တော့ ခေါက်တတ်ကြပါစေ၊ မြေပုံကြည့်တတ်ကြပါစေ၊ ကိုယ့်လုပ်ငန်း ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ဝါသနာနဲ့ ဆက်စပ်တဲ့ အပလီကေးရှင်းလေးတွေ ဘယ်လိုသုံးမလဲ စသည်ဖြင့် စူးစမ်းတတ်ကြပါစေ
.
. . . ပြောချင်တာတွေကများတော့ စာက မကျစ်လျစ်ဘူးဖြစ်နေပေမယ့် အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီခေတ်ဒီအခါကြီးမှာ ငပိန်းတွေ အဖြစ်မခံကြပါနဲ့ လေ့လာပါ အသုံးချပါ၊ မဟုတ်တာတွေနဲ့ပဲ အချိန်ကုန်မခံကြပါနဲ့
.
ကိုကိုမောင်
၂၅ ဇူလိုင် ၂၀၁၉

No comments:

Post a Comment