Saturday 28 December 2019

မတော်တော့တဲ့ဂျင်းဘောင်းဘီ

မင်းအချစ်ကိုမျှော်ရတာက
မတော်တော့တဲ့ဂျင်းဘောင်းဘီကို
တစ်နေ့ပြန်ဝတ်ရနိုးနဲ့
သိမ်းထားရသလိုပဲ
မျှော်လင့်ချက်ရှိပေမယ့်
ဖြစ်နိုင်ချေနည်းလွန်းတယ်
😞😞😞


Monday 23 December 2019

ကြောက်တယ်

တစ်ယောက်တည်းနေရမှာ
ကြောက်ကြောက်လာပြီ

တစ်ယောက်တည်းဆိုတာနဲ့
ဘယ်ချောင်မှာပုန်းနေမှန်းမသိတဲ့
အလွမ်းနတ်ဆိုးက
ေပၚလာၿပီး
ကူကယ်ရာမဲ့တဲ့ကိုယ့်ကို
နှိပ်စက်တော့တာပဲ

တစ်ယောက်တည်းနေရမှာ
ကြောက်ကြောက်လာပြီ

Monday 9 December 2019

စောင်ရေးမပါတဲ့သူ

‌‌ေလောကမှာ
စောင်ရေးမပါတဲ့လူတစ်ယောက်
ဖြစ်ဖို့အတွက်
အရည်အချင်းများများမလိုဘူး
နှစ်ချက်ရှိရင်ရပြီ

တစ်
.
ကိုယ့်ကိုဘယ်တော့မှပြန်မချစ်မယ့်သူကို
ရင်ဘတ်ကြီးနဲ့နှစ်ပြီးချစ်ရမယ်

နှစ်
.
ပြီးရင်
စောက်ရှက်မရှိတဲ့လေသံနဲ့
မင်းငါ့ကိုချစ်လားလို့
သွားမေးရဲရမယ်

Sunday 8 December 2019

စစ်သည်တော်


စစ်မြေပြင်မှာကျဆုံးခဲ့ရတဲ့ သူငယ်ချင်း မီရှယ်၊ ဘယ်ဆီရောက်လို့ရောက်နေမှန်းမသိတဲ့ မြင်းလေး၊ ဂျောပြား တို့နဲ့ နေပြည်တော်မှာ အတူတာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်တွေကို သတိတရဖြစ်စေခဲ့တဲ့ တိုကျိုမြို့လယ်က ဧကရာဇ်နန်းတော် မလှမ်းမကမ်းမှာရှိတဲ့ ယာစုကုနိ နတ်ကွန်း နှစ်ပေါင်းတစ်ရာ့ငါးဆယ်ပြည့် အထိမ်းအမှတ်တွေလုပ်တဲ့အချိန်မှာ ကိုယ်က ပထမဆုံးအကြိမ်ရောက်ဖြစ်ခဲ့တယ်
.
ဂျပန်နိုင်ငံ ပါဝင်တိုက်ခိုက်ခဲ့တဲ့စစ်ပွဲတွေအတွင်းကျဆုံးခဲ့တဲ့ စစ်သည်တော်တွေ အရပ်သူအရပ်သား ယောက်ျားမိန်းမ ကလေးသူငယ် သက်ကြီးရွယ်အိုနဲ့ အိမ်မွေးခွေးကြောင် အသက်ပေါင်း ၂၄၆၆၅၃၂ ရဲ့ အမည်စာရင်းကို မော်ကွန်းထိုးထားတဲ့ အထဲမှာ စစ်ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ထားတဲ့ စစ်သည်တော်တွေပါ ပါနေတယ်ဆိုပြီး အငြင်းပွားဖွယ် သိမှတ်ချက်နဲ့ဆက်စပ်ပြီး ဒီနတ်ကွန်းကို ဂျပန်အစိုးရ အရာရှိကြီးတွေ သွားရောက်ဂါရဝပြုတိုင်း တရုတ်နဲ့ ကိုရီးယားတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချနေကြတာ ဒီနေ့ထိထက်တိုင်ပါပဲ
.
တိုင်းပြည်နဲ့လူမျိုးအတွက် တိုက်ပွဲဝင် အသက်စွန့်ခဲ့ရတာချင်းတူပေမယ့် တစ်ချို့က သူရဲကောင်းအဖြစ်မော်ကွန်းတင်ခံရပြီး တစ်ချို့က စစ်ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ခံရတာတွေကိုကြည့်ရင် စစ်သည်တော်ဆိုတာ စစ်ကိုနိုင်အောင်တိုက်နိုင်ရုံနဲ့တင် မပြီးသေးဘဲ ကိုယ်တိုက်ခဲ့တဲ့စစ်ဟာ တရားမျှတကြောင်း သမိုင်းတွင်ရစ်အောင် ကမ္ဗည်းထိုးခဲ့နိုင်စွမ်းရှိဖို့လဲ အရေးကြီးကြောင်း သတိတရားရမိပါတယ်
.
နတ်ကွန်းရှေ့မှာ တွေတွေကြီးရပ်နေမိနေမိတဲ့ ကိုယ့်ရဲ့ခေါင်းထဲဘာတွေတွေးမိနေလဲဆိုတာ ကိုယ့်နှလုံးသားထဲ ဘာတွေခံစားနေရလဲဆိုတာ အပေါ်မှာပြောခဲ့သူငယ်ချင်းသုံးယောက်သာသိရင် လှောင်ပြုံးပြံုးပြီးများ ဝိုင်းကြည့်နေကြမလားဆိုပြီး မလုံမလဲဖြစ်မိတယ်
.
ဗိုလ်ကောင်း
၇ ဒီဇင္ဘာ ၂၀၁၉

Friday 6 December 2019

Romantic Night

The snowfall night was romantic
Nineteen December five to six
It will be my nostalgia
The remaining life for many years


Thursday 5 December 2019

သမုဒယဆိုသော တဏှာရယ်


. . . တစ်ခါတစ်လေလည်း စဉ်းစားမိတယ်၊ အချစ်တို့ မေတ္တာတို့အကြောင်းပေါ့၊ ချစ်တာဆိုတာ ဘာကိုခေါ်တာလဲ၊ အချစ်ရဲ့အဓိပ္ပာယ်က ဘာတွေလဲ၊ ပန်းလေးတစ်ပွင့်ကို သဘောကျတာက ချစ်တာလား၊ ရေမြေတောတောင်သာယာတဲ့ ရှုခင်းကို သဘောကျတာက ချစ်တာလား၊ တယ်လီဖုန်းအကောင်းစားလေးတစ်ခုကို ကြိုက်မိတာက ချစ်တာလား ကြိုက်တာလား၊ ချစ်တာနဲ့ ကြိုက်တာနဲ့ အတူတူပဲလား၊ ဘာကွာလဲ၊ သက်မဲ့အရာဝတ္ထုတွေကို မြတ်နိုးစွဲလန်းရတာနဲ့ လူတစ်ယောက် ဒါမှမဟုတ် လူတွေကို ဒါမှမဟုတ် လူအချင်းချင်း ခင်မင် နှစ်သက် ချစ်ကြိုက် ကြည်ညို လေးစား ချစ်ခင်ရတာနဲ့ ဘာကွာလဲ၊ ခုနပြောခဲ့တဲ့ လူတစ်ယောက်အပေါ် ကိုယ့်ရဲ့သဘောထားရေချိန်ကို ဖော်ပြတဲ့ စကားလုံးတွေရဲ့ တစ်လုံးချင်းအဓိပ္ပာယ်တွေမှာ ပါဝင်တဲ့ သဘောတရားတွေက အတူတူပဲလား ဘယ်လောက်ထိတူပြီး ဘာတွေ ကွဲပြားနေတာလဲ
.
. . . ကိုယ်နားလည်မိသလောက်ဆိုရင် တစ်ခုခုကို စွဲလန်းမိတာမှန်သမျှ တဏှာဆိုတဲ့ တရားကိုယ်နဲ့ဆိုင်ပြီး နှစ်သက်စဖွယ် ရနဲ့လေးတစ်ခုကို အာရုံရလို့ သဘောကျသွားတာကနေ လူတစ်ယောက်ကို အရူးအမူးချစ်မိတာတွေအထိ အကုန်လုံး ဒီတရားကိုယ် သဘောတရားနယ်ပယ်ထဲမှာပဲ ရှိနေတယ်ဆိုတာပါပဲ၊ ဒါဆိုရင် သက်မဲ့တစ်ခုကို မြတ်နိုးစွဲလန်းရတာနဲ့ လူတစ်ယောက်ကို မြတ်နိုးစွဲလန်းရတာကရော ဘာတွေ ကွာခြားလဲ၊ ဒါကတော့ တော်တော်ကွာမှာပါ၊ သက်မဲ့ကို မြတ်နိုးစွဲလန်းမှုမှာ တစ်လမ်းသွားသဘောပဲရှိပြီး ကိုယ့်ရဲ့သူ့အပေါ် နှောင်ဖွဲ့မိတဲ့ စိတ်ခံစားချက်သက်သက်ပဲရှိတာ၊ လူတစ်ယောက်ကို မြတ်နိုးစွဲလန်းမိတာကတော့ အပြန်အလှန်သဘောဆောင်တာလေ၊ လူတစ်ယောက်ရယ်လို့မှ မဟုတ်ပါဘူး၊ မွေးထားတဲ့ ခွေးလေး ကြောင်လေးတွေ အသိဉာဏ်မြင့်လို့ ချစ်ခင်စွဲလန်းမှုကို ခံစားတတ်တဲ့ အသိများတာနဲ့အမျှ အချင်းချင်းကြား ‌နှောင်ဖွဲ့မှုက ပိုများတတ်တာမဟုတ်လား
.
. . . ချစ်ခင်မှုနဲ့သံယောဇဉ်အ‌နှောင်အဖွဲ့ကို ခံစားနိုင်စွမ်းရှိကြတဲ့ လူတွေအချင်းချင်းပဲဖြစ်ဖြစ် လူနဲ့ တစ်ခြားခွေးကြောင် တိရစ္ဆာန်တွေကြားမှာပဲဖြစ်ဖြစ် သက်မဲ့ကို စွဲလန်းမိတာနဲ့ မတူတဲ့အချက်က သတ္တဝါအချင်းချင်းမှာက ကိုယ့်ဘက်က သံယောဇဉ်ထားသလို သူ့ဘက်က သံယောဇဉ်ကိုလည်း မျှော်လင့်တတ်ကြတာပဲ၊ ရရင်ပျော်ရတယ် မရတော့ ဝမ်းနည်းကြရတယ်၊ ဒါထက်ဆိုးရင် ဆုတ်နစ်တဲ့ ဒေါသတရားကိုယ်ကနေ တက်ကြွတဲ့ဒေါသတရားကိုယ်အဖြစ်ကိုပြောင်းပြီး မခံချင်စိတ်တွေဖြစ်ကြတယ်၊ နေမထိထိုင်မသာတွေဖြစ်တယ်၊ ငါမင်းကို သတ်ချင်တယ်တွေဘာတွေထိ ဖြစ်ကြရတယ်၊ တကယ်တမ်းကျတော့ လူ့ဘဝတိုတိုလေးမှာ ကိုယ်ချစ်တဲ့သူကို ချစ်နေရရင်ပြီးရော မဟုတ်ဘူးလား၊ ဘာလို့များ သူ့အချစ်ကို ပြန်မရတာနဲ့ ကိုယ့်ဘာသာလောင်မြိုက်ခံနေအုံးမှာလဲ
.
. . . အခု နားလည်သလိုသာဆိုရင် လူတွေပြောပြောနေတဲ့ ဖြူစင်ပါတယ်ဆိုတဲ့ မေတ္တာအဖြစ် တင်စားနေကြတဲ့ ညီအစ်ကို မောင်နှမ သူငယ်ချင်း သားအမိသားအဖ အချင်းချင်း ချစ်ခင်မြတ်နိုးကြချင်းတွေမှာ စွဲလန်းမှုဆိုတဲ့ တဏှာပါနေသေးတာပဲ၊ သူတစ်ထူးကောင်းရာကိုသာလိုလားတဲ့ မေတ္တာအပြင် ချစ်ခင်မြတ်နိုးစွဲလန်းခြင်းတွေ ရောယှက်ပါနေတော့ အတူတူရှိကြသခိုက်မှာ ပျော်ကြရတယ်၊ ဝေးသွားရင် လွမ်းရတယ် ဆွေးရတယ် စိတ်မကောင်းဖြစ်ရတယ်၊ ခွဲခွာရတဲ့အခါ ငိုကြရတယ်၊ ကိုယ်က အဘိဓမ္မာမသင်ဖူးတော့ စိတ်တွေကို သရုပ်မခွဲတတ်ပေမယ့် အခုပြောတာက တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းခိုင် ဝတ္ထုထဲမှာပါတဲ့ သူငယ်ချင်း မိဘ မောင်နှမ သားအမိအချစ်တွေဟာ အေးချမ်းတဲ့ မေတ္တာနယ်ပယ်ကို ကျော်လွန်ပြီး ပူလောင်တဲ့ ကိလေသာနယ်ပယ်ထဲထိ ရောက်နေကြလို့ လွမ်းရဆွေးရ ငိုကြရတာပါဆိုတာကို ကိုးကားပြီးပြောတာပါ
.
. . . ဒါဆိုရင် ကိုယ့်ရဲ့ ငယ်ချစ်ဦးလေးကို အခုထိ ချစ်နေသေးတာကရော ဘာစိတ်လဲ၊ အဲသည်စိတ်ထဲမှာ သူနဲ့အတူရှိစဉ်ကအချိန်လေးတွေကို ပြန်ပြောင်းအောက်မေ့ပြီး ကြည်နူးသာယာတာ လွမ်းဆွတ်တာကလွဲရင် အခုနေသူနဲ့တွေ့ချင်နေတာတွေ သူ့ကိုမှ မမြင်ရရင် စားမဝင်အိပ်မပျော်တာတွေ မပါတော့ဘူးနော်၊ ဒါပေမယ့် ကိုယ်သိပ်ချစ်တယ် အခုထိလည်း ချစ်နေတုန်းပဲလို့ ကိုယ့်ဘာသာထင်နေတဲ့ ငယ်ချစ်ဦးအကြောင်း တွေးမိတိုင်း ကြည်နူးရတဲ့ ချိုမြိန်မှုလေးက ဘာနဲ့မှမတူတဲ့ ခံစားချက်လေးပဲ၊ အမြဲတမ်းကြီးမဟုတ်ပေမယ့် သူနဲ့ပတ်သက်တဲ့ အကြောင်းတိုက်ဆိုင်တဲ့အခါ ကိုယ့်ရဲ့စိတ်ထဲ သူတစ်ယောက်ဖြတ်ပြေးသွားတဲ့ တစ်ဒင်္ဂအချိန်လေးမှာ လှိုက်နဲနွေးသွားတဲ့ နှလုံးသားရဲ့ ခံစားချက်လေးက တစ်စက္ကန့်လောက်ပဲ ကြာချင်မှတောင်ကြာမယ်ဆိုပေမယ့် အာ့တာလေးကိုပဲ စွဲလန်းတသနေတတ်တဲ့ စိတ်ကိုရော ဘာလို့ နာမည်တပ်လို့ရမလဲ ၊ ဒါလည်းပဲ အချစ်ပဲလား အထက်ကပြောခဲ့တဲ့ တရားကိုယ်တွေနဲ့ ဘာကွာလဲ ၊ ကိုယ်လည်းမသိတော့ဘူးရယ်
.
နောက်ပြီး
ဒီသံသရာတစ်လျှောက်လုံး ချစ်ရခင်ရစွဲလန်းရ မြတ်နိုးရဆိုတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ထမ်းပြီး ဘယ်ချိန်ထိအောင် လွမ်းရဆွေးရ ငိုနေကြရအုံးမှာလဲ
.
မောင်လွမ်းဝေ
၅ ဒီဇင္ဘာ ၂၀၁၉

Tuesday 3 December 2019

ယင်ကောင်လေး


. . . ကိုယ့်အခန်းထဲကို ရောက်နေတာ မှတ်မှတ်ရရ တစ်ပတ်လောက်ရှိသွားပြီ၊ နေသာတဲ့ တစ်ရက်တုန်းက အခန်းထဲလည်း လေကောင်းလေသန့် ဖလှယ်ရအောင်ဆိုပြီး ပြတင်းပေါက်ဖွင့်ရင်း အကောင်တွေမဝင်အောင်ကာတဲ့ သံဇကာကိုပါ ဖွင့်မိတော့ ဝင်လာတာထင်တယ်၊ ယင်ကောင်ဆိုတာကလည်း သိတဲ့အတိုင်း တစ်နေရာတည်း ငြိမ်ငြိမ်နေတာမှ မဟုတ်ဘဲကိုး၊ တဝီဝီလျှောက်သွားနေတာ အခန်းထဲမှာ တော်တော်အာရုံနောက်တယ်၊ မောင်းထုတ်ဖို့ကြိုးစားတာလည်း မအောင်မြင်၊ သတ်ကလည်း မသတ်ချင်လို့မို့ လေးငါးရက်နေရင်တော့ သူ့ဘာသာ သက်တမ်းပြည့်ပြီးသေသွားမှာပဲလေဆိုပြီး လွှတ်ထားတယ်၊ သူ့အသံ တဝီဝီကို သည်းခံနိုင်ခဲ့ပေမယ့် အခန်းထဲ ဟိုပေါ်နား ဒီပေါ်နား လျှောက်နားတဲ့အခါ သူနားတဲ့နေရာမှာ အစက်လေးတွေ ပေပြီးကျန်ရစ်တယ်၊ တဖြည်းဖြည်းနဲ့ အခန်းထဲက မော်နီတာစကရင်ပေါ်မှာ၊ ကိုယ့်သောက်ရေတကောင်းအဖုံးမှာ၊ ဆေးထားတဲ့ ပန်းကန်တွေ‌ပေါ်မှာ လျှောက်နားလို့ ရေသောက်တာတောင် ဖန်ခွက်ကို ဆေးဆေးသောက်နေရတော့ စိတ်က မရှည်ချင်တော့ဘူး၊ ငါမင်းကိုသတ်ချင်တယ် ဆိုပြီး လိုက်ရိုက်တော့လည်း သူကလွတ် ဘယ်လိုမှ မမိ၊ ဒုက္ခပေးမြဲ အသံဆူမြဲ ညစ်ပတ်အောင်လုပ်မြဲ
.
. . . ဒီနေ့တော့ ဒင်းကို တော်တော်စိတ်ကဆိုးနေပေမယ့် စိတ်ဆိုးနေလို့လည်း မပြီးသေးပါဘူးဆိုပြီး စိတ်အေးအေးထားပြီး ဘယ်လိုနှိမ်နင်းရမလဲ စဉ်းစားတယ်၊ အတွေးတစ်ခုရလာတယ်၊ လုပ်ကြည့်မယ်ဆိုပြီး အခုညနေမှာ စာကြည့်စားပွဲမှာထိုင်ပြီး လိုအပ်တဲ့ လက်နက်ကို လက်တစ်ကမ်းမှာထားပြီး စိတ်ရှည်ရှည်နဲ့စောင့်တယ်၊ အမယ် သကောင့်သားက ဒီနေ့မှ မျက်ခုံးတွေဘာတွေလှုပ်လို့လား အိမ်မက်တွေ မကောင်းလို့လားမသိဘူး လူနားကို သီကို မသီတာဗျ၊ ဒါပေမယ့် သူလည်း ကံကုန်တဲ့နေ့မို့လို့ ထင်ပါရဲ့ ရေတကောင်းပေါ် လာနားတယ်၊ အသင့်ဆောင်ထားတဲ့ လက်နက်နဲ့ ပစ်ချလိုက်တာ ချက်ချင်းတော့ မသေဘူး၊ တန်းမှာချိတ်ထားတဲ့ အကျႌပေါ်သွားနားတယ်၊ လက်နက်နဲ့ တစ်ချက်လိုက်ပစ်တယ်၊ ကြမ်းပေါ်ပြုတ်ကျတယ် မသေဘူး၊ ယက်ကန်ယက်ကန်လုပ်နေတုန်း ငါ့ကို ဒီလောက်စိတ်ဒုက္ခပေးတဲ့ကောင်ဆိုပြီး စိတ်ရှိလက်ရှိဖနောင့်နဲ့ပေါက်ပစ်လိုက်တယ် သေသွားရော
.
. . . ခဏနေတော့ ဂျူနီယာတစ်ယောက်က စာမေးမလို့ဆိုပြီး အခန်းထဲဝင်အလာ အကိုကြီးအခန်းက ရေမွှေးနံ့တွေ မွှန်နေတာပဲတဲ့၊ အေး အဲသည်ရေမွှေးနဲ့ သတ္တဝါတစ်ကောင်ကို ဇီဝိန်ခြွေခဲ့ပြီကွလို့တော့ မပြောပြလိုက်ပါဘူး စိတ်မကောင်းဖြစ်နေမှာစိုးလို့
.
ယင်ကောင်လေး ကောင်းရာသုဂတိလားပါစေ
.
ပုံက အင္တာနက္က

Monday 2 December 2019

Do not disturb


မင်းနှလုံးသား
တံခါးဝမွာ
မနှောင့်ယှက်ပါနဲ့ လို့
စာတစ်ကြောင်းသာရေးထားလိုက်
ငါက
မဖြစ်မနေ
ရပ်နေမှာပါ
.
.
.
.
.
ရင်တွေဘယ်လောက်ကွဲကွဲ