Wednesday 24 February 2016

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သက်တမ်း ဘယ်လောက်လဲ


  ဒီဆောင်းပါးမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သက်တမ်းသတ်မှတ်ချက်ဆိုင်ရာ ဒွိဟဖြစ်စရာ မေးခွန်းတစ်ချို့ကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေများထဲက စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တစ်ချို့ကို ကိုးကားတင်ပြသွားပါမယ်။ 

၂၀၀၈ အခြေခံဥပဒေ

ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မြန်မာ့ဒီမိုကရေစီရေးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လမ်းပွင့်လာခဲ့တာဖြစ်ပြီး ဒီကနေ့လို အတိုက်အခံပါတီက လွှတ်တော်ကို အလုံးအရင်းနဲ့ သိမ်းပိုက်နိုင်လောက်အောင် အခွင့်အရေးရခဲ့လည်း ဒီအခြေခံဥပဒေကြောင့်သာ ဖြစ်ပါတယ်။ အခြေခံဥပဒေ အခန်း ၉ ရွေးကောက်တင်မြှောက်ခြင်း အခန်း ပုဒ်မ ၃၉၈ မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း နဲ့ ပတ်သက်ပြီး ပြဌာန်းထားတာ ရှိပါတယ်။ နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ခန့်အပ်ရတဲ့ အခြားသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေနဲ့ ပတ်သက်ပြီး သက်တမ်းကန့်သတ်ချက်ကို အတိအလင်း ပြဌာန်းထားပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်တွေရဲ့ ရာထူးသက်တမ်းကိုတော့ အခြေခံဥပဒေမှာ ဖော်ပြထားခြင်း မရှိပါဘူး။ ဥပမာအားဖြင့် သမ္မတနဲ့ဒုသမ္မတများသက်တမ်းကို ငါးနှစ် သတ်မှတ်ထားတာ (ပုဒ်မ ၆၁)၊ လွှတ်တော်တွေရဲ့သက်တမ်းကို ငါးနှစ်သတ်မှတ်ထားတာ (ပုဒ်မ ၁၁၉၊ ၁၅၁၊ ၁၆၈)၊ သမ္မတသက်တမ်းထက်ကျော်လွန် တာဝန်ထမ်းဆောင်ခွင့်ရှိတဲ့ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးချုပ်နဲ့ တရားသူကြီးများ သက်တမ်းအဖြစ် အသက် ၇၀ ထိ တာဝန်ထမ်းဆောင်ခွင့်ပေးထားတာ (ပုဒ်မ ၃၀၃) စသည်ဖြင့် အတိအကျ ပြဌာန်းထားပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနဲ့အဖွဲ့ဝင်များရဲ့ သက်တမ်းနဲ့ ပတ်သက်ပြီး ပုဒ်မ ၃၉၈ (ခ)(၁) မှာ အသက် ၅၀ နှစ်ပြည့်ပြီးသူဖြစ်ရမည် ဆိုတဲ့ တစ်ချက်ကလွဲပြီး ဖော်ပြထားတာ မတွေ့ရပါဘူး။ 

အခြေခံဥပဒေကို ရေးဆွဲကြစဉ်အခါတုန်းက ရေးဆွဲခဲ့တဲ့သူတွေဟာ ကော်မရှင်သက်တမ်းနဲ့ ပတ်သက်ပြီး မဖော်ပြမိဘဲ ကျန်ခဲ့သလား။ ဒါမှမဟုတ် သက်တမ်းကို တမင်တကာ မဖော်ပြဘဲ ထားခဲ့သလား ဆိုတာ စဉ်းစားစရာ ကောင်းပါတယ်။ အချိန်ယူရေးဆွဲခဲ့တဲ့ အခြေခံဥပဒေမှာ ကျန်ခဲ့တယ်ဆိုတာတော့ ဖြစ်နိုင်ချေ မရှိသလောက် နည်းပါတယ်။ တကယ်လို့ တမင်တကာ မဖော်ပြဘဲ ထားခဲ့တာဆိုရင်တော့ ကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင်တွေဟာ သက်တမ်းအကန့်အသတ်မရှိ တာဝန်ထမ်းဆောင်ခွင့်ရှိတဲ့ သဘော သက်ရောက်နေသလား ဆိုတာလည်း စေ့ငုကြည့်မိပါတယ်။ ဒါလည်း မဖြစ်နိုင်စရာတော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အမေရိကန်မှာဆိုရင် ဖယ်ဒရယ်တရားရုံးချုပ် တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကို ရာသက်ပန် တာဝန်ထမ်းဆောင်ခွင့်ပေးထားတာ ရှိနေပါတယ်။ 

ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင်တွေရဲ့ သက်တမ်းကို အခြေခံဥပဒေထဲမှာ ဖော်ပြခြင်း မပြုတာဟာ ရာသက်ပန် တာဝန်ထမ်းဆောင်ခွင့် ပြုထားတာများလား ဆိုတဲ့ ယူဆချက်ကို ပိုမိုခိုင်မာစေတဲ့ အချက်တစ်ခုကို ဆက်လက်တင်ပြပါ့မယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟာ အသစ်ပေါ်ပေါက်လာမယ့် လွှတ်တော် အစိုးရနဲ့ တရားစီရင်ရေးကဏ္ဍတို့အတွက် ဥပဒေတွေ အဆင်သင့် ပြဌာန်းပေးသွားခဲ့တာရှိပါတယ်။ အဲဒီထဲမှာ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေဆိုတာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေဟာ နယကအစိုးရရဲ့ ဥပဒေ အမှတ် ၁၅/၂၀၁၀ ဖြစ်ပြီး ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပြင်ဆင်ခြင်း ပယ်ဖျက်ခြင်း အသစ်ရေးဆွဲခြင်း မရှိဘဲ ဆိုခဲ့ပါ ဥပဒေကိုသာ ကျင့်သုံးခဲ့တာကို တွေ့ရပါတယ်။ ဆိုခဲ့ပါ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၇၈ မှာ "ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၏ လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း" ဆိုင်ရာ ပြဌာန်းချက်များကို ဖော်ပြထားပါတယ်။ ပုဒ်မ ၇၈ အရ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးဦး လစ်လပ်သွားလို့ သမ္မတက အစားထိုးပြန်ခန့်ရတယ်ဆိုရင် နောက်ထပ်ခန့်အပ်ခံရသူရဲ့ ရာထူးသက်တမ်းက သမ္မတရဲ့ ကျန်ရှိတဲ့သက်တမ်းအတွက်သာ ဖြစ်စေရမည် ဆိုပေမယ့် ချွင်းချက်အနေနဲ့ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့တရားသူကြီးများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်များ မပါဘူးလို့ ဆိုထားပါတယ်။ 

အထက်ဖော်ပြပါ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၇၈ အရ ဆိုရင် ပြည်ထောင်စုတရားသူကြီးချုပ်နဲ့တရားသူကြီးများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင်များရဲ့ ရာထူးသက်တမ်းဟာ နိုင်ငံတော်သမ္မတ ရာထူးသက်တမ်းထက်ကျော်လွန်ခွင့်ရှိနေတာကို တွေ့ရမှာပါ။ အခြေခံဥပဒေ ပုဒ်မ ၃၀၃ အရ တရားသူကြီးချုပ်နဲ့တရားသူကြီးများကို အသက် ၇၀ အထိ တာဝန်ထမ်းဆောင်ခွင့်ရှိကြောင်း အတိအလင်း ပြဌာန်းထားတာမို့လို့ အငြင်းပွားဖွယ် မရှိပေမယ့် အသက်ဘယ်ရွေ့ဘယ်မျှအထိ တာဝန်ထမ်းဆောင်ခွင့်ရှိကြောင်း ဖော်ပြထားခြင်း မရှိတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင်တွေရဲ့ ရာထူးသက်တမ်းကို အကန့်အသတ်မရှိ ခွင့်ပြုထားသလားဆိုတဲ့ယူဆချက်ကို အထက်ပါ ပုဒ်မ ၇၈ ပြဌာန်းချက်က အားဖြည့်ပေးထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေတွေမှာ ဘယ်လို ပြဌာန်းထားသလဲ ဆက်လေ့လာကြည့်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေများ

၂၀၀၈ အခြေခံဥပဒေအရ ပေါ်ပေါက်လာမယ့် အစိုးရအတွက် ပထမဆုံး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို နယက အစိုးရက ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့မှာ ဥပဒေအမှတ် ၁/၂၀၁၀ အဖြစ် ပြဌာန်းခဲ့ပါတယ်။ အဆိုပါ ဥပဒေဟာ အခြေခံဥပဒေထဲက ကော်မရှင်ဆိုင်ရာ ပြဌာန်းချက်တွေကို ထပ်တူနီးပါး ပြန်ကူးရေးထားတဲ့ သဘောလောက်သာ ရှိတာမို့ အခြေခံဥပဒေမှာ မပါခဲ့တဲ့ ကော်မရှင်သက်တမ်းနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှ ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပါဘူး။ ပြည်ထောင်စုလွှတ်တော် ပေါ်ပေါက်လာတဲ့အခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအမှတ် ၆/၂၀၁၁ ကို ၂၀၁၁ အောက်တိုဘာလ ၅ ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။ ပြင်ဆင်ချက်ဥပဒေမှာတော့ ကော်မရှင်သက်တမ်းနဲ့ ပတ်သက်ပြီး စာတစ်ပိုဒ် ပါဝင်လာတာ တွေ့ရပါတယ်။ ဥပဒေအမှတ် ၆/၂၀၁၁၊ ပုဒ်မ ၆ အစားထိုးအပိုဒ်မှာ လစ်လပ်လို့ ခန့်အပ်ခံရသူတွေရဲ့သက်တမ်းဟာ ကော်မရှင်ရဲ့ ကျန်ရှိတဲ့သက်တမ်းအတွက်သာ ဖြစ်သည် လို့ ရေးသားပြဌာန်းခဲ့ပါတယ်။ မူလ အခြေခံဥပဒေမှာ မပါခဲ့တဲ့ "သက်တမ်း"
ဆိုတဲ့ စကားရပ်ကို စတင်ဖော်ပြခဲ့ပေမယ့် အဓိပ္ပာယ် သွေဖည်သွားတဲ့သဘောကို မတွေ့ရသေးပါဘူး။ 

ဒါပေမယ့် ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်မှာတော့ နယက အစိုးရက ပြဌာန်းခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃/၂၀၁၂ နဲ့ ပယ်ဖျက် အစားထိုးခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်က အသစ်ပြဌာန်းလိုက်တဲ့ ကော်မရှင်ဥပဒေ အခန်း ၃ ပုဒ်မ ၆ မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သက်တမ်းဟာ သမ္မတရာထူးသက်တမ်းနဲ့ အညီဖြစ်သည်ဆိုပြီး အတိအလင်း ထည့်သွင်းဖော်ပြလာခဲ့ပါတယ်။ ထပ်မံပြီးတော့လည်း ပြင်ဆင်ချက် ဥပဒေ ၄၀/၂၀၁၅ မှာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ ရာထူးသက်တမ်းဆိုပြီး အခန်း ၇ ပုဒ်မ ၂၀ အဖြစ် ဖြည့်စွက်ပြဌာန်းခဲ့ပြန်ပါတယ်။ 

နောက်ထပ် တင်ပြလိုတဲ့ထူးခြားချက် တစ်ချက်ကတော့ အခြေခံဥပဒေ ပုဒ်မ ၄၀၀ အရ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို နိုင်ငံတော်သမ္မတ တစ်ဦးတည်းကသာ စွပ်စွဲပြစ်တင်ခွင့် ပြုထားတာဖြစ်ပါတယ်။ တရားရေးမဏ္ဍိုင်ရဲ့ အခေါင်အချုပ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကိုတောင် လွှတ်တော်က စွပ်စွဲပြစ်တင်နိုင်ပေမယ့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်ခွင့်ကို သမ္မတတစ်ဦးတည်းထံမှာသာ အပ်နှင်းထားတာလည်း ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ 

ကွဲလွဲချက်များ

အခြေခံဥပဒေမှာ ရေးသားဖော်ပြထားခြင်းမရှိတဲ့ ကော်မရှင်ရဲ့သက်တမ်းဟာ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေအရ သမ္မတသက်တမ်းထက် ကျော်လွန်ခွင့်ရှိနေတယ်ဆိုတာ ထင်ရှားနေပါတယ်။ တစ်ခါ အခြေခံဥပဒေမှာ ဖော်ပြထားခြင်းမရှိတဲ့ သက်တမ်းကို ပြည်ထောင်စုလွှတ်တော်က ပြုတဲ့ ဥပဒေတစ်ခုက ဖော်ပြကန့်သတ်ပိုင်ခွင့်ရှိမရှိ ဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒါ့အပြင် အခြေခံဥပဒေတစ်ခုတည်းအောက်က ဥပဒေနှစ်ခုမှာ အနှစ်သာရ ကွဲလွဲချက် ရှိနေတာကလည်း ဖြစ်သင့်မသင့် ဝေဖန်ပိုင်းခြားဖို့ လိုအပ်မယ်ထင်ပါတယ်။ ဒီဆောင်းပါးဟာ ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်သာဖြစ်ပြီး ဥပဒေများကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ကတော့ အခြေခံဥပဒေခုံရုံးမှာသာ အာဏာရှိတယ်ဆိုတာလည်း သတိပြုကြဖို့ ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာ ရေးသားထားတာတွေဟာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ကြိုက်ခြင်း မကြိုက်ခြင်းဆိုတာထက် အခြေခံဥပဒေ နဲ့ ကိုက်ညီခြင်းရှိမရှိဆိုတဲ့ ရှုထောင့်ကနေ ဝေဖန်သုံးသပ်ထားတာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာဖို့ရာအတွက် အရေးပါတဲ့ အင်စတီကျူးရှင်းတစ်ခုဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သက်တမ်းနဲ့ ပတ်သက်ပြီး  သင့်မသင့် ရာမရာ ကို ဝေဖန်ပိုင်းခြားကြဖို့ နဲ့ ဖနောင့်ကိုဖြတ်မလား ဖိနပ်ကို ချဲ့မလား ဆိုတာကို စဉ်းစားဆုံးဖြတ်ကြဖို့ကတော့ ဥပဒေပြုလွှတ်တော်ထဲက အမတ်မင်းတို့ရဲ့ အမြော်အမြင်ပေါ် လုံးလုံးမူတည်လျက် ရှိနေပါကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပါတယ်။
-----------------------------------------

၂၄ ဖေဖေါ်ဝါရီလ ၂၀၁၆ ရက်နေ့ထုတ် The Voice Daily သတင်းစာ စာမျက်နှာ ၁၄ တွင် ဖော်ပြထားသော ဆောင်းပါး ဖြစ်ပါသည်။
အောက်ပါလင့်တွင် ရယူနိုင်ပါသည်။
https://drive.google.com/file/d/0B--t85AlezzcYU5mUUV0YmZaWEk/view?usp=sharing

Saturday 6 February 2016

ထုံးသင်္ကန်းကပ်



. . . ဆောင်းနှင်းဝေတန်းမှာ အခန်းအပြင်ဘက် ဘယ်ကိုပဲကြည့်ကြည့် ထုံးအိုးကြီး မှောက်ထားသလို ဖွေးဖွေးဖြူနေတာပဲ မြင်နေရတာ့ အခုလို ရာသီဥတု ချမ်းချမ်းစီးစီးမှာ ရွာက မိဖုရားကုန်းဘုရား ထုံးသင်္ကန်းကပ်တာကို ပြေးပြီး သတိရမိပါတယ်။
.
. . . ကျွန်တော်တို့အခေါ် ဘုရားကြီးဆိုတဲ့ မိဖုရားကုန်းဘုရားက အင်းသာရွာမြောက်ဘက်အထွက် ရန်ကုန်-မန္တလေး လမ်းဟောင်း အရှေ့ဘက်မှာ ရှိပါတယ်။ အရင်တုန်းကတော့ ရွာမြောက်ဘက်စွန်ပေါ့။ သချိုင်းကုန်း မူလတန်းကျောင်း ဘုရားကြီး စခန်းထောက်ကျောင်း စပါးဒိုင် အစဉ်လိုက်။ အခုတော့ နေပြည်တော်ဘက်ကနေ လမ်းဟောင်းအတိုင်းလာလာ မြို့ရှောင်လမ်းအတိုင်းလာလာ တိုးချဲ့ ရွာမြေကွက်တွေ ကိုကျော်ပြီး လမ်းဟောင်းနဲ့ လမ်းသစ် ဆုံတာနဲ့ ပထမဆုံး တွေ့ရတာက စခန်းထောက်ကျောင်းနဲ့ မိဖုရားကုန်း ဘုရားကြီးရယ်။ နောက်ပြီး ရွာကိုသွားတိုင်း အမြဲတမ်းလိုလို စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ စစ်ဆေးရေးဂိတ်ရယ်။ စစ်ဆေးရေးဂိတ်က ကားကြီးတွေဆို ပိုက်ဆံတောင်းတယ်။ ဆိုင်ကယ်သမားဆို သူတို့ မျက်နှာစိမ်းရင် နည်းနည်း ရစ်ချင်တယ်။ တော်တော် ကျက်သရေတုံးတဲ့ ဂိတ်ပါဗျာ။ အရင်အစိုးရလက်ထက်မှာတော့ အဲသည်ဂိတ်မှာ ပြည်ခိုင်ဖြိုးနဲ့ ရဲနဲ့ ကြက်ခြေနီ မီးသတ် တစ်ခါတစ်ခါ စစ်သားတွေတောင် တွေ့သေးသဗျ။ အစိုးသစ် လက်ထက်ကျရင်တော့ ဘယ်လို ပေါင်းစားကြအုံးမလဲ မသိနိုင်ဘူး။ ထားပါတော့
.
. . . မိဖုရားကုန်း ဘုရားကြီးနဲ့ ကားလမ်းတစ်ဘက်တစ်ချက် မျက်စောင်းထိုးလောက်မှာ ကျောက်တုံးကြီးတစ်တုံး ရှိတယ်ဗျ။ သိုက်လိုလို နန်းလိုလို ယုံကြည်ကြတာလည်း ရှိတော့ ယုံတာမယုံတာ အပထားလို့ လော်လော်မာမာတော့ ဘယ်သူမှ လုပ်ဝံ့ကြတာ မဟုတ်ဘူးရယ်။ ကျောက်တုံးကြီးပေါ်ဆိုရင်လည်း အမွှေးတိုင်တို့ ဘာတို့ဆို ပြတ်တယ်ရယ် မရှိလှပါဘူး။ တစ်ခါတစ်ခါ အုန်းပွဲငှက်ပျောပွဲတောင် တွေ့ရတတ်သေးတာ။ အနော်တို့ ငယ်ငယ်က ပြောပါတယ်။ ဘုရားကြီးရဲ့ ရှေ့မျက်နှာစာ ဘယ်ဘက်ခြမ်းမှာ ဦးလှကြီး နတ်နန်းဆိုတာလည်း ရှိတယ်။ ယုံကြည်သူတွေ ပူဇော်ပသကြတာပေါ့။ ဘုရားကြီး ၀င်းထဲ အင်္ဂါထောင့်မှာ ညောင်ပင်အကြီးကြီး တစ်ပင်ရှိတယ်ဗျ။ အဲသည်ညောင်ပင်ကလည်း ဇာတ်လမ်းနဲ့
.
. . . ဇာတ်လမ်းဆိုတာက အနော်တို့ မိသားစုနဲ့ပဲ ဆိုင်တဲ့ ဇာတ်လမ်းပါ။ အမေတို့အဖေတို့ အိမ်ထောင်ကျပြီးတော့ သမီးတွေချည်း သုံးယောက်ဆက်မွေးတယ်။ စမတောင် ဆရာတော် ဘုန်းဘုန်း ဦးဝေပုလ္လက ဟဲ့ သာသနာ့ဒါယကာခံဖို့ သားဆုလေးဘာလေး ပန်ကြအုံးဆိုလို့ အမေက ခေါက်ဆွဲကြော်တွေ ကြော်ပြီး ဒီညောင်ပင်မှာ သားဆုလာပန်တော့ အနော်တို့ ညီအစ်ကိုသုံးယောက် ဆက်တိုက်မွေးပါလေရောလား။ ဒါကြောင့် မိဖုရားကုန်းဘုရားကြီးဆိုတာ အနော်တို့အတွက်က ဆွေဘုရား မျိုးဘုရားကို ဖြစ်နေတာလေ။
.
. . . ခုလို နတ်တော် ပြာသို ဆောင်းတွင်းရောက်ပြီဆိုရင် တစ်နှစ်တစ်ခါ ထုံးသင်္ကန်းကပ်ပွဲလုပ်တယ်။ ထုံးသင်္ကန်း ကပ်တယ်ဆိုတာ ထုံးကိုဖျော်ပြီး ဘုရားကိုသုတ် ရောင်တော်ဖွင့်တဲ့သဘောပါပဲ။ ထုံးသင်္ကန်း ကပ်မယ်ဆိုရင် ထုံးကို ရက်ကြိုပြီး ထုံးကန်ထဲမှာ စိမ်ထားရတယ်။ နောက်ပြီး ကော်ရည်တို့ သကြားတို့ မဲနယ်တို့နဲ့ အချိုးကျ ဖျော်ရတာဗျ။ ကျွန်တော် သိတတ်တဲ့အရွယ်ရောက်တော့ အဖေက ထုံးဖျော်သမား။ အဖေ ထုံးသွားဖျော်ရင် အနော်ကလည်း လိုက်သွားနေကျ။ ထုံးကန်ထဲ ၀ါးလုံးကြီးတစ်လုံးနဲ့ မွှေရတာတော့ မှတ်မိတယ်။ ငယ်သေးတော့ အဖေ့ဆီက ထုံးဖျော်နည်း နိဿရည်းကို အမွေမယူထားလိုက်ရဘူး။ အခုတော့ ထုံးဖျော်တာ ဘယ်သူတွေ ဆက်လုပ်နေကြပါလိမ့်
.
. . . အဖေက ထုံးဖျော် အမေက ဘုရားပတ်ဝန်းကျင်က မြက်တွေဘာတွေရှင်းဆို အနော်တို့ ယောက်ျားလေးတွေက ဦးလေးတွေ အစ်ကိုတွေ ကာလသားတွေနဲ့ပေါင်းပြီး ဘုရားကြီးပေါ်တက် သန့်ရှင်းရေး လုပ်ကြတယ်။ ဘုရားကြီးက ကျွန်တော် သိတတ်တဲ့အရွယ်မှာ အပေါ်ပိုင်း ခေါင်းလောင်းမှောက်လောက်ထိကို မှန်သင်္ကန်းကပ်ထားတယ်ဗျ။ မှန်စီရွှေချလုပ်ထားတဲ့ သဘောကို ပြောတာပါ။ ဦးလေး ဓာတ်ပုံဆရာ ရိုက်ထားတဲ့ ပုံတွေမှာတော့ မှန်သင်္ကန်း မကပ်ခင်က ပုံတွေလည်း မြင်ဖူးတယ်။ ဘုရားပေါ် တက်တယ် ဆိုပေတဲ့ အပေါ် အမြင့်ကြီးတော့ တက်ရဲတာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ တက်တုန်းက တက်ပြီး ဆင်းကာမှ အဆင်းခက်တာလည်း ရှိသေးတာကိုး။ ဘုရားရဲ့ ထောင့်လေးထောင့်မှာ မနုဿီဟရုပ်တွေ ရှိတာ ဘယ်သူကဆိုလား ဖျက်ပစ်လိုက်သတဲ့။ ကျွန်တော်ကတော့ အဲသလို မလုပ်သင့်ဘူး ထင်တာပဲ။ ထားပါတော့လေ သူ့ကုသိုလ်နဲ့သူပေါ့
.
. . . ထုံးသင်္ကန်းကပ်တဲ့နေ့ရောက်ရင် မနက်နေထွက်တာနဲ့ တစ်ပြိုင်တည်း ကပ်ကြတာပါဗျ။ ကုသိုလ်ယူမယ့်သူတွေက ကိုယ့်အိမ်က ထုံးရည်ထည့်ဖို့ ခွက်ကလေးတွေ ပုံးလေးတွေ ယူလာရတယ်။ ထုံးသုတ်စုတ်တံကတော့ အနော်တို့အရပ်မှာ သုံးတဲ့ တံမျက်စည်းတံ အသေးလေးတွေပေါ့ဗျာ။ အဲဒါကိုတော့ အမေငွေခင်တို့က ထုတ်ပေးတယ်။ ပြီးရင် ရေးဆေးပြီး သိမ်း နောက်နှစ်ခါ ထပ်သုံးပေါ့။
.
. . . အမေငွေခင်ဆိုလို့ ပြောရအုံးမယ်။ မိဖုရားကုန်းဆိုတဲ့အတိုင်း ဒီဘုရားရဲ့ ဝေယျာဝစ္စလုပ်တာ မိန်းမတွေဗျ။ ယောက်ျားတွေလည်း ပါတတ်သရွေ့ပါတယ် ဆိုပေတဲ့ တကယ် ဦးစီးဦးဆောင် လုပ်တာ မိန်းမတွေဗျ။ အမေငွေခင်တို့ အမေရွှေမှင်တို့ အမေရင်တို့ အမာခံတွေပေါ့။ ကျွန်တော် အမှတ်မိဆုံးက အမေငွေခင်ပဲ။ အသက်ကြီးမှ စာသင်ပြီး တတ်ပေမယ့် စာတွေ သိပ်ဖတ်လို့ ပုံပြောကောင်းတဲ့ အမေကြီးမို့ အနော်တို့ ကလေးတစ်သိုက်က သိပ်ချစ်ကြတာ
.
. . . ထုံးသင်္ကန်းကပ် ကုသိုလ်ယူကြတဲ့ ပါရမီရှင်တွေကို ဒါနပြုဖို့ မတိုင်ခင် ညမှာ ကောက်ညှင်းပေါင်းတယ်ဗျ။ အောက်က ရေနွေးအိုကြီးပေါ်ကို အပေါက်ပါတဲ့ မြေပေါင်းအိုးတင်ပြီး ပေါင်းကြတာ။ ကောက်ညှင်းပေါင်းနဲ့ ပဲနဲ့။ အဲသည်ညကတော့ ကောက်ညှင်းပေါင်းကြတဲ့သူတွေ အိပ်ကြရတယ် မထင်ပါဘူး။ ကောက်ညှင်းပေါင်းတဲ့သူ နှမ်းထောင်းတဲ့သူနဲ့ မိုးလင်းတာပါပဲ။ ကောက်ညှင်းပေါင်းကို အကြော်နဲ့ ကျွေးတာ။ အကြော်ကိုတော့ နှစ်တိုင်း ဒါနလာလုပ်တဲ့သူရှိတယ်။ ဘုရားဘေးတင်ကို အကြော်ဖိုပြီး ကောက်ညှင်းပေါင်းနဲ့ ကျွေးတာ။ အနော်တို့ ကလေးတွေက ထုံးသင်္ကန်းကပ်လိုက် အကြော်ဖိုမှာ အကြော်ပြေးတောင်းလိုက် ကောက်ညှင်းပေါင်းနဲ့ စားလိုက်။ ဘယ်သူ့ကြည့်ကြည့် ထုံးတွေဖွေးဖွေး ဖွေးဖွေးနဲ့ပေါ့ဗျာ။ အဲသည်နေ့များတော့ အ၀တ်အစားကောင်း မ၀တ်ရဲဘူးဗျို့။ အဖေတို့ စပ်ထားတဲ့ ထုံးကလည်း ထိမိရင်ကို အ၀တ်အစားမှာ စွဲနေတတ်တော့ တော်တော့်ကို ချွတ်ယူရတာကလား
.
. . . ညနေက မမနဲ့ ဖုန်းပြောဖြစ်တော့ ပြီးခဲ့တဲ့အပတ်ကပဲ ထုံးသင်္ကန်းကပ်တာ ပြီးသွားပြီတဲ့။ ဆောင်းတွင်း ချမ်းချမ်းစီးစီးမှာ ကောက်ညှင်းပေါင်းနဲ့ ဘူးသီးကြော်ပူပူလေး တစ်ယောက်တစ်လက် လုယက်စားရတဲ့ ထုံးသင်္ကန်းကပ်ပွဲကို လွမ်းလိုက်တာ
.

2016 January 7

ရွေးရခက်


. . . ဒီစာကို ဖတ်ရတဲ့အချိန်မှာတော့ ကျွန်တော် တစ်ခုခုကို အပြီးသတ်ရွေးချယ်ပြီး ဖြစ်နေမှာပါ၊ စိုင်းစိုင်းခမ်းလှိုင်သီချင်းထဲကလို နှစ်ယောက်လုံးကို ချစ်တယ်၊ နှစ်ယောက်လုံးကလည်း ချစ်တယ် ဆိုသလို ဖြစ်နေတာက . . .
.
. . . ကျောင်းတက်တဲ့ ပထမနှစ်မှာ မယူမနေရ ယူရတဲ့ ဘာသာရပ်တွေ များတဲ့အတွက် ကိုယ့်မှာရွေးချယ်စရာ သိပ်မရှိခဲ့ပါဘူး။ ရွေးရမယ့် ဘာသာရပ်တွေကလည်း တကယ်ကို မယူမဖြစ်ကို ယူရလောက်အောင် အရေးကြီးတဲ့ ဘာသာရပ်တွေ ဖြစ်နေတာမို့ သိပ်ပြီး ခေါင်းမစားခဲ့ဘူး။ ဥပမာအားဖြင့် ဒုတိယမြောက်အတန်း ဆောင်းနှင်းဝေတန်းမှာ နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာ (Political Economy) ကို မယူမနေရ ယူရမယ်ဆိုတော့ အဲသည်ဘာသာရဲ့ အခြေခံဖြစ်တဲ့ မသိမဖြစ် စီးပွားရေးပညာရပ် (Essential of Economics) ဘာသာကို ပထမဆုံး ဆောင်းဦးရွက်ကြွေတန်းမှာ ယူဖို့ ဆုံးဖြတ်ရတာ သိပ်အခက်အခဲ မရှိပါဘူး။ မရှိခဲ့ပါဘူး။
.
. . . ဒုတိယနှစ်ကို ရောက်လာတော့ မယူမနေရ ဘာသာရပ်တွေကလည်း ပထမနှစ်ကတည်းက ယူထားလို့ ကုန်သလောက် ရှိနေပြီ၊ ဘွဲ့ယူစာတမ်းကိုလည်း အခု ဆောင်းနှင်းဝေတန်းမှာ အပြီးရေးရတော့မှာဆိုတော့ လိုအပ်တဲ့ ခရက်ဒစ် နှစ်ခုအတွက် ဘာသာတစ်ခုကို ယူရတော့မယ်ဆိုတော့ တော်တော်ကို စဉ်းစားရပါတယ်။ အဲသည်ဘာသာက ကိုယ်လည်း အမှန်တကယ် စိတ်ဝင်စားတဲ့ဘာသာ ဖြစ်ရမယ်။ ကိုယ့်အတွက် အသုံးဝင်တဲ့ ဘာသာရပ်လည်း ဖြစ်ရမယ်။ စာတမ်းရေးတာကို ထိခိုက်ရလောက်အောင် ၀န်ထုပ်ဝန်ပိုး ကြီးလေးတဲ့ဘာသာရပ်လည်း မဖြစ်ရဘူးဆိုတဲ့ အချက်တွေနဲ့ ချိန်ထိုးပြီး ရွေးရတာပေါ့။ အခု ဆောင်းနှင်းဝေတန်းအတွက် ယူမယ့် ဘာသာရပ်တွေကို ပြီးခဲ့တဲ့ ဆောင်းဦးရွက်ကြွေတန်း မကုန်ခင်ကတည်းက အွန်လိုင်းကနေ မှတ်ပုံတင်ထားရတာ ဆိုတော့ အဲသည်အချိန်ကတည်းက အကြမ်းဖျင်း ရွေးထားရတာပါ။ အကြမ်းဖျင်း ဆိုတာ ကိုယ်က အမှန်တကယ် တစ်ဘာသာပဲ ယူမယ် ဆိုပေတဲ့ မှတ်ပုံတင်တာကတော့ ကိုယ်ယူနိုင်ဖွယ်ရှိတဲ့ ဘာသာရပ်တွေ အကုန်တင်ထားလိုက်တာပါ။ မှတ်ပုံတင်ထားတဲ့ ဘာသာရပ်က လေးခုတောင် ရှိပါတယ်။
.
. . . အခုလို မှတ်ပုံတင်ဘာသာရပ်ကို စာပေရေးရာဌာနကို တရားဝင် တင်ပြရတော့မယ့် အချိန်ကျမှ ဘယ်ဘာသာကို အတည်ယူမယ် ဘယ်ဘာသာတွေကို မှတ်ပုံတင်ပြန်ဖျက်မယ် အပြီးသတ် ဆုံးဖြတ်ရတာပါ။ ရွေးရင်းရွေးရင်းနဲ့ ဘာသာရပ် နှစ်ခု ကျန်ပါတယ်။ အဲသည်အထဲက တစ်ခုကို ယူဖို့ ဆုံးဖြတ်ရမှာပါ။
.
. . . တစ်ခုကတော့ Global Civil Society နောက်တစ်ခုက Public Administration. နှစ်ဘာသာလုံးက ကျွန်တော် စိတ်ဝင်စားတဲ့ ဘာသာရပ်တွေ ဖြစ်နေပေမယ့် ကျွန်တော့်အနေနဲ့ တစ်ခုကိုပဲ ယူနိုင်တဲ့အခြေအနေ ရှိပါတယ်။
.
. . . ပထမတစ်ခုဖြစ်တဲ့ Global Civil Society ဘာသာရပ်က နည်းနည်းတော့ အတွေးအခေါ် သဘောတရားရေးရာ ဆန်ပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအကြောင်း၊ နိုင်ငံစုံ စီးပွားရေးကော်ပိုရေးရှင်းကြီးတွေအကြောင်း၊ ဒီမိုကရေစီအကြောင်း၊ နိုင်ငံသားဖြစ်မှု နိုင်ငံသား အခွင့်အရေး စတဲ့ အကြောင်းအရာတွေ လေ့လာခွင့်ရမယ့် ဘာသာရပ်ဖြစ်ပါတယ်။ သင်ကြားတဲ့ ပုံစံကလည်း ဆရာက သင်ပေးတယ်ရယ်လို့ မရှိဘဲ ဖတ်ဖို့ ညွှန်းလိုက်တဲ့ ဆောင်းပါးတွေ စာတမ်းတွေကို ကြိုဖတ်လာပြီး သက်ဆိုင်ရာ သီတင်းပတ်အလိုက် သက်ဆိုင်ရာ ခေါင်းစဉ်ကို အတန်းထဲမှာ ကျောင်းသားတွေ ၀ိုင်းဖွဲ့ ဆွေးနွေးကြတဲ့ ပုံစံဖြစ်လို့ စကားများများ ပြောရတာ သဘောကျတဲ့ ကျွန်တော့်အတွက် ရွေးချယ်ချင်စရာ ဘာသာရပ် တစ်ခုပါပဲ။ ပြီးခဲ့တဲ့နှစ် ဆောင်းဦးရွက်ကြွေတန်းတုန်းကလည်း ဒီဆရာနဲ့ပဲ ဒီိလိုဘာသာရပ်တစ်ခု ယူခဲ့ပါတယ်။ ဘာသာရပ်နာမည်က လူ့အခွင့်အရေးနှင့် ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှု (Humanrights and Global Justice ) ဖြစ်ပါတယ်။ အရင်ဘာသာယူတုန်းကလိုပဲ အခုလည်း အတန်းထဲမှာ ဒီဘာသာရပ်ထဲက ကိုယ်ကြိုက်တဲ့ ခေါင်းစဉ်တစ်ခုကို ဟောပြောတင်ဆက်မှုတစ်ခါ လုပ်ရမယ်၊ အတန်းဆုံးစာတမ်း တစ်စောင် တင်ရမယ်။ စာမေးပွဲ မရှိဘူးဆိုတာကတော့ ဒီအတန်းကို တက်ချင်တဲ့ အဓိကအကြောင်းရင်းထဲက တစ်ခု ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကျောင်းသားသက်ရင့်ခဲ့ပေမယ့် စာမေးပွဲကိုတော့ အခုထိ ကြောက်တတ်နေတုန်း
.
. . . နောက်ထပ် ရွေးချယ်စရာ တစ်ဘာသာက Public Administration လို့ ခေါ်တဲ့ ပြည်သူ့ရေးရာအုပ်ချုပ်ရေးဘာသာရပ် ခေါ်မလား အဲသည်တစ်ခုပါ။ ဒီဘာသာကလည်း ကျွန်တော် စိတ်ဝင်စားတဲ့ ခေါင်းစဉ်တွေ လေ့လာရမယ့် ဘာသာရပ်ပါပဲ။ ဒီမိုကရေစီ နဲ့ အုပ်ချုပ်ရေးစနစ်တွေ၊ ၀န်ကြီးချုပ်စနစ်နဲ့ သမ္မတစနစ်တွေ၊ အစိုးရနဲ့ အုပ်ချုပ်ရေးယန္တရား၊ ရွေးကောက်ပွဲစနစ်တွေအကြောင်း၊ အစိုးရရဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေအကြောင်း၊ ဗဟိုဦးစီးချုပ်ကိုင်မှုကနေ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ ဖြန့်ခွဲတဲ့ စနစ်အကြောင်း၊ ဖယ်ဒရယ်စနစ်ရဲ့ အားသာချက် အားနည်းချက်တွေ၊ နိုင်ငံရေးပါတီတွေ၊ ဘဏ္ဍာရေးအာဏာ ဖြန့်ခွဲတဲ့စနစ်တွေ စတဲ့ အကြောင်းအရာတွေကို ဂျပန်နိုင်ငံရဲ့ လက်တွေ့နိုင်ငံရေးအခြေအနေတွေနဲ့ ချိန်ထိုး လေ့လာရမယ့် ဘာသာရပ်ဖြစ်ပါတယ်။ သူကတော့ ၀န်ထုပ်ဝန်ပိုး နည်းနည်းပိုများပါတယ်။ စာအုပ်ပိတ် ဥာဏ်စမ်းစာမေးပွဲငယ် နှစ်ခု ဖြေရမယ်၊ အဖွဲ့လိုက် တင်ဆက်မှုတစ်ခု လုပ်ရမယ်၊ စာတမ်းသေးသေးလေး နှစ်စောင်ရေးရမယ်၊ စာမေးပွဲကြီးတစ်ခု ဖြေရမယ် တဲ့
.
. . . ဘာသာရပ်နှစ်ခုကို ကြည့်မယ်ဆိုရင် ဒုတိယဘာသာက ပထမတစ်ခုထက် ပိုပြီး ၀န်ထုပ်ဝန်ပိုး ပိုများသလို ပိုလည်း စိတ်ဝင်စားစရာကောင်း ပိုလည်း အသုံးဝင်မယ့် ဘာသာရပ်ဖြစ်ပါတယ်။ အနည်းဆုံးတော့ တက်လာတဲ့ အစိုးရမှန်သမျှ ကိုယ်သိထားတာလေးတွေနဲ့ ချိန်ထိုးပြီး ဘေးထိုင်ဘုပြောလုပ်လို့ ရတာပေါ့ နော့၊ ဒါပေမယ့် ပထမ ဘာသာက ကျတော့လည်း ကိုယ်စိတ်ဝင်စားတာတာတွေကို အတန်းထဲမှာ ကျယ်ကျယ်ပျံ့ပျံ့ဆွေးနွေး ငြင်းခုံခွင့်ရမယ့် ဘာသာရပ်။ ပေါ့ပေါ့ပါးပါးနဲ့ အတန်းတစ်တန်းကို ကျော်ဖြတ်နိုင်မယ့် ဘာသာရပ်။
.
. . . နှစ်ခုထဲက တစ်ခုကိုတော့ ရွေးရတော့မယ်၊ အခုဒီစာကို ဖတ်မိတဲ့ သူ ဆိုရင်ရော ဘယ်ဘာသာကို ရွေးချယ်မလဲဗျာ
( 11 Jan 2016)

နှင်းတွေရောင်းမယ်


. . . နှင်းပြင်ကြီးကိုကြည့်ပြီး ဒီ နှင်းတွေကို ရောင်းစားလို့ ရရင် သိပ်ကောင်းမှာပဲလို့လဲ တွေးခဲ့မိဖူးတယ်
.
. . . တွေးမိတုန်းကတော့ ငါ့နှယ် ပေါက်ပေါက်ရှာရှာ တွေးမှ တွေးမိပလေတယ်ဆိုပြီး ကိုယ့်ကိုယ်ကို သဘောကျပြီး ပြုံးခဲ့မိပေမယ့် နှင်းတွေ ရောင်းစားလို့ရမှန်း တကယ် မသိခဲ့ဘူး။ တကယ်ပါဗျာ နှင်းဆိုတာ တစ်ခါတုန်းက ဂျပန်ပြည်မှာ ရောင်းကုန်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဟိုးအရင် ရေခဲသေတ္တာနည်းပညာတွေ မထွန်းကားခင်တုန်းက ဂျပန်မှာ နှင်းဟာ ရောင်းကုန်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဆောင်းတွင်းမှာ သိုလှောင်ပြီး နွေရာသီမှာ ရောင်းရတာပေါ့လေ။
.
. . . ဆောင်းရာသီ နှင်းတွေဖြိုင်ဖြိုင်ကျတဲ့အချိန်မှာ နှင်းတွေကို ယူကီမူရို ( 雪室) လို့ခေါ်တဲ့ ကောက်ရိုးတစ်ထပ် နှင်းတစ်ထပ် လုပ်ထားတဲ့ နှင်းလှောင်အိမ်ဆောက်ပြီး သိမ်းထားပါတယ်။ ယူကီမူရိုကို ယူကီအာန လို့လည်း ခေါ်ပါတယ်။ အဓိပ္ပာယ်က နှင်းလှောင်ဂူပေါ့။ နွေဦးပေါက်လို့ ရာသီဥတု ပူလာပြီဆိုရင် လှောင်ထားတဲ့ နှင်းတွေကို အသားငါး အသီးရွက်ကုန်သည်တွေကို ထုတ်ရောင်းပါတယ်။ အဲဒါကလည်း ဂျပန်ရိုးရာ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ခဲ့ပါတယ်။
.
. . . ရှေးတုန်းကတော့ ရေခဲသေတ္တာတွေ လေအေးပေးစက်တွေ မပေါ်သေးတော့ ယူကီမူရိုတွေ အလုပ်ဖြစ်ခဲ့ပေမယ့် ဒီနေ့မှာရောတဲ့။ ဒီနေ့မှာလဲ ဆောင်းတွင်းမှာ နှင်းတွေ သိုလှောင်ပြီး ကျန်တဲ့ရာသီတွေမှာ သုံးတာတွေ ရှိပါသေးတယ်။ ဥပမာ ပြောရရင် ကျွန်တော်တို့မြို့ ထင်ရှားတဲ့ ၀ိုင်စက်ရုံနဲ့ ဟာကိုင်းစံဆာကေး စက်ရုံတို့ဟာ စက်ရုံထဲမှာ လှောင်ထားတဲ့ ၀ိုင်နဲ့ ဆာကေးတွေ လိုအပ်တဲ့ အအေးဓာတ်ပေးဖို့အတွက် လေအေးစက် မသုံးပါဘူး။ ဆောင်းတွင်းမှာ လှောင်ထားတဲ့ နှင်းကိုပဲ တစ်နှစ်ပတ်လုံးစာ အသုံးပြုပါတယ်။ အဲသည်လို နှင်းကို သိုလှောင်အအေးပေးစနစ်ရဲ့ အားသာချက်က ၀ိုင်နဲ့ ဆာကေးရဲ့ သဘာဝအတိုင်း သန့်စင်တဲ့ အရည်အသွေးကို အားဖြည့်ပေးရာ ရောက်တဲ့အပြင် အဲသည်နည်းနဲ့ ထုတ်လုပ်တဲ့အတွက်လည်း သဘာဝ ပိုကျတာမို့ ဈေးကွက်မှာ မျက်နာပန်း ပိုလှပါသတဲ့။ ဒီစက်ရုံတွေကို လေ့လာရေးသွားတော့ နှင်းလှောင်အိမ်အကြီးကြီးတွေထဲမှာ ၀ိုင်စည်တွေ ဆာကေးစည်တွေကို လိုအပ်တဲ့ အအေးဓာတ်ထိန်းသိမ်းပြီး သိုလှောင်ထားတာ မြင်ခဲ့ရတုန်းက တော်တော်လေး အံ့အားသင့်ခဲ့မိပါတယ်။

ကျွန်တော် ချမ်းလှပါပြီဗျာ


. . . "ကျွန်တော် ချမ်းလှပါပြီဗျာ အနွေးထည်လေး လိုချင်လို့ပါ"
.
. . . စောစောက စာကြည့်တိုက်က ပြန်လာပြီး အပြင်မှာ နှင်းတွေကျနေတာမြင်လို့ ညရှုခင်းလေးတွေ ဓာတ်ပုံလျှောက်ရိုက်၊ အခု ဓာတ်ပုံတွေ ကြည့်နေရင်း လူက ငိုက်ကနဲ ဖြစ်သွားတဲ့အချိန် ကြားလိုက်ရတဲ့အသံကြောင့် ရုတ်တရက် မျက်လုံး ကျယ်သွားတယ်။ အသံကတော့ ယောက်ျားလေးသံ။ ဘယ်သူများ နောက်တာပါလိမ့်။ ညကြီးမင်းကြီးကွာ ဒီလောက်အေးလှတာကို နောက်နေနိုင်အားသေးတာ ဘယ်ကောင်ပါလိမ့်ဆိုပြီး ၀ရန်တာ ခန်းဆီးဖယ်ပြီး ကြည့်လိုက်တော့လည်း ဘယ်သူမှ မရှိ။ မဟုတ်သေးပါဘူး ဒီအသံကို သေသေချာချာ ကြားလိုက်တာပါ။ အော် အိပ်ငိုက်ပြီး ကြားမိကြားရာ ကြားတာဖြစ်မှာပါလေ။
.
. . . ဒါနဲ့ ပုံတွေ ပြင်စရာရှိတာပြင်၊ သိမ်းစရာရှိတာသိမ်း ဖျက်စရာရှိတာဖျက်။ ညပိုင်း ရိုက်ထားတာဆိုတော့ ကိုယ်က ကင်မရာလည်း ကျွမ်းကျွမ်းကျင်ကျင် ကိုင်တတ်တာမဟုတ်၊ အလင်းအမှောင်ကလည်း ကောင်းကောင်း မချိန်တတ်။ တစ်ချို့ပုံတွေဆို ဝေတေတေ ၀ါးတားတား။ တစ်ချို့ပုံတွေမှာ အလင်းရောင်တွေ အူကြောင်ကျားဖြစ်ပြီး လူပုံလိုလို ဘာလိုလို ပါလာတာတွေက ရှိသေး။ ရိုက်တုန်းက ဘယ်သူမှ မရှိတာ ကင်မရာ ၀ါးတာ ဖြစ်ပြီး ပေါ်မိပေါ်ရာတွေ လျှောက်ပေါ်တာပဲ ဆိုပြီး အဲဒီပုံတွေ အကုန်လုံးဖျက်။ ပြီး စာလေးနည်းနည်းပါးပါး ဖတ်ပြီး အိပ်ယာဝင်ဖို့ ပြင်တယ်။ ရေချိုးခန်းထဲဝင် သွားတိုက် ည၀တ်အကျီင်္လဲပြီး မီးလည်း ပိတ်လိုက်ရော
.
. . . "တကယ်ကို ချမ်းနေလို့ပါဗျာ အနွေးထည်လေး ပေးပါ"
.
. . . ဒီတစ်ခါတော့ အသံကြားရတာ တကယ်သေချာသွားပြီ။ လူက အိပ်ချင်မူးတူးလည်း မဟုတ် လန်းလန်းဆန်းဆန်းကြီး။ တွေ့ကြသေးတာပေါ့ကွာ ဒီလောက်အေးနေတာတောင် လာနောက်နိုင်သေးတဲ့ကောင် ရေနဲ့ပက်လွှတ်မယ် ဆိုပြီး သောက်ရေခွက်ထဲ ရေထည့် ခန်းဆီးစ အသာဖယ်ပြီး တံခါးကို ဖွင့်လိုက်တော့ အပြင်ကနေ လေပြင်းတစ်ချက် တိုက်လိုက်သလို ခံစားလိုက်ရတယ်။ ကြည့်တော့လည်း ဘယ်သူမှ မရှိ။ မဟုတ်သေးပါဘူး။
.
. . . ပြီးတော့မှ တစ်ခုခုကိုတွေးပြီး ကြက်သီးတွေ ဖျန်းကနဲထသွားတယ်။ မဟုတ်မှလွဲရော။ ဘုရား ဘုရား ငါထင်တာ လွဲပါစေ။
.
. . . ၀ရန်တာတံခါးကို ချက်ချင်းပိတ်၊ ခန်းဆီးကို တင်းနေအောင် ဆွဲစိပြီး မီးဖွင့်။ ကွန်ပြူတာကို ချက်ချင်းပြန်ဖွင့်၊ စောစောက ဖျက်ထားတဲ့ပုံတွေကို ပြန်ဆွဲတင်ပြီး ကြည့်လိုက်တော့ . . . လား . .လား. . . ဒါ ကင်မရာ ၀ါးတဲ့ပုံမှ မဟုတ်ဘဲကို။ ဒါဆို ခုန ငါ့ကို ပြောလိုက်တာ ဘုရား ဘုရား။
.
. . . ညကြီးမင်းကြီး ဖုန်းမခေါ်စဖူးခေါ်တော့ အမေတောင် လန့်သွားတယ်။ အကျိုးအကြောင်း ပြောပြတော့မှ
.
. . . ဟုတ်တယ် သားရဲ့ သူတို့ကို အ၀တ်အစား ပေးချင်ရင် သံင်္ဃာတော်တွေကို လှူပြီးတော့ဖြစ်ဖြစ် အကျင့်သီလကောင်းတဲ့ သူတွေကို လှူပြီးတော့ဖြစ်ဖြစ် အမျှပေးလို့ သူတို့က သာဓုခေါ်တယ်ဆိုရင် သူတို့မှာ အ၀တ်အစား ရသွားမှာပဲ။ သားလည်း ညဥ့်နက်နေပြီ အိပ်တော့ စိတ်ထဲ သိပ်မလုံမခြုံဖြစ်နေရင် ပရိတ်တရားတော်လေးဘာလေး ဖွင့်ပြီး အိပ်။ ဒါပဲနော်သားလေး အမေ ဖုန်းချလိုက်တော့မယ်
.
. . . ဟုတ်ကဲ့ပါအမေ အမေ့ကို သားကန်တော့ပါတယ် အမေလည်း အိပ်တော့နော်
.
. . . အင်း ဒီလို နေရာမျိုးမှာ သံင်္ဃာတော်တော့ လှူနိုင်ဖို့ မရှိ။ အကျင့်သီလကောင်းတယ်ထင်တဲ့ တစ်ယောက်လောက်ကို ရှာပြီး လှူပြီးတော့ အမျှဝေရတော့မှာပဲဆိုပြီး၊ ဘယ်သူ့ကို လှူပေးရကောင်းမလဲ စဉ်းစားရင်း . . .
.
. . . တော်ပြီ နောက်များတော့ ဘယ်တော့မှ ညကြီးမင်းကြီး ဓာတ်ပုံထွက်မရိုက်တော့ဘူး

ပရော်ဖက်ရှင်နယ် ဆိုတဲ့အကြောင်း


. . . စစ်တပ်နဲ့ နိုင်ငံရေးအကြောင်းပြောရင် သတိထားမိသလောက် မြန်မာပြည်မှာ အပြောအများဆုံးက ပရော်ဖက်ရှင်နယ် တပ်မတော် ဆိုတဲ့ စကားလုံး ဖြစ်မယ်ထင်ပါတယ်။ တပ်ကို နိုင်ငံရေးထဲက မောင်းထုတ်ချင်ကြတဲ့သူတွေက တပ်ကို ပရော်ဖက်ရှင်နယ်တပ်မတော် ဖြစ်စေချင်တယ်လို့ ပြောကြတယ် (ပြောလေ့ရှိကြတယ်ပေါ့)
.
. . . ပရော်ဖက်ရှင်နယ် ဆိုတဲ့ စကားလုံးကို စစ်တပ်နဲ့ ပတ်သက်ပြီး ဘယ်သူ စသုံးခဲ့သလဲ မသိပေမယ့် ထင်ရှားတာကတော့ ဆင်မြူရယ် ဟန်တင်တန် ။ သူကပြောတာက စစ်တပ်ကို ပရော်ဖက်ရှင်နယ်တပ်မတော်ဖြစ်အောင် တည်ဆောက်ရင် ဒါမှမဟုတ် စစ်တပ်က ပရော်ဖက်ရှင်နယ် တပ်မတော်ဆိုရင် နိုင်ငံရေးမှာ ၀င်မစွက်တော့ဘူးတဲ့။ အချက်သုံးချက်နဲ့ ပြောတယ်။
.
. . . တစ်အချက် စွမ်းရည်ထက်မြက်ရမယ်။ မြန်မာ့တပ်မတော်မှာဆိုရင်တော့ စစ်ရေးစွမ်းရည် စည်းရုံးရေးစွမ်းရည် အုပ်ချုပ်ရေးစွမ်းရည်ဆိုပြီး စွမ်းရည်သုံးရပ် သတ်မှတ်ထားတာရှိတယ်။ နှစ်အချက် တပ်မတော်အပေါ်မှာ စည်းစည်းလုံးလုံး သစ္စာရှိရှိ အဖွဲ့အစည်းစိတ်ဓာတ်ထားရမယ်။ တပ်မတော်ထဲမှာ ဂိုဏ်းဂဏခွဲစိတ် ဘာစွဲစိတ် ညာစွဲစိတ် မထားရဘူး။ လှေကြီးပေါ် လှေငယ်မတင်ရဘူးဆိုတာမျိုး ဖြစ်မှာပေါ့။ အဓိကကတော့ စည်းလုံးညီညွတ်တဲ့ တပ်မတော်ဖြစ်သည် ဆိုတဲ့အချက်မျိုးဖြစ်ပါတယ်။ သုံးအချက်ကတော့ ကိုယ်စောင့်ရှောက်ရမယ့်သူအပေါ်မှာ သစ္စာရှိရမယ်။ ဒီအချက်သုံးချက်နဲ့ ပြည့်စုံအောင် ကြိုးစားနေသရွေ့ ကာလပတ်လုံး တပ်မတော်ဟာ နိုင်ငံရေးမှာ ဘယ်တော့မှ ၀င်ရောက်စွက်ဖက်ဖြစ်မှာ မဟုတ်ဘူး လို့ ဟန်တင်တန်က ယူဆတယ်။ ဒီအယူအဆကလည်း တော်တော်လေးကို ကမ္ဘာကျော်တယ် ပြောရမယ်။
.
. . . ဟန်တင်တန်ရဲ့ အယူအဆကို စိန်ခေါ်ထောက်ပြတာ တစ်ခုရှိတယ်။ သူ့နာမည်ကလည်း ဆင်မြူရယ် ဖိုင်နာတဲ့။ ဆင်မြူရယ်ချင်း အတူတူပဲ။ ပရော်ဖက်ရှင်နယ် တပ်မတော် ဆိုင်ရာ အထက်က ပြောခဲ့တဲ့ အချက် သုံးချက်ကိုပဲ သူက ပြောတယ်။ ဒါပေမယ့် အယူအဆကတော့ မတူဘူး။ သူက ဆန့်ကျင်ဘက် အယူရှိတယ်။ တကယ်လို့တဲ့ နံပတ်တစ် တပ်မတော်ရဲ့ စွမ်းရည်သုံးရပ် ထက်မြက်မှုကို အရပ်သားနိုင်ငံရေးသမားတွေက အားမပေးဘူးဆိုရင်၊ တပ်မတော် စွမ်းရည်သုံးရပ်အတွက် လုံလုံလောက်လောက် အသုံးစရိတ် မပေးဘူးဆိုရင်၊ လေ့ကျင့်မှုတွေကို လျှော့ချဖို့ ကြိုးစားတယ်ဆိုရယ်၊ တပ်မတော်ရဲ့ စွမ်းရည်ထက်မြက်ရေးအတွက် နိုင်ငံရေးမှာ ၀င်စွက်ဖက်ရတော့မယ်တဲ့။ အရပ်သားအစိုးရက မပေးတဲ့ အခွင့်အရေးတွေကို ကိုယ်တိုင် နိုင်ငံရေးထဲ ၀င်ပါပြီး လုပ်ယူရတော့မယ်တဲ့။ နံပတ် နှစ်၊ အထက်က နံပတ်တစ် အခြေအနေ ဖြစ်ပြီဆိုရင် စစ်တပ်ထဲမှာ နိုင်ငံရေးအုပ်စု စစ်သားစစ်စစ်အုပ်စုဆိုပြီး ကွဲနိုင်သတဲ့။ အဲဒါဆို ဟန်တင်တန် ပြောခဲ့တဲ့ တပ်မတော်ဆိုတဲ့ တစ်စည်းတစ်လုံး အခြေအနေ ပျက်ပြားပြီး အုပ်စုဖွဲ့တာတွေ ဖြစ်လာမယ်တဲ့။ အုပ်စုဖွဲ့တွေ အချင်းချင်း အားပြိုင်ရင်း နိုင်ငံရေးအာဏာ သိမ်းတာတွေပါ ဖြစ်လာနိုင်တယ်တဲ့။ နံပတ် သုံး။ စစ်တပ်က ကာကွယ်စောင့်ရှောက်ရမယ့်သူတွေအပေါ် သစ္စာစောင့်သိတယ်ဆိုတာ စစ်တပ်က တည်ဆဲအစိုးရထက် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ လုံခြုံရေး တည်ငြိမ်အေးချမ်းရေးက ပိုအရေးကြီးတယ်လို့ ထင်မြင်ယူဆလာရင် တည်ဆဲအစိုးရအပေါ် သစ္စာစောင့်သိတာထက် ပြည်သူ့အပေါ်ကို ပိုမို သစ္စာစောင့်သိပြီး (ငါဝင်မှ ဖြစ်တော့မယ်ဆိုတဲ့ အတွေးနဲ့) အာဏာဝင်သိမ်းတတ်ပါသတဲ့။
.
. . . မြန်မာပြည်မှာ ခေတ်စားတာကတော့ ဟန်တင်တန်နဲ့ အယူအဆပါ။ စစ်တပ်ကို နိုင်ငံရေးထဲက မောင်းထုတ်ချင်ကြတာကိုး။ ဒါပေမယ့် ဖိုင်နာရဲ့ အယူအဆကရော မြန်မာ့နိုင်ငံရေးအတွက် ထည့်သွင်း မစဉ်းစားသင့်ပေဘူးလား။ မြန်မာ့တပ်မတော်အနေနဲ့ကတော့ နံပတ် နှစ်အချက် ဖြစ်ဖို့ရာ အလားအလာ မရှိသလောက်ကိုနည်းပါတယ်။ နံပတ် တစ်အချက်ဖြစ်တဲ့ စွမ်းရည်သုံးရပ်ထက်မြက်ရေးမှာ လိုအပ်တဲ့ အသုံးစရိတ်ကို လုံလုံလောက်လောက် မပေးတာ၊ လေ့ကျင့်ရေးတွေကို လျှော့ချကန့်သတ်တာတွေဖြစ်လာရင်၊ နံပတ်သုံးအချက်ဖြစ်တဲ့ တည်ဆဲ အစိုးရထက် ပြည်သူ့မျက်နှာကြည့်ရမယ့် အခြေအနေမျိုးရောက်လာရင် စစ်တပ်က နိုင်ငံရေးထဲကို ထဲထဲဝင်ဝင် ပိုပြီး ပါမလာနိုင်ဘူးလား။ တစ်နည်း အားဖြင့် အာဏာသိမ်းတယ်ဆိုတာမျိုး ဖြစ်မလာနိုင်ဘူးလား . . .
.
ဒီပို့စ်ကိုလည်း ဖတ်ကြည့်သင့်ပါတယ်
https://www.facebook.com/everleisurely/posts/952572741464476

အိပ်လို့အကောင်းဆုံးနေရာ


. . . အိုင်ယူဂျေမှာ အိပ်လို့အကောင်းဆုံးနေရာ ပြပါဆိုရင် စာကြည့်တိုက်ကို ပြရမှာပဲ။ ဟုတ်တယ် ဘယ်လောက်ပဲ ဇိမ်ရှိတဲ့ အိပ်ယာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ နွေးထွေးတဲ့ အိပ်ယာပဲ ဖြစ်ဖြစ် စာကြည့်တိုက်ထဲ အိပ်ရသလောက် ဇိမ်မရှိတာတော့အမှန်။ နေ့လည်နေ့ခင်း ထမင်းစားပြီးချိန်လေး စာကြည့်တိုက် စားပွဲမှာ ထိုင်မိရင်ပဲ ဖြစ်ဖြစ် ညစာ စားပြီးပြီးချင်း စာကြည့်တိုက်ထဲ ရောက်လာရင်ပဲ ဖြစ်ဖြစ် မျက်လုံးလေး မှေးစင်းလာတဲ့အခါ စာကြည့်စားပွဲပေါ် မှောက်အိပ်လိုက်ရတာလောက် အရသာရှိတာ မရှိဘူး။ တစ်ခါတစ်လေကျတော့လည်း စာကြည့်တိုက် အတွင်းဘက် အဆုံး မှန်တွေအပြည့်ကာထားတဲ့ နံရံကွေးကွေးကြီးဘက်မှာ ချထားတဲ့ ဆိုဖာတန်းကြီးပေါ် စာအုပ်လေး မျက်နှာပေါ် မှောက်ပြီး အိပ်ရတဲ့ အရသာကလည်း ဘာနဲ့မှ မတူတဲ့ စည်းစိမ်တစ်မျိုးဆိုရမယ်။ ဒါပေမယ့် အဲသည် မှန်နံရံကြီးနားက ဆိုဖာပေါ် သွားမအိပ်ဖြစ်တာတော့ ကြာခဲ့ပါပြီလေ။ ကြာခဲ့ဆို မနှစ်က ဆောင်းနှင်းဝေတန်းက နောက်ဆုံး အိပ်ဖြစ်ခဲ့တာပဲ ပြောရမလား။ အခုလည်း ဆောင်းနှင်းတွေ ဝေနေပြီဆိုတော့ အော် တစ်နှစ်တောင် ကြာသွားပါပကော
.
. . . စာကြည့်တိုက်အကြောင်း ပြောတော့ စာကြည့်တိုက် ပုံပန်းသဏ္ဍာန်လေးလည်း ပြောပြအုံးမှကိုး။ ကျွန်တော်တို့ စာကြည့်တိုက်ကို မစ်ဆူရှိတာ စာကြည့်တိုက်နှင့် သတင်းအချက်အလက် ဌာနလို့ ခေါ်သဗျ။ တစ်ဘက်ထိပ်က နက္ခတ်တာယာပြခန်းလို ငွေရောင်အမိုးလုံးလုံးကြီးဖြစ်ပြီး အဲသည်ငွေရောင် အမိုးလုံးကြီးထဲမှာ ခန်းမတစ်ခုရှိတယ်။ ခန်းမ အောက်တည့်တည့်နေရာမှာ စာကြည့်စားပွဲတွေကို မှန်နံရံဘက် မျက်နှာမူ ချထားတဲ့ ကျွန်တော့်အခေါ် ဘဲဥပုံ စာကြည့်ခန်းရှိတယ်။ တစ်ဘက်ထိပ် နံရံက အတွင်းဘက်ကို ချိုင့်ဝင်ထားတဲ့ နံရံ ကွေးကွေးကြီးပါ။ မှန်အပြည့်တပ်ထားတော့ အပြင်ဘက်ကိုလည်း တစ်သားတည်းမြင်ရတဲ့နေရာပေါ့။ မိုးရွာရွာ နှင်းကျကျ နေပူပူ သဘာဝအတိုင်း မြင်ကြည့်ခံစားလို့ ရတဲ့ နေရာပေါ့။ အဲသည် နံရံကွေးကွေးကြီးဘက်မှာတော့ စာကြည့်စားပွဲ မထားဘဲ နံရံကိုမျက်နှာမူပြီး ဆိုဖာတွေ တန်းစီချထားတယ်။ တစ်ခါတစ်လေ ကျောခင်းချင်လို့ဖြစ်ဖြစ် စာကြည့်တိုက်ထဲ အပေါင်းအသင်းတွေ တိုးတိုးတိတ်တိတ် တွတ်ထိုးချင်းလို့ဖြစ်ဖြစ် ဒီနားကို လာထိုင်ဖြစ်ကြတယ်။ ခါတိုင်းဆိုရင်တော့ နေ့လည်နေ့ခင်း စာကြည့်တိုက်ထဲ ရောက်ဖြစ်ရင် ခဏဖြစ်ဖြစ် တစ်ရေးတစ်မော လာနှပ်နေကျ နေရာလေးပေါ့ဗျာ။ အခုတော့ ဒီဆိုဖာပေါ်မှာ လာမနှပ်ဖြစ်တာ ကြာပါပြီ။ ကြာဆို ခုန ပြောခဲ့သလို တစ်ဆောင်းတောင် လည်ပြီဆိုရမယ်။ အကြောင်းကတော့ . . .
.
. . . ဒီအကြောင်းကို ဘယ်သူ့မှ လျှောက်မပြောပါနဲ့လို့တော့ သူက မှာထားရှာတာ။ သူဆိုတာက ကျွန်တော့်ရဲ့ ညီငယ်လေး တစ်ယောက်ပါ။ နာမည်တော့ မပြောပါရစေနဲ့။ မောင်ကျော်ပဲထားလိုက်ပါတော့။ မောင်ကျော်လည်း မနှစ်ကတော့ ကျွန်တော်တို့လိုပဲ နေ့နေ့ညည စာကြည့်တိုက် အိမ်လုပ်နေတဲ့ လူစားပဲ။ ကျွန်တော့်ထက် လေးငါးနှစ် ငယ်တယ်ဆိုပေတဲ့ သူငယ်ချင်းလို ပေါင်းလို့သင်းလို့ကောင်းတော့ ငယ်ပေါင်းကြီးဖော်တွေလိုပေါ့။ စာကြည့်တိုက်ထဲ စာကြည့်ရင်လည်း ခုနပြောတဲ့ မှန်ကွေးနံရံဘက်ခြမ်းက ချောင်အကျဆုံး စာကြည့်စားပွဲနှစ်လုံးမှာ ကပ်လျက်ထိုင်နေကျ၊ စာထဲက အကြောင်းပဲဖြစ်ဖြစ် အပြင်က အကြောင်းပဲဖြစ်ဖြစ် တွတ်ထိုးနေကျ။ ၀က်ဆိုက်ကောင်းလေးတွေ တွေ့ရင် ရှယ်နေကျ။ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ပြောနေကျ။ မျက်နှာချင်းဆိုင် စားပွဲမှာ လူရှိရင် အချင်းချင်း မက်ဆေ့ဘောက်က စကားပြောပြီး၊ စကားပြောရင်း အားပါလာရင် ခုနင်ကပြောတဲ့ ဆိုဖာခုံပေါ် သွားထိုင်ပြီး ဟီးဟီးဟားဟား လုပ်နေကျ။
.
. . . တစ်ခါတစ်လေကျပြန်တော့လည်း ကိုယ့်အတွေးလေးနဲ့ကိုယ် တိတ်တိတ်ဆိတ်ဆိတ် စာထိုင်ဖတ် ရေးစရာရှိတာရေး ညောင်းညာလာရင် မှန်ကွေးကြီးဘက်ခြမ်းသွားပြီး အပြင်လေးဘာလေးကြည့် ခါးလေးဘာလေးဆန့်။ မနှစ်က ဆောင်းနှင်းဝေတန်းအစမှာ ညည ဆယ်နာရီခွဲလောက်ဆို သူက အဲသည်ဘက်ကို ထွက်ထွက်သွားတတ်တာ။ အစကတော့ သိပ်သတိ မထားမိဘူး။ မထားမိဆို ညဆယ်နာရီခွဲဆို မြန်မာပြည်က ညရှစ်နာရီသတင်းကို စောင့်စောင့်ကြည့်နေဖြစ်တော့ ကိုယ်ကလည်း သတင်းကို အာရုံစိုက်နေတဲ့အချိန် သူကလည်း ထွက်သွားဆိုတော့ တော်ရုံတန်ရုံမို့ သတိမထားဖြစ်ခဲ့ပေမယ့် နေ့စဉ်ရက်ဆက်ဆိုတော့ သတိထားမိလာတာပါ။
.
. . . နောက်ကျတော့ ကျွန်တော်က သတိထားမိလာတော့ သူက စာကြည့်စားပွဲက ထသွားတော့မယ်ဆို မျက်နှာက ပြုံးစိစိ လုပ်သဗျ။ တစ်ဆယ် ဆယ့်ငါးမိနစ်လောက်နေလို့ ပြန်လာရင်လည်း မျက်နှာက တစ်ခုခုကို ကျေနပ်လာတဲ့ ပုံမျိုး ပြုံးစိစိ လုပ်တတ်တယ်။ ဒါနဲ့ ဒီကောင် ဘာအကွက်တွေ ရိုက်နေလဲမသိဘူး စပ်စုအုံးမှဆိုပြီး တစ်ရက်သားတော့ သူလည်း ထသွားရော နောက်ကနေ မယောင်မလည် လိုက်သွားကြည့်တယ်။ အမယ် မောင်မင်းကြီးသားက ခုန ဆိုဖာတန်းပေါ် မှောင်ကြီးမည်းကြီး သွားထိုင်နေတာကိုး။ ကျွန်တော့်လည်း မြင်ရော ရှူး တိတ်တိတ်နေဆိုတာမျိုး လုပ်ပြတယ်။ စေတနာနဲ့ မီးဖွင့်ပေးမယ်လုပ်တော့ နေနေ အစ်ကိုကြီးဆိုပြီး တားတယ်။ သွားသွား အစ်ကိုကြီးသွား ဆိုလို့ အသာလေး ပြန်လာပြီး စာဆက်ဖတ်နေရတယ်။ သူကတော့ ဆိုဖာတန်းပေါ် မှောင်မှောင်မည်းမည်းထဲ ဆက်ထိုင်ရစ်တယ်။ ခဏနေ စာကြည့်စားပွဲ ပြန်လာတော့ ထုံးစံအတိုင်း ပြုံးစိစိ။ ဒီကောင် ဘာများပါလိမ့်ဆိုပြီး စိတ်ထဲ ယားကျိကျိ ဖြစ်ပေမယ့် သူ့အကြောင်းနဲ့သူ မနှောင့်ယှက်ကောင်းပါဘူးလေဆိုပြီး ဘာသိဘာသာပဲ နေဖြစ်တော့တယ်။
.
. . . တစ်ရက်မှာတော့ ထုံးစံအတိုင်း ည ဆယ်နာရီခွဲလောက်မှာ စာကြည့်စားပွဲက ထသွားပြီးပြန်လည်း လာရော မျက်စိမျက်နှာ မကောင်းဘူးဗျ။ စာအုပ်တွေ လက်တော့တွေ တယ်လီဖုန်းတွေ ချက်ချင်းသိမ်းပြီး ပြန်မယ်လုပ်တယ်။ မေးတော့လည်း ဘာမှ မပြောဘူး၊ ကျွန်တော် ခေါင်းနည်းနည်းကိုက်လို့ ပြန်အိပ်တော့မယ် အစ်ကိုကြီးဆိုပြီး ပြန်သွားတယ်။နောက်တစ်ရက်လည်းကျရော အရင်ထိုင်နေကျ မှန်ကွေးနံရံကြီးဘက်က ချောင်ကျကျ စားပွဲမှာ မထိုင်တော့ဘူး လုပ်တော့တာ။ ဘဲဥပုံ စာကြည့်ခန်းမှာပဲ ထိုင်ရအောင်ဆိုလို့ အဲသည်ဘက်မှာ သွားထိုင်ဖြစ်တယ်။ ဆောင်းနှင်းဝေတန်းမို့ နှင်းတွေကလည်း နေ့နေ့ညည တယ်ကျသကိုး။ စာလေးဖတ်လိုက် ဖုန်းလေးပွတ်လိုက် နားကျပ်လေးတပ်ပြီး အပြင်က တဖွဲဖွဲကျနေတဲ့ နှင်းတွေကို ငေးလိုက်နဲ့မို့ အဲသည်နေရာကလည်း အတော်လေးကို စာလုပ်လို့ကောင်းတဲ့ နေရာလေးပါပဲ။ ဒါပေသိ တစ်ပတ်လောက်ရှိတော့ အမျိုးကောင်းသားက စာကြည့်တိုက် ခေါ်လို့ မရတော့ဘူးဗျို့။ ကျွန်တော် စာကြည့်တိုက် မလိုက်တော့ဘူး အခန်းမှာပဲ ဖတ်တော့မယ်ဆိုပြီး နောက်ပိုင်း စာကြည့်တိုက်ဘက် ခြေဦးကို မလှည့်တော့တာ။
.
. . . ဆောင်းနှင်းဝေတန်းအပြီး တင်စရာ စာတမ်းတွေလည်း အကုန်တင်ပြီးကြပြီဆိုတော့ အထိမ်းအမှတ်ပေါ့လေ ညီအစ်ကိုတစ်တွေ ၀ိုင်းဖြစ်ကြတယ်။ အဲသည်ညက ၀ိုင်းမှာ နောက်ဆုံးကျန်တာ သူနဲ့ကျွန်တော်။ အရက်ဆိုရင် အနံ့တောင် မခံနိုင်တဲ့ မောင်ကျော်တစ်ယောက် အရက်တွေဘာတွေ သောက်ပြီဆိုတော့ သူ့အခန်းပြန်ရောက်အောင် လိုက်ပို့ပေးတော့မှ မူးမူးနဲ့ ရင်ဖွင့်တော့တာ . .
.
. . . အစ်ကိုကြီးရာ အဲ့ကောင်မလေး တော်တော်ကိုလှတာ။ ကျွန်တော်ကလည်း အစ်ကိုကြီး သိတဲအတိုင်း အိုင်ယူဂျေမှာ ရှိသမျှ ကျောင်းသူတွေ ချောချောလှလှဆို ဘယ်အတန်းမှာ တက်တယ် ဘယ်အဆောင်မှာနေတယ် အခန်းနံပတ်က ဘယ်လောက် ဖုန်းနံပတ်က ဘယ်လောက် ဘယ်အတန်းတွေ ဘယ်လိုတက်တယ်ဆိုတဲ့ အချိန်ဇယားကအစ အလွတ်ရနေတတ်တဲ့လူမျိုးလေ။ ဒါပေသိ အဲသည် တစ်ယောက်တော့ဖြင့် ကျွန်တော် မတွေ့ဖူးဘူး။ တစ်ခြားနိုင်ငံတက္ကသိုလ် တစ်ခုခု အိတ်ချိန်းလာတက်တဲ့ ကျောင်းသူပဲ ထင်မိတာပေါ့။ ညညဆို ဆယ်နာခွဲလောက်ဆိုရင် စာကြည့်တိုက်မှန်ကွေးကြီးဘက်ခြမ်းက ဆိုဖာတန်းမှာ မှောင်ထဲမည်းထဲ လာလာထိုင်တတ်လို့ ကျွန်တော်လည်း ကျူမလို့ဆိုပြီး စိတ်ကူးနေတာ။ တစ်ခါတစ်လေ ကျွန်တော်က အရင်ရောက်တယ် တစ်ခါတစ်လေ သူက အရင်ရောက်နှင့်နေနေတတ်တယ်။ သူလာရင်လည်း အမြဲတမ်း ထောင့်ကနေရာလေးမှာ သွားသွားထိုင်တတ်တယ်။ စကားပြောမလို့ အရိပ်အခြည် ကြည့်လိုက်တိုင်း သူက နံရံဘက်က မှန်ကနေ အပြင်ကိုပဲ ငေးပြီး တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေတတ်တော့ အခွင့်က မသာဘူးရယ်လေ။ ဒါနဲ့ပဲ ကျွန်တော့်မှာ ထထ ပြန်လာခဲ့ရတာ။ အမှောင်ထဲမှာ ဘေးတိုက်ကြည့်ရတာတော့ တော်တော်ကို လှတဲ့ပုံလေးပါဗျာ။ သူထသွားပြီဆိုလည်း ခေါင်းလေးငြိတ်ပြီးတော့ နုတ်ဆက်ရှာသား။ သူ့ကို အလင်းရောင်ထဲမှာ သေချာကြည့်ချင်ပေမယ့် ချက်ချင်းကြီး ထလိုက်သွားလည်း မကောင်းတတ်တော့ ခဏနေမှ မယောင်မလည်နဲ့ စာကြည့်တိုက်ထဲက စားပွဲပေါင်းစုံပတ်ရှာရတယ်။ တစ်ခါမှကို မတွေ့ဘူး။ စာကြည့်တိုက်ထဲ စာမဖတ်ဘဲ ချက်ချင်း ပြန်ပြန်သွားတာများလားပေါ့။
.
. . . တစ်ရက်ကျတော့ ပုံမှန်အချိန်အတိုင်း ကျွန်တော်သွားထိုင်နေတုန်း သူကလည်း သူထိုင်နေကျနေရာလေးမှာပဲ ထိုင်နေတုန်း မီးက ဖြတ်ကနဲ လင်းသွားတယ်ဗျ။ ကျောင်းသား တစ်ယောက်ယောက်က ဆိုဖာပေါ်မှာ စာထိုင်ဖတ်ချင်လို့ မီးဖွင့်လိုက်တာကိုး။ ကျွန်တော်က မဆီမဆိုင် သူ့ကို အားနာမိပြီး ရုတ်တရက် လှည့်ကြည့်လိုက်တော့ မတွေ့တော့ဘူးဗျ။ ကိုယ့်ဘေးမှာ ထိုင်နေတဲ့ ကောင်မလေးတစ်ယောက် မီးလင်းတဲ့အချိန် ရုတ်တရက် ပျောက်သွားတာ နည်းနည်းတော့ ဆန်းတယ်ထင်မိတယ်။ ဘယ်များထွက်သွားပါလိမ့်လည်း စဉ်းစားလို့ မရဘူး။ သူက အခန်းထောင့်မှာ ထိုင်နေတာလေ ကျွန်တော့်ရှေ့က မဖြတ်ဘဲနဲ့ ဒီနားက ထွက်သွားလို့မှ မရတာကို။ တွေးရင်းတွေးရင်းနဲ့ ကျွန်တော် ခေါင်းနားပန်း ကြီးသွားတယ်။ အဲဒါနဲ့ ချက်ချင်း ထပြန်လာပြီး ပစ္စည်းတွေသိမ်း အဆောင်ကို ပြန်တော့တာပဲ။
.
. . . နောက်ရက်ကျတော့ ကျွန်တော် အဲသည်ဘက်ခြမ်းမှာ မထိုင်ရဲတော့ဘူး။ ဒါကြောင့် အစ်ကိုကြီးကို ဘဲဥပုံစာကြည့်ခန်းထဲ သွားထိုင်ရအောင် ပြောခဲ့တာ။ ဟိုနေရာလေးကိုလည်း တကယ်က တော်တော် သဘောကျတာ။ နှင်းတွေဖွဲဖွဲကျနေတာလေးကိုငေးလိုက် ရေးလိုက်ဖတ်လို့လုပ်နေရတာ တော်တော် မိုက်တယ်။ ကျွန်တော် ဘာလို့ စာကြည့်တိုက်ကို မသွားတော့တာလဲ သိလား။ ကျွန်တော်တို့ နေရာပြောင်းထိုင်ပြီး တစ်ပတ်လောက်ရှိတော့ အပြင်က နှင်းတွေကို ငေးနေရင်း မှန်အရိပ်မှာ ခုန ကောင်မလေးကို မြင်လိုက်တယ်။ ဒါနဲ့ ရုတ်တရက် လှည့်ကြည့်လိုက်တော့ မရှိဘူး။ မှန်ထဲမှာလည်း မြင်နေရတယ်။ ခဏနေတော့ ပျောက်သွားပြန်ရော။ ကျွန်တော် အဲသည်ရက်က စာတွေများလို့ အိပ်ရေးသိပ်မ၀လို့များ ကယောင်ကတမ်းတွေ ဖြစ်နေတာလား ထင်မိသေးတယ်။ နောက်တစ်ရက်ကျတော့လည်း တွေ့ပြန်ရော။ ကျွန်တော့်နောက်ကျောဘက်ကနေ ဖြတ်လျှောက်သွားတာ မှန်ထဲက မြင်လိုက်ရတယ်။ အဲသည်ရက်ကစပြီး ကျွန်တော် စာကြည့်တိုက်ထဲ စာထိုင်မဖတ်ရဲတော့တာ ခုထိပဲ။
.
. . . အစ်ကိုကြီး ဒီမှာကြည့် အရင်တုန်းကဆို ကျွန်တော့်အခန်းက ယင်းလိပ်ကို ညညဆို မအိပ်ခင် လှပ်ထားနေကျ။ အပြင်မှာ နှင်းကျနေတာလေးကို သဘောကျလို့။ အခု ဒီယင်းလိပ်တောင် မလှပ်ရဲဘူး။ ပြတင်းပေါက်မှန်မှာ ပေါ်လာမှာ စိုးလို့
.
. . . မောင်ကျော် ပြောပြပြီးကတည်းက ကျွန်တော်လည်း စာကြည့်တိုက်ထဲက မှန်ကွေးနံရံကြီးဘက်ကို ညညဆို မသွားရဲတော့ဘဲ အဲသည်ဘက်ခြမ်းက ချောင်ကျတဲ့ စားပွဲမှာလည်း စာထိုင်မကြည့်ဝံ့တော့ဘူး။ လူများများရှိတဲ့ ဘဲဥပုံ စာကြည့်ခန်းထဲမှာဘဲ ထိုင်ဖြစ်တော့တာ အခုထိပဲ။ မေ့နေမှာစိုးလို့ တစ်ခုတော့ မှာပါရစေ။ စာကြည့်တိုက် မသွားဘဲ ဘာလို့ အခန်းထဲမှာပဲ စာဖတ်ရတာလဲဆိုတဲ့ မေးခွန်းမျိုး မောင်ကျော့်ကိုတော့ သွားမမေးကြပါနဲ့။ ဒီအကြောင်းတွေ ပြောပြရင်လည်း မောင်ကျော်ကတော့ မဟုတ်ပါဘူး အစ်ကိုကြီး အလကားသက်သက် လျှောက်ရေးတာနေမှာလို့ ပြောပါလိမ့်မယ်။ နောက်ပြီး ကျွန်တော့်ကို စိတ်ဆိုးလိမ့်မယ်

မာစီးဒီးပုံပြင်


. . . သူများတွေက မာစီးဒီးအကြောင်း ပြောနေကြတော့ ဗိုလ်ကောင်းလည်း ခေတ်မီသွားအောင် တစ်ခုခုတော့ ၀င်ပြောလိုက်ချင်တယ်။ တစ်ခါတုန်းက ဗိုလ်ကောင်းလည်း မာစီးဒီး နဲ့ လင်ခရူဆာ နှစ်စီးရှင် ဘဘကြီးတစ်ယောက်နားမှာ နေခဲ့ဖူးတယ်။ ဘဘကြီးက အင်မတန် အပေါက်အစပ်များလှတယ်လို့ နာမည်ကြီးလှတဲ့အချိန်ပေါ့။ ဘဘကြီးရဲ့ ကိုယ်ရေးအရာရှိလို့များ ပြောလိုက်ရင် လူကို ဂြိုလ်သားတစ်ယောက်လို အထူးအဆန်းလုပ် အကြည့်ခံရတဲ့ အချိန်ပေါ့။ ပီဆိုလုပ်တာ ဘယ်လောက်ကြာပြီလဲလို့လဲ ခဏခဏ အမေးခံရတယ်။ ဘာလို့လဲဆိုတော့ အဲသည်ဘဘကြီးဒဏ် မခံနိုင်ကြလို့ ပီဆိုတွေ ခဏခဏ ထွက်ပြေးကြတယ်လို့ သတင်းကြီးလို့ပါတဲ့။ ဒါပေသိ ဗိုလ်ကောင်းအတွက်ကတော့ ဒီဘဘကြီးက ဒီလောက်လည်း မဟုတ်လှပါဘူး။ ပီဆိုနဲ့ ဘောစိဆိုတာ သားမက်နဲ့ ယောက္ခမလိုပဲ မရှိမကောင်း ရှိမကောင်းတွေကိုး။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့။
.
. . . ဘယ်လောက်ပဲ ရာထူးကြီးတဲ့ ဘောစိဖြစ်ဖြစ် ပီဆိုစကားဆိုတာ နားထောင်ရကောင်းတယ်ဆိုတာတော့ သိကြရတယ်။ ပီဆိုစကား နားမထောင်လို့ မရဘူးလေ။ ဘယ်လိုလူကြီးနဲ့ ဘာအကြောင်းတွေပဲ ဘယ်လောက်အရေးတကြီး ပြောနေနေ အဘ သွားချိန်တန်ပါပြီခင်ဗျဆို ရုတ်ကနဲ ထထွက်လာကြရတာကလား။ ဘယ်အချိန် အိမ်ကထွက်ရမယ် ဘယ်ကားစီးရမယ် ဘာဝတ်ရမယ် ဘယ်လမ်းကသွားရမယ် ဘယ်နားဆင်းပြီး ဘယ်နားတက်ရမယ်ဆိုတာ ပီဆိုတွေပြောစကား နားမထောင်လို့ကတော့ ဘဘကြီးတွေ ဂွတီးဂွကျ ကြုံဖူးလှပြီဆိုတော့ ပီဆိုစကား ဘယ်ပယ်ရှားဝံ့ပါ့မလဲဗျာ။
.
. . . တစ်ခါတစ်လေကျတော့လည်း ကလေးဆိုးကြီးတွေပဲဗျ။ ပီဆိုက ကောင်းမယ်ထင်လို့ စီစဉ်ပေးတာကို ဂျစ်တိုက်တာမျိုးလဲ ရှိတတ်တယ်။ ဒီအခန်းအနားမှာ ဒါဝတ်ရမှာပါလို့ အ၀တ်အစား မလဲခင်ကလေးတင် မှာလိုက်လျက်နဲ့ ထွက်လာတော့ ပြောတဲ့အတိုင်း ၀တ်မလာဘူး။ ရှိစေတော့။ နင့်ဒဏ်နင်ခံ ဒီလိုလည်း မျက်နာလွှဲခဲပစ် လုပ်လို့က မရဘူးလေ။ တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိတာ။ ဘောစိဆိုးရင်တော့ ကိုယ်လည်း တာဝန်မကင်းဘူးဆိုတော့ အာ့လူကြီး စက်နှိုးထားတဲ့ ကားပေါ် ထိုင်ခိုင်းထားပြီး အိမ်ထဲဝင် လိုတဲ့အ၀တ်အစား ကျွပ်ကျွပ်အိတ်နဲ့ ထုပ်ပြီး ယူခဲ့ရတာမျိုးကိုး။ တစ်ခါတစ်လေ ကိုယ့်စကား နားမထောင်ရင် ကိုယ့်ဘာသာ ဆုံးမနေစရာ မလိုဘူး။ အစ်မရေ ဆိုပြီး တစ်ချက်လောက်သာ တို့လိုက်။ ဟိုအစ်မကြီးက ထွက်လာတဲ့ပြီး ဆူပါလေရောလား။ အဲသည်အချိန်မျိုးဆိုရင်လည်း ခမျာ သနားစရာ။ အမေ့ရှေ့မှာ ရောက်နေတဲ့ အပြစ်မဲ့ ကလေးငယ်လေးလို မျက်နာလေးနဲ့။
.
. . . အခုလဲ ဖွဘုတ်မှာ မာစီးဒီးအကြောင်း ခေတ်စားနေတော့ ဗိုလ်ကောင်းဘောစိတစ်ယောက် မာစီးဒီးကား မစီးမိလို့ လမ်းအဝေးကြီးလျှောက်ခဲ့ရတဲ့အကြောင်း ပြောပြချင်မိတယ်။ ခါတော်မီလေးပေါ့။
.
. . . ဒီလိုဗျ။ အခမ်းအနားကြီးတစ်ခုမှာ။ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားပေါ့။ ဘယ်နှစ်လဲတော့ မမှတ်မိတော့ဘူး။ ပွဲကြီးနေ့ မနက် စစ်ရေးပြကွင်း သွားမယ်ဆိုတော့ မာစီးဒီးကားကို ဆင်ဝင်အောက် ထိုးပေးပြီး ပီဆိုက ကားဘေးက ရပ်စောင့်ပေါ့။ ခဏနေတော့ ဘယက်တန်ဆာဒွါဒယာ အစုံအလင်နဲ့ ဘဘကြီးက ထွက်လာရော။ ဘဘကြီး အ၀တ်အစား ၀တ်ထားတာ အချိုးတကျ ရှိရဲ့လားဆိုတာ ပီဆိုက တန်းနောက် စစ်ရသေးတာလေ။ မနက်စောစောစီးစီး အိပ်ချင်မူးတူးနဲ့ တွေ့ကရာ ကောက်စွပ်မလာဘူးလို့ ဘယ်သူပြောနိုင်ပါ့မလဲ။ ကိုယ့်လူကြီး ကိုယ်ပဲ ကြည့်ရှုစောင့်ရှောက်မှလေ။ မကောင်းမြစ်တာ ကောင်းရာညွှန်လတ်ကိုးဗျ။
.
. . . ဟ ဟ ဒီကားကြီး ငါက ဘာလုပ်ရမှာတုန်း ကားအမြင့်နဲ့ သွားရမှာ မသိဘူးလား တဲ့။
.
. . . တစ်နေ့တစ်နေ့ အအော်အဟစ် အဆူအပူလေးမှ မခံရသေးရင် အဲသည်နေ့ဟာ တစ်ခုခု လိုနေသလိုလို ဟာတာတာကြီး ဖြစ်တတ်တာမို့ ဒီလို အဆူအငေါက်လေးခံရမှ တစ်နေ့တာက ပြည့်စုံသွားသလိုရှိတာ။ အခုတော့ စောစောစီးစီး နေတောင် မထွက်သေးခင် တစ်နေ့တာက အဓိပ္ပာယ်ပြည့်ဝသွားပြီ ပြောရမယ်။ အမယ် ဘဘကြီး မျက်နှာက အောင်နိုင်သူကြီး အပြုံးနဲ့ မင်းဒါလေးတောင် မသိဘူးလားပေါ့။ အမှန်က ဒါလေးတောင် မသိတာက သူ။ ရှိစေတော့။ ပီဆိုစကား နားမထောင်ရင် ပီဆိုက ကောင်းစေချင်လို့ လက်နဲ့ရေးတာကို ဘဘကြီးက ခြေနဲ့ဖျက်ရင် ဘယ်လိုတွေ ဂွကျတတ်တယ်ဆိုတာ ပြီးခဲ့တဲ့ သုံးနှစ်လုံးလုံး ကြုံခဲ့ရတာကိုမှ သင်ခန်းစာ မယူသေးရင် ရှိစေတော့။ တစ်ခွန်းပဲ ပြောလိုက်တယ် ကားသမားကို။
.
. . . ကားသွားလဲ။ လင်ခရူဆာယူခဲ့
.
. . . ကားပေါ်ရောက်တော့ ဆရာသမားက ထုံးစံအတိုင်း ပေါက်ပေါက်ဖောက်နေသေးတာ။ ဖောက်ပလေ့စေ။ ဘောစိဆဲတိုင်းသာ ပီဆိုတွေ စိတ်ဆင်းရဲရရင် ဗိုလ်ကောင်းတို့ အရိုးတောင်ဆွေးရော့မယ်။ ထုံးစံအတိုင်း အနုတ္တရောပုရိသဓမ္မသာရထိ ဂုဏ်တော် ပွားနေလိုက်တယ်။ ဘိုးတော် ဆူတိုင်း ပွားနေကျဂုဏ်တော်။ မယဉ်ကျေးကြငြား သတ္တ၀ါများကို ယဉ်ပါးလေအောင် သွေးဆောင်ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား
.
. . . လမ်းမှာ တစ်ခြားဘဘကြီးကားတစ်စီး စတွေ့လိုက်တဲ့အချိန်မှာ ပထမဆုံး အဆူ ရပ်သွားတယ်။ နံဘေးကနေ လှစ်ကနဲ ကျော်တက်သွားတာက တစ်အိမ်ကျော်က ဘဘကြီးတစ်ယောက်ရဲ့ မာစီးဒီးကား။ စစ်ရေးပြကွင်းနဲ့ နီးလာလေ တစ်ခြားကားတွေ တွေ့ရစိပ်လာလေ။ အားလုံးက မာစီးဒီးကားတွေချည်း။ လင်ခရူဆာက ကျွန်တော်တို့ တစ်စီးတည်း။ စစ်ရေးပြကွင်းဝင်တော့ အ၀င်ဝက လုံခြုံရေးတွေက ပြူးတိပြူးကြောင် လုပ်နေသေးတယ်။ ဘယ်သူမှ မစီးတဲ့ကား စီးလာမိတော့ ဖြစ်ရပုံကို ပြောပါတယ်။ ဟဲဟဲ သူများတွေ ကားပေါ်က ဆင်းတဲ့ နေရာမှာ မဆင်းရဲဘူးခင်ဗျ။ ခပ်လှမ်းလှမ်းလေးမှာ ကားကိုရပ်ခိုင်းပြီး လမ်းဆင်းလျှောက်ရရှာတယ်။ ပြီးတော့ လေသံပျော့လေးနဲ့ ပြောလိုက်တာက အိမ်ပြန်ပြီး ဟိုကားသွားယူလာခဲ့ တဲ့။ ဗိုလ်ကောင်းကို ဒီလိုလုပ်လို့ ဘယ်ရမလဲ။ အောင်နိုင်သူကြီးအပြုံးကို မိန့်မိန့်ကြီးပြုံးပြီး တစ်ခွန်းပဲ ပြန်ပြောလိုက်တယ်
.
. . . ဟုတ်
.
. . . ဇာတ်ပေါင်းသော်
.
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. . . ခင်ဗျားတို့ စပ်စုတာလဲ ကြည့်ကျက်စပ်စုကြ
အကုန်လျှောက်သိချင်မနေကြနဲ့
.
. . . ဗိုလ်ကောင်းက ဗိုလ်ကောင်း၊ ဟိုလူကြီးက ဟိုလူကြီး . . .