Saturday 6 February 2016

ကျွန်တော် ချမ်းလှပါပြီဗျာ


. . . "ကျွန်တော် ချမ်းလှပါပြီဗျာ အနွေးထည်လေး လိုချင်လို့ပါ"
.
. . . စောစောက စာကြည့်တိုက်က ပြန်လာပြီး အပြင်မှာ နှင်းတွေကျနေတာမြင်လို့ ညရှုခင်းလေးတွေ ဓာတ်ပုံလျှောက်ရိုက်၊ အခု ဓာတ်ပုံတွေ ကြည့်နေရင်း လူက ငိုက်ကနဲ ဖြစ်သွားတဲ့အချိန် ကြားလိုက်ရတဲ့အသံကြောင့် ရုတ်တရက် မျက်လုံး ကျယ်သွားတယ်။ အသံကတော့ ယောက်ျားလေးသံ။ ဘယ်သူများ နောက်တာပါလိမ့်။ ညကြီးမင်းကြီးကွာ ဒီလောက်အေးလှတာကို နောက်နေနိုင်အားသေးတာ ဘယ်ကောင်ပါလိမ့်ဆိုပြီး ၀ရန်တာ ခန်းဆီးဖယ်ပြီး ကြည့်လိုက်တော့လည်း ဘယ်သူမှ မရှိ။ မဟုတ်သေးပါဘူး ဒီအသံကို သေသေချာချာ ကြားလိုက်တာပါ။ အော် အိပ်ငိုက်ပြီး ကြားမိကြားရာ ကြားတာဖြစ်မှာပါလေ။
.
. . . ဒါနဲ့ ပုံတွေ ပြင်စရာရှိတာပြင်၊ သိမ်းစရာရှိတာသိမ်း ဖျက်စရာရှိတာဖျက်။ ညပိုင်း ရိုက်ထားတာဆိုတော့ ကိုယ်က ကင်မရာလည်း ကျွမ်းကျွမ်းကျင်ကျင် ကိုင်တတ်တာမဟုတ်၊ အလင်းအမှောင်ကလည်း ကောင်းကောင်း မချိန်တတ်။ တစ်ချို့ပုံတွေဆို ဝေတေတေ ၀ါးတားတား။ တစ်ချို့ပုံတွေမှာ အလင်းရောင်တွေ အူကြောင်ကျားဖြစ်ပြီး လူပုံလိုလို ဘာလိုလို ပါလာတာတွေက ရှိသေး။ ရိုက်တုန်းက ဘယ်သူမှ မရှိတာ ကင်မရာ ၀ါးတာ ဖြစ်ပြီး ပေါ်မိပေါ်ရာတွေ လျှောက်ပေါ်တာပဲ ဆိုပြီး အဲဒီပုံတွေ အကုန်လုံးဖျက်။ ပြီး စာလေးနည်းနည်းပါးပါး ဖတ်ပြီး အိပ်ယာဝင်ဖို့ ပြင်တယ်။ ရေချိုးခန်းထဲဝင် သွားတိုက် ည၀တ်အကျီင်္လဲပြီး မီးလည်း ပိတ်လိုက်ရော
.
. . . "တကယ်ကို ချမ်းနေလို့ပါဗျာ အနွေးထည်လေး ပေးပါ"
.
. . . ဒီတစ်ခါတော့ အသံကြားရတာ တကယ်သေချာသွားပြီ။ လူက အိပ်ချင်မူးတူးလည်း မဟုတ် လန်းလန်းဆန်းဆန်းကြီး။ တွေ့ကြသေးတာပေါ့ကွာ ဒီလောက်အေးနေတာတောင် လာနောက်နိုင်သေးတဲ့ကောင် ရေနဲ့ပက်လွှတ်မယ် ဆိုပြီး သောက်ရေခွက်ထဲ ရေထည့် ခန်းဆီးစ အသာဖယ်ပြီး တံခါးကို ဖွင့်လိုက်တော့ အပြင်ကနေ လေပြင်းတစ်ချက် တိုက်လိုက်သလို ခံစားလိုက်ရတယ်။ ကြည့်တော့လည်း ဘယ်သူမှ မရှိ။ မဟုတ်သေးပါဘူး။
.
. . . ပြီးတော့မှ တစ်ခုခုကိုတွေးပြီး ကြက်သီးတွေ ဖျန်းကနဲထသွားတယ်။ မဟုတ်မှလွဲရော။ ဘုရား ဘုရား ငါထင်တာ လွဲပါစေ။
.
. . . ၀ရန်တာတံခါးကို ချက်ချင်းပိတ်၊ ခန်းဆီးကို တင်းနေအောင် ဆွဲစိပြီး မီးဖွင့်။ ကွန်ပြူတာကို ချက်ချင်းပြန်ဖွင့်၊ စောစောက ဖျက်ထားတဲ့ပုံတွေကို ပြန်ဆွဲတင်ပြီး ကြည့်လိုက်တော့ . . . လား . .လား. . . ဒါ ကင်မရာ ၀ါးတဲ့ပုံမှ မဟုတ်ဘဲကို။ ဒါဆို ခုန ငါ့ကို ပြောလိုက်တာ ဘုရား ဘုရား။
.
. . . ညကြီးမင်းကြီး ဖုန်းမခေါ်စဖူးခေါ်တော့ အမေတောင် လန့်သွားတယ်။ အကျိုးအကြောင်း ပြောပြတော့မှ
.
. . . ဟုတ်တယ် သားရဲ့ သူတို့ကို အ၀တ်အစား ပေးချင်ရင် သံင်္ဃာတော်တွေကို လှူပြီးတော့ဖြစ်ဖြစ် အကျင့်သီလကောင်းတဲ့ သူတွေကို လှူပြီးတော့ဖြစ်ဖြစ် အမျှပေးလို့ သူတို့က သာဓုခေါ်တယ်ဆိုရင် သူတို့မှာ အ၀တ်အစား ရသွားမှာပဲ။ သားလည်း ညဥ့်နက်နေပြီ အိပ်တော့ စိတ်ထဲ သိပ်မလုံမခြုံဖြစ်နေရင် ပရိတ်တရားတော်လေးဘာလေး ဖွင့်ပြီး အိပ်။ ဒါပဲနော်သားလေး အမေ ဖုန်းချလိုက်တော့မယ်
.
. . . ဟုတ်ကဲ့ပါအမေ အမေ့ကို သားကန်တော့ပါတယ် အမေလည်း အိပ်တော့နော်
.
. . . အင်း ဒီလို နေရာမျိုးမှာ သံင်္ဃာတော်တော့ လှူနိုင်ဖို့ မရှိ။ အကျင့်သီလကောင်းတယ်ထင်တဲ့ တစ်ယောက်လောက်ကို ရှာပြီး လှူပြီးတော့ အမျှဝေရတော့မှာပဲဆိုပြီး၊ ဘယ်သူ့ကို လှူပေးရကောင်းမလဲ စဉ်းစားရင်း . . .
.
. . . တော်ပြီ နောက်များတော့ ဘယ်တော့မှ ညကြီးမင်းကြီး ဓာတ်ပုံထွက်မရိုက်တော့ဘူး

No comments:

Post a Comment