. . . အိုင်ယူဂျေမှာ အိပ်လို့အကောင်းဆုံးနေရာ ပြပါဆိုရင် စာကြည့်တိုက်ကို ပြရမှာပဲ။ ဟုတ်တယ် ဘယ်လောက်ပဲ ဇိမ်ရှိတဲ့ အိပ်ယာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ နွေးထွေးတဲ့ အိပ်ယာပဲ ဖြစ်ဖြစ် စာကြည့်တိုက်ထဲ အိပ်ရသလောက် ဇိမ်မရှိတာတော့အမှန်။ နေ့လည်နေ့ခင်း ထမင်းစားပြီးချိန်လေး စာကြည့်တိုက် စားပွဲမှာ ထိုင်မိရင်ပဲ ဖြစ်ဖြစ် ညစာ စားပြီးပြီးချင်း စာကြည့်တိုက်ထဲ ရောက်လာရင်ပဲ ဖြစ်ဖြစ် မျက်လုံးလေး မှေးစင်းလာတဲ့အခါ စာကြည့်စားပွဲပေါ် မှောက်အိပ်လိုက်ရတာလောက် အရသာရှိတာ မရှိဘူး။ တစ်ခါတစ်လေကျတော့လည်း စာကြည့်တိုက် အတွင်းဘက် အဆုံး မှန်တွေအပြည့်ကာထားတဲ့ နံရံကွေးကွေးကြီးဘက်မှာ ချထားတဲ့ ဆိုဖာတန်းကြီးပေါ် စာအုပ်လေး မျက်နှာပေါ် မှောက်ပြီး အိပ်ရတဲ့ အရသာကလည်း ဘာနဲ့မှ မတူတဲ့ စည်းစိမ်တစ်မျိုးဆိုရမယ်။ ဒါပေမယ့် အဲသည် မှန်နံရံကြီးနားက ဆိုဖာပေါ် သွားမအိပ်ဖြစ်တာတော့ ကြာခဲ့ပါပြီလေ။ ကြာခဲ့ဆို မနှစ်က ဆောင်းနှင်းဝေတန်းက နောက်ဆုံး အိပ်ဖြစ်ခဲ့တာပဲ ပြောရမလား။ အခုလည်း ဆောင်းနှင်းတွေ ဝေနေပြီဆိုတော့ အော် တစ်နှစ်တောင် ကြာသွားပါပကော
.
. . . စာကြည့်တိုက်အကြောင်း ပြောတော့ စာကြည့်တိုက် ပုံပန်းသဏ္ဍာန်လေးလည်း ပြောပြအုံးမှကိုး။ ကျွန်တော်တို့ စာကြည့်တိုက်ကို မစ်ဆူရှိတာ စာကြည့်တိုက်နှင့် သတင်းအချက်အလက် ဌာနလို့ ခေါ်သဗျ။ တစ်ဘက်ထိပ်က နက္ခတ်တာယာပြခန်းလို ငွေရောင်အမိုးလုံးလုံးကြီးဖြစ်ပြီး အဲသည်ငွေရောင် အမိုးလုံးကြီးထဲမှာ ခန်းမတစ်ခုရှိတယ်။ ခန်းမ အောက်တည့်တည့်နေရာမှာ စာကြည့်စားပွဲတွေကို မှန်နံရံဘက် မျက်နှာမူ ချထားတဲ့ ကျွန်တော့်အခေါ် ဘဲဥပုံ စာကြည့်ခန်းရှိတယ်။ တစ်ဘက်ထိပ် နံရံက အတွင်းဘက်ကို ချိုင့်ဝင်ထားတဲ့ နံရံ ကွေးကွေးကြီးပါ။ မှန်အပြည့်တပ်ထားတော့ အပြင်ဘက်ကိုလည်း တစ်သားတည်းမြင်ရတဲ့နေရာပေါ့။ မိုးရွာရွာ နှင်းကျကျ နေပူပူ သဘာဝအတိုင်း မြင်ကြည့်ခံစားလို့ ရတဲ့ နေရာပေါ့။ အဲသည် နံရံကွေးကွေးကြီးဘက်မှာတော့ စာကြည့်စားပွဲ မထားဘဲ နံရံကိုမျက်နှာမူပြီး ဆိုဖာတွေ တန်းစီချထားတယ်။ တစ်ခါတစ်လေ ကျောခင်းချင်လို့ဖြစ်ဖြစ် စာကြည့်တိုက်ထဲ အပေါင်းအသင်းတွေ တိုးတိုးတိတ်တိတ် တွတ်ထိုးချင်းလို့ဖြစ်ဖြစ် ဒီနားကို လာထိုင်ဖြစ်ကြတယ်။ ခါတိုင်းဆိုရင်တော့ နေ့လည်နေ့ခင်း စာကြည့်တိုက်ထဲ ရောက်ဖြစ်ရင် ခဏဖြစ်ဖြစ် တစ်ရေးတစ်မော လာနှပ်နေကျ နေရာလေးပေါ့ဗျာ။ အခုတော့ ဒီဆိုဖာပေါ်မှာ လာမနှပ်ဖြစ်တာ ကြာပါပြီ။ ကြာဆို ခုန ပြောခဲ့သလို တစ်ဆောင်းတောင် လည်ပြီဆိုရမယ်။ အကြောင်းကတော့ . . .
.
. . . ဒီအကြောင်းကို ဘယ်သူ့မှ လျှောက်မပြောပါနဲ့လို့တော့ သူက မှာထားရှာတာ။ သူဆိုတာက ကျွန်တော့်ရဲ့ ညီငယ်လေး တစ်ယောက်ပါ။ နာမည်တော့ မပြောပါရစေနဲ့။ မောင်ကျော်ပဲထားလိုက်ပါတော့။ မောင်ကျော်လည်း မနှစ်ကတော့ ကျွန်တော်တို့လိုပဲ နေ့နေ့ညည စာကြည့်တိုက် အိမ်လုပ်နေတဲ့ လူစားပဲ။ ကျွန်တော့်ထက် လေးငါးနှစ် ငယ်တယ်ဆိုပေတဲ့ သူငယ်ချင်းလို ပေါင်းလို့သင်းလို့ကောင်းတော့ ငယ်ပေါင်းကြီးဖော်တွေလိုပေါ့။ စာကြည့်တိုက်ထဲ စာကြည့်ရင်လည်း ခုနပြောတဲ့ မှန်ကွေးနံရံဘက်ခြမ်းက ချောင်အကျဆုံး စာကြည့်စားပွဲနှစ်လုံးမှာ ကပ်လျက်ထိုင်နေကျ၊ စာထဲက အကြောင်းပဲဖြစ်ဖြစ် အပြင်က အကြောင်းပဲဖြစ်ဖြစ် တွတ်ထိုးနေကျ။ ၀က်ဆိုက်ကောင်းလေးတွေ တွေ့ရင် ရှယ်နေကျ။ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ပြောနေကျ။ မျက်နှာချင်းဆိုင် စားပွဲမှာ လူရှိရင် အချင်းချင်း မက်ဆေ့ဘောက်က စကားပြောပြီး၊ စကားပြောရင်း အားပါလာရင် ခုနင်ကပြောတဲ့ ဆိုဖာခုံပေါ် သွားထိုင်ပြီး ဟီးဟီးဟားဟား လုပ်နေကျ။
.
. . . တစ်ခါတစ်လေကျပြန်တော့လည်း ကိုယ့်အတွေးလေးနဲ့ကိုယ် တိတ်တိတ်ဆိတ်ဆိတ် စာထိုင်ဖတ် ရေးစရာရှိတာရေး ညောင်းညာလာရင် မှန်ကွေးကြီးဘက်ခြမ်းသွားပြီး အပြင်လေးဘာလေးကြည့် ခါးလေးဘာလေးဆန့်။ မနှစ်က ဆောင်းနှင်းဝေတန်းအစမှာ ညည ဆယ်နာရီခွဲလောက်ဆို သူက အဲသည်ဘက်ကို ထွက်ထွက်သွားတတ်တာ။ အစကတော့ သိပ်သတိ မထားမိဘူး။ မထားမိဆို ညဆယ်နာရီခွဲဆို မြန်မာပြည်က ညရှစ်နာရီသတင်းကို စောင့်စောင့်ကြည့်နေဖြစ်တော့ ကိုယ်ကလည်း သတင်းကို အာရုံစိုက်နေတဲ့အချိန် သူကလည်း ထွက်သွားဆိုတော့ တော်ရုံတန်ရုံမို့ သတိမထားဖြစ်ခဲ့ပေမယ့် နေ့စဉ်ရက်ဆက်ဆိုတော့ သတိထားမိလာတာပါ။
.
. . . နောက်ကျတော့ ကျွန်တော်က သတိထားမိလာတော့ သူက စာကြည့်စားပွဲက ထသွားတော့မယ်ဆို မျက်နှာက ပြုံးစိစိ လုပ်သဗျ။ တစ်ဆယ် ဆယ့်ငါးမိနစ်လောက်နေလို့ ပြန်လာရင်လည်း မျက်နှာက တစ်ခုခုကို ကျေနပ်လာတဲ့ ပုံမျိုး ပြုံးစိစိ လုပ်တတ်တယ်။ ဒါနဲ့ ဒီကောင် ဘာအကွက်တွေ ရိုက်နေလဲမသိဘူး စပ်စုအုံးမှဆိုပြီး တစ်ရက်သားတော့ သူလည်း ထသွားရော နောက်ကနေ မယောင်မလည် လိုက်သွားကြည့်တယ်။ အမယ် မောင်မင်းကြီးသားက ခုန ဆိုဖာတန်းပေါ် မှောင်ကြီးမည်းကြီး သွားထိုင်နေတာကိုး။ ကျွန်တော့်လည်း မြင်ရော ရှူး တိတ်တိတ်နေဆိုတာမျိုး လုပ်ပြတယ်။ စေတနာနဲ့ မီးဖွင့်ပေးမယ်လုပ်တော့ နေနေ အစ်ကိုကြီးဆိုပြီး တားတယ်။ သွားသွား အစ်ကိုကြီးသွား ဆိုလို့ အသာလေး ပြန်လာပြီး စာဆက်ဖတ်နေရတယ်။ သူကတော့ ဆိုဖာတန်းပေါ် မှောင်မှောင်မည်းမည်းထဲ ဆက်ထိုင်ရစ်တယ်။ ခဏနေ စာကြည့်စားပွဲ ပြန်လာတော့ ထုံးစံအတိုင်း ပြုံးစိစိ။ ဒီကောင် ဘာများပါလိမ့်ဆိုပြီး စိတ်ထဲ ယားကျိကျိ ဖြစ်ပေမယ့် သူ့အကြောင်းနဲ့သူ မနှောင့်ယှက်ကောင်းပါဘူးလေဆိုပြီး ဘာသိဘာသာပဲ နေဖြစ်တော့တယ်။
.
. . . တစ်ရက်မှာတော့ ထုံးစံအတိုင်း ည ဆယ်နာရီခွဲလောက်မှာ စာကြည့်စားပွဲက ထသွားပြီးပြန်လည်း လာရော မျက်စိမျက်နှာ မကောင်းဘူးဗျ။ စာအုပ်တွေ လက်တော့တွေ တယ်လီဖုန်းတွေ ချက်ချင်းသိမ်းပြီး ပြန်မယ်လုပ်တယ်။ မေးတော့လည်း ဘာမှ မပြောဘူး၊ ကျွန်တော် ခေါင်းနည်းနည်းကိုက်လို့ ပြန်အိပ်တော့မယ် အစ်ကိုကြီးဆိုပြီး ပြန်သွားတယ်။နောက်တစ်ရက်လည်းကျရော အရင်ထိုင်နေကျ မှန်ကွေးနံရံကြီးဘက်က ချောင်ကျကျ စားပွဲမှာ မထိုင်တော့ဘူး လုပ်တော့တာ။ ဘဲဥပုံ စာကြည့်ခန်းမှာပဲ ထိုင်ရအောင်ဆိုလို့ အဲသည်ဘက်မှာ သွားထိုင်ဖြစ်တယ်။ ဆောင်းနှင်းဝေတန်းမို့ နှင်းတွေကလည်း နေ့နေ့ညည တယ်ကျသကိုး။ စာလေးဖတ်လိုက် ဖုန်းလေးပွတ်လိုက် နားကျပ်လေးတပ်ပြီး အပြင်က တဖွဲဖွဲကျနေတဲ့ နှင်းတွေကို ငေးလိုက်နဲ့မို့ အဲသည်နေရာကလည်း အတော်လေးကို စာလုပ်လို့ကောင်းတဲ့ နေရာလေးပါပဲ။ ဒါပေသိ တစ်ပတ်လောက်ရှိတော့ အမျိုးကောင်းသားက စာကြည့်တိုက် ခေါ်လို့ မရတော့ဘူးဗျို့။ ကျွန်တော် စာကြည့်တိုက် မလိုက်တော့ဘူး အခန်းမှာပဲ ဖတ်တော့မယ်ဆိုပြီး နောက်ပိုင်း စာကြည့်တိုက်ဘက် ခြေဦးကို မလှည့်တော့တာ။
.
. . . ဆောင်းနှင်းဝေတန်းအပြီး တင်စရာ စာတမ်းတွေလည်း အကုန်တင်ပြီးကြပြီဆိုတော့ အထိမ်းအမှတ်ပေါ့လေ ညီအစ်ကိုတစ်တွေ ၀ိုင်းဖြစ်ကြတယ်။ အဲသည်ညက ၀ိုင်းမှာ နောက်ဆုံးကျန်တာ သူနဲ့ကျွန်တော်။ အရက်ဆိုရင် အနံ့တောင် မခံနိုင်တဲ့ မောင်ကျော်တစ်ယောက် အရက်တွေဘာတွေ သောက်ပြီဆိုတော့ သူ့အခန်းပြန်ရောက်အောင် လိုက်ပို့ပေးတော့မှ မူးမူးနဲ့ ရင်ဖွင့်တော့တာ . .
.
. . . အစ်ကိုကြီးရာ အဲ့ကောင်မလေး တော်တော်ကိုလှတာ။ ကျွန်တော်ကလည်း အစ်ကိုကြီး သိတဲအတိုင်း အိုင်ယူဂျေမှာ ရှိသမျှ ကျောင်းသူတွေ ချောချောလှလှဆို ဘယ်အတန်းမှာ တက်တယ် ဘယ်အဆောင်မှာနေတယ် အခန်းနံပတ်က ဘယ်လောက် ဖုန်းနံပတ်က ဘယ်လောက် ဘယ်အတန်းတွေ ဘယ်လိုတက်တယ်ဆိုတဲ့ အချိန်ဇယားကအစ အလွတ်ရနေတတ်တဲ့လူမျိုးလေ။ ဒါပေသိ အဲသည် တစ်ယောက်တော့ဖြင့် ကျွန်တော် မတွေ့ဖူးဘူး။ တစ်ခြားနိုင်ငံတက္ကသိုလ် တစ်ခုခု အိတ်ချိန်းလာတက်တဲ့ ကျောင်းသူပဲ ထင်မိတာပေါ့။ ညညဆို ဆယ်နာခွဲလောက်ဆိုရင် စာကြည့်တိုက်မှန်ကွေးကြီးဘက်ခြမ်းက ဆိုဖာတန်းမှာ မှောင်ထဲမည်းထဲ လာလာထိုင်တတ်လို့ ကျွန်တော်လည်း ကျူမလို့ဆိုပြီး စိတ်ကူးနေတာ။ တစ်ခါတစ်လေ ကျွန်တော်က အရင်ရောက်တယ် တစ်ခါတစ်လေ သူက အရင်ရောက်နှင့်နေနေတတ်တယ်။ သူလာရင်လည်း အမြဲတမ်း ထောင့်ကနေရာလေးမှာ သွားသွားထိုင်တတ်တယ်။ စကားပြောမလို့ အရိပ်အခြည် ကြည့်လိုက်တိုင်း သူက နံရံဘက်က မှန်ကနေ အပြင်ကိုပဲ ငေးပြီး တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေတတ်တော့ အခွင့်က မသာဘူးရယ်လေ။ ဒါနဲ့ပဲ ကျွန်တော့်မှာ ထထ ပြန်လာခဲ့ရတာ။ အမှောင်ထဲမှာ ဘေးတိုက်ကြည့်ရတာတော့ တော်တော်ကို လှတဲ့ပုံလေးပါဗျာ။ သူထသွားပြီဆိုလည်း ခေါင်းလေးငြိတ်ပြီးတော့ နုတ်ဆက်ရှာသား။ သူ့ကို အလင်းရောင်ထဲမှာ သေချာကြည့်ချင်ပေမယ့် ချက်ချင်းကြီး ထလိုက်သွားလည်း မကောင်းတတ်တော့ ခဏနေမှ မယောင်မလည်နဲ့ စာကြည့်တိုက်ထဲက စားပွဲပေါင်းစုံပတ်ရှာရတယ်။ တစ်ခါမှကို မတွေ့ဘူး။ စာကြည့်တိုက်ထဲ စာမဖတ်ဘဲ ချက်ချင်း ပြန်ပြန်သွားတာများလားပေါ့။
.
. . . တစ်ရက်ကျတော့ ပုံမှန်အချိန်အတိုင်း ကျွန်တော်သွားထိုင်နေတုန်း သူကလည်း သူထိုင်နေကျနေရာလေးမှာပဲ ထိုင်နေတုန်း မီးက ဖြတ်ကနဲ လင်းသွားတယ်ဗျ။ ကျောင်းသား တစ်ယောက်ယောက်က ဆိုဖာပေါ်မှာ စာထိုင်ဖတ်ချင်လို့ မီးဖွင့်လိုက်တာကိုး။ ကျွန်တော်က မဆီမဆိုင် သူ့ကို အားနာမိပြီး ရုတ်တရက် လှည့်ကြည့်လိုက်တော့ မတွေ့တော့ဘူးဗျ။ ကိုယ့်ဘေးမှာ ထိုင်နေတဲ့ ကောင်မလေးတစ်ယောက် မီးလင်းတဲ့အချိန် ရုတ်တရက် ပျောက်သွားတာ နည်းနည်းတော့ ဆန်းတယ်ထင်မိတယ်။ ဘယ်များထွက်သွားပါလိမ့်လည်း စဉ်းစားလို့ မရဘူး။ သူက အခန်းထောင့်မှာ ထိုင်နေတာလေ ကျွန်တော့်ရှေ့က မဖြတ်ဘဲနဲ့ ဒီနားက ထွက်သွားလို့မှ မရတာကို။ တွေးရင်းတွေးရင်းနဲ့ ကျွန်တော် ခေါင်းနားပန်း ကြီးသွားတယ်။ အဲဒါနဲ့ ချက်ချင်း ထပြန်လာပြီး ပစ္စည်းတွေသိမ်း အဆောင်ကို ပြန်တော့တာပဲ။
.
. . . နောက်ရက်ကျတော့ ကျွန်တော် အဲသည်ဘက်ခြမ်းမှာ မထိုင်ရဲတော့ဘူး။ ဒါကြောင့် အစ်ကိုကြီးကို ဘဲဥပုံစာကြည့်ခန်းထဲ သွားထိုင်ရအောင် ပြောခဲ့တာ။ ဟိုနေရာလေးကိုလည်း တကယ်က တော်တော် သဘောကျတာ။ နှင်းတွေဖွဲဖွဲကျနေတာလေးကိုငေးလိုက် ရေးလိုက်ဖတ်လို့လုပ်နေရတာ တော်တော် မိုက်တယ်။ ကျွန်တော် ဘာလို့ စာကြည့်တိုက်ကို မသွားတော့တာလဲ သိလား။ ကျွန်တော်တို့ နေရာပြောင်းထိုင်ပြီး တစ်ပတ်လောက်ရှိတော့ အပြင်က နှင်းတွေကို ငေးနေရင်း မှန်အရိပ်မှာ ခုန ကောင်မလေးကို မြင်လိုက်တယ်။ ဒါနဲ့ ရုတ်တရက် လှည့်ကြည့်လိုက်တော့ မရှိဘူး။ မှန်ထဲမှာလည်း မြင်နေရတယ်။ ခဏနေတော့ ပျောက်သွားပြန်ရော။ ကျွန်တော် အဲသည်ရက်က စာတွေများလို့ အိပ်ရေးသိပ်မ၀လို့များ ကယောင်ကတမ်းတွေ ဖြစ်နေတာလား ထင်မိသေးတယ်။ နောက်တစ်ရက်ကျတော့လည်း တွေ့ပြန်ရော။ ကျွန်တော့်နောက်ကျောဘက်ကနေ ဖြတ်လျှောက်သွားတာ မှန်ထဲက မြင်လိုက်ရတယ်။ အဲသည်ရက်ကစပြီး ကျွန်တော် စာကြည့်တိုက်ထဲ စာထိုင်မဖတ်ရဲတော့တာ ခုထိပဲ။
.
. . . အစ်ကိုကြီး ဒီမှာကြည့် အရင်တုန်းကဆို ကျွန်တော့်အခန်းက ယင်းလိပ်ကို ညညဆို မအိပ်ခင် လှပ်ထားနေကျ။ အပြင်မှာ နှင်းကျနေတာလေးကို သဘောကျလို့။ အခု ဒီယင်းလိပ်တောင် မလှပ်ရဲဘူး။ ပြတင်းပေါက်မှန်မှာ ပေါ်လာမှာ စိုးလို့
.
. . . မောင်ကျော် ပြောပြပြီးကတည်းက ကျွန်တော်လည်း စာကြည့်တိုက်ထဲက မှန်ကွေးနံရံကြီးဘက်ကို ညညဆို မသွားရဲတော့ဘဲ အဲသည်ဘက်ခြမ်းက ချောင်ကျတဲ့ စားပွဲမှာလည်း စာထိုင်မကြည့်ဝံ့တော့ဘူး။ လူများများရှိတဲ့ ဘဲဥပုံ စာကြည့်ခန်းထဲမှာဘဲ ထိုင်ဖြစ်တော့တာ အခုထိပဲ။ မေ့နေမှာစိုးလို့ တစ်ခုတော့ မှာပါရစေ။ စာကြည့်တိုက် မသွားဘဲ ဘာလို့ အခန်းထဲမှာပဲ စာဖတ်ရတာလဲဆိုတဲ့ မေးခွန်းမျိုး မောင်ကျော့်ကိုတော့ သွားမမေးကြပါနဲ့။ ဒီအကြောင်းတွေ ပြောပြရင်လည်း မောင်ကျော်ကတော့ မဟုတ်ပါဘူး အစ်ကိုကြီး အလကားသက်သက် လျှောက်ရေးတာနေမှာလို့ ပြောပါလိမ့်မယ်။ နောက်ပြီး ကျွန်တော့်ကို စိတ်ဆိုးလိမ့်မယ်
No comments:
Post a Comment