Saturday, 6 February 2016

ထုံးသင်္ကန်းကပ်



. . . ဆောင်းနှင်းဝေတန်းမှာ အခန်းအပြင်ဘက် ဘယ်ကိုပဲကြည့်ကြည့် ထုံးအိုးကြီး မှောက်ထားသလို ဖွေးဖွေးဖြူနေတာပဲ မြင်နေရတာ့ အခုလို ရာသီဥတု ချမ်းချမ်းစီးစီးမှာ ရွာက မိဖုရားကုန်းဘုရား ထုံးသင်္ကန်းကပ်တာကို ပြေးပြီး သတိရမိပါတယ်။
.
. . . ကျွန်တော်တို့အခေါ် ဘုရားကြီးဆိုတဲ့ မိဖုရားကုန်းဘုရားက အင်းသာရွာမြောက်ဘက်အထွက် ရန်ကုန်-မန္တလေး လမ်းဟောင်း အရှေ့ဘက်မှာ ရှိပါတယ်။ အရင်တုန်းကတော့ ရွာမြောက်ဘက်စွန်ပေါ့။ သချိုင်းကုန်း မူလတန်းကျောင်း ဘုရားကြီး စခန်းထောက်ကျောင်း စပါးဒိုင် အစဉ်လိုက်။ အခုတော့ နေပြည်တော်ဘက်ကနေ လမ်းဟောင်းအတိုင်းလာလာ မြို့ရှောင်လမ်းအတိုင်းလာလာ တိုးချဲ့ ရွာမြေကွက်တွေ ကိုကျော်ပြီး လမ်းဟောင်းနဲ့ လမ်းသစ် ဆုံတာနဲ့ ပထမဆုံး တွေ့ရတာက စခန်းထောက်ကျောင်းနဲ့ မိဖုရားကုန်း ဘုရားကြီးရယ်။ နောက်ပြီး ရွာကိုသွားတိုင်း အမြဲတမ်းလိုလို စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ စစ်ဆေးရေးဂိတ်ရယ်။ စစ်ဆေးရေးဂိတ်က ကားကြီးတွေဆို ပိုက်ဆံတောင်းတယ်။ ဆိုင်ကယ်သမားဆို သူတို့ မျက်နှာစိမ်းရင် နည်းနည်း ရစ်ချင်တယ်။ တော်တော် ကျက်သရေတုံးတဲ့ ဂိတ်ပါဗျာ။ အရင်အစိုးရလက်ထက်မှာတော့ အဲသည်ဂိတ်မှာ ပြည်ခိုင်ဖြိုးနဲ့ ရဲနဲ့ ကြက်ခြေနီ မီးသတ် တစ်ခါတစ်ခါ စစ်သားတွေတောင် တွေ့သေးသဗျ။ အစိုးသစ် လက်ထက်ကျရင်တော့ ဘယ်လို ပေါင်းစားကြအုံးမလဲ မသိနိုင်ဘူး။ ထားပါတော့
.
. . . မိဖုရားကုန်း ဘုရားကြီးနဲ့ ကားလမ်းတစ်ဘက်တစ်ချက် မျက်စောင်းထိုးလောက်မှာ ကျောက်တုံးကြီးတစ်တုံး ရှိတယ်ဗျ။ သိုက်လိုလို နန်းလိုလို ယုံကြည်ကြတာလည်း ရှိတော့ ယုံတာမယုံတာ အပထားလို့ လော်လော်မာမာတော့ ဘယ်သူမှ လုပ်ဝံ့ကြတာ မဟုတ်ဘူးရယ်။ ကျောက်တုံးကြီးပေါ်ဆိုရင်လည်း အမွှေးတိုင်တို့ ဘာတို့ဆို ပြတ်တယ်ရယ် မရှိလှပါဘူး။ တစ်ခါတစ်ခါ အုန်းပွဲငှက်ပျောပွဲတောင် တွေ့ရတတ်သေးတာ။ အနော်တို့ ငယ်ငယ်က ပြောပါတယ်။ ဘုရားကြီးရဲ့ ရှေ့မျက်နှာစာ ဘယ်ဘက်ခြမ်းမှာ ဦးလှကြီး နတ်နန်းဆိုတာလည်း ရှိတယ်။ ယုံကြည်သူတွေ ပူဇော်ပသကြတာပေါ့။ ဘုရားကြီး ၀င်းထဲ အင်္ဂါထောင့်မှာ ညောင်ပင်အကြီးကြီး တစ်ပင်ရှိတယ်ဗျ။ အဲသည်ညောင်ပင်ကလည်း ဇာတ်လမ်းနဲ့
.
. . . ဇာတ်လမ်းဆိုတာက အနော်တို့ မိသားစုနဲ့ပဲ ဆိုင်တဲ့ ဇာတ်လမ်းပါ။ အမေတို့အဖေတို့ အိမ်ထောင်ကျပြီးတော့ သမီးတွေချည်း သုံးယောက်ဆက်မွေးတယ်။ စမတောင် ဆရာတော် ဘုန်းဘုန်း ဦးဝေပုလ္လက ဟဲ့ သာသနာ့ဒါယကာခံဖို့ သားဆုလေးဘာလေး ပန်ကြအုံးဆိုလို့ အမေက ခေါက်ဆွဲကြော်တွေ ကြော်ပြီး ဒီညောင်ပင်မှာ သားဆုလာပန်တော့ အနော်တို့ ညီအစ်ကိုသုံးယောက် ဆက်တိုက်မွေးပါလေရောလား။ ဒါကြောင့် မိဖုရားကုန်းဘုရားကြီးဆိုတာ အနော်တို့အတွက်က ဆွေဘုရား မျိုးဘုရားကို ဖြစ်နေတာလေ။
.
. . . ခုလို နတ်တော် ပြာသို ဆောင်းတွင်းရောက်ပြီဆိုရင် တစ်နှစ်တစ်ခါ ထုံးသင်္ကန်းကပ်ပွဲလုပ်တယ်။ ထုံးသင်္ကန်း ကပ်တယ်ဆိုတာ ထုံးကိုဖျော်ပြီး ဘုရားကိုသုတ် ရောင်တော်ဖွင့်တဲ့သဘောပါပဲ။ ထုံးသင်္ကန်း ကပ်မယ်ဆိုရင် ထုံးကို ရက်ကြိုပြီး ထုံးကန်ထဲမှာ စိမ်ထားရတယ်။ နောက်ပြီး ကော်ရည်တို့ သကြားတို့ မဲနယ်တို့နဲ့ အချိုးကျ ဖျော်ရတာဗျ။ ကျွန်တော် သိတတ်တဲ့အရွယ်ရောက်တော့ အဖေက ထုံးဖျော်သမား။ အဖေ ထုံးသွားဖျော်ရင် အနော်ကလည်း လိုက်သွားနေကျ။ ထုံးကန်ထဲ ၀ါးလုံးကြီးတစ်လုံးနဲ့ မွှေရတာတော့ မှတ်မိတယ်။ ငယ်သေးတော့ အဖေ့ဆီက ထုံးဖျော်နည်း နိဿရည်းကို အမွေမယူထားလိုက်ရဘူး။ အခုတော့ ထုံးဖျော်တာ ဘယ်သူတွေ ဆက်လုပ်နေကြပါလိမ့်
.
. . . အဖေက ထုံးဖျော် အမေက ဘုရားပတ်ဝန်းကျင်က မြက်တွေဘာတွေရှင်းဆို အနော်တို့ ယောက်ျားလေးတွေက ဦးလေးတွေ အစ်ကိုတွေ ကာလသားတွေနဲ့ပေါင်းပြီး ဘုရားကြီးပေါ်တက် သန့်ရှင်းရေး လုပ်ကြတယ်။ ဘုရားကြီးက ကျွန်တော် သိတတ်တဲ့အရွယ်မှာ အပေါ်ပိုင်း ခေါင်းလောင်းမှောက်လောက်ထိကို မှန်သင်္ကန်းကပ်ထားတယ်ဗျ။ မှန်စီရွှေချလုပ်ထားတဲ့ သဘောကို ပြောတာပါ။ ဦးလေး ဓာတ်ပုံဆရာ ရိုက်ထားတဲ့ ပုံတွေမှာတော့ မှန်သင်္ကန်း မကပ်ခင်က ပုံတွေလည်း မြင်ဖူးတယ်။ ဘုရားပေါ် တက်တယ် ဆိုပေတဲ့ အပေါ် အမြင့်ကြီးတော့ တက်ရဲတာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ တက်တုန်းက တက်ပြီး ဆင်းကာမှ အဆင်းခက်တာလည်း ရှိသေးတာကိုး။ ဘုရားရဲ့ ထောင့်လေးထောင့်မှာ မနုဿီဟရုပ်တွေ ရှိတာ ဘယ်သူကဆိုလား ဖျက်ပစ်လိုက်သတဲ့။ ကျွန်တော်ကတော့ အဲသလို မလုပ်သင့်ဘူး ထင်တာပဲ။ ထားပါတော့လေ သူ့ကုသိုလ်နဲ့သူပေါ့
.
. . . ထုံးသင်္ကန်းကပ်တဲ့နေ့ရောက်ရင် မနက်နေထွက်တာနဲ့ တစ်ပြိုင်တည်း ကပ်ကြတာပါဗျ။ ကုသိုလ်ယူမယ့်သူတွေက ကိုယ့်အိမ်က ထုံးရည်ထည့်ဖို့ ခွက်ကလေးတွေ ပုံးလေးတွေ ယူလာရတယ်။ ထုံးသုတ်စုတ်တံကတော့ အနော်တို့အရပ်မှာ သုံးတဲ့ တံမျက်စည်းတံ အသေးလေးတွေပေါ့ဗျာ။ အဲဒါကိုတော့ အမေငွေခင်တို့က ထုတ်ပေးတယ်။ ပြီးရင် ရေးဆေးပြီး သိမ်း နောက်နှစ်ခါ ထပ်သုံးပေါ့။
.
. . . အမေငွေခင်ဆိုလို့ ပြောရအုံးမယ်။ မိဖုရားကုန်းဆိုတဲ့အတိုင်း ဒီဘုရားရဲ့ ဝေယျာဝစ္စလုပ်တာ မိန်းမတွေဗျ။ ယောက်ျားတွေလည်း ပါတတ်သရွေ့ပါတယ် ဆိုပေတဲ့ တကယ် ဦးစီးဦးဆောင် လုပ်တာ မိန်းမတွေဗျ။ အမေငွေခင်တို့ အမေရွှေမှင်တို့ အမေရင်တို့ အမာခံတွေပေါ့။ ကျွန်တော် အမှတ်မိဆုံးက အမေငွေခင်ပဲ။ အသက်ကြီးမှ စာသင်ပြီး တတ်ပေမယ့် စာတွေ သိပ်ဖတ်လို့ ပုံပြောကောင်းတဲ့ အမေကြီးမို့ အနော်တို့ ကလေးတစ်သိုက်က သိပ်ချစ်ကြတာ
.
. . . ထုံးသင်္ကန်းကပ် ကုသိုလ်ယူကြတဲ့ ပါရမီရှင်တွေကို ဒါနပြုဖို့ မတိုင်ခင် ညမှာ ကောက်ညှင်းပေါင်းတယ်ဗျ။ အောက်က ရေနွေးအိုကြီးပေါ်ကို အပေါက်ပါတဲ့ မြေပေါင်းအိုးတင်ပြီး ပေါင်းကြတာ။ ကောက်ညှင်းပေါင်းနဲ့ ပဲနဲ့။ အဲသည်ညကတော့ ကောက်ညှင်းပေါင်းကြတဲ့သူတွေ အိပ်ကြရတယ် မထင်ပါဘူး။ ကောက်ညှင်းပေါင်းတဲ့သူ နှမ်းထောင်းတဲ့သူနဲ့ မိုးလင်းတာပါပဲ။ ကောက်ညှင်းပေါင်းကို အကြော်နဲ့ ကျွေးတာ။ အကြော်ကိုတော့ နှစ်တိုင်း ဒါနလာလုပ်တဲ့သူရှိတယ်။ ဘုရားဘေးတင်ကို အကြော်ဖိုပြီး ကောက်ညှင်းပေါင်းနဲ့ ကျွေးတာ။ အနော်တို့ ကလေးတွေက ထုံးသင်္ကန်းကပ်လိုက် အကြော်ဖိုမှာ အကြော်ပြေးတောင်းလိုက် ကောက်ညှင်းပေါင်းနဲ့ စားလိုက်။ ဘယ်သူ့ကြည့်ကြည့် ထုံးတွေဖွေးဖွေး ဖွေးဖွေးနဲ့ပေါ့ဗျာ။ အဲသည်နေ့များတော့ အ၀တ်အစားကောင်း မ၀တ်ရဲဘူးဗျို့။ အဖေတို့ စပ်ထားတဲ့ ထုံးကလည်း ထိမိရင်ကို အ၀တ်အစားမှာ စွဲနေတတ်တော့ တော်တော့်ကို ချွတ်ယူရတာကလား
.
. . . ညနေက မမနဲ့ ဖုန်းပြောဖြစ်တော့ ပြီးခဲ့တဲ့အပတ်ကပဲ ထုံးသင်္ကန်းကပ်တာ ပြီးသွားပြီတဲ့။ ဆောင်းတွင်း ချမ်းချမ်းစီးစီးမှာ ကောက်ညှင်းပေါင်းနဲ့ ဘူးသီးကြော်ပူပူလေး တစ်ယောက်တစ်လက် လုယက်စားရတဲ့ ထုံးသင်္ကန်းကပ်ပွဲကို လွမ်းလိုက်တာ
.

2016 January 7

No comments:

Post a Comment