Saturday 6 February 2016

ရွေးရခက်


. . . ဒီစာကို ဖတ်ရတဲ့အချိန်မှာတော့ ကျွန်တော် တစ်ခုခုကို အပြီးသတ်ရွေးချယ်ပြီး ဖြစ်နေမှာပါ၊ စိုင်းစိုင်းခမ်းလှိုင်သီချင်းထဲကလို နှစ်ယောက်လုံးကို ချစ်တယ်၊ နှစ်ယောက်လုံးကလည်း ချစ်တယ် ဆိုသလို ဖြစ်နေတာက . . .
.
. . . ကျောင်းတက်တဲ့ ပထမနှစ်မှာ မယူမနေရ ယူရတဲ့ ဘာသာရပ်တွေ များတဲ့အတွက် ကိုယ့်မှာရွေးချယ်စရာ သိပ်မရှိခဲ့ပါဘူး။ ရွေးရမယ့် ဘာသာရပ်တွေကလည်း တကယ်ကို မယူမဖြစ်ကို ယူရလောက်အောင် အရေးကြီးတဲ့ ဘာသာရပ်တွေ ဖြစ်နေတာမို့ သိပ်ပြီး ခေါင်းမစားခဲ့ဘူး။ ဥပမာအားဖြင့် ဒုတိယမြောက်အတန်း ဆောင်းနှင်းဝေတန်းမှာ နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာ (Political Economy) ကို မယူမနေရ ယူရမယ်ဆိုတော့ အဲသည်ဘာသာရဲ့ အခြေခံဖြစ်တဲ့ မသိမဖြစ် စီးပွားရေးပညာရပ် (Essential of Economics) ဘာသာကို ပထမဆုံး ဆောင်းဦးရွက်ကြွေတန်းမှာ ယူဖို့ ဆုံးဖြတ်ရတာ သိပ်အခက်အခဲ မရှိပါဘူး။ မရှိခဲ့ပါဘူး။
.
. . . ဒုတိယနှစ်ကို ရောက်လာတော့ မယူမနေရ ဘာသာရပ်တွေကလည်း ပထမနှစ်ကတည်းက ယူထားလို့ ကုန်သလောက် ရှိနေပြီ၊ ဘွဲ့ယူစာတမ်းကိုလည်း အခု ဆောင်းနှင်းဝေတန်းမှာ အပြီးရေးရတော့မှာဆိုတော့ လိုအပ်တဲ့ ခရက်ဒစ် နှစ်ခုအတွက် ဘာသာတစ်ခုကို ယူရတော့မယ်ဆိုတော့ တော်တော်ကို စဉ်းစားရပါတယ်။ အဲသည်ဘာသာက ကိုယ်လည်း အမှန်တကယ် စိတ်ဝင်စားတဲ့ဘာသာ ဖြစ်ရမယ်။ ကိုယ့်အတွက် အသုံးဝင်တဲ့ ဘာသာရပ်လည်း ဖြစ်ရမယ်။ စာတမ်းရေးတာကို ထိခိုက်ရလောက်အောင် ၀န်ထုပ်ဝန်ပိုး ကြီးလေးတဲ့ဘာသာရပ်လည်း မဖြစ်ရဘူးဆိုတဲ့ အချက်တွေနဲ့ ချိန်ထိုးပြီး ရွေးရတာပေါ့။ အခု ဆောင်းနှင်းဝေတန်းအတွက် ယူမယ့် ဘာသာရပ်တွေကို ပြီးခဲ့တဲ့ ဆောင်းဦးရွက်ကြွေတန်း မကုန်ခင်ကတည်းက အွန်လိုင်းကနေ မှတ်ပုံတင်ထားရတာ ဆိုတော့ အဲသည်အချိန်ကတည်းက အကြမ်းဖျင်း ရွေးထားရတာပါ။ အကြမ်းဖျင်း ဆိုတာ ကိုယ်က အမှန်တကယ် တစ်ဘာသာပဲ ယူမယ် ဆိုပေတဲ့ မှတ်ပုံတင်တာကတော့ ကိုယ်ယူနိုင်ဖွယ်ရှိတဲ့ ဘာသာရပ်တွေ အကုန်တင်ထားလိုက်တာပါ။ မှတ်ပုံတင်ထားတဲ့ ဘာသာရပ်က လေးခုတောင် ရှိပါတယ်။
.
. . . အခုလို မှတ်ပုံတင်ဘာသာရပ်ကို စာပေရေးရာဌာနကို တရားဝင် တင်ပြရတော့မယ့် အချိန်ကျမှ ဘယ်ဘာသာကို အတည်ယူမယ် ဘယ်ဘာသာတွေကို မှတ်ပုံတင်ပြန်ဖျက်မယ် အပြီးသတ် ဆုံးဖြတ်ရတာပါ။ ရွေးရင်းရွေးရင်းနဲ့ ဘာသာရပ် နှစ်ခု ကျန်ပါတယ်။ အဲသည်အထဲက တစ်ခုကို ယူဖို့ ဆုံးဖြတ်ရမှာပါ။
.
. . . တစ်ခုကတော့ Global Civil Society နောက်တစ်ခုက Public Administration. နှစ်ဘာသာလုံးက ကျွန်တော် စိတ်ဝင်စားတဲ့ ဘာသာရပ်တွေ ဖြစ်နေပေမယ့် ကျွန်တော့်အနေနဲ့ တစ်ခုကိုပဲ ယူနိုင်တဲ့အခြေအနေ ရှိပါတယ်။
.
. . . ပထမတစ်ခုဖြစ်တဲ့ Global Civil Society ဘာသာရပ်က နည်းနည်းတော့ အတွေးအခေါ် သဘောတရားရေးရာ ဆန်ပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအကြောင်း၊ နိုင်ငံစုံ စီးပွားရေးကော်ပိုရေးရှင်းကြီးတွေအကြောင်း၊ ဒီမိုကရေစီအကြောင်း၊ နိုင်ငံသားဖြစ်မှု နိုင်ငံသား အခွင့်အရေး စတဲ့ အကြောင်းအရာတွေ လေ့လာခွင့်ရမယ့် ဘာသာရပ်ဖြစ်ပါတယ်။ သင်ကြားတဲ့ ပုံစံကလည်း ဆရာက သင်ပေးတယ်ရယ်လို့ မရှိဘဲ ဖတ်ဖို့ ညွှန်းလိုက်တဲ့ ဆောင်းပါးတွေ စာတမ်းတွေကို ကြိုဖတ်လာပြီး သက်ဆိုင်ရာ သီတင်းပတ်အလိုက် သက်ဆိုင်ရာ ခေါင်းစဉ်ကို အတန်းထဲမှာ ကျောင်းသားတွေ ၀ိုင်းဖွဲ့ ဆွေးနွေးကြတဲ့ ပုံစံဖြစ်လို့ စကားများများ ပြောရတာ သဘောကျတဲ့ ကျွန်တော့်အတွက် ရွေးချယ်ချင်စရာ ဘာသာရပ် တစ်ခုပါပဲ။ ပြီးခဲ့တဲ့နှစ် ဆောင်းဦးရွက်ကြွေတန်းတုန်းကလည်း ဒီဆရာနဲ့ပဲ ဒီိလိုဘာသာရပ်တစ်ခု ယူခဲ့ပါတယ်။ ဘာသာရပ်နာမည်က လူ့အခွင့်အရေးနှင့် ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှု (Humanrights and Global Justice ) ဖြစ်ပါတယ်။ အရင်ဘာသာယူတုန်းကလိုပဲ အခုလည်း အတန်းထဲမှာ ဒီဘာသာရပ်ထဲက ကိုယ်ကြိုက်တဲ့ ခေါင်းစဉ်တစ်ခုကို ဟောပြောတင်ဆက်မှုတစ်ခါ လုပ်ရမယ်၊ အတန်းဆုံးစာတမ်း တစ်စောင် တင်ရမယ်။ စာမေးပွဲ မရှိဘူးဆိုတာကတော့ ဒီအတန်းကို တက်ချင်တဲ့ အဓိကအကြောင်းရင်းထဲက တစ်ခု ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကျောင်းသားသက်ရင့်ခဲ့ပေမယ့် စာမေးပွဲကိုတော့ အခုထိ ကြောက်တတ်နေတုန်း
.
. . . နောက်ထပ် ရွေးချယ်စရာ တစ်ဘာသာက Public Administration လို့ ခေါ်တဲ့ ပြည်သူ့ရေးရာအုပ်ချုပ်ရေးဘာသာရပ် ခေါ်မလား အဲသည်တစ်ခုပါ။ ဒီဘာသာကလည်း ကျွန်တော် စိတ်ဝင်စားတဲ့ ခေါင်းစဉ်တွေ လေ့လာရမယ့် ဘာသာရပ်ပါပဲ။ ဒီမိုကရေစီ နဲ့ အုပ်ချုပ်ရေးစနစ်တွေ၊ ၀န်ကြီးချုပ်စနစ်နဲ့ သမ္မတစနစ်တွေ၊ အစိုးရနဲ့ အုပ်ချုပ်ရေးယန္တရား၊ ရွေးကောက်ပွဲစနစ်တွေအကြောင်း၊ အစိုးရရဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေအကြောင်း၊ ဗဟိုဦးစီးချုပ်ကိုင်မှုကနေ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ ဖြန့်ခွဲတဲ့ စနစ်အကြောင်း၊ ဖယ်ဒရယ်စနစ်ရဲ့ အားသာချက် အားနည်းချက်တွေ၊ နိုင်ငံရေးပါတီတွေ၊ ဘဏ္ဍာရေးအာဏာ ဖြန့်ခွဲတဲ့စနစ်တွေ စတဲ့ အကြောင်းအရာတွေကို ဂျပန်နိုင်ငံရဲ့ လက်တွေ့နိုင်ငံရေးအခြေအနေတွေနဲ့ ချိန်ထိုး လေ့လာရမယ့် ဘာသာရပ်ဖြစ်ပါတယ်။ သူကတော့ ၀န်ထုပ်ဝန်ပိုး နည်းနည်းပိုများပါတယ်။ စာအုပ်ပိတ် ဥာဏ်စမ်းစာမေးပွဲငယ် နှစ်ခု ဖြေရမယ်၊ အဖွဲ့လိုက် တင်ဆက်မှုတစ်ခု လုပ်ရမယ်၊ စာတမ်းသေးသေးလေး နှစ်စောင်ရေးရမယ်၊ စာမေးပွဲကြီးတစ်ခု ဖြေရမယ် တဲ့
.
. . . ဘာသာရပ်နှစ်ခုကို ကြည့်မယ်ဆိုရင် ဒုတိယဘာသာက ပထမတစ်ခုထက် ပိုပြီး ၀န်ထုပ်ဝန်ပိုး ပိုများသလို ပိုလည်း စိတ်ဝင်စားစရာကောင်း ပိုလည်း အသုံးဝင်မယ့် ဘာသာရပ်ဖြစ်ပါတယ်။ အနည်းဆုံးတော့ တက်လာတဲ့ အစိုးရမှန်သမျှ ကိုယ်သိထားတာလေးတွေနဲ့ ချိန်ထိုးပြီး ဘေးထိုင်ဘုပြောလုပ်လို့ ရတာပေါ့ နော့၊ ဒါပေမယ့် ပထမ ဘာသာက ကျတော့လည်း ကိုယ်စိတ်ဝင်စားတာတာတွေကို အတန်းထဲမှာ ကျယ်ကျယ်ပျံ့ပျံ့ဆွေးနွေး ငြင်းခုံခွင့်ရမယ့် ဘာသာရပ်။ ပေါ့ပေါ့ပါးပါးနဲ့ အတန်းတစ်တန်းကို ကျော်ဖြတ်နိုင်မယ့် ဘာသာရပ်။
.
. . . နှစ်ခုထဲက တစ်ခုကိုတော့ ရွေးရတော့မယ်၊ အခုဒီစာကို ဖတ်မိတဲ့ သူ ဆိုရင်ရော ဘယ်ဘာသာကို ရွေးချယ်မလဲဗျာ
( 11 Jan 2016)

No comments:

Post a Comment