Wednesday 26 April 2017

ပြည်သူစိတ်ပျက် ၀ိုင်ဘီအက်စ်

. . . စစ်တပ်လွှမ်းမိုးထားတယ်ဆိုတဲ့ မထသဆိုတာကို မရရတဲ့နည်းနဲ့ အမြန်ဆုံးဖျက်ချင်တာနဲ့ ရန်ကုန်နေ ဘတ်စ်ကားစီးသူတွေ ဘယ်လောက် ဒုက္ခရောက်ရောက်ဆိုပြီး လက်လွတ်စပယ်လုပ်ပစ်ခဲ့တာ ဆိုတဲ့ အနုမာန မှန်းဆချက်ကို စကြားမိတုန်းက တကယ်ကို အံ့သြခဲ့ရပါတာပါ။ ကျွန်တော်ကတော့ ဒီမှန်းဆချက်ကို လက်ခံဖို့ ခက်နေခဲ့တုန်းပါပဲ။ ဒီမိုကရေစီမန္တာန်ကို တွင်တွင်ရွယ်ဖတ်သရစ္ဇျာယ်ရင်း အာဏာရှင်စနစ်ဟောင်းကို ပြောင်းခဲ့ပါတယ်ဆိုတဲ့ လူတွေက အရည်အချင်းနဲ့ စွမ်းဆောင်ရည်အားဖြင့် ဘယ်လောက်တောင် သုံးစားမရလောက်အောင် နုံချာညံ့ဖျင်းနေသည့်တိုင်အောင် စိတ်ဓာတ်ရေးရာမှာတော့ အဲသည်လောက် အောက်တန်းကျမယ်လို့ မထင်ပါဘူး။ အဲသည်စိတ်ဓာတ်မျိုးဆိုတာက အစွန်းရောက် အကြမ်းဖက် ရွံစရာသတ္တ၀ါတွေ သုံးနေတဲ့ လူသားတံတိုင်းနည်း၊ ကိုယ့်ရန်သူကို အနိုင်ယူဖို့အတွက် ကိုယ့်ပြည်သူ ဘယ်လောက်နာနာဆိုတဲ့ နည်း၊ မဟောသဓ ဇာတ်တော်ထဲက ကလေးကို မညှာမတာ ဆွဲခဲ့တဲ့ ဘီလူးမတို့ သုံးခဲ့တဲ့နည်းတွေပါ။ သူတို့ကိုယ်သူတို့ ဒီမိုကရေစီဆိုတဲ့ တံဆိပ်ကပ်ထားတဲ့ သူတွေအနေနဲ့ စိတ်ထဲက ပါသော်ရှိ ဒီလိုတော့ လုပ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ ဒီလောက် ယုတ်မာပဲ့စုတ်တဲ့ စိတ်ထားမျိုးနဲ့ အာဏာကို အလွဲသုံးလိမ့်မယ်လို့ ထင်ကို မထင်မိပါဘူး . . .




မထသ ကို ရတဲ့နည်းနဲ့ အမြန်ဆုံး ဖျက်ဆီးပစ်ဖို့ အတိုဆုံးနည်းလမ်းအဖြစ် YBS ဆိုတာ ပေါ်လာရတယ်လို့ ယူဆထားတဲ့ အနုမာန မှန်းဆချက် ကို ထောက်ခံတဲ့ သက်သေတွေ တစ်ခုပြီးတစ်ခု တွေ့လာနေရပါတယ် . . .
.
. . . ရန်ကုန်မှာ ဘတ်စ်ကား စနစ်သစ်ပြောင်းတဲ့ သီတင်းပတ်ထဲမှာပဲ ကျွန်တော့်ပါမောက္ခတစ်ယောက် ရန်ကုန်က ပြန်လာပြီး သတင်းတစ်ခု ပြောပြပါတယ်။ မြန်မာနိုင်ငံရန်ကုန်မြို့မှာ အများပြည်သူပို့ဆောင်ရေးစနစ်တစ်ခု စတင်နေပြီဖြစ်ကြောင်း၊ ယခင်က စစ်တပ်ကြီးစိုးလွှမ်းမိုးထားတဲ့ စနစ်ဟောင်းကို ဖျက်သိမ်းပြီး စနစ်သစ်နဲ့ အစားထိုးလိုက်ပြီဖြစ်ကြောင်း၊ ယခုအခါ ရန်ကုန်မြို့ကြီးရဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို စစ်သားဟောင်းတွေ လုပ်နေတော့တာ မဟုတ်ဘဲ အသစ်ဖွဲ့စည်းလိုက်တဲ့ အာဏာပိုင်အဖွဲ့က ဦးဆောင်ပြီး ဘတ်စ်ကားအသစ် ယာဉ်မောင်းအသစ်တွေနဲ့ လည်ပတ်နေပြီဖြစ်ကြောင်း၊ ပြည်သူတွေကလည်း အားတက်သရော ထောက်ခံကြပြီး စနစ်သစ်စတင်အသက်ဝင် အဆင်ပြေဖို့အတွက် မိမိတို့ဆန္ဒအလျောက် စနစ်တကျ ပါဝင်ကူညီနေကြကြောင်း ပြောပြပါတယ်။ ပြောပြတယ်ဆိုတာ အလာပသလာပ သဘောမျိုးပြောတာမဟုတ်ဘဲ ကျွန်တော်တို့ တက်နေတဲ့ ပြည်သူ့ရေးရာမူဝါဒလုပ်ငန်းစဉ် ဘာသာရပ်ဆိုင်ရာ ပို့ချချက်မှာ ထည့်သွင်းဆွေးနွေးသွားတာပါ. . .
.
. . . ရန်ကုန်မြို့တော်သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို စစ်တပ်က အုပ်စီးထားတာကို ဖယ်ရှားလိုက်တာ ဆိုတဲ့ အချက်ကလွဲရင် ကျန်တဲ့အချက်တွေကို ထူးပြီး မအံ့သြတော့ပါဘူး။ အဲသည်အချက်ကတော့ ကိုယ်လည်း အခုမှ ကြားတဲ့ သတင်းဖြစ်နေတော့ ဘာမှလည်း ပြောစရာမရှိပါဘူး။ လုပ်ပိုင်ခွင့်ရှိသူက သူ့လုပ်ပိုင်ခွင့်ရှိတဲ့အလျောက် လုပ်သင့်တယ်ထင်တာကို လုပ်သွားတာပါပဲ။ အဲ ဒါပေမယ့် ဘတ်စ်ကားအသစ်တွေ ယာဉ်မောင်းအသစ်တွေကို အာဏာပိုင်အဖွဲ့အသစ်ရဲ့ စီမံခန့်ခွဲမှုနဲ့ လည်ပတ်နေတာ ဆိုတဲ့ အချက်ကိုတော့ ဆရာလည်း အမှတ်မမှားအောင် ပြန်ပြောပြလိုက်ပါတယ်။ YBS ဆိုတာ တစ်နည်းအားဖြင့် အရင် မထသ ဆိုတဲ့ အဖွဲ့ထဲက လူတွေနဲ့ပဲ ပြန်လည် ဖွဲ့စည်းထားတာဖြစ်ကြောင်း၊ ကားတွေဆိုတာလည်း အသစ်ပြောင်းဖို့ နေနေသာသာ မနက်ဖြန်မနက် စနစ်သစ်စမယ့်အမီ ဒီနေ့ည အလုပ်သိမ်းမှ ကားတံဆိပ်စတစ်ကာတွေ ပြောင်းကပ်တာဖြစ်ကြောင်း၊ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ စံချိန်တင်ရလောက်အောင် အားရစရာကောင်းကြောင်း၊ နိုင်ငံရပ်ခြားက လူတစ်ချို့တောင်မှ ယာဉ်လမ်းကြောင်းတွေကို မြေပုံတင်ပေးတာ ဒီဇိုင်းလုပ်ပေးတာမျိုးလို အဝေးက လုပ်ပေးနိုင်တဲ့ ကိစ္စမျိုးတွေကို မိမိ စေတနာအလျောက် တစ်ဖက်တစ်လမ်းက ၀င်ရောက်ကူညီပေးနေတာတွေတွေ့ရကြောင်း စသည်ဖြင့် ပြောပြမိပါတယ် . . .
.
. . . စနစ်တစ်ခုကို အကူးအပြောင်းမှာ အားနည်းချက်တွေ လစ်ကွက်ဟာကွက်တွေဆိုတာ ရှိစမြဲပါ။ YBS မှာလည်း အဲလို အားနည်းချက်တွေ ရှိပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအမည်ခံထားတဲ့ အစိုးရလက်ထက်မှာ ဒီလောက် အရေးကြီးတဲ့ ပြည်သူ့နေ့စဉ်ဘ၀နဲ့လည်း တိုက်ရိုက်ပတ်သက်နေတဲ့ လုပ်ငန်းတစ်ခုကို သေချာပြင်ဆင်မှု မရှိဘဲ လုပ်ခဲ့တာကိုတော့ သဘောမကျပါဘူး။ သို့သော်လည်း ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဆိုသူခမျာ အတန်းပညာကလည်း ကျွန်တော်တို့ရွာက သာမန် သူလိုငါလိုဘွဲ့မျိုးလေးတစ်ခုတောင် ရထားဖူးတာမရှိ၊ ဒီမိုကရေစီဆိုပြီး လက်သီးလက်မောင်းတန်းလို့ ထောင်ထဲတန်းထဲ အချိန်ကုန်ခဲ့ရသော်လည်း အထဲမှာ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ကြပြီး ဒီမိုကရေစီအကြောင်း လူ့အခွင့်အရေးအကြောင်းလောက်သာ အရေမရ မဖတ်မရ ဆွေးနွေးနားရည်ဝခဲ့ဟန်ရှိပြီး အများပြည်သူကို လက်တွေ့ကျကျ ဘယ်လို ၀န်ဆောင်မှု ပေးရတယ်ဆိုတာ စာတွေ့လောက်တောင် ကြားဖူးနားဝ ရှိထားဟန်မတူတဲ့ ပုဂ္ဂိုလ်ဆိုတော့လည်း ဒီလောက်ပဲ စွမ်းဆောင်ရည်ရှိတာ အံ့သြစရာတော့ မဟုတ်ပါဘူးလေ၊ သူသာ ဥာဏ်လေးဘာလေး ကောင်းမယ်ဆိုရင် ဒီအဖြစ်ကနေ သင်ခန်းစာတွေ အများကြီး ယူလို့ ရနိုင်ပါတယ်။ အင်း ထင်သာထင် မ၀င်ဘူးကျောင်းအစ်မရေ ဆိုသလိုပဲ။ သူ့အနေနဲ့ သင်ခန်းစာယူစရာတွေက တစ်နှစ်မပြည့်ခင်အတောအတွင်း အများကြီးဖြစ်ခဲ့ပြီးပြီဆိုတော့လည်း . . . အင်း . . ဆုတောင်းရတာပေါ့ဗျာ. ရှေ့လျှောက် ဥာဏ်ကောင်းပါစေပေါ့ . . .
.
. . . စစ်တပ်လွှမ်းမိုးထားတယ်ဆိုတဲ့ မထသဆိုတာကို မရရတဲ့နည်းနဲ့ အမြန်ဆုံးဖျက်ပစ်ဖို့အတွက် ရန်ကုန်နေ ဘတ်စ်ကားစီးသူတွေ ဘယ်လောက် ဒုက္ခရောက်ရောက်ဆိုပြီး လက်လွတ်စပယ်လုပ်ပစ်လိုက်တာ ဆိုတဲ့ အနုမာန မှန်းဆချက်ကို စကြားမိတုန်းက တကယ်ကို အံ့သြခဲ့ရပါတယ်။ ကျွန်တော်ကတော့ ဒီမှန်းဆချက်ကို လက်ခံဖို့ ခက်နေခဲ့တယ်။ ဒီမိုကရေစီမန္တာန်ကို တွင်တွင်ရွယ်ဖတ်သရစ္ဇျာယ်ရင်း အာဏာရှင်စနစ်ဟောင်းကို ပြောင်းခဲ့ပါတယ်ဆိုတဲ့ လူတွေက အရည်အချင်းနဲ့ စွမ်းဆောင်ရည်အားဖြင့် ဘယ်လောက်တောင် သုံးစားမရလောက်အောင် ညံ့ဖျင်းနေသည့်တိုင်အောင် စိတ်ဓာတ်ရေးရာမှာတော့ အဲသည်လောက် အောက်တန်းကျမယ်လို့ မထင်ခဲ့ပါဘူး။ အဲသည်စိတ်ဓာတ်မျိုးက အစွန်းရောက် အကြမ်းဖက် ရွံစရာသတ္တ၀ါတွေ သုံးနေတဲ့ လူသားတံတိုင်းနည်း၊ ကိုယ့်ရန်သူကို အနိုင်ယူဖို့အတွက် ကိုယ့်ပြည်သူ ဘယ်လောက်နာနာဆိုတဲ့ နည်း၊ မဟောသဓ ဇာတ်တော်ထဲက ကလေးကို မညှာမတာ ဆွဲခဲ့တဲ့ ဘီလူးမတို့ သုံးခဲ့တဲ့နည်းတွေပါ။ သူတို့ကိုယ်သူတို့ ဒီမိုကရေစီဆိုတဲ့ တံဆိပ်ကပ်ထားတဲ့ သူတွေအနေနဲ့ စိတ်ထဲက ပါသော်ရှိ ဒီလိုတော့ လုပ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ ဒီလောက် ယုတ်မာပဲ့စုတ်တဲ့ စိတ်ထားမျိုးနဲ့ အာဏာကို အလွဲသုံးလိမ့်မယ်လို့ ထင်ကို မထင်ခဲ့မိပါဘူး . . .
.
. . . YBS စနစ်ပြောင်းမယ်ဆိုတာ ကြားရတော့ တော်တော်ကို မျှော်လင့်ခဲ့မိပါတယ်။ ကိုယ်တိုင်က ရန်ကုန်မှာ နေတဲ့သူ မဟုတ်ပေမယ့် အမျိုးတွေက ရန်ကုန်မှာ နေနေကြတာကိုး၊ ဘတ်စ်ကားကို အားကိုးနေကြတဲ့သူတွေများတော့ ဘာပဲပြောပြော အရင်က နာမည်ဆိုးလှတဲ့ မထသ ရဲ့ အမှားသင်ခန်းစာတွေကိုယူပြီး အတော်အသင့် အဆင်ပြေနိုင်လောက်မယ့် အနည်းဆုံးတော့ မထသထက်တော့ သာတဲ့ ပို့ဆောင်ရေးစနစ်ကို ရပြီပေါ့။ ပျော်ခဲ့တာပျော်ခဲ့တာဆိုတာ။ မကြာပါဘူး . ၀န်ကြီးချုပ်သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင်ထွက်ပြောတော့မှ ဘာမှမပြင်ဆင်ဘဲ လက်တန်းထိုးလျှောက်လုပ်ခဲ့တယ်ဆိုတာ ဘွင်းဘွင်းကြီးပေါ်တော့တာ။ ၀န်ကြီးချုပ်ပြောပြနေတာတွေကို ကိုယ်တိုင်မျက်လုံးနဲ့မြင် နားနဲ့ဆတ်ဆတ် ကြားနေရလို့သာပေါ့။ နို့မို့ဆို ယုံမှာတောင်မဟုတ်ဘူး။ ထင်မထားဘူးလေ . . .
.
. . . ရန်ကုန်မှာ YBS ဆိုတာကြီး စတဲ့အချိန်တုန်းက သတင်းတွေ လူမှုကွန်ယက်တွေမှာ မြင်နေဖတ်နေရတဲ့ ဟာတွေကလည်း အလွန်အကျွံချီးမွမ်းထောက်ခံနေကြတာရယ် ရစရာမရှိအောင်ဝေဖန်ကဲ့ရဲ့ နေကြတာတွေရယ်သာရှိပြီး အလယ်အလတ်ကျကျ ဝေဖန်ဆွေးနွေးတင်ပြမှုကို မတွေ့ခဲ့ရသလောက်ပါပဲ။ တစ်ချို့တွေ ပြောကြတဲ့ စေတနာနဲ့လုပ်တာ ဖြစ်လို့ စေတနာကို အသိအမှတ်ဆိုတာမျိုးတွေ့ရတော့ ဖတ်ဖူးတဲ့ ပုံပြင်တစ်ပုဒ်ထဲက မျောက်မိုက်တွေ သစ်ပင်ရေလောင်းတာကိုပဲ မြင်ယောင်နေခဲ့မိတာပါ။ ပြီးတော့ YBS ကိုထောက်ခံနေတဲ့သူတွေကလည်း သာမန်အားဖြင့် အာဏာရပါတီကို ထောက်ခံကြသူတွေပဲကို၊ အငြင်းပွားစရာ ဖြစ်နေတဲ့ ကိစ္စမှာ တစ်ဘက်ဘက်ကို ရပ်ရမယ်ဆိုရင်တော့ဖြင့် ကိုယ်ခင်တဲ့ ပုဂ္ဂိုလ်ရဲ့ တရားကိုပဲ နားလည်လည် မလည်လည် မင်ကြမယ်ဆိုတာ ထူးတဲ့ကိစ္စတော့လည်း မဟုတ်ပါဘူးလေ . . .
.
. . . အဲ . . . နဂိုကတည်းက ကြည့်မတဲ့သူတွေ ဝေဖန်ရှုတ်ချတာက အကြောင်းမဟုတ်ပေမင့် ပုလင်းတူဘူးဆို့တွေ ကိုယ်တိုင်ကိုက ဝေဖန်ပြစ်တင်ပြီဆိုရင်တော့ အကြောင်းဟုတ်ပြီလို့ ဆိုနိုင်စရာရှိတယ်။ အာဏာရပါတီလွှမ်းမိုးထားတဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာတော့ ဒီကိစ္စဆွေးနွေးပြီလို့ ဆိုပါတယ်။ စနစ်ပြောင်းခါစတုန်းက မီဒီယာတွေ တစ်လှေကြီးရှေ့မှာ လူလုံးပြပြီး ကားတွေဘာတွေ တက်စီး၊ အင်တာဗျူးတွေဘာတွေဖြေ သုံးလအတွင်း ဘာလုပ်မယ် ညာလုပ်မယ်ဆိုခဲ့တဲ့ ၀န်ကြီးချုပ်ဆိုသူကြီးကတော့ အဆို ဆွေးနွေးတဲ့နေ့မှာ လွှတ်တော်မတက်ဖူးဆိုပြီး ခွင့်တိုင်ထားပါသတဲ့ . . .
.
. . . ဘာပဲပြောပြောပေါ့လေ ထောက်ခံသူတွေ ဖာကြထေးကြသလို ရန်ကုန်မြို့တော်နေ ပြည်သူတွေ ကိုယ်စိတ်နှစ်ပါးချမ်းသာရေးအတွက်ပဲ ဒီ YBS ဆိုတာပေါ်လာရသလားး၊ ကျွန်တော့်ပါမောက္ခ ကြားခဲ့ရသလို စစ်တပ်လွှမ်းမိုးတဲ့ မထသကို ဖျက်ချင်တာနဲ့ပဲ ပြည်သူတွေဘာဖြစ်ဖြစ်ဆိုတဲ့ ယုတ်မာအောက်တန်းကျတဲ့ စိတ်နဲ့ ပရမ်းပတာလျှောက်လုပ်ရင်းပဲ YBS ဆိုတာ ပေါ်လာရသလားတော့ သုတေသန လုပ်ကြည့်ရအုံးမှာပ . . .
.
၂၆ ဧပြီလ ၂၀၁၇
.
Photo: Myint Moe Nyo

Monday 24 April 2017

NCA ဆိုတာ လက်နက်ချခိုင်းတာ မဟုတ်



ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် NCA ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို လက်နက်ချခိုင်းတဲ့စာချုပ် မဟုတ်ဘူးဆိုတာ လူတိုင်းသိပါတယ်။ . . . ။ ဒါတွေကို နားမလည်သေးတဲ့အဖွဲ့ရော၊ နားလည်ပြီးတော့မှ နားမလည်ချင်ယောင်ဆောင်တဲ့ အဖွဲ့တွေရော သိအောင်လို့ လက်မှတ်ထိုးပြီးသား တိုင်းရင်းသား ခေါင်းဆောင်ကြီးများက တိုက်တွန်းပေးစေချင်ကြောင်း ပြောကြားလိုပါတယ် . . .
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
JICM
24 April 2017
နေပြည်တော်

Sunday 16 April 2017

ပိတောက်


အသံထွက်တော့ ဗဒေါက်
အသံနှစ်ခုရှိရာမှာ နှစ်ခုလုံး အသံနုဖြစ်တဲ့အတွက် အသံရင့်ကို ပြောင်းသွားပါတယ်။ အဃောသ ကနေ ဃောသကို ပြောင်းသွားတာ
ရေးတဲ့အခါ ပတောက်လို့မရေးဘဲ လုံးကြီးတင်ထည့်ပြီး ပိတောက်လို့ရေးတာက ပ အက္ခရာကို ဗျည်းသံသက်သက်သာ ထွက်ရမယ်ဆိုတာ သိအောင် အမှတ်သင်္ကေတ ထည့်တာပါ။ တစ်နည်းအားဖြင့် အသံတစ်ဝက်သာ ထွက်ရမယ်လို့ ဆိုတာပါ။ (သိကြား၊ ဖိနပ် တို့လိုမျိုး)
ပျားတောက် က လာသတဲ့။ အနံ့အီလို့ ပျားတောင် တောက်တယ်ပေါ့၊ ပုဂံခေတ် အုတ်ခွက်စာမှာတော့ ပျာတောက် လို့ ရေးတယ်တဲ့၊ ဝစ္စပေါက်မှ မသုံးခဲ့ကြတာကိုး
ပုံကတော့ အစ်ကိုတစ်ယောက်ဝေါက မလာတာ

Friday 14 April 2017

ဝီအာဆေ့ဖ်


အမျိုးများကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး မနေ့ညကလုပ်တယ်။ မနက် သုံးနာရီလောက်မှာပေါ့၊ စာကြည့်ခန်းကနေ အဆောင်ကိုအပြန် စင်္ကြန်မှာ သွားရင်းလာရင်း အရေးပေါ် စည်းဝေးလိုက်ကြတာ။ ကိစ္စက အခု ဒီဒေသမှာဖြစ်နေတဲ့ စစ်ရေးတင်းမာမှု အခြေအနေအကြောင်းပေါ့၊ တို့အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ဖြစ်နိုင်သလဲ၊ ဘာတွေ ပြင်ဆင်ထားရမလဲ၊ ဘယ်လို တုန့်ပြန်ဆောင်ရွက်ရမလဲ ပေါ့ . . .
.
. . . ထုံးစံအတိုင်း ဖြစ်စဉ်အဖွင့်နဲ့ စတယ်။ ရန်သူ အသူရာတွေဟာ တို့နေတဲ့မြို့လေးနဲ့ ကီလိုမီတာ တစ်ရာခန့်အကွာမှာရှိတဲ့ ဂျပန်ပင်လယ်ကြီး တစ်ဘက်ခြားက အသူရာတို့နဲ့ အနီးဆုံး ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ နိဂါးတားမြို့တော်ကို အနုမြူဗုံးတစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်တယ်ပေါ့။ မေးခွန်းက - အဲဒီ တိုက်ခိုက်မှုကို ဘယ်လို တုန့်ပြန်ကြမလဲ ဆိုတာပဲ . . .
.
. . . ဖြစ်စဉ်အဖွင့် စစချင်းမှာပဲ အငြင်းအခုံက စတယ်။ ဘာလို့ နိဂါးတားကို ပစ်မှာလဲ၊ ဘာလို့ တို့နေတဲ့ မြို့ အတိုက်ခိုက်ခံရတယ်လို့ ဖြစ်စဉ်မဖွင့်ရသလဲတဲ့။ အဖြေက ရှင်းပါတယ်၊ လူလေးနှစ်ယောက်တစ်ပိုင်းလောက်ရှိတဲ့ တို့မြို့သေးသေးလေးကိုတော့ ဘယ်အသူရာကမှ နာမည်အပျက်ခံပြီး ဒေါ်လာသန်းချီတန်တဲ့ ဒုံးကျည်လက်နက် အဆုံးမခံဘူးလို့၊ ဒုံးတစ်လက်ဆို တစ်လက် ဆိုသလောက် မျိုးမျိုးမျက်မျက်လည်း လူတွေသေ၊ အခြေခံအဆောက်အအုံတွေလည်း အများကြီး ပျက်စီး ဂျပန်ပြည်ကြီးလည်း ထိတ်လန့်ချောက်ခြားသွားစေနိုင်လောက်တဲ့ ပစ်မှတ်မြို့ကြီးတွေ အများကြီးရှိတယ်၊ ဒါကြောင့် ဒီ ဂျပန်ကျေးတောဇနပုဒ်ကို ပစ်ပါလို့ တောင်းတောင်းပန်ပန်ပြောရင်တောင် မပစ်ရေးချ မပစ်လို့၊ မင်းက ဟီရိုရှီးမား အနုမြူဗုံးကျတုန်းကလို အဲသည်တုန်းက ငါတို့လည်း ပါတယ်ဆိုပြီး ဂုဏ်ယူချင်လို့လား ဆုတောင်းလေ ဆုတောင်းဆိုတော့မှ ဖြစ်စဉ်အဖွင့်အတိုင်း ဆက်ဆွေးနွေးဖို့ သဘောတူပါတယ် . . .
.
. . . စာသင်ဆောင်နဲ့ အဆောင်ကူးတဲ့ စင်္ကြန်မှာ ဆွေးနွေးတာ အားမရလို့ အဆောင်သုံး မီးဖိုထဲထိသွား ရှိသမျှ ဖွင့်ဖောက်ကြော်နွှေးစားရင်း မနက်လေးနာရီလောက်မှာ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းလိုက်နိုင်ပါတယ်။ အစည်းအဝေးက ဒီလိုဆုံးဖြတ်ချက်တွေ ချခဲ့ပါတယ်. . .
.
(၁) ဂျပန်ပြည်ရဲ့ ဘယ်နေရာမဆို စပြီး တိုက်ခိုက်ခံရပြီဆိုတာနဲ့ ကိုယ်ဖေ့ဘုတ်ဝေါမှာ "We are Safe" ဆိုတဲ့ စတေးတပ်ကို ကိုယ့်ရဲ့ အလှဆုံးလို့ထင်တဲ့ မျက်နှာအပြည့်ပေါ်ပုံနဲ့တွဲပြီး Public privacy အဆင့်အတန်းထား တင်ရန်
.
(၂) မြန်မာကျောင်းသားခေါင်းဆောင်ကို သတင်းပို့ပြီး သံရုံးကို မိမိတို့ လုံခြုံစွာရှိနေကြောင်း ချက်ချင်း သတင်းပို့ရန်
.
(၃) သံရုံးက ညွှန်ကြားချက်အတိုင်း လှုပ်ရှားရန်
.
(၄) ကျောင်းက ထွက်ခွာသွားရန် မရှိပါက ကျောင်းက ဆောင်ရွက်သော လုံခြုံရေး ညွှန်ကြားချက်များအတိုင်း လိုက်ပါလုပ်ဆောင်ရန်
.
(၅) အဖိုးတန် ပစ္စည်းနဲ့ စာရွက်စာတမ်းများကို မိမိနှင့် အမြဲတမ်း တစ်ပါတည်း ဆောင်ထားရန်
.
. . . အမှတ်စဉ် တစ်အတွက်ကတော့ အထွေအထူး ပြင်ဆင်ထားစရာတော့ မလိုပါဘူး။ ဇူကာဘတ်ကလည်း We are Safe ရယ်ဒီမိတ်စတေးတပ်လေးတွေ ပြင်ဆင်ထားပေးမှာဆိုတော့ ကလစ်တစ်ချက်လောက် နှိပ်လိုက်ရင်တောင် အလုပ်ဖြစ်တဲ့ အခြေအနေမျိုးပါ။ ဒါပေမယ့် ဒါက အရေးတော့ကြီးတယ်၊ မြန်မာပြည်နဲ့ ကမ္ဘာ့ဒေသအသီးသီးမှာ ရောက်နေကြတဲ့ ဆွေမျိုးမိဘ မိသားစုနဲ့ မိတ်ဆွေတွေ ကျွန်တော်တို့ ဘေးအန္တရာယ်ကင်းပါတယ်ဆိုတာ သိပြီး စိတ်မပူဖို့အတွက် ဒါကိုတော့ လူတိုင်းကိုယ်စီ မလုပ်မဖြစ် လုပ်ကြဖို့ကို လိုပါတယ်။ အမှတ်စဉ် နှစ်အတွက် ပြဿနာက ကျောင်းသားခေါင်းဆောင် ပျောက်နေနိုင်တာလေးတစ်ခုတော့ရှိတယ်။ အခန်းထဲမှာလည်း မတွေ့ ဖုန်းဆက်တော့လည်း မကိုင်၊ စာကြည့်တိုက် စာကြည့်ခန်းထဲမှာလည်း မထိုင်၊ ဘယ်မှလည်း မသွား၊ အွန်လိုင်းမှာ စိမ်းနေပေမယ့် မက်ဆေ့ပို့တော့လည်း စကားမပြန် ဆိုတာမျိုးတွေများ ခါတိုင်းလို ဖြစ်ခဲ့ရင် ကျွန်တော်ကတော့ သူသွားသွားခိုးအိပ်တတ်တဲ့ စာကြည့်တိုက်အပေါ်ဆုံးထပ် ရုံးခန်းဘေးက ဆိုဖာခုံတန်းတွေပေါ် သွားရှာရမှာပဲ။ အမှတ်စဉ် သုံးလေးငါးအတွက်ကတော့ ကိစ္စမရှိပါဘူး၊ ပြောတဲ့အတိုင်း လိုက်လုပ်ရုံပဲကိုး။
.
. . . ဒီပို့စ်ပါ အကြောင်းအရာတွေက အပြောင်အပျက် လျှောက်ရေးထားတယ် မထင်နဲ့၊ တကယ် အတည်ရေးထားတာ၊ တကယ်အတည်ရေးထားတာဆိုလို့လည်း တကယ်အတည်ကြီး မထင်နဲ့အုံး၊ နည်းနည်းပေါ့ ဟိုဒင်း အတည်ကြီးရယ်လို့လည်း မဟုတ်ဘူးပေါ့လေ ဘယ်လိုပြောရမလဲ။ အတည်ကြီးရယ်လို့ မဟုတ်ဘူးဆိုတော့လည်း နောက်တယ်လို့တော့လည်း မဟုတ်ပြန်ဘူး၊ တကယ်ကတော့ အတည်အတံ့ ရေးထားတာ ဒါပေမယ့် အတည်ပေါက်ကြီးတောလည်း မဟုတ်ဘူး၊ နည်းနည်းပေါ့ ဟိုလိုပေါ့။ အတည်ပေါက်ကြီး မဟုတ်ဘူးဆိုပေမယ့်လည်း ပေါ့ပေါ့တန်တန်လည်း သဘောထားရမယ့်ဟာ မဟုတ်ဘူး၊ ပေါ့ပေါ့တန်တန် သဘောမထားရဘူး ဆိုပေမယ့် အတည်ရေးတာလား ဆိုပြန်တော့လည်း . . . . ဘလာ ... ဘလာ.. ဘလာ.
.
၁၄ ဧပြီ ၂၀၁၇

Thursday 13 April 2017

မှဲ့နီမလေး


. . . သင်္ကြန်အကြောင်း ပြောကြစတမ်းဆိုရင်တော့ ဗိုလ်ကောင်းမှာလည်း လွမ်းစရာလေးတွေ အပုံကြီး ရှိပါသော်ကော။ ပန်းပွင့်လေး မေမေကို ပြန်မပြောပါဘူးလို့ ပဋိဉာည်ခံရင်ဖြင့် ဗိုလ်ကောင်းရဲ့ ဆယ်ကျော်သက် ရင်ခုန်သံလေးကို စမြုံ့ပြန်ပြချင်ပါရဲ့ . . .
.
. . . လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်တုန်းကပေါ့၊ တိတိကျကျပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်ဆယ့်တစ်နှစ် ၁၉၉၆ မြန်မာ့ခရီးသွားနှစ်ရဲ့ နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့၊နေရာကတော့ အခုနေပြည်တော် လို့ခေါ်တဲ့ ပျဉ်းမနားက နာမည်ကြီး လှေခွင်းတောင်ခြေက ပေါင်းလောင်းမြစ်ထဲမှာပေါ့။ ဆယ်တန်းဖြေပြီးလို့ စိတ်ရောလူရော အနားရနေတဲ့အချိန် အိမ်ကလည်း ခွင့်ပေးထားတဲ့အချိန်ဆိုတော့ ၀မ်းကွဲအစ်ကိုတွေရှိတဲ့ ပျဉ်းမနားမှာ အစ်ကို့သူငယ်ချင်းတွေနဲ့အတူ သင်္ကြန်ကို ကျော်ဖြတ်ကြရင်း မှည့်နီမလေးနဲ့ စတွေ့ဖူးခဲ့တာ . . .
.
. . . အစ်ကို့သူငယ်ချင်းက လှေခွင်းတောင်ခြေ ပေါင်းလောင်းမြစ် တစ်ဘက်ကမ်းက သာယာဝှမ်းဆိုတဲ့ ရွာလေးမှာ နေတယ်။ နာမည်နဲ့လိုက်အောင်လည်း ရွာလေးက တကယ်ကို သာသာယာယာ ချစ်စရာလေး။ အဲသည်ရွာကို သွားမယ်ဆိုရင် ဒီဘက်ကမ်းက ကျည်တောင်ရွာနဲ့ ဆက်ထားတဲ့ သစ်သားတံတားလေးပေါ်ကနေ သွားလို့ရတယ်။ အဲသည်တံတားအောက်က စီးနေတဲ့ရေ ကျွန်တော်တို့တွေ ရေအမြဲသွားသွားချိုးကြတဲ့ ပေါင်းလောင်းမြစ်ရေ ကြည်နေ စိမ်းနေပုံများတော့ ခါးလည်လောက် မြုပ်တဲ့နေရာတောင်မှ ရေအောက်ကြမ်းပြင်က ကျောက်စရစ်ခဲလေးတွေကို မြင်ရတယ်။ ပြောရင်တော့ ပိုတယ်ထင်ကြလိမ့်မယ်။ သာယာဝှမ်းသား ကျည်တောင်သားတွေ မေးကြည့်။ မြစ်ဘေးက သောင်ပြင်ဖွေးဖွေးဆိုတာလည်း နေ့ခင်း နေပူပူမှာသာ မလှရင်ရှိမယ်။ မနက် နေထွက်တပြူ ညနေစောင်းနဲ့ လသာသာ ညများမှာ ဘယ်လောက်တောင် လှလိုက်လိမ့်မလဲဆိုတာ မှန်းသာကြည့်တော့။ လသာသာညတွေမှာ ပေါင်းလောင်းသောင်ခုံပေါ် သွားပြီး လေညင်းမခံဖူးပေမယ့် သာယာဝှမ်းသား သူငယ်ချင်း ညီအစ်ကိုတွေ ပြောပြတာ နားထောင်ရတာနဲ့တင်ကို တော်တော် ဟုတ်နေလှပြီ. . .
.
. . . အဲသည်နေ့က သူလေးလည်း ပေါင်းလောင်းမြစ်ရေထဲမှာ ရေလာကစားတယ်။ အတူတူ ရေကစားကြတာ။ ရေစိုစိုမှာ ကျွန်တော် မြင်ခဲ့တာလေးတွေ ဖောက်သည်ချချင်တယ်။ သူဝတ်ထားတဲ့ ကြက်သွေးရင့်ရောင် ၀မ်းဆက် လက်စကအင်္ကျီလေးမှာ လည်ပင်းက ပစောက်ပုံလေးနဲ့။သူလေးက အသားလေးက ဖြူဖြူလေး။ နေပူထဲမှာ တစ်နေကုန် ရေဆော့တော့ အသားဖြူဖြူလေးက နေလောင်ပြီး အသားနီနီလေး ဖြစ်နေတာပေါ့ဗျာ။ ရေထဲက ကျောက်စရစ်ခဲ ရောင်စုံလေးတွေကို ကျွန်တော်က သဘောကျလို့ ကောက်ပြီးတော့ နင်နဲ့ငါနဲ့ ကျောက်စရစ်ခဲလေးတွေ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လက်ဆောင်ပေးကြမယ်ပေါ့။ ရော့နင်က အသားနီနီလေးဆိုတော့ အနီရောင်လေးယူ ဆိုတော့ ။ အမယ် သူများက မနီပါဘူးနော်တဲ့ အခု နေလောင်ထားလို့ အသားလေးတွေ နီနေတာ ဒီမှာကြည့် နဂိုအသားကဆိုပြီးတော့ လှန်ပြတယ်။ ။ သူဝတ်ထားတဲ့အင်္ကျီ လက်စကလေး အစလေးကို နည်းနည်း လှန်ပြတယ်ပြောတာပါ။ ဒီမှာ တွေ့လားတဲ့။ အေးပါဟာပေါ့။ ပြီးတော့ သူလည်း ကျွန်တော့်ကို ကျောက်စရစ်ခဲလေးတစ်လုံး လက်ဆောင်ပေးတယ်။ နင်က အသားညိုတဲ့သူဆိုတော့တဲ့ ဒီကျောက်ခဲ ညိုညိုလေး ယူထား တဲ့။ အဲသည်လို ကျောက်စရစ်ခဲ လက်ဆောင်လေးတွေ အပေးအယူလုပ်ရင်းနဲ့ သူ့ကုပ်ပိုးက မှဲ့နီနီလေးကို သတိထားမိသွားပြီး သူ့ကို မှည့်နီမလေးလို့ မှတ်ထားလိုက်မိတယ် . . .
.
. . . နောက်ပိုင်းတော့ သူ့ဆီကို ပန်းပွင့်ပုံလေးတွေ အသည်းပုံလေးတွေ အင်္ဂလိပ်ကဗျာအပိုင်းအစလေးတွေပါတဲ့ စာအိတ်ရောင်စုံ စာရေးစက္ကူရောင်စုံလေးတွေနဲ့ စာရေးတယ်။ သူကတော့ စာမပြန်ပါဘူး။ တစ်ခါတစ်လေ အိတ်ချိန်းရုံးသွားပြီး ဖုန်းဆက်ရင်တော့လည်း ကောင်းကောင်းမွန်မွန် ပြန်ပြောသား။ ဘ၀ချင်းကလည်း ခြားခဲ့သကိုး။ သူက ပျဉ်းမနားမြို့ပေါ်က လူဂုဏ်တန် ကြေးရေတတ်သမီးချော။ ဒီကမောင်က ပျဉ်းမနားဆိုတာ တစ်ခါတစ်လေမှ သွားခွင့်ကြုံရတဲ့ ဇနပုဒ် ကျေးတောသား။ ဘ၀ချင်းက တကယ်ကို ခြားခဲ့တာပါဗျာ။ ဘ၀ချင်း ခြားခဲ့ပေမယ့် သူပေးခဲ့တဲ့ ကျောက်စရစ်ခဲ အညိုလေးကတော့ ကျွန်တော့် အမှတ်တရလေးတွေ သိမ်းထားတဲ့ ကတီပါသေတ္တာလေးထဲမှာ ပေးခဲ့တဲ့ ရက်စွဲအချိန်နေရာမှတ်တမ်းစာရွက်လေးနဲ့တကွ အခုထိ ရှိနေတုန်းပါပဲ . . .
.
. . . ဒီလိုနဲ့ သူလေးရယ် ပေါင်းလောင်းမြစ်ကြီးရယ်နဲ့ ဝေးကွာခဲ့တာ နှစ်တွေ အတော်ကြာပေါ့။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က သူငယ်ချင်းတွေ ဆုံကြရင်း လှေခွင်းတောင်ခြေက ပေါင်းလောင်းမြစ်ကမ်း သွားကြမယ့်အကြောင်း စပ်မိကြတယ်။ ဆယ်ကျော်သက်လေး မဟုတ်တော့ပေမယ့် ကျွန်တော် ရင်ခုန်မိတယ်။ တစ်ချိန်တုန်းက ကျွန်တော် ရင်ခုန်ခဲ့ဖူးတဲ့ ကျောက်စရစ်ခဲလေးတွေပေါ်က ရေကြည်ကြည်လေးတွေ စီးနေတဲ့မြစ်။ နေရောင်မှာများဆို ကြယ်လေးတွေ ပွင့်သလို တလက်လက်နဲ့ ဖိတ်ဖိတ်ထနေတဲ့ မြစ်။ ကျွန်တော်ရဲ့ အသည်းနှလုံးလေး နုနယ်စဉ်က ပုဇွန်ဆိတ်ကလေးလို တဆတ်ဆတ်ခုန်စေတဲ့ ကောင်မလေးနဲ့ ဆုံခဲ့တဲ့ မြစ်။ မြစ်ပေါ်က ဖြတ်တိုက်လာတဲ့ ရေကြည်နံ့သင်းတဲ့ လေညှင်းကလေးကိုများ ရှူမိရင် ပင်ပန်းသမျှတွေ ပြေပျောက်ခဲ့ရတဲ့မြစ်။ ဒီမြစ်နံဘေးမှာ နေခွင့်ရကြတဲ့ သာယာဝှမ်းနဲ့ ကျည်တောင်ကလူတွေကို မနာလို ဖြစ်ရလောက်အောင် သိပ်လှတဲ့မြစ်။ အခု အဲသည်မြစ်ကို တစ်ခေါက် သွားရတော့မယ်ဆိုတော့ အတော်အတန် ရင့်မာနေတဲ့ ကျွန်တော့် နှလုံးသားလေး တဆတ်ဆတ်နဲ့ ထခုန်ရလောက်အောင် ဖမ်းစားနိုင်လွန်းတဲ့ မြစ် . . .
.
. . . ဒါပေမယ့် ဒါပေမယ့်ဗျာ
.
. . . ကျွန်တော်သိတဲ့ ပေါင်းလောင်းမြစ်ကြီးရဲ့ နုပျိုလန်းဆန်းတဲ့ အလှတွေနဲ့ အိပ်မက်ခဲ့ရတဲ့ ကျွန်တော် အဲသည်နေ့မှာပဲ အိပ်မက်က လန့်နိုးခဲ့ရပါတယ်။ မြစ်ကမ်းကိုဆင်းတဲ့ လမ်းရဲ့ မြင်ရခါနီးအကွေ့မှာ ရည်းစားနဲ့ချိန်းထားတဲ့ကောင်လေးလို ရင်ခုန်နေတဲ့ ကျွန်တော့်ကို အရင်ဆုံး နုတ်ဆက်လိုက်တာက လှောင်ထားလို့ အောက်သိုးသိုးဖြစ်နေတဲ့ ရေလှောင်နံ့။ ဒီနေရာက ဒီလိုမဟုတ်ပါဘူး ဆိုပြီး စိတ်ထဲမှာ မသိုးမသန့်ဖြစ်နေတုန်း ကားအကွေ့မှာ မြစ်ကိုလည်း ဘွားကနဲ မြင်လိုက်ရရော ကျွန်တော် မယုံနိုင်လောက်အောင် ဖြစ်သွားမိတယ်။ မြစ်ကြမ်းပြင်က ကျောက်စရစ်ခဲလေးတွေကို မြင်ရလောက်အောင် ကြည်စိမ်းနေတဲ့ ပေါင်းလောင်းမြစ်ကြီးကို အလွမ်းတွေတဝေေ၀နဲ့ မျှော်လင့်ခဲ့မိတဲ့ ကျွန်တော် တကယ်မြင်လိုက်ရတာက အနယ်တွေဒင်းကြမ်းနဲ့ ရေစိမ်းနောက်နောက်တွေ စီးနေတဲ့ ရေမြောင်းကြီးဗျ။ ကျွန်တော်သိပ်သဘောကျတဲ့ သောင်ခုံဖြူဖြူလေးကိုလည်း မတွေ့တော့ဘူး။ နောက်ဆုံးတော့ ကျွန်တော် တကယ်သိလိုက်ရပါတယ်။ ကျွန်တော်ကြိတ်ကြွေခဲ့တဲ့ မှဲ့နီနီနဲ့ ကောင်မလေး မရှိတော့သလို ကျွန်တော်ရဲ့ နှလုံးသားထဲမှာ ကြည်ကြည်လင်လင် စီးနေတဲ့ ပေါင်းလောင်းမြစ်ကြီးလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။ တစ်ချိန်တုန်းက အမှန်အကန် ကြွေခဲ့ရတဲ့ ပေါင်းလောင်းမြစ်ထဲက မှဲ့နီမလေးနဲ့ ကြည်လင်စိမ်းမြနေတဲ့ ပေါင်းလောင်းမြစ်ကြီးကို နှစ်ပေါင်းများစွာအကြာမှာ တစ်ခါသွားကြည့်မိလိုက်တာကို နောင်တရလို့ မဆုံးတော့ပါဘူး၊ ကျွန်တော့်နှလုံးသားထဲက အင်မတန် လှပခမ်းနားတဲ့ ပေါင်းလောင်းမြစ်ကြီး၊ လှေခွင်းတောင်ခြေ သာယာဝှမ်းရွာဘေးက အင်မတန် သဲသောင်သာလှတဲ့ မြစ်ကမ်းခြေရဲ့ အလှကို ဘယ်အရာတွေကများ ဖျက်ဆီးပစ်ခဲ့ကြပါလိမ့်ဗျာ . . .

Wednesday 12 April 2017

အချစ်ဦး


. . . မြန်မာကဗျာတွေ ကြိုက်တာလောက်ကတော့ စကားလုပ်ပြီးကို ပြောမနေဘူးရယ်။ ကဗျာတော်တော်များများဆို ကြိုက်တာနဲ့ ခဏခဏ ဖတ်ဖြစ်တာနဲ့ တစ်ချို့ဆို တမင်တကာကို အလွတ်ကျက်ထားတာနဲ့ နှလုံးသားထဲမှာ စွဲနေတဲ့ ကဗျာတော်တော်များများရှိတယ်။ ဘယ်အတန်းမှာမှ မသင်ဖူးခဲ့တဲ့ ၀ဏ္ဏပဘာလိုရတုမျိုး၊ နှမလက်လျှော့နေလေတော့လိုရတုမျိုး၊ ဦးမင်းနှစ်ယောက်ပြိုင်ရေးကြတဲ့ လက်ဖက်ရည်ကောင်းကြောင်းမကောင်းကြောင်း တေးထပ်မျိုး၊ ကောင်းခြောက်ဆယ့်လေးရပ်ဆိုတဲ့ မိန်းမအလှဘွဲ့မျိုး၊ ဇော်ဂျီနဲ့ မင်းသုဝဏ်တို့ရဲ့ ကဗျာတော်တော်များများအပြင် လင်္ကာသွားနဲ့ ရေးထားတဲ့ ဦးပုညရဲ့ ဆဒ္ဒန်ဆင်မင်းပြဇာတ်ဆိုလည်း ဆင်မင်းက မုဆိုးကို မုဆိုးမှန်းသိလို့ ဘာလို့သူ့ကို သတ်တာလဲလို့ မေးတဲ့နေရာကနေ ဇာတ်လမ်းအဆုံးထိ အလွတ်ကို ရနေတာ။ အမယ်ကြီးအို ဦးအောင်စိန်ရေးတယ်ဆိုတဲ့ ရွှေမန်းတင်မောင်ရဲ့ မဟာဗုဒ္ဓ၀င်တို့ မောင်မှူးတို့ ဇာတ်ထုပ်တွေ ဆိုရင်လည်း စိတ်ကူးပေါက်တိုင်း နားထောင်နေရလို့ ဘယ်ဇာတ်ကွက်ကျရင် ဘယ်သူကို ဘယ်လိုဝင်ပြောတော့မှာ ဘယ်လို ခုနစ်သံချီဟစ်လိုက်တော့မှာ စသည်ဖြင့် လိုက်မဆိုတတ်သော်လည်း စိတ်ထဲမှာအလွတ်လောက်ကို ရနေသလိုလို . . .
.
. . . မြန်မာကဗျာ မဟုတ်တဲ့အထဲမှာတော့ တဂိုးကဗျာတွေ၊ ၀ီလျံဝပ်စ်ဝပ်ရဲ့ သဘာဝအလှအပ ကဗျာတွေရယ်ကို အကြိုက်ဆုံးလို့ ဆိုရမယ်။ တဂိုးကဗျာတွေကို မြန်မာလိုပဲ အများကြီး ဖတ်ဖူးပေမယ့် ချစ်ရတဲ့သူတွေနဲ့ ခဏခဏ ခွဲခွာရဖန်များလို့ အကြောင်းတိုက်ဆိုင်ပြီး ရင်ထဲမှာ စွဲနေတာက ကျွန်ုပ်သွားခွင့်ရပြီ (I have got my leave) ဆိုတဲ့ ကဗျာလေး။ ဒီကဗျာလေးကိုတော့ အင်္ဂလိပ်လို စာသွားလေးကို ပိုကြိုက်မိနေတယ်။ ဒီကဗျာလေးကိုလည်း ကျွန်တော်ချစ်ခင်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေ လူကြီးတွေနဲ့ ခွဲခွာရခါနီးတိုင်း နှုတ်ဆက်လက်ဆောင်အဖြစ် ပေးခဲ့ဖူးတာတွေ ရှိတယ် . . .
.
. . . ၀ပ်စ်ဝပ်ရဲ့ ကဗျာတွေကတော့ ဖတ်မိသလောက် ကြိုက်တာချည်းပဲ။ ကြုံတိုင်းလည်း လိုက်ရှာဖတ်ဖြစ်တယ်။ သူက သဘာဝလောကကြီးကို အလှအပအဖြစ် မြင်တတ်သူကြီးကိုး၊ သူ့အတွက်ကတော့ မြေကြီးပေါ်မှာ ကပ်ပေါက်နေတဲ့ မြက်ပင်လေးတွေလည်း လှ၊ တိမ်တွေ ပြေးလွှားနေတာလည်း လှ၊ နေခြည်လေးတွေ ဖြာနေရင်လည်းလှ၊ သစ်ရွက်ကလေးတွေ ကြွေနေရင်လည်းလှ၊ ပန်းကလေးတွေ ပွင့်နေရင်လည်း လှ၊ မြင်မြင်သမျှက လှချည်းနေတော့တာကိုး၊ သူ့ကဗျာတွေက ဖတ်မိသလောက် ကြွေနေရတာဆိုတော့ ဘယ်ကဗျာကို အကြိုက်ဆုံးပါလို့ ပြောဖို့ခက်တယ်၊ ဒါပေမယ့် နှလုံးသားထဲမှာ စွဲနေတဲ့ ကဗျာနှစ်ပုဒ်အကြောင်းကိုတော့ နည်းနည်းလောက် ပြောပြချင်ပါတယ် . . .`
.
. . . ပထမ တစ်ပုဒ်ကတော့ သက်တန့်ကဗျာလို့ ကျွန်တော်တို့တွေ မှတ်မိနေကြတာများတဲ့ ကိုးတန်း ကဗျာလက်ရေးစင်ပြဌာန်းချက်ထဲက Rainbow ဆိုတဲ့ ကဗျာလေး။ အဲ ကျွန်တော်တို့က ကဗျာကို အဲလို နာမည်တပ်ပေမယ့် တကယ့်ကဗျာမူရင်းမှာတော့ နာမည်တပ်ထားရဲ့လားဆိုတာ မသေချာဘူး၊ ဒီကဗျာမှာ လူတော်တော်များများ မှတ်မိနေတဲ့ စာသားလေးက The Child is Fater of the Man ဆိုတာလေးပဲ။ ငယ်ရာကသာ ကြီးလာကြရတာ ဆိုတဲ့ အဓိပ္ပာယ်မျိုးကို လှလှလေး ဖွဲ့ထားတာပါ။ ကဗျာရဲ့ ကျွန်တော်ခံစားမိတာကက သဘောဝလောကကရဲ့ အလှအပတရားတွေကို ရောင်စုံ သက်တန့်ကြီးတစ်ခုနဲ့ တင်စားဖွဲ့ဆိုထားတဲ့ပုံပဲ၊ ကဗျာဆရာက သက်တန့်ကြီးကိုများ မြင်လိုက်ရပြီလားဆိုရင် ရင်တွေခုန်ပြီး ပျော်နေတော့တာပဲတဲ့၊ ငယ်ငယ်တုန်းကလည်း ဒီလိုပျော်တာပဲ၊ အခုလည်း ဒီလိုပျော်နေတုန်းပဲ၊ နောင် အဖိုးကြီးဖြစ်သွားရင်လည်း ဒီလိုပဲ ပျော်နေမှာပဲတဲ့၊ တကယ်လို့သာ မပျော်တော့ဘူးဆိုရင်လည်း သူသေသွားလို့သာဖြစ်မယ်တဲ့။ အဲဒါ ငယ်ငယ်တုန်းက ဒီလို သဘောကျခဲ့လို့ အခုလည်း သဘောကျနေတာပါတဲ့၊ သူ့ရဲ့ နေ့စဉ်ဘ၀ကြီးကို သဘာဝလောက အလှတရားတွေနဲ့ တစ်သားတည်း ဖြစ်နေချင်ပါတော့တယ်တဲ့။ ဒါကတော့ ကိုယ်ခံစားမိသလိုလေး ပြန်ရေးပြတာပါ၊ တစ်ချို့ ကဗျာချစ်သူတွေအတွက်ကျတော့လည်း ဒီလိုခံစားမိတာမျိုး ဟုတ်ချင်မှ ဟုတ်မှာကိုး . . .
.
. . . ပန်းပွင့်လေးကို မမွေးခင် ပန်းပွင့်လေးမေမေနဲ့ ပထမဆုံး နေခဲ့တဲ့ မေတ္တာရိပ်မြုံလေးမှာ ကျွန်တော်သိပ်ကြိုက်တဲ့ သက်တန့်ကဗျာလေးရှိတယ်။ ဧည့်ခန်းကျယ်ကြီးရဲ့ နံရံတစ်ခုပေါ်မှာ သက်တန့်ကဗျာလေးကို ရောင်စုံသက်တန့်ကြီးနဲ့အတူ ကျွန်တော့်ညီတော်မောင်တွေက စိတ်ရှည်လက်ရှည် ဖန်တီးပေးထားကြတာပါ။ အဲသည်သက်တန့်ကဗျာလေးကို သူတို့တွေ လွယ်လွယ်ကူကူ ဖန်တီးခဲ့ကြရတာတော့ မဟုတ်ပါဘူး၊ ပထမဆုံး သက်တန့်ကဗျာမှာပါတဲ့ အက္ခရာတွေအကုန်လုံးကို ရောင်စုံစတစ်ကာတွေနဲ့ဖောက်ပြီး နေရာတကျ လှလှပပ ကပ်ရတယ်။ သူတို့ခမျာ အစ်ကိုကြီးကို ချစ်တဲ့စိတ်နဲ့သာ လုပ်ကြရှာတာနေမှာ သူတို့အိမ်သူတို့တောင် အဲသည်လောက် အသေးစိတ်လက်ဝင်တဲ့ အလှဆင်မှုမျိုး လုပ်ကြပါ့မလားမသိဘူး။ အဲသည် သက်တန့်ကဗျာလေးဟာ နောက်လူတွေ လာနေကြတော့တဲ့အခါမှာလည်း သူတို့လည်း သဘောကျတာနဲ့ ဆက်ပြီး ထိန်းသိမ်းထားကြတယ်လို့ပြောတယ်။ အဲသည်အိမ်လေးကို တစ်ခေါက်လောက်တော့ ပြန်သွားကြည့်ချင်တယ်။ အဲသည် သက်တန့်ကဗျာ နံရံကြီးရှေ့မှာ ကျွန်တော်ရယ် ပန်းပွင့်လေးမေမေရယ် ပန်းပွင့်လေးရယ် စိတ်ရှည်လက်ရှည် ဖန်တီးပေးခဲ့ကြတဲ့ ညီတော်မောင်တွေရယ် အမှတ်တရ ပြန်ဆုံကြချင်ပါသေးတယ်၊ သက်တန့်ကဗျာလေးကို ဖတ်ရတိုင်း သက်တန့်ကြီးကို မြင်ရတိုင်း သက်တန့်ကဗျာနံရံကြီးရှိတဲ့ ပထမဆုံး မေတ္တာရိပ်မြုံလေးရယ်၊ ပန်းပွင့်လေးမေမေနဲ့ နေခဲ့ကြတဲ့ ပျားရည်ဆမ်းနေ့ရက်များရယ်၊ ပြီးတော့ ကျွန်တော့်စိတ်ကူးတွေကို တကယ်ဖြစ်အောင် ဖန်တီးပေးခဲ့ကြတဲ့ ညီတော်မောင်တွေရယ်ကိုလည်း ပြန်လွမ်းမိပါတယ် . . .
.
. . . နောက်တစ်ပုဒ်ကတော့ Daffodil ဆိုတဲ့ ကဗျာလေး၊ ဒီကဗျာက နည်းနည်းတော့ ရှည်တယ်။ ကဗျာဆရာက တစ်ယောက်တည်း အထီးကျန် လေလွင့်သလို လျှောက်သွားနေတုန်းမှာ Daffodil ပန်းခင်းကြီးတွေ့လိုက်ရတော့ သူ့ရဲ့ အထီးကျန်စိတ်အားငယ်တာတွေ ပျောက်သွားပြီး ကြည်နူးရွှင်ပျလာတယ်ဆိုတဲ့ သဘောမျိုး ခံစားမိပါတယ်။ ဒီကဗျာကို ငယ်ငယ်ကလေးထဲက ကြိုက်ခဲ့ပေမယ့် ကဗျာထဲက ပန်းဆိုတာကိုတော့ တစ်ခါမှ မမြင်ခဲ့ဖူးဘူး၊ Daffodil ပန်းကို စသိလိုက်တဲ့ အချိန်ကတော့ ကောင်းသောသိခြင်းနဲ့ သိခဲ့ရတာတော့ မဟုတ်ဘူး၊ ၂၀၀၈ မြန်မာ့ကမ်းရိုးတန်းကို အသေအပျောက်များလှတဲ့ မုန်တိုင်းတစ်ခုမွှေတော့ မုန်တိုင်းနာမည်က နာဂစ် ဆိုတာ ကျွန်တော် ကဗျာတွေ စကြိုက်တတ်ကတည်းက တိတ်တိတ်ကလေး ဘုမသိဘမသိ စွဲလန်းခဲ့ရတဲ့ Daffodil ပန်းဆိုတာ ထိတ်လန့်တကြား သိလိုက်ရတယ်။ ဟင်ဒီဘာသာစကားနဲ့ နာဂစ်ဆိုတာ အင်္ဂလိပ်လို Daffodil တဲ့၊
.
. . . Daffodil ပန်းကိုတော့ ဂျပန်ပြည်ကျမှ အပြင်မှာ မြင်ဖူးတာ။ ဆောင်းနှင်းတွေ ပျော်ကျလို့ နွေဦးပေါက်လာပြီလားဆိုရင် နှင်းဖုံးထားတဲ့ မြေကြီးအောက်က ပုန်းနေတဲ့ သစ်ပင်လေးတွေ အညွှန့်တလူလူ တက်လာပြီး ပန်းရောင်စုံ ပွင့်ကြတာကိုး၊ ဒီအထဲမှာမှ ကျွန်တော့်ရဲ့ အသည်းကျော် Daffodil ပန်းလေးတွေ မြေကြီးထဲက ထွက်လာတာ၊ အညွန့်လေးတွေ ဝေလာတာ၊ အဖူးလေးတွေ ဆင်လာတာ၊ အပွင့်လေးတွေ အာလာတာကို နွေဦးပေါက်တိုင်း စောင့်ကြည့်နေခဲ့ဖြစ်တာ သုံးကြိမ်သုံးခါတောင် ရှိသွားပြီဆိုပါတော့ . . .
.
. . . ကဗျာဆိုရင် တက္ကသိုလ်ဘုန်းနိုင်ဝတ္ထုတစ်ပုဒ်ထဲမှာပါတဲ့ လွမ်းပျော်မွေ့ကြီးဆိုတဲ့ကဗျာကို သိပ်ကြိုက်တာပဲ။ ပန်းချီထူးနဲ့နွေဦးရေ ၀ါရွှေရွှေ ဟောဟိုတောက ကြွေလွင့်သူ ရွက်နှင့်ရောလို့ မှုန်ပြာရီလေနယ်ကြောမှာ မျောပျောက်တော့မလား ဖန်တီးရှင် ဆိုတဲ့ ကဗျာလေး၊ အဲသည်ဝတ္ထုထဲမှာပဲ အချိန်ဆိုတဲ့ ဂျစ်ပစီ အဘိုးအို ဆိုတဲ့ ကဗျာလေးတစ်ပုဒ်လည်း ပါသေးတယ်။ လှည့်လည်သွားလာနေတတ်တဲ့ ဂျစ်ပစီတွေ သူတို့ရွာနားမှာ လာစခန်းချကြပြီဆိုရင် ဆိုကြကကြ ပျော်ကြရွှင်ကြနဲ့မို့ သူတို့ရှိရင် ပျော်နေတာမို့ ဘယ်ကိုမှ ဆက်မသွားစေချင်တော့တဲ့အကြောင်း ရေးထားတဲ့ ကဗျာလေး၊ ဒါပေမယ့် ကဗျာဆရာရဲ့ ဆန္ဒက ဘယ်မှာ ပြည့်နိုင်ပါ့မလဲ။ လှည့်လည်သွားနေတဲ့ ဂျစ်ပစီတွေ သူတို့ရွာနားမှာ ဘယ်လိုလုပ် အမြဲတမ်းနေနိုင်ပါ့မလဲ။ ကဗျာဆရာကလည်း သူတို့ မနေနိုင်မှန်း သိပေမယ့် သူလည်း သူ့ရင်ထဲက ဆန္ဒလေးကို ပြောကြည့်တဲ့ သဘောနေမှာပါ။ ကိုယ်ချစ်ခင်မြတ်နိုးတဲ့သူတွေ ရင်းနှီးခင်မင်ကြသူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေခွင့်ရချိန်တိုင်းမှာ အဲသည်ကဗျာလေးကို သတိရမိတယ်။ ကဗျာထဲကလိုပဲ သွားချိန်တန်သွားကြမယ့် ဂျစ်ပစီတွေကို ဒီမှာပဲ နေလိုက်ပါတော့လား ပြောသလို ချစ်ခင်ကြင်နာသူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေရသခိုက် အချိန်လေးကို အမြဲတမ်းရှိပါစေလို့ တောင့်တမိတယ်၊ ဒါပေမယ့် ဘယ်မှာ ပြည့်နိုင်ပါ့မလဲလေ၊ ဂျစ်ပစီကြီးတွေက သူတို့ကြောင့် ဘယ်လောက်တောင် ပျော်စရာကောင်းပါတယ်ပြောပြော အချိန်တန်တော့လည်း သူတို့လမ်းသူတို့ သွားကြတာပဲ မဟုတ်လား . . .
.
. . . ခေတ်တွေ ဘယ်လောက်ပြောင်းပြောင်း ကျွန်တော်ကတော့ ဘယ်ကိုသွားသွား ဒီကဗျာစာအုပ်တွေကို ပါအောင်သယ်တုန်း။ အင်တာနက်မှာ တစ်ချက်လောက် ခေါက်လိုက်ရင် ကိုယ်ကြိုက်တဲ့ ကဗျာတွေ စာတွေ အလွယ်တကူ ဖတ်လို့ ရနေတဲ့ အချိန်ကြီးမှာတောင် ဒါတွေကို အလေးခံပြီး သွားလေရာ သယ်နေမိတုန်း၊ ဒီကဗျာလေးတွေရဲ့ အငွေ့အသက်အရသာဟာ ဒီစာအုပ်လေးတွေကို ကိုင်ဖတ်ရမှပဲ ပိုပြီးပြည့်စုံသလို ခံစားမိနေတုန်း . . .
.
. . . သမုဒယသစ္စာအရင်းတည်လို့ ဒုက္ခသစ္စာကြွင်းလေတယ်ဆိုတာလိုပဲ တကယ်တမ်းကျတော့ ဆယ်ကျော်သက်စအရွယ် ရင်ခုန်တတ်စအရွယ်ကတည်းက မြတ်နိုးစုံမက်ခဲ့ရတဲ့ ဒီလို သက်မဲ့စာအုပ်လေးတွေ ကဗျာလေးတွေကိုတောင် ဒီလောက်အထိ ခုံခုံမင်မင် တွယ်တာတတ်နေတုန်းဆိုတော့ . . .

Saturday 8 April 2017

ဟောရင်းသာပျံတော်မူမယ်


. . . သင်္ကြန်တွင်း အဝေးပြေးကားလက်မှတ်တွေ ဈေးမတက်အောင် ကြပ်မတ်မယ်ဘာမယ်ကြားတော့ ပြုံးမိပါတယ်။ တို့နိုင်ငံကလည်း ဈေးကွက်စီးပွားရေးဆိုပြီး ခုထိ ဆိုရှယ်လစ်ခေတ်ကလို လုပ်ချင်တုန်းလို့တွေးမိပါတယ်။ ဈေးကွက်စီးပွားရေးစနစ်မှာ ဈေးနှုန်းကို ဈေးကွက်ကသာ ပြဌာန်းပါတယ်။ တစ်ချို့အခြေအနေတွေမှာ အလွန်အကျွံမဖြစ်အောင်သာ အစိုးရက ၀င်ရောက်ထိန်းကျောင်းရတာမျိုးပါ။ သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်အပြီးမှာ နေရပ်ပြန်သူတွေ ခရီးသွားသူတွေ များတဲ့အလျောက် ပုံမှန်ထက်များတဲ့ ခရီးသည်တွေ ကားလက်မှတ်ဝယ်လိုကြတဲ့ အခြေအနေမှာ လိုချင်သလောက်လည်း ကားတွေ မပြေးဆွဲပေးနိုင်တာဖြစ်ရင် ဈေးကွက်သဘောအရ ကားခက ဈေးတက်မှာပဲ ဖြစ်ပါတယ်။ ဒါကို ဈေးမတက်ရဘူးလို့ အတင်းတားထားရင်တော့ မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်မှာပါပဲ။ အဲဒီလိုဖြစ်လာမယ့် မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်ဖြစ် မဖြစ်ဖြစ် သောက်ဂရုမစိုက်ပါဘူးဆိုရင်တော့လည်း ဒီစာကို ဆက်မဖတ်ဖို့ မေတ္တာရပ်ခံပါရစေ . . .
.
. . . ကျွန်တော်တို့ ကျောင်းကနေ တိုကျိုမြို့ကို အဝေးပြေးဘတ်စ်ကားနဲ့ သွားချင်လို့ ကားလက်မှတ် ၀ယ်တဲ့အခါ လက်မှတ်ခတွေက ဘယ်တော့မှ တစ်ပြေးညီ တစ်ဈေးတည်း မဖြစ်ပါဘူး။ တစ်နေ့တည်းမှာတောင်မှ တိုကျိုမြို့ကို ရုံးချိန်စောစောရောက်နိုင်တဲ့ အချိန်တွေက ဈေးကြီးပြီး မွန်းလွဲပိုင်းလောက်မှ တိုကျိုမြို့ထဲဝင်မယ့် အချိန် ကားလက်မှတ်တွေက ဈေးတဖြည်းဖြည်း ချိုသွားပါတယ်။ ဒါကတော့ လက်မှတ်ဝယ်လိုအားကို ဈေးနှုန်းနဲ့ ထိန်းသိမ်းလိုက်တဲ့ သဘောဖြစ်မှာပါ။ တစ်ရက်တည်းမှာတောင် ကားပြေးဆွဲတဲ့ အချိန်ပေါ်မူတည်ပြီး ဈေးက ကွာတာပါ။ အနည်းဆုံး သုံးထောင့်ရှစ်ရာလောက်ကနေ အများဆုံး ငါးထောင်ကျော်လောက်ထိ ရှိတတ်ပါတယ်။ တစ်နေ့တည်းမှာတောင် အချိန်ပေါ်မူတည်ပြီး ဈေးကွာတယ်ဆိုတော့ ခရီးသွားများတဲ့ရာသီ ရထားတွေ ကျပ်တဲ့ရာသီတွေမှာ ဈေးကလည်း အထိုက်အလျောက် တက်မှာဘဲ ဆိုတာ အထွေအထူးတောင် စဉ်းစားဖို့ မလိုပါဘူး။ ခရီးသွားတွေ ဘယ်အချိန်နည်းတတ်တယ် များတတ်တယ် စသည်ဖြင့် အချက်အလက်ကောက်ယူစုဆောင်းရရှိမှုအပေါ် မူတည်ပြီး ကားလက်မှတ်တွေကို ဈေးနှုန်းသတ်မှတ်ထားတာ ဖြစ်တဲ့အတွက် ကြိုဝယ်လည်း ဒီဈေး သွားခါနီးမှဝယ်လည်း ဒီဈေးပါပဲ . . .
.
. . . အခု ရန်ကုန်မှာ သင်္ကြန်တွင်း ခရီးသွားတာများတဲ့အလျောက် ကားခတွေ ဈေးတက်လေ့ရှိတာမို့ ဈေးမတက်အောင် ကြပ်မတ်မယ်ဆိုတာ တကယ်တော့ ဈေးကွက်စီးပွားရေးခေတ်မှာ လက်တွေ့အရရော သီအိုရီအရရော အလုပ်ဖြစ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ခရီးသွားဖို့ ကြိုတင်ရက်သတ်မှတ် စီစဉ်နိုင်တယ်ဆိုရင်တောင် ကားလက်မှတ်တွေ ကြိုဝယ်လို့ မရတာ၊ အချိန်ကပ်မှ ရောင်းပေးတာ၊ လက်မှတ်ကို လူက ရောင်းချပေးတာ၊ တရားဝင်ဈေးနှုန်းကို ထိန်းချုပ်ထားတာတွေက မှောင်ခိုလက်မှတ်ဈေးကွက်ကို ဖြစ်ပေါ်စေပါတယ်။ မှောင်ခိုဈေးကွက်ဖြစ်လာတဲ့အခါကျတော့ ပထမဆုံး အကျိုးသက်ရောက်မှုက ခရီးသွားမယ့်သူကို စိတ်အနှောင့်အယှက် ပေးပါတယ်။ သူဟာ သူ့ပိုက်ဆံနဲ့သူ ကားလက်မှတ် ၀ယ်စီးတာတောင်မှ မှောင်ခိုက ၀ယ်စီးရတယ်ဆိုတာ တော်တော်တော့ စိတ်ညစ်ညူးစရာကောင်းတဲ့အလုပ်ပါ။ ကြီးကြီးကျယ်ကျယ်ပြောရရင် နိုင်ငံသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အင်မတန်မှ ထိပါးတဲ့အလုပ်ဖြစ်ပါတယ်။ ဂုဏ်သိက္ခာထိပါးတာ သူတင်လားဆိုတော့ မဟုတ်ပါဘူး။ ၀ယ်လိုအားတွေ များနေတဲ့အချိန်မှာ ဂွင်တွေ့ပြီဆိုပြီး လုပ်စားပေါင်းစားကြတဲ့ လက်မှတ်မှောင်ခိုကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ ကားလိုင်းကလူတွေပါ ပါလာတာ ဖြစ်ပါတယ်။ နောက်ဆုံး သက်ဆိုင်ရာ ကုမ္ပနီက သူ့လိုင်းကကားတွေ မှောင်ခိုလက်မှတ်ဈေးကွက်ဖြစ်သွားလို့ သူက အကျိုးအမြတ် တစ်ပြားမှ ပိုမရဘူး ဆိုရင်တောင် နာမည်ပျက်ပါတယ်။ (သူများတွေလည်း နာမည်ပျက်တာပဲကွာ ငါတို့ချည်းမဟုတ်ပါဘူး ခေါင်းထဲထည့်နေစရာ မလိုပါဘူး၊ ဂရုစိုက်စရာ မလိုပါဘူးဆိုပြီး ကိုယ့်ဂုဏ်သိက္ခာကို တန်ဖိုးမထားကြဘူးဆိုရင်တော့လည်း တစ်မျိုးပေါ့လေ) . . .
.
. . . နောက်တစ်ခုက ဒီလို မှောင်ခိုကိစ္စဖြစ်လာမယ်ဆိုတာ သိသိကြီးနဲ့ ဖြစ်စေ၊ မသိလိုက်မသိဘာသာဖြစ်စေ၊ မှောင်ခိုတွေဖြစ်တော့လည်း ငါတို့ ကားလိုင်းကလူတွေ ဘေးပေါက်ပိုက်ဆံလေးဘာလေး ရတာပေါ့ကွာ ဆိုတဲ့ သူခိုးအားပေး စိတ်ဓာတ်နဲ့ တမင်တကာ ဒီလိုဂွင်မျိုးကို ခွင့်ပြုထားတာဆိုရင်လည်း တစ်မျိုးဖြစ်မှာပါ. . .
.
. . . အဲဒီလိုမဟုတ်ဘူး။ ခရီးသွားပြည်သူတွေ အဆင်ပြေစေချင်တယ်။ မလိုလားအပ်တဲ့ စိတ်ညစ်ညူးမှုတွေ မဖြစ်စေချင်ဘူး၊ ကားလိုင်းမှာရော ကားလိုင်းဝန်ထမ်းတွေမှာရော၊ ကားလက်မှတ်ဝယ်ယူစီးနင်းတဲ့ ခရီးသည်တွေမှာရော ဂုဏ်သိက္ခာရှိရှိနဲ့ ဖြစ်စေချင်တယ်ဆိုရင်တော့ စဉ်းစားမိတာလေးတွေ ပြောပြချင်ပါတယ်. . .
.
နံပတ်တစ်။ သွားချင်တဲ့ ခရီးသည်အရေအတွက်နဲ့ ပြေးဆွဲနိုင်တဲ့ ကားတွေ လုံလောက်မှုရှိမရှိ ကိန်းဂဏန်းအချက်အလက်တွေ ကောက်ဖို့ လိုပါတယ်။ ဒါလည်း နှစ်ရှည်လများ အချက်အလက် စုဆောင်းထားနိုင်ရင် ပိုကောင်းပေမယ့် ဒီနှစ်သင်္ကြန်ရာသီတစ်ခုလောက် ကောက်ယူထားနိုင်ရင်တောင် အနည်းဆုံးတော့ နောက်နှစ်သင်္ကြန်မှာ အတိုင်းအတာတစ်ခုထိ အသုံးတည့်နိုင်ပါတယ်။ ဒါမှလည်း ခရီးစဉ်နဲ့ ခရီးသည်နဲ့ ကားအရေအတွက်နဲ့ တွက်ချက်ပြီး လုံလောက်အောင် စီမံနိုင်မှာဖြစ်ပါတယ်။ ခရီးစဉ်က လိုအပ်သလောက် ပြေးဆွဲနိုင်ပြီဆိုတဲ့ သတင်းအချက်အလက်ကို ကားလိုင်းတွေအပါအ၀င် အများပြည်သူ သိအောင် သတင်းထုတ်ပြန်ထားသင့်ပါတယ်။ ဒီလို သတင်းထုတ်ပြန်ထားခြင်းအားဖြင့် ခရီးသွားလိုသူများရဲ့ လက်မှတ်ဝယ်မရမှာ စိုးရိမ်မှုကို တစ်နည်းတစ်ဖုံ လျှော့ချနိုင်မှာဖြစ်ပြီး မှောင်ခိုဈေးကွက်ကိုလည်း တစ်နည်းတစ်ဖုံ အတားအဆီး ဖြစ်နိုင်ကောင်းပါတယ် . . .
.
နံပတ်နှစ်။ တကယ်လို့ လက်မှတ်ဈေးတွေ တက်ဖို့ လိုမယ်ဆိုရင်လည်း စနစ်တစ်ခုချမှတ်ပြီး လက်မှတ်ဈေးကို တရားဝင်ပြောင်းလဲ သတ်မှတ်ဖို့ ခွင့်ပြုသင့်ပါတယ်။
.
နံပတ်သုံး။ ခရီးသည်တွေ လိုသလောက် ခရီးစဉ်တွေ စီစဉ်ပေးနိုင်ပြီဆိုရင် လက်မှတ်တွေကို ကြိုတင်ရောင်းချပေးသင့်ပါတယ်။ လက်မှတ်တွေကို တစ်ဦးတည်းက လက်ဝါးကြီးအုပ်ယူပြီး ပြန်လည်ရောင်းချတာမျိုး၊ သက်ဆိုင်ရာ ယာဉ်လိုင်းဝန်ထမ်းများနဲ့ ပူးပေါင်းပြီး မသမာမှု ပြုတာမျိုးကို ဘယ်လို တားဆီးရမလဲ ဆိုတာတော့ အကြံမပေးတတ်ပါဘူး
.
နံပတ်လေး။ သင်္ကြန်တွင်း ခရီးသွားကြသူများဟာ ရက်အတိအကျ စီစဉ်ပြီး သွားတတ်ကြတာမို့ အသွားအပြန်လက်မှတ် တစ်ခါတည်း ရောင်းချပေးတဲ့ စနစ်မျိုးကိုလည်း ကျင့်သုံးနိုင်ဖို့ စဉ်းစားသင့်ပါတယ်။ အသွားအပြန်လက်မှတ်ကိုသာ တစ်ခါတည်း စီစဉ်ရောင်းချပေးနိုင်တယ်ဆိုရင် ခရီးသည်အတွက်လည်း ပိုအဆင်ပြေ မှောင်ခိုဈေးကွက်ကိုလည်း တစ်နည်းတစ်ဖုံ တားဆီးရာရောက်ပါတယ် . . .
.
နံပတ်ငါး။ အထက်က ကိစ္စတွေကို မော်တော်ယဉ်လိုင်းတွေပူးပေါင်းဆောင်ရွက်သင့်ပြီး သက်ဆိုင်ရာ အာဏာပိုင်များက အတိုင်းအတာတစ်ခုထိ ကြပ်မတ်ပေးသင့်ပါတယ်။ ကြပ်မတ်တယ် ဆိုရာမှာလည်း အခုဖြစ်နေသလို ကားခဈေးမတက်ရ ဆိုတာလောက်နဲ့ မပြီးဘဲ တကယ်လက်တွေ့မှာ အလုပ်ဖြစ်နိုင်တဲ့ မူဝါဒ စည်းမျဉ်းမျိုးကို သေချာလေ့လာချမှတ်ပြီး တကယ်လိုက်နာမှု မရှိရင်လည်း ပြင်းထန်ထိရောက်တဲ့ ပြစ်ဒဏ်မျိုးနဲ့ အားဖြည့်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ် . . .
.
. . . အထက်မှာ ပြောခဲ့တာကတော့ ပြည်သူ့ရေးရာဝန်ဆောင်မှု လုပ်ငန်းတွေ တကယ်အဆင်ပြေချောမွေ့ချင်တယ်ဆိုရင် စဉ်းစားကျင့်သုံးသင့်တာလေးတွေ ဖြစ်ပါတယ်။ ဒါတွေ လုပ်လိုက်ရင် တစ်ခါတည်း အဆင်ပြေသွားမယ်လို့တော့ အာမခံလို့ မရပေမယ့် အဆင်ပြေချောမွေ့မှုကိုတော့ အများကြီး အထောက်အကူပြုနိုင်မှာပါ။ ငါတို့သိသားပဲ၊ မလုပ်ချင်လို့ကို မလုပ်တာကွာ ဆိုရင်လည်း ခရီးသွားပြည်သူတွေရဲ့ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရတော့မှာပေါ့ . . .
.
(သင်္ကြန်တွင်း နေပြည်တော်ကို သွားကြမယ့် မိသားစုက ရွှေမန်းသူ ကားလက်မှတ် ၀ယ်ယူရာမှာ တစ်စောင်ကို တစ်သောင်းခွဲ ပိုပေးခဲ့ရတယ်ဆိုတာကို အကြောင်းပြုပြီး ဒီစာကို ရေးဖြစ်ပါကြောင်း)
.
ဧပြီလ ၈ ရက်၊ ၂၀၁၇ ခုနှစ်
.
Photo Credit : http://thevoicemyanmar.com/news/7594-tkr

Tuesday 4 April 2017

B U D D Y


. . . လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဖွင့်ထားခဲ့တဲ့ ကိုယ်ရေးမှတ်တမ်းဘလော့လေးကို ၀င်ကြည့်မိတယ်။ ဘာမဆိုလောဘကြီးတဲ့ သူတစ်ယောက်အနေနဲ့ တော်ရုံဂရုစိုက်မှုမျိုးနဲ့ မကျေနပ်နိုင်ခဲ့တဲ့ ကိုယ့်ကို သူငယ်ချင်းတွေက တော်တော် ဂရုတစိုက် ရှိခဲ့တာပါလားဆို ပြန်မြင်နေရတယ်။ ကောင်မလေးတစ်ယောက်နဲ့ အဆင်မပြေလို့ စိတ်တွေလေနေချိန်တုန်းက သူငယ်ချင်းတစ်ယောက်က ဖြေသိမ့်လိုက်သီချင်းလေးဖွင့်ပြပြီး အားပေးတယ်။ အဆောင်မှာ တစ်ခြားသူတွေ မရှိတုန်း တီဗီရှိတဲ့အခန်းထဲခေါ်သွားပြီး ခုံပေါ်မှာ အကျအနထိုင်ခိုင်းပြီးမှ ဖွင့်ပြတာ။ အဲသည်တုန်းက တီဗီတွေဘာတွေလည်း ပေါသေးတာမဟုတ်။ အဆောင်ပေါ်မှာ ကိုယ်ပိုင်တီဗီတောင် သူငယ်ချင်းတွေကြားမှာ တစ်လုံးပဲ ရှိခဲ့တာ။ တီဗီရှိတဲ့ သူငယ်ချင်းလည်း ဘယ်သူဖြစ်ဖြစ် အချိန်မရွေးဝင်ကြည့်လို့ရအောင် တံခါးကို အမြဲဖွင့်ထားခဲ့တာလေ။ ဒါကြောင့် သူငယ်ချင်းနဲ့ နှစ်ယောက်သား အဲသည်သီချင်းကို နားထောင်နိုင်ခဲ့တာပေါ့။ မသိခဲ့ပါဘူး ၀ိုင်ဝိုင်းမှန်းလည်း။ ဖြေသိမ့်လိုက် နားထောင်ပြီးတဲ့အခါမှာ ၀ိုင်ဝိုင်းရဲ့ သီချင်းတွေကို ချစ်သွားတယ်။ ကိုယ့်ငယ်သူငယ်ချင်းတွေကိုချစ်သလိုမျိုး ချစ်သွားတာ အခုထိပါပဲ။ စိတ်ထဲမှာ အလိုမကျတာမျိုး စိတ်လေတာမျိုး စိတ်ဓာတ်ကျတာမျိုးတွေ ရှိတဲ့အခါတိုင်း ၀ိုင်ဝိုင်းသီချင်းတွေကို နားထောင်ဖြစ်တယ်။ ၀ိုင်ဝိုင်းသီချင်းတွေ နားထောင်ရတာ ကိုယ့်အရင်းနှီးဆုံးသူငယ်ချင်းတွေက အနားမှာ လာအားပေးနေသလိုပဲ . . .
.
. . . ကဗျာရေးပြီး အားပေးတဲ့ သူငယ်ချင်းလည်း ရှိတယ်။ မင်းအတွက်ရေးတယ်ရယ်လို့တော့လည်း မပြောဘူးပေါ့လေ။ ဒါပေမယ့် ကိုယ့်အကြောင်း ရေးမှန်းသိတဲ့အခါ မင်းငါ့ကို စောင်းရေးတာလားဆိုတော့မှ ပြုံးပြုံးကြီး လုပ်တတ်တဲ့သူတွေပေါ့။ ဒီခေတ်ဒီအခါဆိုရင်တော့ အဲသည် လက်ရေးကဗျာလေးတွေကို ဓာတ်ပုံရိုက်ပြီး သိမ်းထားဖြစ်ခဲ့မှာပဲ။ အဲသည်တုန်းကတော့ မိတ္တူလေးတောင် မကူးထားရကောင်းလားလို့ အခုမှတွေးမိပြီး နှမြောနေမိတယ် . . .
.
. . . ပုံဆွဲပြီး အားပေးတဲ့သူလည်း ရှိတယ်။ ပုံဆွဲသမားကတော့ ကဗျာမဆန်လှပါဘူး။ ကိုယ်စိတ်ညစ်နေမှန်းသိရင် အဲသည်စိတ်ညစ်စရာကောင်းတဲ့ အကြောင်းအရာကိုပဲ ဟာသလုပ်ပြီး ပုံတွေလျှောက်ဆွဲပြတဲ့အခါ ကိုယ့်စိတ်ညစ်နေတာတောင် ဘယ်နားရောက်မှန်း မသိတော့လောက်အောင် ပျော်ခဲ့ရတယ်။ တစ်ခါတစ်လေများ ကောင်မလေးနဲ့ပတ်သက်ပြီး ခံစားနေရတဲ့အခါကျရင် သူတို့ကို မသိစေရဲဘူး။ သူတို့လုပ်လိုက်မှဖြင့် ကဗျာဆန်ဆန်ဖီလင်လေးတွေတောင် ဟာသဖြစ်လို့လေ . . .
.
. . . တစ်ချို့သူငယ်ချင်းတွေကျတော့လည်း အရက်တိုက်ပြီး ချော့ကြတာရှိတယ်။ ကိုယ့်ဘာသာ တစ်ယောက်တည်း အခန်းတံခါးပိတ်ပြီး တွေးချင်ရာတွေး ငေးချင်ရာငေးပြီး စိတ်ဓာတ်ကျနေချိန်မျိုးမှာ အခန်းတံခါးကို တဒုန်းဒုန်းလာထုပြီး တံခါးဖွင့်ပေးတာနဲ့ မပြောမဆို အတင်းကာရော အရက်ဝိုင်းကို ဆွဲခေါ်သွားကြတာမျိုး . . .။ သူတို့မြှောက်ပေးလို့ မခံချင်စိတ်နဲ့ သောက်ပြီး မူးလာတဲ့အခါကျရင်လည်း ကိုယ်ရစ်သမျှ သည်းညည်းခံကြတာမျိုးပေါ့ . . .
.
. . . ဂစ်တာတီးပြီး အော်ချင်ရာ အော်ကြတဲ့အခါများကြပြန်တော့လည်း ကိုယ်က ကိုယ့်ခံစားချက်နဲ့ကိုယ် သီချင်းလေးတွေ ဆိုချင်တာ ရှိတဲ့အခါ ကြိုးစားပမ်းစား တီးခတ်ပေးကြတဲ့ သူငယ်ချင်းမျိုးတွေလည်း ရှိပေါ့ . . .
.
. . . တစ်ချို့ကျတော့ ဖတ်စေချင်တဲ့ စာအုပ်လေးတွေ ယူလာပေးကြတာမျိုးပေါ့။ စာရေးဆရာဖေမြင့် ဘာသာပြန်ထားတဲ့ နှလုံးသားအာဟာရ ရသစာများဆိုတာကတော့ သူငယ်ချင်းတွေ ပေးဖတ်တဲ့အထဲမှာ အခုထိကို ရင်ထဲမှာနွေးနွေးထွေးထွေးနဲ့ မှတ်မိနေတုန်း . . .
.
. . . သူငယ်ချင်းတွေအကြောင်းရေးထားတဲ့ ၀တ္ထုတို့ဘာတို့ဆိုလည်း သိပ်ကြိုက်တယ်။ ရင်ထဲမှာ အထိဆုံးတစ်ခုကို ပြပါဆိုရင် တို့ပိုင်တဲ့မြေ ဆိုတဲ့ ဘာသာပြန်ဝတ္ထုလေးပဲ။ ဒိုးတူပေါင်ဘက် သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကတော့ ငတုံးကြီး။ ဇာတ်လမ်းရယ်လို့ တိတိပပ မဟုတ်ပေမယ့် လူ့သဘောသဘာဝနဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ သံယောဇဉ်ကို ဖွဲ့ထားတဲ့ ၀တ္ထု။ ပထမဆုံးအကြိမ် ဖတ်တုန်းက ဇာတ်လမ်းအဆုံးမှာ စာအုပ်ကြီးကိုကိုင်ပြီး အကြာကြီး ငိုင်နေခဲ့မိတာ သတိရတယ်။ ကိုယ်မမျှော်လင့်ထားတဲ့ ဇာတ်သိမ်းခန်းကိုး။ စိတ်မကောင်းစရာ ၀မ်းနည်းစရာ ရင်နာစရာအဖြစ်နဲ့ အဆုံးသတ်ထားပေမယ့် ကိုယ်သာ ဇာတ်ကောင်တစ်ယောက်ယောက် ဆိုရင်လည်း ဒီနည်းလမ်းနဲ့ပဲ အဆုံးသတ်ရမယ့် ရှောင်လွှဲမရတဲ့အဖြစ်မျိုး. . .
.
. . . ကိုယ့်မှတ်တမ်းထဲမှာ တစ်စွန်းတစ်စပဲ ရေးထားခဲ့ပေမယ့် ဘယ်အချိန်ဖတ်ဖတ် အခုလက်ငင်းအဖြစ်အပျက်တစ်ခုလို နှလုံးသားမှာ နွေးထွေးနေနိုင်လောက်အောင် ကိုယ့်အပေါ် ကြင်နာနွေးထွေး စေတနာထားတဲ့ သူငယ်ချင်းတွေအများကြီးနဲ့ ကြုံခဲ့ရတယ်ဆိုတာ ကံကြမ္မာက မျက်နာသာပေးခဲ့တာများလား. . .
.
. . . သူငယ်ချင်းနဲ့ပတ်သက်တဲ့ ကြည်နူးစရာလေးတွေကို ပြန်ပြောရမယ်ဆိုရင် ပါရဂူစာတမ်းတစ်စောင်စာလောက်တော့ အသာလေးရနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားခဲ့ရင်တောင် သူငယ်ချင်းတွေရှိတဲ့ဘက်မှာပဲ နေချင်တယ် . . .