Tuesday 4 April 2017

B U D D Y


. . . လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဖွင့်ထားခဲ့တဲ့ ကိုယ်ရေးမှတ်တမ်းဘလော့လေးကို ၀င်ကြည့်မိတယ်။ ဘာမဆိုလောဘကြီးတဲ့ သူတစ်ယောက်အနေနဲ့ တော်ရုံဂရုစိုက်မှုမျိုးနဲ့ မကျေနပ်နိုင်ခဲ့တဲ့ ကိုယ့်ကို သူငယ်ချင်းတွေက တော်တော် ဂရုတစိုက် ရှိခဲ့တာပါလားဆို ပြန်မြင်နေရတယ်။ ကောင်မလေးတစ်ယောက်နဲ့ အဆင်မပြေလို့ စိတ်တွေလေနေချိန်တုန်းက သူငယ်ချင်းတစ်ယောက်က ဖြေသိမ့်လိုက်သီချင်းလေးဖွင့်ပြပြီး အားပေးတယ်။ အဆောင်မှာ တစ်ခြားသူတွေ မရှိတုန်း တီဗီရှိတဲ့အခန်းထဲခေါ်သွားပြီး ခုံပေါ်မှာ အကျအနထိုင်ခိုင်းပြီးမှ ဖွင့်ပြတာ။ အဲသည်တုန်းက တီဗီတွေဘာတွေလည်း ပေါသေးတာမဟုတ်။ အဆောင်ပေါ်မှာ ကိုယ်ပိုင်တီဗီတောင် သူငယ်ချင်းတွေကြားမှာ တစ်လုံးပဲ ရှိခဲ့တာ။ တီဗီရှိတဲ့ သူငယ်ချင်းလည်း ဘယ်သူဖြစ်ဖြစ် အချိန်မရွေးဝင်ကြည့်လို့ရအောင် တံခါးကို အမြဲဖွင့်ထားခဲ့တာလေ။ ဒါကြောင့် သူငယ်ချင်းနဲ့ နှစ်ယောက်သား အဲသည်သီချင်းကို နားထောင်နိုင်ခဲ့တာပေါ့။ မသိခဲ့ပါဘူး ၀ိုင်ဝိုင်းမှန်းလည်း။ ဖြေသိမ့်လိုက် နားထောင်ပြီးတဲ့အခါမှာ ၀ိုင်ဝိုင်းရဲ့ သီချင်းတွေကို ချစ်သွားတယ်။ ကိုယ့်ငယ်သူငယ်ချင်းတွေကိုချစ်သလိုမျိုး ချစ်သွားတာ အခုထိပါပဲ။ စိတ်ထဲမှာ အလိုမကျတာမျိုး စိတ်လေတာမျိုး စိတ်ဓာတ်ကျတာမျိုးတွေ ရှိတဲ့အခါတိုင်း ၀ိုင်ဝိုင်းသီချင်းတွေကို နားထောင်ဖြစ်တယ်။ ၀ိုင်ဝိုင်းသီချင်းတွေ နားထောင်ရတာ ကိုယ့်အရင်းနှီးဆုံးသူငယ်ချင်းတွေက အနားမှာ လာအားပေးနေသလိုပဲ . . .
.
. . . ကဗျာရေးပြီး အားပေးတဲ့ သူငယ်ချင်းလည်း ရှိတယ်။ မင်းအတွက်ရေးတယ်ရယ်လို့တော့လည်း မပြောဘူးပေါ့လေ။ ဒါပေမယ့် ကိုယ့်အကြောင်း ရေးမှန်းသိတဲ့အခါ မင်းငါ့ကို စောင်းရေးတာလားဆိုတော့မှ ပြုံးပြုံးကြီး လုပ်တတ်တဲ့သူတွေပေါ့။ ဒီခေတ်ဒီအခါဆိုရင်တော့ အဲသည် လက်ရေးကဗျာလေးတွေကို ဓာတ်ပုံရိုက်ပြီး သိမ်းထားဖြစ်ခဲ့မှာပဲ။ အဲသည်တုန်းကတော့ မိတ္တူလေးတောင် မကူးထားရကောင်းလားလို့ အခုမှတွေးမိပြီး နှမြောနေမိတယ် . . .
.
. . . ပုံဆွဲပြီး အားပေးတဲ့သူလည်း ရှိတယ်။ ပုံဆွဲသမားကတော့ ကဗျာမဆန်လှပါဘူး။ ကိုယ်စိတ်ညစ်နေမှန်းသိရင် အဲသည်စိတ်ညစ်စရာကောင်းတဲ့ အကြောင်းအရာကိုပဲ ဟာသလုပ်ပြီး ပုံတွေလျှောက်ဆွဲပြတဲ့အခါ ကိုယ့်စိတ်ညစ်နေတာတောင် ဘယ်နားရောက်မှန်း မသိတော့လောက်အောင် ပျော်ခဲ့ရတယ်။ တစ်ခါတစ်လေများ ကောင်မလေးနဲ့ပတ်သက်ပြီး ခံစားနေရတဲ့အခါကျရင် သူတို့ကို မသိစေရဲဘူး။ သူတို့လုပ်လိုက်မှဖြင့် ကဗျာဆန်ဆန်ဖီလင်လေးတွေတောင် ဟာသဖြစ်လို့လေ . . .
.
. . . တစ်ချို့သူငယ်ချင်းတွေကျတော့လည်း အရက်တိုက်ပြီး ချော့ကြတာရှိတယ်။ ကိုယ့်ဘာသာ တစ်ယောက်တည်း အခန်းတံခါးပိတ်ပြီး တွေးချင်ရာတွေး ငေးချင်ရာငေးပြီး စိတ်ဓာတ်ကျနေချိန်မျိုးမှာ အခန်းတံခါးကို တဒုန်းဒုန်းလာထုပြီး တံခါးဖွင့်ပေးတာနဲ့ မပြောမဆို အတင်းကာရော အရက်ဝိုင်းကို ဆွဲခေါ်သွားကြတာမျိုး . . .။ သူတို့မြှောက်ပေးလို့ မခံချင်စိတ်နဲ့ သောက်ပြီး မူးလာတဲ့အခါကျရင်လည်း ကိုယ်ရစ်သမျှ သည်းညည်းခံကြတာမျိုးပေါ့ . . .
.
. . . ဂစ်တာတီးပြီး အော်ချင်ရာ အော်ကြတဲ့အခါများကြပြန်တော့လည်း ကိုယ်က ကိုယ့်ခံစားချက်နဲ့ကိုယ် သီချင်းလေးတွေ ဆိုချင်တာ ရှိတဲ့အခါ ကြိုးစားပမ်းစား တီးခတ်ပေးကြတဲ့ သူငယ်ချင်းမျိုးတွေလည်း ရှိပေါ့ . . .
.
. . . တစ်ချို့ကျတော့ ဖတ်စေချင်တဲ့ စာအုပ်လေးတွေ ယူလာပေးကြတာမျိုးပေါ့။ စာရေးဆရာဖေမြင့် ဘာသာပြန်ထားတဲ့ နှလုံးသားအာဟာရ ရသစာများဆိုတာကတော့ သူငယ်ချင်းတွေ ပေးဖတ်တဲ့အထဲမှာ အခုထိကို ရင်ထဲမှာနွေးနွေးထွေးထွေးနဲ့ မှတ်မိနေတုန်း . . .
.
. . . သူငယ်ချင်းတွေအကြောင်းရေးထားတဲ့ ၀တ္ထုတို့ဘာတို့ဆိုလည်း သိပ်ကြိုက်တယ်။ ရင်ထဲမှာ အထိဆုံးတစ်ခုကို ပြပါဆိုရင် တို့ပိုင်တဲ့မြေ ဆိုတဲ့ ဘာသာပြန်ဝတ္ထုလေးပဲ။ ဒိုးတူပေါင်ဘက် သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကတော့ ငတုံးကြီး။ ဇာတ်လမ်းရယ်လို့ တိတိပပ မဟုတ်ပေမယ့် လူ့သဘောသဘာဝနဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ သံယောဇဉ်ကို ဖွဲ့ထားတဲ့ ၀တ္ထု။ ပထမဆုံးအကြိမ် ဖတ်တုန်းက ဇာတ်လမ်းအဆုံးမှာ စာအုပ်ကြီးကိုကိုင်ပြီး အကြာကြီး ငိုင်နေခဲ့မိတာ သတိရတယ်။ ကိုယ်မမျှော်လင့်ထားတဲ့ ဇာတ်သိမ်းခန်းကိုး။ စိတ်မကောင်းစရာ ၀မ်းနည်းစရာ ရင်နာစရာအဖြစ်နဲ့ အဆုံးသတ်ထားပေမယ့် ကိုယ်သာ ဇာတ်ကောင်တစ်ယောက်ယောက် ဆိုရင်လည်း ဒီနည်းလမ်းနဲ့ပဲ အဆုံးသတ်ရမယ့် ရှောင်လွှဲမရတဲ့အဖြစ်မျိုး. . .
.
. . . ကိုယ့်မှတ်တမ်းထဲမှာ တစ်စွန်းတစ်စပဲ ရေးထားခဲ့ပေမယ့် ဘယ်အချိန်ဖတ်ဖတ် အခုလက်ငင်းအဖြစ်အပျက်တစ်ခုလို နှလုံးသားမှာ နွေးထွေးနေနိုင်လောက်အောင် ကိုယ့်အပေါ် ကြင်နာနွေးထွေး စေတနာထားတဲ့ သူငယ်ချင်းတွေအများကြီးနဲ့ ကြုံခဲ့ရတယ်ဆိုတာ ကံကြမ္မာက မျက်နာသာပေးခဲ့တာများလား. . .
.
. . . သူငယ်ချင်းနဲ့ပတ်သက်တဲ့ ကြည်နူးစရာလေးတွေကို ပြန်ပြောရမယ်ဆိုရင် ပါရဂူစာတမ်းတစ်စောင်စာလောက်တော့ အသာလေးရနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားခဲ့ရင်တောင် သူငယ်ချင်းတွေရှိတဲ့ဘက်မှာပဲ နေချင်တယ် . . .

No comments:

Post a Comment