Wednesday 12 April 2017

အချစ်ဦး


. . . မြန်မာကဗျာတွေ ကြိုက်တာလောက်ကတော့ စကားလုပ်ပြီးကို ပြောမနေဘူးရယ်။ ကဗျာတော်တော်များများဆို ကြိုက်တာနဲ့ ခဏခဏ ဖတ်ဖြစ်တာနဲ့ တစ်ချို့ဆို တမင်တကာကို အလွတ်ကျက်ထားတာနဲ့ နှလုံးသားထဲမှာ စွဲနေတဲ့ ကဗျာတော်တော်များများရှိတယ်။ ဘယ်အတန်းမှာမှ မသင်ဖူးခဲ့တဲ့ ၀ဏ္ဏပဘာလိုရတုမျိုး၊ နှမလက်လျှော့နေလေတော့လိုရတုမျိုး၊ ဦးမင်းနှစ်ယောက်ပြိုင်ရေးကြတဲ့ လက်ဖက်ရည်ကောင်းကြောင်းမကောင်းကြောင်း တေးထပ်မျိုး၊ ကောင်းခြောက်ဆယ့်လေးရပ်ဆိုတဲ့ မိန်းမအလှဘွဲ့မျိုး၊ ဇော်ဂျီနဲ့ မင်းသုဝဏ်တို့ရဲ့ ကဗျာတော်တော်များများအပြင် လင်္ကာသွားနဲ့ ရေးထားတဲ့ ဦးပုညရဲ့ ဆဒ္ဒန်ဆင်မင်းပြဇာတ်ဆိုလည်း ဆင်မင်းက မုဆိုးကို မုဆိုးမှန်းသိလို့ ဘာလို့သူ့ကို သတ်တာလဲလို့ မေးတဲ့နေရာကနေ ဇာတ်လမ်းအဆုံးထိ အလွတ်ကို ရနေတာ။ အမယ်ကြီးအို ဦးအောင်စိန်ရေးတယ်ဆိုတဲ့ ရွှေမန်းတင်မောင်ရဲ့ မဟာဗုဒ္ဓ၀င်တို့ မောင်မှူးတို့ ဇာတ်ထုပ်တွေ ဆိုရင်လည်း စိတ်ကူးပေါက်တိုင်း နားထောင်နေရလို့ ဘယ်ဇာတ်ကွက်ကျရင် ဘယ်သူကို ဘယ်လိုဝင်ပြောတော့မှာ ဘယ်လို ခုနစ်သံချီဟစ်လိုက်တော့မှာ စသည်ဖြင့် လိုက်မဆိုတတ်သော်လည်း စိတ်ထဲမှာအလွတ်လောက်ကို ရနေသလိုလို . . .
.
. . . မြန်မာကဗျာ မဟုတ်တဲ့အထဲမှာတော့ တဂိုးကဗျာတွေ၊ ၀ီလျံဝပ်စ်ဝပ်ရဲ့ သဘာဝအလှအပ ကဗျာတွေရယ်ကို အကြိုက်ဆုံးလို့ ဆိုရမယ်။ တဂိုးကဗျာတွေကို မြန်မာလိုပဲ အများကြီး ဖတ်ဖူးပေမယ့် ချစ်ရတဲ့သူတွေနဲ့ ခဏခဏ ခွဲခွာရဖန်များလို့ အကြောင်းတိုက်ဆိုင်ပြီး ရင်ထဲမှာ စွဲနေတာက ကျွန်ုပ်သွားခွင့်ရပြီ (I have got my leave) ဆိုတဲ့ ကဗျာလေး။ ဒီကဗျာလေးကိုတော့ အင်္ဂလိပ်လို စာသွားလေးကို ပိုကြိုက်မိနေတယ်။ ဒီကဗျာလေးကိုလည်း ကျွန်တော်ချစ်ခင်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေ လူကြီးတွေနဲ့ ခွဲခွာရခါနီးတိုင်း နှုတ်ဆက်လက်ဆောင်အဖြစ် ပေးခဲ့ဖူးတာတွေ ရှိတယ် . . .
.
. . . ၀ပ်စ်ဝပ်ရဲ့ ကဗျာတွေကတော့ ဖတ်မိသလောက် ကြိုက်တာချည်းပဲ။ ကြုံတိုင်းလည်း လိုက်ရှာဖတ်ဖြစ်တယ်။ သူက သဘာဝလောကကြီးကို အလှအပအဖြစ် မြင်တတ်သူကြီးကိုး၊ သူ့အတွက်ကတော့ မြေကြီးပေါ်မှာ ကပ်ပေါက်နေတဲ့ မြက်ပင်လေးတွေလည်း လှ၊ တိမ်တွေ ပြေးလွှားနေတာလည်း လှ၊ နေခြည်လေးတွေ ဖြာနေရင်လည်းလှ၊ သစ်ရွက်ကလေးတွေ ကြွေနေရင်လည်းလှ၊ ပန်းကလေးတွေ ပွင့်နေရင်လည်း လှ၊ မြင်မြင်သမျှက လှချည်းနေတော့တာကိုး၊ သူ့ကဗျာတွေက ဖတ်မိသလောက် ကြွေနေရတာဆိုတော့ ဘယ်ကဗျာကို အကြိုက်ဆုံးပါလို့ ပြောဖို့ခက်တယ်၊ ဒါပေမယ့် နှလုံးသားထဲမှာ စွဲနေတဲ့ ကဗျာနှစ်ပုဒ်အကြောင်းကိုတော့ နည်းနည်းလောက် ပြောပြချင်ပါတယ် . . .`
.
. . . ပထမ တစ်ပုဒ်ကတော့ သက်တန့်ကဗျာလို့ ကျွန်တော်တို့တွေ မှတ်မိနေကြတာများတဲ့ ကိုးတန်း ကဗျာလက်ရေးစင်ပြဌာန်းချက်ထဲက Rainbow ဆိုတဲ့ ကဗျာလေး။ အဲ ကျွန်တော်တို့က ကဗျာကို အဲလို နာမည်တပ်ပေမယ့် တကယ့်ကဗျာမူရင်းမှာတော့ နာမည်တပ်ထားရဲ့လားဆိုတာ မသေချာဘူး၊ ဒီကဗျာမှာ လူတော်တော်များများ မှတ်မိနေတဲ့ စာသားလေးက The Child is Fater of the Man ဆိုတာလေးပဲ။ ငယ်ရာကသာ ကြီးလာကြရတာ ဆိုတဲ့ အဓိပ္ပာယ်မျိုးကို လှလှလေး ဖွဲ့ထားတာပါ။ ကဗျာရဲ့ ကျွန်တော်ခံစားမိတာကက သဘောဝလောကကရဲ့ အလှအပတရားတွေကို ရောင်စုံ သက်တန့်ကြီးတစ်ခုနဲ့ တင်စားဖွဲ့ဆိုထားတဲ့ပုံပဲ၊ ကဗျာဆရာက သက်တန့်ကြီးကိုများ မြင်လိုက်ရပြီလားဆိုရင် ရင်တွေခုန်ပြီး ပျော်နေတော့တာပဲတဲ့၊ ငယ်ငယ်တုန်းကလည်း ဒီလိုပျော်တာပဲ၊ အခုလည်း ဒီလိုပျော်နေတုန်းပဲ၊ နောင် အဖိုးကြီးဖြစ်သွားရင်လည်း ဒီလိုပဲ ပျော်နေမှာပဲတဲ့၊ တကယ်လို့သာ မပျော်တော့ဘူးဆိုရင်လည်း သူသေသွားလို့သာဖြစ်မယ်တဲ့။ အဲဒါ ငယ်ငယ်တုန်းက ဒီလို သဘောကျခဲ့လို့ အခုလည်း သဘောကျနေတာပါတဲ့၊ သူ့ရဲ့ နေ့စဉ်ဘ၀ကြီးကို သဘာဝလောက အလှတရားတွေနဲ့ တစ်သားတည်း ဖြစ်နေချင်ပါတော့တယ်တဲ့။ ဒါကတော့ ကိုယ်ခံစားမိသလိုလေး ပြန်ရေးပြတာပါ၊ တစ်ချို့ ကဗျာချစ်သူတွေအတွက်ကျတော့လည်း ဒီလိုခံစားမိတာမျိုး ဟုတ်ချင်မှ ဟုတ်မှာကိုး . . .
.
. . . ပန်းပွင့်လေးကို မမွေးခင် ပန်းပွင့်လေးမေမေနဲ့ ပထမဆုံး နေခဲ့တဲ့ မေတ္တာရိပ်မြုံလေးမှာ ကျွန်တော်သိပ်ကြိုက်တဲ့ သက်တန့်ကဗျာလေးရှိတယ်။ ဧည့်ခန်းကျယ်ကြီးရဲ့ နံရံတစ်ခုပေါ်မှာ သက်တန့်ကဗျာလေးကို ရောင်စုံသက်တန့်ကြီးနဲ့အတူ ကျွန်တော့်ညီတော်မောင်တွေက စိတ်ရှည်လက်ရှည် ဖန်တီးပေးထားကြတာပါ။ အဲသည်သက်တန့်ကဗျာလေးကို သူတို့တွေ လွယ်လွယ်ကူကူ ဖန်တီးခဲ့ကြရတာတော့ မဟုတ်ပါဘူး၊ ပထမဆုံး သက်တန့်ကဗျာမှာပါတဲ့ အက္ခရာတွေအကုန်လုံးကို ရောင်စုံစတစ်ကာတွေနဲ့ဖောက်ပြီး နေရာတကျ လှလှပပ ကပ်ရတယ်။ သူတို့ခမျာ အစ်ကိုကြီးကို ချစ်တဲ့စိတ်နဲ့သာ လုပ်ကြရှာတာနေမှာ သူတို့အိမ်သူတို့တောင် အဲသည်လောက် အသေးစိတ်လက်ဝင်တဲ့ အလှဆင်မှုမျိုး လုပ်ကြပါ့မလားမသိဘူး။ အဲသည် သက်တန့်ကဗျာလေးဟာ နောက်လူတွေ လာနေကြတော့တဲ့အခါမှာလည်း သူတို့လည်း သဘောကျတာနဲ့ ဆက်ပြီး ထိန်းသိမ်းထားကြတယ်လို့ပြောတယ်။ အဲသည်အိမ်လေးကို တစ်ခေါက်လောက်တော့ ပြန်သွားကြည့်ချင်တယ်။ အဲသည် သက်တန့်ကဗျာ နံရံကြီးရှေ့မှာ ကျွန်တော်ရယ် ပန်းပွင့်လေးမေမေရယ် ပန်းပွင့်လေးရယ် စိတ်ရှည်လက်ရှည် ဖန်တီးပေးခဲ့ကြတဲ့ ညီတော်မောင်တွေရယ် အမှတ်တရ ပြန်ဆုံကြချင်ပါသေးတယ်၊ သက်တန့်ကဗျာလေးကို ဖတ်ရတိုင်း သက်တန့်ကြီးကို မြင်ရတိုင်း သက်တန့်ကဗျာနံရံကြီးရှိတဲ့ ပထမဆုံး မေတ္တာရိပ်မြုံလေးရယ်၊ ပန်းပွင့်လေးမေမေနဲ့ နေခဲ့ကြတဲ့ ပျားရည်ဆမ်းနေ့ရက်များရယ်၊ ပြီးတော့ ကျွန်တော့်စိတ်ကူးတွေကို တကယ်ဖြစ်အောင် ဖန်တီးပေးခဲ့ကြတဲ့ ညီတော်မောင်တွေရယ်ကိုလည်း ပြန်လွမ်းမိပါတယ် . . .
.
. . . နောက်တစ်ပုဒ်ကတော့ Daffodil ဆိုတဲ့ ကဗျာလေး၊ ဒီကဗျာက နည်းနည်းတော့ ရှည်တယ်။ ကဗျာဆရာက တစ်ယောက်တည်း အထီးကျန် လေလွင့်သလို လျှောက်သွားနေတုန်းမှာ Daffodil ပန်းခင်းကြီးတွေ့လိုက်ရတော့ သူ့ရဲ့ အထီးကျန်စိတ်အားငယ်တာတွေ ပျောက်သွားပြီး ကြည်နူးရွှင်ပျလာတယ်ဆိုတဲ့ သဘောမျိုး ခံစားမိပါတယ်။ ဒီကဗျာကို ငယ်ငယ်ကလေးထဲက ကြိုက်ခဲ့ပေမယ့် ကဗျာထဲက ပန်းဆိုတာကိုတော့ တစ်ခါမှ မမြင်ခဲ့ဖူးဘူး၊ Daffodil ပန်းကို စသိလိုက်တဲ့ အချိန်ကတော့ ကောင်းသောသိခြင်းနဲ့ သိခဲ့ရတာတော့ မဟုတ်ဘူး၊ ၂၀၀၈ မြန်မာ့ကမ်းရိုးတန်းကို အသေအပျောက်များလှတဲ့ မုန်တိုင်းတစ်ခုမွှေတော့ မုန်တိုင်းနာမည်က နာဂစ် ဆိုတာ ကျွန်တော် ကဗျာတွေ စကြိုက်တတ်ကတည်းက တိတ်တိတ်ကလေး ဘုမသိဘမသိ စွဲလန်းခဲ့ရတဲ့ Daffodil ပန်းဆိုတာ ထိတ်လန့်တကြား သိလိုက်ရတယ်။ ဟင်ဒီဘာသာစကားနဲ့ နာဂစ်ဆိုတာ အင်္ဂလိပ်လို Daffodil တဲ့၊
.
. . . Daffodil ပန်းကိုတော့ ဂျပန်ပြည်ကျမှ အပြင်မှာ မြင်ဖူးတာ။ ဆောင်းနှင်းတွေ ပျော်ကျလို့ နွေဦးပေါက်လာပြီလားဆိုရင် နှင်းဖုံးထားတဲ့ မြေကြီးအောက်က ပုန်းနေတဲ့ သစ်ပင်လေးတွေ အညွှန့်တလူလူ တက်လာပြီး ပန်းရောင်စုံ ပွင့်ကြတာကိုး၊ ဒီအထဲမှာမှ ကျွန်တော့်ရဲ့ အသည်းကျော် Daffodil ပန်းလေးတွေ မြေကြီးထဲက ထွက်လာတာ၊ အညွန့်လေးတွေ ဝေလာတာ၊ အဖူးလေးတွေ ဆင်လာတာ၊ အပွင့်လေးတွေ အာလာတာကို နွေဦးပေါက်တိုင်း စောင့်ကြည့်နေခဲ့ဖြစ်တာ သုံးကြိမ်သုံးခါတောင် ရှိသွားပြီဆိုပါတော့ . . .
.
. . . ကဗျာဆိုရင် တက္ကသိုလ်ဘုန်းနိုင်ဝတ္ထုတစ်ပုဒ်ထဲမှာပါတဲ့ လွမ်းပျော်မွေ့ကြီးဆိုတဲ့ကဗျာကို သိပ်ကြိုက်တာပဲ။ ပန်းချီထူးနဲ့နွေဦးရေ ၀ါရွှေရွှေ ဟောဟိုတောက ကြွေလွင့်သူ ရွက်နှင့်ရောလို့ မှုန်ပြာရီလေနယ်ကြောမှာ မျောပျောက်တော့မလား ဖန်တီးရှင် ဆိုတဲ့ ကဗျာလေး၊ အဲသည်ဝတ္ထုထဲမှာပဲ အချိန်ဆိုတဲ့ ဂျစ်ပစီ အဘိုးအို ဆိုတဲ့ ကဗျာလေးတစ်ပုဒ်လည်း ပါသေးတယ်။ လှည့်လည်သွားလာနေတတ်တဲ့ ဂျစ်ပစီတွေ သူတို့ရွာနားမှာ လာစခန်းချကြပြီဆိုရင် ဆိုကြကကြ ပျော်ကြရွှင်ကြနဲ့မို့ သူတို့ရှိရင် ပျော်နေတာမို့ ဘယ်ကိုမှ ဆက်မသွားစေချင်တော့တဲ့အကြောင်း ရေးထားတဲ့ ကဗျာလေး၊ ဒါပေမယ့် ကဗျာဆရာရဲ့ ဆန္ဒက ဘယ်မှာ ပြည့်နိုင်ပါ့မလဲ။ လှည့်လည်သွားနေတဲ့ ဂျစ်ပစီတွေ သူတို့ရွာနားမှာ ဘယ်လိုလုပ် အမြဲတမ်းနေနိုင်ပါ့မလဲ။ ကဗျာဆရာကလည်း သူတို့ မနေနိုင်မှန်း သိပေမယ့် သူလည်း သူ့ရင်ထဲက ဆန္ဒလေးကို ပြောကြည့်တဲ့ သဘောနေမှာပါ။ ကိုယ်ချစ်ခင်မြတ်နိုးတဲ့သူတွေ ရင်းနှီးခင်မင်ကြသူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေခွင့်ရချိန်တိုင်းမှာ အဲသည်ကဗျာလေးကို သတိရမိတယ်။ ကဗျာထဲကလိုပဲ သွားချိန်တန်သွားကြမယ့် ဂျစ်ပစီတွေကို ဒီမှာပဲ နေလိုက်ပါတော့လား ပြောသလို ချစ်ခင်ကြင်နာသူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေရသခိုက် အချိန်လေးကို အမြဲတမ်းရှိပါစေလို့ တောင့်တမိတယ်၊ ဒါပေမယ့် ဘယ်မှာ ပြည့်နိုင်ပါ့မလဲလေ၊ ဂျစ်ပစီကြီးတွေက သူတို့ကြောင့် ဘယ်လောက်တောင် ပျော်စရာကောင်းပါတယ်ပြောပြော အချိန်တန်တော့လည်း သူတို့လမ်းသူတို့ သွားကြတာပဲ မဟုတ်လား . . .
.
. . . ခေတ်တွေ ဘယ်လောက်ပြောင်းပြောင်း ကျွန်တော်ကတော့ ဘယ်ကိုသွားသွား ဒီကဗျာစာအုပ်တွေကို ပါအောင်သယ်တုန်း။ အင်တာနက်မှာ တစ်ချက်လောက် ခေါက်လိုက်ရင် ကိုယ်ကြိုက်တဲ့ ကဗျာတွေ စာတွေ အလွယ်တကူ ဖတ်လို့ ရနေတဲ့ အချိန်ကြီးမှာတောင် ဒါတွေကို အလေးခံပြီး သွားလေရာ သယ်နေမိတုန်း၊ ဒီကဗျာလေးတွေရဲ့ အငွေ့အသက်အရသာဟာ ဒီစာအုပ်လေးတွေကို ကိုင်ဖတ်ရမှပဲ ပိုပြီးပြည့်စုံသလို ခံစားမိနေတုန်း . . .
.
. . . သမုဒယသစ္စာအရင်းတည်လို့ ဒုက္ခသစ္စာကြွင်းလေတယ်ဆိုတာလိုပဲ တကယ်တမ်းကျတော့ ဆယ်ကျော်သက်စအရွယ် ရင်ခုန်တတ်စအရွယ်ကတည်းက မြတ်နိုးစုံမက်ခဲ့ရတဲ့ ဒီလို သက်မဲ့စာအုပ်လေးတွေ ကဗျာလေးတွေကိုတောင် ဒီလောက်အထိ ခုံခုံမင်မင် တွယ်တာတတ်နေတုန်းဆိုတော့ . . .

No comments:

Post a Comment