Wednesday 29 March 2017

ပင်လယ်ထဲက ရှင်တိုဗိမာန်တံခါးဝ


. . . ရှင်တိုဘာသာဝင်တွေရဲ့ အထွတ်အမြတ် ဗိမာန်တွေ အ၀င်ဝမှာ တွေ့ရလေ့ရှိတဲ့ တိုရီလို့ခေါ်တဲ့ ဂျပန်ရိုးရာအ၀င်တံခါးတွေကို ကုန်းပေါ်မှာသာ တွေ့ရလေ့ရှိပေမယ့် ဂျပန်ရှုခင်းတွေထဲမှာ ခဏခဏ မြင်နေရတဲ့ ပင်လယ်ထဲက တိုရီကို စိတ်ဝင်စားနေခဲ့တာ ကြာပါပြီ။ ဒီတစ်ခေါက် ဟီရိုရှီးမား ခရီးစဉ်ကျမှပဲ ရောက်ဖြစ်ပါတော့တယ်။ ဂျပန်နိုင်ငံကို ဖွဲ့စည်းထားတဲ့ အဓိက ကျွန်းကြီးလေးကျွန်း ရှိတဲ့အနက် ကျွန်းမကြီး ဟွန်ရှူးကျွန်းရဲ့ တောင်ဘက် အစွန်နားက ရှီကိုးကူးနဲ့ ကျူးရှူးကျွန်းတို့ ဆုံရာ ဆာတိုဝူချီလို့ခေါ်တဲ့ အတွင်းပိုင်းပင်လယ်ထဲက ဟီရိုရှီးမား ပင်လယ်အော်ထဲမှာ ရှိပါတယ်။ ကျွန်းသုံးခု ဆုံရာဆိုပေမယ့် ကျွန်းမကြီးနဲ့ကပ်လျက်မှာ ရှိနေတဲ့ အစ်ဇူကူရှီးမားကျွန်းငယ်လေးမှာ အဲသည်ရှင်တိုဗိမာန် တည်ရှိပါတယ် . . .
.
. . . အစ်ဇူကူရှီးမား Itsukushima (厳島) ဆိုတာ အခုပြောပြမယ့် ရှင်တိုဗိမာန်ရဲ့ နာမည်ဖြစ်ပေမယ့် အဲသည်နေရာကို မီယာဂျီးမား Miyajima (宮島) လို့ပဲ လူသိများပါတယ်။ အဓိပ္ပာယ်က ရှင်တိုဗိမာန်ရှိသောကျွန်း ဖြစ်ပါတယ်။ ရှင်တိုဗိမာန်အ၀င်တံခါးက ကုန်းပေါ်မှာ မရှိဘဲ ရေထဲမှာ ရှိနေရတဲ့အကြောင်းကတော့ ဗိမာန်ကို ပင်လယ်ဘက် မျက်နှာမူပြီး ပင်လယ်ကမ်းစပ်ရေထဲမှာ ဆောက်လုပ်ထားလို့ ဖြစ်ပါတယ်။ ရေထဲကနေ လှေတွေဘာတွေနဲ့ လာကြတဲ့သဘောထင်ပါရဲ့။
.
. . . အဲသည်ကို သွားချင်ရင်ကျွန်းမကြီးကနေ အချိန်မှန် ခေါက်ပြန်ဆွဲနေတဲ့ ကူးတို့သင်္ဘောနဲ့သွားရတာပါ။ ပင်လယ်ကို ဖြတ်တဲ့အချိန်မှာ ပင်လယ်ရေက စိမ်းကြည်နေတာ၊ ပတ်ဝန်းကျင်က ကျွန်းတွေပေါ်က တောင်တောစိမ်းစိမ်းမို့မို့တွေ မြင်ရတာလည်း တကယ်ကို စိတ်ကြည်လင်လန်းဆန်းစေပါတယ်။ ကျွန်းပေါ်ရောက်တဲ့အခါ ကူးတို့သင်္ဘောပေါ်က ဆင်းပြီး ပင်လယ်ကမ်းစပ်တစ်လျှောက် လမ်းလျှောက်ပြီး ရှင်တိုဗိမာန်ကို သွားရပါတယ်။ အဲသည်ဗိမာန်ကို ဆောက်ခဲ့တာ ဘီစီခြောက်ရာစုလောက်ကတည်းကလို့ ဆိုပေမယ့် အကြိမ်ကြိမ်ဖျက်ဆီးခံရလိုက် ပြန်ဆောက်လိုက်နဲ့မို့ အခုမြင်ခဲ့ရတာကတော့ ရှေးဟောင်းပုံစံဆိုပေမယ့် သစ်လွင်တောက်ပနေတာကို သတိထားမိခဲ့ပါတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်က ဒီရေအတက်ဆုံးအချိန် ဖြစ်နေတော့ ဗိမာန်ကြမ်းပြင်နားအထိကို ရေကရှိနေပြီး အ၀င်တံခါးကလည်း ရေလည်ခေါင်ရောက်နေပါတယ်။ ဒီရေကျတဲ့အချိန်ဆိုရင်တော့ အဲသည် တိုရီတံခါးနားအထိအောင် သဲသောင်ဖြတ်ပြီး လမ်းလျှောက်လို့ရတာကိုလည်း တွေ့ခဲ့ရပါတယ်။
.
. . . ယုံတမ်းစကားတစ်ခုရှိခဲ့တာက အဲသည်ဗိမာန်ကို သမီးရည်းစားလင်မယားတွေ သွားရင် ကွဲတတ်တယ် ဆိုတာပါပဲ။ ကျွန်းပေါ်က နတ်ဘုရားမက သူများတွေ သာယာကြည်နူးနေရင် မနာလို ဖြစ်တတ်တာကြောင့်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီခေတ်ဒီအခါမှာတော့ အဲဒါတွေ မရှိတော့သလိုပါပဲ။ ရှင်တိုဗိမာန်မှာ မင်္ဂလာဆောင်လာလုပ်ကြတာတောင်ရှိကြပါတယ်။ ကျွန်တော်တို့ရောက်နေတုန်း ဂျပန်မင်္ဂလာစုံတွဲတစ်တွဲက မိသားစုအစုံအလင်နဲ့ ဓာတ်ပုံရိုက်မှတ်တမ်းတင်နေတာ တွေ့ခွင့်ကြုံခဲ့ပါသေးတယ်။ နောက်ထူးခြားတာ တစ်ခုက တစ်ကျွန်းလုံးမှာ သမင်တွေ ပေါတာဖြစ်ပါတယ်။ သမင်ထီးတွေကို ဦးချိုတွေဖြတ်ထားပြီး လူတွေနဲ့လည်း တော်တော်ယဉ်ပါးတာ တွေ့ပါတယ် . . .
.
. . . အဲသည်မှာ နာမည်ကြီးတဲ့ မုန့်ကတော့ မိုမင်ဂျီမန်ဂျူ လို့ခေါ်တဲ့ ကရေကယာလို မုန့်တစ်မျိုးဖြစ်ပါတယ်။ မိုမင်ဂျီ momiji (紅葉) ဆိုတာ ဆောင်းဦးရွက်ကြွေရာသီမှာ အရောင်ပြောင်းတဲ့အခါ သိပ်လှတဲ့ မေဘယ်ရွက်ကိုခေါ်တာဖြစ်ပြီး မန်ဂျူ Manjū (饅頭, まんじゅう) ဆိုတာ ဂျပန်ရိုးရာ အဆာသွတ်ကိတ်မုန့်မျိုးကို ပြောတာပါ။ မိုမင်ဂျီမန်ဂျူဆိုတာကတော့ မေဘယ်ရွက်ပုံ ကိတ်မုန့်ဖြစ်ပါတယ်။ နောက်တစ်မျိုး နာမည်ကြီးစားစရာကတော့ အဲသည်ပင်လယ်အော်ထဲမှပဲ ဖောင်တွေနဲ့ မွေးတဲ့ ကမာကောင်ဟင်းလျာဖြစ်ပါတယ်။
.
. . . ကျွန်တော်တို့ကို လိုက်ရှင်းပြပေးတဲ့ ဧည့်လမ်းညွှန်က အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလိပ်စာဆရာ အငြိမ်းစားတစ်ယောက်ပါ။ အဖိုးတစ်ယောက်က မြေးတွေကို ဘုရားလိုက်ပို့သလိုမျိုး စိတ်ရှည်ရှည်နဲ့ ရှင်းပြရှာပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့တွေက လူငယ်ပီပီ ရှင်းပြတာနားမထောင်ဘဲ ဓာတ်ပုံရိုက်ဖို့ပဲ ဇောကပ်နေရင်လည်း သူရှင်းပြဖို့ရှိတဲ့နေရာကနေ စိတ်ရှည်ရှည်နဲ့ စောင့်ပေးနေတတ်ပါတယ်။ အပြန်ကားပေါ်မှာ စကားစမြည်ပြောကြပြီး ဘူတာအပေါ်ထပ်အထိကို လိုက်လာနှုတ်ဆက်ရှာပါတယ်။ သူတို့က ဧည့်လမ်းညွှန်အဖြစ် အသက်မွေးဝမ်းကျောင်း လုပ်နေတာမဟုတ်ဘဲ အငြိမ်းစားဘ၀မှာ စိတ်ပြေလက်ပျောက်လိုက်လုပ်ပေးနေကြသူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို တစ်မနက်လုံး တစ်နေ့လည်လုံး လိုက်ရှင်းပြတဲ့အတွက် ကျွန်တော်တို့တည်းတဲ့ စန်တာတာ သူတို့ကို ထမင်းနှစ်နှပ်စာ လက်မှတ်လေးတွေ ပေးပါသတဲ့ . . .
.
၂၉ မတ်လ ၂၀၁၇

မီယာဂျီမားဓမ္မသဘင်


. . . အပြန်လမ်း ကားပေါ်မှာ အတူထိုင်မိတော့ စကားစမြည် ပြောကြတဲ့အခါ ထုံးစံအတိုင်း သူ့အကြောင်း ကိုယ့်အကြောင်း ပြောကြတာပေါ့။ အသက်က ၇၈ နှစ်ရှိနေပြီဆိုတော့ အလုပ်က အငြိမ်းစားယူပြီးတဲ့အရွယ်မို့ အရင်က ဘာအလုပ်လုပ်ပါသလဲမေးတော့ ဘယ်လိုထင်လဲဆိုတဲ့ မေးခွန်းပြန်လာပါတယ်။ အဘိုးတစ်ယောက်က မြေးတွေကို ဘုရားလိုက်ပို့သလို ကျွန်တော်တို့အပေါ် ကြင်ကြင်နာနာနဲ့ စိတ်ရှည်လက်ရှည်ရှိလှတာကို အကဲခတ်မိပြီး ကျောင်းဆရာလုပ်ခဲ့သလားဆိုတော့ မှန်ပါတယ်တဲ့။ ဘာကြောင့် ကျောင်းဆရာလို့ ခန့်မှန်းလိုက်သလဲ မေးတာကို ပြန်ဖြေရာကနေ မြန်မာ့လူ့အဖွဲ့အစည်းက တန်ဖိုးထားတဲ့ အနန္တောအနန္တငါးပါးအကြောင်းကို စကားကရောက်သွားပါတယ်. . .
.
. . . အနန္တောအနန္တ ဆိုတဲ့အဓိပ္ပာယ်က ကျေးဇူးအဆုံးအပိုင်းအခြားမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ကြောင်း၊ ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ကျေးဇူးအဆုံးအပိုင်းအခြားမရှိ တင်ထိုက်တဲ့ ပုဂ္ဂိုလ်ငါးယောက် (Entities) ရှိကြောင်း ဘုရား၊ တရား၊ သံဃာ၊ မိဘနှစ်ပါးနဲ့ မိမိတို့အပေါ် တစ်ကြိမ်တစ်ခါမျှပင်ဖြစ်လင့်ကစား သင်ကြားပြသပေးသူ ဆရာသမားတို့ဖြစ်ကြောင်း ရှင်းပြဖို့ ကြိုးစားခဲ့ပါတယ်. . .
.
. . . ဇန် ဘာသာတရားနဲ့ နီးစပ်တဲ့ သူတစ်ဦးဖြစ်လို့ ဗုဒ္ဓအကြောင်းကို အကျယ်တ၀င့်ရှင်းပြစရာ မလိုခဲ့ပေမယ့် ဓမ္မ ဆိုတဲ့ အဓိပ္ပာယ်ကိုတော့ တော်တော်လိပ်ပတ်လည်အောင် ရှင်းပြခဲ့ရပါတယ်။ ဓမ္မဆိုတာ ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့တဲ့ သင်ကြားချက်တွေ ဆိုလိုတာဖြစ်ကြောင်း၊ ထင်သာမြင်သာပြောရရင် ခရစ်ယာန်ဘာသာရေးမှာရှိတဲ့ သမ္မာကျမ်းစာလို သဘောမျိုးဖြစ်ကြောင်း၊ သို့သော်လည်း စာအုပ်လို စာလုံးတွေလိုမျိုးကို ဆိုလိုတာမဟုတ်ဘဲ ဘုရားရှင်ဟောကြားခဲ့တဲ့ လောကီလောကုတ္တရာ နှစ်ဖြာကောင်းကျိုးရရှိဖို့ ဘ၀မှာ နေနည်း တွေးနည်း စိတ်ထားနည်းတွေကို ဆိုလိုခြင်းဖြစ်ကြောင်း၊ အရင့်အရင်တုန်းက ဘုရားရှင်ရဲ့ သင်ကြားချက်တွေကို နှုတ်တိုက်အာဂုံဆောင်ပြီး မျိုးဆက်တစ်ခုကနေ တစ်ခု လက်ဆင့်ကမ်းခဲ့ရကြောင်း၊ အခုလို ခေတ်မီ မှတ်တမ်းပြုနည်းပညာတွေ ထွန်းကားနေတဲ့ ခေတ်ကြီးမှာတောင် နှုတ်တိုက်အာဂုံဆောင် မှတ်သားမှုကို ဆက်လက် တန်ဖိုးထားနေဆဲဖြစ်ကြောင်းတွေကို တတ်သလောက်မှတ်သလောက် ရှင်းပြလိုက်တော့မှဘဲ သူလည်း နားလည်သွားတယ်လို့ ပြောပါတယ် . . .
.
. . . သံဃာ ဆိုတဲ့ အဓိပ္ပာယ်ကို ရှင်းပြဖို့ စကားလုံး ရှာနေတုန်းမှာပဲ သူက (Principle of the Buddha) လားလို့ မေးလို့တော့ ကျွန်တော်က ၀မ်းသာအားရ ဟုတ်တယ်လို့ ဖြေခဲ့ပါတယ်။ ရဟန်းတော် (Monk) ဆိုတာက တစ်ဦးချင်းတစ်ယောက်ချင်းကို ရည်ညွှန်းချက်ဖြစ်ပြီး သံဃာ (Sangha) ဆိုတာကတော့ ဘုရားရှင်ချမှတ်ထားတဲ့ စည်းမျဉ်းဘောင်ထဲမှာ အချိန်ပြည့် ဘ၀ကိုမြှပ်နှံပြီး ဘုရားရှင်ရဲ့ ဓမ္မတွေကို သင်ယူသင်ကြားခြင်း၊ တရားတော်များကို ကျင့်သုံးပြီး လောကထွက်ရပ်လမ်းကို လျှောက်လှမ်းခြင်းနဲ့ အဆုံးအမတရားတော်တွေ ပြန့်ပွားအောင်ဆောင်ရွက်ခြင်းတို့ကို ပြုတော်မူနေကြတဲ့ ရဟန်းတော်အဖွဲ့အစည်း (Institution) ကို သံဃာလို့ခေါ်တာဖြစ်ကြောင်း၊ အကျင့်သီလစင်ကြယ်မြင့်မြတ်ပြီး သံသရာမှ လွတ်မြောက်ရာ အဆင့်တစ်ဆင့်ဆင့်ကို ရောက်နေတဲ့ ရဟန်းတော် (အရိယာ) ပင်ဖြစ်စေ၊ သံသရာမှ လွတ်မြောက်ရာ အဆင့်တစ်ဆင့်ဆင့်ကို မရောက်ရှိသေးသော အကျင့်သီလ စင်ကြယ်မြင့်မြတ်ခြင်း မရှိသော သာမန်ရဟန်းတော် (သမုတိ)ပင်ဖြစ်စေ လူ့အဖွဲ့အစည်းက သံဃာတော်အဖြစ် ရည်မှတ် အလေးအမြတ်ပြုကြတယ်လို့ ရှင်းပြခဲ့ပါတယ် . . .
.
. . . မိဘနဲ့ ဆရာသမား ဆိုတာကို အထွေအထူး ရှင်းပြဖို့ မလိုပေမယ့် ဆရာဆိုတဲ့ သဘောတရားမှာ မိမိကို တစ်ကြိမ်တစ်ခါမျှပင် သင်ကြားပြသခဲ့ဖူးသူကို အာစရိယဂိုဏ်းဝင်အဖြစ် အသိအမှတ်ပြုကြောင်း၊ တမင်တကာ သင်ကြားခဲ့သည်ဖြစ်စေ၊ တမင်တကာ မသင်ကြားသော်လည်း မိမိအနေနဲ့ တစ်လုံးတစ်ပါဒ မှတ်သားနာယူဖူးခဲ့သူဖြစ်စေ မိမိအပေါ်ကျေးဇူးရှိတဲ့ ဆရာအဖြစ် သိမှတ်တဲ့အကြောင်းလည်း ရှင်းပြခဲ့ပါတယ်။ ကျွန်တော် အဲဒါတွေကို ရှင်းပြနေတုန်း သူ့ရဲ့ မှတ်စုစာအုပ်လေးထုတ်ပြီး လိုက်မှတ်နေလို့ ပိုပြီးတောင် ဂရုတစိုက် အလေးအနက်ပြောပြဖြစ်ခဲ့ပါတယ်။ ကိုယ်သိသလောက်ပေါ့လေ . . .
.
. . . ဟီရိုရှီးမားဘူတာရောက်တော့ ကျွန်တော်တို့ ကျည်ဆန်ရထားစီးမယ့် စင်္ကြန်အထိ လိုက်လာပြီး စကားတွေပြော နှုတ်ဆက်ရှာပါတယ်။ တစ်နေ့တာ ဘုရားလိုက်ပို့ခဲ့တဲ့ အဘိုး၊ သူရှင်းပြတာကို နားထောင်ထောင်ချင်ချင် မထောင်ထောင်ချင်ချင် စိတ်ရှည်လက်ရှည်နဲ့ ပြောပြတတ်တဲ့အဘိုး၊ ကျွန်တော်တို့က ဓာတ်ပုံရိုက်ဖို့ပဲ ဇောကပ်နေရင်တောင် သူရှင်းပြဖို့ လိုတဲ့ နေရာလေးကနေ စိတ်ရှည်ရှည် ရပ်စောင့်နေတတ်တဲ့ အဘိုးအီမာနို တစ်ယောက် သူချစ်တဲ့ သားတွေမြေးတွေနဲ့ မကြာခဏတွေ့ခွင့်ရပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် . . .
.
၂၉ မတ်လ ၂၀၁၇

Monday 27 March 2017

過ちは 繰返しませぬから


ဒီလိုအမှားမျိုး ထပ်မဖြစ်စေရတော့ပါဘူး
.

. . . ကြိုးကြာငှက်ရုပ်လေးတွေရယ် ကလေးမလေးရဲ့ ဓာတ်ပုံလေးတွေရယ်ကိုလည်းကြည့်၊ ရှင်းပြနေတာကိုလည်း နားထောင်နေရင်း ဆာဒါကို ဆာဆာကီ 佐々木 禎子 ဆိုတဲ့ ကလေးမလေးကို စိတ်မျက်လုံးထဲ မြင်ယောင်မိနေပါတယ်။ ကြိုးကြာငှက်ရုပ်တစ်ထောင်ပြည့်အောင်ခေါက်ရင် သူနေပြန်ကောင်းလာပါစေလို့ ဆုတောင်းတာ ပြည့်တော့မှာဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ မရှိရှိတဲ့ စာရွက်လေးတွေရှာ၊ ဟိုအခန်းသည်အခန်းက လိုက်တောင်းထားတဲ့ ဆေးထုပ်တဲ့စက္ကူလေးတွေနဲ့ သူ့ခမျာ ငှက်ရုပ်လေးတွေ ခေါက်နေခဲ့ရှာတာ။ အရုပ်လေး တစ်ရုပ်ပြီးသွားတိုင်းပြီးသွားတိုင်း သူ့အတွက် မျှော်လင့်ချက်ရောင်ခြည် တစ်ချက် ပိုပိုလင်းလာခဲ့မယ့် ကလေးမလေးခမျာ ငှက်ရုပ်တစ်ထောင်မပြည့်မှာစိုးလို့ ရရာစာရွက်လေးတွေကို သေးသေးလေးတွေဖြတ်ရင်း စိတ်ရှည်လက်ရှည် ခေါက်နေခဲ့ရှာမှာပေါ့။ အရင်လို သူငယ်ချင်းတွေနဲ့ ပြေးလွှားဆော့ကစားရင်း ကျန်းကျန်းမာမာ ကြီးပြင်းလာခဲ့တဲ့ ဆာဒါကိုတစ်ယောက် ကျောင်းဆက်မတက်နိုင်ဘဲ ဆေးရုံပေါ်မှာပဲ နေနေရတော့ အားတဲ့အချိန်တိုင်းမှာ သူ့အခန်းဖော်ကပြောပြတဲ့ အိုရီဂါမီကြိုးကြာငှက်ရုပ်တစ်ထောင်ပြည့်အောင် ခေါက်ပြီးရင် လိုတဲ့ဆုကို တောင်းလို့ရတယ်ဆိုတဲ့ ပုံပြင်လေးကို နားထောင်ရင်း ငှက်ရုပ်ခေါက်နည်းလေး သင်ပြီး အားကြိုးမာန်တက် ခေါက်နေခဲ့ရှာမှာပေါ့ . . .
.
. . . ၁၉၄၅ ခုနှစ် သြဂုတ်လ ခြောက်ရက် တနင်္လာနေ့ ၊ ဟီရိုရှီးမားနွေရာသီရဲ့ သာယာတဲ့ မနက်ခင်းလေးဟာ အမေရိကန်စစ်တပ်က လာရောက်ကျဲချခဲ့တဲ့ နျူကလီးယားဗုံးပေါက်ကွဲမှုနဲ့ ကမ္ဘာပျက်ခဲ့ရပါတယ်။ ဗုံးတည့်တည့်ကျတဲ့နေရာနဲ့ တစ်မိုင်ကျော်မှာရှိတဲ့ အိမ်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းအိပ်ပျော်နေတဲ့ အသက်နှစ်နှစ်အရွယ် ဆာဒါကိုလေးဟာ အိမ်ကပြတင်းပေါက်တွေ ပွင့်ထွက်ပြီး ပစ္စည်းအပိုင်းအစတွေနဲ့အတူ အိမ်အပြင်ကို လွင့်ထွက်သွားခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ အသက်မသေတဲ့ သမီးလေးကို ပွေ့ချီရင်း အရူးမီးဝိုင်း ထွက်ပေးခဲ့ကြတဲ့ သားအမိနှစ်ဦးဟာ ဟီရိုရှီးမားမြို့က ကမ္ဘာပျက်နေတဲ့အထဲ ခြေဦးတည့်ရာပြေးနေကြတဲ့ လူတွေအားလုံးလိုပဲ ဗုံးပေါက်ကွဲမှုအပြီး နျူကလီးယားပြာတွေနဲ့ရောနှောရွာကျလာတဲ့ အက်ဆစ်မိုး မိခဲ့ကြပါတယ်။
.
. . . ဒါပေမယ့် ဆာဒါကိုလေးဟာ ပုံမှန်အတိုင်းကြီးပြင်းခွင့်ရလာခဲ့ပါတယ်။ ကျောင်းနေချိန်မှာကျောင်းနေ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကစားရင်း ကလေးငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုကို ခံစားနေစဉ်မှာပဲ အသက်ဆယ့်နှစ်နှစ်အရွယ်မှာ သွေးကင်ဆာရောဂါကို စဖြစ်ခဲ့တယ်။ ကျောင်းမသွားနိုင်တော့တဲ့ ဆာဒါကိုလေးဟာ ဆေးရုံမှာပဲ အချိန်ကုန်ရင်း ကြိုးကြာရုပ်လေးတွေခေါက်လို့ အသက်ဆက်ရှင်သန်ဖို့ မျှော်လင့်ချက်တွေကလည်း တလက်လက် တောက်ပလို့ပေါ့
.
. . . လူတိုင်းကတော့ ဆာဒါကိုတို့လို အကြာကြီး ရှင်သန်ခွင့် မရခဲ့ကြပါဘူး။ နျူကလီးယားဗုံးပေါက်ကွဲတဲ့ မနက် ရှစ်နာရီ ဆယ့်ငါးမိနစ်မှာပဲ ပေါက်ကွဲတဲ့အရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့အပူလှိုင်းဒဏ်၊ နျူကလီးယားဓာတ်ရောင်ခြည်သင့်မှုဒဏ်၊ အပြင်းထန်ဆုံးဆိုတဲ့ မုန်တိုင်းထက် ဆယ်ဆမက ပြင်းထန်တဲ့ ပေါက်ကွဲအားကြောင့်ဖြစ်ပေါ်လာတဲ့ အဆောက်အုံတွေ ပစ္စည်းပစ္စည်းယတွေ လွင့်ထွက်ထိခိုက်ဒဏ်တွေကြောင့် မြို့နေလူဦးရေရဲ့ သုံးဆယ်ရာခိုင်နှုန်းလောက်ဖြစ်တဲ့ လူပေါင်း သုံးသောင်းကနေ လေးသောင်းလောက်ထိဟာ ချက်ချင်း သေခဲ့ကြပါတယ်။ ပေါက်ကွဲချိန်မှာ ထွက်လာတဲ့ အပူချိန်ဟာ သုံးထောင်ကနေ လေးထောင် ဒီဂရီ စင်တီဂရိတ်တောင် ရှိတာမို့ သံအရည်ပျော်တဲ့ အပူရှိန်ထက် နှစ်ဆမက ပြင်းထန်ခဲ့တာပါ။ အပူချိန် ဘယ်လောက်တောင် ပြင်းထန်သလဲဆိုရင် ပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့ အလင်းရောင်ဟာ မပျက်မစီးကျန်နေခဲ့တဲ့ တစ်ချို့ကျောက်သား အဆောက်အအုံ အပိုင်းအစတွေပေါ်မှာ ဓာတ်ပုံရိုက်သလို အရိပ်ထင်ကျန်ရစ်ခဲ့အောင်ကို ပြင်းပါတယ်။ လူတစ်ယောက်ထိုင်နေတဲ့ လှေခါးလေးမှာ လူအရိပ်လေးထင်ကျန်နေခဲ့ပြီး ကျန်တဲ့နေရာက အလင်းရောင်နဲ့အပူရှိန်ကြောင့် အရောင်ပြောင်းသွားတာကို ပြတိုက်မှာတွေ့ခဲ့ရပါတယ်။ ဟီရိုရှီးမားမြို့မှာရှိတဲ့ အဆောက်အအုံ ကိုးဆယ်ရာခိုင်နှုန်းဟာ လွင့်စင်ပျက်စီးခဲ့ပြီး သစ်သားအိမ်များအားလုံး တစ်မုဟုတ်ချင်း ပြာဘ၀ရောက်ခဲ့ပါတယ်။ ငလျင်ဒဏ်ခံ ခိုင်ခိုင်ခံ့ခံ့ ဆောက်ထားတဲ့ အဆောက်အဦးတစ်ချို့သာ ပျက်စီးခြင်းများစွာနဲ့ ကျန်ခဲ့ပြီး အဲသည်အထဲက နျူဗုံးပေါက်ကွဲတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ တစ်ပိုင်းတစ်စ ကျန်ခဲ့တဲ့ အမိုးခုံးအဆောက်အအုံတစ်ခုကိုတော့ နောင်လာနောက်သားများ သိရှိမှတ်သားနိုင်အောင် ထိန်းသိမ်းထားရှိပါတယ်။
.
. . . စိတ်နဲ့တွေးကြည့်လို့ မရနိုင်လောက်အောင် ပြင်းထန်လွန်းလှတဲ့ ပေါက်ကွဲမှုကြီးကြောင့် တစ်မြို့လုံး အဆောက်အအုံတွေ လွင့်စင်ပြိုလဲ မီးလောင်ပြာကျ ဖြစ်နေတဲ့အထဲ ချက်ချင်းသေမသွားတဲ့ လူတွေရဲ့အဖြစ်ဟာ မှန်းဆလို့ မရနိုင်လောက်အောင်ကို ဆိုးရွားလွန်းလှပါတယ်။ မသေတဲ့လူတွေဟာ မီးတောက်အကြီးကြီးတစ်ခုထဲ ရုတ်တရက် ခုန်ဆင်းလိုက်ရသလို တစ်ကိုယ်လုံးမီးတွေလောင်ပြီး အရေပြားတွေလန်ပြန် အ၀တ်အစားတွေ မီးလောင်ပြီး အ၀တ်အစားတွေ ကိုယ်မှာကပ်လို့၊ အသားအရေတွေ အပူရှိန်ကြောင့် အဖတ်လိုက်ကွာကျလို့ အရှင်လတ်လတ် ငရဲကျသွားတဲ့ လူတွေဟာ အပူပြေလိုပြေငြားနဲ့ မြစ်ဆိပ်ရေဆိပ်ရှိရာကို အသက်လု ပြေးကြပါသတဲ့။ ဒီလူတွေလည်း သက်ဆိုးမရှည်ခဲ့ကြပါဘူး။ ဗုံးဒဏ်ခံရပြီး ငါးလအကြာ ၁၉၄၅ ဒီဇင်ဘာလကုန်မှာတော့ လူပေါင်း တစ်သိန်းလေးသောင်းကျော် သေဆုံးသွားခဲ့ပြီးဖြစ်ပါတယ်။ အသက်မသေ ကျန်ခဲ့တဲ့ သူတွေဟာလည်း ဓာတ်ရောင်ခြည်သင့်တဲ့ အကျိုးဆက်တွေကြောင့် သက်တမ်းစေ့မနေရတဲ့အပြင် မျိုးရိုးဗီဇကိုပါ ထိခိုက်ပြောင်းလဲသွားစေတဲ့ ကုသလို့မရတဲ့ ရောဂါတွေကို ခံစားရင်းသေကြရပါတယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လအထိ နျူဗုံးဒဏ်သင့်လို့ သေဆုံးခဲ့ရသူပေါင်း သုံးသိန်းကျော်တောင် ရှိသွားပါပြီတဲ့. . .
.
. . . အိုရီဂါမီ ကြိုးကြာလေးတွေ တစ်ထောင်ပြည့်အောင် အားကြိုးမာန်တက် ခေါက်နေရှာတဲ့ ဆာဒါကိုလေးဟာလည်း ဆုတောင်းမပြည့်ခဲ့ရှာပါဘူး။ လူကီးမီးယား သွေးကင်ဆာရောဂါနဲ့ အသက်ဆယ့်နှစ်နှစ်အရွယ်မှာ ဆာဒါကို သေဆုံးသွားတော့ ကြိုးကြာရုပ် ခြောက်ရာလေးဆယ့်လေးရုပ်ပဲ ခေါက်နိုင်ခဲ့ပါသေးသတဲ့။ ဒီအကြောင်းကို ကြားရတဲ့ ဆာဒါကိုရဲ့ ကျောင်းနေဘက် သူငယ်ချင်းတွေဟာ ဆာဒါကိုလေးအတွက် ကြိုးကြာရုပ်လေးတွေ တစ်ထောင်ပြည့်အောင်ခေါက်ပေးရင်း သူသေတော့ သူနဲ့အတူ ထည့်ပေးလိုက်ကြပါတယ်။ နောက်ပိုင်းမှာ ဆာဒါကို အမှတ်တရအနေနဲ့ ကြိုးကြာငှက်ရုပ်လေးတွေကိုင်ထားတဲ့ ဆာဒါကိုရုပ်တုလေးတွေ ၀ဲပျံနေဟန် အမိုးခုံးချွန်လေးထဲမှာ အိုရီဂါမီ ကြိုးကြာငှက်လေးနဲ့ချိတ်ထားတဲ့ ခေါင်းလောင်းလေးတစ်လုံးပါတဲ့ ကလေးငယ်များငြိမ်းချမ်းရေးအထိမ်းအမှတ်တစ်ခု တည်ဆောက်ထားရှိပါတယ်။ ကမ္ဘာအရပ်ရပ်က လာလည်ကြတဲ့သူတွေ ကလေးငယ်တွေ ကျောင်းသားကျောင်းသူတွေဟာ ဆာဒါကို ခေါက်လို့ မပြီးခဲ့တဲ့ ကြိုးကြာငှက်လေးတွေ ခေါက်ပြီး အမှတ်တရ ချိတ်ဆွဲကြပါတယ်
.
. . . နျူဗုံးဒဏ်ကြောင့် တစ်ပိုင်းတစ်စကျန်ခဲ့တဲ့ အမိုးခုံးအဆောက်အအုံရဲ့ ရှေ့က အိုတာမြစ် တစ်ဘက်ကမ်းမှာ ငြိမ်းချမ်းရေးပန်းခြံနဲ့ ပြတိုက်ရှိပါတယ်။ ပြတိုက်ထဲမှာတော့ နျူကလီးယားဗုံးဆိုတာ ဘယ်လိုဟာမျိုးလဲ ဘယ်လောက်ပြင်းထန်သလဲ လူတွေ ဘယ်လို သေကျေပျက်စီးကြသလဲ ဘယ်လောက်တောင် ကမ္ဘာပျက်မတတ် ဖြစ်ခဲ့ရသလဲ ဆိုတာကို ဓာတ်ပုံတွေ ရုပ်တုတွေ အသံတွေ အလင်းအမှောင်တွေ ရုပ်ရှင်ရုပ်သေတွေ အပျက်အစီးအပိုင်းအစတွေ စုတ်ပြတ်သတ်နေတဲ့ အ၀တ်အစားတွေ၊ ဆေးကုသမှု မှတ်တမ်းတွေ နဲ့ ဆာဒါကိုတို့လို သားကောင်ဘ၀ရောက်ခဲ့ရသူတွေရဲ့ ဇာတ်ကြောင်းလေးတွေနဲ့ ပြသထားရှိပါတယ်။ ပြကွက်တိုင်းမှာ လူက ရှင်းပြတာမဟုတ်ဘဲ ပြတိုက်ထဲ ၀င်ကတည်းက ပေးလိုက်တဲ့ စက်ကလေးက သက်ဆိုင်ရာပြကွက်တိုင်းမှာ ပြထားတဲ့ နံပတ်ကို နှိပ်လိုက်ရင် သက်ဆိုင်ရာဇာတ်ကြောင်းကို ရှင်းပြတာကို နားကျပ်လေးနဲ့ နားထောင်ပြီး တိတ်တိတ်ဆိတ်ဆိတ် ကြည့်ရှုခံစားရတာပါ။ ပြကွက်တစ်ခုချင်း သေချာကြည့်ရှုရင်း ရှင်းပြတာလေးကို နားထောင်နေရင်းနဲ့ နျူဗုံးဒဏ်သင့်ခဲ့ရသူတွေရဲ့ ဒုက္ခကို ကိုယ်ချင်းစာမိပါတယ်။ ဆာဒါကိုအကြောင်း ပြကွက်လေးကတော့ ရင်ထဲကို အရောက်ဆုံးပါပဲ။ ကိုယ့်သမီးလေးကို ချစ်တဲ့စိတ်နဲ့ ဆာဒါကိုဆိုတဲ့ ကလေးမလေးရဲ့အဖြစ်ကို ကိုယ်ချင်းစာကြည့်တဲ့အခါ နှလုံးသားထဲမှာ ကျင်ကနဲနေအောင် မျက်ရည်ကျမတတ် ခံစားရပါတယ်။ အခု ဒီစာရေးနေတဲ့ အချိန်မှာတောင်မှ ဆာဒါကိုရဲ့ အဖြစ်လေးကို တွေးမိပြန်တဲ့အခါ ရင်ထဲမှာ ဆို့နင့်နေရပြန်ပါတယ် . . .
.
. . . ပြတိုက်နဲ့ တစ်ဆက်တည်းမှာရှိတဲ့ ငြိမ်းချမ်းရေး ပန်းခြံထဲမှာ ဗုံးဒဏ်သင့်မြို့သူမြို့သားတွေရဲ့ တစ်ဦးချင်းနာမည်ကို မှတ်တမ်းတင်ထားတဲ့
ကျောက်သားထုကို ကျောက်သားအမိုးခုံးနဲ့ အုပ်မိုးထားပါတယ်။ အုတ်ဂူသဖွယ် ကျောက်သားထုမှာတော့ ဂျပန်အက္ခရာနဲ့ 安らかに眠って下さい 過ちは 繰返しませぬから လို့ ထွင်းထုထားပါတယ်။ အဓိပ္ပာယ်ကတော "ဗုံးဒဏ်ကြောင့် ကြွေလွင့်ခဲ့ကြသူများ စိတ်ချလက်ချ အနားယူကြပါတော့ ဒီလိုအမှားမျိုး နောက်တစ်ခါ ထပ်မဖြစ်စေရတော့ပါဘူး" လို့ ဆိုပါတယ်။ မလှမ်းမကမ်းမှာ ငြိမ်းချမ်းရေးမီးတောက်ကလေးတစ်ခု ထွန်းညှိထားပြီး ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက်တွေ ချုပ်ငြိမ်းတဲ့နေ့ မရောက်မချင်း ဒီမီးတောက်လေးကို ထွန်းညှိထားမယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးပန်းခြံထဲက အမိုးခုံးအုတ်ဂူရယ် ငြိမ်းချမ်းရေးမီးတောက်ရယ်ကို မြစ်တစ်ဘက်ကမ်းက ဗုံးဒဏ်သင့် အမိုးခုံးအဆောက်အအုံနဲ့ မျဉ်းတစ်ပြေးတည်း တည့်တည့်ကျအောင် ချိန်ရွယ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။
.
. . . မချီးမွမ်းပဲ မနေနိုင်လောက်အောင် အံ့သြစရာကောင်းတဲ့အချက်ကတော့ ဗုံးဒဏ်ကြောင့် တစ်မြို့လုံး ပျက်စီးခြင်းငါးပါးဆိုက်နေတဲ့အထဲ အသက်မသေဘဲ ကျန်ခဲ့ကြသူတွေဟာ သူတို့ လုပ်နိုင်တဲ့ ပြုပြင်ရှင်းလင်းမှုတွေကို လုပ်နိုင်တာနဲ့ ချက်ချင်းစလုပ် ထလုပ်ခဲ့ကြပါသတဲ့။ လောင်မီးကျ ပေါက်ကွဲ ဓာတ်ရောင်ခြည်သင့်ပြီး ပြာကျခဲ့တဲ့ မြို့ပျက်ကြီးထဲက ငရဲကျသလို မီးလောင်ပျက်စီးပေါက်ကွဲမှုဒဏ် ခံနေရတဲ့ မြို့သူမြို့သားများဟာ ကိုယ့်လုပ်အား ထိရောက်တယ် မထိရောက်ဘူးဆိုတာထက် ကိုယ်လုပ်လို့ရတာကို လုပ်မယ်ဆိုတဲ့စိတ်နဲ့ ဒဏ်ရာပေါင်းစုံနဲ့ လဲပြိုနေရာက ကုန်းရုန်းထပြီး လုပ်သင့်တယ်ထင်တာ လုပ်နိုင်တာတွေကို လူတိုင်းကိုယ်စီ လုပ်ခဲ့ကြပါသတဲ့။ ထင်ရှားတဲ့ ဥပမာတစ်ခု ပြောရရင် မြို့ရေပေးဝေစနစ် ကြီးကြပ်နေတဲ့ အရာရှိဟာ ဗုံးဒဏ်ကြောင့် ပျက်စီးသွားတဲ့ ရေပိုက်စနစ်တွေကို သူကိုယ်တိုင် ဒဏ်ရာအနာတရ ရနေတဲ့ကြားထဲက အသည်းအသန် လိုက်ပြင်နေပါသတဲ့။ ဒါကြောင့် မြို့ရဲ့ရေပေးဝေစနစ်ဟာ ပျက်စီးတန်သရွေ့ မပျက်စီးပဲ ဆက်လက်လည်ပတ်နေနိုင်ခဲ့ပါတယ်တဲ့။ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ မြို့ကြီးကို ပြန်လည်တည်ဆောက်ဖို့အတွက် စနစ်တကျ ဥပဒေတွေပြဌာန်း စီမံချက်တွေ ရေးပြီးလုပ်ကြတော့ အရင်ဗုံးဒဏ်ကြောင့် အိမ်ခြေယာခြေ ပျက်စီးဆုံးရှုံးခဲ့သူများက သူတို့ကောင်းမယ်ထင်တဲ့ နေရာလေးတွေမှာ အိမ်လေးတွေဆောက် ဆိုင်လေးတွေဖွင့် လုပ်ထားတာကို အမိန့်အာဏာအင်အားသုံး ဖယ်ရှားတာကိုလည်း မလုပ်မဖြစ် လုပ်ခဲ့ရပါသေးသတဲ့။ ဒီလိုတွေ ကြိုးစားခဲ့ကြလို့လည်း ဟီရိုရှီးမားမြို့ကြီးဟာ အခုချိန်မှာ မီးလောင်ရာက ပြန်ထလာတဲ့ ဇာမနီငှက်လို ခေတ်မီစည်ကား နည်းပညာတွေ ထွန်းကားတဲ့ မြို့ကြီးတစ်မြို့ဖြစ်နေပါပြီ . . .
.
. . . ဟီရိုရှီးမားမြို့သူမြို့သားတွေ ခံစားခဲ့ရတဲ့ နျူကလီးယားဗုံးပေါက်ကွဲမှုလို ဒဏ်ရာဒဏ်ချက်များကိုတော့ နောင်နောင် ဘယ်သူ့ဘယ်သူမှ ထပ်မံခံစားရခြင်း မရှိပါစေနဲ့လို့ ဆုတောင်းရင်း . . .
.
(၂၀၁၇ ခုနှစ် မတ်လ ၂၇ ရက်)

မီးလျှံကြားမှာ ပွင့်သည့်ကြာ


. . . ဟီရိုရှီးမားငြိမ်းချမ်းရေးပြတိုက်အထွက်မှာ ကျွန်တော့်တစ်ရပ်မကကြီးတဲ့ ဓာတ်ပုံကြီးတစ်ပုံ ချိတ်ထားပါတယ်။ ပြတိုက်ထဲက အနိဌာရုံတွေ မြင်ခဲ့ရလို့ စိတ်မချမ်းမမြေ့ ဖြစ်ခဲ့ရပြီးတဲ့နောက် ပြတိုက်အထွက်ပေါက်နားမှာ နောက်ဆုံးပြကွက်အနေနဲ့ အဖြူအမည်းဓာတ်ပုံကို ပြတိုက်လာသူတော်တော်များများ ဂရုပြုမိကြရဲ့လားတော့ မသိပါဘူး။ ကျွန်တော်ကတော့ ပြတိုက်အထွက်မှာ နောက်ဆုံးပြထားတဲ့ ဓာတ်ပုံဟာ အဓိပ္ပာယ်တစ်ခုခုတော့ ရှိရမယ်လို့ ယူဆပြီး သေသေချာချာ ကြည့်ဖြစ်ခဲ့ပါတယ်။ ပုံက အဖြူအမည်းဖြစ်နေတော့ ဆွဲဆောင်အားတော့ နည်းပါတယ်။ ဓာတ်ပုံအရည်အသွေးအရ အနုပညာလည်း သိပ်မြောက်လှတယ်လို့တော့ မခံစားမိပါဘူး။ ဒါပေမယ့် ရေးထားတာကို ဆက်မဖတ်ခင် ဓာတ်ပုံကို သေသေချာချာလေး ပြန်ကြည့်လိုက်ပါအုံးလား . . .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. . . ပုံကို သေချာကြည့်ကြည့်ရင် အပျက်အစီးတွေကြားထဲမှာ ပေါက်နေတဲ့ အပင်လေးတွေမှာ ပန်းလေးတွေ ပွင့်နေတာ တွေ့မှာပါ။ သာမန်အားဖြင့် ဒီလိုမြင်ကွင်းမျိုးက မထူးဆန်းလှပေမယ့် ဟီရိုရှီးမားမှာတော့ အဲသည်အချိန်အခါတုန်းက အင်မတန်ထူးဆန်းတဲ့ အဖြစ်ပါ။ ပုံမှာပါတဲ့ စာကို ဖတ်ကြည့်မိတယ်ဆိုရင် ဒီပုံက ဘယ်လိုအဓိပ္ပာယ်မျိုးဆောင်နေကြောင်း သဘောပေါက်သွားမှာ ဖြစ်ပါတယ် . . .
.
. . . အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ အဲသည်နေရာမျိုးမှာ နှစ်ပေါင်းခုနစ်ဆယ့်ငါးနှစ်လောက်၊ တစ်နည်းအားဖြင့် ရာစုနှစ်တစ်ခုရဲ့ လေးပုံသုံးပုံလောက်အထိ ဘယ်သစ်ပင်မှ ပြန်မပေါက်နိုင်ဘူးလို့ အဆိုရှိပါသတဲ့။ ဘယ်သူက ဘယ်လိုယူဆချက်တွေ တွက်ချက်မှုတွေနဲ့ ပြောခဲ့လဲတော့ မသိပါဘူး။ ဒီလိုသိမှတ်ထားကြတဲ့ အခြေအနေမှာ အနုမြူဗုံးဒဏ်ခံရပြီး နှစ်လလောက်နေတဲ့အခါကျတော့ ပုံထဲမှာပါတဲ့ အပင်လေးပေါက်လာပြီး ပန်းတွေပါ ပွင့်လာတာကို မှတ်တမ်းတင်ထားတာ ဖြစ်နိုင်ပါတယ်။ ဒီလို မျှော်လင့်ချက်တွေ ဝေးကွာနေတဲ့ အခြေအနေမျိုးမှာ မထင်မှတ်ဘဲ သစ်ပင်လေးတွေ ပန်းလေးတွေ ပေါက်လာတာ မြင်ရတော့ ဟီရိုရှီးမား မြို့သူမြို့သားတွေရဲ့ မျှော်လင့်ချက်တွေ ပိုမို လင်းလက်တောက်ပလာပြီး အနာဂတ်အတွက် စိတ်ဓာတ်ခွန်အားတွေ အများကြီး ဖြစ်စေခဲ့ပါသတဲ့. . .
.
. . . ဒီဓာတ်ပုံရဲ့ အရင်းအမြစ်ကို သေချာမသိခဲ့ပေမယ့် ဓာတ်ပုံက ပေးချင်တဲ့ သတင်းစကားက ဘာလဲဆိုရင် ဟီရိုရှီးမား မြို့တော်သားများဟာ တစ်မြို့လုံး မီးလောင်တိုက်အသွင်းခံရလို့ စိတ်ပိုင်း ရုပ်ပိုင်း ၀တ္ထုပစ္စည်းပိုင်းဆိုင်ရာတွေမှာ တော်တော်နဲ့ နလံပြန်မထူနိုင်လောက်ဘူးလို့ ထင်မှတ်စရာကောင်းတဲ့ အခြေအနေမှာ အချိန်တိုအတွင်း ပြန်လည်ရုန်းထရှင်သန်နိုင်ခဲ့တယ်ဆိုတာကို ပြောချင်တာလို့ ယူဆပါတယ်။ တကယ်တော့ ဒါဟာ ဟီရိုရှီးများ တစ်မြို့တည်းက ပေးတဲ့ သတင်းစကား မဟုတ်ပါဘူး။ ဂျပန်တစ်မျိုးသားလုံးက ဒီလိုရှိပါတယ်လို့ ပြောချင်တာဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒုတိယကမ္ဘာစစ်မှာ ဂျပန်က အကြွင်းမဲ့ လက်နက်ချ အညံ့ခံလိုက်ရတဲ့အချိန်၊ တစ်သက်လုံး နတ်ဘုရားတစ်ပါးလို ယုံကြည်ထားကြတဲ့ အင်ပါယာအရှင်သခင်က ရေဒီယိုကနေ ပြည်သူလူထုကို မိန့်ခွန်းပြောနေတာကို အရှင်လတ်လတ် ကြားလိုက်ရတဲ့ ဂျပန်တစ်မျိုးသားလုံးဟာ အံ့သြမှင်တက်မနေအားဘဲ စိတ်ဓာတ်ကျမနေအားဘဲ အပြစ်တင်စကားတွေ ပြောမနေအားဘဲ စည်းစည်းလုံးလုံးညီညီညွတ်ညွှတ် အသင်းအဖွဲ့ စိတ်ဓာတ်အပြည့်နဲ့ အဲသည်အချိန် အဲသည်အခါကစလို့ အနုတ်လက္ခဏာပြာပုံဘ၀ကနေ ကုန်းရုံး ထလာလိုက်တာ နှစ်ပေါင်းနှစ်ဆယ်စွန်းစွန်းအချိန် ၁၉၆၀ ပြည့်လွန်နှစ်များ တစ်နည်းအားဖြင့် ၁၉၆၈ ခုနှစ်မှာ ကမ္ဘာ့ဒုတိယ စီးပွားရေးအကောင်းဆုံးအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အပြင် အဲသည်အဆင့်ကိုလည်း နှစ်ပေါင်းများစွာ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါသတဲ့ . . .
.
(မတ်လ ၂၇ ရက် ၂၀၁၇)

Monday 20 March 2017

နွေဦးနေခြည် နွေးလုပြီ


春分の日 Vernal Equinox Day
.
. . . ဆောင်းနှင်းဝေ တစ်ရာသီလုံး ရှည်လျားနေခဲ့တဲ့ ညတာဟာ ဆောင်းနှောင်းကိုရောက်တာနဲ့အမျှ တဖြည်းဖြည်း အမှောင်ချိန် လျော့လျော့လာလိုက်တာ ဒီကနေ့ မတ်လ ၂၀ ရက်မှာတော့ ညတာရှည်တဲ့ ဆောင်းညတွေ ကုန်ဆုံးပါပြီ။ ဒီနေ့ည ဂျပန်စံတော်ချိန် ည ခုနစ်နာရီ နှစ်ဆယ့်ရှစ်မိနစ် (မြန်မာစံတော်ချိန် ညနေ လေးနာရီ ငါးဆယ့်ရှစ်မိနစ်) မှာ နေမင်းကြီးဟာ အီကွေတာမျဉ်းပေါ်ကို ထောင့်မှန်တည့်တည့် ကျတဲ့အနေအထားကို ရောက်မှာမို့ ကမ္ဘာပေါ်မှာ နေ့တာညတာတူမျှတဲ့ နေ့တစ်နေ့ ဖြစ်သွားပါတယ်။ ဒါပြီးရင်တော့ ကမ္ဘာ့မြောက်ခြမ်းမှာရှိတဲ့ မြန်မာနိုင်ငံတို့ ဂျပန်နိုင်ငံတို့မှာ နေ့တာက တဖြည်းဖြည်း ရှည်လျားလာတော့မှာဖြစ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းမှာတော့ ညတာတဖြည်းဖြည်း ရှည်လာတော့မှာပါ။ နွေဦးပေါက်ပြီဆိုတဲ့ အမှတ်လက္ခဏာပေါ့။
.
. . . ပြီးခဲ့တဲ့ နှစ်ဝက်တိတိလို့ဆိုနိုင်တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တုန်းကလည်း ဒီလိုရက်မျိုးကို ကြုံခဲ့ရပါသေးတယ်။ အဲသည်တုန်းကတော့ ကမ္ဘာ့မြောက်ဘက်တစ်ခြမ်းလုံးဟာ နွေကို ကျောခိုင်းပြီး ဆောင်းကိုချီတက်ခဲ့တာ ဖြစ်ပေမယ့် ဒီကနေ့ကတော့ ဆောင်းကိုကျောခိုင်းပြီး နွေဆီသို့ တစ်ဖန်ချီတက်ပြန်တဲ့ နေ့ဖြစ်ပါတယ်။ မကြာမတင်မှာ နှင်းတွေ အရည်ပျော်ဆင်းပြီး နွေးထွေးသာယာတဲ့ နွေဦးပွင့်ဝေနေ့ရက်များကို ရောက်လာတော့မှာပါ။ ပြီးခဲ့တဲ့ နှစ်ဝက်တိတိက စိုက်ခဲ့တဲ့ ရောင်စုံကျူးလစ်ပန်းဥလေးတွေလည်း ထူထပ်သိပ်သည်းလှတဲ့ နှင်းထုကြီးအောက်မှာ ညောင်းညာနေကြပေရော့မယ်။ အခုလောက်ဆိုရင် သူတို့တွေလည်း နွေဦးနေခြည်ဖြာဖြာအောက်မှာ အလှချင်းပြိုင်ကြဖို့ အသင့်ဖြစ်နေလောက်ပြီ။ အပေါ်က ဖိစီးထားတဲ့ နှင်းထုကြီးကိုလည်း မုန်းတီးနေလှလောက်ကြပါပြီ။
.
. . . ဆောင်းဦးပေါက်ချိန်မှာ ရောင်စုံကျူးလစ်ပန်းဥလေးတွေ မြေချတုန်းကလည်း မြန်မာပြည်မှာ ကျန်ခဲ့တဲ့ ပန်းလေးတွေကို ချစ်တတ်တဲ့ ပန်းပွင့်လေးကို လွမ်းရသလို နှင်းခဲပျော်ချိန်မှာ မြေကြီးထဲက အလုအယက်ထွက်လာပြီး သူ့ထက်ငါ အလှချင်းပြိုင်ရင်း လောကကြီးကို အလှဆင်ကြမယ့် နွေဦးပန်းတွေ ပွင့်ဝေချိန်ရောက်ရင်လည်း ပန်းပွင့်လေးကို တစ်ခါ လွမ်းရဦးမှာပေါ့။ အချိန်တန်အရွယ်ရောက်လို့ လောကကြီးထဲ ပျံသန်းရွက်လွှင့်သွားချိန် မတိုင်ခင်သခိုက်မှာ ပန်းပွင့်လေးတို့နဲ့ အတူတူ နေနိုင်ခွင့်များ ရတန်သလောက် ရချင်ပါသေးရဲ့လေ . . .
.
၂၀၁၇ မတ်လ ၂၀ ရက်

Thursday 16 March 2017

Majorocracy

The NLD-influenced Lower House has demonstrated a majorocratic performance by making a Heath Robison solution to name a bridge for the late father of the party head amongst the inhabitants' objections.

Sunday 5 March 2017

YBS ကိုသုံးသပ်ခြင်း


. . . မူဝါဒရေးရာလုပ်ငန်းစဉ် ဘာသာရပ်ရဲ့ အတန်းဆုံးစာတမ်းတစ်စောင်အဖြစ် ရန်ကုန်က အသစ်ပြောင်းလိုက်တဲ့ ရန်ကုန်ဘတ်စ် စနစ်အကြောင်းကို ရေးနေတဲ့ ညီလေးတစ်ယောက်နဲ့အတူ စကားပြောဖြစ်ပါတယ်။ သူ့စာတမ်းနဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေ ဆွေးနွေးဖြစ်ကြတာပါ။ ဒီညီလေး သုံးထားတဲ့ သီအိုရီအရ ပြဿနာရယ် နိုင်ငံရေးရယ် မူဝါဒရယ် မူဝါဒဖြစ်ပေါ်လာစေတဲ့ လတ်တလောအကြောင်းရင်းရယ် မူဝါဒကို စွန့်ဦးဖော်ထုတ်အကြံပြုသူတွေရယ်ဆိုပြီး အပိုင်းကြီးငါးပိုင်းရှိတဲ့အတွက် အဲသည်အပိုင်းကြီးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ကြတာပါ။ ဆွေးနွေးတယ်ဆိုတာထက် သူပြောတဲ့ အမြင်နဲ့သဘောတရားတွေကို ကျွန်တော်က ပြန်လှန်မေးခွန်းထုတ်ပြီး သူက ဖြေဖို့ကြိုးစားတာ များပါတယ်။ တစ်ချို့နေရာတွေမှာလည်း သူနဲ့မတူတဲ့ ကျွန်တော့်အမြင်လေးတွေကိုလည်း ပြောပြဖြစ်ပါတယ်။
.
. . . ပြဿနာကိစ္စမှာတော့ သဘောထားမတူတာ မရှိပါဘူး။ ရန်ကုန်က ဘတ်စ်ကားစနစ် ဆိုးရွားပျက်စီးနေတယ်။ ကားစီးသူတွေ အဆင်မပြေဘူး၊ လမ်းတွေကြပ်တယ်၊ ကားတွေ ရမ်းကားတယ်၊ စပယ်ယာတွေ မိုက်ရိုင်းတယ်၊ လူတွေဒုက္ခရောက်တယ်။ စသည်ဖြင့်ပေါ့။
.
. . . နိုင်ငံရေးနဲ့ ပတ်သက်ရင် သူ့အမြင် သိပ်ရှင်းတာ မတွေ့ရဘူး။ လူထုထောက်ခံမှု ရပြီးဖြစ်လို့ ဒါကို ထလုပ်တာလား၊ ဒါကိုလုပ်ခြင်းဖြင့် လူထုထောက်ခံမှု ပိုရစေမှာလားဆိုတာကို သူ့ဘာသာ မရှင်းမရှင်းဖြစ်နေတာ တွေ့ပါတယ်။ အရင်အစိုးရဟာ ဘတ်စ်ကားကိစ္စကို သေချာကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်ဆိုတာ သိနေခဲ့ပေမယ့် အကျိုးစီးပွားအရ ပါဝင်ပတ်သက်နေသူတွေကို ငဲ့ညှာလို့ပဲဖြစ်ဖြစ် မလွန်ဆန်နိုင်လို့ပဲဖြစ်ဖြစ် ဒီကိကိစ္စကို မလုပ်နိုင်ဖြစ်ခဲ့ဘူး၊ ဒီအစိုးရကတော့ အဲသည်လို ငဲ့ညှာထောက်ထားရတာတွေ နည်းတာကြောင့် ဒီကိစ္စကို လုပ်ဖို့အတွက် အကန့်အသတ် နည်းခဲ့တယ်လို့ပဲ နှစ်ဦးသဘောတူ သုံးသပ်လိုက်ကြပါတယ်။
.
. . . မူဝါဒအပိုင်းကို ပြောကြတဲ့အခါကတော့ ကျွန်တော်တို့ ဆွေးနွေးပွဲမှာ လက်အ၀င်ဆုံးအပိုင်းပါပဲ။ ဒီမူဝါဒဟာ ရန်ကုန်မြို့တော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ ဘက်စုံစီမံကိန်းတွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ စင်္ကာပူကို အနှစ်နှစ်ဆယ်အတွင်းကျော်တက်ရမယ်ဆိုတဲ့ စကားအရ ရန်ကုန်မြို့ကြီးကို အဆင့်မြှင့်တင်တဲ့ အစီအစဉ်တွေထဲက တစ်ခုဖြစ်ကြောင်း၊ ရန်ကုန်မြို့သူမြို့သားများ အဆင်ပြေစေရေးအတွက် အချက်အလက်တွေ စုဆောင်းပြီး အဲသည်ကောက်ယူရရှိတဲ့ အချက်အလက်တွေအရ ဒီကိစ္စကို အကောင်အထည်ဖော်လိုက်တာဖြစ်ကြောင်း စသည်ဖြင့် အစိုးရသတင်းစာတွေက ၀ါဒဖြန့်ချိရေးစကားတွေနဲ့ ရှင်းပြဖို့ ကြိုးစားရှာပါတယ်။ သူပြောပြတာလေးတွေကို နားထောင်ပြီး ကျွန်တော်က ပြန်လှန်မေးခွန်းလေးတွေ မေးပါတယ်။ မှတ်မိသမျှ လေးတွေကို ရေးပြထားပါတယ်။ အောက်မှာဖတ်ကြည့်ပေးပါ။
.
မေးခွန်း (၁) မူဝါဒအကြောင်းပြောရင် မူဝါဒနဲ့ အကောင်အထည်ဖော်မှုဆိုတဲ့ နှစ်ပိုင်းထဲမှာ ပထမပိုင်းဖြစ်တဲ့ ဒီစနစ်ရဲ့ အခြေခံမူဝါဒက ဘာလဲလို့မေးတော့ အပေါ်ကပြောခဲ့တဲ့ ပြည်သူလူထုဆိုတဲ့စကားလုံးနဲ့ ရှင်းပြပါတယ်။
.
မေးခွန်း (၂) လူတစ်သောင်းကို မေးမြန်းကောက်ယူထားတဲ့ စစ်တမ်းတစ်ခုကို အခြေခံပြီး ဘတ်စ်ကားလိုင်းတွေ စီစဉ်ခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတစ်ယောက်က ပြောတယ်ဆိုတော့ အဲဒီ စစ်တမ်းကောက်ယူခဲ့တာ ဘယ်အဖွဲ့ကလဲ၊ အစိုးရကိုယ်တိုင် လုပ်ခဲ့တာလား၊ အဖွဲ့အစည်းတစ်ခုခုကို တာဝန်ပေးပြီး လုပ်ခဲ့တာလား လို့ မေးတော့ သူမဖြေနိုင်ပါဘူး။ တာဝန်ရှိသူတစ်ယောက်က အဲသလို ပြောသွားတယ်လို့ပဲ ဖြေနိုင်ပါတယ်၊
.
မေးခွန်း (၃) ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေး ဘက်စုံစီမံကိန်းတစ်ခုကို ဂျပန်အကူအညီနဲ့ ရေးဆွဲနေတာရှိတယ်၊ အဲသည်ထဲမှာ ဘတ်စ်ကားစနစ်ပြုပြင်ပြောင်းလဲရေးလည်း ပါတယ်။ အဲသည်စီမံကိန်းကိုလည်း မကြာခင် ရန်ကုန်တိုင်းလွှတ်တော်ကို တင်ပြပြီး အတည်ပြုချက်ယူ အကောင်အထည်ဖော်မယ်လို့ ပြောတယ်။ ဘာကြောင့် အဲသည် စီမံကိန်းထဲက ဘတ်စ်ကားစနစ်ကို အကောင်အထည်ဖော်တာမျိုး မဟုတ်ဘဲ စီမံကိန်းတစ်ခုကို လက်ပူတိုက် ထလုပ်လိုက်ရတာလဲ လို့မေးတော့ သူမဖြေနိုင်ပါဘူး
.
. . . နောက်တစ်ချက်ကတော့ window opportunity လို့ခေါ်တဲ့ လတ်တလော ထလုပ်ဖြစ်တဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ပြောဖြစ်ကြပါတယ်။ သူ့မှာ ဆုပ်ဆုပ်ကိုင်ကိုင် ပြနိုင်တဲ့ အထောက်အထားမရှိပါဘူး။ ဒါနဲ့ပဲ ၀ိုင်းကူစဉ်းစားကြည့်မိတော့ ရန်ကုန်တိုင်းထဲက ဘတ်စ်ကားဆိုင်ရာ မှုခင်းတွေ အစိုးရသစ်လက်ထက်မှာ တဟုန်ထိုးတိုးတက်လာပါတယ်ဆိုတဲ့ သက်ဆိုင်ရာ တိုင်းရဲတပ်ဖွဲ့မှတ်တမ်း အချက်အလက်တွေပဲဖြစ်ဖြစ် ပြနိုင်တယ်ဆိုရင် အဲဒါက လတ်တလော လက်ပူတိုက် ဖြေရှင်းလိုက်ဖို့ ကြိုးစားတဲ့ ဖုတ်ပူမီးတိုက်စီမံကိန်းတစ်ခုအဖြစ် အကျိုးအကြောင်း ဆီလျော်နိုင်စရာရှိပါတယ်လို့ အကြံပေးမိပါတယ်။
.
. . . နံပတ်ငါး အချက်ဖြစ်တဲ့ မူဝါဒကို စွန့်ဦးဖော်ထုတ် အကြံပြုသူတွေ အကြောင်း ဆွေးနွေးကြတဲ့အခါမှာလည်း ဘယ်သူ့ဘယ်သူက မြှောက်ပေးလို့ ရန်ကုန်ဝန်ချုပ်ဆိုသူက ထလုပ်လိုက်သလဲဆိုတာကို တော်တော် ရှာဖွေနေရပါတယ်။ ကျွန်တော်လည်း ဒီဝန်ချုပ်ကို ဒီလိုလုပ်ဖို့ ဘယ်သူကများ မြှောက်ထိုးပင့်ကော်လုပ်လိုက်သလဲ ဆိုတာကို မစဉ်းစားတတ်နိုင်အောင်ပါပဲ။ လက်သည်မပေါ်တဲ့ အမှုများလားပေါ့။
.
. . . ဒီအကြောင်းဆွေးနွေးကြရင်း တစ်ပါတည်း ပြောဖြစ်တာက သီအိုရီတွေရဲ့ အားနည်းချက်တွေအကြောင်းပါ။ သီအိုရီတိုင်းမှာ အားနည်းချက်ဆိုတာ ရှိကြောင်း၊ သီအိုရီတွေကို လေ့လာရင် သီအိုရီရဲ့ အားနည်းချက်ကိုပါ လေ့လာဖို့လိုကြောင်း၊ ကိစ္စရပ်တစ်ခုကို သီအိုရီတစ်ခုနဲ့ ချိန်ထိုးသုံးသပ်မယ်ဆိုရင် သီအိုရီရဲ့ အားနည်းချက်ကိုလည်း မမေ့မလျော့ ထည့်သွင်းတွက်ချက်မှ သင့်တင့်တဲ့သုံးသပ်ချက်ကို ရနိုင်မှာဖြစ်ကြောင်း၊ ကိုယ်တင်ပြခဲ့တဲ့ ရပ်တည်ချက်တစ်ခုကို ပြန်လှန်မေးခွန်းထုတ်လာနိုင်တဲ့ ရှုထောင့်ကပါ တစ်ခါတည်း သုံးသပ်ပေးနိုင်ဖို့လိုကြောင်း၊ ကိုယ့်တင်ပြချက်တစ်ခုရဲ့ ခိုင်မှာမှုက ကိုယ်ရှာဖွေစုဆောင်းတင်ပြထားတဲ့ အချက်အလက် သက်သေသက္ကာယများအပေါ် မူတည်နေကြောင်း စသည်ဖြင့် ကြားဖူးနားဝလေးတွေ ပြောပြဖြစ်ပါသေးတယ်။
.
. . . ဆရာတစ်ယောက် အမြဲသတိပေးတဲ့ အချက်လေးတစ်ခုကိုလည်း ပြောပြဖြစ်ပါတယ်။ သုတေသနစာတမ်းဆိုတာ ၀ါဒဖြန့်ချိရေးစာတမ်းမဟုတ်ဘူး ဆိုတဲ့ အချက်ဖြစ်ပါတယ်။ သုတေသနဆိုတာ ကိုယ်ရရှိထားတဲ့ အချက်အလက်အပေါ်မှာ ဘက်လိုက်ခြင်းကင်းကင်း (နည်းနည်း) နဲ့ အတတ်နိုင်ဆုံး သမာသမတ်ကျကျက ရှုမြင် သုံးသပ်မှ ဂုဏ်သိက္ခာရှိပြီး အားထားကိုးကားလောက်တဲ့ ရလဒ်ကို ရမှာဖြစ်ကြောင်း၊ အစိုးရ မူဝါဒတွေကို သုံးသပ်တဲ့အခါ ဘယ်လောက်ကောင်းကြောင်း ဘယ်လောက်မကောင်းကြောင်း တစ်ဘက်ဘက်ကိုစွဲတဲ့ ၀ါဒဖြန့်ချိရေးဘက်ကိုရောက်နေတဲ့ စာတမ်းတွေမဖြစ်အောင် သတိထားဖို့လိုကြောင်း ကျွန်တော့်ဆရာ အမြဲ သတိပေးတာကို သူ့ကို ထပ်ဆင့် သတိပေးလိုက်ပါသေးတယ်။
.
. . . နိဂုံးချုပ်အနေနဲ့ ပြောရရင် ဒီဆရာ့အတန်းမှာ ဒီကိစ္စကို ဒီလိုရှုထောင့်က ချဉ်းကပ်တင်ပြတဲ့ စာတမ်းကို ရေးတာ သူ့အတွက် ကံနည်းနည်း ဆိုးတာပါပဲ။ ဘာလို့လဲ ဆိုတော့ အဲသည် ကားစနစ်ပြောင်းခါစရက်တွေတုန်းက အဲသည်ဆရာက အကြောင်းအားလျော်စွာ ရန်ကုန်မှာ ရှိနေခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရပါတီအုပ်စီးတဲ့ ရန်ကုန်တိုင်းအစိုးရဟာ အရင်တုန်းက စစ်တပ်က အုပ်စီးထားတဲ့ မထသ ကို ရတဲ့နည်းနဲ့ ဖျက်သိမ်းဖို့ ကြိုးစားရင်း YBS ဆိုတဲ့စနစ်က ပေါ်ပေါက်လာရတာဖြစ်ကြောင်း၊ မထသ ကို ဘယ်လိုနည်းနဲ့မဆို အမြန်ဆုံးဖျက်သိမ်းပြီး လက်လှည့်သင့်တဲ့ နည်းတစ်ခုခုနဲ့ အစားထိုးဖို့က ရန်ကုန်တိုင်းအစိုးရရဲ့ မူဝါဒရေးရာ ရည်မှန်းချက်ဖြစ်ကြောင်း၊ ဒီမူဝါဒကို စတင်တဲ့အချိန်မှာ ရန်ကုန်လူထုအတွက် သွားရေးလာရေး အဆင်ပြေစေရေးက ပထမ ဦးစားပေး မဟုတ်ဘဲ၊ မထသ ဖျက်သိမ်းရေးက ပထမဦးစားပေးဖြစ်ကြောင်း၊ အဲသည်ဆရာက သိထားတာပါ။ ရန်ကုန်မှာ အရင်ဘတ်စ်ကားမောင်းတဲ့ သူတွေ အရင်ဘတ်စ်ကားအဟောင်းတွေ နေရာမှာ ယာဉ်မောင်းအသစ် ဘတ်စ်ကားအသစ်တွေနဲ့ အစားထိုးလိုက်ပြီလို့ပြောလို့တောင် ကျွန်တော်တို့မှာ ကိုယ့်ဆရာကို ဟားရအခက် လက်ခံရအခက် ဖြစ်ခဲ့ပါသေးတယ်။ ဆရာ့ကို ဘယ်သူကများ ဒီလိုသတင်းတွေ ပေးခဲ့ပါလိမ့်လို့တောင် ပြောပြီး ရယ်မိပါသေးတယ်။
.
. . . ဘတ်စ်ကားကို မှီခိုနေရသူတွေ ဘယ်လောက်ကြီးပဲ ဒုက္ခရောက်သွားပါစေ. စစ်အစိုးရအမွေ မထသကို ရတဲ့နည်းနဲ့ အမြန်ဆုံးဖျက်ဆီးပစ်မယ်လို့ ကြိုးစားရင်း YBS ဆိုတာပေါ်လာရတာလား (ဒါမှမဟုတ်) ရန်ကုန်မြို့တော်နေ ပြည်သူလူထု သွားရေးလာရေး အဆင်ပြေရေးအတွက် YBS ဆိုတာကြီးကို လုပ်လိုက်လို့ မထသ ပျက်သွားရတာလားဆိုတာတော့ မူဝါဒရေးရာလေ့လာသူတွေအတွက် သုတေသန မေးခွန်းကောင်းတစ်ခုပါပဲ . . .
.
၂၀၁၇ မတ်လ ၅ ရက်