Monday 27 March 2017

過ちは 繰返しませぬから


ဒီလိုအမှားမျိုး ထပ်မဖြစ်စေရတော့ပါဘူး
.

. . . ကြိုးကြာငှက်ရုပ်လေးတွေရယ် ကလေးမလေးရဲ့ ဓာတ်ပုံလေးတွေရယ်ကိုလည်းကြည့်၊ ရှင်းပြနေတာကိုလည်း နားထောင်နေရင်း ဆာဒါကို ဆာဆာကီ 佐々木 禎子 ဆိုတဲ့ ကလေးမလေးကို စိတ်မျက်လုံးထဲ မြင်ယောင်မိနေပါတယ်။ ကြိုးကြာငှက်ရုပ်တစ်ထောင်ပြည့်အောင်ခေါက်ရင် သူနေပြန်ကောင်းလာပါစေလို့ ဆုတောင်းတာ ပြည့်တော့မှာဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ မရှိရှိတဲ့ စာရွက်လေးတွေရှာ၊ ဟိုအခန်းသည်အခန်းက လိုက်တောင်းထားတဲ့ ဆေးထုပ်တဲ့စက္ကူလေးတွေနဲ့ သူ့ခမျာ ငှက်ရုပ်လေးတွေ ခေါက်နေခဲ့ရှာတာ။ အရုပ်လေး တစ်ရုပ်ပြီးသွားတိုင်းပြီးသွားတိုင်း သူ့အတွက် မျှော်လင့်ချက်ရောင်ခြည် တစ်ချက် ပိုပိုလင်းလာခဲ့မယ့် ကလေးမလေးခမျာ ငှက်ရုပ်တစ်ထောင်မပြည့်မှာစိုးလို့ ရရာစာရွက်လေးတွေကို သေးသေးလေးတွေဖြတ်ရင်း စိတ်ရှည်လက်ရှည် ခေါက်နေခဲ့ရှာမှာပေါ့။ အရင်လို သူငယ်ချင်းတွေနဲ့ ပြေးလွှားဆော့ကစားရင်း ကျန်းကျန်းမာမာ ကြီးပြင်းလာခဲ့တဲ့ ဆာဒါကိုတစ်ယောက် ကျောင်းဆက်မတက်နိုင်ဘဲ ဆေးရုံပေါ်မှာပဲ နေနေရတော့ အားတဲ့အချိန်တိုင်းမှာ သူ့အခန်းဖော်ကပြောပြတဲ့ အိုရီဂါမီကြိုးကြာငှက်ရုပ်တစ်ထောင်ပြည့်အောင် ခေါက်ပြီးရင် လိုတဲ့ဆုကို တောင်းလို့ရတယ်ဆိုတဲ့ ပုံပြင်လေးကို နားထောင်ရင်း ငှက်ရုပ်ခေါက်နည်းလေး သင်ပြီး အားကြိုးမာန်တက် ခေါက်နေခဲ့ရှာမှာပေါ့ . . .
.
. . . ၁၉၄၅ ခုနှစ် သြဂုတ်လ ခြောက်ရက် တနင်္လာနေ့ ၊ ဟီရိုရှီးမားနွေရာသီရဲ့ သာယာတဲ့ မနက်ခင်းလေးဟာ အမေရိကန်စစ်တပ်က လာရောက်ကျဲချခဲ့တဲ့ နျူကလီးယားဗုံးပေါက်ကွဲမှုနဲ့ ကမ္ဘာပျက်ခဲ့ရပါတယ်။ ဗုံးတည့်တည့်ကျတဲ့နေရာနဲ့ တစ်မိုင်ကျော်မှာရှိတဲ့ အိမ်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းအိပ်ပျော်နေတဲ့ အသက်နှစ်နှစ်အရွယ် ဆာဒါကိုလေးဟာ အိမ်ကပြတင်းပေါက်တွေ ပွင့်ထွက်ပြီး ပစ္စည်းအပိုင်းအစတွေနဲ့အတူ အိမ်အပြင်ကို လွင့်ထွက်သွားခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ အသက်မသေတဲ့ သမီးလေးကို ပွေ့ချီရင်း အရူးမီးဝိုင်း ထွက်ပေးခဲ့ကြတဲ့ သားအမိနှစ်ဦးဟာ ဟီရိုရှီးမားမြို့က ကမ္ဘာပျက်နေတဲ့အထဲ ခြေဦးတည့်ရာပြေးနေကြတဲ့ လူတွေအားလုံးလိုပဲ ဗုံးပေါက်ကွဲမှုအပြီး နျူကလီးယားပြာတွေနဲ့ရောနှောရွာကျလာတဲ့ အက်ဆစ်မိုး မိခဲ့ကြပါတယ်။
.
. . . ဒါပေမယ့် ဆာဒါကိုလေးဟာ ပုံမှန်အတိုင်းကြီးပြင်းခွင့်ရလာခဲ့ပါတယ်။ ကျောင်းနေချိန်မှာကျောင်းနေ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကစားရင်း ကလေးငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုကို ခံစားနေစဉ်မှာပဲ အသက်ဆယ့်နှစ်နှစ်အရွယ်မှာ သွေးကင်ဆာရောဂါကို စဖြစ်ခဲ့တယ်။ ကျောင်းမသွားနိုင်တော့တဲ့ ဆာဒါကိုလေးဟာ ဆေးရုံမှာပဲ အချိန်ကုန်ရင်း ကြိုးကြာရုပ်လေးတွေခေါက်လို့ အသက်ဆက်ရှင်သန်ဖို့ မျှော်လင့်ချက်တွေကလည်း တလက်လက် တောက်ပလို့ပေါ့
.
. . . လူတိုင်းကတော့ ဆာဒါကိုတို့လို အကြာကြီး ရှင်သန်ခွင့် မရခဲ့ကြပါဘူး။ နျူကလီးယားဗုံးပေါက်ကွဲတဲ့ မနက် ရှစ်နာရီ ဆယ့်ငါးမိနစ်မှာပဲ ပေါက်ကွဲတဲ့အရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့အပူလှိုင်းဒဏ်၊ နျူကလီးယားဓာတ်ရောင်ခြည်သင့်မှုဒဏ်၊ အပြင်းထန်ဆုံးဆိုတဲ့ မုန်တိုင်းထက် ဆယ်ဆမက ပြင်းထန်တဲ့ ပေါက်ကွဲအားကြောင့်ဖြစ်ပေါ်လာတဲ့ အဆောက်အုံတွေ ပစ္စည်းပစ္စည်းယတွေ လွင့်ထွက်ထိခိုက်ဒဏ်တွေကြောင့် မြို့နေလူဦးရေရဲ့ သုံးဆယ်ရာခိုင်နှုန်းလောက်ဖြစ်တဲ့ လူပေါင်း သုံးသောင်းကနေ လေးသောင်းလောက်ထိဟာ ချက်ချင်း သေခဲ့ကြပါတယ်။ ပေါက်ကွဲချိန်မှာ ထွက်လာတဲ့ အပူချိန်ဟာ သုံးထောင်ကနေ လေးထောင် ဒီဂရီ စင်တီဂရိတ်တောင် ရှိတာမို့ သံအရည်ပျော်တဲ့ အပူရှိန်ထက် နှစ်ဆမက ပြင်းထန်ခဲ့တာပါ။ အပူချိန် ဘယ်လောက်တောင် ပြင်းထန်သလဲဆိုရင် ပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့ အလင်းရောင်ဟာ မပျက်မစီးကျန်နေခဲ့တဲ့ တစ်ချို့ကျောက်သား အဆောက်အအုံ အပိုင်းအစတွေပေါ်မှာ ဓာတ်ပုံရိုက်သလို အရိပ်ထင်ကျန်ရစ်ခဲ့အောင်ကို ပြင်းပါတယ်။ လူတစ်ယောက်ထိုင်နေတဲ့ လှေခါးလေးမှာ လူအရိပ်လေးထင်ကျန်နေခဲ့ပြီး ကျန်တဲ့နေရာက အလင်းရောင်နဲ့အပူရှိန်ကြောင့် အရောင်ပြောင်းသွားတာကို ပြတိုက်မှာတွေ့ခဲ့ရပါတယ်။ ဟီရိုရှီးမားမြို့မှာရှိတဲ့ အဆောက်အအုံ ကိုးဆယ်ရာခိုင်နှုန်းဟာ လွင့်စင်ပျက်စီးခဲ့ပြီး သစ်သားအိမ်များအားလုံး တစ်မုဟုတ်ချင်း ပြာဘ၀ရောက်ခဲ့ပါတယ်။ ငလျင်ဒဏ်ခံ ခိုင်ခိုင်ခံ့ခံ့ ဆောက်ထားတဲ့ အဆောက်အဦးတစ်ချို့သာ ပျက်စီးခြင်းများစွာနဲ့ ကျန်ခဲ့ပြီး အဲသည်အထဲက နျူဗုံးပေါက်ကွဲတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ တစ်ပိုင်းတစ်စ ကျန်ခဲ့တဲ့ အမိုးခုံးအဆောက်အအုံတစ်ခုကိုတော့ နောင်လာနောက်သားများ သိရှိမှတ်သားနိုင်အောင် ထိန်းသိမ်းထားရှိပါတယ်။
.
. . . စိတ်နဲ့တွေးကြည့်လို့ မရနိုင်လောက်အောင် ပြင်းထန်လွန်းလှတဲ့ ပေါက်ကွဲမှုကြီးကြောင့် တစ်မြို့လုံး အဆောက်အအုံတွေ လွင့်စင်ပြိုလဲ မီးလောင်ပြာကျ ဖြစ်နေတဲ့အထဲ ချက်ချင်းသေမသွားတဲ့ လူတွေရဲ့အဖြစ်ဟာ မှန်းဆလို့ မရနိုင်လောက်အောင်ကို ဆိုးရွားလွန်းလှပါတယ်။ မသေတဲ့လူတွေဟာ မီးတောက်အကြီးကြီးတစ်ခုထဲ ရုတ်တရက် ခုန်ဆင်းလိုက်ရသလို တစ်ကိုယ်လုံးမီးတွေလောင်ပြီး အရေပြားတွေလန်ပြန် အ၀တ်အစားတွေ မီးလောင်ပြီး အ၀တ်အစားတွေ ကိုယ်မှာကပ်လို့၊ အသားအရေတွေ အပူရှိန်ကြောင့် အဖတ်လိုက်ကွာကျလို့ အရှင်လတ်လတ် ငရဲကျသွားတဲ့ လူတွေဟာ အပူပြေလိုပြေငြားနဲ့ မြစ်ဆိပ်ရေဆိပ်ရှိရာကို အသက်လု ပြေးကြပါသတဲ့။ ဒီလူတွေလည်း သက်ဆိုးမရှည်ခဲ့ကြပါဘူး။ ဗုံးဒဏ်ခံရပြီး ငါးလအကြာ ၁၉၄၅ ဒီဇင်ဘာလကုန်မှာတော့ လူပေါင်း တစ်သိန်းလေးသောင်းကျော် သေဆုံးသွားခဲ့ပြီးဖြစ်ပါတယ်။ အသက်မသေ ကျန်ခဲ့တဲ့ သူတွေဟာလည်း ဓာတ်ရောင်ခြည်သင့်တဲ့ အကျိုးဆက်တွေကြောင့် သက်တမ်းစေ့မနေရတဲ့အပြင် မျိုးရိုးဗီဇကိုပါ ထိခိုက်ပြောင်းလဲသွားစေတဲ့ ကုသလို့မရတဲ့ ရောဂါတွေကို ခံစားရင်းသေကြရပါတယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လအထိ နျူဗုံးဒဏ်သင့်လို့ သေဆုံးခဲ့ရသူပေါင်း သုံးသိန်းကျော်တောင် ရှိသွားပါပြီတဲ့. . .
.
. . . အိုရီဂါမီ ကြိုးကြာလေးတွေ တစ်ထောင်ပြည့်အောင် အားကြိုးမာန်တက် ခေါက်နေရှာတဲ့ ဆာဒါကိုလေးဟာလည်း ဆုတောင်းမပြည့်ခဲ့ရှာပါဘူး။ လူကီးမီးယား သွေးကင်ဆာရောဂါနဲ့ အသက်ဆယ့်နှစ်နှစ်အရွယ်မှာ ဆာဒါကို သေဆုံးသွားတော့ ကြိုးကြာရုပ် ခြောက်ရာလေးဆယ့်လေးရုပ်ပဲ ခေါက်နိုင်ခဲ့ပါသေးသတဲ့။ ဒီအကြောင်းကို ကြားရတဲ့ ဆာဒါကိုရဲ့ ကျောင်းနေဘက် သူငယ်ချင်းတွေဟာ ဆာဒါကိုလေးအတွက် ကြိုးကြာရုပ်လေးတွေ တစ်ထောင်ပြည့်အောင်ခေါက်ပေးရင်း သူသေတော့ သူနဲ့အတူ ထည့်ပေးလိုက်ကြပါတယ်။ နောက်ပိုင်းမှာ ဆာဒါကို အမှတ်တရအနေနဲ့ ကြိုးကြာငှက်ရုပ်လေးတွေကိုင်ထားတဲ့ ဆာဒါကိုရုပ်တုလေးတွေ ၀ဲပျံနေဟန် အမိုးခုံးချွန်လေးထဲမှာ အိုရီဂါမီ ကြိုးကြာငှက်လေးနဲ့ချိတ်ထားတဲ့ ခေါင်းလောင်းလေးတစ်လုံးပါတဲ့ ကလေးငယ်များငြိမ်းချမ်းရေးအထိမ်းအမှတ်တစ်ခု တည်ဆောက်ထားရှိပါတယ်။ ကမ္ဘာအရပ်ရပ်က လာလည်ကြတဲ့သူတွေ ကလေးငယ်တွေ ကျောင်းသားကျောင်းသူတွေဟာ ဆာဒါကို ခေါက်လို့ မပြီးခဲ့တဲ့ ကြိုးကြာငှက်လေးတွေ ခေါက်ပြီး အမှတ်တရ ချိတ်ဆွဲကြပါတယ်
.
. . . နျူဗုံးဒဏ်ကြောင့် တစ်ပိုင်းတစ်စကျန်ခဲ့တဲ့ အမိုးခုံးအဆောက်အအုံရဲ့ ရှေ့က အိုတာမြစ် တစ်ဘက်ကမ်းမှာ ငြိမ်းချမ်းရေးပန်းခြံနဲ့ ပြတိုက်ရှိပါတယ်။ ပြတိုက်ထဲမှာတော့ နျူကလီးယားဗုံးဆိုတာ ဘယ်လိုဟာမျိုးလဲ ဘယ်လောက်ပြင်းထန်သလဲ လူတွေ ဘယ်လို သေကျေပျက်စီးကြသလဲ ဘယ်လောက်တောင် ကမ္ဘာပျက်မတတ် ဖြစ်ခဲ့ရသလဲ ဆိုတာကို ဓာတ်ပုံတွေ ရုပ်တုတွေ အသံတွေ အလင်းအမှောင်တွေ ရုပ်ရှင်ရုပ်သေတွေ အပျက်အစီးအပိုင်းအစတွေ စုတ်ပြတ်သတ်နေတဲ့ အ၀တ်အစားတွေ၊ ဆေးကုသမှု မှတ်တမ်းတွေ နဲ့ ဆာဒါကိုတို့လို သားကောင်ဘ၀ရောက်ခဲ့ရသူတွေရဲ့ ဇာတ်ကြောင်းလေးတွေနဲ့ ပြသထားရှိပါတယ်။ ပြကွက်တိုင်းမှာ လူက ရှင်းပြတာမဟုတ်ဘဲ ပြတိုက်ထဲ ၀င်ကတည်းက ပေးလိုက်တဲ့ စက်ကလေးက သက်ဆိုင်ရာပြကွက်တိုင်းမှာ ပြထားတဲ့ နံပတ်ကို နှိပ်လိုက်ရင် သက်ဆိုင်ရာဇာတ်ကြောင်းကို ရှင်းပြတာကို နားကျပ်လေးနဲ့ နားထောင်ပြီး တိတ်တိတ်ဆိတ်ဆိတ် ကြည့်ရှုခံစားရတာပါ။ ပြကွက်တစ်ခုချင်း သေချာကြည့်ရှုရင်း ရှင်းပြတာလေးကို နားထောင်နေရင်းနဲ့ နျူဗုံးဒဏ်သင့်ခဲ့ရသူတွေရဲ့ ဒုက္ခကို ကိုယ်ချင်းစာမိပါတယ်။ ဆာဒါကိုအကြောင်း ပြကွက်လေးကတော့ ရင်ထဲကို အရောက်ဆုံးပါပဲ။ ကိုယ့်သမီးလေးကို ချစ်တဲ့စိတ်နဲ့ ဆာဒါကိုဆိုတဲ့ ကလေးမလေးရဲ့အဖြစ်ကို ကိုယ်ချင်းစာကြည့်တဲ့အခါ နှလုံးသားထဲမှာ ကျင်ကနဲနေအောင် မျက်ရည်ကျမတတ် ခံစားရပါတယ်။ အခု ဒီစာရေးနေတဲ့ အချိန်မှာတောင်မှ ဆာဒါကိုရဲ့ အဖြစ်လေးကို တွေးမိပြန်တဲ့အခါ ရင်ထဲမှာ ဆို့နင့်နေရပြန်ပါတယ် . . .
.
. . . ပြတိုက်နဲ့ တစ်ဆက်တည်းမှာရှိတဲ့ ငြိမ်းချမ်းရေး ပန်းခြံထဲမှာ ဗုံးဒဏ်သင့်မြို့သူမြို့သားတွေရဲ့ တစ်ဦးချင်းနာမည်ကို မှတ်တမ်းတင်ထားတဲ့
ကျောက်သားထုကို ကျောက်သားအမိုးခုံးနဲ့ အုပ်မိုးထားပါတယ်။ အုတ်ဂူသဖွယ် ကျောက်သားထုမှာတော့ ဂျပန်အက္ခရာနဲ့ 安らかに眠って下さい 過ちは 繰返しませぬから လို့ ထွင်းထုထားပါတယ်။ အဓိပ္ပာယ်ကတော "ဗုံးဒဏ်ကြောင့် ကြွေလွင့်ခဲ့ကြသူများ စိတ်ချလက်ချ အနားယူကြပါတော့ ဒီလိုအမှားမျိုး နောက်တစ်ခါ ထပ်မဖြစ်စေရတော့ပါဘူး" လို့ ဆိုပါတယ်။ မလှမ်းမကမ်းမှာ ငြိမ်းချမ်းရေးမီးတောက်ကလေးတစ်ခု ထွန်းညှိထားပြီး ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက်တွေ ချုပ်ငြိမ်းတဲ့နေ့ မရောက်မချင်း ဒီမီးတောက်လေးကို ထွန်းညှိထားမယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးပန်းခြံထဲက အမိုးခုံးအုတ်ဂူရယ် ငြိမ်းချမ်းရေးမီးတောက်ရယ်ကို မြစ်တစ်ဘက်ကမ်းက ဗုံးဒဏ်သင့် အမိုးခုံးအဆောက်အအုံနဲ့ မျဉ်းတစ်ပြေးတည်း တည့်တည့်ကျအောင် ချိန်ရွယ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။
.
. . . မချီးမွမ်းပဲ မနေနိုင်လောက်အောင် အံ့သြစရာကောင်းတဲ့အချက်ကတော့ ဗုံးဒဏ်ကြောင့် တစ်မြို့လုံး ပျက်စီးခြင်းငါးပါးဆိုက်နေတဲ့အထဲ အသက်မသေဘဲ ကျန်ခဲ့ကြသူတွေဟာ သူတို့ လုပ်နိုင်တဲ့ ပြုပြင်ရှင်းလင်းမှုတွေကို လုပ်နိုင်တာနဲ့ ချက်ချင်းစလုပ် ထလုပ်ခဲ့ကြပါသတဲ့။ လောင်မီးကျ ပေါက်ကွဲ ဓာတ်ရောင်ခြည်သင့်ပြီး ပြာကျခဲ့တဲ့ မြို့ပျက်ကြီးထဲက ငရဲကျသလို မီးလောင်ပျက်စီးပေါက်ကွဲမှုဒဏ် ခံနေရတဲ့ မြို့သူမြို့သားများဟာ ကိုယ့်လုပ်အား ထိရောက်တယ် မထိရောက်ဘူးဆိုတာထက် ကိုယ်လုပ်လို့ရတာကို လုပ်မယ်ဆိုတဲ့စိတ်နဲ့ ဒဏ်ရာပေါင်းစုံနဲ့ လဲပြိုနေရာက ကုန်းရုန်းထပြီး လုပ်သင့်တယ်ထင်တာ လုပ်နိုင်တာတွေကို လူတိုင်းကိုယ်စီ လုပ်ခဲ့ကြပါသတဲ့။ ထင်ရှားတဲ့ ဥပမာတစ်ခု ပြောရရင် မြို့ရေပေးဝေစနစ် ကြီးကြပ်နေတဲ့ အရာရှိဟာ ဗုံးဒဏ်ကြောင့် ပျက်စီးသွားတဲ့ ရေပိုက်စနစ်တွေကို သူကိုယ်တိုင် ဒဏ်ရာအနာတရ ရနေတဲ့ကြားထဲက အသည်းအသန် လိုက်ပြင်နေပါသတဲ့။ ဒါကြောင့် မြို့ရဲ့ရေပေးဝေစနစ်ဟာ ပျက်စီးတန်သရွေ့ မပျက်စီးပဲ ဆက်လက်လည်ပတ်နေနိုင်ခဲ့ပါတယ်တဲ့။ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ မြို့ကြီးကို ပြန်လည်တည်ဆောက်ဖို့အတွက် စနစ်တကျ ဥပဒေတွေပြဌာန်း စီမံချက်တွေ ရေးပြီးလုပ်ကြတော့ အရင်ဗုံးဒဏ်ကြောင့် အိမ်ခြေယာခြေ ပျက်စီးဆုံးရှုံးခဲ့သူများက သူတို့ကောင်းမယ်ထင်တဲ့ နေရာလေးတွေမှာ အိမ်လေးတွေဆောက် ဆိုင်လေးတွေဖွင့် လုပ်ထားတာကို အမိန့်အာဏာအင်အားသုံး ဖယ်ရှားတာကိုလည်း မလုပ်မဖြစ် လုပ်ခဲ့ရပါသေးသတဲ့။ ဒီလိုတွေ ကြိုးစားခဲ့ကြလို့လည်း ဟီရိုရှီးမားမြို့ကြီးဟာ အခုချိန်မှာ မီးလောင်ရာက ပြန်ထလာတဲ့ ဇာမနီငှက်လို ခေတ်မီစည်ကား နည်းပညာတွေ ထွန်းကားတဲ့ မြို့ကြီးတစ်မြို့ဖြစ်နေပါပြီ . . .
.
. . . ဟီရိုရှီးမားမြို့သူမြို့သားတွေ ခံစားခဲ့ရတဲ့ နျူကလီးယားဗုံးပေါက်ကွဲမှုလို ဒဏ်ရာဒဏ်ချက်များကိုတော့ နောင်နောင် ဘယ်သူ့ဘယ်သူမှ ထပ်မံခံစားရခြင်း မရှိပါစေနဲ့လို့ ဆုတောင်းရင်း . . .
.
(၂၀၁၇ ခုနှစ် မတ်လ ၂၇ ရက်)

No comments:

Post a Comment