Monday 29 May 2017

ငြိမ်းချမ်းရေးညီလာခံ ရလဒ်များကို သုံးသပ်ကြည့်ခြင်း

.
. . . ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁) ကို ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ နောက်ဆုံးရက်ဖြစ်တဲ့ ၂၀၁၇ မေလ ၂၉ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ စုစုပေါင်း ကိုးမျက်နှာရှိတဲ့အထဲမှာ မူဝါဒ သဘောတူညီချက်အနေနဲ့ နိုင်ငံရေးကဏ္ဍမှာ ၁၂ ချက်၊ စီးပွားရေးကဏ္ဍမှာ ၁၁ ချက်၊ လူမှုရေးကဏ္ဍမှာ ၄ ချက်၊ နဲ့ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍမှာ ဆယ်ချက်၊ စုစုပေါင်း ၃၇ ချက် ပါရှိပါတယ်။ စာချုပ်မှာ လက်မှတ်ရေးထိုးသူ ငါးဦး၊ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးသူ ခြောက်ဦး စုစုပေါင်း ဆယ့်တစ်ဦးအမည်များကို ဖော်ပြထားပါတယ်။ 
.
. . . နောက်ဆက်တွဲများအပါအ၀င် စာချုပ်တစ်ခုလုံးမှာ သုံးထားတဲ့ ဝေါဟာရများကို လေ့လာကြည့်တဲ့အခါ အများဆုံး သုံးထားတဲ့ ဝေါဟာရက "ပြည်ထောင်စု"
ဖြစ်ပြီး ၂၉ ခါ သုံးစွဲထားပါတယ်။ ဒုတိယအများဆုံးက "တန်းတူ၊ မျှတ၊ မျှဝေ၊ ညီမျှ" ဆိုတဲ့စကားလုံးတွေဖြစ်ပြီး ၁၈ ခါသုံးစွဲရေးသားထားပါတယ်။ "ဖက်ဒရယ်" နဲ့ "ဒီမိုကရေစီ" ဆိုတဲ့ စကားလုံးတွေကို ခုနစ်ခါစီ ရေးသားထားပြီး "အခွင့်အရေး" ဆိုတဲ့ စကားလုံးကို လေးခါ သုံးစွဲထားကာ၊ "အမျိုးသားရေး" နဲ့ "နိုင်ငံတကာ" ဆိုတဲ့ စကားလုံးတွေကို နှစ်ခါစီ သုံးစွဲထားကြောင်းတွေ့ရပါတယ်။
.
. . . "ပြည်ထောင်စု" ဆိုတဲ့ ဝေါဟာရကို နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ထားတဲ့ ပုံသဏ္ဍာန်ကို ဖော်ညွှန်းတဲ့အနေနဲ့ သုံးတဲ့အပြင် နိုင်ငံတော်ရဲ့ နယ်နိမိတ်နယ်နိမိတ်ပိုင်နက်ကို ညွှန်းဆိုရာမှာလည်းကောင်း၊ ဗဟိုအစိုးရကို ညွှန်းဆိုရာမှာလည်းကောင်း၊ နိုင်ငံတော်အချုပ်အခြာအာဏာကို ကျင့်သုံးသည့် အဆင့်အမြင့်ဆုံး ယန္တရားကို ညွှန်းဆိုရာမှာလည်းကောင်း သုံးစွဲရေးသားထားတာကို တွေ့ရပါတယ်။ "ဖက်ဒရယ်" ဆိုတဲ့ ဝေါဟာရကိုတော့ နိုင်ငံတော်က ကျင့်သုံးမယ့် နိုင်ငံရေးစနစ်နဲ့ စီးပွားရေးစနစ်အဖြစ် ရည်ညွှန်းသုံးစွဲထားပါတယ်။ 
.
. . . နိုင်ငံရေးကဏ္ဍမူဝါဒ သဘောတူညီချက် အပိုဒ် ၄ (ဆ) မှာ "သီးခြားလွတ်လပ်သော" နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တည်ထောင်မယ် လို့ ပါရှိတဲ့အတွက် အခုလက်ရှိ ဖွဲ့စည်းထားတဲ့ အခြေခံဥပဒေခုံရုံးကို သီးခြားလွတ်လပ်တဲ့ ခုံရုံးတစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းမယ်လို့ နားလည်ရပါတယ်။ လက်ရှိမှာ သမ္မတ၊ အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌတို့က အမည်စာရင်း သုံးယောက်စီတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်သဘောတူညီချက်နဲ့ ခန့်အပ်ရတဲ့ အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်တွေရဲ့ သက်တမ်းဟာ သမ္မတသက်တမ်းနဲ့ အတူတူ ဖြစ်နေပြီး သမ္မတ တစ်ဆက်ပြောင်းတိုင်း အသစ်ပြန်လည်ခန့်အပ်ဖို့ လိုအပ်တာမို့ တရားစီရင်ရေးမဏ္ဍိုင်ဖြစ်တဲ့ အခြေခံဥပဒေခုံရုံးရဲ့ သီးခြားလွတ်လပ်မှုဟာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ အစိုးရတစ်ဆက်ပြောင်းတိုင်း အုပ်ချုပ်ရေးအကြီးအကဲနဲ့ ဥပဒေပြုရေးအကြီးအကဲ နှစ်ယောက်တို့က စိတ်ကြိုက်ရွေးချယ် အမည်စာရင်းတင်သွင်းခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ခုံရုံးရဲ့ ဆုံးဖြတ်ချက်များဟာ အုပ်ချုပ်ရေးနဲ့ဥပဒေပြုရေးတို့ရဲ့ လွှမ်းမိုးမှုက လွတ်ကင်းမှုအတိုင်းအတာ ဘယ်လောက်ထိ ရှိနိုင်မလဲဆိုတာမေးခွန်းထုတ်စရာ ဖြစ်နေတာပါ။ 
.
. . . စီးပွားရေးကဏ္ဍ မူဝါဒ သဘောတူညီချက် အပိုဒ် ၄ မှာလည်း ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများအကြား ဘဏ္ဍာငွေနှင့် အခွန်ငွေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မျှတစွာ ခွဲဝေရန် ဆိုပြီး ရေးသားထားမှုဟာလည်း စဉ်းစားစရာဖြစ်ပါတယ်။ "မျှတစွာ ခွဲဝေရန်" ဆိုတာ ဘာကို ဆိုလိုပါသလဲ။ လူဦးရေနည်းပါးတဲ့ ကယားပြည်နယ်နဲ့ လူဦးရေထူထပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ကို ပမာဏအတူတူ ခွဲဝေပေးမှာကို ဆိုလိုသလား၊ လူဦးရေအချိုးအစားနဲ့ ခွဲဝေပေးမှာလား၊ နယ်မြေအကျယ်အ၀န်းနဲ့ အချိုးချပြီး ခွဲဝေမှာလား။ မျှတစွာ ဆိုတဲ့စကားလုံးလေးက တရားမျှတမှုကို ဖော်ညွှန်းတယ်လို့ ယူဆစရာဖြစ်ပေမယ့် ဒီနေရာမှာ ဒီစကားလုံးကို သုံးစွဲရေးသားထားတာကတော့ အငြင်းပွားစရာတွေ ရှိလာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဘယ်သို့ဘယ်ပုံ ခွဲဝေရမယ်ဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားလို့ ရပေမယ့် "ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ" ဆိုတဲ့ အထူးပြုပုဒ်ဟာ နောက်မှာ ကပ်လျက်ရေးထားတဲ့ "မျှတစွာ" ဆိုတဲ့ အထူးပြုပုဒ်နဲ့ ၀ိရောဓိဖြစ်နိုင်စရာရှိနေတယ်လို့ ထင်မြင်မိပါတယ်။ 


. . . စီးပွားရေးကဏ္ဍမူဝါဒ သဘောတူညီချက်အောက်က ဒေသန္တရဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံမူများ အပိုဒ် တစ်ရဲ့ အောက်မှာ "ပြည်ထောင်စုအစိုးရက ချမှတ်သော မူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့်သော်လည်းကောင်း မဆန့်ကျင်စေဘဲ ဆောင်ရွက်ရန်" ဆိုတဲ့ မှတ်ချက်အပိုဒ်ကို ထည့်ထားတာကတော့ အစိုးရိမ်ကြီးတဲ့သဘောကို ပြနေတယ်လို့ ယူဆမိပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးကဏ္ဍမူဝါဒ သဘောတူညီချက် အပိုဒ် ၄ (ဃ) မှာပါတဲ့ "ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများအကြား ဥပဒေပြုရေးဆိုင်ရာ အာဏာများနှင့် ပူးတွဲအာဏာများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက ခွဲဝေအပ်နှင်းပေးရမည်" လို့ ဆိုထားပြီးသားဖြစ်တဲ့အတွက် အထက်ကပြောခဲ့တဲ့ မှတ်ချက်စာပိုဒ်ကို မထည့်သွင်းဘဲနဲ့လည်း အဲသည်ကန့်သတ်ချက်က ရှိနေပြီးသားဖြစ်နေလို့ဖြစ်ပါတယ်။ 
.
. . . ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း (၁) အပိုဒ် ၅ အရ ဒီသဘောတူညီချက်တွေဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အပိုဒ် ၂၀ (င) အရ ဆွေးနွေးရေးသား သဘောတူလက်မှတ်ရေးထိုးကြတာဖြစ်တဲ့အတွက် NCA လက်မှတ်ထိုးထားပြီးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ နိုင်ငံတော်အစိုးရအကြား ငြိမ်းချမ်းရေးတိုးတက်မှု အဆင့်တစ်ဆင့်အဖြစ် ရှုမြင်ရမှာဖြစ်ပါတယ်။ တစ်ပိုင်းကလည်း NCA ကို လက်မှတ်ရေးထိုးခြင်း မပြုဘူးဆိုရင် ဒီအဆင့်ကို တက်လှမ်းခွင့်ရမှာမဟုတ်ဘူးဆိုတဲ့ သဘောဖြစ်တယ်လို့လည်း နားလည်ရပါတယ်။ အကယ်၍ NCA လက်မှတ်ထိုးဖို့ ကျန်နေတဲ့ အဖွဲ့တွေထဲက တစ်ချို့ကဖြစ်စေ အားလုံးကဖြစ်စေ လက်မှတ်ရေးထိုးတဲ့ အဆင့်ကို တက်လှမ်းလာခဲ့မယ်ဆိုရင် အခုဆွေးနွေးသဘောတူညီထားတဲ့အချက်တွေကို ပြန်လည်ဆွေးနွေးပြင်ဆင်မွမ်းမံခွင့် ရှိမရှိကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ တကယ်လို့သာ ပြန်လည်ဆွေးနွေးပြင်ဆင်ခွင့် ရှိနေအုံးမယ်ဆိုရင် အခုအခြေအနေမှာတောင် ဘယ်လောက်ကြာကြာထိ ဆက်လျှောက်နေရအုံးမလဲ မသိတဲ့ ငြိမ်းချမ်းရေးခရီးရှည်ကြီးဟာ ဒီထက်မက ပိုပြီး ကြာရှည်သွားဖို့သာ ရှိပါလိမ့်မယ်။ အဲသည်လို ကာလရှည်ကြာသွားတာနဲ့အမျှ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှု၊ တပ်မတော်နဲ့တိုင်းရင်းသားညီအစ်ကိုမောင်နှမများရဲ့ အသက်သွေးချွေးတွေနဲ့ မြေပေါ်မြေအောက်သယံဇာတတွေ ဘယ့်ကလောက်အထိ ဆုံးရှုံးထိပါး စတေးခံရအုံးမလဲဆိုတာ မမှန်းဆနိုင်အောင်ပါပဲ။ 
.
. . . ဆွေးနွေးမှုတွေမှာ အဓိက အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ "ပြည်ထောင်စုက ခွဲမထွက်ရ" ဆိုတာရယ် "တစ်ခုတည်းသော တပ်မတော်" ဆိုတာတွေရယ်ကတော့ ဒီညီလာခံမှာ သဘောတူညီမှု မရခဲ့တဲ့အတွက် ညီလာခံရလဒ်အဖြစ် ပါဝင်လာခဲ့ခြင်း မရှိပါဘူး။ နောင်ညီလာခံများမှာ ဆက်လက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။ အခုညီလာခံရဲ့ ရလဒ်တွေက ကျေနပ်အားရစရာကောင်းတယ်ဆိုတဲ့ မှတ်ချက်တွေ ရှိသလို များများဆွေးနွေးလေ သဘောထားကွာဟချက်တွေ များလာလေ ဆိုတဲ့ မှတ်ချက်မျိုးကိုလည်း ကြားရပါတယ်။ သို့သော်လည်း ဘယ်လောက်ပင် ခက်ခဲတဲ့ စိန်ခေါ်မှုတွေ ရှိနေပါစေ ဒီလမ်းကို လျှောက်မိမှတော့ ဆုံးအောင်လျှောက်ရတော့မှာမို့ လာမယ့် ညီလာခံများမှာ တစ်ဦးနဲ့တစ်ဦး တစ်ဘက်နဲ့တစ်ဘက် စကားတွေပြောရင်း ဆွေးနွေးညှိနှိုင်းတိုင်ပင်ကြရင်း မျက်နာစိမ်းရာက မျက်နာကျက်၊ တစိမ်းပြင်ပြင်မှ ခင်မင်ရင်းနှီးမှုတွေ တိုးပွားလာပြီး တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်ဘက်နဲ့တစ်ဘက် သံယောဇဉ်တရား ချစ်ခင်ခြင်းတရားများကို အခြေခံလို့ သံသယများ ပါးသထက်ပါးပြီး အပြန်အလှန် ယုံကြည်မှုများနဲ့ အခက်အခဲ စိန်ခေါ်မှုများကို ညီညီညွတ်ညွတ် ကျော်လွှားနိုင်ကြပါစေကြောင်း ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာရေးကို ရည်မျှော်ဆန္ဒပြုလိုက်ရပါတယ်။
.
ဗိုလ်ကောင်း
၂၉ မေ ၂၀၁၇

The Voice Daily 31 May 2017 Download here











Wednesday 24 May 2017

Tax Burden and Elasticity of Demand and Supply


. . . ငြိမ်းချမ်းရေးကို ကျွန်တော်တို့ အစိုးရသက်တမ်းအတွင်း ရအောင်လုပ်သွားမှာပါတို့ဘာတို့ ကြားရင် ဘောဂဗေဒဘာသာရပ်ထဲက သင်ခဲ့ဖူးတဲ့ သဘောတရားတစ်ခုကို သွားသွား သတိရနေမိတယ်။ အရင်အစိုးရလည်း အဲဒါနဲ့ ခံခဲ့ရတာပဲလားလို့လည်း စောကြောမိတယ်။ အခုအစိုးရလည်း အဲဒါနဲ့ပဲ ခံရအုံးမှာလားတော့မသိ။ မခံရပါစေနဲ့ ဆုတောင်းပါတယ် . . .

. . . အစိုးရက ကုန်ပစ္စည်းတစ်ခုအပေါ် အခွန်စည်းကျပ်လိုက်တဲ့အခါ အဲသည်အခွန်ဝန်ထုပ်ဝန်ပိုးက ပစ္စည်းထုတ်လုပ် ရောင်းချတဲ့သူအပေါ် ကျရောက်သလား၊၀ယ်ယူသုံးစွဲသူအပေါ် ကျရောက်သလား၊ ဒါမှမဟုတ် ပစ္စည်းထုတ်လုပ်ရောင်းချသူနဲ့ ၀ယ်ယူသုံးစွဲသူတို့ဟာ အဲသည်ပစ္စည်းအပေါ်မှာ စည်းကျပ်ထားတဲ့ အခွန်ကို ညီတူညီမျှ ကျခံကြရသလား ဆိုတာကို တွက်ချက်တဲ့ သဘောတရားတစ်ခု ရှိပါတယ်။ သာမန်အားဖြင့် ဆိုရင်တော့ ပစ္စည်းတစ်ခုအပေါ် အခွန်စည်းကျပ်လိုက်ပြီဆိုရင် ရောင်းသူကတော့ အခွန်ဖိုးကို ကျခံပေးမှာမဟုတ်ဘူး။ ပစ္စည်းဖိုးထဲမှာ အခွန်ဖိုးထပ်တိုးလိုက်ပြီး ဈေးတက်လိုက်ရုံပဲလို့ တွေးစရာပါ။ အပြင်ပန်းအားဖြင့် ကြည့်ရင်လည်း အဲဒီနည်းနဲ့ပဲ လုပ်ကြပါတယ် . . .
.
. . . သို့သော် ဘောဂဗေဒ ပညာမှာတော့ အပြင်ပန်းဈေးနှုန်းသတ်မှတ်တာထက် ပိုပြီး ကြည့်ရှုသုံးသပ်လေ့ရှိပါတယ်။ ကိစ္စတစ်ခုခုကို တွက်ချက်သုံးသပ်တဲ့အခါ အခြေခံအားဖြင့် ရောင်းလိုအား ၀ယ်လိုအားမျဉ်းဆွဲ သုံးသပ်တတ်ကြပါတယ်။ တစ်ခြားနည်းလမ်းတွေလည်း ရှိသေးပေမယ့် အဲသည်နည်းလမ်းကတော့ မြင်သာထင်ရှားပြီး အဖြေကို အလွယ်ဆုံး ရှာပေးနိုင်တဲ့ နည်းလမ်းတစ်ခုအဖြစ် သုံးတတ်ကြပါတယ် . . .
.
. . . အထက်က ကိစ္စနဲ့ ပတ်သက်ပြီး ဘောဂဗေဒပညာရပ်ရဲ့ ရှုထောင့်အရ ထွက်လာတဲ့ အဖြေကတော့ အခွန်ဝန်ထုပ်ဝန်ပိုးကို ဘယ်သူက ထမ်းရသလဲဆိုတာ ဘယ်သူက ပိုပြီး လိုချင်စိတ်များသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါသတဲ့။ ရောင်းသူက ဒီပစ္စည်းကို သိပ်ပြီး ရောင်းချင်နေပြီဆိုရင် အခွန်ဝန်ထုပ်ဝန်ပိုးက ရောင်းသူအပေါ် ကျရောက်ပြီး၊ ၀ယ်သူဘက်က သိပ်ပြီး ၀ယ်ချင်နေတယ်ဆိုရင်တော့ အခွန်ဝန်ထုပ်ဝန်ပိုးက ၀ယ်သူအပေါ် ကျရောက်ပါသတဲ့။ အခွန်ဝန်ထုပ်ဝန်ပိုးက တစ်ဘက်တည်းအပေါ်ကို လုံးလုံးလျားလျား ကျရောက်တာမျိုး မဟုတ်ပေမယ့် ရောင်းသူဝယ်သူတို့ရဲ့ ရောင်းချင်စိတ် ၀ယ်ချင်စိတ် ဘယ်လောက်ရှိသလဲဆိုတဲ့ အတိုင်းအတာပေါ် မူတည်ပြီး အခွန်ကို ထမ်းကြရတယ်လို့ ဆိုလိုတာပါ . . .
.
. . . ဦးသိန်းစိန် အစိုးရလက်ထက်တုန်းကလည်း အစိုးရသက်တမ်းအတွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ခရီးတွေ အများကြီး ပေါက်ခဲ့တယ်ဆိုတဲ့ ဂုဏ်ကို လိုချင်လွန်းလို့ သူ့ခမျာ မနည်းကြီး စိတ်ရှည်သည်းခံပြီး အလျှော့တွေ ပေးခဲ့ရတယ်။ တပ်မတော်က ထိုးစစ်ရပ်ဆိုင်းထားဆိုတဲ့ အမိန့်တစ်ခုအောက်မှာ တပ်မတော်သားတွေ မကြွေသင့်ပဲ ကြွေလွင့်ခဲ့ရတာတွေ နည်းပါရိုးလား။ ကိုယ်မပစ်ရင် သူက စပစ်တော့မှာကို သိသိကြီးနဲ့ ကိုယ့်ဘက်က စပစ်လို့မရဘူးဆိုတဲ့ အခြေအနေအောက်မှာ၊ လက်ဦးမှုဟာ အားသာချက်တစ်ခုဖြစ်တဲ့ စစ်မြေပြင်မှာ၊ ငြိမ်းချမ်းရေးဗိသုကာကြီး ဖြစ်ချင်လှတဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ အမိန့်ကြောင့် ရင်တနာနာ တောက်တခေါက်ခေါက် အံတကြိတ်ကြိတ်နဲ့ လက်သီးကို တင်းအောင်ဆုပ်ပြီး သက်ပြင်းတွေချခဲ့ရတဲ့ တပ်မတော်သားတွေနဲ့ နှလုံးသားတွေ နင်းချေခံခဲ့ရတာ နည်းပါရိုးလား။ နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေး ကမ်းလှမ်းပြီးခါမှ နိုင်ငံတော်ရဲ့ စေတနာတွေကို နားလည်အထာကျပြီး သူပုန်အဖွဲ့ သုံးဖွဲ့တောင် ခါတော်မီ ထပ်ပေါ်လာခဲ့သေးတယ်မဟုတ်လား . . .

. . . အခုလည်း လာပြန်ပြီ။ ပြောကြပြန်ပြီ။ အစိုးရသက်တမ်းအတွင်း ငြိမ်းချမ်းရေးရအောင် လုပ်အုံးမတဲ့။ သူတို့တွေ ငြိမ်းချမ်းရေး ဗိသုကာကြီးတွေဖြစ်ဖို့ ဘယ်သူတွေက အသက်သွေးချွေးတွေ ဘယ်လောက်တောင် ထပ်ပြီး စတေးကြရအုံးမှာပါလိမ့်။ ခါတော်မှီ ပေါ်လာခဲ့တဲ့ သူပုန်အဖွဲ့၊ နိုင်ငံတော်ကို စစ်ကြေညာပြီး တိုက်ခဲ့တဲ့ ပြည်ပလက်ဝေခံ သူပုန်အဖွဲ့တွေတောင် ငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှာ အမြိန့်သား အခန့်သား နေရာရနေကြပြီဆိုတော့ကာ . . .
.
. . . အပေါ်မှာ ရှင်းပြခဲ့တဲ့ ဘောဂဗေဒ သဘောတရား ဒီနေရာမှာ မှားသွားပါစေတော့လို့ ဆုတောင်းနေရုံမှတစ်ပါး . . .
.
၂၄ မေ ၂၀၁၇
.
Photo credit: https://www.toonpool.com/cartoons/peace%20in%20dilemma_86651

Tuesday 23 May 2017

Chatham House Rule

. . . အခုကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံနဲ့ ပတ်သက်ပြီး လေ့လာသူအဖြစ် တက်ရောက်သူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ဆိုတဲ့အထဲမှာ Chatham House Rule ဆိုတဲ့ စကားကိုတွေ့မိတော့ အရင်တစ်ခါတုန်းကလို တိုင်းသိပြည်သိ စာတမ်းတွေဖတ်ကြ ဆွေးနွေးကြတဲ့ပွဲမျိုးမဟုတ်ဘဲ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေပဲ တံခါးပိတ် ဆွေးနွေးကြမယ့်ပွဲလို့ စိတ်ထဲမှာ မြင်ယောင်လိုက်မိတယ်။ Chatham House Rule ဆိုတာ တက်ရောက်ဆွေးနွေးသူများက မိမိတို့အမြင်ကို လွတ်လွတ်လပ်လပ် စိတ်ထဲရှိတဲ့အတိုင်း ဘာကိုမှ မထောက်မထား ဂရုထားစရာမလိုဘဲ ပြောဆိုဆွေးနွေးကြပြီးတဲ့အခါ၊ တက်ရောက်သူတွေထဲက ဘယ်သူဘယ်ဝါက ဘာစကားတွေပြောခဲ့တယ်၊ ဘယ်လိုသဘောထားမျိုးရှိတယ်ဆိုတာကို အပြင်မှာ ပြန်မပြောကြစတမ်းဆိုတဲ့ စည်းမျဉ်းရှိတဲ့ ပညာရှင်များ လွတ်လပ်စွာ အသိအမြင် ဖလှယ်ခြင်းဆိုင်ရာ ကျင့်ဝတ်တစ်ခုပေကိုး။ စည်းကမ်းချက်ထဲမှာကျ Chatham House Rule ဆိုတာကြီး ထည့်ခဲ့ပြီး အခုကျတော့လည်း ငြိမ်းချမ်းရေးညီလာခံကို ရုပ်မြင်သံကြားက တိုက်ရိုက်ပြမတဲ့။ ခပ်သောသောကလေး စဉ်းစားရရင် Chatham House Rule နဲ့ Live Show ဆိုတာ ပြဒါးတစ်လမ်းသံတစ်လမ်း ကိစ္စကြီးပါ။
.
. . . အဲသည်လို ရှေ့နောက်မညီဖြစ်တာ တကယ်တော့ လေ့လာသူတွေကို ကျပ်ချင်လွန်းလို့ ဖြစ်သွားတာလို့ ထင်ပါတယ်။ စည်းမျဉ်းစည်းကမ်း ရှစ်ချက်ကို ရေးထားတာလည်း တကယ့်ကို ယဉ်ကျေးဖွယ်ရာ မရှိပါဘူး။ တလေးတစား ဖိတ်ကြားတဲ့ သဘောမျိုးထက် မင်းတို့ တက်ချင်ရင် ဒါတွေတော့ လိုက်နာရမယ်၊ လိုက်နာနိုင်မှတက် မင်းတို့မတက်လည်း ကိစ္စမရှိဘူး ဆိုတဲ့ အထက်စီးဆန်ဆန် လေသံမျိုးနဲ့ ရေးထားတယ်လို့ ခံစားရမိပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းအုပ်ကြီးတွေက ကျောင်းသားလေးတွေ လိုက်နာရမယ့်စည်းကမ်း ထုတ်သလိုမျိုးပေါ့။ တပ်မှူးတစ်ယောက်က တပ်ဖွဲ့ဝင်တွေ လိုက်နာရမယ့် အမိန့်ထုတ်ပြန်သလိုမျိုးပေါ့။ 
 .
. . . ကျွန်တော်တို့တွေ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပြောပြော၊ အမျိုးသားရင်ကြားစေ့ရေးပြောပြော၊ ကြိုးစားတည်ဆောက်နေချိန်မှာ ဒီလိုအသေးအဖွဲလေးတွေကအစ သတိထားသင့်တယ်လို့ ထင်ပါတယ်။ လူများစုရှိတဲ့ လူမျိုးတွေရဲ့ စိတ်ထဲမှာ ငါတို့က ခွဲခြားဆက်ဆံတာ မရှိပါဘူး၊ ပြည်ထောင်စုထဲက တစ်ခြားတိုင်းရင်းသားတွေများဆို စကားသံဝဲတာလေးကအစ ချစ်စရာတောင်ကောင်းသေးတယ် ဆိုပြီး ပြောကြဆိုကြ ရေးကြပေမယ့် ဒီလို ကိစ္စမျိုးလေးတွေမှာလည်း အပြောအဆို အရေးအသား ဆင်ခြင်သင့်ပါတယ်။ အလေးအနက် ထားသင့်ပါတယ်။ ဒီကနေ့ ငြိမ်းချမ်းရေးအတွက် ခက်ခဲနေတယ်ဆိုတာ တစ်ခြားအကြောင်းတွေလည်း အများကြီး ရှိနေပေမယ့် လူနည်းစုတိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာ ငါတို့မှာများ လက်နက်မရှိတော့ရင် ငါတို့ကို လူများစုအားနဲ့ အနိုင်များ ကျင့်လေမလားဆိုတဲ့ စိုးရွံ့မှုကိုအခြေခံတဲ့ သံသယစိတ်တွေ ရှိနေသေးတာကလည်း မသေးလှတဲ့ အကြောင်းရင်းတစ်ရပ်ပါ။ ဒီလို သဘောသဘာဝ ရှိနေတာကို လျစ်လျှူရှုပြီး သံသယစိတ်များနေသေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ဆက်ဆံတဲ့နေရာမှာ ဒီလို စည်းမျဉ်းစည်းကမ်း ရေးသားတာကအစ အလေးအနက်ထား သင့်ပါတယ်လို့ ပြောချင်တာပါ။ သာမန်အစည်းအဝေးမျိုးမှာတောင်မှ စည်းမျဉ်းစည်းကမ်းသတ်မှတ်ရင် ယဉ်ကျေးဖွယ်ရာတဲ့ နာလိုဖွယ်ရှိတဲ့ အပြောအဆို လေသံများနဲ့ လူအချင်းချင်း လေးစားမှုကို အခြေခံပြီး ပြောဆိုရေးသားကြရတာမို့ ဒီလို ငြိမ်းချမ်းရေးညီလာခံမှာ မပူးပေါင်းသေးတဲ့လူတွေ ပူးပေါင်းလာအောင် လုပ်ဖို့အတွက်က သူတို့တွေကို လေးစားမှု တန်းတူရည်တူ သဘောထားမှုဆိုတာမျိုးကို အတတ်နိုင်ဆုံး ပြသပေးနေဖို့ လိုအပ်ပါတယ်။ အနည်းဆုံးတော့ အထက်စီးလေသံမျိုးနဲ့ မဆက်ဆံမိဖို့ အရေးကြီးပါတယ်။ နိုင်ငံတော်အဆင့်လုပ်တဲ့ ငြိမ်းချမ်းရေးညီလာခံ ဆိုတာမျိုးကတောင်မှ လေးစားမှု နဲ့ တန်းတူရည်တူ ဆက်ဆံတဲ့ သဘောထားမျိုးကို မရဘူးဆိုရင် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ကြဖို့အတွက် အဟန့်အတားဖြစ်စရာ စိတ်ခံစားချက်တွေ ထပ်ဆင့်တိုး ခံစားစေမိတယ်ဆို ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ 
.
. . . မနက်ဖြန်မှာ စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး အောင်မြင်ပါစေ၊ ပြည်ထောင်စုကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေ . . .
.
၂၃ မေ ၂၀၁၇




.
https://www.chathamhouse.org/about/chatham-house-rule…

Friday 19 May 2017

Dendrobium U Thein Sein - Daw Khin Khin Win






. . . ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည် ခရီးစဉ်မှာ သူ့ကို ဂုဏ်ပြုပြီး နှင်းဆီပန်းတစ်မျိုးကို နာမည်ပေးတဲ့အကြောင်း တစ်စွန်းတစ်စ ကြားမိလို့ လိုက်ရှာကြည့်တော့ အင်တာနက်မှာတော့ သေသေချာချာ မတွေ့သေးပါဘူး။ တွေ့သူများ လင့်လေး မစကြပါအုံး။ ဘာပဲပြောပြော ကိုယ့်နိုင်ငံအကြီးအကဲ နာမည်ကို ဂုဏ်ပြုပြီး ပန်းနာမည်ပေးတာတို့ဘာတို့ဆိုတာ ဂုဏ်ယူစရာတစ်မျိုးလို့ ဆိုနိုင်ပါတယ် . . . 
.
. . . ပြီးခဲ့တဲ့ ၂၀၁၂ ဇန်န၀ါရီလကုန်ပိုင်းလောက်ကလဲ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နဲ့ ဇနီးတို့ စင်္ကာပူနိုင်ငံရောက်နေတဲ့ အခိုက်မှာ စင်္ကာပူရုက္ခဗေဒဥယျာဉ်ထဲက အရေးကြီးပုဂ္ဂိုလ်များ သစ်ခွပန်းခြံမှာ မျိုးစပ်ထားတဲ့ သစ်ခွပန်းတစ်မျိုးကို "ဒန်ဒရိုဗီယန်ဦးသိန်းစိန်ဒေါ်ခင်ခင်ဝင်း" ဆိုပြီး နာမည်ပေးပွဲ လုပ်ပါသေးတယ်။ အဲသည်ပန်းခြံက သူတို့ဓာတ်ခွဲခန်းထဲမှာ မျိုးစပ်ထားတဲ့ သစ်ခွပန်းတွေကို ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်ပေါင်း နှစ်ရာကျော်ရဲ့ နာမည်ပေးထားပြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံက အခု ဒေါ်အောင်ဆန်းစုကြည်နာမည်ပေးလိုက်တဲ့ နှင်းဆီပန်းပင်ရှိတဲ့ ပန်းခြံအကြောင်းလည်း စိတ်ဝင်စားလို့ သိတဲ့သူများ အလင်းပြပေးကြပါအုံး ခင်ဗျ . . .
.
http://www.mnd.gov.sg/mndli…/2012/2012_Jan-Feb/guestbook.htm
.
http://www.gettyimages.co.jp/…/daw-khin-khin-win…/137948796…
.
https://www.sbg.org.sg/index.php…
.
http://d.hatena.ne.jp/santa-rn/20160916

https://m.facebook.com/story.php?story_fbid=1617907484920064&id=121507374560090&hc_location=ufi

Thursday 18 May 2017

ကျင့်ဝတ် သြဇာ နဲ့ ဥပဒေ


. . . အခြေခံဥပဒေထဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေရဲ့ သက်တမ်းနဲ့ ပတ်သက်ပြီး ကန့်သတ်ထားခြင်း မရှိတာကြောင့် ကောက်မရှင်အဖွဲ့ဝင်များရဲ့ သက်တမ်းဟာ အကန့်အသတ်မရှိဖြစ်တယ်လို့ ဆိုလိုသလား၊ အစိုးရတစ်ဆက်ပြောင်းတိုင်း ကော်မရှင်အသစ်တစ်ခု ပြန်လည်ဖွဲ့စည်းဖို့ မလိုအောင်များ အခြေခံဥပဒေက ပြဌာန်းထားခဲ့သလားဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ သုံးသပ်ချက်ကို ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်ထုတ် The Voice Daily သတင်းစာမှာ ရေးသားခဲ့ပါတယ်။ အဲသည်အချိန်တုန်းက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေကို ရွေးကောက်ခံသမ္မတလောင်းကနေ အမည်စာရင်းတင်သွင်းပြီး လွှတ်တော်ရဲ့ သဘောတူညီချက် ရယူနေတဲ့အချိန် ဖြစ်ပါတယ်။ ယုတ္တိကျကျ စဉ်းစားကြည့်မယ်ဆိုရင်လည်း နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲများကို စောင့်ကြည့်ထိန်းကျောင်း ကြီးကြပ်ကွပ်ကဲဖို့ တာဝန်ရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဟာ ပါတီနိုင်ငံရေးနဲ့ လုံးလုံးကင်းရှင်းပြီး နိုင်ငံရေးပါတီတစ်ခုခုရဲ့ သြဇာလွှမ်းမိုးမှု ကင်းရှင်းမှသာလျှင် သူ့ရဲ့ မူလတာဝန်ဝတ္တရားများကို အဂတိတရား အနည်းဆုံးနဲ့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
.
. . . ပြီးခဲ့တဲ့ ဧပြီလ တစ်ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်ပြီး မဲဆွယ်စည်းရုံးခြင်းမပြုဖို့ ဥပဒေက တားမြစ်ထားတဲ့ အချိန်မှာ အာဏာရပါတီအကြီးအကဲများက ပါတီတံဆိပ်တပ်ပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ဆွေးနွေးချက်တစ်ခု ထုတ်လွှင့်သွားတာရယ်၊ အာဏာရပါတီ အစိုးရအဖွဲ့က နိုင်ငံခြားရေးဝန်ကြီးက ပါတီနဲ့ပတ်သက်တဲ့ မဲဆွယ်စည်းရုံးမှုလို့ ယူဆနိုင်စရာရှိတဲ့ စကားများကို နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ထုတ်လွှင့်သွားတာရယ်နဲ့ ပတ်သက်ပြီး အခြား နိုင်ငံရေးပါတီ ၁၃ ခုက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားတဲ့အခါမှာ အဆိုပါတိုင်ကြားချက်နဲ့ ပတ်သက်ပြီး ကော်မရှင်အနေနဲ့ အရေးယူဆောင်ရွက်ရန် မရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
.
. . . အာဏာရပါတီက စိတ်ကြိုက်ရွေးချယ်ခန့်အပ်ထားတဲ့ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကော်မရှင်ဟာ ဒီသတင်းထုတ်ပြန်ချက်ကို သဘောရိုးနဲ့ အမှန်တကယ် ယုံကြည်လို့ ထုတ်ပြန်ခဲ့သလား၊ မိမိတို့ကို ရွေးချယ်ခန့်အပ်ထားတဲ့ အာဏာရပါတီရဲ့ သြဇာကို မလွန်ဆန်နိုင်လို့လား ဆိုတာကတော့ ဘုရားမှသာသိနိုင်မယ့် ကိစ္စမျိုးပါ။ သို့သော် ပြဿနာက ဘာလဲဆိုရင် အခုချိန်ဟာ နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါတဲ့ အင်စတီကျူးတွေ တည်ဆောက်ပြီး ခိုင်မာအားကောင်းလာအောင် လုပ်ဆောင်နေရချိန် ဖြစ်ပါတယ်။ ကော်မရှင်ရဲ့ ဒီကြေညာချက်ဟာ စီရင်ထုံးတစ်ခုသဖွယ် သဘောသက်ရောက်သွားပြီဆိုရင် နောင်အစိုးရဖွဲ့စည်းခွင့်ရကြတဲ့ အာဏာရ ပါတီများက အစိုးရနေရာကို ရောက်တဲ့အခါ ပါတီများ လိုက်နာစောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်တွေကို လျစ်လျှူရှုပြီး ဒီလို အငြင်းပွားစရာ ကိစ္စမျိုးကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်ခွင့် ရကြတော့မှာ ဖြစ်ပါတယ်။ နိုင်ငံပိုင်မီဒီယာများကလည်း အာဏာရပါတီများရဲ့ ၀ါဒဖြန့်ချိရေးဌာနတွေအဖြစ် တစ်ဘက်စောင်းနင်းဖြစ်ကုန်ကြတော့မလားလို့လည်း စဉ်းစားစရာဖြစ်လာပါတယ်။
.
. . . တရားဥပဒေစိုးမိုးရေးကို ကြွေးကြော်ပြီး ရွေးကောက်ပွဲဝင်ခဲ့တဲ့ အာဏာရ ပါတီအနေနဲ့လည်း ဒီလိုအငြင်းပွားဖွယ်ရာ ကိစ္စမျိုးကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ကိုယ်တိုင် ကြွေးကြော်ခဲ့တဲ့ တရားဥပဒေစိုးမိုးရေးဆိုတာကို ကိုယ်တိုင်က ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုသလဲ၊ တရားဥပဒေစိုးမိုးရေးကို အမှန်တကယ်ရော ယုံကြည်မှု ရှိပါရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါကြောင်း . . .
.
ဗိုလ်ကောင်း
.
၁၈ ရက် မေလ ၂၀၁၇
.
ယခင်ရေးခဲ့သော ဆောင်းပါး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သက်တမ်းဘယ်လောက်လဲ
Page 14. The Voice Daily, Feb 24, 2016
https://drive.google.com/…/0B--t85AlezzcYU5mUUV0YmZaW…/view…



Wednesday 17 May 2017

ပြည်နယ်အခြေခံဥပဒေများဆိုင်ရာ


. . . ပြည်နယ်တွေမှာ ကိုယ်စီအခြေခံဥပဒေရေးဆွဲနိုင်တဲ့ အခွင့်အရေးပေးဖို့အတွက် သဘောတူလိုက်ကြပြီ ဆိုပြီး သတင်းတစ်ပုဒ်တက်လာပါတယ်။ ဒီသဘောတူညီချက်ဟာ ပြည်ထောင်စုသားများရဲ့ တန်းတူညီမှုမှု အခွင့်အရေးနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်အပေါ် ဘယ်လောက် သက်ရောက်မှု ရှိနိုင်မလဲ ဆန်းစစ်ကြည့်မိပါတယ်။ ဒီစာထဲမှာ ပြည်နယ်လို့ဆိုလိုက်ရင် (ပြည်နယ်များ+တိုင်းဒေသကြီးများ) အားလုံးကို ဆိုလိုခြင်းဖြစ်ကြောင်း သဘောပေါက်စေလိုပါတယ်။ 
.
. . . ဖယ်ဒရယ်ပြည်ထောင်စုတစ်ခုထဲမှာ ပါဝင်နေကြတဲ့ ပြည်နယ်တွေမှာ ကိုယ်စီအခြေခံဥပဒေတွေ ရှိနေကြတာ ဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုက ပြည်နယ်တိုင်းမှာ ကိုယ်စီ အခြေခံဥပဒေတွေ ရှိနေကြသလို အိန္ဒိယနိုင်ငံက ပြည်နယ်တွေမှာလည်း အခြေခံဥပဒေ သဘောသက်ရောက်တဲ့ ပြည်နယ်အတွင်း အာဏာသုံးရပ်ခွဲဝေကျင့်သုံးပုံနဲ့ ပတ်သက်လို့ အခိုင်အမာ ပြဌာန်းထားချက်တွေ ရှိနေကြပါတယ်။ အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေမှာရော အိန္ဒိယအခြေခံဥပဒေမှာပါ ပြည်နယ်များနဲ့ ပတ်သက်တဲ့ အာဏာသုံးရပ် ခွဲဝေကျင့်သုံးမှုဆိုင်ရာ ပြဌာန်းချက်များ အသေးစိတ် ပါဝင်ခြင်း မရှိတဲ့အတွက် အဲသည်နိုင်ငံတွေရဲ့ သက်ဆိုင်ရာ ပြည်နယ်တွေအတွက် အခြေခံဥပဒေတွေက လိုကို လိုအပ်ပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ ပြည်နယ်တွေက ပြဌာန်းထားတဲ့ အခြေခံဥပဒေတွေဟာ ပြည်ထောင်စု အခြေခံဥပဒေရဲ့ ဘောင်ကို ကျော်လွန်ပြီး အာဏာကို ကျင့်သုံးခွင့် မရှိတာဖြစ်ပါတယ်။ ဥပမာအားဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး၊ နိုင်ငံခြားဆက်ဆံရေး နဲ့ ငွေကြေးထုတ်ဝေရေးတို့လို ကိစ္စမျိုးတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရတစ်ခုတည်းကသာ ချုပ်ကိုင်စီမံခွင့်ရှိပြီး တစ်ခြားအခွင့်အာဏာများကိုသာ ပြည်ထောင်စုနဲ့ ပြည်နယ်များ ခွဲဝေသတ်မှတ် ကျင့်သုံးကြတာမျိုး ဖြစ်ပါတယ်။ 
.
. . . မြန်မာ့အခြေခံဥပဒေမှာ အာဏာသုံးရပ် ပိုင်းခြားထားတဲ့ သဘောတရားတွေ ပါဝင်နေပေမယ့် ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက စိတ်ကြိုက်ရွေးချယ်ခန့်အပ်ပြီး သမ္မတကို တာဝန်ခံရတာ၊ ပြည်နယ်လွှတ်တော်တွေရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်တာများကို အားလုံးတစ်ပြေးညီ သတ်မှတ်ကျင့်သုံးစေတာတွေကို ထည့်သွင်း ပြဌာန်းထားတဲ့အတွက် လက်ငင်းကာလမှာ ပြည်ထောင်စုအခြေခံဥပဒေတစ်ခုတည်းနဲ့တင် တစ်နိုင်ငံလုံးရဲ့ အာဏာသုံးရပ်ခွဲဝေ ကျင့်သုံးမှုကို လွှမ်းခြုံမိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်နယ်အခြေခံဥပဒေတွေ ရေးဆွဲ ကျင့်သုံးတော့မယ်ဆိုရင် လက်ရှိ အခြေခံဥပဒေကိုလည်း အများကြီး ပြုပြင်ပြောင်းလဲပစ်လိုက်ရမှာပါ။ တစ်ကဏ္ဍချင်းစီအတွက် တင်ပြသွားပါမယ်။
.
. . . အုပ်ချုပ်ရေးကဏ္ဍဘက်က ပြောရရင် အရေးအကြီးဆုံး အချက်က ဘာဖြစ်မလဲဆိုတော့ ပြည်နယ်အုပ်ချုပ်ရေးမှူးများကို ပြည်နယ်များက တိုက်ရိုက်ရွေးကောက်တင်မြှောက်ပိုင်ခွင့်နဲ့ သမ္မတကို (အပြည့်အ၀)တာဝန်ခံစရာမလိုဘဲ ပြည်ထောင်စုအခြေခံဥပဒေနဲ့ သက်ဆိုင်ရာပြည်နယ်အခြေခံဥပဒေကိုသာ တာဝန်ခံရမယ်ဆိုတဲ့ အနှစ်သာရကို ထည့်သွင်းရတော့မယ်လို့ ယူဆပါတယ်။ လက်ရှိမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးများ (၀န်ကြီးချုပ်များ) ကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်အမတ်များထဲကနေ သမ္မတက စိတ်ကြိုက်ရွေးချယ်ခန့်အပ်ပြီး သူတို့တွေက သမ္မတကို တာဝန်ခံရပါတယ်။ အခု ရည်မျှော်နေကြတဲ့ အခြေအနေမှာ ဖော်ပြပါ အုပ်ချုပ်ရေးအာဏာ ခွဲဝေမှုနဲ့ ပတ်သက်ပြီး ဘယ်လောက်အတိုင်းအတာထိ ပြောင်းလဲလိုက်မလဲ ဆိုတာက စိတ်ဝင်စားစရာဖြစ်ပါတယ်။ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေး စနစ်တွေမှာလည်း တိုက်ရိုက်ရွေးကောက်တင်မြှောက်တဲ့ အုပ်ချုပ်ရေးမှူးစနစ်တွေ၊ တိုက်ရိုက်ရွေးကောက်တင်မြှောက်တဲ့ မြို့ကောင်စီစနစ်တွေကို ထည့်သွင်းကျင့်သုံးကြမလား ကြည့်ရပါအုံးမယ်။ 
.
. . . ဥပဒေပြုရေးအပိုင်းနဲ့ ပတ်သက်ရင် အခုလက်ရှိ ကျင့်သုံးနေတဲ့ လွှတ်တော်တစ်ရပ်စနစ်ကနေ တစ်ချို့ပြည်နယ်တွေက လွှတ်တော်နှစ်ရပ်စနစ် ကျင့်သုံးမလား၊ လွှတ်တော် တစ်ရပ်တည်းစနစ်ကို ဆက်လက် ကျင့်သုံးကြမလားဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။ လွှတ်တော်အမတ် ရွေးကောက်တင်မြှောက်တဲ့ အခါမှာလည်း အခုကျင့်သုံးနေတဲ့ မဲအများဆုံးရသူအမတ်ဖြစ်စတမ်း စနစ်ကနေ အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်တွေကို တွဲဘက်ကျင့်သုံးလာကြမလားဆိုတာလည်း စောင့်ကြည့်ရမှာပါ။ 
.
. . . တရားစီရင်ရေးအပိုင်းမှာ ဆိုရင်တော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါလာဖွယ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ပြည်နယ်အုပ်ချုပ်ရေးမှူးများနဲ့ ပြည်နယ်လွှတ်တော်များက ပိုမိုကျယ်ပြန့်တဲ့အာဏာကျင့်သုံးမှု ရှိလာပြီး ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ အာဏာခွဲဝေမှုတွေ၊ နောက်ပြီး ပြည်နယ်လွှတ်တော်များရဲ့ ဥပဒေပြုရေးတွေနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာတွေ ပိုပြီး များလာနိုင်စရာရှိတဲ့အတွက် အဲဒါတွေကို အဆုံးအဖြတ်ပေးရမယ့် ကိစ္စတွေလည်း ပိုပြီး များလာနိုင်မှာမို့ ဖြစ်ပါတယ်။ အခုလက်ရှိ ကျင့်သုံးနေတဲ့ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ ခန့်အပ်မှုမှာ အစိုးရတစ်ဆက်ပြောင်းတိုင်း လိုက်ပါပြောင်းလဲနေမှုဟာ တရားစီရင်ရေးကဏ္ဍရဲ့ လွတ်လပ်မှုကို အတိုင်းအတာတစ်ခုထိ ထိပါးစေတာကြောင့် အခြေခံဥပဒေခုံရုံးအဖွဲ့ဝင်များ ခန့်အပ်မှုစနစ်ကို ပြောင်းမလား၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုပဲ အခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ အခွင့်အာဏာတွေ အပ်နှင်းမလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ စစ်ဘက်ဆိုင်ရာ တရားရုံးများအနေနဲ့ကတော့ သက်ဆိုင်ရာ စစ်ဘက်ဆိုင်ရာ ဥပဒေများအတိုင်းပဲ ဆက်လက်ကျင့်သုံးဖွယ်ရှိပါတယ်။ 
.
. . . ပြည်ထောင်စုနဲ့ ပြည်နယ်များအကြား အာဏာသုံးရပ်ခွဲဝေကျင့်သုံးမှုနဲ့ ပတ်သက်ပြီး ဆက်လက်တင်ပြပါ့မယ်။ အမေရိကန်လို နိုင်ငံမျိုးမှာတော့ ကာကွယ်ရေး၊ လုံခြုံရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေးဆိုင်ရာ အာဏာများကို ပြည်ထောင်စုကို အပ်နှင်းထားပြီး ကြွင်းကျန်ရစ်သော အာဏာများကို ပြည်နယ်များက ကျင့်သုံးခွင့်ပေးထားပါတယ်။ ဒီနေရာမှာ ကြွင်းကျန်ရစ်သော အာဏာနဲ့ ပတ်သက်ပြီး အကောက်အယူ အမျိုးမျိုး ရှိကြပါတယ်။ တစ်ချို့တော့ ကြွင်းကျန်ရစ်သော အာဏာရတဲ့သူဟာ ပိုပြီး အာဏာကြီးတယ်လို့ ယူဆကြသလို တစ်ချို့ကလည်း ပိုင်းခြားသတ်မှတ်ပေးထားတဲ့ အာဏာက ပိုပြီး များတယ်လို့ ဆိုကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ပြည်နယ်များကို ကြွင်းကျန်ရစ်သောအာဏာအားလုံး အပ်နှင်းထားတယ် ဆိုသော်လည်း အဓိကကျတဲ့ အာဏာများကို ပြည်ထောင်စုက ချုပ်ကိုင်ထားတဲ့အတွက် အမေရိကန်ပြည်ထောင်စုအစိုးရဟာ ပြည်နယ်အစိုးရများထက် အချုပ်အခြာအာဏာကို ကျင့်သုံးဆောင်ရွက်ခွင့် ပိုပြီးရနေတာကို တွေ့ရပါတယ်။ မြန်မာ့လက်ရှိ အခြေခံဥပဒေမှာတော့ ပြည်ထောင်စုနဲ့ ပြည်နယ်များ ဥပဒေပြု စီမံခန့်ခွဲခွင့်ရှိတဲ့ ကိစ္စရပ်များ၊ ကောက်ခံခွင့်ရှိတဲ့ အခွန်များနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဇယားတွေမှာ အသေးစိတ်နီးပါး ဖော်ပြထားပြီးတော့ ကြွင်းကျန်ရစ်သော အာဏာများ (ဇယားများတွင် ထည့်သွင်းဖော်ပြထားခြင်းမရှိသော ကိစ္စရပ်များနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲပိုင်ခွင့်) ကို ပြည်ထောင်စုကို အပ်နှင်းထားကြောင်း တွေ့ရပါတယ်။ လက်ရှိ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း ပြည်နယ်များကို ပေးထားတဲ့ အာဏာခွဲဝေမှု လုံလောက်မှု မရှိကြောင်း ဝေဖန်မှုများ ရှိသလို ဇယားပါအာဏာများကို သက်ဆိုင်ရာပြည်နယ်များက ဥပဒေပြဌာန်းပြီး ရယူကျင့်သုံးနိုင်မှုမှာလည်း အားနည်းနေကြောင်း သုတေသန တွေ့ရှိချက်တွေ ရှိနေပါတယ်။ လက်ရှိမှာတော့ ပြည်နယ်များမှာ အင်္ဂလန်ပုံစံ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပေမယ့် နောင်အခါမှာ ပြည်နယ်များမှာ အမေရိကန်ပုံစံသမ္မတစနစ်ကျင့်သုံးမလား၊ အင်္ဂလန်ပုံစံ ပါလီမန်ဒီမိုကရေစီစနစ်ကိုပဲ ဆက်ပြီးကျင့်သုံးကြမလား၊ ဒါမှမဟုတ် မိမိတို့စိတ်ကြိုက် ပုံဖော်ထားတဲ့ ရောနှောစနစ်ဖြစ်ဖြစ်၊ အခြားပုံစံတစ်ခုဖြစ်ဖြစ် ကျင့်သုံးကြမလားဆိုတာ ပြည်နယ်တစ်ခုချင်းစီရဲ့ ရွေးချယ်မှုအပေါ်ပဲ မူတည်တော့မယ့်အခြေအနေဖြစ်ပါတယ်။ ဒါတင်မက ပြည်နယ်တစ်ခုချင်းအလိုက်မှာ ရှိနေကြတဲ့ ခရိုင်မြို့နယ်တွေနဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးအာဏာတွေကို ဘယ်လို ပုံစံမျိုးနဲ့ ခွဲဝေကျင့်သုံးကြမလဲဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ 
.
. . . ပြည်နယ်များက အခြေခံဥပဒေများ ကိုယ်စီရေးဆွဲ ကျင့်သုံးကြမယ့်အပေါ် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတာတွေ ရှိနေတာကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပေမယ့် ပြည်ထောင်စုနိုင်ငံတော်တစ်ခုရဲ့ အနှစ်သာရဖြစ်တဲ့ ပြည်နယ်နဲ့ ပြည်ထောင်စု အာဏာခွဲဝေကျင့်သုံးမှုကို တိတိကျကျ ပိုင်းခြားထားတဲ့ အခြေခံဥပဒေကို အားလုံးက လေးစားလိုက်နာကြမယ်ဆိုရင် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးအတွက် စိုးရိမ်စရာမဟုတ်ကြောင်း ယူဆမိပါတယ်။ နောက်တစ်ခါ တပ်မတော်နဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ အုပ်ချုပ်ကွပ်ကဲမှု တစ်ခုတည်းအောက်မှာ ရှိနေတဲ့ ပြည်ထောင်စုသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုတပ်မတော်ဆိုတဲ့ သဘောတရားကို အားလုံးက လက်ခံကျင့်သုံးကြမယ်ဆိုရင် မြန်မာ့ပါလီမန်ဒီမိုကရေစီခေတ်ဦးတုန်းက ကြုံခဲ့ရတဲ့ ခါးပိုက်ဆောင်တပ်တွေ သူတစ်လူငါတစ်မင်း လုပ်(နိုင်)တဲ့ အခြေအနေမျိုးကို စိုးရိမ်စရာ မရှိပါဘူး။ 

. . . ပြည်နယ်များက ကိုယ်စီအခြေခံဥပဒေများကို ရေးဆွဲ ကျင့်သုံးလာကြပြီး အာဏာသုံးရပ်နဲ့ ပတ်သက်ရင်လည်း လက်ရှိထက် ပိုမိုကျယ်ပြန့်စွာ ပြဌာန်းကျင့်သုံးလာနိုင်ပြီဆိုတဲ့ အဓိပ္ပာယ်မှာ တာဝန်လည်း ပိုရှိလာပြီဆိုတဲ့ သဘောလည်း ပါဝင်နေတယ်ဆိုတာကို သတိပြုသင့်ပါတယ်။ ပြည်ထောင်စုအစိုးရက ခန့်အပ်တဲ့ ပြည်ထောင်စု ၀န်ထမ်းများအပြင် သက်ဆိုင်ရာ ပြည်နယ်များက ခန့်အပ်တဲ့ ပြည်နယ်ဝန်ထမ်းများဆိုတာလည်း ရှိလာပြီ ဖြစ်တဲ့အတွက် အဲသည်ဝန်ထမ်းတွေရဲ့ စီမံခန့်ခွဲမှု အသုံးစရိတ်များကို သက်ဆိုင်ရာ ပြည်နယ်များက မိမိဘာသာ ကျခံသုံးစွဲရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်နယ်တစ်ခုနဲ့တစ်ခု စီးပွားရေး လူမှုရေးအခြေအနေချင်း ကွာခြားချက်တွေ ရှိနေရာမှာ ဘဏ္ဍာရေးပိုငွေပြတဲ့ ပြည်နယ်တစ်ခုအတွက် မထောင်းတာလှပေမယ့် ကိုယ့်ပြည်နယ်ဝင်ငွေနဲ့ မလောက်ငတဲ့ ပြည်နယ်အစိုးရတွေအနေနဲ့ ပြည်ထောင်စုအစိုးရထံက ရန်ပုံငွေ တောင်းခံသုံးစွဲရတာမျိုး ရှိလာတဲ့အခါ တာဝန်ယူမှု တာဝန်ခံမှုအရ ပြည်ထောင်စုအစိုးရရဲ့ သြဇာကို ပိုမိုလွှမ်းမိုးခံရနိုင်ဖွယ်အခြေအနေလည်း ရှိနေသေးတယ်ဆိုတာ မမေ့သင့်ပါဘူး။ 
.
. . . နိဂုံးချုပ်အနေနဲ့ပြောရရင် ပြည်နယ်အခြေခံဥပဒေများ ကိုယ်စီရေးဆွဲကျင့်သုံးမယ့် အခြေအနေကို သဘောတူလိုက်ကြတယ်ဆိုတာ ပြည်နယ်များရဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်နဲ့ ပတ်သက်ပြီး အသိအမှတ်ပြုမှု အခြေအနေ အတိုင်းအတာတစ်ခု တိုးတက်သွားတာဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်များအတွက်လည်း ကိုယ့်ကိုယ်ကိုယ် တာဝန်ယူစီမံခန့်ခွဲရတော့မယ်ဆိုတဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ စိန်ခေါ်ချက်တစ်ရပ် တိုးလာတာဖြစ်ပါတယ်။ အခုလက်ရှိ အခြေခံဥပဒေက ပေးထားတဲ့ နောက်ဆက်တွဲ ဇယားပါ အခွင့်အာဏာတွေကိုတောင် အပြည့်အ၀ ပြဌာန်းကျင့်သုံးနိုင်ခြင်းမရှိသေးတဲ့ ပြည်နယ်တွေအနေနဲ့ ယခုထက်ပိုတဲ့ အာဏာခွဲဝေမှုကို ကျင့်သုံးရတဲ့အခါမှာလည်း စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ရအုံးမယ်ဆိုတာကို ကြိုတင်မျှော်တွေးပြီး လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ၊ အခြေခံအဆောက်အအုံဆိုင်ရာ၊ အင်စတီးကျူးရှင်းဆိုင်ရာ ပြင်ဆင်မှုများကို သေချာကျန လုပ်ဆောင်မှသာလျင် မိမိတို့ သက်ဆိုင်ရာပြည်နယ်များရဲ့ လူမှုစီးပွားဘ၀ကို မြှင့်တင်နိုင်မှာဖြစ်ပြီး ရလာတဲ့ အခွင့်အလမ်းများကို အကျိုးရှိရှိ ထိထိမိမိ အသုံးချနိုင်မယ်ဆိုတာကို မမေ့မလျော့ သတိပြု ပြင်ဆင်ထားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
.
၁၃ ရက် မေလ ၂၀၁၇

The Voice Daily 17 May 2017
.
http://thevoicemyanmar.com/opinion/8575-pnb

Tuesday 16 May 2017

ပတ်ဗလစ်ဂုစ် ဖရီးရိုက်ဒါ ပရော်ဘလမ် အင်န် အေစကျူးပစ် အင်တီတီ အင်သည် ပီအိတ်ခ်ျဒီ စတာဒီရွန်း


Political Economy ထဲက Neoclassical political economy မှာ Perfect markect ဖြစ်ရင်တောင် Market failure ဖြစ်နိုင်တဲ့ အချက်တွေကို ထောက်ပြထားတာရှိတယ်။ တစ်ခုက Public Goods ပေါ့။ တစ်ယောက်ယောက်က အဲသည်အတွက် ရင်းနှီးမြှပ်နှံလိုက်ပေမယ့် သူတစ်ယောက်တည်း အကျိုးအမြတ်ကို ခံစားရတာ မဟုတ်ဘဲ အခြား Free rider တွေပါ ခံစားရတဲ့ ကိစ္စမျိုး။ အဲသည်တော့ တကယ်လိုနေရင်တောင် ဘယ်သူကမှ မ မတည်ချင်ကြဘူး။ ဘာလို့လဲဆိုတော့ သူက အရင်းအနှီး စိုက်ထုတ် မတည်လိုက်လည်း သူတစ်ယောက်တည်းပိုင်အဖြစ် Ownership လုပ်ထားလို့ မရသလို အခြားသူတွေကလည်း သူမတည်ထားတဲ့ အကျိုးအမြတ်ကို သူ့လိုပဲ ခံစားကြတော့မှာကိုး။ အကျိုးဆက်က ဒီလိုကိစ္စမျိုးကို ဘယ်သူ့ဘယ်သူကမှ အရင်းအမြစ်တွေ စိုက်ထုတ်ပြီး ရင်းနှီးမြှပ်နှံမတည်ခြင်း မပြုလိုကြဘူး။ သူများလုပ်ရင်သာ ငါလည်း အကျိုးအမြတ်ခံစားလိုက်မယ်ဆိုပြီး စောင့်နေကြတဲ့သဘောရှိတော့ ဒီနေရာမှာ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍက ပါကို ပါလာရတယ်။ နိုင်ငံတော်ကနေ ရင်းနှီးမြှပ်နှံပြီး အကျိုးအမြတ်ခံစားခွင့်ရှိတဲ့သူတွေဆီက ပြန်ပြီး အခွန်ကောက်တယ်ဆိုတဲ့ သဘောတရားမျိုးပေါ့။
Once produced, they enter the public realm. Indeed, one definition of a public good is a good that, once produced for any member of a group, automatically is available for any other member of that group bla bla bla . . .
(စာဖတ်ခန်းထဲမှာ အင်တာနက်က ပြတ်တလှည့် ငတ်တလှည့် ဖြစ်နေတာကြာပြီ၊ နက်ဝပ်တာဝန်ရှိသူကိုလည်း အကြောင်းကြားရတာ များပြီ၊ သူတို့ စစ်တဲ့အချိန်ကျတော့ ကောင်းနေသတဲ့၊ ခုလို ညကြီးသန်းခေါင် အင်တာနက်ပြတ်တောက်ပြတ်တောက်ဖြစ်နေလို့ စိတ်အနှောင့်အယှက်ဖြစ်ရတာလည်း များပြီ၊ ဖြစ်သမျှအကြောင်း ဒိုင်ခံ ကွန်ပလိန်းတက်လွန်းအားကြီးလို့ ကိုယ်တစ်ယောက်တည်း လူမိုက်ကြီးဖြစ်ရပေါင်းလည်း များပြီ၊ စာဖတ်စားပွဲကို ကေဘယ်ကြိုးဆင်ပေးပါဆိုတာလည်း အရေးမလုပ်ကြဘူး၊ အဲဒါ Theories of Political Economy စာအုပ်ဖတ်နေရင်း တွေးမိလို့)
.
၁၆ မေ ၂၀၁၇

၀၁၂၅ နာရီ

Wednesday 10 May 2017

ကြယ်နီ ကျောင်းနွား ဒေါင်းအားရှင် နောက်ဆက်တွဲ


. . . ကျောင်းသားအရေခြုံထားတဲ့ သက်ကျားအိုတွေ ဦးဆောင်တဲ့ ပညာရေးဘာဖြစ်တယ် ညာဖြစ်တယ် ဆန္ဒပြပွဲတွေ စလုပ်လာကတည်းကိုက ကျောင်းသားညီငယ်ညီမငယ်တွေအတွက် စိတ်ပူမိခဲ့တယ်။ စိတ်ပူတဲ့အတိုင်းပဲ ဒီကလေးတွေ ထစ်ကနဲရှိ ရှေ့ကနေ ရင်ဆီးခံရတာပဲ မဟုတ်လား။ သူတို့ကို အသုံးချတဲ့ လူယုတ်မာတွေကတော့ ထိုးကျွေးစရာရှိ ကလေးတွေကိုပဲ ထိုးကျွေးပြီး အရေးဟယ်အကြောင်းဟယ်ဆို အသာရေး ရို့နေကြတာပဲ မဟုတ်လား။ ဟိုတစ်ခါ ပညာရေးဥပဒေကို ပြင်ဆင်ဖို့တို့ ပယ်ဖျက်ဖို့တို့ဘာညာနဲ့ ဆန္ဒပြနေကြတုန်းက ဒေါ်အောင်ဆန်းစုကြည်တောင် ဒီကလေးတွေကို ခေါ်တွေ့သေး မဟုတ်လား။ အဲသည်တုန်းက အတိုက်အခံဘ၀ဆိုတော့ ငါ့ရန်သူရဲ့ ရန်သူဟာ ငါ့မိတ်ဆွေဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ကလေးတွေကို အားပေးအားမြှောက်လုပ်ခဲ့တာ ထင်ပါရဲ့။ နောက်ပိုင်းမှာ အဲသည် ကျောင်းသားဆိုသူတွေဟာ တက္ကသိုလ်ကျောင်းဝင်းတွေထဲကို အတင်းကာရောဝင်၊ နိုင်ငံတော်အလံတွေဘာတွေတောင် ဖြုတ်ချခဲ့တဲ့အထိ ရမ်းကားခဲ့ကြတယ်။ အစိုးရက အတိုင်းအတာတစ်ခုထိ လိုက်လျောပေးပြီး လူလူသူသူ လက်ခံတွေ့ဆုံ ဆွေးနွေးပေးနေတာတောင်မှ နောက်ဆုံး ရန်ကုန်ကို မရမက ရောက်အောင်သွားပါမယ်ဆိုလို့ ဆယ်တန်းစာမေးပွဲကာလကြီးမှာ စာမေးပွဲတွေများ ပျက်ကြတော့မလားဆိုပြီး စိတ်ပူခဲ့ရသေးတယ်မဟုတ်လား။ နောက်ဆုံး အစိုးရက အင်အားသုံး ဖြိုခွင်းတာတောင်မှ နောက်ဆက်တွဲ အောက်ကလိအာတွေကို အကြာကြီး ဆက်ကြားနေကြရတုန်း။ အခုလည်း ပညာရေးနဲ့ပဲ ပတ်သက်ပြီး ဆန္ဒပြလို့ဆိုလား တရားရုံးရောက်ဘာညာဖြစ်နေတာတောင် တရားရုံးတော်ကို မထီမဲ့မြင် ပြုမှုနဲ့ပါ ပေါင်းပြီး ပြစ်ဒဏ်ကျခံကြရတာ တွေ့ရပြန်ပါတယ်။
 .
. . . ကိုယ့်ညီကိုလို မောင်နှမလို သားသမီးလို ကိုယ်ချင်းစာစိတ်နဲ့ ပြောရရင် ဒီလိုပြစ်ဒဏ်တွေ ကျခံကြရတာ ကိုယ်နဲ့ ဘယ်လောက်ပဲ စိတ်သဘောထား ကွဲလွဲတဲ့ အကြောင်းကြောင့် ဖြစ်နေပါစေ ရာဇ၀တ်မှုကျူးလွန်တာမှ မဟုတ်ဘူးဆို ဘယ်စိတ်ကောင်းနိုင်ပါ့မလဲ။ သို့သော်လည်း စိတ်မကောင်းရုံနဲ့တော့လည်း မပြီးသေးဘူး။ ပြောစရာရှိတာတော့ ပြောလက်စ ပြောပါရစေပါအုံး . . .
.
. . . ကျောင်းသားတွေ ဆန္ဒပြရင် ထောက်ခံတဲ့သူတွေက ဗိုလ်ချုပ်အောင်ဆန်းတို့ကို လက်ညှိုးထိုးထိုးပြပြီး ပုံနှိုင်းလေ့ရှိကြတယ်။ ဒီကလေးတွေရဲ့ ပညာရည်အမြော်အမြင် လုပ်နည်းလုပ်ဟန် ဦးတည်ချက် နဲ့ ဆက်စပ်အကြောင်းတရားတွေကို လျစ်လျှူရှုပြီး ကျောင်းသားတွေများ အစိုးရကို ကလန်ကဆန် လုပ်ပြီလားဆို တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းတို့ နဲ့ သွားသွား နှိုင်းပြီး အတင်းကို ထောက်ခံကြတော့တာ။ ကျွန်တော်ကတော့ မထောက်ခံပါဘူး။ ဒီနေ့ဒီအချိန်လို အခါမျိုးမှာ ပညာရေးစနစ်ကြီး ပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြတယ်ဆိုတာ အလုပ်ကို မဟုတ်တဲ့ ကိစ္စပဲ။ အမျိုးသားပညာရေး ဥပဒေကို ဆန္ဒပြတုန်းက ဆိုရင်လည်း ခေတ်အခြေအနေ ကိုယ့်နိုင်ငံရဲ့ လက်ရှိ အနေအထားအရ ဘယ်လိုမှ လက်တွေ့မကျတဲ့ တောင်းဆိုချက်တွေနဲ့ တက်လာတော့ လိုက်လျောပေးမယ့်သူတောင် စေတနာပျက်အောင် လုပ်တဲ့သဘော။ ကုန်ကုန်ပြောရရင် အဲသည် ကျောင်းသားဆိုသူတွေ ကိုယ်တိုင် ဥပဒေပြုအမတ်ထိုင်ခုံမှာထိုင်ပြီး ဥပဒေကို ကိုယ်တိုင်ရေးခွင့်ရတယ်ဆိုရင်တောင် လက်တွေ့မှာ ဘယ်လိုမှ ဖြစ်နိုင်စရာမရှိတဲ့ တောင်းဆိုချက်တွေ လုပ်ခဲ့ကြတာ။ တကယ့် တက္ကသိုလ်ကျောင်းသားကျောင်းသူလေးတွေ တောင်းဆိုတယ် ဆန္ဒပြတယ်ဆိုတာကို လက်တွေ့မကျလို့ မထောက်ခံပေမယ့် ညီအစ်ကိုမောင်နှမစိတ်ထားနဲ့ ကိုယ်ချင်းစာ သနားကရုဏာ ဖြစ်ရပေမယ့် သက်ကျားအိုတွေက ဘာသမဂ္ဂ ညာသမဂ္ဂဆိုပြီး ကိုယ့်ဘာသာဖွဲ့ ကိုယ့်ဘာသာခေါင်းဆောင်ခန့်ထားတဲ့ ခုနစ်ဆွေး ရှစ်ဆွေး သချိင်္ုင်းကုန်း တစ်ဘက်လှမ်းနေသူတွေပါ ပါနေတော့ ကြည့်ရတာတောင် အော်ဂလီဆန်လှတယ် . . .
.
. . . တောင်းတိုင်းသာရမယ်ဆိုရင် တစ်လောကလုံး သူတောင်းစားတွေ ဖြစ်ကုန်မှာပေါ့ဆိုတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေကြား ကျီစားကြတဲ့ စကားတစ်ခွန်းကိုလည်း ဒီနေရာမှာ အလျဉ်းသင့်လို့ ကိုးကားချင်တယ်။ တစ်ချို့ကိစ္စတွေက ဆန္ဒတွေပြနေရုံနဲ့ ရလာမယ့် ကိစ္စတွေ မဟုတ်ကြဘူး။ ဘာလို့လည်း ဆိုတော့ တစ်ချို့ကိစ္စတွေမှာ ဆက်စပ်ပတ်သက်နေတဲ့ အကြောင်းတရားတွေရယ် အသုံးတော်ခံနေတဲ့ ဇာတ်ကောင်တွေရယ် နောက်ခံအကြောင်းအရာတွေရယ်ဟာ နားလည်ဖို့ ခက်ခဲလောက်အောင် ရှုပ်ထွေးနေတာတွေရှိတယ်။ အဲဒါမျိုးကို အမြန်ဖြေရှင်းပေးတို့ ရုပ်သိမ်းပေးတို့ ခုချက်ချင်း ပြင်ဆင်ပေးတို့ သွားအော်နေရင်လည်း အော်နေရင်းသာ လိပ်ခေါင်းထွက်ပြီး သေသွားမယ် လိုချင်တာတော့ ရလိုက်မှာ မဟုတ်ဘူး။ 
.
. . . တို့နိုင်ငံက ပညာရေးက အဆင့်အတန်းမြှင့်ဖို့ လိုနေတာ၊ အခြေခံအဆောက်အဦးတွေအရပဲဖြစ်ဖြစ်၊ ဆရာဆရာမတွေရဲ့ အရည်အသွေးအရပဲဖြစ်ဖြစ်၊ သင်ထောက်ကူပစ္စည်းတွေအရပဲဖြစ်ဖြစ်၊ ဆရာကျောင်းသားအချိုးအရပဲဖြစ်ဖြစ် ပြုပြင်ပြောင်းလဲ အဆင့်မြှင့်ဖို့ မဖြစ်မနေ လိုအပ်နေတာကို လက်ခံပါတယ်။ ဒါတွေကို ပြုပြင်ပြောင်းလဲပြီး အဆင့်အတန်းမြင့်တဲ့ ပညာရေးစနစ်ကောင်းကောင်းကို လိုချင်နေတဲ့အထဲ ကိုယ်တွေလည်းပါတာပဲ။ ဒါပေမယ့် အခု လေးငါးနှစ်အတွင်း ကျောင်းသားဆိုသူတွေ တောင်းဆိုတာ တိုက်ပွဲဝင်တယ်ဆိုတာတွေကတော့ ခုနပြောခဲ့တဲ့အရာတွေ ဖြစ်လာဖို့အတွက် ထိရောက်သင့်တော်တဲ့ နည်းလမ်းတွေလို့ ယုံကို မယုံကြည်ရိုးအမှန်ပါ။ 
.
. . . စာမေးပွဲကို မကြိုက်သလိုပေါ့။ ကျောင်းသားတစ်ယောက်ရဲ့ အရည်အချင်းကို အချိန် သုံးနာရီ လေးနာရီအတွင်း ဘယ်လောက် ချရေးလိုက်နိုင်သလဲ ဆိုတဲ့ပေတံနဲ့ တိုင်းရုံနဲ့ အမှန်မရနိုင်ဘူးဆိုတာ သိသပေါ့။ သို့သော်လည်း ဒီစနစ်ကို ဘယ်မှာ စွန့်နိုင်လို့တုန်း၊ အားနည်းချက်တွေ ဘယ်လောက်ပဲရှိရှိ ဒီထက် ထိရောက်သေချာပြီး အားလုံးအတွက် တရားမျှတတဲ့ နည်းလမ်းကို သုံးဖို့ ငွေရေးကြေးရေး အကန့်အသတ် အချိန်အကန့်အသတ် လူအရင်းအမြစ်အကန့်အသတ်တွေ ရှိနေသမျှ ကာလပတ်လုံးတော့ ဒီစာမေးပွဲဆိုတာကြီးကိုပဲ မချစ်သော်လည်း အောင့်ကာနမ်းရမှာပဲ မဟုတ်လား။ အဲဒါကို လက်တွေ့ကျကျ မဆင်ခြင်ဘဲ စာမေးပွဲဖြေတဲ့စနစ် ခုချက်ချင်းရပ်ဆိုပြီး ဆန္ဒပြနေလဲ လက်တွေ့ကျပါ့မလားဆိုတာ စဉ်းစားကြစေချင်တာပါ . . .
.
. . . ဒီလိုပြောလို့ ဆန္ဒမပြရဘူးလို့လည်း မဆိုလိုပါဘူး။ ဆန္ဒပြလို့ ရနိုင်တဲ့ ကိစ္စမျိုးတော့ ပြကြပေါ့လေ။ ကိုယ်တွေလည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားဘ၀က ဆန္ဒပြဖူးတာပဲ။ ဝေသာလီဆောင်က အိုင်အာဌာနမှာ အိုင်အာဒီပလိုမာတန်း ပထမဆုံး အပတ်စဉ်ဖွင့်မယ်ဆိုတော့ ကိုယ်တွေက သိတာနောက်ကျတော့ လျှောက်လွှာရောင်းတဲ့နေ့ သွားမ၀ယ်နိုင်ဘဲ လျှောက်လွှာပိတ်ရက်ကျမှ ရောက်သွားတာ။ ဆရာမလေးတွေ ဆရာလေးတွေကို ပြောတာမရလို့ ပါမောက္ခ ရုံးခန်းထဲဝင်ပြီး ပြောတာ။ ပြောတယ်ဆိုတာ တောင်းတောင်းပန်ပန် ယဉ်ယဉ်ကျေးကျေး။ တီချယ်ကြီးရယ် သားတို့ တကယ်ကို တက်ချင်လို့ပါ။ နောက်တစ်ပတ်စဉ်မှ တက်ဖို့လည်း ဘယ်လိုမှကို အဆင်မပြေတော့လို့ပါ။ တက်ပါရစေ လျှောက်လွှာလေး ရောင်းပေးပါပေါ့။ ကိုယ်တွေတတ်ထားတဲ့ အဌာရဿ ဆယ့်ရှစ်ရပ်ထဲက ဘယ်ပညာတွေလဲတော့မသိဘူး အကုန်သုံးပြီး တီချယ်ကြီး နှစ်ယောက်ကို ၀င်ချွဲတာဆိုတာလေ။ အမယ်လေးဗျာ။ တီချယ်ကြီးတွေက ဒီလို ညာတာပါတေးလုပ်တတ်တဲ့ ကျောင်းသားမျိုးတွေ ဘယ်လောက်တောင် တွေ့ဖူးခဲ့ပြီလဲတော့ မသိဘူး။ လက်ခံနိုင်တဲ့ ကျောင်းသားအရေအတွက် ပြည့်သွားလို့ လျှောက်လွှာထပ်မရောင်းနိုင်တော့ပါဘူးဆိုတာကို ကိုယ်တောင်းပန်တာထက် ဆယ်ဆလောက်တောင် ပြန်တောင်းပန်ပြီးတော့ကို ပြေရာပြေကြောင်း ရှင်းပြကြသေးတာ။ အဲသည်တုန်းက ရန်ကုန်တက္ကသိုလ် အိုင်အာဌာနက ဖွင့်တဲ့ ဒီပလိုမာတန်း ပထမဆုံး အပတ်စဉ်ဆိုတော့ ကိုယ်တွေက တက်ချင်တာကလည်း တစ်ပိုင်းသေဆိုတော့ လွယ်လွယ်နဲ့တော့ လက်မလျှော့ဘူးပေါ့လေ။ ပါမောက္ခနှစ်ယောက်လုံးက ဆရာမကြီးတွေ၊ တီချယ်ကြီး ဒေါက်တာဒေါ်မြင့်ကြည်နဲ့ တီချယ်ကြီး ဒေါ်ကာရိုးအင်ချစ်သာ။ တီချယ်ကြီးတွေကလည်း လေအေးလေးနဲ့ တောင်းတောင်းပန်ပန် ပြောကြတော့ အခန်းထဲကပြန်ထွက်လာ။ ဒါပေမယ့် ဒီလိုနဲ့တော့ အလျှော့မပေးဘူးကွဆိုပြီး လျှောက်လွှာမရသရွေ့ ဒီဌာနက မပြန်တော့ဘူးဆိုပြီး ပါမောက္ခရုံးခန်းရှေ့မှာ ရပ်နေကြတာ။ ဖြတ်သွားဖြတ်လာ ဆရာမလေးတွေက ပြုံးစိစိ ကိုယ်တွေကလည်း ပြုံးစိစိ။ မပြန်ကြဘဲ အပြင်မှာ ရပ်နေမှန်းသိတော့ တီချယ်ကြီးနှစ်ယောက်က တစ်ယောက်တစ်လှည့် ထွက်ပြီး ချော့၊ ခဏနေတော့ အစည်းအဝေးဆိုပြီး ထွက်သွားကြ၊ ပြန်လာတဲ့အထိ ကိုယ်တွေက အဲသည်နေရာမှာ ကျောက်ချရပ်နေတာတွေ့တော့မှ နောက်ဆုံးတော့ တီချယ်ကြီးတွေ လက်မြှောက်တော့တာ။ အဲလိုပါဆို၊ အိုင်အာဒီပလိုမာတန်း တက်ချင်လို့ လျှောက်လွှာမရတာကို တမနက်လုံး ပါမောက္ခရုံးခန်းရှေ့ရပ်ပြီး ဆန္ဒပြဖူးတာ . . .
.
. . . အခုလည်း ပါရဂူတန်း စာဖတ်ခန်းထဲမှာ ကွန်ပြူတာလေးတွေ ဆင်ပေးပါလို့ တောင်းဆိုတာကို ဆင်ပေးပါမယ်တဲ့ ပြောထားတာတော့ တစ်တန်းတောင် ပြီးလို့ နောက်တစ်တန်း တစ်ဝက်ကျိုးနေပြီ၊ အခန်းထဲမှာ ပေးကြိုးနဲ့ လာတိုင်းသွားလိုက်၊ ဓာတ်ပုံလာရိုက်သွားလိုက်၊ မီးခလုတ်သေတ္တာကြီးလှပ်ပြီး စာအုပ်ထဲ ဟိုရေးဒီရေး ရေးမှတ်သွားလိုက် လာလာလုပ်နေတာ ဘယ်တော့များမှ ကွန်ပြူတာက ရောက်လာမှာပါလိမ့်။ လောလောဆယ် ကိုယ့်ကွန်ပြူတာကို စားပွဲပေါ်တင်သုံးနေလို့ တော်သေးတယ်။ လာတပ်ပေးမှာ စောင့်နေရင် လက်တော့နဲ့သာ စာရေးစာဖတ်လုပ်နေရလို့ကတော့ မျက်လုံးမြန်မြန် မွဲရချည်ရဲ့။ လုပ်ပေးပါမယ် ပြောထားတော့လည်း ထပ်ပြောလို့ကလည်း မဖြစ်၊ ကိုယ်ကချည်း ဒိုင်ခံပြောနေတော့လည်း နေရင်းထိုင်ရင်း လူမိုက်ကြီးကိုဖြစ်လို့။ ကျောင်းသားရေးရာဌာနကလည်း နောက်တစ်ခါ လိုတာရှိရင် ကျောင်းသားကောင်စီကနေ တစ်ဆင့်ပြောပါတဲ့။ တယ်လေ . . . ဇွန်လထဲ စာမေးပွဲရှိလို့ ခေါင်းကခြောက်ပြီး ဂယောင်ချောက်ချားနဲ့ ရူးချင်ချင်ဖြစ်နေတာ၊ ကျောင်းသားကောင်စီ သတင်းပို့ပြီး နောက်နေ့ကစ စာဖတ်တာ ပျင်းတိုင်း ကျောင်းသားရေးရာဌာနရှေ့ သွားပြီး "ကွန်ပြူတာ ခုချက်ချင်းပေး" ဆိုပြီး အင်္ဂလိပ် ဂျပန် မြန်မာ သုံးဘာသာနဲ့ ရေးထားတဲ့ စာရွက်တစ်ရွက်ကိုင် ဆန္ဒသွားပြရရင် ကောင်းမလားလို့. . .
.
မေလ ဆယ်ရက် ၂၀၁၇
.
ဓာတ်ပုံ ။ အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသားဆိုသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံကြစဉ် (http://burmese.dvb.no/archives/81228)

Tuesday 9 May 2017

ပြင်သစ်သမ္မတ ၃၉ နှစ်



ပြင်သစ်မှာ ပူပူနွေးနွေး ရွေးကောက်တင်မြှောက်ခံထားရတဲ့ သမ္မတလောင်း အီမာနျူရယ်မက်ခရွန် အသက် ၃၉ နှစ်ပဲ ရှိသေးတယ်ဆိုတော့ ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး သမ္မတများလားဆိုပြီး လျှောက်ဖတ်ကြည့်မိတယ်။ တို့နိုင်ငံ အခြေခံဥပဒေအရဆို သမ္မတ လုပ်စားဖို့ အနည်းဆုံး အသက် လေးဆယ့်ငါးနှစ်တော့ ရှိရမယ်လေ။ ပြင်သစ်ကလူက ခုမှ အသက် သုံးဆယ့်ကိုးဆိုတော့ ငယ်များ ငယ်နေလားပေါ့။ အမေရိကန် သမ္မတတွေထဲမှာဆို အသက်အငယ်ဆုံး သမ္မတ ဖြစ်ခဲ့တဲ့သူက သီအိုဒိုရုစဗဲ့ ဖြစ်ပါသတဲ့။ သူ့ရှေ့ သမ္မတ ၀ီလျံမက်ကင်းလေး ၁၉၀၁ ခုနှစ်မှာ လုပ်ကြံခံရပြီး ကွယ်လွန်တော့ သူက ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေချိန်မို့ အခြေခံဥပဒေအရ ရွေးကောက်ပွဲ မ၀င်ရဘဲ ကျမ်းသစ္စာကျိန်ဆိုပြီး သမ္မတ ဖြစ်ခဲ့တဲ့သူပါ။ သူ နိုင်ငံရေးလောကထဲကို စတင်ဝင်ရောက်ခါစ နယူးယောက် ပြည်နယ်လွှတ်တော်အမတ်ဖြစ်တော့လည်း အသက် နှစ်ဆယ့်သုံးနှစ်ပဲ ရှိသေးတာမို့ အသက်အငယ်ဆုံး ပြည်နယ်လွှတ်တော်အမတ်လည်း ဖြစ်ခဲ့ပါသတဲ့။ ၁၉၀၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး သမ္မတ ဖြစ်ခဲ့တဲ့သူကတော့ အဖေသမ္မတ ကွယ်လွန်လို့ သားက သမ္မတ တက်ဖြစ်တဲ့ ဟေတီနိုင်ငံက ဂျင်းကလော်ဒီ ဒူဗလိုင်ယာ ဖြစ်ပါတယ်။ သမ္မတ ဖြစ်တဲ့အချိန်မှာ အသက် ဆယ့်ကိုးနှစ်ပဲ ရှိပါသေးတယ်။ ဘုရင်တွေထဲမှာတော့ အသက်အငယ်ဆုံး ဘုရင်ဖြစ်ခဲ့တဲ့သူကတော့ ဖခင်ဖြစ်သူ ဘုရင်အဖြစ်က နန်းကျခဲ့လို့ ဘုရင်တက်ဖြစ်တဲ့ အီဂျစ်နိုင်ငံက Fuad II ဖြစ်ပါတယ်။ (အသံကတော့ မထွက်တတ်လို့)။ ဒီဘုရင်လေး ဘယ်လောက်တောင် ငယ်သလဲဆိုရင် ၁၉၅၂ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်မှာ မွေးပြီး အဲသည်နှစ် ဇူလိုင်လ ၂၆ ရက်နေ့မှာ ဘုရင့်အရိုက်အရာကို ဆက်ခံခဲ့တာပါ။ ခြောက်လသားလေးနဲ့ ဘုရင်တက်ဖြစ်တာပေါ့။ ဟိုတစ်လောလေးကမှ နတ်ရွာစံသွားတဲ့ နန်းသက်ရှည်လှတဲ့ ယိုးဒယားဘုရင်မင်းမြတ် ဘူမိဘော အသက်ဆယ့်ရှစ်နှစ်မှာ နန်းတက်ခဲ့တာတောင် သူ့နိုင်ငံမှာ အသက်အငယ်ဆုံး ဘုရင်မဟုတ်သေးပါဘူး။ သူ့ရှေ့ အာနန္ဒာမဟီဒေါ ဘုရင်ဖြစ်တော့ အသက် ကိုးနှစ်ပဲ ရှိပါသေးတယ်။
.
. . . တော်ပါပြီ ဒီအကြောင်းတွေ ဆက်မရေးချင်တော့ပါဘူး။ သူတို့က အဲသည်လောက် အသက်မှာ သမ္မတဖြစ်တဲ့လူနဲ့ ဘုရင်ဖြစ်တဲ့လူနဲ့၊ ကိုယ်တွေလို ဒီအသက်ဒီအရွယ်ထိ ကျောင်းသားကြီးလုပ်နေရသေးတဲ့သူတွေက ဘယ်နားသွားနေရမှန်း မသိတော့ဘူး . . .
.
မေလ ၉ ရက် ၂၀၁၇

ဒေါ်အောင်ဆန်းစုကြည် ယူကေရောက်မြန်မာများနဲ့ တွေ့ဆုံပွဲ


၉ ရက် မေလ ၂၀၁၇
.
မေး။ NLD အစိုးရအနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ဖို့ လုပ်နေတဲ့နေရာမှာ ဘယ်အတိုင်းအတာထိ အောင်မြင်နေပါပြီလဲ
.
ဖြေ။ အခုဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အင်မတန်မှ ဆက်နွယ်နေပါတယ်။ ဒီ NCA သဘောတူညီမှုထဲမှာကို ဒါ ပါပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံပဲ ခေါ်ခေါ်ပေါ့နော်၊ ၂၁ ရာစုနှစ် ပင်လုံပဲခေါ်ခေါ်၊ ဒီညီလာခံကနေတစ်ဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီပြည်ထောင်စု ဖြစ်အောင်လို့ ပြုပြင်ပြောင်းလဲသွားရမယ်ဆိုတာ ပါပြီးသားပါ။ ကျွန်မတို့ကနေပြီးတော့ ဒီလိုပြောင်းလဲတဲ့ နေရာမှာ အေးအေးချမ်းချမ်းနဲ့ ဥပဒေဘောင်အတွင်းက ပြောင်းလဲစေချင်တာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ နိုင်ငံအတွက် အစဉ်အလာကောင်းတွေကို ကျွန်မတို့ ချသွားချင်လို့
.
အခုပြောကြားချက်ဟာ ၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးရမှ အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်နိုင်မယ်လို့ ပြောခဲ့ပြီးတဲ့နောက်ပိုင်း NLD အစိုးရရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုတဲ့ ဒုတိယမြောက် မှတ်တမ်းဖြစ်ပါတယ်။
.
၁၀ ရက် မေလ ၂၀၁၇


Friday 5 May 2017

လူကြီးတွေပြီးတော့ ကလေးတွေ


ဒီတစ်ခါ အလှည့်ကျတာကတော့ ကလေးများနဲ့ မိဘများပါ။ အရင် ရန်ကုန်ဘတ်စ်ကား စနစ်ကို သုံးရက်တည်းနဲ့ အောင်မြင်အောင် ပြောင်းပေးနိုင်ခဲ့တဲ့ ကွီးဖြိုးကိုယ်တိုင် ကမကထ လုပ်ပြီး ရန်ကုန်မှာ ကျောင်းကားဆိုလား လုပ်ပြန်ပြီတဲ့ဗျို့။ တစ်ချို့ကလည်း သူတို့ကလေးကို အစမ်းသပ်ခံ မဖြစ်မခံနိုင်ဘူး ဘာညာပေါ့လေ၊ အဲလို ပြောတဲ့ ကလေးမိဘတွေကို တစ်ခုပဲ ပြောချင်တယ်။ ခင်ဗျားတို့ မိဘတွေ ခင်ဗျားတို့ကို ငယ်ငယ်ကတည်းက သေချာ မလေ့ကျင့်ပေးခဲ့လို့ အခုဆို ဘတ်စ်ကားဒုက္ခကို ကောင်းကောင်း မခံနိုင်ကြတာမဟုတ်လား။ ဒါကို သိလို့ ကွီးဖြိုးက စေတနာနဲ့ စီစဉ်ပေးတာ။ ခင်ဗျားတို့ ရန်ကုန်သူ ရန်ကုန်သား၊ ငယ်ငယ်ကတည်းက ကောင်းကောင်းမွန်မွန် ကျောင်းသွားကျောင်းပြန် လုပ်ခဲ့ရတော့ YBS နဲ့လည်း တိုးရော ပက်လက်လန်တာပဲ မဟုတ်လား။ ကဲ အခု ကလေးတွေကို YBS ဒဏ် ခံနိုင်ရည်ရှိအောင် အခုကတည်းက လေ့ကျင့်ပေးတော့မယ်။ ဘယ်လောက် အမြော်အမြင် ကြီးလိုက်တဲ့ ကွီးဖြိုးလဲ။ ဒီ စေတနာတွေကို ခင်ဗျားတို့ နားမလည်ကြဘူး၊ ကွကိုယ် နားမလည်လဲ အေးအေး မနေကြဘူး၊ ဖွဘုတ်ပေါ် တက်ဖွကြသေးတယ်။ တော်တော်ခက်တဲ့ ရန်ကုန်သူ ရန်ကုန်သားတွေပါဗျာ . . .

224th Day


The very first beautiful Tulips we have ever planted in IUJ. These were sawen on the Autumnal Equinox Day of 2016 (Thursday, September 22) in the backyard of the professors' residence. They were sleeping for about seven month under the heavy snow, and bloom in the colorful spring.
Welcome to the isolated university in the jungle . . .

Monday 1 May 2017

သုံးခါတောင် ရှိသွားပါပကော



သုံးခါ
သုံးခါတောင် ရှိသွားပါပကော
.
. . . ၀ါသွားလိုက်၊ ကြွေကျပြီး အရိုးပြိုင်းပြိုင်းဖြစ်ကျန်ခဲ့တဲ့အချိန်မှာ ထုံးအိုးကြီး မှောက်ကျသလို မြင်မြင်ကရာ ဖွေးဖွေးဖြစ်ကျန်ခဲ့လိုက်၊ တစ်ခါ ပန်းတွေရောင်စုံပွင့်ပြီး မကြာခင်မှာပဲ စိမ်းစိမ်းမြမြ ဖြစ်လာလိုက်။ မနေ့တစ်နေ့ကမှ ဝေေ၀ဆာဆာ လှနေသေးသော ချယ်ရီပန်းတွေလည်း အပွင့်တွေကုန်လို့ အရွက်စိမ်းတွေတောင် ဝေနေချေပြီ . . .
.
. . . အနတ္တသဘောအရ ကိုယ်ကိုယ်ကို အစိုးမရတဲ့အခါ ငယ်ငယ်က ပိန်လညောင်လေး ပြည့်ပြည့်ဖြိုးဖြိုးဖြစ်ချင်တာတောင် မဖြစ်ခဲ့တာ အခုကျပြန်တော့ ပြည့်ပြည့်ဖြိုးဖြိုးကြီးမဖြစ်အောင် တားဆီးဟန့်တားနေတဲ့ကြားက တဖြည်းဖြည်းဆိုသလို . . .
.
. . . ပထမဆုံး တက်ခဲ့တဲ့ တက္ကသိုလ်မှာ သုံးနှစ်တိတိ ကြာခဲ့သည်၊ အခုကျမှ ပြန်လွမ်းရပေမယ့် ဟိုစဉ်တုန်းကတော့ စိတ်ကူးယဉ်ဖို့တောင် အခွင့်မရခဲ့တဲ့ သုံးနှစ်။ နောက်တက္ကသိုလ်တစ်ခုမှာ သုံးနှစ်တစ်ဖြတ် ဆယ်နှစ်လောက်ကြာတော့ တစ်နှစ်တစ်ဖြတ်၊ စုစုပေါင်း လေးနှစ်တိတိ။ ဒီတက္ကသိုလ်မှာတော့ ငါးနှစ်တောင်ကြာအုံးတော့မယ်ပေါ့။ ဒီနှုန်းအတိုင်းသာဆို နောက်တက္ကသိုလ်တစ်ခုသာ တက်ရဦးမယ်ဆိုရင် ခြောက်နှစ်တောင် တက်ရမလားမသိ။ တော်ပါပြီ တော်ပါပြီလေ၊ အသက်ကြီးမှ လက်ပေးသင်ဆိုသလို ပညာတွေများ သင်လို့ကို မကုန်နိုင်။ ငယ်တဲ့ရွယ်တဲ့သူတွေနဲ့ ရင်ဘောင်တန်း လုပ်နေရတဲ့အခြေအနေမှာ ဟိုးအရင် ဆယ်စုနှစ်တစ်ခုကျော် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀ကို လွမ်းမိသည်။ ကိုယ်လည်း တစ်ချိန်တုန်းကတော့ သူတို့လို ငယ်ရွယ်နုပျိုခဲ့တာပဲ၊ ဘယ်သူ့ဘယ်သူအတွက်မှ ပူစရာပင်စရာရယ်လို့ အနှောင်အဖွဲ့မရှိခဲ့ဘဲ တစ်ကြောင်းတည်းသောလမ်းကို လျှောက်ခဲ့နိုင်တာပဲ။ ခုတော့လည်း ဒီလိုမဟုတ်တော့ပြီ၊ အတွယ်အတာ အနှောင်အရစ်တွေနဲ့ ဘ၀ဟာ တစ်ခုခုကို စိုက်လိုက်မတ်တပ် အာရုံစိုက်ဖို့ အခြေအနေက နည်းလာခဲ့ပြီ။
.
. . . စနစ်တကျ အကွက်ချ စီမံဖန်တီးထားသော ပြဿနာတွေနှင့် နပမ်းလုံးနေရသည့် စာသင်သားဘ၀ကို မြတ်မြတ်နိုးနိုး ရှိလှသော်လည်း တစ်ခါတစ်ခါမှာတော့ ငါဘာလို့ ဒီအသက်ဒီအရွယ်အထိ ဒီစာတွေ သင်နေရသေးတာပါလိမ့်လို့ အတွေးပွားမိသည်။ တစ်ခါတစ်ခါ မဖတ်လို့လည်းမဖြစ် ဖတ်တော့လည်း နားမလည်သည့် စာတွေနဲ့ ရင်ဆိုင်ရတိုင်း ဒီစာတွေ မတတ်တော့ရော ဘာဖြစ်သေးလဲကွာဟု ရင်ထဲမှာ ငုပ်လျှိုးနေတဲ့ ဂျစ်ကန်ကန်စိတ်က ခေါင်းထောင်ထောင်လာတတ်ပြန်သည်။ သို့သော် ခဏသာ။ မဟုတ်သေးပါဘူးလေ။ ဖတ်ရမယ် ဖတ်ရမယ် မင်း ဖတ်ရမယ်။ ဒါ မင်းရွေးချယ်ခဲ့တဲ့ လမ်းပဲလေဟု ကိုယ့်တရားကိုယ်စီရင်ပြီး စာတွေ ဆက်ဖတ်နေရပြန်သည်။
.
. . . တစ်ခါတစ်ခါကျပြန်တော့လည်း လူက စာကြည့်စားပွဲ ထိုင်နေပေမင့် စိတ်တွေက လူကိုခွာပြီး သွားချင်ရာသွားနေတတ်သည်။ လေလွင့်နေသည့် စိတ်က တစ်ခါတစ်ခါ လူနားပြန်ရောက်လာသော်လည်း လူထဲကို ပြန်မကပ်သေးဘဲ လူကို လှည့်ပတ်အကဲခတ်နေတတ်ပြန်သေးသည်။ မင်း ဘာထိုင်လုပ်နေတာလဲ။ တစ်နေ့တစ်နေ့ လူနားမလည်တဲ့ စာတွေဖတ်မယ်။ ဓာတ်ပုံတွေ လျှောက်ရိုက်မယ်၊ လူမဖတ်ချင်တဲ့စာတွေ ရေးမယ်၊ ဖေ့ဘုတ်ပေါ်တင်မယ်၊ ချီးကျူးရင် အကောင်းပြောခံရရင်ပျော်မယ်၊ စကားတင်းအဆိုခံရရင် ဒေါသထွက်မယ်၊ အခွင့်ရတဲ့အခါ အပေါင်းအသင်းတွေနဲ့ ပျော်မယ်ပါးမယ်၊ ရယ်မောမယ်၊ တစ်ခါတစ်ခါလည်း ရန်ဖြစ်ကြမယ် ပြီးရင်လည်း ပြန်ချစ်ကြမယ်၊ မြန်မာပြည်က ပန်းပွင့်လေးတို့ သားအမိကို ဖုံးဆက်မယ်၊ နေကောင်းလား ဘာစားလဲ ဘယ်သွားလဲ မေးမယ်၊ စိတ်ကူးပေါက်တဲ့အခါလည်း တောင်စဉ်ရေမရတွေပြောပြီး ရယ်ကြမောကြမယ်။ တစ်ခါတစ်လေလည်း အမေ့ဆီဖုန်းဆက်မယ်၊ အမေပြောတာတွေကို နားထောင်မယ် အလိုက်အထိုက် ပြန်ပြောမယ်၊ ရွာကအကြောင်းတွေ အမေ့ကို မေးမယ်၊ ဒီလိုနဲ့ပဲ မနက်နေကြီးမြင့်မှ အိပ်ယာထ၊ ချက်ပြုတ်စား၊ ချက်ရမှာ ပျင်းရင် သူများတွေဆီကပ်စား၊ ဆိုင်မှာသွားစား၊ အပြင်သွားစားတဲ့အခါလည်း စားကြ၊ ပြီးတော့ စာကြည့်စားပွဲကိုလာ၊ ဒီတစ်ပတ်ဘယ်ဟာပြီးအောင် ဖတ်ရမှာလည်းကြည့်၊ နားလည်လည် မလည်လည် အချိန်ဇယားချထားတဲ့အတိုင်း ပြီးအောင်ဖတ်၊ မပြီးတော့လည်း ကျော်ခွဖတ်၊ ညနေ နေလေးချိုရင် စားကောင်းသောက်ကောင်း ကျောင်းတစ်ပတ်လောက် ပတ်ပြေး၊ ပြန်ရောက်တော့ ညစာစားပြီး စာကြည့်စားပွဲမှာ တစ်ခါထိုင်။ ပြီးတော့ အခန်းပြန်အိပ်။ ဒီလိုနဲ့ပဲ တစ်ရက်ပြီးတစ်ရက် ကုန်ရပြန်သည်။ ဘာတွေ အလုပ်ဖြစ်ခဲ့လဲဆိုတော့လည်း မယ်မယ်ရရ ပြစရာက ဘာပါလိမ့်၊ ဖတ်ပြီးခဲ့တဲ့ စာမျက်နာ အရေအတွက်လား၊ ခေါင်းထဲကျန်ခဲ့တဲ့ စာတွေလား၊ အဲဒါကိုရော ဘယ်လိုများ တိုင်းတာလို့ရမှာပါလိမ့်၊ ဒါမှမဟုတ် ပြေးလိုက်တုန်းက လောင်ကျွမ်းသွားတဲ့ ကယ်လိုရီတွေလား၊ ရိုက်ခဲ့မိတဲ့ ဓာတ်ပုံတွေလား . . .
.
. . . ကြိုက်သော်ရှိ ပျော်သော်ရှိ လောလောဆယ်တော့ ဘ၀က ဒီလိုပဲ ဖြတ်သန်းနေရအုံးမည်။ အသက်တွေ တစ်ရက်ပြီးတစ်ရက် ကြီးလာမည်၊ မျက်နာပေါ်က အရေးအကြောင်းတွေ တစ်ရစ်ပြီးတစ်ရစ် ထင်လာမည်၊ မလိုချင်ပါဘူးဆိုတဲ့ အဆီတွေက အရေပြားအောက်မှာ ပုန်းခိုစုဝေးလာကြမည်၊ နုပျိုလန်းဆန်းတဲ့ တက်ကြွမှုတွေကြားမှာ ခြားနားပေါ်လွင်နေတဲ့ အိုမင်းရင့်ရော်မှုတွေက တိုက်စားနေမည်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းကလို တီတီတာတာ ရည်းစားလေးတစ်ယောက်လောက် အနားမှာ ရှိရင်တော့ ပြန်လည်နုပျိုကောင်း နုပျိုလာမည်ထင်သည်။ ဒီအတွေးစကိုသာ မြန်မာပြည်က ပန်းပွင့်လေးမေမေ ကြားသွားရင်တော့ ဆုတောင်းလေဆုတောင်းဟု မျက်စောင်းလေးခဲပြီးပြောမှာဧကန် . . .
.
၁ မေ ၂၀၁၇