Wednesday 10 May 2017

ကြယ်နီ ကျောင်းနွား ဒေါင်းအားရှင် နောက်ဆက်တွဲ


. . . ကျောင်းသားအရေခြုံထားတဲ့ သက်ကျားအိုတွေ ဦးဆောင်တဲ့ ပညာရေးဘာဖြစ်တယ် ညာဖြစ်တယ် ဆန္ဒပြပွဲတွေ စလုပ်လာကတည်းကိုက ကျောင်းသားညီငယ်ညီမငယ်တွေအတွက် စိတ်ပူမိခဲ့တယ်။ စိတ်ပူတဲ့အတိုင်းပဲ ဒီကလေးတွေ ထစ်ကနဲရှိ ရှေ့ကနေ ရင်ဆီးခံရတာပဲ မဟုတ်လား။ သူတို့ကို အသုံးချတဲ့ လူယုတ်မာတွေကတော့ ထိုးကျွေးစရာရှိ ကလေးတွေကိုပဲ ထိုးကျွေးပြီး အရေးဟယ်အကြောင်းဟယ်ဆို အသာရေး ရို့နေကြတာပဲ မဟုတ်လား။ ဟိုတစ်ခါ ပညာရေးဥပဒေကို ပြင်ဆင်ဖို့တို့ ပယ်ဖျက်ဖို့တို့ဘာညာနဲ့ ဆန္ဒပြနေကြတုန်းက ဒေါ်အောင်ဆန်းစုကြည်တောင် ဒီကလေးတွေကို ခေါ်တွေ့သေး မဟုတ်လား။ အဲသည်တုန်းက အတိုက်အခံဘ၀ဆိုတော့ ငါ့ရန်သူရဲ့ ရန်သူဟာ ငါ့မိတ်ဆွေဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ကလေးတွေကို အားပေးအားမြှောက်လုပ်ခဲ့တာ ထင်ပါရဲ့။ နောက်ပိုင်းမှာ အဲသည် ကျောင်းသားဆိုသူတွေဟာ တက္ကသိုလ်ကျောင်းဝင်းတွေထဲကို အတင်းကာရောဝင်၊ နိုင်ငံတော်အလံတွေဘာတွေတောင် ဖြုတ်ချခဲ့တဲ့အထိ ရမ်းကားခဲ့ကြတယ်။ အစိုးရက အတိုင်းအတာတစ်ခုထိ လိုက်လျောပေးပြီး လူလူသူသူ လက်ခံတွေ့ဆုံ ဆွေးနွေးပေးနေတာတောင်မှ နောက်ဆုံး ရန်ကုန်ကို မရမက ရောက်အောင်သွားပါမယ်ဆိုလို့ ဆယ်တန်းစာမေးပွဲကာလကြီးမှာ စာမေးပွဲတွေများ ပျက်ကြတော့မလားဆိုပြီး စိတ်ပူခဲ့ရသေးတယ်မဟုတ်လား။ နောက်ဆုံး အစိုးရက အင်အားသုံး ဖြိုခွင်းတာတောင်မှ နောက်ဆက်တွဲ အောက်ကလိအာတွေကို အကြာကြီး ဆက်ကြားနေကြရတုန်း။ အခုလည်း ပညာရေးနဲ့ပဲ ပတ်သက်ပြီး ဆန္ဒပြလို့ဆိုလား တရားရုံးရောက်ဘာညာဖြစ်နေတာတောင် တရားရုံးတော်ကို မထီမဲ့မြင် ပြုမှုနဲ့ပါ ပေါင်းပြီး ပြစ်ဒဏ်ကျခံကြရတာ တွေ့ရပြန်ပါတယ်။
 .
. . . ကိုယ့်ညီကိုလို မောင်နှမလို သားသမီးလို ကိုယ်ချင်းစာစိတ်နဲ့ ပြောရရင် ဒီလိုပြစ်ဒဏ်တွေ ကျခံကြရတာ ကိုယ်နဲ့ ဘယ်လောက်ပဲ စိတ်သဘောထား ကွဲလွဲတဲ့ အကြောင်းကြောင့် ဖြစ်နေပါစေ ရာဇ၀တ်မှုကျူးလွန်တာမှ မဟုတ်ဘူးဆို ဘယ်စိတ်ကောင်းနိုင်ပါ့မလဲ။ သို့သော်လည်း စိတ်မကောင်းရုံနဲ့တော့လည်း မပြီးသေးဘူး။ ပြောစရာရှိတာတော့ ပြောလက်စ ပြောပါရစေပါအုံး . . .
.
. . . ကျောင်းသားတွေ ဆန္ဒပြရင် ထောက်ခံတဲ့သူတွေက ဗိုလ်ချုပ်အောင်ဆန်းတို့ကို လက်ညှိုးထိုးထိုးပြပြီး ပုံနှိုင်းလေ့ရှိကြတယ်။ ဒီကလေးတွေရဲ့ ပညာရည်အမြော်အမြင် လုပ်နည်းလုပ်ဟန် ဦးတည်ချက် နဲ့ ဆက်စပ်အကြောင်းတရားတွေကို လျစ်လျှူရှုပြီး ကျောင်းသားတွေများ အစိုးရကို ကလန်ကဆန် လုပ်ပြီလားဆို တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းတို့ နဲ့ သွားသွား နှိုင်းပြီး အတင်းကို ထောက်ခံကြတော့တာ။ ကျွန်တော်ကတော့ မထောက်ခံပါဘူး။ ဒီနေ့ဒီအချိန်လို အခါမျိုးမှာ ပညာရေးစနစ်ကြီး ပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြတယ်ဆိုတာ အလုပ်ကို မဟုတ်တဲ့ ကိစ္စပဲ။ အမျိုးသားပညာရေး ဥပဒေကို ဆန္ဒပြတုန်းက ဆိုရင်လည်း ခေတ်အခြေအနေ ကိုယ့်နိုင်ငံရဲ့ လက်ရှိ အနေအထားအရ ဘယ်လိုမှ လက်တွေ့မကျတဲ့ တောင်းဆိုချက်တွေနဲ့ တက်လာတော့ လိုက်လျောပေးမယ့်သူတောင် စေတနာပျက်အောင် လုပ်တဲ့သဘော။ ကုန်ကုန်ပြောရရင် အဲသည် ကျောင်းသားဆိုသူတွေ ကိုယ်တိုင် ဥပဒေပြုအမတ်ထိုင်ခုံမှာထိုင်ပြီး ဥပဒေကို ကိုယ်တိုင်ရေးခွင့်ရတယ်ဆိုရင်တောင် လက်တွေ့မှာ ဘယ်လိုမှ ဖြစ်နိုင်စရာမရှိတဲ့ တောင်းဆိုချက်တွေ လုပ်ခဲ့ကြတာ။ တကယ့် တက္ကသိုလ်ကျောင်းသားကျောင်းသူလေးတွေ တောင်းဆိုတယ် ဆန္ဒပြတယ်ဆိုတာကို လက်တွေ့မကျလို့ မထောက်ခံပေမယ့် ညီအစ်ကိုမောင်နှမစိတ်ထားနဲ့ ကိုယ်ချင်းစာ သနားကရုဏာ ဖြစ်ရပေမယ့် သက်ကျားအိုတွေက ဘာသမဂ္ဂ ညာသမဂ္ဂဆိုပြီး ကိုယ့်ဘာသာဖွဲ့ ကိုယ့်ဘာသာခေါင်းဆောင်ခန့်ထားတဲ့ ခုနစ်ဆွေး ရှစ်ဆွေး သချိင်္ုင်းကုန်း တစ်ဘက်လှမ်းနေသူတွေပါ ပါနေတော့ ကြည့်ရတာတောင် အော်ဂလီဆန်လှတယ် . . .
.
. . . တောင်းတိုင်းသာရမယ်ဆိုရင် တစ်လောကလုံး သူတောင်းစားတွေ ဖြစ်ကုန်မှာပေါ့ဆိုတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေကြား ကျီစားကြတဲ့ စကားတစ်ခွန်းကိုလည်း ဒီနေရာမှာ အလျဉ်းသင့်လို့ ကိုးကားချင်တယ်။ တစ်ချို့ကိစ္စတွေက ဆန္ဒတွေပြနေရုံနဲ့ ရလာမယ့် ကိစ္စတွေ မဟုတ်ကြဘူး။ ဘာလို့လည်း ဆိုတော့ တစ်ချို့ကိစ္စတွေမှာ ဆက်စပ်ပတ်သက်နေတဲ့ အကြောင်းတရားတွေရယ် အသုံးတော်ခံနေတဲ့ ဇာတ်ကောင်တွေရယ် နောက်ခံအကြောင်းအရာတွေရယ်ဟာ နားလည်ဖို့ ခက်ခဲလောက်အောင် ရှုပ်ထွေးနေတာတွေရှိတယ်။ အဲဒါမျိုးကို အမြန်ဖြေရှင်းပေးတို့ ရုပ်သိမ်းပေးတို့ ခုချက်ချင်း ပြင်ဆင်ပေးတို့ သွားအော်နေရင်လည်း အော်နေရင်းသာ လိပ်ခေါင်းထွက်ပြီး သေသွားမယ် လိုချင်တာတော့ ရလိုက်မှာ မဟုတ်ဘူး။ 
.
. . . တို့နိုင်ငံက ပညာရေးက အဆင့်အတန်းမြှင့်ဖို့ လိုနေတာ၊ အခြေခံအဆောက်အဦးတွေအရပဲဖြစ်ဖြစ်၊ ဆရာဆရာမတွေရဲ့ အရည်အသွေးအရပဲဖြစ်ဖြစ်၊ သင်ထောက်ကူပစ္စည်းတွေအရပဲဖြစ်ဖြစ်၊ ဆရာကျောင်းသားအချိုးအရပဲဖြစ်ဖြစ် ပြုပြင်ပြောင်းလဲ အဆင့်မြှင့်ဖို့ မဖြစ်မနေ လိုအပ်နေတာကို လက်ခံပါတယ်။ ဒါတွေကို ပြုပြင်ပြောင်းလဲပြီး အဆင့်အတန်းမြင့်တဲ့ ပညာရေးစနစ်ကောင်းကောင်းကို လိုချင်နေတဲ့အထဲ ကိုယ်တွေလည်းပါတာပဲ။ ဒါပေမယ့် အခု လေးငါးနှစ်အတွင်း ကျောင်းသားဆိုသူတွေ တောင်းဆိုတာ တိုက်ပွဲဝင်တယ်ဆိုတာတွေကတော့ ခုနပြောခဲ့တဲ့အရာတွေ ဖြစ်လာဖို့အတွက် ထိရောက်သင့်တော်တဲ့ နည်းလမ်းတွေလို့ ယုံကို မယုံကြည်ရိုးအမှန်ပါ။ 
.
. . . စာမေးပွဲကို မကြိုက်သလိုပေါ့။ ကျောင်းသားတစ်ယောက်ရဲ့ အရည်အချင်းကို အချိန် သုံးနာရီ လေးနာရီအတွင်း ဘယ်လောက် ချရေးလိုက်နိုင်သလဲ ဆိုတဲ့ပေတံနဲ့ တိုင်းရုံနဲ့ အမှန်မရနိုင်ဘူးဆိုတာ သိသပေါ့။ သို့သော်လည်း ဒီစနစ်ကို ဘယ်မှာ စွန့်နိုင်လို့တုန်း၊ အားနည်းချက်တွေ ဘယ်လောက်ပဲရှိရှိ ဒီထက် ထိရောက်သေချာပြီး အားလုံးအတွက် တရားမျှတတဲ့ နည်းလမ်းကို သုံးဖို့ ငွေရေးကြေးရေး အကန့်အသတ် အချိန်အကန့်အသတ် လူအရင်းအမြစ်အကန့်အသတ်တွေ ရှိနေသမျှ ကာလပတ်လုံးတော့ ဒီစာမေးပွဲဆိုတာကြီးကိုပဲ မချစ်သော်လည်း အောင့်ကာနမ်းရမှာပဲ မဟုတ်လား။ အဲဒါကို လက်တွေ့ကျကျ မဆင်ခြင်ဘဲ စာမေးပွဲဖြေတဲ့စနစ် ခုချက်ချင်းရပ်ဆိုပြီး ဆန္ဒပြနေလဲ လက်တွေ့ကျပါ့မလားဆိုတာ စဉ်းစားကြစေချင်တာပါ . . .
.
. . . ဒီလိုပြောလို့ ဆန္ဒမပြရဘူးလို့လည်း မဆိုလိုပါဘူး။ ဆန္ဒပြလို့ ရနိုင်တဲ့ ကိစ္စမျိုးတော့ ပြကြပေါ့လေ။ ကိုယ်တွေလည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားဘ၀က ဆန္ဒပြဖူးတာပဲ။ ဝေသာလီဆောင်က အိုင်အာဌာနမှာ အိုင်အာဒီပလိုမာတန်း ပထမဆုံး အပတ်စဉ်ဖွင့်မယ်ဆိုတော့ ကိုယ်တွေက သိတာနောက်ကျတော့ လျှောက်လွှာရောင်းတဲ့နေ့ သွားမ၀ယ်နိုင်ဘဲ လျှောက်လွှာပိတ်ရက်ကျမှ ရောက်သွားတာ။ ဆရာမလေးတွေ ဆရာလေးတွေကို ပြောတာမရလို့ ပါမောက္ခ ရုံးခန်းထဲဝင်ပြီး ပြောတာ။ ပြောတယ်ဆိုတာ တောင်းတောင်းပန်ပန် ယဉ်ယဉ်ကျေးကျေး။ တီချယ်ကြီးရယ် သားတို့ တကယ်ကို တက်ချင်လို့ပါ။ နောက်တစ်ပတ်စဉ်မှ တက်ဖို့လည်း ဘယ်လိုမှကို အဆင်မပြေတော့လို့ပါ။ တက်ပါရစေ လျှောက်လွှာလေး ရောင်းပေးပါပေါ့။ ကိုယ်တွေတတ်ထားတဲ့ အဌာရဿ ဆယ့်ရှစ်ရပ်ထဲက ဘယ်ပညာတွေလဲတော့မသိဘူး အကုန်သုံးပြီး တီချယ်ကြီး နှစ်ယောက်ကို ၀င်ချွဲတာဆိုတာလေ။ အမယ်လေးဗျာ။ တီချယ်ကြီးတွေက ဒီလို ညာတာပါတေးလုပ်တတ်တဲ့ ကျောင်းသားမျိုးတွေ ဘယ်လောက်တောင် တွေ့ဖူးခဲ့ပြီလဲတော့ မသိဘူး။ လက်ခံနိုင်တဲ့ ကျောင်းသားအရေအတွက် ပြည့်သွားလို့ လျှောက်လွှာထပ်မရောင်းနိုင်တော့ပါဘူးဆိုတာကို ကိုယ်တောင်းပန်တာထက် ဆယ်ဆလောက်တောင် ပြန်တောင်းပန်ပြီးတော့ကို ပြေရာပြေကြောင်း ရှင်းပြကြသေးတာ။ အဲသည်တုန်းက ရန်ကုန်တက္ကသိုလ် အိုင်အာဌာနက ဖွင့်တဲ့ ဒီပလိုမာတန်း ပထမဆုံး အပတ်စဉ်ဆိုတော့ ကိုယ်တွေက တက်ချင်တာကလည်း တစ်ပိုင်းသေဆိုတော့ လွယ်လွယ်နဲ့တော့ လက်မလျှော့ဘူးပေါ့လေ။ ပါမောက္ခနှစ်ယောက်လုံးက ဆရာမကြီးတွေ၊ တီချယ်ကြီး ဒေါက်တာဒေါ်မြင့်ကြည်နဲ့ တီချယ်ကြီး ဒေါ်ကာရိုးအင်ချစ်သာ။ တီချယ်ကြီးတွေကလည်း လေအေးလေးနဲ့ တောင်းတောင်းပန်ပန် ပြောကြတော့ အခန်းထဲကပြန်ထွက်လာ။ ဒါပေမယ့် ဒီလိုနဲ့တော့ အလျှော့မပေးဘူးကွဆိုပြီး လျှောက်လွှာမရသရွေ့ ဒီဌာနက မပြန်တော့ဘူးဆိုပြီး ပါမောက္ခရုံးခန်းရှေ့မှာ ရပ်နေကြတာ။ ဖြတ်သွားဖြတ်လာ ဆရာမလေးတွေက ပြုံးစိစိ ကိုယ်တွေကလည်း ပြုံးစိစိ။ မပြန်ကြဘဲ အပြင်မှာ ရပ်နေမှန်းသိတော့ တီချယ်ကြီးနှစ်ယောက်က တစ်ယောက်တစ်လှည့် ထွက်ပြီး ချော့၊ ခဏနေတော့ အစည်းအဝေးဆိုပြီး ထွက်သွားကြ၊ ပြန်လာတဲ့အထိ ကိုယ်တွေက အဲသည်နေရာမှာ ကျောက်ချရပ်နေတာတွေ့တော့မှ နောက်ဆုံးတော့ တီချယ်ကြီးတွေ လက်မြှောက်တော့တာ။ အဲလိုပါဆို၊ အိုင်အာဒီပလိုမာတန်း တက်ချင်လို့ လျှောက်လွှာမရတာကို တမနက်လုံး ပါမောက္ခရုံးခန်းရှေ့ရပ်ပြီး ဆန္ဒပြဖူးတာ . . .
.
. . . အခုလည်း ပါရဂူတန်း စာဖတ်ခန်းထဲမှာ ကွန်ပြူတာလေးတွေ ဆင်ပေးပါလို့ တောင်းဆိုတာကို ဆင်ပေးပါမယ်တဲ့ ပြောထားတာတော့ တစ်တန်းတောင် ပြီးလို့ နောက်တစ်တန်း တစ်ဝက်ကျိုးနေပြီ၊ အခန်းထဲမှာ ပေးကြိုးနဲ့ လာတိုင်းသွားလိုက်၊ ဓာတ်ပုံလာရိုက်သွားလိုက်၊ မီးခလုတ်သေတ္တာကြီးလှပ်ပြီး စာအုပ်ထဲ ဟိုရေးဒီရေး ရေးမှတ်သွားလိုက် လာလာလုပ်နေတာ ဘယ်တော့များမှ ကွန်ပြူတာက ရောက်လာမှာပါလိမ့်။ လောလောဆယ် ကိုယ့်ကွန်ပြူတာကို စားပွဲပေါ်တင်သုံးနေလို့ တော်သေးတယ်။ လာတပ်ပေးမှာ စောင့်နေရင် လက်တော့နဲ့သာ စာရေးစာဖတ်လုပ်နေရလို့ကတော့ မျက်လုံးမြန်မြန် မွဲရချည်ရဲ့။ လုပ်ပေးပါမယ် ပြောထားတော့လည်း ထပ်ပြောလို့ကလည်း မဖြစ်၊ ကိုယ်ကချည်း ဒိုင်ခံပြောနေတော့လည်း နေရင်းထိုင်ရင်း လူမိုက်ကြီးကိုဖြစ်လို့။ ကျောင်းသားရေးရာဌာနကလည်း နောက်တစ်ခါ လိုတာရှိရင် ကျောင်းသားကောင်စီကနေ တစ်ဆင့်ပြောပါတဲ့။ တယ်လေ . . . ဇွန်လထဲ စာမေးပွဲရှိလို့ ခေါင်းကခြောက်ပြီး ဂယောင်ချောက်ချားနဲ့ ရူးချင်ချင်ဖြစ်နေတာ၊ ကျောင်းသားကောင်စီ သတင်းပို့ပြီး နောက်နေ့ကစ စာဖတ်တာ ပျင်းတိုင်း ကျောင်းသားရေးရာဌာနရှေ့ သွားပြီး "ကွန်ပြူတာ ခုချက်ချင်းပေး" ဆိုပြီး အင်္ဂလိပ် ဂျပန် မြန်မာ သုံးဘာသာနဲ့ ရေးထားတဲ့ စာရွက်တစ်ရွက်ကိုင် ဆန္ဒသွားပြရရင် ကောင်းမလားလို့. . .
.
မေလ ဆယ်ရက် ၂၀၁၇
.
ဓာတ်ပုံ ။ အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသားဆိုသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံကြစဉ် (http://burmese.dvb.no/archives/81228)

No comments:

Post a Comment