Wednesday 17 May 2017

ပြည်နယ်အခြေခံဥပဒေများဆိုင်ရာ


. . . ပြည်နယ်တွေမှာ ကိုယ်စီအခြေခံဥပဒေရေးဆွဲနိုင်တဲ့ အခွင့်အရေးပေးဖို့အတွက် သဘောတူလိုက်ကြပြီ ဆိုပြီး သတင်းတစ်ပုဒ်တက်လာပါတယ်။ ဒီသဘောတူညီချက်ဟာ ပြည်ထောင်စုသားများရဲ့ တန်းတူညီမှုမှု အခွင့်အရေးနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်အပေါ် ဘယ်လောက် သက်ရောက်မှု ရှိနိုင်မလဲ ဆန်းစစ်ကြည့်မိပါတယ်။ ဒီစာထဲမှာ ပြည်နယ်လို့ဆိုလိုက်ရင် (ပြည်နယ်များ+တိုင်းဒေသကြီးများ) အားလုံးကို ဆိုလိုခြင်းဖြစ်ကြောင်း သဘောပေါက်စေလိုပါတယ်။ 
.
. . . ဖယ်ဒရယ်ပြည်ထောင်စုတစ်ခုထဲမှာ ပါဝင်နေကြတဲ့ ပြည်နယ်တွေမှာ ကိုယ်စီအခြေခံဥပဒေတွေ ရှိနေကြတာ ဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုက ပြည်နယ်တိုင်းမှာ ကိုယ်စီ အခြေခံဥပဒေတွေ ရှိနေကြသလို အိန္ဒိယနိုင်ငံက ပြည်နယ်တွေမှာလည်း အခြေခံဥပဒေ သဘောသက်ရောက်တဲ့ ပြည်နယ်အတွင်း အာဏာသုံးရပ်ခွဲဝေကျင့်သုံးပုံနဲ့ ပတ်သက်လို့ အခိုင်အမာ ပြဌာန်းထားချက်တွေ ရှိနေကြပါတယ်။ အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေမှာရော အိန္ဒိယအခြေခံဥပဒေမှာပါ ပြည်နယ်များနဲ့ ပတ်သက်တဲ့ အာဏာသုံးရပ် ခွဲဝေကျင့်သုံးမှုဆိုင်ရာ ပြဌာန်းချက်များ အသေးစိတ် ပါဝင်ခြင်း မရှိတဲ့အတွက် အဲသည်နိုင်ငံတွေရဲ့ သက်ဆိုင်ရာ ပြည်နယ်တွေအတွက် အခြေခံဥပဒေတွေက လိုကို လိုအပ်ပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ ပြည်နယ်တွေက ပြဌာန်းထားတဲ့ အခြေခံဥပဒေတွေဟာ ပြည်ထောင်စု အခြေခံဥပဒေရဲ့ ဘောင်ကို ကျော်လွန်ပြီး အာဏာကို ကျင့်သုံးခွင့် မရှိတာဖြစ်ပါတယ်။ ဥပမာအားဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး၊ နိုင်ငံခြားဆက်ဆံရေး နဲ့ ငွေကြေးထုတ်ဝေရေးတို့လို ကိစ္စမျိုးတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရတစ်ခုတည်းကသာ ချုပ်ကိုင်စီမံခွင့်ရှိပြီး တစ်ခြားအခွင့်အာဏာများကိုသာ ပြည်ထောင်စုနဲ့ ပြည်နယ်များ ခွဲဝေသတ်မှတ် ကျင့်သုံးကြတာမျိုး ဖြစ်ပါတယ်။ 
.
. . . မြန်မာ့အခြေခံဥပဒေမှာ အာဏာသုံးရပ် ပိုင်းခြားထားတဲ့ သဘောတရားတွေ ပါဝင်နေပေမယ့် ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက စိတ်ကြိုက်ရွေးချယ်ခန့်အပ်ပြီး သမ္မတကို တာဝန်ခံရတာ၊ ပြည်နယ်လွှတ်တော်တွေရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်တာများကို အားလုံးတစ်ပြေးညီ သတ်မှတ်ကျင့်သုံးစေတာတွေကို ထည့်သွင်း ပြဌာန်းထားတဲ့အတွက် လက်ငင်းကာလမှာ ပြည်ထောင်စုအခြေခံဥပဒေတစ်ခုတည်းနဲ့တင် တစ်နိုင်ငံလုံးရဲ့ အာဏာသုံးရပ်ခွဲဝေ ကျင့်သုံးမှုကို လွှမ်းခြုံမိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်နယ်အခြေခံဥပဒေတွေ ရေးဆွဲ ကျင့်သုံးတော့မယ်ဆိုရင် လက်ရှိ အခြေခံဥပဒေကိုလည်း အများကြီး ပြုပြင်ပြောင်းလဲပစ်လိုက်ရမှာပါ။ တစ်ကဏ္ဍချင်းစီအတွက် တင်ပြသွားပါမယ်။
.
. . . အုပ်ချုပ်ရေးကဏ္ဍဘက်က ပြောရရင် အရေးအကြီးဆုံး အချက်က ဘာဖြစ်မလဲဆိုတော့ ပြည်နယ်အုပ်ချုပ်ရေးမှူးများကို ပြည်နယ်များက တိုက်ရိုက်ရွေးကောက်တင်မြှောက်ပိုင်ခွင့်နဲ့ သမ္မတကို (အပြည့်အ၀)တာဝန်ခံစရာမလိုဘဲ ပြည်ထောင်စုအခြေခံဥပဒေနဲ့ သက်ဆိုင်ရာပြည်နယ်အခြေခံဥပဒေကိုသာ တာဝန်ခံရမယ်ဆိုတဲ့ အနှစ်သာရကို ထည့်သွင်းရတော့မယ်လို့ ယူဆပါတယ်။ လက်ရှိမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးများ (၀န်ကြီးချုပ်များ) ကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်အမတ်များထဲကနေ သမ္မတက စိတ်ကြိုက်ရွေးချယ်ခန့်အပ်ပြီး သူတို့တွေက သမ္မတကို တာဝန်ခံရပါတယ်။ အခု ရည်မျှော်နေကြတဲ့ အခြေအနေမှာ ဖော်ပြပါ အုပ်ချုပ်ရေးအာဏာ ခွဲဝေမှုနဲ့ ပတ်သက်ပြီး ဘယ်လောက်အတိုင်းအတာထိ ပြောင်းလဲလိုက်မလဲ ဆိုတာက စိတ်ဝင်စားစရာဖြစ်ပါတယ်။ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေး စနစ်တွေမှာလည်း တိုက်ရိုက်ရွေးကောက်တင်မြှောက်တဲ့ အုပ်ချုပ်ရေးမှူးစနစ်တွေ၊ တိုက်ရိုက်ရွေးကောက်တင်မြှောက်တဲ့ မြို့ကောင်စီစနစ်တွေကို ထည့်သွင်းကျင့်သုံးကြမလား ကြည့်ရပါအုံးမယ်။ 
.
. . . ဥပဒေပြုရေးအပိုင်းနဲ့ ပတ်သက်ရင် အခုလက်ရှိ ကျင့်သုံးနေတဲ့ လွှတ်တော်တစ်ရပ်စနစ်ကနေ တစ်ချို့ပြည်နယ်တွေက လွှတ်တော်နှစ်ရပ်စနစ် ကျင့်သုံးမလား၊ လွှတ်တော် တစ်ရပ်တည်းစနစ်ကို ဆက်လက် ကျင့်သုံးကြမလားဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။ လွှတ်တော်အမတ် ရွေးကောက်တင်မြှောက်တဲ့ အခါမှာလည်း အခုကျင့်သုံးနေတဲ့ မဲအများဆုံးရသူအမတ်ဖြစ်စတမ်း စနစ်ကနေ အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်တွေကို တွဲဘက်ကျင့်သုံးလာကြမလားဆိုတာလည်း စောင့်ကြည့်ရမှာပါ။ 
.
. . . တရားစီရင်ရေးအပိုင်းမှာ ဆိုရင်တော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါလာဖွယ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ပြည်နယ်အုပ်ချုပ်ရေးမှူးများနဲ့ ပြည်နယ်လွှတ်တော်များက ပိုမိုကျယ်ပြန့်တဲ့အာဏာကျင့်သုံးမှု ရှိလာပြီး ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ အာဏာခွဲဝေမှုတွေ၊ နောက်ပြီး ပြည်နယ်လွှတ်တော်များရဲ့ ဥပဒေပြုရေးတွေနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာတွေ ပိုပြီး များလာနိုင်စရာရှိတဲ့အတွက် အဲဒါတွေကို အဆုံးအဖြတ်ပေးရမယ့် ကိစ္စတွေလည်း ပိုပြီး များလာနိုင်မှာမို့ ဖြစ်ပါတယ်။ အခုလက်ရှိ ကျင့်သုံးနေတဲ့ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ ခန့်အပ်မှုမှာ အစိုးရတစ်ဆက်ပြောင်းတိုင်း လိုက်ပါပြောင်းလဲနေမှုဟာ တရားစီရင်ရေးကဏ္ဍရဲ့ လွတ်လပ်မှုကို အတိုင်းအတာတစ်ခုထိ ထိပါးစေတာကြောင့် အခြေခံဥပဒေခုံရုံးအဖွဲ့ဝင်များ ခန့်အပ်မှုစနစ်ကို ပြောင်းမလား၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုပဲ အခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ အခွင့်အာဏာတွေ အပ်နှင်းမလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ စစ်ဘက်ဆိုင်ရာ တရားရုံးများအနေနဲ့ကတော့ သက်ဆိုင်ရာ စစ်ဘက်ဆိုင်ရာ ဥပဒေများအတိုင်းပဲ ဆက်လက်ကျင့်သုံးဖွယ်ရှိပါတယ်။ 
.
. . . ပြည်ထောင်စုနဲ့ ပြည်နယ်များအကြား အာဏာသုံးရပ်ခွဲဝေကျင့်သုံးမှုနဲ့ ပတ်သက်ပြီး ဆက်လက်တင်ပြပါ့မယ်။ အမေရိကန်လို နိုင်ငံမျိုးမှာတော့ ကာကွယ်ရေး၊ လုံခြုံရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေးဆိုင်ရာ အာဏာများကို ပြည်ထောင်စုကို အပ်နှင်းထားပြီး ကြွင်းကျန်ရစ်သော အာဏာများကို ပြည်နယ်များက ကျင့်သုံးခွင့်ပေးထားပါတယ်။ ဒီနေရာမှာ ကြွင်းကျန်ရစ်သော အာဏာနဲ့ ပတ်သက်ပြီး အကောက်အယူ အမျိုးမျိုး ရှိကြပါတယ်။ တစ်ချို့တော့ ကြွင်းကျန်ရစ်သော အာဏာရတဲ့သူဟာ ပိုပြီး အာဏာကြီးတယ်လို့ ယူဆကြသလို တစ်ချို့ကလည်း ပိုင်းခြားသတ်မှတ်ပေးထားတဲ့ အာဏာက ပိုပြီး များတယ်လို့ ဆိုကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ပြည်နယ်များကို ကြွင်းကျန်ရစ်သောအာဏာအားလုံး အပ်နှင်းထားတယ် ဆိုသော်လည်း အဓိကကျတဲ့ အာဏာများကို ပြည်ထောင်စုက ချုပ်ကိုင်ထားတဲ့အတွက် အမေရိကန်ပြည်ထောင်စုအစိုးရဟာ ပြည်နယ်အစိုးရများထက် အချုပ်အခြာအာဏာကို ကျင့်သုံးဆောင်ရွက်ခွင့် ပိုပြီးရနေတာကို တွေ့ရပါတယ်။ မြန်မာ့လက်ရှိ အခြေခံဥပဒေမှာတော့ ပြည်ထောင်စုနဲ့ ပြည်နယ်များ ဥပဒေပြု စီမံခန့်ခွဲခွင့်ရှိတဲ့ ကိစ္စရပ်များ၊ ကောက်ခံခွင့်ရှိတဲ့ အခွန်များနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဇယားတွေမှာ အသေးစိတ်နီးပါး ဖော်ပြထားပြီးတော့ ကြွင်းကျန်ရစ်သော အာဏာများ (ဇယားများတွင် ထည့်သွင်းဖော်ပြထားခြင်းမရှိသော ကိစ္စရပ်များနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲပိုင်ခွင့်) ကို ပြည်ထောင်စုကို အပ်နှင်းထားကြောင်း တွေ့ရပါတယ်။ လက်ရှိ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း ပြည်နယ်များကို ပေးထားတဲ့ အာဏာခွဲဝေမှု လုံလောက်မှု မရှိကြောင်း ဝေဖန်မှုများ ရှိသလို ဇယားပါအာဏာများကို သက်ဆိုင်ရာပြည်နယ်များက ဥပဒေပြဌာန်းပြီး ရယူကျင့်သုံးနိုင်မှုမှာလည်း အားနည်းနေကြောင်း သုတေသန တွေ့ရှိချက်တွေ ရှိနေပါတယ်။ လက်ရှိမှာတော့ ပြည်နယ်များမှာ အင်္ဂလန်ပုံစံ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပေမယ့် နောင်အခါမှာ ပြည်နယ်များမှာ အမေရိကန်ပုံစံသမ္မတစနစ်ကျင့်သုံးမလား၊ အင်္ဂလန်ပုံစံ ပါလီမန်ဒီမိုကရေစီစနစ်ကိုပဲ ဆက်ပြီးကျင့်သုံးကြမလား၊ ဒါမှမဟုတ် မိမိတို့စိတ်ကြိုက် ပုံဖော်ထားတဲ့ ရောနှောစနစ်ဖြစ်ဖြစ်၊ အခြားပုံစံတစ်ခုဖြစ်ဖြစ် ကျင့်သုံးကြမလားဆိုတာ ပြည်နယ်တစ်ခုချင်းစီရဲ့ ရွေးချယ်မှုအပေါ်ပဲ မူတည်တော့မယ့်အခြေအနေဖြစ်ပါတယ်။ ဒါတင်မက ပြည်နယ်တစ်ခုချင်းအလိုက်မှာ ရှိနေကြတဲ့ ခရိုင်မြို့နယ်တွေနဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးအာဏာတွေကို ဘယ်လို ပုံစံမျိုးနဲ့ ခွဲဝေကျင့်သုံးကြမလဲဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ 
.
. . . ပြည်နယ်များက အခြေခံဥပဒေများ ကိုယ်စီရေးဆွဲ ကျင့်သုံးကြမယ့်အပေါ် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတာတွေ ရှိနေတာကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပေမယ့် ပြည်ထောင်စုနိုင်ငံတော်တစ်ခုရဲ့ အနှစ်သာရဖြစ်တဲ့ ပြည်နယ်နဲ့ ပြည်ထောင်စု အာဏာခွဲဝေကျင့်သုံးမှုကို တိတိကျကျ ပိုင်းခြားထားတဲ့ အခြေခံဥပဒေကို အားလုံးက လေးစားလိုက်နာကြမယ်ဆိုရင် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးအတွက် စိုးရိမ်စရာမဟုတ်ကြောင်း ယူဆမိပါတယ်။ နောက်တစ်ခါ တပ်မတော်နဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ အုပ်ချုပ်ကွပ်ကဲမှု တစ်ခုတည်းအောက်မှာ ရှိနေတဲ့ ပြည်ထောင်စုသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုတပ်မတော်ဆိုတဲ့ သဘောတရားကို အားလုံးက လက်ခံကျင့်သုံးကြမယ်ဆိုရင် မြန်မာ့ပါလီမန်ဒီမိုကရေစီခေတ်ဦးတုန်းက ကြုံခဲ့ရတဲ့ ခါးပိုက်ဆောင်တပ်တွေ သူတစ်လူငါတစ်မင်း လုပ်(နိုင်)တဲ့ အခြေအနေမျိုးကို စိုးရိမ်စရာ မရှိပါဘူး။ 

. . . ပြည်နယ်များက ကိုယ်စီအခြေခံဥပဒေများကို ရေးဆွဲ ကျင့်သုံးလာကြပြီး အာဏာသုံးရပ်နဲ့ ပတ်သက်ရင်လည်း လက်ရှိထက် ပိုမိုကျယ်ပြန့်စွာ ပြဌာန်းကျင့်သုံးလာနိုင်ပြီဆိုတဲ့ အဓိပ္ပာယ်မှာ တာဝန်လည်း ပိုရှိလာပြီဆိုတဲ့ သဘောလည်း ပါဝင်နေတယ်ဆိုတာကို သတိပြုသင့်ပါတယ်။ ပြည်ထောင်စုအစိုးရက ခန့်အပ်တဲ့ ပြည်ထောင်စု ၀န်ထမ်းများအပြင် သက်ဆိုင်ရာ ပြည်နယ်များက ခန့်အပ်တဲ့ ပြည်နယ်ဝန်ထမ်းများဆိုတာလည်း ရှိလာပြီ ဖြစ်တဲ့အတွက် အဲသည်ဝန်ထမ်းတွေရဲ့ စီမံခန့်ခွဲမှု အသုံးစရိတ်များကို သက်ဆိုင်ရာ ပြည်နယ်များက မိမိဘာသာ ကျခံသုံးစွဲရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်နယ်တစ်ခုနဲ့တစ်ခု စီးပွားရေး လူမှုရေးအခြေအနေချင်း ကွာခြားချက်တွေ ရှိနေရာမှာ ဘဏ္ဍာရေးပိုငွေပြတဲ့ ပြည်နယ်တစ်ခုအတွက် မထောင်းတာလှပေမယ့် ကိုယ့်ပြည်နယ်ဝင်ငွေနဲ့ မလောက်ငတဲ့ ပြည်နယ်အစိုးရတွေအနေနဲ့ ပြည်ထောင်စုအစိုးရထံက ရန်ပုံငွေ တောင်းခံသုံးစွဲရတာမျိုး ရှိလာတဲ့အခါ တာဝန်ယူမှု တာဝန်ခံမှုအရ ပြည်ထောင်စုအစိုးရရဲ့ သြဇာကို ပိုမိုလွှမ်းမိုးခံရနိုင်ဖွယ်အခြေအနေလည်း ရှိနေသေးတယ်ဆိုတာ မမေ့သင့်ပါဘူး။ 
.
. . . နိဂုံးချုပ်အနေနဲ့ပြောရရင် ပြည်နယ်အခြေခံဥပဒေများ ကိုယ်စီရေးဆွဲကျင့်သုံးမယ့် အခြေအနေကို သဘောတူလိုက်ကြတယ်ဆိုတာ ပြည်နယ်များရဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်နဲ့ ပတ်သက်ပြီး အသိအမှတ်ပြုမှု အခြေအနေ အတိုင်းအတာတစ်ခု တိုးတက်သွားတာဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်များအတွက်လည်း ကိုယ့်ကိုယ်ကိုယ် တာဝန်ယူစီမံခန့်ခွဲရတော့မယ်ဆိုတဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ စိန်ခေါ်ချက်တစ်ရပ် တိုးလာတာဖြစ်ပါတယ်။ အခုလက်ရှိ အခြေခံဥပဒေက ပေးထားတဲ့ နောက်ဆက်တွဲ ဇယားပါ အခွင့်အာဏာတွေကိုတောင် အပြည့်အ၀ ပြဌာန်းကျင့်သုံးနိုင်ခြင်းမရှိသေးတဲ့ ပြည်နယ်တွေအနေနဲ့ ယခုထက်ပိုတဲ့ အာဏာခွဲဝေမှုကို ကျင့်သုံးရတဲ့အခါမှာလည်း စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ရအုံးမယ်ဆိုတာကို ကြိုတင်မျှော်တွေးပြီး လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ၊ အခြေခံအဆောက်အအုံဆိုင်ရာ၊ အင်စတီးကျူးရှင်းဆိုင်ရာ ပြင်ဆင်မှုများကို သေချာကျန လုပ်ဆောင်မှသာလျင် မိမိတို့ သက်ဆိုင်ရာပြည်နယ်များရဲ့ လူမှုစီးပွားဘ၀ကို မြှင့်တင်နိုင်မှာဖြစ်ပြီး ရလာတဲ့ အခွင့်အလမ်းများကို အကျိုးရှိရှိ ထိထိမိမိ အသုံးချနိုင်မယ်ဆိုတာကို မမေ့မလျော့ သတိပြု ပြင်ဆင်ထားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
.
၁၃ ရက် မေလ ၂၀၁၇

The Voice Daily 17 May 2017
.
http://thevoicemyanmar.com/opinion/8575-pnb

No comments:

Post a Comment