Monday 31 May 2021

ချစ်ကြည်ရေးဆိုတဲ့ ဥယျာဉ်ကြီး



. . . မဟာဗုဒ္ဓဝင် လေးတော်တင်ခန်းရဲ့ ပထမဆုံး ဇာတ်ကွက်က ယသော်ဓရာမင်းသမီးနဲ့ ဇာတ်အိမ်တည်တာ ပျင်းစရာကောင်းချင်ချင်ပေမယ့် လူပြက်နှစ်ယောက်ဖြစ်တဲ့ အောင်မောင်း နဲ့ ဖျောက်ဆိပ်တို့ရဲ့ စကားထာဝှက်တမ်း ထောင်းတမ်းစကားတွေကြောင့် ရွှင်မြူးစရာဖြစ်လာရတယ်။ မင်းသမီးလေးအတွက် ရေကန်တူးဖို့ တိုင်ပင်ကြတဲ့အခါ အပြန်အလှန်ပြောကြတဲ့ အချီအချစကားက ကာရံနံဘေအချိတ်အဆက်နဲ့မို့ ဘယ်တော့ နားထောင်ထောင် ရိုးလှတယ်မရှိဘူး
.
. . . သခင်မလေး မြူးရွှင်ပျော်အောင် ဥယျာဉ်တော်အတွင်းမှာ ပဏာအမြင်ဆန်းအောင် စကားဝါပင်ပန်းတွေ အနားမှာ ဝင်းသဖွယ်ထား၊ အတွင်းအလယ်နားကနေ ခတ္တာနဲ့ ဂမုန်း စိုက်မဟေ့
.
. . . မင်းက ခတ္တာနဲ့ ဂမုန်း စိုက်မယ်ဆိုရင် ငါကလည်း ဇလပ်သာနဲ့ ကြက်ရုံး ဇီဇဝါအငုံလေးတွေကို ဟိုးကြည်ပြာရုံ ကုန်းအတက်လမ်းကနေ စိုက်မကွာ
.
. . . ကြည်ပြာရုံကုန်းအတက်လမ်းကနေ စိုက်မယ်ဟုတ်လား၊ အဲဒါဆိုရင် ပုန်းညက်ပန်း ရင်ခတ် သရဖီတွေကို အပြင်အထက်ကစီ၊ အပေါ်ကတင်၍ သော်ကပင်တေွ အလယ်ခေါင်မှာ တန်းထားလိုက်မဟေ့
.
. . . မင်းက သော်ကပင်တေွ အလယ်ခေါင်မှာ တန်းထားလိုက်မယ်ဆိုရင် ငါကတော့ စံပယ်ခေါင်ရမ်း အထက်အောက် ဖြိုးဝေနေအောင် ကြက်မောက် မိုးစွေလေးတွေကို ပတ်ချာလှည့်ထားလိုက်မယ်ကွာ
.
. . . အဲလို ပတ်ချာလှည့်ထားလိုက်မယ်ဆိုရင် ထပ်တရာနဲ့ သဇင် စံပယ်မြောင်ပြီး အလယ်ခေါင်မှာ အခြွေအရံများနဲ့ ကစားစရာပျော်ရွှင်စေဖို့ ကန်တော်မင်္ဂလာဘေးအရုပ်တွေရံပြီး၊ လေးမုတ်ရံ ဖြောင့်မတ်စွာတူး၍၊ စောင့်ကျပ်ရန် ဘီလူးရုပ် မုခ်ဝမှာ ထားမယ်ဟေ့
.
. . . ဟုတ်ပါ့မလား သူငယ်ချင်းရ၊ ဘီလူးရုပ် မုခ်ဝမှာတင်မှဖြင့် ရုပ်မလှတာမြင်တွေ့ရင် ကြောက်ကြလိမ့် ငါတော့ ခြင်္သေ့လောက်နဲ့တော်လိမ့်မယ်ထင်တယ်
.
. . . ဘီလူးကွာ
. . . ခြင်္သေ့ကွာ
.
. . . အတိုင်အဖောက်ညီလှတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကန်တော်မင်္ဂလာမှာ ဘာအရုပ်ထားမလဲ ဆိုတာနဲ့ ပတ်သက်ပြီး သဘောထားတွေ ကွဲလွဲခဲ့ကြပေမယ့်
.
. . . မင်းနဲ့ငါ အငြင်းအခုံ ဘီလူးခြင်္သေ့ကြောင့် ဥယျာဉ်ကနေ့ ဘယ်သင်းနဲ့မှ မဖြစ်မြောက်နိုင်ဘူး၊ သူငယ်ချင်းချစ်နှစ်ယောက်ပါကွာ နှစ်ခြမ်းမကွဲပါနဲ့
.
. . . ဒီလိုဆိုရင်လည်း တစ်လမ်းတည်းသွားပြီး အမြင်မှန်ယူ၍ အပြင်ရန်သူ ဘေးတစ်ဘက်တစ်ချက်ကလာမယ့် ကျေးငှက်သတ္တဝါ အရေးတကြီးနဲ့ မောင်းရအောင် သွေးစည်းမယ့်အကြောင်း အပြစ်အလီလီ မတွေးဘဲ မင်းနဲ့ငါ ချစ်ကြည်ရေးဆိုတဲ့ ဥယျာဉ်ကြီး စိုက်လိုက်ကြစို့
.
ရွှေမန်းတင်မောင် မှတ်စု
ဗိုလ်ကောင်း
၃၁ မေ ၂၀၂၁

Sunday 2 May 2021

လက်ကုန်ပွင့်ရာသီ



. . . ဘယ်ရာသီအကြိုက်ဆုံးလဲမေးရင် ကိုယ်ကတော့ နွေရာသီအကြိုက်ဆုံးပါလို့ မဆိုင်းမတွ ဖြေရုံပါပဲ၊ မြန်မာပြည်မှာတော့ ဒီလို ဆောင်းကုန်လို့ နွေရောက်ပြီလားဆို သူများနိုင်ငံလို နွေဦးတွေဘာတွေ ကြားထဲ မခံတော့ဘဲ နွေဆိုတာကို ဗြုန်းကနဲ ရောက်လိုက်တာကိုး
.
. . . နွေဆိုတာနဲ့ ပေါက်ပင်တွေ လက်ပံတွေ ရဲရဲနီအောင်ပွင့်ကြတော့တာပဲ၊ သူတို့ ကုန်လုပြီဆို ငုဝါတွေ၊ ပန်းရောင်ငုစပ်ပန်းတွေ၊ ခရမ်းရောင် ပျဉ်းမတွေ၊ နီတောက်နေတဲ့ စိန်ပန်းတွေ မြိုင်နေအောင်ပွင့်ကြတော့ တကယ့်ပန်းမြိုင်လယ် ရာသီကြီးမို့ ကျနော်က မချစ်ဘဲ နေပါ့မလား၊ တက္ကသိုလ်ဘုန်းနိုင်ဝတ္ထုတွေထဲမှာ ငယ်ငယ်က စာနဲ့ပဲ ဖတ်ဖူးပြီး ကြီးခါကျမှ သေချာနားထောင်ရတဲ့ ပန်းမြိုင်လယ်ယိိုးဒယားတို့၊ သာဆန်းရဂုံဗွေပတ်ပျိုးတို့ကို အရသာခံတတ်လာတာကြောင့်မို့ ဒီလို ပန်းတွေမြိုင်အောင်ပွင့်တဲ့ ရာသီကို လက်ကုန်ပွင့်ရာသီလို့သာ နာမည်ပေးထားချင်တော့တယ်
.
. . . ကမ္ဘာကြီး လည်ပတ်နေပုံအရ နွေဦး နွေ ဆောင်းဦး ဆောင်း ဆိုပြီး ရာသီလေးခု ရှိကောင်းရှိမှာမှန်ပေမယ့် မြန်မာပြည်မှာတော့ နွေရယ် မိုးရယ် ဆောင်းရယ် ဆိုပြီး ရာသီသုံးခုပဲရှိတယ်၊ ဒါတောင် သိုးဆောင်းဘာသာစကားနဲ့ ရေးတဲ့အခါ ဆောင်းရာသီကို သူတို့အခေါ် Winter လို့မခေါ်ဘဲ အေးတဲ့ရာသီ Cold Season လို့သာ ရေးကြတယ်။ ဘာလို့လဲဆိုတော့ သူတို့အခေါ် Winter ဆိုတာ အလွန်ကို ပြင်းထန်တဲ့ ဆောင်းရာသီဖြစ်နေလို့ပါပဲ၊ ဒီလိုပဲ နွေရာသီကိုလည်း Hot Season လို့သာ ခေါ်ကြပြီး မိုးရာသီကိုလည်း Raining Season ရယ်လို့ ခေါ်ကြတယ်။
.
. . . တကယ်တော့ မြန်မာပြည်က မိုးရာသီဆိုတာ ကမ္ဘာ့မြောက်ခြမ်းရာသီလို့ ဆိုနိုင်တဲ့ နွေခေါင်ခေါင်အကျဆုံး ဇွန်လကြီးမှာ အနောက်တောင်မုတ်သုံလေက သယ်လာတဲ့ ရေခိုးရေငွေ့တွေနဲ့ မိုးတွေဖြိုင်ဖြိုင်ရွာပြီး၊ တရုတ်ပြည်ကုန်းတွင်းဘက် အအေးပိုင်းက အရှေ့မြောက်လေအေးတွေ ဝင်လာပြီဆိုရင် ဆောင်းရာသီဖြစ်သွားပြန်ရော၊ တောင်တန်းတွေက လေးစီးကြောင်းနဲ့ လိုက်လျောညီထွေ သွယ်တန်းနေတာကလည်း ဒီလိုရာသီတွေဖြစ်ဖို့ အကြောင်းရင်းတစ်ခုပဲ ဆိုနိုင်တယ်
.
. . . မြန်မာပြည် ရာသီဥတုကို ပိုင်းခြားကြည့်ရင် ရေလမ်းကြောင်းကလာတဲ့ မုတ်သုံမိုးရယ်၊ တရုတ်ပြည်ကလာတဲ့ မုတ်သုံဆောင်းရယ်၊ ဘယ်ဘယ်ကမှ ဘာလေမှ မတိုက်ရင် အထဲမှာတင် လေတွေရူးနေတဲ့ နွေရာသီရယ်ဆိုပြီး သုံးခုပဲရှိတာ၊ သိုးဆောင်းဘာသာစကားတတ်တဲ့ ဒီဘက်ခေတ်ကလေးတွေကို သူတို့ စာတွေထဲဖတ်ဖူး၊ နတ်သမီးပုံပြင်တွေထဲ ကြားဖူး၊ ဇာတ်ကားတွေထဲ ကြည့်ဖူးပြီး စိတ်ကူးယဉ်နေကြတဲ့ တခြားနိုင်ငံတွေက ရာသီလေးခုနဲ့ မြန်မာပြည်မှာရှိနေတဲ့ နွေမိုးဆောင်း ရာသီသုံးခု မတူကြောင်းရှင်းပြရတာ အင်မတန် လက်ဝင်လှတယ်
.
ဗိုလ်ကောင်း
၂ မေ ၂၀၂၁