Monday 31 May 2021

ချစ်ကြည်ရေးဆိုတဲ့ ဥယျာဉ်ကြီး



. . . မဟာဗုဒ္ဓဝင် လေးတော်တင်ခန်းရဲ့ ပထမဆုံး ဇာတ်ကွက်က ယသော်ဓရာမင်းသမီးနဲ့ ဇာတ်အိမ်တည်တာ ပျင်းစရာကောင်းချင်ချင်ပေမယ့် လူပြက်နှစ်ယောက်ဖြစ်တဲ့ အောင်မောင်း နဲ့ ဖျောက်ဆိပ်တို့ရဲ့ စကားထာဝှက်တမ်း ထောင်းတမ်းစကားတွေကြောင့် ရွှင်မြူးစရာဖြစ်လာရတယ်။ မင်းသမီးလေးအတွက် ရေကန်တူးဖို့ တိုင်ပင်ကြတဲ့အခါ အပြန်အလှန်ပြောကြတဲ့ အချီအချစကားက ကာရံနံဘေအချိတ်အဆက်နဲ့မို့ ဘယ်တော့ နားထောင်ထောင် ရိုးလှတယ်မရှိဘူး
.
. . . သခင်မလေး မြူးရွှင်ပျော်အောင် ဥယျာဉ်တော်အတွင်းမှာ ပဏာအမြင်ဆန်းအောင် စကားဝါပင်ပန်းတွေ အနားမှာ ဝင်းသဖွယ်ထား၊ အတွင်းအလယ်နားကနေ ခတ္တာနဲ့ ဂမုန်း စိုက်မဟေ့
.
. . . မင်းက ခတ္တာနဲ့ ဂမုန်း စိုက်မယ်ဆိုရင် ငါကလည်း ဇလပ်သာနဲ့ ကြက်ရုံး ဇီဇဝါအငုံလေးတွေကို ဟိုးကြည်ပြာရုံ ကုန်းအတက်လမ်းကနေ စိုက်မကွာ
.
. . . ကြည်ပြာရုံကုန်းအတက်လမ်းကနေ စိုက်မယ်ဟုတ်လား၊ အဲဒါဆိုရင် ပုန်းညက်ပန်း ရင်ခတ် သရဖီတွေကို အပြင်အထက်ကစီ၊ အပေါ်ကတင်၍ သော်ကပင်တေွ အလယ်ခေါင်မှာ တန်းထားလိုက်မဟေ့
.
. . . မင်းက သော်ကပင်တေွ အလယ်ခေါင်မှာ တန်းထားလိုက်မယ်ဆိုရင် ငါကတော့ စံပယ်ခေါင်ရမ်း အထက်အောက် ဖြိုးဝေနေအောင် ကြက်မောက် မိုးစွေလေးတွေကို ပတ်ချာလှည့်ထားလိုက်မယ်ကွာ
.
. . . အဲလို ပတ်ချာလှည့်ထားလိုက်မယ်ဆိုရင် ထပ်တရာနဲ့ သဇင် စံပယ်မြောင်ပြီး အလယ်ခေါင်မှာ အခြွေအရံများနဲ့ ကစားစရာပျော်ရွှင်စေဖို့ ကန်တော်မင်္ဂလာဘေးအရုပ်တွေရံပြီး၊ လေးမုတ်ရံ ဖြောင့်မတ်စွာတူး၍၊ စောင့်ကျပ်ရန် ဘီလူးရုပ် မုခ်ဝမှာ ထားမယ်ဟေ့
.
. . . ဟုတ်ပါ့မလား သူငယ်ချင်းရ၊ ဘီလူးရုပ် မုခ်ဝမှာတင်မှဖြင့် ရုပ်မလှတာမြင်တွေ့ရင် ကြောက်ကြလိမ့် ငါတော့ ခြင်္သေ့လောက်နဲ့တော်လိမ့်မယ်ထင်တယ်
.
. . . ဘီလူးကွာ
. . . ခြင်္သေ့ကွာ
.
. . . အတိုင်အဖောက်ညီလှတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကန်တော်မင်္ဂလာမှာ ဘာအရုပ်ထားမလဲ ဆိုတာနဲ့ ပတ်သက်ပြီး သဘောထားတွေ ကွဲလွဲခဲ့ကြပေမယ့်
.
. . . မင်းနဲ့ငါ အငြင်းအခုံ ဘီလူးခြင်္သေ့ကြောင့် ဥယျာဉ်ကနေ့ ဘယ်သင်းနဲ့မှ မဖြစ်မြောက်နိုင်ဘူး၊ သူငယ်ချင်းချစ်နှစ်ယောက်ပါကွာ နှစ်ခြမ်းမကွဲပါနဲ့
.
. . . ဒီလိုဆိုရင်လည်း တစ်လမ်းတည်းသွားပြီး အမြင်မှန်ယူ၍ အပြင်ရန်သူ ဘေးတစ်ဘက်တစ်ချက်ကလာမယ့် ကျေးငှက်သတ္တဝါ အရေးတကြီးနဲ့ မောင်းရအောင် သွေးစည်းမယ့်အကြောင်း အပြစ်အလီလီ မတွေးဘဲ မင်းနဲ့ငါ ချစ်ကြည်ရေးဆိုတဲ့ ဥယျာဉ်ကြီး စိုက်လိုက်ကြစို့
.
ရွှေမန်းတင်မောင် မှတ်စု
ဗိုလ်ကောင်း
၃၁ မေ ၂၀၂၁

No comments:

Post a Comment