Wednesday 14 April 2021

I Wandered Lonely as a Cloud



ဒီအချိန်မှာ အလွမ်းဆုံးကတော့ Daffodil ဆိုတဲ့ ပန်းလေးတွေ
.
မြန်မာလိုဆိုရင်တော့ ဒပ်ဖဒဲလ် လို့ အသံထွက်မယ်ထင်ရတဲ့ ဒီပန်းလေးတွေကို ကဗျာဆရာကြီး William Wordsworth ရဲ့ ကဗျာထဲ ဖတ်ရတုန်းကတည်းက သဘောတွေကျနေခဲ့တာ၊ ကိုယ်တွေ ငယ်ငယ်က အင်တာနက်ဆိုတာကြီးလည်း မရှိတော့ ပန်းပုံကိုတောင် မမြင်ခဲ့ဖူးပဲနဲ့ တိတ်တခိုး ကြိတ်ကြွေခဲ့ရတဲ့ ပန်းလေးတွေ၊ နောက်ပိုင်း အင်တာနက်တွေ သုံးတတ်လာတော့ ဒီပန်းလေးတွေကို ပုံထဲ မြင်ဖူးနေခဲ့ပေမယ့် အပြင်မှာတော့ မြင်ခွင့်ရအုံးမယ် မထင်မိခဲ့
.
. . . နောက်တော့ ဒီပန်းတွေ အပြိုင်းအရိုင်းပွင့်တဲ့ အရပ်ကို ရောက်သွားပြီး ဆောင်းကုန်လို့ နှင်းတွေများ အရည်ပျော်ပြီလားဆိုရင် ဖုံးထားတဲ့ နှင်းခဲတွေအောက်ကနေ အလုအယက်ထိုးထွက်ဖူးပွင့်ကြတဲ့ ပန်းတွေက ကိုယ့်ရဲ့ ပုံမှန်နွေဦးတေးသံတွေလို ဖြစ်လာခဲ့ရ၊ နှင်းတွေပျော်ချိန်ရောက်တိုင်း ဒီပန်းလေးတွေ ပွင့်လေ့ရှိတဲ့ နေရာတွေ၊ လမ်းဘေးတွေ၊ တောအုပ်တွေထဲ သွားသွားကြည့်ရ
.
. . . ဆိုင်ကလုန်းနာဂစ် လို့ လူတွေသိကြတဲ့ နာဂစ် ဆိုတာ ကိုယ်အရမ်းကြိုက်တဲ့ ကဗျာထဲက ဒီပန်းလေးတွေကို အူရဒူဘာသာနဲ့ခေါ်တဲ့နာမည် نرگس ပါလားဆိုတာ သိခဲ့ပြီးတဲ့အချိန်တုန်းက ဒီပန်းနာမည်ကို ခဏတော့ မုန်းခဲ့မိပေမယ့် တကယ်တမ်းဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်ကြီးမှာ ဒီပန်းလေးတွေ ပယောဂ မပါပါလားဆိုတာ ဆင်ခြင်မိတဲ့နောက်ပိုင်း ဒီပန်းလေးတေွကို ပြန်ချစ်သွားခဲ့ရပြန်
.
. . . ကိုယ်ချစ်တဲ့ ပန်းဝါဝါဖြူဖြူလေးတေွ ပွင့်တဲ့အရပ်ကို စွန့်ခွာခဲ့ရပေမယ့် ပန်းလေးတွေကို အခွင့်ကြုံတိုင်းလွမ်းမိဆဲ၊ ဟာကိုင်းစံတောင်ခြေက ယာအီရိုလွင်ပြင်ကြီးထဲမှာ ကိုယ်မရှိတော့ပေမယ့်လည်း ချိန်ခါရာသီရောက်တိုင်း ပွင့်နေကြမှာဖြစ်တဲ့ ပန်းလေးတွေ ကိုယ့်လို ချစ်တတ်သူတွေနဲ့ ဆုံနေပါစေလို့ ဆုတောင်းနေမြဲ
.
မောင်လွမ်းဝေ
၁၄ ဧပြီ ၂၀၂၁
.
The photo was taken on 10 April 2019

Tuesday 6 April 2021

ရွှေပွဲလာများ ရွှင်အားရဖို့



. . . ငယ်ငယ်တုန်းက ရွာမှာ အလှူတွေ ကထိန်တွေရှိတဲ့အခါ အငြိမ့်ခန်းက မပါမဖြစ်ပါတယ်၊ ကထိန်ဆိုရင် ဘုန်းကြီးကျောင်းဝင်းထဲ၊ အလှူဆိုရင် အလှူရှင်အိမ် မဏ္ဍပ်ထဲ၊ ရွာမှာက ဖျော်ဖြေစရာဆိုလို့ ပွဲလမ်းသဘင်ရှိမှ ကြည့်ရတာမို့ ကိုယ်တွေက မလွတ်တမ်း ကြည့်တာပါပဲ
.
. . . အငြိမ့်ကြည့်တိုင်းမှာ ကိုယ် ဘယ်တော့မှ မကြည့်ချင်ပေမယ့် ဘယ်တော့မှ ရှောင်လို့မလွတ်တဲ့ အခန်းတစ်ခန်းက အမြဲတမ်းပါတယ်၊ အဲဒါကတော့ ကချေသည် သီချင်း သရုပ်ဖော်ခန်းပဲ
.
. . . စာရေးဆရာ ဘုတလင်ချစ်လေးရဲ့ ကချေသည် ကဗျာကို စန္ဒရားအောင်ခင်က သံစဉ်ထည့်ပြီး ဒေါ်မေစီ ဆိုလိုက်တဲ့ ဒီသီချင်းလေးကို အလွန်ကို ကြိုက်ပေမယ့် ဇာတ်စင်ပေါ်မှာ အငြိမ့်သမက ဒီသီချင်းလေးကို သရုပ်ဖော်က၊ တစ်ချိန်လုံး ဟီလာတိုက်နေတဲ့ လူပြက်က ဒီအခန်းလည်းရောက်ရော သူ့ကိုယ်သူ ဇာတ်ဆရာပါဆိုပြီး အငြိမ့်သမလေးကို ရိုက်မောင်းပုတ်မောင်းလုပ်၊ အငြိမ့်သမလေးခမျာ ငိုချင်လျက်နဲ့ ရီလိုက်ရ၊ ရီချင်လျက်နဲ့ ငိုလိုက်ရ၊ ဇာတ်ဆရာအလိုကျပေါ့လေ
.
. . . ကိုယ်ကလည်း ဘာတွေညာတွေ မခံစားတတ်သေးတဲ့ ကလေးတုန်းကတောင်မှ အငြိမ့်သမလေးကို ဇာတ်ဆရာက အနိုင်ကျင့်နေတာ မြင်ရတဲ့အခါ အငြိမ့်သမလေးကို သနားမိ၊ သူ့ခမျာ ငိုချင်နေလျက်နဲ့မျက်ရည်စက်လက်သုတ်ပြီး ရီပြရတဲ့အခါ ကိုယ့်မှာ ရင်နင့်မိ၊ အရင်အခန်းတွေတုန်းက သဘောတွေကျနေခဲ့တဲ့ ဇာတ်ဆရာလုပ်တဲ့ လူပြက်ကြီးကို ခဏတော့ မုန်းလိုက်မိနဲ့၊ အခုထိကို ဒီသီချင်းလေးကို နားထောင်မိတိုင်း ဇာတ်စင်ပေါ်က အငြိမ့်သမလေးကို စိတ်မျက်စိထဲ မြင်ယောင်မိပြီး သနားနေမိတုန်း
.
. . . အငြိမ့်သမလေးကို သနားနေမိတဲ့ကိုယ့်ခမျာမှာ ဂုဏ်ရည်မတူဇာတ်ကားထဲက မေသစ်ကို သနားလို့ မျက်ရည်လည်နေရတဲ့ အိန္ဒိယတိုင်းရင်းသားလေး ချိုတကူးဖြစ်မှန်းမသိ ဖြစ်နေတာကို သတိထားမိပြန်တော့လည်း သူ့ကိုပဲ ဆက်သနားရမလို၊ ကိုယ့်ဘာသာပဲ ပြန်သနားရတော့မလို
.
ဗိုလ်ကောင်း
၆ ဧပြီ ၂၀၂၁
.
ကချေသည်သီချင်းမူရင်းအဆိုကို ဒီမှာနားထောင်နိုင်ပါတယ်
https://www.youtube.com/watch?v=Fg6GHf9fK84
.
Photo credit: ပန်းချီထွန်းနိုင်၏ ကချေသည် ပန်းချီကားတွဲမှ ယူထားပါသည်