Thursday 29 September 2016

အလေ့ကျ


သည်းမခံနိုင်တော့တဲ့အဆုံး ဆောင်းတွင်းရောက်မှ ၀တ်မယ့် ဂျာကင်အကျီင်္အထူကိုထုတ် ၀တ်၊ ထီးတစ်လက်ဆောင်းပြီး ထွက်လာခဲ့တယ်။

နွေအနှောင်း ဆောင်းအကူးမှာ တိုင်ဖွန်းမုန်တိုင်းအရှိန်နဲ့ တစိမ့်စိမ့်စွေနေတဲ့ မိုးကလည်း လုံးလုံးလျားလျား တိတ်သွားတယ်လို့ မရှိဘဲ နည်းနည်းလေးဖွဲလိုက် ခဏလေး ရပ်သွားလိုက်၊ ကောင်းကင်ကလည်း တိမ်ညိုတိမ်သား ကင်းစင်တယ်ရယ်လို့ မရှိဘဲ အုံ့တစ်ခါ မှိုင်းတစ်လှည့်နဲ့ ပျင်းစရာကောင်းလောက်အောင် စွေနေတာမို့၊ မိုးတိတ်သွားတဲ့အချိန် မိုးသားကင်းစင် ကြည်လင်တဲ့အချိန်မှ သွားမယ်လို့ စိတ်ကူးထားပေမယ့် အခုတော့ ဘယ်လိုမှ စောင့်ဆိုင်းမနေနိုင်တော့တာနဲ့ပဲ စောစောစီးစီး မနက်စာစားပြီးတာနဲ့ ထီးတစ်လက်ဆောင်းပြီး ထွက်လာလိုက်တာ။

ဒီနေရာက အပြီးတိုင် စွန့်ခွာခြင်းမျိုးနဲ့ စွန့်ခွာခဲ့ပြီးတဲ့နောက် တစ်ခေါက် ပြန်လာရတော့မယ်လို့ သိလိုက်ရတဲ့အချိန်မှာ ပထမဆုံး ရင်ခုန်မိတာက ကျွန်တော်စိုက်ခဲ့တဲ့ မျိုးစေ့လေးတွေအကြောင်းပါ။ ကျွန်တော် မြေချခဲ့တဲ့ မျိုးစေ့လေးတွေ အပင်မှပေါက်ရဲ့လား၊ အပင်တွေ ဘယ်လောက်တောင် ကြီးနေပြီလဲ၊ လောင်းရိပ်ကြီးတွေအောက်မှာ မထူနိုင်မထောင်နိုင်နဲ့ ခေါင်းငုံ့ မျက်နှာငယ်နေရပြီလား၊ ရေခံမြေခံမတူတဲ့ မိခင်တိုင်းပြည်နဲ့ မိုင်ထောင်ချီဝေးတဲ့ အရပ်မှာ ဘယ်လောက်တောင် ရုန်းကန်ရှင်သန်နေနိုင်နေပြီလဲ၊ ဒါမှမဟုတ် အပင်ဘ၀တောင် မရောက်နိုင်တော့ဘဲ မြေဆွေးစာဖြစ်သွားပြီလား၊ ငှက်ကလေးတွေ စားလိုက်လို့ အပင်ပေါက်ဖို့တောင် အခွင့်အရေးရလိုက်ရဲ့လား၊ စတဲ့ လားပေါင်းများစွာနဲ့ ရင်ခုန်ခဲ့ရတာ . . .

ဂျပန်ကို သွားတော့မယ်ဆိုတော့ အရင်ရောက်နေတဲ့ သူငယ်ချင်းကို မေးခဲ့မိတာကို သတိရတယ်။ ရောက်ရာအရပ်မှာ သစ်ပင်တစ်ပင်လောက်တော့ အနည်းဆုံး အမှတ်တရ စိုက်ခဲ့လေ့ရှိတဲ့ ကျွန်တော်ဟာ ရေခြားမြေခြားမှာလည်း ကိုယ့်ကိုယ်စား အပင်လေးတစ်ပင်လောက်တော့ ချန်ထားခဲ့ချင်တယ်။ တက္ကသိုလ်ဆိုတာ နေရာကျယ်မယ် မြေလွတ်မြေလပ်တွေ ပေါမယ်။ သစ်ပင်လေး တစ်ပင်စာလောက်တော့ ဘယ်လိုပဲဖြစ်ဖြစ် နေရာရှိရမယ်လို့ ကိုယ့်ရှိနှင့်ပြီးသား ဗဟုသုတလေးကို အခြေခံပြီး မြန်မာလို တွေးမိတာကိုး။ အပင်စိုက်ဖို့ နေရာမရှိဘူး၊ တကယ်လို့ စိုက်တယ်ဆိုရင်တောင် မျိုးစေ့ကနေ တိုက်ရိုက်စိုက်ဖို့ မလွယ်လှဘူး၊ တစ်နှစ်မှာ လေးငါးလလောက် နှင်းဖုန်းနေတဲ့ ဒီအရပ်ဒေသမှာ မြန်မာနိုင်ငံလို အပူပိုင်းဒေသက အပင်တွေ ရှင်သန်ဖို့က သာမန်အားဖြင့် မဖြစ်နိုင်လောက်ဖူးလို့ သူပြောတုန်းက လက်မခံချင်ခဲ့ဘူး။ မဖြစ်နိုင်ဘူးဆိုတာတော့ မဟုတ်သေးပါဘူး၊ နည်းလမ်းတော့ ရှိရမှာပေါ့ လို့ အထွန့်တက်တော့ ပျိုးခြံထဲမှာသေချာပျိုး အပင်ကြီးထွားမှု အတိုင်းအတာ တစ်ခုအထိ ရောက်လာပြီဆိုမှ သေသေချာချာ သူတို့ စိုက်နေတဲ့ နည်းပညာနဲ့ အပင်ရွှေ့ပြီး ကိုယ်လိုချင်တဲ့နေရာမှာ စိုက်ရင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သူငယ်ချင်းကဆိုတော့ ပိုလွန်းတယ် ထင်မိခဲ့တယ်။ ကဲ ဒါဆိုရင်လည်း ရှိစေတော့၊ နှစ်ပေါင်းများစွာ ရှိနေနိုင်မယ့် အပင်ကြီး မစိုက်ဖြစ်ရင်တောင် တစ်ရာသီခံ တစ်နှစ်ခံ သီးပင်စားပင်လေးတွေ စိုက်ရင်ရော မဖြစ်နိုင်ဘူးလားဆိုပြီး နည်းနည်း ဈေးဆစ်ကြည့်တော့ မင်းလုပ်ကြည့်ပေါ့ကွာ ဆိုလို့ လာခါနီးမှာ အမေ့ဆီက ခြံထွက်မျိုးစေ့လေးတွေ တောင်းယူလာခဲ့တယ်။ တကယ့်တကယ်ကျတော့ ဥပဒေအရ အဲဒီလို စိုက်ပျိုးဖို့ ရည်ရွယ်ချက်နဲ့ သစ်ပင်မျိုးစေ့တွေ သယ်လာတာကို နိုင်ငံတော်တော်များများက လက်ခံလေ့ မရှိပါဘူး။ နာရီတာ လေဆိပ်ရောက်တော့လည်း သစ်ပင်မျိုးစေ့တွေ ပါသလားလို့ လာမေးတာ ခံခဲ့ရပါသေးတယ်။

၂၀၁၄ စက်တင်ဘာလ ၁၉ ရက်နေ့ ညကြီးမိုးချုပ်မှာ ကျောင်းကို ရောက်ပြီး နောက်တစ်နေ့ မနက်မှာ ပထမဆုံး လုပ်တဲ့ အလုပ်က ကျောင်းဝင်းကို ပတ်ကြည့်တာပါပဲ။ အမေပေးလိုက်တဲ့ သစ်ပင်မျိုးစေ့လေးတွေ အတွက် နေရာလိုက်ရှာတာပါ။ ကျောင်းဝင်းကြီးက ကျယ်တယ်ဆိုပေမယ့် နေရာတော်တော်များများက ရာသီမရွေး မြက်ခင်းပြင်အဖြစ် ထိန်းသိမ်းထားပြီး မြက်ရိတ်ပေါင်းရှင်းတာကိုလည်း ပုံမှန် လုပ်တဲ့အတွက် အပင်တွေကို ဖာသိဖာသာ စိုက်ထားလို့ မရနိုင်ပါဘူး။ မြက်ဖြတ်တဲ့အထဲမှာ ပါသွားမှာပါ။ တောရိုင်းအဖြစ် ထိန်းသိမ်းထားတဲ့ နေရာလေးတွေလည်း ရှိတန်သရွေ့ ရှိပေမယ့် အဲသည်နေရာတွေကလည်း အပင်ရိုင်းတွေ ဖုံးထားလို့ စိုက်ဖို့ မလွယ်ပါဘူး။ ဒီလိုနဲ့ အမေပေးလိုက်တဲ့ မျိုးစေ့လေးတွေက ကျွန်တော့် ဗီရိုထဲမှာပဲ အိပ်ပျော်နေခဲ့ရတာ ကြာသွားခဲ့ပေမယ့် ဘယ်အချိန် ဘယ်လိုစိုက်ရပါ့မလဲ ဆိုတဲ့အတွေးကတော့ စိတ်ကူးထဲမှာ အမြဲ ရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့ ဆောင်းအကုန် နှင်းတွေ ပျော်တဲ့အချိန်မှ မြေကြီးပေါ် ချမစိုက်ဖြစ်ရင်တောင် အိုးနဲ့ စိုက်တော့မယ်လို့ စိတ်ကူးပြီး ရေသန့်ဗူးခွံလေးတွေဖြတ်၊ သစ်ပင်တွေအောက်က သစ်ရွက်ဆွေးမြေတွေကို သွားကျုံးပြီး မျိုးစေ့လေးတွေ ချပါတယ်။ မကြာခင်မှာပဲ ချဉ်ပေါင်ပင်လေးတွေ အပင်ပေါက်လာပါတယ်။ ပုံမှန်ရေလောင်းပေါင်းသင်လုပ်ရင်း အပင်လေးတွေလည်း တဖြည်းဖြည်း ပင်လားမြောက်လာရင်း ကျွန်တော်လည်း ဒီမြေဒီရေကို အပြီးတိုင် စွန့်ခွာရတော့မယ့် အချိန်ရောက်လာပါတယ်။ နှစ်ပင်သုံးပင် ပေါက်နေတဲ့ ချဉ်ပေါင်ပင်လေးတွေကို တစ်ပင်ချင်းစီ အိုးခွဲစိုက်ပြီး မြန်မာပြည် ပြန်ခါနီးမှာ ဆရာ့အိမ်ကို သွားပို့ခဲ့ပါတယ်။ ဆရာ့အိမ်နားက မြေကွက်လပ်မှာ ထားခဲ့တဲ့ အပင်လေးတွေကို ကျောင်းမှာ ကျန်ခဲ့တဲ့ ညီငယ်လေးတစ်ယောက်က မြေချ ပြုစုပျိုးထောင်ပေးလို့ အပင်လေးတွေ လူလူသူသူ ကြီးထွားခွင့်ရခဲ့တာကို ခေတ်သစ်ဆက်သွယ်ရေးနည်းပညာနဲ့ မြန်မာပြည်ကနေ မြင်ခွင့်ရခဲ့တုန်းက တော်တော် ပျော်မိခဲ့တာပါ။

သစ်ပင်လေးတွေကို အိုးနဲ့ စိုက်တဲ့ နေ့နဲ့ တစ်ရက်တည်းမှာပဲ ခုနင်က ပြောခဲ့တဲ့ တက္ကသိုလ်ဝင်းထဲက တောရိုင်းချန်ထားတဲ့ အပင်ကြီးတွေကြားမှာလည်း မျိုးစေ့တွေ သွားချထားခဲ့ပါသေးတယ်။ ပေါက်လိုပေါက်ငြားပေါ့။ အပင်ပေါက်ခဲ့တယ်ဆိုရင်လည်း ဆောင်းနှင်းထုဒဏ်ကို ခံနိုင်လို ခံနိုင်ငြားပေါ့။ တစ်နှစ်ပြီးတစ်နှစ် မျိုးဆက်တွေ ကျန်ခဲ့လိုကျန်ခဲ့ငြားပေါ့။ အိုးနဲ့သေချာစိုက် ရေလောင်းပေါင်းသင် မြေပေါ်ချစိုက်တဲ့ အပင်လေးတွေရဲ့ ဘ၀ကတော့ အနည်းဆုံး ဒီတစ်ရာသီစာ စိတ်ချရသွားပြီ ဆိုပေတဲ့ တောရိုင်းပင်တွေ ကြားထဲမှာ ချခဲ့တဲ့မျိုးစေ့လေးတွေရော ဘယ်လိုအခြေအနေရှိပါလိမ့်ဆိုတာ ကိုယ်တိုင်ကိုယ်ကျ တွေ့ခွင့်ရတော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဒီကို တစ်ခေါက်ပြန်လာရမယ်ဆိုကတည်းက ရင်ခုန်စိတ်လှုပ်ရှားခဲ့တာပါ။

ဒီတစ်ခေါက် ကျောင်းကို ရောက်ပြီဆိုကတည်းက တိုင်ဖွန်းမုန်တိုင်းတစ်ခါလာ၊ ပထမတစ်ခုက အရှိန်ပျော့ရုံရှိသေး နောက်ထပ်တိုင်ဖွန်းတစ်ခုက ထပ်ပြီးချဉ်းကပ်လာ၊ ကျောင်းမှာလည်း နေသာတဲ့ ရက်က လက်ချိုးရေလို့ရအောင် နည်းတယ်။ နေသာတဲ့ ရက်တွေမှာလည်း တစ်ခြားအလုပ်တွေနဲ့မို့ ဒီနေ့မနက်တော့ မိုးတွေ တစိမ့်စိမ့် စွေနေတဲ့ကြားက ထီးတစ်လက်ဆောင်းပြီး အပင်တွေ လိုက်ရှာဖို့ ထွက်လာခဲ့တယ်။ ဆောင်းဦးပွင့်ဝေရဲ့ ခြေခင်းလက်ခင်းသာတဲ့ ညနေခင်းတစ်ခုမှာ ပန်းပွင့်လေးတို့ သားအမိနဲ့အတူ မျိုးစေ့လေးတွေ လိုက်ချခဲ့တာမို့ ဘယ်နေရာရောက်ရောက် ဘာကိုပဲတွေ့တွေ့ အမေးအမြန်းထူတတ်တဲ့ ပန်းပွင့်လေးကို လွမ်းနေမိသေးတယ်။

တောရိုင်းပင်တွေကြားထဲမှာ အပင်ချခဲ့တဲ့ နေရာလေးတွေကို သေသေချာချာ စေ့စေ့စပ်စပ်ကြည့်တာတောင် တစ်ပင်တစ်လေတောင် မတွေ့ရဘဲ အိမ်ထောင်သည်အဆောင်နားက ထင်းရှူးပင်တွေအခြေမှာပဲ အပင်ပေါက်အရွယ် ချဉ်ပေါင်ပင် သေးသေးလေးတွေကို တွေ့ခဲ့ရတယ်။ နေ့စဉ်မှတ်တမ်းမှာ ပြန်ရှာကြည့်တော့ ၂၀၁၆ မေလ ၂ ရက်နေ့ ရက်စွဲနဲ့ ဒီလိုရေးထားတာ တွေ့တယ်။ "အိမ်ကယူလာတဲ့ မျိုးစေ့လေးတွေကို သစ်ပင် မရှင်းမယ့်နေရာမှာ မြေလေးတွေ တူးဆွပြီး စိုက်တယ်။ နှင်းဒဏ်ကို မခံနိုင်ဘူးလို့ ထင်ပေမယ့် တစ်ရာသီတော့ ရှင်ကြမှာပါ" လို့ ကျွန်တော် မျှော်လင့်ထားလေး အချည်းအနှီးမဖြစ်တော့ဘူးပေါ့။ သစ်ပင်သက်တမ်း ငါးလနီးပါး ရှိနေတာတောင် အပင်အမြင့် လေးငါးလက်မလောက်ပဲရှိနေကြသေးရှာတဲ့ အပင်ပေါင်း ဆယ့်လေးပင်တိတိ။ ဆယ့်ငါးပင်များ ပြည့်အုံးမလားဆိုပြီး စေ့စေ့စပ်စပ် ရှာပေမယ့် ထပ်မတွေ့တော့တာမို့ ဆယ့်လေးပင်နဲ့ပဲ ကျေနပ်လိုက်ရတယ်။

ဂျပန်ပြည်ဆိုတာ ရေခြားမြေခြားက ရောက်လာတဲ့ အလေ့ကျသစ်ပင်တွေ ရှင်သန်ကြီးထွားလေ့မရှိတဲ့ တိုင်းပြည်၊ စနစ်တကျလည်း ပြုစုပျိုးထောင်ပေးကြတဲ့ တိုင်းပြည်၊ ပြုစုပျိုးထောင်တိုင်းလည်း အောင်မြင် ဖြစ်ထွန်းတဲ့ တိုင်းပြည်။ ကံအကြောင်းတရား မျက်နာသာပေးလို့ ဒီမြေဒီရေမှာရောက်ခဲ့ရင်တောင် စနစ်တကျ ပြုစုပျိုးထောင်တာ မရှိရင် ထွန်းကားပေါက်ရောက်ဖို့ မျှော်လင့်စရာအခြေအနေမရှိတဲ့ တိုင်းပြည် . . .

Tuesday 27 September 2016

ဂျပန်ပြည်သို့ နောက်တစ်ခေါက်


ကုန်ခဲ့တဲ့ နှစ်နှစ်တာ ဘွဲ့လွန်ကျောင်းသားအဖြစ် တက်ခဲ့တဲ့ တက္ကသိုလ်မှာ ပြီးခဲ့တဲ့ ဇွန်လက ကျောင်းဆင်းပြီး အခု စက်တင်ဘာလထဲမှာ ကျောင်းသားသစ်အဖြစ် ပြန်ရောက်လာခဲ့တယ်။ ကျောင်းသားသစ်ဆိုပေမယ့်လည်း ကြားထဲမှာ နွေရာသီကျောင်းပိတ်ရက်သာ ခြားတာမို့ ကျောင်းကို အရင်တုန်းက နွေရာသီခွင့်ပြန်ပြီး ပြန်လာရသလိုပါပဲ။ မနှစ်က ပြန်လာချိန်တုန်းက UNU Global Seminar တက်ပြီး ဟိုဟိုသည်သည် လျှောက်လည်ဖို့ တိုကျိုမှာ တစ်ပတ်လောက် နေဖြစ်ခဲ့သလို အခုလည်း တိုကျိုက ဂျိုက်ကာဆန်တာမှာ သုံးနှစ်တာ ပညာသင်ကာလအတွက် လိုအပ်တဲ့ ဆောင်ရွက်ဖွယ်ရာလေးတွေ ပြင်ဆင်ဖို့ တစ်ပတ်လောက် နေရပါတယ်။ ဆန်တာမှာ နေတဲ့ တစ်ပတ်အတွင်း ကိုယ်ပိုင်ချိန် များများကြီး ရတာမို့ အတူရောက်လာတဲ့ ကျောင်းသားသစ်တွေကို တိုကျိုမြို့က ရောက်သင့်ရောက်ထိုက်တဲ့ နေရာလေးတွေ လိုက်ပို့ သိသင့်သိထိုက်တာလေးတွေ မျှဝေရင်းနဲ့ စရိတ်လည်း တော်တော်ပွန်းသွားပါတယ်။ ဒါပေတဲ့ အသစ်ရောက်လာတဲ့ သူတွေ နောက်တစ်ခါ ကိုယ့်ဘာသာ တိုကျိုလာရင် သွားဖို့လာဖို့ ရထားစီးဖို့ ဈေးဝယ်ဖို့ ထမင်းစားဖို့ အခုလို ရောက်ရောက်ချင်းအချိန်မှာ တစ်ခြားဖိစီးမှုတွေ မရှိသေးတဲ့အချိန်မှာ လိုက်ပို့ခွင့်ရလိုက်လို့ သူတို့တွေ နောင်အခါ တိုကျိုကို ကိုယ့်ဘာသာ သွားဖို့လာဖို့ ယုံကြည်မှုလေးတွေ ရသွားတယ်ဆိုရင် ကျွန်တော် ပိုက်ဆံကုန်ရကျိုး နပ်တယ်လို့ပဲ ဖြေသိမ့်လိုက်ပါတယ်။

တိုကျိုမှာနေတဲ့ တစ်ပတ်အတွင်း ဂျပန်-မြန်မာအသင်း ဥက္ကဌ မစ္စတာ ၀ါတာနာဘေးတည်ခင်းတဲ့ နေ့လည်စာစားပွဲ၊ သံအမတ်ကြီး ဖိတ်ခေါ်ကြိုဆိုပြီး တည်ခင်းတဲ့ နေ့လည်စာ၊ စစ်သံမှူး နဲ့ ဂျပန်မှာ သင်တန်းတက်နေတဲ့ အရာရှိကြီးတွေနဲ့အတူ ဆုံကြတဲ့ပွဲ၊ စစ်သံမှူးက စစ်သံရုံးကို ဖိတ်ခေါ်ပြီး ကြိုဆိုတဲ့ပွဲတွေ တက်ဖြစ်လိုက်ပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာတောင် မဖူးဖြစ်တဲ့ ဆရာတော် အရှင်ဆေကိန္ဒရဲ့ လူငယ်များနဲ့ တွေ့ဆုံပွဲကိုလည်း ရောက်ဖြစ်အောင် ရောက်လိုက်ပါသေးတယ်။

တိုကျိုမှာ တစ်ပတ်လောက်နေပြီးတော့ ကျောင်းကို ချီတက်ကြပါတယ်။ ပထမဆုံး အခေါက် ကျောင်းကိုလာတုန်းကလိုပဲ စင်းလုံးငှား ဘတ်စ်ကားကြီးနဲ့ပါ။ အရင်တစ်ခေါက်တုန်းက ကျောင်းက ဆရာမျိုးနဲ့ စီနီယာကျောင်းသားတွေ လာကြိုတဲ့ ဘတ်စ်ကားဖြစ်ပြီး ဒီတစ်ခေါက်ကတော့ ဂျိုက်ကာက လိုက်ပို့တဲ့ ကားနဲ့ ဖြစ်ပါတယ်။ ကျောင်းကို ရောက်ရောက်ချင်း အဆောင်တစ်မှာ ပစ္စည်းတွေချ အခန်းသော့ယူပြီး ကျောင်းသားရေးရာကို သတင်းပို့ရပါတယ်။ တစ်ခြားသူတွေက ဘဏ်စာရင်းအသစ် ဖွင့်ရပေမယ့် ကျွန်တော်ကတော့ ကျွန်တော့် ဘဏ်စာရင်းကို ယန်းလေးရာလောက်ချန်ပြီး မပိတ်ဘဲ ထားခဲ့တာကြောင့် အဲသည်ဘဏ်စာရင်းကို ဆက်သုံးမယ်ဆိုတဲ့အကြောင်း ငွေစာရင်းဌာနကို အသိပေးရပါတယ်။ မိတ္တူကူးတဲ့အခါမှာ အသုံးပြုတဲ့ ကတ်ကလေးတစ်ခုကို ငွေစာရင်းဌာနက ကျောင်းသားတွေကို ထုတ်ပေးပါတယ်။  ညနေပိုင်းမှာ ကျောင်းသားရေးရာ ဌာနမှူး ဂရစ်ချန်ရဲ့ ကျောင်းနဲ့ ပတ်သက်တဲ့ နေမှုထိုင်မှုဆိုင်ရာ ရှင်းလင်းပွဲကို နားထောင်ပြီး စီနီယာတွေ ပြင်ဆင်ထားပေးတဲ့ ညစာကို အဆောင်သုံးမှာ စားပါတယ်။

ကြားထဲက ရုံးပိတ်ရက်တစ်ရက်မှာ ဆရာ့အိမ်နောက် မြေကွက်လပ်မှာ ကျူးလစ်ပင်တွေ စိုက်ဖြစ်ပြီး ရုံးပြန်ဖွင့်တဲ့ သောကြ်ာနေ့မှာ နေရပ်လိပ်စာ နဲ့ ကျန်းမာရေးအာမခံ မှတ်ပုံတင်ကိစ္စအတွက် မြို့တော်ရုံးက လာလုပ်ပေးပါတယ်။ ဟီရိုရှီးမားတက္ကသိုလ်မှာ ကျွန်တော်တို့လိုပဲ ပါရဂူလာတက်တဲ့ အိုင်ယူဂျေ ကျောင်းသားဟောင်း အစ်ကိုကြီးတစ်ယောက် ရောက်နေလို့ ညပိုင်းမှာ ဆရာ့အိမ်မှာ ၀ိုင်းကြပါတယ်။ အသောက်အစားထက် စကားစမြည်ပြောကြတဲ့သဘောပါ။

စနေနေ့မနက် လာအိုကျောင်းသားတွေ လုပ်တဲ့ ပစ္စည်းဟောင်းဈေးပွဲတော် (Flea Market) ကိုတော့ အိပ်ယာထ ပျင်းတာရယ် အဲသည်က ပစ္စည်းတွေ မကြိုက်တာရယ်ကြောင့် မသွားဖြစ်တော့ဘဲ တစ်မြို့ကျော် မူအီကာမာချီမြို့က AEON ကို လိုက်ပို့ပေးတဲ့ ကျောင်းကားစီးဖို့ သွားတန်းစီပါတယ်။ ဒီလို ကျောင်းဖွင့်ရက်မျိုးမှာ ကျောင်းသားတိုင်းနီးပါး ဘ၀အသစ် စကြရတာမို့ သွားချင်တဲ့ ကျောင်းသားက ကားဆန့်တာထက် နှစ်ဆလောက် ဖြစ်နေတတ်ပါတယ်။ အဲဒါ နှစ်တိုင်း ဖြစ်နေကျကို ကျောင်းသားရေးရာက ဘာကြောင့် အဆင်ပြေအောင် မလုပ်ပေးမှန်း နားမလည်ပါဘူး။ တစ်နာရီခွဲလောက် တန်းစီအပြီး ဈေးကား ထွက်တဲ့အခါ ထုံးစံအတိုင်း ကျောင်းသားတစ်ဝက်လောက် ကျန်ခဲ့ပါတယ်။ AEON မှာ အခန်းအတွက် လိုအပ်တာတွေ ၀ယ်ခြမ်းပြီး ပြန်လာတော့ ကျောင်းကားကို မီတယ် ဆိုရုံလေးပါ။ နောက်များကျလို့ကတော့ မတွေးရဲစရာပါပဲ။ ကားနဲ့ ရထား တက္ကစီ သုံးဆင့်စီးပြီးမှ ပြန်လို့ရမှာမို့ ပိုက်ဆံကလဲ သောက်သောက်လဲ ကုန်မှာပါ။ လိုအပ်တဲ့ ပစ္စည်းပစ္စယလေးတွေကို ယန်းတစ်ရာဆိုင်မှာ ၀ယ်တာတောင်မှ ယန်းခြောက်ထောင်ကျော်ဖိုး ဖြစ်သွားပါတယ်။ ဒါတောင် တိုကျိုမှာ ယန်းရှစ်ထောင်ကျော်ဖိုးလောက် ၀ယ်လာခဲ့ပြီးသားပါ။

တနင်္ဂနွေနေ့ မနက်ကျတော့လည်း ဟင်းချက်စရာဝယ်ဖို့ Rara ကို သွားရပါတယ်။ ထုံးစံအတိုင်း တစ်နာရီလောက် တန်းစီပြီးသကာလ၊ စည်းမရှိ ကမ်းမရှိ ယဉ်ကျေးမှု မရှိတဲ့ အရိုင်းအစိုင်းတိုင်းပြည်တစ်ချို့ကလာတဲ့ ကျောင်းသားလက်တစ်ဆုပ်လောက်ကို အကြောင်းပြုပြီး ဒေါမနဿပွားပြီးသကာလမှာ Rara ကိုရောက်ပါတယ်။ အခြေခံစားသောက်ကုန် ဆန် ဆီ ဆား ကြက်သွန် ဖြူ နီ သကြား ကော်ဖီ နို့မှုန့် ပေါင်မုန့် အချိုမှုန့် အသားနည်းနည်း နဲ့ မုန်လာဥနီ နည်းနည်း ၀ယ်လာပြီး ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရတဲ့ အဟောင်းဆိုင်တစ်ခုကို သွားပါတယ်။ အဓိကက ရေခဲသေတ္တာ သင့်သင့်တော်တော် တစ်လုံးလောက် လိုချင်လို့ပါ။ ဒါပေမယ့် အဲသည်ဆိုင်က ပစ္စည်းတွေက ဈေးကြီးလွန်းတယ်ထင်လို့ ကြွေရေနွေးခရားလေးတစ်လုံးပဲ ၀ယ်လာဖြစ်ပါတယ်။

ညနေပိုင်းမှာ ဇူလိုင် သြဂုတ် စက်တင်ဘာ မွေးနေ့ရှင်တွေရဲ့ မွေးနေ့ပွဲမှာ ကာရာအိုကေ ဆိုနိုင်ဖို့ စက်ဆင်တာ ဆောင်းဘောက်ဆင်တာ အသံစမ်းတာတွေ လုပ်ပြီး ပျော်စရာကောင်းတဲ့ မွေးနေ့ပွဲကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနေလိုက်တာ ပန်းပွင့်လေးတို့ သားအမိကို ဖုန်းဆက်ဖို့တောင် မေ့သွားပါတယ် . . .

ပါရဂူတန်း


ပါရဂူကျောင်းသားတွေကို ဒီနေ့ အကြိုမိတ်ဆက်ရှင်းလင်းပွဲ လုပ်တယ်။ ပါရဂူသင်တန်းဒါရိုက်တာ ဆရာမ ကူမာဂအိ က ရှင်းလင်းဆွေးနွေးတာပါ။ ဒီနှစ် ပါရဂူ သင်တန်းသား လေးယောက်နဲ့ မနှစ်က သင်တန်းသားတစ်ယောက်၊ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ရေးရာမူဝါဒ မဟာသင်တန်းသူတစ်ယောက် နဲ့အတူ ဆရာမျိုး ဆရာကိုရေး နဲ့ စာပေရေးရာက နှစ်ယောက်တက်ကြတယ်။ စီနီယာကျောင်းသားက အင်္ဂလန်သားပေမယ့် အမေရိကန်မှာလည်း အကြာကြီးနေဖူးတာမို့ အမေရိကန်လေသံပေါက်နေတဲ့ နစ် ဆိုတဲ့ အိုင်ယူဂျေ ကျောင်းဆင်း၊ အခုနှစ်တက်မယ့် ပါရဂူသင်တန်းသား လေးယောက်အနက် ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ ပါရဂူသင်တန်းသူက မြန်မာ၊ နိုင်ငံတကာဆက်ဆံရေးပညာအပိုင်းက ပါရဂူသင်တန်းသား သုံးယောက်ရှိတဲ့အထဲ နှစ်ယောက်က မြန်မာဖြစ်ပြီး တစ်ယောက်ကတော့ လီဆာလို့ခေါ်တဲ့ တောင်အာဖရိကက အဖြူမလေး။ သူလည်း မိခင်ဘာသာ အင်္ဂလိပ်စကား ဖြစ်ရုံမက အခုလက်ရှိ ကမ္ဘာပတ်ပြီး အင်္ဂလိပ်စာ သင်ကြားပို့ချနေတဲ့သူဆိုတော့ မွေးကတည်းက အင်္ဂလိပ်လို အူဝဲခဲ့တဲ့သူတွေနဲ့ အတူ အင်္ဂလိပ်လို သင်တဲ့ကျောင်းမှာတက်ရမှာ ဆိုတော့ စိန်ခေါ်ချက်က မသေးလှဘူးရယ်။
ဆရာမက သင်တန်းနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ ရှင်းပြတယ်။ ပထမနှစ် သုံးတန်းမှာ အိုင်အာနဲ့ ပတ်သက်တဲ့ ဘာသာရပ်သုံးခုကို တစ်တန်းစီ ယူရမယ့်အပြင် ပြည်သူ့ရေးရာမူဝါဒနဲ့ ပတ်သက်ပြီးတော့လည်း တစ်တန်းတက်ရမယ်။ ပထမနှစ် အပြီး နွေရာသီ အစပိုင်းရောက်ရင် ၀င်ခွင့်စာမေးပွဲ ဖြေရမယ်။ ပြီးတော့ ကိုယ်တင်မယ့် စာတမ်းခေါင်းစဉ်နဲ့ ပတ်သက်ပြီးတော့လည်း ခုခံစာမေးပွဲ  ဖြေရမယ်တဲ့။ ပါရဂူစာတမ်းမှာ ပညာရပ်ဆိုင်ရာ နိုင်ငံတကာ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြဖို့ အဆင့်အတန်းရှိတဲ့ စာတမ်းသုံးစောင် (သုံးစောင်ပေါင်းရင် ပါရဂူစာတမ်းဖြစ်)  ရေးရမှာဖြစ်ပြီး ဘွဲ့ယူတဲ့ အချိန်မှာ အနည်းဆုံး စာတမ်းတစ်စောင်က နိုင်ငံတကာ ရည်ညွှန်းဂျာနည် တစ်စောင်စောင်မှာ ပုံနှိပ်ဖော်ပြပြီး ဖြစ်နေရမယ်လို့ ဆိုပါတယ်။
ရှင်းလင်းပွဲပြီးတော့ ဆရာမျိုးနဲ့ ဆရာကိုရေးက မှာစရာရှိတာလေးတွေ မှာ၊ ကျောင်းသားတွေက တစ်ယောက်ချင်း ကိုယ့်ကိုယ်ကို မိတ်ဆက်။ ပြီး ကျွန်တော်တို့ ပါရဂူသင်တန်းသားတွေအတွက် ပေးထားတဲ့ စာဖတ်ခန်းကို ခေါ်သွားတယ်။ အထဲမှာ မီးခလုတ် မီးချောင်း ပလပ်ပေါက် အပြည့်အစုံနဲ့ သီးသန့်စာကြည့်စားပွဲတစ်ခုစီရယ်၊ ကိုယ့်လျို့ဝှက်နံပတ်နဲ့ကိုယ် ဖွင့်ရတဲ့ ဗီရိုအရှည်တစ်လုံး အပုတစ်လုံးစီရယ် ပေးတယ်။ အခန်းထဲမှာ ပရင်တာတစ်လုံးရှိတယ်။ အင်တာနက် ၀ိုင်ဖိုင်နဲ့ လန်ကြိုးပေါက်တို့ကတော့ စာကြည့်တိုက်ထဲကလိုပေါ့။ အခန်းကိုလည်း လျို့ဝှက်နံပတ်နဲ့ ဖွင့်မှ ရတယ်။ ပါရဂူကျောင်းသားတွေကို ပေးထားတဲ့ စာကြည့်ခန်းကို ပါရဂူကျမ်းကြီးကြပ်သူ ဆရာကို ပေးမသိရင် ဆရာက ကိုယ့်ကျောင်းသားကို ဘယ်လို စောင့်ကြည့်လမ်းညွှန်လုပ်ရပါ့မလဲဆိုလို့ ဆရာ့ကိုပါ အခန်းလျို့ဝှက်နံပတ် ပေးတယ်။ ဓာတ်ခွဲခန်း ဆန်လှတဲ့ အဲသည်စာဖတ်ခန်းမှာ ထက် ကဗျာဆန်တဲ့ ကိုယ့်အခန်းထဲမှာကို စာဖတ်ရင် ပိုများ ကောင်းမလား တွေးမိတယ်။ 

ကျန်းမာပါစေ


အချိန်အတိုင်းအတာတစ်ခု လုံလုံလောက်လောက် ရခဲ့ပါလျက်ကနဲ့ ကိုယ့်ရဲ့ အဖွဲ့အစည်းကို ပြုစုပျိုးထောင်ပြီး မျိုးဆက်သစ်ကို မွေးထုတ် ကိုယ့်နေရာမှာ အစားဝင်ပြီး ကိုယ်မရှိရင်တောင် ရပ်တည်ရှင်သန်နိုင်အောင် လုပ်ခဲ့သင့်ပါလျက်နဲ့ ကိုယ့်ကိုယ်ကို ဇမ်းတင်တဲ့အလုပ်၊ အရေးကြီးသော်လည်း ဦးစားမပေးသင့်တဲ့ အလုပ်တွေနဲ့ အချိန်ဖြုန်းခဲ့တဲ့ အခါကျတော့ အခုနေများ ခေါက်ကနဲ ဖြစ်သွားလို့ကတော့ ကျန်ခဲ့တဲ့ ငတာတွေ အကုန် ခွေးဖြစ်မှာပဲ။ ငုတ်တုတ်ကြီး ရှိနေတာတောင်၊ အရှင်လတ်လတ် အာပေါက်မတတ် ပြောဟောဆုံးမပြီး ဘယ်သူ့ကိုမှ တာဝန်ခွဲမပေးဘဲ တစ်ယောက်တည်းဒိုင်ခံ သေလုမျောပါး အလုပ်တွေ လုပ်ပြနေတာတောင် အကွက်တွေ လှတယ်ဆိုတာလောက် တာတတ်တဲ့ ငတုံးတွေနဲ့သာ ဆက်စခန်းသွားရရင်၊ ကိုယ့်အရည်အချင်းကိုယ် ဖြည့်ဆည်းပြင်ဆင်ထားဖို့ထက် စစ်တပ်ထွက်သွားဆိုတာလောက် အော်တတ်တဲ့ ငဖျင်းတွေနဲ့သာ ဆက်စခန်းသွားရရင်၊ လွတ်လပ်ပြီဆိုပြီး လမ်းပေါ်ထွက် စပါးလှမ်းတဲ့ ပြည်သူဆိုသူတွေနဲ့သာ ဆက်စခန်းသွားရရင် . . .
.
.
.
ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ကျန်းမာပါစေ

Monday 26 September 2016

ရောမသောက်နဲ့


သူငယ်ချင်း မိဘ နဲ့ အိမ်ထောင်ဘက်တို့ဟာ

ရမ် ဗော့ဒကာ နဲ့ ဆာကေး တို့လိုပဲ

တစ်မျိုးချင်းစီဆို အရသာရှိပေမယ့်

ရောသောက်လိုက်မိလို့ကတော့

ငါးပါးကို မှောက်ကရော

Thursday 22 September 2016

အီကွေနော့


. . . ဒီနေ့က 秋 分の日 (Autumnal Equinox Day) လို့ခေါ်တဲ့ ဆောင်းဦးရွက်ကြွေရာသီ အကြို - နေ့တာညတာ ထပ်တူအကျဆုံးနေ့ ဖြစ်ပါတယ်။ နေ့တာရှည်ပြီး ညတာတိုတဲ့ နွေရာသီဟာ မနေ့ကပဲ ကုန်ဆုံးပါပြီ။ ဒီနေ့မှာ နေ့တာနဲ့ညတာ အညီအမျှဖြစ်ပြီး နက်ဖြန်ကစလို့ နေ့တာတိုပြီး ညတာရှည်တဲ့ ဆောင်းနှင်းဝေရဲ့ ရှေ့ပြေးဖြစ်တဲ့ ဆောင်းဦးရွက်ကြွေရာသီ စပါပြီ။ နွေရာသီကို နုတ်ဆက်ပြီး ဆောင်းဦးရွက်ကြွေရာသီကို ကြိုဆိုတဲ့ အထိမ်းအမှတ်နဲ့ ဒီနေ့ ဆရာ့အိမ်မှာ ကျူးလစ်ပန်းတွေ စိုက်ကြတယ်။ ရောင်စုံကျူးလစ်ပန်း မျိုးဥတွေကို အကွက်ဖော်ပြီး စိုက်တာပါ။ ဒီပန်းဥတွေဟာ နက်ဖြန်ကစတဲ့ ဆောင်းဦးရွက်ကြွေ တစ်ရာသီလုံး ရော်ရွက်ဝါကြွေတွေ အောက်မှာနေ၊ ဆောင်းရာသီတစ်ခုလုံး နှင်းဖြူဖြူတွေ အောက်မှာ ပုန်းခိုပြီးရင် နွေဦးပေါက်လို့ ဆီးနှင်းတွေ ပျော်ဆင်းသွားပြီဆိုတာနဲ့ မြေကြီးအောက်က ပျော်ပျော်ရွှင်ရွှင် လန်းလန်းလှလှ ထွက်လာကြတော့မှာပါ။ တစ်ဆောင်းတွင်းလုံး နှင်းတွေပိတ်ဖုံးနေတဲ့ လောကကြီးကို ရောင်စုံတောက်ပတဲ့ ပန်းလေးတွေနဲ့ တန်ဆာဆင်ကြတော့မှာပါ။ အနွေးထည် ထူထူကြီးတွေရဲ့ ဖိစီးမှုအောက်က လွတ်မြောက်လာကြတဲ့ မိန်းမလှလေးတွေရဲ့ နုနယ်ပျိုမြစ်တဲ့ ကိုယ်ခန္ဓာအလှနဲ့ လုလင်ပျိုတွေကို ရူပါရုံဒါနပြုကြသလို ငွားငွားစွင့်စွင့်နဲ့ ပွင့်လာတဲ့ ကျူးလစ်ပန်းပွင့်လေးတွေကလည်း နွေဦးပွင့်ဝေရာသီရဲ့ အလှကို ပိုပြီး ပဏာတင့်စေတော့မှာပါ
.
. . . ဒီနေ့မှာ နေမင်းကြီးဟာ အီကွေတာမျဉ်းကြောင်းပေါ်ကို ထောင့်မှန်တည့်တည့်ကျလို့ နေ့တာနဲ့ ညတာ ထပ်တူညီသွားတာ ဖြစ်ပါတယ်။ ဒီနေ့လို နေ့မျိုး တစ်နှစ်မှာ နှစ်ခါ ဖြစ်ပါတယ်။ ဒီနှစ်မှာဆိုရင် ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နဲ့ စက်တင်ဘာလ ၂၂ ရက်တို့မှာ နေဟာ အီကွေတာပေါ်ကို ထောင့်မှန်ကျ ရောက်ရှိပါတယ်။ အလားတူစွာပဲ နေ့တာ အရှည်ဆုံးနဲ့ နေ့တာ အတိုဆုံးရက်တွေလည်း ရှိပါသေးတယ်။ ဒီနှစ်အတွက် ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့မှာ နေ့တာ အရှည်ဆုံးဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့ကျရင် နေ့တာအတိုဆုံး ဖြစ်အုံးမှာပါ။ အင်္ဂလိပ်လိုတော့ Solstice လို့ ခေါ်ပါသတဲ့။
.
. . . အခုလို ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ကမ္ဘာကြီးရဲ့ ၀င်ရိုးဟာ ၂၃ ဒီဂရီခွဲ တိမ်းစောင်းလည်ပတ်နေတာကြောင့် ဖြစ်ပါတယ်။ ၀င်ရိုးပေါ်မှာ တစ်ရက်ကို တစ်ပတ်နှုန်း လည်။ နေကိုလည်း တစ်နှစ်ကို တစ်ပတ်နှုန်းနဲ့ လှည့်ပတ်နေတဲ့ ကမ္ဘာကြီးသာ ၀င်ရိုးတည့်တည့်ပေါ်မှာ လည်နေရင် အခုလိုမျိုးတွေ ရှိမှာ မဟုတ်ဘဲ နေ့တိုင်းနေ့တိုင်း နေ့တာနဲ့ ညတာက ထပ်တူကျနေမှာပါ။ အခုတော့ ကမ္ဘာကြီးက နည်းနည်းလေး စောင်းနေတာကြောင့် နွေဦးပေါက်လိုက် နွေရောက်လိုက် ဆောင်းဦးရွက်ကြွေဖြစ်လိုက် ဆောင်းနှင်းဝေဖြစ်လိုက် ဖြစ်နေရတာ ဖြစ်ပါတယ်။ ဒီလိုသာ မဟုတ်ရင် တစ်နှစ်လုံး ရာသီတွေက အတူတူပဲ ဖြစ်နေမလားတောင် မသိပါဘူး။
.
. . . ကျူးလစ်ပန်းလေးတွေ စိုက်တော့ ပန်းပွင့်လေးနဲ့ သူ့မေမေကို လွမ်းမိရပါသေးတယ်။ ကျူးလစ်ပန်းတွေ ပွင့်ရင် ပိုတောင်လွမ်းရအုံးမယ်ထင်ပါရဲ့။ အို ဒီလိုလည်း မဟုတ်သေးပါဘူး။ ဒီနေ့စိုက်တဲ့ ကျူးလစ်တွေ ဝေေ၀ဆာဆာ ပွင့်ပြီဆိုမှဖြင့် မြန်မာပြည်ခဏပြန်ပြီး ပန်းပွင့်လေးနဲ့ ကစားဖို့ ပုံတွေပြောပြဖို့ သစ်ပင်တွေ အတူစိုက်ဖို့ အရုပ်ကလေးတွေ အတူတူလုပ်ကြဖို့နဲ့ ပန်းပွင့်လေးမေးတဲ့ မဆုံးနိုင်တဲ့ မေးခွန်းတွေကို ကိုယ်တိုင်ကိုယ်ကျ ဖြေပေးဖို့ အခွင့်ရချင်ရအုံးမှာပါလေ . . .
.
၂၀၁၆ စက်တင်ဘာလ ၂၂ ရက်

စဆရက



သူများနည်းတူပဲ ဖွဘုတ်ကို သုံးနေပေမယ့် ဖွဘုတ် ဘာသာစကားထဲက ဝေါဟာရတွေကိုတော့ အကုန်လုံး မသိဘူးဗျ။ မသိလို့ မေးပြန်ရင်လည်း တုံးရာကျမှာစိုးလို့ ဘယ်သူ့မှ မမေးရဲ။ သူများတွေ ပြောနေကြတော့ ကိုယ်လည်း သိသလိုလို ဘာလိုလို လုပ်ရတာပေါ့။ အဲဒီထဲက ကြားဖူးတာ တော်တော်ကြာနေပေမယ့် အဓိပ္ပာယ်သိတာ သိပ်မကြာသေးတဲ့ စကားလုံးကတော့ စဆရကပဲ။

တကယ့်ကတယ်ကျတော့ ဖွဘုတ်ဆိုတာ စဆရက လောကကြီးပေပဲ။ ဖွဘုတ်မှာ တတ်သိနားလည်တဲ့သူ တော်တော် များတာကလား။ သူ့နယ်ပယ်နဲ့သူကတော့ စူ့ထက်စူလူစွမ်းကောင်းတွေချည်းပဲ ဆိုတာလိုပဲ။ ကမ္ဘာမှာပဲဖြစ်ဖြစ် မြန်မာမှာပဲဖြစ်ဖြစ် တစ်ခုခု ဖြစ်လိုက်ပြီလားဆိုရင် အဲသည် စဆရကများက အမြင်အမျိုးမျိုး ရှုထောင့်အမျိုးမျိုး အစွဲအမျိုးမျိုးကနေ သုံးသပ်ပြတော့တာကလား။ ဆရာဆရာကြီးတွေ များလွန်းအားကြီးလို့ ဘယ်ဆရာက ပိုဆရာကျသလဲဆိုတာကိုတောင် မသိတတ်လောက်အောင်ကိုပါပဲ။

အင်း . . . သူများကို လက်ညှိုးတစ်ချောင်းထိုးတော့ ကိုယ့်ဘက်ကို သုံးချောင်းပြန်ထိုးတယ်ဆိုတာကလည်း ရှိသေးတာကိုး။ ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တော့ ကိုယ်လည်းပဲ ငယ်ရွယ်နုပျိုစဉ် အခါတုန်းများဆို တယ်လဲ စဆရက ဖြစ်ခဲ့တာပေပဲ။ သူများတွေ တစ်ခုခု ပြောနေပြီလားဆိုရင် အသာလေး နားထောင်နေတယ် ကိုယ်သိတဲ့အပိုင်းရောက်လို့ကတော့ ဘယ်လို ၀င်ပြီး စဆရက လုပ်ရမလဲ ချောင်းနေတော့တာ။ တစ်ခါတစ်လေ ကိုယ်လုံးလုံးမသိတဲ့ နယ်ပယ်က ကိစ္စတစ်ခုခု ပြောနေတယ်ဆိုရင်တောင် ကိုယ်သိထားတာလေးနဲ့ ဘယ်လိုဆက်စပ်ပြီး ဘယ်လို စဆရက လုပ်ရမလဲ ဆိုတာ ကြံဖန်ဝင်လုံးတတ်သေးတာ။ ဆိုင်ဆိုင်မဆိုင်ဆိုင် ကိုယ်သိထားတာတွေဘက်ကိုပဲ အတင်းဆွဲဆွဲပြောတတ်လွန်းလို့ သူငယ်ချင်းတစ်ယောက်ကဆို ကျွန်တော့်ကို ကြမ်းပိုးပုံပြင်ပြောပြပြီး သာသာနဲ့ နာနာနှက် ဆုံးမပါရောလား။ ကြမ်းပိုးပုံပြင်ဆိုလို့ ငယ်ငယ်က ပုံပြောကောင်းတဲ့ ဆရာမ ဒေါ်ဌေးအောင်ကို သတိရမိသေးတယ်။ အကောင်းသတိရတာတော့မဟုတ်ဘူး။ ဆရာမက မြန်မာစာသင်တာ၊ ပုံပြောလည်းကောင်းတယ်။ ဆရာမ ပုံပြောနေရင် ကိုယ်က ကြားက ဖြတ်ဖြတ်ပြောလို့ ဆရာမက ကဲမောင်ကောင်း မင်းဒီလောက် သိနေတယ်ဆိုရင်လည်း ငါမပြောတော့ဘူး အတန်းသားတွေကို မင်းပဲ ပြောပြလိုက်တော့ ဆိုပြီး အူတိအူကြောင်နဲ့ အတန်းထဲမှာ မတ်တပ်ရပ်နေရဖူးတာကို သတိရသွားတယ်ပြောတာ။

အခုတော့လည်း အသက်တွေကြီးလာလို့လား မသိဘူး။ တစ်ခုခုဆို သူများတွေပြောရင် ဘာမှကို ၀င်မပြောချင်တော့ဘူး။ ကိုယ်က အစီအစဉ်တကျလုပ်နေတုန်း ကိုယ့်လောက်လည်း မသိဘဲနဲ့ ကြားထဲကဖြတ်ပြီး စဆရက ၀င်လုပ်ရင် ငယ်ငယ်ကဆို စိတ်ဆိုးမာန်ဆိုး တုန့်ပြန်မိတတ်ခဲ့ပေမယ့် အခုတော့လည်း အဲဒါမျိုးတွေ ကြုံရရင် ဘာမှကို ပြောချင်စိတ်မရှိဘဲ စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေတတ်တော့တာ။ ကဲကဲ မင်းပဲလုပ်တော့ဆိုတဲ့ အထာနဲ့ အဲလိုလူမျိုးကို ရှေ့ကသွားခိုင်းချင်နေတော့တာ။ အဲဒီလို စိတ်ပျက်စရာတွေ များများ ကြုံလာရလေ ဆရာမကြီး ဒေါ်ဌေးအောင်ကို သတိရလေပဲ။ အင်း ကျွန်တော့် ဆရာသမား လူကြီးမိဘများ သူတို့လုပ်နေ ပြောနေတဲ့ နေရာတွေမှာ ကျွန်တော့်ရဲ့ မတောက်တခေါက် ဗဟုသုတလေးတွေနဲ့ စဆရက ၀င်လုပ်ခဲ့တဲ့ဒဏ်ကို ဘယ်လောက်တောင် ခံခဲ့ရတယ်မသိ . . .

Wednesday 21 September 2016

မျက်လုံးတစ်ဘက်


လွန်ခဲ့တဲ့ နှစ်နှစ်နဲ့ နှစ်ရက်တိတိတုန်းက အခုလိုပဲ တိုကျိုကနေ ကျွန်တော်တက်ရမယ့် တက္ကသိုလ်ဆီကို ဒီလို ဘတ်စ်ကားကြီးနဲ့ပဲ သွားနေခဲ့တာကို သတိရမိတယ်။ အဲသည်တုန်းက ကားပေါ်ပါလာတဲ့ သူတွေထဲမှာ ကျွန်တော်ရယ် အစ်ကိုကြီးတစ်ယောက်ရယ် နှစ်ယောက်တော့ အခု ကားပေါ်မှာ ပြန်ပါလာတယ်။ အဲသည်တုန်းကတော့ အစ်ကိုကြီးက စီနီယာကျောင်းသားတစ်ယောက်အဖြစ် လာကြိုတဲ့သူဖြစ်ပြီး ကျွန်တော်ကတော့ ကျောင်းသားသစ်လေးဖြစ်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ နှစ်ယောက်လုံး ကျောင်းသားသစ်လေးတွေအဖြစ် ဒီကားပေါ်က အခြား ကျောင်းသားသစ်လေးတွေနဲ့အတူ ကျောင်းကို ချီတက်နေကြတာပါ။
အဲသည်တုန်းက ဒီလိုကားကြီးပေါ်မှာ ပြောဖြစ်ခဲ့တဲ့အကြောင်းလေးတွေကို ပြန်စဉ်းစားနေမိတယ်။ တိုကျိုက ညရှစ်နာရီကျော်လောက်မှ ထွက်လာတာမို့ တစ်လမ်းလုံး အပြင်ကို ကြည့်ရှုစရာ နည်းပြီး စကားတွေပဲ ပြောဖြစ်ခဲ့ကြတာပါ။ မတိုင်ခင်ညက ညလုံးပေါက် လေယာဉ်စီးခဲ့ရတာရယ် တိုကျိုရောက်ရောက်ချင်း တစ်နေကုန် မနားဘဲ လျှောက်လည်ခဲ့ရတာရယ်ကြောင့် ပင်ပန်းပြီး ကိုယ်ခန္ဓာက နွမ်းနယ်နေပေမယ့် ကိုယ်ရချင်တဲ့ နိုင်ငံရပ်ခြားတက္ကသိုလ်တစ်ခုရဲ့ ကျောင်းသားဘ၀ကို ဒုတ်ဒုတ်ထိ ရောက်ရှိတော့မှာမို့ စိတ်တွေလှုပ်ရှားပြီး ကားပေါ်မှာလည်း မအိပ်ဖြစ်တော့ဘဲ စကားတွေ ပြောနေဖြစ်ခဲ့တာ။
ငယ်ငယ်ကတည်းက သူငယ်ချင်းတွေကို ကြည့်ပြီး အားကျခဲ့ရတဲ့ နိုင်ငံရပ်ခြား တက္ကသိုလ်ကျောင်းသားဘ၀ကို အသက် သုံးဆယ်ကြီးကျော်မှ ရခဲ့ပေမယ့် ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်ခဲ့တဲ့ ဘ၀ရဲ့ လမ်းကြောင်းအရ နိုင်ငံတကာဆက်ဆံရေးဆိုတဲ့ ဘာသာရပ်ကို မဟာဘွဲ့လောက်နဲ့ တင် ကျေနပ်မနေဘဲ ပါရဂူဘွဲ့အဆင့်ထိ တက်လှမ်းဖို့ လိုတယ်ဆိုတာ အဲသည်တုန်းက သူငယ်ချင်းနဲ့ ဆွေးနွေးဖြစ်ခဲ့တယ်။ သူငယ်ချင်းကတော့ ဘာမှ အထွေအထူး မှတ်ချက်မပေးဘဲ စိတ်ကူးယဉ်တာ စောသေးတယ်ဆိုတဲ့ အကြည့်နဲ့ပဲ တုန့်ပြန်ခဲ့တာကို မှတ်မိနေပါသေးတယ်။ တဖြည်းဖြည်းနဲ့ သဘောပေါက်လာတာက ကိုယ့်မှာသာ ဘ၀ပေးအခြေအနေအရ ပါရဂူဆိုတဲ့ ဘွဲ့တစ်ခုကို လိုအပ်ချက် ဖြစ်နေပေမယ့် ကံအကြောင်းတရားတွေ ပေါင်းဆုံပါမှ ဒီလိုအခွင့်အရေးမျိုးကို ရနိုင်စရာရှိတယ် ဆိုတာပါပဲ။ အသက်အရွယ်အကန့်အသတ်၊ ငွေရေးကြေးရေး အကန့်အသတ်၊ ရာထူးတာဝန် အကန့်အသတ်နဲ့ ကိုယ်ရဲ့ ပညာရေးအခြေခံအကန့်အသတ်တွေကြောင့် ကိုယ့်အိပ်မက်တွေ တကယ်ဖြစ်နိုင်မဖြစ်နိုင်ဆိုတဲ့ ပူပင်သောကကို အသာလေးဘေးချိတ်ပြီး ဘွဲ့လွန်တက်နေတဲ့ နှစ်နှစ်တာကာလမှာ ကိုယ်လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်နေခဲ့ပါတယ်။
တကယ့်တကယ်တော့ ဒီကတက္ကသိုလ်မှာပဲ ပါရဂူသင်တန်း ဆက်တက်ဖို့ဆိုတာ အကန့်အသတ်တွေ အမျိုးမျိုးကြားထဲမှာ အလားအလာက နည်းလှပါတယ်။ မဟာဘွဲ့ရပြီးပြီးချင်း ပါရဂူပြန်တက်ရဖို့ဆိုတာလည်း စိတ်ကူးထဲတောင် ထည့်မယဉ်ခဲ့ဖူးတဲ့ ကိစ္စပါ။ သို့သော်လည်း အခြေအနေတွေက ဖန်တီးပေးလာတဲ့အခါ အဲသည် အခွင့်အရေးကို အရအမိ ဖမ်းဆုပ်ပြီး အကောင်းဆုံးကို ကြိုးစားဖို့က ကိုယ့်ရဲ့ တာဝန်တစ်ခု ဖြစ်လာပါပြီ။ ဘာလို့လဲဆိုတော့ အခုလို ရခဲ့တဲ့ အခွင့်အရေးဟာ အခွင့်အရေးသက်သက်သာ မဟုတ်ဘဲ အောင်မြင်ပြီးမြောက်အောင် ထမ်းဆောင်မှရမယ့် ကြီးလေးတဲ့ တာဝန်တစ်ခုလည်း ဖြစ်နေလို့ပါပဲ။
ဂျပန်တွေရဲ့ ရိုးရာဓလေ့တစ်ခုအတိုင်း ဒါရူးမား ပစ်တိုင်းထောင်မှာ မျက်လုံးတစ်ဖက်ကိုတော့ ရေးခြယ် သန္နိဌာန်ပြုခဲ့ပါပြီ။ ကျန်တဲ့ မျက်လုံးတစ်ဖက်ကို ရေးခြယ်အောင်ပွဲခံနိုင်ဖို့ကတော့ လာမည့် သုံးနှစ်တာ ကာလကို ဘယ်လို စီမံခန့်ခွဲ အသုံးပြုသလဲဆိုတဲ့အပေါ်မှာ မူတည်နေတာမို့ ပန်းပွင့်လေးနဲ့ သူ့မေမေကို လွမ်းတဲ့အလွမ်းတွေကို ရင်ထဲကတစ်နေရာမှာ ခဏသိုဝှက်ထားရင်း . . .

Tuesday 20 September 2016

ဝါးတီးနေ့

.
. . . ဒီနေ့တော့ ၀ါးတီးနေ့လို့ ပြောရမယ်ထင်တယ်။ ဂျပန်မြန်မာအသင်း ဥက္ကဌ မစ္စတာ ၀ါတာနာဘေး က မြန်မာပြည်က ရောက်လာတဲ့ ကျောင်းသားသစ် လတ်လတ်ဆတ်ဆတ် ကလေးတွေကို နေ့လည်စာနဲ့ တည်ခင်း ဧည့်ခံတယ်။ တိုကျို အစိုးရရပ်ကွက်က သူ့ရုံးခန်းနဲ့လည်းနီးတဲ့ စီချွမ် တရုတ်စားတော်ဆက်မှာ။ နေ့လည် ဆယ့်နှစ်နာရီ ချိန်းထားပေမယ့် ကြိုရောက်သွားတော့ မစ္စတာဝါတာနာဘေး နဲ့အတူ သံအမတ်ကြီး ဦးသူရိန်သန့်ဇင်တို့ပါ ရောက်နေနှင့်ကြပြီ
.
. . . ကြိုနှင့်နေတဲ့ လူကြီးတွေက ရောက်လာတဲ့ ကျောင်းသားတွေကို တစ်ယောက်ချင်း ကြိုဆို နှုတ်ဆက်ပါတယ်။ ကျွန်တော့်အလှည့်ရောက်တော့ သေချာကြည့်ပြီး မြင်ဖူးတယ် အရင်ကျောင်းသားဟောင်းလား ပါရဂူလာတက်တာလား နဲ့မေးပြီး ဂုဏ်ယူပါတယ် လုပ်နေလို့ စကားပြန်ကို အပြေးအလွှားခေါ်ပြီး စကားတစ်ခွန်းစ နှစ်ခွန်းစ ပြောရပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်က ကျွန်တော်ရယ် သံအမတ်ကြီးရယ် နဲ့ တစ်ဝိုင်းတည်းထိုင်မိပြီး ကျွန်တော်နဲ့ စကားတွေ အကြိတ်အနယ်ပြောခဲ့ရတဲ့ ဒုက္ကဌ မစ္စတာ ဆန်ဂိုးကုကလည်း ၀မ်းပန်းတသာနဲ့ နှုတ်ဆက်ပါတယ်။ သူက ကျွန်တော့်ကို ဘယ်မေ့ပါ့မလဲ။ မနှစ်က မြန်မာပြည် မပြန်ခင်က ဂျပန်မြန်မာအသင်း ရုံးခန်းမှာ သွားနှုတ်ဆက်တော့ သူလည်း ရွေးကောက်ပွဲ အလုပ်တွေနဲ့ ခရီးထွက်ဖို့ ရှိတယ်ဆိုလို့ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်သေးတာကိုး။ နောက်ပြီးတော့ ဂျပန်ဝန်ကြီးချုပ်ဖြစ်ရင်လည်း ကျွန်တော့်ကို မမေ့နဲ့အုံးလို့တောင် ပြောလိုက်သေးတယ်။ ပြီးတော့မှ သိရတယ်။ သူက ကိုယ်တိုင် ၀င်မပြိုင်တော့ဘဲ အငယ်တွေအတွက်ပဲ အလုပ်လုပ်နေတော့တာတဲ့
.
. . . ထုံးစံအတိုင်း ဥက္ကဌက စကားတွေ အများကြီးနဲ့ နှုတ်ခွန်းဆက်တယ်။ အဘိုးက မြေးတွေကို မှာသလို တတွတ်တွတ်နဲ့ မပြီးနိုင်မစီးနိုင် သွန်သင် မှာကြား ဆုံးမနေတယ်။ သူတို့ မြန်မာပြည်ကို ကူညီနေတာ ဘာမှ ပြန်လိုချင်လို့ မဟုတ်ကြောင်း၊ တကယ်လို့ တစ်ခုခု လိုချင်တယ်ဆိုတာ ရှိရင်တောင် အဲဒါက မြန်မာပြည် တိုးတက်ကြီးပွားတာကို လိုချင်တာဖြစ်ကြောင်း၊ အသက်ငယ်ငယ်တွေကို တွေ့ရတာ အားကျကြောင်း သူ့မှာတော့ အသက် ၈၃ နှစ်ရှိပြီဖြစ်လို့ ကြာကြာနေရတော့မှာ မဟုတ်ကြောင်း မြန်မာပြည်ကြီး တိုးတက်ဖို့ အားသွန်ခွန်စိုက် ကြိုးစားကြစေလိုကြောင်း၊ ဂျပန်မျိုးဆက်ငယ်ရွယ်သူများက လူမှုဆက်ဆံရေး လူတစ်ဖက်သားကို ကူညီစောင့်ရှောက်ရေးတွေမှာ အားနည်းလာကြလို့ အဆင်မပြေတာတွေရှိရင်လည်း နားလည် ခွင့်လွှတ်ပေးကြစေလိုကြောင်း၊ ပညာသင်ကြားရာမှာ အဆင်မပြေတာတွေ အခက်အခဲတွေ ရှိတဲ့အခါ ချက်ချင်း အသိပေး စေလိုကြောင်း၊ မြန်မာတွေက နားလည် ခွင့်လွှတ် သည်းခံစိတ်များတဲ့အတွက် တော်ရုံတန်ရုံအခက်အခဲလောက်ကို မပြောပြတဲ့အခါ မကူညီနိုင်တာ ဖြစ်မှာစိုးလို့ အချိန်မရွေး ဆက်သွယ်ပြောပြစေလိုကြောင်း စသည်ဖြင့် စကားတွေ အများကြီးပြောပါတယ်။
.
. . . ၀ိုင်းနှစ်ဝိုင်း ထိုင်တဲ့အခါ ဥက္ကဌ နဲ့ ဒုဥက္ကဌ မစ္စတာ ဆန်ဂိုးကု ထိုင်တဲ့ဝိုင်းမှာ မြန်မာစကားပြန်ရှိလို့ မြန်မာလိုပြောကြပေမယ့် ကျွန်တော်တို့ဝိုင်းမှာတော့ မြန်မာစကားပြန်မရှိလို့ အင်္ဂလိပ်လိုပဲ ပြောကြပါတယ်။ ဥက္ကဌက ဟိုဘက်ဝိုင်းမှာ စကားနည်းနည်းပြောပြီး ကျွန်တော်တို့ဝိုင်းကို ရွှေ့လာ စကားတွေ ပြောပြန်ပါတယ်။
.
. . . စားသောက်ဖွယ်ရာတွေကတော့ အရင်ဇွန်လတုန်းက ညစာစားပွဲနဲ့ အတူတူနီးပါးပါပဲ။ ဘီယာကို တစ်ခါသောက်စာပဲ ပေးတာတစ်ခုပဲ ကွာတာပါ။ သူတို့ အထူးတလည် တည်ခင်းတဲ့ ငါးမန်းတောင် ဟင်းချိုနဲ့ ပြီးခါနီးမှာ တည်ခင်းတဲ့ တို့ဖူးဟင်းတို့ကတော့ ကျွန်တော် အရသာ အတွေ့ဆုံး အမယ်တွေဖြစ်ပါတယ်။
.
. . . ခါတိုင်းကတော့ စားသောက်ပြီးတာနဲ့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပေမယ့် အခုတစ်ခါမှာတော့ သူတို့လည်း ချက်ချင်းဆိုသလို ပြန်သွားကြလို့ စုပေါင်းဓာတ်ပုံမရိုက်ဖြစ်လိုက်ပါဘူး။
.
. . . ဂျပန်မြန်မာ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးမှာ အခုရောက်နေတဲ့ စီချွမ် စားတော်ဆက်က သမိုင်းမှာ အရေးပါတဲ့ မှတ်တိုင်တွေ စိုက်ထူခဲ့တဲ့ သမိုင်းဝင်နေရာလေး ဖြစ်နေတော့မှာပါ။
.
. . . ညပိုင်းကျတော့ စစ်သံမှူးရယ်၊ ဂျပန်ပြည်မှာ သင်တန်းလာတက်နေတဲ့ ဗိုလ်မှူးကြီးတွေရယ် ကျွန်တော်တို့ရယ်ကို ဆရာမျိုးက ရှင်ဂျုကုဘူတာနားက ဆိုင်တစ်ဆိုင်မှာ ညစာကျွေးပါတယ်။ ဒီညစာကတော့ နေ့လည်တုန်းကလို ကိန်းခန်းမကြီးလှပါဘူး။ ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် စားကြသောက်ကြတာပါ။ အဲ သောက်ကြတာပါဆိုတာ ဟင်းချိုသောက်တာကို ပြောတာပါ။ တလွဲမထင်ပါနဲ့။
.
. . . ညစာစားပြီးတော့ ဆရာတော် အရှင်ဆေကိန္ဒ လူငယ်တွေနဲ့ ဆွေးနွေးပွဲလုပ်တဲ့ နေရာကိုသွား ဆရာတော် ဆုံးမစကားတွေ နားထောင်ပြီး အဆောင်ပြန်လာခဲ့တယ်။ ဗိုက်ကပြည့်နေပြီမို့ အဲသည်က ကျွေးတဲ့ နွားနို့ခေါက်ဆွဲကို မစားနိုင်ဖြစ်ခဲ့ပါဘူး။
.
. . . တိုကျိုရောက်တော့ လည်ရပတ်ရတာ မောပေမယ့် မောနေတဲ့ကြားကပဲ ပန်းပွင့်လေးကို လွမ်းမိပါသေးရဲ့

Saturday 17 September 2016

မဂျိုးဘယ်လိုပြောရမယ်


ဒါရိုက်တာ မောင်မောင်မြင့်ရဲ့ သား ပြေငြိမ်း ဆိုတာ ကျွန်တော်တို့ ငယ်ငယ်တုန်းက သိပ်ကြိုက်ခဲ့တဲ့ သဘာဝ မင်းသားတစ်လက်ပေါ့။ ပြေငြိမ်းဇာတ်ကားတွေဆို မလွတ်တမ်းလောက်ကို ကြည့်ဖြစ်ခဲ့ရဲ့။ ခပေါင်းဘူတာမှာ ရထားပေါ်က ပြုတ်ကျလို့ မင်းသားပြေငြိမ်း ဆုံးပြီလည်းဆိုရော ကိုယ်တွေပါ အမျိုးအရင်းအချာတစ်ယောက် ဖြစ်သလိုကို ၀မ်းနည်းခဲ့ရတာ။
.
. . . ပြေငြိမ်းဇာတ်ကားတွေထဲမှာ အခုထိ မှတ်မိနေသေးတဲ့ ဇာတ်ကားကတော့ မဂျိုးဘယ်လိုပြောရမယ် ဆိုတဲ့ ဇာတ်ကား။ ပြေငြိမ်းနဲ့ ဇင်မာဦး။ သူတို့နှစ်ယောက်က မြို့က သူဌေးအိမ်က အိမ်ဖော် နဲ့ ဒရိုင်ဘာလား မာလီလားမမှတ်မိတော့။ တစ်နေ့မှာ သူဌေးက ညပိုင်း မူးမူးနဲ့ ပြန်လာ ထုံးစံအတိုင်း အိမ်ဖော်မလေး ဇင်မာဦးက တွဲပြီး အခန်းကိုပို့။ ပန်းအိုးလေးကျကွဲ။ နောက်တစ်နေ့ကျတော့ ဇင်မာဦးက အန်။ ဆရာဝန်ပြတော့ ကိုယ်ဝန်ရှိပေါ့။ သူဌေးကလည်း စားပြီးနားမလည် မူးနေလို့ မမှတ်မိဘူးဖြစ်။ ပန်းဦးကြွေခဲ့တဲ့ ဇင်မာဦးကို ပြေငြိမ်းက အနစ်နာခံပြီး ရွာကို ခိုးပြေး၊ ရွာရောက်တော့ တစ်အိမ်တည်းမှာ အရပ်ကို လင်မယားလို့ပြောပြီး မောင်နှမလိုနေကြ။ ကလေးမွေးတော့ ကလေးက အဖေအမေတွေဖြစ်။ နောက်ကျမှ သူဌေးက အဖြစ်မှန်သိပြီးပြန်လာ ကလေးကိုခေါ်။ စသည်ဖြင့်ပေါ့လေ
.
. . . အဓိက ပြောချင်တာက အဲသည်ဇာတ်လမ်းထဲမှာ မဂျိုးလို့ ခေါ်တဲ့ ဇင်မာဦး ကဗျာလေး ရွတ်ပြတဲ့အခန်းပဲ။ နေ၀င်စ ချိုးမရယ်ကူ ဆိုတဲ့ ကဗျာလေးကို သူသိပ်ဘ၀င်ခိုက်တဲ့အကြောင်း၊ ကဗျာထဲက ချိုးမလေးက သူ့လင်ပျောက်လို့ ရှာရင်း သူ့လင် ချိုးဖိုက နွားကျောင်းသားလက်ချက်နဲ့ မီးဖိုထဲ အကင်ဘ၀ ရောက်ရတာကို ချိုးမလေးက လွမ်းလွမ်းဆွေးဆွေး နဲ့ နေ၀င်ရိုးရီမှာ ကူလေရှာတဲ့ အကြောင်း ဖွဲ့ထားတဲ့ ကဗျာလေးကို သူရွတ်မိတိုင်း ငိုရတဲ့အကြောင်း။
.
. . . ကျွန်တော်တို့ ငယ်ငယ်ကလည်း ဒီကဗျာလေးကို သင်ခဲ့ရတယ်။ ထူးထူးခြားခြားကြီးရယ်လို့ မဟုတ်ပေမယ့် အခြားကဗျာတွေကို ကြိုက်သလောက်တော့ ဒီကဗျာလေးကိုလည်း ကြိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အဖြူအစိမ်းဝတ်ထားတဲ့ ဆရာမလေးတစ်ယောက်က အဲသည်ကဗျာကို သံနေသံထားလေးနဲ့ သူ့ဘာသာဆိုပြီး ဖေ့ဘုတ်မှာ တင်လိုက်တာကို ဂီတသမားနှစ်ယောက်က တယောတစ်လက် စန္ဒရားတစ်ခုနဲ့ သံစဉ်ပံ့ပေးထားတာလေး တက်လာတော့ တော်တော်လေးကို ကြည်ကြည်နူးနူး နားထောင်မိတယ်။ ကြည်နူးတယ်ဆိုတာ ကဗျာရဲ့ အကြောင်းအရာကို ပြောတာ မဟုတ်ဘူး။ မြန်မာကဗျာလေး တစ်ပုဒ်ကို ဒီလို ဆရာမလေးက သံနေသံထားလေးနဲ့ ကျကျနန ဆိုပြီး တင်ထားတာရယ်။ မြန်မာဂီတသမားလေးတွေက သံစဉ်လေးပိုးပြီး ပေါင်းစပ်ပေးထားတာရယ်ကို ကြည်နူးမိတာ။ ဆရာမလေး အသံကလည်း ကြည်ကြည်မြမြနဲ့ နောက်ခံဂီက အပိုးကလည်း ချွဲချွဲနွဲ့နွဲ့နဲ့ဆိုတော့ ကဗျာထဲက ချိုးဖိုလေးကို သနားမိလို့ ရင်မှာ လှုပ်ခတ်ရတာကတစ်မျိုး ဒီဆရာမနဲ့ တစ်ခါမှ မမြင်ဖူး မသိဖူးတဲ့ ဂီတသမားတွေက အသံလေးပံ့ပြီး တီးပေးထားတာကတစ်ဖုံ အဲသည်နှစ်ခုကို သပ်သပ်ရပ်ရပ်လေး ပေါင်းစပ်ပြီး ရုပ်မြင်ဖိုင်လေးလုပ်လို့ ဖေ့ဘုတ်ပေါ် တင်ပေးထားတဲ့ နည်းပညာလေးကတစ်သွယ်နဲ့ အင်မတန် ကြည်နူးစရာကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ကို ဖတ်ရသလို ပန်းချီကားလေးတစ်ချပ်ကို ကြည့်ရသလို၊ အေးချမ်းဆိတ်ငြိမ်တဲ့ စမ်းရေလေးသောက်ရသလို ကြည်နူးရချက်က ပြောမပြတတ်အောင်ပါပဲ။
.
. . . ဆက်စပ်ပြီးစဉ်းစားမိတာက ဒီလို မြန်မာ ကဗျာလေးတွေကို ဒီလို သံစဉ်လေးတွေ ထည့်ဆိုလို့ ရတာကို ကဗျာကို မြတ်နိုးတတ်တဲ့ကျွန်တော် အခုမှ သိလိုက်ရတာ နောက်များ မကျလွန်းနေဘူးလား။ ငါးစီးရှင်ကျော်စွာရဲ့ တာဝတိံသာနတ်ရွာလော ဆိုတဲ့ အားမာန်တက်ကြွစရာကောင်းတဲ့ ကာချင်းကို ပြီးခဲ့တဲ့ နေပြည်တော် ဆီးဂိမ်းကျမှ ကျကျနန နားထောင်ခံစားခွင့်ရခဲ့တာကရော ကျွန်တော် မြန်မာဖြစ် မရှုံးပေဘူးလား။
.
. . . အသက်လေးဆယ်နားနီးနေတဲ့ ကျွန်တော်အပါအ၀င် ကျွန်တော်တို့ မျိုးဆက်တွေ တော်တော်များများ မြန်မာဖြစ်ရှုံးခဲ့ပေမယ့် ကျွန်တော်တို့ သမီးလေး သားလေးတွေကိုတော့ ကျွန်တော်တို့လို မြန်မာဖြစ် မရှုံးစေချင်ဘူး။ မြန်မာစာဆိုတာ ပျင်းစရာကောင်းတဲ့ ခက်ဆစ်တွေကျက် စကားပြေတွေကျက် မှတ်စုတွေကျက်နေရတဲ့ ဘာသာတစ်ခု ဆက်မဖြစ်စေချင်ဘူး။ ကျောင်းသားနည်းနည်းလေး မြန်မာစာအမှတ်တွေကောင်း ဂုဏ်ထူးတွေ ထွက်တာထက် ကျောင်းသားတွေ အများကြီး မြန်မာ့စာပေယဉ်ကျေးမှု အဆင့်အတန်းကို ကိုယ်တိုင်ကိုယ်ကျ ခံစားနားလည်ခွင့်ရပြီး ငါတို့မှာ ဒီလို အဆင့်အတန်းမြင့်တဲ့ စာပေယဉ်ကျေးမှု ရှိတယ်ကွ လို့ ဂုဏ်ယူမော်ကြွားစေချင်တယ်။ မြန်မာပြည်မှာ ရှိတဲ့ကျောင်းသားတွေ အားလုံးအတွက် အစိုးရမင်းက တာဝန်ယူလုပ်မပေးနိုင်ရင်တောင် ပန်းပွင့်လေးနဲ့ သူ့သူငယ်ချင်းတွေကို အဲဒီလို မြန်မာ့စာပေယဉ်ကျေးမှု ရသခံစားချက်လေးတွေ သူတို့လေးတွေ နှလုံးသားမှာ ကိန်းအောင်းနေအောင် အဖေတစ်ယောက်အနေနဲ့ တတ်နိုင်သလောက်ကလေး ဖန်ဆင်းပေးချင်မိတယ်။
.
. . .
နေ၀င်စ ချိုးမရယ်ကူ ဆိုတဲ့ ရုပ်သေးသီချင်းလေးကို ကလေးတွေကိုဆိုပြနေတဲ့ ဆရာမ ဒေါ်မြင့်မြင့်ဇော် ရဲ့ မူရင်းလင့် https://www.facebook.com/myintmyint.zaw.750/videos/326690514346195/
. . .
ဆရာမ ဒေါ်မြင့်မြင့်ဇော်ကို အင်တာဗျူးထားတဲ့ The Voice စာမျက်နှာ http://thevoicemyanmar.com/education/1883-mmz
. . .
ဆရာမရဲ့ ဖေ့ဘုတ်ပေါ်က အဆိုလေးကို တယော စန္ဒရားလေးနဲ့ ပံ့ပိုးပြီး ပေါင်းစပ်ပြန်လည်တင်ဆက်ပေးလိုက်တဲ့ မူရင်းလင့် https://www.facebook.com/wai.phyo.50999405/videos/559354394266529/

Wednesday 14 September 2016

ကူမင်းမြို့ပေါ်အဖြတ်


၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်
ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကနေ ည ကိုးနာရီ လေးဆယ့်ငါးမိနစ်မှာ တက်တဲ့ ရန်ကုန်-တိုကျို ထိုင်းလေကြောင်းဟာ ည တစ်နာရီ လေးဆယ့်ငါးမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ပေါ်ကို ဖြတ်သန်းပါတယ်။ မီးရောင်စုံနဲ့ တောက်တောက်ပပ လှနေတဲ့ ကူမင်းမြို့ကို ကြည့်ပြီး ဒီမီးတွေက ငါတို့နိုင်ငံက အောက်ဈေးနဲ့ နှိုက်ထားတဲ့ စွမ်းအင်တွေနဲ့များ ထွန်းထားတာလား မသိဘူးလို့ ရင်နာနာနဲ့ တွေးနေခဲ့မိပါတယ် . . .

Saturday 10 September 2016

အပူးဓေါ်ဘုံ သြောင်ယမြီ

.
. . . အဲဒါ အင်းလျားကန်စောင်းက လုံခြုံရေး ထူပြောလှတဲ့ ခြံကြီးထဲကနေ လှည်းတန်းကသာလာယံကို ရောက်ပြီကြားတော့ ချက်ချင်းတောင် လေယာဉ်စီးပြီး အပြေးသွားလိုက်ချင်တာ။ ကိုယ်တွေက ကောင်မလေး ချောချောလှလှများဆိုရင် လူမျိုးဘာသာ မခွဲခြားဘူးရယ်။ အော် လက်တွေ့မှာမဖြစ်နိုင်တော့ အွန်လိုင်းက တက်လာတဲ့ သတင်းလေးတွေပဲ ရသေ့စိတ်ဖြေ ဖတ်ရတော့တာ။ ပြီးတော့ ဆရာမ သင်ထားသလို ကိုယ့်ရဲ့ ထင်မြင်ယူဆချက်လေးလဲ ပေးရအုံးမယ်ဆိုတော့ သေသေချာချာ လေ့လာ သုံးသပ်ရတာပေါ့။
.
. . .ဒါပေမယ့် ကိုယ့်အထင် ကိုယ့်အမြင်ကို ချက်ချင်းကြီးတော့ မပြောရဲဘူးရယ်။ အုပ်စုတိုက်ပွဲတွေ ပြင်းထန်လှတဲ့ အခုလို ရာသီဥတုမျိုးမှာ ဘယ်အုပ်စုက ဘယ်ဘက်လိုက်နေသလဲဆိုတာ အရင်ဆုံး စူးစမ်းရသေးတာ။ ဘယ်သူတွေက ဘယ်လို ဝေဖန်သလဲ။ အားပေးသလား ရှုံ့ချသလား။ ဘယ်အုပ်စုက အားသာနေသလဲ။ မတော် ကိုယ့်စိတ်ထဲ ထင်ရာလျှောက်ပြောမိလို့ အားနည်းတဲ့ အုပ်စုထဲ မယောင်မလည် ရောက်သွားခဲ့ရင် ကိုယ်ပြောခဲ့တဲ့စကားတွေကို အတိတ်မေ့သလို ရွှေပျောက်သလို ရူးချင်ယောင်ဆောင်ပြီး သာကူးလုပ်ဖို့ကလည်း ကိုယ့်လိပ်ပြာ ကိုယ်မလုံလှလေတော့ ကြည့်နေတယ် မပြောသေးဘူး ပေါ့ဗျာ
.
. . . အမယ် ဒီနည်းက မဆိုးဘူး ပြောရမယ်။ ထင်တဲ့အတိုင်းပဲ တစ်ရက်တန်သည် နှစ်ရက်တန်သည် သည်းခံပြီး စောင့်ကြည့်နေလိုက်တော့ အဖြူအမဲ ကွဲပါလေရောလား။ ကြီးမြတ်လှတဲ့ တို့မြန်မာ သမိုင်းအစဉ်အလာအတိုင်း လက်ခံတဲ့ဘက်နဲ့ လက်မခံတဲ့ဘက်။
.
. . . လက်ခံတဲ့ ဘက်ကလည်း လူမျိုးဘာသာကို မခွဲခြားကြောင်း ပြသရာမှာ စရိတ်လည်း သက်သာ လူလည်းသက်သာ ချစ်ခင်ရင်းနှီးမှုကိုလည်း ဖော်ကျူးတဲ့ ဒီလို လှည်းတန်းအပူးတော်ပုံကို ဘယ်လို ထောက်ခံသင့်ကြောင်း အနော်တို့ မသိတဲ့ ကမ္ဘာ့သမိုင်းနဲ့ချီပြီးတော့ ပွဲစီစဉ်သူတွေကိုပဲ ဒီနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကြီး ပေးဝယ်တော့မတတ် ရွှန်းရွှန်းဝေအောင် အမွှန်းတင်တာကလား။
.
. . . လက်မခံတဲ့ဘက်ကလည်း ဒီပွဲဟာ ဘာစပွန်ဆာ ညာစပွန်ဆာနဲ့ ဘယ်လူမျိုး ဘယ်ဘာသာတွေက အမျိုးကောင်းသားသမီးတွေကို ကျုံးသွင်းပြီး မြန်မာ့ယဉ်ကျေးမှုကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်ကြောင်း၊ အဲသည်ပွဲမှာ ခေါ်လာတဲ့ ဘယ်ကောင်မလေးဟာဖြင့် ကိုယ်လုံးတီးမော်ဒယ်လုပ်စားသူဖြစ်ကြောင်း၊ မုတ်ဆိတ်ရှည်နဲ့ သတ္တ၀ါတွေရဲ့ အကွက်ကျကျ စီစဉ်ဖန်တီးတဲ့ ရွံရှာစရာ ပွဲတစ်ပွဲဖြစ်ကြောင်း စသည်ဖြင့် မထိတစ်ထိ တစ်မျိုး ပိုးစိုးပက်စက်တစ်မျိုး ဝေဖန်ရှုံ့ချကြတာပေါ့
.
. . . အမှန်က အဲသည်အထဲမှာ ဘာမှဝင်မပြောဘဲ ကြည့်နေတဲ့ တတိယအုပ်စုက ရှိနေသေးတာဗျ။ သူတို့ကတော့ ကောင်းတယ်မကောင်းဘူး ပြောနေကြမှာ မဟုတ်ဘူးရယ်။ အရွယ်ကြီးအရွယ်ငယ်အရွယ်လတ် ကျားသတ္တ၀ါအစုံက အစာရှိရင်တော့ စားကြမှာပဲဗျ။ အဲ မ ဆိုတဲ့ သတ္တ၀ါတွေရော။ (မိန်းမတွေကို သတ္တ၀ါလို့ပြောတော့ မဟာမိန်းမကြီးတွေက နှုတ်သီးကောင်းလျှာပါးနဲ့ ခေါင်းတစ်ခါခါ လည်တစ်ခါခါ မီဒီယာမှာ ရန်တွေ့သလို ရန်တွေ့တာခံရမှာတော့လည်း အကြောက်သားရယ်)။
.
. . . ခင်ဗျား စဉ်းစားကြည့် သားနဲ့အမိ မောင်နဲ့နှမ လူလယ်ခေါင်မှာ မပြောနဲ့ ကိုယ့်အိမ်ကိုယ့်ရာ ကိုယ့်မိသားစုထဲမှာတောင် လူလားမြောက်လာကြပြီဆို ဒီလို ဓလေ့ ရှားတောင့်ရှားခဲရှိလှတဲ့ လူ့အဖွဲ့အစည်း တစ်ခုမှာ ဒီလိုအပြုအမူမျိုးကို ကိုယ်မသိတဲ့ လူတွေ ဆန့်ကျင်ဘက် လိင်တွေနဲ့ လူရှေ့သူရှေ့ လုပ်ဖို့ဆိုတာ တော်ရုံ သောက်ရှက်ကင်းရုံနဲ့ မဖြစ်ဘူးရယ်။ သမီးရည်းစားချင်း အများပြည်သူမြင်ကွင်းမှာ ပလူးပလဲ လုပ်ရင်တောင် နှာခေါင်းရှုံ့ကြတဲ့ ခေတ်ကြီးမှာ ဒီအပြုအမူကို လက်ခံအပ် မခံအပ် ကိုယ်တိုင်သာ စဉ်းစားကြည့်ပါတော့ဗျာ။ အဲသည်ပွဲမှာ စာတမ်းကြီးချိတ်ပြီး ၀မ်းသာအားရ ၀င်ရောက်ဆင်နွှဲနေတဲ့ ဗိုင်းတာမလေးတွေဆိုတာလည်း ပိုက်ဆံရလို့ လာလုပ်စားကြတဲ့ ကြေးစားလေးတွေ ဖြစ်ရင်ဖြစ် မဖြစ်ရင် အထိအတွေ့ကို ခုံမင်သာယာတတ်တဲ့ နေရာမှာ တင်းတိမ်ရောင့်ရဲခြင်းမရှိလောက်အောင် သောက်ရှက်မရှိလို့သာ ဒီလိုနေရာရောက်နေတာနေမှာပါ။ အမှန်က အဲသလောက်တောင် သောက်ရှက်မရှိနိုင်အားဘဲ အထိအတွေ့ကို ခုံမင်မက်မောနေရင် ဒီလောက်နဲ့တင် မတင်းတိမ်သင့်ပဲ ဟိုအတန်းမှာ သွားလုပ်စားသင့်တာ။
.
. . . ကဲ ကဲ ဘာမှ ဝေ့လည်လည် လုပ်မနေနဲ့ ဒီအပူးတော်ပုံကို မင်း ထောက်ခံသလား မထောက်ခံဘူးလား တစ်ခွန်းပဲပြော ဆိုလို့ကတော့ ထောက်ခံပါတယ် ထောက်ခံပါတယ်ခင်ဗျ။ ပိုးစိုးပက်စက်ကို ထောက်ခံပါတယ်။ အူလှိုက်သည်းလှိုက်ကို စိတ်ပါလက်ပါ ထောက်ခံပါတယ်။ ဘုရားသိကြား ကျိန်တွယ်ပြီးတော့ကို ထောက်ခံပါတယ်ခင်ဗျလို့ ပြောရမှာပါပဲ၊ ဒီလိုဆိုတော့ မောင်ကောင်း ဏှာဘူးထတယ် ထင်ကြအုံးမယ်။ အမှန်က တဏှာရူးကြွပြီး နှာဘူးထတာ မဟုတ်ရပါဘူးခင်ဗျ။ ဒီမိုကလေဆီခေတ်ကြီးမှာ မြန်မာ့ ဒီမိုကလေဆီ မယ်တော်ကြီး ပရိသတ်ဗိုလ်ပုံအလယ် ယိုသူမရှက် မြင်သူရှက်အောင် ကိုယ့်အသက်အရွယ်မှကိုယ်အားမနာ ပါးချင်းအပ် ရင်ချင်းထပ်ခဲ့ကြတဲ့ ကမ္ဘာကျော် နိုင်ငံရေးသမားအဖိုအမစုံတွဲတစ်ခု ပူးနေတဲ့ပုံကို မြင်ဖူးကတည်းက စွန့်ဦးတီထွင် အပူးရှင်များကို ထောက်ခံခဲ့တာမို့ အခု လှည်းတန်းအပူးတော်ပုံကိုမှ မထောက်ခံရင် မောင်ကောင်းတစ်ယောက် ဒီမိုကလေစီ ဘက်တော်သားတွေရဲ့ကြားမှာ တစ်စစီလိုက်ကောက်လို့ရရင်တောင် ကံကောင်းဆိုတဲ့အဖြစ်မျိုး ရင်ဆိုင်ရမှာပေါ့ဗျာ။ ဒီမိုကလေစီသမားတွေ ကောင်းစားတဲ့ခေတ်ဆိုတော့ မောင်ကောင်းလည်း လှည်းတန်းအပူးတော်ပုံကို ထောက်ခံရုံမှတစ်ပါး . . .
.
အပူးဓေါ်ဘုံ သြောင်ယမြီ
အပူးဓေါ်ဘုံ သြောင်ယမြီ
အပူးဓေါ်ဘုံ သြောင်ယမြီ
.
မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် ကဆုန်လဆန်း ၃ ရက် တနင်္လာနေ့

Monday 5 September 2016

ပစ္စည်းသိမ်း


. . . ပစ္စည်းက တစ်ခါသိမ်းရပြန်ပါပြီ။ လွန်ခဲ့တဲ့ ဇူလိုင်လဆန်းကပဲ နေပြည်တော်မှာ အခြေချတော့မယ်ရယ်လို့ ရန်ကုန်က ပစ္စည်းတွေ သိမ်းဆည်းယူလာပြီး နှစ်လလောက်ရှိသေး ခုတစ်ခါ ပစ္စည်းက တစ်ခါသိမ်းရပြန်ပါပြီ။ သူများမိသားစုတွေ တည်တည်ငြိမ်ငြိမ်နဲ့ နေကြတာကို အားလည်းကျမိတယ်ဆိုပေတဲ့ ကိုယ့်ဘ၀ရွေးချယ်မှုနဲ့ကိုယ်ဆိုတော့လည်း ကိုယ့်ရွေးချယ်တဲ့ လမ်းကြောင်းပေါ်က ကြုံလာသမျှကိုလည်း အပြုံးမပျက် ရင်ဆိုင်ရုံပဲပေါ့။ ဒါပေမယ့် ဒီတစ်ခေါက် သိမ်းရတာက ရန်ကုန်မှာ သိမ်းရသလောက်တော့ မပင်ပန်း။ နေပြည်တော်အိမ်ကို အတည်တကျရယ်လို့ သတ်မှတ်ထားတော့ အတည်တကျ ပစ္စည်းတွေက ဒီအိမ်မှာပဲ ကျန်ရစ်မည်။ အသုံးလိုပစ္စည်းတွေ ရန်ကုန်ကို ပြန်သယ်ဆိုသော်လည်း အ၀တ်အစား နဲ့ စာအုပ်စာတမ်း အချို့လောက်သာ သယ်ရမည်။ ဒါပေသိ ပန်းပွင့်လေးရဲ့ အရုပ်အိတ်နဲ့ စာအုပ်သေတ္တာကိုတော့ သေချာပါအောင် သယ်ပေးရအုံးမည်။ အတန်းကျောင်းပညာရေး အခုမှ စတယ်ဆိုသော်လည်း ကိုယ်တွေ ဆယ်တန်းလောက်ကထက် စာအုပ်များသော ပန်းပွင့်လေး။ စာအုပ်တွေကို ချစ်တတ်သော ပန်းပွင့်လေး။ အိပ်ခါနီးမှာ ကြိုက်တဲ့စာတစ်အုပ် ဆွဲယူလာပြီး စာဖတ်ပြခိုင်းတတ်သော ပန်းပွင့်လေး။ ဖေဖေ အနားမှာ မရှိရင် စာဖတ်ပြခိုင်းစရာ တစ်ယောက် လျော့ပြီပေါ့ . . .
.
. . . အပြင်က ပစ္စည်းတွေ သိမ်းပြီးတော့ ရင်ထဲက ပစ္စည်းကိုလည်း သိမ်းရအုံးမည်။ ပန်းပွင့်လေးကို လွမ်းမယ့်အလွမ်းတွေကိုလည်း သိမ်းရအုံးမည်။ ခုနလေးတင်ကမှ ရန်ကုန်ရောက်နေသော ပန်းပွင့်လေးကို ဖုန်းဆက်ပြီး မေးကြည့်တာ။ ပန်းပွင့်လေး ရန်ကုန်နဲ့ နေပြည်တော် ဘယ်မှာ ပိုပျော်သလဲဆိုတော့ နေပြည်တော်မှာ ပျော်ပါသတဲ့။ ဘာလို့လဲဆိုတော့ နေပြည်တော်မှာ ဖေဖေနဲ့ မေမေ ရှိလို့ပါတဲ့။ နောက်ထပ် သုံးနှစ်လောက် ဖေဖေနဲ့ ခွဲနေရအုံးမယ့် ပန်းပွင့်လေးလည်း ဘယ်လို အတိတ်ကံကြောင့်ပါလိမ့်လို့ တွေးမိသည်။ ပန်းပွင့်လေး မွေးကတည်းက ဖအေနှင့် သိပ်နေခွင့်မကြုံ၊ ဒါတောင် တကူးတကန့် နေခွင့်ရအောင်ဖန်တီးပြီး နေလို့ အချိန်နည်းနည်း နေခွင့်ရခဲ့တာ . . .
.
. . . အခုလည်း ပန်းပွင့်လေးနဲ့ အတူတူ နေတော့မယ်ဆိုပြီး အိမ်ကို လှလှပပ ပြင် ပန်းပွင့်လေးကို အခန်းလေးတစ်ခု လှလှလေး လုပ်ပေးမယ်လို့ စိတ်ကူးယဉ် ပြင်ဆင်နေရာကနေ တစ်ဝက်တစ်ပျက်နဲ့ ရပ်ပြီး ပန်းပွင့်လေးကို ထား တစ်ခါ ထွက်သွားရအုံးမယ်။ နေရစ်ခဲ့ပေအုံးတော့ ပန်းပွင့်လေးရေ။ ကံမကုန်ရင်တော့ တို့သားအဖ အတူတူ နေရအုံးမှာပေါ့။ ဖေဖေလည်း ပစ္စည်းဆက်သိမ်းလိုက်အုံးမယ်။ နောင်သုံးနှစ်တာအတွက်ကတော့ ပန်းပွင့်လေးကို အဝေးကနေပြီးတော့ပဲ ပုံပြင်တွေ ဖတ်ပြခွင့်ရတော့မယ်။ ဖေဖေ ဒီတစ်ခါ ပြန်လာရင်တော့ ပန်းပွင့်လေးနားက မခွာတော့ပါဘူး။ ပန်းပွင့်လေး တက္ကသိုလ် မတက်ချင် အချိန်အထိ အတူတူနေနိုင်အောင် ကြိုးစားပါ့မယ် . . .
.
. . . ပန်းပွင့်လေးလည်း ပစ္စည်းသိမ်းတော့ကွယ်

Saturday 3 September 2016

သေတ္တာလှပ်


ဒီသေတ္တာကို မဖွင့်ဖြစ်တာ ဘယ်နှစ်နှစ်တောင် ရှိနေပြီပါလိမ့်။ ဒီသေတ္တာထဲမှာ ရှိတာတွေထဲက ဘယ်နှစ်ခုက အမှိုက်ဖြစ်သွားပြီလဲ။ ပစ္စည်းလေးတွေကို တယုတယ ကိုင်ကြည့်လိုက် ပြန်ချလိုက်နဲ့ နှစ်ပေါင်းများစွာကြာတာတောင် အမှိုက်မဖြစ်သေးတဲ့ ပစ္စည်းလေးတွေ

ဆေးစာရွက်လေးတစ်ရွက်၊ အိမ်မှာ ပိုက်ဆံမရှိပဲနဲ့ ကျွန်တော့်ကို ဆေးမကုပါတော့နဲ့ဆိုပြီး ဆေးသောက်ဖို့ ငြင်းဆန်ရင်း ဘ၀ကို အရှုံးပေးသွားတဲ့ ညီလေး။ ဆေးကို လိပ်ပတ်လည်အောင်သောက်မှ အသက်ရှင်မယ်ဆိုတာ သိသိကြီးနဲ့ ဆေးတိုက်တဲ့အခါ သွားကြီးစေ့ထားပြီး ငြင်းဆန်တဲ့ ညီလေး။ ညီညီ့ကို ကုဖို့ အစ်ကိုကြီးတို့မှာ ပိုက်ဆံတွေ ရှိပါတယ်ကွာဆိုပြီး ပိုက်ဆံတွေကို အထပ်လိုက်ပြပြီး ဆေးသောက်ဖို့ အစ်ကိုကြီးနဲ့ အစ်မတွေက ငိုယိုတောင်းပန်တာတောင်မှ ကျွန်တော်ဆေးဆက်သောက်နေရင် ဒီပိုက်ဆံတွေ ကုန်သွားမှာပေါ့ဆိုပြီး သေမယ့်လမ်းကို ရွေးခဲ့တဲ့ ညီလေး။ ငွေမရှိတဲ့ ရောဂါနဲ့ သေသွားခဲ့တဲ့ ညီလေးရဲ့ ဆေးစာရွက်။ သေသွားတာ ခြောက်နှစ်ရှိပြီပေမယ့် ညီလေးရဲ့ ဆေးစာရွက်လေးကတော့ အခုထိ အမှိုက်အဖြစ် မပစ်ရက်နိုင်သေးဘူး။

သစ်ရွက်ထုပ်လေး။ ဒါက လက်ပံရွက်တွေ။ ကျွန်တော် သိပ်သဘောကျတဲ့ အိမ်ဝိုင်းအနောက်ဘက် ချောက်ကြီးထဲက လက်ပံပင်ကြီးကို ခုတ်ပစ်လိုက်ကြတော့ လက်ပံရွက်တွေကို သွားကောက်ပြီးသိမ်းထားခဲ့တာ။ လက်ပံပင်ကြီး အခုတ်ခံရတာ ကျွန်တော်ဆယ်တန်းနှစ် ၁၉၉၆ မြန်မာ့ခရီးသွားနှစ်ကဆိုတော့ ခုဆို နှစ်ပေါင်းနှစ်ဆယ်တောင် ကြာခဲ့ပြီ။ အခွင့်ကြုံလို့ အဲသည်လက်ပံပင်ကြီးရှိတဲ့နေရာက ဖြတ်သွားမိတိုင်း လက်ပံပင်ကြီးကို ရော်ရမ်းပြီး မော့ကြည့်နေမိဆဲ။ ကျွန်တော့်စိတ်ထဲမှာတော့ ဒီလက်ပံပင်ကြီး ရှိနေတုန်းပဲ။ နွေဦးပေါက်ရင် ဆက်ရက်သံတညံညံ အပွင့်တွေ တဝေေ၀နဲ့ လှပနေဆဲ

မဟော်ဂနီနဲ့ ကန့်ကော်ရွက်လေးတွေ။ သူတို့ သက်တမ်းက အတူတူ။ ရန်ကုန်တက္ကသိုလ် တောင်ငူဆောင်ရှေ့က ဦးချစ်ဆိုင် မဟော်ဂနီပင်က ကြွေတဲ့ မဟော်ဂနီရွက်ခြောက်တွေနဲ့ ကန့်ကော်ရွက်ခြောက်တွေ။ ဒါတွေက ၂၀၀၅ ခုနှစ်လောက်က ဆိုတော့ ဆယ်နှစ်ကျော်သွားပြီပဲ။ ဘယ်အပင်နဲ့မှ မတူဘဲ နွေဦးပေါက်လို့ သစ်ရွက်တွေကြွေချိန်ရောက်ရင် လေတစ်ခါဝေ့လိုက်တိုင်း မိုးကြီးသည်းသည်းရွာသလို ရက်ရက်ရောရော အရွက်တွေ ချွေချတတ်တဲ့ မဟော်ဂနီပင်ကြီး အခုရော ရှိသေးလားမသိ

ပို့စကတ်တွေ။ မွေးနေ့တိုင်းမှာ အစ်မသုံးယောက်က အတူတူ ဆုတောင်းပေးတဲ့ ကတ်ပြား၊ မိုင်ပေါင်း ထောင်ချီဝေးတဲ့အရပ်ကနေ တကူးတက နှစ်သစ်ကူးဆုတောင်းပို့ပေးတဲ့ သူငယ်ချင်းရဲ့ ကတ်ပြား၊ တီချယ်ဝင်းအတန်းမှာ ကိုယ်တိုင် လက်နဲ့ လုပ်ပြီး အချင်းချင်း လဲလှယ်ရင်းရတဲ့ ကတ်ပြား၊ ကျွန်တော့်ကို သိပ်ချစ်တဲ့ မမတစ်ယောက်ရဲ့ ကတ်ပြား၊ သူငယ်ချင်းတွေက အမှတ်တရ ပို့ကြတဲ့ ကတ်ပြားလေးတွေ

စာအိတ်တွေ စာတွေ။ မန္တလေးတကက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ အစ်မဖြစ်သူရဲ့ သူငယ်ချင်းကို မမြင်ဖူးဘဲ ကြွေနေမိပြီး စာတွေအပေးအယူ လုပ်ထားတဲ့ စာတွေ၊ ချယ်ရီပန်းခြောက်လေးတွေ ပို့ပေးလို့ စာပြန်တဲ့ ရွာက ငယ်သူငယ်ချင်းရဲ့စာ၊ အိမ်ရဲ့အဝေးမှာရောက်နေတုန်း အမေက အားပေးစကားတွေ ရေးထားတဲ့စာ၊ လူကုံတန်မိသားစုဝင် ကောင်မလေးတစ်ယောက်နဲ့ ပတ်သက်မိလို့ အစ်မတွေက စိုးရိမ်တကြီးဝိုင်းရေးကြတဲ့စာ၊ အဖေ့စာ အဖေက ကျွန်တော့်ဆီ တစ်ခါမှ စာမရေးဖူး၊ အင်းလေ ကျွန်တော် ဆယ်တန်းအောင်လို့ အိမ်က ထွက်သွားပြီး နောက်တစ်နှစ်မှာ အဖေမှ မရှိတော့ပဲ။ အဖေရှိတုန်းကလည်း ကျွန်တော့်ဆီ စာမရေးဖူးပါဘူးလေ။ သားကို ဆုံးမစရာ မလိုဘူးဆိုပြီး လျစ်လျှူရှုထားတတ်တဲ့အဖေ၊ လေးတန်းတုန်းက ကျွန်တော် နေမကောင်းလို့ ကျောင်းပျက်တော့ အတန်းပိုင်ဆရာမှတစ်ဆင့် ကျောင်းအုပ်ကြီးထံသို့ ဆိုပြီး ခွင့်တိုင်ပေးတဲ့ အဖေ့လက်မှတ်နဲ့ စာလေး။ ဒီစာလေးက ဘယ့်နှယ်လုပ် ကျွန်တော့်ဆီ သိမ်းထားမိပါလိမ့်။ ခွင့်စာရေးပြီးမှ မတိုင်ဖြစ်လိုက်တာလား ဘာလား သိပ်တော့မသေချာ။ ဒါပေမယ့် အဖေ့ရဲ့ ကျွန်တော်နဲ့ ပတ်သက်ပြီး ရေးထားတဲ့ တစ်စောင်တည်းသော စာ။ ကျွန်တော် လေးတန်းတုန်းကဆိုတော့ ဒီစာရဲ့ သက်တမ်းက ဆယ်စုနှစ် သုံးခုတောင် ပြည့်တော့မှာပါလား။ စာရွက်ခေါက်လေးက ၀ါကျင်နေပြီဆိုပေမယ့် အခုထိ အမှိုက်မဖြစ်သေးတဲ့ စာလေး။ စာလေးကို ကိုင်မိဖတ်မိတိုင်း အဖေအနားမှာ ဂရုစိုက်ပေးနေသလိုမျိုး နွေးထွေးမှုပေးနိုင်စွမ်းတဲ့ တန်ခိုးကြီးတဲ့ စာရွက်ဝါကျင်ကျင်လေး၊

နောက်ပြီးတော့ ကျွန်တော် မပေးဖြစ်ခဲ့တဲ့ မေတ္တာသ၀ဏ်လွှာလေးတွေ၊ မရှိမဲ့ရှိမဲ့ မုန့်ဖိုးလေးတွေ အိမ်မှာသီးတဲ့ မာလကာသီး ဇီးသီးရောင်းလို့ မုန့်ဖိုးရတဲ့အထဲက လိုချင်လွန်းလို့ မနည်းဖြစ်ညှစ်ပြီး ၀ယ်ထားတဲ့ ပန်းပွင့်လေးတွေ အသည်းပုံလေးတွေပါတဲ့ စာရွက်လေးတွေမှာ အကြမ်းသုံးလေးခါလောက်ရေးပြီးမှ အချောရေးကူးထားတဲ့ မေတ္တာသ၀ဏ်လွှာလေးတွေ။ အော် ဒီစာလေးတွေ ကျွန်တော့်ဆီမှာ ရှိနေမှတော့ ရည်စူးထားတဲ့သူကို မပေးဖြစ်ခဲ့ဘူးပေါ့။ ပေးဖြစ်ခဲ့တဲ့စာတွေလည်း ရှိတန်သရွေ့တော့ ရှိခဲ့မှာပါ။ သူတို့လေးတွေရော ဘယ်ဆိုကိုရောက်နေကြပါလိမ့်။ အခုချိန်ဆို သားတွဲလောင်း သမီးတွဲလောင်းဖြစ်နေကြရောပေါ့။

ကဗျာစာအုပ်လေး။ ဆယ်တန်းစိတ်ကြိုက်မြန်မာစာထဲက ကဗျာဖွဲ့နည်းတွေကို ဖတ်ပြီး ရေးထားတဲ့ ကဗျာလေးတွေ။ ကာရန်တွေ သိပ်မလှပေမယ့်လည်း ကိုယ့်ကိုယ်ပိုင်ကဗျာလေးတွေမို့ အခုထိတော့ မြတ်နိုးတန်ဖိုးထားတုန်း။ ဒီကဗျာလေးတွေ ရေးဖြစ်ဖို့ ရှေးကဗျာတွေ အများကြီး ဖတ်ဖြစ်ခဲ့တာ ကဗျာတော်တော်များများကို နှလုံးသားထဲမှာ စွဲနေအောင် အလွတ်ရတဲ့အထိ မြတ်နိုးတန်ဖိုးထားခဲ့ရတာတွေရဲ့ ဘေးထွက်ရလဒ်တစ်ခုဖြစ်တဲ့ ကဗျာလေးတွေ။ ကျွန်တော့်ကဗျာလေးတွေကို ပန်းပွင့်လေးတွေ အသည်းပုံလေးတွေပါတဲ့ ရောင်စုံစက္ကူပေါ်မှာ ကျွန်တော့်လက်ရေးနဲ့ ရေးထားတဲ့ ကိုယ်ပိုင်ကဗျာလေးတွေက ဖတ်ခွင့်ကြုံခဲ့သူ ဘယ်နှစ်ယောက်လောက် ရှိပါလိမ့်။ တစ်ယောက်... နှစ်ယောက် . . . သုံးယောက် . . . လေးယောက် . . . အင်း ရေသာ ရေနေရတာ သူတို့က ဖတ်တောင် ဖတ်ဖြစ်ကြပါ့မလား။

ညီငယ်လေးရဲ့ ကဗျာစာရွက်လေးတွေ။ ညီတစ်ယောက် မရှိတော့တဲ့ နောက်ပိုင်း အဖေလည်း မရှိတော့တဲ့နောက်ပိုင်း ကျန်ခဲ့တဲ့ ညီငယ်လေးကို အချစ်သည်းခဲ့တယ်။ ညီလေးလိုချစ်တယ်။ သားလေးလိုချစ်တယ်။ ညီလေးလိုချင်တာတွေကို အကုန်မဖြည့်ဆည်းပေးနိုင်ခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးနိုင်ဖို့ ညီလေးကို အစစ အရာရာ နားလည်နိုင်အောင် ကြိုးစားပြီး ချစ်ခဲ့တယ်။ စာအုပ်ပုံတွေရှင်းရင်း ထွက်လာတတ်တဲ့ ညီငယ်လေးရဲ့ ကဗျာရေးထားတဲ့ စာရွက်အပိုင်းအစလေးတွေ၊ ပြီးတော့ လက်ချောင်းလေးနဲ့ ဆွဲတဲ့ပန်းချီတဲ့။ အစ်ကိုကြီး ဒါဘာပုံလဲ သိလားလို့ ပြတုန်းက ကိုယ်မြင်တာတော့ လက်ငါးချောင်းနဲ့ ဆေးရောင်စုံကို စာရွက်ပေါ် အတိုင်းသားဆွဲချထားတာပဲ။ သေချာကြည့်လေ အစ်ကိုကြီးတဲ့ ကောင်မလေးတွေကို နောက်ကနေမြင်ရတဲ့ ပုံတဲ့၊ သူပြောတာလည်းဟုတ်သလိုလို။ ဘာပဲပြောပြော အဲသည်စာရွက်လေးတွေကို ညီငယ်လေးကဖြင့် အခုနေမြင်ရင်တောင် သတိရတော့မှာမဟုတ်။ ကျွန်တော့်အတွက်တော့ ညီငယ်လေးကို ချစ်ဖို့အတွက် နားလည်မှုပေါင်းကူးတစ်ခု

တီချယ်ဝင်းရဲ့ ခရစ္စမတ်လက်ဆောင်လေးတွေ။ တီချယ်ဝင်းက ကျွန်တော်တို့ကို သားတွေလို ဂရုစိုက်ပြီး ကျွန်တော်တို့ကလည်း အမေလိုချစ်တယ်။ ခရစ္စမတ်များရောက်ပြီလားဆိုရင် တီတီထွင်ထွင်လုပ်ပြီးပေးတဲ့ ကတ်ပြားလေးတွေ ပစ္စည်းအတိုအစလေးတွေကို ကျွန်တော်က အင်မတန် မြတ်နိုးတယ်။ နှစ်ပေါင်းများစွာတိုင်တဲ့အထိကို သေသေချာချာ သိမ်းထားပြီး ထုတ်ကြည့်မိတဲ့အခါတိုင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားဘ၀ကို ပြန်ရောက်သွားသလို ခံစားရမိစေတဲ့ တီချယ်ဝင်းရဲ့ လက်ဆောင်လေးတွေ၊ အော် တီချယ်ဝင်းနဲ့ အပြင်မှာ မတွေ့ဖြစ်တာတောင် ကြာပါပေါ့

စာစီစာကုံးစာအုပ်။ ကိုးတန်းဆယ်တန်းတုန်းက ကိုယ့်ဘာသာရေးပြီး ကိုယ့်ဘာသာ သိမ်းထားတဲ့ စာစီစာကုံး စာအုပ်လေး။ ကျွန်တော်အိမ်က ထွက်သွားတော့ အမေက အဲသည်စာအုပ်လေးကို သိမ်းပေးထားတယ်။ တစ်ခါတစ်ခါ အဲသည်စာအုပ်ထဲမှာ ရေးထားတဲ့အကြောင်းအရာလေးတွေ အမေပြောပြတယ်ဆိုတာ ပြန်ကြားရတယ်။ ဘိလပ်မြေအိတ်ခွံစက္ကူအ၀ါရောင်နဲ့ ဖုံးထားတဲ့ စာအုပ်လေး။ ရေးထားတာ လေးငါးပုဒ်ပဲရှိတယ်ဆိုပေမယ့် ကျွန်တော့်ရဲ့ ငယ်ဘ၀ စကားပြေ အရေးအသားလေး။

ကျွန်တော့် အချစ်ဆုံး သူငယ်ချင်းတစ်ချို့ရဲ့ မှတ်စုစာအုပ်လေးတွေ။ ဒီစာအုပ်လေးတွေကို မှတ်စုစာအုပ်အဖြစ် ရခဲ့တာမဟုတ်။ သူတို့တွေ ပစ်ဖို့ လုပ်နေတဲ့အချိန်မှာ တောင်းယူပြီးသိမ်းထားမိတဲ့ စာအုပ်လေးတွေ။ ဒီစာအုပ်လေးတွေထဲမှာ ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့ ချစ်ခြင်းမေတ္တာအကြောင်းတွေ ရေးမထားပေမယ့် စာအုပ်ကလေးကို ဖွင့်ကြည့်လိုက်ရင် အချစ်ဆုံးသူငယ်ချင်းတွေနဲ့ တစ်ခန်းတည်းရောက်နေသလို ခံစားရမိစေတဲ့ စာအုပ်လေးတွေ၊ နှစ်ပေါင်းများစွာ အဆက်အစပ်မရှိတော့ပေမယ့် ခုထိ နှလုံးသားကို နွေးထွေးစေတဲ့ ချစ်ခြင်းမေတ္တာတွေ ဝေ့သီနေဆဲ သူငယ်ချင်းရဲ့ လက်ရေးလေးတွေ

အစ်ကိုကြီးတစ်ယောက်ရဲ့ ဆုံးမစာ စာအုပ်။ ဆုံးမစာဆိုတာ ကျွန်တော်တို့ သင်ရလေ့ရှိတဲ့ ဆုံးမစာမျိုးမဟုတ်။ ဆယ်တန်းဖြေပြီးချိန် သူငယ်ချင်းတွေနဲ့ ခွဲရတော့မယ်ဆိုတော့ သိပ်ပြီး ကြေကွဲခံစားနေတဲ့ ကျွန်တော့်ကို လူငယ်တစ်ယောက် လုပ်သင့်လုပ်ထိုက်တာ ဘယ်လို လုပ်ရတယ်။ အလွမ်းကို ဘာနဲ့ဖြေရတယ်။ စသည်ဖြင့် ရှည်ရှည်ဝေးဝေး ဥပမာ ဥပမေယျတွေနဲ့ ရေးထားတဲ့ စာအုပ်။ ကျွန်တော့်ဘ၀မှာ စိတ်ရှည်လက်ရှည်ဆုံးမတတ်တဲ့ အစ်ကိုကြီးရဲ့ ဆုံးမစကားတွေကို တစ်ကြိမ်တည်းသာ ရဖူးတဲ့ဆုံးမစာ စာအုပ်။ ကျွန်တော့်သူငယ်ချင်းရဲ့ အစ်ကိုကြီးကတော့ အခု ကျွန်တော့်သူငယ်ချင်း အစ်မတစ်ယောက်နဲ့ပဲ အိမ်ထောင်ကျလို့ သားတွေသမီးတွေနဲ့။ ကျွန်တော့်ကို ဆုံးမခဲ့သလိုသာ သူ့သားသမီးတွေကို ဆုံးမဖြစ်ရင် သူ့သားသမီးတွေလည်း လူကောင်းလူတော်လေးတွေ ဖြစ်ကြမှာပါ။

ပန်းကတ်လေး။ အဖေ့အတွက် လက်ဆောင်လုပ်ထားတဲ့ ပန်းကတ်လေး။ အဖေသေပြီဆိုလို့ အဖေ့ကို မြှပ်ထားတဲ့ အုတ်ဂူကိုသွားပြီး ပေးမလို့ စိတ်ကူးနဲ့ လုပ်ထားတဲ့ ပန်းကတ်လေး။ ခရမ်းပြာရောင် ပန်းခြောက်လေးကို စာရွက်ကြားမှာ အခြောက်ခံပြီး စက္ကူပေါ်မှာ တိပ်လေးနဲ့ သပ်သပ်ရပ်ရပ်ကပ်ထားတဲ့ ပန်းကတ်လေး။ နှစ်ပေါင်း အစိတ်လောက်ကြာတာတောင် ခရမ်းပြာရောင်လေးတွေ သန်းနေဆဲ ပန်းကတ်လေး။ အဖေ့အုတ်ဂူရှိရာကို သွားပေးမယ် စိတ်ကူးပြီး လုပ်ထားခဲ့ပေမယ့် အိမ်ရောက်တော့ စိတ်ထဲမှာ အဖေသေတာကို မယုံနိုင်ဘူး။ ကျွန်တော် အိမ်က ထွက်သွားတဲ့အချိန်မှာ အဖေက ခြံထဲမှာ သစ်ပင်တွေနဲ့ အလုပ်ရှုပ်နေခဲ့တာလေ။ အိမ်ရောက်တော့ အထုပ်အပိုးပစ်ချပြီး အဖေ့ကို ခြံထဲမှာ လှည့်ပတ်ရှာမိသေးတယ်။ အဖေသေလို့ သချိင်္ုင်းမှာသွားမြှပ်လိုက်ပြီဆိုတာလည်း ကျွန်တော့်အတွက်တော့ ယုံတမ်းစကားတစ်ခုလိုပဲ။ ကျွန်တော့်စိတ်ထဲမတော့ အဖေက မသေဘူး။ ဒါကြောင့်မို့ အဖေ့အုတ်ဂူကိုလည်း အဲသည်ပန်းလေး သွားမပေးဖြစ်တော့ဘူး။ ကိုယ့်ဘာသာ သိမ်းထားလိုက်တော့တာ အခုထိပဲ။ အဖေသာသိရင် တော်တော်စိတ်ကူးယဉ်တဲ့ကောင်လို့ ပြောမှာ သေချာတယ်။

ကဗျာတစ်ပုဒ် ဖတ်ဖူးတယ်။ ဘ၀ရဲ့ နေ၀င်ချိန်မှာ တစ်ယောက်တည်း အထီးကျန် ဖြစ်နေတဲ့အခါ ပါးရေနားရေတွေ တွန့်နေတဲ့ မျက်နှာပေါ် အပြုံးလေးတွေ ဖြတ်ပြေးသွားအောင် ဘ၀ရဲ့ အမှတ်တရတွေက စွမ်းဆောင်နိုင်ပါသတဲ့။ ကျွန်တော့်ရဲ့ သေတ္တာလေးကတော့ ကျွန်တော့်ဘ၀ရဲ့ အမှတ်တရ မော်ကွန်းတိုက်လေးပေါ့။ သိမ်းထားတဲ့ ပစ္စည်းတစ်ချို့က ကျွန်တော့်ကို ပြုံးစေပါလိမ့်မယ်။ တစ်ချို့ကတော့ ငိုစေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျန်တဲ့အချိန်တွေမှာလည်း အမှတ်တရလေးတွေကို တတ်နိုင်သလောက် စုဆောင်းရင်းနှီးမြှပ်နှံထားပါအုံးမယ်။ ကျွန်တော့် ဘ၀ရဲ့ နေ၀င်ချိန်မှာ တစ်ယောက်တည်း အထီးကျန်နေတဲ့အခါ သူတို့လေးတွေကို အဖော်ပြုရင်း ကျွန်တော်ပြုံးမယ် ငိုမယ်