Saturday, 3 September 2016

သေတ္တာလှပ်


ဒီသေတ္တာကို မဖွင့်ဖြစ်တာ ဘယ်နှစ်နှစ်တောင် ရှိနေပြီပါလိမ့်။ ဒီသေတ္တာထဲမှာ ရှိတာတွေထဲက ဘယ်နှစ်ခုက အမှိုက်ဖြစ်သွားပြီလဲ။ ပစ္စည်းလေးတွေကို တယုတယ ကိုင်ကြည့်လိုက် ပြန်ချလိုက်နဲ့ နှစ်ပေါင်းများစွာကြာတာတောင် အမှိုက်မဖြစ်သေးတဲ့ ပစ္စည်းလေးတွေ

ဆေးစာရွက်လေးတစ်ရွက်၊ အိမ်မှာ ပိုက်ဆံမရှိပဲနဲ့ ကျွန်တော့်ကို ဆေးမကုပါတော့နဲ့ဆိုပြီး ဆေးသောက်ဖို့ ငြင်းဆန်ရင်း ဘ၀ကို အရှုံးပေးသွားတဲ့ ညီလေး။ ဆေးကို လိပ်ပတ်လည်အောင်သောက်မှ အသက်ရှင်မယ်ဆိုတာ သိသိကြီးနဲ့ ဆေးတိုက်တဲ့အခါ သွားကြီးစေ့ထားပြီး ငြင်းဆန်တဲ့ ညီလေး။ ညီညီ့ကို ကုဖို့ အစ်ကိုကြီးတို့မှာ ပိုက်ဆံတွေ ရှိပါတယ်ကွာဆိုပြီး ပိုက်ဆံတွေကို အထပ်လိုက်ပြပြီး ဆေးသောက်ဖို့ အစ်ကိုကြီးနဲ့ အစ်မတွေက ငိုယိုတောင်းပန်တာတောင်မှ ကျွန်တော်ဆေးဆက်သောက်နေရင် ဒီပိုက်ဆံတွေ ကုန်သွားမှာပေါ့ဆိုပြီး သေမယ့်လမ်းကို ရွေးခဲ့တဲ့ ညီလေး။ ငွေမရှိတဲ့ ရောဂါနဲ့ သေသွားခဲ့တဲ့ ညီလေးရဲ့ ဆေးစာရွက်။ သေသွားတာ ခြောက်နှစ်ရှိပြီပေမယ့် ညီလေးရဲ့ ဆေးစာရွက်လေးကတော့ အခုထိ အမှိုက်အဖြစ် မပစ်ရက်နိုင်သေးဘူး။

သစ်ရွက်ထုပ်လေး။ ဒါက လက်ပံရွက်တွေ။ ကျွန်တော် သိပ်သဘောကျတဲ့ အိမ်ဝိုင်းအနောက်ဘက် ချောက်ကြီးထဲက လက်ပံပင်ကြီးကို ခုတ်ပစ်လိုက်ကြတော့ လက်ပံရွက်တွေကို သွားကောက်ပြီးသိမ်းထားခဲ့တာ။ လက်ပံပင်ကြီး အခုတ်ခံရတာ ကျွန်တော်ဆယ်တန်းနှစ် ၁၉၉၆ မြန်မာ့ခရီးသွားနှစ်ကဆိုတော့ ခုဆို နှစ်ပေါင်းနှစ်ဆယ်တောင် ကြာခဲ့ပြီ။ အခွင့်ကြုံလို့ အဲသည်လက်ပံပင်ကြီးရှိတဲ့နေရာက ဖြတ်သွားမိတိုင်း လက်ပံပင်ကြီးကို ရော်ရမ်းပြီး မော့ကြည့်နေမိဆဲ။ ကျွန်တော့်စိတ်ထဲမှာတော့ ဒီလက်ပံပင်ကြီး ရှိနေတုန်းပဲ။ နွေဦးပေါက်ရင် ဆက်ရက်သံတညံညံ အပွင့်တွေ တဝေေ၀နဲ့ လှပနေဆဲ

မဟော်ဂနီနဲ့ ကန့်ကော်ရွက်လေးတွေ။ သူတို့ သက်တမ်းက အတူတူ။ ရန်ကုန်တက္ကသိုလ် တောင်ငူဆောင်ရှေ့က ဦးချစ်ဆိုင် မဟော်ဂနီပင်က ကြွေတဲ့ မဟော်ဂနီရွက်ခြောက်တွေနဲ့ ကန့်ကော်ရွက်ခြောက်တွေ။ ဒါတွေက ၂၀၀၅ ခုနှစ်လောက်က ဆိုတော့ ဆယ်နှစ်ကျော်သွားပြီပဲ။ ဘယ်အပင်နဲ့မှ မတူဘဲ နွေဦးပေါက်လို့ သစ်ရွက်တွေကြွေချိန်ရောက်ရင် လေတစ်ခါဝေ့လိုက်တိုင်း မိုးကြီးသည်းသည်းရွာသလို ရက်ရက်ရောရော အရွက်တွေ ချွေချတတ်တဲ့ မဟော်ဂနီပင်ကြီး အခုရော ရှိသေးလားမသိ

ပို့စကတ်တွေ။ မွေးနေ့တိုင်းမှာ အစ်မသုံးယောက်က အတူတူ ဆုတောင်းပေးတဲ့ ကတ်ပြား၊ မိုင်ပေါင်း ထောင်ချီဝေးတဲ့အရပ်ကနေ တကူးတက နှစ်သစ်ကူးဆုတောင်းပို့ပေးတဲ့ သူငယ်ချင်းရဲ့ ကတ်ပြား၊ တီချယ်ဝင်းအတန်းမှာ ကိုယ်တိုင် လက်နဲ့ လုပ်ပြီး အချင်းချင်း လဲလှယ်ရင်းရတဲ့ ကတ်ပြား၊ ကျွန်တော့်ကို သိပ်ချစ်တဲ့ မမတစ်ယောက်ရဲ့ ကတ်ပြား၊ သူငယ်ချင်းတွေက အမှတ်တရ ပို့ကြတဲ့ ကတ်ပြားလေးတွေ

စာအိတ်တွေ စာတွေ။ မန္တလေးတကက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ အစ်မဖြစ်သူရဲ့ သူငယ်ချင်းကို မမြင်ဖူးဘဲ ကြွေနေမိပြီး စာတွေအပေးအယူ လုပ်ထားတဲ့ စာတွေ၊ ချယ်ရီပန်းခြောက်လေးတွေ ပို့ပေးလို့ စာပြန်တဲ့ ရွာက ငယ်သူငယ်ချင်းရဲ့စာ၊ အိမ်ရဲ့အဝေးမှာရောက်နေတုန်း အမေက အားပေးစကားတွေ ရေးထားတဲ့စာ၊ လူကုံတန်မိသားစုဝင် ကောင်မလေးတစ်ယောက်နဲ့ ပတ်သက်မိလို့ အစ်မတွေက စိုးရိမ်တကြီးဝိုင်းရေးကြတဲ့စာ၊ အဖေ့စာ အဖေက ကျွန်တော့်ဆီ တစ်ခါမှ စာမရေးဖူး၊ အင်းလေ ကျွန်တော် ဆယ်တန်းအောင်လို့ အိမ်က ထွက်သွားပြီး နောက်တစ်နှစ်မှာ အဖေမှ မရှိတော့ပဲ။ အဖေရှိတုန်းကလည်း ကျွန်တော့်ဆီ စာမရေးဖူးပါဘူးလေ။ သားကို ဆုံးမစရာ မလိုဘူးဆိုပြီး လျစ်လျှူရှုထားတတ်တဲ့အဖေ၊ လေးတန်းတုန်းက ကျွန်တော် နေမကောင်းလို့ ကျောင်းပျက်တော့ အတန်းပိုင်ဆရာမှတစ်ဆင့် ကျောင်းအုပ်ကြီးထံသို့ ဆိုပြီး ခွင့်တိုင်ပေးတဲ့ အဖေ့လက်မှတ်နဲ့ စာလေး။ ဒီစာလေးက ဘယ့်နှယ်လုပ် ကျွန်တော့်ဆီ သိမ်းထားမိပါလိမ့်။ ခွင့်စာရေးပြီးမှ မတိုင်ဖြစ်လိုက်တာလား ဘာလား သိပ်တော့မသေချာ။ ဒါပေမယ့် အဖေ့ရဲ့ ကျွန်တော်နဲ့ ပတ်သက်ပြီး ရေးထားတဲ့ တစ်စောင်တည်းသော စာ။ ကျွန်တော် လေးတန်းတုန်းကဆိုတော့ ဒီစာရဲ့ သက်တမ်းက ဆယ်စုနှစ် သုံးခုတောင် ပြည့်တော့မှာပါလား။ စာရွက်ခေါက်လေးက ၀ါကျင်နေပြီဆိုပေမယ့် အခုထိ အမှိုက်မဖြစ်သေးတဲ့ စာလေး။ စာလေးကို ကိုင်မိဖတ်မိတိုင်း အဖေအနားမှာ ဂရုစိုက်ပေးနေသလိုမျိုး နွေးထွေးမှုပေးနိုင်စွမ်းတဲ့ တန်ခိုးကြီးတဲ့ စာရွက်ဝါကျင်ကျင်လေး၊

နောက်ပြီးတော့ ကျွန်တော် မပေးဖြစ်ခဲ့တဲ့ မေတ္တာသ၀ဏ်လွှာလေးတွေ၊ မရှိမဲ့ရှိမဲ့ မုန့်ဖိုးလေးတွေ အိမ်မှာသီးတဲ့ မာလကာသီး ဇီးသီးရောင်းလို့ မုန့်ဖိုးရတဲ့အထဲက လိုချင်လွန်းလို့ မနည်းဖြစ်ညှစ်ပြီး ၀ယ်ထားတဲ့ ပန်းပွင့်လေးတွေ အသည်းပုံလေးတွေပါတဲ့ စာရွက်လေးတွေမှာ အကြမ်းသုံးလေးခါလောက်ရေးပြီးမှ အချောရေးကူးထားတဲ့ မေတ္တာသ၀ဏ်လွှာလေးတွေ။ အော် ဒီစာလေးတွေ ကျွန်တော့်ဆီမှာ ရှိနေမှတော့ ရည်စူးထားတဲ့သူကို မပေးဖြစ်ခဲ့ဘူးပေါ့။ ပေးဖြစ်ခဲ့တဲ့စာတွေလည်း ရှိတန်သရွေ့တော့ ရှိခဲ့မှာပါ။ သူတို့လေးတွေရော ဘယ်ဆိုကိုရောက်နေကြပါလိမ့်။ အခုချိန်ဆို သားတွဲလောင်း သမီးတွဲလောင်းဖြစ်နေကြရောပေါ့။

ကဗျာစာအုပ်လေး။ ဆယ်တန်းစိတ်ကြိုက်မြန်မာစာထဲက ကဗျာဖွဲ့နည်းတွေကို ဖတ်ပြီး ရေးထားတဲ့ ကဗျာလေးတွေ။ ကာရန်တွေ သိပ်မလှပေမယ့်လည်း ကိုယ့်ကိုယ်ပိုင်ကဗျာလေးတွေမို့ အခုထိတော့ မြတ်နိုးတန်ဖိုးထားတုန်း။ ဒီကဗျာလေးတွေ ရေးဖြစ်ဖို့ ရှေးကဗျာတွေ အများကြီး ဖတ်ဖြစ်ခဲ့တာ ကဗျာတော်တော်များများကို နှလုံးသားထဲမှာ စွဲနေအောင် အလွတ်ရတဲ့အထိ မြတ်နိုးတန်ဖိုးထားခဲ့ရတာတွေရဲ့ ဘေးထွက်ရလဒ်တစ်ခုဖြစ်တဲ့ ကဗျာလေးတွေ။ ကျွန်တော့်ကဗျာလေးတွေကို ပန်းပွင့်လေးတွေ အသည်းပုံလေးတွေပါတဲ့ ရောင်စုံစက္ကူပေါ်မှာ ကျွန်တော့်လက်ရေးနဲ့ ရေးထားတဲ့ ကိုယ်ပိုင်ကဗျာလေးတွေက ဖတ်ခွင့်ကြုံခဲ့သူ ဘယ်နှစ်ယောက်လောက် ရှိပါလိမ့်။ တစ်ယောက်... နှစ်ယောက် . . . သုံးယောက် . . . လေးယောက် . . . အင်း ရေသာ ရေနေရတာ သူတို့က ဖတ်တောင် ဖတ်ဖြစ်ကြပါ့မလား။

ညီငယ်လေးရဲ့ ကဗျာစာရွက်လေးတွေ။ ညီတစ်ယောက် မရှိတော့တဲ့ နောက်ပိုင်း အဖေလည်း မရှိတော့တဲ့နောက်ပိုင်း ကျန်ခဲ့တဲ့ ညီငယ်လေးကို အချစ်သည်းခဲ့တယ်။ ညီလေးလိုချစ်တယ်။ သားလေးလိုချစ်တယ်။ ညီလေးလိုချင်တာတွေကို အကုန်မဖြည့်ဆည်းပေးနိုင်ခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးနိုင်ဖို့ ညီလေးကို အစစ အရာရာ နားလည်နိုင်အောင် ကြိုးစားပြီး ချစ်ခဲ့တယ်။ စာအုပ်ပုံတွေရှင်းရင်း ထွက်လာတတ်တဲ့ ညီငယ်လေးရဲ့ ကဗျာရေးထားတဲ့ စာရွက်အပိုင်းအစလေးတွေ၊ ပြီးတော့ လက်ချောင်းလေးနဲ့ ဆွဲတဲ့ပန်းချီတဲ့။ အစ်ကိုကြီး ဒါဘာပုံလဲ သိလားလို့ ပြတုန်းက ကိုယ်မြင်တာတော့ လက်ငါးချောင်းနဲ့ ဆေးရောင်စုံကို စာရွက်ပေါ် အတိုင်းသားဆွဲချထားတာပဲ။ သေချာကြည့်လေ အစ်ကိုကြီးတဲ့ ကောင်မလေးတွေကို နောက်ကနေမြင်ရတဲ့ ပုံတဲ့၊ သူပြောတာလည်းဟုတ်သလိုလို။ ဘာပဲပြောပြော အဲသည်စာရွက်လေးတွေကို ညီငယ်လေးကဖြင့် အခုနေမြင်ရင်တောင် သတိရတော့မှာမဟုတ်။ ကျွန်တော့်အတွက်တော့ ညီငယ်လေးကို ချစ်ဖို့အတွက် နားလည်မှုပေါင်းကူးတစ်ခု

တီချယ်ဝင်းရဲ့ ခရစ္စမတ်လက်ဆောင်လေးတွေ။ တီချယ်ဝင်းက ကျွန်တော်တို့ကို သားတွေလို ဂရုစိုက်ပြီး ကျွန်တော်တို့ကလည်း အမေလိုချစ်တယ်။ ခရစ္စမတ်များရောက်ပြီလားဆိုရင် တီတီထွင်ထွင်လုပ်ပြီးပေးတဲ့ ကတ်ပြားလေးတွေ ပစ္စည်းအတိုအစလေးတွေကို ကျွန်တော်က အင်မတန် မြတ်နိုးတယ်။ နှစ်ပေါင်းများစွာတိုင်တဲ့အထိကို သေသေချာချာ သိမ်းထားပြီး ထုတ်ကြည့်မိတဲ့အခါတိုင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားဘ၀ကို ပြန်ရောက်သွားသလို ခံစားရမိစေတဲ့ တီချယ်ဝင်းရဲ့ လက်ဆောင်လေးတွေ၊ အော် တီချယ်ဝင်းနဲ့ အပြင်မှာ မတွေ့ဖြစ်တာတောင် ကြာပါပေါ့

စာစီစာကုံးစာအုပ်။ ကိုးတန်းဆယ်တန်းတုန်းက ကိုယ့်ဘာသာရေးပြီး ကိုယ့်ဘာသာ သိမ်းထားတဲ့ စာစီစာကုံး စာအုပ်လေး။ ကျွန်တော်အိမ်က ထွက်သွားတော့ အမေက အဲသည်စာအုပ်လေးကို သိမ်းပေးထားတယ်။ တစ်ခါတစ်ခါ အဲသည်စာအုပ်ထဲမှာ ရေးထားတဲ့အကြောင်းအရာလေးတွေ အမေပြောပြတယ်ဆိုတာ ပြန်ကြားရတယ်။ ဘိလပ်မြေအိတ်ခွံစက္ကူအ၀ါရောင်နဲ့ ဖုံးထားတဲ့ စာအုပ်လေး။ ရေးထားတာ လေးငါးပုဒ်ပဲရှိတယ်ဆိုပေမယ့် ကျွန်တော့်ရဲ့ ငယ်ဘ၀ စကားပြေ အရေးအသားလေး။

ကျွန်တော့် အချစ်ဆုံး သူငယ်ချင်းတစ်ချို့ရဲ့ မှတ်စုစာအုပ်လေးတွေ။ ဒီစာအုပ်လေးတွေကို မှတ်စုစာအုပ်အဖြစ် ရခဲ့တာမဟုတ်။ သူတို့တွေ ပစ်ဖို့ လုပ်နေတဲ့အချိန်မှာ တောင်းယူပြီးသိမ်းထားမိတဲ့ စာအုပ်လေးတွေ။ ဒီစာအုပ်လေးတွေထဲမှာ ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့ ချစ်ခြင်းမေတ္တာအကြောင်းတွေ ရေးမထားပေမယ့် စာအုပ်ကလေးကို ဖွင့်ကြည့်လိုက်ရင် အချစ်ဆုံးသူငယ်ချင်းတွေနဲ့ တစ်ခန်းတည်းရောက်နေသလို ခံစားရမိစေတဲ့ စာအုပ်လေးတွေ၊ နှစ်ပေါင်းများစွာ အဆက်အစပ်မရှိတော့ပေမယ့် ခုထိ နှလုံးသားကို နွေးထွေးစေတဲ့ ချစ်ခြင်းမေတ္တာတွေ ဝေ့သီနေဆဲ သူငယ်ချင်းရဲ့ လက်ရေးလေးတွေ

အစ်ကိုကြီးတစ်ယောက်ရဲ့ ဆုံးမစာ စာအုပ်။ ဆုံးမစာဆိုတာ ကျွန်တော်တို့ သင်ရလေ့ရှိတဲ့ ဆုံးမစာမျိုးမဟုတ်။ ဆယ်တန်းဖြေပြီးချိန် သူငယ်ချင်းတွေနဲ့ ခွဲရတော့မယ်ဆိုတော့ သိပ်ပြီး ကြေကွဲခံစားနေတဲ့ ကျွန်တော့်ကို လူငယ်တစ်ယောက် လုပ်သင့်လုပ်ထိုက်တာ ဘယ်လို လုပ်ရတယ်။ အလွမ်းကို ဘာနဲ့ဖြေရတယ်။ စသည်ဖြင့် ရှည်ရှည်ဝေးဝေး ဥပမာ ဥပမေယျတွေနဲ့ ရေးထားတဲ့ စာအုပ်။ ကျွန်တော့်ဘ၀မှာ စိတ်ရှည်လက်ရှည်ဆုံးမတတ်တဲ့ အစ်ကိုကြီးရဲ့ ဆုံးမစကားတွေကို တစ်ကြိမ်တည်းသာ ရဖူးတဲ့ဆုံးမစာ စာအုပ်။ ကျွန်တော့်သူငယ်ချင်းရဲ့ အစ်ကိုကြီးကတော့ အခု ကျွန်တော့်သူငယ်ချင်း အစ်မတစ်ယောက်နဲ့ပဲ အိမ်ထောင်ကျလို့ သားတွေသမီးတွေနဲ့။ ကျွန်တော့်ကို ဆုံးမခဲ့သလိုသာ သူ့သားသမီးတွေကို ဆုံးမဖြစ်ရင် သူ့သားသမီးတွေလည်း လူကောင်းလူတော်လေးတွေ ဖြစ်ကြမှာပါ။

ပန်းကတ်လေး။ အဖေ့အတွက် လက်ဆောင်လုပ်ထားတဲ့ ပန်းကတ်လေး။ အဖေသေပြီဆိုလို့ အဖေ့ကို မြှပ်ထားတဲ့ အုတ်ဂူကိုသွားပြီး ပေးမလို့ စိတ်ကူးနဲ့ လုပ်ထားတဲ့ ပန်းကတ်လေး။ ခရမ်းပြာရောင် ပန်းခြောက်လေးကို စာရွက်ကြားမှာ အခြောက်ခံပြီး စက္ကူပေါ်မှာ တိပ်လေးနဲ့ သပ်သပ်ရပ်ရပ်ကပ်ထားတဲ့ ပန်းကတ်လေး။ နှစ်ပေါင်း အစိတ်လောက်ကြာတာတောင် ခရမ်းပြာရောင်လေးတွေ သန်းနေဆဲ ပန်းကတ်လေး။ အဖေ့အုတ်ဂူရှိရာကို သွားပေးမယ် စိတ်ကူးပြီး လုပ်ထားခဲ့ပေမယ့် အိမ်ရောက်တော့ စိတ်ထဲမှာ အဖေသေတာကို မယုံနိုင်ဘူး။ ကျွန်တော် အိမ်က ထွက်သွားတဲ့အချိန်မှာ အဖေက ခြံထဲမှာ သစ်ပင်တွေနဲ့ အလုပ်ရှုပ်နေခဲ့တာလေ။ အိမ်ရောက်တော့ အထုပ်အပိုးပစ်ချပြီး အဖေ့ကို ခြံထဲမှာ လှည့်ပတ်ရှာမိသေးတယ်။ အဖေသေလို့ သချိင်္ုင်းမှာသွားမြှပ်လိုက်ပြီဆိုတာလည်း ကျွန်တော့်အတွက်တော့ ယုံတမ်းစကားတစ်ခုလိုပဲ။ ကျွန်တော့်စိတ်ထဲမတော့ အဖေက မသေဘူး။ ဒါကြောင့်မို့ အဖေ့အုတ်ဂူကိုလည်း အဲသည်ပန်းလေး သွားမပေးဖြစ်တော့ဘူး။ ကိုယ့်ဘာသာ သိမ်းထားလိုက်တော့တာ အခုထိပဲ။ အဖေသာသိရင် တော်တော်စိတ်ကူးယဉ်တဲ့ကောင်လို့ ပြောမှာ သေချာတယ်။

ကဗျာတစ်ပုဒ် ဖတ်ဖူးတယ်။ ဘ၀ရဲ့ နေ၀င်ချိန်မှာ တစ်ယောက်တည်း အထီးကျန် ဖြစ်နေတဲ့အခါ ပါးရေနားရေတွေ တွန့်နေတဲ့ မျက်နှာပေါ် အပြုံးလေးတွေ ဖြတ်ပြေးသွားအောင် ဘ၀ရဲ့ အမှတ်တရတွေက စွမ်းဆောင်နိုင်ပါသတဲ့။ ကျွန်တော့်ရဲ့ သေတ္တာလေးကတော့ ကျွန်တော့်ဘ၀ရဲ့ အမှတ်တရ မော်ကွန်းတိုက်လေးပေါ့။ သိမ်းထားတဲ့ ပစ္စည်းတစ်ချို့က ကျွန်တော့်ကို ပြုံးစေပါလိမ့်မယ်။ တစ်ချို့ကတော့ ငိုစေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျန်တဲ့အချိန်တွေမှာလည်း အမှတ်တရလေးတွေကို တတ်နိုင်သလောက် စုဆောင်းရင်းနှီးမြှပ်နှံထားပါအုံးမယ်။ ကျွန်တော့် ဘ၀ရဲ့ နေ၀င်ချိန်မှာ တစ်ယောက်တည်း အထီးကျန်နေတဲ့အခါ သူတို့လေးတွေကို အဖော်ပြုရင်း ကျွန်တော်ပြုံးမယ် ငိုမယ်

No comments:

Post a Comment