Tuesday 20 September 2016

ဝါးတီးနေ့

.
. . . ဒီနေ့တော့ ၀ါးတီးနေ့လို့ ပြောရမယ်ထင်တယ်။ ဂျပန်မြန်မာအသင်း ဥက္ကဌ မစ္စတာ ၀ါတာနာဘေး က မြန်မာပြည်က ရောက်လာတဲ့ ကျောင်းသားသစ် လတ်လတ်ဆတ်ဆတ် ကလေးတွေကို နေ့လည်စာနဲ့ တည်ခင်း ဧည့်ခံတယ်။ တိုကျို အစိုးရရပ်ကွက်က သူ့ရုံးခန်းနဲ့လည်းနီးတဲ့ စီချွမ် တရုတ်စားတော်ဆက်မှာ။ နေ့လည် ဆယ့်နှစ်နာရီ ချိန်းထားပေမယ့် ကြိုရောက်သွားတော့ မစ္စတာဝါတာနာဘေး နဲ့အတူ သံအမတ်ကြီး ဦးသူရိန်သန့်ဇင်တို့ပါ ရောက်နေနှင့်ကြပြီ
.
. . . ကြိုနှင့်နေတဲ့ လူကြီးတွေက ရောက်လာတဲ့ ကျောင်းသားတွေကို တစ်ယောက်ချင်း ကြိုဆို နှုတ်ဆက်ပါတယ်။ ကျွန်တော့်အလှည့်ရောက်တော့ သေချာကြည့်ပြီး မြင်ဖူးတယ် အရင်ကျောင်းသားဟောင်းလား ပါရဂူလာတက်တာလား နဲ့မေးပြီး ဂုဏ်ယူပါတယ် လုပ်နေလို့ စကားပြန်ကို အပြေးအလွှားခေါ်ပြီး စကားတစ်ခွန်းစ နှစ်ခွန်းစ ပြောရပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်က ကျွန်တော်ရယ် သံအမတ်ကြီးရယ် နဲ့ တစ်ဝိုင်းတည်းထိုင်မိပြီး ကျွန်တော်နဲ့ စကားတွေ အကြိတ်အနယ်ပြောခဲ့ရတဲ့ ဒုက္ကဌ မစ္စတာ ဆန်ဂိုးကုကလည်း ၀မ်းပန်းတသာနဲ့ နှုတ်ဆက်ပါတယ်။ သူက ကျွန်တော့်ကို ဘယ်မေ့ပါ့မလဲ။ မနှစ်က မြန်မာပြည် မပြန်ခင်က ဂျပန်မြန်မာအသင်း ရုံးခန်းမှာ သွားနှုတ်ဆက်တော့ သူလည်း ရွေးကောက်ပွဲ အလုပ်တွေနဲ့ ခရီးထွက်ဖို့ ရှိတယ်ဆိုလို့ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်သေးတာကိုး။ နောက်ပြီးတော့ ဂျပန်ဝန်ကြီးချုပ်ဖြစ်ရင်လည်း ကျွန်တော့်ကို မမေ့နဲ့အုံးလို့တောင် ပြောလိုက်သေးတယ်။ ပြီးတော့မှ သိရတယ်။ သူက ကိုယ်တိုင် ၀င်မပြိုင်တော့ဘဲ အငယ်တွေအတွက်ပဲ အလုပ်လုပ်နေတော့တာတဲ့
.
. . . ထုံးစံအတိုင်း ဥက္ကဌက စကားတွေ အများကြီးနဲ့ နှုတ်ခွန်းဆက်တယ်။ အဘိုးက မြေးတွေကို မှာသလို တတွတ်တွတ်နဲ့ မပြီးနိုင်မစီးနိုင် သွန်သင် မှာကြား ဆုံးမနေတယ်။ သူတို့ မြန်မာပြည်ကို ကူညီနေတာ ဘာမှ ပြန်လိုချင်လို့ မဟုတ်ကြောင်း၊ တကယ်လို့ တစ်ခုခု လိုချင်တယ်ဆိုတာ ရှိရင်တောင် အဲဒါက မြန်မာပြည် တိုးတက်ကြီးပွားတာကို လိုချင်တာဖြစ်ကြောင်း၊ အသက်ငယ်ငယ်တွေကို တွေ့ရတာ အားကျကြောင်း သူ့မှာတော့ အသက် ၈၃ နှစ်ရှိပြီဖြစ်လို့ ကြာကြာနေရတော့မှာ မဟုတ်ကြောင်း မြန်မာပြည်ကြီး တိုးတက်ဖို့ အားသွန်ခွန်စိုက် ကြိုးစားကြစေလိုကြောင်း၊ ဂျပန်မျိုးဆက်ငယ်ရွယ်သူများက လူမှုဆက်ဆံရေး လူတစ်ဖက်သားကို ကူညီစောင့်ရှောက်ရေးတွေမှာ အားနည်းလာကြလို့ အဆင်မပြေတာတွေရှိရင်လည်း နားလည် ခွင့်လွှတ်ပေးကြစေလိုကြောင်း၊ ပညာသင်ကြားရာမှာ အဆင်မပြေတာတွေ အခက်အခဲတွေ ရှိတဲ့အခါ ချက်ချင်း အသိပေး စေလိုကြောင်း၊ မြန်မာတွေက နားလည် ခွင့်လွှတ် သည်းခံစိတ်များတဲ့အတွက် တော်ရုံတန်ရုံအခက်အခဲလောက်ကို မပြောပြတဲ့အခါ မကူညီနိုင်တာ ဖြစ်မှာစိုးလို့ အချိန်မရွေး ဆက်သွယ်ပြောပြစေလိုကြောင်း စသည်ဖြင့် စကားတွေ အများကြီးပြောပါတယ်။
.
. . . ၀ိုင်းနှစ်ဝိုင်း ထိုင်တဲ့အခါ ဥက္ကဌ နဲ့ ဒုဥက္ကဌ မစ္စတာ ဆန်ဂိုးကု ထိုင်တဲ့ဝိုင်းမှာ မြန်မာစကားပြန်ရှိလို့ မြန်မာလိုပြောကြပေမယ့် ကျွန်တော်တို့ဝိုင်းမှာတော့ မြန်မာစကားပြန်မရှိလို့ အင်္ဂလိပ်လိုပဲ ပြောကြပါတယ်။ ဥက္ကဌက ဟိုဘက်ဝိုင်းမှာ စကားနည်းနည်းပြောပြီး ကျွန်တော်တို့ဝိုင်းကို ရွှေ့လာ စကားတွေ ပြောပြန်ပါတယ်။
.
. . . စားသောက်ဖွယ်ရာတွေကတော့ အရင်ဇွန်လတုန်းက ညစာစားပွဲနဲ့ အတူတူနီးပါးပါပဲ။ ဘီယာကို တစ်ခါသောက်စာပဲ ပေးတာတစ်ခုပဲ ကွာတာပါ။ သူတို့ အထူးတလည် တည်ခင်းတဲ့ ငါးမန်းတောင် ဟင်းချိုနဲ့ ပြီးခါနီးမှာ တည်ခင်းတဲ့ တို့ဖူးဟင်းတို့ကတော့ ကျွန်တော် အရသာ အတွေ့ဆုံး အမယ်တွေဖြစ်ပါတယ်။
.
. . . ခါတိုင်းကတော့ စားသောက်ပြီးတာနဲ့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပေမယ့် အခုတစ်ခါမှာတော့ သူတို့လည်း ချက်ချင်းဆိုသလို ပြန်သွားကြလို့ စုပေါင်းဓာတ်ပုံမရိုက်ဖြစ်လိုက်ပါဘူး။
.
. . . ဂျပန်မြန်မာ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးမှာ အခုရောက်နေတဲ့ စီချွမ် စားတော်ဆက်က သမိုင်းမှာ အရေးပါတဲ့ မှတ်တိုင်တွေ စိုက်ထူခဲ့တဲ့ သမိုင်းဝင်နေရာလေး ဖြစ်နေတော့မှာပါ။
.
. . . ညပိုင်းကျတော့ စစ်သံမှူးရယ်၊ ဂျပန်ပြည်မှာ သင်တန်းလာတက်နေတဲ့ ဗိုလ်မှူးကြီးတွေရယ် ကျွန်တော်တို့ရယ်ကို ဆရာမျိုးက ရှင်ဂျုကုဘူတာနားက ဆိုင်တစ်ဆိုင်မှာ ညစာကျွေးပါတယ်။ ဒီညစာကတော့ နေ့လည်တုန်းကလို ကိန်းခန်းမကြီးလှပါဘူး။ ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် စားကြသောက်ကြတာပါ။ အဲ သောက်ကြတာပါဆိုတာ ဟင်းချိုသောက်တာကို ပြောတာပါ။ တလွဲမထင်ပါနဲ့။
.
. . . ညစာစားပြီးတော့ ဆရာတော် အရှင်ဆေကိန္ဒ လူငယ်တွေနဲ့ ဆွေးနွေးပွဲလုပ်တဲ့ နေရာကိုသွား ဆရာတော် ဆုံးမစကားတွေ နားထောင်ပြီး အဆောင်ပြန်လာခဲ့တယ်။ ဗိုက်ကပြည့်နေပြီမို့ အဲသည်က ကျွေးတဲ့ နွားနို့ခေါက်ဆွဲကို မစားနိုင်ဖြစ်ခဲ့ပါဘူး။
.
. . . တိုကျိုရောက်တော့ လည်ရပတ်ရတာ မောပေမယ့် မောနေတဲ့ကြားကပဲ ပန်းပွင့်လေးကို လွမ်းမိပါသေးရဲ့

No comments:

Post a Comment