Thursday, 22 September 2016

စဆရက



သူများနည်းတူပဲ ဖွဘုတ်ကို သုံးနေပေမယ့် ဖွဘုတ် ဘာသာစကားထဲက ဝေါဟာရတွေကိုတော့ အကုန်လုံး မသိဘူးဗျ။ မသိလို့ မေးပြန်ရင်လည်း တုံးရာကျမှာစိုးလို့ ဘယ်သူ့မှ မမေးရဲ။ သူများတွေ ပြောနေကြတော့ ကိုယ်လည်း သိသလိုလို ဘာလိုလို လုပ်ရတာပေါ့။ အဲဒီထဲက ကြားဖူးတာ တော်တော်ကြာနေပေမယ့် အဓိပ္ပာယ်သိတာ သိပ်မကြာသေးတဲ့ စကားလုံးကတော့ စဆရကပဲ။

တကယ့်ကတယ်ကျတော့ ဖွဘုတ်ဆိုတာ စဆရက လောကကြီးပေပဲ။ ဖွဘုတ်မှာ တတ်သိနားလည်တဲ့သူ တော်တော် များတာကလား။ သူ့နယ်ပယ်နဲ့သူကတော့ စူ့ထက်စူလူစွမ်းကောင်းတွေချည်းပဲ ဆိုတာလိုပဲ။ ကမ္ဘာမှာပဲဖြစ်ဖြစ် မြန်မာမှာပဲဖြစ်ဖြစ် တစ်ခုခု ဖြစ်လိုက်ပြီလားဆိုရင် အဲသည် စဆရကများက အမြင်အမျိုးမျိုး ရှုထောင့်အမျိုးမျိုး အစွဲအမျိုးမျိုးကနေ သုံးသပ်ပြတော့တာကလား။ ဆရာဆရာကြီးတွေ များလွန်းအားကြီးလို့ ဘယ်ဆရာက ပိုဆရာကျသလဲဆိုတာကိုတောင် မသိတတ်လောက်အောင်ကိုပါပဲ။

အင်း . . . သူများကို လက်ညှိုးတစ်ချောင်းထိုးတော့ ကိုယ့်ဘက်ကို သုံးချောင်းပြန်ထိုးတယ်ဆိုတာကလည်း ရှိသေးတာကိုး။ ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တော့ ကိုယ်လည်းပဲ ငယ်ရွယ်နုပျိုစဉ် အခါတုန်းများဆို တယ်လဲ စဆရက ဖြစ်ခဲ့တာပေပဲ။ သူများတွေ တစ်ခုခု ပြောနေပြီလားဆိုရင် အသာလေး နားထောင်နေတယ် ကိုယ်သိတဲ့အပိုင်းရောက်လို့ကတော့ ဘယ်လို ၀င်ပြီး စဆရက လုပ်ရမလဲ ချောင်းနေတော့တာ။ တစ်ခါတစ်လေ ကိုယ်လုံးလုံးမသိတဲ့ နယ်ပယ်က ကိစ္စတစ်ခုခု ပြောနေတယ်ဆိုရင်တောင် ကိုယ်သိထားတာလေးနဲ့ ဘယ်လိုဆက်စပ်ပြီး ဘယ်လို စဆရက လုပ်ရမလဲ ဆိုတာ ကြံဖန်ဝင်လုံးတတ်သေးတာ။ ဆိုင်ဆိုင်မဆိုင်ဆိုင် ကိုယ်သိထားတာတွေဘက်ကိုပဲ အတင်းဆွဲဆွဲပြောတတ်လွန်းလို့ သူငယ်ချင်းတစ်ယောက်ကဆို ကျွန်တော့်ကို ကြမ်းပိုးပုံပြင်ပြောပြပြီး သာသာနဲ့ နာနာနှက် ဆုံးမပါရောလား။ ကြမ်းပိုးပုံပြင်ဆိုလို့ ငယ်ငယ်က ပုံပြောကောင်းတဲ့ ဆရာမ ဒေါ်ဌေးအောင်ကို သတိရမိသေးတယ်။ အကောင်းသတိရတာတော့မဟုတ်ဘူး။ ဆရာမက မြန်မာစာသင်တာ၊ ပုံပြောလည်းကောင်းတယ်။ ဆရာမ ပုံပြောနေရင် ကိုယ်က ကြားက ဖြတ်ဖြတ်ပြောလို့ ဆရာမက ကဲမောင်ကောင်း မင်းဒီလောက် သိနေတယ်ဆိုရင်လည်း ငါမပြောတော့ဘူး အတန်းသားတွေကို မင်းပဲ ပြောပြလိုက်တော့ ဆိုပြီး အူတိအူကြောင်နဲ့ အတန်းထဲမှာ မတ်တပ်ရပ်နေရဖူးတာကို သတိရသွားတယ်ပြောတာ။

အခုတော့လည်း အသက်တွေကြီးလာလို့လား မသိဘူး။ တစ်ခုခုဆို သူများတွေပြောရင် ဘာမှကို ၀င်မပြောချင်တော့ဘူး။ ကိုယ်က အစီအစဉ်တကျလုပ်နေတုန်း ကိုယ့်လောက်လည်း မသိဘဲနဲ့ ကြားထဲကဖြတ်ပြီး စဆရက ၀င်လုပ်ရင် ငယ်ငယ်ကဆို စိတ်ဆိုးမာန်ဆိုး တုန့်ပြန်မိတတ်ခဲ့ပေမယ့် အခုတော့လည်း အဲဒါမျိုးတွေ ကြုံရရင် ဘာမှကို ပြောချင်စိတ်မရှိဘဲ စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေတတ်တော့တာ။ ကဲကဲ မင်းပဲလုပ်တော့ဆိုတဲ့ အထာနဲ့ အဲလိုလူမျိုးကို ရှေ့ကသွားခိုင်းချင်နေတော့တာ။ အဲဒီလို စိတ်ပျက်စရာတွေ များများ ကြုံလာရလေ ဆရာမကြီး ဒေါ်ဌေးအောင်ကို သတိရလေပဲ။ အင်း ကျွန်တော့် ဆရာသမား လူကြီးမိဘများ သူတို့လုပ်နေ ပြောနေတဲ့ နေရာတွေမှာ ကျွန်တော့်ရဲ့ မတောက်တခေါက် ဗဟုသုတလေးတွေနဲ့ စဆရက ၀င်လုပ်ခဲ့တဲ့ဒဏ်ကို ဘယ်လောက်တောင် ခံခဲ့ရတယ်မသိ . . .

No comments:

Post a Comment