Thursday, 29 September 2016

အလေ့ကျ


သည်းမခံနိုင်တော့တဲ့အဆုံး ဆောင်းတွင်းရောက်မှ ၀တ်မယ့် ဂျာကင်အကျီင်္အထူကိုထုတ် ၀တ်၊ ထီးတစ်လက်ဆောင်းပြီး ထွက်လာခဲ့တယ်။

နွေအနှောင်း ဆောင်းအကူးမှာ တိုင်ဖွန်းမုန်တိုင်းအရှိန်နဲ့ တစိမ့်စိမ့်စွေနေတဲ့ မိုးကလည်း လုံးလုံးလျားလျား တိတ်သွားတယ်လို့ မရှိဘဲ နည်းနည်းလေးဖွဲလိုက် ခဏလေး ရပ်သွားလိုက်၊ ကောင်းကင်ကလည်း တိမ်ညိုတိမ်သား ကင်းစင်တယ်ရယ်လို့ မရှိဘဲ အုံ့တစ်ခါ မှိုင်းတစ်လှည့်နဲ့ ပျင်းစရာကောင်းလောက်အောင် စွေနေတာမို့၊ မိုးတိတ်သွားတဲ့အချိန် မိုးသားကင်းစင် ကြည်လင်တဲ့အချိန်မှ သွားမယ်လို့ စိတ်ကူးထားပေမယ့် အခုတော့ ဘယ်လိုမှ စောင့်ဆိုင်းမနေနိုင်တော့တာနဲ့ပဲ စောစောစီးစီး မနက်စာစားပြီးတာနဲ့ ထီးတစ်လက်ဆောင်းပြီး ထွက်လာလိုက်တာ။

ဒီနေရာက အပြီးတိုင် စွန့်ခွာခြင်းမျိုးနဲ့ စွန့်ခွာခဲ့ပြီးတဲ့နောက် တစ်ခေါက် ပြန်လာရတော့မယ်လို့ သိလိုက်ရတဲ့အချိန်မှာ ပထမဆုံး ရင်ခုန်မိတာက ကျွန်တော်စိုက်ခဲ့တဲ့ မျိုးစေ့လေးတွေအကြောင်းပါ။ ကျွန်တော် မြေချခဲ့တဲ့ မျိုးစေ့လေးတွေ အပင်မှပေါက်ရဲ့လား၊ အပင်တွေ ဘယ်လောက်တောင် ကြီးနေပြီလဲ၊ လောင်းရိပ်ကြီးတွေအောက်မှာ မထူနိုင်မထောင်နိုင်နဲ့ ခေါင်းငုံ့ မျက်နှာငယ်နေရပြီလား၊ ရေခံမြေခံမတူတဲ့ မိခင်တိုင်းပြည်နဲ့ မိုင်ထောင်ချီဝေးတဲ့ အရပ်မှာ ဘယ်လောက်တောင် ရုန်းကန်ရှင်သန်နေနိုင်နေပြီလဲ၊ ဒါမှမဟုတ် အပင်ဘ၀တောင် မရောက်နိုင်တော့ဘဲ မြေဆွေးစာဖြစ်သွားပြီလား၊ ငှက်ကလေးတွေ စားလိုက်လို့ အပင်ပေါက်ဖို့တောင် အခွင့်အရေးရလိုက်ရဲ့လား၊ စတဲ့ လားပေါင်းများစွာနဲ့ ရင်ခုန်ခဲ့ရတာ . . .

ဂျပန်ကို သွားတော့မယ်ဆိုတော့ အရင်ရောက်နေတဲ့ သူငယ်ချင်းကို မေးခဲ့မိတာကို သတိရတယ်။ ရောက်ရာအရပ်မှာ သစ်ပင်တစ်ပင်လောက်တော့ အနည်းဆုံး အမှတ်တရ စိုက်ခဲ့လေ့ရှိတဲ့ ကျွန်တော်ဟာ ရေခြားမြေခြားမှာလည်း ကိုယ့်ကိုယ်စား အပင်လေးတစ်ပင်လောက်တော့ ချန်ထားခဲ့ချင်တယ်။ တက္ကသိုလ်ဆိုတာ နေရာကျယ်မယ် မြေလွတ်မြေလပ်တွေ ပေါမယ်။ သစ်ပင်လေး တစ်ပင်စာလောက်တော့ ဘယ်လိုပဲဖြစ်ဖြစ် နေရာရှိရမယ်လို့ ကိုယ့်ရှိနှင့်ပြီးသား ဗဟုသုတလေးကို အခြေခံပြီး မြန်မာလို တွေးမိတာကိုး။ အပင်စိုက်ဖို့ နေရာမရှိဘူး၊ တကယ်လို့ စိုက်တယ်ဆိုရင်တောင် မျိုးစေ့ကနေ တိုက်ရိုက်စိုက်ဖို့ မလွယ်လှဘူး၊ တစ်နှစ်မှာ လေးငါးလလောက် နှင်းဖုန်းနေတဲ့ ဒီအရပ်ဒေသမှာ မြန်မာနိုင်ငံလို အပူပိုင်းဒေသက အပင်တွေ ရှင်သန်ဖို့က သာမန်အားဖြင့် မဖြစ်နိုင်လောက်ဖူးလို့ သူပြောတုန်းက လက်မခံချင်ခဲ့ဘူး။ မဖြစ်နိုင်ဘူးဆိုတာတော့ မဟုတ်သေးပါဘူး၊ နည်းလမ်းတော့ ရှိရမှာပေါ့ လို့ အထွန့်တက်တော့ ပျိုးခြံထဲမှာသေချာပျိုး အပင်ကြီးထွားမှု အတိုင်းအတာ တစ်ခုအထိ ရောက်လာပြီဆိုမှ သေသေချာချာ သူတို့ စိုက်နေတဲ့ နည်းပညာနဲ့ အပင်ရွှေ့ပြီး ကိုယ်လိုချင်တဲ့နေရာမှာ စိုက်ရင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သူငယ်ချင်းကဆိုတော့ ပိုလွန်းတယ် ထင်မိခဲ့တယ်။ ကဲ ဒါဆိုရင်လည်း ရှိစေတော့၊ နှစ်ပေါင်းများစွာ ရှိနေနိုင်မယ့် အပင်ကြီး မစိုက်ဖြစ်ရင်တောင် တစ်ရာသီခံ တစ်နှစ်ခံ သီးပင်စားပင်လေးတွေ စိုက်ရင်ရော မဖြစ်နိုင်ဘူးလားဆိုပြီး နည်းနည်း ဈေးဆစ်ကြည့်တော့ မင်းလုပ်ကြည့်ပေါ့ကွာ ဆိုလို့ လာခါနီးမှာ အမေ့ဆီက ခြံထွက်မျိုးစေ့လေးတွေ တောင်းယူလာခဲ့တယ်။ တကယ့်တကယ်ကျတော့ ဥပဒေအရ အဲဒီလို စိုက်ပျိုးဖို့ ရည်ရွယ်ချက်နဲ့ သစ်ပင်မျိုးစေ့တွေ သယ်လာတာကို နိုင်ငံတော်တော်များများက လက်ခံလေ့ မရှိပါဘူး။ နာရီတာ လေဆိပ်ရောက်တော့လည်း သစ်ပင်မျိုးစေ့တွေ ပါသလားလို့ လာမေးတာ ခံခဲ့ရပါသေးတယ်။

၂၀၁၄ စက်တင်ဘာလ ၁၉ ရက်နေ့ ညကြီးမိုးချုပ်မှာ ကျောင်းကို ရောက်ပြီး နောက်တစ်နေ့ မနက်မှာ ပထမဆုံး လုပ်တဲ့ အလုပ်က ကျောင်းဝင်းကို ပတ်ကြည့်တာပါပဲ။ အမေပေးလိုက်တဲ့ သစ်ပင်မျိုးစေ့လေးတွေ အတွက် နေရာလိုက်ရှာတာပါ။ ကျောင်းဝင်းကြီးက ကျယ်တယ်ဆိုပေမယ့် နေရာတော်တော်များများက ရာသီမရွေး မြက်ခင်းပြင်အဖြစ် ထိန်းသိမ်းထားပြီး မြက်ရိတ်ပေါင်းရှင်းတာကိုလည်း ပုံမှန် လုပ်တဲ့အတွက် အပင်တွေကို ဖာသိဖာသာ စိုက်ထားလို့ မရနိုင်ပါဘူး။ မြက်ဖြတ်တဲ့အထဲမှာ ပါသွားမှာပါ။ တောရိုင်းအဖြစ် ထိန်းသိမ်းထားတဲ့ နေရာလေးတွေလည်း ရှိတန်သရွေ့ ရှိပေမယ့် အဲသည်နေရာတွေကလည်း အပင်ရိုင်းတွေ ဖုံးထားလို့ စိုက်ဖို့ မလွယ်ပါဘူး။ ဒီလိုနဲ့ အမေပေးလိုက်တဲ့ မျိုးစေ့လေးတွေက ကျွန်တော့် ဗီရိုထဲမှာပဲ အိပ်ပျော်နေခဲ့ရတာ ကြာသွားခဲ့ပေမယ့် ဘယ်အချိန် ဘယ်လိုစိုက်ရပါ့မလဲ ဆိုတဲ့အတွေးကတော့ စိတ်ကူးထဲမှာ အမြဲ ရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့ ဆောင်းအကုန် နှင်းတွေ ပျော်တဲ့အချိန်မှ မြေကြီးပေါ် ချမစိုက်ဖြစ်ရင်တောင် အိုးနဲ့ စိုက်တော့မယ်လို့ စိတ်ကူးပြီး ရေသန့်ဗူးခွံလေးတွေဖြတ်၊ သစ်ပင်တွေအောက်က သစ်ရွက်ဆွေးမြေတွေကို သွားကျုံးပြီး မျိုးစေ့လေးတွေ ချပါတယ်။ မကြာခင်မှာပဲ ချဉ်ပေါင်ပင်လေးတွေ အပင်ပေါက်လာပါတယ်။ ပုံမှန်ရေလောင်းပေါင်းသင်လုပ်ရင်း အပင်လေးတွေလည်း တဖြည်းဖြည်း ပင်လားမြောက်လာရင်း ကျွန်တော်လည်း ဒီမြေဒီရေကို အပြီးတိုင် စွန့်ခွာရတော့မယ့် အချိန်ရောက်လာပါတယ်။ နှစ်ပင်သုံးပင် ပေါက်နေတဲ့ ချဉ်ပေါင်ပင်လေးတွေကို တစ်ပင်ချင်းစီ အိုးခွဲစိုက်ပြီး မြန်မာပြည် ပြန်ခါနီးမှာ ဆရာ့အိမ်ကို သွားပို့ခဲ့ပါတယ်။ ဆရာ့အိမ်နားက မြေကွက်လပ်မှာ ထားခဲ့တဲ့ အပင်လေးတွေကို ကျောင်းမှာ ကျန်ခဲ့တဲ့ ညီငယ်လေးတစ်ယောက်က မြေချ ပြုစုပျိုးထောင်ပေးလို့ အပင်လေးတွေ လူလူသူသူ ကြီးထွားခွင့်ရခဲ့တာကို ခေတ်သစ်ဆက်သွယ်ရေးနည်းပညာနဲ့ မြန်မာပြည်ကနေ မြင်ခွင့်ရခဲ့တုန်းက တော်တော် ပျော်မိခဲ့တာပါ။

သစ်ပင်လေးတွေကို အိုးနဲ့ စိုက်တဲ့ နေ့နဲ့ တစ်ရက်တည်းမှာပဲ ခုနင်က ပြောခဲ့တဲ့ တက္ကသိုလ်ဝင်းထဲက တောရိုင်းချန်ထားတဲ့ အပင်ကြီးတွေကြားမှာလည်း မျိုးစေ့တွေ သွားချထားခဲ့ပါသေးတယ်။ ပေါက်လိုပေါက်ငြားပေါ့။ အပင်ပေါက်ခဲ့တယ်ဆိုရင်လည်း ဆောင်းနှင်းထုဒဏ်ကို ခံနိုင်လို ခံနိုင်ငြားပေါ့။ တစ်နှစ်ပြီးတစ်နှစ် မျိုးဆက်တွေ ကျန်ခဲ့လိုကျန်ခဲ့ငြားပေါ့။ အိုးနဲ့သေချာစိုက် ရေလောင်းပေါင်းသင် မြေပေါ်ချစိုက်တဲ့ အပင်လေးတွေရဲ့ ဘ၀ကတော့ အနည်းဆုံး ဒီတစ်ရာသီစာ စိတ်ချရသွားပြီ ဆိုပေတဲ့ တောရိုင်းပင်တွေ ကြားထဲမှာ ချခဲ့တဲ့မျိုးစေ့လေးတွေရော ဘယ်လိုအခြေအနေရှိပါလိမ့်ဆိုတာ ကိုယ်တိုင်ကိုယ်ကျ တွေ့ခွင့်ရတော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဒီကို တစ်ခေါက်ပြန်လာရမယ်ဆိုကတည်းက ရင်ခုန်စိတ်လှုပ်ရှားခဲ့တာပါ။

ဒီတစ်ခေါက် ကျောင်းကို ရောက်ပြီဆိုကတည်းက တိုင်ဖွန်းမုန်တိုင်းတစ်ခါလာ၊ ပထမတစ်ခုက အရှိန်ပျော့ရုံရှိသေး နောက်ထပ်တိုင်ဖွန်းတစ်ခုက ထပ်ပြီးချဉ်းကပ်လာ၊ ကျောင်းမှာလည်း နေသာတဲ့ ရက်က လက်ချိုးရေလို့ရအောင် နည်းတယ်။ နေသာတဲ့ ရက်တွေမှာလည်း တစ်ခြားအလုပ်တွေနဲ့မို့ ဒီနေ့မနက်တော့ မိုးတွေ တစိမ့်စိမ့် စွေနေတဲ့ကြားက ထီးတစ်လက်ဆောင်းပြီး အပင်တွေ လိုက်ရှာဖို့ ထွက်လာခဲ့တယ်။ ဆောင်းဦးပွင့်ဝေရဲ့ ခြေခင်းလက်ခင်းသာတဲ့ ညနေခင်းတစ်ခုမှာ ပန်းပွင့်လေးတို့ သားအမိနဲ့အတူ မျိုးစေ့လေးတွေ လိုက်ချခဲ့တာမို့ ဘယ်နေရာရောက်ရောက် ဘာကိုပဲတွေ့တွေ့ အမေးအမြန်းထူတတ်တဲ့ ပန်းပွင့်လေးကို လွမ်းနေမိသေးတယ်။

တောရိုင်းပင်တွေကြားထဲမှာ အပင်ချခဲ့တဲ့ နေရာလေးတွေကို သေသေချာချာ စေ့စေ့စပ်စပ်ကြည့်တာတောင် တစ်ပင်တစ်လေတောင် မတွေ့ရဘဲ အိမ်ထောင်သည်အဆောင်နားက ထင်းရှူးပင်တွေအခြေမှာပဲ အပင်ပေါက်အရွယ် ချဉ်ပေါင်ပင် သေးသေးလေးတွေကို တွေ့ခဲ့ရတယ်။ နေ့စဉ်မှတ်တမ်းမှာ ပြန်ရှာကြည့်တော့ ၂၀၁၆ မေလ ၂ ရက်နေ့ ရက်စွဲနဲ့ ဒီလိုရေးထားတာ တွေ့တယ်။ "အိမ်ကယူလာတဲ့ မျိုးစေ့လေးတွေကို သစ်ပင် မရှင်းမယ့်နေရာမှာ မြေလေးတွေ တူးဆွပြီး စိုက်တယ်။ နှင်းဒဏ်ကို မခံနိုင်ဘူးလို့ ထင်ပေမယ့် တစ်ရာသီတော့ ရှင်ကြမှာပါ" လို့ ကျွန်တော် မျှော်လင့်ထားလေး အချည်းအနှီးမဖြစ်တော့ဘူးပေါ့။ သစ်ပင်သက်တမ်း ငါးလနီးပါး ရှိနေတာတောင် အပင်အမြင့် လေးငါးလက်မလောက်ပဲရှိနေကြသေးရှာတဲ့ အပင်ပေါင်း ဆယ့်လေးပင်တိတိ။ ဆယ့်ငါးပင်များ ပြည့်အုံးမလားဆိုပြီး စေ့စေ့စပ်စပ် ရှာပေမယ့် ထပ်မတွေ့တော့တာမို့ ဆယ့်လေးပင်နဲ့ပဲ ကျေနပ်လိုက်ရတယ်။

ဂျပန်ပြည်ဆိုတာ ရေခြားမြေခြားက ရောက်လာတဲ့ အလေ့ကျသစ်ပင်တွေ ရှင်သန်ကြီးထွားလေ့မရှိတဲ့ တိုင်းပြည်၊ စနစ်တကျလည်း ပြုစုပျိုးထောင်ပေးကြတဲ့ တိုင်းပြည်၊ ပြုစုပျိုးထောင်တိုင်းလည်း အောင်မြင် ဖြစ်ထွန်းတဲ့ တိုင်းပြည်။ ကံအကြောင်းတရား မျက်နာသာပေးလို့ ဒီမြေဒီရေမှာရောက်ခဲ့ရင်တောင် စနစ်တကျ ပြုစုပျိုးထောင်တာ မရှိရင် ထွန်းကားပေါက်ရောက်ဖို့ မျှော်လင့်စရာအခြေအနေမရှိတဲ့ တိုင်းပြည် . . .

No comments:

Post a Comment