Tuesday 27 September 2016

ဂျပန်ပြည်သို့ နောက်တစ်ခေါက်


ကုန်ခဲ့တဲ့ နှစ်နှစ်တာ ဘွဲ့လွန်ကျောင်းသားအဖြစ် တက်ခဲ့တဲ့ တက္ကသိုလ်မှာ ပြီးခဲ့တဲ့ ဇွန်လက ကျောင်းဆင်းပြီး အခု စက်တင်ဘာလထဲမှာ ကျောင်းသားသစ်အဖြစ် ပြန်ရောက်လာခဲ့တယ်။ ကျောင်းသားသစ်ဆိုပေမယ့်လည်း ကြားထဲမှာ နွေရာသီကျောင်းပိတ်ရက်သာ ခြားတာမို့ ကျောင်းကို အရင်တုန်းက နွေရာသီခွင့်ပြန်ပြီး ပြန်လာရသလိုပါပဲ။ မနှစ်က ပြန်လာချိန်တုန်းက UNU Global Seminar တက်ပြီး ဟိုဟိုသည်သည် လျှောက်လည်ဖို့ တိုကျိုမှာ တစ်ပတ်လောက် နေဖြစ်ခဲ့သလို အခုလည်း တိုကျိုက ဂျိုက်ကာဆန်တာမှာ သုံးနှစ်တာ ပညာသင်ကာလအတွက် လိုအပ်တဲ့ ဆောင်ရွက်ဖွယ်ရာလေးတွေ ပြင်ဆင်ဖို့ တစ်ပတ်လောက် နေရပါတယ်။ ဆန်တာမှာ နေတဲ့ တစ်ပတ်အတွင်း ကိုယ်ပိုင်ချိန် များများကြီး ရတာမို့ အတူရောက်လာတဲ့ ကျောင်းသားသစ်တွေကို တိုကျိုမြို့က ရောက်သင့်ရောက်ထိုက်တဲ့ နေရာလေးတွေ လိုက်ပို့ သိသင့်သိထိုက်တာလေးတွေ မျှဝေရင်းနဲ့ စရိတ်လည်း တော်တော်ပွန်းသွားပါတယ်။ ဒါပေတဲ့ အသစ်ရောက်လာတဲ့ သူတွေ နောက်တစ်ခါ ကိုယ့်ဘာသာ တိုကျိုလာရင် သွားဖို့လာဖို့ ရထားစီးဖို့ ဈေးဝယ်ဖို့ ထမင်းစားဖို့ အခုလို ရောက်ရောက်ချင်းအချိန်မှာ တစ်ခြားဖိစီးမှုတွေ မရှိသေးတဲ့အချိန်မှာ လိုက်ပို့ခွင့်ရလိုက်လို့ သူတို့တွေ နောင်အခါ တိုကျိုကို ကိုယ့်ဘာသာ သွားဖို့လာဖို့ ယုံကြည်မှုလေးတွေ ရသွားတယ်ဆိုရင် ကျွန်တော် ပိုက်ဆံကုန်ရကျိုး နပ်တယ်လို့ပဲ ဖြေသိမ့်လိုက်ပါတယ်။

တိုကျိုမှာနေတဲ့ တစ်ပတ်အတွင်း ဂျပန်-မြန်မာအသင်း ဥက္ကဌ မစ္စတာ ၀ါတာနာဘေးတည်ခင်းတဲ့ နေ့လည်စာစားပွဲ၊ သံအမတ်ကြီး ဖိတ်ခေါ်ကြိုဆိုပြီး တည်ခင်းတဲ့ နေ့လည်စာ၊ စစ်သံမှူး နဲ့ ဂျပန်မှာ သင်တန်းတက်နေတဲ့ အရာရှိကြီးတွေနဲ့အတူ ဆုံကြတဲ့ပွဲ၊ စစ်သံမှူးက စစ်သံရုံးကို ဖိတ်ခေါ်ပြီး ကြိုဆိုတဲ့ပွဲတွေ တက်ဖြစ်လိုက်ပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာတောင် မဖူးဖြစ်တဲ့ ဆရာတော် အရှင်ဆေကိန္ဒရဲ့ လူငယ်များနဲ့ တွေ့ဆုံပွဲကိုလည်း ရောက်ဖြစ်အောင် ရောက်လိုက်ပါသေးတယ်။

တိုကျိုမှာ တစ်ပတ်လောက်နေပြီးတော့ ကျောင်းကို ချီတက်ကြပါတယ်။ ပထမဆုံး အခေါက် ကျောင်းကိုလာတုန်းကလိုပဲ စင်းလုံးငှား ဘတ်စ်ကားကြီးနဲ့ပါ။ အရင်တစ်ခေါက်တုန်းက ကျောင်းက ဆရာမျိုးနဲ့ စီနီယာကျောင်းသားတွေ လာကြိုတဲ့ ဘတ်စ်ကားဖြစ်ပြီး ဒီတစ်ခေါက်ကတော့ ဂျိုက်ကာက လိုက်ပို့တဲ့ ကားနဲ့ ဖြစ်ပါတယ်။ ကျောင်းကို ရောက်ရောက်ချင်း အဆောင်တစ်မှာ ပစ္စည်းတွေချ အခန်းသော့ယူပြီး ကျောင်းသားရေးရာကို သတင်းပို့ရပါတယ်။ တစ်ခြားသူတွေက ဘဏ်စာရင်းအသစ် ဖွင့်ရပေမယ့် ကျွန်တော်ကတော့ ကျွန်တော့် ဘဏ်စာရင်းကို ယန်းလေးရာလောက်ချန်ပြီး မပိတ်ဘဲ ထားခဲ့တာကြောင့် အဲသည်ဘဏ်စာရင်းကို ဆက်သုံးမယ်ဆိုတဲ့အကြောင်း ငွေစာရင်းဌာနကို အသိပေးရပါတယ်။ မိတ္တူကူးတဲ့အခါမှာ အသုံးပြုတဲ့ ကတ်ကလေးတစ်ခုကို ငွေစာရင်းဌာနက ကျောင်းသားတွေကို ထုတ်ပေးပါတယ်။  ညနေပိုင်းမှာ ကျောင်းသားရေးရာ ဌာနမှူး ဂရစ်ချန်ရဲ့ ကျောင်းနဲ့ ပတ်သက်တဲ့ နေမှုထိုင်မှုဆိုင်ရာ ရှင်းလင်းပွဲကို နားထောင်ပြီး စီနီယာတွေ ပြင်ဆင်ထားပေးတဲ့ ညစာကို အဆောင်သုံးမှာ စားပါတယ်။

ကြားထဲက ရုံးပိတ်ရက်တစ်ရက်မှာ ဆရာ့အိမ်နောက် မြေကွက်လပ်မှာ ကျူးလစ်ပင်တွေ စိုက်ဖြစ်ပြီး ရုံးပြန်ဖွင့်တဲ့ သောကြ်ာနေ့မှာ နေရပ်လိပ်စာ နဲ့ ကျန်းမာရေးအာမခံ မှတ်ပုံတင်ကိစ္စအတွက် မြို့တော်ရုံးက လာလုပ်ပေးပါတယ်။ ဟီရိုရှီးမားတက္ကသိုလ်မှာ ကျွန်တော်တို့လိုပဲ ပါရဂူလာတက်တဲ့ အိုင်ယူဂျေ ကျောင်းသားဟောင်း အစ်ကိုကြီးတစ်ယောက် ရောက်နေလို့ ညပိုင်းမှာ ဆရာ့အိမ်မှာ ၀ိုင်းကြပါတယ်။ အသောက်အစားထက် စကားစမြည်ပြောကြတဲ့သဘောပါ။

စနေနေ့မနက် လာအိုကျောင်းသားတွေ လုပ်တဲ့ ပစ္စည်းဟောင်းဈေးပွဲတော် (Flea Market) ကိုတော့ အိပ်ယာထ ပျင်းတာရယ် အဲသည်က ပစ္စည်းတွေ မကြိုက်တာရယ်ကြောင့် မသွားဖြစ်တော့ဘဲ တစ်မြို့ကျော် မူအီကာမာချီမြို့က AEON ကို လိုက်ပို့ပေးတဲ့ ကျောင်းကားစီးဖို့ သွားတန်းစီပါတယ်။ ဒီလို ကျောင်းဖွင့်ရက်မျိုးမှာ ကျောင်းသားတိုင်းနီးပါး ဘ၀အသစ် စကြရတာမို့ သွားချင်တဲ့ ကျောင်းသားက ကားဆန့်တာထက် နှစ်ဆလောက် ဖြစ်နေတတ်ပါတယ်။ အဲဒါ နှစ်တိုင်း ဖြစ်နေကျကို ကျောင်းသားရေးရာက ဘာကြောင့် အဆင်ပြေအောင် မလုပ်ပေးမှန်း နားမလည်ပါဘူး။ တစ်နာရီခွဲလောက် တန်းစီအပြီး ဈေးကား ထွက်တဲ့အခါ ထုံးစံအတိုင်း ကျောင်းသားတစ်ဝက်လောက် ကျန်ခဲ့ပါတယ်။ AEON မှာ အခန်းအတွက် လိုအပ်တာတွေ ၀ယ်ခြမ်းပြီး ပြန်လာတော့ ကျောင်းကားကို မီတယ် ဆိုရုံလေးပါ။ နောက်များကျလို့ကတော့ မတွေးရဲစရာပါပဲ။ ကားနဲ့ ရထား တက္ကစီ သုံးဆင့်စီးပြီးမှ ပြန်လို့ရမှာမို့ ပိုက်ဆံကလဲ သောက်သောက်လဲ ကုန်မှာပါ။ လိုအပ်တဲ့ ပစ္စည်းပစ္စယလေးတွေကို ယန်းတစ်ရာဆိုင်မှာ ၀ယ်တာတောင်မှ ယန်းခြောက်ထောင်ကျော်ဖိုး ဖြစ်သွားပါတယ်။ ဒါတောင် တိုကျိုမှာ ယန်းရှစ်ထောင်ကျော်ဖိုးလောက် ၀ယ်လာခဲ့ပြီးသားပါ။

တနင်္ဂနွေနေ့ မနက်ကျတော့လည်း ဟင်းချက်စရာဝယ်ဖို့ Rara ကို သွားရပါတယ်။ ထုံးစံအတိုင်း တစ်နာရီလောက် တန်းစီပြီးသကာလ၊ စည်းမရှိ ကမ်းမရှိ ယဉ်ကျေးမှု မရှိတဲ့ အရိုင်းအစိုင်းတိုင်းပြည်တစ်ချို့ကလာတဲ့ ကျောင်းသားလက်တစ်ဆုပ်လောက်ကို အကြောင်းပြုပြီး ဒေါမနဿပွားပြီးသကာလမှာ Rara ကိုရောက်ပါတယ်။ အခြေခံစားသောက်ကုန် ဆန် ဆီ ဆား ကြက်သွန် ဖြူ နီ သကြား ကော်ဖီ နို့မှုန့် ပေါင်မုန့် အချိုမှုန့် အသားနည်းနည်း နဲ့ မုန်လာဥနီ နည်းနည်း ၀ယ်လာပြီး ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရတဲ့ အဟောင်းဆိုင်တစ်ခုကို သွားပါတယ်။ အဓိကက ရေခဲသေတ္တာ သင့်သင့်တော်တော် တစ်လုံးလောက် လိုချင်လို့ပါ။ ဒါပေမယ့် အဲသည်ဆိုင်က ပစ္စည်းတွေက ဈေးကြီးလွန်းတယ်ထင်လို့ ကြွေရေနွေးခရားလေးတစ်လုံးပဲ ၀ယ်လာဖြစ်ပါတယ်။

ညနေပိုင်းမှာ ဇူလိုင် သြဂုတ် စက်တင်ဘာ မွေးနေ့ရှင်တွေရဲ့ မွေးနေ့ပွဲမှာ ကာရာအိုကေ ဆိုနိုင်ဖို့ စက်ဆင်တာ ဆောင်းဘောက်ဆင်တာ အသံစမ်းတာတွေ လုပ်ပြီး ပျော်စရာကောင်းတဲ့ မွေးနေ့ပွဲကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနေလိုက်တာ ပန်းပွင့်လေးတို့ သားအမိကို ဖုန်းဆက်ဖို့တောင် မေ့သွားပါတယ် . . .

No comments:

Post a Comment