လွန်ခဲ့တဲ့ နှစ်နှစ်နဲ့ နှစ်ရက်တိတိတုန်းက အခုလိုပဲ တိုကျိုကနေ ကျွန်တော်တက်ရမယ့် တက္ကသိုလ်ဆီကို ဒီလို ဘတ်စ်ကားကြီးနဲ့ပဲ သွားနေခဲ့တာကို သတိရမိတယ်။ အဲသည်တုန်းက ကားပေါ်ပါလာတဲ့ သူတွေထဲမှာ ကျွန်တော်ရယ် အစ်ကိုကြီးတစ်ယောက်ရယ် နှစ်ယောက်တော့ အခု ကားပေါ်မှာ ပြန်ပါလာတယ်။ အဲသည်တုန်းကတော့ အစ်ကိုကြီးက စီနီယာကျောင်းသားတစ်ယောက်အဖြစ် လာကြိုတဲ့သူဖြစ်ပြီး ကျွန်တော်ကတော့ ကျောင်းသားသစ်လေးဖြစ်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ နှစ်ယောက်လုံး ကျောင်းသားသစ်လေးတွေအဖြစ် ဒီကားပေါ်က အခြား ကျောင်းသားသစ်လေးတွေနဲ့အတူ ကျောင်းကို ချီတက်နေကြတာပါ။
အဲသည်တုန်းက ဒီလိုကားကြီးပေါ်မှာ ပြောဖြစ်ခဲ့တဲ့အကြောင်းလေးတွေကို ပြန်စဉ်းစားနေမိတယ်။ တိုကျိုက ညရှစ်နာရီကျော်လောက်မှ ထွက်လာတာမို့ တစ်လမ်းလုံး အပြင်ကို ကြည့်ရှုစရာ နည်းပြီး စကားတွေပဲ ပြောဖြစ်ခဲ့ကြတာပါ။ မတိုင်ခင်ညက ညလုံးပေါက် လေယာဉ်စီးခဲ့ရတာရယ် တိုကျိုရောက်ရောက်ချင်း တစ်နေကုန် မနားဘဲ လျှောက်လည်ခဲ့ရတာရယ်ကြောင့် ပင်ပန်းပြီး ကိုယ်ခန္ဓာက နွမ်းနယ်နေပေမယ့် ကိုယ်ရချင်တဲ့ နိုင်ငံရပ်ခြားတက္ကသိုလ်တစ်ခုရဲ့ ကျောင်းသားဘ၀ကို ဒုတ်ဒုတ်ထိ ရောက်ရှိတော့မှာမို့ စိတ်တွေလှုပ်ရှားပြီး ကားပေါ်မှာလည်း မအိပ်ဖြစ်တော့ဘဲ စကားတွေ ပြောနေဖြစ်ခဲ့တာ။
ငယ်ငယ်ကတည်းက သူငယ်ချင်းတွေကို ကြည့်ပြီး အားကျခဲ့ရတဲ့ နိုင်ငံရပ်ခြား တက္ကသိုလ်ကျောင်းသားဘ၀ကို အသက် သုံးဆယ်ကြီးကျော်မှ ရခဲ့ပေမယ့် ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်ခဲ့တဲ့ ဘ၀ရဲ့ လမ်းကြောင်းအရ နိုင်ငံတကာဆက်ဆံရေးဆိုတဲ့ ဘာသာရပ်ကို မဟာဘွဲ့လောက်နဲ့ တင် ကျေနပ်မနေဘဲ ပါရဂူဘွဲ့အဆင့်ထိ တက်လှမ်းဖို့ လိုတယ်ဆိုတာ အဲသည်တုန်းက သူငယ်ချင်းနဲ့ ဆွေးနွေးဖြစ်ခဲ့တယ်။ သူငယ်ချင်းကတော့ ဘာမှ အထွေအထူး မှတ်ချက်မပေးဘဲ စိတ်ကူးယဉ်တာ စောသေးတယ်ဆိုတဲ့ အကြည့်နဲ့ပဲ တုန့်ပြန်ခဲ့တာကို မှတ်မိနေပါသေးတယ်။ တဖြည်းဖြည်းနဲ့ သဘောပေါက်လာတာက ကိုယ့်မှာသာ ဘ၀ပေးအခြေအနေအရ ပါရဂူဆိုတဲ့ ဘွဲ့တစ်ခုကို လိုအပ်ချက် ဖြစ်နေပေမယ့် ကံအကြောင်းတရားတွေ ပေါင်းဆုံပါမှ ဒီလိုအခွင့်အရေးမျိုးကို ရနိုင်စရာရှိတယ် ဆိုတာပါပဲ။ အသက်အရွယ်အကန့်အသတ်၊ ငွေရေးကြေးရေး အကန့်အသတ်၊ ရာထူးတာဝန် အကန့်အသတ်နဲ့ ကိုယ်ရဲ့ ပညာရေးအခြေခံအကန့်အသတ်တွေကြောင့် ကိုယ့်အိပ်မက်တွေ တကယ်ဖြစ်နိုင်မဖြစ်နိုင်ဆိုတဲ့ ပူပင်သောကကို အသာလေးဘေးချိတ်ပြီး ဘွဲ့လွန်တက်နေတဲ့ နှစ်နှစ်တာကာလမှာ ကိုယ်လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်နေခဲ့ပါတယ်။
တကယ့်တကယ်တော့ ဒီကတက္ကသိုလ်မှာပဲ ပါရဂူသင်တန်း ဆက်တက်ဖို့ဆိုတာ အကန့်အသတ်တွေ အမျိုးမျိုးကြားထဲမှာ အလားအလာက နည်းလှပါတယ်။ မဟာဘွဲ့ရပြီးပြီးချင်း ပါရဂူပြန်တက်ရဖို့ဆိုတာလည်း စိတ်ကူးထဲတောင် ထည့်မယဉ်ခဲ့ဖူးတဲ့ ကိစ္စပါ။ သို့သော်လည်း အခြေအနေတွေက ဖန်တီးပေးလာတဲ့အခါ အဲသည် အခွင့်အရေးကို အရအမိ ဖမ်းဆုပ်ပြီး အကောင်းဆုံးကို ကြိုးစားဖို့က ကိုယ့်ရဲ့ တာဝန်တစ်ခု ဖြစ်လာပါပြီ။ ဘာလို့လဲဆိုတော့ အခုလို ရခဲ့တဲ့ အခွင့်အရေးဟာ အခွင့်အရေးသက်သက်သာ မဟုတ်ဘဲ အောင်မြင်ပြီးမြောက်အောင် ထမ်းဆောင်မှရမယ့် ကြီးလေးတဲ့ တာဝန်တစ်ခုလည်း ဖြစ်နေလို့ပါပဲ။
ဂျပန်တွေရဲ့ ရိုးရာဓလေ့တစ်ခုအတိုင်း ဒါရူးမား ပစ်တိုင်းထောင်မှာ မျက်လုံးတစ်ဖက်ကိုတော့ ရေးခြယ် သန္နိဌာန်ပြုခဲ့ပါပြီ။ ကျန်တဲ့ မျက်လုံးတစ်ဖက်ကို ရေးခြယ်အောင်ပွဲခံနိုင်ဖို့ကတော့ လာမည့် သုံးနှစ်တာ ကာလကို ဘယ်လို စီမံခန့်ခွဲ အသုံးပြုသလဲဆိုတဲ့အပေါ်မှာ မူတည်နေတာမို့ ပန်းပွင့်လေးနဲ့ သူ့မေမေကို လွမ်းတဲ့အလွမ်းတွေကို ရင်ထဲကတစ်နေရာမှာ ခဏသိုဝှက်ထားရင်း . . .
No comments:
Post a Comment