Monday 24 October 2016

ဖနွမ်ပင်လက်ဆောင်


. . . မြန်မာပြည်ကပဲဖြစ်ဖြစ် တစ်ခြားနိုင်ငံတစ်ခုခုကပဲဖြစ်ဖြစ် ပြန်လာတိုင်း ကျွန်တော်တို့အတွက် တစ်ခုခုတော့ ၀ယ်လာပေးလေ့ရှိတဲ့ ဆရာဟာ ဒီတစ်ခေါက်မှာလည်း ကမ္ဘောဒီးယားနိုင်ငံကအပြန် ကျွန်တော်တို့အတွက် ကော်ဖီမစ်ထုပ်လေးတွေ ၀ယ်လာပြီး အဆောင်အောက်ဆုံးထပ်က တစ်ကိုယ်ရည်သုံး စာတိုက်ပုံးလေးတွေထဲကို လိုက်ထည့်ပေးထားခဲ့ပါတယ်။ ဒါပေမယ့် ဆရာ ကျောင်းကိုပြန်မရောက်ခင်မှာပဲ ရှေ့ပြေး လက်ဆောင်တစ်ခုက ကျွန်တော့်တို့ဆီကို ရောက်နှင့်ပြီးသားပါ။ အဲဒါကတော့ "ကျွန်တော်တို့ဟာ အရှေ့တောင်အာရှမှာ အားလုံးထက် နောက်ကျ ကျန်ရစ်ခဲ့တယ်ဆိုတာ သေချာသွားပြီ" ဆိုတဲ့ ဖေ့ဘုတ်ပေါ်က စာလေးတစ်ကြောင်းဖြစ်ပါတယ်။ ဂျပန်ကို ပြန်မလာခင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်လေဆိပ်ထဲကနေ ရေးတင်လိုက်တဲ့ပုံပါပဲ။
.
. . . ဒီလိုမှတ်ချက်မျိုးကို ဒီလိုလေးစားရတဲ့ ဆရာတစ်ယောက်ဆီက ကြားရတာ ဒါဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပထမအကြိမ်ကတော့ ကုန်ခဲ့တဲ့ ဆယ့်သုံးနှစ်နီးပါးက ရန်ကုန်မြို့မှာ ကြားခဲ့ရတာပါ။ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တက်နေတဲ့၊ စစ်တက္ကသိုလ်တုန်းက ကျွန်တော်တို့ နည်းပြမှူးချုပ်တာဝန်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီး ယုလွင်အောင် ပြောခဲ့တာဖြစ်ပါတယ်။ နွေရာသီကျောင်းပိတ်ရက်မှာ ဗိုလ်မှူးကြီးရေးနေတဲ့ စာတမ်းတစ်စောင်အတွက် လိုအပ်တဲ့ စာအုပ်စာတမ်းကိစ္စလေးတွေ ၀ိုင်းလုပ်ပေးနေရင်း အလားတူ မှတ်ချက်ကို ကြားခဲ့ရတာပါ။ ကျွန်တော့်ကို ပြောတာတော့ မဟုတ်ပါဘူး။ အိမ်ကို ခဏလာတဲ့ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောနေရင်း "ဗီယက်နမ်က ကျွန်တော်တို့ကို ကျော်တက်သွားပြီ" လို့ မချိတင်ကဲလေသံနဲ့ ပြောပြနေတာကို နံဘေးက ကြားခဲ့ရတာပါ။ ဘယ်လိုအချက်အလက်တွေကို အခြေခံပြီး ပြောခဲ့တာလည်း မသိခဲ့ပေမယ့် စာတွေအများကြီး ဖတ်နေတဲ့သူတစ်ယောက် ပြောတဲ့စကားဖြစ်တဲ့အတွက် အဲသည်မှတ်ချက်ကို အလေးအနက်ထား မှတ်မိနေခဲ့ပါတယ်။ အဲသည်မှတ်ချက်ဟာလည်း ကျွန်တော်တို့တွေ အချင်းများနေခဲ့ကြတဲ့ ကုန်ခဲ့တဲ့နှစ်တွေအတွင်းမှာ တဖြည်းဖြည်း မှန်လာခဲ့ပါတယ်။
.
. . . အခုလည်း ဆရာက ကမ္ဘောဒီးယားကို သုံးရက်လောက် သွားရောက်ခဲ့တဲ့ ခရီးစဉ်အဆုံးမှာ ဒီလိုမှတ်ချက်မျိုး ပြုခဲ့တာဆိုတော့ ကျွန်တော်တို့နဲ့ မတိမ်းမယိမ်း ကျွန်တော်တို့ထက်တောင်မှ နောက်ကျနေသေးတယ်လို့ ကျွန်တော်တို့ ထင်နေတဲ့ အဲသည်နိုင်ငံထဲက ကျွန်တော်တို့ကို ကျော်တက်နေတဲ့ တိုးတက်တဲ့ အလားအလာကောင်းတွေကို တွေ့ခဲ့မြင်ခဲ့တဲ့ပုံပါပဲ။ သိပ်မကြာခင်မှာလည်း ဆရာနဲ့ စကားတွေ ပြောဖြစ်တဲ့အခါ ကမ္ဘောဒီးယားမှာ ဆရာတွေ့ခဲ့မြင်ခဲ့ ကြားခဲ့ရတာတွေနဲ့ ဆရာ့သုံးသပ်ချက်တွေ နောက်ပြီး ကျွန်တော်တို့အတွက် အဖိုးတန်တဲ့ သင်ခန်းစာတွေကို နားထောင်ရဖို့ မျှော်လင့်ပါတယ်။
.
. . . ကိုယ့်နိုင်ငံချမ်းသာအောင် တိုးတက်အောင် လုပ်ရမယ့်အချိန် ညီညီညွတ်ညွတ်နဲ့ နိုင်ငံမျက်နာပဲ ကြည့်ရမယ့်အချိန် တက်ညီလက်ညီကြိုးစားကြရမယ့် အချိန်တွေကို ဘယ်လို သောက်ရေးမပါတဲ့ အရှုပ်ထုပ်တွေရှင်းရင်း ငါတို့တွေ အချိန်ဖြုန်းခဲ့မိပါလိမ့်လို့ တွေးမိရင်း ဆရာ့ကိုတော့ လေးစားပေမယ့် ဆရာ ဖနွမ်ပင်လေဆိပ်မှာရေးခဲ့တဲ့ မှတ်ချက် တဖြည်းဖြည်း မှားသွားပါစေလို့ ဆုတောင်းမိပါတယ် . . .

Third Victory Over Mount Hakkaisan


. . . တောင်တွေပတ်လည်ဝိုင်းနေတဲ့ မီနာမီအွန်နူမာ မြို့လေးရဲ့ အထင်ကရ တောင်တစ်လုံးဖြစ်တဲ့ ဟာကိုင်းစံတောင်ကို ဒီနေ့ တတိယအကြိမ် အနိုင်ယူဖို့ သွားခဲ့တယ်။ သုံးနှစ်ဆက်တိုက် ဒီလို ဆောင်းဦးရွက်ကြွေရာသီ တောတောင်တစ်ခုလုံး ဆေးရောင်စုံ ခြယ်ထားတဲ့အချိန်မှာ တောင်ထိပ်ကို ရောက်အောင်တက်ရတာ တောင်ထိပ်ရောက်တဲ့အခါမှာ ၀န်းကျင်တောတောင်တွေရဲ့ အသွေးအရောင်စုံ ပန်းချီကားကြီးကို အမြင့်ကနေ စီးမိုးကြည့်ရတာက ဒီတောင်ထိပ်ထိ ရောက်အောင် တက်နိုင်ခဲ့ပါလားဆိုတဲ့ အရသာတွေကို ခံစားပြီး ဘ၀အတွက် ခွန်အားသစ်တွေမွေးဖွားပေးတဲ့ ဒီခရီးစဉ်ကို တတိယအကြိမ် သွားခဲ့တယ်။ အရင်တက်နေကျ နေရာထက် ပိုဝေးတဲ့ နေရာကို သွားဖို့ကြံရွယ်ခဲ့ပေမယ့် ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုရယ် အတူပါလာတဲ့ မရောက်ဖူးသေးသူတွေရယ်ကို လက်တွဲခေါ်ဖို့အတွက် ခရီးပြင်း မနှင်တော့ဘဲ အရင်က နှစ်ခေါက်တိတိ ရောက်ခဲ့ဖူးတဲ့ တောင်ထိပ်ကိုပဲ သုံးကြိမ်မြောက် ရောက်ခဲ့ပါတယ်။
.
. . . ခါတိုင်းတော့ တောင်ထိပ်ရောက်ပြီဆိုတာနဲ့ ပါလာတဲ့ နေ့လည်စာကို သူငယ်ချင်းတွေနဲ့ အတူတူစား ပတ်ဝန်းကျင်ကို တစ်ဝကြီးရှုစား ဓာတ်ပုံတွေ သေချာရိုက်ပြီးမှ ပြန်ဆင်းတာပေမယ့် ဒီနေ့တော့ ဘယ်ကိုမှလည်း ကောင်းကောင်း မမြင်ရအောင် လွှမ်းထားတဲ့ မြူတိမ်တွေ၊ တဖွဲဖွဲကျနေတဲ့ မိုး၊ တ၀ုန်းဝုန်းတိုက်နေတဲ့ လေနဲ့ တစ်ကိုယ်လုံး မိုးစိုပြီး ခိုက်ခိုက်တုန်နေတာမို့ ဓာတ်ပုံကိုတောင် ကသောကမျော ရိုက်ပြီး အမြန် ပြန်ဆင်းလာခဲ့ရတယ်။ စခန်းတစ်ထောက်ရောက်မှ နားနေဆောင်ပေါ်တက် အ၀တ်ရေစိုတွေလဲ၊ အသင့်ပေးထားတဲ့ စောင်ကိုခြုံပြီး ပါလာတဲ့ ထမင်းဆုပ်နဲ့ ကြက်သားကြော်ကို သူငယ်ချင်းတွေနဲ့အတူစားရပါတယ်။
.
. . . အသွားတုန်းက တစ်တက်တည်း တက်နေရသလောက် အပြန်ကျတော့လည်း တစ်ဆင်းတည်း ဆင်းနေရတော့ ငါတို့ အလာတုန်းက ဒီနေရာတွေကို ဘယ်လိုများ တက်ခဲ့မိပါလိမ့်ဆိုပြီး အရင်နှစ်တွေတုန်းက အခုလို အပြန်ခရီးမှာ တွေးမိတဲ့ အတွေးကိုပဲ တွေးဖြစ်အောင် တွေးမိပါသေးတယ်။
.
. . . နောင်နှစ်တွေ ကျရင်တော့ ဟာကိုင်းစံရဲ့ အမြင့်ဆုံးတောင်ထိပ် ရှစ်ခုလုံးကို ရောက်ဖြစ်အောင် သွားပြီး မြန်မာနိုင်ငံတော်အလံ တက်လွှင့်ပါဦးမယ်

Wednesday 5 October 2016

မီးလာပြီဟေ့

. . . ပစိဖိတ်သမုဒ္ဒရာထဲက ၂၀၁၆ ခုနှစ်ရဲ့ ၁၈ ခုမြောက် တိုင်ဖွန်းမုန်တိုင်း (Chaba) က အောက်တိုဘာလ ၅ ရက်နေ့မှာ ကျွန်တော်တို့နေတဲ့ ဂျပန်နိုင်ငံ အနောက်ဘက်ခြမ်းက နိဂါးတား ပြည်နယ်ကို ဒီနေ့ည ဖြတ်ကျော်ဝင်ရောက်မှာ ဖြစ်ပါတယ်။ အရင့်အရင်တုန်းကဆို ပစိဖိတ်သမုဒ္ဒရာထဲက တိုင်ဖွန်းမိုင်တိုင်းတွေဟာ အရှေ့ဘက် ကမ်းခြေကနေပဲ ၀င်ရောက်လေ့ရှိခဲ့ပေမယ့် ဒီတစ်ခေါက် မုန်တိုင်းကတော့ ထူးထူးခြားခြား ဆိုသလို ဂျပန်နဲ့ကိုရီးယားကျွန်းဆွယ်ကြားထဲကနေ ၀င်လာပြီး အနောက်ဘက်ကို ဆက်မရွေ့၊ မြောက်ဘက်တည့်တည့်ကိုလည်း ဆက်မရွေ့ဘဲ ဂျပန်ရဲ့ အနောက်ဘက် ကမ်းခြေ နိဂါးတားပြည်နယ်ဘက်ကနေ ကွေ့ဝင်လာပြီး ဂျပန်ကို ခါးလည်ကနေ ဓားလွယ်ခုတ်ဖြတ်ပြီးတော့ အရှေ့ဘက် ပစိဖိတ် သမုဒ္ဒရာထဲ ပြန်ထွက်သွားမယ့် အခြေအနေ ရှိပါတယ်။ အခု ဒီစာရေးနေချိန် ဂျပန်စံတော်ချိန် ကိုးနာရီ သတင်းတွေအရ ကျွန်တော်တို့နေရာကို ညသန်းခေါင်မှာ ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ် . . .
.
. . . နေ့လည်တုန်းက တစ်ချက်တစ်ချက် လေပြေလေညင်းတွေ ဝေ့ကနဲ ဝေ့ကနဲ မွေ့လိုက်ပြီး စတင်အချက်ပြခဲ့တဲ့ ဒီမုန်တိုင်းဟာ ညနေ ငါးနာရီလောက်မှာတော့ လေပြင်းတွေ သိသိသာသာ စတိုက်လာပါတယ်။ မုန်တိုင်းလာတော့မယ်ဆိုကာမှ အနောက်ဘက် တောင်တန်းတွေပေါ်က ၀င်လုဆဲ နေရောင်နဲ့ ခြယ်သထားတဲ့ တိမ်ရောင်စုံကလည်း လှချင်တိုင်း လှနေတော့တာပါ။ အရှေ့ဘက်နဲ့ တောင်ဘက်တွေမှာလည်း တိမ်နီတွေ တောက်လို့ပေါ့။ ငယ်ငယ်တုန်းက လူကြီးတွေပြောပြောနေတဲ့ လေနီကြမ်းဆိုတာကြီး စလာတဲ့ အချိန်က တကယ့်ကို လှပနေပါသေးတယ်။
.
. . . ညဘက်မှာ အခန်းပြတင်းတံခါးကို တစ်ဝက်တစ်ပျက် ဖွင့်ထားပြီး တ၀ုန်းဝုန်းတိုက်နေတဲ့ လေပြင်းကို ခံစားကြည့်ရင်း ဟိုးပြီးခဲ့တဲ့ တစ်နှစ်ကျော်က အခုလို လေကြမ်းတွေတိုက်တဲ့ တစ်ညနေကို သွားသတိရမိပါတယ် . . .
.
. . . အဲသည်နေ့က နုတ်ဆက်ပွဲလုပ်တဲ့နေ့ပါ။ ကျောင်းဆင်းတော့မယ့် စီနီယာကျောင်းသားတွေကို နုတ်ဆက်ပွဲ လုပ်ဖို့ ပြင်ဆင်နေကြတဲ့ ညနေခင်းပေါ့။ လေတွေတိုက်တာ တိုက်ချင်သလောက်တိုက် မမှုပေမယ့် ညနေ ငါးနာရီလောက်မှာ ဗြုန်းဆို မီးပြတ်သွားတော့မှ အဆင်က လှပါတော့တယ်။ ညပွဲမှာ ကျွေးဖို့ ပြင်ဆင်ထားတဲ့ စားစရာတွေ ကျက်ပြီိဆိုပေမယ့် အထူးဟင်းလျာ ငါးကင်ကတော့ ကင်နေတုန်းပဲ ရှိသေးတာပါ။ ကင်တာမှ အစပဲ ရှိသေးတာပါ။ ကင်တယ်ဆိုတာလည်း မီးဖိုပြီး ကင်တာမဟုတ်ဘဲ လျှပ်စစ် ကင်စက်နဲ့ ကင်နေတာဆိုတော့ မီးလည်း ပြတ်သွားရော ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားပါတယ်။ နောက်ဆုံး ဆရာ့အိမ်မှာ ဟိုတစ်လောက အသားကင်စားကြတုန်းက မီးသွေးတွေ ပိုသေးတာနဲ့ မီးသွေးမီးဖိုပြီး ကင်တော့မယ်ဆိုမှ အကင်ပြဿနာ စိတ်အေးသွားရပါတယ်။ အဲသည် အကင်တွေ ဆရာ့အိမ်ရောက်ဖို့ကတော့ တော်တော့်ကို ပြေးရလွှားရ ပြောရဆိုရသေးတာပါ။ ဘာလို့လဲ ဆိုတော့ မီးလည်း ပြတ်ရော အင်တာနက် ၀ိုင်ဖိုင်တွေလည်း အကုန်ပြတ်ပြီး ညပွဲအတွက် အဆောင်သုံးဆောင်ခွဲပြီး ပြင်ဆင်နေတဲ့သူတွေ အကုန် အဆက်အသွယ် ပြတ်ကုန်ပါရောလား။ ကိုယ်တိုင် သွားမယ်လည်း ဆိုရော အခန်းတက်သွားတယ်ဆိုလို့ အခန်းကို လိုက်သွားမယ်လုပ်တော့ ဓာတ်လှေခါးက သုံးမရပြန်ပါဘူး။ အဆောင် တစ် မှာဆိုရင်လည်း ရဲတိုက်တစ်ခုလို လှေခါးတွေက မျက်စိလည်စရာဖြစ် အဆောင်သုံးမှာဆိုရင်လည်း လှေခါးတွေက တစ်ခါမှ မသုံးဖူးတော့ လှေခါးရှာရတာနဲ့တင် တော်တော်မောခဲ့ရပါတယ် . . .
.
. . . ငါးကင်တဲ့ ကိစ္စ ငြိမ်းသွားပြန်တော့ ညကျရင် ပါတီပွဲကို အမှောင်ကြီးထဲမှာ ဘယ်လို ကျင်းပရပါ့မလဲ ဆိုတာ ခေါင်းစားပြန်ပါတယ်။ ဖယောင်တိုင်မီးထွန်းဖို့လည်း ခွင့်ပြုထားတာမရှိ၊ မြန်မာပြည်လိုလည်း မီးစက်ပြေးနှိုးစရာမရှိ၊ ဖယောင်းတိုင်မီးထွန်း လုပ်မယ်ဆိုရင်တောင် ဖယောင်းတိုင်က မရှိနဲ့ အားလုံး ပြင်ဆင်ပြီး အသင့်ဖြစ်ကာမှ နောက်တစ်နာရီကျော်လောက်နေရင် စရတော့မယ့် နုတ်ဆက်ပွဲကို ဘယ်လို ဆက်လုပ်ရပါ့မလဲ ခေါင်းခဲခဲ့ရတာပါ။ နောက်ဆုံးမှ အကြံတစ်ခုရပြီး ကျွန်တော်တို့ အခန်းတွေမှာ ကိုယ်စီပေးထားတဲ့ အရေးပေါ်အခြေအနေကျရင် ထုတ်သုံးရမယ့် အိတ်ကလေးတွေထဲမှာ ဓာတ်မီးလေးတွေ ရှိတာပဲ။ ကဲ ကဲ ခုမှတော့ မတတ်နိုင်ဘူး။ ကိုယ်စီကိုယ်စီ ဓာတ်မီးလေးတွေ ယူလာခဲ့ကြ။ အဲသည် ဓာတ်မီးအလင်းရောင်နဲ့ ပွဲကျင်းပမယ်လို့ စီစဉ်လိုက်ရပါတယ်။ အဲသည်လို ဟိုပြေးသည်ပြေး ရွာဆော်ကြီးခွေးလို လူကလည်း ဖတ်ဖတ်မော၊ ညပွဲအတွက် မီးအလင်းရောင်လည်း စီစဉ်လို့ ရပြီဆိုတော့မှ ကိုရွှေလျှပ်စစ်မီးက ဗြုန်းဆို ပြန်လာပါလေရော . . .
.
ဝမ်းသာလိုက်တာ ၀မ်းသာလိုက်တာ ဆိုတာလေ
မြန်မာပြည်မှာတောင် မီးလာရင် အဲသည်လောက် တစ်ခါမှ မပျော်ခဲ့ဖူးဘူး